← Chapters

ဝါးပူဂစ်

Vol. 10 Ch. 137

ဝါးပူဂစ်

Vol. 10 Ch. 137

လင်ကျဲ ခေတ္တမျှ စဉ်းစားပြီးနောက် သက်ပြင်းချကာ ဆိုင်ပိတ်ရန် ပြင်လိုက်သည်။ ထိုစဉ် ကောင်တာပေါ်ရှိ ငွေရောင် အမှတ်တံဆိပ်လေးကို သူ သတိထားမိသွား၏။

စကားပြောကောင်းနေသည်နှင့် ထို ‘ဓမ္မအမှတ်တံဆိပ်’ ကို စားပွဲပေါ်မှာတင် မေ့ထားခဲ့သည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။ ဘုန်းတော်ကြီးကလည်း ၎င်းအကြောင်းကို တစ်ခွန်းမှ မဟခဲ့။

ယခု ကောင်တာပေါ်၌ ပန်းအိုးလေး မရှိတော့လေရာ နွေးထွေးသည့် အလင်းရောင် ထွက်ပေါ်နေသော ဓမ္မအမှတ်တံဆိပ်လေးမှာ ပို၍ သိသာထင်ရှားနေတော့သည်။

“အင်း... ဖာသာ ဗင်းဆင့်ကတော့ တကယ့်ကို အလောကြီးတဲ့ လူပဲ... ပြာပြာပြာပြာနဲ့... သူ့ရဲ့ ဓမ္မအမှတ်တံဆိပ်ကိုတောင် မေ့ထားခဲ့တယ်...”

လင်ကျဲ အမှတ်တံဆိပ်ကို ကောက်ယူကာ အကဲခတ်လိုက်သည်။ အမိုးခုံး ဘုရားကျောင်းကို ကိုယ်စားပြုနေသည့် ဤအရာလေးမှာ လက်ရာ အတော်လေး ကောင်းမွန်လှပြီး ကိုင်လိုက်လျှင် အေးစက်နေသည်။ ထို့ပြင်... ရှင်းလင်းသော ဒီဇိုင်းနှင့် အနက်ရောင် လှိုင်းတွန့်ပုံစံလေးများမှာ စိတ်ကို တည်ငြိမ်စေသော အာနိသင် ရှိပုံရသည်။

နော်ဇင်မြို့၌ ထိုဘာသာတရား နှစ်ပေါင်းများစွာ ကြာအောင် ထွန်းကားနေရခြင်းမှာ အသင်းတော်၏ လုပ်ဆောင်နိုင်စွမ်းများကြောင့် ဖြစ်မည်မှာ အသေအချာပင်။

“စောစောက သိလိုက်ရင် ဘေးအိမ်ကို သွားပေးလို့ ရသေးတယ်... နောက် သခင်မလေးကျိနဲ့ စကားပြောနေတာနဲ့ အချိန်တွေ ကုန်သွားတာကိုး... ဒီလောက်တောင် ကြာနေပြီဆိုတော့ သူလည်း ပြန်သွားလောက်ပြီ ထင်တယ်... နောက်တစ်ခေါက် သူလာမှပဲ ပြန်ပေးရတော့မယ်... ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းကို ပေါ့ပေါ့ဆဆ ပစ်မထားသင့်ဘူးလေ... တကယ်ပေါ့ဆတဲ့လူပဲ... ဟူး...”

လင်ကျဲ လက်ထဲမှ အမှတ်တံဆိပ်ကို ကြည့်ပြီးနောက် မွန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ ဖက်ထားသည့် သေတ္တာလေးကို မြင်လိုက်ရသည်။

‘တိုက်ဆိုင်လိုက်တာ... ခုနလေးတင် ‘လုံခြုံရေးသေတ္တာ’ တစ်လုံး ရထားတာပဲ’

ဤကလေးမလေးမှာ ထိုသေတ္တာကို ရတနာတစ်ခုလို သဘောထားနေပုံရလေရာ ပျောက်ရှသွားမည် မဟုတ်ပါချေ။ လင်ကျဲက ဖာသာ ပြန်မလာမချင်း ထိုပစ္စည်းကို သေချာ သိမ်းဆည်းထားရန် မွန်းကို အမိန့်ပေးလိုက်၏။

“မွန်းရေ... ခုနက ငါပြောသလိုပဲနော်... ဒါကို မင်းအတွက် အပြစ်ပေးတာလို့ သဘောထားလိုက်... သေချာ သိမ်းထားနော်...”

“ရက်စ် ဘော့စ်...”

