အခန်း (၁၄၁)
Vol. 14 Ch. 141
ဝိညာဉ်ကြောဂူဝမှ ထွက်လာစဉ် ရှို့ယင်းနှင့် မျက်နှာချင်းဆိုင် တိုးမိသွားသောအခါ ရှန်းယွီမှာ တစ်ချက်မျှ တုန့်ခနဲ ဖြစ်သွားသည်။ မမျှော်လင့်ထားသော ဆုံတွေ့မှုဖြစ်သော်လည်း သူသည် အပြင်ပန်းကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူမ၏ ကျင့်ကြံမှုမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မျှသာ ရှိသေးသည်ကို သူ လျင်မြန်စွာ အကဲဖြတ်လိုက်နိုင်သဖြင့် လောလောဆယ် သူ့အတွက် အန္တရာယ်မရှိနိုင်ကြောင်း စိတ်အေးသွားရသည်။
သူ၏ အဆင့်မြှင့်ထားသော အစွမ်းကို စမ်းသပ်ရန်အတွက် အဆင့် ၅ အကဲဖြတ်ခြင်းအတတ်ကို အသက်သွင်းလိုက်ရာ …..
[အမည်- ဝမ်ရှို့ယင်း]
[နယ်ပယ်- ခန္ဓာကိုယ် အလွှာ ၁၀၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်အဆင့်]
[မျိုးစိတ်- လူသား]
[အခြေအနေ- ကျိန်စာသင့်နေသည်]
[သတင်းအချက်အလက်- ရွှေရောင်အနားသတ်ဂိုဏ်း ဂိုဏ်းချုပ်၏ တစ်ဦးတည်းသော သမီး]
သူ၏ အကဲဖြတ်ခြင်းအတတ်မှာ စနစ်၏ အလိုအလျောက်ပြသမှုလောက် မတိကျသည်ကို ရှန်းယွီ စိတ်ပျက်စွာ သတိပြုမိလိုက်သည်။ စနစ်ကဲ့သို့ အလွှာအတိအကျကို မပြဘဲ အစောပိုင်းအဆင့် ဟုသာ ယေဘုယျပြနေခြင်းဖြစ်သည်။ ထို့ပြင် သူမတွင် ခိုင်လင်သွေးမျိုးဆက်
ပါဝင်သော ကပြားဖြစ်သည်ကို မဖော်ပြဘဲ လူသားဟုသာ ဖော်ပြနေသည်။
သို့သော်လည်း အားသာချက်တစ်ခုမှာ သူမသည် အင်အားကြီးဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်၏ သမီးဖြစ်သည်ဟူသော အချက်ပင်။ ဤအချက်က ရှန်းယွီ၏ ရှင်သန်ရေးဗီဇကို ချက်ချင်း သတိပေးလိုက်သည်။ ဤကဲ့သို့ နောက်ခံအင်အားကြီးသူများနှင့် အဝေးဆုံးမှာ နေရမည်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
သူ သုံးသပ်နေစဉ်မှာပင် ထိုမိန်းကလေးမှာ သူ့အနားသို့ ရုတ်တရက် တိုးကပ်လာပြီး နှာခေါင်းလေးဖြင့် သူ့ကို စတင် အနံ့ခံတော့သည်။ သူမ၏ မျက်နှာမှာ သူ့မျက်နှာနှင့် အလွန်ပင် နီးကပ်နေသည်။
"ရှင့်ဆီက အနံ့က ထူးဆန်းတယ်နော်"
သူမက မည်သည့်အရှက်အကြောက်မှ မရှိဘဲ ပွင့်လင်းစွာ ပြောဆိုလိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်က လေထုကို ဆက်တိုက် အနံ့ခံနေပြန်သည်။
ရှန်းယွီသည် ဗီဇအရပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
