ကံကြမ္မာဒင်္ဂါးပြား (၂)
Vol. 10 Ch. 140
လင်ကျဲသည် အက်ရှ် ကုန်သည်ကြီးများ အသင်း၏ လျင်မြန်သော လုပ်ဆောင်နိုင်စွမ်းကို အလွန်ပင် သဘောကျသွားသည်။ အမှန်စင်စစ် ၎င်းမှာ ချယ်ရီ၏ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါဝင်သည်။ သူ ဖုန်းဆက်ထားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူမ၏ ကိုယ်ပိုင် ဘဏ္ဍာစိုးကိုပင် လွှတ်လိုက်ခြင်းမှာ ထိုမိန်းကလေးငယ်လေးက သူ့အပေါ် မည်မျှအထိ အလေးထားကြောင်း ပြသနေခြင်း ဖြစ်သည်။
‘အင်း... တကယ့်ကို လိမ္မာတဲ့ ကလေးမလေးပဲ...’
“ဟုတ်ကဲ့ပါ... ဘဏ္ဍာစိုးကြီး အက်ဒမန်...”
လင်ကျဲက မတ်တပ်ရပ်လိုက်ပြီး မွန်းကို ဆွဲကာ သူမ၏ ပခုံးကို ပုတ်ပြလိုက်သည်။
“ဒီကလေးမလေးအတွက် အထောက်အထား အသစ်တစ်ခု လိုချင်လို့ပါ... တရားဝင်ပြီး သန့်ရှင်းတဲ့ အထောက်အထားမျိုးပေါ့”
“ကျွန်တော့်ကို အက်ဒမန်လို့ပဲ ခေါ်နိုင်ပါတယ်ခင်ဗျာ...”
ဘဏ္ဍာစိုးက ပြန်ပြောသည်။ ထို့နောက်... သူက မွန်းကို ဦးညွှတ်နှုတ်ဆက်ကာ လင်ကျဲကို ဆက်လက်၍ ပြောလိုက်၏။
“လူကြီးမင်းရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ သခင်မလေးက အကြောင်းကြားထားပြီးသားပါ... လူကြီးမင်းရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးပါ့မယ်...”
“ကဲ... ဆော့နေတာ တော်တော့...”
လင်ကျဲက မွန်းကို သေတ္တာချခိုင်းလိုက်ပြီး အထောက်အထားသစ် ပြုလုပ်ရန်အတွက် လုပ်ငန်းစဉ်များတွင် ပူးပေါင်းခိုင်းလိုက်သည်။
“အမ်း...”
မွန်းက သေတ္တာလေးကို မချချင် စိတ်ပျက်ပျက်ဖြင့် ချလိုက်သည်။ သူမက ၎င်းကို လေ့လာရာတွင် အတော်လေး စိတ်ဝင်စားနေပုံရသည်။
ကြေးနီသေတ္တာလေးမှာ အက်ဒမန်၏ အာရုံကို ခေတ္တမျှ ဖမ်းစားသွားသည်။ ၎င်းမှာ အဆင့်မြင့် အထက်လမ်း မှော်ဆရာ တစ်ဦးက အနုစိတ် ချိတ်ပိတ်ထားသော မှော်တံဆိပ်များ ဖြစ်ပြီး၊ အတွင်း၌ အလွန်အန္တရာယ်ရှိသော အရာတစ်ခုခုကို ထည့်သွင်းထားပုံရသည်။
‘စာအုပ်ဆိုင်ပိုင်ရှင်က ဒါကို ကစားစရာတစ်ခုလို သဘောထားပြီး ဒီမိန်းကလေးကိုတောင် ပေးဆော့ထားတာလား...’
နောက်တစ်ခဏတွင် အက်ဒမန် တစ်ယောက် မိမိ၏အတွေးများ လွင့်မျောနေသည်ကို သတိပြုမိသွားကာ ချက်ချင်း အကြည့် ပြန်လွှဲလိုက်သည်။
‘ဘာကိုမှ လျှောက်မကြည့်နဲ့... ဘာကိုမှ မထိနဲ့...’
