← Chapters

ဝယ်လ်၏ သတင်း

Vol. 11 Ch. 153

ဝယ်လ်၏ သတင်း

Vol. 11 Ch. 153

“ဝယ်လ်လား...”

လင်ကျဲ ကောင်တာအောက်ဖက်သို့ ကြိုးခွေဟောင်းများကို ငုံ့၍ သိမ်းဆည်းနေရင်းမှ ထိုအမည်ကို ကြားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လာသည်။

“ဂျိုးဇက်က သူ့မိတ်ဆွေဟောင်းကြီးရဲ့ သတင်းအစအနကို အခုထိ ရှာမတွေ့သေးဘူးလား”

ဂျိုးဇက် ဤစာအုပ်ဆိုင်သို့ စတင်ရောက်ရှိလာခဲ့ရသည့် မူလရည်ရွယ်ချက်မှာ ဝယ်လ်နှင့် ပြန်လည် သင့်မြတ်ရေးအတွက်ဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။ သို့သော်လည်း... ယခုဆိုလျှင် တစ်လပင် ကျော်လွန်ခဲ့ပြီဖြစ်ရာ ဂျိုးဇက်၏ ရှာဖွေမှုမှာ ထိရောက်မှု မရှိလှဟု ဆိုရပေမည်။

အထီးကျန်လူအိုကြီး ဝယ်လ်ခမျာ ‘သားမိုက်က အမွေလုရန် ကြံစည်မှု’ ဟူသော မိသားစုအရေးအခင်းနှင့်လည်း ကြုံတွေ့ခဲ့ရဖူးသည်။ ကြည့်ရသည်က်နှစ်ဦးကြားက အတိတ်က အာဃာတများကို ထောက်ဆ၍ အဘိုးဝယ်ကပင် ဂျိုးဇက်ကို ရှောင်တိမ်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ဂျိုးဇက်က စေတနာရှေ့ထား၍ ပြန်လည်သင့်မြတ်ရန် ကြိုးစားနေသော်လည်း ဝယ်လ်က ထိုသို့ သဘောထားချင်မှ ထားပေလိမ့်မည်။

“ဟုတ်ကဲ့... အဲဒါကတော့...”

ကလောက်၏ နဖူးပြင်တွင် ချွေးစက်များ စို့တက်လာ၏။

‘မိတ်ဆွေဟောင်းဆိုတာထက် ဆရာ့ရဲ့ ရည်မှန်းချက်က ဝယ်လ်ရဲ့ ရင်ဘတ်ကို ခွဲပြီး အသည်းနှလုံးကို ထုတ်ပစ်ဖို့ဗျ...’

သူ စိတ်ထဲက ကျိတ်၍ ပြောလိုက်မိ၏။

“ဒါပေမဲ့ လုံးဝကြီး လက်ဗလာနဲ့တော့ မဟုတ်ပါဘူး မစ္စတာလင်... သဲလွန်စတချို့တော့ ရထားပါတယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက (၅၂) လမ်းမကြီး နားမှာ သူ ပေါ်လာခဲ့သေးတယ်... အဲဒီမှာ တစ်ရက်လောက် ကြာအောင် ရှိနေခဲ့တယ်လို့ သိရပါတယ်”

(၅၂) လမ်းမကြီး...။

လင်ကျဲ ထိုနေရာကို စိတ်ထဲမှ ခန့်မှန်းတွက်ချက်ကြည့်လိုက်ရာ အံ့အားသင့်သွားရသည်။ ထိုနေရာမှာ မကြာသေးမီက ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာ မဟုတ်ပါလား။ ထိုဖြစ်စဉ်မှာ တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သတင်းဌာနများက အခုထိ တခုပ်တရ လိုက်လံထုတ်လွှင့်နေဆဲ ဖြစ်သည်။

