← Chapters

လူယုတ်မာဂိုဏ်း

Vol. 10 Ch. 135

လူယုတ်မာဂိုဏ်း

Vol. 10 Ch. 135

လင်ကျဲ တစ်ယောက် မိမိ၏ ခန့်မှန်းချက်မှာ အလွန်ပင် ယုတ္တိတန်သည်ဟု ခံစားနေမိသည်။ ပထမဦးစွာ ကျိကျစ်ရှို့ မယုံကြည်နိုင်လောက်အောင် အံ့သြသွားသည့် တုံ့ပြန်မှုမှာ စာထဲမှ အကြောင်းအရာများက သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၍ ဖြစ်ရမည်။ လူယုတ်မာတစ်ယောက်၏ လက်ချက်ဖြင့် စိတ်ဒဏ်ရာရခဲ့သော အမျိုးသမီးတစ်ဦးအနေဖြင့် သူ ချန်ထားခဲ့သော စာထဲတွင် ဘာတွေပါမည်ဟု မျှော်လင့်နိုင်မည်နည်း။

အဓိကအားဖြင့် နှစ်မျိုးသာ ရှိနိုင်သည်။ ခြိမ်းခြောက်စာနှင့် နောင်တရကြောင်း ဝန်ခံစာတို့ပင်။ ဤနှစ်မျိုးစလုံးမှာ သခင်မလေးကျိ၏ တွေးထင်မှုဘောင်အတွင်း၌သာ ရှိပေလိမ့်မည်။ အကယ်၍ ဤနှစ်မျိုးစလုံး မဟုတ်ခဲ့လျှင်မူ ၎င်း၏ နောက်ကွယ်၌ ပိုမိုနက်ရှိုင်းပြီး ပိုမို ကောက်ကျစ်လှသည့် ဇာတ်လမ်းတစ်ပုဒ် ရှိနေမည်မှာ အသေအချာပင်။

ထို့နောက်တွင်မူ ကျိကျစ်ရှို့၏ မျက်နှာထက်၌ အဖြစ်မှန်ကို သိရှိသွားသည့် အမူအရာ ပေါ်လာသည်။ ဆိုလိုသည်က... သူမ ရင်ထဲတွင် ရှိနေသည့် သံသယများအတွက် အဖြေရသွားခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ကွယ်မှ အမှန်တရားမှာ ယုတ္တိတန်သည့် အစီအစဉ်တစ်ခု ဖြစ်နေပေလိမ့်မည်။

ထိုအရာထက် ပို၍ အရေးကြီးသည်က သူမ၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် တုန်လှုပ်ချောက်ချားမှုများ ပေါ်လာခြင်းပင်။ သူမ အဘယ်ကြောင့် ထိတ်လန့်သွားသနည်း။ အဖြေက ရှင်းသည်။ လူယုတ်မာတစ်ယောက်က သူမ ခံစားချက်ကို ကစားသွားသည်ထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလှသည့် ပူးပေါင်းကြံစည်မှုကြီးကို မြင်လိုက်ရခြင်းကြောင့်ပင်။

အကယ်၍ သူမသာ အချိန်မီ လက်စားမချေနိုင်ခဲ့လျှင် အကျိုးဆက်က မည်မျှ ဆိုးရွားသွားမည်ကို မည်သူမှ မသိနိုင်ပေ။

သခင်မလေးကျိကဲ့သို့သော အမျိုးသမီးတစ်ဦးကိုတောင် ယခုလို ထိတ်လန့်သွားအောင် လုပ်နိုင်သည်ဆိုပါက ၎င်းမှာ ခံစားချက်သက်သက်ကိုသာ ထိခိုက်စေသည့် ကိစ္စမျိုး မဟုတ်တော့ပေ။ ထိုကိစ္စ၏ သက်ရောက်မှုက ပုဂ္ဂိုလ်ရေးအဆင့်ထက် ပိုမိုမြင့်မားသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စမှာ သူမ၏ ဖခင် ကျိပိုတုန်၊ ရိုးလ် အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းတို့နှင့် ပတ်သက်နေမည်မှာ သေချာသလောက်ပင်။

