← Chapters

အခန်း (၄၆၄)

Vol. 39 Ch. 464

အခန်း (၄၆၄)

Vol. 39 Ch. 464

သီချင်း ပြီးဆုံးသွားတဲ့ အခါ အများကြီး ပိုလန်းဆန်းလာသလို ခံစားရတဲ့ ကျန်းပေရန် က သူ့ရှေ့က ညီအစ်မ ၃ ယောက်ဟာ "ပုံရိပ်ယောင် အသံ" ကို အလွယ်တကူ တီးခတ်နိုင်ကြောင်း လုံးဝ သေချာသွားလေသည်။

သို့သော် သူတို့ ၃ ယောက် အတူတူ တီးခတ်မှသာ အလုပ်ဖြစ်တာက တော်တော် ထူးဆန်းနေလေသည်။

မူလက ညီအစ်မ ၃ ယောက်မှာ ပုံရိပ်ယောင် အသံ ပါရမီ မရှိပေမယ့် သူတို့ ပေါင်းစပ်လိုက်တဲ့ အခါ ရုတ်တရက် ရရှိလာသလိုမျိုး ဖြစ်နေလေသည်။

'စုစည်း ပါရမီ လား'

ဒီလို အရာမျိုးကို ကျန်းပေရန် တစ်ခါမှ မကြားဖူးခဲ့ပေ။

ဘာပဲဖြစ်ဖြစ် အမွှာ ၃ ယောက် မွေးရင်တောင် ပုံမှန် အားဖြင့် တစ်ယောက်က ထူးချွန်ပြီး အံ့သြစရာ ပါရမီ ပိုင်ဆိုင်ထားတာမျိုး၊ ဒါမှမဟုတ် ညီအစ်မ ၃ ယောက်လုံး ပါရမီ ပါကြတာမျိုးက သာမန် ဖြစ်တတ်ကြလေသည်။

ဒါပေမဲ့ ဒီလို ပါရမီ တစ်ခုကို "စုစည်း" ယူကြတာမျိုးက တကယ် ရှားပါးလေသည်။

မျှော်လင့်ချက် ပြည့်ဝနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေတဲ့ ညီအစ်မ ၃ ယောက်ကို မြင်တော့ ကျန်းပေရန် လက်ခုပ် နှစ်ချက် တီးလိုက်ပြီး ပြောလိုက်လေသည်။

"မင်းတို့ ၃ ယောက်မှာ ဂီတ အာရုံခံစားမှု အထူး ကောင်းမွန်တာ ရှိတယ် ပြီးတော့ မင်းတို့မှာ အရမ်း ထူးခြားတဲ့ ပါရမီ တစ်ခု ပိုင်ဆိုင်ထားတယ်လို့ တစ်ယောက်ယောက်က ပြောဖူးလား"

"ပါရမီ ဟုတ်လား"

ညီအစ်မ ၃ ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ ခေါင်းခါလိုက်ကြလေသည်။

"မပြောဖူးပါဘူး"

"ဒါဆို တခြား နည်းလမ်းနဲ့ မေးကြည့်မယ် မင်းတို့ရဲ့ ဂီတက လူတွေရဲ့ စိတ်ခံစားမှုတွေကို အထူး လှုပ်ရှားစေနိုင်တယ်လို့ တစ်ယောက်ယောက်က ပြောဖူးလား"

"ပြောဖူးတယ်"

ဒီတစ်ခါတော့ ယွီကွေ့ရွှေ က အရင်ဆုံး ခေါင်းညိတ်ပြီး ဖြေလိုက်လေသည်။

"ခန်းမထဲမှာ ကျွန်မတို့ ၅ ယောက် ဖျော်ဖြေတဲ့ အခါတိုင်း လူတိုင်း ဂီတထဲမှာ အမြဲ စီးမျောသွားတတ်ကြတယ် ခန်းမသခင်တောင် ချွင်းချက် မဟုတ်ဘူး"

"ဟုတ်တယ်" ယွီကွေ့မြောင် လည်း ဒီအချိန်မှာ ဝင်ထောက်ခံလိုက်လေသည်။

"လူအများကြီးက ကျွန်မတို့ရဲ့ တီးဝိုင်း ဖျော်ဖြေမှုကို နားထောင်ပြီးရင် အကြာကြီး ငိုကြတယ် ပြီးတော့ ပြန်မကောင်းနိုင်ကြတော့ဘူး"

အဲ့ဒီနောက် ယွီကွေ့ကျွေး က ထပ်ဖြည့်ပြောလိုက်လေသည်။

"မူလက မပျော်မရွှင် ဖြစ်နေတဲ့ ဂျူနီယာညီမလေးတွေ အများကြီးလည်း ရှိတယ် ဒါပေမဲ့ ကျွန်မတို့ ဖျော်ဖြေမှုကို နားထောင်ပြီးရင် တည်ငြိမ်သွားကြတယ် တချို့ဆို ချက်ချင်းတောင် ပျော်ရွှင်လာကြတယ်"

...

