← Chapters

ဆက်တိုက်စည်းကျော်ခြင်း

Vol. 10 Ch. 119

ဆက်တိုက်စည်းကျော်ခြင်း

Vol. 10 Ch. 119

ရှန်းမူမူ၏အမူအရာက အနည်းငယ် တောင့်တင်းနေကာ အသက်ရှူသံများ နှေးကွေးနေသည်။

သူမရှေ့က မြင်ကွင်းက အမှန်တကယ် မဟုတ်သလို ခံစားနေခဲ့ရသည်။

ချီမော့၏ ရေချိုးဝတ်ရုံက လျော့တိလျော့ရဲဖြစ်နေသည်။

သို့သော် သူ့လေသံက တည်ကြည်မှုရှိလှသည်။

သူက စကားပြောပြီးသည်နှင့် ရှန်းမူမူကို ကြည့်နေခဲ့သည်။

သူ၏ နက်ရှိုင်းသည့် မျက်အိမ်က လှိုင်းများပြည့်နေသည်။

သူ၏ ရှည်လျားလှသည့် အရပ်က သူမကို လွှမ်းမိုးနေသည်။

ယခုအချိန်တွင် သူမ တွေ့ရသမျှက ထိုလူ၏ ပုံရိပ်သာ ဖြစ်သည်။

သူမ၏ နှလုံးခုန်နှုန်းများ မြန်ဆန်နေသည်ကိုလည်း ဝန်ခံရမည်။

သူမ၏ စိတ်တွေ ယောက်ယက်ခတ်နေခဲ့၏။

တစ်ခဏအတွင်း မည်သို့ ပြန်ဖြေရမည်ကို မသိသဖြင့် ထိုလူကိုသာ သူမ စိုက်ကြည့်နေမိသည်။

သူ၏ မျက်ခုံးမှတစ်ဆင့် နှာတံ၊ ထိုမှတစ်ဆင့် မေးရိုးအထိ ကြည့်နေမိသည်။

သူမရှေ့ရှိ တည်ငြိမ်သည့် အမျိုးသားက သူမ၏ ခြေလှမ်းတိုင်းကို တွက်ချက်နိုင်ခဲ့သည်။

မုဆိုးတစ်ယောက်ကဲ့သို့၊ အောင်မြင်သည့် စီးပွားရေးသမားကဲ့သို့ သူ့လက်ထဲကအရာကို ကျွမ်းကျင်စွာ ခြယ်လှယ်နိုင်သည်။

မမျှော်လင့်ထားစွာပင် ထိုခံစားချက်တွေကို သူမ ကြောက်ရွံ့ခြင်း၊ ဖိအားခံစားရခြင်းများ မရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူကို သူမ ပိုသိချင်လာခဲ့သည်။

အချိန်ခဏ ကြာပြီးသည့်နောက်တွင် သူမ၏ နားကြားရှိဆံပင်က ကျဆင်းလာကာ သူမ၏ မျက်လုံးက အရောင်လက်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “မစ္စတာချီ ဒိုင်ကိုလာဘ်ထိုးပြီး ဒီလို လှည့်စားတာလား။”

ချီမော့၏ မည်းနက်သည့် မျက်ဝန်းအိမ်က နက်နဲနေခဲ့သည်။ သူက သူမကို ငုံ့ကိုင်းကြည့်လာသည်။

သူ့အသံက အနည်းငယ် ဩရှနေသည်။ “အင်း၊ လှည့်စားတာလေ၊ အပြစ်ခံယူပါ့မယ်။”

ရှန်းမူမူ။ “!!!!”

ရှန်းမူမူက မျက်တောင်ခတ်ကာ သူမရှေ့က အမျိုးသားကိုကြည့်ပြီး အသက်ရှူပင် အောင့်ထားမိလေသည်။

ချီးပဲ။ ငါ့ သည်းခံနိုင်စွမ်းကို ထိုးနှက်ပြီး တစ်ချိန်လုံး လှည့်စားနေတာပဲ။

ပိုက်ဆံနဲ့သာမက ရုပ်ရည်နဲ့ပါ လှည့်စားနေတာ။

လှည့်ဖြားတတ်လိုက်တာ။

သူမက ခြေတစ်လှမ်းဆုတ်ကာ နှစ်ဦးကြားက အကွာအဝေးကို ခြားလိုက်သည်။

သူမက ကျနေသည့်ဆံပင်ကို ပြန်သပ်သင်လိုက်ပြီးနောက်တွက် အသက်ကို ဖြည်းဖြည်းရှူလိုက်သော်လည်း သူမရဲ့ နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။

