ရှင် ဒီလို လုပ်နေတာက ကျွန်မကို ပိုပြီး တွေးထင်စေတယ်…
Vol. 10 Ch. 122
“ဘာလဲ။ အိမ်နီးချင်း မိန်းကလေးရဲ့ မင်္ဂလာဆောင်ကို သွားရမှာဆိုတော့ အရမ်းရှုပ်ထွေးပြီး အဝတ်အစားတောင် မရွေးနိုင်တော့ဘူးလား။”
ရှန်းမူမူက သူမ ပြောလို့ပြီးသွားမှ လေထုက ထူးဆန်းသွားသည်ကို သတိထားမိလိုက်လေသည်။
မည်သို့နားထောင်ပါစေ သဝန်တိုနေသည့် လေသံ ပေါက်မနေဘူးလား။
သူမရှေ့ရှိ တည်ငြိမ်သည့်လူက ပုခုံးများ၊ ရင်ဘတ်များ လှုပ်ခတ်လာကာ အသံထွက်ကာ ရယ်တော့သည်။
ရှန်းမူမူက စာပွဲကိုထောက်ကာ မတ်တပ်ရပ်လိုက်သည်။
ထိုစကားဝိုင်းကို သူမ အဆုံးသတ်ပြီး ရေချိုးတော့မည်။
သို့သော် သူမ လှည့်ထွက်မည့်အချိန်တွင် သူမရဲ့ လက်ကောက်ဝတ်က ဆုပ်ကိုင်ခံလိုက်ရလေသည်။
ထိုလူ၏ လက်ဖဝါးများက သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တားထားသည်။
နွေးထွေးမှု အငွေ့အသက်က သူမရဲ့ လက်ကောက်ဝတ်မှတစ်ဆင့် တစ်ကိုယ်လုံး ပျံ့သွားသည်။
“မူမူ…” ချီမော့၏ မျက်ဝန်းထဲတွင် ဘဝင်ခိုက်နေသည့် အမူအရာများ ရှိနေသော်လည်း သူက သူမကို နူးညံ့စွာ ကြည့်ပြီး ပြောလိုက်သည်။ “ကိုယ်တွေးကြည့်လိုက်တော့ ကိုယ်မှားတာပါ။”
ရှန်းမူမူက မျက်တောင်ပုတ်ခတ်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ “ဘာမှားတာလဲ။”
သူမက စကားဆုံးသည်နှင့် နောက်တစ်ကြိမ် နောင်တ ထပ်ရသွားလေသည်။
ထိုလေသံက သူမ အွန်လိုင်းပေါ်မှ တွေ့သည့် အတွဲတွေကြားဖြစ်လေ့ဖြစ်ထရှိသည့် အကြောင်းအရာနှင့် ဆင်တူနေသည်။
“ကိုယ် မှားပါတယ်။” ဟု ကောင်လေးက သူ့ချစ်သူ ကောင်မလေးကို ပြောလျှင် ကောင်မလေးက “ဘာမှားတာလဲ၊ ရှင် နောက်ထပ် လုပ်ရဲသေးလား။” ဟူသော ဇာတ်လမ်းနှင့် ဆင်နေသည်။
ဟင်း…။
ယနေ့စကားဝိုင်းက ကိုးရိုးကားရား ဖြစ်တော့မည်။
သူမက ပြန်ရုတ်သိမ်းချင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။
ချီမော့၏ မျက်ဝန်းအိမ်တွင် အခန်းမီးရောင်ဟပ်နေကာ ယခုမှ ရေချိုးပြီးသဖြင့် ဆံပင်က နဖူးပေါ်ကျနေကာ ပုံမှန်မြင်နေကျ ခက်ထန်သည့် အသွင်နှင့် မတူပေ။
သူ့ပုံစံကိုကြည့်ရသည်မှာ အလွန်နူးညံ့နေသည်။
သူက ရှန်းမူမူကိုကြည့်နေကာ သူ့အသံက နူးညံ့နေသည်။ “မင်းကို ကိုယ့်ဘေးက အမျိုးသမီးတွေ အကြောင်း ပြောပြသင့်တာ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က အိမ်နီးချင်း အမျိုးသမီးတွေအကြောင်းလည်း ပြောပြခဲ့သင့်တယ်။”
အမျိုးသမီးတွေ၏ ဆွဲဆောင်ခြင်းကို တစ်ခါမှ မခံရဖူးသလို သူကိုယ်တိုင်ကလည်း အမျိုးသမီးတွေကို မဆွဲဆောင်ခဲ့ပေ။
မည်သည့်အမျိုးသမီးရဲ့ ဆွဲဆောင်မှုနောက်လည်း မပါဖူးပေ။
ယခင်က သူမကို သူနှင့် ပတ်သက်သည့် မိတ်ဆွေအမျိုးသမီးများအကြောင်း အသိပေးရမည်ဟု မတွေးဖူးခဲ့ပေ။
ကံကောင်းချင်တော့ ယခု အသိပေးဖို့ သိပ်နောက်မကျသေးပေ။
ရှန်းမူမူက သူမ လက်ကောက်ဝတ် ပို၍တင်းကြပ်လာကြောင်း ခံစားမိလိုက်သည်။
ထို့နောက် ချီမော့၏ တည်ငြိမ်သည့် အသံ ထွက်လာခဲ့သည်။
“မင်းနဲ့ တွေ့တဲ့ ချောင်လီက ကိုယ့်ဝမ်းကွဲညီမ…”
ရှန်းမူမူက ကြက်သေသေနေကာ သူ့ကို ဗလာသက်သက် ကြည့်နေသည်။
“အလုပ်မှာ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး ( ၃ ) ယောက်နဲ့ အထက် အပြောအဆို အဆက်အဆံ ရှိတယ်။”
“....”
