← Chapters

နေမင်းကျမ်းစာ (၂)

Vol. 10 Ch. 128

နေမင်းကျမ်းစာ (၂)

Vol. 10 Ch. 128

ဗင်းဆင့် အားကိုးတကြီးဖြင့် မော့ကြည့်လိုက်မိ၏။ မှိန်ပျပျ အလင်းရောင်အောက်တွင် စာအုပ်ဆိုင်ပိုင်ရှင်မှာ လျှို့ဝှက် ဆန်းကြယ်စွာ ပြုံးရင်း ရပ်နေခဲ့လေသည်။

“မစိုးရိမ်ပါနဲ့... ဇဝေဇဝါ ဖြစ်နေဖို့ မလိုပါဘူး... ဖာသာဟာ ဒီစာအုပ်ထဲကနေ ဖာသာ့ရဲ့ ကိုယ်ပိုင် အဖြေကို ရှာဖွေတွေ့ရှိမှာဖြစ်သလို ဖာသာ့ အတွက်သာ သီးသန့်ဖြစ်တဲ့ အလင်းရောင်ကိုလည်း တွေ့ရှိပါလိမ့်မယ်”

“ဒါ့အပြင် ဖာသာ့ရဲ့ မေးခွန်းအားလုံးဟာလည်း နောက်ဆုံးမှာ အဖြေရပါလိမ့်မယ်... ဖာသာကသာ ရှာဖွေဖို့ ဆန္ဒရှိပြီး ပြတ်သားမှုရှိမယ်ဆိုရင် ကျွန်တော်ကလည်း ဖာသာ့ကို ကူညီပေးသွားပါ့မယ်”

လင်ကျဲ ပြောလိုက်၏။ ဤကိစ္စတွင် နစ်နာသူရမှာ သူ့ရှေ့မှ ဘုန်းတော်ကြီးပင် ဖြစ်သည်။ အမှန်တရားကို စုံစမ်းစစ်ဆေးမည်၊ မစစ်ဆေးမည်မှာ သူ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ အမိုးခုံး ဘုရားကျောင်းမှာ အစွမ်းထက်လှပြီး ဤဘုန်းတော်ကြီး၏ ယုံကြည်ကိုးစားမှုမှာလည်း ကြီးမားလှသည်။

အကယ်၍ ဤဘုန်းတော်ကြီးသာ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ဘေးကင်းလုံခြုံမှုတို့အတွက် အရှုံးပေးရန် ရွေးချယ်ခဲ့လျှင်... သို့မဟုတ် သူ၏ ယုံကြည်ချက်များ လုံးဝ ပြိုလဲသွားလျှင်ပင် လင်ကျဲအနေဖြင့် အံ့သြမည် မဟုတ်ပေ။

သို့သော်လည်း... ဤသည်မှာ လင်ကျဲ သတ်မှတ်ထားသည့် စိတ်ပိုင်းဆိုင်ရာ အနိမ့်ဆုံး စံနှုန်းသာ ဖြစ်သည်။ လက်ရှိ သူတွေ့မြင်ရသလောက် သူ့ရှေ့မှ ဘုန်းတော်ကြီးမှာ ထိုကဲ့သို့သော လူမျိုး မဟုတ်ပုံရပေ။ ဆန့်ကျင်ဘက်အနေဖြင့်... သူ ခံစားချက်များကြားတွင် ရုန်းကန်နေရပြီး လမ်းပျောက်နေပုံရသည်။ သို့သော် စာအုပ်ကိုတော့ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေရာ ထိုစာအုပ်ကို ပြန်ချထားရန် ရည်ရွယ်ချက် မရှိကြောင်း ဖော်ပြနေသည်။

ဆိုလိုသည်က... သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချပြီးသားဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို လမ်းညွှန်ပေးရန်သာ လိုအပ်နေခြင်း ဖြစ်သည်။ သူတစ်ပါးကို လမ်းပြပေးလေ့ရှိသော ဘုန်းတော်ကြီးတစ်ပါးသည်ပင် ကိုယ်ပိုင် ယုံကြည်ချက်များ ယိုင်လဲလာချိန်၌ သူ့ကို လမ်းပြပေးမည့်သူတစ်ဦး လိုအပ်ပေသည်။ လင်ကျဲမှာ သူ မျှော်လင့်ထားသည့်အတိုင်း လျှို့ဝှက် ဆန်းကြယ်ကာ အစွမ်းထက်သည့် လမ်းပြသူတစ်ဦး ဖြစ်ပေသည်။

