← Chapters

ငါ့ရဲ့အသိပညာကို ထုတ်ယူကြည့်စမ်း

Vol. 11 Ch. 151

ငါ့ရဲ့အသိပညာကို ထုတ်ယူကြည့်စမ်း

Vol. 11 Ch. 151

အမှန်စင်စစ် လင်ကျဲ ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်သည်။ ဖြောင့်မတ်ပြီး ကြင်နာတတ်သည့် စာအုပ်ဆိုင် ပိုင်ရှင်တစ်ဦးအနေဖြင့် လင်ကျဲမှာ လူတစ်ယောက်ကို ဖမ်းဆီးကာ ပြန်ပေးငွေတောင်းခြင်းမျိုး ဘယ်တော့မှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

သူ သိကျွမ်းသည့် ရဲတစ်ဦး ဖြစ်သည့် ကလောက်ကို ခေါ်ယူလိုက်ခြင်းကပင် ဤကိစ္စကို ပိုမို ထိရောက်မြန်ဆန်စွာ ဖြေရှင်းနိုင်ရန်အတွက်သာ ဖြစ်သည်။

ဟုဒ်၏ မျက်နှာမှာ တောင့်တင်းသွားသည်။ လည်ပင်းနားသို့ ပိုမိုနီးကပ်လာသည့် ဓားသွားကို ကြည့်ရင်း သူ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။

“မရဘူးလား...”

လင်ကျဲက ရယ်မောလိုက်သည်။

“ငါက နောက်နေတာပါ... မင်းက ဟာသဉာဏ် လုံးဝမရှိတဲ့ ကလေးလေးပဲ”

ဟုဒ်တစ်ယောက် သက်ပြင်းမချနိုင်ခင်မှာပင် လင်ကျဲ၏ စကားသံကို ဆက်လက် ကြားလိုက်ရသည်။

“ဒါဆို ဒီလိုလုပ်ရင် ဘယ်လိုလဲ... မင်းက အမှန်တရား ရှာဖွေသူတွေ၊ အသိပညာ ထုတ်ယူတာတွေအကြောင်း ခဏခဏ ပြောနေတော့... ငါ အမှန်တရား အသင်းတော်နဲ့ အပေးအယူ မလုပ်တော့ဘူး... အဲဒီအစား မင်းနဲ့ငါ ဂိမ်းတစ်ပွဲ ကစားကြရအောင်”

“မင်း ငါ့ရဲ့ အသိပညာကို ထုတ်ယူဖို့ ကြိုးစားကြည့်... မင်း အောင်မြင်ရင် ငါ မင်းကို လွှတ်ပေးမယ်... ဒါပေမဲ့ မင်း ကျရှုံးခဲ့ရင်တော့ မင်းရဲ့ အသိပညာကို ငါ လုယူလိုက်ပြီလို့ သတ်မှတ်ပြီး ရူပတ် ဘယ်လို သေဆုံးခဲ့သလဲဆိုတာ မင်း ငါ့ကို ပြောပြရမယ်”

လင်ကျဲ၏ အပြုံးမှာ ပိုမို၍ တောက်ပလာ၏။

“ဘယ်လိုလဲ၊ သဘောတူလား။”

မိမိအိမ်ထဲသို့ အဓမ္မကျူးကျော်ဝင်ရောက်လာသည့် ဤလူမိုက်ကလေးအပေါ် လင်ကျဲ ကြင်နာမှု၊ သည်းခံမှုနှင့် သဘောထားကြီးမှုတို့ကို အပြည့်အဝ ထားရှိပေးခဲ့သည်။ သို့သော်လည်း ပြစ်မှု ကျူးလွန်ပြီးလျှင် ပြစ်ဒဏ် ဆိုသည်မှာ ပေးကို ပေးသင့်သည့် ကိစ္စတစ်ခု ဖြစ်ပေသည်။

လူငယ်လေး၏ လက်နက်များကို သိမ်းဆည်းလိုက်ခြင်းမှာ ပထမဆုံးအဆင့်သာ ရှိပါသေးသည်။ ဤကလေးမှာ ပုခက်တွင်းမှ မလွတ်သေးသည့် စိတ်ကူးယဉ် ရူးသွပ်သူ တစ်ဦး ဖြစ်နေသော်လည်း လင်ကျဲကမူ သူ့ အာရုံထဲသို့ လိုက်ပါစီးမျောပေးရန် ဝန်မလေးခဲ့ပေ။

