← Chapters

ကံကြမ္မာဒင်္ဂါးပြား (၁)

Vol. 10 Ch. 139

ကံကြမ္မာဒင်္ဂါးပြား (၁)

Vol. 10 Ch. 139

ဒေါသတကြီး ဖြစ်နေသော ကိုလင် သူ့ သတ္တိကို သက်သေပြရန် ဆိုင်ထဲမှ ခြေတစ်လှမ်း လှမ်းလိုက်ပြီးမှ ချက်ချင်းပင် နောက်သို့ အလျင်အမြန် ပြန်ဝင်လာခဲ့သည်။

၎င်းမှာ ရုတ်တရက် ကြောက်စိတ်ဝင်သွားခြင်းကြောင့်တော့ မဟုတ်ပေ။ မိစ္ဆာနှင်ထုတ်မည့် ကိရိယာတန်ဆာပလာများကို ယူဆောင်လာရန် မေ့သွားသည်ကို သတိရသွားခြင်းကြောင့် ဖြစ်သည်။ သူ သည်အတိုင်းကြီးတော့ သေတွင်းထဲသို့ မဆင်းလိုပေ။ သူ သေရမည်ဆိုလျှင်တောင် ထိုမိစ္ဆာ၏ အစစ်အမှန်ရုပ်သွင်ကို အရင်ဆုံး ဖော်ထုတ်ရမည် ဖြစ်သည်။

နှစ်ပတ်အတွင်းမှာပင် ကိုလင် တစ်ယောက် သူ၏ အိမ်နီးချင်းကို ‘လူရိုး’ ဘဝမှ ‘နတ်ဆိုး’၊ ထိုမှတစ်ဆင့် ‘မိစ္ဆာ’ အဆင့်အထိ တိုးမြှင့် သတ်မှတ်လိုက်ချေပြီ ဖြစ်သည်။

ကိုလင်၏ ဝဖြိုးသော ခန္ဓာကိုယ်ကြီးမှာ ဗီဒိုများကို မွှေနှောက် ရှာဖွေနေသဖြင့် လှုပ်ခါနေသည်။

“ဘယ်မှာလဲ... ငါ့ရဲ့ ပရိတ်ရေတွေ ဘယ်ရောက်ကုန်တာလဲ... နည်းနည်းတော့ ကျန်ပါသေးတယ်... ငါ မှတ်မိပါတယ်...”

ဘုန်းတော်ကြီး ဗင်းဆင့် ပြန်သွားပြီးနောက် ကိုလင် တစ်ယောက် ဒေါသရော၊ ကြောက်စိတ်ပါ ဒွန်တွဲနေခဲ့သည်။ သူ စိတ်ဖိစီးမှုများကို ဖြေလျှော့ရန် အတွက် အလွန်မြတ်နိုးရသော တီဗွီမှအပ ကျန်ရှိသမျှ အရာအားလုံးကို ရိုက်ခွဲပစ်ခဲ့သဖြင့် ဆိုင်ထဲမှာ အမှိုက်ပုံကြီးသဖွယ် ဖြစ်နေသည်။

ပရိတ်ရေ ပုလင်းမှာ တစ်နေရာရာတွင် နစ်မြုပ်နေခြင်း ဖြစ်ပေလိမ့်မည်။ ကံကောင်းသည်က ကိုလင်မှာ ကြိုတင်တွက်ဆတတ်သူ ဖြစ်သဖြင့် ပရိတ်ရေကို ခိုင်ခံ့သော ဖန်ပုလင်းထဲ၌ ထည့်ထားခဲ့ခြင်းပင်။

သို့မဟုတ်ပါက သူသည် နောက်ထပ်တစ်သုတ်ကို ထပ်မံ ဖော်စပ်ရမည် ဖြစ်သည်။ သို့မဟုတ် ကြမ်းပြင်ပေါ်တွင် ဖိတ်ကျနေသော ဆေးရည်များကို ပြန်လည် စုပ်ယူကာ မိမိကိုယ်ကိုယ် မိစ္ဆာနှင်ထုတ်သည့် ကိရိယာတစ်ခုအဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်သည်။

“အာ... တွေ့ပြီ...”

