← Chapters

ဒီနှင်းဆီပန်းလေးကို ယူသွားပါရစေ

Vol. 10 Ch. 136

ဒီနှင်းဆီပန်းလေးကို ယူသွားပါရစေ

Vol. 10 Ch. 136

"အချိန်လည်း အတော်လင့်နေပြီ ဆိုတော့ တခြားထူးထူးထွေထွေ မရှိရင် သခင်မလေးကျိ အိမ်စောစောပြန်တာ ကောင်းမယ်နော်... ညဘက်ကြီး တစ်ယောက်တည်း အပြင်ထွက်တာက အန္တရာယ်များတယ်လေ..."

အရာရာ အခြေအနေကောင်းသွားပြီဖြစ်၍ လင်ကျဲက ဖောက်သည်ကို ပြန်လွှတ်ဖို့ ပြင်လိုက်သည်။

၎င်းက နှင်ထုတ်ခြင်းမျိုးတော့ မဟုတ်ပေ။ အကယ်၍ နေ့ခင်းဘက်သာဆိုလျှင် လင်ကျဲအနေဖြင့် သခင်မလေးကျိနှင့် စကားတွေ ထပ်ပြီး ပြောလိုပါသေးသည်။ မည်သို့ပင် ဆိုစေ... သူမက သူ့အတွက် တကယ့် ဖောက်သည်ကြီး ဖြစ်သည် မဟုတ်ပါလား။

သူမက ကိုယ်တိုင် စာအုပ်မဝယ်လျှင်တောင် ဒိုရစ်တို့လို သူငယ်ချင်းအပေါင်းအသင်းများစွာကို လမ်းညွှန်ပေးနိုင်စွမ်း ရှိသူဖြစ်သည်။

ပြဿနာက ဗင်းဆင့် ရောက်လာစဉ်ကပင် ညကိုးနာရီခွဲနေပြီဖြစ်ပြီး သူတို့ စကားပြောပြီးချိန်တွင် ဆယ်နာရီ ကျော်သွားခဲ့သည်။ ကျိကျစ်ရှို့ ရောက်လာပြီး ယခုအချိန်မှာမူ ည ၁၁ နာရီ ဝန်းကျင် ရှိနေပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ည ၁၁ နာရီမှာ လင်ကျဲ ဆိုင်ပိတ်ပြီး အိပ်ရာဝင်လေ့ရှိသော အချိန်ပင်။

လင်ကျဲ လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်မိသည်။ ခုနက 'အချိန်လင့်နေပြီ' ဆိုသည့် စကားလုံးမှာ များစွာ လျှော့ပြောထားခြင်း ဖြစ်သည်။ ၁၁ နာရီဆိုသည်မှာ အချိန်လင့်ရုံတင်မကဘဲ သန်းခေါင်ယံသို့ပင် ရောက်တော့မည် မဟုတ်ပါလား။

သခင်မလေးကျိကတော့ တကယ့်ကို သတ္တိခဲလေးပင်။ သူမလို လှပသည့် မိန်းမငယ်လေး တစ်ယောက် ၂၃ လမ်းလို လူသူဝေးသည့် ရပ်ကွက်ထဲကို ညဘက်ကြီး တစ်ယောက်တည်း လာရဲခြင်းက တော်ရုံ သတ္တိမျိုး မဟုတ်ပေ။ ထို့အပြင်... သည်နေရာ တစ်ဝိုက် လုံခြုံရေးကလည်း ခုရက်ပိုင်း အတွင်း သိပ်ကောင်းလှသည် မဟုတ်။

"ဒါဆိုရင်တော့ ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်... မစ္စတာ အက်ကာမန် လာမှာကိုလည်း စောင့်နေပါ့မယ်..."

ကျိကျစ်ရှို့က ခေါင်းညိတ်ရင်း ဆိုလိုက်၏။ သူမက ဖျက်ဆီးခြင်းအဆင့် နီးပါးရှိသည့် မုဆိုးတစ်ဦးဖြစ်ပြီး သဘာဝလွန် တန်ခိုးရှင် ပုဂ္ဂိုလ် တစ်ယောက်ဟု သတ်မှတ်နိုင်သော်လည်း ဤစာအုပ်ဆိုင်သို့ ဝင်ထွက်နေကြသူများမှာ နည်းလမ်းပေါင်းစုံ ရှိသည့် ဝါရင့်အင်အားစုများ ဖြစ်ကြသည်။ ထို့ကြောင့် သူမအတွက် အန္တရာယ် ရှိနေနိုင်သေးသည်မှာ အမှန်ပင်။