ထို့နောက်ပင်... ထိုကလေး အားအကိုးဆုံးသော ကျွမ်းကျင်မှုနယ်ပယ်ထဲမှာပင် သူ့ကို အပြတ်အသတ် အနိုင်ယူကာ ထောင်လွှားနေသည့် မာန်မာနကို ချိုးနှိမ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ မိမိကိုယ်မိမိ ဗဟိုပြုပြီး ကိုယ့်ကမ္ဘာနှင့်ကိုယ် ပိတ်မိနေသူများအတွက် ဆုံးမဩဝါဒ ပေးရုံမျှဖြင့် မည်သို့မှ မထူးနိုင်ကြောင်း ဆရာလင် ကောင်းစွာ နားလည်သည်။

ထို့ကြောင့် သူက အသိပညာကို ထုတ်ယူချင်သည်ဆိုလျှင် လင်ကျဲက အခွင့်အရေး ပေးလိုက်ရုံသာ ရှိသည်။ ထိုကဲ့သို့သော အရာမျိုး မရှိကြောင်း ငြင်းဆိုနေခြင်းမှာ သူ့ကို အလွယ်တကူ လွှတ်ပေးရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်တိုင် လက်တွေ့ ခံစားကြည့်စေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လင်ကျဲသည် ပြုံးလျက် သူ၏ နားထင်ကို လက်ညှိုးဖြင့် တို့ပြလိုက်၏။ ‘အသိပညာတွေက ဒီမှာရှိတယ်၊ မင်း စိတ်ကြိုက်သာ လုပ်တော့’ ဟု စိန်ခေါ်နေသည့် အလားပင်။

‘ကျုပ်မှာ ငြင်းပိုင်ခွင့်ရော ရှိလို့လား...’

ဟုဒ် စိတ်ထဲမှ ကြိတ်၍ တွေးနေမိ၏။ စာအုပ်ဆိုင်ပိုင်ရှင်၏ အပြုံးမှာ ရက်စက်ပြီး အထက်စီးဆန်လှသည်။ ကြောင်တစ်ကောင်က မိမိလက်ဖဝါးထဲမှ ကြွက်ကလေးကို ကစားနေသည့် အလားပင်။ ထို့ပြင် နားထင်ကို တို့ပြလိုက်သည့် အမူအရာက သူသာ အမိန့်ကို မနာခံပါက ဓားမှာ ထိုနေရာကို တိုးဝင်ကာ အသက်ပျောက်သွားလိမ့်မည်ဟု ခြိမ်းခြောက်နေသကဲ့သို့ ရှိသည်။

ဟုဒ် အတွက် ရွေးချယ်စရာ မရှိသည်မှာ ထင်ရှားလှသည်။ ဤဂိမ်းကို မကစားရန် ငြင်းဆိုပါက စာအုပ်ဆိုင် ပိုင်ရှင်မှာ သူ့ကို အမှန်တရား အသင်းတော်နှင့် အပေးအယူလုပ်ရန် ဓားစာခံအဖြစ် အသုံးချခံရပေလိမ့်မည်။ အကယ်၍ ဟုဒ်သာ စက်မှုပညာရပ်ကို အထူးပြုသည့် သာမန်ပညာရှင်တစ်ဦး ဖြစ်နေပါက စာအုပ်ဆိုင်ပိုင်ရှင်၏ လုပ်ရပ်မှာ အချည်းနှီးသာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုရင်း အသေခံသွားမည်မှာ အသေအချာပင်။ ထိုကဲ့သို့သော ပညာရှင်မျိုးမှာ အလွယ်တကူ အစားထိုး၍ ရနိုင်ပြီး အရေးတကြီး လိုအပ်လှသည်မျိုး မဟုတ်သောကြောင့် ဖြစ်သည်။

သာမန်ပညာရှင်တစ်ယောက်၏ အသက်အတွက်နှင့် အမှန်တရား အသင်းတော်မှာ ဤမျှ လျှို့ဝှက်နက်ရှိုင်းသော အချက်အလက်များကို ထုတ်ပေးမည် မဟုတ်ပေ။

သို့သော် ကံမကောင်းစွာဖြင့် လင်ကျဲ၏ ခန့်မှန်းချက်မှာ ကွက်တိဖြစ်နေခဲ့သည်။ ဟုဒ်မှာ ထိပ်တန်းပုဂ္ဂိုလ် မဟုတ်သော်လည်း သူ့ မိဘများမှာ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်နေကြသည်။

အသက် ၁၇ နှစ်အရွယ် လန်ဒန်ဟုဒ်၊ အမှန်တရား ရှာဖွေသူ အရူးတစ်ဦး၊ စက်မှုဌာန ပညာရှင်...

