← Chapters

အဖွားအို၏ ဇစ်မြစ်

Vol. 10 Ch. 117

အဖွားအို၏ ဇစ်မြစ်

Vol. 10 Ch. 117

“ချီအာ နင်ဘာဖျော်ဖြေရမလဲဆိုတာ ငါသိပြီ။”

သူမရဲ့စကားဆုံးသည်နှင့် အဖွားအိုနှင့် ချီရှောင်ပိုင်က သူမကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

ချီရှောင်ပိုင်: ဘာလဲဟ။ ငါ မသိတဲ့ အရည်အချင်းများ ငါ့မှာ ရှိနေတာလား။

ရှန်းမူမူ၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားပြီး မျက်လုံးမှေးကျဉ်းကာ မျက်ခုံးပင့်ပြီး ပြောလိုက်သည်။ “အဖွားနဲ့အတူ ထိုက်ချီဓား ကစားတာကို ဖျော်ဖြေလို့ရတယ်လေ။”

“လူကလေးနဲ့ ဖျော်ဖြေရမှာလား။” အဖွားအိုချီ၏ မျက်လုံးများက တောက်ပသွားကာ သူမရဲ့ မြေးကြီးကို ကြည့်လိုက်လေသည်။

ချီရှောင်ပိုင်က ကြက်သေ သေနေသည်။ “....”

သူက ရှန်းမူမူနှင့် အဖွားအိုချီကို ကြည့်လိုက်သည်။

သူက စိတ်ထဲတွင် မဖြစ်ဘူး ဟု အကြိမ်ထောင်ချီငြင်းနေသော်လည်း လက်တွေ့တွင် အငြင်းစကား တစ်ခွန်းမှ မထွက်လာပေ။

သူ့အဖွား၏မျက်နှာထက်ရှိ မျှော်လင့်ချက်ပြည့်နေသည့် အမူအရာကို ဆက်မကြည့်နိုင်ပေ။

ရှန်းမူမူကလည်း သူ့ကို မျှော်လင့်တကြီး စောင့်ကြည့်နေကာ သူ့အဖြေကို စောင့်ဆိုင်းနေသည်။

ချီရှောင်ပိုင်၏ တောင့်တင်းနေသည့် မျက်နှာထက်တွင် အပြုံးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ပြတ်သားစွာပြောလိုက်သည်။ “သိပ်ကောင်းတဲ့အကြံပဲ။”

အဖွားအိုက တခစ်ခစ်ရယ်ကာ သူမ၏ ဖုန်းကို လျင်မြန်စွာ ထုတ်လိုက်သည်။

သူမက သူမမြေးနှင့်ဖျော်ဖြေရမည့်အကြောင်းကို ထိုက်ချီဂရုချက်တွင် သူမ၏ အတန်းဖော်များကို ကြွားဝါလိုက်သည်။

ရှန်းမူမူက မတ်တပ်ရပ်ကာ အိမ်အကူကို ဘောပင်ယူခိုင်းလိုက်သည်။

သူမက ဖောင်စာရွက်ကို လျင်မြန်စွာ ဖြည့်ပြီး ချီရှောင်ပိုင်ကို ပြန်ပေးလိုက်သည်။

ချီရှောင်ပိုင်။ “....”

လွန်ခဲ့သည့်မိနစ်အနည်းငယ်က ဖျော်ဖြေရေးအတွက် စိုးရိမ်နေသည့်သူ့ကို တခြားလူက ယခုလို လျင်မြန်စွာ ဖောင်ဖြည့်ပေးမည်ဟု မည်သူက ထင်ခဲ့မည်နည်း။

ဒီမိထွေးက တကယ် တွေးတောပေးတတ်တာပဲ။

တကယ်တန်းတော့ ရှန်းမူမူ ထိုသို့ အကြံပြုရခြင်းမှာ ဖုံးကွယ်ထားသည့် အကြောင်းအရင်း ရှိသည်။

စာအုပ်ထဲက ဇာတ်ကြောင်းအရဆိုလျှင် အဖွားအိုက နောက်ထပ် တစ်နှစ်ကျော်ပင် နေရတော့မည် မဟုတ်ပေ။

လွန်ခဲ့သည့်နှစ်ရက်အတွင်း သူမ ရင်ထဲတစ်ခုခု ပိတ်ဆို့နေသကဲ့သို့ ခံစားခဲ့ရသည်။ အဖွားအိုနှင့် အတူရှိနေသည့်အခါတိုင်း သူမ ထိုအကြောင်းကို မတွေးမိဘဲ မနေနိုင်ပေ။

