စိတ်ဝိညာဉ်ဘုရင်...
Vol. 58 Ch. 841
" မင်းက ဒီမဟာအစီအရင်သလင်းကျောက်ကို ရောင်းဖို့ ရည်ရွယ်ထားတာလား။ " အရှင်ချင်းဖန်က လင်းယွမ်ကို အံ့ဩစွာ ကြည့်လိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လက်ရှိတွင် သူလိုအပ်သော အရင်းအမြစ်များက အလွန်များပြားလှပြီး အရှင်ချင်းဖန်အပေါ်တွင်သာ မှီခိုနေလျှင် အနည်းငယ် မသင့်လျော်ပေ။ ထိုအပြင် အရှင်ချင်းဖန်ကလည်း အချိန်အကြာကြီးထောက်ပံ့ပေးနိုင်လိမ့်မည်မဟုတ်ပေ။
လီယန်နတ်ခန္ဓာက ပြင်ပအရာများကို လောင်ကျွမ်းဝါးမျိုပြီး စွမ်းအားအဖြစ် ပြောင်းလဲနိုင်သော်လည်း ထိုစွမ်းအပေါ် အလွန်မှီခိုခြင်းက နောက်ဆက်တွဲဆိုးကျိုးများရှိနေသည်။ တစ်ခါတစ်ရံအသုံးခြင်းက ပြဿနာမရှိသော်လည်း မကြာခဏ အသုံးပြုလျှင် လီယန်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။
" မဟာအစီအရင်သလင်းကျောက်က တန်ဖိုးကြီးပြီး ရောင်းရတာလည်း လွယ်ကူလိမ့်မယ်။ " အရှင်ချင်းဖန်က ခဏစဉ်းစားပြီး ဆက်ပြောလိုက်သည်။ " ဒီကိစ္စကို ငါ့ဆီလွှဲထားလိုက်ပါ။ ဒီသလင်းကျောက်ကို တကယ်လိုအပ်နေတဲ့ ဝယ်သူတွေနဲ့ ငါဆက်သွယ်ပေးမယ်။ "
ကျော်ကြားသော မဟာအရှင်သခင်တစ်ပါးအနေဖြင့် အရှင်ချင်းဖန်တွင် အဆက်အသွယ်များစွာရှိသည်မှာ ပုံမှန်သာဖြစ်သည်။ အရှင်ချင်းဖန်ကိုယ်တိုင် ညှိနှိုင်းဆောင်ရွက်ပေးလျှင် ထိုသလင်းကျောက်ကို အမြင့်ဆုံး စျေနှုန်းဖြင့် ရောင်းချနိုင်ပေလိမ့်မည်။
မဟာအစီအရင်သလင်းကျောက် ရောင်းချမည့်အကြောင်းကို ဆွေးနွေးပြီးနောက် အရှင်ချင်းဖန်နှင့် လင်းယွမ်တို့က ဇီမန်နယ်မြေအကြောင်း ဆက်ပြောလိုက်ကြသည်။
" အရှင်ဇီဖန်က ဒီအတိုင်းတော့ လွှတ်ထားမှာမဟုတ်ဘူး။ " လင်းယွမ်က ပြောလိုက်သည်။
အရှင်ချင်းဖန်ကို အချိန်ဆွဲပြီး ချင်းဖန်မြို့၏ မဟာအစီအရင်ကို ပုံတူကူးယူခြင်းကိုကြည့်လျှင် အရှင်ဇီမန်က ချင်းဖန်နယ်မြေအား မည်မျှလိုချင်နေသည်ကို သတိပြုနိုင်သည်။ ထို့အပြင် ချင်းဖန်နယ်မြေကို တိုက်ခိုက်ခြင်းက အရှင်ဇီမန်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်မဟုတ်ဘဲ ရှေးဟောင်းနိုင်ငံ၏ ရာထူးကြီးသူများဖြစ်သည်။
