ဒါဟာ ကံကြမ္မာပဲ ဖြစ်လိမ့်မယ်
Vol. 11 Ch. 141
“ကံကြမ္မာနတ်ဘုရားမမှာ မျက်လုံးနှစ်လုံး ရှိသင့်တာပေါ့... ကံဆိုးခြင်း ဒင်္ဂါး ရှိမှတော့ ကံကောင်းခြင်း ဒင်္ဂါး ဆိုတာလည်း ရှိရဦးမှာပေါ့...”
လင်ကျဲ၏ စကားသံများက အက်ဒမန်၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်နေဆဲ ရှိသေးသည်။ သူ စကားပင် မဆုံးသေးခင်မှာပင် ‘ကံကောင်းခြင်း ဒင်္ဂါး’ က အိမ်ပေါက်ဝအထိ ရောက်ရှိလာခဲ့လေပြီ။
ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုတော့ လုံးဝ မဖြစ်နိုင်။
သာမန်လူသားများအနေဖြင့် တိုက်ဆိုင်မှုနှင့် ကံစမ်းမှုကို ယုံကြည်ချင် ယုံကြည်ကြလိမ့်မည်။ သို့သော်လည်း သဘာဝလွန် နယ်မြေထဲသို့ နက်ရှိုင်းစွာ ရောက်ရှိလာသူတိုင်းကတော့ ဤလောကတွင် ဖြစ်ပျက်သမျှ အရာတိုင်းတွင် အကြောင်းနှင့် အကျိုးဟူသော ကံကြမ္မာကြိုးမျှင်များ ရစ်ပတ်နှောင်ဖွဲ့ထားသည်ကို နားလည်ကြစမြဲ ဖြစ်သည်။
‘အခရာအဆင့်’ ပုဂ္ဂိုလ်ကြီးများသည် ထိုအကြောင်းနှင့် အကျိုး ကြိုးမျှင်များကို ခံစားသိရှိနိုင်ရုံသာမက မြင်တွေ့နိုင်ပြီး အခြားသူများ၏ ကံကြမ္မာကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်ကာ စိတ်တိုင်းကျပင် ကစားနိုင်ကြပေသည်။ ထို့ကြောင့်ပင် အခရာအဆင့်ရှိသူများကို ‘နတ်ဘုရားများ’ ဟု သတ်မှတ်ကြခြင်း ဖြစ်၏။
ထိုပုဂ္ဂိုလ်ကြီးများမှာ ယုတ္တိဗေဒထက် ကျော်လွန်သော၊ ပုံသဏ္ဌာန်မဲ့သော၊ ခြေရာလက်ရာ မကျန်သော၊ စကားဖြင့် ဖော်ပြ၍မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ဥပမာအားဖြင့် ‘လန်စီ မှော်ကြေးမုံ’ မှ ပေါက်ဖွားလာသော မိုးနတ်ဘုရားကို ကြည့်လျှင် သိနိုင်သည်။ ထိုနတ်ဘုရားသည် မိုးကြိုးနှင့် လျှပ်စီးကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်းရှိသည်။ ထိုစွမ်းအားမှာ သူ၏ ကိုယ်ပိုင်အစွမ်းပင် ဖြစ်၏။ မည်သည့် မန္တန် သို့မဟုတ် မည်သည့် မှော်ပစ္စည်းမှ မလိုအပ်ဘဲ လက်ထဲရှိ တူဖြင့် မိုးတိမ်များကို ထုရိုက်ရုံမျှဖြင့် သဘာဝတရား၏ ဖျက်ဆီးခြင်း စွမ်းအားများကို ခေါ်ယူနိုင်သည်။
