ကိုလင်၏ ဆုံးဖြတ်ချက်
Vol. 11 Ch. 142
“မစ္စတာ ကိုလင်...”
အက်ဒမန် ယဉ်ကျေးစွာဖြင့် တံခါးကို ခေါက်ကာ အသိပေးပြီးမှ အတွင်းသို့ ဝင်သွားလိုက်၏။
“ဘာ... ဘာလဲ... ဟီး...”
တုန်ရီနေသည့် ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာ၏။ ကိုလင်၏ ဝဖြိုးသော ခန္ဓာကိုယ်ကြီးမှာ ဆိုဖာနောက်တွင် ပုန်းအောင်းနေကာ တတုန်တုန် လှုပ်နေသော တင်ပါးဆုံကြီးသာ အပြင်သို့ ထွက်နေလေသည်။
အက်ဒမန်က မိမိလက်ထဲရှိ အချက်အလက်များကို ကြည့်ရင်း ပြောလိုက်သည်။
“ခင်ဗျားက ကုန်သည်ကြီးများ အသင်းကို ဒေါ်လာတစ်သောင်း အကြွေး ပေးစရာ ကျန်နေသေးတယ်... ပေးဆပ်ရမယ့်ရက်ကလည်း နီးနေပြီနော်...”
ကိုလင် မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ထိုမိစ္ဆာက သူ့ကို ကစားနေတာ အသေအချာပင်။ ပြောရလျှင် ထိုမိစ္ဆာက သူ့ကို မသတ်ချင်သေးဘဲ တစ်ခုခုကို ရည်ရွယ်နေတာ ဖြစ်သည်။
ကိုလင်၏ ဒေါသများမှာ ဟုန်းဟုန်းတောက်စ ပြုလာပြန်၏။ သူ ဤအရာကို မကြောက်နိုင်တော့။ သေခြင်းတရားကိုတောင် မကြောက်တော့မှတော့ အဘယ်ကြောင့် ထိုအရာကို ကြောက်နေရဦးမည်နည်း။
‘ကိုလင်ဆိုတဲ့ ငါ့မှာလည်း သတ္တိရှိတယ်ကွ...’
သူသည် ချက်ချင်း ထရပ်လိုက်ပြီး ဟစ်အော်လိုက်သည်။
“ငါ့ဆိုင်နဲ့ ဒီပစ္စည်းတွေအားလုံး ဘယ်လောက် တန်သလဲဆိုတာ တန်ဖိုး တွက်လိုက်စမ်း...”
အက်ဒမန်မှာ ဤလူ၏ အတွေးကို လိုက်မမီသော်လည်း လင်ကျဲက ကူညီရန် ပြောထားသဖြင့် ကူညီပေးလိုက်သည်။ စုစုပေါင်းတန်ဖိုးမှာ ခန့်မှန်းခြေ ဒေါ်လာသုံးသောင်းခန့် ရှိသည်။
“ငါ့ဆိုင်နဲ့ ကြွေးကို ဆပ်မယ်ဆိုရင် ရမလား...”
“တစ်နည်းအားဖြင့်တော့ ရပါတယ်... တန်ဖိုးဖြတ်တာက ဒီလောက် ဆိုပေမဲ့ တကယ့် အရောင်းအဝယ်မှာတော့ ဒီထက် လျော့သွားမှာပါ... အာ... ခင်ဗျားမှာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ပြဿနာတစ်ခုခု ရှိနေလို့လား”
အက်ဒမန်မှာ မူလက ထိုကြွေးမြီကို လျှော်ပစ်ဖို့ စိတ်ကူးထားသော်လည်း ကိုလင်က ဤမျှအထိ သိက္ခာရှိစွာဖြင့် ပေးဆပ်လိုစိတ်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
‘ကြည့်ရတာ စာအုပ်ဆိုင်ပိုင်ရှင်က လူအကဲခတ် တကယ်တော်တာပဲ...’
