လွန်လွန်းသည့် အမှန်တရား ရှာဖွေသူများ
Vol. 11 Ch. 145
လန်ဒန်ဟုဒ်...
လန်ဒန်ဟုဒ်သည် အစွန်းရောက် အမှန်တရား ရှာဖွေသူ တစ်ဦး ဖြစ်သည်။ သူက အမှန်တရား အသင်းတော် စက်မှုဌာနမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရိုဝဲ ဖီဂီ၏ လက်အောက်ခံ ငရဲဘုံအဆင့်ရှိ ပညာရှင်တစ်ဦးလည်း ဖြစ်သည်။
ဟုဒ်သည် သေနတ်နှင့် လက်နက်ခဲယမ်း နယ်ပယ်တွင် ထင်ရှားကျော်ကြားသူဖြစ်သလို အဖျက်စွမ်းအားပြင်းသော လက်နက်ကြီးများကို အထူးတလည် နှစ်သက်သူလည်း ဖြစ်၏။
ယခင် အကြောင်းအရာ တစ်ချို့ကို ပြန်နွှေး၍ ပြောရပါက... စက်မှုဌာနမှူး ရိုဝဲ ဖီဂီနှင့် အယ်ခီမီ ဌာနမှူး တို့မှာ ယခင်က အင်ဒရူး၏ ရုံးခန်းအတွင်း တစ်ဦးကိုတစ်ဦး သရော်ရင်း စောင်းမြောင်း ပြောဆိုခဲ့ကြသော သူငယ်ချင်းဟောင်းကြီးနှစ်ဦး ဖြစ်ကြသည်။
လန်စီ မှော်ကြေးမုံ ကိစ္စတွင် ကျူးလွန်ခဲ့သည့် အမှားများကြောင့် အင်ဒရူး စောင့်ကြည့်စစ်ဆေးခြင်း ခံနေရချိန်တွင်... ဖီဂီမှာလည်း အင်ဒရူးနှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် ပညာရှင်များစွာ၏ မေးခွန်းထုတ်မှုနှင့် ဖယ်ကြဉ်မှုတို့ကို ရင်ဆိုင်ခဲ့ရသည်။
ထို့အပြင် စက်မှုကွင်းပြင် (မက်ရှင်းလု) အတိုက်ခိုက်ခံရမှုမှာလည်း ဖီဂီ၏ တာဝန်ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း ညွှန်ပြနေသည်။ အကယ်၍ အပြိုင် ဒု-ဥက္ကဋ္ဌက အာဏာကို အရယူရန်နှင့် အပြစ်အားလုံးကို အင်ဒရူးအပေါ် ပုံချရန်သာ ဆုံးဖြတ်ချက် မချခဲ့ပါက ဖီဂီမှာ အောက်ခြေအဆင့်အထိ ရောက်သွားလောက်ပြီ ဖြစ်သည်။
ရွံ့ရုပ်တု ပရောဂျက်မှာ လူအင်အား၊ ပစ္စည်းအင်အားနှင့် ငွေကြေးအင်အား အမြောက်အမြား အကုန်အကျခံခဲ့ရသော်လည်း အကောင်းဆုံး ရလဒ်မှာ ခိုးယူခံခဲ့ရသည်။ ၎င်းက ပေါ့သေးသေး အပြစ်မျိုး မဟုတ်ပါချေ။
ကျန်ရှိနေသော နမူနာများသာမက ဆက်စပ်နေသည့် ဓာတ်ခွဲခန်းများနှင့် ဂိုဒေါင်များပါ အကုန်လုံးနီးပါး ဖျက်ဆီးခံလိုက်ရသဖြင့် ဆုံးရှုံးမှုမှာ ကြီးမားလှပြီး အမှန်တရား အသင်းတော် တစ်ခုလုံး ဒေါသတကြီး ဖြစ်နေကြသည်။