ဘယ်လိုလူက သူစိမ်းတစ်ယောက်ကို အနားကပ်ပြီး အနံ့အကြောင်း မှတ်ချက်ပေးရဲမှာလဲ။
သူ ရေမချိုးရသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ဝိညာဉ်စမ်းရေတွင်းက သူ့ကို နေ့စဉ် သန့်စင်ပေးနေသည်မဟုတ်ပါလား။ သူ့ဆီက အနံ့က ဘယ်လိုလုပ် ထူးဆန်းနေရမှာလဲ။
"နင် ဒီမှာ ဘာလုပ်နေတာလဲ"
သူက စကားလမ်းကြောင်းကို တမင်ပြောင်းလိုက်သည်။
"လိပ်ပြာဖမ်းနေတာလေ"
သူမက တောက်ပစွာ ပြုံးပြရင်း သူ့ထံသို့ ထပ်မံ တိုးကပ်လာပြန်သည်။
"ဒါနဲ့ ရှင်ကရော... ဘယ်လိုလုပ်ပြီး ဘာမှမရှိတဲ့နေရာကနေ ရုတ်တရက် ထွက်လာတာလဲ။ ညီမလေးကိုလည်း အဲဒီပညာ သင်ပေးပါလား"
ရှန်းယွီသည် သူမ၏ ချဉ်းကပ်မှုကို ဘေးသို့ တစ်ချက်ရှောင်လိုက်ပြီး ဘေးကင်းသော အကွာအဝေးကို ထိန်းထားလိုက်သည်။
"လိပ်ပြာဖမ်းနေတာ ဟုတ်လား"
သူက သူမကို သေချာကြည့်ရင်း ထပ်ပြောလိုက်သည်။ သူမ ကြည့်ရသည်မှာ ထိုမျှအထိ ငယ်ရွယ်ပုံမရပေ။
"ဒါနဲ့... မိရောမိရဲ့လား"
သူက စကားကို ထပ်မံလွှဲပြောင်းလိုက်သည်။
သူမ၏ မျက်လုံးလေးများက ဝမ်းနည်းသွားဟန်ဖြင့် အနည်းငယ် မှေးကျသွားသည်။
"မမိဘူး... ညီမလေး လက်နဲ့ ထိလိုက်တာနဲ့ သူတို့တွေက ရေခဲတုံးလေးတွေ ဖြစ်သွားပြီး သေကုန်ကြတယ်"
ရှန်းယွီ၏ မျက်ခုံးများ ပင့်တက်သွားသည်။
ဆောင်းရာသီ ကျိန်စာသင့် ခန္ဓာကိုယ်ရဲ့ စွမ်းအားက ဒီလောက်တောင် ထိန်းချုပ်ရခက်တာလား။
သူမ၏ မျက်နှာလေးမှာ အနည်းငယ် ညှိုးငယ်သွားသည်။
"ဟင့်အင်း... ညီမလေး သူတို့ကို ဖမ်းလိုက်ရင် သူတို့ သေသွားလိမ့်မယ်"
သူမက အရှုံးပေးထားသော လေသံဖြင့် ပြန်ဖြေသည်။
ဤစကားက ရှန်းယွီ၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်သည်။ အထူးသဖြင့် သူမ၏ အခြေအနေတွင် ကျိန်စာသင့်နေသည်ဟု အကဲဖြတ်ချက်၌ ပေါ်နေခြင်းကြောင့် ဖြစ်သည်။ ပုံမှန်အခြေအနေမျိုးတွင်ဆိုလျှင် ဤသည်မှာ သူမ၏ ဝမ်းနည်းဖွယ် နောက်ခံသမိုင်းကြောင်းကို မေးမြန်းစုံစမ်းရန် အကောင်းဆုံး အချိန်ပင်။ သို့သော် ရှန်းယွီတွင် နောက်ထပ် ဇာတ်လိုက်မင်းသမီး ဇာတ်လမ်းတစ်ခုကို စတင်ရန် အစီအစဉ်မရှိပေ။ သူသည် လီယောင်းနှင့်တင် လက်မလည်အောင် ဖြစ်နေရပြီ မဟုတ်ပါလား။
"နင် ဘာလို့ ဒီကို လာတာလဲ"
သူက ပိုမိုနက်ရှိုင်းသော စကားဝိုင်းကို ရှောင်ရှားကာ ခပ်ပြတ်ပြတ်ပင် မေးလိုက်သည်။