ဗင်းဆင့် စာအုပ်ဆိုင်ပိုင်ရှင်နှင့် ပတ်သက်သည့် အမြင်များကို စိတ်ထဲတွင် ပြန်လည်သုံးသပ်လိုက်ရင်း တစ်ဆက်တည်းပဲ ထိုလူငယ်၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် ကြိုးစားလိုက်သည်။

အကယ်၍ သူသာ ဒုတိယခေတ်မှစ၍ ရှင်သန်လာခဲ့သည့် ထာဝရရှင်သန်သူ တစ်ဦး အမှန်တကယ် ဖြစ်ပါက... သူက ထိုဒဏ္ဍာရီလာ ခေတ်ကာလများကို သေချာပေါက် ဖြတ်သန်းခဲ့ရသူ သို့မဟုတ်လည်း... ထိုဒဏ္ဍာရီများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရပေမည်။

ဆိုလိုသည်က သူ၏ တည်ရှိမှုမှာ အမိုးခုံး ဘုရားကျောင်း ပေါ်ပေါက်လာခြင်း၊ နေမင်း ငြိမ်းသတ်ခံရခြင်း၊ ဘီလူးကြီးများ ပျက်သုဉ်းခြင်းနှင့် လူသားများ ထွန်းကားလာခြင်းတို့ထက်ပင် ပို၍ ရှေးကျနေသည်ဟု အဓိပ္ပာယ် ရပေသည်။

စာအုပ်ဆိုင်ပိုင်ရှင်သည် ဤအဖြစ်အပျက် အားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင်... သူသည် နေနှင့် လတို့၏ အမှန်တရားကို အားလုံးထက် ပို၍ သိရှိနေခဲ့ခြင်း ဖြစ်ရမည်။ ဤ ‘နေမင်းကျမ်းစာ’ မှာလည်း ယင်းအတွက် သက်သေပင် ဖြစ်သည်။

စာအုပ်ဆိုင်ပိုင်ရှင်က ဤစာအုပ်ကို ပေးကာ သူ့ကို အလင်းရောင် ရှာဖွေခိုင်းခြင်း ဖြစ်သည်။ တစ်ချိန်တည်း၌... သူက ဤအခွင့်အရေးကို အသုံးပြုကာ လိမ်လည်လှည့်ဖျားထားသည့် သမိုင်းကြောင်းကို ပြန်လည်တည့်မတ် ပေးရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်နိုင်သည်။

ဗင်းဆင့်သည် ထိုအတွေးကြောင့် မှင်တက်သွားသော်လည်း ပို၍ စဉ်းစားကြည့်လေ၊ ထိုသို့ ဖြစ်နိုင်ခြေ ပိုများလေဟု ခံစားရလေ ဖြစ်သည်။

မဟုတ်လျှင်... ဤကဲ့သို့ ကြီးမြတ်လှသည့် တည်ရှိမှုကြီးမှာ သူ့လို သာမန်ဘုန်းတော်ကြီးတစ်ပါးကို ရည်ရွယ်ချက်ရှိရှိ လမ်းပြပေးရန် အဘယ်ကြောင့် အားစိုက်ထုတ်နေပါမည်နည်း။

အမှန်စင်စစ် ဘေးအိမ်မှ ဆိုင်ပိုင်ရှင်၏ အကူအညီတောင်းခံမှုမှာလည်း စာအုပ်ဆိုင်ပိုင်ရှင် ကြိုတင် စီစဉ်ထားသော ရလဒ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ အလွန်ပင် သဘာဝကျလှပြီး လျှို့ဝှက်လှသည့် နည်းလမ်းကို အသုံးပြုကာ ဗင်းဆင့်ကို စကားပြောရန် ဆွဲဆောင်ပြီးနောက် ဤအရေးကြီးသည့် စာအုပ်ကို ကမ်းပေးလိုက်ခြင်းမှာ ကံကြမ္မာ၏ ကြိုးမျှင်များအား ကစားနေသကဲ့သို့ပင်။

ဗင်းဆင့် အသက်ရှူမှားသွား၏။ ဤကဲ့သို့ ကြီးမြတ်သော တည်ရှိမှုကြီးများမှာ တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှသည်။ အကယ်၍ စာအုပ်ဆိုင် ပိုင်ရှင်ကို ငြင်းပယ်လိုက်ပါက ဂါဂွိုင်းအတွင်းရှိ ပိတ်လှောင်ခံ ဝိညာဉ်များ သို့မဟုတ် နှင်းဆီပန်းအတွက် မြေသြဇာအဖြစ်သာ အဆုံးသတ်သွားရလိမ့်မည်ဟု ဗင်းဆင့် ခံစားမိသည်။