“ဒါပေမယ့် အလုပ်ကိစ္စပဲပြောတာ။”
“.....”
“အိမ်နီးချင်းဟောင်းအနေနဲ့ အိမ်နီးချင်းကောင်မလေး နှစ်ယောက် ရှိတယ်၊ တစ်ယောက်က ဦးလေးဖန့်ရဲ့သမီးဖြစ်ပြီး နောက်တစ်ယောက်က လမ်ကြားလေးက…”
“....” သူ့စကားဆုံးလေလေ ရှန်းမူမူ၏ မျက်မှောင်ကြုတ်လေလေဖြစ်သည်။
“ရှီယွီယွဲ့ဗီလာကိုရောက်တော့ ဘယ်အိမ်နီးချင်းမှ မရှိတော့ဘူး။”
“....”
သူတို့အကြည့်ချင်းဆုံတော့ သူမရဲ့ ရင်ခုန်သံတွေ ပိုမြန်လာကြောင်း သတိထားမိခဲ့သည်။
ချီမော့၏ တည်ငြိမ်သည့်အသံက တစ်လုံးချင်း ပြတ်သားစွာ ထွက်ပေါ်နေသည်။
သူမရဲ့ ဘေးက တခြားအသံတွေက ဝေဝါးသွားခဲ့သည်။
သူမရဲ့ရင်ခုန်သံက မိုးချုန်းသကဲ့သို့ ဝုန်းဒိုင်းကြဲနေသည်။
ချီမော့ သူမကို ပိုင်ဆိုင်မှုစာချုပ်တွေ ပေးတုန်းကထက် အခု သူ့ပုံစံက သူမကို ပို၍ အကြည့်မလွှဲအောင် ဆွဲဆောင်နိုင်နေသည်။
အိပ်ခန်း၏ မီးရောင်က ခပ်ဖျော့ဖျော့ ရှိသည်။
မီးရောင်ကို ကျောပေးထားသဖြင့် ချီမော့၏ အရိပ်က မပြတ်သားသော်လည်း နူးညံ့နေပြီး သူ၏ ဖြူဖွေးသော အသားအရေကို အလင်းရောင် ခပ်ဖျော့ဖျော့က ဖုံးအုပ်ထားပုံရသည်။
ချောမောပြီး အပြောကောင်းသူဖြစ်သည်။
သူ့အမူအရာက ရိုးသားလွန်းသည်ကြောင့်လားမသိ ရှန်းမူမူက အပြစ်ရှိသလို ခံစားလိုက်ရလေသည်။
အမှန်တိုင်းပြောရလျှင် ကုမ္ပဏီဥက္ကဌဖြစ်သူ ချီမော့က သူမ၏ မှတ်ချက်တစ်ခုကြောင့် သူ့ကိုယ်သူ ပြန်သုံးသပ်လိမ့်မည်ဟု မထင်မိခဲ့ပေ။
သူမ ချီမော့၏ စိတ်ကူးယဉ်ဇာတ်လမ်းလေးကို သိချင်သလား။
သူမ သိချင်သည်။
သို့သော် သူတို့က ယခုမှ စာချုပ်လင်မယားသာဖြစ်ပြီး သူမက တကယ့်လင်မယားအဖြစ်သို့ ပြောင်းလဲဖို့ အသင့်မဖြစ်သေးပေ။ သူမရဲ့ သိချင်စိတ်ကို ထိန်းချုပ်ရန်သာ တတ်နိုင်တော့သည်။
သို့သော် မထင်မှတ်ထားစွာပင် သူမရဲ့ မရည်ရွယ်ဘဲ ထွက်သွားခဲ့သည့် စကားကြောင့် သူမရဲ့ ထိုအတွေးလေးက ပွင့်ထွက်လာခဲ့သည်။
သူမကိုယ်သူမတောင် သတိမထားမိခဲ့ပေ။
အချိန်ခဏ ကြာပြီးသည့်နောက်တွင် ရှန်းမူမူက အသက်ဖွဖွ ရှူလိုက်သည်။ “ချီမော့။”
ထိုလူက စကားပြောခြင်းကိုရပ်ကာ သူမကို ကြည့်လိုက်သည်။
အချိန်ခဏသာကြာသည်။
