ငါက ပြန်မတိုက်ရဘူးလား...
Vol. 58 Ch. 836
" ရွှမ် ငါ့နေရာကို ယူထားဦး။ " ဖုန်းဝမ်ရှင်း၏ အမူအရာက လေးနက်သွားပြီး သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ခန်းမဘက်မှ လာသော အချိန်လေဟာနယ်လှိုင်းများက သူ့ကို စိတ်မအေးဖြစ်စေသောကြောင့် သူကိုယ်တိုင် သွားရောက်ကြည့်ရှုရမည်ဖြစ်သည်။
ထိုနေရာတွင် တာဝန်ကျနေသူများက သူတစ်ယောက်တည်းမဟုတ်ဘဲ အခြားဂျူနီယာညီများလည်း ရှိနေကြသည်။ သူထွက်ခွာသွားလျှင် ဤနေရာက အားနည်းသွားမည်ဖြစ်သော်လည်း ဂျူနီယာညီလေး၏ ဘေးကင်းမှုနှင့် ယှဉ်လျှင် ၎င်းက ဂရုစိုက်ရန်မလိုအပ်ပေ။
အဆိုးဆုံးအခြေအနေမှာ ဇီမန်နယ်မြေက ဤနေရာကို ထိုးဖောက်ပြီး အစီအရင်၏ အဓိကနေရာကို ဖျက်ဆီးသွားရုံသာဖြစ်သည်။ ချင်းဖန်မြို့တွင် အစီအရင်၏ အဓိကနေရာ ၁၂ခု ရှိပြီး နေရာတစ်ခုဆုံးရှုံးသွားရုံနှင့် ချင်းဖန်မြို့၏ ကာကွယ်မှုကို ကြီးကြီးမားမား ထိခိုက်နိုင်မည်မဟုတ်ပေ။
" စီနီယာအကို ထွက်သွားမလို့လား။ " ရွှမ်၏ အမူအရာက အနည်းငယ် ပျက်ယွင်းသွားသည်။ သူကလည်း ကောင်းကင်လောင်ကျွမ်းခြင်းခန်းမဘက်မှ လှိုင်းများကို ခံစားမိပြီး စိုးရိမ်သွားခဲ့သည်။
သို့သော် အရှင်ချင်းဖန်က ဤနေရာကို စောင့်ကြပ်ရန် သူတို့ကို တာဝန်ပေးထားသည်။ ဖုန်းဝမ်ရှင်းက ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားလျှင် တာဝန်ကို ချိုးဖောက်ခြင်းနှင့်တူပေလိမ့်မည်။
" နောက်ဆက်တွဲအကျိုးဆက်တွေကို ငါတာဝန်ယူမယ်။ မင်း ဒီနေရာကိုသာ အာရုံစိုက်ပြီး စောင့်ရှောက်ထား။ " ဖုန်းဝမ်ရှင်းက ခေါင်းခါပြီး ကောင်းကင်လောင်ကျွမ်းခြင်းခန်းမဆီသို့ ထွက်ခွာသွားသည်။
" အချိန်လေဟာနယ်လှိုင်းတွေက အခုထိ မရပ်သေးဘူး။ " ဖုန်းဝမ်ရှင်းက ပို၍ စိုးရိမ်လာသည်။
ခန်းမဘက်မှ အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာသည်မှာ အသက်ရှူကြိမ်အနည်းငယ် ကြာသွားပြီဖြစ်သည်။ ထိုအချိန်အတွင်း လင်းယွမ်၏ အခြေအနေမှာ ခန့်မှန်း၍ မရနိုင်ပေ။
ဇီမန်နယ်မြေ၏ ကျင့်ကြံခြင်းဂူတစ်ခုထဲတွင် သလင်းကျောက်တစ်ခုက ပျံဝဲနေကြီး အားနည်းသော စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်လာသည်။ ထိုခဏတွင် ကျောက်တုံးထဲမှ စိတ်ဝိညာဉ်အမျှင်တစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားသည်။ ၎င်းက ခွန်ကျန်းပင်ဖြစ်သည်။
ဝုန်း...