နောက်ဆုံး၌... ကျိကျစ်ရှို့၏ မျက်နှာ၌ သနားသည့် အရိပ်အယောင် ပေါ်လာခြင်းမှာ ထိုလူယုတ်မာမှာ သူတို့၏ ပူးပေါင်းကြံစည်မှုကြီးကို အကောင်အထည် မဖော်နိုင်ခင်မှာပင် သခင်မလေးကျိ၏ လက်ချက်ဖြင့် အလျင်အမြန် ဇာတ်သိမ်းသွားပြီး ကွန်ကရစ်အောက် ရောက်သွားရသောကြောင့် ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သော စိတ်ခံစားမှု အနိမ့်အမြင့် အပြောင်းအလဲများမှာ လင်ကျဲ၏ ခန့်မှန်းချက်နှင့် ကွက်တိပင်။ တစ်နည်းအားဖြင့် လင်ကျဲ၏ ရင်ထဲမှ သံသယအချို့လည်း ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

မည်သို့သော လူစားမျိုးက ရိုးလ်ကော်ပိုရေးရှင်း၏ အမွေခံသမီးလေးကို လှည့်စားပြီးမှ စွန့်ပစ်ရဲသနည်း။ ထို့ကြောင့်လည်း ကျိကျစ်ရှို့တစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် မိုးရေထဲ လမ်းလျှောက်ရင်း စာအုပ်ဆိုင်ထဲသို့ ရောက်လာခဲ့ခြင်း မဟုတ်ပါလား။ ဤသို့ ဆက်စပ်တွေးတောလိုက်သောအခါ အရာရာမှာ ပိုမို ရှင်းလင်းသွားခဲံပြီ ဖြစ်သည်။

ဤသည်မှာ သာမန် သစ္စာဖောက်မှုမျိုး မဟုတ်။ လူလိမ်ဂိုဏ်းစုတစ်ခု၏ စနစ်တကျ ပူးပေါင်းကြံစည်ထားသော လူသတ်မှုနှင့် လိမ်လည်မှု ဖြစ်ရပ်ကြီးသာ ဖြစ်သည်။ ထိုလူယုတ်မာ၏ တကယ့်ပစ်မှတ်မှာ ကျိပိုတုန် ဖြစ်ပြီး သူါ နောက်ကွယ်၌ ဤဇာတ်လမ်းတစ်ပုဒ်လုံးကို ဖန်တီးခဲ့သည့် ‘လူယုတ်မာ ဂိုဏ်း’ ကြီး တစ်ခုလည်း ရှိနေခြင်း ဖြစ်သည်။ သူတို့၏ ပစ်မှတ်မှာ အမျိုးသမီးများ၏ အချစ်မဟုတ်ဘဲ စည်းစိမ်ဥစ္စာများသာ ဖြစ်သည်။

၎င်းမှာလည်း သာမန်စည်းစိမ်မျိုး မဟုတ်ပေ။ ရိုးလ် ကော်ပိုရေးရှင်းကြီးတစ်ခုလုံးကို ဝါးမြိုရန် ကြံစည်နေခြင်း ဖြစ်သည်။ ရိုးလ်ကော်ပိုရေးရှင်း၏ လက်ဝါးကြီးအုပ်မှုမှာ ကြာရှည်လွန်းနေပြီဖြစ်သဖြင့် အခြားသော လုပ်ငန်းရှင်ကြီးများက မနာလိုဖြစ်ကာ ကျိကျစ်ရှို့ကို အသုံးချပြီး ကယ်ပေါက်ရှာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကျိကျစ်ရှို့၏ တုံ့ပြန်မှုများကလည်း လင်ကျဲ၏ ထင်ကြေးကို အတည်ပြုပေးနေသကဲ့သို့ ရှိသည်။ သူမက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်... အဲဒီအဖွဲ့အစည်းက အလွန်အင်အားကြီးသလို အလွန်လည်း လျှို့ဝှက်လွန်းပါတယ်... ဟယ်ရစ်ဆိုတာ သူတို့ရဲ့ ရုပ်သေးရုပ် တစ်ရုပ်လောက်ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်... လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို သူတို့လက်ထဲမှာ ကစားနိုင်တယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းတယ်”

“ခန့်မှန်းကြည့်ရသလောက် ဆိုရင် အခြေအနေတွေက ကျွန်မထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းလာနိုင်ပါတယ်... ကျွန်မရဲ့ လက်စားချေမှုကတော့ ပြီးဆုံးဖို့ အလှမ်းဝေးနေဦးမှာပါ... ဒါပေမဲ့ ဒီတစ်ခေါက်က ကျွန်မ တစ်ယောက်တည်း ကိစ္စ မဟုတ်တော့ပါဘူး”