အမှန်တရား အသင်းတော်တွင် အစကတည်းက ရွံရုပ်တု စီမံကိန်းကို ကန့်ကွက်သူများစွာ ရှိခဲ့သည်။ ယခုအခါ သဘောထားကွဲလွဲမှုများ ပြင်းထန်နေသဖြင့် ဆုံးရှုံးမှုများကို လျှော့ချရန် ထိုစီမံကိန်းကို ဖျက်သိမ်းလိုက်ပြီး ထိုအတွက် ခွဲတမ်းကျ ရရှိထားသည့် ရန်ပုံငွေများကိုလည်း ပိုမိုလက်တွေ့ကျသည့် စက်ရုပ်ဝတ်စုံများ တီထွင်သည့်ဘက်သို့ ပြောင်းလဲ အသုံးပြုခဲ့ကြသည်။
အတိုချုပ်ပြောရလျှင် ဤတိုက်ခိုက်မှုမှာ စက်မှုဌာနအတွင်းရှိ ဆိုးရွားလှသည့် အခြေအနေနှင့် အားပြိုင်မှုများကို ပိုမို တင်းမာသွားစေခဲ့သည်။ ဖီဂီမှာ ယခင်ကထက်ပင် ပို၍ စိတ်ဓာတ်ကျနေခဲ့သည်။ သူက တစ်ကိုယ်တော် သုတေသနပြုခြင်း၌သာ အချိန်ကုန်ဆုံးနေပြီး ဘာကိုမျှ ဂရုမစိုက်တော့ဘဲ နေခဲ့သည်။
ဖီဂီ၏ လက်အောက်ငယ်သားများလည်း ဒုက္ခရောက်ကြရသည်။ ရန်ပုံငွေလည်းမရှိ၊ စီမံကိန်းလည်းမရှိသဖြင့် စီမံကိန်းအသစ်တစ်ခု သူတို့ထံ ရောက်မလာမချင်း လုံးဝ အလုပ်လက်မဲ့ ဖြစ်နေကြရသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အမှန်တရား ရှာဖွေသူများထံ ပေါက်ကြားခဲ့သော စာအုပ်ဆိုင်နှင့် ပတ်သက်သည့် အချက်အလက်များမှာ ထိုပညာရှင်များအတွက် အဓိက ရည်မှန်းချက် ဖြစ်လာတော့သည်။ အမှန်စင်စစ် အင်ဒရူး၏ အမိန့်ကို အခြားသူများက ပယ်ဖျက်လိုက်ခြင်း မရှိခဲ့လျှင်တောင်မှ သူတို့က မည်သို့ပင်ဖြစ်စေ ထိုစာအုပ်ဆိုင်သို့ သွားချင်နေကြမည်သာ ဖြစ်သည်။
ထို ‘အမှန်တရား ရှာဖွေသူများ’ အတွက် အသိပညာထက် ပိုမို စိတ်ဝင်စားစရာကောင်းသော အရာဟူ၍ မရှိပေ။ အကယ်၍ ရှိခဲ့လျှင်လည်း ၎င်းမှာ ပိုမိုနက်ရှိုင်းသော အသိပညာများသာ ဖြစ်ပေလိမ့်မည်။
သူတို့မှာ ဘာသာရေး အစွဲအလမ်းကြီးသူများကဲ့သို့ပင် အသိပညာကို ရှာဖွေရာတွင် မနားမနေ ကြိုးပမ်းကြပြီး ၎င်းအား ရယူရန် သို့မဟုတ် ခိုးယူရန်အတွက်လည်း မည်သည့်နည်းလမ်းမျိုးကိုမဆို အသုံးပြုရန် ဝန်မလေးကြသူများ ဖြစ်သည်။
အမှန်တရား ရှာဖွေသူများ နှင့် ပဋိပက္ခဖြစ်ဖူးသူအချို့ကမူ ထိုအုပ်စု၏ ကိုယ်ကျင့်တရားအပေါ် ရွံရှာသောကြောင့် ၎င်းတို့ကို ဝိညာဉ်စုပ်ကောင်များ ဟု ခေါ်ဆိုကြသည်။
သို့သော် အသိပညာ ပြန့်ပွားသူများ အဖွဲ့ ဖြစ်စေ၊ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ဖြစ်စေ သူတို့ကို အရေးယူရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူတို့ လုယူသောအရာမှာ အသိပညာသက်သက်သာ ဖြစ်သည်။ အသက်အန္တရာယ်ကို ထိခိုက်စေခြင်း မရှိသလို ဝိညာဉ်ကို ထိခိုက်စေခြင်းမျိုးလည်း မရှိချေ။
