← Chapters

သူခိုးဝင်တာလား

Vol. 11 Ch. 147

သူခိုးဝင်တာလား

Vol. 11 Ch. 147

“ဂျောက်... ဂျောက်...”

နောက်ဆုံး မျက်လုံးများ ပြန်လည် ပွင့်လာသည့် အချိန်တွင်... အချိန်ကိုက် ဆိုသလိုပင် လင်ကျဲမှာ သူ့ အိပ်ခန်းတံခါး လက်ကိုင်လှည့်သံကို ကြားလိုက်ရသည်။

လင်ကျဲ တစ်ယောက် အိပ်ချင်မူးတူး အခြေအနေမှ ချက်ချင်း နိုးကြားသွား၏။

‘တစ်ယောက်ယောက်က တံခါးကို ဖွင့်နေပြီ...’

မွန်းသာဆိုလျှင် ဝင်မလာခင် အသေအချာ တံခါးခေါက်လိမ့်မည်။ ယခုမူ ဤလူမှာ အရပ်အတော်လေး မြင့်သည်ကို လင်ကျဲ ခန့်မှန်းမိသည်။

‘ယောကျ်ားတစ်ယောက်ပဲ...’

‘သူခိုးဝင်တာပဲ...’

ဒုတိယထပ်ကို ပြုပြင်ပြီးနောက် လင်ကျဲ၏ အိပ်ခန်းမှာ ပိုကျဉ်းသွားသည်။ ကုတင်နှင့် တံခါးကြားတွင် (၃) မီတာခန့်သာ ကွာဝေးတော့သည်။

ဤကဲ့သို့ ဘေးကြပ်နံကြပ် အခြေအနေတွင် လင်ကျဲ ကုတင်ဘေးရှိ ဓားကို ဆွဲယူကာ လျင်မြန်သော လှုပ်ရှားမှုဖြင့် တစ်ပတ်လိမ့်လိုက်ပြီး ကျူးကျော်သူ၏ လည်ပင်းတည့်တည့်သို့ ဓားဦးကို အတိအကျ ချိန်ရွယ်ကာ ရပ်တန့်လိုက်သည်။

သူခိုးမှာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ ခဏအကြာတွင် မျက်နှာတစ်ခုလုံး သွေးမရှိသကဲ့သို့ ဖြူလျော့သွားတော့၏။

မှောင်မည်းနေသည့် အခန်းထဲတွင် ဓား၏ အရောင်ဟပ်မှုကြောင့် လင်ကျဲ၏ မျက်နှာတစ်ခြမ်းလုံးမှာ လင်းထိန်နေသည်။ သူသည် မျက်မှောင်ကြုတ်လျက် ကျူးကျော်သူ၏ ‘ထူးဆန်းသော ဝတ်စုံ’ ကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

“မင်း... သူခိုး...”

အသိပညာများကို ခိုးယူစုဆောင်းခြင်းမှာလည်း ခိုးယူမှု တစ်မျိုးဖြစ်ကြောင်း ဟုဒ် နားလည်ထားသည်။ သူ ဘာမှပြန်မလုပ်နိုင်ခင်မှာပင် မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့၏။

‘သွားပြီ... ငါတို့ ရည်ရွယ်ချက်ကို သူ သိသွားပြီ...’

သူတို့၏ စစ်ဆင်ရေးမှာ မစတင်ရသေးခင်မှာပင် ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်ပြီး တိုက်ပွဲမှာလည်း မစတင်ရသေးခင်မှာတင် အဆုံးသတ်သွားခဲ့လေပြီ။

အမှန်တကယ်တွင် လင်ကျဲ၏ သိစိတ်မှာ အိပ်မက်ထဲတွင် ရှိနေဆဲဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ဓားသိုင်းပညာထဲ၌ နစ်ဝင်နေဆဲဖြစ်ရာ အလိုအလျောက် တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်သည်။ ဓားသွား ကျူးကျော်သူ၏ လည်ပင်းသို့ ရောက်ရှိသွားချိန်မှသာ သူက အပြည့်အဝ နိုးကြားလာခဲ့ခြင်း ဖြစ်သည်။ လင်ကျဲ အံ့ဩမှုကို မျက်နှာတွင် မပြပေ။ တစ်ဖက်လူမှာ အိမ်ထဲအထိ ခိုးဝင်လာသည့် ဓားပြဖြစ်သဖြင့် သူ ပေါ့ဆ၍မဖြစ်ပေ။

