← Chapters

အကူအညီ တောင်းခံမှု

Vol. 10 Ch. 131

အကူအညီ တောင်းခံမှု

Vol. 10 Ch. 131

လင်ကျဲက ကျိကျစ်ရှို့ထံမှ စာအုပ်များကို လက်ခံလိုက်၏။ ထို့နောက် ၎င်းတို့ကို ကိုယ်တိုင် မှတ်တမ်းမတင်ဘဲ ဘေးနားရှိ မိန်းကလေးထံ ကမ်းပေးလိုက်သည်။

“ဒါ မွန်းတဲ့... ကျွန်တော့်ရဲ့ လက်ထောက်အသစ်ပေါ့...”

သူ ကျိကျစ်ရှို့နှင့် မိတ်ဆက်ပေးလိုက်၏။

‘လက်ထောက်...’

ကျိကျစ်ရှို့က မျက်မှောင်ကြုတ်ကာ ထိုမိန်းကလေးကို အကဲခတ်လိုက်၏။ ထူးဆန်းသည့် အနံ့တစ်ခု ရနေသလို သူမ ခံစားလိုက်ရသည်။ လူသားတစ်ယောက်၏ အနံ့မျိုး မဟုတ်ဘဲ အေးစက်စက် သံမဏိ သို့မဟုတ် ပလတ်စတစ် အနံ့မျိုး ဖြစ်သည်။

သို့သော်လည်း သူမ ပြုံးရင်း မွန်းကို ခေါင်းညိတ်ပြလိုက်၏။

“မင်္ဂလာပါ...”

မွန်းကလည်း ခေါင်းပြန်ညိတ်ပြကာ “မင်္ဂလာပါ...” ဟု တုံ့ပြန်သည်။

ကျိကျစ်ရှို့၏ အကြည့်များက လင်ကျဲထံ ပြန်ရောက်သွားသည်။ သူမက ယူဆောင်လာသော သေတ္တာကို ကောင်တာပေါ်တင်လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်မကို လမ်းပြပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာလင်... ကျွန်မ ကာယကံရှင်ကို ကောင်းကောင်းကြီး လက်စားချေနိုင်ခဲ့ပါပြီ... ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာလေးတွေ ရှိနေလို့... ဒီသေတ္တာကို ဖွင့်ဖို့အတွက် ကျွန်မကို ကူညီပေးစေချင်ပါတယ်...”

လင်ကျဲ၏ အကြည့်မှာ ထူးဆန်းသော ပုံစံများ ထွင်းထုထားသော ကြေးနီသေတ္တာလေးပေါ်သို့ ကျရောက်သွားသည်။

‘သခင်မလေးကျိက ဟိုလူယုတ်မာကို လက်စားချေနိုင်ခဲ့ပြီပေါ့... ကောင်းတယ်’

‘ဒီသေတ္တာက နောက်ဆက်တွဲ ပြဿနာလား...’

‘အထဲမှာ အမှတ်တရ ပစ္စည်းတွေများ ရှိနေမလား၊ ဒါမှမဟုတ် ဓာတ်ပုံတွေလား...’

“ဒါက သူ ချန်ထားခဲ့တဲ့ ဟာလား...”

လင်ကျဲက မေးလိုက်ရင်း သေတ္တာကို အနီးကပ်ကြည့်ရန် မိမိဘက်သို့ ဆွဲလိုက်တော့သည်။ ထို့နောက်... ရှေ့ရှိ ကြေးနီသေတ္တာလေးကို အကဲခတ်လိုက်သည်။ ၎င်းမှာ ကုဗတုံး ပုံစံ ရှိပြီး အနားတစ်ဖက်လျှင် ၂၀ စင်တီမီတာခန့်ရှိသည်။အတော်အတန် လေးလံပုံရပြီး မျက်နှာပြင်တိုင်းတွင် လက်ရာမြောက်လှသည့် ကနုတ်လက်ရာများကို ထွင်းထုထားသည်။

အပေါ်ဘက်မျက်နှာပြင်၏ အလယ်တည့်တည့်တွင် စတုရန်းပုံ အချိုင့်ကလေးတစ်ခု ရှိပြီး ကုဗတုံး၏ ထောင့်ရှစ်ထောင့်စီတွင် လက်သည်းခွံအရွယ် ပတ္တမြားတစ်လုံးစီ မြှုပ်နှံထားသည်။ ထိုပတ္တမြားများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသကဲ့သို့ ရှိနေပြီး သေတ္တာကို ချိပ်ပိတ် ထားပုံရသည်။

