မိသားစု၏ ပြောင်းလဲမှု
Vol. 10 Ch. 120
“အဖွားက ကျန်းမာရေး အရမ်း ကောင်းပါတယ်ရှင်။”
သူမ စကားဆုံးတော့ ရှန်းမူမူ၏ မျက်တောင်များ လှုပ်ခတ်သွားခဲ့သည်။
ရှန်းမူမူသည် စားပွဲအောက်တွင် သူမ၏ လက်ဖြင့် အင်္ကျီကို ဆုပ်ချေထားမိသည်။
သေချာပါတယ်။
ဝတ္ထုထဲကအတိုင်း အဖွားအိုက ရုတ်တရက် အသားပိုဖြစ်လာပြီး ရောဂါဆိုးသွားတော့မှာပဲ။
ပထမဆုံးအနေဖြင့် နာမကျန်းသည့် လက္ခဏာ ပြသမည် မဟုတ်ပေ။
ရှန်းမူမူ၏ အတွေးတွေက အနည်းငယ် ကမောက်ကမ ဖြစ်နေသည်။
ကြိုသိထားသော်လည်း ဘာမှလုပ်နိုင်စွမ်း မရှိသည်ကို သိရသည့်အခါ သူမရဲ့ စိတ်ထဲမှာ စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။
သူမက စားပွဲထောင့်စွန်းကိုကိုင်ကာ အနည်းငယ် ရှေ့တိုးလိုက်သည်။ “ဒေါက်တာကျန်း ဒီတစ်ခါ မလုပ်ဖြစ်တဲ့ စစ်ဆေးမှု ကျန်သေးလား။”
ဒေါက်တာကျန်းက စာရွက်စာတမ်းများကိုကြည့်ပြီးနောက်တွင် တည်ကြည်စွာ ပြန်ဖြေလိုက်သည်။ “အဖွားကို အဆုတ် CT၊ ဦးခေါင်း CT၊ အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း ၁၅ချက်၊ သွေးစစ်ချက် ၇မျိုး၊ သိုင်းရွိုက်….”
'အသားပိုစစ်ဆေးခြင်း' ဟူသော သူမ ထံက စကားကို ကြားလိုက်သည့်အခါ ရှန်းမူမူ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။ “အခု စစ်ဆေးချက်တွေ မရောက်နိုင်တဲ့ နေရာများ ရှိသလားရှင့်။”
ဒေါက်တာကျန်းက အံ့ဩသွားပြီးမှ ပြုံးပြခဲ့သည်။ “ထုံးစံအတိုင်းဆိုရင်တော့ ဖြစ်တတ်ပါတယ်။”
ဒေါက်တာကျန်း၏အဖြေက အလွန် ပညာရှင်ပီသကာ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုက မဖြစ်သေးသည့် ရောဂါများကို မစစ်ဆေးနိုင်ကြောင်း ရှန်းမူမူအား နားလည်သဘောပေါက်စေခဲ့သည်။
ရှန်းမူမူ၏ စိုးရိမ်မှုကိုမြင်တော့ ဒေါက်တာကျန်းက ပြောခဲ့သည်။ “နိုင်ငံခြားမှာ အသားပို တားဆီးကာကွယ်ခြင်းကို သုတေသနပြုတဲ့ အသိစီနီယာရှိတယ်၊ တကယ်လို့ လိုအပ်မယ်ထင်ရင် ကျွန်မ ရက်ချိန်းယူပေးလို့ ရပါတယ်၊ သူပြန်ရောက်တဲ့အခါ အဖွား အသားပိုမဖြစ်အောင် တားဆီးဖို့ အသေးစိတ် စစ်ဆေးပေးပါလိမ့်မယ်။”