သူမက ခေါင်းလေးစောင်းကာ သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
"ရှင်က ထူးဆန်းတယ်နော်"
သူမက မှတ်ချက်ပေးသည်။ သူမ၏ စကားလုံးများမှာ ယခင် ကလေးဆန်သော ပုံစံထက် ပိုမိုရင့်ကျက်လာသလိုပင်။
"ညီမလေးက အဲဒီလို ပြောတာတောင် ဘာမှမဖြစ်သလို နေတဲ့သူဆိုလို့ ရှင်က ပထမဆုံးပဲ"
"ဒါက ထူးဆန်းတာမှ မဟုတ်တာ"
ရှန်းယွီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"နင် ဆက်ဆော့နေလေ ငါ သွားတော့မယ်"
သူသည် နောက်ထပ် ဇာတ်လိုက်တစ်ဦးနှင့် ထပ်မံ ပတ်သက်မိမည်ကို စိုးရိမ်သဖြင့် လှည့်ထွက်ရန် ပြင်လိုက်သည်။
"နေဦးလေ... မသွားပါနဲ့ဦး"
သူမက သူ့နောက်မှ အပြေးလိုက်ရင်း အော်ပြောသည်။
"ရှင် ခုနကလို ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာတာလဲဆိုတာ ညီမလေးကို မပြောရသေးဘူးလေ"
ရှန်းယွီသည် အဖြေပေးမည့်အစား သူ၏ ရွေ့လျားမှု နည်းစနစ်ကို အသုံးပြုကာ သူမ၏ အမြင်အာရုံထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဝမ်ရှို့ယင်းသည် ရှန်းယွီ ရပ်နေခဲ့သည့် နေရာတွင် ရပ်တန့်သွားသည်။ သူမသည် မေးစေ့လေးကို လက်ဖြင့်ကိုင်ကာ စဉ်းစားဟန်ဖြင့် ဟင်းလင်းပြင်ကို ကြည့်နေမိသည်။
"သူ ဘယ်သွားတာလဲ... ခုနလေးတင် ဒီမှာ ရှိနေတာကို..."
တစ်ဖက်တွင်မူ အမျိုးသမီးနှစ်ဦးမှာ အပြန်အလှန် စကားများနေကြဆဲဖြစ်ပြီး တစ်ဦးကိုတစ်ဦး ပြန်လည်ချေပသည့် စကားလုံးများမှာ ပို၍ စူးရှလာသည်။ အကြီးအကဲကောင်းမှာမူ သူတို့ဘေးတွင် ပုခုံးလေးတွန့်ကာ ထိုင်နေရရှာသည်။ သူသည် လေးစားရသော ဂိုဏ်းအကြီးအကဲတစ်ဦးထက် တိုက်ပွဲတွင် ဒဏ်ရာရထားသော စစ်သည်တစ်ဦးနှင့် ပိုတူနေသည်။ သူသည် ကြားဝင်ပြောဆိုရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အမျိုးသမီးနှစ်ဦး၏ "ပါးစပ်ပိတ်ထား" ဆိုသော တစ်ပြိုင်နက်တည်း ဟိန်းဟောက်သံများကြောင့် ငြိမ်နေခဲ့ရသည်။ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားချိန်တွင်လည်း အမျိုးသမီးနှစ်ဦး၏ စူးရှသော အကြည့်များကြောင့် ထိုင်ခုံတွင်ပင် ကျောက်ရုပ်ကဲ့သို့ ဆက်နေခဲ့ရသည်။
ရုတ်တရက် ချဉ်းကပ်လာသော လူရိပ်တစ်ခုကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ဝင်းပသွားသည်။ သူ၏ နားကို ဒုက္ခပေးနေသော ဤစကားပြော စစ်ပွဲအတွင်းမှ နောက်ဆုံးတွင် လွတ်မြောက်နိုင်တော့မည်။
"အာ... ရှန်း…."
