← Chapters

ကျွန်ုပ်တို့သည် အမှန်တရားကို မယုံကြည်တော့ပါ

Vol. 11 Ch. 152

ကျွန်ုပ်တို့သည် အမှန်တရားကို မယုံကြည်တော့ပါ

Vol. 11 Ch. 152

“အား... ကျွန်... ကျွန်တော် ရှုံးပေးပါတယ်... ကျွန်တော် ရှုံးပါပြီဗျာ... မကစားတော့ဘူး...”

ဟုဒ် တစ်ယောက် ထိတ်လန့်တကြား အော်ဟစ်ကာ ခေါင်းကို ခါယမ်းရင်း မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူသည် နောက်ဖက်သို့ အရှိန်ဖြင့် ဆုတ်လိုက်သဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ လူငယ်လေးမှာ မြေပြင်ပေါ်တွင် တွားသွားရင်း ကြိုးများထဲမှ ရုန်းထွက်နိုင်ခဲ့သော်လည်း ပို၍ ကြောက်စရာကောင်းသည်က သူ့ကို ဝါးမြိုရန် ခြောက်လှန့်နေသည့် အရိပ်မည်းကြီးများပင် ဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဟုဒ် ငြိမ်သက်သွား၏။

“ကောင်လေး... မင်း အဆင်ပြေရဲ့လား...”

လင်ကျဲက လူငယ်လေး၏ ပုခုံးကို ပုတ်ရင်း သနားကရုဏာဖြင့် မေးလိုက်သည်။ တစ်ခါတစ်ရံတွင် ခါးသီးလှသော အမှန်တရားမှာ ဤမျှအထိ ရက်စက်တတ်ပါသည်။ ဟုဒ်က မြေပြင်ပေါ်တွင် အသက်ကို ပြင်းပြင်းရှူရင်း ဗလုံးဗထွေး ပြန်ဖြေလိုက်၏။

“ကျွန်တော်... အဆင်ပြေပါတယ်”

‘အင်း... စိတ်ဓာတ်တော့ တော်တော်လေး ခိုင်မာတဲ့ ကောင်လေးပဲ...’

လင်ကျဲ ထိုင်ခုံဆီသို့ ပြန်သွားရင်း ရယ်မောလိုက်သည်။

“ကောင်းပြီလေ... ကိုယ့်ဘာသာ ထလိုက်တော့”

ဟုဒ် ကြမ်းပြင်တွင် လူးလှိမ့်ရင်း ပြန်လည်၍ ထလိုက်၏။ အခါ အနီးအနားတွင် ရှိနေသည့် မွန်းမှာ အလွန် ထူးဆန်းသော မြင်ကွင်း တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

၎င်းကား... လူငယ်လေး၏ မျက်ခုံး နှစ်ခုကြား နဖူး အလယ်တည့်တည့်တွင် လှုပ်ရှားနေသည့် အက်ကြောင်းတစ်ခု ပေါ်လာကာ ၎င်းက ရုတ်တရက် ပွင့်ထွက်သွားပြီး ပြူးထွက်နေသည့် မျက်လုံးတစ်လုံး ထွက်ပေါ်လာခြင်းပင်။

‘တတိယမျက်လုံး...’

မွန်းတစ်ယောက် ကြက်သီးမွေးညင်းများ ထသွားခဲ့ပြီး နောက်ဖက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်မိတော့သည်။

ဟုဒ်၏ နဖူးအလယ်ရှိ မျက်လုံးလေးမှာ မွေးကင်းစကလေးငယ်တစ်ဦးပမာ ပတ်ဝန်းကျင်ကို ခဏမျှ ဝေ့ကြည့်လိုက်ပြီးနောက် ပြန်လည်ပိတ်သွားခဲ့သည်။ အက်ကြောင်းသည်လည်း တစ်ခါမှမရှိခဲ့ဖူးသည့်အလား လုံးဝပျောက်ကွယ်သွားတော့သည်။

မွန်းတစ်ယောက် နေရာတွင်ပင် ကြောင်အ ရပ်နေမိ၏။ ထိုမျက်လုံးကို သူမ မြင်လိုက်ရသည်က အသေအချာပင်။ ထိုသူခိုးလေး ဘော့စ်၏ ဝိညာဉ်ထဲတွင် ဘာတွေကို မြင်ခဲ့ရသနည်းဆိုတာကိုတော့ ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။

မွန်း ဘာမှမမြင်လိုက်သည့်အလား မျက်လွှဲလိုက်တော့၏။

“အား... ကျွန်... ကျွန်တော် ရှုံးပေးပါတယ်... ကျွန်တော် ရှုံးပါပြီဗျာ... မကစားတော့ဘူး...”

