အခန်း (၃၆၁-၃၆၅)
Vol. 16 Ch. 361-365
အပိုင်း၃၆၁
သံမဏိဝတ်ရုံမြင်းစီးဓားပြတို့၏ရတနာတိုက်
"စိတ်မပူပါနဲ့သူတို့လက်ခံကြလိမ့်မယ်။သူတို့ကိုလက်ခံလာအောင်ငါလုပ်ပေးမယ်။"
ဝမ်ချောင်လေးနက်စွာပြောလိုက်သည်။
ဤရဲမက်များသည်တိုက်ပွဲပေါင်းများစွာကိုဖြတ်ကျော်ခဲ့ကြပြီးတိုင်းပြည်အတွက်သူတို့၏ပံ့ပိုးကူညီမှုများမှာများပြားလှ၏။လျော်ကြေးငွေအပြင်ဝမ်ချောင်သည်သူတို့အားစစ်မြေပြင်တွင်မကျဆုံးခဲ့လျှင်ပင်စစ်မြေပြင်တွင်ကျဆုံးခဲ့ကြသည့်စစ်သားများကဲ့သို့ဂုဏ်ပြုပေးစေလိုသည်။
စစ်မှုထမ်းဌာနကသူ့တောင်းဆိုမှုကိုငြင်းဆန်ခဲ့လျှင်ပင်သူသည်စုန့်ဘုရင်နှင့်ဦးကြီးတို့ထံသူတို့ကိုသဘောတူလာအောင်တောင်းဆိုပေမည်။လက်ရှိသူသည်ထိုကဲ့သို့သောဩဇာအရှိန်အဝါကိုပိုင်ဆိုင်ထားပေသည်။
ဟောင်းး
ရုတ်တရက်ပင်ကျယ်လောင်သည့်အသံတစ်ခုထွက်ပေါ်လာခဲ့ပြီးဝမ်ချောင်သူ့မျက်လုံးကိုလျင်မြန်စွာဖွင့်ကြည့်လိုက်သည်။ပတ်ပတ်လည်မှနေ၍အသက်ရှင်ကျန်ရစ်နေသည့်မြင်းစစ်သည်များသည်မြင်းများပေါ်မှခုန်ဆင်းလိုက်ကြပြီးမြေပြင်ပေါ်တွင်လေးစားစွာဒူးထောက်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ်အရှင်"
"ကျေးဇူးတင်ပါတယ်အရှင်"
"ကျေးဇူးတင်ပါတယ်အရှင်"
တက်ကြွပြီးကျယ်လောင်သည့်အသံများလေထဲတွင်အတူတကွထွက်ပေါ်လာခဲ့ကြသည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသည်နှင့်ဝမ်ချောင်တခဏမျှမှင်သက်သွားခဲ့ပြီးအပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။ထို့နောက်တွင်ထိုအပြုံးသည်တခဏတာခါးသီးခြင်းအဖြစ်သို့ညှိုးနွမ်းသွားခဲ့ကာ၎င်းကိုပိုင်စီလင်ကလွဲ၍မည်သူမျှသတိမထားမိခဲ့ကြပေ။
အခြားသောစစ်သားတစ်ယောက်၏အခြေအနေကိုနားလည်နိုင်သူမှာစစ်သားတစ်ယောက်သာဖြစ်၏။
ဝမ်ချောင်သည်စစ်သားတစ်ယောက်အတိအကျမဟုတ်သော်လည်းသူတို့၏ကွပ်ကဲသူဖြစ်သည်။
သူတို့ကသူ့ကိုဘာအတွက်ကျေးဇူးတင်နေကြကြောင်းသူသိပေသည်။သူတို့သည်သူတို့၏ကျဆုံးသွားခဲ့ကြသောရဲဘော်ရဲဘက်များအတွက်သူလုပ်ပေးမည့်အရာကိုကျေးဇူးတင်နေကြခြင်းဖြစ်သည်။ထိုခဏတွင်ဝမ်ချောင်သည်အချိန်ကနောက်ပြန်လည်သွားသည်ကိုရုတ်တရက်ခံစားလိုက်ရပြီးသူ့ယခင်ဘဝသို့ပြန်လည်ရောက်ရှိသွားသကဲ့သို့ခံစားလိုက်ရသည်။
မရေမတွက်နိုင်သောစစ်မြေပြင်များတွင်အတူလိုက်ပါခဲ့ကြသောသူ့အနီးကပ်ဆုံးလက်ထောက်များကိုသူသတိရမိလိုက်သည်။သူတို့သည်သူနှင့်အတူတိုက်ပွဲဝင်ရန်သူတို့၏အသက်များကိုကြိုးတန်းပေါ်တင်ထားခဲ့ကြပြီးနောက်ဆုံးတွင်နောက်ဆုံးတိုက်ပွဲ၌မျှော်လင့်ချက်ကင်းမဲ့နေသည့်အခြေအနေတွင်ပင်မီးလျှံ၏ညှို့ယူခြင်းကိုခံထားရသည့်ပိုးဖလံများကဲ့သို့သူတို့တိုးဝင်ခဲ့ကြဆဲဖြစ်ကာမီးတောက်များနှင့်အတူပျောက်ကွယ်သွားခဲ့ကြသည်...
ဤမှတ်ဉာဏ်များကဝမ်ချောင်ဆီသို့အလွန်ခါးသီးသည့်ခံစားချက်ကိုယူဆောင်လာခဲ့သည်။
လေပြေလေးတစ်ခုတိုက်ခတ်သွားခဲ့ပြီးဝမ်ချောင်၏ဆံပင်များကိုပွတ်တိုက်သွားခဲ့၏။ဤခဏတွင်သူ၏အမူအရာနှင့်အပြုအမူများသည်ပိုင်စီလင်အပေါ်မည်မျှအကျိုးသက်ရောက်မှုရှိသွားသည်ကိုသူမသိခဲ့ပေ။
ဤမြင်ကွင်းနှင့်ပတ်သက်၍လွဲချော်နေသည့်အရာရှိသည်။ဤကဲ့သို့အလွန်ခါးသီးမှုကပူပင်ကြောင့်ကြမဲ့သည့်အသက်ဆယ့်ခြောက်နှစ်အရွယ်လူတစ်ယောက်၏မျက်နှာပေါ်တွင်ဘယ်တော့မှပေါ်မလာခဲ့သင့်ပေ။ဤသို့သောစိတ်ခံစားမှုများဖြစ်ပေါ်လာရန်အတွက်လူတစ်ယောက်သည်မည်သို့သောအတွေ့အကြုံမျိုးကိုကြုံတွေ့ခဲ့ရမည်ကိုပိုင်စီလင်မတွေးကြည့်နိုင်ပေ။
ထို့ကြောင့်ပိုင်စီလင်သည်ဝမ်ချောင်ကိုဘေးတိုက်ကြည့်လိုက်ပြီးခဏတာမိန်းမောသွားခဲ့သည်။
သူမသည်သူမရှေ့ရှိလူငယ်၏ဂုဏ်ပုဒ်ကိုဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သော်လည်းလျှို့ဝှက်ဆန်းကြယ်မှု၏အပေါ်ယံအပိုင်းအစမျှကိုသာဖော်ထုတ်နိုင်ခဲ့သကဲ့သို့ခံစားနေရသည်။ထိုလူငယ်အနားတွင်လျှို့ဝှက်ချက်များစွာရှိနေသေးသကဲ့သို့ပင်။
သူသည်၎င်းတို့ကိုတခြားသူများအားထုတ်ပြရန်ဆန္ဒမရှိဘဲသူ့စိတ်ထဲတွင်နက်ရှိုင်းစွာမြှုပ်နှံထားပုံရသည်။
"နင်ကဘယ်သူများလဲ"
မှေးထောက်လျက်ပိုင်စီလင်သည်သူမ၏ဆံပင်နှင့်သူမ၏စိတ်နှလုံးသားများရှုပ်ထွေးနေကြောင်းတွေ့လိုက်ရသည်။
အနားယူပြီးသူတို့၏အင်အားစုများကိုစုစည်းပြီးနောက်ဝမ်ချောင်သည်အုပ်စုကိုသံမဏိဝတ်ရုံမြင်းစီးဓားပြများ၏အခြေစိုက်စခန်းဆီသို့ဦးဆောင်သွားခဲ့သည်။
သံမဏိဝတ်ရုံလီသည်သေဆုံးသွားခဲ့ပြီဖြစ်ပြီးစစ်ရေးအကြံပေးကျောက်အန်းသည်လည်းအသတ်ခံခဲ့ရပြီဖြစ်သည်။ဤသို့ဖြင့်ဤနယ်မြေကိုကြီးစိုးခဲ့ကြသောကြောက်စရာကောင်းသည့်သံမဏိဝတ်ရုံမြင်းစီးဓားပြများသည်ကမ္ဘာကြီးပေါ်မှပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။
သို့သော်လည်းလုပ်ရမည့်အရာတစ်ခုရှိသေး၏။စစ်ပွဲ၏အကျိုးအမြတ်များကိုရိတ်သိမ်းခြင်းပင်။
သံမဏိဝတ်ရုံမြင်းစီးဓားပြများသည်လုံရှီနှင့်မြို့တော်ကြားရှိလမ်းမကြီးကိုနှစ်ပေါင်းများစွာကြီးစိုးခြယ်လှယ်ခဲ့သောကြောင့်သူတို့စုဆောင်းထားခဲ့သည့်စည်းစိမ်ချမ်းသာသည်သေချာပေါက်အံ့မခမ်းဖြစ်ပေမည်။ထို့အပြင်သူတို့ဆီပူးပေါင်းလာကြသောဓားပြများနှင့်မြင်းစီးဓားပြများသည်လည်း "စိတ်ရင်းစေတနာ" ကိုပြသသည့်အနေဖြင့်သူတို့ကိုသူတို့၏ကံကောင်းမှုများ၏တစ်စိတ်တစ်ပိုင်းကိုသေချာပေါက်ပေးကမ်းခဲ့ကြပေမည်။
ဤလွယ်လွယ်ကူကူရသောစည်းစိမ်ချမ်းသာကိုလက်လွှတ်ခြင်းကဖြုန်းတီးမှုတစ်ခုဖြစ်ပေလိမ့်မည်။
ပိုင်စီလင်ဝမ်ချောင်ဘေးသို့မြင်းကိုနှင်လိုက်ပြီးမေးလိုက်၏။
"ဝမ်ချောင်သံမဏိဝတ်ရုံလီသေသွားပြီဆိုတော့မြင်းစီးဓားပြတွေကသူတို့ရဲ့စခန်းကိုသိမ်းပိုက်ဖို့ပြန်လာနိုင်တယ်လို့နင်ထင်လား။"
"ငါမသိဘူး။ဒါပေမယ့်အဲဒီဖြစ်နိုင်ခြေကိုငါချန်ထားမှာမဟုတ်ဘူး။"
ဝမ်ချောင်ပြန်ဖြေလိုက်၏။
"အာဒါဆိုငါတို့ကအကျိုးမရှိတဲ့ခရီးကိုသွားနေတာမဟုတ်ဘူးလား။"
ပိုင်စီလင်မျက်မှောင်ကြုတ်လိုက်သည်။
"ဟားဟားအဲဒါကမင်းတွေးသလိုမရိုးရှင်းဘူး။သံမဏိဝတ်ရုံလီကသူ့စည်းစိမ်တွေကိုစောင့်ကြပ်ဖို့ယုံကြည်ရတဲ့လက်အောက်ငယ်သားတွေကိုမထားခဲ့ဘူးလို့မင်းထင်လား။သံမဏိဝတ်ရုံလီကိုငါတို့သတ်ခဲ့ပြီးပြီဆိုတာမှန်ပေမယ့်စခန်းကိုစောင့်ကြပ်နေတဲ့လူတွေကလွယ်လွယ်နဲ့ယုံကြည်ကြမှာမဟုတ်ဘူး။နောက်ပြီးပိုပြီးအရေးကြီးတာကမင်းရဲ့ပိုင်ကလန်ကမင်းတို့ရဲ့စည်းစိမ်တွေကိုလူအများစိတ်ကြိုက်အလွယ်တကူယူနိုင်တဲ့အထိပေါ်တင်ကြီးချန်ထားခဲ့မှာလား။"
"နင်အရိုက်ခံချင်နေတာလား။နင်စကားကိုကောင်းကောင်းပြောလို့မရဘူးလား။"
ပိုင်စီလင်မျက်လုံးလေးကလည်ကလည်လုပ်လိုက်သည်။ဤလူသည်သူမကိုသူ့အားရိုက်ချင်လာအောင်ပြောနိုင်သည့်စကားပြောစွမ်းရည်ရှိသည်။
"ဟားဟားဟားဘယ်လိုပဲဖြစ်ဖြစ်ငါ့ကိုယုံစမ်းပါ။သံမဏိဝတ်ရုံလီရဲ့ရတနာသိုက်ကလွယ်လွယ်နဲ့ဖောက်လို့ရမှာမဟုတ်ဘူး။ငါတို့ရှေ့ကကြိုသွားတဲ့သူတွေကသူတို့ရဲ့အင်အားကိုလျော့ပါးအောင်ငါတို့ကိုကူညီပြီးခနနေငါတို့ရဲ့အားထုတ်ကြိုးပမ်းမှုတွေကိုချွေတာနိုင်အောင်လုပ်ပေးလိမ့်မယ်။"
ဝမ်ချောင်အေးအေးလူလူပြန်ဖြေလိုက်သည်။
"..."
