ပူးပေါင်းု
Vol. 11 Ch. 154
ကျိကျစ်ရှို့ မှာ ပေါ်ဦးပေါ်ဖျား မုဆိုးအဖွဲ့အစည်းဖြစ်သည့် ‘ပင့်ကူ’ အဖွဲ့ကို ဦးဆောင်ကာ ‘ဝံပုလွေဖြူ’ ၏ နယ်မြေအတော်များများကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ သုံးလအတွင်းမှာပင် အကြီးစားတိုက်ပွဲ သုံးကြိမ်နှင့် မရေမတွက်နိုင်သော တိုက်ပွဲငယ်များကို ဆင်နွှဲခဲ့ကြရသည်။
သူတို့က မအိပ်မနေ တိုက်ပွဲများ တစ်ခုပြီးတစ်ခု ဆင်နွှဲရင်း တဖြည်းဖြည်း သန်မာလာခဲ့ကြသည်။ သို့သော်လည်း အခက်အခဲများကတော့ ရှိနေဆဲပင်။
အခြားမုဆိုးအဖွဲ့များက စတုတ္ထအကြိမ်မြောက် တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြပြီဖြစ်ကြောင်း ကျိကျစ်ရှို့ သတင်းရရှိထားသည်။ ဤတိုက်ပွဲမှာ အရေးကြီးဆုံး တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။ အနိုင်ရလျှင် ‘ပင့်ကူ’ အဖွဲ့ အခိုင်အမာ ရပ်တည်နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက အရာအားလုံးအပြင် အသက်ပါ ဆုံးရှုံးရပေလိမ့်မည်။
ကျိကျစ်ရှို့ စာအုပ်ဆိုင်သို့ နောက်ဆုံးအကြိမ် လာရောက်ပြီး နှစ်ပတ်အကြာတွင် ညစောင့် အက်ကာမန်သည် ဝံပုလွေဖြူ၏ ပုန်းအောင်းရာနေရာဟောင်းသို့ ရောက်ရှိလာပြီး ပင့်ကူ မုဆိုးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တရားဝင် ပါဝင်လာခဲ့တော့သည်။
...
ညစောင့် အက်ကာမန်...၊ ဖျက်ဆီးခြင်း အဆင့် မုဆိုးတစ်ဦး...
ကျိကျစ်ရှို့သည် အက်ကာမန် ရောက်ရှိလာမည့်အချိန်ကို မျှော်လင့်တောင့်တနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုမုဆိုးမှာ တရားဝင် အဆင့်သတ်မှတ်ချက် မရရှိသေးသော်လည်း သူ့အစွမ်းမှာ ဖျက်ဆီးခြင်း အဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း ကျော်ကြားပြီးသား ဖြစ်သည်။
သူသာ ရောက်လာပါက ‘ပင့်ကူ’ အဖွဲ့၏ အစွမ်း အထက်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ၎င်းအပြင် သူသည် နောင်အနာဂတ်ကာလ ရှည်ကြာသည်အထိ ‘ပင့်ကူ’ အဖွဲ့၏ အမာခံစစ်သည်တော်ကြီးအဖြစ် ဆက်လက် တည်ရှိနေပေလိမ့်မည်။
အက်ကာမန်မှာ ဝယ်လ်ကို ဖမ်းဆီးရန် ဆုကြေးထုတ်ပြန်ချက်ကို လက်ခံပြီးမှ ပြန်လည်စွန့်လွှတ်ခဲ့သဖြင့် လူအများ၏ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံခဲ့ရသည်။ အချို့ကမူ သူ့တွင် အစွမ်းအစမရှိဘဲ ဟန်ရေးပြရုံသာ ရှိသည်ဟု ထင်မြင်ယူဆကြသည်။
သို့သော် သေချာစွာ စဉ်းစားကြည့်ပါက အမှန်တရား အသင်းတော် ကဲ့သို့သော အဖွဲ့အစည်းကြီးမှာ မစွမ်းဆောင်နိုင်သည့် လူတစ်ယောက်အား ဤမျှ အရေးကြီးသည့် တာဝန်မျိုးကို လွှဲအပ်လိမ့်မည် မဟုတ်ပေ။ အက်ကာမန် အလုပ်မစတင်မီကပင် သူ့တွင် ထိုတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသည်ဟု အသင်းတော်က အခိုင်အမာ ယုံကြည်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင်... အက်ကာမန်က သူတို့ကို ကစားသွားသည့်အတွက် လက်စားချေသည့်အနေဖြင့် အမှန်တရား အသင်းတော် က ထိုသတင်းဆိုးကို တမင်ဖြန့်ဝေခဲ့ခြင်းသာ ဖြစ်ရပေမည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် အက်ကာမန်မှာ အမှန်တရား အသင်းတော် ကိုပင် ရန်စရဲ၊ အာခံရဲသည့် ရဲတင်းလွန်းသော အရူးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှသည်။
အားလုံးထက် ပို၍အရေးကြီးသည်က အက်ကာမန်မှာ စာအုပ်ဆိုင်ပိုင်ရှင် ကိုယ်တိုင် မိတ်ဆက်ပေးလိုက်သည့်လူ ဖြစ်နေခြင်းပင်။ ထို့ကြောင့်လည်း ကျိကျစ်ရှို့မှာ အက်ကာမန်၏ အစွမ်းအစကို လုံးဝဥဿုံ ယုံကြည်နေခြင်း ဖြစ်သည်။
စာအုပ်ဆိုင်ပိုင်ရှင်၏ အမိန့်စကားက အမြဲတမ်း မှန်ကန်နေမည်သာ မဟုတ်ပါလား။
...
