← Chapters

စမ်းကြည့်ချင်ရုံလေးပါ

Vol. 10 Ch. 132

စမ်းကြည့်ချင်ရုံလေးပါ

Vol. 10 Ch. 132

လင်ကျဲကတော့ ကျိကျစ်ရှို့၏ စကားကို အမှုမထားပါချေ။

“တောင်းပန်စရာ မလိုပါဘူးဗျာ... အားတဲ့အခါ စာအုပ်တွေ လာဖတ်ဖို့သာ မမေ့နဲ့ပေါ့”

သူက ခေါင်းခါရင်း ပြောလိုက်၏။ ထို့နောက် ထိုအမျိုးသမီးငယ်လေးနှင့် အလာဘ သလာဘ ပြောမည်ဟု တွေးတောရင်း သေတ္တာကို ဘေးသို့ ရွှေ့လိုက်ကာ မွန်းကို သိမ်းဆည်းဖို့ အချက်ပြလိုက်သည်။

သို့သော်လည်း... ကျိကျစ်ရှို့လို ချမ်းသာသည့် မိန်းကလေး တစ်ဦးက ဤလုံခြုံရေး သေတ္တာကို ဖွင့်ရန် သူ့ထံမှ အကူအညီကို အဘယ်ကြောင့် အထူးတလည် လာရောက် တောင်းခံရသနည်းဆိုတာကိုတော့ သူ စိတ်ဝင်စားနေဆဲ ဖြစ်သည်။

‘အင်း... သူမ ငါ့ကို ယုံကြည်လို့ ဖြစ်နိုင်သလို... သူမဘေးမှာ ယုံကြည်ရတဲ့သူ သိပ်မရှိတာကြောင့်လည်း ဖြစ်နိုင်တယ်...’

လင်ကျဲ တွေးမိ၏။ ကျိကျစ်ရှို့နှင့်အတူ စာအုပ်ဆိုင်သို့ ပထမဆုံးအကြိမ် လိုက်လာပြီးမှ ပြန်လည် ထွက်ပြေးသွားခဲ့သေေ လက်အောက်ငယ်သားကို သူ ပြန်လည် သတိရလိုက်သည်။ ထိုသူမှာ သူ၏ သခင်မလေး အကြောင်းကို မိသားစုထံ အစီရင်ခံရန် ချက်ချင်းပင် ပြန်သွားခဲ့သည် မဟုတ်ပါလား။

လက်အောက်ငယ်သားကပင် မိမိကို သစ္စာဖောက်ရဲလျှင် ဤမိန်းကလေး၏ ဘဝမှာ လင်ကျဲ ထင်ထားသကဲ့သို့ လွတ်လပ်မှု ရှိမည်မဟုတ်ပေ။ သူမက ဖခင်၏ အရိပ်အောက်တွင် အမြဲ နေထိုင်နေရမည်မှာ အသေအချာပင်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမ ယုံကြည်ရမည့်သူမှာ အမှန်တကယ်ပင် ရှားပါးနေလိမ့်မည်။ သူမနှင့် သူမ၏ မိသားစု၊ အထူးသဖြင့် ကျိပိုတုန်တို့ကြားတွင် ပြင်းထန်သည့် ပြဿနာအချို့ ရှိနေနိုင်သည်။ ထိုသို့ မဟုတ်လျှင် သူမလို လှပ ယဉ်ကျေးသည့် မိန်းမငယ်လေးမှာ လူယုတ်မာတစ်ယောက်နှင့် ပတ်သက်မိသည့် အခြေအနေမျိုးကို ရောက်ရှိလိမ့်မည် မဟုတ်ပေ။

လင်ကျဲ ခေတ္တစဉ်းစားပြီးနောက် သိချင်နေသည်ကို တိုက်ရိုက်ပင် မေးလိုက်သည်။

“ခင်ဗျားနဲ့ စကားပြောဖြစ်ခဲ့လား...”