ပိုင်စီလင်ဝမ်ချောင်အားမကောင်းဆိုးဝါးတစ်ကောင်ကိုကြည့်နေရသကဲ့သို့စိုက်ကြည့်လိုက်သည်။ဤခဏမှပင်သူမသည်ဝမ်ချောင်ကဘာကြောင့်အနည်းငယ်မျှပင်စိုးရိမ်မနေရသလဲဆိုသည်ကိုသူမနားလည်သွားခဲ့သည်။သူသည်သူ့အတွက်အလုပ်လုပ်ပေးရန်ရှုံးနိမ့်သွားခဲ့ကြသောမြင်းစီးဓားပြများကိုအသုံးချရန်ရည်ရွယ်နေခဲ့ပေသည်။
"နင်ကသေချာပေါက်မကောင်းဆိုးဝါးတစ်ကောင်ပဲ။နင့်ကိုဆန့်ကျင်ရဲတဲ့သူတွေကသူတို့ရဲ့သေခြင်းတရားကိုဖိတ်ခေါ်နေကြတာပဲဖြစ်လိမ့်မယ်။ငါတကယ်ပဲနားမလည်ဘူးမြို့တော်ရဲ့အပြင်ဖက်ကိုခြေမချဖူးခဲ့နိုင်တဲ့နင့်လိုငယ်ရွယ်တဲ့လူတစ်ယောက်ကဘာလို့အများကြီးသိနေရသလဲဆိုတာကို။နင်သိလားဟိုးအစတုန်းကရှုကန်း၊ဟွမ်ရုံတုတို့နဲ့အတူမသွားမိခဲ့တာကိုငါစိတ်သက်သာရာရစပြုလာပြီဒီလိုမှမဟုတ်ရင်နင့်ကြောင့်ငါလည်းဆိုးဆိုးဝါးဝါးဖြစ်နေနိုင်တယ်။"
ပိုင်စီလင်မှတ်ချက်ပြုလိုက်သည်။
သူမဘေးရှိရှုကန်းနှင့်ဟွမ်ရုံတုတို့၏မျက်နှာများရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ကြသည်။ပိုင်စီလင်ကသူတို့၏ဒဏ်ရာများကိုမည်သို့ထိုးဆွရမည်ဆိုသည်ကိုသေချာသိပေသည်။
သို့သော်လက္ခဏာများစွာရှိနေသော်လည်းသူတို့သည်တစ်ဖက်လူမည်သူဖြစ်သည်ဆိုသည်ဆိုသည်ကိုမသိနိုင်သည်အထိအမှန်ပင်ကန်းခဲ့ကြပေသည်။သူတို့သည်သူတို့ကိုယ်သူတို့သာအပြစ်တင်နိုင်ကြတော့သည်။
"စိတ်မပူပါနဲ့စီလင်။မင်းလိုအလှလေးတစ်ယောက်ကိုဒုက္ခရောက်အောင်ငါဘယ်လိုလုပ်ကြံစည်နိုင်မှာလဲ။"
ဝမ်ချောင်အေးအေးလူလူရယ်မောလိုက်သည်။
ထိုသည်မှာဝမ်ချောင်ဖက်မှသာမန်တုံ့ပြန်မှုတစ်ခုသာဖြစ်သော်လည်းပိုင်စီလင်၏မျက်နှာသည်ရှက်ရွံ့စွာကြက်သွေးရောင်ပြောင်းသွားခဲ့ပြီးသူမချက်ချင်းလက်သီးမြှောက်လိုက်သည်။
"နင်ကောင်စုတ်နင်ကဘယ်လိုလုပ်ငါ့ကိုကျီစယ်ရဲတာလဲ။နင်အရိုက်ခံချင်နေတာလား။"
"မလုပ်နဲ့"
ဝမ်ချောင်ရှေ့သို့ထွက်ပြေးရန်ခွာဖြူအရိပ်ကိုလျင်မြန်စွာအချက်ပြလိုက်သည်။
ခွာဖြူအရိပ်အကြောင်းပြောရလျှင်ဝမ်ချောင်သည်သူ့ကိုပိုပို၍ချစ်ခင်လာခဲ့ရ၏။
သံမဏိဝတ်ရုံလီနှင့်တိုက်ပွဲတွင်မြင်းစီးဓားပြများကိုပိတ်ဆို့ရန်အသုံးပြုခံခဲ့ရသောစစ်မြင်းအများစုတို့သည်အသတ်ခံခဲ့ကြရသည်။သို့သော်လည်းသူ၏စူးရှသောအန္တရာယ်ကိုခံစားနိုင်မှုများဖြင့်ခွာဖြူအရိပ်လေးသည်အခြားစစ်မြင်းများကိုအကာအကွယ်အဖြစ်အသုံးချခဲ့ပြီးဟာကွက်တစ်ခုကိုတွေ့သည်နှင့်ဘေးလွတ်ရာသို့ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
ခွန်းဝူလေ့ကျင့်ရေးစခန်းရှိဂိုဂူလျောများ၏ညဘက်လုပ်ကြံတိုက်ခိုက်မှုမှာပထမဆုံးအကြိမ်ဖြစ်ပြီးဤသည်မှာခွာဖြူအရိပ်အန္တရာယ်မှထွက်ပြေးလွတ်မြောက်သည့်ဒုတိယအကြိမ်ဖြစ်သည်။
ဘေးကျပ်နံကျပ်အခြေအနေများ၌ပင်ဝမ်ချောင်သည်ခွာဖြူအရိပ်ကိုလုံးဝစိတ်ပူစရာမလိုခဲ့ပေ။ဤသည်ကထိုမြင်းကိုသူပိုပို၍ချစ်ခင်လာရသည့်အကြောင်းအရင်း၏အစိတ်အပိုင်းကြီးတစ်ရပ်ဖြစ်နိုင်သည်။
ရှေ့သို့အပြင်းနှင်လျက်ဝမ်ချောင်နှင့်အခြားသူများသည်သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏အခြေစိုက်စခန်းကိုနေလုံးလုံးမဝင်မီရောက်သွားခဲ့ကြသည်။
ထိုစခန်းသည်အနည်းငယ်ပုသောတောင်ကုန်းထက်တွင်တည်ရှိသော်လည်း၎င်းတွင်လိုအပ်သောအခြေခံအဆောက်အအုံများ၊ခြံစည်းရိုးများ၊ကင်းမျှော်စင်၊တန်းလျားများနှင့်ထိုနေရာတွင်ရှိသင့်သောအခြားအရာအားလုံးရှိနေပေသည်။
ဝမ်ချောင်တို့ရောက်ရှိလာချိန်တွင်စခန်းသည်မီးများတဟုန်းဟုန်းတောက်လောင်နေခဲ့ပြီးဓားပြများနှင့်မြင်းစီးဓားပြများအချင်းချင်းတိုက်ခိုက်ရာမှပြင်းထန်သည့်တိုက်ခိုက်သံများထိုနေရာတစ်လျှောက်ပေါ်ထွက်နေခဲ့သည်။မြေကြီးပေါ်မှကျယ်လောင်သည့်တုန်ခါသံများကိုကြားရနိုင်၏။
သူ့ရှေ့ရှိပရမ်းပတာအခြေအနေကိုမြင်တွေ့ရသည်နှင့်ဝမ်ချောင်၏မျက်လုံးများတောက်ပသွားခဲ့ကြသည်။
"ကြည့်ရတာငါတို့ကအချိန်ကောင်းမှာရောက်လာကြပုံပဲ။"
ဟောင်းး
သူချက်ချင်းကျောက်စိမ်းရိုင်းသံမဏိဓားကိုကိုင်စွဲလျက်ဝင်ရောက်လိုက်သည်။တစ်နေရာတည်းသို့အဆက်မပြတ်ခုတ်ပိုင်းခြင်းကိုထုတ်ဖော်ကာသူ့ဓားသည်မြင်းစီးဓားပြတစ်ယောက်၏ကြယ်တာရာစွမ်းအင်ကိုပိုင်းဖြတ်သွားခဲ့ပြီးထိုလူ၏နှလုံးတည့်တည့်ကိုထိုးဖောက်သွားခဲ့သည်။
ထိုမြင်းစီးဓားပြသည်တခဏမျှတုန်ခါသွားခဲ့ပြီးသူ့မျက်လုံးများ၌အကြောက်တရားများပေါ်လာခဲ့ကာမြင်းပေါ်မှမြေကြီးပေါ်ကျဆင်းသွားခဲ့ပြီးလုံးဝမလှုပ်တော့ပေ။
ဝမ်ချောင်၏လှုပ်ရှားမှုများကိုမြင်ပြီးနောက်ရှုကန်းနှင့်ဟွမ်ရုံတုတို့သဘောပေါက်သွားခဲ့ကြသည်။အကယ်၍မြင်းစီးဓားပြများ၏စည်းစိမ်ချမ်းသာကိုလုယူခဲ့ပြီးပါကဤနေရာတွင်တိုက်ပွဲဆက်ဖြစ်နေမည်မဟုတ်ပေ။
တစ်နည်းဆိုရသော်ဤနေရာတွင်သူတို့ကိုစောင့်ကြိုနေသည့်များပြားလှသောစည်းစိမ်ချမ်းသာရှိသေးသည်။
"တိုက်"
ဤစစ်ဆင်ရေးအတွက်လာခဲ့ကြသောမြင်းစစ်သည်သုံးဆယ့်ငါးယောက်နှင့်ရှုကန်း၊ဟွမ်ရုံတု၊ကျန်းလင်၊ပိုင်စီလင်နှင့်ဝမ်ချောင်တို့ကိုလည်းထည့်တွက်လိုက်ပါကသူတို့တွင်ဤအချိန်၌လူလေးဆယ်ရှိပေသည်။မြှားပုံစံစုဖွဲ့မှုကိုထုတ်ဖော်လိုက်ကာသူတို့သည်သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏အခြေစိုက်စခန်းဆီသို့မယုံနိုင်စရာကောင်းသည့်အရှိန်အဟုန်ဖြင့်ချီတက်တိုက်ခိုက်လိုက်ကြသည်။
"သတင်းဆိုးစစ်သားတွေဒီကိုရောက်လာကြပြီ"
ဝမ်ချောင်နှင့်အခြားသူများကိုမှတ်မိလိုက်ကြသည့်လူများသည်သူတို့၏သတ္တိများပျောက်ဆုံးသွားခဲ့ကြပြီးထွက်ပြေးရန်ဆုံးဖြတ်ချက်ပြတ်သားစွာရွေးချယ်လိုက်ကြသည်။
သူတို့၏ခေါင်းဆောင်နှင့်လူခြောက်ရာကျော်အင်အားရှိသောစစ်တပ်သည်ပင်သူတို့၏လုံးဝချေမှုန်းခံရခြင်းဖြင့်အဆုံးသတ်သွားခဲ့ရသည်။သူတို့ကသူတို့ကိုမည်သို့ဆန့်ကျင်နိုင်မည်နည်း။
ဤသို့ဖြင့်စခန်းရှိဓားပြများနှင့်မြင်းစီးဓားပြများသည်လျင်မြန်စွာရှင်းလင်းသွားခဲ့ပြီးပြီးခဲ့သည့်တိုက်ပွဲတွင်မပါဝင်ခဲ့ကြသည့်လူအနည်းငယ်သာကျန်ရစ်နေခဲ့သည်။ကျန်ရစ်နေသောလူများသည်တဟုန်ထိုးချီတက်လာနေသည့်မြင်းစစ်သည်အုပ်စု၏လျင်မြန်စွာသတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။
စခန်း၏အပြင်ဘက်ကိုရှင်းလင်းပြီးနောက်ဝမ်ချောင်နှင့်အခြားသူများသည်မြေအောက်စင်္ကြန်လမ်းတစ်ခုရှေ့တွင်ရပ်လိုက်ကြသည်။အောက်ဘက်တွင်ထူထဲလှသည့်သတ္တုတစ်ခါးတစ်ချပ်သည်ပြုတ်ကျနေခဲ့ပြီးဓားပြများနှင့်မြင်းစီးဓားပြအုပ်စုတစ်စုသည်အထဲတွင်တိုက်ခိုက်နေကြသေးသည်။
ဝမ်ချောင်တို့ရောက်လာကြသည်ကိုသတိပြုမိလိုက်သောအခါသူတို့အေးခဲသွားခဲ့ကြသည်။ရှင်းလင်းစွာပင်စစ်သားများဤနေရာသို့ရောက်လာကြမည်ဟုသူတို့မမျှော်လင့်ထားခဲ့ကြပေ။
ဤတစ်ကြိမ်တွင်ဝမ်ချောင်သည်တိုက်ခိုက်ရန်စကားတစ်ခွန်းမျှပြောစရာမလိုခဲ့ပေ။အထဲရှိဓားပြများနှင့်မြင်းစီးဓားပြများကိုရှင်းလင်းလိုက်ကြသည်။
ထို့အပြင်အမှန်ပင်ဝမ်ချောင်တို့သည့်အချိန်ကောင်းမှရောက်လာခဲ့ကြခြင်းဖြစ်သည်။ထိုဓားပြများနှင့်မြင်းစီးဓားပြများသည်သတ္တုတံခါးကိုယခုလေးတင်ဖြိုဖျက်နိုင်ခဲ့ကြပြီးသူတို့တစ်ယောက်မှဘာတစ်ခုမှမယူသွားခဲ့ကြသေးပေ။
"အံ့ဩစရာပဲဘယ်လောက်တောင်ကြီးမားလိုက်တဲ့သတ္တုတံခါးလဲ။အဲဒါကအနည်းဆုံးဂျင်ခုနစ်ထောင်အလေးချိန်ရှိရမယ်။"
(၃၅၀၀ကီလိုဂရမ်)
ဝမ်ချောင်သည်ပြုတ်ကျနေသည့်တံခါးကိုလေ့လာကြည့်ရှုလိုက်ပြီး၎င်းကသမုဒ္ဒရာအနက်ပိုင်းတွင်သာတွေ့ရသည့်ရွှမ်သတ္တုဖြင့်ပြုလုပ်ထားကြောင်းတွေ့ရှိလိုက်ရသည်။ထို့အပြင်၎င်းသည်သာလွန်အဆင့်ဖြစ်ပုံရသည်။
