← Chapters

မင်္ဂလာပွဲတက်ရောက်ခြင်း

Vol. 10 Ch. 124

မင်္ဂလာပွဲတက်ရောက်ခြင်း

Vol. 10 Ch. 124

မင်္ဂလာပွဲနေ့တွင် ဒါရိုက်ဘာဝမ်က သူတို့နှစ်ဦးကို ပွဲကျင်းပရာနေရာသို့ ကားမောင်းပို့ခဲ့သည်။

မင်္ဂလာပွဲနေရာက ချီမိသားစု နေခဲ့သည့် တတိယလမ်း အနီးတွင်ဖြစ်သည်။

ဒါရိုက်ဘာဝမ်က ကားကို မြေအောက်ကားရပ်နားသည့်နေရာသို့ မောင်းသွားခဲ့သည်။

ချီမော့နှင့်ရှန်းမူမူက ကားထဲကထွက်ပြီး ယှဉ်၍လမ်းလျှောက်ကာ ဓာတ်လှေကားထံ သွားခဲ့သည်။

ဓာတ်လှေကားထဲ ဝင်ခါစက သူတို့နှစ်ဦးသာ ရှိသည်။ သို့သော် ဓာတ်လှေကားက -၂မှ Gသို့ဆင်းသွားပြီး တံခါးပွင့်သွားကာ အသက် ( ၅၀ ) ကျော်အရွယ် အမျိုးသမီးနှစ်ဦးနှင့် သက်ငယ်စုံတွဲတစ်တွဲ ဝင်လာခဲ့သည်။

မိန်းမငယ်လေးက အမျိုးသား၏လက်ကို ချိတ်ထားသည်။ သူမက ဓာတ်လှေကား၏ နံပါတ်များဘေးတွင်ရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမက ချီမော့နှင့် ရှန်းမူမူကို တွေ့သည့်အခါ သူတို့၏ အရှိန်အဝါ ရုပ်ရည်ကြောင့် အံ့ဩသွားပုံရလေသည်။

သူမ၏မျက်လုံးက အနည်းငယ် တောက်ပသွားခဲ့သည်။

ထို့နောက် သူမက သူတို့ကို အထက်အောက် ‌ကြည့်လိုက်သည်။ သူတို့ကိုယ်ခန္ဓာထက်တွင် ဒီဇိုင်နာ ဘရန်းတံဆိပ်များ မတွေ့သည့်အခါ သူမက လှောင်ပြုံးပြုံးကာ အကြည့်ပြန်ရုတ်သိမ်းသွားခဲ့သည်။

ထိုအမျိုးသမီးက ချီမော့ကို ရင်းနှီးနေသော်လည်း မည်သည့်နေရာတွင် တွေ့ဖူးကြောင်း သူမ မမှတ်မိပေ။

သူတို့၏ အဝတ်အစားများက သူမကဲ့သို့ နာမည်ကြီးအဝတ်အစားတံဆိပ် မဟုတ်သည်ကိုတွေ့လိုက်တော့ ဘဝင်ခိုက်နေလေသည်။

ဟင်း လူတွေက အသက်အရွယ်တစ်ခုရောက်ရင်တော့ ဒီဇိုင်နာတွေရဲ့ အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကို ပိုင်ဆိုင်နေသင့်ပြီ။

မဟုတ်ပါက ရုပ်ရည်မည်မျှ ကြည့်ကောင်းပါစေ အသုံးမဝင်ဘူးဟု သူမ ထင်သည်။

သူမ အိမ်က မထွက်လာခင်က လိုဂိုတံဆိပ်ထင်းနေသည့် အိတ်ကို ရွေးချယ်လာမိသည်ကိုပဲ ကျေနပ်နေမိသည်။

မင်္ဂလာပွဲတက်ရောက်ခြင်းက အပြိုင်အဆိုင် ကြွားဝါဖို့ဖြစ်သည်။

သူမ ကောင်းမွန်စွာနေထိုင်နေကြောင်းကို သူမရဲ့အမျိုးတွေ၊ မိတ်ဆွေတွေကို ကြွားဝါဖို့ အခွင့်အရေးရရှိခြင်းဖြစ်သည်။

ထိုအရာက မင်္ဂလာပွဲတက်ရသည့် အဓိက အကြောင်းအရင်းဖြစ်သည်။

တူရာလူတွေ စုနေသည့်နေရာဖြစ်သည်။

သူမဘေးရှိလူဝတုတ်ကြီးက ဗိုက်ရွှဲနေသည်။ သူ့ခါးပတ်က Hတံဆိပ်ကို လူမမြင်မည်စိုးသဖြင့် ဓာတ်လှေကားထဲ ဝင်လာကတည်းက ခါးကိုလက်ဖြင့်ကိုင်ထားကာ အင်္ကျီတစ်ခြမ်းကို အနောက်သို့ လှပ်ထားပြီး ဗိုက်ရွှဲကြီးကို လှစ်ဟပြထားသည်။