ဂူအတွင်း ကြိုတင်ပြင်ဆင်ထားသော နည်းလမ်းများက အသက်ဝင်လာပြီး စွမ်းအားအမြောက်အမြား ထွက်ပေါ်ကာ ရုပ်ခန္ဓာတစ်ခုအဖြစ် စုစည်းသွားသည်။
" ငါ့ရဲ့ မူလခန္ဓာ..." ခွန်ကျန်း၏ အမူအရာက မဲမှောင်သွားသည်။
သူ၏ မူလခန္ဓာက ပျက်ဆီးသွားပြီး သူ၏ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကလည်း လင်းယွမ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူက တွန့်ဆုတ်ခြင်းမရှိဘဲ ထိုစိတ်ဝိညာဉ်အပိုင်းအစကို ဖျက်ဆီးပစ်ခဲ့သည်။
ထို့နောက် ကြိုတင်ပြင်ဆင်ထားသော အသက်ကယ်နည်းလမ်းများကို သုံးကာ ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။ အရှင်ဇီမန်၏ တပည့်တစ်ယောက်အနေဖြင့် မဟာအရှင်သခင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် ကြောင်းကျိုးဆက်နွယ်မှုများဖြင့် သတ်ဖြတ်ခြင်းမှ ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းဂူက ကြောင်းကျိုးဆက်နွယ်မှုများကို အားနည်းစေရန် အထူးပြင်ဆင်ထားခြင်းဖြစ်သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုက မဟာအရှင်သခင်တစ်ယောက်၏ လက်ထဲသို့ ကျရောက်သွားလျှင် အကျိုးဆက်က အလွန်ဆိုးရွားပေလိမ့်မည်။ ထို့ကြောင့် ခွန်ကျန်းက ထိုစိတ်ဝိညာဉ်အပိုင်းအစကို ပြတ်သားစွာ ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။
" မဟာအရှင်သခင်တစ်ယောက်ပဲ။ ချင်းဖန်မြို့မှာ ပုန်းကွယ်နေတဲ့ မဟာအရှင်သခင်တစ်ယောက် ရှိနေတာပဲ။ " ခွန်ကျန်းက ယခုအချိန်ထိ ထိတ်လန့်နေဆဲ ဖြစ်သည်။
သူ၏ ရုပ်ခန္ဓာက ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ပြီး မဟာအရှင်သခင်တစ်ယောက်သာ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
" ကျန်တဲ့သူတွေရော..." ခွန်ကျန်းက အခြားသူများကို ချက်ချင်း ဆက်သွယ်ကြည့်လိုက်သည်။
သူတို့အားလုံး၏ မူလခန္ဓာကိုယ်များကလည်း ပျက်ဆီးသွားကြပြီး ဖိနှိပ်ခံရသော စိတ်ဝိညာဉ်အပိုင်းအစများကို ဖျက်ဆီးကာ အသက်ကယ်နည်းလမ်းများဖြင့် ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။
" စီနီယာအမကတော့ အသက်ရှင်နေသေးတယ်။ " ခွန်ကျန်းက စိတ်သက်သာခြင်းမရှိပေ။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက အရှင်ချင်းဖန်၏ တပည့်များထဲတွင် အသန်မာဆုံးဖြစ်ပြီး မဟာအရှင်သခင်အဆင့်နှင့် အလွန်နီးစပ်နေသူဖြစ်သည်။ သူမက မဟာအရှင်သင်တစ်ယောက်ကို ခုခံနိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။
သူမက ဤစစ်ဆင်ရေး၏ ခေါင်းဆောင်ဖြစ်သောကြောင့် သူမတွင် လျို့ဝှက်ရတနာများစွာရှိပြီး မဟာအရှင်သခင်တစ်ယောက်နှင့် ခဏရင်ဆိုင်နိုင်ပေလိမ့်မည်။ သို့သော် ၎င်းက ခဏသာဖြစ်သည်။ ပြိုင်ဘက်က စစ်မှန်သော မဟာအရှင်သခင်တစ်ယောက်ဖြစ်လျှင် သူမက သေခြင်းကို ရှောင်လွှဲ၍မရပေ။
" ဒီတာဝန်က ကျရှုံးသွားပြီထင်တယ်။ " ခွန်ကျန်းက တွေးလိုက်သည်။
ပုန်းကွယ်နေသော မဟာအရှင်သခင်တစ်ယောက်က အခြေအနေကို လုံးဝပြောင်းလဲပစ်ခဲ့သည်။ အထူးသဖြင့် သူတို့က ချောင်းမြောင်းတိုက်ခိုက်ချိန်တွင် သူတို့က လုံးဝအငိုက်မိသွားခဲ့သည်။
" ဂုဏ်သိက္ခာကြီးတဲ့ မဟာအရှင်သခင်က ငါတို့ကို ဒီလိုမျိုး ကစားခဲ့တာလား။ " ခွန်ကျန်း၏ စိတ်ထဲတွင် ဒေါသနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။