ကျိကျစ်ရှို့၏ မျက်လုံးများမှာ ဝိုင်းသွား၏။

‘မစ္စတာလင်က အကုန်လုံး သိနေတာပဲ’

သို့သော်လည်း... အပြင်တွင်တော့ သူမက ခေါင်းညိတ်လိုက်ရင်း...

“ဟုတ်ကဲ့... သူ ကျွန်မဆီကို လာတွေ့ပါတယ်... ဒါပေမဲ့ ကျွန်မ အရွယ်ရောက်နေပြီဆိုတာ သိသိကြီးနဲ့ ကျွန်မကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံနေတုန်းပါပဲ”

မိန်းကလေး၏ လေသံထဲတွင် ဂုဏ်ယူနေသည့် အရိပ်အယောင် အချို့ကို လင်ကျဲ ကြားလိုက်ရသဖြင့် ပြုံးလိုက်မိသည်။

“ခင်ဗျား သူ့ကို စည်းရုံးနိုင်ခဲ့ပုံရတယ်... ဂုဏ်ယူပါတယ်...”

“ဟုတ်ပါတယ်... သူ့ကို ကျွန်မဘက်ပါအောင် စည်းရုံးနိုင်ခဲ့ပါတယ်... သူကလည်း မစ္စတာလင်ရဲ့ စာအုပ်ဆိုင်က စာအုပ်တွေကို တခြားနေရာတွေမှာပါ ဖြန့်ချိနိုင်ဖို့အတွက် မစ္စတာလင်နဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးချင်နေပါတယ်... ကျွန်မက သူ့ကို အကြံပေးလိုက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါရှင်... မဟုတ်ရင် သူက ကျွန်မကို ဆက်ပြီး လုပ်ကိုင်ခွင့် ပေးမှာ မဟုတ်လို့ပါ”

လင်ကျဲ မျက်တောင်ခတ်လိုက်မိ၏။ ‘နေပါဦး သခင်မလေးကျိရဲ့... မင်းအဖေကို ဘာတွေသွားပြောလိုက်တာလဲ...’

ထိပ်တန်းသူဌေးကြီးတစ်ယောက်က လက်လီအရောင်းဆိုင် သေးသေးလေးတစ်ခုကို စိတ်ဝင်စားပြီး ပူးပေါင်းဆောင်ရွက်ချင်သည်ဆိုသည်မှာ အလွန်ပင် ရယ်စရာကောင်းလွန်းလှသည်။ ၎င်းက မကောင်းသောအရာ မဟုတ်သော်လည်း လက်တွေ့တွင်မူ ပူးပေါင်းဆောင်ရွက်ရန် နယ်ပယ် သိပ်မရှိဘဲ အလုပ်ရှုပ်စရာသာ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း မိန်းကလေး၏ စေတနာကို ထောက်ထား၍ လင်ကျဲက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ...”

သို့သော်လည်း... လင်ကျဲ ကျိကျစ်ရှို့ကို အနည်းငယ် စိတ်မသက်မသာဖြင့် ကြည့်လိုက်မိသည်။ သေတ္တာကလေး ဖွင့်ဖို့ အတွက်နှင့် ဤနေရာ အထိ တကူးတက ရောက်ရှိလာခြင်းကို ကြည့်ပါက မိန်းကလေး၏ မိသားစု အရေးက အလုံးစုံ ပြေလည်သွားသည်ဟု ယူဆလို့ မရနိုင်သေးချေ။

သူက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ရင်း...

“ခင်ဗျား ယုံကြည်ရမယ့်သူတချို့ကို ရှာထားသင့်တယ်... ဒီလို ရိုးရှင်းတဲ့ ကိစ္စလေးတွေအတွက် ကျွန်တော့်ဆီကို အမြဲ ပြေးမလာသင့်ဘူးလေ...”

