သူခိုးများ၏ ကံကြမ္မာ
Vol. 11 Ch. 148
“ဆက်လုပ်လေ...”
စာအုပ်ဆိုင်ပိုင်ရှင်၏ အေးစက်ပြီး ဖိအားပေးသော အကြည့်များက ဟုဒ်အား သေနတ်ကို မြေပြင်ပေါ်သို့ ဆက်ချရန် ညွှန်ပြနေ၏။
‘ဒါကို ခင်ဗျားက ဖျက်ဆီးပစ်လိုက်ပြီလေ... ဘာထပ်လိုချင်သေးတာလဲ...’
‘ဒါက တမင်သက်သက် နှိပ်စက်တာပဲ... လူ့အခွင့်အရေး ဆိုတာ နားမလည်ဘူးလား...’
သို့သော်လည်း... ဟုဒ် ထိုစကားလုံးများကို အသံထွက်၍ မပြောရဲပါချေ။ ထို့အစား... သူ့ လက်ထဲတွင် ရှိနေသေးသည့် သေနတ်တစ်ဝက်ကို တုန်ရီနေသော လက်များဖြင့် မြေပြင်ပေါ်သို့ ချရင်း စိတ်ထဲမှာသာ ငိုကြွေးနေမိ၏။
သို့သော်... သူ ဒူးထောက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။
ခရက်... ခရက်...
တစ်စုံတစ်ခု အက်ကွဲနေသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ဟုဒ်၏ မျက်နှာမှာ ဖြူရော်သွား၏။ ၎င်းမှာ သူဝတ်ဆင်ထားသည့် ဝတ်စုံမှ ဖြစ်ကြောင်း သိလိုက်ချေပြီ ဖြစ်သည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ လက်မောင်းပိုင်းရှိ ချပ်ဝတ်များတွင် အက်ကြောင်းများ ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ထို့နောက်... နှင်းများ လျှောကျသကဲ့သို့ပင် သူ့ ချပ်ဝတ်တန်ဆာတစ်ခုလုံးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲ ကျဆင်းသွားတော့၏။
“...”
ဟုဒ် တစ်ယောက် ထိုမြင်ကွင်းကို အလုံးစုံ စိတ်ပျက်အားငယ်စွာဖြင့် ကြည့်နေမိသည်။ သူ၏ မျက်နှာက လုံးဝ ပြာနှမ်းနေပြီ ဖြစ်ကာ သူ့ဘဝ တစ်လျှောက်လုံး ကြားဖူးသမျှ ဆဲဆို ကြိမ်းမောင်းမှု စကားလုံးများမှာ စိတ်ဝိညာဉ် အတွင်း ပြေးလွှားနေတော့၏။
စောစောက ဓားချက်မှာ သေနတ်ကို ဖြတ်တောက်လိုက်ရုံသာမက ချပ်ဝတ်တန်ဆာကိုပါ အပိုင်းပိုင်း ပြတ်တောက်သွားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ ထိုအရာကို ယခုမှ နားလည်လိုက်ခြင်း ဖြစ်ပေသည်။
လင်ကျဲက တည်ငြိမ်အေးဆေးစွာဖြင့်ပင် ပြောလိုက်၏။
“အခုဆို မင်းရဲ့ ခန္ဓာကိုယ်ကို ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီပေါ့...”
သူ ထိုဓားပြကို ကြည့်လိုက်ရာ ဝတ်စုံနောက်ကွယ်မှ မျက်နှာမှာ သူ ထင်ထားသည်ထက် ပို၍ နုပျိုနေသည်ကို တွေ့လိုက်ရသည်။ ထိုကောင်စုတ်လေးမှာ (၁၈) နှစ်ဝန်းကျင် လူငယ်လေးတစ်ဦးသာ ဖြစ်သည်။
ထိုကလေး၏ မျက်နှာမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ကျရှုံးသွားသကဲ့သို့ အလွန်အမင်း စိတ်ပျက်အားငယ်နေသော အမူအရာ ရှိနေ၏။
“အောက်ထပ်ကို ဆင်းပြီး မင်းရဲ့ အပေါင်းအပါတွေနဲ့အတူ ရဲတွေ လာတဲ့အထိ စောင့်နေလိုက်...”
