← Chapters

ရွေးချယ်ခံရခြင်း

Vol. 10 Ch. 116

ရွေးချယ်ခံရခြင်း

Vol. 10 Ch. 116

အဖွားအိုက ပြုံးနေကာ ကျေနပ်အားရသော အသံဖြင့် အသံမက်ဆေ့ချ် ပို့လိုက်သည်။ “မြေးရဲ့မိန်းမ လုပ်ပေးတာလေ၊ မမိုက်ဘူးလား။”

“စီနီယာအတန်း ထိုက်ချီ အတန်း ( ၂ ) ” ဟူသော group chatထဲတွင် လက်မများစွာ တက်လာလေသည်။

[မိုက်တယ်။]

[ဘေးမှာ မြေးတွေရှိတာ ပျော်ဖို့ကောင်းတယ်။]

[ဘာတွေက‌ အကောင်းဆုံးလဲ၊ ကျန်းမာသန်စွမ်းတာ ကောင်းတယ်၊ မိသားစုက ဂရုစိုက်တာ ကောင်းတယ်၊ မြေးတွေက ဂရုစိုက်တာ ကောင်းတယ်။]

[ဒီအန်နီမေးရှင်းလေးကို ကြိုက်တယ်။]

ထိုအချိန်တွင် ကျင်းမြို့ရှိ နံပါတ် ( ၁ ) အလယ်တန်းကျောင်းတွင် ဖြစ်သည်။

ချီရှောင်ပိုင်က နံရံကို ပျင်းရိစွာ မှီပြီး ဖုန်းသုံးနေသည်။

သူ့အကောင့်ထဲတွင် အဖွားအို၏ ပုံတင်ထားသည့်ပို့စ် တက်လာသည်ကိုမြင်တော့ သူ့မျက်လုံးများ နူးညံ့သွားကာ လိုက်ခ်လုပ်လိုက်သည်။

ထို့နောက် ကျောင်းတက်ခေါင်းလောင်း မြည်သွားခဲ့သည်။

ကျောင်းသူကျောင်းသားများက ကိုယ့်နေရာကိုယ် ပြန်ထိုင်နေကြသည်။

ကျောင်းတက်ခေါင်းလောင်း ရပ်သွားသည့်အခါ အတန်းပိုင်ဆရာက စာအုပ်ကိုကိုင်ကာ သူ့စားပွဲနားသွားလိုက်သည်။

သူက စာအုပ်ထဲရှိ ဖောင်စာရွက်ကိုထုတ်ကာ တစ်တန်းလုံးကို ဝေ့ကြည့်ပြီးနောက်တွင် ‌ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကလေးတွေ နှစ်ပတ်လည်အနုပညာပွဲက စတော့မယ်၊ ဒီတစ်ချိန်တော့ ဖိအားတွေ လျော့စေဖို့အတွက် ကျောင်းက စီနီယာအထက်တန်းကို ပါဝင်ခိုင်းထားတယ်။”

အတန်းတစ်တန်းလုံး စကားပြောသံတွေ ထွက်လာခဲ့လေသည်။

အတန်းပိုင်ဆရာက မျက်မှန်ကို ပင့်တင်ပြီးနောက်တွင် အဓိကအချက်ကို တန်းပြောလိုက်သည်။

“တစ်တန်းကို နှစ်ယောက်ထွက်ပြီး ပါဝင်ပေးရမယ်၊ ကူညီပေးချင်တဲ့လူရှိလား။”