သူတို့ရဲ့ "တီးဝိုင်းလေး" ရဲ့ အောင်မြင်မှု အသီးသီး အကြောင်း အဆုံးမရှိ ကြွားဝါနေတာကို နားထောင်ရင်း စိတ်နှလုံးပြန်ဂိုဏ်း က ကျင့်ကြံသူတွေ၊ တကယ်တော့ တောင်ထွတ်ပြည်နယ် တစ်ခုလုံးက ကျင့်ကြံသူတွေဟာ အတွေ့အကြုံ နည်းလွန်းသေးကြောင်း ကျန်းပေရန် အတည်ပြုလိုက်လေသည်။

ညီအစ်မတွေရဲ့ ပါရမီက အရမ်း သိသာထင်ရှားနေတာကို ဘယ်သူမှ ရှာမတွေ့ခဲ့ကြပေ။

သူတို့ရဲ့ တီးဝိုင်း ဖျော်ဖြေမှုက နားထောင်လို့ အရမ်း ကောင်းလို့ စိတ်ခံစားမှုတွေကို အဲ့လောက် ပြင်းပြင်းထန်ထန် လှုပ်ရှားစေနိုင်တာလို့ပဲ လူတိုင်း ထင်နေကြတာ ဖြစ်လေသည်။

'တိမ်ကောလိုက်တာ သူတို့ရဲ့ ဗဟုသုတတွေက တိမ်ကောလွန်းတယ်'

သို့သော် အတွေ့အကြုံ နည်းပါးတာ အပြင် နောက်ထပ် အကြောင်းရင်း တစ်ခု ရှိသေးသည်၊ ယွီညီအစ်မတွေက လူတွေကို အာရုံမှားစေနိုင်တဲ့၊ စိတ်နဲ့ ခန္ဓာကိုယ်ကိုပါ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ စစ်မှန်သော "ပုံရိပ်ယောင် အသံ" ကို တီးခတ်ဖို့ သူတို့ရဲ့ ပါရမီကို အသုံးမချနိုင်သေးလို့ ဖြစ်လေသည်။

ပြီးတော့ သူတို့ရဲ့ ပါရမီကို အပြည့်အဝ နိုးထစေဖို့ ဆိုရင် သူတို့က လျှို့ဝှက်ဆန်းကြယ် ဂီတ ပညာရှင်တွေ အရင် ဖြစ်လာရမည်၊ ပိုမို များပြားတဲ့ အရာတွေ လုပ်ဆောင်ဖို့ ဂီတ စည်းချက်ကို ဘယ်လို အသုံးပြုရမလဲ ဆိုတာ နားလည်ရမည်။

ဒီအတွေးနဲ့ အတူ ကျန်းပေရန် နည်းနည်း စိတ်နှစ်ခွ ဖြစ်သွားလေသည်။

ဒီညီအစ်မ ၃ ယောက် ဘယ်လို ပါရမီမျိုး ပိုင်ဆိုင်ထားလဲ ဆိုတာ သူ မသိသေးပေမယ့် သေချာတဲ့ အရာ တစ်ခု ရှိသည်၊ လျှို့ဝှက်ဆန်းကြယ် ဂီတ ပညာရှင်တွေ မဟုတ်ဘဲနဲ့ "ပုံရိပ်ယောင် အသံ" ရဲ့ အကျိုးသက်ရောက်မှုကို ထုတ်လုပ်နိုင်တယ် ဆိုကတည်းက သူတို့မှာ ထူးခြားစွာ ထူးချွန်တဲ့ ပါရမီ ရှိရမည်။

သူတို့သာ စစ်မှန်တဲ့ လျှို့ဝှက်ဆန်းကြယ် ဂီတ ပညာရှင်တွေ ဖြစ်လာရင် ကောင်းကင်ဘုံ အထိ သေချာပေါက် ပျံတက်သွားနိုင်လိမ့်မည်။

ဒီလို ကောင်းမွန်တဲ့ အလားအလာ ရှိသူ ၃ ယောက်ကို ကိရိယာတွေ အဖြစ် အသုံးမချတာ... မဟုတ်ဘူး သူတို့ ၃ ယောက်ကို သူ့လက်အောက် မသွင်းယူတာက နည်းနည်း နှမြောစရာ ကောင်းလေသည်။

အရင်တုန်းက သူတို့ရဲ့ စီနီယာအစ်ကိုတွေကို "ဒုက္ခပေးဖို့" စေလွှတ်လိုက်တုန်းက ရွှေရောင် ပန်းပွင့် ၅ ပွင့် ကို အသုံးဝင်တဲ့ လက်အောက်ငယ်သားတွေ အဖြစ် ကျန်းပေရန် သတ်မှတ်ခဲ့ပြီးသား ဖြစ်ပေမယ့် လက်အောက်ငယ်သား ဆိုတာ လက်အောက်ငယ်သား သက်သက်သာ ဖြစ်ပြီး သူ နှလုံးသားနဲ့ ရင်းပြီး လေ့ကျင့်ပေးခဲ့တဲ့ ဝူချင်းစစ် လို တပည့်တွေနဲ့ လုံးဝ ကွာခြားလေသည်။

ပြီးတော့ ဒီတစ်ခေါက် ယွီညီအစ်မ ၃ ယောက်ကို သူ့တပည့်တွေ အဖြစ် လက်ခံဖို့ စိတ်ကူးကြောင့် ကျန်းပေရန် စိတ်လှုပ်ရှားမိလေသည်။

ပထမ အချက်က သူတို့ရဲ့ ပါရမီကို သူ တကယ် လိုချင်တပ်မက်မိလေသည်။

လျှို့ဝှက်ဆန်းကြယ် ဂီတ ပညာရှင် တစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ အခြေအနေက လူတွေရဲ့ စိတ်ကို ထိန်းချုပ်ခွင့် ပေးသည်၊ ဒါက သေချာပေါက် ထိပ်တန်း အဆင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တွေထဲက တစ်ခု ဖြစ်လေသည်။