မွန်းက ခေါင်းညိတ်ကာ ဗင်းဆင့်၏ ဓမ္မ အမှတ်တံဆိပ်ကို သေတ္တာထဲ ထည့်လိုက်သည်။ သေတ္တာကို ပြန်ပိတ်ပြီးနောက် ကြေးနီသေတ္တာပေါ်ရှိ မှော်တံဆိပ်များကို သူမ ငေးကြည့်နေမိသည်။

သူမ မော့ကြည့်လိုက်ချိန်တွင် လင်ကျဲမှာ ဆိုင်ရှေ့တံခါးကို သော့ခတ်ပြီးသား ဖြစ်နေပြီ ဖြစ်သည်။ သူက မွန်း၏ ဘေးနားမှ ဖြတ်သွားစဉ် သူမ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်၏။

“အိပ်ဖို့ ပြင်တော့... ကလေး... မင်းရဲ့ အထောက်အထားသစ်ကိုတော့ အက်ရှ် ကုန်သည်ကြီးများ အသင်းက လူတွေလာရင် စီစဉ်ပေးလိမ့်မယ်... အော်... ဒါနဲ့ ဒုတိယထပ်ကိုလည်း နည်းနည်း ပြန်ပြင်ခိုင်းရမယ်... မင်းအတွက် သီးသန့် အိပ်ခန်းလေး တစ်ခန်း ရအောင်ပေါ့...”

လှေကားပေါ် တက်သွားရင်း သူက မွန်းကို လှမ်းကာ နောက်ပြောင်လိုက်သေးသည်။

“အားရင် ငါတို့ အခန်းထဲမှာ ဘာပရိဘောဂတွေ ထပ်ထည့်ရင် ကောင်းမလဲဆိုတာ စဉ်းစားထားဦး...”

“သိုးမွေးရဖို့ ဆိုရင် သိုးမွေး ရိတ်တုန်း သိုးမွေးစုတဲ့... ရနိုင်သမျှ အခွင့်အရေးကို အပြည့်အဝ အသုံးချရမယ်လေ... ဟဟ...”

(မှတ်ချက် ။ တရုတ် စကားပုံ တစ်ခုနှင့် ခိုင်းနှိုင်း သုံးနှုန်းသွားခြင်း ဖြစ်သည်)

လင်ကျဲမှာ ဒုတိယမြောက် စာကြောင်းကို ခပ်တိုးတိုးလေး ပြောသွားသော်လည်း မွန်းကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထိုဉာဏ်ရည်တု လူသားလေးမှာ ခေတ္တမျှ စဉ်းစားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်၏။

‘ပရိဘောဂ... သိုးမွှေး... ဘော့စ်က သိုးမွှေးကော်ဇော လိုချင်နေတာပဲ...’

မွန်း အနေဖြင့် အသုံးများသည့် စကားပုံများကို နားလည်ရန် အတော်လေး လိုသေးကြောင်း ထင်ရှားလှပေသည်။

လင်ကျဲ ဒုတိယထပ်ကို ပြန်လည်ပြင်ဆင်လိုသည်မှာ အမှန်ပင်။ လွန်ခဲ့သည့် သုံးနှစ် အတွင်း သူ စာအုပ်ဆိုင်၏ မူလလက်ရာအတိုင်းသာ နေထိုင်လာခဲ့ပြီး ကြီးကြီးမားမား ပြောင်းလဲခဲ့ခြင်း မရှိခဲ့ပေ။ တစ်ကိုယ်တည်း နေစဉ်က အဆင်ပြေသော်လည်း နောက်တစ်ယောက် တိုးလာသောအခါ အခြေအနေမှာ ကွာခြားသွားပြီ ဖြစ်သည်။

ဒုတိယထပ်တွင် နေရာ အကျယ်အဝန်း သိပ်မရှိဘဲ စာကြည့်ခန်းအဖြစ်ပါ သုံးသော အိပ်ခန်းနှင့် မီးဖိုချောင်က နေရာအတော်များများကို ယူထားသည်။ ကျန်ရှိနေသော နေရာလေးမှာ လင်ကျဲ နေ့စဉ် လေ့ကျင့်ခန်း လုပ်လေ့ရှိသော နေရာလေးသာ ဖြစ်သည်။

ယခု အိပ်ခန်းကို မွန်းအား ပေးထားသဖြင့် သူက လေ့ကျင့်ခန်းလုပ်သည့် နေရာတွင် သစ်သားကုတင် ချ၍ အိပ်နေရသည်။ ထို့ပြင် ဓားကြီးကိုလည်း ထိုနေရာ၌ပင် ထားရသည်။

ဤသို့ ဆက်သွားရန်မှာ အဆင်မပြေပေ။ တိုက်တိုက်ဆိုင်ဆိုင် ချယ်ရီနှင့် ဆက်သွယ်မိထားသဖြင့် ဤအခွင့်အရေးကို အပြည့်အဝ အသုံးချရန် လင်ကျဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မွန်း အပေါ်ထပ်သို့ တက်လာသောအခါ လင်ကျဲက သူမကို ‘ကောင်းကောင်းအိပ်’ ဟု နှုတ်ဆက်၍ ဒဏ်ရာများကို ဆေးထည့်ရန် သတိပေးလိုက်သည်။ သူမ အိပ်ခန်းတံခါး ပိတ်သွားသည်ကို ကြည့်ပြီးနောက်မှ သူ ယာယီကုတင်လေးဆီသို့ သွားလိုက်တော့သည်။