၎င်းကထိပ်တန်းသံချပ်ကာကိုထုလုပ်ရန်အတွက်အဖိုးတန်ပစ္စည်းတစ်ခုဖြစ်၏။စစ်တပ်၌ပင်ထိပ်တန်းစစ်သည်တော်များသာ၎င်းကိုဝတ်ဆင်ဖို့အရည်အချင်းပြည့်မီကြပေသည်။
လေးပင်းသောခြေလျင်တပ်သားတစ်ယောက်ကိုဥပမာအဖြစ်ကြည့်ပါကရွှမ်သတ္တုချပ်ဝတ်တန်ဆာသည်ဂျင်တစ်ရာခန့်အလေးချိန်ရှိလောက်သည်။ဆိုလိုသည်မှာဤတံခါးတွင်ရွှမ်သတ္တုချပ်ဝတ်တန်ဆာခုနစ်ဆယ်ရှိသည်။
(၅၀ကီလိုဂရမ်)
၎င်းသည်အများကြီးဟုတ်ပုံမပေါ်ပေ။သို့သော်သိထားရမည်မှာလေးပင်းသည့်ခြေလျင်တပ်သားများသည်ရန်သူလေးသခင်များ၏တိုက်ခိုက်မှုကိုတောင့်ခံရန် ခေါင်းမှခြေအဆုံးလေးလံလှသည့်ချပ်ဝတ်တန်ဆာများကိုဝတ်ဆင်ကြရသည့်လက်ရွေးစင်များဖြစ်ကြခြင်းပင်။
လေးသခင်ကမည်မျှကြောက်ဖို့ကောင်းပါစေသူတို့သည်ရွှမ်သတ္တုဖြင့်ပြုလုပ်ထားသည့်ချပ်ဝတ်တန်ဆာကိုမြှားတစ်စင်းတည်းဖြင့်မထိုးဖောက်နိုင်ကြပေ။ဤသို့ဖြင့်ဤအရင်းအမြစ်သည်စစ်တပ်ထဲတွင်အလွန်တရာမှအဖိုးတန်ပေသည်။
မဟာထန်အနှံရှိတပ်ဖွဲ့များအားလုံးကိုထည့်သွင်းစဉ်းစားလိုက်လျှင်ပင်ထိုကဲ့သို့လေးပင်းသည့်ခြေလျင်တပ်သားအများဆုံးမှရှစ်ထောင်မျှသာရှိသည်။
တစ်သောင်းရှိသောတပ်ဖွဲ့တစ်ခုတွင်လေးသခင်များကိုတန်ပြန်ရန်ဤကဲ့သို့လေးလံသောချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည့်ခြေလျင်တပ်သားခြောက်ရာထက်ပိုမည်မဟုတ်ပေ။
ဤသို့ဖြင့်ဤသတ္တုတံခါး၏တန်ဖိုးသည်စိတ်ကူး၍မရနိုင်ပေ။
'ရွှမ်သတ္တုကဈေးကွက်တောင်းဆိုမှုမြင့်မားပြီးပစ္စည်းထောက်ပံ့မှုနည်းပါးတဲ့ဈေးကွက်ဖြစ်တယ်။သာလွန်အဆင့်ရွှမ်သတ္တုကနေထုလုပ်ထားတဲ့ထိပ်တန်းချပ်ဝတ်တန်ဆာတစ်ခုစီကိုရွှေပြားခုနစ်သောင်းကနေရှစ်သောင်းလောက်ခေါ်လာနိုင်တယ်။ဒီနေရာကချပ်ဝတ်တန်ဆာအစုံရှစ်ဆယ်စာလောက်လုံလောက်တဲ့သတ္တုရှိနေတာကိုသုံးသပ်ကြည့်လိုက်ရင်ဒါကကုန်ကျစရိတ်အမျိုးမျိုးကိုဖြတ်တောက်ပြီးနောက်မှာအမြတ်ငွေလေးသိန်းဝန်းကျင်ရရှိမယ်လို့ဆိုလိုတယ်။'
ဝမ်ချောင်မေးစေ့ကိုပွတ်သပ်ချက်စိတ်လှုပ်ရှားစွာတွေးတောလိုက်သည်။
အဟုတ်ပင်ဤရွှမ်သတ္တုကိုယ်၌ကအလွန်ဈေးကြီးမည်မဟုတ်ပေ။၎င်းသည်ထုလုပ်ခြင်းနှင့်မှော်စာလုံးရေးဆွဲခြင်းကဲ့သို့သောအရေးပါသည့်စီမံဆောင်ရွက်မှုကိုခံယူရမည်ဖြစ်ပြီး၎င်းသည်လည်းများစွာသောပမာဏကုန်ကျမည်ဖြစ်သည်။သို့သော်လည်းဤဝန်ဆောင်မှုများအတွက်ပေးဆောင်ရန်အရင်းအနှီးရှိသရွေ့ပြဿနာလုံးဝမရှိပေ။
ထို့ကြောင့်အဓိကအခက်အခဲမှာရွှမ်သတ္တုကိုဝယ်ယူရာတွင်ဖြစ်သည်။
-----------------------
အပိုင်း၃၆၂
ကြီးမားသည့်ရိတ်သိမ်းမှု
မဟာထန်တိုင်းပြည်၏ ကြွယ်ဝချမ်းသာမှုဖြင့် လေးပင်းသည့် ခြေလျင်တပ်ရင်းကြီးတစ်ခုကို တည်ဆောက်ရန် ငွေရေးကြေးရေးမည်သို့ပြတ်လပ်နေနိုင်မည်နည်း။ သို့သော်တစ်ခါတစ်ရံတွင်ပိုက်ဆံသည်ပြဿနာမဟုတ်ပေ။
ကျောက်စိမ်းရိုင်းသံမဏိကို ဥပမာအဖြစ်ကြည့်ပါက ဝမ်ချောင်သည် တစ်ကြိမ်တည်း ကျပ်သန်းပေါင်းများစွာကို ဝယ်ယူချင်ပေသည်။ သို့သော် သူ့တွင် ငွေအလုံအလောက်ရှိလျှင်ပင် သတ္တုရိုင်းထုတ်လုပ်မှုသည် သူ့ဆန္ဒကို အမီလိုက်နိုင်မည်မဟုတ်ပေ။
တစ်ခါတစ်ရံတွင် အရင်းအမြစ်ပြတ်လပ်နေပါက မည်သည့် ငွေပမာဏကမျှ သင်လိုချင်သည့်အရာကို ရစေနိုင်မည်မဟုတ်ပေ။
"သံမဏိဝတ်ရုံလီက အဖိုးတန်ပစ္စည်းကို သေချာပေါက်အလဟဿဖြစ်စေခဲ့တာပဲ။"
ရှည်ရှည်ဝေးဝေးမတွေးလျှင်ပင် သံမဏိဝတ်ရုံလီသည် ဤသာလွန်အဆင့်ရွှမ်သတ္တုကို ပိုးထည် လမ်းမတစ်လျှောက် ခရီးသွားလာနေကြသော အာရပ်ကုန်သည်များမှ လုယူထားခြင်းဖြစ်သည်ကို ဝမ်ချောင်ခန့်မှန်းနိုင်ပေသည်။
မဟာထန်သည်ပင် သူကိုယ်တိုင်အတွက် မလုံလောက်သော်လည်း အနောက်တိုင်းဒေသများမှ ကုန်သည်များသည် ဤမျှများပြားသော ကုန်ပစ္စည်းများကို သိမ်းဆည်းကာ သူတို့၏ တိုင်းပြည်သို့ပြန်ပို့ပေးနိုင်ဆဲဖြစ်သည်။ ဤအရာမှနေ၍ ပိုးထည်လမ်းမတစ်လျှောက်ရှိ မှောင်ခိုဈေးကွက်သည် မည်မျှဖြစ်ထွန်းစည်ပင်နေသည်ကို မြင်နိုင်ပေသည်။
လုံလောက်သည့် အကျိုးအမြတ်များပါရှိနေသရွေ့ ရောင်းဝယ်ဖောက်ကား၍ မရနိုင်သည့်အရာမရှိပေ။ အဖိုး၏ မွေးနေ့ပွဲတွင် အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့က ဤပြဿနာကို ထုတ်ပြောခဲ့ကြသည်မှာ အံ့ဩစရာမရှိပေ။
သို့သော်လည်း သူ့ရှေ့ရှိ သတ္တုတံခါးကိုကြည့်ရုံမျှဖြင့် အကြီးအကဲကျိုးနှင့်အကြီးအကဲရီတို့သည် ဤပြဿနာကို လျှော့တွက်ထားကြသေးကြောင်း ဝမ်ချောင် နားလည်သွားခဲ့သည်။ မဟာထန်မှ မှောင်ခိုထုတ်ယူသည့် အရင်းအမြစ်များသည် သူတို့ထင်ထားသည်ထက်များစွာပိုနေခဲ့ကြသည်။
'ငါပြန်ရောက်တာနဲ့ ဒီသတ္တုတံခါးကို သယ်ယူဖို့ ကျန်းကလန်က လူတွေကိုခေါ်ရမယ်။ ပြီးတော့ သူတို့က လေးလံတဲ့ ချပ်ဝတ်တန်ဆာအဖြစ် ထုလုပ်ခိုင်းရမယ်။ သူတို့က ဒါကိုစိတ်ဝင်စားကြလိမ့်မယ်လို့ ငါယုံကြည်တယ်။ စုန့်ဘုရင်နဲ့ဦးကြီးတို့ကိုလည်း ဒီကိစ္စကိုစစ်ဆေးဖို့ငါပြောရမယ်။'
ဝမ်ချောင်တွေးလိုက်၏။
ဤသတ္တုတံခါးကိုတွေ့ပြီးနောက် ဝမ်ချောင်သည် အထဲတွင်ဘာပဲရှိနေပါစေစိတ်မဝင်စားတော့ပေ။ ဤသတ္တုတံခါးကပင် ဤနေရာသို့လာသည့်ခရီးကို တန်သွားစေခဲ့ပြီဖြစ်သည်။
တစ်ဖက်တွင် မူဝမ်ချောင်၏ အတွေးများကို သတိမထားမိဘဲ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ရတနာသိုက်ထဲတွင် သူတို့အုပ်စုသည် ပျော်ရွှင်စွာကခုန်နေခဲ့ကြသည်။
မြေအောက်ခန်းထဲတွင် ထိပ်တန်းအဆင့်ဓားများ၊ ဆေဘာဓားများ၊ လေးများ၊ငွေများ၊ကြေးဒင်္ဂါးများ၊ ရှေ့ဟောင်းပစ္စည်းများ၊ ပန်းချီကားများ၊မဟူရာ၊ပုလဲများ.. အစရှိသဖြင့် ရတနာများအားလုံး ပုံအောစွာရှိနေခဲ့ကြသည်။
ရှုကန်းနှင့်ဟွမ်ရုံတုတို့သည်ပင် ထိုမြင်ကွင်းကြောင့်မှုန်ဝါးသွားခဲ့ရသည်။ တခြားသူများဆိုလျှင်ပြောစရာမလိုတော့ပေ။
ပိုင်စီလင်သည်လည်း ရတနာပင်လယ်ထဲခုန်ဝင်လိုက်ပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကာ လူတိုင်းကိုအံ့အားသင့်သွားစေလေသည်။
ရတနာများနှင့်ကြုံဆုံတော့မှသာ ထိုကဲ့သို့တောက်ပသည့်အပြုံးကြီးတစ်ခုပေါ်လာရန်မှာ မျှော်လင့်ထားသည့်အတိုင်းပင် မိန်းမများသည်နဂါးများဖြစ်ရပေမည်။
"မယုံနိုင်စရာပဲ ဒီနေရာမှာ အနည်းဆုံးရွှေပြားသန်းအနည်းငယ်တန်တဲ့စည်းစိမ်ဥစ္စာရှိရမယ်ဟုတ်တယ်မလား။"
စစ်သားစစ်စစ်တစ်ယောက်အနေဖြင့် ကျန်းလင်သည် စည်းစိမ်ဥစ္စာအကြောင်းအများကြီးမသိထားသော်လည်း သံမဏိဝတ်ရုံလီ၏ရတနာသိုက်ရှိကြီးမားသော စည်းစိမ်ဥစ္စာကြောင့်အံ့အားသင့်သွားခဲ့ရသည်။
"သန်းအနည်းငယ်လား။ လက်ထောက်ကျန်း ခင်ဗျားနောက်ထပ်သုညတစ်လုံးထပ်ထည့်ဖို့မေ့နေခဲ့တာပဲ။ ဒီနေရာမှာအနည်းဆုံးရွှေပြားဆယ်သန်းရှိရမယ်။ အနောက်ပိုင်းလမ်းမကိုဖြတ်ပြီးခရီးသွားကြတဲ့ဟူကုန်သည်တွေက ချမ်းသာမှုတွေနဲ့ပြည့်လျှံနေကြတာ။ နောက်ပြီး ဒါဇင်နဲ့ချီတဲ့ဓားပြအဖွဲ့တွေက သူ့အုပ်စုနဲ့ပူပေါင်းဖို့ရွေးချယ်ခဲ့ကြပြီး သူ့ကိုလက်ဆောင်ပေးလာတဲ့ရတနာတွေကိုယ်တိုင်ကိုက အနည်းဆုံးသန်းပေါင်းအတော်များများလောက်တန်တယ်။ အဲဒါတွေနဲ့တင်ဒီမှာရှိတဲ့ပစ္စည်းတွေကိုပိုက်ဆံနဲ့လဲလှယ်ဖို့ကလွယ်မှာမဟုတ်ဘူး။"
"ပန်ချီကားချပ်၊ရှေးဟောင်းပစ္စည်းတွေနဲ့အဲလိုပစ္စည်းမျိုးတွေက တကယ့်ကိုငွေပမာဏများစွာတန်ကြေးရှိတယ် ဒါပေမယ့် သူတို့အတွက် ဝယ်ယူသူတစ်ယောက်ကိုရှာတွေ့ဖို့က လွယ်ကူမှာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ငါတို့က ဒါတွေကိုထည့်မတွက်ရင်တောင်မ ှဒီမှာရွှေပြားခုနစ်သန်းလောက်ရှိသေးတယ်။"