တစ်ချိန်တည်းမှာပင် သူက အမှန်တရား အသင်းတော် ဥက္ကဋ္ဌ မာရီယာ၏ တူဖြစ်ပြီး ကွယ်လွန်သွားပြီ ဖြစ်သော မာရီယာ၏ အစ်မကြီးမှ မွေးဖွားခဲ့သည့် သားလည်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဤကောင်လေးမှာ တကယ့် ‘လူကုံထံသား’ တစ်ဦး ဖြစ်သည်။

သို့သော် ဟုဒ်သည် အမှန်တရား ရှာဖွေသူများ ဘက်မှ ရပ်တည်ပြီး ပြဿနာများကို အမြဲဖန်တီးတတ်သဖြင့် မာရီယာက သူ့ကို လူမြင်ကွင်းတွင် သိပ်ထုတ်ပြ‌လေ့ မရှိပေ။ သို့သော်လည်း သီးသန့်တွင်မူ သူ့ကို အလွန်အမင်း ဂရုစိုက်ကြောင်း ထင်ရှားလှသည်။

မဟုတ်ပါက ဟုဒ်ထံတွင် ဤကဲ့သို့သော စရိုက်မျိုး ရှိလာမည် မဟုတ်ပေ။ လောလောဆယ်တွင် မာရီယာမှာ အခရာ အဆင့်သို့ တက်လှမ်းရန် ကျင့်ကြံနေသဖြင့် အသင်းတော်၏ ကိစ္စရပ်များကို လှည့်မကြည့်နိုင်ပေ။ သို့သော်လည်း... တစ်နေ့တွင် သူမ ကမ္မဋ္ဌာန်းမှ ထွက်လာပြီး တူဖြစ်သူ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရကြောင်း သိသွားပါက အမှန်တရား အသင်းတော် တစ်ခုလုံး တာဝန်ယူရမည်ဖြစ်ပြီး လူများစွာ ဒုက္ခရောက်ကြပေလိမ့်မည်။

ထို့ကြောင့်ပင်... စာအုပ်ဆိုင် ပိုင်ရှင် သူ့ကို ဓားစာခံအဖြစ် တကယ်ဖမ်းဆီးလာပါက အမှန်တရား အသင်းတော်က အပေးအယူ လုပ်လာရန် အလွန် ဖြစ်နိုင်ခြေရှိသည်။ မည်သည့်ရလဒ် ထွက်လာသည်ဖြစ်စေ အသင်းတော်မှာ အရှက်ရလိမ့်မည် ဖြစ်ပြီး ဟုဒ်မှာလည်း ထိုအဖိုးကြီးများထက် ပို၍ စိတ်ပျက်ရပေလိမ့်မည်။

ဟုဒ်မှာ ဤအခြေအနေကို ကောင်းစွာ နားလည်ထားသဖြင့် ကျားမြီးဆွဲမိနေသူပမာ စာအုပ်ဆိုင် ပိုင်ရှင် စိန်ခေါ်သည့် ဂိမ်းထဲ မဖြစ်မနေ ပါဝင်ရတော့မည် ဖြစ်သည်။ ထိုအခိုက်၌ ဟုဒ်မှာ ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသည့် လိပ်ပြာလေး တစ်ကောင်ကဲ့သို့ ခံစားနေရပြီး ရုန်းကန်လေလေ ပို၍ ပတ်မိလေလေ ဖြစ်နေတော့သည်။

“ကျုပ် ကစားမယ်ဗျာ...”

