အမှန်တရား အသင်းတော်၏ အစအန
Vol. 11 Ch. 150
ဟုဒ် သူ့ အပေါင်းအပါများကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိ၏။ သူ့စိတ်ထဲ၌ မည်သည့် အရာများ ဖြစ်သွားခဲ့သည်ကို နားလည်ရန် ခက်ခဲနေသည်။ အသိပညာ လုယူရာတွင် ကျရှုံးနိုင်ခြေမှာ အလွန်နည်းပါးလှပြီး သူတို့ တစ်ယောက်ချင်းစီမှာလည်း စာအုပ်တစ်အုပ်စီသာ ကိုင်ထားကြခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤကဲ့သို့ လွဲချော်သွားရသနည်း။
အီသာဆိုသည်မှာ သွေးနှင့် ဝိညာဉ်၏ ငွေကြေးဖြစ်ပြီး အီသာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှစ်ခုကို ကိုယ်စားပြုသည်။
ဝိညာဉ် ပိုင်းဆိုင်ရာကို အထူးပြုသည့် ပညာရှင်များအနေဖြင့် သူတို့၏ ဝိညာဉ်ပမာဏနှင့် ခွန်အားမှာ မှော်ဆရာအများစုထက် သာလွန်လှသည်။
“ပညာရှင်ကောင်း တစ်ယောက်ဟာ မှော်ဆရာကောင်း တစ်ယောက် သေချာပေါက် ဖြစ်လာနိုင်ပေမဲ့ မှော်ဆရာကောင်း တစ်ယောက်ဟာ ပညာရှင်ကောင်း တစ်ယောက် ဖြစ်လာဖို့ မသေချာဘူး”
ဟူသော ဆိုရိုးစကားပင် ရှိသည်။
အခြေအနေအများစုတွင် အသိပညာ လုယူမှု ကျရှုံးရခြင်း၌ အကြောင်းရင်း နှစ်ခုရှိတတ်သည်။
ပထမတစ်ခုမှာ လုယူလိုက်သော အသိပညာများတွင် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော အရာများစွာ ပါဝင်နေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သူတို့ ရယူလိုက်သည့် အသိပညာများ၏ အဆင့်အတန်းမှာ ဝိညာဉ်က ခံနိုင်ရည်ရှိသည်ထက် များစွာ ကျော်လွန်နေခြင်းမျိုး ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် အကျိုးဆက်မှာ ပိုမိုပြင်းထန်တတ်ပြီး ဝိညာဉ်၌ ဒဏ်ရာရခြင်း သို့မဟုတ် ဆုတ်ပြဲခြင်းများ ဖြစ်နိုင်သလို ခန္ဓာကိုယ်အပေါ်တွင်လည်း မမျှော်လင့်ထားသော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
ဒုတိယတစ်ခုမှာ အသိပညာများက ဝိညာဉ်၏ သိုလှောင်နိုင်စွမ်းထက် ကျော်လွန်အောင် များပြားသွားခြင်း ဖြစ်သည်။ အစာ အလွန်အကျွံ စားမိသကဲ့သို့ပင် ဦးနှောက်မှာ ဝန်ပိသွားကာ မှတ်ဉာဏ်များ ဆုံးရှုံးခြင်း သို့မဟုတ် အသိပညာများကို ပြန်လည် စွန့်ထုတ်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။
အကယ်၍ ဤအကြောင်းရင်း နှစ်ခုစလုံး ဆုံမည် ဆိုပါက... ရလဒ်မှာ မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း စိတ်မမှန်တော့သည့် ဤလူအုပ်စုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်က... မရေမတွက်နိုင်သည့် စာအုပ်များဖြင့် ပြည့်နှက်နေသည့် စာအုပ်ဆိုင်အတွင်း၌ စာအုပ်တစ်အုပ်တည်း၏ အသိပညာကို လုယူရန် ကြိုးပမ်းခြင်းကပင်လျှင် လူတစ်ယောက်ကို ခေတ္တမျှ အရူးဖြစ်သွားစေရန် လုံလောက်သည်ထက် ပိုနေသည် ဟူ၍ပင်။
“မင်းတို့က အမှန်တရား အသင်းတော်ကလား...”