ဟွမ်ရုံတုစိတ်လှုပ်ရှားစွာပြောလိုက်သည်။
ဂုဏ်သရေရှိ ကလန်မှဆင်းသက်လာသောကြောင့် သူ့တွင်ရတနာများနှင့်ပရိဘောဂပစ္စည်းများနှင့်ပတ်သက်၍ ထက်ရှသည့် အာရုံခံစားမှုရှိပြီး ပစ္စည်းတစ်ခု၏တန်ဖိုးကိုကြည့်ရုံဖြင့် အလွယ်တကူခန့်မှန်းနိုင်ပေသည်။ ဤကဏ္ဍတွင်ကျန်းလင်သည်သူ့ကိုနှိုင်းယှဉ်နိုင်ရန်ခက်ခဲသည်။
"ခုနစ်သန်းလား"
ပိုင်စီလင်သည်လည်း ဟွမ်ရုံတု တင်ပြလာသော ကိန်းဂဏာန်းများကြောင့် အံ့အားသင့်ကာ ရွှေပုံပေါ်မှနေ၍ထထိုင်လိုက်သည်။
သူမ၏ချမ်းသာကြွယ်ဝမှုအတွက် နဂါးကဲ့သို့သော အာရုံခံစားမှုများသည် ဤနေရာရှိ ပစ္စည်းပုံကြီးက တန်ကြေးအများအပြားရှိသည်ဟု ပြောနေခဲ့သော်လည်း အလွန်များပြားနေမည်ဟုသူမမမျှော်လင့်ထားခဲ့ပေ။ ဤခဏမှပင်သူမသည် သူတို့ကတကယ့်ကို ချမ်းသာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဓားပြဂိုဏ်းကြီးတစ်ခုကို ဖယ်ရှားခြင်းမှ ရရှိသောဆုလဒ်များသည်များပြားလွန်းလှသည်။
အကယ်၍ ဓားပြများကို အမဲလိုက်ခြင်းမှ ငွေကြေးအမြောက်အမြားရရှိနိုင်မည်ဟုသိရှိခဲ့ကြပါက မဟာလေ့ကျင့်ရေးစခန်းကြီးသုံးခုမှ တပ်သားသစ်များသည် ဤတာဝန်အတွက် သေချာပေါက်အချင်းချင်းတိုက်ခိုက်ကြပေလိမ့်မည်။
"ဒီစစ်ဆင်ရေးကနေရရှိထားတဲ့ ကံကောင်းမှုထဲက တစ်သန်းကို ဒီစစ်ဆင်ရေးမှာ ကျဆုံးသွားခဲ့ကြတဲ့မြင်းစစ်သည်တွေကို လျော်ကြေးပေးချင်တယ်။ မင်းတို့ဘယ်လိုထင်ကြလဲ။"
ဝမ်ချောင် ရုတ်တရက်တံခါးအပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့ပြီးအားလုံးကိုမေးလိုက်သည်။
"အင်း"
ထိုအုပ်စုသည် သဘောတူခေါင်းမညိတ်မီအချင်းချင်းကြည့်လိုက်ကြသည်။
စစ်ဆင်ရေးများတွင် အားထုတ်မှုအများဆုံးစိုက်ထုတ်ထားခဲ့ကြသူများမှာ အမှန်ပင် မဟာထန်စစ်မှုထမ်းများဖြစ်ကြသည်။ သူတို့ဤနေရာတွင်မရှိခဲ့ကြပါက ဓားပြများ၏ အားအနည်းဆုံးဂိုဏ်းတစ်ခုကိုပင် ရှင်းလင်းရန်သူတို့အတွက်ခက်ခဲပေလိမ့်မည်။ အင်အားကြီးမားလှသည့် သံမဏိဝတ်ရုံမြင်းစီးဓားပြဆိုလျှင်ပြောစရာပင်မလိုပါချေ။
ထို့အပြင် သူတို့သည် အလွန်ဆိုးရွားလှသည့်အခြေအနေ၌ပင် ရှုကန်းနှင့်ဟွမ်ရုံတုတို့ကို ကာကွယ်ရန်သူတို့၏အသက်များကိုစတေးခဲ့သူများဖြစ်ကြသည်။ ထိုအချိန်တုန်းက ၎င်းတို့၏မြင့်မြတ်လှသည့်စတေးမှုကြောင့်မဟုတ်ပါက သူတို့၏အသက်များဆုံးရှုံးသွားနိုင်သည်ကို သူတို့နှစ်ယောက်နားလည်ကြပေသည်။
သခင်လေးများအနေဖြင့် သူတို့သည် အမှန်တကယ်မာနကြီးကြသော်လည်း နှလုံးသားကင်းမဲ့မနေခဲ့ကြပေ။
ထို့ကြောင့် သူတို့သည် ဝမ်ချောင်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်စရာမရှိပေ။
"ဒါဆိုလည်းမင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့။"
ရှုကန်းနှင့်ဟွမ်ရုံတုတို့ သဘောတူလိုက်ကြ၏။
မြေအောက်ခန်း၏ နံရံကိုမှီလျက်ဝမ်ချောင်သည် တိတ်ဆိတ်မသွားမီခေါင်းညိတ်လိုက်သည်။
သူသည် သူ့အစီအစဉ်များကို အောင်မြင်ပြီးမြောက်ရန်အတွက် ငွေကြေးမြောက်မြားစွာလိုအပ်ပေသည်။ သို့သော် ပေးလျော်ခြင်းသည် ကျဆုံးသွားသောစစ်သည်များ၏ ဆွေမျိုးသားချင်းများကို ပေးရပေဦးမည်။ ဤသို့သောပိုက်ဆံများကိုနှမြော၍မရပေ။
ရတနာသိုက်ကို သူတို့လေးယောက်မှ ရှာဖွေဖော်ထုတ်ထားခဲ့သော်လည်း ဝမ်ချောင်သည် အားလုံးကိုပိုင်ဆိုင်ကြောင်းမတောင်းဆိုနိုင်ပေ။ သူသည် သူ့ဝေစုကို ကျဆုံးသွားသောစစ်သည်များထ ံပေးကမ်းနိုင်သော်လည်း ရှုကန်း၊ဟွမ်ရုံတု၊ကျန်းလင်နှင့်ပိုင်စီလင်တို့ကိုလည်း အလားတူ လုပ်ဆောင်ရန်အတင်းအကြပ်တိုက်တွန်း၍မရပေ။
ကျဆုံးသွားသော စစ်သားများထံ ရွှေပြားတစ်သန်းပေးကမ်းခြင်းဖြင့် မိသားစုတစ်ခုစီသည် ရွှေပြားနှစ်သောင်းခုနစ်ထောင်ဝန်းကျင်လောက်ရနိုင်ပေမည်။ သာမန်မိသားစုတစ်ခုက နှစ်စဉ်ရွှေပြားတစ်ဆယ်ဝန်းကျင်လောက်သာ အသုံးပြုသည်ကိုစဉ်းစားကြည့်လိုက်ပါက ထိုသည်မှာများပြားလှသည့်ပမာဏဖြစ်သည်။
ကျဆုံးသွားသည့် စစ်သည်များ၏မိသားစုများသည် သူတို့၏ ကျန်ရှိနေသည့် ဘဝသက်တမ်းတစ်လျှောက်တွင် စားဝတ်နေရေးအတွက် စိုးရိမ်စရာလိုတော့မည်မဟုတ်ပေ။
…………………………….
မကြာမီ မြေအောက်ခန်းရှိပစ္စည်းများကို စုစည်းလိုက်ပြီး မှတ်တမ်းတင်ထားလိုက်သည်။ ပိုက်ဆံများနှင့်အသုံးအဆောင်ပစ္စည်းများကို ပေါင်းထည့်လိုက်ပါက စုစုပေါင်းခန့်မှန်းတန်ဖိုး၁၃သန်းရှိသည်။ ရောင်းချရန်ပို၍ခက်ခဲလိမ့်မည်ဖြစ်သောပန်းချီကားများနှင့် ရှေ့ဟောင်းပစ္စည်းများကို ဖယ်ထုတ်ထားလိုက်ပါက ၈သန်းလောက်ကျန်ရှိပေသည်။
ဟွမ်ရုံတု၏ခန့်မှန်းမှုသည် တော်တော်လေးတိကျလှသည်။
ဝမ်ချောင်၏ အကျိုးဆောင်မှုသည် အကြီးမားဆုံးဖြစ်သောကြောင့် သူတို့သည် ရွှေပြား၂.၄သန်းတန်ကြေးရှိသည့် အကြီးမားဆုံးဝေစုကို သူ့အားပေးရန်ဆုံးဖြတ်လိုက်ကြသည်။
တစ်ဖက်တွင်မူ ရှုကန်း၊ဟွမ်ရုံတု၊ပိုင်စီလင်နှင့်ကျန်းလင်တို့သည်၁.၂သန်းစီရရှိကြပြီး ကျန်နေသည့်၁.၂သန်းကို အသက်ရှင်ကျန်ရစ်နေသောမြင်းစစ်သည်များကြားခွဲဝေလိုက်သည်။
ကျန်နေသည့် ၅သန်းတန်ကြေးရှိသော ကျောက်မျက်ရတနာများ မဟူရာများ၊ရှေ့ဟောင်းပစ္စည်းများနှင့် ထိုအမျိုးအစားကဲ့သို့သော အရာများအတွက် ဟွမ်ရုံတုသည် သူတို့ကိုရောင်းချရန် ဟွမ်ကလန်၏အဆက်အသွယ်ကို အသုံးပြုပြီး ထိုငွေပမာဏကို ဝမ်ချောင်၊ ရှုကန်း၊သူနှင့်ပိုင်စီလင်တို့ကြားညီတူမျှတူခွဲဝေရန်ကမ်းလှမ်းခဲ့သည်။
ဤကိစ္စနှင့်ပတ်သက်၍ကန့်ကွက်သူတစ်ယောက်မှမရှိခဲ့ပေ။ လူတိုင်းသည် ဤစစ်ဆင်ရေးမှ သူတို့၏မျှတမှုရှိသော ဆုလာဘ်များကိုရရှိခဲ့ကြသည်။
----
"ဝမ်ချောင်"
နောက်တစ်ကြိမ် မိုးချုပ်လာခဲ့ပြီး ညကောင်းကင်ယံတွင်ကြယ်များဖြင့်ပြည့်နှက်လို့နေလေသည်။ ဝမ်ချောင်သည် တောင်ကုန်းစောင်းပေါ်တွင် ထိုင်နေရင်း ညကောင်းကင်ယံကိုမော့ကြည့်နေစဉ်တွင် သူ့နောက်မှအသံတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"စီလင်"
ဝမ်ချောင် မတ်တပ်ရပ်လိုက်ကာ သူ့နောက်ရောက်နေသည့်လူကို အံ့အားတကြီးကြည့်လိုက်မိသည်။
"မင်းဘာလို့ဒီကိုရောက်လာတာလဲ။"
"နင်က ဘာလို့အရမ်းအံ့ဩသွားသလိုဖြစ်နေရတာလဲ။ ဘာလဲနင်ငါ့ကိုမကြိုဆိုဘူးလား။"
ပိုင်စီလင်ဝမ်ချောင်ကို မျက်မှောင်ကြုတ်လျက်ကြည့်လိုက်သည်။
"ငါက ဘယ်လိုလုပ်မင်းကိုမကြိုဆိုဘဲနေရဲမှာလဲ။"
ဝမ်ချောင် အလျင်အမြန်သူ့လက်ကိုခါယမ်းပြလိုက်သည်။ အဆုံးတွင် ဤသည်က ရင်းနှီးခြင်းကို ဖော်ဆောင်သည့်အရာဖြစ်သည်။ သူ့ဂုဏ်ပုဒ်သည် ပိုင်စီလင် အတွက် ပဟေဠိဖြစ်နေဆဲအချိန်တွင် သူမသည် သူ့အားဘာမှမလုပ်ရဲခဲ့ပေ။
သို့သော်လည်း သေခြင်း၊ရှင်ခြင်းအခြေအနေကို သူတို့အတူတကွဖြတ်ကျော်ပြီးနောက် ထိုကဲ့သို့ အားတုံ့အားနာဖြစ်ခြင်းသည် ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ ပိုရင်းနှီးလာသောခံစားချက်ကြောင့်ဖြစ်နိုင်သည်။ သူမသည် သူ့ကိုအားသုံး ၍ခြိမ်းခြောက်လာတော့သည်။
သိထားရမည်မှာ ပိုင်စီလင်သည် နယ်စားငယ်ရီနှင့်ယှဉ်နိုင်သည့်ခွန်အားကိုပိုင်ဆိုင်ထားပေ၏။ ထို့ကြောင့်ဝမ်ချောင်က သူ့ကိုမည်သို့ယှဉ်နိုင်မည်နည်း။
"ဟမ် ……….အဲလိုမှပေါ့။"
ပိုင်စီလင်၏ မျက်မှောင်ကြုတ်မှုပြေလျော့သွားခဲ့ပြီး ပြုံးလိုက်ကာ လက်သည်းခွံအရွယ်အစားလောက်ရှိသော အနက်ရောင်အရာဝတ္ထုတစ်ခုကို သူ့ဆီကမ်းပေးလိုက်သည်။
"ဒီမှာ"
"အဲဒါဘာလဲ"
