ချီရှောင်ပိုင် : အဖေတို့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ကြပါ။ ကျွန်တော့်ကို စိတ်ထဲ မထည့်ပါနဲ့။ ”
Vol. 10 Ch. 125
အချိုပွဲစားပွဲရဲ့ ဘေးမှာ ရပ်နေသည့် သတို့သားနှင့် သတို့သမီးကို ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်ဖို့အတွက် ပုံမှန် မင်္ဂလာဆောင်ဓာတ်ပုံတွေမှာ မြင်ရတတ်သည့် ပို့စ်တွေကို ညွှန်ကြားပေးနေသည်။
ရှန်းမူမူသည် အကြည့်လွှဲလိုက်ပြီး အဆုံးစွန်ဆုံး စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းမှုတို့ဖြင့် မင်္ဂလာပွဲစတင်ချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်မှာပဲ စားပွဲပေါ်မှာ တင်ထားတဲ့ သူမရဲ့ ဖုန်းက ဖျတ်ခနဲ လင်းလာကာ ဆက်တိုက် တုန်ခါလာသည်။
ချီရှောင်ပိုင် : “ နှစ်ပတ်လည်ပွဲအခမ်းအနားအတွက် ဒီနေ့ ကျောင်းက စောစော ဆင်းပေးတယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ တစ်ယောက်မှလည်း အိမ်မှာ မရှိကြဘူး။ ”
ချီရှောင်ပိုင် : “ ဪ ဟုတ်သားပဲ … ခင်ဗျားတို့ မင်္ဂလာဆောင်သွားတယ် ဆိုတာ ကျွန်တော် မေ့သွားတယ်။ ”
ချီရှောင်ပိုင် : “ ဟွန်း ၊ ကျွန်တော် လိုက်မှာလား မလိုက်ဘူးလား ဆိုတာကိုကျ ဘာလို့ တစ်ယောက်မှ မမေးကြတာလဲ။ ”
ရှန်းမူမူ : “ ? ”
ချီရှောင်ပိုင် : “ ထားလိုက်ပါတော့ ၊ ကျွန်တော်ကလည်း ဘာလို့ အမေးခံရဖို့ မျှော်လင့်နေတာပါလိမ့်။ ”
ရှန်းမူမူ : “ ? ”
ရှန်းမူမူ : “ မင်းက နောက်ဆုံးအဆင့် ရောဂါကျွမ်းနေတဲ့ လူလို ပြောနေတာပဲ။ ”
ချီရှောင်ပိုင် : “ ကျွန်တော့်အတွက် အစားအသောက်တွေ ယူလာဖို့တွေ ဘာတွေလည်း ယူလာပေးဦးနော်။ ကျွန်တော့်ကို အရေးမစိုက်ဘဲ မနေနဲ့။ ”
ရှန်းမူမူ : “ …… ”
ရှန်းမူမူသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ချီမော့ကို လှည့်ကြည့်ပြီး “ ချီရှောင်ပိုင်ရဲ့ အသက်က တကယ်ရော ( ၁၈ ) နှစ်ပြည့်ခါနီးတာ ဟုတ်ရဲ့လား။ ” ဟု မေးလိုက်သည်။
ချီမော့က အနည်းငယ် မျက်ခုံးပင့်သွားသည်။ “ ဟုတ်တယ်လေ။ ဘာလို့လဲ။ ”
“ ကျွန်မက သူ့ကို ( ၈ ) နှစ်သားလေးလို့ပဲ ထင်တယ်။ ” ရှန်းမူမူက သူမရဲ့ ဖုန်းကို ချီမော့ဆီ ပေးလိုက်သည်။ “ ကြည့်လေ ၊ အဲ့စကားတွေက ( ၁၈ ) နှစ် ပြည့်တော့မယ့် လူတစ်ယောက် ပြောရမယ့် စကားတွေလား။ ”
ချီမော့က ဖုန်းမျက်နှာပြင်ကို အကြည့်ပို့လိုက်သောအခါ တင်းကြပ်နေတဲ့ မျက်ခုံးတွေ ပြေလျော့သွားပြီး သူမကို ဖြည်းဖြည်းချင်း ပြန်မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ အပြုံးတွေ ပွင့်လန်းနေပါသည်။
