← Chapters

ဓားသိုင်းပညာနှင့် အီသာ

Vol. 11 Ch. 144

ဓားသိုင်းပညာနှင့် အီသာ

Vol. 11 Ch. 144

ယခင်တစ်ကြိမ်က လင်ကျဲ သူမကို ‘ဂရင်း နတ်သမီး ပုံပြင်များ’ စာအုပ်ကို ပေးခဲ့ဖူးသည်။ သူမ တစ်ယောက်တည်း အထီးကျန်မနေစေရန်နှင့် စာဖတ်ရင်း အချိန်ကုန်စေရန်အတွက် အိပ်မက်ထဲ၌ စိတ်ကူးဖြင့် ဖန်တီးပေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုစဉ်က တစ်ဖက်လူမှာ သူ၏ အိပ်မက်ထဲမှ စိတ်ကူးယဉ် ဇာတ်ကောင်သက်သက်သာ ဖြစ်သဖြင့် အလေးအနက် ထားစရာမလိုဟု သူ ယူဆခဲ့သည်။

သို့သော် ယခုမူ အခြေအနေအားလုံးမှာ တစ်မျိုးတစ်ဖုံ ထူးခြားနေသဖြင့် သူမ ထိုစာအုပ်ကို ဖတ်ပြီးလောက်ပြီဟု လင်ကျဲ ခန့်မှန်းလိုက်မိသည်။

တစ်ချိန်တည်းမှာပင် ကန်ဒယ်လာ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခဲ့သည့် သန့်ရှင်းသော ဓားသည်လည်း သူ့ လက်ထဲသို့ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည်။

ကြက်ခြေခတ်ပုံစံ ဓားလက်ကိုင်၌ တပ်ဆင်ထားသည့် ဖြူစင်တောက်ပလှသော မီးတောက်တစ်ခု အလား ကျောက်မျက်ရတနာများမှာ လက်ရာမြောက်လှသော အနုပညာပစ္စည်းတစ်ခုနှယ် ရှိနေသည်။

လင်ကျဲ၏ မေးခွန်းကို ကြားသောအခါ ဆစ်ဗာ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာ၏။

“တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်လေးပါပဲ... ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ ကမ္ဘာတစ်ခု၊ စိတ်ကူးယဉ်ဆန်ပြီး လှပတဲ့နေရာ၊ လူသားတွေနဲ့ မိစ္ဆာတွေ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ကြပြီး ကောင်းမှုနဲ့ မကောင်းမှုကို ရှင်းရှင်းလင်းလင်း ခွဲခြားထားတဲ့နေရာ...”

“ရှင်ပေးတဲ့ လက်ဆောင်ကို ကျွန်မ တကယ်ပဲ နှစ်သက်ပါတယ်... ပထမဆုံးအကြိမ်အဖြစ် ကျွန်မရဲ့ ဘေးနားမှာ တစ်ယောက်ယောက် ရှိနေသလိုမျိုး ခံစားခဲ့ရတယ်”

သူမက ကိုယ်ကို တစ်ပတ်လှည့်ကာ ဝတ်ဆင်ထားသည့် အဖြူရောင် ဂါဝန်ဖျော့ကို အသာအယာ မလျက် သစ်ပင်ကြီးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် ပြန်လှည့်ကြည့်ကာ မေးလိုက်၏။

“ရှင်ကော အဲဒီလို ကမ္ဘာမျိုးကို တောင့်တမိလား...”

လင်ကျဲ ပြန်လည် ဖြေကြားရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိပြန်သည်။ သူ လက်ထဲမှ ဓားကြီးကို မည်သည့် နေရာတွင် ထားရမည်မှန်း မသိချေ။

ဓားတစ်လက်ကို ကိုင်ထားကာ အခြားသူတစ်ဦးနှင့် စကားပြောနေရင်း သူမကို ခုတ်တော့မလို ပုံစံ ဖြစ်နေခြင်းက ဖော်ရွေမှုမရှိဟု သူ ခံစားရသည်။

စွပ်...