သခင်မလေး၏ သတိပေးချက်များက သူ၏ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေ၏။ အမှန်စင်စစ် ဤစာအုပ်ဆိုင်လေး အတွင်းရှိ မည်သည့်အရာမှ မြင်တွေ့ရသကဲ့သို့ ရိုးရှင်းခြင်း မရှိပေ။ အက်ဒမန်မှာ ထိတ်လန့်သွားသော်လည်း ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ်သဖြင့် ထိုခံစားချက်ကို အပြင်သို့ မထွက်စေဘဲ ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းလိုက်သည်။
အက်ဒမန် သူနှင့်ပါလာသူ နှစ်ဦးကို ရှေ့သို့ ထွက်လာစေ၏။ တစ်ဦးက ကင်မရာနှင့် တူသော ကိရိယာတစ်ခုကို ကိုင်ထားပြီး ကျန်တစ်ဦးမှာ ရှုပ်ထွေးဆန်းပြားသော စက်ပစ္စည်းတစ်ခုကို သယ်ဆောင်လာသည်။
အဇီးကမ္ဘာရှိ ဝိသေသ အထောက်အထားမှာလည်း ID ကတ်ပုံစံမျိုးပင် ဖြစ်သည်။ သို့သော်လည်း သာမန်လူများ မသိရှိသည်က အိုင်ဒီကဒ်များတွင် ‘အမှန်တရား အသင်းတော်’ ၏ အီသာကွန်ရက်နှင့် ချိတ်ဆက်ထားသည့် နည်းလမ်းတစ်ခု ရှိနေခြင်းပင်။ ထို့ကြောင့် ဤအထောက်အထားကို မည်သူမျှ အလွယ်တကူ အတုမပြုလုပ်နိုင်ပေ။
သို့သော်လည်း အက်ရှ် ကုန်သည်ကြီးများ အသင်းကမူ ၎င်းကို လုပ်ဆောင်နိုင်သည်။ အကြောင်းမှာ စာရွက်စာတမ်း အထောက်အထားများ စတင် မိတ်ဆက်စဉ်က အမှန်တရားအသင်းတော်၏ စက်မှုဌာနမှာ အစပျိုးကာစသာ ရှိသေးသောကြောင့် ဖြစ်သည်။ ထိုစဉ်က ဂျူးဝှစ်များမှာ ဒွပ်ဖ် (လူပု) လက်မှုပညာရှင်များနှင့် ဆက်သွယ်ကာ သူတို့၏ စက်ပစ္စည်းများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ရိုးလ်ကော်ပိုရေးရှင်းကဲ့သို့ လက်ဝါးကြီးအုပ်ထားသော အဖွဲ့အစည်းကြီးနှင့် ခြားနားစွာပင် အက်ရှ် ကုန်သည်ကြီးများ အသင်းမှာ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုဆက်ဆံရေး နယ်ပယ်တွင် အထူးကျွမ်းကျင်သူများ ဖြစ်ကြသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ မိစ္ဆာများကို ရွံရှာသော သူရဲကောင်းကြီးများသည်ပင် သူတို့၏ ဌာနအသီးသီးအတွက် ရန်ပုံငွေ အများစုကို ဤစီးပွားရေးအသင်းထံမှ ရရှိကြခြင်း ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့သော လုပ်ပိုင်ခွင့်ရှိသော်ငြား အက်ရှ် ကုန်သည်ကြီးများ အသင်းမှာ အတုအယောင် အထောက်အထားများကို ပုံးပေါလအော မလုပ်ဆောင်ပဲ အလွန် အရေးတကြီး လိုအပ်မှသာ လုပ်ဆောင်လေ့ ရှိသည်။
ဥပမာအားဖြင့်... ချယ်ရီ လိုမျိုး အဆင့်အတန်းရှိသူက တောင်းဆိုမှသာ ၎င်းကို လုပ်ဆောင်ပေးခြင်း ဖြစ်သည်။