သူ့မှာ ဒီလို လက်အောက်ငယ်သား တစ်ယောက် ရှိရင် အနာဂတ်မှာ ကိစ္စ အများကြီးက ပိုအဆင်ပြေလာမှာ ဖြစ်လေသည်။

ဒုတိယအချက်က ရွှေရောင် ပန်းပွင့် ၅ ပွင့် က စနစ် ရွေးချယ်စရာတွေကို အချိန်အကြာကြီး မပေါ်လာစေတော့ပေ၊ ဒါက သူ သူတို့နဲ့ အဆက်အသွယ် နည်းလို့ ဆိုတာ တစ်စိတ်တစ်ပိုင်း မှန်ပေမယ့် အတိုင်းအတာ တစ်ခု အထိတော့ သူတို့ရဲ့ အန္တရာယ် အဆင့် လျော့ကျသွားကြောင်း ပြသနေလေသည်။

အကြောင်းရင်းက လင်ယွီယန် နဲ့ တူညီလောက်သည်၊ ရွှေရောင် ပန်းပွင့် ၅ ပွင့် ကလည်း စနစ်ရဲ့ ရွေးချယ်စရာတွေ မပေါ်လာအောင် ဘယ်လို နေထိုင်ရမလဲ ဆိုတဲ့ လှည့်ကွက်ကို သင်ယူနေကြတာ ဖြစ်လေသည်။

တတိယ အချက်က ဖန်းချိုးယောင် အပြင် လျိုဇီကျင်း နဲ့ ယွီညီအစ်မတွေကလည်း သူတို့ရဲ့ အလွန် ပြင်းထန်တဲ့ ကျင့်ကြံခြင်း ပါရမီကို ပြသခဲ့ကြပြီး အနာဂတ်မှာ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်လာဖို့ အလားအလာ ကောင်းတွေ ဖြစ်စေခဲ့လေသည်။

ဒီအကျိုးကျေးဇူးတွေ အများကြီး ရှိနေတာကြောင့် ကျန်းပေရန် ခဏ စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်လေသည်။

ယွီညီအစ်မ ၃ ယောက်ကို ကျောင်းသားတွေ အဖြစ် အရင် လက်ခံပြီး ခဏလောက် စောင့်ကြည့်ရမည်။

ကျောင်းသားနဲ့ တပည့်က ဆင်တူသလို ထင်ရပေမယ့် တကယ်တမ်းကျတော့ တော်တော် ကွာခြားလေသည်။

ကျောင်းဆရာ တစ်ယောက်က မင်း သင်ယူချင်တာ ဘာမဆို သင်ပေးလိမ့်မည်။

ဒါပေမဲ့ ဆရာသခင် တစ်ယောက်က သူတို့ သိသမျှ အရာအားလုံး သင်ပေးရုံ သာမက သူတို့ တပည့်တွေကို လောကကြီးထဲမှာ ဘယ်လို နေထိုင်ပြုမူရမလဲ ဆိုတာပါ သင်ပေးရလေသည်။

နောက်ထပ် အရေးကြီးတဲ့ အချက် တစ်ခုက တပည့် တစ်ယောက်က အပြင်မှာ ဒုက္ခရောက်ရင် ဆရာသခင် ဖြစ်တဲ့ သူက တာဝန်ယူရမှာ ဖြစ်လေသည်။

ဒါကြောင့် သတိထားတဲ့ အနေနဲ့ ဆရာ အဖြစ် အရင် စတင်ဖို့ ကျန်းပေရန် ဆုံးဖြတ်လိုက်လေသည်။

...

"ယွီကွေ့ရွှေ"

ညီအစ်မ ၃ ယောက်က သူတို့ရဲ့ "တီးဝိုင်းလေး" ရဲ့ ဂုဏ်ယူစရာ အောင်မြင်မှုတွေ အကြောင်း အဆုံးမရှိ ကြွားဝါနေတုန်း ကျန်းပေရန် ရုတ်တရက် ခေါ်လိုက်လေသည်။

"ရှိပါတယ်" ယွီကွေ့ရွှေ ချက်ချင်း မတ်မတ်ရပ်ပြီး ပြန်ထူးလိုက်လေသည်။

"မင်းရဲ့ အော်ဟူ ပေးစမ်း"

ကျန်းပေရန် လက်ဖြန့်လိုက်လေသည်။

ယွီကွေ့ရွှေ အစပိုင်းမှာ မှင်သက်သွားပေမယ့် အမြန် တုံ့ပြန်လိုက်ပြီး သူမ အစ်ကိုကြီး ဆီ လျှောက်သွားကာ နှင်းဆီသစ်သား လည်ပင်းကွေး အော်ဟူ ကို ကမ်းပေးလိုက်လေသည်။

အော်ဟူ ကို ပြင်ဆင်ပြီးနောက် ကျန်းပေရန် ယွီကွေ့ရွှေ ကို ကြည့်ပြီး ပြောလိုက်လေသည်။

"မင်းတို့ ညီအစ်မတွေက တကယ် ရှားပါးတဲ့ ပါရမီ တစ်ခု ပိုင်ဆိုင်ထားတယ် အခု သရုပ်ပြမှု သေးသေးလေး တစ်ခု လုပ်ပြမယ်"