ကိုလင် လက်ထဲမှ ပုလင်းကို မြှောက်လိုက်၏။ ကြည်လင်သော ဖန်ပုလင်းထဲတွင် ပရိတ်ရေ ငါးပုံတစ်ပုံခန့် ကျန်ရှိနေသေးသည်။

ဤရုပ်မြင်သံကြားဆိုင် ပိုင်ရှင်သည် ရှေးရိုးစွဲစိတ်ဓာတ် ရှိသူဖြစ်သည်။ သူက တစ်နေ့လျှင် သုံးကြိမ် ဆိုင်၏ ထောင့်ပေါင်းစုံကို ပရိတ်ရေများဖြင့် စနစ်တကျ ပက်ဖျန်းလေ့ရှိသဖြင့် သူ၏ ပရိတ်ရေ သုံးစွဲမှုမှာ အတော်လေး များပြားလှသည်။

ကိုလင် အနည်းငယ် တွန့်ဆုတ်စွာဖြင့် ရေရွတ်လိုက်၏။

“ဒီလောက်လေးနဲ့ကော ထိရောက်ပါ့မလား... အနည်းဆုံးတော့ အဲဒီမိစ္ဆာကို ထိခိုက်မှု တစ်ခုခုတော့ ပေးနိုင်မှာပါလေ...”

ပုံမှန်အားဖြင့် အပျင်းထူတတ်သော သူ့ ဦးနှောက်ကို အလုပ်ပေးရန်မှာ အနည်းငယ် ခက်ခဲလှသည်။ ထိုစဉ် သူ့ ခြေရင်းနား၌ တောက်ပနေသော အရာတစ်ခုကို သူ သတိပြုမိသွား၏။

ကိုလင်သည် ငုံ့ကြည့်ကာ ကောက်ယူလိုက်သည်။ ၎င်းမှာ လက်သည်းခွံ နှစ်ခုစာခန့် အရွယ်အစားရှိသော ပါးလွှာသည့် ဒင်္ဂါးပြားလေးတစ်ခုပင်။

ခုနက သူ ဒေါသတကြီးဖြင့် ဆိုဖာကို ကန်လိုက်စဉ် သတ္တုပြားတစ်ခု ကြမ်းပြင်ပေါ်သို့ ကျသွားသည့် အသံမျိုး ကြားလိုက်ရသလို ပြန်လည် မှတ်မိလိုက်သည်။ ဖြစ်နိုင်သည်က ဤဒင်္ဂါးပြားမှာ ဆိုဖာနှင့် နံရံကြားတွင် ကြာမြင့်စွာ ညပ်နေခဲ့ပြီး ကိုလင်၏ အရှိန်ပြင်းသော ကန်ချက်ကြောင့် ကျလာခြင်း ဖြစ်ပေလိမ့်မည်။

ယခု... ကိုလင်က အသည်းအသန် ရှာဖွေနေချိန်တွင် ၎င်းမှာ ထိုအမှိုက်များကြားမှ လိမ့်ထွက်လာခြင်းပင်။

မည်မျှပင် စိတ်ဒုက္ခ ပင်လယ်ဝေနေသည် ဖြစ်စေ... စီးပွားရေးသမားတစ်ဦး ဖြစ်သည့်အတွက် ဤဒင်္ဂါးပြားမှာ နော်ဇင် ဗဟိုဘဏ်မှ ထုတ်ဝေသည့် ဒင်္ဂါးပြား မဟုတ်မှန်း ကိုလင် သိရှိသည်။ ပုံမှန် နော်ဇင်ဒင်္ဂါးပြားများသည် တစ်မီလီမီတာခန့် ထူပြီး မျက်နှာစာတွင် မြို့တော်၏ ပုံတူကို ထွင်းထုထားကာ ကျောဘက်တွင် တန်ဖိုးများကို ရေးသားထားလေ့ ရှိသည်။