သူ၏ အမြင်အရ သူတို့၏ လှုပ်ရှားမှုတိုင်းကို ထိုမဟာအရှင်သခင်က အစကတည်းက ကြိုသိနေခဲ့ပုံရသည်။ သို့သော် သူက လှုပ်ရှားခြင်းမရှိဘဲ သူတို့ မြို့ထဲတွင် အစီအရင်၏ အဓိကနေရာများ ပုံတူကူးနေသည်ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးမှ တိုက်ခိုက်ပြီး သူတို့ကို လုံးဝ စိတ်ပျက်အားငယ်သွားအောင် ပြုလုပ်ရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
" ယုရန်နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေကို အရှင်ချင်းဖန်က တမင်ပေါက်ကြားအောင် လုပ်ထားတာဖြစ်ရမယ်။ ယုရန်ကို တန်ဖိုးထားတယ်ဆိုတာတွေ ယုမိသာစုက ဖြစ်တယ်ဆိုတာတွေ အားလုံးက အတုတွေပဲ။ အားလုံးက လိမ်ညာမှုတွေပဲ။ " ခွန်ကျန်းက ခါးသီးစွာဖြင့် အလွန်ဒေါသထွက်နေခဲ့သည်။
" မဟုတ်ဘူး။ ငါဆရာကို အသိပေးရဦးမယ်။ ဒီတာဝန်ကို ကျရှုံးတာ ငါတို့အမှားမဟုတ်ဘူး။ အဲ့ဒီယုတ်မာတဲ့ အရှင်ချင်းဖန်ကြောင့်ပဲ။ " ခွန်ကျန်းက အရှင်ဇီမန်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။
ချင်းဖန်မြို့ကို ပစ်မှတ်ထားသော ထိုစစ်ဆင်ရေးက ရှေးဟောင်းနိုင်ငံ၏ အမိန့်ဖြစ်သောကြောင့် ကျရှုံးခဲ့လျှင် သေချာပေါက် အပြစ်ပေးခံရပေလိမ့်မည်။ သို့သော် ချင်းဖန်မြို့ထဲတွင် မဟာအရှင်သခင်တစ်ယောက် ပုန်းအောင်းနေခဲ့သည်။
ထိုအကြောင်းသာ ကြိုသိခဲ့လျှင် ဇီမန်နယ်မြေက ဤစစ်ဆင်ရေးကို ဘယ်တော့မှ အကောင်ထည်ဖော်မည်မဟုတ်ပေ။ ပုန်းကွယ်နေသော မဟာအရှင်သခင်တစ်ယောက်ရှိလျှင် စစ်ဆင်ရေးကို အလုံးစုံကို ပြန်လည်ညှိနှိုင်းရန် လိုအပ်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရှေ့တွင် အချိန်လေဟာနယ်က အရပ်မျက်နှာအနှံ့ပိတ်ဆို့ထားသည်။
" ဒီယုရန်က မဟာအရှင်သခင်တစ်ယောက်လား။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက စိတ်ပျက်အားငယ်သွားသည်။
ဇီမန်နယ်မြေအတွက် အနာဂတ်ခြိမ်းခြောက်မှုဖြစ်လာနိုင်သူကို အလွယ်တကူ ရှင်းပစ်ရန် ကြံစည်ခဲ့သော သူမတို့အဖွဲ့က ယခုလောက်ထိ ကြောက်စရာကောင်းသူနှင့် ကြုံတွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ လွှမ်းမိုးခြင်းအဆင့် အဖွဲ့တစ်ဖွဲ့က မဟာအရှင်သခင်တစ်ယောက်ကို ရှင်းပစ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
လင်းယွမ်၏ ညာလက်က ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး သူမထံသို့ ရောက်လာသည်။ ထိုလက်တစ်ဖက်က အချိန်လေဟာနယ်ကို လွှမ်းခြုံထားသည်။ သူမ၏ အပေါင်းအဖော်များက ထိုလက်အောက်တွင် ပျက်ဆီးခဲ့ကြပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ပါ ပျက်ဆီးခဲ့ရသည်။
" မဟာအစီအရင်သလင်းကျောက်..." သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် သူမက အရာအားလုံးကို လျစ်လျူရှုပြီး ရှေးဟောင်းမြို့တော်မှ ပေးထားသော ရတနာကို တိုက်ရိုက်ထုတ်ယူလိုက်သည်။
မဟာအစီအရင်သလင်းကျောက်က မည်သည့်အစီအရင်မဆို ပုံတူကူးယူနိုင်ပြီး ၎င်း၏ စွမ်းရည်က ပုံတူကူးရုံသက်သက်မဟုတ်ပေ။ ၎င်းက ပုံတူကူးထားသော အစီအရင်များကို အပြင်ဘက်တွင် အသက်သွင်းအသုံးပြုနိုင်သည်။ ထိုနည်းဖြင့် အသက်သွင်းခြင်းက အစီအရင်၏ မူလခွန်အားထက် ဆယ်ပုံတစ်ပုံ သို့မဟုတ် အနည်းငယ်သာ ရှိပေလိမ့်မည်။
သို့သော် အစီအရင်တစ်ခု တည်ဆောက်ရန်အတွက် အရင်းအမြစ်များစွာ လိုအပ်ပြီး ချင်းဖန်မြို့၏ ကာကွယ်ရေးအစီအရင်ဆိုလျှင် နှစ်ပေါင်းထောင်ချီ စုဆောင်းတည်ဆောက်ရမည်ဖြစ်သည်။
ဝုန်း....