သူမက အဖွားအိုနှင့်စကားပြော အဖော်ပြုပေးသည့်အချိန်တိုင်း ဆေးစစ်ရန်အတွက် အကြိမ်များစွာ သိမ်းသွင်းခဲ့သော်လည်း အဖွားအိုက အပြုံးဖြင့် ငြင်းပယ်ခဲ့သည်။

သူမက အတင်းသွားခိုင်းလို့မရသဖြင့် ချီမော့ ပြန်အလာကိုသာ စောင့်နေရသည်။

ချီမော့က ဆရာဝန်နှင့် ကြိုတင်ချိတ်ထားကြောင်းကို သူမ သိသည်။

သူပြန်ရောက်လာသည့်အခါ ခေါင်းမာသည့်အဖွားကို ဆေးစစ်ရန်အတွက် ခေါ်သွားလိမ့်မည်။

အဖွားက ယခုတော့ ကျန်းမာနေပုံရသည်။

သို့သော် ရှန်းမူမူက သူမ၏ စိုးရိမ်စိတ်ကြောင့် စိတ်မချမ်းမြေ့နေခြင်း ဖြစ်သည်။

အကယ်၍ အဖွားသာ ထိုကပ်ဘေးရောဂါက မလွတ်မြောက်ခဲ့လျှင် မည်သို့လုပ်မည်နည်း။

အဖွားအိုနှင့် ရင်းနှီးလှသည့် ချီအာလေးရဲ့ နှလုံးသား ကျိုးကြေသွားလိမ့်မည်။

သက်ကြီးရွယ်အိုတွေက ဤကမ္ဘာလောကကြီးထံမှ နောက်ဆုံးကျလျှင် ထွက်ခွာသွားကြမည်ဖြစ်သည်။

အကယ်၍ သူမ ထိုရောဂါကပ်ဘေးမှ လွတ်မြောက်လျှင် အနာဂတ်တွင် မည်သို့လုပ်မည်နည်း။

သူမက သူမကိုယ်သူမ တွေးတောနေသည်။

ရှန်းမူမူက အကြည့်ကို ရွေ့လိုက်သည်။

အဖွားအိုက ဓားနှစ်ချောင်းကိုထုတ်ကာ ချီရှောင်ပိုင်ကို တစ်လက်ပေးပြီး သူမ၏ လှုပ်ရှားမှုအတိုင်း နောက်မှ လိုက်လုပ်ခိုင်းနေသည်။

ချီရှောင်ပိုင်က စိတ်မပါစွာ ခေါင်ငြိမ့်ပြပြီး ကိုးရိုးကားရားဟန်ဖြင့် သံစဉ်အတိုင်း အတုယူလှုပ်ရှားနေသည်။

သူ့ကိုယ်ဟန်အနေအထားက တည်ငြိမ်မှုရှိသော်လည်း လှုပ်ရှားမှုများက ကိုးရိုးကားရား ဖြစ်နေသည်။

အဖွားအိုက သူမ မြေး၏နောက်ကျောတွင်နေကာ မြေးကြီး၏ ကိုယ်ဟန်အနေအထားမှန်အောင် ပြုပြင်ပေးနေသည်။

သူမက အသေးစိတ်ကအစ သတိပြုမိခဲ့သည်။

ရှန်းမူမူက မြေးအဖွားနှစ်ယောက်ကို တိတ်တဆိတ်ပင် ဓာတ်ပုံ ရိုက်ယူလိုက်သည်။

ရှန်းမူမူက ပြုံးလိုက်ပြီး သူမ၏အကြည့်တွေက နူးညံ့နေသည်။

အကယ်၍ ဘာမှ မပြောင်းလဲနိုင်ခဲ့လျှင်တောင် ချီအာလေး၏ မှတ်ဉာဏ်ထဲတွင် အဖွားအိုနှင့်အတူ နွေးထွေးသည့် အမှတ်တရလေးကို အမှတ်ရစေချင်သည်။

ရှန်းမူမူက ချီရှောင်ပိုင် ထိုက်ချီဓားအက လေ့ကျင့်ရန် အချိန်ဇယား ဆွဲပေးခဲ့သည်။

မနက်ပိုင်း ၃မိနစ်ခွဲနှင့် ညပိုင်း နာရီဝက်လေ့ကျင့်ရမည်ဖြစ်သည်။

ချီရှောင်ပိုင် မနက်ပိုင်း ကျောင်းမသွားခင် သုံးမိနစ်ခွဲလောက် အဖွားနှင့်အတူ ဓားရေးလေ့ကျင့်ရမည်ဖြစ်သည်။ ကျောင်းကပြန်ရောက်လာပြီး ညပိုင်းတွင် နာရီဝက်လောက် အာရုံစိုက်ကာ လေ့ကျင့်ရမည်။