“ဘာမှ မရှိဘူး... ဘာပြဿနာမှ မရှိဘူး...”
ကိုလင် တစ်ယောက် ဝန်ထုပ်ဝန်ပိုးအားလုံး ကင်းစင်သွားသကဲ့သို့ လန်းဆန်းသွားသည်။ သူက ရူးသွပ်နေသူတစ်ဦးကဲ့သို့ တဟားဟား ရယ်မောလိုက်၏။
“ငါ နောက်ဆုံးတော့ လွတ်လပ်သွားပြီ... ဟား ဟား ဟား... အခု ငါ ပစ္စည်းတွေ သိမ်းပြီး ထွက်သွားလို့ ရပြီ... ဘယ်တော့မှ ပြန်မလာတော့ဘူး...”
သူက ပြောသည့်အတိုင်းပင် ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ သူ၏ ပစ္စည်းအများစုမှာ ရောင်းချထားပြီးသား ဖြစ်သဖြင့် အနည်းငယ် သိမ်းဆည်းပြီးနောက် တံခါးပြင်ပသို့ တန်းတန်းမတ်မတ် ထွက်သွားတော့သည်။
“အခု ဘာဆက်လုပ်ကြမလဲ”
လက်အောက်ငယ်သားက အက်ဒမန်ကို လှမ်းမေးသည်။ အက်ဒမန် ခဏမျှ စဉ်းစားလိုက်ပြီး အခြေအနေကို သဘောပေါက်သွားသည်။
မစ္စတာ ကိုလင်ထံမှ ကံကောင်းခြင်း ဒင်္ဂါးကို ယူပြီးနောက် စာအုပ်ဆိုင်ပိုင်ရှင်မှာ ထိုလူ၌ အမင်္ဂလာများ ဆိုက်ရောက်လာမည်ကို ကြိုမြင်ပြီး ပတ်ဝန်းကျင်ကိုပါ ထိခိုက်မည်စိုးသဖြင့် သူတို့ကို လွှတ်ကာ ထိုလူကို ခြောက်လှန့် မောင်းထုတ်လိုက်ခြင်းပင်။
တစ်ချိန်တည်း၌... ရုပ်မြင်သံကြားဆိုင်၏ ဖရိုဖရဲ ဖြစ်နေသည့် ကြမ်းပြင်ကို ကြည့်ရင်း စာအုပ်ဆိုင်ပိုင်ရှင်မှာ ဘေးကပ်လျက်ဆိုင်၏ နေရာကိုပါ သိမ်းယူချင်နေခြင်း ဖြစ်လိမ့်မည်ဟု သူ ခံစားလိုက်ရပေသည်။
“ဘာလုပ်ရဦးမှာလဲ... ပြန်သွားပြီး မစ္စတာလင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြရမှာပေါ့”
ဘဏ္ဍာထိန်းကြီးက သက်ပြင်းချရင်း ပြောလိုက်၏။
အဖြစ်အပျက်များကို ပြန်လည် နားထောင်ပြီးနောက် လင်ကျဲ တစ်ယောက် သူ၏ အိမ်နီးချင်းမှာ တကယ်တမ်း၌ ပြတ်သားသောသူ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ ထိုအချက်ကို ယခုအချိန်အထိ သတိမထားမိခဲ့ပေ။
တစ်ချိန်တည်း၌ ဘေးကပ်လျက်အခန်းမှာ လွတ်သွားပြီဖြစ်ကြောင်း လင်ကျဲ ရုတ်တရက် သတိပြုလိုက်မိသည်။ အက်ဒမန်မှာလည်း သူ လုပ်ဆောင်ရမည့်အချက်ကို နားလည်သွားပြီဟု ခံစားလိုက်ရကာ လတ်တလော ရရှိထားသည့် ပိုင်ဆိုင်မှု စာချုပ်ကို လင်ကျဲထံ ကမ်းပေးလိုက်တော့သည်။
“လူကြီးမင်း လိုအပ်မယ်ဆိုရင် ဘေးက အခန်းကိုပါ ကျွန်တော်တို့ ပြုပြင်ပေးနိုင်ပါတယ်... လူကြီးမင်းရဲ့ ညွှန်ကြားချက်အတိုင်းပါပဲ ခင်ဗျာ”
....