အကယ်၍သာ ဖော်မြူလာအစစ်၏ အရေးကြီးပုံကြောင့်သာ မဟုတ်ပါက သူမ လက်အောက်ငယ်သားအချို့ကို ခေါ်လာမိမှာ သေချာသည်။ ကျိကျစ်ရှို့ ပစ္စည်းများကို သိမ်းဆည်းရန် ထရပ်လိုက်ပြီး သေတ္တာကို ပိတ်ကာ ထွက်ခွာရန် ပြင်လိုက်၏။

ထိုစဉ် လင်ကျဲ၏ အင်္ကျီလက်စကို တစ်စုံတစ်ယောက်က ဆွဲလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ကြည်လင်တောက်ပသော မျက်ဝန်းလေးများဖြင့် ကြည့်နေသည့် မွန်းကို တွေ့လိုက်ရသည်။ ထို့နောက် သူမ၏ အကြည့်မှာ ကောင်တာပေါ်ရှိ သေတ္တာလေးဆီသို့ ရောက်သွားသည်။ သူမက အကြည့်ကို တစ်ချက်ကလေးမှ မလွှဲ။

လင်ကျဲ ချက်ချင်း နားလည်လိုက်သည်။ ဤကလေးမလေးမှာ ထိုသေတ္တာကို သဘောကျနေခြင်း ဖြစ်ရမည်။ ပြောင်ပြောင်လက်လက်နှင့် လှလှပပရှိနေသဖြင့် မွန်းမှာ ဆော့ကစားချင်နေပြီး ဖွင့်ကြည့်ချင်နေခြင်း ဖြစ်ပေလိမ့်မည်။ သူမ တကယ်ကို သဘောကျနေပုံရသည်။

လင်ကျဲ အနည်းငယ်တော့ အားနာသွားမိ၏။ ဤအရာမှာ လူယုတ်မာတစ်ယောက် ချန်ထားခဲ့သော အရာဖြစ်သဖြင့် အမှိုက်ပုံးထဲ ရောက်သွားမည့် အရာမျိုး ဖြစ်နိုင်သော်လည်း သေတ္တာကိုယ်တိုင်ကမူ အတော်အတန် တန်ဖိုးကြီးပုံရပေသည်။

သူ ခေတ္တမျှ စဉ်းစားပြီးနောက် ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

"နေပါဦး... ကျွန်တော့်လက်ထောက်က အဲဒီသေတ္တာလေးကို သဘောကျနေလို့ အဲဒါ ဖြစ်နိုင်ရင်..."

သူ စကားမဆုံးခင်မှာပင် ကျိကျစ်ရှို့က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သေတ္တာကို ပြန်ချလိုက်သည်။ သူမက သေတ္တာထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်ပြီး သေတ္တာခွံကို ရှေ့သို့ တွန်းပေးလိုက်သည်။

"ရပါတယ်ရှင်... ပြဿနာမရှိပါဘူး..."

လင်ကျဲ ဘာပြောရမှန်းမသိဘဲ ပြုံးလိုက်မိ၏။

"ဒီတိုင်းယူရမှာတော့ အားနာစရာကြီးဗျာ... ကျွန်တော့်ဆီမှာ အလဲအလှယ်လုပ်ဖို့ တန်ဖိုးကြီးတဲ့ အရာတော့ မရှိဘူး... စာအုပ်ဆိုင်ထဲက သခင်မလေးကျိ လိုချင်တာ တစ်ခုခုရှိရင် ပြောပါလား"

ကျိကျစ်ရှို့ တစ်ယောက် မှင်သက်သွားခဲ့၏။ ထို့နောက်တွင်မူ သူမ၏ ရင်ထဲ၌ ဝမ်းသာအားရမှုများ ပြည့်လျှံလာကာ ဆိုင်တစ်ဆိုင်လုံးကို ဝေ့ကြည့်လိုက်တော့သည်။