အက်ကာမန် ရောက်ရှိလာချိန်တွင် ‘ပင့်ကူ’ အဖွဲ့မှာ ‘ဝံပုလွေဖြူ’ ၏ ခိုအောင်းရာ နေရာဟောင်းအတွင်း၌ ပိတ်မိနေပြီး အခြားမုဆိုးအဖွဲ့များက ပြင်ပမှ ဝိုင်းရံထားကြသည်။
သို့သော်လည်း... ဤကဲ့သို့ ဝိုင်းရံပိတ်ဆို့ထားမှုမှာ ရုပ်ဖျက်ကျွမ်းကျင်သူ အက်ကာမန်အတွက်မူ အခက်အခဲ မဟုတ်ခဲ့ပေ။
သူက မိမိ၏ အငွေ့အသက်နှင့် တည်ရှိမှုကို ဖျောက်ဖျက်ကာ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး ကျိကျစ်ရှို့နှင့် တွေ့ဆုံခဲ့သည်။
“ပင့်ကူ အဖွဲ့က ကြိုဆိုပါတယ်”
ကျိကျစ်ရှို့၏ လှပသော မျက်နှာထက်တွင် ကျော့ရှင်းသော အပြုံးတစ်ခု ပေါ်လွင်နေကာ ရှေ့တွင်ရှိနေသည့် သာမန်ရုပ်ရည် ပိုင်ရှင် မုဆိုးအား အရိုအသေ ပေးလိုက်သည်။
အက်ကာမန်ကလည်း မုဆိုးတို့၏ ထုံးစံအတိုင်း ပြန်လည် အရိုအသေ ပေးလိုက်သည်။ ထို့နောက်... သူ၏ ဝါရင့်သော မျက်လုံးများဖြင့် ရှေ့တွင်ရှိနေသည့် ‘ပင့်ကူ’ အဖွဲ့၏ ခေါင်းဆောင်ငယ်ကို အကဲခတ်ကြည့်လိုက်သည်။
သူမက ငယ်ရွယ်သော်လည်း မြက်တောထဲတွင် ပုန်းအောင်းကာ သားကောင်ကို စိတ်ရှည်လက်ရှည် စောင့်ကြည့်နေသည့် တောပုန်း ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရှတည်ငြိမ်သော အကြည့်မျိုးကို ပိုင်ဆိုင်ထားသည်။ ထိုသို့သော အကြည့်မျိုးဖြင့် စိုက်ကြည့်ခံရပါက မည်သူမဆို ကြက်သီးမွေးညင်း ထသွားရပေလိမ့်မည်။
ထိုမိန်းကလေးမှာ တိုက်ခိုက်ရာတွင် ကျွမ်းကျင်လှသည့် ပြိုင်ဘက်ကင်း မုဆိုးတစ်ယောက်ပင် ဖြစ်ကြောင်း ထင်ရှားပေသည်။
သို့သော် သူ့ကို အံ့အားသင့်စေသည်က ကျိကျစ်ရှို့၏ မျက်လုံးများမှာ ကြည်လင်နေခြင်းပင်။ သူမ၏ အသိဥာဏ်ကို နှောင့်ယှက်ဖျက်ဆီးမည့် ညစ်ညမ်းသော သွေး၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။
၎င်းအပြင် မိန်းကလေး၏ အဆင့်မှာ သူ ပထမဆုံး အဆင့်တက်စဉ်က အခြေအနေနှင့် နီးစပ်နေပြီဖြစ်ကြောင်း အက်ကာမန် ခံစားမိသည်။ ဆိုလိုသည်က ကျိကျစ်ရှို့မှာ ဖျက်ဆီးခြင်း အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုသို့ဆိုလျှင်... ပုံမှန်အားဖြင့် သူမ ခန္ဓာကိုယ်အတွင်းရှိ ညစ်ညမ်းသော သွေး၏ ပြင်းအားမှာလည်း အလွန်မြင့်မားနေရပေမည်။