သို့သော်လည်း... ကိုလင် လက်ထဲမှ ဒင်္ဂါးပြားမှာမူ အလွန်ပါးလွှာပြီး ပေါ့ပါးလွန်းလှသည်။ မျက်နှာစာတွင် ဗဟိုတူ စက်ဝိုင်းသုံးခုနှင့် ၎င်းကို ဖြတ်သန်းထားသော ဒေါင်လိုက် လည်တိုင်ပုံစံ ရိုးရှင်းသော ဒီဇိုင်းပါရှိသည်။ ၎င်းမှာ ရှေးဟောင်းဆန်ပြီး လျှို့ဝှက်ချက်များ ရှိနေပုံရသည်။

“ဒီဒင်္ဂါးပြားက ရင်းနှီးနေသလိုပဲ... တစ်နေရာရာမှာ မြင်ဖူးသလိုလို... ထူးဆန်းလိုက်တာ...”

ကိုလင်က ဒင်္ဂါးပြားကို အကဲခတ်ရင်း ရေရွတ်လိုက်မိ၏။ မကြာမီမှာပင် ၎င်းကို ဘယ်မှာ မြင်ဖူးသည်ကို သူ မှတ်မိသွားသည်။ ဤဒင်္ဂါးပြားမှာ သူ၏ မိသားစု အမွေအနှစ်ပင် ဖြစ်လေသည်။

သူ ကလေးဘဝတုန်းက ဆိုင်ရှင်ဟောင်း ဖြစ်သည့် ဖခင် ဖြစ်သူ ‘ကိုလင်ကြီး’ အသက်ရှိစဉ်က ဤဒင်္ဂါးပြားကို မကြာခဏ ထုတ်ပြပြီး ၎င်းနှင့် ပတ်သက်သော ပုံပြင်များကို ပြောပြလေ့ရှိသည်။ ထိုအချိန်က အမှတ်တရများမှာ ဝေဝါးနေပြီ ဖြစ်သော်လည်း ဤဒင်္ဂါးပြားသည် သူတို့မိသားစုကို ချမ်းသာစေခဲ့သည့် မှော်ဆန်သော ကံကောင်းခြင်း ဒင်္ဂါးပြားဖြစ်ကြောင်းကိုမူ ကိုလင် မှတ်မိနေသည်။

သို့သော်လည်း... ငယ်စဉ်က ကစားမက်သော ကိုလင်မှာ ထိုဒင်္ဂါးပြားကို ပျောက်အောင် လုပ်ခဲ့ဖူးသဖြင့် ဖခင်ထံမှ အရိုက်ခံခဲ့ရသေးသည်။ ထိုအချိန်က သူတို့၏ မိသားစုလုပ်ငန်းမှာ ဗီဒီယိုဆိုင်လေးအဖြစ် ကျဆင်းနေပြီဖြစ်ရာ ဤဒင်္ဂါးပြားမှာ သူတို့မိသားစု၏ ယခင် ဂုဏ်ကျက်သရေကို ပြသသည့် ပြယုဂ်တစ်ခုမျှသာ ဖြစ်ခဲ့သည်။

မှော်ဆန်သော ကံကောင်းခြင်းဆိုသည်မှာလည်း... တကယ်တော့ စိတ်ကူးယဉ် ပုံပြင် တစ်ပုဒ်ပင်။ အကယ်၍သာ ၎င်းမှာ တကယ် ထိရောက်ခဲ့ပါက ကိုလင်တစ်ယောက် ဤအမှိုက်ပုံလို ဗီဒီယိုဆိုင်လေးထဲမှာ အချိန်ကုန်နေလိမ့်မည် မဟုတ်ပါချေ။

“ပြီးတော့ မိစ္ဆာတစ်ကောင်နဲ့ အိမ်နီးချင်း ဖြစ်နေတာကိုလည်း ကြည့်ဦးလေ...”