မွန်းနှင့် အက်ရှ် ကုန်သည်ကြီးများ အသင်းဝင်များ အလုပ်ရှုပ်နေကြစဉ် အတွင်း လင်ကျဲ ဘေးကပ်လျက်ဆိုင်သို့ သွားကြည့်လိုက်ရာ အိမ်နီးချင်း ကိုလင်မှာ ရုပ်မြင်သံကြားဆိုင်ကို စွန့်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ယခုအခါ ထိုဆိုင်မှာ သူ့ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။
လင်ကျဲမှာ အပြင်သို့ လုံးဝမထွက်ဘဲ အိမ်တွင်းအောင်းနေတတ်သူတစ်ယောက် မဟုတ်သည်ကိုတော့ သတိပြုရမည်။ နေ့စဉ်စားသောက်ကုန်နှင့် သုတေသနစာတမ်းများမှာ လေထဲမှ အလိုအလျောက် ပေါ်လာနိုင်သည်မဟုတ်ရာ သူ ရံဖန်ရံခါတော့ အပြင်သို့ ထွက်တတ်ပေသည်။
“ကိုလင်က မသွားခင် တစ်ဆိုင်လုံးကို မွှေနှောက်ဖျက်ဆီးသွားတာလား... ဒါပေမဲ့ ဆိုင်ထဲမှာ ရေမွှေးတွေတော့ ဖြန်းသွားပုံပဲ”
လင်ကျဲက တစ်ကိုယ်တည်း ရေရွတ်ရင်း ရုပ်မြင်သံကြား ဆိုင်အတွင်းရှိ ဖရိုဖရဲဖြစ်နေသော အခြေအနေကို လေ့လာကြည့်လိုက်သည်။ အတွင်းပိုင်းကို သေသေချာချာ မြင်ရစေရန် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် အမှိုက်သရိုက်များကို ကျော်ဖြတ်လျှောက်လှမ်းသွား၏။
ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော လမ်းမပေါ်တွင် ဖွင့်ထားသောဆိုင်ဖြစ်၍ စီးပွားရေးမှာ သူ့ စာအုပ်ဆိုင်နှင့် သိပ်မထူးလှပဲ ဆိုင်အကျယ်အဝန်းမှာလည်း သိပ်မကြီးလှပေ။
ရုပ်မြင်သံကြားဆိုင်တစ်ခုလုံးမှာ သူ၏ စာအုပ်ဆိုင်ထက် အနည်းငယ် ပိုကျဉ်းကာ အလယ်နှင့် နံရံလေးဖက်လုံးတွင် စင်များ တပ်ဆင်ထားသဖြင့် နေရာလွတ်မှာ ကျဉ်းမြောင်း ကျပ်ညပ်နေသည်။
ကိုလင်၏ ခန္ဓာကိုယ်အရွယ်အစားနှင့်ဆိုလျှင် ထိုစင်များကြား၌ နေ့စဉ်လျှောက်လှမ်းရန်မှာ တော်တော်လေး ခက်ခဲလိမ့်မည်ဟု ထင်ရသည်။
“သူ ဆိုဖာပေါ်မှာပဲ ကွေးနေပြီး တီဗွီကြည့်နေရတာ မဆန်းပါဘူး”
လင်ကျဲက ရေရွတ်လိုက်မိ၏။ သူကိုယ်တိုင်လည်း ကောင်တာနောက်က ခုံမှာပဲ အမြဲထိုင်ပြီး စာဖတ်နေတတ်သည်ကိုမူ လင်ကျဲ မေ့နေပုံရ၏။ ဆိုင်အတွင်းရှိ စီဒီချပ်များ၊ တိပ်ခွေများနှင့် မဂ္ဂဇင်းအမျိုးမျိုးကို သူ လိုက်လံကြည့်ရှုနေမိ၏။