အက်ဒမန်တို့ အဖွဲ့မှာ မွန်း၏ ရုပ်ရည်သွင်ပြင်နှင့် အီသာ စီဆင်းမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းကာ အနည်းငယ် ပြုပြင်ပြီးနောက် ID ကတ်ကို ထိုနေရာ၌ပင် ရိုက်နှိပ်ပေးလိုက်သည်။ သူတို့ လုပ်ဆောင်နေသည်ကို ကြည့်ရင်း လင်ကျဲ တစ်ယောက် လွန်ခဲ့သော သုံးနှစ်က သူ၏ အတိတ်ကိုပင် ပြန်လည် မြင်ယောင်နေမိသည်။
သို့သော်လည်း... အက်ဒမန်၏ စကားလုံးများက သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
“ကျွန်တော်တို့ သခင်မလေးက လက်ရှိမှာ အသင်းရဲ့ အလုပ်တွေနဲ့ မအားလပ်သေးလို့ ကိုယ်တိုင် မလာနိုင်သေးတာကို ခွင့်လွှတ်ပါခင်ဗျာ... ဒါကြောင့် တစ်ချိန်တုန်းက လူကြီးမင်း ကူညီပေးခဲ့တာအတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်တစ်ခု အထူးပြင်ဆင်ပေးလိုက်ပါတယ်... လူကြီးမင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်ဗျာ...”
“လာပေးတာနဲ့တင် အားနာလှပါပြီဗျာ... ဘာလို့ လက်ဆောင်တွေပါ ယူလာရတာလဲ...”
လင်ကျဲက ပြုံးရင်း ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ်... ချယ်ရီ ပေးတဲ့ လက်ဆောင်ဆိုရင်တော့ ကျွန်တော် သေချာပေါက် သဘောကျမှာပါ”
ဘဏ္ဍာစိုးကြီးက ပြုံးလိုက်၏။
“လူကြီးမင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်... ဒီစကားကို သခင်မလေးဆီ သေချာပေါက် အကြောင်းကြားပေးပါ့မယ်... သူလည်း အရမ်း ဝမ်းသာသွားမှာပါ”
ထို့နောက် သူက သေတ္တာနက်လေးတစ်လုံးအား ဂရုတစိုက် ကိုင်ထားသည့် လက်ထောက်တစ်ဦးကို ရှေ့သို့ ခေါ်လိုက်သည်။ အက်ဒမန်ကိုယ်တိုင်လည်း အလွန်ပင် ဂရုတစိုက်ဖြင့်ပင် သေတ္တာကို ကောင်တာပေါ်သို့ တင်လိုက်ပြီး ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။
“ဒါက...”
လင်ကျဲ၏ အကြည့်မှာ သေတ္တာထဲသို့ ကျရောက်သွား၏။ သူက သေချာကြည့်ရန်အတွက် လက်လှမ်းကာ အနီးသို့ ဆွဲယူလိုက်သည်။
“ရှေးဟောင်းဒင်္ဂါးပြား တစ်ခုလား...”
လက်သည်းခွံ နှစ်ခုစာခန့် အရွယ်အစားရှိသော ရှေးဟောင်းဒင်္ဂါးပြားလေးမှာ သေတ္တာထဲတွင် ရှိနေသည်။ မျက်နှာစာတွင် ဗဟိုတူ စက်ဝိုင်းသုံးခုနှင့် အလယ်တွင် ဒေါင်လိုက် လည်တိုင်ပုံစံလေးကို ထွင်းထုထားသည်။
အက်ဒမန်က ခေါင်းညိတ်ကာ ရှင်းပြလိုက်၏။
“ဒါက ပထမခေတ်က ရှေးဟောင်းဒင်္ဂါးပြားတစ်ခုပါ... ကျွန်တော်တို့ကတော့ ဒါကို ‘ကံဆိုးခြင်း ဒင်္ဂါးပြား လို့ ခေါ်ပါတယ်... ကံကြမ္မာ နတ်သမီးရဲ့ မျက်လုံးတစ်ဖက်ကနေ သွန်းလုပ်ထားတယ်လို့ ဆိုကြပြီး ကြီးမားတဲ့ မှော်စွမ်းအားတွေနဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်ခင်ဗျာ...”