ကြားသိရသလောက်... ထိုနေရာရှိ အခြေအနေမှာ သူတို့ လမ်းတစ်ဖက်ရှိ ဓာတ်ငွေ့ယိုစိမ့်မှုထက် ပိုမိုပြင်းထန်သည်ဟု ဆိုသည်။ မိုးသည်းထန်စွာ ရွာသွန်းနေမှုကို အခွင့်ကောင်းယူကာ အဖျက်သမားများက မိလ္လာစနစ်အတွင်း၌ ဖောက်ခွဲရေးပစ္စည်းများ ထောင်ခဲ့ကြခြင်း ဖြစ်သည်။ ဆက်တိုက်ပေါက်ကွဲမှုများကြောင့် အဆောက်အအုံများ၏ အခြေခံအုတ်မြစ်များ ပြိုကျပျက်စီးခဲ့ရသည်။

ထို့အပြင် လမ်းများပေါ်တွင် ရေကြီးရေလျှံမှုနှင့်အတူ မိလ္လာစနစ်၏ ပင်မထိန်းချုပ်အဆို့ရှင်မှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့ရာ ရေလွှမ်းမိုးမှုဒဏ်ကြောင့် လမ်းအတော်များများမှာ မြေလှန်ပျက်စီးခဲ့ရသည်။ ထို့အပြင် အဖျက်သမားများမှာ ဗဟိုခရိုင်ရှိ သိပ္ပံသုတေသနဌာနများကိုလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြသေးသည်။ ထိုသို့ ဗဟိုခရိုင်အတွင်း သောင်းကျန်းမှုများကြောင့်ပင် ဗဟိုရဲတပ်ဖွဲ့က အကြီးအကျယ် ဝင်ရောက်ရှင်းလင်းခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဤဒေသတဝိုက်တွင် ရဲကင်းဝိုင်းများ ချထားခြင်းမှာလည်း ဤအကြောင်းနှင့် ဆက်စပ်နေပေသည်။

သို့သော်လည်း... ဤကဲ့သို့ ရှုပ်ထွေးနေသည့် အချိန်အတွင်း ဝယ်လ်က (၅၂) လမ်းမကြီး အနီးတွင် တစ်ရက်လုံးလုံး ရှိနေခဲ့သည်ဆိုပါလား။ ထိုဒေသမှာ ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး လူနေအိမ်ခြေများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။

သာမန်လူတစ်ယောက်အနေဖြင့် ထိုသို့သော နေရာမျိုးတွင် အချိန်အကြာကြီး ရှိနေစရာ အကြောင်းမရှိပေ။ ကလောက်၏ လေသံနှင့် အမူအရာကို ကြည့်ခြင်းအားဖြင့် ထိုတစ်ရက် ဆိုသည်မှာ ပေါက်ကွဲမှုဖြစ်ပွားသည့် နေ့ကို ဆိုလိုခြင်း ဖြစ်နိုင်ကြောင်း လင်ကျဲ ရိပ်မိလိုက်သည်။

‘အဘိုးဝယ်က အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်နေတာများလား...’

လင်ကျဲ တွေးတောမိသွား၏။ ချားလ်စ်၏ ကိစ္စကြောင့် စိတ်ဒဏ်ရာ ရသွားခဲ့သည့် အဘိုးဝယ်တစ်ယောက် တစ်စုံတစ်ရာကို နာကျည်းပြီး အစွန်းရောက်အဖွဲ့အစည်းတစ်ခုခုထဲ ဝင်သွားလေသလားဟုလည်း စိုးရိမ်မိသည်။

“ကံဆိုးတာပဲဗျာ... သူ စာအုပ်လာပြန်အပ်ပြီးကတည်းက ကျွန်တော့်ဆီ တစ်ခေါက်မှ ပြန်မလာသေးဘူး...”