ကျိကျစ်ရှို့ စာရွက်နှစ်ရွက်ကို ခေါက်ကာ သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်များက နီရဲနေသော ဖန်ပြွန်လေးပေါ်သို့ ကျရောက်သွား၏။ ယခု သူမ၏ လက်ထဲ၌ ဖော်မြူလာအစစ် ရှိနေပြီဖြစ်လေရာ အမှန်တကယ် အင်အားကို တည်ဆောက်နိုင်တော့မည် ဖြစ်သည်။

‘ဟယ်ရစ်ဆိုတာ ဟိုလူယုတ်မာရဲ့ နာမည်ပေါ့လေ...’

လင်ကျဲ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။ ကြည့်ရတာ ဟယ်ရစ် ဆိုသူမှာ အသုံးချခံရရုံတင်မကဘဲ သူတို့ စိတ်ကြိုက် ပုံဖော်ထားသည့် လက်နက်တစ်ခုလည်း ဖြစ်နေပုံရသည်။ သခင်မလေးကျိ သနားနေခြင်းမှာ မဆန်းတော့ပေ။ သို့သော်လည်း ဤတစ်ခေါက်က သူမတစ်ယောက်တည်း ကိစ္စမဟုတ်တော့ဟု ပြောလာလေရာ ရိုးလ် ကော်ပိုရေးရှင်းကြီးကပါ ထိုအဖွဲ့အစည်းကို စတင် တိုက်ခိုက်တော့မည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

လင်ကျဲ ခေတ္တစဉ်းစားလိုက်၏။ ဤကဲ့သို့သော ကုမ္ပဏီချင်း တိုက်ပွဲများအကြောင်းကိုမူ သူ သိပ်ပြီး နားမလည်ပေ။ ထို့ကြောင့် သူ သတိပေးနိုင်သည်မှာ တစ်ခုသာ ရှိပေသည်။

“ခင်ဗျားရဲ့ အဖေကို ပိုပြီး သတိထားဖို့ ပြောလိုက်ပါ... ခင်ဗျား ပြောသလို အဲဒီအဖွဲ့အစည်းက ကြောက်စရာကောင်းတယ်ဆိုရင် ရိုးလ်ကော်ပိုရေးရှင်းအတွက်လည်း အန္တရာယ် ရှိနိုင်တယ်... ပေါ့ပေါ့ဆဆ မနေပါနဲ့၊ တစ်ဖက်လူက ဘယ်လို နည်းလမ်းမျိုးမဆို သုံးလာနိုင်လို့ပါ...”

လင်ကျဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ‘အချစ်ရေး ပြဿနာ’ မှသည် ‘စီးပွားရေး တိုက်ပွဲ’ အထိ... အခြေအနေများက ပို၍ ပို၍ စိတ်ဝင်စားဖို့ ကောင်းလာနေပေသည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... မစ္စတာလင်ရဲ့ စကားကို ကျွန်မ အမြဲ မှတ်ထားပါ့မယ်...”

လင်ကျဲ၏ သတိပေး စကားကြောင့် ကျိကျစ်ရှို့မှာ ပို၍ လေးနက်သွား၏။ မှန်ပေသည်။ သူမ၏ ဖခင်ကိုလည်း ဤကိစ္စအတွက် သေချာပေါက် သတိပေးရပေမည်။

ယခုအခါ ကျိကျစ်ရှို့မှာ ရိုးလ်ကော်ပိုရေးရှင်း၏ ကိုယ်စားလှယ်အဖြစ် ‘သဘာဝလွန် လူသား’ များ၏ လောကထဲသို့ ခြေစုံပစ် ဝင်ရောက်နေပြီ ဖြစ်သည်။ သူမသည် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော အင်အားစုကြီးများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ရာ ၎င်းမှာ ယခင်ကလို သာမန် ရန်ပွဲလေးများ မဟုတ်တော့ပေ။

မတော်တဆ ပေါ့ဆမှုတစ်ခုကပင် ရိုးလ်ကော်ပိုရေးရှင်းကြီးတစ်ခုလုံးကို လှုပ်ခါသွားစေနိုင်သည်။ အထူးသဖြင့် မိမိတို့က အလင်းထဲတွင် ရှိနေပြီး တစ်ဖက်အဖွဲ့အစည်းက အမှောင်ထဲတွင် ရှိနေသည်။ ဟယ်ရစ်ကဲ့သို့သော ပုဂ္ဂိုလ် များစွာကိုလည်း သူတို့က မြေတောင်မြှောက်ထားနိုင်ပေသည်။

