← Chapters

ဘာတွေတွေးနေတာလဲ

Vol. 10 Ch. 121

ဘာတွေတွေးနေတာလဲ

Vol. 10 Ch. 121

လောင်ဖုန်း၏ သမီး မင်္ဂလာဆောင်ဖိတ်စာရတော့ ဖုန်းယောင်ချင် အံ့ဩသွားခဲ့သည်။

တိုက်ခန်းဖြိုဖျက်သွားကတည်းက အိမ်နီးချင်း အနည်းငယ်နှင့်သာ အဆက်အသွယ်ရှိခဲ့သည်။

တိုက်ခန်းဖြိုဖျက်ခံရစဉ်က စမတ်ဖုန်းများ ခေတ်မစားသေးပေ။

တိုက်ခန်းဖြိုသွားပြီးကတည်းက အိမ်နီးချင်းများနှင့် အဆက်အသွယ် ပျက်သွားခဲ့သည်။

အကယ်၍ သူမ ခင်ပွန်းသေဆုံးစဉ်က လောင်ဖုန်းသာ အကူငွေ မထည့်ပေးလာပါက သူမ ထိုနာမည်ကိုပင် မေ့လုနီးပါး ဖြစ်နေနိုင်သည်။

အံ့ဩခြင်းနှင့်အတူ ထိုပွဲကို သွားသင့်သည်ဟုလည်း သူမ ထင်သည်။

ပထမဆုံးအနေဖြင့် ပြန်ကူညီရမည်ဖြစ်သည်။

ဒုတိယအနေဖြင့် လောင်ဖုန်း သူမကို ဖိတ်စာပို့ရသည့်အကြောင်းကို သူမ နားလည်သည်။

ဖုန်းပြောရင်းဖြင့် လောင်ဖုန်းက လွန်ခဲ့သည့်နှစ်အနည်းငယ်က လေဖြတ်နေကာ လမ်းလျှောက်ရာတွင် အခက်အခဲရှိနေကြောင်း သိလိုက်ရသည်။

ယွင်မြို့ရှိ သူ့သမီးမင်္ဂလာပွဲသို့ ဝှီးချဲဖြင့်သာ တက်ရောက်နိုင်မည်ဖြစ်သော်လည်း ကျင်းမြို့ရှိပွဲကို ထိုသို့ လုပ်၍ မရပေ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အိမ်နီးချင်းများကို မင်္ဂလာပွဲဖိတ်ရသည့်အကြောင်းအရင်းမှာ သူ့သမီးက တစ်နယ်တစ်ကျေးက လာရောက်ရသော်လည်း ကျင်းမြို့တွင် အသိမိတ်ဆွေများရှိကြောင်းကို သတို့သားဘက်ကို သိစေလို၍ ဖြစ်သည်။

သူ့သမီးကို သတို့သားဘက်က လျစ်လျူ မရှုစေရန် သူ မျှော်လင့်နေခြင်း ဖြစ်သည်။

ထိုည၌ ရှန်းမူမူက မျက်နှာတွင် essence လိမ်းနေကာ ချီမော့က ရေချိုးခန်းထဲက ထွက်လာပြီး လည်ပင်းတွင် တဘက်ချိတ်ကာ ခေါင်းသုတ်နေသည်။

သူ့ကို မှန်ထဲမှ တစ်ဆင့်ကြည့်ကာ ရှန်းမူမူက မေးလိုက်သည်။ “သောကြာနေ့ကျရင် အတူတူ သွားမှာလား၊ ခွဲသွားမှာလား။”

သူမက သူတို့ ဆုံခဲ့သည့် ဗီလာက ပွဲတက်ခြင်းကို ပြန်တွေးလိုက်သည်။

ခေါင်းသုတ်နေသည့် ချီမော့၏လက်မျာ ရပ်တန့်သွားကာ သူမကို ကြည့်လိုက်သည်။ “သေချာပေါက် အတူတူ သွားမှာပေါ့။”

ရှန်းမူမူက အင်း ဟုသာ ပြန်တုံ့ပြန်ပြီး eye cream လိမ်းနေသည်။

ချီမော့က ကုတင်ခြေရင်းရှိ ခွေးခြေခုံတွင် ထိုင်လိုက်သည်။

သူ၏ ရှည်လျားသည့် ခြေထောက်များက ကွေးနေကာ သူ့ပုံစံက ပျင်းတိပျင်းရွဲ ဖြစ်နေသည်။

ချီမော့က ဆံပင်သုတ်ရင်း ပြုံးကာ ပြောလိုက်သည်။ “ဦးလေးဖန့်က ကြင်နာတတ်တဲ့လူပါ၊ ကိုယ် ချီမိသားစုထဲ စရောက်တဲ့အချိန်တုန်းက ဝန်းထဲက တခြားကလေးတွေနဲ့ မခင်ဘူးလေ၊ သူက ကိုယ့်ကိုခေါ်ပြီး အောက်က စတိုးဆိုင်မှာ ဆိုဒါတွေ ဝယ်ပေးပြီး ဝန်းထဲက ကလေးတွေကို ဝေတာ၊ ပြီးတော့ ကိုယ် ဝယ်တိုက်တာလို့ အဲ့ကလေးတွေကို ပြောခဲ့တာလေ။”