" ငါ အဲ့ဒါကို ကောင်းကောင်းသိတယ်။ " အရှင်ချင်းဖန်က ခေါင်းညိမ့်လိုက်သည်။ " ငါအခုသွားလိုက်ဦးမယ်။ ငါ့မိတ်ဆွေအချို့က ဒီမဟာအစီအရင်သလင်းကျောက်ကို အတော်လေး စိတ်ဝင်စားနေကြတယ်။ "
" ဇီမန်နယ်မြေ..." လင်းယွမ်က ဆက်မစဉ်းစားတော့ပေ။
အရှင်ချင်းဖန်က ဇီမန်နယ်မြေနှင့် နောက်ကွယ်မှ ရှေးဟောင်းနိုင်ငံအကြောင်းကို ကောင်းကောင်းသိသောကြောင့် ထိုကိစ္စကို သူဖြေရှင်းပေလိမ့်မည်။ ဇီမန်နယ်မြေကို လက်တုန့်ပြန်ရန် အရှင်ချင်းဖန်က စီစဉ်ပေလိမ့်မည်။
ယခုအချိန်တွင် လင်းယွမ်က ကျင့်ကြံခြင်းကို ဦးစားပေးပြီး ပိုမိုသန်မာအောင် လုပ်ဆောင်ရန်သာ ဖြစ်သည်။ မည်သည့်နေရာတွင်မဆို ခွန်အားကို မြှင့်တင်ခြင်းက အရေးကြီးဆုံးဖြစ်သည်။
" အခု ငါစုစည်းထားတဲ့ လီယန်မျိုးစေ့က ၃၁၀၀၀ ရှိသွားပြီ။ ဆက်စုစည်းဖို့ကလည်း ပိုခက်ခဲလာတယ်။ " လင်းယွမ်က တွေးလိုက်သည်။
အမှန်တကယ်တွင် လီယန်မျိုးစေ့ သုံးသောင်းပြည့်ပြီးနောက် နောက်ထပ်မျိုးစေ့တစ်ခုကို စုစည်းခြင်း၏ ခက်ခဲမှုက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ ၃၁၀၀၀သို့ ရောက်ရှိချိန်တွင် ၎င်းမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့သည်။
" ငါ့ရဲ့ လက်ရှိအရှိန်နဲ့ဆို လီယန်မျိုးစေ့ ၃၃၃၃၃ခုကို စုစည်းဖို့က နှစ်ပေါင်း ခြောက်ရာ ခုနှစ်ရာလောက် ကြာလိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ " ငါက ရှေးဟောင်းနိုင်ငံက တော်ဝင်မျိုးနွယ်တွေနဲ့ယှဉ်ရင် နောက်ကျနေတုန်းပဲထင်တယ်။ "
လင်းယွမ်က ကျင့်ကြံခြင်း၏ ခက်ခဲမှုကို ခံစားလာရသည်။ အထူးသဖြင့် လီယန်မျိုးစေ့များ စုစည်းခြင်းနှင့်ပက်သက်၍ ဖြစ်သည်။ အိပ်ပျော်နေရင်းတောင် လီယန်မျိုးစေ့များကို စုစည်းနိုင်သော တော်ဝင်မျိုးဆက်များကို သူအားမကျဘဲ မနေနိုင်ပေ။
လင်းယွမ်မသိသည်မှာ လီယန်ရှေးဟောင်းနိုင်ငံ၏ အသန့်စင်ဆုံး လီယန်သွေးမျိုးဆက်ရှိသည့် ပင်မတော်ဝင်မျိုးဆက်များပင် လီယန်မျိုးစေ့များစုစည်းရန် မလွယ်ကူကြောင်းပင်ဖြစ်သည်။ အထူးသဖြင့် မျိုးစေ့နှစ်သောင်းကျော်သွားလျှင် သူတို့၏ စုစည်းမှုမှာ အလားတူ ခက်ခဲလာပြီး နှေးကွေးသွားခဲ့သည်။