“ သူက တခြားလူတွေနဲ့ဆို ဒီလို မဟုတ်ပါဘူး။ ”
သူနှင့် သူမကြားမှာ အရမ်း ရင်းနှီးကျွမ်းဝင်တယ်လို့ ခံစားရလို့ ဒီလိုမျိုး ရယ်ချင်စရာကောင်းလောက်အောင် ကလေးဆန်နေတာလား … ။
“ ကျွန်မ သိပြီ။ ” ရှန်းမူမူက လည်ပင်းကို စောင်းငဲ့ပြီး ပခုံးတွန့်ပြလိုက်သည်။
“ သူက ကျွန်မနဲ့ ရင်းနှီးတာကို အခွင့်ကောင်းယူနေတာ။ ကျွန်မ နားလည်သွားပြီ။ ကျွန်မ အဲ့ဒါကို ရှင့်ဆီက သင်ယူထားတာ။ ”
အခုနောက်ပိုင်း ချီမော့ သူမကို တစ်ခုခု အကူအညီတောင်းတဲ့အခါတိုင်း အကူအညီတောင်းတာထက် သူမဘက်က မဖြစ်မနေ လုပ်ပေးရမယ့် တာဝန်တစ်ခုကို ပေးအပ်သလို ပြုမူလေ့ရှိသည်။
အငယ်တစ်ယောက်ကလည်း သူ့ဆီမှာ အလိုလို လွှမ်းမိုးခံလိုက်ရတာ ဖြစ်လိမ့်မည်။
ချီအမျိုးသားနှစ်ယောက်ဟာ သွေးသားတော်စပ်တဲ့ သားအဖ မဟုတ်သော်လည်း ဘာ့ကြောင့်ရယ်မသိဘဲ တူညီသည်။
ထိုတူညီမှုက ဒီလို အကျင့်ဆိုးမျိုးကို ဖြစ်ပေါ်လာစေလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ပေ။
ရှန်းမူမူတစ်ယောက် သူ့မျက်လုံးတွေထဲကို စိုက်ကြည့်ကာ သက်ပြင်းဖွဖွလေးချလိုက်မိသည်။
ချီမော့ရဲ့ အပြုံးက အနည်းငယ် အေးခဲသွားသည်။ ရုတ်တရက်ပဲ သူ့ရဲ့ သွယ်လျသော လက်ချောင်းတွေ လှုပ်ရှားသွားကာ သူမရဲ့ လက်ထဲက ဖုန်းကို ဖျတ်ခနဲ လှမ်းယူလိုက်သည်။
ရှန်းမူမူ : “ ??? ”
သူမ ဘာမှ မလုပ်နိုင်သေးခင်မှာပဲ …
သူမရဲ့ ဘေးက ကြောက်စရာကောင်းတဲ့ အမျိုးသားဟာ ချီရှောင်ပိုင်နှင့် သူမ ပြောထားတဲ့ WeChat စကားဝိုင်းထဲက အသံမက်ဆေ့ခ်ျခလုတ်ကို နှိပ်လိုက်တာကို မြင်လိုက်ရလေသည်။
“ ငါ မင်းအတွက် အစားအသောက်တွေ ယူမလာရင် မင်း ဘာလုပ်မှာလဲ။ ”
သူ့လေသံက ပကတိ တည်ငြိမ်နေသော်လည်း ခြိမ်းခြောက်မှု အငွေ့အသက်တွေကို ခံစားနိုင်သည်။
ရှန်းမူမူ : “ ??? ”
ဒါက …
တစ်ချိန်တည်းမှာပဲ ရှီယုယွဲတင် အိမ်ရာမြေဗီလာထဲတွင် ချီရှောင်ပိုင်သည် ဆိုဖာပေါ်က ထခုန်ပြီး “ သောက်ကျိုးနည်း။ ” ဟု သူ့ပါးစပ်က လွှတ်ခနဲ ထွက်သွားခဲ့သည်။ ကျောရိုးတစ်လျှောက် ကြက်သီးစိမ့်ဖြာသွားကာ ဖုန်းမျက်နှာပြင်ပေါ်မှာ သူ့လက်ချောင်းတွေက တတောက်တောက် ရိုက်နေခဲ့ပါသည်။
ချီမော့က ထိုအသံမက်ဆေ့ခ်ျကို ပို့ပြီးသွားသောအခါ ဖုန်းကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေခဲ့သည်။
စုယန်ယန်ကတော့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး စိတ်ပူနေသော အမူအရာဖြင့် “ ကလေးတစ်ယောက်ကို အဲ့လို ပို့တာ သင့်တော်လို့လား။ ” ဟု မေးလိုက်သည်။