ကောင်စုတ်လေး၏ ထိတ်လန့်တကြား အော်ဟစ်သံကို ပြန်လည် ကြားယောင်ရင်း မွန်းစိတ်ထဲမှ ခိခနဲ ရယ်လိုက်မိသည်။ ဘော့စ်၏ ကလဲ့စားချေလိုစိတ် အတော်လေး ပြင်းထန်သည်ဟု သူမ တွေးမိသည်။ တစ်ဖက်မှ သူခိုးလေးမှာ သူမထက်ပင် အဆပေါင်းများစွာ အင်အားနည်းသော်လည်း၊ ဘော့စ်က ဤမျှအထိ ဆိုးရွားစွာ ကျီစယ်ကစားခဲ့သည် မဟုတ်ပါလား။

ဟုဒ် ကြမ်းပြင်မှ ထလိုက်ပြီး အဝတ်အစားပေါ်မှ ဖုန်များကို ခါလိုက်ကာ မူလနေရာတွင်ပင် အေးအေးဆေးဆေး ပြန်ထိုင်လိုက်သည်။

လင်ကျဲမှာ ကျေနပ်သွား၏။ သူခိုးလေးမှာ စိတ်ကူးယဉ်ရူးသွပ်နေသည့် အခြေအနေမှ လွတ်မြောက်သွားသည့်ပုံ ရသည်။ ဆရာလင်၏ နည်းလမ်းများမှာ ယခုတစ်ကြိမ်တွင်လည်း အလုပ်ဖြစ်ခဲ့လေပြီ။

အမှန်စင်စစ် စိတ်ကူးယဉ် ရူးသွပ်မှု ဝေဒနာ ခံစားနေရသည့် လူငယ်တစ်ဦးကို ဆုံးမလိုပါက သူတို့၏ ရှုထောင့်မှနေ၍ တိုက်ခိုက်ရန် လိုအပ်ပြီး၊ သူတို့၏ လုပ်ရပ်များမှာ မည်သည့် အဓိပ္ပာယ်မျှ မရှိကြောင်း နက်နက်ရှိုင်းရှိုင်း သိမြင်သွားအောင် လုပ်ဆောင်ရပေမည်။

ဤနည်းလမ်းကသာ သူတို့၏ စိတ်ကို အကြီးအကျယ် ပြောင်းလဲစေမည့် သင်ခန်းစာမျိုး ဖြစ်ပေလိမ့်မည်။

‘အင်း... ဒီနေ့လည်း ငါ လမ်းမှားရောက်နေတဲ့ လူငယ်လေးတစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပြန်ပြီ...’

လင်ကျဲ တွေးရင်း ပြုံးလိုက်၏။ ထို့နောက် သူက ဟုဒ်ကို စိုက်ကြည့်လိုက်ရင်း...

“ကလေး... အခု နားလည်သွားပြီလား... အသိပညာ ထုတ်ယူတယ်ဆိုတာရယ်၊ အမှန်တရား ရှာဖွေသူ ဆိုတဲ့ဟာတွေက ဘယ်လောက် အဓိပ္ပာယ် မရှိဘူးလဲ ဆိုတာကိုပေါ့”

အမှန်တရား ရှာဖွေသူများ ဟူသည့် အမည်ကို ကြားလိုက်ရချိန်တွင် ကလောက် တစ်ယောက် မည်မျှ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပုံကို ဆက်စပ်ကြည့်လိုက်ခြင်းဖြင့်၊ ဤအဖွဲ့မှာ ကိုင်တွယ်ရခက်ခဲပြီး ပြဿနာရှာတတ်သည့် အုပ်စုတစ်ခု ဖြစ်ကြောင်း လင်ကျဲ သိလိုက်သည်။