ဝမ်ချောင် အလိုလိုလှမ်းယူလိုက်မိကာ မေးလိုက်သည်။ ၎င်းသည် အလွန်ပေါ့ပါးကာအလေးချိန်လုံးဝမရှိသကဲ့သို့ပင်။
"ငါဒါကို သံမဏိဝတ်ရုံလီဆီက ရှာတွေ့ခဲ့တာ အဲဒါက သူ့အင်္ကျီထဲမှာ ဝှက်ထားခဲ့တယ်။ အဲဒါကို ငါစစ်ဆေးကြည့်ခဲ့ပေမယ့် ငါနဲ့မသင့်တော်ဘူး။ ငါအဲနေ့ကတည်းက နင့်ကိုပေးချင်ခဲ့ပေမယ့် ရှုကန်းနဲ့တခြားသူတွေရှိနေတာမို့ အခွင့်အရေးမရခဲ့ဘူး။"
ပိုင်စီလင်တည်ငြိမ်စွာပြောလိုက်သည်။
ထိုစကားများကိုကြားလိုက်ရသောအခါဝမ်ချောင်၏ နှလုံးသားတစ်ချက်ခုန်သွားခဲ့သည်။ ကြယ်များ၏ မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ထိုအနက်ရောင်အရာဝတ္ထုသည် အလွန်ပါးလွှာသော ပိုးသားအလွှာတစ်ခု ဖြစ်ကြောင်းသူမြင်လိုက်ရသည်။ ဝမ်ချောင်သည် အလွန်သေးငယ်သော စကားလုံးအချို့ကို၎င်းမှတဆင့်မြင်နိုင်ပေသည်။
၎င်းကိုဖြည်လိုက်ကာဝမ်ချောင်သည် ပိုးထည်၏ ထိပ်နားတွင် စကားလုံးသုံးလုံးကိုမြင်လိုက်ရသည်။
[သံမဏိဝတ်ရုံနည်းစနစ်]
'တကယ့်ကိုပဲ'
ထိုစကားလုံးများကို မြင်လိုက်ရသောအခါ ဝမ်ချောင်၏ နှလုံးသားတစ်ချက်ခုန်မှားသွားခဲ့၏။ သူ့ခေါင်းကိုမော့ကြည့်လိုက်သည်နှင့် ပိုင်စီလင်က အနည်းငယ်ရှက်ရွံ့နေသည့် အမူအရာနှင့်အတူ သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ချောမွေ့သောဆံပင်များကို ရှက်ကိုးရှက်ကန်းပွတ်သပ်နေသည်ကိုမြင်လိုက်ရသည်။
ညအမှောင်ထု၏ အလင်းရောင်မှိန်ဖျဖျကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် သူ့ဘက်မှ ထင်မြင်ချက်တစ်ခုသာဖြစ်နိုင်သည်။ သို့သော်ဝမ်ချောင်သည် ပိုင်စီလင်၏ပါးများပေါ်တွင်ကြက်သွေးရောင်သန်းနေသည်ကိုမြင်နေရပုံပေါ်သည်။
ပိုးသားမှတ်တမ်းကို လက်ထဲတွင်ကိုင်လျက်ဝမ်ချောင်မေးလိုက်၏။
"ဘာလို့လဲ။ မင်းသိလား မင်းဒါကိုငါ့ဆီလွဲမပေးရင်တောင် ငါဒီအကြောင်းကိုဘယ်သူ့ကိုမှပြောပြမှာမဟုတ်ဘူး။"
"နင်သိနေတာလား"
ပိုင်စီလင်သူ့ကို ရုတ်ချည်းပြန်ကြည့်လိုက်ကာ နှလုံးတစ်ချက်ခုန်သွားခဲ့၏။ သူမ၏ အမူအရာက ဝမ်ချောင်၏ စကားလုံးအပေါ်မယုံသင်္ကာဖြစ်မှုကိုဖော်ပြနေသည်။
"ဒါပေါ့။ ငါကအရူးမှမဟုတ်တာ။ သံမဏိဝတ်ရုံလီက သူ့သံမဏိဝတ်ရုံနည်းစနစ်ကို မကျွမ်းကျင်သေးတာ ထင်ရှားတယ် ဒါကြောင့် သူ့ကျင့်စဉ်ကိုကျင့်ကြံဖို့ သူ့နားမှာ ယူမထားရင် ထူးဆန်းနေလိမ့်မယ်။ ဒါ့အပြင် အဲတုန်းက မင်းသူ့အလောင်းနားမှာ ရှာဖွေနေတာကိုငါမြင်ခဲ့တယ်။"
ဝမ်ချောင်သည် သူ့နေရာတွင် မည်သူမဆို သိလိမ့်မည်ဟုပြောနေသကဲ့သို့ မျက်လုံးများ ကလည်ကလည်လုပ်လိုက်သည်။
"အယုတ်တမာကောင်"
ရန်စခံလိုက်ရကာ ပိုင်စီလင်သည် ဝမ်ချောင်ကိုမုန်းတီးစွာကြည့်လိုက်ပြီး အဝေးသို့ဆောင့်ကြီးအောင့်ကြီးထွက်သွားခဲ့သည်။
"နင်က ကျေးဇူးမသိတတ်တဲ့ကောင်စုတ်ပဲ ငါနင့်ကိုမပေးခဲ့သင့်ဘူး။"
ပိုင်စီလင်၏ ဒေါသတကြီးအသံသည် အကွာအဝေးတစ်ခုမှထွက်ပေါ်လာခဲ့သည်။
"ဟားဟား"
ဝမ်ချောင်တုံ့ပြန်သည့်အနေဖြင့် ပေါ့ပေါ့ပါးပါးရယ်မောလိုက်၏။ သို့သော် ပိုင်စီလင်အမှောင်ထုထဲပျောက်ကွယ်သွားသည်နှင့် သူ့ရယ်မောခြင်းသည်တဖြည်းဖြည်းလွင့်ပါးသွားခဲ့သည်။ ပိုင်စီလင်ပျောက်ကွယ်သွားသည့်ဘက်သို့ကြည့်လိုက်ကာ ဝမ်ချောင်၏မျက်လုံးများ၌ရှုပ်ထွေးသည့်စိတ်ခံစားချက်များဖြင့်ပြည့်နှက်သွားခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် သူအကြည့်ကို မရုတ်သိမ်းမီသက်ပြင်းရှည်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ကြသည်။ ပိုင်စီလင်၏ရည်ရွယ်ချက်များမှာ နေ့ဘက်ကဲ့သို့ရှင်းလင်းလှသည်။ ဝမ်ချောင်မသိဘဲမည်သို့ရှိမည်နည်း။
သို့သော်သူ့ပုခုံးပေါ်တွင်လေးလံလှသည့်တာဝန်တစ်ခုကိုထမ်းပိုးထားရခြင်းနှင့်အတူသူမ၏ခံစားချက်များကိုသူပြန်လည်တုံ့ပြန်နိုင်မည်လားဆိုသည်ကိုသူမသိပေ။
………………….
မကြာမီ မနက်ရောက်လာခဲ့၏။
မိုးလင်းသည်နှင့် တော်ဝင်ရုံးတော်မှခိုသည် နောက်ဆုံးတွင်ရောက်လာခဲ့သည်။ ခြေသည်းတွင် ရွှေရောင်ကွင်းပတ်နှင့်ခိုကပြန်ရောက်မလာ သောအခါ တော်ဝင်ရုံးတော်သည် တစ်ခုခုလွဲချော်နေပြီဖြစ်ကြောင်းနားလည်လိုက်ကြသည်။ အားလုံးပြီးနောက် ၎င်းအတွက် တာဝန်မှာ လိုအပ်သည့် သတင်းစကားကိုပို့ဆောင်ပြီးနောက် ပြန်လည်ရောက်ရှိလာရန်ဖြစ်သည်။ ဤလွဲချော်မှုကတော်ဝင်တရားရုံး၏ အာရုံကိုဖမ်းစားသွားခဲ့၏။ ထို့ကြောင့် ဤတစ်ကြိမ်ရောက်လာသည့်ခိုမှာ ခြေသည်းတွင် ရွှေရောင်အကွင်းနှင့်ခိုအစားငွေရောင် အကွင်းနှင့်ခိုရောက်လာခဲ့သည်။ ရွှေရောင်အကွင်းနှင့်ခိုကို အများအားဖြင့် အမိန့်ပေးချက်များကို လက်ဆင့်ကမ်းရန်အတွက် အသုံးပြုကြပြီးသဘာဝအားဖြင့်တစ်လမ်းသွားဖြစ်သည်။ တစ်ဖက်တွင်မူ ငွေရောင်အကွင်းနှင့်ခိုကိုတော့ တော်ဝင်ရုံးတော်က နှစ်လမ်းသွားဆက်သွယ်မှုကို ထူထောင်ခြင်းအတွက်အသုံးပြုသည်။
ဤအမူအရာမှ တော်ဝင်ရုံးတော်သည် ဤနယ်မြေကိုအာရုံစိုက်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျန်းလင်သည်ဖြစ်ပျက်သွားသည့်ဖြစ်ရပ်များကို ရှင်းပြသည့်စာတစ်စောင်ကို လျင်မြန်စွာရေးသားလိုက်ပြီး ငွေရောင်ကွင်းပတ်ခိုကိုပြန်လွှတ်လိုက်သည်။
ယခုအချိန်အထိ အဖွဲ့သည်စစ်ဆင်ရေး၏ ပထမနှင့်ဒုတိယမစ်ရှင်များကိုပြီးမြောက်အောင်လုပ်ဆောင်ခဲ့သော်လည်း တော်ဝင်ရုံးတော်မှ နောက်ဆက်တွဲအမိန့်တစ်စုံတစ်ရာကို ထပ်မံထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့်သူတို့ဘာဆက်လုပ်ရမည်ဆိုသည်ကိုကျန်းလင်းပင်မသိပေ။ လက်ရှိသူတို့တတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ တော်ဝင်ရုံးတော်၏တုံ့ပြန်မှုကိုစိတ်ရှည်စွာစောင့်ဆိုင်းခြင်းဖြစ်သည်။
-----
အပိုင်း၃၆၃
တတိယမစ်ရှင်
ဤတစ်ကြိမ်တွင် တော်ဝင်ရုံးတော်မ ှတုံ့ပြန်မှုမှာ လျင်မြန်စွာရောက်လာခဲ့၏။ အကြမ်းဖျင်းခြောက်နာရီကြာပြီးနောက်အဖွဲ့သည် စစ်မှုထမ်းဌာနမှပြန်စာကို လက်ခံရရှိခဲ့သည်။
တော်ဝင်ရုံးတော်သည် အမှန်ပင်သံမဏိဝတ်ရုံမြင်းစီးဓားပြအနားရှိအခြေအနေကိုမသိခဲ့ကြပေ။ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ လူအင်အားကခုနစ်ရာအထိမြင့်တက်သွားသည်ကိုကြားသိလိုက်ရသောအခါ သူတို့ထိတ်လန့်သွားခဲ့ကြသည်။
မြင်းစစ်သည်သုံးဆယ့်ခြောက်ယောက်၏ သေဆုံးမှုသည်လည်း သူတို့ကိုအလွန်စိုးရိမ်ပူပန်သွားစေခဲ့၏။
သာမန်အခြေအနေအောက်တွင်မြင်းစစ်သည်ရှစ်ဆယ်အုပ်စုတစ်ခုကို အစစ်အမှန်သိုင်းပညာနယ်ပယ်မြင်းစီးဓားပြများနှင့်ဓားပြများ၏သိသာသော အရေအတွက်များဖြင့်ပြည့်နှက်နေပြီး သံမဏိဝတ်ရုံလီကဲ့သို့သောအားကောင်းသည့်ကျွမ်းကျင်သူတစ်ယောက်ပါရှိသည့် လူခုနစ်ရာအင်အားရှိသောအုပ်စုတစ်ခုကိုရင်ဆိုင်ခိုင်းပါကထိုမြင်းစစ်သည်ရှစ်ဆယ်သည် လုံးဝချေမှုန်းခံလိုက်ရပေမည်။
မေးခွန်းထုတ်စရာမလိုဘဲဤသည်မှာ စစ်မှုထမ်းဌာနဘက်မှအမှားကြီးတစ်ခုဖြစ်၏။
သို့တိုင်ဌာန၏ ထောက်လှမ်းရေးသတင်းမှားယွင်းခဲ့သော်လည်း ဝမ်ချောင်နှင့်အခြားသူများသည် ခေါင်းဆောင်သံမဏိဝတ်ရုံလီနှင့် စစ်ရေးမဟာဗျူဟာပညာရှင်ကျောက်အန်းတို့နှင့်အတူ လူသုံးရာကျော်ကို အသေအပျောက်သုံးဆယ့်ခြောက်ယောက်မျှဖြင့် သတ်ဖြတ်နိုင်ခဲ့ကြသည်။ ဤစွမ်းဆောင်ချက်ကစစ်မှုထမ်းဌာနကိုပင်အံ့အားသင့်သွားစေခဲ့သည်။
စစ်မှုထမ်းဌာနမှ ပေးအပ်ထားသော လိုအပ်ချက်မှာ တပ်စုတစ်ခုစီအတွက် ဆုံးရှုံးမှုသည် ခြောက်ယောက်ထက်မပိုရပေ။ သို့သော်သေဆုံးသူသုံးဆယ်ခြောက်ယောက်သည် ထိုအရေအတွက်ထက်ကျော်လွန်နေခဲ့သည်။