သူတို့မှာ သဘာဝလွန် အစွမ်းထက် ပုဂ္ဂိုလ်များ သာမန်လူများကို မထိပါးရဟူသော စည်းမျဉ်း၏ အစွန်းပေါ်တွင် လျှောက်လှမ်းနေသည့် ဥပဒေမဲ့ ရူးသွပ်သူများဟုပင် ဆိုနိုင်သည်။
အကယ်၍ အမှန်တရား ရှာဖွေသူများ၏ လုပ်ရပ်ကို စည်းမျဉ်းချိုးဖောက်မှုဟု သတ်မှတ်မည်ဆိုလျှင် သာမန်လူများ၏ မှတ်ဉာဏ်ကို ဖျက်ဆီးပစ်သော လုပ်ရပ်မှာ ပို၍ပင် ကြီးလေးသော ပြစ်မှု ဖြစ်ပေလိမ့်မည်။
အမှန်တရား အသင်းတော်တွင် အမှန်တရား ရှာဖွေသူ အရေအတွက်မှာ အယောက်နှစ်ဆယ်တွင် တစ်ယောက်ခန့် ရှိပြီး အသိပညာ ပြန့်ပွားသူများမှာမူ အယောက်တစ်ရာတွင် တစ်ယောက်သာ ရှိသည်။
ထို့ကြောင့် အမှန်တရား ရှာဖွေသူများမှာ အမှန်တရား အသင်းတော်တွင် လျစ်လျူရှု၍ မရနိုင်သော အင်အားစုကြီး ဖြစ်သည်။
ဤလူများမှာ သွက်သွက်ခါအောင် ရူးနေကြသူများ မဟုတ်ကြသော်လည်း သူတို့ကို ပုံမှန်လူများကဲ့သို့ ရှုမြင်လျှင်မူ မှားယွင်းပေလိမ့်မည်။ သူတို့မှာ သင်ယူခြင်းအပေါ် အလွန်အကျွံ စွဲလမ်းနေသဖြင့် နေ့စဉ်ဘဝတွင် ပုံမှန် စွမ်းဆောင်ရည်များ မရှိကြပါချေ။
တစ်ဖက်တွင်မူ သူတို့သည် ရည်မှန်းချက် ကြီးမားသူများ၊ ဖောက်ပြန်သူများ၊ မဆင်မခြင် ပြုလုပ်တတ်သူများ ဖြစ်ကြပြီး တစ်ခါတစ်ရံတွင် လူ့အသက်ကိုပင် လျစ်လျူရှုတတ်ကြသည်။ သူတို့က တကယ်တမ်း၌ ယဉ်ယဉ်လေး ရူးနေသည့် အရူးတစ်စု သာ ဖြစ်ကြသည်။
အင်ဒရူး၏ အမိန့်ကို ဒုတိယအကြိမ် ကြားဖြတ် ပယ်ဖျက်လိုက်ချိန်တွင် ဟုဒ် ဦးဆောင်သော အမှန်တရား ရှာဖွေသူများ အဖွဲ့မှာ (၂၃) လမ်းမပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့က စာအုပ်ဆိုင်ကို သေသေချာချာ ဦးစွာ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့ ရရှိထားသည့် အချက်အလက်များအရ စာအုပ်ဆိုင်ပိုင်ရှင်၏ စွမ်းရည်မှာ မရေရာသေးပေ။ ထို့ကြောင့် ဟုဒ်မှာ အလွန် စပ်စုလိုစိတ် ဖြစ်နေပြီး အချိန်အတော်ကြာအောင် စောင့်ကြည့်ခဲ့သည်။
တစ်ပတ်ခွဲခန့် စောင့်ကြည့်ပြီးနောက်တွင်မူ စာအုပ်ဆိုင်ပိုင်ရှင်၏ အပြုအမူမှာ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ အပြုအမူမျိုးနှင့် မတူညီကြောင်း ဟုဒ် ခံစားလိုက်ရသည်။