လင်ကျဲ အိုင်းရစ်ပန်းများ ဖုံးလွှမ်းနေသည့် မြေပြင်ထဲသို့ ဓားသွားကို အသာအယာ စိုက်ချလိုက်ပြီးမှ ဆစ်ဗာ၏ မေးခွန်းကို ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“အဲဒီလို ကမ္ဘာမျိုးကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ... ဒါပေမဲ့ လက်တွေ့မှာတော့ ဒါက တကယ်ပဲ မဖြစ်နိုင်ပါဘူးလေ... လူသားတွေဟာ အားနည်းပေမဲ့ အသိဉာဏ်အရှိဆုံးနဲ့ အယုတ်မာဆုံး နှလုံးသားတွေကို ပိုင်ဆိုင်ထားကြတယ်... မိစ္ဆာတွေ... သူတို့ကို မိစ္ဆာလို့ပဲ ခဏခေါ်ထားကြရအောင်... သူတို့မှာ ကြီးမားတဲ့ ခွန်အားတွေ ရှိကြပေမဲ့ စာအုပ်ထဲမှာ ဖော်ပြထားသလို ကောင်းခြင်း ဆိုးခြင်း ခွဲခြားလို့မရသလို လူတွေကိုလည်း အလိုအလျောက် ကူညီကြမှာ မဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် သူတို့က တကယ်ပဲ ဉာဏ်နည်းလွန်းကြပါတယ်”

ဆစ်ဗာက လင်ကျဲကို ကြည့်ရင်း ပြုံးလိုက်၏။

“ရှင့်အမြင်က အဆိုးမြင်ဘက်ကို ရောက်နေသလိုပဲ... အရင်က ကျွန်မကို ပျော်ပျော်နေဖို့ အကြံပေးတုန်းကတော့ ရှင်က အကောင်းမြင်တတ်တဲ့ စိတ်ကူးယဉ်သမား တစ်ယောက်လို့ ကျွန်မ ထင်ခဲ့မိတာ”

လင်ကျဲက ရယ်မောရင်း ခေါင်းခါလိုက်သည်။

“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ် ဆန်သူလို့ အမြဲသတ်မှတ်ထားပါတယ်... ဒါပေမဲ့ ဒါက အခြေအနေပေါ်မှာလည်း မူတည်တာပေါ့ဗျာ... လူသားတွေရဲ့ သဘာဝမှာ ကောင်းမြတ်မှုတွေ ရှိနေတယ်ဆိုတာကို ကျွန်တော် ယုံကြည်ပေမဲ့ တစ်ဖက်မှာလည်း လူတစ်ယောက်ကို အဆိုးဆုံး အခြေအနေကနေ စဉ်းစားပြီး ဆုံးဖြတ်ဖို့ အမြဲ အကြံပေးလေ့ရှိပါတယ်”

“မှန်ပါတယ်လေ...”

ဆစ်ဗာက ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ သူမ၏ မျက်ဝန်းများက ဓားဆီသို့ ရောက်သွားသည်။

“ဒါနဲ့ အဲဒီဓားက ရင်းနှီးနေသလိုပဲ”

လင်ကျဲသည် မြေကြီးထဲ စိုက်ထားသော ဓားကို ကြည့်ကာ ၎င်း၏ ဇာစ်မြစ်ကို အကျဉ်းချုံး ရှင်းပြလိုက်သည်။

“ဒါက ကျွန်တော့်နောက်ကို ဘယ်လိုလိုက်လာမှန်း ကျွန်တော်လည်း မသိဘူး... အင်း... အိပ်မက်ကနေတစ်ဆင့်ပေါ့”

မိန်းကလေးက အသံလွင်လွင် ကလေးနှင့် ရယ်မောလိုက်၏။

“ကန်ဒယ်လာက သူ့ရဲ့ ဝိညာဉ်ကို ရှင့်ရဲ့ ဓားနဲ့ ရှင့်ရဲ့ စီးတော်ယာဉ်အဖြစ် သစ္စာဆိုခဲ့ပြီးပြီလေ... ဆိုလိုတာက လက်တွေ့မှာဖြစ်စေ၊ အိပ်မက်မှာဖြစ်စေ သူက ရှင့်နောက်ကို အမြဲတမ်း လိုက်ပါနေမှာပါ”

ဆစ်ဗာမှာ ကန်ဒယ်လာနှင့် အဲလ်ဖို့ဒ် နိုင်ငံအကြောင်းကို သိနေသလားဟု လင်ကျဲ သံသယဝင်လာမိသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်... သူက စမ်းသပ်မေးမြန်းလိုက်၏။

“သူ့ကို ခင်ဗျား သိလား...”