မိမိ၏ ဖောက်သည်ဟောင်းတစ်ယောက် လမ်းမှားသို့ ရောက်သွားနိုင်ကိုဟု တွေးမိသဖြင့် လင်ကျဲ စိတ်မသက်မသာ ဖြစ်သွားရသည်။

“အဲဒါက ၅၂ လမ်းမကြီးက ကိစ္စတွေနဲ့ ပတ်သက်နေတာလား... ဘာမှ ဖုံးကွယ်မထားပါနဲ့၊ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ပါတယ်”

“ဟုတ်ပါတယ်”

ကလောက်က သက်ပြင်းတစ်ချက်ကို အသာချလိုက်သည်။ အမှန်အတိုင်း ဝန်ခံရပါက မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဝံပုလွေဖြူ အဖွဲ့ အရေးအခင်းများတွင် ဤစာအုပ်ဆိုင်ပိုင်ရှင်မှာ နောက်ကွယ်မှ မြှောက်ပင့်ပေးနေသည်ဟု သူတို့ သံသယရှိခဲ့ကြသည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုကဲ့သို့ မဟုတ်တန်ရာ။

သို့စေကာမူ... ဝယ်လ်နှင့် ပတ်သက်လျှင်မူ မည်သူကမှ အတပ်မပြောနိုင်ပေ။

သူတို့အားလုံးမှာ ဤဆိုင်၏ ဧည့်သည်များ ဖြစ်ကြသော်လည်း ဝယ်လ်က အစောဆုံး ရောက်လာသူဖြစ်သည်။ ဝယ်လ်ပေးထားသည့် လက်ဆောင်ကိုလည်း ကောင်တာပေါ်တွင် ပြသထားဆဲပင်။ ဝယ်လ်ကို ကိုင်တွယ်ဖြေရှင်းရန် စာအုပ်ဆိုင်ပိုင်ရှင်ထံမှ အကူအညီတောင်းလျှင် ငြင်းပယ်ခံရဖို့သာ များပေလိမ့်မည်။ ထို့ကြောင့် သဲလွန်စအချို့ ရနိုင်နိုးဖြင့်သာ မျှော်လင့်ရပေမည်။

“ဆရာက သူ့ရဲ့ သဲလွန်စကို ခြေရာခံဖို့ ကြိုးစားနေတာမို့ မစ္စတာလင်ရဲ့ အကူအညီကို လိုချင်နေပါတယ‌ေ... ဒါအတွက် ထိုက်တန်တဲ့ အဖိုးအခကိုလည်း ပေးဖို့ အဆင်သင့်ပါပဲ”

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ မိလ္လာမြောင်းအတွင်းရှိ ယဇ်ပလ္လင်ကို သိမ်းဆည်းရမိထားနောက် လေးပတ်လုံးလုံး အသည်းအသန် စုံစမ်းစစ်ဆေးခဲ့သည်။

ပထမအချက်က တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတွင် ဝယ်လ် ချန်ထားခဲ့သည့် အီသာစွမ်းအင် ခြေရာများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်က မုဆိုးများ အသုံးပြုခဲ့သည့် သွေးဖြင့် ယဇ်ပူဇော်မှု သက်သေ အထောက်အထားများမှာလည်း ဝယ်လ်ကိုသာ ညွှန်ပြနေသည်။

ဂျိုးဇက်နှင့် ဝယ်လ်တို့ နှစ်ယောက်မှာ အတိတ်တစ်လျှောက်တွင် ထိပ်တိုက်တွေ့ဆုံမှုများစွာ ရှိခဲ့သဖြင့် ဂျိုးဇက်မှာ ဝယ်လ်၏ မှော်ပညာကို ကောင်းစွာ သိရှိနားလည်သည်။ ထို့ကြောင့်ပင် ဂျိုးဇက်က ဝယ်လ်၏ အီသာ အငွေ့အသက်ကို တွေ့ရှိသည်ဟု ဆိုလျှင် လွဲချော်ရန် အကြောင်းမရှိပေ။

လင်ကျဲ မျက်မှောင်ကြုတ်လိုက်မိ၏။ ခြေရာခံ သည်ဟူသော အသုံးအနှုန်းကို သုံးနှုန်းနေပြီဆိုကတည်းက အဘိုးဝယ်မှာ သံသယရှိသူ ဖြစ်နေပြီမှာ သေချာသည်။ သူ ဘာတွေများ လုပ်ခဲ့မိသနည်း။

