လျှို့ဝှက်စာ နှစ်စောင်
Vol. 10 Ch. 134
ကျိကျစ်ရှို့သည် သတိကြီးကြီး ထားနေကာ စာထဲမှ အကြောင်းအရာများကို ချက်ချင်း ဖတ်မကြည့်ရဲသေးပေ။ ဤအရာမှာ အထက်လမ်း မှော်ဆရာတစ်ဦး ချိပ်ပိတ်ထားသည့် သေတ္တာဖြစ်သဖြင့် စာလိပ်များတွင်လည်း အလားတူ မှော်စွမ်းအင်များ ပါဝင်နေနိုင်သည်။ အကယ်၍ စာရွက်ပေါ်၌ မှော်တံဆိပ်များ ရှိနေပါက သူမအတွက် ကျော့ကွင်းတစ်ခုထဲ ဆင်းသက်မိသလို ဖြစ်သွားပေလိမ့်မည်။
စာအုပ်ဆိုင်ရှိ စာအုပ်များကဲ့သို့ပင် အထက်လမ်း မှော်ဆရာများ၏ မှော်တံဆိပ်များသည်လည်း တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ကြည့်ရှုသူ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိကြသည်။ ကျိကျစ်ရှို့ လက်ထဲမှ စာနှစ်စောင်ကို လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။
မှိန်ပျပျ အလင်းရောင်သာ ရှိသော စာအုပ်ဆိုင်ထဲတွင် သူမ ခေတ္တမျှ အတွေးနက် နေခဲ့သည်။ ဟယ်ရစ်အနေဖြင့် ဤစာများကို ဖော်မြူလာအစစ်နှင့်အတူ သေတ္တာထဲ ထည့်ထားခဲ့ခြင်းကို ထောက်ရှုပါက... ၎င်းတို့မှာ ဖော်မြူလာကဲ့သို့ပင် အရေးကြီးနေ၍ ဖြစ်ရမည်။ သို့သော်လည်း... ညစ်ညမ်းသွေး ဖော်မြူလာဆိုသည်မှာ မုဆိုးအဖွဲ့အစည်းတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သလို မုဆိုးတစ်ဦး၏ အစွမ်းသတ္တိအားလုံး၏ အရင်းအမြစ်လည်း ဖြစ်သည်။
မိမိကိုယ်ကိုယ် မုဆိုးတစ်ဦးအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကို ထူထောင်မည့်သူတစ်ဦး အနေဖြင့်သော်လည်းကောင်း အစားထိုးစဉ်းစားကြည့်လျှင် ခေါင်းဆောင်တစ်ဦးအတွက် ညစ်ညမ်းသွေး ဖော်မြူလာထက် ပို၍ အရေးကြီးသော အရာ မရှိဟု ကျိကျစ်ရှို့ ယူဆထားသည်။ ထိုမျှ အရေးကြီးသော အရာနှင့် တန်းတူထားထားသည့် စာနှစ်စောင်မှာ ဘာများဖြစ်နိုင်မည်နည်း။
ကျိကျစ်ရှို့အတွက် ထူးဆန်းနေသည်က... ဤစာများကို လျှို့ဝှက်ထားလိုလျှင် ဖျက်ဆီးပစ်လိုက်ရုံနှင့် ရပါလျက်နှင့် အဘယ်ကြောင့် ဤသေတ္တာထဲ ထည့်ဝှက်ထားရသနည်းဟူသော အချက်ပင်။
ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ခါနီး ဟယ်ရစ်ကဲ့သို့ မုဆိုးတစ်ဦးမှာ စာပါအကြောင်းအရာကို မှတ်မိရန် အခါခါ ပြန်ဖတ်နေရလောက်အောင် မေ့တတ်သူတော့ မဟုတ်နိုင်ပေ။
ကျိကျစ်ရှို့ သံသယဝင်နေစဉ်မှာပင် သူမ၏ အတွေးထဲ၌ စိတ်ကူးတစ်ခုက ပိုမိုခိုင်မာလာလေ၏။
‘ဒါဆိုရင်... ဒီစာထဲမှာ ဖော်မြူလာအစစ်ကို ဘယ်ကရခဲ့တယ်ဆိုတဲ့ အရင်းအမြစ်ကို ရေးထားတာများလား...’