ကြေးနီသေတ္တာလေးမှာ မှော်တံဆိပ် မရှိတော့လေရာ ဖော်မြူလာအစစ်၏ အနံ့အသက်များမှာ အပြင်သို့ ယိုစိမ့်ထွက်လာမည် ဖြစ်သဖြင့် လောဘသားများကို ဆွဲဆောင်မိပေလိမ့်မည်။ ကောင်းကင် ဝံပုလွေ ဆိုသည်မှာ ဖျက်ဆီးခြင်းအဆင့် ရှိသည့် အိပ်မက်သားရဲဖြစ်ပြီး အဆင့်မြင့် ညစ်ညမ်းသော သွေးများကို ထုတ်ပေးနိုင်သူ ဖြစ်သည်။ ထို့ကြောင့် ဖျက်ဆီးခြင်း အဆင့် ရှိသည့် စွမ်းအားရှင်များပင် စိတ်ဝင်စားလာနိုင်ပေသည်။

စာအုပ်ဆိုင်ပိုင်ရှင်က သူမ၏ အရည်အချင်းကို နောက်ထပ် စမ်းသပ်မှုတစ်ခု လုပ်နေခြင်း ဖြစ်မည်ဟု ကျိကျစ်ရှို့ ယူဆလိုက်သည်။ ထို့ကြောင့် အန္တရာယ်ရှိနေသည့်ကြားမှ သူမက သေတ္တာကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ၏ ပြတ်သားမှုကြောင့် ဆိုင်ရှင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပုံရပြီး ရှေ့တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအတွက် အခွင့်အလမ်းတစ်ခု ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ကျိကျစ်ရှို့ အနေဖြင့် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ ဆုပ်ကိုင်ရမည်။

ထို့ပြင် မစ္စတာလင်က ဆိုင်ထဲမှ 'ဘာမဆို' ဟု ပြောခဲ့သည်။ ဆိုလိုသည်က စာအုပ်များတင်မကဘဲ အခြားသော အရာများကိုလည်း ရွေးချယ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ စာအုပ်ဆိုင်ရှိ စာအုပ်တိုင်းတွင် အကန့်အသတ် မရှိသည့် လျှို့ဝှက်ချက်များနှင့် စွမ်းအားများ ပါရှိနေသော်လည်း သူတို့မှာ အချိန်တိုအတွင်း စွမ်းအားကို မြှင့်တင်ပေးနိုင်မည် မဟုတ်ပေ။ ထို့အပြင်... လက်ရှိ အခြေအနေတွင် စာအုပ်များက သူမကို မည်မျှအထိ ကူညီနိုင်မည်ကိုလည်း ကျိကျစ်ရှို့ မခန့်မှန်းနိုင်သေးပေ။

ကျိကျစ်ရှို့ 'ဂါဂွိုင်း' ရုပ်တုကို အရင်ဆုံး စဉ်းစားမိသော်လည်း ၎င်း၏ စွမ်းအားမှာ ငရဲဘုံအဆင့် မျှသာ ရှိသည်။ သူမနှင့် အဆင့်တူ လက်ထောက်တစ်ယောက် ရခြင်းမှာ အကူအညီ ဖြစ်သော်လည်း အကန့်အသတ် ရှိနေမည် ဖြစ်သည်။

ကျိကျစ်ရှို့ စဉ်းစားနေစဉ်မှာပင် သူမ၏ အကြည့်များမှာ သူမကို ဆွဲဆောင်နေသလို ရှိပြီး ကြောက်ရွံ့စရာလည်း ကောင်းလှသည့် နှင်းဆီနီလေးပေါ်သို့ ကျရောက်သွားသည်။ ကောင်တာပေါ်ရှိ ထိုနှင်းဆီပန်းမှာ သူမ လွန်ခဲ့သည့်တစ်ခေါက် လာစဉ်က မရှိသေးပေ။ လတ်တလောမှ ရောက်ရှိလာခြင်း ဖြစ်ရမည်။

လှပသည့် နှင်းဆီငုံလေးမှာ သူမ၏ အကြည့်ကို သတိပြုမိသွားပုံရ၏။ ၎င်း၏ ပွင့်ချပ်လေးများက အနည်းငယ် တုန်ခါသွားပြီးနောက် မျက်လုံးတစ်လုံး ပေါ်ထွက်လာကာ တစ်ဆိုင်လုံးကို မနာလိုဝန်တိုမှု၊ ကောက်ကျစ်မှုများဖြင့် လွှမ်းမိုးလိုက်တော့သည်။