သူမ၏ ဆံပင်က နာခံမှုမရှိဘဲ ပြန်ကျဆင်းလာခဲ့သည်။

သူမ နောက်ဆုတ်သွားသည်ကိုမြင်တော့ ချီမော့က ကိုယ်ခန္ဓာကို ပြန်မတ်လိုက်ပြီး သူမကို စိုက်ကြည့်နေကာ သူ့ပုခုံးက အနည်းငယ် လှုပ်ခတ်နေလေသည်။

သူက လက်ချောင်းများ မြှောက်ပင့်ကာ သူမ၏ဆံပင်ကို နားကြားထဲ ပြန်ထိုးထည့်ပေးလိုက်လေသည်။

ချီမော့က ဆွဲဆောင်မှုရှိသည့်အသံဖြင့် ပြောလိုက်သည်။ “ကိုယ်မင်းကို အတင်းဖိအားမပေးပါဘူး၊ အေးအေးဆေးဆေး စဉ်းစားနိုင်ပါတယ်။”

ထိုလူ၏ လက်ဖျားထိပ်များက အေးစက်နေကာ သူမ၏ နားဖျားဖြင့် ထိသွားသည်ကို ရှင်းလင်းစွာ ခံစားမိသည်။

နားထိပ်မှတစ်ဆင့် လျှပ်စီးကြောင်းများ တစ်ကိုယ်လုံး ပြန့်နှံ့သွားကာ သူမ၏ နားဖျားကလေး ပန်းရောင်သန်းသွားခဲ့သည်။

ရှန်းမူမူ၏ မျက်တောင်များက တုန်ယင်နေကာ သူမက ခေါင်းငုံ့ပြီး ခေါင်းခါပြလိုက်သည်။

သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ဒီဒိုင်လူကြီးက ကစားသမားရဲ့ စကားကို စဉ်းစားပေးပါ့မယ်၊ အခုတော့ ရေချိုးချင်တယ်။”

သူမက စကားဆုံးသည်နှင့် မျက်နှာလေး နီရဲကာ ရေချိုးခန်းထဲ ပြေးဝင်သွားခဲ့သည်။

သူမက သူ့ကို ထပ်ပင် မကြည့်ရဲတော့ပေ။

အမှန်တကယ်ကို ထူးဆန်းလှသည်။

ဖွင့်ပြောခံရသူက ဖွင့်ပြောသည့်လူထက်ပင် ပိုစိတ်လှုပ်ရှားနေသည်။

အနောက်တွင် ရပ်ကျန်ခဲ့သည့် အမျိုးသားက သူမ၏ နောက်ကျောကိုကြည့်ကာ ပြုံးနေခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်းတွင် ရှန်းမူမူက ချီမော့ ဘီရိုထံသို့ လှမ်းလျှောက်လာသံကြောင့် နိုးလာခဲ့သည်။

ခြေသံက အလွန် ဖြည်းညှင်းသော်လည်း မနေ့ညက သူမက အအိပ်ဆတ်သဖြင့် အသံတိုးတိုးကပင် သူမကို နိုးစေနိုင်ခဲ့သည်။

ချီမော့က အဝတ်အစားဝတ်ပြီးနောက်တွင် ပြန်ထွက်လာပြီး ကုတင်ခြေရင်းတွင် ပျင်းရိစွာ ရပ်ပြီး နာရီပတ်နေခဲ့သည်။

သူက အိပ်ရာထက် ကြည့်လိုက်ရာ သူမ နိုးနေသည်ကိုမြင်တော့ နူးညံ့စွာ မေးလိုက်သည်။ “ကိုယ့်ကြောင့် နိုးသွားတာလား။”

ရှန်းမူမူက ခေါင်းအုံးထဲ မျက်နှာအပ်ထားပြီး သူမ အသံက ယိုင်နေကာ ချစ်စဖွယ်ကောင်းနေသည်။

“မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မ ထတော့မယ့် အချိန် ရောက်ပြီလေ။”

ယနေ့ အဖွားကို အဖော်ပြုကာ ဆေးစစ်ခြင်းအတွက် လိုက်ပေးမည်ဟု ကတိပေးထားသည်။

ချီမော့က နာရီထံမှ နာရီလက်တံ လည်ပတ်သံကို ကြားနေရသည်။ သူက သူမကို ကြည့်လိုက်သည်။ “အိပ်လို့ ရသေးတယ်၊ မင်းကို နှိုးပေးမယ်၊ ဒေါက်တာကျန်းနဲ့က ၁၀နာရီမှ ချိန်းထားတာဆိုတော့ အချိန် အများကြီး ရသေးတယ်။”