ဟုဒ် အံကို တင်းတင်းကြိတ်ရင်း သဘောတူလိုက်၏။ စိတ်ထဲတွင်မူ ဤသည်မှာ ဂိမ်းတစ်ပွဲတစ်ခုထက်စာလျှင် သူ့ကို ကစားစရာသဖွယ် အနိုင်ကျင့်နေခြင်းသာ ဖြစ်သည်ဟု ခံစားနေရသည်။

စောစောလေးတင် စာအုပ်ဆိုင်ပိုင်ရှင်က ‘သန့်စင်သည့် မီးလျှံ’ ဂျိုးဇက်၏ တပည့် ကလောက်ထံသို့ ဖုန်းခေါ်လိုက်သည်ကို သူ အသေအချာ ကြားခဲ့ရသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက်ကို ခေါ်ယူလိုက်ခြင်းကပင် သူက အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီးဖြစ်ကာ ဟုဒ်အား အခြေအနေကို ပြောင်းပြန်လှန်ရန် မည်သည့်အခွင့်အရေးမျှ ပေးတော့မည် မဟုတ်ကြောင်း ပြသနေသည်။

လင်ကျဲက ပြုံးလိုက်ရင်း ဓားကို ပြန်သိမ်းလိုက်၏။ ထို့နောက် လူငယ်လေး၏ ခန္ဓာကိုယ်တွင် ရစ်ပတ်ထားသည့် ကြိုးများကို ကြည့်ရင်း တမင်တကာ မေးလိုက်သည်။

“ကောင်လေး... မင်းပြောတဲ့ အသိပညာ ထုတ်ယူခြင်းဆိုတာက လက်တွေတော့ သုံးဖို့ မလိုဘူး... ဟုတ်တယ်မလား...”

“ဒါပေါ့... မလိုဘူး”

ဟုဒ်က အံကြိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း မျက်လုံးများကို မှိတ်ကာ ကမ္မဋ္ဌာန်းဝင်သည့် အခြေအနေသို့ ရောက်အောင် ကြိုးစားလိုက်တော့သည်။

သာမန်အားဖြင့် အသိပညာ ထုတ်ယူရာတွင် ဤကဲ့သို့ ကမ္မဋ္ဌာန်းဝင်ရန် မလိုအပ်ပေ။ ဉာဏ်အလင်း ထိတွေ့မှုကို အသုံးပြုရုံနှင့် လုံလောက်လှပြီး ဟုဒ်၏ အပေါင်းအပါများလည်း ထိုနည်းကိုပင် အသုံးပြုခဲ့ကြသည်။

သို့သော်လည်း... စာအုပ်ဆိုင် ပိုင်ရှင်နှင့် ရင်ဆိုင်ရာတွင် ထိုကဲ့သို့ သာမန်နည်းလမ်းကို အသုံးပြုခြင်းမှာ သေတွင်းထဲသို့ ခုန်ဆင်းသကဲ့သို့ ဖြစ်ပေလိမ့်မည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ မည်သည့် အဆင့်၌ ရှိကြောင်း ဟုဒ် မခန့်မှန်းနိုင်သော်လည်း၊ အိပ်ခန်းထဲသို့ ခြေချလိုက်စဉ်က ခံစားခဲ့ရသော ကြောက်မက်ဖွယ် ကောင်းလှသည့် အငွေ့အသက်များကြောင့် သေမင်း၏ အရိပ်အယောင်ကိုပင် သူ မြင်ယောင်ခဲ့ရသည်။

‘အခု ငါလုပ်ရမှာက အသိပညာတွေ အများကြီး ထုတ်ယူဖို့ မဟုတ်ဘူး... ထုတ်ယူမှု အောင်မြင်ဖို့ပဲ... ငါ သူ့ရဲ့ အသိပညာ အစွန်းအဖျားလေးကို ထိတွေ့ပြီး နည်းနည်းလေးလောက်ပဲ ထုတ်ယူလိုက်မယ်’

‘အဲဒီလိုဆိုရင် ငါ ဒီဂိမ်းကို နိုင်ပြီ... ဘေးကင်းမယ်... တခြားသူတွေလိုလည်း ဖြစ်သွားမှာ မဟုတ်ဘူး’

ဟုဒ်က မိမိကိုယ်မိမိ နှစ်သိမ့်လိုက်သည်။ အစကတည်းက သူ့ ရည်ရွယ်ချက်မှာ အသိပညာသစ်များ ရယူရန်ဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်က ယခု ထိုအခွင့်အရေး ပေးထားသဖြင့် ဟုဒ် ၎င်းကို ကောင်းစွာ အသုံးချပြီး အသေအချာ ပြင်ဆင်ရပေမည်။

ဟူး...