အဆုံးမဲ့အချိန်လေဟာနယ်ဝင်္ကဘာများပါဝင်သော မဟာအစီအရင်ကြီးတစ်ခုက ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို လွှမ်းခြုံလိုက်ရာ သူမက လင်းယွမ်၏ လက်ထဲမှ လွှဲချော်သွားပြီး နောက်ထပ် အချိန်လေဟာနယ်အတွင်းသို့ ကျရောက်သွားသည်။
" အစီအရင်တစ်ခုလား။ စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က အမျိုးသမီးရှေ့တွင် ပျံဝဲနေသော သလင်းကျောက်ကို လေ့လာကြည့်လိုက်သည်။ အမျိုးသမီးကို လွှမ်းခြုံထားသော အချိန်လေဟာနယ် မဟာအစီအရင်က ထိုသလင်းကျောက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်ကို လင်းယွမ်က အာရုံခံမိသည်။
" မဟာအရှင်သခင်... ကျွန်မလို ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖို့ ဘာလို့အောက်ကျခံနေတာလဲ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ရင်ခုန်မြန်လာသည်။
ယခုထွက်ပေါ်လာသော အစီအရင်က သူမအသက်သွင်းနိုင်သော အားအကောင်းဆုံး ကာကွယ်ရေးအစီအရင်သာ ဖြစ်သည်။ သို့သော် လင်းယွမ်၏ ဖမ်းဆုပ်မှုကြောင့် ထိုအစီအရင်က အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူမက မဟာအစီအရင်သလင်းကျောက်၏ ပိုင်ရှင်မဟုတ်သောကြောင့် အစွမ်းထက်ဆုံး အစီအရင်များကို အသက်မသွင်းနိုင်ပေ။
သူမက ပိုင်ရှင်ဖြစ်ခဲ့လျှင်တောင် မဟာအရှင်သခင်အဆင့် သို့မဟုတ် နတ်ဘုရားအရှင်သခင်အဆင့်မဟုတ်လျှင် ၎င်းက အပြည့်အဝ အသုံးမပြုနိုင်ပေ။ မဟာအစီအရင်သလင်းကျောက်က အရင်းအမြစ်များ သုံးစွဲမှုကို ကျော်လွှားပြီး တိုက်ရိုက်ထုတ်ဖော်နိုင်သော်လည်း အတွင်းပိုင်းအစီအရင်များကို အသက်သွင်းရန် နားလည်မှုကို လိုအပ်သည်။
" မင်းတို့က ငါ့ကို အရင်တိုက်ခိုက်တာလေ။ ငါက ပြန်မတိုက်ရဘူးလား။ " လင်းယွမ်က သလင်းကျောက်ကို ဆက်လက်လေ့လာနေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အစီအရင်များ၏ မူလရင်းမြစ်ကို လေ့လာပြီး လျို့ဝှက်ချက်များစွာကို နားလည်သွားပါပြီ။ ]
လင်းယွမ်၏ ခွန်အားနှင့် သူသာ အမှန်တကယ်လှုပ်ရှားခဲ့လျှင် ထိုအစီအရင်ကို အတင်းအကျပ် ထိုးဖောက်နိုင်ပြီး အတွင်းရှိ အမျိုးသမီးကို အမှန်တကယ် သတ်ဖြတ်နိုင်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းက သလင်းကျောက်ကို ပျက်ဆီးစေနိုင်သည်။