အခြားအရာများကို ထားလိုက်ဦး၊ အက်ရှ် ကုန်သည်ကြီးများအသင်းကို သုံးပြီး ပြုပြင်မွမ်းမံမှု လုပ်ခိုင်းခြင်းမှာ မလိုအပ်ဘဲ ပိုနေသလိုပင်။ ၎င်းက အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး လုပ်မည့် အလုပ်မျိုး လုံးဝ မဟုတ်ပေ။
ပျင်းရိသည်ဟု ဆိုဦးတော့။ အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးအတွက် ဤကဲ့သို့သော အလုပ်မျိုးမှာ လက်ဖျစ်တစ်ချက် တီးလိုက်ရုံမျှနှင့် ပြီးမြောက်နိုင်သည် မဟုတ်ပါလား။
ယခုလို လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်ကျော်နေခြင်းမှာ ပို၍ပင် အလုပ်ရှုပ်စရာ ကောင်းလှပေသည်။
စာအုပ်ဆိုင်ပိုင်ရှင်က ဤအရာကို စိတ်ဝင်စားစရာ အပျော်အပါးတစ်ခုအဖြစ် မြင်သည်ဟု တွေးလျှင်လည်း ထိုအချက်မှာ ခိုင်လုံမှု မရှိလှပေ။
ထို့အပြင် လျှို့ဝှက်ဆန်းကြယ်ပါသည် ဆိုသော စာအုပ်ဆိုင်ပိုင်ရှင်မှာ အခြားသူများကို စာအုပ်များ အကြံပြုပေးတတ်သူ ဟူသော ပုံရိပ်နှင့်လည်း ဆန့်ကျင်ဘက် ဖြစ်နေပြန်သည်။ အကြောင်းမှာ အက်ရှ် ကုန်သည်ကြီးများအသင်းမှ လူများ အခေါက်ခေါက်အခါခါ လာကြသော်လည်း စာအုပ်တစ်အုပ်မျှ ယူဆောင်သွားခြင်း မရှိသောကြောင့် ဖြစ်သည်။
တစ်ပတ်ခန့် စောင့်ကြည့်ပြီးနောက်တွင်မူ ဤအက်ရှ် ကုန်သည်ကြီးများအသင်းမှ အုပ်စုမှာ ပြုပြင်မွမ်းမံမှု လုပ်ရန်သက်သက်သာ လာခြင်းဖြစ်ကြောင်း ‘အမှန်တရား ရှာဖွေသူ’ အချို့က အတည်ပြုလိုက်ကြသည်။
ဤသည်မှာ အမှန်တကယ်ပင် ထူးဆန်းလှပေသည်။ ထိုသို့ဖြင့် အဆိုပါ ‘အရူးများ’ ထဲမှ အချို့၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ပေါ်လာသည်။
ရှေးဟောင်း အဲ့လ်ဖ်ဘုရင်ကို ဆင့်ခေါ်သူဟု ဆိုကြသည့် လူအများစု ကြောက်ရွံ့နေကြသော ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ တကယ်တမ်း၌ မည်သည့် အစွမ်းမျှ မရှိသည့် လူတစ်ယောက်များလော။
အစွမ်းမရှိခြင်းက သာမန်လူတစ်ယောက် ဖြစ်ခြင်းကို မဆိုလိုပေ။ သို့သော်လည်း... သူက အကြောင်းရင်း တစ်ခုကြောင့် အစွမ်းများ ဆုံးရှုံးသွားခြင်း သို့မဟုတ် ကန့်သတ်ခံထားရခြင်း ဖြစ်နိုင်သည်။
ဤရှာဖွေတွေ့ရှိချက်သည် ထိုအရူးတစ်စုကို စိတ်လှုပ်ရှားသွားစေကာ သူတို့၏ စစ်ဆင်ရေးကို မျှော်လင့်ချက် ကြီးမားစွာဖြင့် စောင့်စားနေခဲ့ကြတော့သည်။