လင်ကျဲ ထိုင်ခုံပုလေးပေါ်တွင် ထိုင်ရင်း မေးလိုက်၏။ ရံဖန်ရံခါ သူက ဓားဖြင့် ဟုဒ်၏ လည်ပင်းကို ချိန်ရွယ်ထားသည်။
ကြိုးတုပ်ခံထားရသော ကျူးကျော်သူများမှာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ငိုယိုသံများ ရပ်တန့်သွားကြပြီ ဖြစ်သည်။ သတိစိတ် အနည်းငယ် ပြန်လည်ရရှိလာပုံရသော်လည်း သူတို့မှာ ကြမ်ပြင်ပေါ်တွင် ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများဖြင့် လှဲလျောင်းရင်း အဓိပ္ပာယ်မရှိသော စကားများကိုသာ ဗလုံးဗထွေး ပြောနေကြတော့သည်။
ဟုဒ် တစ်ယောက်သာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ကျန်ရှိနေ၏။ သူ၏ မျက်လုံးများက ဓားကို ကြည့်ကာ ခန္ဓာကိုယ်မှာ တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။ ဓားချက်တစ်ချက်တည်းတွင်ပင် လက်နက်နှင့် ချပ်ဝတ်တန်ဆာတို့ ပျက်စီးသွားခဲ့သည့် မြင်ကွင်းမှာ သူ့အတွက် စိတ်ဒဏ်ရာ တစ်ခု ဖြစ်နေဆဲပင်။
“ဟုတ်... ဟုတ်ကဲ့”
ဟုဒ် နောက်ဆုံးတွင် စာအုပ်ဆိုင် ပိုင်ရှင်၏ မေးခွန်းကို တုန်တုန်ရီရီဖြင့် ပြန်ဖြေလိုက်၏။
“ဟင်း...”
လင်ကျဲ ထိုကလေးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ အသိပညာ ဗဟုသုတ မြင့်မားလှသလို ဉာဏ်ရည် ပါရမီ အရာတွင်လည်း ထိပ်တန်း အဆင့်ရှိသည့်တိုင် သူက ဤကဲ့သို့ ပြစ်မှုမျိုးကို ကျူးလွန်ခဲ့သည်။ အသိပညာ ကြွယ်ဝခြင်းနှင့် လူတစ်ယောက်၏ ကိုယ်ကျင့်တရားအကြား တိုက်ရိုက်ဆက်စပ်မှု မရှိသော်လည်း ဤသည်မှာ ထူးဆန်းနေဆဲ ဖြစ်သည်။ ဖြောင့်တန်းသော လမ်းကြောင်းရှိနေပါလျက်နှင့် လမ်းမှားကိုသာ ရွေးချယ်လျှောက်လှမ်းခြင်းကတော့ ဝမ်းနည်းစရာပင်။
ဟုဒ်မှာမူ ဤကဲ့သို့ အကြည့်မျိုးနှင့် အလွန်ရင်းနှီးပြီးသား ဖြစ်သည်။ အမှန်တရား အသင်းတော်မှ အခြားအဖွဲ့ဝင်များသည်လည်း ‘အမှန်တရား ရှာဖွေသူများ’ ကို ဤကဲ့သို့သော မျက်လုံးမျိုးဖြင့် ကြည့်တတ်ကြသည်။
ဟုဒ်၏ စိတ်ထဲတွင်မူ ဒေါသ၊ မကျေနပ်မှုနှင့် လက်မခံချင်စိတ်တို့ သဘာဝအလျောက် ဖြစ်ပေါ်နေ၏။ သို့သော် လင်ကျဲ၏ ဓားကို သတိရသွားသောအခါ သူသည် ပါးစပ်ကို ငြိမ်ငြိမ်ပိတ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
သူ မကြောက်ချေ။ အကယ်၍ အမှန်တရား ရှာဖွေသူများသာ ကြောက်ရွံ့တတ်မည်ဆိုလျှင် သူတို့ကို လူများက ‘အရူးများ’ ဟု ခေါ်ဆိုကြမည် မဟုတ်ပေ။ သို့သော်လည်း... ရူးသွပ်ခြင်းဆိုသည်မှာ လူထုံလူအ တစ်ယောက် ဖြစ်ခြင်းကို မဆိုလိုချေ။
ပညာရှိတစ်ယောက်မှာ အခြေအနေပေါ်မူတည်၍ မည်သို့ အလျော့ပေးရမည်ကို သိရှိထားရပေမည်။
ဟုဒ်မှာ ထိုဆိုရိုးစကား အတိုင်းပင် အောင့်အည်း သည်းခံနေခြင်းသာ ဖြစ်သည်။
လင်ကျဲက ဆက်လက် မေးမြန်းလိုက်၏။
“ပရစ်ဟော နဲ့ ထရိုလော့ပ် ရူပတ်... ဒီသုတေသန ပညာရှင် နှစ်ယောက်ရဲ့ နာမမည်တွေကို မင်း ကြားဖူးသလား...”