ထူးဆန်းသည်စွာပင်... သူမ၏ ရုပ်ရည်နှင့် အမူအရာမှာ မည်သည့် ဖောက်ပြန်ပြောင်းလဲမှုမျှ မရှိဘဲ နူးညံ့သိမ်မွေ့နေခဲ့သည်။
အက်ကာမန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်သွားရ၏။ စာအုပ်ဆိုင်ပိုင်ရှင် ပြောခဲ့သော လမ်းသစ် ဆိုသည်မှာ ဤသည်ကို ဆိုလိုခြင်း ဖြစ်ရပေမည်။ ဤသည်မှာ သူ့အတွက်သာမက အခြားမုဆိုးအားလုံးအတွက်ပါ စစ်မှန်သော လမ်းသစ်တစ်ခုပင်။
ထိုစစ်မှန်သော လမ်းကြောင်းနှင့် ဆိုပါက ညစ်ညမ်းသော သွေး၏ ညှဉ်းပန်းမှုကို ခံစားနေရစရာ မလိုတော့သလို၊ ရူးသွပ်သွားရမည့် ကံကြမ္မာဆိုးနှင့်လည်း ရင်ဆိုင်ရတော့မည် မဟုတ်ပေ။
ကျိကျစ်ရှို့မှာ အက်ကာမန်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး သူ ဘာတွေ တွေးနေသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။ သူမက ရယ်မောလိုက်၏။
“ကြည့်ရတာ... ရှင် ခံစားမိနေပြီ ထင်တယ်”
အက်ကာမန်က ခေါင်းညိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။
“အဲဒါက မစ္စတာလင် ပေးခဲ့တဲ့ အစွမ်းလား”
“ဟုတ်တယ်...”
ကျိကျစ်ရှို့က တည်ငြိမ်သောအကြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ညစ်ညမ်းသော သွေးကို ထိန်းချုပ်နိုင်တဲ့ အစွမ်းပေါ့”
အက်ကာမန်မှာ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ အသံများ တုန်ရီလာတော့သည်။
“စာအုပ်ဆိုင်ပိုင်ရှင်ကတော့ တကယ့်ကို အံ့မခမ်းပါပဲလား... ဒါက မုဆိုးအားလုံးကို ကယ်တင်နိုင်မယ့် လမ်းစဉ်ပဲ... ကျေးဇူးတော်ကို ချီးမွမ်းပါတယ်...”
ပါးပြင်ထက်၌ မျက်ရည်များပင် စီးကျလာ၏။
”ကျုပ်ရဲ့ အဖေ၊ အမေ၊ ဆရာနဲ့ မိတ်ဆွေတွေအားလုံးဟာ ဒီညစ်ညမ်းတဲ့ သွေးတွေကြောင့်ပဲ သေဆုံးခဲ့ကြရတယ်... သူတို့ရဲ့ အရိုးတွေ တဖြည်းဖြည်း ကောက်ကွေးလာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အမွေးအမျှင်တွေ ပေါက်လာတာ၊ မျက်လုံးတွေ ပေါက်လာတာကို ကျုပ် ဒီအတိုင်းပဲ ကြည့်နေခဲ့ရတယ်... ဘာမှ မတတ်နိုင်ခဲ့ဘူး... အဲဒီလို မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်က တကယ့်ကို ရင်နာဖို့ ကောင်းပါတယ်...”