ဟုဒ်နှင့် သူ့ သူငယ်ချင်းများ၏ အပြုအမူကို ကြည့်ခြင်းဖြင့်လည်း ဤလူအုပ်စုမှာ အစွဲအလမ်း အတော်လေး ကြီးမားကြောင်း လင်ကျဲ ပြောနိုင်ပေသည်။

ဟုဒ်က ခေါင်းညိတ်လိုက်၏။ ယခုတစ်ကြိမ် လင်ကျဲအား မော့ကြည့်လိုက်ချိန်တွင် သူ့ မျက်လုံးများထဲ၌ ကြည်ညိုလေးစားမှုနှင့် ပြတ်သားမှုများ ပြည့်နှက်နေသည်။ သူက လက်သီးများကို တင်းတင်းဆုပ်လျက် အော်ကြီး ဟစ်ကျယ်ပင် ပြောလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ... ကျွန်တော် မြင်ခဲ့သမျှ၊ သိခဲ့သမျှတွေက အမှားတွေပဲ... သူတို့က ကျွန်တော့်ကို အမြဲတမ်း လှည့်ဖြားခဲ့ကြတာ... ကျွန်တော် သိထားတဲ့ အမှန်တရားတွေကို ပုံဖျက်ခဲ့ကြတာ... ကျွန်တော် မှားခဲ့ပါတယ်... ကျွန်တော် တကယ့်ကို မှားခဲ့ပါတယ်...”

စိတ်ကူးယဉ် ရူးသွပ်သူတစ်ဦးမှာ သူ အခိုင်အမာ ယုံကြည်ထားသည့် အရာများ အလုံးစုံ ပျက်စီးသွားချိန်တွင် ရောဂါမှ လုံးဝ ဥဿုံ ပျောက်ကင်းသွားတတ်စမြဲ ဖြစ်သည်။

ရလဒ်က ထင်ထားသည်ထက်ပင် ပို၍ ကောင်းမွန်နေခဲ့သည်။

ကျေနပ်သွားသော လင်ကျဲက ဆက်လက် ဟောပြောလိုက်၏။

“မင်းရဲ့ အမှားကို မင်းသိတယ်ဆိုရင် ပိုကောင်းအောင် ပြောင်းလဲနိုင်ပါတယ်... မှတ်ထားပါ... နောင်အနာဂတ်မှာ ဒီလို အဓိပ္ပာယ်မရှိတဲ့၊ ဥပဒေနဲ့မညီတဲ့ အလုပ်တွေကို မလုပ်ပါနဲ့... တံခါးဖောက်ဝင်တာနဲ့ ခိုးတာက မှားယွင်းတဲ့ လုပ်ရပ်ပဲ... စာအုပ်ခိုးတာပဲ ဖြစ်ဖြစ်... မင်းနဲ့မဆိုင်တဲ့ ပစ္စည်းကို ယူတာက မှားတာပဲ... ဟုတ်ပြီလား”

“မင်းက ငယ်သေးတယ်... တောက်ပတဲ့ အနာဂတ်တွေ အများကြီး ရှိပါသေးတယ်... မစိုက်ပျိုးဘဲ ရိတ်သိမ်းဖို့ မစဉ်းစားပါနဲ့... အသိပညာကို ရှာဖွေရတဲ့ ပျော်ရွှင်မှုကို အရသာခံတတ်အောင် သင်ယူပါ”

“မင်းရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကနေ တစ်ခုခုကို ရရှိတဲ့အခါမှသာ စစ်မှန်တဲ့ ကျေနပ်မှုကို ရနိုင်လိမ့်မယ်...”