ရှန်းမူမူက ရီဝေဝေကြည့်ကာ ပြောလိုက်သည်။ “ရှင် ဒီလိုလုပ်နေတာက ကျွန်မကို ပိုလိုစေချင်တယ်။”
ချီမော့က ကြက်သေသေသွားကာ သူမ ထိုသို့ပြောလိမ့်မည်ဟု မထင်ထားသည်မှာ သေချာသည်။
သို့မဟုတ် သူမရဲ့ဆိုလိုရင်းကို နားမလည်ခြင်း ဖြစ်နိုင်ကာ သူ့မျက်လုံးထဲတွင် အလင်းရောင်လေး ဖြတ်ပြေးသွားလေသည်။
ရှန်းမူမူက လက်ပြန်ရုတ်သိမ်းပြီး ပြောလိုက်သည်။
သူမ၏ လေသံက စိတ်ရှည်နေသည်။
သူမရဲ့ ပုံစံအစစ်အမှန်ကို ချီမော့ဖြင့် မိတ်ဆက်ပေးနေခြင်းနှင့်တူကာ ချီမော့ကိုလည်း တွန်းဖယ်လိုက်သည်။
“ကျွန်မက အလွန်လောဘကြီးတဲ့လူ၊ ပိုက်ဆံရှာသလိုပေါ့။ စိုးရိမ်စရာမရှိတဲ့ ငွေကြေးပမာဏ ရှိတာတောင် ပိုရှိအောင် ရှာချင်နေတာ ပြီးတော့…”
သူမက ချီမော့၏ မျက်လုံးကို ကြည့်လိုက်သည်။
ချီမော့၏ မျက်လုံးက မည်းနက်နေကာ သူ့အသံက ဩရှနေသည်။ “ပြီးတော့ ဘာဖြစ်လဲ။”
ရှန်းမူမူက သူ့စကားကို အဆုံးသတ် ဆက်ပြောလိုက်သည်။ “ဒါ ကျွန်မရဲ့ ပင်ကိုယ်ထင်တယ်၊ တကယ်လို့ ရှင့်ကြင်နာမှုကို နည်းနည်းလေး လက်ခံလိုက်တာနဲ့ ကျွန်မ ပိုပိုပြီး လိုချင်ပြီး လောဘကြီးလာတယ်၊ ပိုပြီး ပိုပြီးတော့ပေါ့။”
တွေ့လား။ ကျွန်မက လှုပ်ရှားဖို့ ခက်ပြီး လောဘကြီးတယ်။
ကျွန်မလိုလူကို ရှင်သဘောကျနိုင်သေးလား။
သူမ စကားဆုံးသည်နှင့် အသံများတိတ်ဆိတ်သွားကာ သုံးစက္ကန့် ကုန်ဆုံးသွားခဲ့သည်။
သူမကိုကြည့်နေသည့်အကြည့်က ပိုတောက်လောင်လာခဲ့သည်။
ချီမော့၏ ကိုယ်သင်းနံ့က ပျံ့လာသည်။
သူမဘေးရှိလေထုက ပူပြင်းလာသည်။
ချီမော့က ရှေ့တစ်လှမ်း တိုးလိုက်သည်။
သူ၏ ရှည်လျားသည့် အရပ်က သူမကို အုပ်မိုးလာခဲ့သည်။
နောက်တစ်စက္ကန့်အတွင်း ချီမော့၏ ကိုယ်သင်းနံ့က သူမကို လွှမ်းခြုံသွားခဲ့သည်။
သူက လက်ကိုဆန့်ကာ ငုံ့ကိုင်းလိုက်သည်။
ရှန်းမူမူ၏ ခန္ဓာကိုယ်က နွေးထွေးပြီး အားအင်ပြည့်နေသည့် ပွေ့ဖက်မှုထဲ နစ်မြှုပ်သွားသကဲ့သို့ တောင့်တင်းသွားခဲ့သည်။
ချီမော့၏ အသက်ရှူသံများ ပို၍ သိမ်မွေ့လာကာ သူမရဲ့ ဦးခေါင်းထက်မှာ မေးတင်လိုက်သည်။
ထိုပွေ့ဖက်မှုက ချုပ်တည်းထားကာ နူးညံ့သည့် ပွေ့ဖက်မှု ဖြစ်သည်။