သူ့စကားက တစ်တန်းလုံးကို ငြိမ်သက်သွားစေခဲ့သည်။

အတန်းပိုင်ဆရာက အသံတိတ်သွားခဲ့သည်။

ဒီလိုဖြစ်မယ်ဆိုတာ သိသားပဲ။

ပွဲရှိကြောင်းပြောပြသည့်အခါ တစ်တန်းလုံး စိတ်လှုပ်ရှားကြမည်။

တကယ်တမ်း ပါဝင်ရမည်ဆိုပါက သူတို့က သတ်သေဖို့ကိုသာ ရွေးချယ်ကြလိမ့်မည်။

သို့သော် ရွေးချယ်စရာ မရှိပေ။

ထိုအရာက ပြီးမြောက်အောင် ဆောင်ရွက်ရမည့် အထက်က အမိန့် ဖြစ်သည်။

အတန်းပိုင်က စူးရှစွာဖြင့် တစ်တန်းလုံးကို ကြည့်လိုက်သည်။

သူနှင့် အကြည့်ချင်းဆုံသည့် ကျောင်းသားများက အကြည့်တွေ ရှောင်ဖယ်သွားကြသည်။

တချို့က နေ့ခင်းအိပ်မက် မက်နေသကဲ့သို့ ဗလာသက်သက် စိုက်ကြည့်နေကြသည်။

တချို့က တည်ငြိမ်စွာဖြင့် မေးခွန်းစာရွက်များထုတ်ကာ စဉ်းစားချင်ယောင်ဆောင်နေကြသည်။

ချီရှောင်ပိုင်က ခေါင်းမော့ မျက်လုံးပိတ်ကာ အိပ်ချင်ယောင်ဆောင်နေသည်။

အတန်းပိုင်ဆရာ။ “....”

အတန်းပိုင်ဆရာက စောင့်ဆိုင်းပြီးနောက်တွင် ကျောင်းရည်ရွယ်ချက်ကို ထပ်မံ ပြောဆိုလိုက်သည်။ ထို့နောက် အနုပညာကော်မတီ၏ ခေါင်းဆောင်က ဖိအားများကြားတွင် ကူညီလိုက်သည်။

ထိုသို့ကူညီပြီးသည့်နောက်တွင် သူတို့က နောင်တရသွားခဲ့သည်။

မည်သူမှမလုပ်ချင်သည့် အလုပ်ကို အရင်လုပ်ပြရပြီး ကောင်းသည့် အလုပ်များကို မလုပ်ရဘဲ ရထားသည့် စံပြကျောင်းသားကောင်းဘွဲ့ကို မကြာခင် စွန့်လွှတ်မည်ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။

ကူညီမည့်လူက မရှိသေးပေ။

နောက်ဆုံး ရွေးချယ်စရာ မရှိတော့သည့်အခါ မဲနှိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

၁၀မိနစ်အတွင်း အတန်းခေါင်းဆောင်က မဲလိပ်များကို လိပ်ကာ ဘူးထဲ ထည့်လိုက်သည်။

ပထမဆုံး အတန်းမှစ၍ မဲနှိုက်ရမည်ဖြစ်သည်။

ကြယ်ပွင် ရေးထားသည့် မဲလိပ်ကို နှိုက်မိသူက ‌ကံကောင်းသူအဖြစ် ရွေးချယ်ခံရသူဖြစ်မည်။

အတန်းပိုင်ဆရာက လက်ပိုက်ထားကာ ပြောလိုက်သည်။ “မျှမျှတတ ရွေးချယ်ရအောင်၊ ရွေးချယ်ခံရသူက ငြင်းလို့ မရဘူး၊ အနုပညာပွဲမှာ ပါဝင်ရမယ်။”

ဘူးထဲက မဲများကို တစ်လိပ်ချင်း နှိုက်သွားကြသည်။

ဗလာမဲကို နှိုက်မိသူများက စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

အတန်းခေါင်းဆောင်က မဲဘူးကို သူတို့အတန်းထံ ယူလာသည်ကိုတွေ့တော့ ဝေကျောက်နန်က စိတ်လှုပ်ရှားစွာဖြင့် အနောက်လှည့်ကာ သူ့နောက်က ချီရှောင်ပိုင်ကို ပြောလိုက်သည်။

“ချီရှောင်ပိုင်၊ ငါတော့ မကောင်းတဲ့ ခံစားချက် ရနေတယ်၊ ငါတို့ထဲက တစ်ယောက်တော့ အရွေးခံရမယ်လို့ ထင်နေတယ်။”

“မင်းရဲ့ ကျက်သရေမရှိတဲ့ ပါးစပ်ကို ပိတ်ထားစမ်းပါ။” ချီရှောင်ပိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

မကြာခင်တွင် ဝေကျောက်နန် မဲနှိုက်ရမည့်အလှည့် ရောက်လာခဲ့သည်။

သူက သုံးကြိမ်လောက် အသက်ပြင်းပြင်း ရှူပြီးသည့်နောက်တွင် လက်ဖဝါးကို မှုတ်ကာ အကြိမ်များစွာ ပွတ်လိုက်ပြီးနောက်တွင် မဲနှိုက်လိုက်သည်။

သူက မဲလိပ်ကို နှိုက်ထုတ်ပြီးနောက်တွင် ဖြည်းညင်းစွာ ဖြန့်လိုက်သည်။

မျက်လုံး‌ေမှးထားကာ ကြည့်လည်း မကြည့်ရဲဖြစ်နေသည်။

“ယေး…။”