“အဲဒါက မင်း တစ်ခါမှ မခံစားဖူးသေးတဲ့ အရသာမျိုးပဲ”

ဟုဒ်က ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်သည်။

“ဆရာ ပြောတာ မှန်ပါတယ်”

သူက စဉ်းစားဆင်ခြင်လျက် ဆက်ပြောလိုက်သည်။

“အမှန်တရား ရှာဖွေသူတွေရဲ့ အတွေးအခေါ်က လေထဲမှာ တိုက်အိမ်ဆောက်နေသလိုပေ... မြင့်လေလေ၊ ပိုပြီး မတည်ငြိမ်လေလေပါပဲ... ကျွန်တော့်မှာ ပိုပြီး ခိုင်မာတဲ့ အခြေခံတစ်ခု ရှိဖို့ လိုအပ်သလို ကိုယ်ပိုင် လမ်းကြောင်းကိုလည်း ရှာဖွေရပါမယ်”

လင်ကျဲမှာ ဤလူငယ်လေးအတွက် သူ မျှဝေပေးနိုင်မည့် အရာတစ်ခု ရှိသည်ဟု ခံစားလိုက်ရသည်။ သူက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်... မင်းရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ထွင်းထုလိုက်ပါ... ဒီလိုမျိုး တွေးတောနိုင်တယ်ဆိုတည်းက မင်းက ပညာရှိတဲ့သူ တစ်ယောက်ပဲ...”

“ပြီးတော့ ဉာဏ်ပညာ ဆိုတာက အသိပညာ ဗဟုသုတတွေထက်တောင် ပိုပြီး အရေးကြီးတယ်... အသိပညာနဲ့ဆိုရင် အသစ်သစ်သော အရာတွေကို မင်း ဖန်တီးနိုင်မယ်... ဒါပေမဲ့ ဉာဏ်ပညာရှိမယ်ဆိုရင်တော့ အသိပညာအသစ်တွေကိုတောင် မင်း ဖန်တီးနိုင်လိမ့်မယ်”

“ဉာဏ်ပညာ... အသိပညာသစ်တွေကို ဖန်တီးမယ်...”

ဟုဒ် ထိုစကားလုံးများကို ထပ်ကာထပ်ကာ ရေရွတ်နေမိ၏။ သူ့ မျက်ဝန်းများက တစ်စထက်တစ်စ ပို၍ တောက်ပလာသည်။ လင်ကျဲအား ကြည့်နေသည့် သူ့ အကြည့်များမှာ ရူးသွပ်လုနီးပါး ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက် နေတော့သည်။

တစ်ခဏမျှ ငြိမ်သက် နေခဲ့ပြီးသည့်နောက် လင်ကျဲမှာ သူ ထိုကလေးအား ‘ကြက်စွပ်ပြုတ်’ (စိတ်ခွန်အားပေးစကား) တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို သတိရသွားသည်။ သူက ချောင်းတစ်ချက် ဟန့်လိုက်ရင်း ပြုံးလျက် ပြောလိုက်၏။

“အဲဒါကို နားလည်ဖို့အတွက်တော့ မင်း အချိန်ယူရပါလိမ့်မယ်... အခုတော့ ရူပတ် အကြောင်းကို အရင် ပြောကြရအောင်”

ဟုဒ်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ရူပတ်က သဘာဝအတိုင်း ဆုံးပါးသွားတာ မဟုတ်ပါဘူး... ဒုတိယခေတ်နဲ့ တတိယခေတ်ကြား အကူးအပြောင်း သမိုင်းကြောင်းကို လေ့လာရင်းနဲ့ တားမြစ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလို့ ကောလာဟလတွေ ရှိပါတယ်...”

“သူ သတ်သေသွားတဲ့နောက်မှာ ရှေးဟောင်းသုတေသန ပညာရှင် အတော်များများလည်း ရူပတ်ရဲ့ သေဆုံးမှု အကြောင်းရင်းကို လိုက်လံ စုံစမ်းကြရင်းနဲ့ သေဆုံးသွားခဲ့ကြပါတယ်... အဲဒီနောက်ပိုင်းမှာတော့ ဘယ်သူမှ အဲဒီခေတ်က အချက်အလက်တွေကို မထိရဲကြတော့ဘူး... အဲဒီအချိန်ကာလနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အရမ်း ကြောက်သွားကြပါတယ်... စိုးရိမ်ထိတ်လန့်မှုတွေ ပျံ့နှံ့သွားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ ဖြစ်ပေါ်ခဲ့တဲ့ ကပ်ရောဂါဆိုးကြီးပြန်လာတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ခဲ့ပါတယ်... ဒီစိုးရိမ်မှုတွေကို ရပ်တန့်ဖို့အတွက် ရှေးဟောင်းသုတေသန ဌာနကို ဖျက်သိမ်းပစ်လိုက်တာပါ”

သုတေသန ပစ္စည်းများနှင့် ပတ်သက်၍ ဆက်တိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းမှာ အမှန်တကယ် ထူးဆန်းလှသည်။ သို့သော်လည်း ထိုကာလမှ သတင်းအချက်အလက်များမှာ ဤပညာရှင်များ၏ နားလည်မှုကို ပြောင်းပြန်လှန်ပစ်လိုက်သဖြင့် သူတို့ လက်မခံနိုင်ဖြစ်ခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။

လင်ကျဲ ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။

“အဲဒါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို ပိတ်ပင်ထားတာလား...”