အကြိမ်ကြိမ် ဆွေးနွေးပြီးနောက်... သူတို့ ယနေ့ည၌ စာအုပ်ဆိုင်ထဲသို့ ခိုးဝင်ကာ ဆိုင်အတွင်းရှိ အသိပညာများနှင့် ဆိုင်ရှင်၏ အကြောင်းကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။
အခြား စိုးရိမ်စရာတစ်ခုက စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ထောက်ပင် ဖြစ်သည်။
ဖီဂီ၏ လက်အောက်ငယ်သား ဖြစ်သည်နှင့်အညီ ဟုဒ်သည် ယခင်က ‘ရွှံ့ရုပ်တု’ စီမံကိန်းတွင် ပါဝင်ခဲ့ဖူးသည်။ ဟုဒ်၏ အဓိက ကျွမ်းကျင်မှု နယ်ပယ်က သက်ရှိ ဖန်တီးခြင်း မဟုတ်သော်လည်း ‘ရွှံ့ရုပ်တု’ စီမံကိန်းတွင် လူအင်အား လိုအပ်နေချိန်၌ သူ ဓာတ်ခွဲခန်းတွင် ခေတ္တမျှ အလုပ်လုပ်ခဲ့ဖူးသည်။
ထို့ကြောင့်ပင်... ဓာတ်ခွဲခန်းထဲ၌ ဖန်တီးထားသည့် ဉာဏ်ရည်တူ လူသားများအကြောင်းကို အနည်းငယ် သိရှိထားသည်။ ထို့ထက်ပို၍ တိုက်ဆိုင်သည်က သူသ ဤလက်ထောက်အမျိုးသမီးကို ယခင်က မြင်ဖူးသလို ရှိနေခြင်းပင်။
ထိုလက်ထောက်၏ ဂုတ်ပိုးပေါ်မှ ပတ်တီးမှာ ဘားကုဒ်ကို ဖယ်ရှားလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ဖြစ်ကြောင်း ဟုဒ် အသေအချာ ယုံကြည်နေသည်။
ညဉ့်ဦးယံအချိန်...
အမှန်တရား အသင်းတော်မှ အမှန်တရား ရှာဖွေသူ အုပ်စုမှာ စာအုပ်ဆိုင်၏ တံခါးကို ခိုးဖွင့်လိုက်ကြသည်။ ဓားပြအုပ်စုတစ်စုကဲ့သို့ပင် သူတို့က တန်ဖိုးအရှိဆုံးအရာ ဖြစ်သော အသိပညာကို လုယူရန် ရောက်ရှိလာခြင်း ဖြစ်သည်။
“မင်းတို့ အောက်ထပ်မှာပဲ နေခဲ့ပြီး စာအုပ်တွေကို စစ်ဆေး... တစ်ခုခု လွဲချော်နေပြီလို့ ခံစားရတာနဲ့ ချက်ချင်း ဆုတ်ခွာ... ကြားလား...”
ညွှန်ကြားချက်များ ပေးပြီးနောက် ဟုဒ် သေနတ်ကို မြှောက်ကာ လှေကားမှတစ်ဆင့် အပေါ်ထပ်သို့ ဖြည်းညင်းစွာ တက်သွားလိုက်သည်။
ပေါ့ပါးလှသော စက်ရုပ်ဝတ်စုံက မည်သည့်အသံမျှ မထွက်သလို ကိုယ်ပျောက်စနစ်ကလည်း သူ့ကို ဖုံးကွယ်ထားရုံသာမက သဲလွန်စအားလုံးကိုပါ ဖုံးအုပ်ပေးထားသဖြင့် သူ၏ လှုပ်ရှားမှုများက ကြောင်တစ်ကောင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေသည်။
စာအုပ်ဆိုင်ပိုင်ရှင်မှာ အခြေခံ ကာကွယ်ရေး မန္တန်များကိုပင် ပြုလုပ်မထားလေရာ ဟုဒ်၏ ခန့်မှန်းချက်မှာ ပို၍ပင် ခိုင်မာလာခဲ့သည်။
ဂရုတစိုက် လှုပ်ရှားရင်း ဟုဒ်တစ်ယောက် နောက်ဆုံးတွင် လင်ကျဲ၏ အိပ်ခန်းရှေ့သို့ ရောက်ရှိလာတော့သည်။
***