အက်ကာမန်မှာ အချိန် အတန်ကြာအောင် ရင်ဖွင့်နေမိပြီးမှ မိမိကိုယ်မိမိ သတိဝင်လာကာ အမြန် ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူက ခေါင်းကို ညွှန်ပြကာ ဖြူရော်စွာ ပြုံးလိုက်၏။
“ပြောရရင် ကျုပ်လည်း ထိခိုက်နေရတာပါ... ကျူပ်ရဲ့ စိတ်ခံစားမှုတွေက အဆမတန် ပြင်းထန်နေပြီး အဲဒါကို ထိန်းချုပ်ဖို့ နည်းလမ်း မရှိဘူး... တစ်ခါတလေ ကိုယ့်ကိုယ်ကို တကယ့်အရူးတစ်ယောက်လို ခံစားရတယ်”
ကျိကျစ်ရှို့ အက်ကာမန်၏ ခံစားချက်ကို နားလည်သည်။ သူမကိုယ်တိုင်လည်း ‘သွေးနှင့် သားရဲ’ ကျမ်းကို မရရှိမီက ထင်ယောင်ထင်မှား ဖြစ်မှုဒဏ်ကို ဆက်တိုက် ခံစားခဲ့ရဖူးသည်။
“အားလုံး ကောင်းလာတော့မှာပါ... စာအုပ်ဆိုင်ပိုင်ရှင်က ကျွန်မတို့ မုဆိုးတွေအတွက် သတင်းကောင်းကို ပေးသနားပြီးပြီပဲ... သူ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ကျွန်တော်တို့ ဘဝသစ်ကို ရရှိမှာပါ”
ကျိကျစ်ရှို့က အက်ကာမန်အား နှစ်သိမ့်လိုက်၏။ သူမသည် လင်ကျဲထံမှ အတုယူထားသည့် နည်းလမ်း အတိုင်း လမ်းညွှန်မှုနှင့် ခွန်အားများကို ဝေမျှရင်း ယုံကြည်မှု တည်ဆောက်လိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ စာအုပ်ဆိုင်ပိုင်ရှင်ကို ချီးမွမ်းကိုးကွယ်သည့် အချက်တွင် တစ်သဘောတည်း ဖြစ်သွားကြသဖြင့် ချက်ချင်းပင် ရင်းနှီးသော မိတ်ဖက်များ ဖြစ်သွားကြတော့သည်။
ထိုစဉ်မှာပင် ‘ပင့်ကူ’ အဖွဲ့ကို ဝိုင်းရံထားသော မုဆိုးများမှာ မှောင်ရိပ်ကို အကာအကွယ်ယူကာ စတင်တိုက်ခိုက်လာကြတော့သည်။
နော်ဇင်မြို့တွင် ‘ဝံပုလွေဖြူ’ အပါအဝင် အဓိက မုဆိုးအဖွဲ့ကြီး သုံးဖွဲ့သာ ရှိခဲ့သည်။ ယခု ကျန်ရှိနေသော အဖွဲ့ကြီးနှစ်ဖွဲ့စလုံးက ဤတိုက်ခိုက်မှုတွင် ပါဝင်နေကြခြင်း ဖြစ်သည်။
သူတို့၏ တိုက်စစ်မှာ ပြင်းထန်လွန်းသဖြင့် ခိုအောင်းရာနေရာ၏ အပြင်ဘက်ခံစစ်မှာ ခဏချင်းအတွင်း ပျက်စီးသွားရသည်။
အက်ကာမန်မှာ စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ဆောင်မွန်အား လာရောက်ပိတ်ဆို့နေသည့် ထိုရဲတင်းလှသော ကောင်များကို ပညာပေးရန်အတွက် မတ်တတ်ရပ်လိုက်သည်။
သို့သော်လည်း ကျိကျစ်ရှို့က သူ့ကို တားလိုက်ပြီး လိမ္မာပါးနပ်သော အပြုံးတစ်ခုကို ပြလိုက်၏။
“သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ... ကျွန်မ သူတို့အတွက် လက်ဆောင်တစ်ခု ပြင်ထားပြီးသား”
အက်ကာမန် ဇဝေဇဝါ ဖြစ်သွားစဉ်မှာပင် ကျိကျစ်ရှို့က လက်တစ်ဖက်အား မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။ သွယ်လျသော သူမ၏ လက်မောင်းတွင် နွယ်ပင်လေးတစ်ခု ရစ်ပတ်တက်လာပြီး ရုတ်ချည်းဆိုသလိုပင် လှပသော နှင်းဆီနီတစ်ပွင့် ပွင့်လန်းလာတော့သည်။
“အဲ... အဲဒါက...”
အက်ကာမန် တစ်ယောက် မှင်တက်သွားခဲ့ကာ ကျိကျစ်ရှို့၏ လက်မောင်းပေါ်က နှင်းဆီပွင့်ကို တုန်ရင်စွာ ညွှန်ပြရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
စာအုပ်ဆိုင်သို့ ပထမဆုံး ရောက်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်မှာ အက်ကာမန်၏ စိတ်ထဲတွင် ယနေ့တိုင် ဖျောက်ဖျက်မရသော ဒဏ်ရာတစ်ခု ဖြစ်နေဆဲပင်။
စာအုပ်ဆိုင်ပိုင်ရှင်က ဤ ဆန္ဒမျိုးစေ့ကို ကျိကျစ်ရှို့အား ပေးအပ်ခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
မအံ့သြတော့ချေ။ သူမထံတွင် ဤမျှ ယုံကြည်မှုရှိနေခြင်းကို မအံ့သြတော့ပေ။ ထိုမိန်းကလေးမှာ အရာအားလုံးကို သေချာစွာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ဝိုင်းရံပိတ်ဆို့ခံရမှုမှာလည်း အပေါ်ယံ ဟန်ပြမျှသာ ဖြစ်ပြီး စစ်မှန်သော ထောင်ချောက်က ယခုမှ စတင်တော့မည် ဖြစ်သည်။
***