စကားဆုံးတာနဲ့ ကျန်းပေရန် အော်ဟူ ကို ထိုးလိုက်လေသည်။

ရှည်လျားပြီး ဆွဲဆောင်မှု ရှိတဲ့ အော်ဟူ သံကို ကြားလိုက်ရတော့ ရွှေရောင် ပန်းပွင့် ၅ ပွင့်ရဲ့ ပါးစပ်တွေ ဟသွားလေသည်။

ပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ သူတို့ ပါးစပ်တွေ ပိုပို ကျယ်လာလေသည်။

အကြောင်းရင်းက ရိုးရှင်းသည်၊ သူတို့ အစ်ကိုကြီး ရဲ့ အော်ဟူ ကျွမ်းကျင်မှုက သူတို့ မော့ကြည့်ရလောက်အောင် မြင့်မားနေလို့ ဖြစ်လေသည်။

သူတို့ အစ်ကိုကြီး က ဘာမဆို လုပ်နိုင်တယ်လို့ ရွှေရောင် ပန်းပွင့် ၅ ပွင့် အမြဲ ခံစားခဲ့ရပေမယ့် ခံစားရတာက တစ်ပိုင်း၊ ကျွမ်းကျင်မှု အသစ် တစ်ခု ထုတ်ပြတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာက မယုံနိုင်လောက်အောင် တုန်လှုပ်စရာ ကောင်းနေတုန်းပါပဲ။

အထူးသဖြင့် ဒါက သူတို့ရဲ့ ကျွမ်းကျင်မှု နယ်ပယ် အတွင်းမှာ ဖြစ်နေတော့ သူတို့ အစ်ကိုကြီး ရဲ့ အဆင့်အတန်း ဘယ်လောက် မြင့်မားလဲ ဆိုတာ သူတို့ ပိုကောင်းကောင်း နားလည်နိုင်လေသည်။

အခုချိန်မှာ "အံ့သြမှင်သက်ခြင်း" ဆိုတဲ့ စကားလုံးကလွဲရင် တခြား ဘယ်စကားလုံးကမှ သူတို့ရဲ့ လက်ရှိ ခံစားချက်ကို ဖော်ပြနိုင်မှာ မဟုတ်ပေ။

ပြီးတော့ အော်ဟူ ကို အထူးပြုတဲ့ ယွီကွေ့ရွှေ အတွက် သူမ အစ်ကိုကြီး ဘယ်လောက် အံ့သြစရာ ကောင်းလဲ ဆိုတာ ပိုနားလည်လေသည်။

ပထမ အချက် အော်ဟူ က ကြိုးနှစ်ချောင်းတည်း ပါပြီး အကန့်တွေ (သို့) လက်ချောင်းတင်ပြား မပါဝင်လို့ တီးခတ်ရ ခက်ခဲလေသည်။

အသုံးအများဆုံး အသံစဉ် အကွာအဝေးက နေရာ ၅ ခုမှာ အသံစဉ် ၈ ခု ပါဝင်လေသည်။

နေရာ တစ်ခုချင်းစီမှာ လက်ချောင်း အကွာအဝေး ပြောင်းလဲသွားတဲ့ အတွက် လက်ချောင်း နှစ်ချောင်း နီးကပ်နေတဲ့ အသံစဉ် အသေးစား တစ်ခု အတွက်တောင် အသံ မှားသွားနိုင်ချေ ရှိလေသည်။

ဒါတင် မကဘဲ တီးခတ်နေစဉ် အတွင်း ကြိုးတွေကို အနည်းငယ် ပေါ့ပါးစွာ (သို့) လေးလံစွာ ဖိနှိပ်လိုက်ရင်တောင် အသံ အနိမ့်အမြင့်ကို သက်ရောက်မှု ရှိစေနိုင်လေသည်။

ဒါကြောင့် အသံ အနိမ့်အမြင့် တိကျမှုနဲ့ ပတ်သက်ရင် အော်ဟူ တီးခတ်သူတွေက သေချာပေါက် အကောင်းဆုံးတွေထဲမှာ ပါဝင်လေသည်။

ပြီးတော့ သူမ အစ်ကိုကြီး ရဲ့ တီးခတ်မှုမှာ အမှား တစ်ခုတည်းတောင် ယွီကွေ့ရွှေ ရှာမတွေ့ခဲ့ပေ။

သူမ အပြစ်ရှာချင်ရင်တောင် ဘယ်က စရမလဲ မသိနိုင်ပေ၊ ဘာလို့လဲဆိုတော့ ရိုးရိုးရှင်းရှင်း ပြီးပြည့်စုံလွန်းနေလို့ပါပဲ။

"အစ်မကြီး... ဘာလို့ ငိုနေတာလဲ"

ယွီကွေ့ရွှေ ရဲ့ နှလုံးသား တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေတုန်း ဘယ်အချိန်ကတည်းက သူမဘေး ရောက်နေမှန်း မသိတဲ့ ယွီကွေ့ကျွေး ရုတ်တရက် မေးလိုက်လေသည်။

ဇဝေဇဝါ ဖြစ်သွားပြီး ယွီကွေ့ရွှေ သူမ ပါးပြင်ကို သုတ်ဖို့ လက်မြှောက်လိုက်လေသည်။

တကယ် စိုစွတ်နေလေသည်။

ယွီကွေ့ကျွေး ကို ပြန်ကြည့်လိုက်တော့ သူမက ပိုလို့တောင် သနားစဖွယ် ငိုကြွေးနေတာ ယွီကွေ့ရွှေ တွေ့လိုက်ရသည်၊ မျက်ရည်တွေက ထိန်းချုပ်လို့ မရနိုင်အောင် သူမ မျက်နှာပေါ် စီးကျနေလေသည်။

"ဝါး..."

