← Chapters

အခန်း (၁၄၇)

Vol. 14 Ch. 147

အခန်း (၁၄၇)

Vol. 14 Ch. 147

"စီနီယာ... ကျေးဇူးပြုပြီး ရှို့ယင်းကို ကယ်တင်ပေးပါ"

မိန်လင်းက ရှန်းယွီ၏ရှေ့တွင် ဒူးထောက်ရင်း အသနားခံလိုက်သည်။ သူမ၏ နဖူးမှာ မြေကြီးနှင့် ထိလုနီးပါးပင် ဖြစ်နေတော့သည်။

ရှန်းယွီသည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ခိုးချလိုက်မိသည်။ ဤဇာတ်ကွက်၏ စကားပြောခန်းများနှင့် ဇာတ်လမ်းအကူးအပြောင်းများကို ကျော်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူ အကြောက်ဆုံး အခြေအနေသို့ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ သူသည် လက်ကို ဆန့်ထုတ်ကာ မိန်လင်းကို ညင်သာစွာ ထူပေးလိုက်သည်။

"ဒီလောက်အထိ ရိုသေပြနေစရာ မလိုပါဘူး"

သူက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"အခြေအနေကို သေချာရှင်းပြပါ။ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်ပေးပါ့မယ်"

တည်ငြိမ်နေသော မျက်နှာပေး၏ နောက်ကွယ်တွင်မူ ရှန်းယွီသည် သူ၏ ရွေးချယ်စရာများကို တွက်ချက်နေသည်။ ဒါက လုံးဝကြီးတော့ ဆိုးရွားလှသည်မဟုတ်ပေ။ ဤအခြေအနေမှ တစ်စုံတစ်ရာ အကျိုးအမြတ် ထုတ်ယူနိုင်လျှင်လည်း ရနိုင်ပေသည်။

'လက်ထပ်တာမျိုးလို အစွန်းရောက်တဲ့ တောင်းဆိုမှုမျိုး မဟုတ်သရွေ့ အားလုံး အဆင်ပြေမှာပါ' ဟု မိမိကိုယ်ကို ဆင်ခြေပေးရင်း သူ၏ နှုတ်ခမ်းထောင့်တွင် တွက်ကိန်းတွက်နေသော အပြုံးသေးသေးလေးတစ်ခု ပေါ်လာသည်။

မိန်လင်းသည် မတ်တတ်ရပ်လိုက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ၍ အလေးအနက် ဦးညွှတ်လိုက်ပြန်သည်။

"ကျေးဇူးပြုပြီး ရှို့ယင်းကို လက်ထပ်ပေးပါ"

သူမက ခိုင်မာပြတ်သားသော ယုံကြည်ချက်ဖြင့် ပြောချလိုက်တော့သည်။

ရှန်းယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားတော့သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ဆက်ရှိနေဆဲဖြစ်သော်လည်း ယခုအခါတွင်မူ အလွန်ပင် ပုံမမှန်သလို ဖြစ်နေသည်။ နှလုံးခုန်သံ အနည်းငယ်အကြာတွင် သူသည် အားမပါသော ရယ်မောသံကို အတင်းအကျပ် ထုတ်လွှတ်လိုက်ရသည်။

"ဟားဟားဟား... ကျွန်တော့်နားက ကြားချင်ရာတွေ ကြားနေတာ ထင်တယ်"

ထိုသို့ပြောကာ ပြဇာတ်ဆန်ဆန် သူ၏နားကို လက်ဖြင့် ပွတ်ပြလိုက်သည်။

"ဘာကို ကူညီပေးရမယ်လို့ ပြောလိုက်တာလဲဗျာ"

"ရှို့ယင်းကို ဇနီးအဖြစ် လက်ခံပေးပါ"

မိန်လင်းက ယခင်ကထက်ပင် ပိုမိုယုံကြည်မှုရှိသော လေသံဖြင့် ထပ်မံပြောဆိုလိုက်သည်။

"ဟားဟားဟား... ကျွန်တော် တကယ်ပဲ နားပင်းသွားတာ ထင်တယ်"