ထိုစကားကြားတော့ ရှန်းမူမူ၏ စိုးရိမ်စိတ်တွေက လျော့ကျသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဒေါက်တာကျန်း၊ ဒါက အကောင်းဆုံးပါပဲ။”
ဒေါက်တာကျန်းက ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ “ရပါတယ်ရှင်၊ အခုပဲ စီစဉ်ပေးပါ့မယ်။”
သူမ မြေးချွေးမက သူမကို စိုးရိမ်နေသည်ကိုတွေ့တော့ အဖွားချီ၏ ရင်ထဲ နွေးထွေးသွားခဲ့သည်။
သို့သော် သူမက အလုပ်မရှုပ်စေလိုသဖြင့် ရှန်းမူမူ၏ အင်္ကျီစကိုဆွဲကာ ပြောလိုက်သည်။ “မူမူ ငါနေကောင်းတယ်လို့ ဒေါက်တာကျန်းက ပြောနေတာပဲလေ၊ တကယ်နေကောင်းလို့ ပြောတာပေါ့၊ နောက်ထပ် ထပ်စစ်ဆေးစရာ မလိုပါဘူး။”
ရှန်မူမူက ပြုံးကာ သူမကို ချော့မော့ခဲ့သည်။ “အဖွားကလည်း အပြင်ပန်း စစ်ဆေးတာက ကျန်းမာရေးအခြေအနေကို အလုံးစုံ မသိနိုင်ဘူးလို့ ဒေါက်တာကျန်း ပြောခဲ့တယ်လေ၊ ဒေါက်တာ့စကား နားထောင်ပြီး စစ်ဆေးမှု ထပ်လုပ်သင့်တယ်။”
ရှန်းမူမူ၏ အသံက နူးညံ့သော်လည်း ငြင်းပယ်၍ မရပေ။ သူမကို နားချလို့မရသည်ကိုတွေ့တော့ အဖွားအိုချီက သဘောတူလိုက်ရလေသည်။
သူတို့ ဒေါက်တာကျန်း၏ အခန်းထဲက ထွက်လာချိန်တွင် ချီမော့က ဖုန်းပြောလို့ပြီးပြီဖြစ်ကာ သူတို့ထံ လာနေသည်။
သူ့အသံက နူးညံ့နေသည်။ “ဘာတဲ့လဲ။”
ရှန်းမူမူက သူမရဲ့ စိုးရိမ်စိတ်ကို ဖုံးဖိကာ ပြုံးပြီး ပြောခဲ့သည်။ “ကျန်းမာရေးကောင်းတယ်။”
ချီမော့၏ မျက်ခုံးတန်းများ ပြေလျော့သွားကာ ပြုံးသွားလေသည်။ “တော်သေးတယ်။”
ရှန်းမူမူက ထပ်မံပြောဆိုလိုက်သည်။ “အဖွားကို နောက်တစ်ကြိမ် ဆေးစစ်ဖို့ ထပ်ခေါ်သွားမယ်၊ ဒါမှ ကျွန်မ ပိုစိတ်အေးရမှာ။”
ချီမော့၏ မျက်လုံးများ မှေးကျဉ်းသွားသော်လည်း များများစားစား မတွေးဘဲ ပြောလိုက်လေသည်။ “ဟုတ်ပါပြီ။”