လင်ကျဲ ကျူးကျော်သူကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ ယခုမှပင် ထိုထူးဆန်းသော ဝတ်စုံမှာ ရုပ်ရှင်ထဲမှ စက်ရုပ်ဝတ်စုံများနှင့် ဆင်တူသည့် အနက်ရောင် သံဘောင်များ ဖြစ်ကြောင်း သတိပြုမိတော့သည်။ သို့သော်လည်း ၎င်းမှာ ပို၍ အကြမ်းထည်ဆန်လှသည်။

သံဘောင်ပေါ်တွင် ရှုပ်ထွေးသော ပုံစံများ ထွင်းထုထားပြီး အလင်းရောင်မှိန်မှိန်လေးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ၎င်းမှာ ခေတ်မမှီသော ပုံစံမျိုး ဖြစ်နေ၏။ ရုပ်ဆိုးသည်ဟု မဆိုလိုသော်လည်း လင်ကျဲမှာမူ သပ်ရပ်သော မျဉ်းဖြောင့်များကိုသာ ပို၍ မြင်တွေ့လိုသူ ဖြစ်သည်။

ဤစက်ပစ္စည်းကို အတိအကျ ဖော်ပြရန် ခက်ခဲလှပြီး အပြင်သို့ ထွက်နေသော ဝါယာကြိုးအချို့ကိုလည်း တွေ့ရသဖြင့် ၎င်းမှာ မှော်ပညာနှင့် နည်းပညာကို အကြမ်းပတမ်း ပေါင်းစပ်ထားသကဲ့သို့ ရှိနေသည်။ နောက်ပြီး အတော်လေးလည်း... ကလေးကလားဆန် လှသည်။

‘ဘယ်လိုလူကများ စက်ရုပ်ဝတ်စုံပေါ်မှာ ဒီလို ဖရိုဖရဲ ပုံစံတွေကို ထွင်းထုပါ့မလဲ... ဒါက ကိုယ်တိုင်လုပ် ‘ဒေသထွက် စက်ရုပ်’ လား မသိဘူး...’

လင်ကျဲက ထိုခမ်းနားပြီး စိတ်ကူးယဉ်ဆန်လှသော ဝတ်စုံအတွက် စိတ်ထဲမှ ‘ဒေသထွက် စက်ရုပ်’ ဟု နာမည်သစ် တစ်ခု ပေးလိုက်သည်။

သို့သော်လည်း... ဝတ်စုံမှာ အဓိက မဟုတ်ပေ။ လင်ကျဲ၏ မျက်လုံးများက ကျူးကျော်သူ၏ လက်ထဲမှ သေနတ်ဆီသို့ ရောက်သွားသည်။ ထိုသေနတ်က ဒေသထွက် စက်ရုပ်ဝတ်စုံထက်ပင် ပို၍ ခြိမ်းခြောက်မှု ရှိနေပုံရ၏။

ထိုသေနတ်ကြောင့်ပင်... ဤသည်မှာ သာမန် ခိုးမှုမဟုတ်ဘဲ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ကြောင်း လင်ကျဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ကျူးကျော်သူမှာ သေနတ်တစ်လက်နှင့်အတူ ရဲရဲတင်းတင်း ကျူးကျော်ဝင်ရောက်လာရုံသာမက အိပ်ခန်းထဲအထိ ဝင်ရန် ကြိုးစားခဲ့ခြင်းကြောင့် သူ့ထံတွင် မကောင်းသော အကြံတစ်ခုခု ရှိနေသည်မှာ အသေအချာပင်။

ဤအတွေးနှင့်အတူ လင်ကျဲ ဓားကို ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး ကျူးကျော်သူ၏ လည်ချောင်းသို့ ဖိကပ်လိုက်သည်။ နောက်တစ်ခဏတွင် သူက ထိုလူ၏ လေပြွန်ကို ထိုးဖောက်လိုက်တော့မည့် အလားပင်။ ရန်သူ၏ လည်ပင်းသို့ ထောက်ထားသော ဓားမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်းနှင့် သူ အလိုရှိပါက ထိုသူ၏ ခေါင်းကို ချက်ချင်း ဖြတ်ပစ်နိုင်ကြောင်း သိသာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