ဗလာမဲ‌ဖြစ်နေသဖြင့် လက်သီးလက်မောင်းတန်းကာ ပျော်ရွှင်နေသည်။

ထို့နောက် သူ့သူငယ်ချင်းကောင်း ချီရှောင်ပိုင်ကို အားပေးလိုက်လေသည်။

“နှိုက်တော့၊ အဖေတောင် အောင်နိုင်ခဲ့ပြီဆိုမှတော့ မင်းလည်း အောင်မြင်မှာပါ၊ ငါ့ရဲ့ ကံကောင်းခြင်းတွေ မင်းကို လွှဲပေးလိုက်ပြီ။”

ချီရှောင်ပိုင်က ပျင်းရိစွာ စိုက်ကြည့်ပြီးနောက်တွင် မဲနှိုက်လိုက်ပြီး ပြန်ချေပလိုက်သည်။ “ထွီး၊ ဒီအဖေက အမြဲကံကောင်းပြီးထားကွ။”

သူက စကားပြောပြီးသည်နှင့် ယုံကြည်မှုရှိရှိဖြင့် မဲလိပ်ကို ဖြန့်ကြည့်လိုက်သည်။

ရုတ်တရက်ပင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ချီးပဲ။”

ချီရှောင်ပိုင်သည် လွန်ခဲ့သည့် တစ်စက္ကန့်ကပဲ ယုံကြည်ချက် မြင့်မားကာ တည်ငြိမ်နေမှုများက နောက်တစ်စက္ကန့်အတွင်း ပျက်ပြားသွားခဲ့သည်။

ဝေကျောက်နန်က လည်ပင်းဆန့်ကာ ကြည့်လိုက်သည်။

စာရွက်ပေါ်တွင် ကြယ်ပုံအမှတ်အသား ပါရှိနေသည်ကို တွေ့လိုက်လေသည်။

သူက မရပ်မနားရယ်မောလိုက်ပြီး လှောင်ပြောင်ဖို့လည်း မမေ့ခဲ့ပေ။ “ချီရှောင်ပိုင်ရေ မင်းက တော်တော် ကံကောင်းတာပဲကွ။”

ရွေးချယ်ခံရသူ ပေါ်လာသဖြင့် အနောက်တန်းက မဲမနှိုက်ရသေးသူများက စိတ်အေးသွားကာ လက်ဖဝါးချင်းရိုက်ကာ ပျော်ရွှင်နေကြသည်။

ပျော်ရွှင်တက်ကြွနေသည့်အသံများက ချီရှောင်ပိုင်ကို နားကလောနေစေသည်။

အတန်းပိုင်ဆရာက ချီရှောင်ပိုင် ‌ဖျော်ဖြေမည့်အပိုင်းကို သုံးရက်အတွင်း ဖောင်ဖြည့်ရန် ဖောင်စာရွက်ပေးလိုက်သည်။

ထိုညတွင်ဖြစ်သည်။

ချီရှောင်ပိုင်က လေးလံသော ခြေလှမ်းများဖြင့် အိမ်ပြန်လာခဲ့သည်။

သူက တိတ်တဆိတ် ဖိနပ်လဲလှယ်လိုက်သည်။

ဦးနှာက်ကို အလုပ်ပေးနေသော်လည်း မည်သည့်အပိုင်းကို ဖျော်ဖြေရမည်ကို မသိပေ။

တစ်ကျောင်းလုံးရှေ့တွင် Lego ဆက်ပြလို့တော့ မရဘူး မဟုတ်လား။

ဧည့်ခန်းရှေ့ဖြတ်သွားသည့်အခါလည်း ထိုအကြောင်းကို တွေးတောနေသဖြင့် ရှန်းမူမူနှင့်အတူတူထိုင်ကာ ရုပ်ရှင်ကြည့်ရင်း သိုးမွေးထိုးနေသည့် အဖွားကို သူ မမြင်လိုက်ပေ။

အဖွားအိုက ဆွယ်တာထိုးရန် စိတ်ကူးပေါက်သွားသဖြင့် ထိုညနေကပဲ အိမ်တော်ထိန်းကျန်းကို သိုးမွေးချည်လုံးများ ဝယ်ခိုင်းခဲ့သည်။

ထိုအရာကို ရှန်းမူမူမြင်တော့ သူမလည်း စိတ်ဝင်စားသွားပြီး သင်ပြပေးရန် တောင်းဆိုခဲ့သည်။