ကျိကျစ်ရှို့မှာ စာအုပ်ဆိုင်ပိုင်ရှင်က သူမကို ကလေးတစ်ယောက်လိုမျိုး စိတ်မချသလို ကြည့်နေသည်ဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်း၌ လင်ကျဲ၏ စကားတစ်ခွန်းကိုလည်း သတိထားလိုက်မိ၏။

‘ရိုးရှင်းတဲ့ ကိစ္စ... ဒီသေတ္တာကို ဖွင့်ရတာက တကယ်ပဲ အဲ့ဒီလောက် ရိုးရှင်းလို့လား...’

သူမအနေဖြင့် မိသားစုက ငှားရမ်းထားသည့် အထက်လမ်း မှော်ဆရာကို သုံးကာ ဤသေတ္တာကို ဖွင့်ခိုင်းနိုင်ပေသည်။ သို့သော်လည်း ကြွက်ရူအန်၏ သစ္စာစောင့်သိမှု မှော်အမှတ်အသား ပျက်ပြယ်သွားသည်ကို သိလိုက်ရချိန်တွင် အဆိုပါ အမှတ်အသား ဖယ်ရှားနည်းအား ရောင်းစားခဲ့သည့် သစ္စာဖောက်တစ်ဦး ရှိနေမည်ကို သူမ သံသယဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အကူအညီမဲ့နေချိန်တွင် စာအုပ်ဆိုင်ကိုသာ သူမ အားကိုးခဲ့ရခြင်း ဖြစ်သည်။

ဂျောက်...

ရုတ်တရက် စက်ယန္တရား လည်ပတ်သံတစ်ခု ထွက်ပေါ်လာရာ သူတို့နှစ်ဦးစလုံး အသံလာရာသို့ လှည့်ကြည့်လိုက်ကြ၏။ မွန်းသည် သေတ္တာလေးကို ကိုင်ထားပြီး သူမ၏ လက်ဖဝါးတစ်ဖက်မှာ သေတ္တာ၏ အလယ်တည့်တည့်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

ဂျောက်... ဂျောက်...

သေတ္တာမှာ လေးပိုင်းကွဲသွားကာ ပန်းပွင့်လေးများပွင့်လာသကဲ့သို့ ပွင့်ထွက်သွားသည်။ အပေါ်ဘက် ထောင့်လေးထောင့်က ပွင့်ချပ်များသဖွယ် ၃၀ ဒီဂရီခန့် အပြင်ဘက်သို့ ကားထွက်သွား၏။

သေတ္တာ၏ အလယ်တည့်တည့်ရှိ အချိုင့်ကလေးမှာမူ ‘အဖုံး’ တစ်ခုအဖြစ် ပြောင်းလဲသွားကာ မွန်းက ၎င်းကို မယူလိုက်သည်။ မိန်းမငယ်လေး၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း မျက်ဝန်းထဲတွင်မူ အနည်းငယ် အံ့သြနေပုံ ရ၏။ ကျန်လူနှစ်ဦး၏ အကြည့်နှင့် ဆုံသွားသောအခါ သူမက အဖုံးကို အမြန်ပင် ပြန်ပိတ်လိုက်ရင်း...

“တောင်းပန်ပါတယ်... ကျွန်မ မတော်တဆ ဖွင့်မိသွားတာပါ”

"မတော်တဆ... ပွင့်သွားတာ..."