သေတ္တာမှာ ကြည့်ရုံဖြင့်ပင်... ထူးခြားဆန်းပြားပြီး အလွန် တန်ဖိုးကြီးလှသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ကျိကျစ်ရှို့ကဲ့သို့သော သူဌေးသမီး တစ်ယောက်နှင့် အလွန်လိုက်ဖက်လှသည်။ အမှန်စင်စစ်အားဖြင့်... ကျိကျစ်ရှို့လို ချမ်းသာပြီး ချောမော လှပသည့် မိန်းကလေး တစ်ဦးကို လှည့်စားနိုင်ခဲ့သော လူယုတ်မာမှာလည်း သာမန်လူတစ်ယောက်တော့ ဖြစ်နိုင်မည်မဟုတ်ပေ။

လင်ကျဲ ထင်ကြေးပေးထားသည့်အတိုင်းသာဆိုလျှင် ဤသေတ္တာထဲ၌ အချစ်အမှတ်တရ ပစ္စည်းများ ရှိနေနိုင်သလို ကျိကျစ်ရှို့ကို ခြိမ်းခြောက်ဖို့ အတွက် ထိုလူယုတ်မာ သိမ်းဆည်းထားသည့် ဓာတ်ပုံများနှင့် အခြားအရာများ ရှိနေနိုင်သည်။ ထို့ကြောင့် ဤသေတ္တာမှာ လုံခြုံရေးသေတ္တာ တစ်လုံးနှင့် အတူတူပင် ဖြစ်သည်။

လုံခြုံရေးသေတ္တာကို ရတနာသေတ္တာလေးသဖွယ် ဖန်တီးထားခြင်းမှာ ထိုလူယုတ်မာ၏ အလွန်ယုတ်ညံ့သော လုပ်ရပ်ပင် ဖြစ်သည်ဟု လင်ကျဲ တွေးလိုက်ကာ မသိမသာ ရွံရှာသော အရိပ်အယောင်များက မျက်ဝန်း၌ ဖြတ်ပြေးသွားသည်။

ကျိကျစ်ရှို့မှာ သေတ္တာကို ကြည့်နေသည့် လင်ကျဲ၏ မျက်နှာရိပ်မျက်နှာကဲကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။ လင်ကျဲ၏ မျက်ဝန်းထဲ၌ ရွံရှာသော အရိပ်အယောင်ကို မြင်လိုက်ရသောအခါ သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး လက်ထဲမှ ကြိမ်လုံးကို တင်းတင်းဆုပ်ကိုင်မိသွားသည်။

‘ဒီသေတ္တာက ချိပ်ပိတ်ထားတဲ့ပုံက သိပ်ပြီး ရိုးရှင်းလွန်းနေလို့လား.. မစ္စတာလင်က ငါ့ကို အသေးအဖွဲကိစ္စလေးနဲ့ သူ့အချိန်ကို လာဖြုန်းနေတယ်လို့ ထင်သွားပြီလား မသိဘူး...’

အထက်လမ်း မှော်ဆရာများ အသုံးပြုသည့် မှော်တံဆိပ်များအကြောင်းကို ကျိကျစ်ရှို့ သိပ်မသိသော်လည်း ဟယ်ရစ်က ကောင်းကင်ဝံပုလွေ၏ ညစ်ညမ်းသွေး ဖော်မြူလာကို ဤသေတ္တာထဲ၌ ထည့်သွင်းသိမ်းဆည်းထားခြင်းမှာ လုံခြုံသည်ဟု သူ ယုံကြည်သောကြောင့် ဖြစ်ရမည်။ မည်သို့ပင် ဆိုစေ... ဤအရာမှာ မုဆိုးအဖွဲ့အစည်းတစ်ခုလုံး၏ အခြေခံအုတ်မြစ်ပင် မဟုတ်ပါလား။

ဝံပုလွေဖြူအဖွဲ့ကို တစ်ကိုယ်တော် ဦးဆောင်၍ နော်ဇင်၏ ထိပ်တန်းမုဆိုးအဖွဲ့အစည်း ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည့် သကောင့်သားမှာ ဤကဲ့သို့သော အရေးကြီးသည့်အရာကို ပေါ့ပေါ့ဆဆတော့ လုပ်ထားမည် မဟုတ်ပေ။