သူ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိ၏။ လက်တစ်ဖက်တွင် ဒင်္ဂါးပြား၊ နောက်လက်တစ်ဖက်တွင် ပရိတ်ရေပုလင်းကို ကိုင်ထားရင်း ကိုလင်၏ စိတ်ပျက် အားငယ်မှုများမှာ ဒေါသအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့ပြန်သည်။

ဤဒင်္ဂါးပြား၏ ဒဏ္ဍာရီမှာ အမှန်လား၊ အမှားလား သူ မသိသော်လည်း ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းသည်ဟု သူ ယူဆလိုက်သည်။

‘မိသားစု ဘိုးဘေးတွေ ဒီမြေးလေးကို စောင့်ရှောက်တော်မူကြပါ’

ကိုလင် ဒင်္ဂါးပြားကို ကြည့်ရင်း ဆုတောင်းလိုက်၏။

“ဘာပဲဖြစ်ဖြစ် ငါသွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ... အဲဒီမိစ္ဆာက ငါ့ကို လွှတ်မှာမဟုတ်ဘူး... ဒါကြောင့် အားလုံးကို တစ်ခါတည်း အဆုံးသတ်လိုက်တာ ပိုကောင်းတယ်... နေ့တိုင်း ကြောက်နေရတာကို ငါ ငြီးငွေ့နေပြီ... ဘေးအိမ်က မိစ္ဆာ ငါ့အသားကို ဘယ်တော့ လာစားမလဲဆိုတာကို ထိုင်စောင့်မနေနိုင်တော့ဘူး... ဒီထက်တော့ ပိုဆိုးစရာ မရှိတော့ပါဘူး...”

ကိုလင် သူ့ရင်ဘတ် အတွင်း ခံစားနေရသည့် ဒေါသကို အရှိန်မြှင့်ရန်အတွက် ဆက်တိုက် ကျိန်ဆဲနေမိသည်။ သူ သတ္တိမွေးကာ ဆိုင်ထဲမှ ထွက်လာပြီး ဘေးအိမ်သို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။ ပရိတ်ရေပုလင်းနှင့် ကံကောင်းခြင်းဒင်္ဂါးကို မြှောက်ကိုင်ထားရင်း စာအုပ်ဆိုင်တံခါးကို ကန်ဖွင့်လိုက်တော့၏။

ထိုအခိုက်အတန့်တွင် ကိုလင်မှာ မိမိကိုယ်ကိုယ် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး စစ်သည်တော်ကြီး တစ်ဦးလိုမျိုး ခံစားနေမိသည်။ ရင်ကို ကော့ထားကာ သူ ပြောမည့် စကားလုံးများကိုလည်း အဆင်သင့် ပြင်ထားပြီးသား ဖြစ်သည်။

“မိစ္ဆာ... မင်း လူသားတွေကို အထင်မသေးလိုက်နဲ့...”

ဟူ၍...။

သို့သော်လည်း တံခါးနောက်ကွယ်မှ မြင်ကွင်းမှာ သူ ထင်ထားသည်နှင့် လုံးဝ ကွာခြားနေသည်။

စာအုပ်ဆိုင်ထဲတွင် ဖောက်သည် အတော်များများ ရှိနေပြီး သူတို့မှာ တစ်ဖွဲ့တည်း ဖြစ်ပုံရသည်။ လူ ငါးဦးမှ ခြောက်ဦးခန့်မှာ ကောင်တာရှေ့တွင် ရပ်ကာ ဆိုင်ရှင်နှင့် စကားပြောနေကြသည်။

ကိုလင်က တံခါးကို ‘ဒုန်း’ ခနဲ အသံမြည်အောင် ကန်ဖွင့်လိုက်သဖြင့် ဆိုင်ရှင်နှင့် ဖောက်သည်များ အားလုံးက တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

“ဂတ်......”

သူရဲကောင်းကြီး ကိုလင်မှာ ချက်ချင်းပင် တောင့်တင်း အေးခဲသွားတော့သည်။ အကြောင်းကား ထိုလူများမှာ သစ်ပင်ပုံစံ အမှတ်တံဆိပ်ပါသော အစိမ်းရင့်ရောင် ကုတ်အင်္ကျီများကို ဝတ်ဆင်ထားကြသောကြောင့် ဖြစ်သည်။

သူတို့မှာ နော်ဇင်မြို့၏ အကြီးမားဆုံးသော ကုန်သွယ်ရေး အဖွဲ့အစည်းကြီး ဖြစ်သည့် ‘အက်ရှ် ကုန်သည်ကြီးများ အသင်း’ မှ လူများပင်။

...