ရှန်းမူမူက မျက်လုံးများ ပွတ်သပ်လိုက်ပြီး စောင်ထဲမှ လက်ကိုထုတ်ကာ အကြောဆန့်လိုက်သည်။

သူမက အကြောဆန့်ပြီးနောက်တွင် ပြောလိုက်သည်။ “မအိပ်တော့ပါဘူး၊ ထဖို့အချိန်ရောက်ပြီ။”

ယခု သူမ အကြောဆန့်နေပုံက ကြောင်ပေါက်လေးကဲ့သို့ ချစ်ဖို့ကောင်းနေကြောင်းကို သူမ မသိပေ။ ချီမော့၏ အကြည့်များက နူးညံ့နေသည်။ “ဟုတ်ပါပြီဗျာ။”

နံနက်စာ စားပြီးသည့်နောက်တွင် ယာဉ်မောင်းက သူတို့ သုံးဦးကို မြို့ထဲရှိ ဒေါက်တာကျန်း၏ ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဒေါက်တာကျန်းကို ကြိုတင်ဆက်သွယ်ထားသဖြင့် ‌သူမက အပြင်က စောင့်ဆိုင်းနေလေသည်။

အဖွားအို ဇိမ်ခံကားထဲက ထွက်လာသည်ကိုမြင်သည်နှင့် သူမက ပြေးဖက်ခဲ့သည်။

ယခင်က သူမ ကွမ်းချန်တွင် အလုပ်လုပ်ခဲ့စဉ်က အဖွားအို၏ သူနာပြုအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ဖူးသည်။

အဖွားအိုက ကြင်နာတတ်ကာ ပေါင်းသင်းရလွယ်ကူပြီး သူမကို မိသားစုဝင်ကဲ့သို့ ဆက်ဆံသဖြင့် သူတို့နှစ်ဦးက ရင်းနှီးကြသည်။

အဖွားအိုနှင့် အနည်းငယ် စကားပြောပြီးသည့်အခါ ကားဘေးတွင် ရပ်နေသည့် လူနှစ်ဦးကိုကြည့်ကာ နှုတ်ဆက်ခဲ့သည်။ “မစ်ချီ၊ မစ္စတာချီ မင်္ဂလာပါ။”

ချီမော့က ခေါင်းငြိမ့်ပြကာ တုံ့ပြန်ခဲ့သည်။

ရှန်းမူမူက ပြုံးကာ ပြန်နှုတ်ဆက်ခဲ့သည်။ “မင်္ဂလာပါရှင်။”

ယခင်က သူဌေးကတော်များကြားတွင် ချီမော့၏ သတင်းများ ပျံ့နှံ့စဉ်အခါက သူမ ဒေါက်တာကျန်း၏ အမည်ကို ကြားဖူးခဲ့သည်။

ဝမ်ချင်း ချဲ့ကားပြောဆိုသည့်စကားများကို နားထောင်ခဲ့စဉ်က ဒေါက်တာကျန်းက အားနည်းကာ ကပ်တွယ်တတ်သည့် အမျိုးအစားဟု သူမ ထင်မိခဲ့သည်။

သို့သော် ယနေ့ တွေ့ဆုံလိုက်ရတော့ သူမ စိတ်ကူးထဲကလို မဟုတ်သည်ကို သိလိုက်ရသည်။

သူမ ရှေ့က ဒေါက်တာကျန်းက ဆံပင်တိုတိုနှင့် ဂျူတီကုတ်ကို ဝတ်ဆင်ထားကာ ပေါင်းသင်းရလွယ်ကူမည့်ပုံရသည်။

ရှန်းမူမူနှင့် အကြည့်ချင်းဆုံသည့်အခါ ဒေါက်တာကျန်းလည်း အံ့ဩသွားခဲ့သည်။

သူမက ယခုမှ မစ်ချီနှင့် ပထမဆုံး ဆုံဖူးခြင်း ဖြစ်သည်။

သူမကို ချီမော့ တစ်ခါက ကားမောင်းပို့ပေးခဲ့စဉ်က အမြဲခက်ထန်သည့် ချီမော့က သူ့ဇနီးထံက စာမြင်သည့်အခါ ပြုံးသွားခဲ့သည်ကို သူမ မှတ်မိသေးသည်။