ရှန်းယွီက အတင်းငြင်းဆိုနေရင်း သူ၏ ရယ်သံမှာ ပို၍ တောင့်တင်းလာတော့သည်။

တစ်ဖက်တွင်မူ ရှို့ယင်းသည် မိန်လင်း၏ ရဲတင်းလှသော အဆိုပြုချက်ကြောင့် မျက်နှာလေးတစ်ခုလုံး ရဲရဲနီနေတော့သည်။ သူမသည် သူမ၏ လက်ကလေးများကို ကြည့်လိုက်ပြီးနောက် ရေခဲတုံးကြီးထဲ၌ သူ့ကို ထိတွေ့ခဲ့စဉ်က ခံစားခဲ့ရသော ထူးဆန်းသည့် နွေးထွေးမှုကို သတိရကာ သူ၏ ရင်ဘတ်ကို တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လှမ်းကြည့်မိသည်။ အကယ်၍ သူနှင့်သာဆိုလျှင်... သူမ၏ ရှက်သွေးမှာ ပိုမိုနက်ရှိုင်းလာတော့သည်။ ထိုကဲ့သို့ စီစဉ်မှုကို သူမအနေဖြင့် တကယ်တမ်းတွင် ငြင်းဆန်စရာ မရှိတော့ပေ။

"နင်... ဒီမြေခွေးမ"

အကြီးအကဲဟွမ်က မိန်လင်းနှင့် ရှန်းယွီကြားတွင် ကာကွယ်ရေးအတားအဆီးတစ်ခုအလား ရုတ်တရက် ပေါ်လာသည်။

"နင်ကများ ဂိုဏ်းချုပ်ရဲ့ ခင်ပွန်းလောင်းကို လူမြင်ကွင်းမှာ လုဖို့ ကြိုးစားရဲတယ်ပေါ့လ"

"ဂိုဏ်းချုပ်ရဲ့ ခင်ပွန်းလား"

မိန်လင်းမှာ ဇဝေဇဝါဖြစ်လျက် ထပ်ဆင့်ရေရွတ်မိသည်။

ဒီဂိုဏ်းရဲ့ အတွင်းရေးက အဲဒီလောက်တောင် ထူးဆန်းနေတာလား။ ဘာတစ်ခုမှ ငါ နားမလည်တော့ဘူး။

မိန်လင်းသည် စိတ်ကိုပြန်လည်စုစည်းကာ ရှန်းယွီကို တိုက်ရိုက်ကြည့်၍ ပြောလိုက်သည်။ "ဂုဏ်ထူးဆောင် အကြီးအကဲကြီး... ကျွန်မရဲ့ ပွင့်လင်းလွန်းတဲ့ စကားတွေအတွက် ခွင့်လွှတ်ပေးပါ"

"ရပါတယ်"

ရှန်းယွီက ပြန်ဖြေလိုက်သည်။

"လက်ထပ်ဖို့ကိစ္စကလွဲရင် ကျန်တဲ့ ဘယ်ကိစ္စမဆို ကျွန်တော် ကူညီပေးနိုင်ပါတယ်"

သူ၏ လေသံမှာ ဤအချက်နှင့် ပတ်သက်လျှင် ညှိနှိုင်းရန် လုံးဝနေရာမရှိကြောင်း ပြတ်သားနေသည်။

"အဲဒါကတော့... ဟို..."

မိန်လင်းသည် အတွေးများ ဗလောင်ဆူသွားသဖြင့် စကားထစ်သွားတော့သည်။

ရှန်းယွီတွင် စင်ကြယ်သော ယန်ခန္ဓာရှိသည်ဟု သူမ သံသယရှိခဲ့ပြီး ၎င်းမှာ ရှို့ယင်း၏ ယင်ကျိန်စာအတွက် အကောင်းဆုံးသော ဖူးစာဖက်ဖြစ်မည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။ ရှို့ယင်း၏ သိသိသာသာ စိတ်ဝင်စားနေသော မျက်နှာပေးကို ကြည့်ပြီး ဤဖြေရှင်းချက်မှာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု မိန်လင်း ထင်ခဲ့သည်။ မိန်းကလေးအနေဖြင့် သူမ အမှန်တကယ် စိတ်ဝင်စားနေသူနှင့် ပေါင်းဖက်ရမည်ဖြစ်ပြီး ရလဒ်ချင်း တူတူပဲဖြစ်နေသရွေ့ ဂိုဏ်းချုပ်ကြီးကလည်း မူလစီစဉ်ထားသော စေ့စပ်မှုကို ဖျက်သိမ်းလိုက်ခြင်းအပေါ် စိတ်ဆိုးမည် မဟုတ်ပေ။

သို့သော် လက်ထပ်ဖို့ကိစ္စကလွဲရင်ဆိုသည်မှာ ဘာကို ဆိုလိုတာလဲ။ သူက ရှို့ယင်းကို တရားဝင် တာဝန်ယူမှုမရှိဘဲ အခွင့်ကောင်းယူဖို့ပဲ ကြံစည်နေတာလား။