ကျိကျစ်ရှို့၏ ရင်ခုန်သံများ မြန်လာကာ မသိစိတ်ဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်မိသွားသည်။ သူမက လင်ကျဲကို လှမ်းကြည့်လိုက်ရာ စာအုပ်ဆိုင်ပိုင်ရှင်မှာ စာအုပ်တစ်အုပ်ကို အာရုံစိုက်ဖတ်နေပြီး သူမဘက်သို့ ဂရုမစိုက်သည်ကို တွေ့ရသည်။
ဆိုင်ရှင်ဘက်က ဘာမှ ထူးထူးခြားခြား မပြောဆိုခြင်းမှာ ဤစာများကို ဖတ်ရန် ‘ခွင့်ပြုချက်’ ပေးလိုက်ခြင်းပင် ဖြစ်မည်ဟု သူမ ယူဆလိုက်သည်။ ကျိကျစ်ရှို့သည် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်ပြီး စာများကို ဖြန့်ဖတ်လိုက်၏။ ခဏအကြာတွင်မူ သူမ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
စာနှစ်စောင်မှာ တစ်စောင်နှင့် တစ်စောင် နှစ်ပေါင်း ၃၀ ကွာခြားပြီး ရေးသားထားခြင်း ဖြစ်သည်။ သို့သော်လည်း... ၎င်းတို့မှာ တစ်နေရာတည်းမှ ပေးပို့ထားခြင်းပင်။ စာနှစ်စောင်လုံး၏ ထောင့်တွင် ဓားတစ်လက်နှင့် ၎င်းကို ဝန်းရံထားသည့် မီးတောက်ပုံစံ ရေစာအမှတ်အသား မှိန်ဖျော့ဖျော့ ပါရှိသည်။ ဤစာများကို လူတစ်ဦးတည်းထံသို့သာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က မုဆိုးစဖြစ်ခဲ့သော လူငယ်လေး ဟယ်ရစ်နှင့် နှစ်ပေါင်း ၃၀ အကြာ ‘ဝံပုလွေဖြူ’ အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာသော ဟယ်ရစ်ပင်။
ဟယ်ရစ်မှာ မုဆိုးလောကတွင် အလွန်ကျော်ကြားခဲ့သူ ဖြစ်သည်။ ဤသည်မှာ သူ ဦးဆောင်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ‘ဝံပုလွေဖြူ’ အဖွဲ့ တည်ငြိမ်စွာ ကြီးထွားလာခြင်းကြောင့်လည်း ဖြစ်သလို သူ၏ အစွမ်းအစနှင့် ဉာဏ်ရည်ကြောင့်လည်း ဖြစ်သည်။ ဟယ်ရစ်မှာ နောက်ဆုံးတွင် ဆိုးရွားစွာ နိဂုံးချုပ်သွားခဲ့သော်လည်း သူ တည်ထောင်ခဲ့သည့် ဂုဏ်သိက္ခာများကိုတော့ ဖျောက်ဖျက်၍ မရနိုင်ပါချေ။
အရေးကြီးဆုံးအချက်ကား ဟယ်ရစ်မှာ မည်သည့် နောက်ခံအင်အားမျှမရှိသော အမည်မသိ မုဆိုးဘဝမှနေ၍ ညစ်ညမ်းသွေး ဖော်မြူလာကို မတော်တဆ ရရှိခဲ့ပြီးမှ ယခုအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုဖော်မြူလာကို မည်သည့်နေရာမှ ရခဲ့သည်ကိုမူ မည်သူမျှ မသိကြပေ။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သောကြောင့် ပါဝင်ပတ်သက်သူကိုယ်တိုင် မပြောလျှင် သိနိုင်ရန် ခက်ခဲလှသဖြင့် လူအများက ၎င်းကို ‘ကံကောင်းမှု’ တစ်ခုအဖြစ်သာ သတ်မှတ်ထားကြသည်။ ထိုသို့သော အသေးအဖွဲကိစ္စကိုလည်း မည်သူကမျှ အလေးမထားခဲ့ကြပေ။
သို့သော်လည်း... ယခုအခါ၌ ကျိကျစ်ရှို့သည် ဟယ်ရစ် ဖော်မြူလာကို မည်သို့ရခဲ့သည်ဆိုသော အမှန်တရားကို သိလိုက်ရပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ဤစာနှင့်အတူ ဖော်မြူလာအစစ်မှာ ဟယ်ရစ်ထံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ စာထဲတွင် ဤသို့ ရေးသားထားသည်။
“ဒါကို လက်ခံလိုက်တာနဲ့ ငါတို့ကြားက သဘောတူညီမှု အထမြောက်သွားပြီ... အဲဒီနောက်မှာတော့ အင်အားကြီးတဲ့ မုဆိုးအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာလိမ့်မယ်... မင်းလည်း လမ်းဘေးမှာ အမှိုက်တစ်စလို နေနေစရာ မလိုတော့ဘူး... ဒီဖော်မြူလာမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ ငါတို့ အာမခံတယ်... ဘယ်သူမှလည်း အပြစ်ရှာလို့ ရမှာမဟုတ်ဘူး... မင်းလုပ်ရမှာက စွမ်းအားတွေရဖို့ ဒီညစ်ညမ်းသွေးကို ကိုယ့်ကိုယ်ကိုယ် ထိုးသွင်းဖို့ပဲ... ဟယ်ရစ်ဆိုတဲ့ နာမည်က ရွှံ့နွံထဲမှာ နင်းခြေခံရမလား၊ ဒါမှမဟုတ် ကောင်းကင်က ကြယ်တွေလို တောက်ပမလားဆိုတာ... မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပေါ့...”