ကိုလင်၏ ဆိုင်တွင် ရောင်းချသော ပစ္စည်းများမှာ ကမ္ဘာမြေပေါ်ရှိ ဆိုင်များနှင့် သိပ်မကွာခြားလှပေ။ တေးဂီတနှင့် ရုပ်ရှင်စီဒီများ၊ အချစ်အလန်းဇာတ်ကားများ၊ ထိုထက်ပို၍ ပြောရလျှင် အပြာကားများအပြင် အတွင်းခံမျှသာ ဝတ်ဆင်ထားသည့် မိန်းကလေးပုံများပါသော ဖျော်ဖြေရေးမဂ္ဂဇင်းများစွာလည်း ရှိနေသည်။
ဤပစ္စည်းများကို အထင်ရှားဆုံးနေရာများတွင် ပြသထားပြီး ပိုမိုကောင်းမွန်သည့် ရုပ်ရှင်နှင့် ဂီတခွေများကိုမူ နောက်ဘက်တွင်သာ ဝှက်ထားရာ ဤနေရာသည် မည်ကဲ့သို့သော ဆိုင်မျိုးဖြစ်ကြောင်း သိသာလှပေသည်။
လင်ကျဲမှာ ထိုကဲ့သို့သော အရာများနှင့် ထိတွေ့ရခဲလှသော်လည်း နှာခေါင်းရှုံ့ခြင်း၊ ရှောင်လွှဲခြင်းမျိုးလည်း မရှိပေ။ သူ စင်ပေါ်ရှိ ပစ္စည်းအားလုံးကို စိတ်ဝင်တစား လိုက်လံကြည့်ရှုနေမိ၏။ သူ့ အမြင်အရ ဤအရာများသည်လည်း ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၏ ရှုထောင့်တစ်ရပ်ပင် ဖြစ်သည်။
ပြီးပြည့်စုံသော လူ့ယဉ်ကျေးမှုတစ်ခုတွင် မြင့်မြတ်သောအလွှာနှင့် နိမ့်ကျသောအလွှာ ဟူ၍ အမြဲရှိစမြဲပင်။ နက်ရှိုင်း ခမ်းနားလှသော အနုပညာရပ်များရှိသကဲ့သို့ ရုပ်ဝတ္ထု ရမ္မက်ကို အခြေခံသည့် အောက်ခြေအဆင့် ဖျော်ဖြေမှုများလည်း ရှိတတ်သည်။
နေနှင့်လ၊ ယင်နှင့်ယန် ကဲ့သို့ပင် ထိုအချက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနေပြီး ခွဲခြား၍မရနိုင်ပေ။
လင်ကျဲမှာ လူမှုဓလေ့ထုံးတမ်းများကို သုတေသနပြုရာတွင် အရာရာကို အကျိုးအကြောင်း ဆင်ခြင်တုံတရားဖြင့် ရှုမြင်တတ်သူဖြစ်ရာ အရာအားလုံးကို အလုံးစုံ လက်ခံခြင်း သို့တည်းမဟုတ် အလုံးစုံ ငြင်းပယ်ခြင်းမျိုးကို လုပ်ဆောင်ခဲသည်။ ထို့ကြောင့် သူ၏ လက်ခံနိုင်စွမ်း နယ်ပယ်မှာလည်း တော်တော်လေး ကျယ်ဝန်းလှပေသည်။
သို့သော်လည်း... ဤဆိုင်ထဲတွင် ကြည့်စရာပစ္စည်းက သိပ်များများစားစားမရှိလှချေ။ မကြာမီမှာပင် လင်ကျဲမှာ ကိုလင် အမြဲထိုင်တတ်သည့် တစ်ခုတည်းသော ဆိုဖာနှင့် နံရံတွင် တပ်ဆင်ထားသည့် ရုပ်မြင်သံကြားစက်ကို တွေ့ရှိသွားသည်။
သူ နေ့စဉ်နှင့်အမျှ ဤတီဗွီမှ လာသော သတင်းများကို နားထောင်နေခဲ့ခြင်း ဖြစ်သည်။