အဆိုပါ နတ်ဘုရားမှာ မိုးကြိုးနှင့် သက်ဆိုင်သော အကြောင်းအကျိုး ကြိုးမျှင်များကို ဆွဲထုတ်ပြီး မိုးရွာခြင်း၊ လျှပ်စီးလက်ခြင်းနှင့် လျှပ်စစ်ဓာတ် အစရှိသော အယူအဆများကို မိမိကိုယ်ထဲ၌ ကိန်းဝပ်စေခဲ့ခြင်း ဖြစ်သည်။ အခြားသော ‘အခရာအဆင့်’ ပိုင်ရှင်များသည်လည်း ဤအတိုင်းပင်ဖြစ်ရာ သဘာဝလွန် နယ်ပယ်၌ အစွမ်းထက် ပုဂ္ဂိုလ်များ အဖြစ် သတ်မှတ်ခံထားရသည့် ဖျက်ဆီးခြင်း အဆင့်များပင် နားလည်ရခက်လှပေသည်။ ထို့ကြောင့်ပင် အခရာ အဆင့်များမှာ ပြိုင်ဘက်ကင်းသော နတ်ဘုရားများအဖြစ် သတ်မှတ်ခြင်း ခံရခြင်းဖြစ်သည်။
ယခုတွင်တော့ သူ ထိုအရာကို မျက်မြင် မြင်လိုက်ရပြီ ဖြစ်သည်။ ဤဆန်းကြယ်လှသော နယ်ပယ်တွင် တိုက်ဆိုင်မှုဟူသည် မရှိ။ ထို့ထက်ပိုသည်က ယခု သူတို့ရှေ့မှောက်တွင် ရှိနေသည်မှာ ‘ကံကြမ္မာဒင်္ဂါး’ နှင့် ပတ်သက်သော ဒဏ္ဍာရီပင် ဖြစ်တော့သည်။
ပထမခေတ်မှ ယနေ့တိုင်အောင် ‘ကံကောင်းခြင်း ဒင်္ဂါး’ နှင့် ‘ကံဆိုးခြင်း ဒင်္ဂါး’ နှစ်ခု ပေါင်းစည်းနိုင်ခဲ့သည့် အချိန်မှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ ထိုသို့ ပေါင်းစည်းမိတိုင်း တစ်နှစ်အတွင်းမှာပင် ပိုင်ရှင် ပျောက်ဆုံးသွားခြင်း သို့မဟုတ် ဘေးဆိုးနှင့် ကြုံတွေ့ရခြင်းတို့ကြောင့် ဒင်္ဂါးနှစ်ပြားသည် ပြန်လည် ကွဲကွာသွားတတ်ကြသည်။
ဤဒင်္ဂါးအမြွှာနှစ်ပြားမှာ အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာသော်လည်း သံလိုက်၏ ဆန့်ကျင်ဘက် အစွန်းနှစ်ခုကဲ့သို့ ရှိနေကြသည်။ ဒင်္ဂါးနှစ်ပြား ဆုံစည်းမိသည်နှင့် တစ်ပြိုင်နက် တစ်ခုနှင့်တစ်ခု ပြန်လည်တွန်းကန်ကြပြီး ခန့်မှန်း၍မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေတတ်သည်။
အမှန်စင်စစ်တွင် ထိုဒင်္ဂါးနှစ်ပြားကို ပေါင်းစည်းရန် ကြိုးစားလိုသူ များများစားစားတော့လည်း မရှိတော့ပေ။ တစ်ပြားတည်း ပိုင်ဆိုင်ရုံနှင့်ပင် အလွန်အစွမ်းထက်သော မှော်ပစ္စည်းတစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။