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်၊ မုဆိုးစဖြစ်ခါစ ဆင်းရဲသား လူငယ်လေးတစ်ဦးအတွက် ဤစာသားများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိခဲ့ပေလိမ့်မည်။ ထို့နောက်တွင်မူ ဟယ်ရစ်က သဘောတူညီမှုကို လက်ခံခဲ့ကာ နောက်ဆုံး၌ ‘ဝံပုလွေဖြူ’ အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်မှာ ထင်ရှားလှသည်။
သို့သော်လည်း... လောကတွင် အလကားရသောအရာဟူ၍ မရှိပေ။ ထိုလျှို့ဝှက်အဖွဲ့အစည်းက ဟယ်ရစ်အား ဖော်မြူလာ ပေးအပ်ခဲ့ခြင်း၏ နောက်ကွယ်တွင် ပေးဆပ်ရမည့် တန်ဖိုးတစ်ခု ရှိနေမည်မှာ အသေအချာပင်။
“ဆိုတော့... ဒါက ‘ဝံပုလွေဖြူ’ ရဲ့ တကယ့် အစပျိုးမှုပဲပေါ့...”
ကျိကျစ်ရှို့၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ မုဆိုးငယ်တစ်ဦးကို ဖော်မြူလာတစ်ခု အလွယ်တကူ ပေးနိုင်သော အဖွဲ့အစည်းဆို တစ်ခုမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။ သို့သော်လည်း... သူမ ဤရေစာအမှတ်အသားကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဆိုလိုသည်က သူတို့မှာ အလွန်လျှို့ဝှက်စွာ နေထိုင်ကြသူများ ဖြစ်သည်။
လတ်တလောကမှ ရောက်ရှိလာသည့် အခြားစာတစ်စောင်တွင်မူ အကြောင်းအရာမှာ အလွန်တိုတောင်းလှသည်။
“နောက် ခုနစ်ရက်အကြာ ၂၇ လမ်းမမှာ ‘မှော်ကြေးမုံ’ တစ်ခု အိပ်မက်ဘုံကနေ ထွက်ပေါ်လာလိမ့်မယ်... အဲဒါကို ရအောင်ယူပါ... ဒါဆိုရင် မင်း ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရလိမ့်မယ်”
ကျိကျစ်ရှို့၏ မျက်လုံး သူငယ်အိမ်များ ကျုံ့သွားခဲ့၏။ ဤသည်က ‘ လန်စီ မှော်ကြေးမုံ’ အကြောင်း သတင်းအချက်အလက်များ၏ အရင်းအမြစ်ပင်။ ထိုအချိန်က ဟယ်ရစ်မှာ မှော်ကြေးမုံကို ဖျက်ဆီးပစ်ဖို့ အတွက် မရည်ရွယ်ခဲ့ပေ။ အစကတည်းက သူ၏ ရည်ရွယ်ချက်မှာ ၎င်းကို ရယူပြီး မိမိ၏ စွမ်းအားကို မြှင့်တင်ရန်သာ ဖြစ်သည်။
သို့သော်လည်း... လန်စီ မှော်ကြေးမုံနှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ဘဝဇာတ်လမ်း နိဂုံး ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ ထိုလျှို့ဝှက်အဖွဲ့အစည်းမှာ ဟယ်ရစ်ကို နှစ်ပေါင်း ၃၀ လုံးလုံး ခြေလှမ်းတိုင်းတွင် မြေတောင်မြှောက်ပေးခဲ့ပြီးမှ နောက်ဆုံး၌ ပျက်စီးခြင်းဆီသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်သည်။