ခဏတာမျှ ကမ္မဋ္ဌာန်းစီးဖြန်းပြီး သူ့ စိတ်အခြေအနေမှာ အကောင်းဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့၏။ ဟုဒ် အသက်ကို ခပ်ပြင်းပြင်း ရှူရင်း ပထမဆုံးအကြိမ် ထုတ်ယူဖို့ ကြိုးစားလိုက်သည်။ မကြာမီမှာပင် တစ်ဖက်လူ၏ ဝိညာဉ်တွင် တစ်ခုခု မှားယွင်းနေကြောင်း သူ သတိပြုမိလိုက်သည်။

‘တကယ်ပဲ ဘာအကာအကွယ်မှ မရှိတာလား...’

ဟုဒ် မယုံကြည်နိုင်စွာ တွေးလိုက်မိ၏။ သူ့ ရှေ့မှောက်၌ ရှိနေသည့် အကန့်အသတ်မဲ့ ဝိညာဉ်ကြီးကို ကြည့်ရင်း သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ၎င်းမှာ သာမန်လူတစ်ယောက်၏ ဝိညာဉ်နှင့်သာ တူနေ၏။

‘ဒါ ထောင်ချောက်လား... ဝိညာဉ်ဆူးများ ထားထားသလား... ဒါမှမဟုတ် စိတ်အာရုံ တုန်ခါမှုလှိုင်းတွေ ရှိနေမလား...’

ထိုသို့သော အတွေးများ ဝင်လာသော်လည်း သူ မရပ်တန့်နိုင်တော့လေရာ ရှေ့ကို ဆက်လက် တိုးဝင်လိုက်ရ၏။ ဝေခွဲမရဖြစ်နေမှုများကြားမှပင် သူ ဆုံးဖြတ်ချက်ကို ခိုင်မာအောင် လုပ်ဆောင်လိုက်ပြီး ဝိညာဉ် ခွန်အားအားလုံးကို ဉာဏ်အလင်း ထိတွေ့မှုထဲသို့ ပုံအောထည့်ကာ ထိုဝိညာဉ်၏ အစွန်းအဖျား နယ်နိမိတ်ကို လျင်မြန်စွာ ထိတွေ့လိုက်တော့သည်။

ဟုဒ် တစ်ယောက် အလွန် ကျေနပ်သွားပြီး စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းတော့မည့် ဆဲဆဲတွင်... အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး အရုပ်ဆိုးလှသည့် ပုံရိပ်များစွာမှာ သူ့ စိတ်ထဲသို့ လှိုင်းလုံးကြီးများပမာ အလုံးအရင်းနှင့် ဝင်ရောက်လာ၏။ ၎င်းက သူ သိနားလည်ထားသမျှ အရာအားလုံးကို သံသယဝင်သွားစေတော့သည်။

စကားဖြင့် ဖော်ပြရန် ခက်ခဲလှသော အရာများစွာမှာ သူ့ စိတ်နှင့် ဝိညာဉ်၏ ထောင့်တိုင်းကို သိမ်းပိုက်လိုက်ကြလေပြီ ဖြစ်သည်။

လှုပ်ရှားနေသည့် အသူရာချောက်နက်ကြီးများ...

အော်ဟစ်နေသည့် သမုဒ္ဒရာကြီးများ...

မျက်လုံးပေါင်းများစွာ ပွင့်ဟနေသည့် ကြယ်တာရာများ...

ယင်းကဲ့သို့ အဆုံးမဲ့ မှောင်မိုက်မှုများနှင့် ပရမ်းပတာ ဖြစ်မှုများ ပြည့်နှက်နေသည့် ကောင်းကင်ယံကြီးမှာ သူ့ကို တစ်ခဏချင်းမှာပင် ဝါးမြိုလိုက်တော့သည်။

‘ဒါ ထောင်ချောက်ပဲ... ဒီအသိပညာတွေ အားလုံးက ထောင်ချောက်တွေပဲ...’

စာအုပ်ဆိုင် ပိုင်ရှင်မှာ သူ့ အသိပညာများကို မည်သည့် အကာအကွယ်မျှ မထားရှိခဲ့သလို ထားရှိရန်လည်း မလိုအပ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအသိပညာများထံမှ အလွန် သေးငယ်လှသည့် မြူတစ်မှုန်စာ အစိတ်အပိုင်းကလေးကပင် လူတစ်ယောက်၏ အတွေးအခေါ်ကို ဖျက်ဆီးပစ်နိုင်သည့် လမ်းကြောင်းမဲ့ အဆိပ်အတောက်များ ဖြစ်နေသောကြောင့်ပင်..။

***

All Chapters