သို့သော်လည်း... အဆိုးဝါးဆုံးအချက်က ထိုဒင်္ဂါးနှစ်ပြားမှာ အသွင်အပြင်အားဖြင့် တစ်ထေရာတည်း တူညီနေခြင်းပင်။ ယခင်ပိုင်ရှင်၏ အတည်ပြုချက်မပါဘဲ ခွဲခြားလိုလျှင် အမှားအယွင်းများစွာ ကြုံတွေ့ရင်းနှင့်သာ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။
ခြုံငုံကြည့်လျှင်မူ ဤ ‘ကံကောင်းခြင်း ဒင်္ဂါး’ ကို သူတို့ရှေ့မှောက်သို့ ချက်ချင်းရောက်လာအောင် ဖန်တီးခဲ့သည်မှာ ဤစာအုပ်ဆိုင်ပိုင်ရှင်၏ စွမ်းအားကြောင့်သာဖြစ်ကြောင်း သေချာပေသည်။
စာအုပ်ဆိုင် ပိုင်ရှင်မှာ သူတို့က ကံဆိုးခြင်း ဒင်္ဂါးကို လက်ဆောင်အဖြစ် ယူလာမည်ကို ကြိုတင်နိမိတ် မြင်နေခြင်းလော၊ သို့မဟုတ် ဝတုတ်အား ကံကောင်းခြင်း ဒင်္ဂါး လာပေးစေရန် စီစဉ်ထားခြင်းလောဟူသည်မှာ ‘တိုက်ဆိုင်မှု’ ဟုခေါ်သော ရေခဲတောင်ကြီး၏ ထိပ်ဖျားမျှသာ ဖြစ်ပြီး စာအုပ်ဆိုင် ပိုင်ရှင်၏ စွမ်းအားကို အထင်းသား ဖော်ပြနေခြင်းပင်။
လင်ကျဲ တစ်ယောက်ကတော့ အံ့ဩသော အမူအရာဖြင့် ကိုလင် စားပွဲပေါ်တွင် ထားသွားခဲ့သည့် ဒင်္ဂါးကို ကောက်ယူလိုက်၏။ သူ၏ လက်ထဲရှိ ဒင်္ဂါးနှင့် ယှဉ်ကြည့်လိုက်သောအခါ တစ်ထေရာတည်း တူညီနေသည်ကို တွေ့လိုက်ရ၏။
အက်ဒမန် ပြောခဲ့သော စကားများကို ပြန်လည် ဆက်စပ်တွေးတောကြည့်ရင်း လင်ကျဲ၏ ရင်ခုန်သံများ မြန်လာ၏။
‘ဒါက ကံကောင်းခြင်း ဒင်္ဂါးလား... ဒီနေ့က ဘယ်လို ရက်ရာဇာ နေ့မျိုးပါလိမ့်... ချယ်ရီ့ လူတွေက ကံဆိုးခြင်း ဒင်္ဂါး ယူလာပေးပြီး မကြာခင်မှာပဲ ကိုလင်က ကျေးဇူးတင်စကားပြောဖို့ ကံကောင်းခြင်း ဒင်္ဂါးနဲ့ ရောက်လာတယ်...’
လင်ကျဲ ဘလက်ကီ၏ အကူအညီကို ချန်လှပ်ထားခဲ့ပြီး ကိုလင်၏ မိန်းခလုတ်ကို မည်သို့ ကူညီပြင်ဆင်ပေးခဲ့ကြောင်းကိုသာ အက်ဒမန်တို့အား အကျဉ်းချုံး ပြောပြလိုက်သည်။
ထို့နောက်... မျက်နှာများ ပြာနှမ်းနေသော လူအုပ်ကြီးကို ကြည့်ကာ လင်ကျဲက ခေါင်းခါရင်း ရယ်မောလိုက်လေ၏။
“ဟား... ကျွန်တော်ကတော့ ကံကောင်းမြဲ ကံကောင်းနေဆဲပါပဲလား... ကြည့်ရတာ ကံဆိုးခြင်း ဒင်္ဂါးတောင်မှ ကျွန်တော့်ရဲ့ ကံကို မလုယူနိုင်ဘူး ထင်ပါတယ်ဗျာ”
“ကံကြမ္မာရဲ့ စီမံမှုတွေက တကယ်ပဲ ဆန်းကြယ်လှတယ်... ဒါကလည်း ကံကြမ္မာပဲ ဖြစ်လိမ့်မယ်...”