သူတို့နှစ်ယောက် မျက်ရည်သုတ်နေတုန်း ယွီကွေ့မြောင် သူတို့နောက်ကနေ ရုတ်တရက် ကျယ်လောင်စွာ အော်ငိုလိုက်သည်၊ နှလုံးကွဲမတတ် ဝမ်းနည်းပူဆွေးမှုတွေနဲ့ ငိုကြွေးနေလေသည်။

ယွီကွေ့ရွှေ သူမကို နှစ်သိမ့်ချင်ပေမယ့် ဝမ်းနည်းစရာ ကောင်းပြီး၊ ခြောက်သွေ့ကာ၊ စွဲမြဲနေတဲ့၊ ပြတ်တောက်သွားသလို ရှိပေမယ့် လုံးဝ ကွဲကွာမသွားတဲ့ အော်ဟူ သံစဉ်ထဲမှာ သူမ စိတ်နဲ့ ခန္ဓာကိုယ် လုံးဝ နစ်မြုပ်နေပြီ ဖြစ်လေသည်။

သူမ လုံးဝ ရုန်းမထွက်နိုင်တော့ပေ။

ယွီညီအစ်မ ၃ ယောက် တင် မကဘဲ လျိုဇီကျင်း နဲ့ ဖန်းချိုးယောင် တို့လည်း မျက်ရည်ကျနေကြလေသည်။

ပြီးတော့ ဒီမျက်ရည်တွေက သူတို့ ထိန်းချုပ်မှု အောက်မှာ မရှိတော့ပုံ ရလေသည်။

သူတို့ မငိုဖို့ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးရိုးရှင်းရှင်း တားဆီးလို့ မရနိုင်ပေ။

"အစ်... အစ်မဇီကျင်း ကျွန်မ ခံစားရတာ အရမ်း ဆိုးတယ်... အရမ်း အေးတယ်..."

လျိုဇီကျင်း ကို ကြည့်ပြီး ဖန်းချိုးယောင် ပြောလိုက်လေသည်။

လျိုဇီကျင်း မျက်ရည် တစ်စက် သုတ်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ငါလည်းပဲ... ငါ့ရင်ဘတ်က အရမ်း နာတယ်... အရမ်း တင်းကျပ်နေတယ်"

သူတို့နှစ်ယောက် ဒီအချိန်မှာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို လုံးဝ နီးပါး ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

ငိုတာကလွဲရင် သူတို့ ဘာမှ မလုပ်နိုင်တော့ပေ။

ပြီးတော့ ဖန်းချိုးယောင် သူမ မျက်ရည်တွေကို နောက်တစ်ကြိမ် သုတ်လိုက်တဲ့ အချိန်မှာပဲ သူမရှေ့က မြင်ကွင်း လုံးဝ ပြောင်းလဲသွားတာ ရုတ်တရက် တွေ့လိုက်ရလေသည်။

မြစ်ကမ်းဘေး ဇရပ် ပျောက်ကွယ်သွားပြီ၊ ကြယ်ရောင်စုံ ကောင်းကင်ကို ရောင်ပြန်ဟပ်နေတဲ့ မြစ်ငယ်လေးလည်း ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

သူမ မြင်နိုင်သမျှ နေရာတိုင်းမှာ အဖြူရောင်တွေသာ သူမ မျက်လုံးထဲ ဝင်ရောက်လာသည်၊ အေးစက်ပြီး ကိုက်ခဲစေတဲ့ အဖြူရောင်။

'နှင်းလား...'

အဖြူရောင် နှင်းတစ်ဆုပ်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်ပြီး ဖန်းချိုးယောင် သူမ လက်ဖဝါးထဲမှာ စူးရှတဲ့ နာကျင်မှု တစ်ခု ခံစားလိုက်ရလေသည်။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နှင်းက ငါ့ကို ဘယ်လိုလုပ် နာကျင်စေနိုင်မှာလဲ ငါ...'

ဖန်းချိုးယောင် ဇဝေဇဝါ ဖြစ်နေတုန်း ကြမ်းတမ်းတဲ့ လက်ကြီး တစ်စုံ သူမကို ရုတ်တရက် ဆွဲကိုင်လိုက်လေသည်။

"တာမိုင်ဇီ ဘာတွေ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာလဲ ငြိမ်နေရင် သေလိမ့်မယ် သွားကြစို့"

နှင်းမုန်တိုင်း ထဲမှာ စုတ်ပြဲနေတဲ့ သားရေ ဝတ်ရုံ တစ်ထည်သာ ဝတ်ဆင်ထားတဲ့ သူမရှေ့က လူလတ်ပိုင်း အရွယ် အမျိုးသားကို ကြည့်ပြီး သူမ ဘေးအန္တရာယ် တစ်ခုကနေ ထွက်ပြေးနေတာ ဖန်းချိုးယောင် ရုတ်တရက် ပြန်သတိရသွားလေသည်။