သူတို့သုံးဦး ရှီယွီယွဲ့ဗီလာကို ပြန်ရောက်သည့်အချိန်တွင် ညနေ ( ၄ ) နာရီပင် ရှိတော့မည်။
သူတို့ ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် အိမ်တော်ထိန်းကျန်းက အစားသေတ္တာများကို အပြင်မှ အထဲသို့ ရွှေ့နေသည်ကို တွေ့လိုက်သည်။
သူတို့ကိုတွေ့သည်နှင့် အိမ်တော်ထိန်းကျန်းက သေတ္တာဘူးကို ပြလိုက်သည်။ “အဖွား၊ ဆရာနဲ့ သခင်မ၊ မဒမ်ပို့ပေးတဲ့ပစ္စည်း ရောက်ပြီ။”
ဖုန်းယောင်ချင်က သူမ ခရီးသွားအတွေ့အကြုံတွေကို လူမှုကွန်ယက်တွင် မျှဝေလေ့ရှိသည်။
လွန်ခဲ့သည့်နှစ်ရက်က ချာကာဆားကန်တွင် အနီရောင် ဝတ်စုံဖြင့် ပုံတင်ခဲ့ပြီး မနေ့ကတော့ လန်ကျုံးကို သူမ ရောက်ခဲ့သည်။
လန်ကျုံးက အမဲသား ခေါက်ဆွဲကို စားပြီးသည့်အခါ သူမ အလွန်ချီးကျူးခဲ့သည်။
သူမက အမဲသားခေါက်ဆွဲများ ဝယ်ကာ ပို့ပေးလာခဲ့သည်။
ထိုညက မိသားစုတွေထိုင်ကာ အမဲသားခေါက်ဆွဲ စားသောက်ခဲ့သည်။
မွှေးပျံ့သည့် ငရုတ်သီးအဆီကို ခေါက်ဆွဲ ပန်းကန်ထဲ လောင်းထည့်လိုက်ကြသည်။
ရနံ့လေးက လေထဲမွှေးကြိုင်နေသည်။
ချီမော့နှင့် ချီရှောင်ပိုင်က ဂရုတစိုက်ဖြင့် အမဲသားခေါက်ဆွဲကို စားနေကြသည်။
သူတို့ပေါင်ပေါ်တွင် လက်ကိုင်ပုဝါရှိပြီး လက်ဘေးတွင် ဖန်ခွက်ရှည်များ ရှိသည်။
သူတို့က အမဲသားခေါက်ဆွဲကို ကြယ် ( ၃ ) ပွင့်စားသောက်ဆိုင်တွင် စားသကဲ့သို့ စားနေကြသည်။
“ကြော့ရှင်းနေတာပဲ။” ရှန်းမူမူက ချီးကျူးလိုက်သည့်အခါ ချီမော့နှင့် ချီရှောင်ပိုင်က လှမ်းကြည့်လိုက်သည်။
ရှန်းမူမူက ပြောလိုက်သည်။ “ကြော့ရှင်းပေမယ့် မလိုပါဘူး၊ ဒီမှာကြည့် ဒီလိုစားရတယ်။”
သူမက ပန်းကန်ထဲကို ခေါက်ဆွဲများ စွပ်ပြုတ်များ ရောထည့်ကာ အားရပါးရ စားသောက်ပြလိုက်သည်။
အဖွားအိုက သူမ၏ မြေးနှင့် မြစ်တို့ နှစ်ယောက်သားကို လက်ညှိုးထိုးကာ ရယ်နေသည်။
“ဟုတ်တယ်ထ မူမူ စားတဲ့ပုံက မှန်တယ်၊ နင်တို့နှစ်ယောက် သူ့စီက သင်ယူကြ။”
ချီမော့။ “...”
ချီရှောင်ပိုင်။ “....”