ဤဒင်္ဂါးပြားမှာ အလွန်တန်ဖိုးကြီးလှသည်။ မှော်ဆရာပေါင်းများစွာ အသည်းအသန် လိုချင်နေကြသော အစွမ်းထက် မှော်ပစ္စည်းတစ်ခု ဖြစ်သဖြင့် အက်ရှ် ကုန်သည်ကြီးများ အသင်း၏ နောက်ထပ် လေလံပွဲတွင် ရောင်းချရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း စီးပွားရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ အာဏာကို သုံးကာ ချယ်ရီက ၎င်းကို သူမ၏ ကိုယ်ပိုင်အကျိုးအတွက် အလွယ်တကူပင် ယူဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤပစ္စည်းကို ‘အန္တရာယ် မကင်းစင်သေး’ ဟူသော အကြောင်းပြချက်ဖြင့် လေလံပွဲစာရင်းမှ ပယ်ဖျက်လိုက်ပြီး အခြားပစ္စည်းတစ်ခုဖြင့် အစားထိုးခဲ့သည်။
ဤဒင်္ဂါးပြားတွင် သတိထားရမည့် အချက်နှစ်ချက် ရှိသည်။ ၎င်းကို အလွန်အစွမ်းထက်သော မှော်ပညာများ အသုံးပြုရန် အတွက် သုံးနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အသုံးပြုသူထံသို့ ကြီးမားသော ကံဆိုးမှုများကို ယူဆောင်လာနိုင်သည်။
အကယ်၍ အသုံးပြုသူ၏ စွမ်းအားမှာ အားနည်းလွန်းနေပါက ၎င်းမှာ အသုံးပြုသူကို ဝါးမြိုပစ်နိုင်သည်။ သို့မဟုတ်ပါကလည်း... တိုက်ရိုက် သေဆုံးစေနိုင်သည်။ ဒင်္ဂါးပြားကို ထိတွေ့ရုံမျှနှင့်ပင် ကံဆိုးမှုများ ကြုံတွေ့နိုင်သဖြင့် အက်ဒမန်နှင့် လူများမှာ အလွန်ပင် သတိကြီးစွာ ကိုင်တွယ်နေကြခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤဒင်္ဂါးပြားကို ရှာဖွေတွေ့ရှိစဉ်က ၎င်း၏ နောက်ဆုံးပိုင်ရှင်ဖြစ်သော မှော်ဆရာတစ်ဦးမှာ သူကိုယ်တိုင် ဖော်စပ်ထားသည့် ‘ကျောက်ဖြစ်ဆေးရည်’ ကို မတော်တဆ ခန္ဓာကိုယ်ပေါ် မှောက်ကျမိကာ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ကျောက်ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူက ဟန်ချက်ပျက်ကာ လဲကျသွားစဉ် ဘေးရှိ ‘သံမဏိဆူးပင်’ နှင့် တိုက်မိ၍ လည်ပင်းပြတ်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူ၏ အပြစ်ကင်းသော တပည့်လေးမှာလည်း ထိတ်လန့်သွားကာ ခြေချော်လဲပြီး ဆရာ ဖြစ်သူနှင့်အတူ ကျောက်ဖြစ်သွားခဲ့ရရှာသည်။
“တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပြီး သုတေသန လုပ်သင့်တဲ့ အရာပဲ... ကျွန်တော်လည်း အခုတလော ပထမခေတ်နဲ့ ဒုတိယခေတ်က အဇီးရဲ့ သမိုင်းကြောင်းတွေကို စိတ်ဝင်စားနေတာနဲ့ အတော်ပဲ”