“ဟုတ်ပါတယ်... ဒါပေမဲ့ အမှန်တရား အသင်းတော်မှာ ‘မှောင်မိုက်သော ကာလ - အဲလ်ဖို့ဒ်၏ ထွန်းကားခြင်းနှင့် ပျက်သုဉ်းခြင်း’ ရဲ့ နောက်ဆုံး လက်ကျန် မိတ္တူတစ်ခု ရှိပါသေးတယ်... အဲဒီစာအုပ်က ရူပတ်ကို ရူးသွားစေတာလို့ ပြောကြတာကြောင့် လုံးဝ ချိပ်ပိတ်ထားပါတယ်”

ဟုဒ်က စိတ်အားထက်သန်စွာ ဆက်ပြောလိုက်၏။

“ဆရာ အလိုရှိတယ်ဆိုရင် ကျွန်တော် အဲဒါကို ယူလာပေးနိုင်ပါတယ်”

လင်ကျဲ အနည်းငယ် အံ့အားသင့်သွား၏။

“မင်း ယူလာပေးနိုင်လို့လား...”

ဟုဒ်က ခေါင်းညိတ်လိုက်၏။ သူ့ မျက်ဝန်းများမှာ ဝမ်းသာအားရများဖြင့် ပြည့်နှက်နေသည်။

“အမှန်တရား အသင်းတော် ဥက္ကဋ္ဌ မာရီယာက ကျွန်တော့်ရဲ့ အဒေါ်ပါ... သူမက အခု ကမ္မဋ္ဌာန်း ကျင့်ကြံနေပြီး ကျွန်တော့်ကို စာအုပ်ငှားခွင့် ပေးထားပါတယ်”

‘အင်း... ဒီကောင်လေးရဲ့ မိဘတွေက အသင်းတော်မှာ ရာထူးတစ်ခုခု ရှိမယ်လို့ ငါ ခန့်မှန်းခဲ့ပေမဲ့... ဒီလောက်အထိ အဆင့်မြင့်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး’

ဤမျှ ကြီးမားသည့် နောက်ခံအင်အားမျိုးကို ပိုင်ဆိုင်ထားသဖြင့် သူ ခိုးဝင်ဝံ့သည်မှာ မဆန်းတော့ပေ။

လင်ကျဲ ထိုကလေးကို သတိပေးရန်လည်း မမေ့ခဲ့ပေ။

“ကောင်လေး... မင်းရဲ့ စွမ်းဆောင်နိုင်ရည် အတိုင်းအတာထဲမှာပဲ လုပ်နော်... စည်းမကျော်စေနဲ့”

“နားလည်ပါပြီ”

ဟုဒ်က ပြုံးလျက် ပြန်ဖြေလိုက်လေ၏။

နာရီ အနည်းငယ် ကြာမြင့်ပြီးနောက်၌ အခြားကျူးကျော်သူ အချို့မှာလည်း စိတ်မမှန်သည့် လူနာများကဲ့သို့ တွေဝေနေကာ မျက်နှာများ၊ သွားရည်များ ကျလျက်ဖြင့် နိုးလာကြသည်။

လင်ကျဲက မွန်းအား သူတို့ကို ကြိုးဖြေပေးခိုင်းလိုက်ရာ အားလုံး ယိမ်းယိုင်လျက် ထလာကြ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့မှာ ဟုဒ်ကို မှတ်မိနေကြဆဲဖြစ်သည်။ ဟုဒ်နှင့် အကြည့်ချင်းဆုံပြီးနောက်၌ တစ်ဖွဲ့လုံးမှာ လင်ကျဲအား တညီတညွတ်တည်း တောင်းပန်ကြကာ အသိပညာများကို နောက်နောင် ခိုးယူတော့မည် မဟုတ်ကြောင်းနှင့် အမှန်တရား ရှာဖွေသူများကိုလည်း မယုံကြည်တော့ကြောင်း ကတိပေးခဲ့ကြသည်။