သူတို့က လီယန်မျိုးစေ့ သုံးသောင်းကျော်သွားလျှင် မျိုးစေ့တစ်ခုကို စုစည်းရန် နှစ်ပေါင်းများစွာ ကြာမြင့်သွားပေလိမ့်မည်။ အိပ်ပျော်ရင်း စုစည်းခြင်းဆိုသည်မှာ တစ်ခါအိပ်စက်လျှင် နှစ်ပေါင်းတစ်သောင်၊ တစ်သိန်းကြာမြင့်တတ်လေသည်။
" ဖြည်းဖြည်းပေါ့။ ငါအလျင်လိုဖို့မလိုဘူး။ " လင်းယွမ်က သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်သည်။
ရင်းမြစ်ကမ္ဘာတွင် သူက မည်သည့်သက်တမ်းကန့်သတ်ချက်မှ မရှိပေ။ ကျင့်ကြံခြင်းနှင့်ပက်သက်လျှင် အလျင်စလိုလုပ်ရန် မလိုပေ။ ပုံမှန်အတိုင်း တိုးတက်နေလျှင် လုံလောက်လှသည်။
" လီယန်မျိုးစေ့တွေအပြင် ငါ့ရဲ့ ရုပ်ခန္ဓာနတ်စွမ်းရည်က... " လင်းယွမ်က သူ၏ သွေးမျိုးဆက်ကို အာရုံခံကြည့်လိုက်သည်။ မူလစွမ်းအားမျှင်များက ရောယှက်ပေါင်းစပ်နေကြသည်။
" ငါ အခုစုစည်းနေတဲ့ လီယန်ဘိုးဘေးနဲ့ ဆက်စပ်နေပုံပဲ။ ဒါက အလွှာဆယ့်သုံး အချိန်တည်ရှိမှုရဲ့ မွေးရာပါလက်ဆောင်တစ်ခုများဖြစ်နေမလားမသိဘူး။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံအတွင်းရှိ လီယန်မျိုးစေ့ကို စုစည်းနိုင်သော သက်ရှိအားလုံးက အလွန်အားနည်းနေသည့်တိုင် လီယန်ဘိုးဘေး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။ မည်မျှအားနည်းသည်ဖြစ်စေ ရှိနေသရွေ့ ၎င်းကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းမှတစ်ဆင့် ထုတ်ယူစုစည်းနိုင်သည်။
ဇီမန်နယ်မြေ။
ဇီမန်မြို့တော်၏ နက်ရှိုင်းသောနေရာတွင် ခမ်းနားသော ခန်းမကြီးတစ်ခု ရှိနေသည်။ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရှင်ဇီမန်က ထိုနေရာတွင် ရပ်နေသည်။
အချိန်ခဏကြာသောအခါ ပုံရိပ်တစ်ခုပြီးတစ်ခု ခန်းမအတွင်း၌ ပေါ်လာကြသည်။ ထိုပုံရိပ်များက ကိုယ်ပွားများသာဖြစ်သော်လည်း အရှင်ဇီမန်နှင့် တန်းတူရပ်နေနိုင်သည့်အတွက် သူတို့က သေချာပေါက် မဟာအရှင်သခင်များ ဖြစ်ရပေလိမ့်မည်။
" ဇီမန် မင်းရဲ့ အကြံအစည်တွေ ကျရှုံးရုံတင်မကဘဲ အရှင်မင်းသားဆီက ချီမြှင့်ထားတဲ့ မဟာအစီအရင်သလင်းကျောက်ကိုတောင် ဆုံးရှုံးလိုက်ရတာပဲ။ " နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး အခြားပုံရိပ်များက ဇီမန်ကို ကြည့်လိုက်ကြသည်။