“ကျွန်တော် တတ်နိုင်သလောက်တော့ ကူညီပေးပါ့မယ်... ဒါပေမဲ့ မကူညီခင်မှာ အရင်ဆုံး ဆွေးနွေးရမယ့် အချက်လေးတွေ ရှိနေတယ်... ခုနက ဖုန်းထဲမှာ ပြောတော့ ‘ဘလပ်ဖိစ်’ အဖွဲ့က လှုပ်ရှားနေပြီလို့ ပြောတယ်နော်... ခင်ဗျား သူတို့ကို ခြေရာခံနေတာလား”

ကလောက်က ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်ပါတယ်... ဒီအဖွဲ့အစည်းက တည်ရှိလာခဲ့တာ ကြာပါပြီ... မကောင်းမှုမျိုးစုံကို လုပ်ဆောင်နေတဲ့ အဖွဲ့ပါ... သက်တမ်းရင့်တာနဲ့အမျှ အဖွဲ့ဝင်တွေကလည်း နေရာအနှံ့မှာ ရှိနေသလို သူတို့ရဲ့ မှတ်တမ်းတွေက ဆယ်စုနှစ်နဲ့ချီ ရှိနေပါပြီ”

“ကျွန်တော်တို့လည်း မနားမနေ စုံစမ်းနေတာပါ... မကြာသေးခင်ကမှ သူတို့ရဲ့ လှုပ်ရှားမှု ခြေရာလက်ရာတွေကို ထပ်တွေ့ရတာပါ”

‘သက်တမ်းရင့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုလား... တော်တော်လေး ဆိုးသွမ်းတဲ့ ပုံပဲ’

လင်ကျဲ စိတ်ထဲမှ တွေးမိသည်။ ဗဟိုရဲတပ်ဖွဲ့ကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် လက်မှိုင်ချစေသည့် အရှိန်အဝါမျိုး ရှိနေသည်ဆိုလျှင် ၎င်းမှာ အလွန်အင်အားကြီးသည့် ရာဇဝတ်ဂိုဏ်းကြီး ဖြစ်ရပေမည်။ ထို့အပြင် ဖုန်းပြောစဉ် ကြားလိုက်ရသည့် အသံများမှာ ပြင်းထန်သည့် ပစ်ခတ်တိုက်ခိုက်သံများနှင့် ဆင်တူလှသည်။ ဤအဖွဲ့မှာ သူထင်သလို သာမန် ရိုးရိုး အကြမ်းဖက် အဖျပ်အမှောက်အဖွဲ့မျိုး မဟုတ်ဘဲ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်နေဟန်တူသည်။

“အဘိုးဝယ်က ဘလပ်ဖိစ်က သူ့ကို ဖိတ်ခေါ်ထားတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ပြောဖူးတယ်... အဲဒီတုန်းကတော့ ကျွန်တော် သူ့ကို တားခဲ့ပါသေးတယ်... ဒါပေမဲ့ သူ နားထောင်ခဲ့ရဲ့လားတော့ မသိဘူး”

“ပြီးတော့ မကြာခင်မှာ ပွဲတော်တစ်ခု ရှိတယ်လို့လည်း သူ ပြောခဲ့သေးတယ်... အခု ခင်ဗျားတို့ ပြောနေတာက အဲဒါကို ဆိုလိုတာ ထင်တယ်”

လင်ကျဲက သက်ပြင်းချရင်း ရှင်းပြလိုက်သည်။ ကလောက် တစ်ယောက် ခဏမျှ မှင်တက်သွားပြီးနောက် မျက်လုံးများ ပြူးကျယ်သွာခဲ့တော့သည်။

‘ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ဆရာ မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင် ဝယ်လ်ကို ‘ဘလပ်ဖိစ်’ က အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ခဲ့ဖူးသည်ဆိုပါလား...’