ကျိကျစ်ရှို့ စိတ်ထဲမှ ထိတ်လန့် သွားမိ၏။ သို့သော်လည်း... ကံကောင်းထောက်မစွာဖြင့် သူမ၌ မစ္စတာလင် ရှိနေသည်။ ထိုမိုးရွာသောညက စာအုပ်ဆိုင်ထဲသို့ ဝင်လာခဲ့မိသည်မှာ သူမအတွက် အမှန်တကယ်ပင် ကံကောင်းလှသည်ဟု ကျိကျစ်ရှို့ တွေးတောနေစဉ်မှာပင် ထူးခြားသော အတွေးတစ်ခု ဝင်လာပြန်၏။

စဉ်းစားကြည့်လျှင် မစ္စတာလင်၏ လုပ်ဆောင်ပုံများမှာ ထိုအဖွဲ့အစည်းက ဟယ်ရစ်ကို ပုံဖော်ခဲ့သည့် နည်းလမ်းနှင့် အနည်းငယ် တူနေသည်။ သူတို့ နှစ်ဦးစလုံးမှာ လျှို့ဝှက်စွာ ကူညီပေးပြီးမှ တာဝန်တစ်ခုစီ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

‘ဒါဆိုရင်... ဖြစ်နိုင်တာက...’

မစ္စတာလင်က ဤစာအုပ်ဆိုင်လေးထဲတွင် အေးအေးဆေးဆေး နေထိုင်ရင်း ကြိုးကိုင်ခြယ်လှယ်နေခြင်းမှာ သူမ မသိသေးသည့် ထိုအဖွဲ့အစည်းကြီးနှင့် ကစားပွဲတစ်ခု ကစားနေခြင်းလော။

နှစ်ဖက်အင်အားစုများ မည်မျှအကြိမ် တိုက်ခိုက်ခဲ့ကြသည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော်လည်း... လတ်တလော ‘လန်စီ မှော်ကြေးမုံ’ ဖြစ်ရပ်တွင်မူ စာအုပ်ဆိုင်ပိုင်ရှင်ဘက်က အပြတ်အသတ် အနိုင်ရရှိခဲ့သည်မှာ ထင်ရှားလှသည်။ ကျိကျစ်ရှို့ သူမရှေ့ရှိ သေတ္တာလေးကို ကြည့်ရင်း ရင်ခုန်သံများ မြန်လာပြန်၏။ ထိတ်လန့်ဖွယ်ရာ အမှန်တရားတစ်ခုကို ထပ်မံ ဖော်ထုတ်လိုက်မိပြန်ပြီဟု သူမ ခံစားလိုက်ရသည်။

အကယ်၍ ဤအရာအားလုံးမှာ မစ္စတာလင်၏ အစီအစဉ်အတိုင်းသာ ဆိုလျှင် ဤဖော်မြူလာမှာ သူမအတွက် သူ ပေးအပ်သော ဆုလာဘ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင်ပင် လင်ကျဲ၏ အသံက အားတုံ့အားနာဖြင့် ထွက်ပေါ်လာကာ သူမ၏ အတွေးများကို ဖြတ်တောက်လိုက်လေသည်။

“အော်... ဒါနဲ့... သခင်မလေးကျိ ဒီရောက်နေတုန်း ကျွန်တော် အကူအညီ တစ်ခုလောက် တောင်းချင်သေးတယ်...”

“မစ္စတာလင့် အတွက် တစ်ခုခု လုပ်ပေးခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ...”

ကျိကျစ်ရှို့က ချက်ချင်း ပြန်ပြောလိုက်၏။

“ဒီလိုပါ... အဟမ်း...”