" ဒီကိစ္စကို ကျွန်မ အရှင်မင်းသားကို ကိုယ်တိုင် ရှင်းပြမယ်။ " အရှင်ဇီမန်က ခဏတိတ်ဆိတ်သွားပြီး ဆက်ပြောလိုက်သည်။ " ဒါပေမယ့် ချင်းဖန်မြို့ထဲမှာ အရှင်ချင်းဖန် တိတ်တဆိတ် လေ့ကျင့်ပေးထားတဲ့ မဟာအရှင်သခင်တစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းကို ကျွန်မ မသိခဲ့ရဘူး။ "
အကယ်၍ သူမက ချင်းဖန်မြို့ထဲတွင် နောက်ထပ် မဟာအရှင်သခင်တစ်ယောက် ရှိသည်ဟူသော သတင်းကိုသာ သိခဲ့လျှင် သူမ၏ အစီအစဉ်က ပြောင်းလဲသွားပေလိမ့်မည်။ အနည်းဆုံးတော့ မြို့ထဲသို့ စေလွှတ်သူများထဲတွင် မဟာအရှင်သခင်တစ်ယောက် ပါဝင်ပေလိမ့်မည်။
" ရှုံးနိမ့်တာက ရှုံးနိမ့်တာပဲ။ ရှင်းပြနေလို့ ဘာထူးမှာလဲ။ " အခြားပုံရိပ်တစ်ခုက အေးစက်စွာ ပြောလိုက်သည်။
" တော်ကြတော့ ငြင်းမနေကြနဲ့။ အရှင်မင်းသား ကြွလာပြီ။ " ထိုအချိန်တွင် အခြားပုံရိပ်တစ်ခုက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ခန်းမအတွင်းမှ ပုံရိပ်များအားလုံးက တိတ်ဆိတ်သွားကြပြီး သူတို့၏ နေရာတွင် ငြိမ်သက်စွာ ရပ်နေကြသည်။ ခဏအတွင်း ကြီးမားသော စိတ်အသိတစ်ခုက ဆင်းသက်လာပြီး အရပ်ရှည်သော ပုံရိပ်တစ်ခု ပေါ်လာသည်။
" အရှင်မင်းသားကို ဂါရဝပြုပါတယ်။ " အားလုံးက ပုံရိပ်ကို ဦးညွှတ်လိုက်ကြသည်။
" အင်း..." ထိုပုံရိပ်က စိတ်ဝိညာဉ်ဘုရင်ဟု ခေါ်ပြီး ဘုရင်အဆင့် အင်အားကြီးသူတစ်ယောက်ဖြစ်သည်။
ရင်းမြစ်ကမ္ဘာ၏ ရှေးဟောင်းနိုင်ငံများတွင် ဘုရင်ဘွဲ့ကို ချီးမြှင့်ခံရရန် လမ်းကြောင်းနှစ်ခုရှိသည်။ ပထမတစ်ခုက နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းပြီးနောက် ရှေးဟောင်းနိုင်ငံ၏ ဘွဲ့အပ်နှင်းခြင်းကို ခံယူခြင်းဖြစ်သည်။ ၎င်းက ဘုရင်အများစုလျှောက်ခဲ့သော လမ်းကြောင်းဖြစ်သည်။
နောက်တစ်ခုမှာ တော်ဝင်သွေးမျိုးဆက်မှတစ်ဆင့် ဘုရင်အဆင့်သို့ တက်လှမ်းခြင်းဖြစ်သည်။ တော်ဝင်သွေးမျိုးဆက်များက ရှေးဟောင်းနိုင်ငံထူထောင်သူ၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားကြသည်။ တော်ဝင်မျိုးဆက်တစ်ဆင့် ဘုရင်ဖြစ်လာရန် သွေးမျိုးဆက်သိပ်သည်းမှုက ပင်မအဆင့်နှင့် နီးစပ်နေရန် လိုအပ်သည်။ ထို့အပြင် ကျင့်ကြံမှုကလည်း မဟာအရှင်သခင်အဆင့်သို့ ရောက်ရှိနေရမည်ဖြစ်သည်။