ကလောက် ရောက်လာချိန်တွင် အမှန်တရား ရှာဖွေသူ လူငယ်လေးများမှာ သိုးသူငယ်လေးများကဲ့သို့ ယဉ်ကျေးနေကြသည်ကို မြင်လိုက်ရသဖြင့်၊ ဤကောင်များ ကိုယ့်အပြစ်နှင့်ကိုယ် ဒုက္ခရောက်ခဲ့ကြပြီ ဖြစ်ကြောင်း သူ ချက်ချင်း နားလည်လိုက်သည်။

လင်ကျဲနှင့် ပုဂ္ဂလိက အပေးအယူ လုပ်ပြီးသား ဖြစ်သဖြင့် ကလောက်က မေးခွန်းအချို့ကိုသာ အပေါ်ယံ မေးမြန်းပြီး သူတို့ကို လွှတ်ပေးလိုက်သည်။

စာအုပ်ဆိုင်နှင့် အတော်ဝေးဝေးသို့ ရောက်ရှိပြီးနောက် ဟုဒ်က သူ့ အပေါင်းအပါများဘက်သို့ လှည့်လိုက်၏။

“မင်းတို့အားလုံး ကိုယ်တိုင် မြင်လိုက်ရတယ်... ဟုတ်တယ်မလား...”

အခြား လူငယ်လေးများ၏ မျက်နှာပေါ်တွင်လည်း ရူးသွပ်သော အမူအရာများ ရှိနေကြပြီး အလုအယက်ပင် ပြောလိုက်ကြသည်။

“ဟုတ်တယ်... စစ်မှန်တဲ့ အမှန်တရားက စာအုပ်ထဲမှာ ရှိနေတာပဲ...”

“အဲ့တာက တကယ့်ကို ခမ်းနားလိုက်တာ... လှပလွန်းတယ်... ငါ တော်တော်လေး အံ့ဩသွားရတယ်...”

“ငါ့ရင်ထဲမှာ တစ်ခုခု ပြည့်နှက်သွားသလိုပဲ... နောက်ထပ် ထပ်ပြီး လုပ်ချင်သေးတယ်...”

“စာအုပ်တွေက ဉာဏ်ပညာရဲ့ သတင်းကောင်းတွေပဲ... တကယ့်ကို အံ့ဩဖို့ ကောင်းတယ်!”

ဟုဒ်က သွားများပေါ်အောင် ပြုံးလျက် ခါးကို ထောက်ကာ လူအုပ်ကို ကြည့်လိုက်သည်။

“ကဲ... အခုကစပြီး ငါတို့ အမှန်တရားကို မယုံကြည်တော့ဘူး ဟုတ်ပြီလား...”

လူငယ်အုပ်စု တစ်ခုလုံးမှာ ရူးသွပ်နေသော အမူအရာများဖြင့် တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

“ဟုတ်ကဲ့...”

ဟုဒ်က ဆက်ပြောလိုက်သည်။

“ဒါဆို ငါတို့ ဘယ်သူ့ကို ယုံကြည်ကြမလဲ...”

လူငယ်တစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း ဝမ်းသာအားရ ပြောလိုက်ကြသည်။

“မစ္စတာလင်က ပြောတယ်... ဉာဏ်ပညာက အသိပညာအသစ်တွေကို ဖန်တီးနိုင်တယ်တဲ့... ငါတို့ ဉာဏ်ပညာကိုပဲ ယုံကြည်တော့မယ်...”

...

စာအုပ်ဆိုင်ထဲတွင်မူ ကလောက်မှာ မပြန်ရသေးပဲ ရှိနေဆဲ ဖြစ်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက လင်ကျဲကို မေးလိုက်၏။

“မစ္စတာလင်... ဝယ်လ်ဆီက သတင်းတစ်ခုခု ကြားမိသေးလား ခင်ဗျာ...”

***

All Chapters