သူက စိတ်လှုပ်ရှားစွာ စတင်လိုက်သော်လည်း အကြီးအကဲဟွမ်၏ လက်ချောင်းများက သူ၏ လက်မောင်းကို အားပြင်းစွာ ဆွဲဆိတ်လိုက်သဖြင့် မျက်နှာပျက်သွားရသည်။
အကြီးအကဲဟွမ်သည် ချောင်းတစ်ချက်ဟန့်ကာ မတ်တတ်ရပ်လိုက်သည်။
"ဂုဏ်ထူးဆောင် အကြီးအကဲကြီးကို ဂါရဝပြုပါတယ်"
သူမက အလွန်ပင် ရိုသေလေးစားသော ပုံစံဖြင့် နှုတ်ဆက်လိုက်သည်။ သူမ၏ ယခင် ရန်လိုနေသော အမူအရာမှာ ပျောက်ကွယ်သွားပြီး လေးစားသမှုရှိသော အမူအရာဖြင့် အစားထိုးသွားသည်။
အကြီးအကဲကောင်းသည်လည်း မိမိ၏ အမှားကို ချက်ချင်း သဘောပေါက်သွားသည်။ ပြင်ပလူများရှေ့တွင် ဂုဏ်ထူးဆောင် အကြီးအကဲကြီးကို နာမည်တိုက်ရိုက်ခေါ်ခြင်းမှာ မသင့်တော်ပေ။ သူသည် ကိုယ်ဟန်အနေအထားကို ချက်ချင်း ပြင်လိုက်ပြီး "အဟမ်း... ဂုဏ်ထူးဆောင် အကြီးအကဲကြီးကို ဂါရဝပြုပါတယ်" ဟု ထပ်လောင်း နှုတ်ဆက်လိုက်သည်။
ရှန်းယွီသည် သူ၏ ဆရာနှင့် အဒေါ်ဆရာမတို့၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ခဏမျှ အံ့အားသင့်သွားသည်။ သို့သော် မရင်းနှီးသော ဧည့်သည်တစ်ဦး ရှိနေသည်ကို သတိပြုမိလိုက်သောအခါ အခြေအနေကို ထိန်းသိမ်းရန် လိုအပ်ကြောင်း သူ နားလည်လိုက်သည်။ သူသည် မိမိ၏ ရာထူးနှင့် လိုက်ဖက်သော တည်ငြိမ်မှုဖြင့် သူတို့ကို ပြန်ထိုင်ရန် လက်ကာပြလိုက်သည်။
မိန်လင်းသည်လည်း ထိုင်ခုံမှ ထကာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"စီနီယာကို ဂါရဝပြုပါတယ်"
သူမက လေးစားစွာ နှုတ်ဆက်လိုက်သော်လည်း သူမ၏ ရှေ့တွင် ရှိနေသော လူငယ်လေးကို စူးစမ်းသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
ဂုဏ်ထူးဆောင် အကြီးအကဲကြီးသည် သူမ၏ ခန့်မှန်းချက်အရ အသက် ၂၀ ခန့်သာ ရှိသေးသဖြင့် သိသိသာသာ နုပျိုလွန်းလှသည်။ သို့သော်လည်း သူမသည် သူ့ထံမှ ကျင့်ကြံမှု စွမ်းအင်အရိပ်အယောင် အနည်းငယ်မျှပင် အာရုံခံ၍ မရသောကြောင့် သတိကြီးစွာ ထားရန် ဆုံးဖြတ်လိုက်သည်။