စာအုပ်ဆိုင် ပိုင်ရှင် ယခင်က ပြောဆိုခဲ့သော စကားများမှာ ကြိုတင်သတိပေးချက်များ ဖြစ်ကြောင်း သူ ယခုမှ သဘောပေါက်တော့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူ့တွင် အခြား ရွေးချယ်စရာ မရှိပေ။ ထို့ပြင် အမှန်တရားကို သိရှိလိုသည့် ပြင်းပြလှသော ဆန္ဒ တစ်ခုမှာလည်း သူ့ စိတ်နှလုံးသား အတွင်း အလွန်ပင် အားကောင်းနေချေပြီ ဖြစ်သည်။

သူ၏ ယုံကြည်ချက်မှာ အမှန်တကယ်ပင် နေမင်း၏ အရိပ်ယောင် တစ်ခုလော။ သို့မဟုတ် စွမ်းအားကို လုယူထားသည့် ဘုရားတု တစ်ပါးလော။

ထို့အပြင်... အသင်းတော်အနေဖြင့် အဘယ်ကြောင့် ဤကဲ့သို့ အာရုံခြောက်ခြားစေသည့် လပြည့်ဝန်း အဆီအနှစ် ဆေးလိပ်လို ပစ္စည်းမျိုးကို ပျံ့နှံ့ခွင့်ပြုထားရသနည်း။ ‘နေမင်းကျမ်းစာ’ ကို လက်ခံလိုက်ခြင်းမှာ အမှန်တရား၏ အစိတ်အပိုင်းတစ်ခုကို လက်ခံလိုက်ခြင်းပင် ဖြစ်သည်။

ဗင်းဆင့် သက်ပြင်းတစ်ချက် ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်၏။ ထို့နောက်... သူက မြင့်မြတ်သည့် ကျမ်းစာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြတ်သားစွာ ပြောလိုက်လေသည်။

“ကျွန်တော် နားလည်ပါပြီ... ဆရာ့ဆီက အကူအညီကို ရရှိရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ... ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ အမှန်တရားကို သိရှိဖို့ပါပဲ”

ဘုန်းတော်ကြီး ပြသလိုက်သည့် ပြတ်သားမှုက လင်ကျဲ၏ ခန့်မှန်းချက်နှင့် လွဲချော်ခြင်း မရှိပေ။

“ဒီလို နားလည်သွားတာဟာ ဖာသာ့ရဲ့ နှလုံးသားက လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်ပြီဆိုတဲ့ သက်သေပါပဲ။ ကောင်းပါတယ်”

လင်ကျဲက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဖာသာ လုပ်ရဦးမှာတွေ အများကြီး ရှိပါသေးတယ်... အမှန်တရားကို သိချင်တယ်ဆိုရင် ဖာသာကိုယ်တိုင်ပဲ ကြိုးစားအားထုတ်ရပါလိမ့်မယ်”

လင်ကျဲကိုယ်တိုင်ကလည်း အမိုးခုံး ဘုရားကျောင်းအကြောင်း နက်နက်ရှိုင်းရှိုင်း မသိရှိရလေရာ တစ်ဖက်လူကို သူ့ ကိုယ်ပိုင်နယ်မြေမှာတင် ကိုယ်တိုင် တိုက်ပွဲဝင်ခိုင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သို့သော်လည်း... ယခုကိစ္စတွင် အက်ရှ် ကုန်သည်ကြီးများအသင်းပါ ပါဝင်ပတ်သက်နေသဖြင့် ပို၍ ရှုပ်ထွေးသွားပုံရသည်။

သို့သော် ဖြေရှင်းနည်းမှာ တစ်ခုတည်း မဟုတ်ပေ။ ဘုန်းတော်ကြီးကို တစ်ယောက်တည်း စုံစမ်းခိုင်းသည်ထက် ပို၍ ကောင်းမွန်သော နည်းလမ်း ရှိသေးသည်။

ချယ်ရီနှင့် ပတ်သက်ပြီး အက်ရှ် ကုန်သည်ကြီးများ အသင်း အကြောင်းကို လင်ကျဲ သိသည်။ သူ နားလည်ထားသလောက် သူတို့က ထိုကဲ့သို့ လူစားမျိုး မဟုတ်ပေ။ ထို့ကြောင့်ပင်... အတွင်းပိုင်းမှ လောက်ကောင် တစ်ကောင်မှာ အက်ရှ် ကုန်သည်ကြီးများအသင်း၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်နိုင်သည်။

ချယ်ရီသည်လည်း ဤကိစ္စကို စိတ်ဝင်စားလိမ့်မည်ဟု လင်ကျဲ ယုံကြည်သည်။ သူ မေးစေ့ကို လက်ဖဝါးဖြင့် ထောက်လိုက်ရင်း...