လန်စီ မှော်ကြေးမုံ၏ ဝါးမြိုခြင်းကို ခံရပြီး စိတ်ဖောက်ပြန်ကာ သေဆုံးသွားခဲ့သော်လည်း ထိုဖြစ်ရပ်မတိုင်မီက ဟယ်ရစ်မှာ အလွန်ပင် တည်ငြိမ်ပြီး ပရိယာယ်ကြွယ်ဝကာ ဉာဏ်ကောင်းသူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ကျိကျစ်ရှို့ ကိုယ်တိုင်လည်း ‘ဝံပုလွေဖြူ’ အဖွဲ့ထဲ၌ အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသည်။ ဟယ်ရစ်သာ အစကတည်းက ထိုကဲ့သို့ လူမျိုးဆိုလျှင် ဤအဖွဲ့အတွင်း သူမ ဝင်ရောက်ခဲ့မည် မဟုတ်ပေ။ ဖခင် ဖြစ်သူ ကျိပိုတုန်၏ ကျောထောက်နောက်ခံနှင့် အတူ သူမထံတွင် ရွေးချယ်စရာ အခွင့်အလမ်းများစွာ ရှိပေသည်။

ဟယ်ရစ်မှာ ပြည့်စုံသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ပရိယာယ် ကြွယ်ဝကာ တက်ကြွသူ တစ်ဦးလည်း ဖြစ်သည်။ လန်စီ မှော်ကြေးမုံ၏ လွှမ်းမိုးမှုကို ခံနေခဲ့ရသည့် နေ့ရက်များတွင်ပင် ထိုအချက်ကို မြင်နိုင်သည်။ သူက ကာဂျီ၏ သေဆုံးမှုကို အသုံးချကာ ထွက်ပြေးခဲ့သလို စကားလက် ဝါဒီဂိုဏ်းသားများကိုလည်း အကာအကွယ်အဖြစ် အသုံးချခဲ့သည်။ ထို့ပြင် ချားလ်စ်၏ အလောင်းကို အသုံးချကာ ဝယ်လ်ကို လုပ်ကြံဖို့ အထိ ကြိုးပမ်းခဲ့သေးသည်။

ဝံပုလွေဖြူများ စတည်းချခဲ့သည့် နောက်ဆုံးသော မြေအောက် ခံတပ်စခန်းတွင် ကျိကျစ်ရှို့သည် အဖြစ်မှန်ကို ဆက်စပ်တွေးတောဖို့ အတွက် လုံလောက်သည့် သဲလွန်စအချို့ကို ရရှိခဲ့သည်။

ဟယ်ရစ်၏ အစီအစဉ်တိုင်း နီးပါးက အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။ နောက်ဆုံး သူ ဖြစ်စေချင်သည့် အတိုင်း အိပ်မက်ဘုံမှ ဘုရားသခင်ကိုပင် ဆင့်ခေါ်နိုင်ခဲ့သည်။ ထို့နောက်... သူ ယုံကြည်ချက် အတိုင်းပင် အသက်ကို စတေးကာ သေဆုံး သွားခဲ့သည်။

ဟယ်ရစ်၏ အစီအစဉ်များထဲ၌ ချားလ်စ်ကို အသုံးချ၍ ဝယ်လ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့သော အစီအစဉ် တစ်ခုသာ ကျရှုံးခဲ့သည်ဟု ဆိုနိုင်သည်။

၎င်းမှာ အမည်မသိ အကြောင်းပြချက်တစ်ခုဖြင့် ရုတ်တရက် ပေါက်ကြားသွားခဲ့ရာမှ ‘ကြက်သွေးရောင် ဂိုဏ်း’ မှာလည်း အလျင်အမြန် ပျက်သုဉ်းသွားခဲ့ရသည်။

ထိုအဖြစ်အပျက်များ၏ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေမည် ဖြစ်ကြောင်း ကျိကျစ်ရှို့ ကောင်းကောင်း သိသည်။ မည်သို့ပင် ဆိုစေ... ဝယ်လ်မှာ စာအုပ်ဆိုင်ပိုင်ရှင် ကိုယ်တိုင် ‘အဘိုးဝယ်’ ဟု ခေါ်ခြင်းခံရသည့် ဖောက်သည်တစ်ဦး မဟုတ်ပါလော။

သို့သော်လည်း... ‘မှော်ကြေးမုံ’ ၏ လွှမ်းမိုးမှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ဟယ်ရစ်မှာ သားရဲစိတ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သူက ဆင်ခြင်တုံတရားဖြင့် စဉ်းစားနိုင်စွမ်းတို့ကို ဆုံးရှုံးသွားခဲ့ပြီး နောက်ဆုံး၌ ရူးသွပ်မှုက သူ့ကို လွှမ်းမိုးသွားကာ နိဂုံးတစ်ခုကို ရောက်စေခဲ့သည်။