သူတို့ ပိုနွေးထွေးတဲ့ နေရာ တစ်ခုဆီ အမြန် မလွတ်မြောက်နိုင်ရင် သူမ မိသားစု တစ်ခုလုံး သေဆုံးသွားလိမ့်မည်။

လူလတ်ပိုင်း အရွယ် အမျိုးသားရဲ့ ခန္ဓာကိုယ်က အအေးဒဏ်ကြောင့် မဲနက်ပြီး ပြာနှမ်းနေပြီ ဖြစ်လေသည်။

သူ့ဆံပင်တွေ၊ မျက်လုံး ထောင့်တွေနဲ့ မုတ်ဆိတ်မွေးတွေ အားလုံး အဖြူရောင် နှင်းခဲတွေနဲ့ ဖုံးလွှမ်းနေလေသည်။

သူ ရှူထုတ်လိုက်တဲ့ လေက ရှူသွင်းလိုက်တဲ့ လေထက် ပိုများနေသလို ပုံပေါက်နေလေသည်။

ဒါပေမဲ့ အဲ့ဒီလိုတောင် ဒီလူက နှင်းတွေကို တွန်းဖယ်ဖို့ ရုန်းကန်နေဆဲ ဖြစ်ပြီး ရှေ့က ဒုက္ခသည် အုပ်စုဆီ သူမကို ဦးဆောင် ခေါ်သွားနေလေသည်။

အုပ်စုဆီ ပြန်သွားတဲ့ လမ်းမှာ နှင်းတွေထဲ ဝမ်းနည်းဖွယ် သေဆုံးနေကြတဲ့ အလောင်းတွေ မရေမတွက်နိုင်အောင် ဖန်းချိုးယောင် တွေ့လိုက်ရလေသည်။

ခြွင်းချက် မရှိ သူတို့ အားလုံး အေးခဲပြီး သေဆုံးသွားကြတာ ဖြစ်လေသည်။

"ဝါး... ဝါး... ဝါး"

အဲ့ဒီအချိန်မှာ ကလေးငိုသံ တစ်ခု သူမနားထဲ ရုတ်တရက် ရောက်လာလေသည်။

အသံလာရာ နောက် လိုက်ကြည့်လိုက်ရာ မြေပြင်ပေါ် လဲကျပြီး မလှုပ်မယှက် ဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ သူမ ရင်ခွင်ထဲက လသားအရွယ် ကလေးငယ် တစ်ယောက် ငိုကြွေးခြင်း ကနေတဆင့် အကူအညီမဲ့မှုကို ထုတ်ဖော်ပြသနေတာ တွေ့လိုက်ရလေသည်။

ဒါကို မြင်တော့ ဖန်းချိုးယောင် မသိစိတ်နဲ့ ကလေးကို ကူညီချင်ပေမယ့် လူလတ်ပိုင်း အရွယ် အမျိုးသားက ရက်စက်စွာ ပြန်ဆွဲထားလိုက်လေသည်။

"မကြည့်နဲ့ ဆက်သွား" လူလတ်ပိုင်း အရွယ် အမျိုးသားက ပြင်းထန်စွာ အော်ဟစ်လိုက်လေသည်။

လူလတ်ပိုင်း အရွယ် အမျိုးသားရဲ့ ပြန်ဆွဲထားမှုကြောင့် ဖန်းချိုးယောင် လုံးဝ ရုန်းမထွက်နိုင်ဘဲ သူ့နောက် ဆက်လိုက်သွားရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

ဒါပေမဲ့ သူတို့ လမ်းလျှောက်နေရင်း လူလတ်ပိုင်း အရွယ် အမျိုးသားက သူ့ရဲ့ နောက်ဆုံး အားအင်တွေ ကုန်ခမ်းသွားသလို ဖြစ်သွားလေသည်။

သူ သူမလက်ကို လွှတ်လိုက်ပြီး နှင်းတွေထဲ လဲကျသွားလေသည်။

ဖန်းချိုးယောင် ငုံ့ကြည့်လိုက်ရာ လျှော်ဘောင်းဘီ တစ်ထည်သာ ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်း အရွယ် အမျိုးသားရဲ့ ခြေထောက်တွေက အအေးဒဏ်ကြောင့် အမဲကွက်တွေနဲ့ ဖုံးလွှမ်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ဒီအထိ လမ်းလျှောက်လာနိုင်ခဲ့တာက အံ့ဖွယ်ရာ တစ်ခုပါပဲ။

ခက်ခက်ခဲခဲ လှည့်လိုက်ပြီး လူလတ်ပိုင်း အရွယ် အမျိုးသားက ကိုက်ထားတဲ့ ပေါင်မုန့်ပြား တစ်ဝက်ကို သူ့ဝတ်ရုံထဲကနေ တုန်တုန်ယင်ယင် ထုတ်ယူလိုက်ပြီး ဖန်းချိုးယောင် ကို ကမ်းပေးကာ ပြောလိုက်လေသည်။

"တာမိုင်ဇီ အဖေ သမီးနဲ့ အတူ လိုက်ပို့ပေးနိုင်တာ ဒီအထိပါပဲ ကျန်တဲ့ ခရီးလမ်းကို သမီးဘာသာ ဆက်လျှောက်သွားရမယ် သမီး အသက်ရှင်ရမယ် ကြားလား သမီး သေချာပေါက်..."