ရှန်းယွီက သူမ၏ နှုတ်ဆက်မှုကို ခေါင်းညိတ်ရုံမျှဖြင့် တုံ့ပြန်လိုက်သည်။ သူ၏ နုပျိုသော ရုပ်ရည်နှင့် မလိုက်အောင်ပင် အဆင့်မြင့် အကြီးအကဲတစ်ဦး၏ ဟန်ပန်မှာ ပီပြင်လှသည်။ သူသည် အခြား စကားများများစားစား ပြောမနေတော့ဘဲ ဘာမှမဖြစ်ခဲ့သလိုမျိုး မီးဖိုချောင်ထဲသို့ တိုက်ရိုက်ဝင်ကာ အစားအသောက်များ စတင်ပြင်ဆင်တော့သည်။
မိန်လင်း၏ မျက်ခုံးများမှာ သိသိသာသာ အံ့ဩသွားသဖြင့် ပင့်တက်သွားသည်။ သူမသည် အကြီးအကဲဟွမ်ဘက်သို့ လှည့်ကာ သူမ၏ ဇဝေဇဝါဖြစ်မှုကို ဖုံးကွယ်မထားနိုင်တော့ဘဲ "ရှင့်တို့ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲကြီးက ကိုယ်တိုင် ချက်ပြုတ်တာလား"
သူမက မေးလိုက်သည်။ ထိုမေးခွန်းတွင် မယုံကြည်နိုင်မှုများ အတိုင်းသား ပေါ်လွင်နေသည်။
"ဟွန်း နင်က ဘာသိလို့လဲ"
အကြီးအကဲဟွမ်က ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြန်လည်ချေပလိုက်သည်။ "ဂုဏ်ထူးဆောင် အကြီးအကဲကြီးက ချက်ပြုတ်ခြင်း အတတ်မှာ ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲ။ ငါတို့ရဲ့ ခွန်အားတွေ တိုးတက်ဖို့အတွက် သူက တစ်ခါတလေ ဝိညာဉ်
အစားအစာတွေတောင် လုပ်ပေးတာ။ သူ့ရဲ့ ဟင်းချက်စွမ်းရည်က အရှေ့ဘက်ဒေသ တစ်ခုလုံးမှာ ယှဉ်နိုင်သူ မရှိဘူး"
"ဟုတ်လို့လား"
မိန်လင်းက မယုံကြည်သေးသည့် လေသံဖြင့်ပင် ပြန်ပြောသည်။
"သေချာတာပေါ့"
အကြီးအကဲဟွမ်က အခိုင်အမာ အတည်ပြုလိုက်သည်။
မိန်လင်း၏ အကြည့်များမှာ မီးဖိုချောင်ထဲ၌ပင် ရှိနေဆဲဖြစ်သည်။ ထိုစဉ် ရှန်းယွီက သူ၏ လက်ဝါးထက်တွင် အနက်ရောင် မီးလျှံတစ်ခုကို ဖန်တီးလိုက်သည်ကို သူမ မြင်လိုက်ရသည်။ သူမ၏ တည်ငြိမ်နေသော မျက်နှာပေးမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားတော့သည်။
"အဲ…အဲဒါက..."
သူမသည် သရဲတစ်ကောင်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသကဲ့သို့ပင် စကားများ ထစ်ကုန်တော့သည်။
အကြီးအကဲဟွမ်က ထိုအမျိုးသမီး၏ ထိတ်လန့်နေမှုကို ကြည့်ကာ ခပ်ပြုံးပြုံး လုပ်နေသည်။ "ဘာလို့ ဒီလောက်တောင် အံ့ဩနေတာလဲ"
သူမက လှောင်သလိုမျိုး မေးလိုက်သည်။
"ဂုဏ်ထူးဆောင် အကြီးအကဲကြီးရဲ့ ဟင်းချက်စွမ်းရည်မှာ မိန်းမောသွားတာတော့ နားလည်ပေးလို့ ရပါတယ်လေ"
သူမက ကျေနပ်အားရစွာ ဆိုလိုက်သည်။
"ဟုတ်ပါပြီ..."