“...”
ဟုဒ် မှင်တက်သွားရ၏။ ဤစာအုပ်ဆိုင်ပိုင်ရှင်က ဘာကို ဆိုလိုချင်နေကြောင်း သူ မသိပေ။
သို့သော်လည်း... သူ စိတ်ကို တည်ငြိမ်အောင် ထားပြီး ပြန်ဖြေလိုက်သည်။
“ပရစ်ဟောက ဆေးပညာဌာနရဲ့ ဌာနမှူးဟောင်းပါ... ရူပတ်ကတော့ နောက်ဆုံး ရှေးဟောင်းသုတေသန ဌာနမှူးပေါ့... ဒါပေမဲ့ သူ ဆုံးသွားတာ နှစ်ပေါင်း တစ်ရာကျော်နေပါပြီ...”
“သူ ဆုံးပြီးတဲ့နောက် ရှေးဟောင်းသုတေသန ဌာနတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး ဘယ်သူကမှ ဦးဆောင်ဖို့ ဆန္ဒမရှိကြတော့ဘူး... ဒါကြောင့်ပဲ အဲဒီဌာနတစ်ခုလုံးကို အမှန်တရား အသင်းတော်ရဲ့ ညွှန်ကြားရေးမှူးဟောင်းက ဖျက်သိမ်းလိုက်တာပါ”
လင်ကျဲ ခေါင်းညိတ်လိုက်၏။
‘ဆိုတော့ အဲဒီမှတ်တမ်းအပိုင်းအစထဲက သုတေသီနှစ်ယောက်လုံးက တကယ်တော့ ဌာနမှူးအဆင့်ရှိတဲ့ ပညာရှင်တွေ ဖြစ်နေတာပဲ... ဒါပေမဲ့ သူတို့တောင်မှ ‘အဲလ်ဖို့ဒ်၏ ထွန်းကားခြင်းနှင့် ပျက်သုဉ်းခြင်း’ စာအုပ်ကို ငှားလို့မရခဲ့ဘူးပေါ့... ကြည့်ရတာ ဒီစာအုပ်က တော်တော်လေး အဆင့်မြင့်ပုံရတယ်... ငါ ဒါကို ရေရှည်စီမံကိန်းနဲ့ လုပ်မှ ဖြစ်မယ်...’
‘ဒါပေမဲ့ ရူပတ်ရဲ့ သေဆုံးမှုက ပုံမှန် မဟုတ်သလိုပဲ... တကယ်လို့ သူသာ သဘာဝအတိုင်း သေဆုံးသွားတာဆိုရင် ဘာလို့ ဘယ်သူကမှ ဆက်ပြီး ဦးဆောင်ဖို့ ဆန္ဒမရှိတာလဲ... ဘာလို့ ဌာန တစ်ခုလုံးကို ဖြစ်သိမ်းပစ်ရမှာလဲ... အဓိပ္ပာယ် မရှိဘူး”
“ဒီနှစ်ခုကြားမှာ ဆက်စပ်မှု မရှိတာလည်း ဖြစ်နိုင်ပါတယ်လေ... ငါကတော့ ကိစ္စတစ်ခုခု ရှိနေမယ်လို့ ထင်နေတယ်”
ဟုဒ်မှာ သူ့ အသိပညာများကို ထုတ်ဖော်ပြသရန် အထူးတလည် ဆန္ဒရှိနေကြောင်းကို လင်ကျဲ သတိပြု လိုက်မိသည်။ ထိုအကြောင်းအရာများကို ပြောနေချိန်တွင် ထိုကလေးထံ၌ သဘာဝအလျောက် ဂုဏ်ယူဝင့်ကြွားနေသော အမူအရာမျိုး ရှိနေခဲ့သည်။
“ရူပတ် ဘယ်လို သေသွားခဲ့တာလဲ...”