သူမက သူ တန်ဖိုးထားသည့်ရသည့် ရတနာပစ္စည်းလို မထိရက်မကိုင်ရက်ဖြင့် အလွန်ဂရုစိုက်နေပုံနှင့် တူပေသည်။
သူတို့ကြားက စာချုပ်လင်မယားစည်းက ပျက်ယွင်းတော့မလိုဖြစ်သော်လည်း လုံးလုံးလျားလျားတော့ မဟုတ်ပေ။
ရှန်းမူမူ၏ ပါးပြင်က ချီမော့၏ရင်ဘတ်နှင့်ထိနေကာ ချီမော့ရင်ဘတ်ထဲရှိသည့် နှလုံးခုန်သံကို ကြားနေရသည်။
သူမလည်း အလွန်ရင်ခုန်နေကာ သူမ နှာခေါင်းတစ်ခုလုံး သူ့ကိုယ်သင်းနံ့များ ပြည့်နေသည်။
ထိုအရာက သူမကို မူးဝေကာ လွှမ်းမိုးနေသည်။
ဝုန်းဒိုင်းကြဲနေသည့် ရင်ခုန်သံ၊ နွေးထွေးသည့် ပွေ့ဖက်မှုကြားတွင် ချီမော့၏အသံက သူမ ခေါင်းအထက်မှ ထွက်ပေါ်လာသည်။ “မင်း ပိုပြီး လောဘကြီးလို့ရတယ်၊ ကိုယ် အလိုလိုက်နိုင်တယ်။”
***
နွေးထွေးသည့်ပွေ့ဖက်မှုကြားကနေ မည်သို့လွတ်မြောက်လာကြောင်း ရှန်းမူမူ မမှတ်မိပေ။
သူမက ရေချိုးခန်းထဲဝင်ကာ တံခါးပိတ်လိုက်သည်။
ချီမော့၏ စကားကို ပြန်တွေးလိုက်တိုင်း သူမ တစ်ကိုယ်လုံး လျှပ်စီးတို့ခံလိုက်ရသကဲ့သို့ဖြစ်သွားကာ အသက်ရှူပင်အောင့်မိသည်။
သူမက ရေစိမ်သည့်ကန်ထဲ ထပ်စိမ်နေသည်။
သူမက အစောပိုင်းကမှ ရေချိုးကာ skin care ပြုလုပ်ထားသော်လည်း သူမ၏ လက်ဖဝါးနှင့် ကျောပြင်က ချွေးစို့နေသဖြင့် ရေထပ်ချိုးလိုက်သည်။
သူမက ခေါင်းကို ရေထဲမြှုပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိအသံများ မကြားရအောင် ပြုလုပ်လိုက်သော်လည်း ချီမော့၏ စကားသံက နားထဲပဲ့တင်ထပ်နေသည်။
“မင်း ပိုပြီး လောဘကြီးလို့ ရတယ်၊ ကိုယ်အလိုလိုက်နိုင်တယ်။”
အကြိမ်များစွာ ရေနဲ့မျက်နှာကိုပက်ပြီးသော်လည်း နီရဲနေသည့်မျက်နှာက အရှိန်သေ မသွားပေ။
သူမရဲ့ ပါးကို ကြမ်းတမ်းစွာ ပွတ်လိုက်သော်လည်း ချီမော့၏ အသံက ပဲ့တင်ထပ်ကာ ဝေ့ဝဲနေဆဲ ဖြစ်သည်။
သူမရဲ့ ဖုန်း တုန်ခါလာစဖြင့် ရေချိုးကန်ဘောင်ပေါ်မှ ယူလိုက်လေသည်။
သူမ ဖုန်းဖွင့်ကြည့်လိုက်တော့ ချီမော့ထံမှ စာကို တွေ့လိုက်သည်။
ချီမော့။ “ကိုယ်ဘယ်လောက် ရိုးသားလဲဆိုတာ မင်းတွေ့တယ်မလား၊ ကိုယ့်အတွက် အဝတ်အစားရွေးပေးဖို့ စဉ်းစားပေးနိုင်မလား။”
***