သူက ရှန်းမူမူ၏အရှေ့တွင် ရပ်နေခြင်းဖြစ်သည်။

လူလေးယောက် ထပ်ဝင်လာသည့်အခါ သိပ်မကြီးသည့် ဓာတ်လှေကားက ကြပ်သွားခဲ့သည်။

သူမ အရှေ့ရှိလူက ခြေထောက်လှုပ်နေတတ်သည့် ရောဂါရှိပုံရသည်။ သူက မတ်တပ်ရပ်နေလျှင်တောင် ခြေထောက်က ဆက်တိုက် လှုပ်နေသည်။

ရှန်းမူမူက မျက်မှောင်ကြုတ်ပြီး ထိုလူ့အနားမှ အနည်းငယ် နောက်ဆုတ်လိုက်သည်။

သူမရဲ့ နောက်ကျောက ချီမော့၏ လက်မောင်းဖြင့် ထိသွားသည့်အခါ သူမက မော့ကြည့်လိုက်သည်။

သူ့အကြည့်က သတိမမူမိသည့် အကြည့်ဖြစ်သော်လည်း သူမကို မှင်တက်စေသည်။

ချီမော့၏ အမူအရာက အေးစက်နေသည်။ မေးရိုးကတင်းမာနေကာ နှုတ်ခမ်းကို စေ့စေ့ပိတ်ထားပြီး လူဝကြီးကို မနှစ်မြို့စွာ ကြည့်နေသည်။

ထို့နောက် ရှန်းမူမူက သူမ၏ ခါးကို ဖက်ကာ လက်မောင်းကြား ဆွဲပွေ့ဖက်လိုက်သည်ကို ခံစားလိုက်မိသည်။

ချီမော့က နေရာအနည်းငယ်ဆုတ်ပေးကာ သူမကို နေရာပေးလိုက်သည်။

ရှန်းမူမူက မျက်တောင်ခတ်လိုက်ပြီး များများစားစား မတွေးဘဲ ပွေ့ဖက်မှုထဲ ပျော်ရွှင်စွာ နေလိုက်သည်။

ထို့နောက် သူမက ခေါင်းငုံ့ကာ ပြုံးလိုက်မိသည်။

ချီမော့ စိတ်မရှည်သည့်ပုံစံကို ပြန်တွေးမိသည့်အခါ သူမ ရယ်ချင်နေသည်။

ကိုယ်ပိုင်ဓာတ်လှေကားအသုံးပြုသူက ယခုလို တခြားသူများနှင့် ဓာတ်လှေကား သုံးရသည့်အခါ မွမ်းကြပ်နေမည်ဖြစ်သည်။

ပွဲကျင်းပသည့်နေရာက ၈လွှာမှာဖြစ်သဖြင့် ဓာတ်လှေကားက ဖြည်းညှင်းစွာ တက်သွားခဲ့သည်။

ကျန်အမျိုးသမီးနှစ်ဦးက အများပြည်သူရှိသည့်နေရာဖြစ်ကြောင်းကို အလေးမထားဘဲ တစ်ချိန်လုံး စကားပြောနေခဲ့သည်။

ရှန်းမူမူက သူတို့၏ စကားကို ကြားနေရသည်။

“သတို့သမီးက ယွင်ချန်းကတဲ့။”

“အို ဒီက မဟုတ်ဘူးလား။”

“တခြားမြို့ကဖြစ်မယ်၊ သတို့သမီးဘက်က စားပွဲဝိုင်း သုံးဝိုင်းစာလောက်ပဲရှိတဲ့ အမျိုးတွေနဲ့ မိတ်ဆွေတွေကိုပဲ ကျင်းမြို့ကို ဖိတ်တာတဲ့လေ။”

စကားပြောသူက ခေါင်းခါပြီး လေသံကို လျှော့ပြောလိုက်သော်လည်း သူမ၏ စကားသံကို လူတိုင်း ကြားနေရလေသည်

“လူနည်းနည်းပဲဖိတ်တာကိုကြည့်ရရင် သတို့သမီးဘက်က သူတို့သမီး မင်္ဂလာဆောင်တာကို သိပ်အလေးမထားတဲ့ပုံပဲ။”