ချီရှောင်ပိုင် ထိုက်ချီဓားအက လေ့ကျင့်ချင်လာအောင် လူငယ်တစ်ယောက်အနေဖြင့် ထိုက်ချီဓားလေ့ကျင့်ခြင်း ဝန်မပိစေရန်အတွက် ရှန်းမူမူက သူနှင့်အတူ လိုက်လေ့ကျင့်ခဲ့သည်။

နံနက်ခင်းတွင် ငှက်ကလေးများ၏ အသံများကလည်း အဖော်ပြပေးနေသည်။

အဖွားအိုက ကျောင်းသားနှစ်ယောက်ရှေ့ကို စည်းကမ်းတင်းကြပ်ပြီး အရှေ့မှ သင်ကြားပြသပေးနေသည်။

ညပိုင်းတွင် ရှန်းမူမူက ချီရှောင်ပိုင်ကို အသေးစိတ် ကူညီမွမ်းမံပေးခဲ့သည်။

အဖွားအိုက ဘေးတွင်ထိုင်ကာ ယပ်ခတ်ရင်း ပြုပြင်ရမည့်အပိုင်းတွေကို ညွှန်ပြခဲ့သည်။ နှစ်ရက်ကြာပြီးသည့်နောက်တွင် ချီရှောင်ပိုင်က လှုပ်ရှားမှုများကို မှတ်မိသွားခဲ့သည်။

ရှန်းမူမူက ပြုပြင်ပေးရမည့်နေရာများ မရှိတော့သည်ကိုတွေ့မှ အွန်လိုင်းပေါ်မှ ဟန်ဖူ ဝတ်စုံများကို စရှာခဲ့သည်။

သူမက မြေးအဖွားနှစ်ယောက်အတွက် ရှေးခေတ်ဝတ်စုံကို စိတ်ကြိုက်မှာယူလိုကြောင်း ပြောခဲ့သည်။

တနင်္ဂနွေနေ့ဖြစ်သဖြင့် ကျောင်း မရှိပေ။

ညနေခင်းပိုင်းတွင် ချီရှောင်ပိုင်က ထပ်လေ့ကျင့်ပေးရန် တောင်းဆိုခဲ့သည်။

နှစ်ကြိမ်လောက် လေ့ကျင့်ပြီးသည့်အခါတွင် သူက အဖွားအိုကို နားခိုင်းလိုက်ပြီး သူတစ်ယောက်တည်း ဆက်လေ့ကျင့်ခဲ့သည်။

ရှန်းမူမူက အဖွားအိုကိုအဖော်ပြုကာ ထိုင်နေပြီး ကြည့်နေခဲ့သည်။

အဖွားအို ရှန်းမူမူ၏လက်ကိုကိုင်ကာ သူမမြေးကြီး လေ့ကျင့်နေသည်ကိုကြည့်ပြီး ရှန်းမူမူကိုကြည့်ကာ ပြောလိုက်သည်။ “မူမူ၊ ကျေးဇူးတင်ပါတယ်။”

ရှန်းမူမူက တုန်လှုပ်သွားခဲ့သည်။ “အဖွား ဘာပြောတာလဲ။”

အဖွားအို၏မျက်နှာတွင် နူးညံ့သည့်အပြုံးဖြစ်သွားခဲ့သည်။ “လွန်ခဲ့တဲ့နှစ်ရက်လုံး အလုပ်မသွားဘဲ ငါနဲ့လူကလေးကို အဖော်ပြုပြီး လေ့ကျင့်ပေးလို့ပေါ့၊ နင့်အလုပ်တွေကို နှောင့်နှေးစေမိပြီ။”

ရှန်းမူမူက အဖွားအို၏လက်မောင်းကို တင်းကြပ်စွာဖက်ပြီး ပြောလိုက်သည်။ “အဖွားကို အဖော်ပြုပေးရဖို့က ပိုအရေးကြီးတာပါ၊ အဖွားပြောမယ်ဆိုရင် ဘာမဆို လုပ်ပေးမှာ။”

အဖွားအိုက ရှန်းမူမူ၏ လက်ဖမိုးကိုပုတ်ပြီး မျက်လုံး‌မှေးကျဉ်းပြီး နောက်ထပ်တစ်လေသံဖြင့် ပြောလိုက်သည်။ “နင်နဲ့ ချီမော့ ကလေးရရင် ငါပိုပျော်လိမ့်မယ်။”

သူမ စကားဆုံးသည်နှင့် ရှန်းမူမူ၏ ကိုယ်ခန္ဓာက တောင့်တင်းသွားခဲ့သည်။ “.....”