သို့သော်လည်း သေဆုံးမှုများသည် ဒုတိယမစ်ရှင်တွင်သာဖြစ်ပွားခဲ့ပြီး ပြဿနာ၏မူလဇစ်မြစ်မှာ စစ်မှုထမ်းဌာန၏ ထောက်လှမ်းရေးပျက်ကွက်ခြင်းကြောင့်ဖြစ်သည်။ အရေးမသာသည့်အခြေအနေမှာပင် သံမဏိဝတ်ရုံလီနှင့်ကျောက်အန်းတို့ကို ဖယ်ရှားလိုက်နိုင်သည်ကိုထည့်တွက်ကာ စစ်မှုထမ်းဌာနမှဆုံးဖြတ်ချက်မှာဤသို့ဖြစ်၏။
[စစ်မှုထမ်းဌာနသည် ဒုတိယမစ်ရှင်တွင်လိုအပ်သည့်အခြေအနေများကို ဖောက်ဖျက်ကျူးလွန်ခြင်းအား ဆက်လက်အရေးယူမည်မဟုတ်ပေ။ ထို့အပြင်မစ်ရှင်တွင်ပါဝင်ခဲ့ကြသူများသည်ဤစစ်ဆင်ရေးတွင် သူတို့၏အကျိုးဆောင်မှုများကို သူတို့၏မှတ်တမ်းများတွင်မှတ်သားထားမည်ဖြစ်သည်။ ဤအကျိုးဆောင်မှုကဝမ်ချောင်၊ရှုကန်း၊ဟွမ်ရုံတုနှင့်ပိုင်စီလင်တို့ကို အနာဂတ်တွင် သူတို့စစ်မှုထမ်းသောအခါ စစ်တပ်တွင်ရာထူးတိုးရန်အတွက် အခြေခံအုတ်မြစ်အဖြစ်လည်း အကျုံးဝင်မည်ဖြစ်သည်။
ထို့အပြင်ကျဆုံးသွားသောစစ်သည်များ၏ အလောင်းများကို သိမ်းယူရန်အတွက် စစ်မှုထမ်းဌာနသည် လူအချို့ကိုလည်းစေလွှတ်မည်ဖြစ်ပြီး သူတို့ကိုရှေ့တန်းစစ်မြေပြင်တွင်ကျဆုံးခဲ့သော စစ်သည်များအတိုင်း သင်္ဂြိုလ်ကာလျော်ကြေးပေးလျော်မည်ဖြစ်သည်။]
"ဒါကမယုံနိုင်စရာပဲ"
တော်ဝင်ရုံးတော်မှ တုံ့ပြန်စာကိုဖတ်နေကြသည့်ရှုကန်း၊ဟွမ်ရုံတုနှင့်ကျန်းလင်တို့ပျော်ရွှင်သွားခဲ့ကြသည်။
ဤစစ်ဆင်ရေးတွင် ရှုကန်းနှင့်ဟွမ်းရုံတုတို့သည် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ကြရပြီး ပိတ်ဆို့ခြင်းကိုခံခဲ့ကြရကာ ထိုသည်ကအသေအပျောက်နှစ်ဆယ်နီးပါးရှိစေခဲ့၏။ ဤသည်ကပင်သူတို့သည်မစ်ရှင်တွင် ပါဝင်သည့်စည်းမျဉ်းများကိုပြင်းပြင်းထန်ထန်ချိုးဖောက်ခဲ့ကြပြီဖြစ်သည်။
ထို့ကြောင့်မနေ့ကနေခုချိန်အထိ သူတို့စိုးရိမ်ပူပန်နေခဲ့ကြ၏။
တော်ဝင်ရုံးတော်က ဤကိစ္စကိုဆက်လက်အရေးယူမည် မဟုတ်ကြောင်း အတည်ပြုတုံ့ပြန်စာကိုရရှိပြီးနောက်မှသာ သူတို့နှစ်ယောက်သည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်ကြသည်။
ထို့အပြင် တော်ဝင်ရုံးတော်မှ ဤအကျိုးဆောင်မှုနှင့်စပ်လျဉ်း၍ သူတို့၏ အနာဂတ်ရာထူးတိုးခြင်းအတွက် လမ်းခင်းပေးသည့် ဆုလာဘ်သည် ရှုကန်းကိုပင် စိတ်လှုပ်ရှားမှုကြောင့်တုန်လှုပ်သွားစေခဲ့သည်။
သူတို့နှင့်သက်တူရွယ်တူ သခင်လေးဘယ်လောက်များများက သူတို့၏နာမည်အောက်တွင် စစ်ဘက်ဆိုင်ရာ အကျိုးဆောင်မှုများရရှိခဲ့ကြသနည်း။
မြို့တော်အနှံ့ရှိအနည်းဆုံးကိုးဆယ်ရာခိုင်နှုန်းသောသခင်လေးတို့သည် စစ်ဘက်ဆိုင်ရာ အကျိုးဆောင်မှုများမရှိဘဲသူတို့၏ ဘဝတစ်ခုလုံးကုန်ဆုံးသွားကြမည်ဖြစ်သည်။ သို့တိုင်သူတို့နှစ်ယောက်သည် စစ်မြေပြင်ကိုတစ်ခါမှမရောက်ခဲ့ဖူးသော်လည်း သူတို့၏နာမည်များအောက်တွင် ထိုကဲ့သို့အကျိုးဆောင်မှုရှိခဲ့ကြသည်။ ဤသည်ကအောင်ပွဲခံရမည့်အရာဖြစ်သည်။
ဤအရာဖြင့်ပင် သူတို့၏ စမှတ်များသည် မြို့တော်ရှိ အခြားသခင်လေးများထက်များစွာမြင့်မားသွားပေလိမ့်မည်။ ၎င်းသည် သေးငယ်သော အစပျိုးမှုတစ်ခုသာဖြစ်နိုင်သော်လည်း ရွေ့လျားနေသော နှင်းဘောလုံးကဲ့သို့ အရှိန်အဟုန်သည် လျင်မြန်စွာတိုးလာကာ သူတို့နှင့်အခြားသူများကြားကွာဟချက် ကျယ်ပြန့်လာစေပေလိမ့်မည်။
ဥပမာတစ်ခုအနေဖြင့် အဓိကတိုက်ပွဲတစ်ခုတွင် အံ့မခမ်းအောင်ပွဲတစ်ခု ပြီးနောက်လူငါးဦးအဖွဲ့ခေါင်းဆောင်နှင့် လူဆယ်ဦးအဖွဲ့ခေါင်းဆောင်တစ်ဦးတို့သည် ထိုတိုက်ပွဲတွင်ပါဝင်ခဲ့ကြပြီး တန်းတူရည်တူလုပ်ဆောင်နိုင်ခဲ့ကြသည်ဟု ယူဆပါက အောင်ပွဲအတွက် မည်သူက ပိုမိုအထောက်အကူဖြစ်စေသည်ဟုသင်ထင်ပါသနည်း။
ဤအချိန်တွင် အားသာချက် သေးသေးလေးမျှသာ ဖြစ်နိုင်သော်လည်း အကျိုးကျေးဇူးများသည် တဖြည်းဖြည်းများပြားလာပေလိမ့်မည်။
မြို့တော်တွင် ဤအချက်ကိုသတိမထားမိသည့် သခင်လေးမရှိပေ။
ကျန်းလင်အနေဖြင့် သူသည် ဤတိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော သူ့ညီအစ်ကိုများကို ရှေ့တန်းတွင် ကျဆုံးသွားသည့် စစ်သည်များကဲ့သို့ ဂုဏ်ပြုပေးပြီးလျော်ကြေးပေးလိမ့်မည်ဆိုသည့် အချက်ကြောင့်ဝမ်းသာနေခဲ့သည်။
ဤရှုထောင့်တွင် သူသည် ရှုကန်း၊ဟွမ်ရုံတုတို့နှင့် အတော်လေးကွဲပြားပေသည်။
"ဒီအရာနဲ့သူတို့တွေငြိမ်းချမ်းစွာအနားယူနိုင်လောက်မှာပါ"
ဤသတင်းကိုကြားလိုက်ရသည်နှင့် ဝမ်ချောင်ဝမ်းသာသွားခဲ့သည်။
သူသည် စစ်မှုထမ်းဌာနက ဤကိစ္စအပေါ်လျစ်လျုရှုထားခဲ့ပါက ဤကိစ္စဖြစ်လာစေရန် ဦးကြီးနှင့်စုန့်ဘုရင်တို့ဖြင့် သူ့အဆက်အသွယ်များကို အသုံးပြုမည်ဟု တွေးနေခဲ့သေးသည်။ သို့သော် ကြည့်ရသည်မှာ ထိုသို့လုပ်စရာလိုတော့သည့်ပုံမပေါ်ပေ။
မဟာထန်သည် ကျဆင်းနေသော်လည်း စစ်တပ်အတွင်း မျှတသော တရားမျှတမှု အဆင့်ကိုထိန်းထားနိုင်ခဲ့သည်။
"ရှုကန်း၊ဟွမ်ရုံတု မင်းတို့နောက်ထပ်ဘာလုပ်ဖို့ရည်ရွယ်ထားကြလဲ။ မင်းတို့မြို့တော်ကိုပြန်မှာလား၊ ဒါမှမဟုတ်ရှေ့ဆက်မှာလား။"
ဤအခိုက်မှာ ပင်ဝမ်ချောင်ရှေ့ထွက်လာပြီးမေးလိုက်သည်။
ရုတ်တရက် လူအားလုံးတိတ်ဆိတ်သွားခဲ့ကြ၏။
တော်ဝင်ရုံးတော်မှ စာထဲတွင် ဤနေရာတွင် ရှိနေသောလူများကို ရွေးချယ်စရာနှစ်ခုပေးထားသည်။
ပထမမစ်ရှင်နှစ်ခုသည် ပြီးဆုံးသွားခဲ့ပြီး သံမဏိဝတ်ရုံလီကို ဖယ်ရှားခြင်းတွင် တပ်စုလေးခုသည် အကြီးအကျယ်ထိခိုက်သွားသောကြောင့် တော်ဝင်ရုံးတော်က သူတို့ကိုမြို့တော်သို့ပြန်လာပြီး မစ်ရှင်ကို အဆုံးသတ်ရန်ရွေးချယ်ခွင့် ပေးထားသည်။
ဒုတိယနယ်စပ်နားတွင် အရေးတကြီးအခြေအနေများကြောင့် စစ်မှုထမ်းဌာနသည် လက်ရှိတွင် လူအင်အားကျပ်တည်းနေသည်။ အကယ်၍ သူတို့ဆန္ဒရှိပါက ထိုနေရာရှိ စုဝေးနေသော တိဗက်တပ်သားများကို ချေမှုန်းရန်သူတို့ကို တတိယမစ်ရှင်ကို ဆက်လက်လုပ်ဆောင်နိုင်ခွင့်ပေးထားသည်။
ဤသည်က တရားဝင်စစ်တပ်တစ်ခုနှင့် တိုက်ပွဲတစ်ခုဖြစ်လိမ့်မည်ဖြစ်သောကြောင့် အန္တရာယ်သေချာပေါက်ရှိပေသည်။ ထိုသည်က သံမဏိဝတ်ရုံလီနှင့်တိုက်ပွဲထက်ပင်ပို၍အန္တရာယ်များနိုင်၏။
ထို့ကြောင့် သူတို့လေးယောက်အတွက် စစ်မှုထမ်းဌာန၏ အကြံပြုချက်မှာ ထိုတိုက်ပွဲတွင်ဝင်မပါရန်ဖြစ်သည်။
သို့သော်ငြားလည်း သူတို့လေးယောက်သည် ပါဝင်ရန်ရွေးချယ်ခဲ့ကြပါက လေ့ကျင့်ရေးစခန်းမှ သူတို့ဘွဲ့ရပြီးစစ်တပ်ထဲတရားဝင်ဝင်ရောက်ပြီးသောအခါ တော်ဝင်ရုံးတော်သည် သူတို့၏ကွပ်ကဲမှုအောက်တွင်ရှိသောစစ်သည်အရေအတွက်ကို အဆင့်တစ်ဆင့်တိုးမြှင့်ခြင်းဖြင့်ဆုချီးမြှင့်မည်ဖြစ်သည်။
"ဝမ်ချောင်မင်းကရော။ မြို့တော်ကိုပြန်မှာလား ဒါမှမဟုတ် တတိယမစ်ရှင်ကို ဆက်လက်ဆောင်ရွက်မလား။"
ဝမ်ချောင်၏မေးခွန်းကို တုံ့ပြန်သည့်အနေနှင့် ရှုကန်း အခြားမေးခွန်းတစ်ခုဖြင့်တုံ့ပြန်လိုက်သည်။
ဟွမ်ရုံတုနှင့်ပိုင်စီလင်တို့သည်လည်း ဝမ်ချောင်ကိုစိတ်ဝင်တစားဖြင့်ကြည့်လာကြသည်။
သံမဏိဝတ်ရုံလီနှင့် အဖြစ်အပျက်ပြီးနောက် လူတိုင်းသည် ထုတ်မပြောခဲ့ကြသော်လည်း သူတို့သည် ဝမ်ချောင်ကို သူတို့အဖွဲ့ခေါင်းဆောင်အဖြစ် သဘောထားလာကြပုံရသည်။
"ငါလား"
လူတိုင်း၏အကြည့်များကို အာရုံခံမိလိုက်ကာ ဝမ်ချောင်ရယ်မောလိုက်ပြီး ချက်ချင်းပြန်ဖြေလိုက်သည်။
"မေးစရာတောင်လိုလို့လားဟ။ ဒါပေါ့ ငါကလည်း တတိယမစ်ရှင်မှာဝင်ပါမှာ။"
ထိုစကားလုံးများသည် ပြတ်သားလှပြီး တင်စီးလှကာ လူတိုင်းမလေးစားဘဲမနေနိုင်သည့် မယုံနိုင်စရာ ကောင်းသောယုံကြည်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။
