← Chapters

အားကြီးသူတို့၏ ကိုယ်ပိုင်မူဝါဒ

Vol. 10 Ch. 133

အားကြီးသူတို့၏ ကိုယ်ပိုင်မူဝါဒ

Vol. 10 Ch. 133

‘စမ်းကြည့်ချင်ရုံတင်လား... စမ်းကြည့်လိုက်ရုံနဲ့ ဒီအတိုင်း ပွင့်သွားတာလား...’

တစ်ချိန်တည်း၌ ကျိကျစ်ရှို့ကတော့ ရင်တဒိတ်ဒိတ် တုန်နေခဲ့ပြီ ဖြစ်သည်။ သေတ္တာပေါ်တွင် ခတ်နှိပ်ထားသည့် မှော်တံဆိပ်များမှာ ရိုးရှင်းနေဦးတော့၊ ၎င်းတို့မှာ အရေအတွက်မှာ များပြားလှသဖြင့် ဤနယ်ပယ်၌ အလွန်ကျွမ်းကျင်သော အဖြူရောင် မှော်ပညာရှင်မှသာ ဖွင့်နိုင်မည် ဖြစ်သည်။

‘ဒီမိန်းကလေးက မှော်တံဆိပ်တွေကို ဒီလောက်တောင် ကျွမ်းကျင်တဲ့ အဖြူရောင် မှော်ဆရာ တစ်ယောက်လား...’

သို့သော်လည်း... ကျိကျစ်ရှို့ များစွာ မအံ့ဩမိချေ။ ဆန့်ကျင်ဘက်အားဖြင့် ဤသည်က ဖြစ်သင့်ဖြစ်ထိုက်သော အရာဟုသာ ခံစားလိုက်ရသည်။

‘အင်းလေ... သူက မစ္စတာလင်ရဲ့ လက်ထောက်ပဲ...’

ကျိကျစ်ရှို့က ခေါင်းညိတ်လိုက်သည်။ ဤစာအုပ်ဆိုင်၌ လက်ထောက်အဖြစ် လုပ်ကိုင်နိုင်သောသူမှာ သာမန်လူ မဟုတ်နိုင်သည်ကတော့ အသေအချာပင်။

ကျိကျစ်ရှို့ တွေးတောနေစဉ်မှာပင် လင်ကျဲက အားနာသော အပြုံးဖြင့် သေတ္တာကို ကျိကျစ်ရှို့ဘက်သို့ ပြန်တွန်းပေးလိုက်၏။

“ကလေးတွေက မသိနားမလည်တော့ ဟိုကိုင်ဒီကိုင် လုပ်တတ်တာပဲ... ကျွန်တော် တောင်းပန်ပါတယ်…”

“မွန်းက သိပ်ပြီး မရင့်ကျက်သေးဘူးလေ... တချို့နေရာတွေမှာ ပါရမီပါပေမဲ့ လူမှုရေးပိုင်းမှာတော့ ဗဟုသုတ နည်းနေသေးတယ်… ကျွန်တော်လည်း သူ့ကို လူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ သေချာ မသင်ပေးရသေးဘူး…”

မွန်းက မျက်တောင်လေး ခတ်လိုက်ပြီးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

“ဟုတ်ပါတယ်ရှင်...”

“...”

‘ဒီမယ် ဆရာ... ရှင်ပြောတဲ့ ကလေးက ဟိုကိုင်ဒီကိုင် လုပ်တတ်တယ်ဆိုတာ... သွေးရည်ကြည် ဖော်မြူလာကို ဝှက်ထားတဲ့ ဒီသေတ္တာရဲ့ မှော်တံဆိပ်ကို ဖျက်ဆီးလိုက်တာကို ပြောတာလား... ဒါက စမ်းကြည့်ချင်ရုံလေးပါဆိုတာထက် ပိုပြီး ကြောက်စရာကောင်းနေပြီ...’

ကျိကျစ်ရှို့ စိတ်ထဲမှ ညည်းတွားမိသော်လည်း လင်ကျဲ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်ချိန်တွင် သူမ၏ မျက်နှာရိပ်မျက်နှာကဲမှာ ပြောင်းလဲသွားသည်။ အထက်လမ်း မှော်ဆရာ ဖြစ်နိုင်သည့် ဤမိန်းကလေးမှာ အမှန်တကယ်ပင် မစ္စတာလင်၏ သင်ကြားမှုကို ခံနေရသူ ဖြစ်သည်။

ဗဟုသုတ မရှိဘူး၊ လူတွေနဲ့ သိပ်မဆက်ဆံတတ်ဘူး...

‘ဒါဆိုရင်... ဖြစ်နိုင်တာက...’