ကျိကျစ်ရှို့မှာ ချွေးစေးများ ထွက်လာကာ သူမ၏ စိတ်ဝိညာဉ်ကို ခြိမ်းခြောက်နေသော ကြီးမားသည့် အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း... ထိုခြိမ်းခြောက်မှု ပေါ်လာချိန်တွင် သူမ၏ စိတ်ဝိညာဉ်နောက်ကွယ်၌ ငြိမ်သက်နေသော 'သံမဏိ စိတ်ဓာတ်' မှ မမြင်နိုင်သော လက်တံများစွာမှာ နိုးကြားလာပြီး ထိုခြိမ်းခြောက်မှုကို ကာကွယ်ပေးလိုက်သည်။

ကျိကျစ်ရှို့ တစ်ယောက် ကျောရိုးများထဲမှ စိမ့်သည် အထိ အေးစက် သွားခဲံ၏။ သူမ ပိုင်ဆိုင်ထားသည့် လက်ရှိ စွမ်းအားဖြင့် ထိုကြောက်မက်ဖွယ် ခံစားချက်ကို ခုခံနိုင်မည် မဟုတ်ဘဲ သံမဏိ စိတ်ဓာတ် အပေါ် အလုံးစုံ အားကိုးပြီးမှသာ ခက်ခဲစွာ တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့တိုင်အောင်... ဤပန်းကလေးမှာ သူမကို တကယ်တမ်း တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ နောက်ပြောင်ကာ ခြောက်လှန့်ရုံသာ လုပ်နေခြင်း ဖြစ်ကြောင်း ကျိကျစ်ရှို့ ခံစားမိသည်။

'ဒါက ငါ့အတွက် အကောင်းဆုံး အကူအညီ ဖြစ်လိမ့်မယ် ထင်တယ်...’

ကျိကျစ်ရှို့ တုန့်ဆိုင်း မနေတော့ပဲ နှင်းဆီပန်းလေးကို လက်ညှိုးလေးညွှန်ပြကာ ရွေးချယ်လိုက်တော့သည်။

"ဒီနှင်းဆီပန်းလေးကို... ကျွန်မ ယူသွားပါရစေ..."

လင်ကျဲ အနည်းငယ် မှင်သက်သွားရ၏။

နှင်းဆီပန်းလား...

‘စာအုပ်တွေ အပြည့်ရှိနေတဲ့ အခန်းထဲ၊ လက်ရာမြောက် ကျောက်ရုပ်ကြီး ရှိနေတဲ့ အခန်းထဲမှာ နှင်းဆီပန်းလေးကိုပဲ လိုချင်တယ်ဆိုတာက ဘာကို ဆိုလိုတာလဲ...’

လင်ကျဲ သိပ်ပြီး စဉ်းစားမနေတော့ပေ။ ဘယ်လိုပဲ ကြည့်ကြည့် ဤနှင်းဆီပန်းမှာ ဆိုင်ထဲတွင် တန်ဖိုး အနည်းဆုံး အရာပင် ဖြစ်ပေလိမ့်မည်။

ထို့ပြင်... ကမ္ဘာမြေမှာဖြစ်စေ၊ အဇီးမှာဖြစ်စေ နှင်းဆီပန်းတစ်ပွင့်၏ အဓိပ္ပာယ်မှာ ရှေးယခင်ကတည်းက ယခုအထိ ပြောင်းလဲမည် မဟုတ်ဟု သူ ယူဆသည်။

သို့သော်လည်း... ၎င်းမှာ လင်ကျဲ၏ ထင်မြင်ချက်သာ ဖြစ်သည်။ ကျိကျစ်ရှို့အနေဖြင့် ဤနှင်းဆီပန်းကို လိုချင်သည်ဆိုပါက သူမ၏ ရွေးချယ်မှုပင် ဖြစ်သည်။ လင်ကျဲက လိုလိုလားလားပင် သဘောတူလိုက်ကာ ပန်းအိုးနှင့်တကွ သူမကို ပေးအပ်လိုက်တော့၏။

ဖောက်သည်မလေး ပျော်ရွှင် မြူထူးစွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်ကျဲသည် ကောင်တာပေါ်မှ လစ်လပ်သွားသော နေရာလေးကို ငေးကာ မေးစေ့ကို လက်နှင့်ထောက်လျက် အတွေးထဲ နစ်မြောနေလေတော့သည်။

...