တတိယမစ်ရှင်မှ အန္တရာယ်သည် ဒုတိယမစ်ရှင်အထက်ဖြစ်နိုင်သည်ဟု စစ်မှုထမ်းဌာနက ပြောခဲ့သော်လည်း ဝမ်ချောင်သည် အလွန်ခြားနားစွာရှုမြင်ခဲ့သည်။
သိထားရမည်မှာ ပြီးခဲ့သည့် မစ်ရှင်တွင် လူရှစ်ဆယ်က လူခုနစ်ရာကို ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
သူတို့သည် တတိယမစ်ရှင်တွင်လည်း တပ်ဖွဲ့များအတွင်း ထိုကဲ့သို့ ကြီးမားသော ကွာဟချက်မျိုးကြုံတွေ့ရနိုင်ဖွယ်မရှိပေ။ ထို့အပြင် တစ်ဦးတည်းစွမ်းအားဖြင့် တိုက်ပွဲ၏ ဒီရေကို ပြောင်းပြန်လှန်နိုင်ပြီး ဓားလှံမတိုးသည့် သံမဏိဝတ်ရုံလီကဲ့သို့ နောက်ထပ်ကျွမ်းကျင်သူတစ်ယောက်လည်းမရှိလောက်ပေ။
ဤအခြေအနေနှစ်ရပ်နောက်ထပ်မပေါ်လာသရွေ့စိုးရိမ်စရာအကြောင်းမရှိဟု ဝမ်ချောင်ခံစားနေရသည်။
ထိုတိုက်ပွဲတွင် တိဗက်တို့သည် အနည်းငယ်အသာစီးရခဲ့လျှင်ပင် အခြေအနေများသည် ယခင်ကလောက် အစွန်းမရောက်သရွေ့ သူ့နည်းဗျူဟာများမှတဆင့် စစ်မြေပြင်ကို ထိန်းချုပ်လွှမ်းမိုးနိုင်မည်ဟု ဝမ်ချောင်ယုံကြည်မှုရှိပေသည်။
ထို့ကြောင့်သူ့အမြင်သည်စစ်မှုထမ်းဌာနနှင့်ခြားနားပေသည်။
ဒီ့အပြင် စစ်မှုထမ်းဌာနမှ ကမ်းလှမ်းထားသည့် ဆုလာဘ်သည်လည်း ဝမ်ချောင်ကိုဖမ်းစားသွားခဲ့သည်။
တတိယမစ်ရှင်ကို အောင်မြင်စွာ ရှင်းလင်းနိုင်သရွေ့သူတို့လေးဦးသည် တရားဝင်စစ်မှုထမ်းပြီးသည့်နောက် သူတို့၏ လက်ရှိရာထူးအရ ခွင့်ပြုထားသော တပ်ဖွဲ့ဝင်တစ်ဆင့်ထက်ပို၍ ကွပ်ကဲခွင့်ပြုမည်ဖြစ်သည်။
ဤကဲ့သို့သော ဆုလာဘ်များသည် အထူးအဆန်းဖြစ်ပြီး သူတို့အကြောင်းကို လူအများမသိကြသော်လည်း သူတို့သည် ဝမ်ချောင်နှင့်အလွန်ရင်းနှီးကြပေသည်။
သိပ်မဝေးတော့သည့် အနာဂတ်တွင် ဤကဲ့သို့သောဆုလာဘ်များကို ဂုဏ်သရေရှိကလန်များ၏ သခင်လေးများကို ကမ်းလှမ်းပေလိမ့်မည်။ ဤသည်မှာ ဂုဏ်သရေရှိကလန်များမှ စွမ်းရည်ရှိသော သခင်လေးများ ရာထူးအဆင့်များ လျင်မြန်စွာ မြင့်တက်လာနိုင်သည့် ပိရိလှသောနည်းလမ်းဖြစ်သည်။
သို့သော်လည်း မြှုပ်ကွက်မှာ အပိုအင်အားနှင့်သူတို့၏ ဆက်စပ်ကုန်ကျစရိတ်များမှ ဝန်ထုပ်ဝန်ပိုးများကို တော်ဝင်ရုံးတော်မ ှတာဝန်ယူသွားမည်မဟုတ်ပေ။ ထိုသခင်လေးများသည် လိုအပ်ချက်ကို ဖူလုံရန် သူတို့ဘာသာနည်းလမ်းရှာကြရပေမည်။
တော်ဝင်ရုံးတော်၏ အမြင်မှနေ၍ စစ်တပ်ထဲသို့ ထိပ်တန်းကျွမ်းကျင်သူများကို ဆွဲဆောင်ရန် ဂုဏ်သရေရှိကလန်များ၏ အဆက်အသွယ်များနှင့် တရင်းတနှီးရှိလာစဉ်တွင် သူတို့၏ အကန့်အသတ်ရှိသော စစ်တပ်အင်အားနှင့် အရင်းအမြစ်များကို ချွေတာနိုင်ပေမည်။
တစ်ဖက်တွင်မူ ဂုဏ်သရေရှိကလန်များသည် ကျွမ်းကျင်သူများကို သူတို့ဘာသာထောက်ပံ့ပေးပြီး ရိက္ခာများကို ဂရုစိုက်ရန် လိုအပ်သော်လည်း ဂုဏ်သရေရှိကလန်များကိုင်စွဲထားသော သြဇာလွှမ်းမိုးမှုကို ထည့်သွင်းစဉ်းစားကြည့်ပါက ပြဿနာလုံးဝမရှိလောက်ပေ။
ထို့အပြင် ကလန်ကျွမ်းကျင်သူများကို စစ်တပ်ထဲသို့စေလွှတ်ခြင်းဖြင့် သက်ဆိုင်ရာ သခင်လေးများ၏ လုံခြုံရေးကိုစိတ်ချရနိုင်မည်လည်းဖြစ်ပြီး သူတို့မှပြုလုပ်ခဲ့သောအကျိုးဆောင်မှုများကို ထိုသခင်လေးနှင့် ကလန်ဆီသို့ပြန်လည်ထည့်တွက်ပေးမည်ဖြစ်သည်။
ဤသည်က ထိုသခင်လေးသည် ယခင်ကထက်ပိုမိုလျင်မြန်စွာ ရာထူးတိုးနိုင်သည်ဟုဆိုလိုပေသည်။
တစ်နည်းအားဖြင့် ဤသည်က တော်ဝင်ရုံးတော်သည် သူတို့ဆီစစ်သည်များ စေလွှတ်ခြင်းထက်ပိုမိုကောင်းမွန်ပေသည်။
ထို့ကြောင့် ဤသည်မှာ သခင်လေးနှင့် သူတို့နောက်ကွယ်ရှိ ဂုဏ်သရေရှိကလန်များ အပြင်တော်ဝင်ရုံးတော်နှင့်တိုင်းပြည်တစ်ခုလုံး၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးသည့် မူဝါဒဖြစ်သည်။ သို့သော် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားရန်မှာ မလွယ်ကူပေ။
ဤမူဝါဒသည် သခင်လေးများနှင့် သူတို့နောက်ကွယ်ရှိ ကလန်များကို အရေးပါသော စစ်ရေးအာဏာကို ပေးအပ်မည်ဖြစ်သောကြောင့် စစ်တပ်အတွင်း မတည်မငြိမ်ဖြစ်မှုနည်းပါးစေရန်အတွက် ဤသဘောတူညီချက်ကို ကမ်းလှမ်းခံရသောသခင်လေးများကို ဂရုတစိုက်ရွေးချယ်မည်ဖြစ်ပြီး သူတို့၏ အရေအတွက်များ ကန့်သတ်ထားပေမည်။ ထို့ကြောင့်သိပ်မဝေးတော့သည့်အနာဂတ်တွင် ကလန်များစွာတို့သည် ဤအခွင့်အရေးအတွက် တိုက်ခိုက်ကြပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ ဝမ်ချောင်သည် ဤအစပြုမှုကို ကမ်းလှမ်းခံသူများ၏ အစောဆုံးအသုတ်ထဲတွင်ဖြစ်သည်။
ထိုကဲ့သို့ ဘုရားပေးသည့် အခွင့်အရေးတစ်ခုကို ဝမ်ချောင်မည်သို့လက်လွှတ်နိုင်မည်နည်း။
"ဟားဟားဒါဆိုဒီကိစ္စကရှင်းပါတယ်။ မင်းကတတိယမစ်ရှင်မှာ ဝင်ပါဖို့ဆုံးဖြတ်ပြီးပြီမို့ ငါဘယ်လိုလုပ် ငါ့ကိုယ်ငါထွက်သွားခွင့်ပြုနိုင်တော့မှာလဲ။"
ရှုကန်းဆုံးဖြတ်ချက်ချလိုက်ကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ဟီးဟီး ဒါက ကောင်းမွန်တဲ့အခွင့်အရေးပဲ။ ငါ့ကိုလည်းထည့်တွက်လိုက်။"
တခစ်ခစ်ရယ်မောနေသည့် ဟွမ်ရုံတုသည်လည်း သူ့ရပ်တည်ချက်ကိုဖော်ပြလိုက်သည်။
ဤသို့ဖြင့် ဝမ်ချောင်၊ရှုကန်းနှင့်ဟွမ်ရုံတုတို့ ပိုင်စီလင်ကိုကြည့်လိုက်ကြ၏။
"ဟမ် ဒါပေါ့ ငါလည်း နင်တို့အားလုံးနောက်လိုက်မှာ။"
ပိုင်စီလင် သူမဆံသားကို နားထင်နောက်သို့ ကျက်သရေရှိစွာ ပို့လိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"ဒီလူနောက်လိုက်ကတည်းက ငါဒုက္ခမရောက်ခဲ့ရဘူး။ ငါရရှိခဲ့တဲ့ ရွှေပြားသန်းအတော်များများနဲ့ ကလန်ထဲက ငါဦးလေးတွေ
ကတောင်မနာလို ဖြစ်ကြလိမ့်မယ်။ နင်ကတတိယမစ်ရှင်မှာ ပါဝင်ဖို့အရမ်းစိတ်အားထက်သန်နေတာကြောင့် အဲကနေရနိုင်တဲ့ အကျိုးအမြတ်ကောင်းတချို့ရှိရမယ်။ နင်ငါ့ကိုချန်ထားမှာမဟုတ်ဘူးမလား။"
ပိုင်စီလင် ဝမ်ချောင်ကို ကြောက်စရာကောင်းသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
"ဒါပေါ့ချန်မထားပါဘူး။"
ခါးသီးသည့် အပြုံးတစ်ခုဖြင့် ဝမ်ချောင်သူ့လက်ကို ချက်ချင်းဝေ့ယမ်းလိုက်သည်။
ပိုင်စီလင်၏ စကားလုံးများသည် ရိုးရှင်းကာ ကြမ်းကြုတ်ပြီး တဲ့တိုးဆန်လှသည်။ သို့သော် သူမမှန်ကန်သည့်အရာတစ်ခုရှိသည်။ ဆုလာဘ်များက လူတစ်ဦးကိုတွန်းအားဖြစ်စေ၏။
ဝမ်ချောင်သည် ဘာမှရဖို့မရှိပါက တတိယမစ်ရှင်တွင် ပါဝင်ရန်စိတ်အနှောက်အယှက်ဖြစ်ခံမည်မဟုတ်ပေ။ ထို့ကြောင့် ဤရှု့ထောင့်တွင်... မိန်းမတစ်ယောက်၏ အလိုလိုသိစိတ်သည် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလှသည်။
"ခင်ဗျားတို့ ကျွန်တော့်ကိုကြည့်စရာမလိုပါဘူး။ ကျွန်တော်တို့က ခင်ဗျားတို့ ဘယ်လိုပဲဆုံးဖြတ်ပါစေလိုက်နာမှာပါ။ ကျွန်တော်တို့စစ်သားတွေအတွက် အငြိမ်းစားယူချိန်အထိ အနားယူခြင်းမျိုးမရှိပါဘူး။ ကျွန်တော်တို့ရဲ့တစ်ခုတည်းသောတာဝန်က ကျွန်တော်တို့ထံ ပေးအပ်လာတဲ့အမိန့်တွေကိုဖြည့်ဆည်းပေးဖို့ပါပဲ။"
လူတိုင်း၏အကြည့်က သူ့ဆီရောက်လာသည်ကိုကြည့်ကာ ကျန်းလင်ချက်ချင်းလက်ဝေ့ယမ်းလိုက်ပြီး သူတို့ကိုစိတ်ချစေလိုက်သည်။
တော်ဝင်ရုံးတော်က စစ်သည်များကို အရင်မရွေးချယ်စေခဲ့ခြင်းမှ ကောက်ချက်ချ၍ရသည့်အရာများစွာရှိပေသည်။
ကျန်းလင်၏ တုံ့ပြန်မှုအပေါ် ဝမ်ချောင် တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်။ သူ့အမြင်မှနေ၍ ဤသို့သောကိစ္စမှာလုံးဝသဘာဝဖြစ်သည်။ တစ်ဖက်လူက မည်သို့တုံ့ပြန်လိမ့်မည်ဆိုသည်ကို အစကတည်းကသူသိသောကြောင့် မေးမြန်းခြင်းဖြင့် အလုပ်ရှုပ်ခံမနေတော့ပေ။
ပိုင်စီလင်၏ မျက်လုံးထဲတွင် စာနာသနားသည့်အကြည့်တစ်ခုပေါ်လာခဲ့သည်။