မိန်လင်းက သူမ၏ စိတ်ကို ပြန်လည်ထိန်းချုပ်ရင်း ပြန်ဖြေလိုက်သည်။
အကြီးအကဲဟွမ်က သူမကို စူးစမ်းစွာ ကြည့်နေမိသည်။ ဤမျှ ရိုးရှင်းသော သရုပ်ပြမှုကို သူမ အဘယ်ကြောင့် ဤမျှအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်နေရတာလဲ။ တကယ်ပဲ အထင်ကြီးသွားတာလား။
တစ်ဖက်တွင်မူ မိန်လင်း၏ စိတ်ထဲတွင် အတွေးများ ဗလောင်ဆူနေသည်။ ငါ မြင်တာ လုံးဝ မမှားဘူး ဟု သူမက စိတ်ထဲမှ အတည်ပြုနေသည်။ ဒီမီးလျှံက အနက်ရောင် ဖြစ်နေပေမဲ့ ဒါက အဲဒီ မီးလျှံအမျိုးအစားပဲ။ ငါ အမြန်ဆုံး ဂိုဏ်းကို ပြန်ပြီး ဆရာ့ကို သတင်းပို့ရမယ်။
သူမ၏ စဉ်းစားခန်းမှာ ရှန်းယွီ မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် ရပ်တန့်သွားသည်။ ရှန်းယွီသည် ထူးကဲစွာ ပြင်ဆင်ထားသော ဟင်းလျာ ၅ မျိုးကို လက်ထဲတွင် အသာလေး သယ်ဆောင်လာသည်။ သူ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသော မွှေးပျံ့သည့် အနံ့များမှာ တစ်ခန်းလုံးကို လွှမ်းခြုံသွားပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်တော့သည်။
မိန်လင်းမှာ ထိုအနံ့ကြောင့်ပင် အာရုံငါးပါးလုံး ထုံမှိုင်းသွားသလို ခံစားလိုက်ရသည်။ ဤအစားအစာ၏ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ သူမ ကြုံဖူးသမျှထက် များစွာ ကျော်လွန်နေသည်။ အကြီးအကဲဟွမ်ကမူ ကျေနပ်စွာ ပြုံးနေရုံသာ ရှိသည်။ သူမ မည်မျှပင် အကြိမ်ကြိမ် ကြုံဖူးပါစေ ဂုဏ်ထူးဆောင် အကြီးအကဲကြီး၏ ဟင်းချက်စွမ်းရည်မှာ သူမကို အမြဲ အံ့ဩစေဆဲပင်။
ရှန်းယွီသည် စားပွဲပေါ်တွင် ဟင်းလျာများကို စီစဉ်ပြီးနောက် ထိုင်ခုံတွင် ထိုင်ရန် ပြင်လိုက်သည်။ ထိုစဉ် ကြိုတင်သတိပေးချက် မရှိဘဲ သူ၏ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ အဆမတန် ထိုးကျသွားတော့သည်။ လေထုကိုယ်တိုင်မှာ ခဲသွားသကဲ့သို့ ဖြစ်သွားပြီး သူ့ကို ထိုနေရာတွင်ပင် အကျဉ်းချထားသလို ဖြစ်သွားစေသည်။
"နောက်ဆုံးတော့ ရှာတွေ့ပြီ"
သူ၏ နောက်ကျောဘက် တည့်တည့်မှ နူးညံ့သော အမျိုးသမီး အသံလေးတစ်ခုက တိုးတိုးလေး ဆိုလိုက်သည်။
သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ရှန်းယွီသည် သူ၏ နောက်ကျောတွင် လူတစ်ဦး၏ ထိတွေ့မှုကို ခံစားလိုက်ရပြီး သွယ်လျသော လက်မောင်းလေးများက သူ့ကို နောက်ကနေ ချစ်မြတ်နိုးစွာ ဖက်တွဲလိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ ကိုယ်လက်သေသွားလောက်သော အအေးလှိုင်းတစ်ခုက သူ့ကို လွှမ်းမိုးသွားတော့သည်။ လေထု၊ အဝတ်အစားနှင့် သူ၏ အရေပြားတို့မှာပင် ထိတွေ့ရာမှတစ်ဆင့် ရေခဲများ လျင်မြန်စွာ ပြန့်နှံ့သွားပြီး ချက်ချင်းပင် ပုံဆောင်ခဲများ ဖြစ်သွားတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရှန်းယွီမှာ ဧရာမ ရေခဲတုံးကြီး တစ်ခုအတွင်းတွင် အေးခဲလျက် ရပ်နေရတော့သည်။