မွန်းမှာ တံခါးပိတ်လိုက်ပြီး အပြင်ဘက်တွင် ဘာသံမှ မကြားရတော့သည်အထိ ငြိမ်သက်စွာ ရပ်နေသည်။ အရာရာ တိတ်ဆိတ်သွားမှ ကုတင်ဘေးသို့ သွားကာ ကြေးနီသေတ္တာကို ကုတင်ခေါင်းရင်းတွင် ထားလိုက်သည်။

သူမသည် အဝတ်အစားများကို ချွတ်လိုက်ရာ ပတ်တီးများ ပတ်ထားသော ဖြူဖျော့ သွယ်လျလှသော ခန္ဓာကိုယ်လေး ပေါ်ထွက်လာသည်။ ပတ်တီးဟောင်းများကို ကြမ်းပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ချွတ်ချလိုက်၏။

မွန်း တဘက်ကို ရေဆွတ်၍ ခန္ဓာကိုယ်ပေါ်ရှိ ဆေးဟောင်းများကို သုတ်ဖယ်ပြီး ဒဏ်ရာများကို သန့်စင်ကာ ဆေးအသစ် ထပ်ထည့်လိုက်သည်။ အဓိက ဒဏ်ရာများမှာ သူမ၏ ကျောဘက်မှ ပွန်းပဲ့ဒဏ်ရာများနှင့် လည်ပင်းနောက်ဘက်မှ ဘားကုဒ်ကို ဖျက်ဆီးထားသော ဒဏ်ရာတို့ ဖြစ်သည်။ လက်နှင့် မျက်နှာပေါ်ရှိ ဒဏ်ရာအချို့မှာ ကျက်နေပြီဖြစ်၍ ဤတစ်ခါတွင် ပတ်တီး အနည်းငယ်သာ သုံးလိုက်ရသည်။

အဝတ်အစားများ ပြန်ဝတ်ပြီးနောက် မွန်းသည် ကုတင်ပေါ်သို့ ဂရုတစိုက် တက်ကာ ဘေးစောင်းလျက် ကြေးနီသေတ္တာကို တင်းတင်းကြပ်ကြပ် ဖက်ကာ ကွေးကွေးလေး အိပ်လိုက်သည်။

‘ဘော့စ်က ဒါကို သေချာ စောင့်ရှောက်ဖို့ မှာထားတယ်...’

မွန်း သေတ္တာပေါ်ရှိ ပုံသဏ္ဍာန်မဲ့သော မှော်တံဆိပ်များကို ကြည့်လိုက်မိသည်။ စောစောက သေတ္တာ ပွင့်သွားခြင်းမှာ ကံကောင်းမှု အနည်းငယ် ပါဝင်သည်။ သူမ သေတ္တာပေါ်ရှိ မှော်သင်္ကေတ အများစုကို လေ့လာထားပြီးသားဖြစ်၍ နားလည်ရန် မခက်ခဲသော်လည်း ၎င်းတို့ကို ချိတ်ဆက်ထားပုံက သူမ မသင်ရသေးသော နည်းလမ်း ဖြစ်နေသည်။ ထို့ကြောင့် 'စမ်းကြည့်ရုံပါ' ဟု သူမ ပြောလိုက်ခြင်းမှာ အမှန်တရားပင်။

သို့သော်လည်း ဤဉာဏ်ရည်တု လူသားမလေး၏ ဦးနှောက်မှာ အလုပ်များလွန်းနေချိန်တွင် အပေါ်ယံထက် ကျော်လွန်သည့် အရာများကို နားလည်နိုင်စွမ်း ရှိနေတတ်သည်။ အီသာစီးဆင်းမှုမှတစ်ဆင့် သူမသည် မှော်တံဆိပ်၏ ဗဟိုချက်ကို ရှာတွေ့ခဲ့ပြီး တစ်ချက်တည်းနှင့်ပင် သေတ္တာကို ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မွန်းမှာ သူမ သင်ယူထားသမျှကို လက်တွေ့အသုံးချကာ မှော်တံဆိပ်များ၏ နက်နဲသော နည်းလမ်းများကို ရှာဖွေရန် ကြိုးစားနေမိသည်။ ၎င်းမှာ အခြေခံဖော်မြူလာများကို သိရှိပြီးနောက် ရှုပ်ထွေးလှသည့် သိပ္ပံညီမျှခြင်းများကို ထုတ်ဖော်ရန် ကြိုးစားနေခြင်းနှင့် တူသည်။