သူ လိုက်လံရှာဖွေကြည့်ရာ ဆိုဖာပေါ်တွင် ရီမုကွန်ထရိုးကို တွေ့လိုက်ရ၏။ ကိုင်လိုက်သောအခါ လက်ဆီများနှင့် အနည်းငယ် စေးကပ်နေသဖြင့် ကိုလင်၏လက်ထဲတွင် နေ့စဉ်နှင့်အမျှ မည်သို့ ဆုပ်ကိုင် ခံထားရသည်ကို လင်ကျဲ ပုံဖော်ကြည့်၍ ရနေသည်။
သူ စမ်းသပ်ကြည့်လိုက်ရာ တီဗွီမှာ ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲပင်။ ထို့နောက် လင်ကျဲမှာ အပေါ်ထပ်သို့ တက်၍ လေ့လာကြည့်ပြန်၏။
အပေါ်ထပ်၌ ထူးဆန်းသည်က... စားပွဲပေါ်တွင် အရည်အသွေးမြင့် ဆားများ၊ ရွှေပြားများနှင့် ပုလဲများစွာ တင်ထားသည်ကို တွေ့ရခြင်းပင်။ ၎င်းတို့နှင့်အတူ မြက်ခြောက်အချို့နှင့် မည်သည့်အတွက် သုံးသည်မှန်း မသိရသော အမှုန့်အချို့လည်း ရှိနေသည်။
လင်ကျဲသည် လက်တစ်ဆုပ်စာ ယူ၍ အနံ့ခံကြည့်လိုက်၏။
“အောက်ထပ်က ရေမွှေးနံ့နဲ့ တစ်ထေရာတည်းပဲ... ကိုလင်ရဲ့ ဝါသနာက ရေမွှေးဖော်စပ်တာလား....”
“တကယ်ပဲ လူကို အသွင်အပြင်နဲ့ ဆုံးဖြတ်လို့ မရပါလား... ဟင်း... ကိုယ့် အိမ်နီးချင်းအကြောင်းကိုတောင် ငါ တကယ်ပဲ မသိခဲ့ပါလား... ကိုလင်က ကြမ်းတမ်းပုံရပေမဲ့ တကယ်တမ်းကျတော့ အတော်လေး ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်ပဲ”
သို့သော်လည်း... ဤမျှများပြားလှသော ဆားများကို မြင်သောအခါ လင်ကျဲ၌ အခြားသော အတွေးတစ်ခုလည်း ပေါ်လာပြန်သည်။
ကမ္ဘာမြေပေါ်ရှိ အနောက်တိုင်း ယဉ်ကျေးမှုများတွင် ဆားကို မကောင်းဆိုးဝါးများ မလာနိုင်အောင် ကာကွယ်သည့်နေရာတွင် အသုံးပြုကြသည်။
ထို့ကြောင့် ကိုလင်သည် သူ အထင်မှားနေသည့် မိစ္ဆာကို မောင်းထုတ်ရန်အတွက် ဤနည်းလမ်းကို အသုံးပြုနေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ပုံမှန်ဆိုလျှင်... လင်ကျဲ ဤကဲ့သို့ တွေးတောမိမည် မဟုတ်သော်လည်း ဓားရှည်ကြီးအတွင်းရှိ ဘုရင် ကန်ဒယ်လာ၏ အကြောင်းအရာများက သူ့ကို အတွေးသစ်များ ပေးခဲ့သဖြင့် ဤသို့ တွေးမိခြင်း ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် ကိုလင်ကတော့ ထွက်သွားပြီပဲ... အထင်လွဲတာတွေလည်း ရှင်းသွားပြီဆိုတော့ ဒါတွေက အရေးမကြီးတော့ပါဘူး”
***