ချီမော့က စကားပြောပြီးသည်နှင့် ရယ်လိုက်သည်။

ထိုအမှတ်တရလေးက သူ့မျက်လုံးတွေကို နူးညံ့သွားစေခဲ့သည်။

ရှန်းမူမူက သူ့ပုံရိပ်ကို မှန်ထဲကတစ်ဆင့် ကြည့်နေသည်။

သူတို့ကြားမှ အကွာအဝေးက နီးလည်း မနီးသလို ဝေးလည်း မဝေးပေ။

သူ့ကလေးဘဝအကြောင်း နားထောင်ရသည်မှာ ရင်းနှီးသလို သူမ ခံစားရသည်။

ရှန်းမူမူ၏ မျက်လုံးများ ကွေးညွှတ်သွားခဲ့သည်။ “ဦးလေးဖန့်က လူကောင်းပဲ။”

ချီမော့သည် ပုဝါကို လည်ပင်းတွင် ပေါ့ပေါ့ပါးပါး ပတ်ကာ လက်နောက်ပြန်ထောက်ပြီး သူမကို ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။ “ကလေးချင်း သဘောတူထားတာ မရှိဘူး၊ သူ့သမီးနဲ့က အိမ်နီးချင်းပဲ၊ စိတ်မပူနဲ့။”

ရှန်းမူမူက အကြည့်လွှဲလိုက်သည်။ “ဪ။”

“မစိုးရိမ်နဲ့”ဟူသော သူ့စကားကို သူမက ထူးဆန်းသည့်လေသံဖြင့် ပြန်တုံ့ပြန်သည့်အခါ ချီမော့က ပြုံးလိုက်သည်။

ရှန်းမူမူက ထိုအကြောင်းကို တွေးလေလေ ပိုထူးဆန်းသကဲ့သို့ ခံစားလိုက်ရကာ သူမက ပြောလိုက်သည်။ “မစိုးရိမ်ပါဘူး။”

သူမ၏ အသံက မကျယ်သလို နူးညံ့ခြင်းလည်း ရှိမနေဘဲ မျက်မှောင်ကြုတ်ထားသည်။

သူမက ဘာမှ မဖြစ်သကဲ့သို့ နေထိုင်နေသော်လည်း ချီမော့အမြင်မှာ ထူးဆန်းနေသည်။

သူက ခါးမတ်ပြီး အနားတိုးကပ်လိုက်လေသည်။

ချီမော့ထံမှာ ရေချိုးဆပ်ပြာနံ့ သင်းသင်းလေးကို ရသည့်အခါ ရှန်းမူမူက ခေါင်းကို အနည်းငယ် ရှောင်လိုက်သည်။

သူတို့နှစ်ဦး၏ ခေါင်းက သိပ်မကွာဝေးတော့ဘဲ ဘေးရှိလေထုက မွှေးပျံ့နေသည်ကို ရှန်းမူမူ ခံစားမိသည်။

သူမ၏ ရင်ခုန်နှုန်း‌တွေ မြန်ဆန်နေသည်။

သူမ၏ ရင်ထဲက လှိုင်းထမှုကို ဖုံးကွယ်ရန်အတွက် စားပွဲပေါ်က ပုလင်းတစ်ခုကို ကောက်ကိုင်လိုက်လေသည်။

သူမ ဖွင့်နေသည့်ပုလင်းကိုကြည့်ကာ ချီမော့က မျက်မှောင်ကြုတ်လိုက်သည်။

သူက ဆွဲဆောင်မှုရှိသည့်အသံဖြင့် အနည်းငယ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ “ဒါက အစောကပဲ လိမ်းပြီးပြီမလား။”

ရှန်းမူမူ။ “.....”