“သိတာပေါ့”

မိန်းကလေးက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက ဓားဆီသို့ လျှောက်သွားကာ ၎င်းကို ဆွဲထုတ်၍ သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သည်။

“အဲလ်ဖို့ဒ်ရဲ့ နောက်ဆုံးဘုရင်... လူတွေက သူ့ကို အရူးဘုရင်... ကပ်ရောဂါဆိုးကြီးရဲ့ အရင်းအမြစ် လို့ ခေါ်ကြတယ်... ပြောရရင် ကန်ဒယ်လာက ကျွန်မဆီမှာ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ဖူးတယ်”

“ဒါပေမဲ့ တကယ်တမ်းကျတော့ သူပြောသလိုပါပဲ... ကပ်ရောဂါလည်း မရှိသလို၊ ရူးသွပ်မှုလည်း မရှိခဲ့ဘူး... အဲလ်ဖို့ဒ်ဟာ ကန်ဒယ်လာကြောင့် အလုံးစုံ ပျက်သုဉ်းခဲ့ရတာပါ... လူသားတွေက သမိုင်းရဲ့ ဒီအပိုင်းကို တခြားတစ်ခုနဲ့ မှားယွင်း မှတ်သားခဲ့ကြတာ”

ဆစ်ဗာမှာ တည်ငြိမ်ပြီး ရင့်ကျက်သည့် အလှတရားကို ပိုင်ဆိုင်ထားကာ အလယ်ခေတ်က တော်ဝင် မိန်းကလေး တစ်ဦး ကဲ့သို့ နူးညံ့ပြီး အထီးကျန်ဆန်သည့် အပြုံးကို အမြဲဆောင်ထားသူ ဖြစ်သည်။ သို့သော်လည်း... ဓားရှည်ကို ကိုင်ထားချိန်တွင်မူ သူမ၏ ငွေရောင်မျက်ဝန်းများက ဓားသွားကဲ့သို့ပင် စူးရှလှပေသည်။

‘ဆုတောင်းတယ်...’

လင်ကျဲ၏ စိတ်ထဲတွင် ပျက်စီးနေသော အဖြူရောင် ခန်းမဆောင်ကြီးနှင့် အဲလ်ဖို့ဒ်တွင် နတ်ဘုရားအား ကိုးကွယ်လေ့ရှိသည့် ဓလေ့ထုံးတမ်းများကို ပြန်လည် မြင်ယောင်လာသည်။

ဤသို့ဆိုလျှင်... ဆစ်ဗာမှာ အဲလ်ဖို့ဒ်နိုင်ငံတော်က ကိုးကွယ်ခဲ့သော မူလ ‘နတ်ဘုရား’ များ ဖြစ်နေလေမလား။

မယုံနိုင်စရာ အတွေးပေါင်းများစွာက လင်ကျဲ၏ စိတ်ထဲတွင် ဝဲလည်လာခဲ့၏။ သို့သော်လည်း... သူ ဆစ်ဗာ၏ စကားထဲမှ တစ်ခုကို ချက်ချင်း သတိပြုလိုက်မိသည်။

“သမိုင်းကို မှားယွင်းမှတ်သားခဲ့တယ် ဟုတ်လား”

ဆစ်ဗာက ဓားကို ပြောင်းပြန်လှန်ကာ ဓားလက်ကိုင်ကို လင်ကျဲ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ထို့နောက် ဘေးနားသို့ တိုးကပ်လာကာ သူမ၏ လက်ချောင်းလေးများဖြင့် လင်ကျဲ၏ လက်ကို အသာအယာ ထိတွေ့လိုက်သည်။