“ငါလည်း ငယ်ရာက ကြီးလာတာ... လူငယ်ဘဝမှာ ဘာမဆို လုပ်လို့ရတယ်... ဒါပေမဲ့ ဘာလို့ ဥပဒေကို ချိုးဖောက်ပြီး မကောင်းတဲ့ အလုပ်တွေကို လုပ်နေရတာလဲ...”
“မင်း လုပ်တဲ့ ကိစ္စက တကယ့် ပြစ်မှုကြီးလို့ ရတယ်... ပြောရရင် မင်းတို့ လိုချင်တဲ့ ပစ္စည်းတွေက အခြားလူ တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေလေ... အဲဒါတွေကို ခိုးယူလိုက်ရုံနဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ဖြစ်လာမယ်လို့ ထင်နေတာလား... ဒီအရာတွေကို ရရှိဖို့အတွက် လူတွေ ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရသလဲဆိုတဲ့ လုပ်ငန်းစဉ်ကို မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”
ဆရာလင်မှာ ထိုကျူးကျော်သူကို အောက်ထပ်သို့ ခေါ်ဆောင်သွားရင်း သင်ခန်းစာပေးရန်လည်း မမေ့လျော့ခဲ့ပေ။ သို့သော် ဤသည်က ကြက်စွပ်ပြုတ် (စိတ်ခွန်အားပေးစကား) တိုက်ကျွေးရန် သင့်တော်သော အချိန်မဟုတ်သဖြင့် သူ စကားကို ဤနေရာမှာတင် ရပ်လိုက်သည်။
သူ ဆက်သွယ်ရေး ကိရိယာကို ထုတ်ယူကာ ရဲတစ်ဦးလည်း ဖြစ်၊ ဂျိုးဇက်၏ တပည့်လည်းဖြစ်သည့် ကလောက် ထံသို့ ဖုန်းခေါ်ဆိုလိုက်တော့သည်။
...
ဟုဒ်မှာ လင်ကျဲ ဖုန်းခေါ်နေသည်ကို ကြည့်ကာ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ သွားခဲ့သည်။ သူက မကျေမနပ်နှင့် ညည်းညူလိုက်၏။
“ကျွန်... ကျွန်တော် ဘာမှမလုပ်ရသေးဘူးလေ... ခင်ဗျားကသာ ကျွန်တော့်ရဲ့ အကောင်းဆုံးလက်ရာတွေကို ဖျက်ဆီးပစ်လိုက်တာ...”
ထိုအကြောင်းပြချက်က အဓိပ္ပာယ် သိပ်မရှိသော်လည်း ဟုဒ်က မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် မဆီမဆိုင် ပြောဆိုလိုက်ခြင်းပင်။
လင်ကျဲက ကောင်စုတ်လေးကို လှည့်ကြည့်ကာ ပြုံးလိုက်၏။
“ဘာလဲ... ခိုးဝင်ပြီးမှ ဆင်ခြေပေးချင်တာလား... တံခါးဖောက်ဝင်လာတာ မင်းလေ... မင်းကို ငါက ပြန်ပေးဆွဲပြီး ဆိုင်ထဲ ခေါ်လာတာမှ မဟုတ်တာ...”
“မင်းစကားအရဆိုရင် ဒီပစ္စည်းတွေနဲ့ သေနတ်ကို မင်း ကိုယ်တိုင်လုပ်ထားတာပဲ... မင်းမှာ အရည်အချင်းလေးတွေ ရှိတာပဲ... လမ်းမှားကို ရွေးမိသွားတာကတော့ နှမြောစရာပဲ... ဒါကြောင့် မင်းကို သင်ခန်းစာတစ်ခု ပေးမှရမယ်”
“ငါ မင်း ဘာမှ မလုပ်ရသေးတာကိုပဲ အရင်ဆုံး ဝမ်းသာလိုက်... မဟုတ်ရင်တော့ ဒါက သင်ခန်းစာပေးရုံတင် မကတော့ဘူး”
စည်းကမ်းမဲ့ပြီး နောင်တမရတတ်သော လူငယ်များကို လင်ကျဲ အလွန် မျက်မုန်းကျိုးသည်။ ထိုကဲ့သို့ လူများကို မှတ်လောက်သားလောက်အောင် ဆုံးမမှ တန်ကာကျပေလိမ့်မည်။
“...”