ပင်မတော်ဝင်သွေးမျိုးဆက်နှင့် နီးစပ်သော မဟာအရှင်သခင်တစ်ယောက်က နတ်ဘုရားအရှင်သခင်၏ ခွန်အားကို အပြည့်အဝ မမီနိုင်သော်လည်း များစွာနောက်ကျကျန်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဘုရင်ဘွဲ့ချီးမြှင့်ရန် အရည်အချင်း ပြည့်မီသည်။ စိတ်ဝိညာဉ်ဘုရင်က ဒုတိယနည်းလမ်းဖြင့် ဘုရင်ဖြစ်လာသူဖြစ်ပြီး သိပ်သည်းသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။
"ပြော အခု ငါတို့ ချင်းဖန်နယ်မြေကို ဘယ်လိုသိမ်းပိုက်ကြမလဲ။ " စိတ်ဝိညာဉ်ဘုရင်က ဇီမန်ကို ကြည့်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
ချင်းဖန်မြို့နှင့် ပက်သက်သော ကိစ္စများကို သူနားလည်ထားပြီဖြစ်သောကြောင့် ၎င်းက အရှင်ဇီမန်၏ အမှားတစ်ခုတည်း မဟုတ်ကြောင်း သူသိသည်။ ချင်းဖန်မြို့တွင် မဟာအရှင်သခင်တစ်ယောက် ပုန်းကွယ်နေလိမ့်မည်ဟု ဘယ်သူမှမျှော်လင့်ထားမည်မဟုတ်ပေ။
" အရှင်မင်းသား... အခု အရှင်ချင်းဖန်က သတိထားမိသွားပြီးပြီဆိုတော့ တန်ဖိုးနည်းနည်းနဲ့ ချင်းဖန်မြို့ကို သိမ်းပိုက်ဖို့ တကယ်ခက်ခဲသွားပြီ။ " ပုံရိပ်တစ်ခုက တိုးညှင်းစွာ ပြောလိုက်သည်။
၎င်းက အမှန်တရားပင် ဖြစ်သည်။ အကယ်၍ အစီအစဉ်သာ ချောမွေ့နေခဲ့လျှင် အရှင်ဇီမန်က ချင်းဖန်မြို့၏ မဟာအစီအရင်တစ်ခုလုံးကို ပုံတူကူးယူနိုင်ခဲ့ပြီဖြစ်သည်။ ထို့နောက် ရှေးဟောင်းနိုင်ငံများ၏ ပညာရှင်များဖြင့် အစီအရင်အားလုံးကို အပြည့်အဝ ထိန်းချုပ်ပြီး ချင်းဖန်မြို့ကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။
ထိုအချိန်တွင် အရှင်ချင်းဖန်က အသက်ရှင်လျက်လွတ်မြောက်သွားလျှင်တောင် သူက ချင်းဖန်မြို့နှင့် ချင်းဖန်နယ်မြေက ကျရှုံးသွားမည်ဖြစ်သည်။ သို့သော် ယခု တန်ဖိုးအနည်းဆုံးနှင့် ချင်းဖန်မြို့ကို သိမ်းပိုက်နိုင်မည့် ဖြစ်နိုင်ခြေက မရှိတော့ပေ။
ထိုဖြစ်ရပ်ပြီးနောက် အရှင်ချင်းဖန်က လီယန်ရှေးဟောင်းနိုင်ငံကို သတင်းပို့ပေးလိမ့်မည်။ ယခုအချိန်တွင် ချင်းဖန်မြို့၌ အင်အားကြီးသူများစွာ ရောက်နေလောက်ပြီဖြစ်သည်။ ယခုအချိန်တွင် ချင်းဖန်မြို့၏ အစီအရင်က အားနည်းချက်များ ရှိနေလျှင်တောင် မည်သူမှ ဝင်ရောက်ရဲမည်မဟုတ်ပေ။