သို့သော်လည်း... အဆိုးရွားဆုံး ရူးသွပ်နေချိန်၌ပင် ဖော်မြူလာကို ယူဆောင်လာရန် မမေ့ခဲ့ခြင်းက ၎င်းမှာ မည်မျှအရေးကြီးကြောင်း ပြသနေသည်။ ဟယ်ရစ်ကဲ့သို့ သတိကြီးသည့် လူတစ်ယောက် ဤမျှတန်ဖိုးရှိသည့် ဖော်မြူလာကို သိမ်းဆည်းထားသည့် ချိပ်တံဆိပ်မှာလည်း ရိုးရှင်းနေမည် မဟုတ်ပေ။

ဤချိပ်တံဆိပ်မှာ သူမကဲ့သို့သော သူများအတွက် ဖျက်ဆီးရန် အလွန်ခက်ခဲနိုင်သော်လည်း စာအုပ်ဆိုင်ပိုင်ရှင်အတွက်တော့ ထိုသို့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။

ကျိကျစ်ရှို့ ခေါင်းငုံ့ရင်း ပြောလိုက်၏။

“ဒါတွေက... သူ့ဆီက ကျန်ရစ်ခဲ့တဲ့ ဟာတွေပါ... မစ္စတာလင်အတွက် ဒါက အသေးအဖွဲလို့ ထင်ရနိုင်ပေမဲ့ ကျွန်မအတွက်တော့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဆိုလည်း မမှားပါဘူး... ဒါကြောင့် ကျွန်မကို ကူညီပေးစေချင်ပါတယ်... ကျွန်မမှာ ရှိသမျှနဲ့ ပြန်ပြီး ပေးဆပ်ပါ့မယ်...”

‘ကျန်ရစ်တဲ့ အရာတွေ...’

လင်ကျဲ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွား၏။

‘သူဌေးတွေရဲ့ လက်စားချေ ဇာတ်လမ်းတွဲတွေမှာတော့ အလောင်းတွေကို ကွန်ကရစ်နဲ့ လောင်းထည့်တာမျိုးတွေ ရှိတတ်တာပဲလေ’

သူ တွေးလိုက်မိသည်။ ဤမျှကြီးမားသော ကော်ပိုရေးရှင်းကြီး၏ အမွေခံသမီးကို လိမ်လည် လှည့်ဖြားရဲသောသူမှာ သူ့ နိဂုံးကိုလည်း ခန့်မှန်းမိပြီးသား ဖြစ်ပေလိမ့်မည်။

“ဒီသေတ္တာလေးက တော်တော် စိတ်ဝင်စားဖို့ကောင်းသားပဲ... ဒါနဲ့ ကျွန်တော်က ခင်ဗျားဆီက ဘာအကျိုးအမြတ်မှ မယူလိုပါဘူး...”

လင်ကျဲက ပေါ့ပေါ့ပါးပါးပင် ပြုံးပြလိုက်သည်။

“ကျွန်တော် အရင်က ခင်ဗျားကို လမ်းပြပေးခဲ့တာက ခင်ဗျား လိုအပ်နေလို့ ကူညီပေးခဲ့တာပဲ ရှိပါတယ်...”

ထိုအရာက အမှန်ပင်။ လင်ကျဲမှာ ကျိကျစ်ရှို့၏ အမည်ကို မသိခင်၊ ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းကြီး၏ အမွေခံ သမီးဖြစ်ကြောင်း မသိခင် ကတည်းက ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ စကားမှားသွားပါတယ်... တောင်းပန်ပါတယ်ရှင်...”

ကျိကျစ်ရှို့က ခပ်မြန်မြန်ပင် တောင်းပန်လိုက်၏။ တကယ်တမ်းအားဖြင့် ထိုစကားကို ဆိုမိသည့် အတွက် သူမ နောင်တပင် ရနေမိသည်။

တကယ်ဆိုလျှင်.. သူမ ယခုပိုင်ဆိုင်သမျှ အားလုံးကို မစ္စတာလင်က ပေးခဲ့ခြင်း ဖြစ်သည်။ ‘ပြန်လည်ပေးဆပ်မယ်’ ဟု ပြောခြင်းမှာ ကျေးဇူးကန်းရာ ရောက်နေသည် မဟုတ်ပါလော။

***

All Chapters