“ကျွန်တော်ကတော့ ကံကြမ္မာကို ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်ဆန် လူတစ်ယောက် အမြဲတမ်း ဖြစ်နေမှာပါပဲ...”
မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ရောက်လာဖို့ မသေချာသည့် ဧည့်သည် တစ်ဦး အတွက် လက်ဘက်ရည် ပူပူတစ်ခွက် ပြင်ဆင်ရင်း စောင့်ဆိုင်းနေခဲ့သည့် လုပ်ရပ်မှာလည်း လင်ကျဲ၏ အနုပညာဆန်ဆန် စိတ်ကူးယဉ်မှုကို ပြသနေခြင်းပင်။ ထိုနေ့က ကျိကျစ်ရှို့ ဆိုင်ထဲသို့ ရောက်လာချိန်တွင် သူ၏ စိတ်ကူးယဉ်မှုများမှာ ပိုမို နက်ရှိုင်းလာခဲ့ပြီး တစ်ခါတစ်ရံ၌ ဘဝမှာ အလွန်ပင် စိတ်ဝင်စားဖို့ကောင်းကြောင်း မတွေးဘဲ မနေနိုင်ခဲ့ချေ။
ဝမ်းနည်းစရာ ကောင်းသည်က ယခုအချိန်တွင်... မည်သူကမျှ လင်ကျဲ၏ စိတ်အခြေအနေကို နားမလည်နိုင်ကြခြင်းပင်။
‘ခင်ဗျားပြောတဲ့ ကံကြမ္မာဆိုတာကြီးကလည်းဗျာ... ဘယ်လောက်တောင် ခမ်းနားအောင် သရုပ်ဆောင်နေတာလဲ...’
အက်ရှ် ကုန်သည်ကြီးများအသင်းမှ လူများ၏ စိတ်ထဲတွင် ထိုအတွေးများသာ ဝင်နေကြ၏။ မိန်းခလုတ်လေး တစ်ခုလောက် ကူပြင်ပေးတာကို ဘယ်သူက မိသားစု အမွေအနှစ် ဒင်္ဂါးနှင့် ကျေးဇူးတုံ့ပြန်မှု ပြုပါမည်နည်း။
လင်ကျဲက စပ်စုလိုစိတ်ဖြင့် ပါးလွှာသော ဒင်္ဂါးနှစ်ပြားကို ထပ်ကြည့်လိုက်၏။ ထိုဒင်္ဂါးများကို ထူးခြားသော ပစ္စည်းတစ်ခုခုဖြင့် ပြုလုပ်ထားပုံရပြီး ချက်ချင်းပင် တစ်ခုနှင့်တစ်ခု မြဲမြံစွာ ကပ်သွားကာ နှစ်ဖက်ပါသော ဒင်္ဂါးပြားအပြည့်အစုံ ဖြစ်သွားတော့သည်။ လင်ကျဲသည် ထိုဒင်္ဂါးကို ဟိုလှန်ဒီလှန် လုပ်ရင်း ဝမ်းသာအားရ ရေရွတ်လိုက်၏။
“ဘဏ္ဍာစိုးကြီးရေ... ကြည့်ရတာ ကျွန်တော်တော့ ပြီးပြည့်စုံတဲ့ ကံကြမ္မာဒင်္ဂါး ရသွားပြီထင်တယ်...”