လင်ကျဲသည် ဒင်္ဂါးပြားကို ကောက်ယူကာ စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။ ထို့နောက် ဘဏ္ဍာစိုးကြီးကို မှာကြားရန်လည်း မမေ့ပေ။
“ချယ်ရီ့ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး... ဒီလို ရှေးဟောင်းပစ္စည်းဆိုတာ အတော်လေး တန်ဖိုးကြီးမှာပဲ... အဟမ်း... ငွေကြေးတန်ဖိုးက အရေးမကြီးပါဘူး... အဓိကကတော့ ဒီထဲမှာ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းတွေ ကိန်းအောင်းနေလို့ပါ”
လင်ကျဲက ဒင်္ဂါးပြားအား လက်ဗလာနှင့် ကောက်ကိုင်လိုက်သည်ကို မြင်သောအခါ အက်ဒမန်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သို့သော်လည်း... လင်ကျဲ၏ စကားများကို ကြားလိုက်ရချိန်တွင် သူ ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။
‘သေချာတာပေါ့... ဒါဟာ ငါတို့ သခင်မလေး ကိုယ်တိုင် လေးစားရတဲ့ စွမ်းအားရှင်တစ်ယောက်ပဲ... သူကတော့ ဒီဒင်္ဂါးပြားရဲ့ သေးသိမ်လှတဲ့ ကံဆိုးမှုတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး... ကြည့်စမ်း... သူက ဒါကို မှော်ပစ္စည်းတစ်ခုအဖြစ်တောင် မမြင်ဘဲ ရှေးဟောင်းသမိုင်းကြောင်းကို လေ့လာဖို့ ကိရိယာတစ်ခုအဖြစ်ပဲ သတ်မှတ်နေတာပဲ...’
သို့သော်လည်း ဒဏ္ဍာရီများအရ ဤ ‘ကံဆိုးခြင်း ဒင်္ဂါးပြား’ မှာ ‘ကံကောင်းခြင်း ဒင်္ဂါးပြား’ နှင့် ပေါင်းစပ်မိမှသာ စစ်မှန်ပြီး ပြည့်စုံသေည့် ‘ကံကြမ္မာ ဒင်္ဂါးပြား’ ဖြစ်လာမည် ဖြစ်သည်။
“လူကြီးမင်း သဘောကျတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ...”
အက်ဒမန်က ဆိုလိုက်၏။
“ဪ... ဒါနဲ့...”
လင်ကျဲက ပြောလိုက်၏။
“နောက်ထပ် အကူအညီတစ်ခု ထပ်တောင်းချင်သေးတယ်...”
“ပြောပါ လူကြီးမင်း...”
လင်ကျဲ ဒုတိယထပ်နှင့် အိပ်ခန်းကို ပြန်လည်ပြင်ဆင်လိုသည့် သူ၏ ဆန္ဒကို အားနာနာဖြင့်ပင် ပြောပြလိုက်သည်။
သို့သော်လည်း... အက်ဒမန်က ၎င်းမှာ သေးငယ်သော ကိစ္စဖြစ်ကြောင်းနှင့် ချက်ချင်း ကူညီပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ပြဿနာ နှစ်ခုလုံး ပြေလည်သွားသဖြင့် လင်ကျဲ တစ်ယောက် စိတ်ကြည်သွားခဲ့၏။ သူ လက်ထဲမှ ဒင်္ဂါးပြားကို ကြည့်ရင်း ရုတ်တရက် မော့ကြည့်ကာ မေးလိုက်သည်။
“ကံကြမ္မာ နတ်သမီးမှာ မျက်လုံးနှစ်ဖက် ရှိရမှာပေါ့... ‘ကံဆိုးခြင်း ဒင်္ဂါးပြား’ ရှိရင် ‘ကံကောင်းခြင်း ဒင်္ဂါးပြား’ ဆိုတာလည်း ရှိဦးမှာပေါ့...”