ဟုဒ်မှာ ပြန်လည် ငြင်းခုန်ဖို့ ကြိုးပမ်းလိုက်သော်လည်း... တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ အပိုင်းပိုင်းပြတ်သွားသည့် ချပ်ဝတ်တန်ဆာကို ပြန်လည် သတိရလိုက်ချိန်တွင် သူ စကားဆက်မပြောတော့ပေ။
အောက်ထပ်တွင် မီးများမှာ လင်းနေပြီ ဖြစ်သည်။
စက်ရုပ် ဝတ်စုံလိုလို ပါဝါရိန်းဂျား ဝတ်စုံလိုလို ဝတ်ဆင်ထားသော လူတစ်စုမှာ စာအုပ်စင်များ ရှေ့တွင် လဲလျောင်းနေကြသည်။ သို့သော် သူတို့၏ ဝတ်စုံများမှာ ဟုဒ်၏ ဝတ်စုံလောက် မဆန်းပြားဘဲ ပိုလို့တောင် ကြည့်ကောင်းလှသည်။
လင်ကျဲ တစ်ချက် ဝေ့ကြည့်လိုက်ရာ ခြောက်ယောက်တိတိ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့ ဓားဦးအောက်မှ တစ်ယောက်နှင့်ဆိုလျှင် စုစုပေါင်း ခုနစ်ယောက် ဖြစ်သည်။
‘တော်တော်ဆိုးတဲ့ ကောင်တွေ... ဒါက အဖွဲ့လိုက်ကျူးလွန်တဲ့ ပြစ်မှုပဲ...’
သို့သော်လည်း... သူတို့အားလုံးမှာ ခေါင်းကို ကိုင်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေကြပြီး သူတို့ဘေးတွင် စာအုပ်အချို့လည်း ပြန့်ကျဲနေသည်။ ညည်းညူနေပုံအရ ထိုမသမာသူများမှာ တော်တော်လေး နာကျင်နေပုံရ၏။
မွန်းက ထိုလူအုပ်ရှေ့တွင် ရပ်ကာ သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ လင်ကျဲ ဆင်းလာသံကို ကြားသောအခါ သူမက ဘာမှ မသိသည့် အူကြောင်ကြောင် မျက်နှာပေးဖြင့် လှည့်ကြည့်လိုက်သည်။
“တော်တယ်”
လင်ကျဲက ပြုံးရင်း ချီးကျူးလိုက်၏။ မွန်းမှာ မြေပြင်ပေါ်တွင် လဲနေသည့် ကျူးကျော်သူများကို ကြည့်လိုက်၊ ပြုံးပြနေသည့် လင်ကျဲကို ကြည့်လိုက်နှင့် မျက်တောင် အကြိမ်ကြိမ် ခတ်နေမိသည်။
‘ကျွန်မ ဘာမှတောင် မလုပ်ရသေးဘူးလေ...’
အောက်ထပ်၌ လှုပ်ရှားသံများ ကြားရသဖြင့် ဆင်းလာချိန်တွင် စာအုပ်များကိုင်ထားသည့် ဤလူတစ်စု မြေပြင်ပေါ်တွင် လဲကျကာ ကြောက်လန့်တကြား အော်ဟစ်နေရင်း အပြင်သို့ ပြန်ထွက်ပြေးရန် ကြိုးစားနေကြကို သူမ မြင်ခဲ့ရသည်။
ထို့ကြောင့် သူမက ဉာဏ်ကောင်းစွာဖြင့်ပင် ဤလူများ ထွက်မပြေးနိုင်စေရန် ဖောက်ဝင်ထားသော တံခါးမကြီးကို သွားရောက် ပိတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း...လင်ကျဲက ချီးကျူးလာလေရာ သူမ လုပ်ရပ်မှာ မှန်ကန်သည်ဟု ယူဆလိုက်ရင်း အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
“နောက်ထပ် ဘာလုပ်ရမလဲ... ဘော့စ်”
လင်ကျဲက ခေါ်ဆိုနေဆဲ ဖြစ်သည့် သူ၏ ဆက်သွယ်ရေး ကိရိယာကို ကြည့်လိုက်သည်။
“ခဏစောင့်ဦး... ရဲတွေကို ဖုန်းခေါ်ထားပြီးပြီ... ဒီလူတွေရဲ့ အခြေအနေက ဘယ်လိုလဲ...”