အမှန်စင်စစ် လင်ကျဲမှာ မိမိကိုယ်ကိုယ် ကာကွယ်ခြင်းသာ ဖြစ်၏။ သူကဲ့သို့ ကြင်နာတတ်သောသူမှာ အခြားသူတစ်ဦးကို သတ်ဖြတ်ရန် သို့မဟုတ် နာကျင်စေရန် ဘယ်သောအခါမှ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း... သေနတ်တစ်လက်နှင့်အတူ ကျူးကျော်ဝင်ရောက်ဝံ့သည့် လူမျိုးကိုမူ သူ ကြောက်ရွံ့ပေသည်။ သူတို့က များသောအားဖြင့် ရူးသွပ်ကာ ရက်စက် တတ်ကြသူများ ဖြစ်သည်။

ထို့ကြောင့်... သူ့ အနေဖြင့် အစကတည်းက အသာစီးရယူထားရန် လိုအပ်သည်။

လင်ကျဲသည် သူခိုးကို စိုက်ကြည့်ရင်း ခပ်ပြတ်ပြတ် မေးလိုက်၏။

“မင်းရဲ့ အပေါင်းအပါတွေ အောက်ထပ်မှာ ရှိနေတယ်... ဟုတ်တယ်မလား..”

အောက်ထပ်မှ လှုပ်ရှားသံအချို့ကို ဝေဝေဝါးဝါး ကြားခဲ့ရသဖြင့် အောက်ထပ်တွင် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း... မွန်း၏ အိပ်ခန်းတံခါး ပွင့်သံကိုမူ မကြားရသေးပေ။ လင်ကျဲသည် မွန်း၏ စွမ်းအားကို တစ်ခါတစ်ရံ မြင်တွေ့ခဲ့ဖူးသည်။ ဒဏ်ရာများ သက်သာလာပြီးနောက်တွင် ထိုမိန်းကလေးမှာ အိမ်အလုပ်များကို လွယ်ကူစွာ လုပ်ဆောင်နိုင်သလို သစ်သားများကိုပင် လက်ဗလာဖြင့် ဆွဲခွဲနိုင်သည်အထိ အစွမ်းထက်နေပြီ ဖြစ်သည်။ မကြာမီမှာပင် အောက်ထပ်မှ မွန်း ခုန်ဆင်းလိုက်သံနှင့်အတူ အော်ဟစ်သံအချို့ကို ကြားလိုက်ရတော့၏။

ကျူးကျော်သူ၏ မျက်လုံးများက ထိတ်လန့် ပျာယာခတ်သွားကာ စကားပြောရန် ပါးစပ်ဟလိုက်၏။ သို့သော်လည်း... သူ၏ လည်ချောင်း လှုပ်ရှားမှုကြောင့် ဓားသွားနှင့် ပွတ်တိုက်မိကာ သွေးများ စိမ့်ထွက်လာ၏။

“အု... အု အု...”

ဟုဒ် တစ်ယောက် လည်ချောင်းထဲမှ ထိတ်လန့်တကြား အသံများ ထွက်ပေါ်လာသည်။ သူက စာအုပ်ဆိုင်ပိုင်ရှင် ဓားသွားနှင့် ထောက်ထားသဖြင့် စကားမပြောနိုင်ကြောင်း သိသာစေရန် ကြိုးစားနေခြင်း ဖြစ်သည်။

“သေနတ်ကို ချလိုက်စမ်း”

လင်ကျဲက အမိန့်ပေးလိုက်၏။ ဟုဒ်မှာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ သေနတ်ကို ရှေ့သို့ ဖြည်းညင်းစွာ ရွှေ့ရင်း ဒူးကို ကွေးညွှတ်လိုက်သည်။ သူက လင်ကျဲ၏ အမိန့်ကို အခွင့်ကောင်းယူကာ ခုခံဖို့ ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း... သူ၏ လှုပ်ရှားမှုက ပထမဆုံး အဆင့်၌သာ ရှိသေးသည်။

လင်ကျဲ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး လက်ကောက်ဝတ်ကို အသာအယာ လှည့်လိုက်၏။

ချွင်...