ဗဟိုခရိုင် - မက်ရှင်းလု (စက်မှုကွင်း)

အင်ဒရူး တစ်ယောက် လက်ရှိ ပြန်လည်တည်ဆောက်နေသော 'စက်ရုံ ၀၁' ရှေ့တွင် ရပ်နေခဲ့သည်။ 'လန်စီ မှော်ကြေးမုံ' ဖြစ်ရပ်ပြီးနောက်ပိုင်းတွင် သူသည် အရေးပေါ် စည်းမျဉ်းများကို အသုံးပြုကာ ရာထူးကို ခေတ္တ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော်လည်း... ၎င်းအတွက် ပေးဆပ်ရသည်က စောင့်ကြည့်ခြင်း ခံရခြင်းပင်။

ထို့ပြင် သူ့ကို အခြားသော ကိစ္စများတွင် ဆုံးဖြတ်ချက်ချခွင့် မပေးတော့ဘဲ တိုက်ခိုက်သူများ၏ သဲလွန်စကို ရှာဖွေရန်နှင့် ကြီးကြပ်ရန်အတွက်သာ ဤနေရာသို့ လွှတ်လိုက်ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း ၀၁၊ ၀၇ နှင့် ၁၃ ဆိုသော စက်ရုံ သုံးခုမှာ ပြင်းထန်စွာ ပျက်စီးခဲ့သည်။ ၀၁ မှာ သွေးမျိုးဆက်နှင့် ပတ်သက်သော ဆေးဝါးစမ်းသပ်မှုများ လုပ်ဆောင်သည့်နေရာ ဖြစ်ပြီး၊ ၀၇ မှာ 'ရွှံ့ရုပ်တု စီမံကိန်း'၏ နေရာဖြစ်ကာ၊ ၁၃ မှာမူ သိုလှောင်ရုံ ဖြစ်သည်။

စက်ရုံ သုံးခုစလုံး၏ ပေါက်ကွဲမှုများတွင် တူညီချက် တစ်ခုချက် တစ်ခု ရှိပေသည်။ ယင်းကား... ပေါက်ကွဲမှုများမှာ အတွင်းပိုင်းရှိ ‘ဖလော်ဆိုဖာ ကျောက်တုံး' များကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။ လတ်တလော ကာလအတွင်း ဤစက်ရုံ သုံးခုတွင်သာ ထိုကျောက်တုံးများကို အသုံးပြုရန် လိုအပ်နေခြင်း ဖြစ်သဖြင့် သစ္စာဖောက်အတွက် ပို၍ အဆင်ပြေသွားခဲ့ခြင်းလည်း ဖြစ်ပုံရသည်။

‘သစ္စာဖောက်က လှုပ်ရှားနေတုန်းပဲဆိုတာ သံသယဖြစ်စရာ မရှိဘူး... ဒါနဲ့ပဲ ငါ့ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချလိုက်တယ်ဆိုတာကတော့ တကယ့်ကို ရယ်စရာပဲ...’

‘ဒါမှမဟုတ်... အဲဒီသစ္စာဖောက်က အထက်ပိုင်းက လူတစ်ယောက် ဖြစ်နေမလား...’

ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြသော အဆင့်နိမ့် ပညာရှင်များကို အေးစက်စွာ စိုက်ကြည့်ရင်း အင်ဒရူး ဟိုဟိုဒီဒီ လမ်းလျှောက်နေမိသည်။ ထိုစဉ် သူ၏ နားထဲ၌ ထည့်ထားသည့် ဘလူးတု ဆက်သွယ်ရေး စက်ကလေးမှ အသံထွက်ပေါ်လာသဖြင့် သူ ရပ်တန့်သွားသည်။

"ဒု-ဥက္ကဋ္ဌ... ဟိုအမှန်တရား ရှာဖွေသူတွေ ဆိုတဲ့ကောင်တွေ သိသွားကြပြီ... အသိပညာကို ခွေးလိုဝက်လို ငတ်မွတ်နေတဲ့ အဲဒီအရူးတစ်သိုက်က စာအုပ်ဆိုင်ကို အရမ်း စိတ်ဝင်စားနေကြတယ်..."

အင်ဒရူး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွား၏။ သူသည် ထိုအမိန့်ကို လွန်ခဲ့သည့် အချိန်ကတည်းက ပြန်လည် ရုပ်သိမ်းခဲ့ပြီးသား မဟုတ်ပါလား။

တစ်စုံတစ်ယောက်က သူ၏ ရုပ်သိမ်းမိန့်ကို ကျော်လွန်ပြီး အမိန့်အသစ် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

***

All Chapters