ပုလင်းကို ကြည့်ပြီးသည့်နောက်တွင် သူမ တောင့်ခဲသွားလေသည်။

တကယ်ကို သူမ လိမ်းပြီးသည့် eye cream ဖြစ်နေသည်။

သို့သော် ချီမော့က အစောပိုင်းက သူမရဲ့ အဝေးတွင် ထိုင်နေခြင်းဖြစ်သော်လည်း မည်သို့ သိသနည်း။

“ကိုယ်လိမ်းပြီးတာကို ကိုယ်မေ့နေသေးတယ်။” ချီမော့၏ ဆွဲဆောင်မှုရှိသည့်အသံက သူမဘေးတွင် ဝေ့ဝဲနေသည်။ “မင်း ဘာတွေ တွေးနေတာလဲ။”

ရှန်းမူမူက အသက်ရှူအောင့်လိုက်မိကာ နားများ ရဲသွားလေသည်။

သူမက အသက်ဖွဖွရှူပြီး ဘာမှ မဖြစ်သကဲ့သို့ ပုံမှန်အတိုင်း ဟန်ဆောင်ကာ ပြောလိုက်သည်။ “သောကြာနေ့ပွဲအတွက် ဘာဝတ်ရမလဲလို့ တွေးနေတာ။”

“ဪ။” ချီမော့က အနားပိုကပ်လာပြီး သူ့မျက်လုံးထဲက ရယ်ချင်‌သည့် အပြုအမူလေးကတော့ ပျောက်မသွားပေ။ “အဲလိုလား။”

ရှန်းမူမူက ခေါင်းငြိမ့်ပြလိုက်သည်။ “အင်းပေါ့၊ တခြား ဘာဖြစ်ရဦးမှာလဲ။”

ချီမော့၏ မျက်လုံးထဲက ရယ်ချင်စိတ်က ပိုကြီးများလာခဲ့သည်။ သူက မြင်နေရသော်လည်း မထုတ်ဖော်ခဲ့ပေ။

သူက ခါးပြန်မတ်လိုက်ပြီး သူမကိုကြည့်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း မင်းစဉ်းစားပြီးရင် ကိုယ်ဝတ်ဖို့လည်း ရွေးပေးဦး။”

ရှန်းမူမူက တုန်လှုပ်သွားကာ သူ့ကို လှည့်ကြည့်လိုက်သည်။

သူတို့နှစ်ဦးက အကြည့်ချင်းဆုံသွားခဲ့သည်။

ထိုအခါတွင် ကောက်ကျစ်သည့် မြေခွေး၏ မျက်နှာထက်တွင် အမူအရာ တစ်ခု ရှိနေသည်။

ရှန်းမူမူက မျက်တောင် ပုတ်ခတ်လိုက်မိသည်။

ချီမော့က မျက်မှောင်ကြုတ်ကာ သူ့တောင်းဆိုမှုက မသင့်လျော်ဘူးဟု သူ မခံစားမိပေ။

ရှန်းမူမူ၏ အတွေးထဲတွင် မေးခွန်းများ တန်းစီသွားလေသည်။

ဒီလူက ဘာလဲဟ။

သူ့ကြည့်ရတာ….ပိုပြီး ရဲတင်းလာသလားလို့။

ဒါတောင် သူ ဝန်ခံထားတာကို လက်မခံရသေးဘူး။

ဒါကိုတောင် သူ ဝတ်ဖို့ အဝတ်အစား လာရွေးခိုင်းနေသေးတယ်။

ရှန်းမူမူ၏အမြင်တွင် အမျိုးသားတစ်ယောက်အတွက် အဝတ်အစားရွေးပေးခြင်းက အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိမှသာ လုပ်ကြသည်ဟု သူမ ထင်သည်။

ပြီးခဲ့သည့်တစ်ခေါက်က ချီမော့က အဝတ်များကို ခရီးဆောင်အိတ်ထဲ ဗရမ်းပတာ ထည့်နေသည်ကို တွေ့သဖြင့် သူမက ကြင်နာစွာ ကူညီခဲ့ခြင်းဖြစ်သည်။

အခုတော့ ဒီလို တန်းပြီး တောင်းဆိုနေပြီလား။

'ယောက်ျားတွေကို အလို မလိုက်ရဘူး’ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားကာ ရှန်းမူမူက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ကိုယ့်ဘာသာကိုယ်ရွေး၊ ဒီမတိုင်ခင်ကတည်း ကိုယ်ဝတ်ဖို့ ကိုယ်တိုင်ရွေးနေတာပဲ မဟုတ်လား၊ ဘာလဲ အိမ်နီးချင်း မိန်းကလေးရဲ့ မင်္ဂလာဆောင်ကို သွားရမှာဆိုတော့ အရမ်းရှုပ်ထွေးပြီး အဝတ်အစားတောင် မရွေးနိုင်တော့ဘူးလား။”

ချီမော့။ “.....”

***

All Chapters