မစ္စတာချီ၏ ဘေးရှိ အမျိုးသမီးကို တွေ့သည့်အခါတွင်တော့ သူမရဲ့ သံသယတွေ ကင်းရှင်းသွားခဲ့သည်။

မစ်ချီက ကြွကြွရွရွ လှလှပပ ရှိသူ ဖြစ်သည်။

သူမ၏ အပြုံးက ဖော်ရွေမှုကို ဖော်ပြနေသည်။

သူမ၏ နောက်ကျောရှိ ဆံပင်က အဖျားတွင် အနည်းငယ် ကောက်ထားကာ သူမ၏ ဖြူဖွေးနေသည့် ညှပ်ရိုးကို ထင်းနေသည်။

မစ်ချီထံတွင် ပါးချိုင့်လေးနှင့် နေရောင်အောက်ရှိ ကြွေထည်ကဲ့သို့ ဖြူဖွေးသည့် အသားအရေ ရှိသည်။

မစ်ချီက သဘာဝအတိုင်း လှပသူလေး ဖြစ်သည်။

မစ္စတာချီက မစ်ချီ၏ ဘေးသို့ ကပ်သွားကာ လက်ကမ်း‌ပေးလိုက်သည်ကို တွေ့လိုက်သည်။

မစ်ချီက သူ့လက်မောင်းကို ချိတ်လိုက်လေသည်။

လေပြည်က သူတို့နှစ်ဦးကြားဖြတ်သွားခဲ့ရာ မစ်ချီ၏ အနည်းငယ်ကောက်ထားသည့် ဆံပင်များက မစ္စတာချီ၏ အင်္ကျီထက် ကျဆင်းနေလေသည်။

ထိုအချိန်တွင် ဒေါက်တာကျန်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ဖြစ်ပေါ်ခဲ့သည်။

အလွန် လိုက်ဖက်သည့် အတွဲ ဖြစ်သည်။

သူမ၏ ဘဝတစ်လျှောက်လုံးတွင် ယခုလို ဂုဏ်သရေရှိကာ လိုက်ဖက်ညီသည့်အတွဲကို ယခုမှ တွေ့ဖူးခြင်း ဖြစ်သည်။

မစ်ချီနှင့် မစ္စတာချီလို လိုက်ဖက်ညီမည့်အတွဲ မရှိနိုင်တော့ကြောင်းကိုလည်း သူမ နားလည်လိုက်သည်။

နှုတ်ဆက်ပြီးသည့်နောက်တွင် ဒေါက်တာကျန်းက ဆေးစစ်ရန်အတွက် အဖွားအိုကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

စစ်ဆေးစရာများ များပြားသဖြင့် နေ့လည်စာ စားချိန်ထိတောင် တစ်ဝက်လောက်သာ စစ်ဆေး၍ ပြီးသေးသည်။

အဖွားအိုကို ဆေးစစ်ချိန် တစ်လျှောက်လုံး မစ်ချီနှင့် မစ္စတာချီတို့က အဖော်ပြုပေးနေခဲ့သည်။

အမျိုးသား နေရန် မသင့်လျော်သည့်အခါမျိုးတွင် မစ်ချီက အဖော်ပြုပေးနေခဲ့သည်။

အဖွားအိုက သိတတ်လိမ္မာသည့် မြေးချွေးမလေး ရခဲ့ကြောင်း ဒေါက်တာကျန်း တွေးလိုက်မိသည်။

ညနေခင်းပိုင်းတွင် ဆေးစစ်ခြင်း ပြီးဆုံးသွားခဲ့သည်။

ရလဒ်ထွက်လာသည့် အချိန်တွင် ချီမော့က အလုပ်ဖုန်းဝင်လာသဖြင့် ဟောခန်းဘက်ထွက်ကာ ဖုန်းသွားပြောခဲ့သည်။

ရှန်းမူမူက အဖွားအိုကို အဖော်ပြုကာ အခန်းထဲနေခဲ့ပြီး ဒေါက်တာကျန်းက ရလဒ်ကို စားပွဲပေါ် တင်ပြခဲ့သည်။

“အဖွားနဲ့ မစ်ချီ ဆေးစစ်မှုအပြီးမှာတော့ အဖွားက ကျန်းမာရေးကောင်းကြောင်း တွေ့ရှိရပါတယ်ရှင့်။”

***

All Chapters