ချီမော့ကတော့ “ မင်းပဲ သူ့ကို ကလေးမဟုတ်တော့ဘူးလို့ ပြောထားတာလေ။ ” ဟု တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောသည်။
ရှန်းမူမူ : “ …… ”
ချီမော့ရဲ့ အသံက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပင်။ “ နောက်ပိုင်းကျရင် ကိုယ်တို့ရဲ့ နီးစပ်ရင်းနှီးမှုကို အခွင့်ကောင်းမယူတော့အောင်လို့ သူ့ကို သင်ပေးနေတာ။ ”
ရှန်းမူမူ : “ …… ”
အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ ချီရှောင်ပိုင်ဆီက ပြန်စာ ရောက်လာသည်။ စကားလုံးတွေကို ကြည့်ရံနှင့်ပင် အခု သူ့လုပ်ရပ်က ဘယ်လောက် သူရဲဘောကြောင်လဲ ဆိုတာ လူတိုင်း သိနိုင်သည်။
ချီရှောင်ပိုင် : “ ကျွန်တော် စည်းကျော်ထားတယ် အဖေ။ အဲ့လို စည်းမဲ့ကမ်းမဲ့ မပြောခဲ့သင့်ဘူး။ ”
ချီရှောင်ပိုင် : အဖေတို့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ကြပါ။ ကျွန်တော့်ကို စိတ်ထဲ မထည့်ပါနဲ့။ ”
ချီရှောင်ပိုင် : “ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တယ်။ အစာငတ်သေမှာ မဟုတ်ဘူး။ ”
ချီရှောင်ပိုင် : “ အပြုံးမျက်နှာ စတစ်ကာလေးဖြင့်.jpg ”
ရှန်းမူမူ : …….
အံ့ဩစရာကောင်းလိုက်တာ။
သူမရဲ့ ခုနတုန်းက သုံးသပ်ချက်က အရမ်း အလျင်စလိုဖြစ်သွားသည်။ ချီအမျိုးသားနှစ်ယောက်လုံးမှာ ဒီလို စိတ်ကြီးဝင်တဲ့ အကျင့်ဆိုးကြီး ရှိနေတာ မဟုတ်ဘဲ အသက်ကြီးတဲ့ တစ်ယောက်မှာသာ ရှိနေတာပါ။
ဒီလို ဆိုတော့လည်း ချီလေးက အတော်လေး လိမ္မာရေးခြားရှိပါသေးသည်။
ချီမော့က ဖုန်းကို သူမဆီ ပြန်ပေးပြီး အနားကို တိုးကပ်လာတာကြောင့် သူတို့နှစ်ယောက်ကြားက အကွာအဝေးက သေးငယ်သွား၏။
ချီမော့ရဲ့ အသံက ပုံမှန်အတိုင်း ဩရှရှ။ “ နောက်ပိုင်းမှာ ချီရှောင်ပိုင်က မင်းကို ထပ်ပြီး ဟိုဟာလုပ်ခိုင်း ၊ ဒီဟာလုပ်ခိုင်း လုပ်ရင် ငါ့ကိုသာ လာပြော။ ”
မျက်နှာချောချော အနီးကပ်မြင်နေရတဲ့ ရှန်းမူမူခမျာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း “ အင်း ” လို့ တိုးတိုးလေး မသဲမကွဲပြောဖို့ပဲ တတ်နိုင်တော့သည်။
သူမ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေတုန်းမှာပဲ သူမတို့ရဲ့ စားပွဲနှင့် မလှမ်းမကမ်းရှိ အချိုပွဲစားပွဲဘက်ကနေ အော်သံစီခနဲထွက်လာသောကြောင့် အသံလာရာကို ရှန်းမူမူ လှည့်ကြည့်လိုက်မိသည်။