ကျိကျစ်ရှို့၏ ရင်ထဲ၌ ထိတ်လန့်စရာ အတွေးတစ်ခု ဝင်လာသဖြင့် တုန်ရီသွားခဲ့၏။ သို့သော်လည်း... ထိုအတွေးမှာ အလွန် ကြောက်စရာကောင်းလှသဖြင့် ဆက်လက်၍ ပုံဖော် မကြည့်တော့ဘဲ အတင်းပြုံးကာ ပြောလိုက်သည်။

“ရပါတယ်ရှင်... မစ္စတာလင်က ကျွန်မ လေးစားယုံကြည်ရတဲ့သူဖြစ်သလို မစ္စတာလင်ရဲ့ လက်ထောက်ကလည်း အတူတူပါပဲ... ကျွန်မ ဖုံးကွယ်ထားစရာ မလိုပါဘူး။”

လင်ကျဲက ခေါင်းယမ်းလိုက်သည်။ ဤမိန်းကလေးမှာ လူကို ယုံလွယ်လွန်းလှသည်။ ထို့ကြောင့်လည်း အလိမ်ခံရခြင်း ဖြစ်ပေလိမ့်မည်။

မိန်းကလေးမှာ သူ့ကို ယုံကြည်သည်ဟု ပြောခဲ့သော်လည်း... တကယ်တမ်းအားဖြင့် သူက သူမကို လမ်းပြပေးခဲ့၍သာ ယုံကြည်မှု ရခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျိကျစ်ရှို့အနေဖြင့် မိမိ၏ အားနည်းချက်များကို အလွယ်တကူ ထုတ်ပြနေခြင်းမှာ မသင့်တော်ဟု လင်ကျဲ ယူဆသည်။

ရေတွက်ကြည့်လျှင် သူနှင့် သခင်မလေးကျိတို့မှာ သုံးကြိမ်သာ ဆုံဖူးသေးသည်။ လင်ကျဲ အနေဖြင့် သူမ၏ ယုံကြည်မှုကို ရထိုက်သည် ဆိုသော်လည်း... သူ့ဘေးနား၌ ရှိနေသူတိုင်းကို ထိုနည်းတူ လိုက်လံ ယုံကြည်နေရန် မသင့်ပေ။

လင်ကျဲ သက်ပြင်းတစ်ချက် ချလိုက်၏။

“ကျွန်တော် မကြာခဏ ပြောလေ့ ရှိတဲ့ စကားတစ်ခွန်း ရှိတယ်... လူ့ပြည်ဆိုတာ ငရဲပြည် တစ်ပိုင်း၊ လူ့ပြည် တစ်ပိုင်ပဲ လို့... ဒီစကားကို ကျွန်တော် တခြားလူတွေကိုလည်း မကြာခဏ ပြောလေ့ရှိပေမဲ့ မှတ်မိတဲ့သူ သိပ်မရှိကြဘူး... နောက်ဆုံးတော့ သူတို့တွေ အားလုံး ပေးဆပ်မှုတွေ လုပ်လိုက်ကြရတာပဲ”

“သခင်မလေးကျိလည်း အရင်ကလို အမှားမျိုး ထပ်မလုပ်ဖို့ မျှော်လင့်ပါတယ်... ပထမဆုံးအကြိမ် သစ္စာဖောက်ခံရတုန်းက ခံစားချက်ကို ပြန်တွေးကြည့်ပါ...”

“မွန်းကိုတော့ ကျွန်တော့်ဘက်ကနေ ဆုံးမပါ့မယ်... ဒါပေမဲ့ ခင်ဗျားလည်း ပိုပြီး သတိထားသင့်တယ်... ဒီသေတ္တာထဲက ဟာတွေက ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပဲ မဟုတ်လား”

‘ဒါပေမဲ့ မစ္စတာလင်ကတော့ ကျွန်မကို လိမ်မှာ မဟုတ်ပါဘူး... မစ္စတာလင်က အကုန်လုံးကို မြင်နိုင်နေတာပဲကို... ကျွန်မဘက်ကနေ သတိထားနေစရာ အကြောင်းမရှိပါဘူး’

ကျိကျစ်ရှို့က ထိုစကားကို လေးစားစွာဖြင့် ပြောချင်သော်လည်း လင်ကျဲက အတည်ပေါက် ဆုံးမ နေလေရာ သူမ ခေါင်းငုံ့ကာ နာခံလိုက်ရသည်။

“ဟုတ်ကဲ့ပါ... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်...”

မည်သို့ပင်ဖြစ်စေ... အားကြီးသူတို့တွင် ကိုယ်ပိုင်မူဝါဒ ရှိကြသည်။ မစ္စတာလင်မှာ သေတ္တာထဲမှ အရာကို စိုးစဉ်းမျှ စိတ်မဝင်စားပေ။

‘ဒါက ဖော်မြူလာ အစစ်တစ်ခုဆိုပေမဲ့ မစ္စတာလင်လို ပုဂ္ဂိုလ်မျိုးအတွက်တော့ သာမန်အရာတစ်ခုပါပဲလေ...’