ဓားသွားမှာ ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ဖြတ်သန်းသွားကာ ဟုဒ်၏ လက်ထဲမှ သေနတ်ပြောင်းကို တို့ဖူး ကဲ့သို့ အလွယ်တကူ နှစ်ပိုင်းဖြတ်ပစ်လိုက်လေသည်။

ဓားမှာ စက်ဝိုင်းပုံစံ တစ်ပတ် လည်ပတ်သွားပြီးနောက် နောက်တစ်ခဏမှာပင် ဟုဒ်၏ လည်ချောင်းတည့်တည့်သို့ တိကျစွာ ပြန်လည် ရောက်ရှိလာ၏။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ တစ်စင်တီမီတာခန့်မျှ ကွာဟချက် ရှိနေ၏။

“...”

ဟုဒ် တစ်ယောက် မှင်တက်သွားခဲ့လေ၏။ သူ၏ လွတ်မြောက်ရေး ကြိုးပမ်းမှုမှာလည်း ရပ်တန့်သွားပြီး သပ်ရပ်စွာ အဖြတ်ခံလိုက်ရသော သေနတ်ကို ကြည့်ရင်း သူ့ ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့သည်။

ဟုဒ်မှာ သူ တပ်ဆင်လာသည့် လက်နက် ကိရိယာများအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသူ ဖြစ်သည်။ ဤသေနတ်မှာ အောက်ပိုင်းခရိုင်မှ အကောင်းဆုံး ပစ္စည်းများကို သုံး၍ သူကိုယ်တိုင် ပြုလုပ်ထားသည့် တရားမဝင် လက်နက်တစ်ခု ဖြစ်သည်။ သေနတ်၏ ကိုယ်ထည်မှာ ပြင်းထန်သော အားဒဏ်ကို ခံနိုင်ရည်ရှိသလို ပစ်ခတ်အားမှာလည်း ‘အီသာ ဖျက်ဆီးရေး အမြောက်ငယ်’ နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

အမှန်စင်စစ်တွင်... ထိုသေနတ်တွင် လုံခြုံရေးနှင့် ဘေးကင်းရေး အာမခံချက်များ မရှိချေ။ ၎င်းမှာ စက်မှုဌာန၏ စီမံကိန်းအသစ်မှ စမ်းသပ်ဆဲ နည်းပညာများ ဖြစ်ပြီး အထက်လမ်း မှော်သင်္ကေတများကို စက်ယန္တရားများနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိန်းချုပ်မှု လွဲချော်သွားပါက လက်နက်မှာ အချိန်မရွေး ပေါက်ကွဲသွားနိုင်ပြီး ပတ်ဝန်းကျင် အပေါ် ဆိုးရွာသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပေသည်။

တရားဝင် ထောက်ပံ့မှုများ မရှိလေရာ ဟုဒ်မှာ မိမိ၏ ကိုယ်ပိုင်ငွေကိုသာ သုံး၍ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုမူ သူ၏ ကြိုးစားအားထုတ်မှုအားလုံးမှာ ဓားချက်တစ်ချက်တည်းဖြင့် အလုံးစုံ ပျက်စီးသွားခဲ့လေပြီ ဖြစ်သည်။

ဟုဒ် တစ်ယောက် သူ့ ရင်ထဲမှ နာကျင်မှုကို မည်သို့ ဖော်ပြရမှန်း မသိတော့ပေ။ ဤသည်မှာ သူ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှဖြင့် ဖန်တီးထားသော အစပျိုး လက်ရာတစ်ခုဖြစ်ပြီး သူ လေ့လာထားသမျှ၏ ပြယုဂ်လည်း ဖြစ်သည်။ ဤခံစားချက်က သူ့ ကိုယ်ပိုင် အသိပညာများ ခိုးယူခံလိုက်ရသကဲ့သို့ပင်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့၌ ချပ်ဝတ်တန်ဆာ ကျန်ရှိနေသေးသည်။ ၎င်းမှာလည်း သေနတ် ကဲ့သို့ပင် သူ့ အသိဉာဏ်နှင့် ဗဟုသုတတို့၏ ရလဒ်ဖြစ်ပြီး သူ ပိုင်ဆိုင်ထားသမျှထဲတွင် အကောင်းဆုံး လက်ရာမွန်လည်း ဖြစ်သည်။

***

All Chapters