သူ စကားမဆုံးခင်မှာတင် လူလတ်ပိုင်း အရွယ် အမျိုးသားရဲ့ မျက်နှာ လုံးဝ အေးခဲသွားပြီး အသက်မဲ့သွားလေသည်။

"အဖေ"

ဖန်းချိုးယောင် ဝမ်းနည်းပူဆွေးစွာ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ၊ နှလုံးကွဲမတတ် အော်ဟစ်သံ တစ်ခု ဖြစ်လေသည်။

ဒါပေမဲ့ နှင်းမုန်တိုင်းက မင်း ငိုနေလို့ ဆိုပြီး သက်ညှာပေးမှာ မဟုတ်ပေ။

မကြာခင် သည်းထန်တဲ့ နှင်းတွေက သေဆုံးသွားတဲ့ လူလတ်ပိုင်း အရွယ် အမျိုးသားကို ဖုံးလွှမ်းသွားလေသည်။

ဖန်းချိုးယောင် နှင်းတွေကို တူးထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် သူမ လုပ်လေလေ သူမ လက်တွေ မလှုပ်ရှားနိုင်တော့တာ တွေ့ရလေလေ ဖြစ်လေသည်။

'အေးတယ်... အရမ်း အေးတယ်... ငါလည်း သေတော့မှာလား...'

"အဖေ... တောင်းပန်ပါတယ် သမီး နားမထောင်ခဲ့မိဘူး အဖေ သမီးကို အတူတူ ခေါ်သွားသင့်တယ်"

စကားပြောရင်း ဖန်းချိုးယောင် သူမအဖေရဲ့ လက်ကို ဆုပ်ကိုင်လိုက်လေသည်။

မသေခင် သူမအဖေ လက်ထဲက ပေါင်မုန့်ပြား တစ်ဝက်ကို နောက်ထပ် တစ်ကိုက် ကိုက်ချင်ပေမယ့် သူမခန္ဓာကိုယ် လုံးဝ မလှုပ်ရှားတော့ပေ။

"အဖေ... သမီး အရမ်း အေးတယ် အဖေ... သမီး အရမ်း ဗိုက်ဆာတယ် အဖေ..."

ဖန်းချိုးယောင် ရဲ့ အသက်ရှူသံ ပိုမို ဖျော့တော့လာတဲ့ အချိန်မှာပဲ မိုးကြိုးလို ကျယ်လောင်တဲ့ "နိုးထလော့" ဆိုတဲ့ အသံ တစ်ခု သူမနားထဲ ရုတ်တရက် မြည်ဟိန်းသွားလေသည်။

"အာ"

လန့်ဖျပ်သွားတဲ့ အော်သံနဲ့ အတူ ဖန်းချိုးယောင် မျက်လုံးတွေ ပြန်ဖွင့်လိုက်ရာ ကျယ်ပြန့်တဲ့ နှင်းပြင်ကြီး ပျောက်ကွယ်သွားတာ တွေ့လိုက်ရလေသည်။

သူမ ပတ်ဝန်းကျင်မှာ အစ်မဇီကျင်း နဲ့ တခြားသူတွေရဲ့ မျက်ရည်စိုရွှဲနေတဲ့ မျက်နှာတွေ ရှိနေပြီး ငိုကြွေးမှုကြောင့် သူတို့ရဲ့ အလှတရားတွေ ပျက်စီးနေလေသည်။

"ကျွန်မ..."

ဖန်းချိုးယောင် လက်နှစ်ဖက်ကို မျက်နှာရှေ့မှာ ကိုင်ထားလိုက်လေသည်။

သူမ တစ်ကိုယ်လုံး တောင့်တင်း အေးခဲနေတဲ့ ခံစားချက်က သူမ အတွင်းထဲမှာ စွဲကျန်နေသလို ဖြစ်နေပြီး မနိုးထနိုင်တဲ့ အိပ်မက် တစ်ခုလိုပါပဲ။

"တင်ပျဉ်ခွေ ထိုင်ပြီး မင်းရဲ့ နည်းစနစ်ကို လှည့်ပတ်လိုက် ခဏနေရင် အဆင်ပြေသွားလိမ့်မယ်"

ဘယ်အချိန်ကတည်းက အော်ဟူ ကို ချထားလိုက်မှန်း မသိတဲ့ သူမ အစ်ကိုကြီး ရုတ်တရက် စကားပြောလိုက်လေသည်။

ဒါကို ကြားတော့ ဖန်းချိုးယောင် သဘာဝကျကျ ချက်ချင်း လိုက်နာပြီး တင်ပျဉ်ခွေ ထိုင်ကာ သူမရဲ့ နှလုံးသား နည်းစနစ် ကို စတင် လှည့်ပတ်လိုက်လေသည်။

တင်ပျဉ်ခွေ ထိုင်နေတဲ့ ၆ ယောက်ကို ကြည့်ပြီး ကျန်းပေရန် နှင်းဆီသစ်သား လည်ပင်းကွေး အော်ဟူ ကို ယွီကွေ့ရွှေ ဘေးနား အသာအယာ ချထားလိုက်ပြီးနောက် စကားပြောလိုက်လေသည်။