ခဏအကြာတွင် မွန်း၏ ဦးနှောက်မှာ တဂျစ်ဂျစ် မြည်လုနီးပါး ဖြစ်သွားသည်။ အဆင့်မြင့်လွန်းသော အရာများကို နားလည်ရန် ကြိုးစားမိသဖြင့် သူမ၏ အတွေးများမှာ ရှုပ်ထွေးကုန်သည်။

ဝေဝေဝါးဝါး ဖြစ်နေစဉ်မှာပင် သူမ၏ အမြင်အာရုံထဲ၌ ကုတင်ထောင့်တွင် ချိတ်ထားသော ‘အိပ်မက်ဖမ်းစက်’ မှ ငှက်မွှေးလေးများကို မြင်လိုက်ရသည်...။

‘အိပ်ချင်လိုက်တာ...’

သူမ မျက်လုံးများကို မှိတ်လိုက်၏။ သူမ ဖက်ထားသော သေတ္တာထဲမှ ဓမ္မအမှတ်တံဆိပ်လေးမှာ လရောင်ကဲ့သို့ မှိန်ဖျော့ဖျော့ လင်းလက်လာသည်။

ဉာဏ်ရည်တု လူသားတွေ အိပ်မက် မက်နိုင်ပါသလော...။

ယခုအခါ မွန်း ထိုအဖြေကို သိသွားပြီ ဖြစ်သည်။ ၎င်းက ‘မက်နိုင်တယ်’ ဟူ၍ပင်။

...

မွန်းတစ်ယောက် အဆုံးမရှိ ငြိမ်သက်နေသည့် ရေပြင်ကျယ်ကြီးပေါ်တွင် ရပ်နေမိ၏။ ညကောင်းကင်ယံမှာ ရေပြင်ပေါ်တွင် ထင်ဟပ်နေပြီး ခြေဖဝါးအောက်မှ လှိုင်းတွန့်လေးများက ရေထဲ၌ ထင်ဟပ်နေသော ကြယ်စင်များကို လွင့်စဉ်သွားစေသည်။

အပြောကျယ်လှသော ကြယ်ရောင်စုံညနှင့် ရေပြင်ကျယ်ကြီးမှာ တစ်သားတည်း ဖြစ်နေလေရာ မွန်းမှာ ညကောင်းကင်ယံထဲ၌ လမ်းလျှောက်နေရသလို ခံစားနေရသည်။ သူမ တည်ငြိမ်စွာဖြင့် ရှေ့သို့ လှမ်းလျှောက်သွားမိ၏။

ညကောင်းကင်ယံတွင် တောက်ပသော ကြယ်စင်များသာ ရှိပြီး လမင်းကိုမူ မတွေ့ရပေ။ အဘယ်ကြောင့်ဆိုသော် လမင်းမှာ သူမ၏ ရှေ့တည့်တည့်တွင် ရှိနေသောကြောင့် ဖြစ်သည်။

မွန်းသည် ရေပြင်ပေါ်တွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသဖြင့် ရပ်တန့်လိုက်၏။ ထိုအမျိုးသမီးမှာ ရေတံခွန်ကဲ့သို့ စီးကျနေသည့် အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည်။ မျက်နှာမှ ပခုံးအထိ ဇာပဝါအနက်ရောင်ဖြင့် ဖုံးအုပ်ထားပြီး ထပ်ဆင့် စကတ်ပါသော ဝတ်စုံနက်ကို ဝတ်ဆင်ထားသည်။ သူမ၏ လက်ချောင်းများမှသည် လက်မောင်းအထိ ဇာလက်အိတ်အနက်များကို စွပ်ထားသည်။

မိန်းကလေးမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံ ဝတ်ထားသူနှင့် တူသော်လည်း ထိုအနက်ရောင်များ ကြားတွင် ထင်ရှားနေသည်မှာ သူမ၏ ဆင်စွယ်ရောင် အသားအရေနှင့် နီမြန်းစိုပြည်သော နှုတ်ခမ်းလွှာတို့ ဖြစ်သည်။ သူမ၏ မျက်ဝန်းများမှာ နက်ရှိုင်းပြီး ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်နေသည်။

“နှုတ်ခွန်ဆက်သပါတယ်... နှစ်ပေါင်း ထောင်ချီအကြာက ဘိသိက်ခံသူလေး... ငါ့နာမည်က ဝါးပူဂစ်ပါ... ငါ့ရဲ့ အိပ်မက်ဘုံကနေ ကြိုဆိုပါတယ်...”

ထိုအမျိုးသမီးက စကတ်အနားစကို အနည်းငယ် မြှောက်ကာ ယဉ်ကျေးစွာဖြင့် သူမကိုယ်သူမ မိတ်ဆက်လိုက်တော့၏။

***

All Chapters