ဆစ်ဗာက လင်ကျဲ မေးခဲ့သည့် မေးခွန်းကို ပြန်မဖြေဘဲ ပြုံးလျက် ပြောလိုက်၏။

“ကန်ဒယ်လာက ရှင့်ကို သူ့ရဲ့ မှတ်ဉာဏ်တွေ ပေးခဲ့ပေမဲ့ ရှင် အကုန်လုံးကိုတော့ မမြင်နိုင်သေးဘူး... ဓားသိုင်းပညာ တစ်ခုတည်းကပဲ အပြည့်အစုံ ကျန်ရစ်နေတာ... ဟုတ်တယ်မလား”

ဤမျှ နီးကပ်စွာ ရှိနေခြင်းကြောင့် သူတို့နှစ်ဦးကြား အရပ်အမောင်း ကွာခြားမှုကို လင်ကျဲ ပိုမို သတိပြု လာမိသည်။ သူ၏ အမြင်အာရုံမှာ သူမ၏ ရင်ညွန့်အဆင့်လောက်တွင်သာ ရှိနေ၏။

“ဟုတ်ပါတယ်... အဲဓာကို ကျွန်တော် နဂိုကတည်းက တတ်မြောက်ထားသလိုမျိုး ခံစားရတယ်... ဒါပေမဲ့ တစ်ခါမှတော့ စမ်းမကြည့်ရသေးဘူး”

လင်ကျဲက ခေါင်းညိတ်ရင်း ပြောလိုက်၏။ ဆစ်ဗာက ပိုမိုနီးကပ်စွာ တိုးလာကာ လင်ကျဲ၏ လက်ကို ကိုင်၍ မြှောက်လိုက်ရင်း စူးရှတောက်ပသော ဓားသွားကို ရှေ့သို့ ချိန်ရွယ်စေလိုက်သည်။

“ရှင်နဲ့ ကျွန်မ အပြန်အလှန် ဖလှယ်မှုလေး တစ်ခု လုပ်ကြတာပေါ့... ကျွန်မ ရှင့်ကို ဓားသိုင်းပညာ သင်ပေးမယ်... ရှင့်ဘက်က အဲဒါကို ကျွမ်းကျင်သွားတဲ့အခါ လူတွေ ဘာကို မှားယွင်းမှတ်သားခဲ့ကြသလဲဆိုတာ ကျွန်မ ပြောပြမယ်”

သူမက နူးညံ့ သိမ်မွေ့သော လေသံဖြင့် ဆိုလိုက်၏။ လင်ကျဲမှာ ခဏမျှ စကားစ ပျောက်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့...”

လင်ကျဲမှာ ဒုတိယခေတ်နှင့် တတိယခေတ်ကြားက အကူးအပြောင်း သမိုင်းကြောင်းများနှင့် ကန်ဒယ်လာ သူ့အား အပ်နှံခဲ့သည့် မှတ်ဉာဏ်များနှင့် စွမ်းရည်များကို အလွန်ပင် စိတ်ဝင်စားနေသူ ဖြစ်သည်။ ဤအရာ အားလုံးအား သေသေချာချာ သိရှိနိုင်မည့် အခွင့်အရေးကို လင်ကျဲ အခြားအရာအားလုံးထက် ပိုမို တောင့်တနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆစ်ဗာ ပြောသည့် အပြန်အလှန် ဖလှယ်မှုမှာ သူ့အတွက် အကျိုးသာ ရှိနေလေရာ ငြင်းဆန်ရန် အကြောင်းမရှိပေ။

သို့သော် ဆစ်ဗာ၏ ပထမဆုံးသော မေးခွန်းက လင်ကျဲကို အံ့အားသင့် သွားစေခဲ့၏။ ၎င်းက...

“ရှင် အီသာ အကြောင်းကို သိသလား”

ဟူ၍ပင်။

တစ်ချိန်တည်းမှာပင် အမှန်တရား အသင်းတော်မှ ‘အမှန်တရား ရှာဖွေသူ’ အုပ်စုသည်လည်း သူတို့၏ စစ်ဆင်ရေးကို စတင်လိုက်ကြလေပြီ ဖြစ်သည်။

***

All Chapters