လွန်ခဲ့သော ခေတ္တခဏက...

အက်ဒမန် သူ့ ရွှေရောင်မျက်မှန်ကို အသာအယာ ပင့်တင်လိုက်ရင်း ဆိုင်းဘုတ်မရှိသည့် ဤဟောင်းနွမ်းလှသော စာအုပ်ဆိုင်လေးကို အကဲခတ်လိုက်သည်။

ထို့နောက် သူက နောက်ပါလူများကို ညွှန်ကြားလိုက်၏။

“ဒါ မစ္စတာလင်ရဲ့ နေရာပဲ... သတိထားကြနော်... ခွင့်ပြုချက်မရဘဲ ဘာကိုမှ မကြည့်နဲ့၊ ဘာကိုမှ မထိနဲ့... ငါတို့ရဲ့ တာဝန်က မစ္စတာလင်ရဲ့ တောင်းဆိုချက်အားလုံးကို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့နဲ့ အထောက်အထားသစ် အတွက် ကူညီပေးဖို့ပဲ... ဒါက ငါတို့ရဲ့ သခင်မလေးရဲ့ ဆန္ဒလည်း ဖြစ်တယ်”

သူ့နောက်တွင် ပါလာသော လူ ငါးဦးမှာ ချယ်ရီ၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူတို့က အားလုံးက တစ်ညီတစ်ညွှတ်တည်း ခေါင်းညိတ်လိုက်ကြ၏။

“ဟုတ်ကဲ့ပါခင်ဗျာ”

မှန်ပေ၏။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ချယ်ရီ၏ အိမ်တော်မှ ဘဏ္ဍာစိုး ဖြစ်ပြီး ခေါင်းဆောင် အိမ်ဖော် အမျိုးသမီး ဘယ်လာ ကဲ့သို့ပင် ယုံကြည်ရသော လူရင်းတစ်ဦး ဖြစ်သည်။ သူက အသက် ၅၀ ဝန်းကျင်ခန့်ရှိပြီး ဆံပင်အနားများ ဖြူနေကာ နှုတ်ခမ်းမွှေးလေးလည်း ရှိသည်။ သူသည် သပ်ရပ်သော ဝတ်စုံနှင့် လက်အိတ်ဖြူကို ဝတ်ဆင်ထားသဖြင့် အလွန် ယုံကြည်အားကိုးထိုက်ပုံရသည်။

အက်ဒမန်က ဆိုင်ထဲသို့ အရင်ဆုံး ဝင်လာခဲ့၏။

ဆိုင်မှာ ဖွင့်ကာစ ဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်က ကောင်တာနောက်တွင် စာဖတ်နေပြီး သူ၏ ဘေးတွင် မိန်းကလေးတစ်ဦးက ကြေးနီသေတ္တာလေးကို ဆော့ကစားနေသည်။

အသံကြားသဖြင့် လင်ကျဲက စာအုပ်ကို ချလိုက်ရာ သူတို့ ဝတ်ဆင်ထားသော ဝတ်စုံများကို သတိပြုမိသွားသည်။

“အက်ရှ် ကုန်သည်ကြီးများ အသင်းကလား... ကျွန်တော် စောင့်နေတာ တော်တော်ကြာပြီဗျ...”

အက်ဒမန်က လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ ဦးညွှတ်နှုတ်ဆက်လိုက်၏။

“နှုတ်ခွန်ဆက်သပါတယ်ခင်ဗျာ... ကျွန်တော်က မမလေးချယ်ရီရဲ့ ဘဏ္ဍာစိုး အက်ဒမန် ချာမန် ပါ... လူကြီးမင်းအတွက် အမှုထမ်းပေးဖို့ ရောက်လာတာပါ...”

***

All Chapters