ဂိုဏ်းချုပ်ကြီး၏ အဖိုးတန်လှသော သမီးတော်အပေါ် ဤကဲ့သို့ ရိုင်းစိုင်းမှုကို သူမ အဖြစ်မခံနိုင်ပေ။

"ကျွန်တော် သူမရဲ့ အခြေအနေကို စစ်ဆေးကြည့်လို့ ရမလား"

ရှန်းယွီက မိန်လင်း၏ အတွေးကမ္ဘာကို ဖြတ်တောက်ကာ မေးလိုက်သည်။

"ရှင်"

မိန်လင်းမှာ မမျှော်လင့်ထားသော မေးခွန်းကြောင့် ကြောင်သွားရသည်။

"ကျွန်တော့်မှာ ဆေးဝါးပညာ အနည်းအပါး ရှိပါတယ်"

ရှန်းယွီက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

"ဒါဆိုရင်... တခြားနည်းလမ်းတွေ မသုံးဘဲ သူမကို ကူညီပေးနိုင်မလားဆိုတာ သိရမှာပေါ့"

ရှို့ယင်းနှင့်အတူ အေးခဲနေစဉ်အတွင်း တစ်စုံတစ်ခု ထူးခြားနေသည်ကို သူ သတိပြုမိခဲ့သည်ကို ရှန်းယွီ ပြန်သတိရလိုက်သည်။ အကယ်၍ သူ၏ သံသယသာ မှန်ကန်ပါက ဤသည်မှာ အဖိုးတန်သော အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မည်။ သူ့ဂိုဏ်းအတွက် အဆင့်မြင့် သယံဇာတများ ရရှိနိုင်သလို အဆင့်မြင့် အင်အားစုကြီးတစ်ခုနှင့်လည်း မဟာမိတ် ဖွဲ့နိုင်ပေလိမ့်မည်။

"အဲ... ဟုတ်ကဲ့ပါ"

မိန်လင်းက သဘောတူလိုက်ပြီး ရှို့ယင်းကို အနားတိုးလာရန် အချက်ပြလိုက်သည်။

မိန်းကလေးမှာ ရှက်ကိုးရှက်ကန်းနှင့် မျှော်လင့်ချက်အပြည့်ဖြင့် ရှန်းယွီ၏ ရှေ့သို့ လှမ်းတိုးလာသည်။ သူမ၏ ပါးပြင်လေးများမှာ နီမြန်းနေပြီး တိုးတိုးလေး ရေရွတ်လိုက်သည်မှာ "အစ်ကိုကြီးနဲ့ဆိုရင် ရှို့ယင်း စိတ်မရှိပါဘူး"

'ဘာကို စိတ်မရှိတာလဲ။ သေချင်လှပြီဆိုရင်လည်း ငါ့ကိုပါ ဆွဲမခေါ်ပါနဲ့'

ရှန်းယွီက စိတ်ထဲမှ စိတ်တိုတိုဖြင့် တွေးလိုက်သော်လည်း သူ၏မျက်နှာတွင်မူ ယဉ်ကျေးပျူငှာသော အပြုံးကို အသာအယာ ဆက်လက် ထိန်းသိမ်းထားသည်။ ဘာပဲဖြစ်ဖြစ် သူတို့က တန်ဖိုးရှိတဲ့ ဖောက်သည်တွေပဲ မဟုတ်လား။ အပြင်ပန်း ဟန်ဆောင်မှုကိုတော့ အကောင်းဆုံး ထိန်းထားရမည်ပင်။

ရှန်းယွီသည် သူမ၏စကားကို ပြန်မပြောဘဲ ရှို့ယင်း၏လက်အိတ်တစ်ဖက်ကို ညင်သာစွာ ချွတ်လိုက်ပြီး သူမ၏လက်ဗလာကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရေခဲမှုန်များမှာ သူ၏လက်မောင်းတစ်လျှောက် ပျံ့နှံ့လာပြီး အရေပြားပေါ်တွင် သိမ်မွေ့သော ပုံဆောင်ခဲများအဖြစ် အေးခဲသွားတော့သည်။ ယခင်ကအတိုင်းပင် သူသည် ထိုအေးစက်သောစွမ်းအင်များကို စုပ်ယူလိုက်ပြီး ထွက်ပေါ်လာသမျှကို ချက်ချင်းပင် ဓာတ်ပြယ်သွားအောင် လုပ်ဆောင်လိုက်သည်။