ပျော်ရွှင်ဖွယ်ကောင်းသည့် လေထုကြားတွင် ရှန်းမူမူ၏ ဖုန်းထံမှ အသံမြည်လာခဲ့သည်။
ဖုန်းယောင်ချင်ထဲမှ ဗီဒီယိုကော ဖြစ်နေသည်။
ဖုန်းကိုင်လိုက်သည်နှင့် သူမ၏ ချွေးမနှင့် အဖွားအိုက အမဲသားခေါက်ဆွဲ စားနေသည်ကို တွေ့လိုက်လေသည်။ သူမက တောက်ပစွာ ပြုံးလိုက်သည်။
“စားနေကြပြီလား၊ စားကောင်းလား။”
ရှန်းမူမူက ပန်းကန်အလွတ်ကို ပြလိုက်ပြီး လက်မ ထောင်ပြလိုက်သည်။ “အမေရယ် အရမ်းစားကောင်းတာပဲ၊ အကုန်စားလိုက်ပြီ။”
ဖုန်းယောင်ချင်က တခြားမြို့များကို ရောက်သည့်အခါတွင်လည်း ဒေသထွက် စားစရာများ ပို့ပေးမည့်အကြောင်း ပြောနေသည်။
ချီရှောင်ပိုင်က ခေါက်ဆွဲစားရင်း တခြားလူများကို ကြည့်နေသည်။
မိသားစုဝင်တွေ ပြောင်းလဲနေသည်ကို သိရသည့်အခါ သူအံ့ဩနေသည်။
ချက်ချင်းပြောင်းလဲနေသည်။
အဖွားအိုနှင့် အဖေ ရှိနေသည်တောင် သူ့အဖွားက သူ့မိထွေးကိုသာ ဖုန်းခေါ်ခဲ့သည်။
သူမက သူ့အဖေကိုပင် တစ်ခွန်းမပေးဘဲ မိထွေးနှင့်သာ တစ်ချိန်လုံး စကားပြောနေခဲ့သည်။
ထိုအရာက သူမ ပိုနီးကပ်သည့်လူက မည်သူဖြစ်ကြောင်း သိနိုင်သည်။
ဆယ်မိနစ်ကုန်သည့်အခါတွင်ဖြစ်သည်။
ဖုန်းယောင်ချင် ဖုန်းချတော့မည့်အချိန်တွင် သူ့ဖခင်အမည်ကို ပြောလိုက်သည်ကို သူကြားလိုက်ရလေသည်။
“ဟုတ်သားပဲ အရေးကြီးတဲ့ကိစ္စ မေ့တော့မလို့၊ ချီမော့ အမေတို့ဘေးအိမ်က ဦးလေးဖန့်ကို မှတ်မိသေးလား။”
ရှန်းမူမူက ဖုန်းကို ချီမော့ဘက် အနည်းငယ် စောင်းပေးလိုက်သည်။
ချီမော့က မျက်မှောင်ကြုတ်ကာ သူ့မိခင်ပြောသည့် အမည်ကို စဉ်းစားနေသည်။
အချိန်ခဏ ကြာပြီးသည့်နောက်တွင် မျက်ခုံးများပြေလျော့သွားခဲ့သည်။ “သတင်းစာတိုက်မှာ အလုပ်လုပ်တဲ့ အခန်း ( ၃၀၃ ) က ဦးလေးဖန့်လား။”
သူစီးပွားရေး မအောင်မြင်ခင်က သူ့မိဘများနှင့် ( ၃ ) လမ်းရှိ တိုက်ခန်းတွင် နေခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက ထိုတိုက်ခန်းတန်းကို ဖြိုဖျက်လိုက်ပြီဖြစ်ရာ ထိုနေရာက လူနာမည်များကို မကြားရသည်မှာ ကြာပြီဖြစ်သည်။
ဖုန်းယောင်ချင်၏အသံက တစ်ဖက်ဖုန်းထဲမှ ထွက်လာခဲ့သည်။ “ဟုတ်တယ် သတင်းစာတိုက်မှာ အလုပ်လုပ်တဲ့ အခန်း ( ၃၀၃ ) က ဦးလေးဖန့်၊ သူက နင့်အဖေရဲ့ ကောလိပ်အတန်းဖော်လေ၊ တိုက်ခန်းဖျက်သွားတော့ သူတို့တစ်မိသားစုလုံး ယွင်မြို့ကို ပြောင်းသွားခဲ့တာ၊ ဒီနေ့ပဲ ဦးလေးဖန့်က ဖုန်းဆက်လာတာ၊ သူ့သမီးက မင်္ဂလာဆောင်ပြီးရင် ပေကျင်းကို ပြောင်းမှာတဲ့၊ မင်္ဂလာပွဲတက်ဖို့ ငါ့ကိုဖိတ်တာ၊ အခု ငါက ခရီးသွားနေတော့ သွားလို့ မရဘူးလေ၊ သောကြာနေ့ကျရင် ငါ့အစား သွားတက်ပေးလို့ ရတယ်မလား။”
***