ဧည့်ပရိသတ်အလယ်က သတို့သမီးဖန့်တင်းရဲ့ သတို့သမီးဝတ်စုံပေါ်မှာ ကိတ်မုန့်ခရင်မ်တွေ အများကြီး စွန်းထင်းနေ၏။ ရောင်စုံခရင်မ်တွေက မူလတုန်းက စွတ်စွတ်ဖြူဖွေးခဲ့တဲ့ သူမရဲ့ အဖြူရောင်ဂါဝါရှည်ကို ညစ်ပေသွားစေခဲ့သည်။
သူမရဲ့ ဘေးမှာတော့ လက်ထဲမှာ ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားတဲ့ ငါးနှစ် ၊ ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်။ ညစ်ပေသွားတဲ့ ဂါဝန်ရဲ့ နောက်ကွယ်က တရားခံက ထိုကောင်လေး ဖြစ်ပုံရသည်။ သို့သော် သူ့မျက်နှာပေါ်မှာ နောင်တရခြင်း စိုးစိမျှ မရှိရုံသာမက သူ့ကလေးထိန်းဖြစ်ဟန်တူတဲ့ အမျိုးသမီးကြီးရဲ့ ခြေထောက်ကို တွန်းဖယ်ပြီးတော့ပင် အဆက်မပြတ် အော်ဟစ်နေခဲ့လေသည်။
“ ကျွန်တော် ကိတ်မုန့်စားချင်တယ် ၊ ကျွန်တော် ကိတ်မုန့်စားချင်တယ်။ ”
နားမခံသာစရာ စူးဝါးလှတဲ့ အော်သံတွေကို ကလေးထိန်းကတော့ ကျင့်သားရနေပုံပေါ်သော်လည်း ကလေးကို မထိန်းချုပ်နိုင်ဘဲ ဘေးကိုသာ ဆွဲခေါ်သွားခဲ့သည်။
ကလေးက သတို့သမီးရှေ့ကို ပြေးသွားပြီး လက်ညိုးထိုးသည်။ “ ကျွန်တော့်ကိတ်မုန့်ကို ပြန်လျော်ပေးရမယ်။ ”
လူနှစ်ယောက်က ဧည့်သည်တွေကြားကနေ တိုးဝှေ့ပြီး ထွက်လာခဲ့သည်။
ရှန်းမူမူက သူတို့ကို သူမ ဓာတ်လှေကားထဲမှာ ဝင်တိုက်မိခဲ့တဲ့ စုံတွဲအဖြစ် မှတ်မိသွားသည်။
အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေတဲ့ ကလေးကို ဘေးကို ဆွဲခေါ်သွားကာ သူမရဲ့ ဒီဇိုင်နာရဲ့ လက်ကိုင်အိတ်ထဲက လက်ကိုင်ပဝါတွေကို စိတ်မရှည်စွာ ဆွဲထုတ်ပြီး ကလေးရဲ့ လက်မှာ ကျန်သေးတဲ့ ခရင်မ်တွေကို သုတ်ပေးလိုက်သည်။
“ မင်းက တစ်ခုခု စားတိုင်း အရမ်း ပရမ်းပတာနိုင်တယ်။ တကယ့်ကိုပဲ။ ”
ထို့နောက် သူမက ကလေးထိန်းဘက်ကို လှည့်ပြီး လေသံမာမာနှင့် အပြစ်တင်လိုက်သည်။ “ ကျွန်မ ရှင့်ကို အပြင်ကို ခေါ်သွားဖို့ ပြောထားတာကို ဘာလို့ သူ့ကို ဒီကို လာခွင့်ပေးလိုက်တာလဲ။ ”
ကလေးထိန်းက တောင်းပန်သော ပုံစံဖြင့် လက်နှစ်ဖက်ကို ဆုပ်ယှက်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ပျာယာခတ်သော အမူအရာ ရှိနေခဲ့သည်။ “ ကျွန် … ကျွန်မ သူ့ကို ဘယ်လိုမှ မထိန်းနိုင်လို့ပါရှင်။ ”
အမျိုးသားဝဝကြီးတစ်ယောက်က နောက်ဆုံးတော့ ရှေ့ထွက်လာကာ ခါးထောက်ထားတဲ့ လက်တွေကို ဖြုတ်ပြီး ကလေးရဲ့ ခေါင်းကို ပုတ်လိုက်သည်။
“ သား ကိတ်မုန့်စားချင်ရင် အဖေတို့ အိမ်ပြန်ရောက်တာနဲ့ သားအတွက် ဝယ်ပေးမယ်နော်။ ဒီမှာ ရှိတဲ့ ကိတ်မုန့်တွေက ဘာမှ မကောင်းဘူး။ ”