အတွင်းစိတ်ထဲတွင်မူ သူသည် ဤစွမ်းအင်၏ အသုံးဝင်ပုံကို မှတ်သားထားမိသည်။ ရေခဲတုံးကြီးထဲတွင် ပိတ်မိစဉ်ကလောက် စွမ်းအင်မသိပ်သည်းသော်လည်း အသုံးဝင်သည်မှာတော့ အမှန်ပင်။ သူသည် ထိုအတွေးများကို ခဏဖယ်ထားကာ သူ၏အဓိကပန်းတိုင်ဖြစ်သော သူမ၏အခြေအနေအစစ်အမှန်ကို ရှာဖွေဖော်ထုတ်ခြင်းအပေါ်တွင်သာ အာရုံစိုက်လိုက်သည်။

ဂရုတစိုက် စစ်ဆေးပြီးနောက် အချိန်အနည်းငယ်အကြာတွင် ရှန်းယွီ၏မျက်နှာ၌ ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ သံသယမှာ မှန်ကန်နေခဲ့ပြီ...

မိန်လင်းသည် ရှန်းယွီက ရှို့ယင်း၏လက်ကို ဆုပ်ကိုင်ထားသည်ကို သံသယမျက်လုံးများဖြင့် အသေအချာ စောင့်ကြည့်နေမိသည်။ သူမတို့သည် ရှို့ယင်း၏အခြေအနေအတွက် နာမည်ကျော် ဆေးဆရာများစွာနှင့် တိုင်ပင်ခဲ့ဖူးသော်လည်း မည်သူကမျှ အနှစ်သာရရှိသော အဖြေကို မပေးနိုင်ခဲ့ကြပေ။ ဤသည်မှာလည်း ဖြစ်သင့်သောအရာပင်။ အဘယ်ကြောင့်ဆိုသော် ဤပြဿနာမှာ ကုသ၍ရသော ရောဂါမျိုးမဟုတ်ဘဲ ရှို့ယင်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် တိုက်ရိုက်သက်ဆိုင်နေသော အခြေခံပြဿနာဖြစ်နေသောကြောင့်ပင်။ သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုလုံးကို ဖယ်ရှားပစ်ခြင်း သို့မဟုတ် အစားထိုးခြင်း မပြုလုပ်နိုင်သရွေ့ ရိုးရှင်းသော ကုထုံးဆိုသည်မှာ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။

"ဒါကို သောက်လိုက်"

ရှန်းယွီက အနက်ရောင် ဆေးလုံးတစ်လုံးကို ရှို့ယင်းထံ ကမ်းပေးရင်း ပြောလိုက်သည်။

မိန်လင်း၏ ပထမဆုံးဗီဇမှာ ကြားဝင်တားဆီးရန်ဖြစ်သည်။ ဤဆေးလုံးထဲတွင် ဘာတွေပါမှန်း ဘယ်သူသိနိုင်မှာလဲ။ သို့သော် ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် သူမ ကြားမဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဂုဏ်ထူးဆောင်အကြီးအကဲကြီးထံ အကူအညီတောင်းပြီးမှ သူပေးသော ဆေးကို ငြင်းပယ်ခြင်းမှာ ရိုင်းစိုင်းရာရောက်ပေလိမ့်မည်။ ထို့အပြင် သူမ၏ စိတ်ထဲတွင် သံသယများရှိသော်လည်း မျှော်လင့်ချက်အလင်းတန်းလေးတစ်ခုမှာလည်း ဖျတ်ခနဲ ပေါ်လာသည်။ တကယ်လို့သာ အလုပ်ဖြစ်သွားခဲ့ရင်ကော...

ရှို့ယင်းက မည်သည့်မေးခွန်းမျှ မမေးဘဲ ဆေးလုံးကို လက်ခံလိုက်ပြီး ရှန်းယွီကို ယုံကြည်မှုအပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တစ်ကျိုက်တည်း မျိုချလိုက်သည်။ နှလုံးခုန်သံ အနည်းငယ်အကြာအထိ ဘာမှမထူးခြားသလို ထင်ရသော်လည်း မယုံနိုင်စရာကောင်းလောက်အောင်ပင်... ရှန်းယွီက သူမ၏လက်ကို ထိထားသောနေရာတွင် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော နှင်းခဲများမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

"ဒါ... ဒါက..."