"ဂီတမှာ လူတွေရဲ့ စိတ်ခံစားမှုတွေကို လွှမ်းမိုးနိုင်စွမ်း ရှိတယ် ဒါပေမဲ့ သာမန် ဖျော်ဖြေမှု တစ်ခုပဲ ဆိုရင် အများဆုံး နားထောင်သူကို ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း (သို့) ပျော်ရွှင်ခြင်း တွေကိုပဲ ခံစားရစေနိုင်တယ် ဒါပေမဲ့ နားထောင်သူရဲ့ စိတ်ခံစားမှုတွေကို ပိုမို လှုံ့ဆော်ဖို့ ဆိုရင် ဂီတထဲကို သူတို့ကို လုံးဝ ဆွဲခေါ်သွားဖို့ လိုအပ်တယ်"

ဒါကို ကြားတော့ သူမ အစ်ကိုကြီး ခုနက တီးခတ်လိုက်တဲ့ သီချင်းက "ရေခဲ မိုင် တစ်ထောင်" ဖြစ်ကြောင်း ဖန်းချိုးယောင် နောက်ဆုံးတော့ သဘောပေါက်လိုက်လေသည်။

ဒီသီချင်းက ဆောင်းရာသီ အလယ်မှာ အသက်လု ထွက်ပြေးနေကြတဲ့ မရေမတွက်နိုင်တဲ့ ဒုက္ခသည်တွေရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပြီး ခုနက... သူမ ဂီတ ကမ္ဘာထဲကို တကယ် လုံးဝ ဝင်ရောက်သွားခဲ့တာ ဖြစ်လေသည်။

သူတို့ ၅ ယောက်လုံးရဲ့ မျက်နှာပေါ်မှာ ရုတ်တရက် သဘောပေါက်သွားတဲ့ အမူအရာတွေ မြင်တော့ ကျန်းပေရန် ပြန်ထိုင်လိုက်ပြီး မေးလိုက်လေသည်။

"သင်ယူချင်ကြလား"

"အစ်ကိုကြီး ကျွန်မ... ကျွန်မ မေးခွန်း တစ်ခု မေးချင်ပါတယ်" ဖန်းချိုးယောင် သတိထားပြီး ပြောလိုက်လေသည်။

"မေး"

"ခုနက အစ်ကိုကြီး သာ ကျွန်မတို့ကို မနှိုးခဲ့ရင်... ကျွန်မတို့ တကယ် သေဆုံးသွားမှာလား"

"ဟုတ်တယ်"

"ရှီး..."

သူတို့ အစ်ကိုကြီး ရဲ့ အဖြေကို ကြားတော့ ရွှေရောင် ပန်းပွင့် ၅ ပွင့် မအံဩပဲ မနေနိုင်တော့ပေ။

'ဂီတက... တကယ် လူသတ်ဖို့ အသုံးပြုလို့ ရတာပဲ'

"ကျွန်မ သင်ယူချင်တယ်" ဖန်းချိုးယောင် က အရင်ဆုံး တုံ့ပြန်ပြီး ပြောလိုက်လေသည်။

အဲ့ဒီနောက် ကျန်တဲ့ ၄ ယောက်လည်း သင်ယူချင်စိတ်ကို ထပ်ခါတလဲလဲ ထုတ်ဖော် ပြောဆိုကြလေသည်။

"ကျွန်မ... ကျွန်မလည်း သင်ယူချင်တယ်" ဘေးနားက ရှဲ့လင်းတန်း လည်း ဝင်ပြောလိုက်လေသည်။

"အို" ကျန်းပေရန် ရှဲ့လင်းတန်း ကို အံ့သြမှုတချို့နဲ့ ကြည့်လိုက်လေသည်။

သူမ သခင်ရဲ့ အကြည့် သူမဆီ ရောက်လာတာ မြင်တော့ ရှဲ့လင်းတန်း မသိစိတ်နဲ့ ကျုံ့ဝင်သွားပြီး ပြောလိုက်လေသည်။

"ကျွန်မက နှေးကွေးပေမယ့်... ကြိုးကြိုးစားစား သင်ယူပါ့မယ်"

"ကောင်းပြီ သင်ယူချင်တာ ကောင်းတဲ့ ကိစ္စပဲ"

ပြုံးပြီး ခေါင်းညိတ်လိုက်ကာ ကျန်းပေရန် လျိုဇီကျင်း တို့ဘက် ပြန်လှည့်ကြည့်လိုက်လေသည်။

"ကောင်းပြီ မင်းတို့ အားလုံး သင်ယူချင်ကြမှတော့ ဒီနေ့က စပြီး ကျင့်ကြံခြင်း အပေါ်မှာပဲ အချိန်ကုန်နေလို့ မရတော့ဘူး မင်းတို့ရဲ့ တူရိယာတွေနဲ့ လေ့ကျင့်တာကိုလည်း လစ်လျူရှုလို့ မဖြစ်ဘူး"

"လျှို့ဝှက်ဆန်းကြယ် ဂီတ ပညာရှင် တစ်ယောက် ဖြစ်လာဖို့က ကြိုးစား လေ့ကျင့်ရုံနဲ့ ရနိုင်တဲ့ အရာ မဟုတ်ပေမယ့် ခိုင်မာတဲ့ အခြေခံ အုတ်မြစ် မရှိရင် မင်းတို့ ဘာမှ သင်ယူနိုင်မှာ မဟုတ်ဘူး နားလည်လား"

"ဟုတ်ကဲ့" ရွှေရောင် ပန်းပွင့် ၅ ပွင့် ပြိုင်တူ အော်ဟစ်လိုက်ကြလေသည်။

All Chapters