လင်ကျဲက ရုတ်တရက် မေးလိုက်၏။ ဟုဒ်မှာ သူ စကားလွန်သွားသည်ကို သတိပြုမိသွားကာ ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။
“မင်း မပြောချင်ဘူးဆိုရင်လည်း ငါ သူတို့ကို မေးလို့ရတာပဲလေ”
လင်ကျဲက ရယ်မောရင်း ကြမ်းပြင်ပေါ်မှ ဟုဒ်၏ အပေါင်းအပါများကို ညွှန်ပြလိုက်သည်။
ဟုဒ်က နှာခေါင်းရှုံ့လိုက်၏။
“သူတို့ မသိပါဘူး။”
လင်ကျဲက မေးစေ့ကို ပွတ်သပ်လိုက်၏။
“မင်းကတော့ တော်တော်များများ သိပုံရတယ်”
“ဒါပေါ့”
ဟုဒ်က ဝင့်ကြွားစွာ ပြုံးလိုက်၏။
“ကျုပ်တို့ အမှန်တရား ရှာဖွေသူတွေ သွားနေတဲ့ လမ်းကြောင်းကသာလျှင် အမှန်တရားဆီကို သွားတဲ့ အစစ်အမှန် လမ်းကြောင်းပဲ... ကျုပ်တို့ရဲ့ သင်ယူမှု စွမ်းရည်က သူတို့ထက် အများကြီး ပိုထိရောက်တယ်... လိုအပ်တဲ့ အသိပညာအားလုံးကို လုယူနိုင်သမျှ ကာလပတ်လုံး နောက်ဆုံးမှာ အမှန်တရားကို ကျုပ်တို့ တွေ့ရမှာပဲ...”
လင်ကျဲက သူ့ကို လျစ်လျူရှုလိုက်သည်။
“မင်း မပြောနိုင်ဘူးဆိုရင်တော့ ဒီကိစ္စက လူသိရှင်ကြား ထုတ်ဖော်လို့ မရတဲ့ ကိစ္စမျိုး ဖြစ်နေလို့ပဲ...”
“အသိပညာ ခိုးယူတယ်ဆိုတာကလည်း လူတစ်ယောက်ဆီကနေ ဖြစ်ဖြစ်၊ အရင်းအမြစ်တွေဆီကနေ ဖြစ်ဖြစ် ယူရတာပဲ... ကောင်းကင်ပေါ်ကနေ ကျလာတာမှ မဟုတ်တာ... ဟုတ်တယ်မလား... မင်းတို့ကို ဒီလို လျှို့ဝှက်ချက်တွေကို ဘယ်သူက ပေးနိုင်မှာလဲ... နောက်ပြီး မင်းတို့ရဲ့ အကြောက်အလန့်မရှိတဲ့ အပြုအမူတွေအရဆိုရင် တာဝန်ယူရမှာကိုလည်း ကြောက်ပုံမရဘူး”
လင်ကျဲ ဟုဒ်ကို သေချာစွာ စိုက်ကြည့်လိုက်ပြီး ရင်းနှီးဖော်ရွေသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။
“ကောင်လေး... မင်းပုံစံက ရူပတ်ရဲ့ လျှို့ဝှက်ချက်တွေကို သိရလောက်အောင် အဆင့်မြင့်တဲ့ ထိပ်တန်းပုဂ္ဂိုလ် တစ်ယောက်နဲ့ မတူဘူး... ဒါကြောင့် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်... မင်းရဲ့ မိဘတွေက... အမှန်တရား အသင်းတော်မှာ ရာထူးကြီးကြီးမားမား ရှိနေတာပဲ ဟုတ်တယ်မလား...”
“ဆိုတော့... ငါ မင်းကို သုံးပြီး အမှန်တရား အသင်းတော်နဲ့ အပေးအယူ လုပ်ရင် ဘယ်လိုနေမလဲ”
***