မှန်ပေသည်။ ဒင်္ဂါးနှစ်ပြား ပြဇာတ်ဆန်ဆန်ပင် ပြန်လည် ပေါင်းစည်းသွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
“လူကြီးမင်းကတော့ တကယ်ကို ကံကောင်းလှပါတယ်”
အက်ဒမန်က မြှောက်ပင့်ပြောဆိုလိုက်၏။ သူသည် ဝါရင့်ပြီး လိမ္မာပါးနပ်သော ဘဏ္ဍာစိုး တစ်ဦး ဖြစ်သည်နှင့်အညီ ဤကဲ့သို့သော ပုဂ္ဂိုလ်ထူးများကို မြှောက်ပင့်ရာတွင် အလွန်ပင် ကျွမ်းကျင်လှပေသည်။
လင်ကျဲ ပေါင်းစည်းသွားသည့် ဒင်္ဂါးကို သေတ္တာထဲသို့ ထည့်လိုက်၏။ ထိုအချိန်သို့ ရောက်ခါမှ စောစောက ကိုလင် တစ်ယောက် ပျာပျာသလဲနှင့် ထွက်ပြေးသွားပုံမှာ ပုံမှန်မဟုတ်ကြောင်း သူ သတိရသွားသည်။ ထို့ကြောင့်ပင် သူက ပြောလိုက်၏။
“ကိုလင့်ကို ကြည့်ရတာ တစ်ခုခုတော့ မူမမှန် သိလိုပဲနော်...”
အက်ဒမန်က ကံကြမ္မာဒင်္ဂါးဆီမှ အကြည့်ကို လွှဲလိုက်ရင်း မေးလိုက်၏။
“အဲဒီလူကို ကျွန်တော်တို့ သွားကြည့်ပေးရမလားခင်ဗျာ...”
လင်ကျဲက ခေါင်းညိတ်လိုက်၏။
“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ကျွန်တော့်ကို မိစ္ဆာတစ်ကောင်လို့ မှားယွင်းပြီး ထင်မြင်ခဲ့ဖူးတယ်... အခု ဒီမိသားစုအမွေအနှစ်ကို လာပေးတာက သူ အပြစ်ရှိသလို ခံစားနေရလို့ ပြန်ပေးဆပ်တာလို့ ထင်ပါတယ်...”
“ကိုလင်ကို အစတုန်းက ပျင်းရိတဲ့ လူတစ်ယောက်လို့ပဲ ကျွန်တော် ထင်ခဲ့တာ... ဒါပေမဲ့ သူ့မှာ ကြင်နာတတ်တဲ့ သဘာဝတော့ ရှိပုံရပါတယ်... ဖြစ်နိုင်ရင် သူ့ကို တတ်နိုင်သလောက် ကူညီပေးလိုက်ပါဦး”
“ဟုတ်ကဲ့... စိတ်ချပါ လူကြီးမင်း...
အက်ဒမန် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ပြုံးလျက် ခေါင်းညိတ်လိုက်၏။ သို့သော် သူ၏ စိတ်ထဲတွင်မူ... ‘လက်စသတ်တော့ သကောင့်သားက ဒီလူကြီးမင်းကို ပြစ်မှားခဲ့တာပဲ... အဲဒါကြောင့်လည်း ကံကောင်းခြင်း ဒင်္ဂါးကို ကိုယ်တိုင်ကိုယ်ကျ လာအုပ်ဖို့ ကံကြမ္မာကို ကြိုးကိုင် စီစဉ်ခဲ့တာကိုး... အခရာအဆင့်ကြီးတွေရဲ့ အတွေးကိုတော့ ငါ နားမလည်နိုင်တော့ဘူး... ကြည့်ရတာ လူကြီးမင်းက သာမန်လူသားတွေကို ကစားရတာကို သဘောကျနေပုံပဲ’ ဟူ၍ တွေးနေမိလေသည်။
ဘဏ္ဍာထိန်း အက်ဒမန်က ကျန်ရှိနေသည့် လက်အောက်ငယ်သား သုံးဦးထဲမှ နှစ်ဦးကို ဆိုင်ပြင်ဆင်ရန်အတွက် အပေါ်ထပ်သို့ တက်ကြည့်ခိုင်းပြီး ကျန်တစ်ဦးကို ဘေးအိမ်သို့ လိုက်ခဲ့ရန် ခိုင်းလိုက်သည်။ ဘေးအိမ်မှ တံခါးမှာ သေသေချာချာ ပိတ်မထားချေ။ ကြည့်ရသည်က မစ္စတာ ကိုလင် ဆိုသူမှာ အတော်လေး ထိတ်လန့်သွားပုံရလေသည်။
***