“ဒီ လပြည့်ဝန်း အဆီအနှစ်က ဘာတွေ မှားယွင်းနေလဲဆိုတာကို ကျွန်တော် ချယ်ရီ့ကို မေးကြည့်ပေးပါ့မယ်”

ဟု ဆိုလိုက်၏။

“ချယ်ရီ ဟုတ်လား... ချယ်ရီချက်ပ်မန်းလား...”

ဗင်းဆင့် ချက်ချင်းပင် မျက်လုံးများ ပြူးသွားခဲ့၏။ သူတို့ လက်ရှိ ပြောနေသည့် အကြောင်းအရာမှာ အက်ရှ် ကုန်သည်ကြီးများအသင်းနှင့် တိုက်ရိုက် သက်ဆိုင်နေသည်ဖြစ်ရာ၊ ချယ်ရီ ဆိုသော အမည်ကို အသင်း၏ ခေါင်းဆောင်သုံးဦးအနက် တစ်ဦးနှင့် ဆက်စပ်တွေးတောဖို့ ဗင်းဆင့် အတွက် များစွာ အားထုတ်စရာမလိုခဲ့ပေ။

ဒဏ္ဍာရီဆန်ဆန် အာဏာရလာခဲ့သည့် ‘ချက်ပ်မန်း စုန်းမ’ ချယ်ရီချက်ပ်မန်း...

အမှန်စင်စစ် အဆင့်နိမ့် သဘာဝလွန် ပုဂ္ဂိုလ်များမှာ အခြားသောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအကြောင်းကို သိရှိခဲလှပြီး၊ အလွန်ကျော်ကြားသူများနှင့် ဆုံတွေ့ရန် အခွင့်အရေးမှာ ပို၍ပင် နည်းပါးလှသည်။

တစ္ဆေနှင်ထုတ်ခြင်း အပ်နှံမှုများကို လက်ခံဆောင်ရွက်ရပြီး နေ့စဉ် တရားမှတ်နေရသည့် ဘုန်းတော်ကြီးတစ်ပါး အနေဖြင့် ဗင်းဆင့်အတွက် အတင်းအဖျင်းစကားများမှာ ဖျော်ဖြေမှုတစ်ခု မဟုတ်ခဲ့ပေ။ ထို့ကြောင့်ပင်... ထိုကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်များအကြောင်း သူ၏ ဗဟုသုတမှာ အလွန်ပင် နည်းပါးသည်။

သို့သော်လည်း... အက်ရှ် ကုန်သည်ကြီးများအသင်းကို ဂျူးဝှစ် ဘုန်းတော်ကြီးများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ဂျူးဝှစ် အရေအတွက်မှာ နည်းပါးပြီး အဖွဲ့ဝင်ဖြစ်ရန် သတ်မှတ်ချက်မှာလည်း မြင့်မားသည်။ သူတို့မှာ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ခဲသော်လည်း ဂိုဏ်းခွဲတစ်ခုအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ ထို့ပြင် သူတို့မှာ အသင်းတော်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဂိုဏ်းတစ်ခုဖြစ်သဖြင့် အမိုးခုံး ဘုရားကျောင်းအနေဖြင့်လည်း အက်ရှ် ကုန်သည်ကြီးများအသင်းကို အထူးအလေးထား စောင့်ကြည့်လေ့ရှိသည်။

အထူးသဖြင့်... သွေးနှောတစ်ဦး၏ အာဏာရလာမှုမှာ ဒဏ္ဍာရီဆန်သလို အငြင်းပွားဖွယ်ရာလည်း ကောင်းလှသဖြင့် ဗင်းဆင့်ပင်လျှင် ဤခေါင်းဆောင်သစ်၏ အမည်ကို ကြားဖူးနားဝ ရှိနေခြင်းဖြစ်သည်။

***

All Chapters