မွန်းက ကျူးကျော်သူများကို တစ်ချက် ပြန်ကြည့်လိုက်၏။ ဤလူများမှာ အမှန်တရား အသင်းတော်မှ ပညာရှင်များဖြစ်ကြောင်းနှင့် စာအုပ်စင်များဆီသို့ တိုက်ရိုက် ဦးတည်သွားသဖြင့် အမှန်တရား ရှာဖွေသူ အဖွဲ့မှ ဖြစ်ကြောင်း တစ်ခဏ အတွင်း ခန့်မှန်းလိုက်နိုင်သည်။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ သူတို့မှာ ကိုယ့်လက်နှင့် ကိုယ့်မျက်စိကို ထိုးမိကြပြီဟု ဆိုရမည်။
“သူတို့က အသိပညာတွေကို ခိုးယူဖို့ လာကြတာ ဘော့စ်... ဪ... သူတို့ကို ကြည့်ရတာ အသက်အန္တရာယ်တော့ မရှိနိုင်ပါဘူး”
မွန်းက လင်ကျဲဘက်သို့ လှည့်ရင်း ပြန်ဖြေသည်။
“အသိပညာကို ခိုးတယ်... မင်း ပြောချင်တာက စာအုပ်ခိုးတာကို ပြောတာလား...”
လင်ကျဲက ထိုလူအုပ်ကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ မွန်း၏ အသုံးအနှုန်းမှာ ထူးဆန်းသော်လည်း ထိုမိန်းကလေး၏ တိုက်ရိုက်ဆန်သည့် နားလည်မှုများကို လင်ကျဲ ကျင့်သားရနေပြီ ဖြစ်လေရာ မိမိဘာသာ အဓိပ္ပာယ် ကောက်လိုက်သည်။
ထိုစကားကို ကြားသောအခါ ဟုဒ်၏ မျက်လုံးများမှာ စူးစူးရဲရဲ တောက်ပလာ၏။ နဖူးတွင် သွေးကြောများ ထောင်ထွက်လာပြီး လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။
“ကျုပ်တို့က ထုတ်ယူတာ... ခိုးတာ မဟုတ်ဘူး... ဒါ ကျုပ်တို့ အမှန်တရား ရှာဖွေသူ အဖွဲ့ရဲ့ ယုံကြည်ချက်ပဲ... အမှန်တရား အသင်းတော်ရဲ့ ကိစ္စပဲ... အဲဒါကို ကိစ္စနဲ့ ခိုး...”
ဖြောင်း...
လင်ကျဲ ဆက်သွယ်ရေး ကိရိယာနှင့်အတူ သကောင့်သား၏ နောက်စေ့သို့ ရိုက်ချလိုက်၏။
“မင်း ဘာပြောလိုက်တယ်...”
“...”
ဟုဒ် ကြောင်စီစီ မော့ကြည့်လိုက်မိ၏။
“နေဦး... မင်း ခုနက ပြောတာ...”
လင်ကျဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“အမှန်တရား အသင်းတော် ဟုတ်တယ်မလား...”
ဘီ...
ထိုအချိန်တွင်ပင် လင်ကျဲ၏ ဖုန်းခေါ်ဆိုမှုမှာ ဆက်သွယ်မိသွား၏။ သူက မွန်းကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး ဖုန်းကို နားအနီးသို့ ကပ်လိုက်သည်။
“မစ္စတာလင်... ဘာများ ညွှန်ကြားချင်လို့လဲ ခင်ဗျာ...”
***