ကျိကျစ်ရှို့ တစ်ယောက် ပွင့်ဟသွားသော ကြေးနီသေတ္တာကို ကြည့်ကာ မှင်သက်နေမိ၏။ လေထုထဲ၌ အီသာ စွမ်းအင် အကြွင်းအကျန် လှိုင်းတွန့်များမှာ ရှိနေဆဲပင်။ မမြင်ရသည့် သော့ခလောက်တစ်ခုဖြင့် အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရသလိုမျိုး သေတ္တာ၏ ပြောင်လက်နေသော မျက်နှာပြင်ပေါ်တွင် သေးငယ်သည့် ပြောင်းလဲမှုအချို့ကို မြင်တွေ့နေရသည်။

သေတ္တာထဲမှ သွေးနံ့များ ‘လျှံထွက်’ လာသလို ခံစားရပြီး ယုတ်ညံ့သော အငွေ့အသက်များ ထွက်ပေါ်လာ၏။ သို့သော် ၎င်းမှာ စက္ကန့်ပိုင်းမျှသာဖြစ်ပြီး နောက်တစ်ခဏတွင်မူ သေတ္တာအတွင်းမှ မှိန်ဖျော့သော အလင်းရောင်လေးသာ ကျန်ရစ်တော့သည်။

လင်ကျဲကတော့ ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိပေ။ သူက မွန်းကို ခေတ္တကိုင်ထားရန် ပေးလိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း... ခဏလေး မျက်စိလွဲသွားသည်နှင့် ထိုကလေးမက သေတ္တာကို ဖွင့်လိုက်ပြီ ဖြစ်သည်။

ဤကလေးမလေးမှာ ပတ်ဝန်းကျင်ရှိ အရာရာကို အလွန်အမင်း စိတ်ဝင်စားတတ်ပြီး မြင်သမျှကို ထိတွေ့ချင်နေတတ်သည်။ သူမ၏ လက်ထဲသို့ ပဟေဠိ သေတ္တာလို အရာမျိုး ပေးလိုက်ခြင်းမှာ ဆော့ရန် ခွင့်ပြုလိုက်သလိုပင်။ ထို့အပြင် မွန်း၏ အံ့မခန်း သင်ယူနိုင်စွမ်းနှင့်ဆိုပါက ဤသေတ္တာလေးအား ဖွင့်နိုင်ခြင်းမှာ အလွန်အမင်း ထူးဆန်းနေသည့် ကိစ္စတော့မဟုတ်ပေ။

‘ထားလိုက်ပါတော့... ပွင့်သွားပြီဆိုမှတော့လည်း ကိစ္စမရှိပါဘူး... သခင်မလေးကျိရဲ့ တောင်းဆိုချက်ကလည်း သေတ္တာကို ဖွင့်ပေးဖို့ပဲ မဟုတ်ဘူးလား...’

လင်ကျဲ တွေးလိုက်မိ၏။ လက်ထောက်က ဖွင့်ဖွင့်၊ သူ ကိုယ်တိုင်ပဲ ဖွင့်ဖွင့် အနှစ်သာရအားဖြင့်တော့ အတူတူပင် ဖြစ်သည်။

သို့သော်လည်း ဤကလေးမလေးမှာ သူတစ်ပါးပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ ထိတွေ့ခဲ့သည့်အပြင် ၎င်းမှာ လူယုတ်မာတစ်ယောက် ချန်ထားခဲ့သော အရာဖြစ်နေသည်။ အတွင်းရှိ ပစ္စည်းမှာ ကျိကျစ်ရှို့ကို ခြိမ်းခြောက်နိုင်သည့် အရာမျိုး ဖြစ်နေနိုင်သဖြင့် သူမအတွက် စိတ်အနှောင့်အယှက်လည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဤကလေးမလေးကို သေချာပေါက် တောင်းပန်ခိုင်းရပေမည်။

လူကြီးနှစ်ယောက် ကြည့်နေစဉ်မှာပင် မွန်းသည် သေတ္တာကို လင်ကျဲဘက်သို့ တိုးပေးလိုက်ပြီး အမှားလုပ်ထားမိသော ကလေးတစ်ယောက်ကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။

ထို့နောက်... သူမက လင်ကျဲကို အပြစ်ရှိသလို ကြည့်လိုက်ရင်း...

“ကျွန်မက စမ်းကြည့်ချင်ရုံလေးတင်ပါ...”

ဟု တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။

All Chapters