လင်ကျဲက လည်ချောင်းဟန့်လိုက်သည်။

“ကျွန်တော့်ရဲ့ ဖောက်သည်တစ်ယောက်ဖြစ်တဲ့ ဘာတန် အက်ကာမန်က အခုတလော အလုပ်ပြုတ်သွားလို့ စိတ်ဓာတ်တွေ ကျနေတာ... ဖြစ်နိုင်ရင် သူ့ကို အလုပ်အသစ်တစ်ခုလောက် ရှာပေးစေချင်လို့ပါ”

ကျိကျစ်ရှို့ ခေတ္တမျှ မှင်သက်သွားပြီးမှ သတိပြန်ဝင်လာသည်။

‘ညစောင့် ဘာတန် အက်ကာမန်လား... ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းဖို့အတွက် ဖရန့်ခ် ဝယ်လ်ရဲ့ ခေါင်းကို ဆုငွေထုတ်ပြီး စမ်းသပ်ခဲ့တဲ့ မုဆိုး မလား...’

သို့သော်လည်း... အက်ကာမန်မှာ ဝယ်လ်ကို ဖမ်းဆီးမည့် တာဝန်မှ နုတ်ထွက်လိုက်သည့်အကြောင်းကို အမှန်တရား အသင်းတော်က လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ကြေညာခဲ့သည်။ ယခင်က နာမည်မရှိလှသော ထိုမုဆိုးမှာ တစ်ခဏအတွင်း ကျော်ကြားသွားခဲ့သော်လည်း ၎င်းက နာမည်ကောင်းတော့ မဟုတ်ပေ။

လူအများက အက်ကာမန်ကို တိုက်ပွဲမှ ထွက်ပြေးသော လူကြောက်တစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။ သို့သော်လည်း ဝယ်လ်မှာ အမှန်တကယ် ဒဏ်ရာရထားခြင်း မရှိဘဲ စွမ်းအားများ ပြန်လည် ရရှိနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် အက်ကာမန်၏ ဆုံးဖြတ်ချက်က မှန်ကန်သည်ဟု ယူဆသူများလည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ... မုဆိုးလောကတွင် အက်ကာမန်မှာ အမှန်တကယ် ကျော်ကြားသွားခဲ့ပြီ ဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်က ‘အလုပ်ပြုတ်သွားတယ်’ ဟု ပြောခြင်းမှာ ဤသည်ကို ဆိုလိုခြင်းလော။ တစ်ခါတစ်ရံ၌ မစ္စတာလင်၏ စကားများက နားလည်ဖို့ ခက်ခဲလှပေသည်။ ထိုအရာက အရေးမကြီးပါချေ။

တွေးကြည့်ရလျှင်... ဝယ်လ်သည်လည်း ဤစာအုပ်ဆိုင်၏ ဖောက်သည်တစ်ဦးပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖြစ်ရပ်တစ်ခုလုံးကို မစ္စတာလင်က နောက်ကွယ်မှနေ၍ ကြိုးကိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“သူ့ကို အလုပ်ပေးဖို့ ဆိုရင် ဝမ်းမြောက်ဝမ်းသာပဲ လက်ခံမှာပါရှင်...”

ဖျက်ဆီးခြင်းအဆင့် နီးပါးရှိသည့် မုဆိုးတစ်ဦးကို လက်လွှတ်လိုက်မည်ဆိုပါက ကျိကျစ်ရှို့ အလွန်ပင် မိုက်မဲရာ ရောက်ပေလိမ့်မည်။ ယခုအခါ သူမ၏ အဖွဲ့အစည်းတွင် အခြေခံအုတ်မြစ်အဖြစ် ဖော်မြူလာရှိနေပြီဖြစ်သလို အက်ကာမန်ကိုပါ ရပါက အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားလည်း ရှိလာတော့မည် ဖြစ်သည်။ မစ္စတာလင်က အရာရာကို ကြိုတင်တွက်ချက်ထားသည်မှာ အံ့မခန်းပင်။

“ကောင်းတာပေါ့ဗျာ... သခင်မလေးကျိရဲ့ လိပ်စာလေး ပေးထားပါလား... ကျွန်တော် သူ့ကို ခင်ဗျားဆီ လွှတ်လိုက်ပါ့မယ်...”

လင်ကျဲက ခေါင်းညိတ်ရင်း ပြောလိုက်၏။

‘သခင်မလေးကျိကတော့ ငါ မျှော်လင့်ထားတဲ့အတိုင်း ချက်ချင်းကို အလုပ်ပေးလိုက်တာပဲ... သူဌေးတွေဆိုတာ တကယ့်ကို ပြတ်သားကြတာပဲ’

လင်ကျဲ စိတ်ထဲက ချီးကျူးမိနေတော့၏။

***

All Chapters