တွေးတောနေရင်းကပင် ကျိကျစ်ရှို့၏ အကြည့်များမှာ ပွင့်ဟနေသည့် ကြေးနီသေတ္တာဆီသို့ ရောက်ရှိသွားခဲ့သည်။

သေတ္တာ၏ အတွင်းပိုင်းကို ကတ္တီပါအနက်ရောင်ဖြင့် ခံထားပြီး အလယ်တည့်တည့်ရှိ အချိုင့်ကလေးထဲတွင်တော့ ဖော့ဆို့ဖြင့် ပိတ်ထားသော ဖန်ပြွန်လေးတစ်ခု ရှိနေသည်။ ထိုပြွန်ထဲတွင် နီရဲပျစ်ချွဲနေသော အရည်များ ပါရှိသည်။

ထိုရင့်မှည့်နက်မှောင်သော သွေးရောင်အရည်များမှာ ပြွန်ထဲ၌ တလိမ့်လိမ့် ဆူပွက်နေပြီး သက်ရှိတစ်ကောင်ကဲ့သို့ ပြွန်နံရံကို တိုးဝှေ့နေကာ ကျောက်မျက်ရတနာတစ်ခု အလား ပြောင်လက်နေသည်။ ဖောက်ထွင်း မြင်နိုင်သည့် ဖန်ပြွန်နှင့် သွေးရောင်တို့မှတစ်ဆင့် အလင်းပြန်လာကာ သေတ္တာ၏ အတွင်းပိုင်းကို ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများဖြင့် လွှမ်းမိုးထားသည်။

‘လှလိုက်တာ... ဆွဲဆောင်မှု ရှိလိုက်တာ...’

ကျိကျစ်ရှို့ တွေးလိုက်မိ၏။ ဤအရာမှာ ‘အိပ်မက်သားရဲ’ ၏ စွမ်းအားများ ပါဝင်သည့် ညစ်ညမ်းသောသွေး၏ ဖော်မြူလာအစစ်ပင်။

ဒုတ်... ဒုတ်...

ကျိကျစ်ရှို့၏ ရင်ခုန်သံမှာ ထိုသွေး၏ လှုပ်ရှားမှုများနှင့်အညီ စည်းချက်ညီစွာ ခုန်လာကာ ကြက်သီးဖြန်းဖြန်း ထသွားမိသည်။ သူမ၏ ခန္ဓာကိုယ်အတွင်း ထိုးသွင်းထားသည့် ညစ်ညမ်းသော သွေးများမှာလည်း ‘ကောင်းကင် ဝံပုလွေ’ ထံမှပင် ဖြစ်သောကြောင့် ဤကဲ့သို့ တုံ့ပြန်နေခြင်း ဖြစ်သည်။

‘ဒါက ဖော်မြူလာအစစ်ဆိုတာ သေချာသွားပြီ...’

“ဟူး...”

ကျိကျစ်ရှို့ သေတ္တာထဲမှ ဖန်ပြွန်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။ ဤအရာဖြင့် ဆိုပါက သူမအနေဖြင့် အုတ်မြစ်ကောင်းကောင်း ရှိသော မုဆိုးအဖွဲ့အစည်းသစ်တစ်ခုကို ပိုင်ဆိုင်နိုင်ပြီဖြစ်ကြောင်း သက်သေပင်။ ဖော်မြူလာကို ပိုင်ဆိုင်ပြီး မူလ ‘ဝံပုလွေဖြူ’ အဖွဲ့ကို အစားထိုးလိုက်လျှင် သူတို့က တရားဝင် အဖွဲ့အစည်း ဖြစ်လာပေလိမ့်မည်။

ကျိကျစ်ရှို့ တစ်ယောက် ရင်ထဲမှ အလေးတုံးကြီး တစ်ခုကို ဖယ်ရှားလိုက်သလိုမျိုး ခံစားရကာ စိတ်ပေါ့ပါးသွားခဲ့သည်။ သို့သော်လည်း... သူမ၏ အကြည့်မှာ ကြေးနီသေတ္တာ၏ ဘေးနံရံများဆီသို့ ရောက်သွားသည်။

ကြေးနီနံရံနှင့် ကတ္တီပါအနက်ရောင်ကြားတွင် တွန့်ကြေနေသည့် သားရေစက္ကူအချို့ကို တွေ့လိုက်ရသည်။ ကျိကျစ်ရှို ထိုစက္ကူများကို ဆွဲထုတ်ကာ ပြန့်အောင် ဖြန့်ကြည့်လိုက်သည်။ စုစုပေါင်း နှစ်ရွက်ရှိပြီး အားလုံးမှာ ဟယ်ရစ်ထံ ပေးပို့ထားသော လျှို့ဝှက်သဝဏ်လွှာများ ဖြစ်နေခဲ့ပေသည်...။

…

All Chapters