တစ်ဖက်ကအမျိုးသမီးက ပြန်ဖြေခဲ့သည်။ “ဒီပွဲကိုလည်း သတို့သားကို မျက်နှာသာပေးတာ အသိသာကြီးလေ၊ ဒီနှစ်ထဲမှာပဲ လျိုဟွေ့ကို ကုမ္ပဏီကြီးတစ်ခုက ကမ်းလှမ်းထားတာတဲ့၊ သူ့တစ်လဝင်ငွေက အလွန်အပြီးအစီးကို နှစ်သောင်း ရတယ်တဲ့။”

“အဲလိုလား။”

“ဟုတ်ပါ့။”

ဓာတ်လှေကား တံခါးက ပွင့်သွားခဲ့သည်။ အရှေ့က အမျိုးသမီးကြီးနှစ်ဦးက လမ်းလျှောက်ထွက်သွားရင်း စကား‌ပြောနေဆဲဖြစ်သည်။

ရှန်းမူမူက ကြားလိုက်ရသည့်စကားတွေကို သိပ်အာရုံ မထားခဲ့ပေ။

ခန်းမထဲဝင်ခါနီးတွင် သူမ အံ့ဩသွားခဲ့သည်။ ခန်းမရှေ့တွင် “လျိုဟွေ့နဲ့ ဖန့်တင်းကို ဂုဏ်ပြုပါတယ်” ဟူသော စာတန်းကို တွေ့လိုက်လေသည်။

ဓာတ်လှေကားထဲက အမျိုးသမီးနှစ်ဦးက ဦးလေးဖန့်၏ သမီးမင်္ဂလာပွဲကို အတင်းပြောနေမည်ဟု သူမ မထင်မိခဲ့ပေ။

ရှန်းမူမူက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမျိုးသမီး နှစ်ဦးက ဦးလေးဖန့်သမီး၏ အတင်းကို ပြောကြောင်း ပြန်တွေးမိသည့်အခါ သူမက ချီမော့၏ အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်သည်။ “သတို့သားဘက်ကလူတွေက အဆင့်အတန်း မရှိဘူး။”

ချီမော့၏ အမူအရာက လျှို့ဝှက်နက်နဲကာ သူက အင်း ဟုသာဖြေပြီး သူမကို ခန်းမထဲ ဦးဆောင်ကာ ခေါ်ဝင်သွားခဲ့သည်။

ပွဲစီစဉ်သူက လာရောက်နှုတ်ဆက်ပြီး သူတို့၏ မင်္ဂလာဖိတ်စာကို စစ်ဆေးပြီးသည့်နောက်တွင် သတို့သမီးဘက်က စားပွဲဝိုင်းထံ နေရာချပေးခဲ့သည်။

မင်္ဂလာပွဲစဖို့ တစ်နာရီလောက် လိုသေးသဖြင့် ခန်းမထဲတွင် စကားပြောနေသူများ ပြည့်နေသည်။

သူတို့စားပွဲဝိုင်းရှိ အဖော်များက သတို့သမီး၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည်။ သူတို့က သူတို့အဖွဲ့ ၂ယောက်၃ယောက်ဖြင့် အဖွဲ့လိုက် စကားပြောနေသည်။ ရှန်းမူမူနှင့် ချီမော့ ဝင်ထိုင်လိုက်သည့်အခါ သူတို့ကို ပျူငှာစွာ ပြုံးပြပြီး စကားဆက်ပြောနေလေသည်။

ရှန်းမူမူက ဘေးကို ပတ်ကြည့်ရင်း ဘေးဝိုင်းထံ အကြည့်ရောက်သွားခဲ့သည်။

တိုက်ဆိုင်လိုက်တာ။

ဘေးဝိုင်းက လူများက သူတို့ဓာတ်လှေကားထဲ ဆုံခဲ့သည့် ( ၄ ) ယောက် ဖြစ်သည်။

ခန်းမထဲရှိ လူအုပ်ကြီးကြောင့် အမျိုးသမီးကြီးနှစ်ဦးက ထိန်းချုပ်ထားပုံရသည်။

သူတို့က အရှက်မဲ့စွာ အသံထွက်မပြောဘဲ တီးတိုးပြောနေကြသည်။

ရှန်းမူမူက သူတို့၏ စကားများကို မကြားသော်လည်း သူတို့အမူအရာကိုကြည့်ကာ ကောင်းသော ပြောဆိုခြင်း မဟုတ်ကြောင်း သိသည်။

သူမက ပျင်းရိစွာ အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။

ကွယ်ရင်မေ့လိမ့်မယ်။

ထိုအချိန်တွင် သတို့သားနှင့် သတို့သမီးက အဝတ်စားလဲခန်းထဲက ထွက်လာပြီး ခန်းမထဲ လာနေသည်။