ဘုရားရေ။

ယောက္ခမက ကလေးယူခိုင်းသည့် အစီအစဉ်ကို ယခုမှ လွတ်မြောက်ခဲ့တုန်းရှိသေးတာကို အဖွားထံမှ ထပ်မံ တွန်းအားပေးခံနေရပြန်သည်။

ပိုဆိုးသည်က အဖွားက ပို၍ အင်အားကြီးသည်။

အဖွားကိုတော့ ငြင်းဆန်ရန် ပိုခက်ပြီး အရူးလုပ်ရန်လည်း ခက်သည်။

သူမ၏ တုံ့ဆိုင်းမှုကို အဖွားအိုက သတိထားမိခဲ့သည်။ သူမက ရှန်းမူမူ၏ လက်ကို ဆွဲကိုင်ကာ မေးလိုက်သည်။ “နင်တို့အိမ်ထောင်ရေးက အကုန်အဆင်ပြေရဲ့လား။”

ရှန်းမူမူက ခေါင်းငြိမ့်ပြလိုက်သည်။ “အကုန်အဆင်‌ပြေပါတယ်။”

အဖွား၏ စိုးရိမ်စိတ်တွေက မပြေလျော့သွားဘဲ ပိုတိုးလာခဲ့သည်။ “ဒါဆို လက်ထပ်ပြီးတာ ကြာတာတောင် ဘာလို့ ကလေးယူဖို့ အစီအစဉ် မရှိသေးတာလဲ။”

ရှန်းမူမူ။ “....”

အဖွားက သူမလက်ကို ကိုင်ထားသည်။ “ချီမော့က အရမ်း အလုပ်များပြီး နင့်ကို အဖော်မပြုပေးနိုင်လို့ နင်တို့ကြားက ဆက်ဆံရေးက မှေးမှိန်သွားတာလား။”

ရှန်းမူမူက လျင်မြန်စွာ ခေါင်းခါလိုက်သည်။ “မမှေးမှိန်ပါဘူး။”

အဖွားအိုက မယုံသင်္ကာကြည့်လိုက်သည်။ “အဲလိုဆိုရင် ငါမယုံဘူး။”

ထိုအချိန်မှာပင် အရှေ့ရှိ ဗီလာတံခါးကြီးက ဖြည်းညှင်းစွာ ပွင့်လာသည်။

ထို့နောက် အနက်ရောင် Rolls-Royce Phantom ကားကြီးက ပေါ်လာခဲ့သည်။

ထိုကားက ပန်းခြံ ရေပန်းနားတွင် ရပ်လိုက်သည်။

ယာဉ်မောင်းဝမ် မထွက်လာခင်မှာပင် ကားအနောက်ခန်းထဲရှိလူက သူ့ကိုယ်တိုင် ကားတံခါးဖွင့်ကာ ထွက်လိုက်သည်။

ရက်ပေါင်းများစွာ မတွေ့ရသည့် အမျိုးသားတစ်ဦးက ယခုတော့ သူတို့ရှေ့တွင် ရောက်လာပြီဖြစ်သည်။

ညနေခင်းနေရောင်ခြည်သည် ထိုအမျိုးသားပေါ် ဖြာကျနေပြီး ထိုအမျိုးသား၏ မွေးရာပါ အရှိန်အဝါများကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

သူတို့က လေထဲတွင် အကြည့်ချင်း ဆုံသွားပြီး ရှန်းမူမူ၏ ဖြူဖွေးကြည်လင်သော မျက်နှာတွင် စိတ်သက်သာရာရသည့် အမူအရာ ပေါ်ပေါက်လာခဲ့သည်။

သူမ၏ မျက်လုံးများက ကွေးညွှတ်သွားခဲ့သည်။

ချက်ချင်းပင် အဖွား၏ သံသယကို ဖြေဖျောက်ကာ သူတို့က အလွန်ကြင်နာသည့် စုံတွဲလို ဟန်ဆောင်ရန် မည်သို့ လုပ်ဆောင်ရမည်ကို တွေးလိုက်သည်။

သူမက ဖြူဖွေးသည့် လက်ကို ဆန့်တန်းကာ ယခုမှ ပြန်ရောက်လာသည့် ခင်ပွန်းသည်ကို ပွေ့ဖက်ကြိုဆိုကာ သူမအသံက ချိုမြနေသည်။ “အချစ်ရေ အိမ်ပြန်ရောက်လာပြီပဲ။”

***

All Chapters