မိန်လင်းသည် သူမမြင်နေရသည်ကို အံ့ဩလွန်းသဖြင့် စကားပင် မဆုံးနိုင်တော့ပေ။ သူမသည် ရှို့ယင်း၏လက်ကို စမ်းကြည့်ရန် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လှမ်းကိုင်လိုက်သည်။ ရှို့ယင်း ငယ်စဉ်ကတည်းက ထိတွေ့လိုက်တိုင်း ခံစားခဲ့ရသော အေးစိမ့်သည့်ဒဏ်ကို သူမ မျှော်လင့်ထားသော်လည်း ယခုမူ သူမ၏လက်ချောင်းများက နွေးထွေးသော သာမန်အရေပြားနှင့်သာ ထိတွေ့လိုက်ရသည်။ အအေးဒဏ် ပျောက်ကွယ်သွားရုံသာမက အမှန်တကယ်ပင် လူသားတစ်ဦး၏ နွေးထွေးမှုကို ခံစားလိုက်ရခြင်းဖြစ်သည်။ သူမ၏မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားတော့သည်။

"သိပ်ပြီး ဝမ်းမသာပါနဲ့ဦး"

ရှန်းယွီက သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းရန် သတိပေးလိုက်သည်။

"အခုလောလောဆယ် သာမန်အတိုင်း ဖြစ်သွားပြီဆိုပေမဲ့ ဒါက ယာယီဖြေရှင်းချက်ပဲ ရှိပါသေးတယ်"

ရှန်းယွီသည် အတွင်းစိတ်ထဲတွင် သူသည် ချီစုပ်ယူခြင်းဆေးလုံးကို ကြိုတင်ဖော်စပ်ထားမိ၍ တော်သေးသည်ဟု တွေးလိုက်မိသည်။ ရှို့ယင်း၏ အန္တရာယ်ရှိသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ကုသ၍မရနိုင်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ ချီ၏ လည်ပတ်မှုယန္တရားအပေါ်တွင်သာ အခြေခံနေခြင်းဖြစ်သည်။ သူမနှင့် တိုက်ပွဲပုံရိပ်ယောင်အတွင်း တိုက်ခိုက်စဉ်က သူမကို ထိတွေ့မိသော်လည်း သူ အေးခဲမသွားခဲ့သည်ကို သတိပြုမိခဲ့သည်။

တိုက်ပွဲဝင်နေချိန်ကဲ့သို့ ချီစွမ်းအင်ကို တက်ကြွစွာ အသုံးပြုနေချိန်တွင် လျှံထွက်လာသော စွမ်းအင်များ မရှိတော့သဖြင့် ရေခဲအဖြစ် ပြောင်းလဲမလာနိုင်ကြောင်း သူ ကောက်ချက်ချလိုက်သည်။

သူမကို အမြဲတမ်း တိုက်ပွဲဝင်ခိုင်းထားရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ၏ ချီစုပ်ယူခြင်းဆေးလုံးမှာ အလွန်တန်ဖိုးရှိလာခြင်းဖြစ်သည်။ ၎င်းက သူမ၏ ပိုလျှံနေသော ချီများကို အဆက်မပြတ် စုပ်ယူပေးထားပြီး စွမ်းအင်များကို အငြိမ်မနေစေဘဲ လည်ပတ်နေစေခြင်းဖြင့် ရေခဲအဖြစ် မပြောင်းလဲသွားအောင် တားဆီးပေးထားခြင်းပင်။ ဤသဘောတရားကို နားလည်သွားလျှင် အလွန်ရိုးရှင်းသည်။

"ယာယီပဲလား"

မိန်လင်း၏ မျက်နှာတွင် စိတ်ပျက်ရိပ်များ ပြန်လည်လွှမ်းမိုးသွားပြီး ဝမ်းသာပီတိဖြစ်မှုများ မှိန်ဖျော့သွားသည်။

"ဒါက ဘယ်လောက်အထိ ခံမှာလဲ"

သူမက စိုးရိမ်တကြီး မေးလိုက်သည်။

"ကျွန်တော်လည်း အသေအချာ မသိဘူး"

ရှန်းယွီက ဝန်ခံလိုက်သည်။ သူက ဝိညာဉ်အစားအစာများ အငွေ့တထောင်းထောင်းထွက်နေသော စားပွဲဆီသို့ ညွှန်ပြလိုက်သည်။ ခုနက အေးခဲသွားခဲ့သော်လည်း ဤဟင်းလျာများမှာ သူတို့၏ ဝိညာဉ်စွမ်းအားများကို ပြည့်ဝစွာ ထိန်းသိမ်းထားနိုင်ဆဲပင်။

"အဲဒါကို အတူတူ စောင့်ကြည့်ကြည့်ကြမလား"

All Chapters