သတို့သမီးက အဖြူရောင်ပိုးသားဝတ်စုံဂါဝန်ကို ဝတ်ထားပြီး သတို့သားလက်ကိုချိတ်ကာ ဘေးရှိလူများကို ပြုံးကာ မိတ်ဆက်နေသည်။

လေထုက ပျော်ရွှင်ဖွယ်ကောင်းကာ နွေးထွေးသည်။

ထိုချစ်စဖွယ်မြင်ကွင်းက ရှန်းမူမူက နောက်ကျိနေသောအာရုံကို ပယ်ပျောက်သွားစေခဲ့သည်။

သူမက မေးထောက်ပြီး သတို့သားနှင့် သတို့သမီးကို ပြုံးကာကြည့်နေသည်။

သူမက ယခင်ကလည်း မင်္ဂလာပွဲများစွာ တက်ဖူးသည်။ ထိုမြင်ကွင်းမျိုးက သူမကို အမြဲကြည်နူးစေသည်။

သတို့သမီး၏ ဖခင်က သမီးဖြစ်သူကို သတို့သားလက်ထဲထည့်ပေးသည့်အချိန်ဖြစ်ဖြစ်၊ သတို့သားနှင့် သတို့သမီး လက်စွပ်လဲသည့်အချိန်ဖြစ်ဖြစ် သူမ ကြည်နူးရသည်။

ထိုအချိန်လေးက အလေး‌ေပးခံရခြင်း‌ေကြာင့် သတို့သမီးကို မျက်ရည်ကျကာ ကြည်နူးမှုကို ဖြစ်ထွန်းစေသည်။

ချီမော့က သူမကိုကြည့်ကာ ပြုံးပြီး အနားကပ်ကာ မေးလိုက်သည်။ “သူများမင်္ဂလာပွဲမှာ ဘာလို့ ပြုံးနေတာလဲ။”

ရှန်းမူမူက သူ့ကိုကြည့်လိုက်သည်။ “ရှင်နားမလည်ပါဘူး။”

သူမ သိရှိရသလောက်ဆိုလျှင် ချီမော့က လူတစ်မျိုး ဖြစ်သည်။

သူက စောင့်ထိန်းတတ်သည့်လူဖြစ်သည်။

အလုပ်ကို အချိန်မှန်သွားခြင်း၊ အထူးဝါသနာ မရှိခြင်း၊ ( ၇၀ ) ရာခိုင်နှုန်း ဗိုက်ပြည့်အောင်သာ စားသောက်ခြင်း၊ တစ်ပတ်ကို လေ့ကျင့်ခန်း ( ၃ ) ခါ လုပ်ခြင်း စသည်တို့ကို အမြဲမပြတ် စောင့်ထိန်းကာ လုပ်ကိုင်သည်။

သူ့ကိုယ်သူ တင်းကြပ်ထားသည့် စည်းမျည်းစည်းကမ်းက ပုံမှန် မဟုတ်ပေ။

ကိုယ့်ကိုယ်ကိုယ် တင်းကြပ်ကာ လေ့ကျင့်ခြင်းက အောင်မြင်သည့်လူတွေကြားက ကောင်းသည့်အလေ့အကျင့်တစ်ခု‌ဖြစ်သော်လည်း ရှန်းမူမူက ထိုသို့ မဖြစ်သင့်ဘူးဟု ယူဆသည်။

ဘဝကြီးက အချိန်အခါအလိုက် ပြောင်းလဲနေထိုင်ရမည်။

ဆောင်းတွင်းတွင် နှင်းကိုကြည့်ပြီး နွေရာသီတွင် ပင်လယ်ကိုကြည့်ရမည်။

နွေဦးရှူခင်းနှင့် သစ်ရွက်များကို ရှူစားခံစားရမည်။

နေ့စဉ်လုပ်ငန်းတွေက တူညီလျှင်တောင် တစ်နေ့နှင့်တစ်နေ့ကို ကွဲပြားအောင်လုပ်ရမည်။

သူမ အဘယ်ကြောင့် အလွန်စိတ်ခံစားချက်များနေသည်ကို ချီမော့ နားလည်မည် မဟုတ်ဟု သူမ ထင်သည်။

စုံတွဲကြားက အရေးကြီးသည့်အပိုင်းလေးကို မြင်ရတော့မည်ဖြစ်သဖြင့် သူမက ထိုမင်္ဂလာမောင်နှံကို မသိသော်လည်း စိတ်လှုပ်ရှားနေမိသည်။

သူမက ထိုသို့မတူကွဲပြားသည်။

အချိန်အများစုက အသည်းမာသော်လည်း လူအများစုအတွက် သာမာန်ဖြစ်သည့်ကိစ္စကိုတော့ ခံစားချက်များ များပြားနေတတ်သည်။

***

All Chapters