ဤသည်မှာ အလွန်အရေးကြီးသော သတင်းအချက်အလက် ဖြစ်သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ဝယ်လ် ပြန်လည်ပေါ်ထွက်လာပြီးနောက်မှ ‘ဘလပ်ဖိစ်’ က ပြန်လည် လှုပ်ရှားလာခြင်း ဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်၏ တားမြစ်မှုကို မနာယူဘဲ ဝယ်လ်က ထိုအဖွဲ့ထဲသို့ ဝင်ရောက်သွားခဲ့ပြီလော။

ထိုဆိုးသွမ်းလှသော အဖွဲ့အစည်းမှာ နော်ဇင်မြို့တော်တွင် အလွန် အချိန် ကြာမြင့်စွာ အမြစ်တွယ်နေခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင်များ စုဝေးပြီးသည့်နောက်တွင် ဦးဆောင်သူက တာဝန်များကို သတ်မှတ်ပေးကာ ဆုလာဘ်များ ကမ်းလှမ်းလေ့ရှိပြီး ပါဝင်သူများက ကြားခံလူ၏ အာမခံချက်ဖြင့် ပူးပေါင်းဆောင်ရွက်ကြလေ့ ရှိသည်။ ယခုဖြစ်စဉ်နောက်ကွယ်တွင် ဘလပ်ဖိစ် ရှိနေနိုင်ကြောင်း လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် က သံသယရှိထားပြီး ဖြစ်သည်။

ဝယ်လ်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအရ ဘလပ်ဖိစ် ကဲ့သို့ အဖွဲ့မျိုးထဲ ဝင်လိမ့်မည်မဟုတ်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း ယခုတော့ အခြေအနေက ပြောင်းလဲသွားချေပြီ။ အကယ်၍ ဝယ်လ်သာ ပါဝင်နေမည်ဆိုပါက ဘလပ်ဖိစ်မှာ အဖွဲ့ဝင်များကို အင်တိုက်အားတိုက် စုစည်းနေပြီမှာ သေချာသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်တင်ရတော့မည်။

“ခုလို သတင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ကလောက်က မတ်တတ်ရပ်၍ ကျေးဇူးတင်စွာဖြင့် အလေးပြုလိုက်သည်။ စာအုပ်ဆိုင်ပိုင်ရှင်၏ စေတနာကို သူ ယခုမှပင် နားလည်တော့သည်။

‘ဒီလိုကမ္ဘာကြီးထဲမှာ စာအုပ်ဆိုင်ပိုင်ရှင်လို လူမျိုးကတော့ ရှားပါးလွန်းလှပါတယ်...’

ကလောက်က စိတ်ထဲက ကျိတ်၍ ချီးကျူးမိ၏။ ဘလပ်ဖိစ်၏ လှုပ်ရှားမှုများအပြင် မကြာသေးမီက မုဆိုးအဖွဲ့အစည်းအချို့မှာလည်း အငြိမ်မနေနိုင်ဘဲ ဆူပူလှုပ်ရှားလာကြသည်။

မုဆိုးများမှာ ထိုသို့ပင် မဟုတ်ပါလား။ သူတို့မှာ သွေးကြောများထဲတွင် ‘အိမ်မက်သားရဲ’ သွေးများကို ထိုးသွင်းထားကြသူများ ဖြစ်ရာ သဘာဝကပင် ရိုင်းစိုင်းကြမ်းကြုတ်နေပြီး အမြဲတမ်း တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသူများ ဖြစ်သည်။

သွေးတစ်စက်၏ အနံ့ရရုံနှင့်ပင် သူတို့အားလုံး ဝိုင်းအုံလာတတ်ကြသည်။

ယခုမူ အားလုံးက မက်မောကြသည့် ‘ဝံပုလွေဖြူ’ ၏ မူလသွေးဖော်မြူလာက စားပွဲပေါ်တွင် အဆင်သင့် ချပေးထားသလို ဖြစ်နေချေပြီ ဖြစ်လေတော့သည်။

***

All Chapters