“ဒုန်း...”
ထိုအခိုက်အတန့်တွင် တံခါးမှာ ရုတ်တရက် ကန်ဖွင့်ခံလိုက်ရပြီး ဝဖြိုးသော အမျိုးသားတစ်ဦး လက်နှစ်ဖက်ကို မြှောက်လျက် ပြေးဝင်လာသည်။
...
“ဂတ်...”
ကိုလင် တစ်ယောက် သူ့ကို စိုက်ကြည့်နေကြသည့် အက်ရှ် ကုန်သည်ကြီးများ အသင်းမှ လူများကို မြင်လိုက်ရချိန်တွင် အရှိန်မှာ တန့်သွားတော့သည်။
သူ့ထံတွင် မိစ္ဆာကို ရင်ဆိုင်ရဲသည့် သတ္တိရှိသော်လည်း အက်ရှ် ကုန်သည်ကြီးများ အသင်းကိုတော့ မရင်ဆိုင်ရဲပေ။ သူက အက်ရှ် ကုန်သည်ကြီးများ အသင်းထံတွင် ဒေါ်လာ ၁၀,၀၀၀ ပေးရန် ကြွေးတင်နေသေးသည် မဟုတ်ပါလား။
‘ဒီမိစ္ဆာက တကယ့်ကို ကောက်ကျစ်တာပဲ... အက်ရှ် ကုန်သည်ကြီးများ အသင်းက လူတွေကိုတောင် ထိန်းချုပ်ထားနိုင်တာလား... အေးပါ... မိုးကောင်းတုန်း ရွာထားဦးပေါ့... ဒီတစ်ခါတော့ မင်း နိုင်သွားပါပြီ’
ကိုလင် အားနာပါးနာ ပြုံးလိုက်ရင်း ပရိတ်ရေပုလင်းကို ကျောနောက်တွင် ဝှက်လိုက်သည်။ ထို့နောက် လက်ထဲမှ ဒင်္ဂါးပြားကို ဝှေ့ယမ်းကာ ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာပြီး ၎င်းကို ကောင်တာပေါ်သို့ တင်လိုက်၏။
သူ၏ ကျောပြင်မှာ ချွေးများဖြင့် စိုရွှဲနေပြီး အတင်းအကျပ် အသံထုတ်ကာ ပြောလိုက်ရသည်။
“ဟို... အဲ... အရင်တုန်းက ကျွန်တော့်ဆိုင်ရဲ့ မီးမိန်းကို လာပြင်ပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ပါ... ဒါ... ဒါက ကျွန်တော့် မိသားစု အမွေအနှစ်ပါ၊ ခင်ဗျားကို ပေးလိုက်ပါတယ်...”
စကားဆုံးသည်နှင့် ကိုလင်မှာ ချက်ချင်းပင် ဆိုင်ထဲမှ လှည့်ကာ ထွက်ပြေးသွားတော့၏။
“...”
ဆိုင်ထဲရှိ လူအားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးမှ ကောင်တာပေါ်သို့ အကြည့်ရောက်သွားကြသည်။ ထိုအခါ အက်ဒမန်၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးထွက်သွားတော့၏။
‘ဒီဒင်္ဂါးပြားက မစ္စတာလင်ရဲ့ လက်ထဲက ‘ကံဆိုးခြင်း ဒင်္ဂါးပြား’ နဲ့ ပုံစံတူ တစ်ထပ်တည်းပဲ မဟုတ်လား... ဒါက... ကျန်နေသေးတဲ့ တစ်ဖက်ဖြစ်တဲ့ ‘ကံကောင်းခြင်း ဒင်္ဂါးပြား’ လား...’
***