ထို့ကြောင့် နှစ်ယောက်သား ဆိုဖာထက် ခြေချိတ်ထိုင်ကာ သိုးမွေးထိုးနေသည်။

ရှန်းမူမူက တံခါးဘက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။

“ချီအာ ပြန်လာပြီလား။” ဟု သူမ နှုတ်ဆက်လိုက်သော်လည်း တစ်ဖက်က ပြန်မဖြေလာခဲ့ပေ။

သူမ ထပ်မံ၍ အသံမြှင့်ကာ ခေါ်လိုက်သည်။ “ချီရှောင်ပိုင်။”

နောက်ဆုံးတော့ ချီရှောင်ပိုင်က ခေါ်သံကြားသွားခဲ့သည်။

သူက ဖြည်းညှင်းစွာ ခေါင်းလှည့်ကြည့်လိုက်သည်။

အဖွားအို၏စိတ်က ထက်မြတ်နေဆဲဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ချီရှောင်ပိုင် တစ်ခုခုကို စိုးရိမ်နေကြောင်း သိသည်။

သူမက ဖြစ်ကြောင်းကုန်စင်များကို မေးလိုက်သည်။

ထိုအခါမှ သူမ မြေးကြီးက ကျောင်းအနုပညာပွဲတွင် ဖျော်ဖြေရမည်ကို သိလိုက်သည်။

ယခင်က ထိုနေရာကိုရောက်ဖူးခဲ့သော လူတစ်ယောက်ကဲ့သို့ သိတတ်နားလည်စွာ ပြုံးပြီး ပြောလိုက်သည်။ “လူကလေး အရင်က စင်ပေါ်ဖျော်ဖြေခဲ့တာကို မှတ်မိသေးတယ်။”

အဖွားအိုက တစ်ခုခုတွေးတောဟန်ဖြင့် စကားကို ရပ်တန့်လိုက်သည်။

အချိန်ခဏကြာပြီးနောက်တွင် သူမက သူမ ပေါင်ကိုရိုက်လိုက်သည်။

“ဟုတ်သားပဲ၊ အဲတုန်းက နဖူးပေါ်မှာ အနီစက်ကလေးနဲ့ နီကျားလိုဝတ်ပြီး ဖျော်ဖြေခဲ့တာလေ၊ ပန်းဖွားအနီလေးတောင် အဖွားအိမ်မှာ ရှိတုန်းပဲ။”

ထိုစကားကိုကြားတော့ ရှန်းမူမူက အသံထွက်အောင် ရယ်လိုက်လေသည်။

တသီးတခြားနေကာ ခက်ထန်သည့် ချီရှောင်ပိုင်က နဖူးတွင် အနီစက်နှင့် နိကျားလိုဝတ်ဆင်ထားပုံကို သူမ တကယ် မတွေးတောနိုင်ပေ။

သူမက တွေးလေလေ ရယ်ချင်လေဖြစ်သည်။

သူမက အလွန်အမင်း ရယ်မောနေကာ အချိန်တစ်ခုလောက်ကြာမှ ထိန်းချုပ်သွားနိုင်ခဲ့သည်။

ချီရှောင်ပိုင်က ပြန်ပြောခဲ့သည်။ “အဖွားပြောတဲ့အချိန်တုန်းက မူကြိုတုန်းက ကလေးများနေ့ကလေ၊ အခုက သားက အသက် ( ၁၈ ) တောင် ပြည့်တော့မယ်။”

အဖွားအိုက ကြက်သေသေနေကာ မျက်တောင်ကိုပုတ်ခတ်လိုက်သည်။ “အို၊ အဲလောက်တောင် ကြာခဲ့ပြီလား၊ အဲ့လောက်ကြာပြီလို့ မခံစားမိဘူး။”

ထို့နောက် သူမက ရယ်လိုက်သည်။

ရှန်းမူမူက ချီရှောင်ပိုင်ထံက ဖောင်စာရွက်ကို ယူကြည့်လိုက်သည်။

စာရွက်၏ အောက်ခြေတွင် ကျောင်းအနုပညာပြပွဲတွင် မိသားစုဝင်များ အားတက်သရောပါဝင်ပေးရန်အတွက်လည်း တိုက်တွန်းအပ်ကြောင်း ရေးထားသည့် စာလေးကိုတွေ့လိုက်လေသည်။

သူမက စာရွက်ကိုချကာ ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။

“ချီအာ နင်ဘာဖျော်ဖြေရမလဲဆိုတာ ငါသိပြီ။”

***

All Chapters