အမျိုးသားဝဝကြီးက ထိုသို့ ပြောပြီးသည်နှင့် ဝတ်စုံညစ်ပေသွားတဲ့ သတို့သမီးဘက်ကို ခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။
“ ဆောရီး။ ကလေးတွေက အဲ့လို ကိစ္စတွေကို သိပ်နားမလည်ဘူး။ စိတ်ထဲ ထည့်မနေနဲ့။ ”
ဧည့်ပရိသတ်အလယ်ရှိ ရှန်းမူမူသည် အလွန်အမင်း မခံမရပ်နိုင်ဖြစ်သွားပြီး ငိုချတော့မည့်ပုံစံဖြင့် သတို့သမီးရဲ့ မျက်လုံးတွေ ရဲတက်လာတာကို မြင်လိုက်ရသည်။ သတို့သမီးက သူမရဲ့ သတို့သားကို တစ်လှည့် ၊ ညစ်ပေသွားတဲ့ သတို့သမီးဝတ်စုံကို တစ်လှည့် ကြည့်ကာ ဘာမှ မပြောတော့ပေ။
ရှန်းမူမူက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး လက်သီးဆုပ်လိုက်မိသည်။
ဒီမိသားစုက အရမ်း ရက်စက်လွန်းတယ်။
သတို့သမီးတစ်ယောက်ရဲ့ ဝတ်စုံကို ညစ်ပတ်အောင် လုပ်ခဲ့တာတောင် စိတ်ရင်းနဲ့ မတောင်းပန်ဘူး။ ‘ ကလေးမို့ နားမလည်လို့ပါ ’ ဆိုတဲ့ စကားကို ပေါ့ပေါ့လေး ပြောလိုက်ရုံနဲ့ ရရောလား … ။
သတို့သားက သတို့သမီးရဲ့ ပခုံးကို ပုတ်ပေးရင်း သူမရဲ့ နားထဲကို တစ်ခုခု ပြောလိုက်တာကို ရှန်းမူမူ မြင်ရသည်။ အဲ့ဒီနောက် သတို့သမီးရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားကာ နှုတ်ခမ်းကိုက်၍ အဝတ်လဲခန်းထဲကို ချာခနဲ လှည့်ဝင်သွားသည်။
သူမ အဝတ်လဲခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့ အခိုက်အတန့်မှာပဲ မျက်လုံးထောင့်ကို လက်ကိုင်ပဝါလေးနှင့် တို့ထိလိုက်တာကို မြင်ရသည်။ သူမ ငိုသွားတာ ဖြစ်နိုင်ပါသည်။
ပြီးတော့ သတို့သားက လူဝကြီးဆီ လျှောက်သွားသည်။ နှစ်ယောက်သား စကားနည်းနည်းပါးပါး ပြောပြီးသွားတော့ လူဝကြီးက သူ့ဇနီးနှင့် သားကို ခေါ်ကာ ထိုင်ခုံမှာ သွားပြန်ထိုင်သည်။
သူတို့တွေ ရှန်းမူမူဘေးက ဖြတ်သွားချိန်မှာ လူဝကြီးက သူ့ဘေးက အမျိုးသမီးကို ပြောနေတဲ့ စကားကို ရှန်းမူမူ ကြားလိုက်ရသည်။
“ လျို့ဟွေ့ ငါ့ကို ပြဿနာမရှာရဲဘူး ဆိုတာ ငါ သိတယ်။ သူ့အလုပ်က အဆက်အသွယ်တွေကတစ်ဆင့် သွားတာ။ ငါ သူ့ကို ကူညီပေးခဲ့တာတွေ အများကြီးပဲ ၊ အင်တာဗျူး အခွင့်အရေးကို လွယ်လွယ်လေး ရခဲ့တာ မဟုတ်ဘူး။ သူ အနာဂတ်မှာ အခွင့်အလမ်းတွေ လိုချင်သေးရင် သူ့အထက်လူကြီးတွေကို ချိုချိုသာသာ ဆက်ဆံဖို့ လိုတယ်။ ”
အမျိုးသမီးက လူဝကြီးရဲ့ လက်မောင်းကို ဖက်တွယ်ရင်း တကယ့်ကို မျက်နှာလိုမျက်နှာရ ကပ်ဖားရပ်ဖားလုပ်နေသော လေသံဖြင့် ပြောသည်။
“ ရှင်က အရမ်း တော်တာပဲ ယောက်ျား။ ”
***