ဟယ်ရစ်သက ဤစာသစ်ကို ယခင်စာဟောင်းနှင့်အတူ သေတ္တာထဲတွင် အတူတူ ထားခဲ့ခြင်းမှာ သူ၏ ပျက်စီးခြင်း နီးကပ်နေပြီကို ကြိုမြင်ခဲ့၍ ထိုအဖွဲ့အစည်းအား ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ခြင်းလော။ သို့မဟုတ် အရာရာ ဆုံးရှုံးသွားသောအခါ သူနှင့်အတူ ထိုအဖွဲ့ကိုပါ ဆွဲချရန် ကြိုးပမ်းခဲ့ခြင်လော။
မိုးရေထဲတွင် လက်နှစ်ဖက်ကို မြှောက်လျက် ရူးသွပ်စွာ အော်ဟစ်နေခဲ့သော ဟယ်ရစ်၏ ပုံရိပ်ကို ကျိကျစ်ရှို့ ပြန်လည် မြင်ယောင်လာသည်။ ထိုအချိန်က သူ့ စိတ်ထဲတွင် ဘာတွေ ဖြစ်ပျက်နေမည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ သတိရှိခြင်းနှင့် ရူးသွပ်ခြင်းကြားတွင် မိမိကိုယ်ကိုယ် ရုပ်သေးရုပ်တစ်ရုပ်၊ ကံကြမ္မာ ကစားပွဲထဲမှ သနားစရာကောင်းသော သတ္တဝါတစ်ဦးမှန်း သိလိုက်ရချိန်... သူလုပ်နိုင်ခဲ့သည်မှာ ထိုကြီးမားသော မိုးနတ်ဘုရားဆီသို့ အပြေးသွားခြင်းသာ ဖြစ်သည်။
လင်ကျဲမှာ ကျိကျစ်ရှို့၏ ပုဂ္ဂိုလ်ရေးကို လေးစားမှုကြောင့် သေတ္တာထဲမှ အရာများကို ချောင်းမကြည့်ခဲ့ပေ။ သို့သော်လည်း... ကျိကျစ်ရှို့၏ မျက်နှာရိပ်မျက်နှာကဲကိုမူ သူ မြင်နေရသည်။ သူမ၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုမှသည် အဖြစ်မှန်ကို သိရှိသွားမှု၊ ထို့နောက် ထိတ်လန့်မှုနှင့် သနားမှု၊ ထင်မြင်ယူဆမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေ၏။
လင်ကျဲက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ ဇာတ်လမ်း၏ အချိုးအကွေ့များကို ခန့်မှန်းကြည့်လိုက်သည်။
‘ကြည့်ရတာ သခင်မလေးကျိရဲ့ ခံစားချက်တွေကို ကစားသွားတဲ့ အဲ့ဒီလူယုတ်မာမှာလည်း တော်တော်လေးကို ရှုပ်ထွေးတဲ့ နောက်ခံတွေ ရှိနေပုံရတယ်...’
“မဟုတ်မှ လွဲရော ဂိုဏ်းစတားတွေရဲ့ လုပ်ရပ်လား...”
လင်ကျဲသည် စာအုပ်ကို ချလိုက်ရင်း ဘဝလမ်းပြ ဆရာကြီး၊ စိတ်ဓာတ်ခွန်အား ပေးသူ နှင့် အချစ်ရေး အကြံပေး စတိုင်ကို ထုတ်ပြကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်လေ၏။
“သူက အသုံးချခံ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေပြီးတော့ အဲဒီနောက်ကွယ်မှာ ပိုကြီးမားတဲ့ လက်မည်းကြီးတွေ ရှိနေတာ မဟုတ်လား...”
“ကြည့်ရတာ ခင်ဗျားရဲ့ လက်စားချေမှုက ပြီးဆုံးဖို့ အလှမ်းဝေးနေဦးမယ် ထင်တယ်...”
***