သေခြင်း၊ရှင်ခြင်းကို ရဲရင့်စွာဖြတ်ကျော်ခဲ့ကြသည့် ရဲဘော်ရဲဘက်များအနေဖြင့် ပိုင်စီလင်သည် သူတို့၏ဆန္ဒကိုဆန့်ကျင်ပြီး အန္တရာယ်ထဲသို့ သူတို့အားတွန်းအားမပေးချင်ခဲ့ပေ။ သူတို့ထဲက တစ်ယောက်ယောက်က ဆက်လုပ်ရန် တွန့်ဆုတ်နေခဲ့လျှင် သူမသူတို့ကို ဘေးကင်းစွာပြန်ပို့ချင်ပေသည်။
သို့သော်လည်း ကျန်းလင်၏ စကားလုံးများက ကျယ်လောင်လှပြီး ရှင်းလင်းလှ၏။ စစ်သားများသည် ထိုသို့သောဆုံးဖြတ်ချက်များကို ချမှတ်ပိုင်ခွင့်မရှိပေ။ မဟုတ်ပါက ၎င်းကိုအာဏာဖီဆန်ခြင်းအဖြစ်ပင်ယူဆနိုင်သည်။
ဤအရာကို နားလည်ထားသောကြောင့် ပိုင်စီလင် စိတ်ထဲတွင် သာသက်ပြင်းချလိုက်မိသည်။
ဆုံးဖြတ်ချက်ချပြီးနောက် သူတို့သည် လုံရှီသို့ စတင်ခရီးနှင်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူတို့သည် တကယ့်စစ်ပွဲနှင့်ရင်ဆိုင်ရပေမည်။
------------------------
အပိုင်း ၃၆၄
တတိယစုဝေးရာနေရာ
"နောက်စုဝေးရာနေရာက ရှေ့နားလေးတင်ပဲ။ အဲနေရာက ထောက်ပို့အနေနဲ့လည်း တာဝန်ယူထားတယ်၊ ကျွန်တော်တို့ရဲ့ ဆုံးရှုံးသွားတဲ့ မြင်းတွေကို အဲမှာ အစားထိုးလဲလှယ်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ပစ္စည်းတန်ဆာပလာကို အဲမှာ ပြင်ဆင်နိုင်မှာဖြစ်တယ်။"
လက်ထောက်ကျန်းလင်က ဝမ်ချောင်၊ ရှုကန်းနှင့် အခြားသူများကို ပြောလိုက်၏။ သူတို့သည် တောင်များထူထပ်စွာ ကာရံနေသည့် အဓိကလမ်းမကြီးတစ်လျှောက် ခရီးနှင်နေခဲ့ကြခြင်းဖြစ်သည်။
လက်ရှိ သူတို့အစိုးရိမ်ဆုံးအရာမှာ သူတို့၏ မြင်းများဖြစ်ကြသည်။ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရချိန်က သူတို့အများစု၏ မြင်းများသည် သတ်ဖြတ်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။
လက်ရှိအချိန်၌ သူတို့အများစုမှာ ကျောက်အန်းကို သတ်ဖြတ်ပြီးနောက် တိုက်ပွဲတွင် သူတို့သတ်ဖြတ်ခဲ့ကြသည့် မြင်းစီးဓားပြများဆီမှ မြင်းများကို အစားထိုးအသုံးပြုနေကြခြင်းဖြစ်သည်။
သို့သော်လည်း စစ်တပ်မှ စစ်မြင်းများနှင့် မြင်းစီးဓားပြများ အသုံးပြုကြသည့် မြင်းများအကြား ကြီးမားသည့် ကွာဟမှုရှိသေးသည်။ စစ်မြင်းများသည် တင်းကြပ်သည့် လေ့ကျင့်ခြင်းကို ခံခဲ့ကြရပြီး ၎င်းတို့သည် သူတို့ကို မောင်းနှင်သူများ၏ အချက်ပြမှုများနှင့် ရည်ရွယ်ချက်များကို နားလည်နိုင်ကြသည်။ ထို့အပြင် ၎င်းတို့၏ မရီဒျန်းများနှင့် သွေးကြောများမှတဆင့် ထူးခြားသည့် လှည့်ပတ်ခြင်းလမ်းကြောင်းတစ်ခုမှနေ၍ ၎င်းတို့သည် မြင်းစစ်သည်၏ ချီစက်ကွင်းစွမ်းအားကို အသုံးချနိုင်ပြီး ၎င်းတို့၏စွမ်းရည်ကို မြှင့်တင်နိုင်ကြသည်။
ဤအရာမှတဆင့် မြင်းစစ်သည်တစ်ယောက်၏ တဟုန်ထိုးချီတက်တိုက်ခိုက်မှုစွမ်းအားကို အပြင်းထန်ဆုံးဖြစ်သွားစေနိုင်သည်။
တစ်ဖက်တွင်မူ မြင်းစီးဓားပြများ၏ မြင်းများသည်တော့ ထိုကဲ့သို့ လေ့ကျင့်ခြင်းမျိုးကို မခံခဲ့ကြရပေ။
သာမန်ကိစ္စရပ်များအတွက် ထိုမြင်းများကို စီးနှင်းရန် အဆင်ပြေနိုင်သော်လည်း တိဗက်စစ်တပ်ကို ရင်ဆိုင်ရမည့် တိုက်ပွဲတစ်ခုတွင် အဆင်ပြေလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် စစ်မြင်းများကို ဆုံးရှုံးထားကြသည့် မြင်းစစ်သည်အများစုတို့သည် ဤပြဿနာကို စိုးရိမ်နေခဲ့ကြသည်။
---
"ငါတို့ ရောက်ပြီ"
ကွေ့ကောက်သောလမ်းတစ်လျှောက် အပြင်းနှင်ပြီးနောက် အဖွဲ့သည် နောက်ဆုံးတွင် မစ်ရှင်၏ တတိယစုဝေးရာနေရာသို့ ရောက်လာခဲ့ကြသည်။
ဤနေရာက အရာရှိများမှ ဆောက်လုပ်ထားသော အနားယူရာနေရာဖြစ်၍ အစောင့်များ ထူထပ်စွာ ချထားခဲ့သည်။ မျက်နှာပေါ်တွင် ခက်ထန်သည့် အမူအရာဖြင့် မတ်တပ်ရပ်စောင့်ကြပ်နေကြသော စစ်သည်များကို မြင်တွေ့နိုင်သည်။ သူတို့၏ ခြေဖဝါးအောက်တွင် ဂယက်ထနေသော ဆူးချွန်ချီစက်ကွင်းများက သူတို့သည် အားလုံးအစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြကြောင်း ညွှန်ပြနေခဲ့သည်။
အနားယူရာနေရာ၏ ပတ်၀န်းကျင်တွင် တော်တော်လေးကြီးမားသည့် လူအုပ်ကြီးတစ်ခု လှုပ်ရှားသွားလာနေကြသော်လည်း သူတို့အားလုံးနီးပါးမှာ မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ် ဖြစ်နေကြ၏။ သူတို့ကြားထဲတွင် စိတ်ဓာတ်များ လျော့ကျနေပုံရသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်ချောင် မှတ်ချက်ပြုလိုက်၏။
"ကြည့်ရတာ ငါတို့လေးယောက်ကပဲ ဒီနေရာကို ပို့ဆောင်ခံခဲ့ရသူတွေမဟုတ်ဘူးပဲ။"
ရှုကန်း၊ ဟွမ်ရုံတုနှင့် ပိုင်စီလင်တို့သည် ထူးဆန်သည့် အမူအရာများဖြင့် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်ကြသည်။ သူတို့ရှေ့ရှိ လူအုပ်ကြီးကို တစ်ချက်ကြည့်ရုံမျှဖြင့် လူငယ်အနည်းငယ်က သားနားသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြကြောင်း သူတို့ အလွယ်တကူ မြင်တွေ့နိုင်သည်။ သူတို့ကလည်း လေ့ကျင့်ရေးစခန်းများမှ ကျောင်းသားများ ဖြစ်ကြဖို့ အခွင့်အရေးများသည်။
ကြည့်ရသည်မှာ စစ်မှုထမ်းဌာနမှ တပ်ဖြန့်ချထားခြင်းညွှန်ကြားချက်များကို လက်ခံရရှိခဲ့သူများမှာ သူတို့ချည်း ဟုတ်ပုံမရပေ။ ဒေသတွင်း ၎င်းတို့၏ မစ်ရှင်များကို ထမ်းဆောင်ခဲ့ကြသော တပ်သားသစ်များသည်လည်း ဤနေရာသို့ ဆင့်ခေါ်ခံခဲ့ကြရ၏။
"ဒီမှာခဏစောင့်"
မည်သူမျှ မတုံ့ပြန်နိုင်မီ ပိုင်စီလင်သည် သူမ၏ပေါင်များဖြင့် သူမ၏မြင်းကို ရုတ်တရက်ပုတ်လိုက်ပြီး ရှေ့သို့ ဒုန်းဆိုင်းလိုက်သည်။
"ဟင်"
ဇဝေဇဝါဖြစ်သွားခဲ့ကာ ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်၏။ သို့သော် မကြာမီ ပိုင်စီလင်က သူမနှင့် ယှဉ်နိုင်သော ထူးကဲသည့်အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် အနီရောင်ဝတ်မိန်းမပျိုတစ်ယောက်ကို လှမ်းဆွဲလိုက်သည်ကို သူ မြင်လိုက်ရသည်။
"ဆိုတော့ သူမက အသိအကျွမ်းတစ်ယောက်ကို တွေ့လိုက်ရလို့ပေါ့။"
ဝမ်ချောင် နားလည်သွားခဲ့ကာ နဖူးကြောများ ပြေလျော့သွားခဲ့၏။
ပိုင်စီလင်နှင့် ထိုမိန်းမပျိုတို့သည် ဤနေရာသို့ မလာမီ တခဏမျှ စကားပြောနေခဲ့ကြသည်။
"ယာ့ထုံ ဒါက ရှုကန်း၊ ဒါက ဟွမ်ရုံတု တဲ့။ ရှုကလန်နဲ့ ဟွမ်ကလန်တို့က မြို့တော်မှာ အားကောင်းတဲ့ ကလန်တွေပဲ ဒါကြောင့် နင် သူတို့ကို ကြားဖူးလောက်မှာပါ။ ဒီလူကတော့... သူက အဲဒီဝမ်ချောင် ဆိုတဲ့လူပဲ။"
ပိုင်စီလင် သူ့ကိုတော့ ရှုပ်ထွေးနေသည့် အမူအရာဖြင့် မိတ်ဆက်ပေးလိုက်၏။
'ဝမ်ချောင်' ဟူသော နာမည်ကို ကြားသည်နှင့် ထိုအနီရောင်ဝတ်မိန်းမပျို၏ မျက်လုံးများထဲတွင် အံ့အားသင့်နေမှု ပေါ်လာခဲ့ကာ သူ့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။
"နင်တို့ငနဲတွေအတွက်တော့ ဝမ်းသာကြ။ ဒီမိန်းမပျိုက ကျိုးကလန်က ယာ့ထုံပဲ။ နင်တို့တွေ သူမကို သေချာပေါက် ကြားဖူးကြတယ်မလား။"
ပိုင်စီလင် ဝမ်ချောင်တို့ဖက်လှည့်လိုက်ပြီး သူမ၏ သူငယ်ချင်းကို မိတ်ဆက်ပေးလိုက်သည်။
"ငါသိပြီ၊ ဆိုတော့ သူမက ယာ့ထုံရှောင်ကျဲပေါ့။"
အနီရောင်ဝတ်မိန်းမပျိုး၏ နာမည်ကို ကြားလိုက်ရသည်နှင့် ရှုကန်းနှင့် ဟွမ်ရုံတုတို့ ချက်ချင်း ယဉ်ကျေးစွာ ဦးညွှတ်လိုက်ကြပြီး သူမကို နှုတ်ဆက်လိုက်ကြသည်။ ဝမ်ချောင် တစ်ဦးတည်းသာ တွေဝေနေသည့် အမူအရာဖြင့် ကျန်နေခဲ့၏။
'ကျိုးယာ့ထုံ... ကောင်းပြီ တစ်ဖက်လူရဲ့နာမည်ကို ငါအခုသိနေပြီ ဒါပေမယ့် ငါက သူမကို သိနေခဲ့ရမှာလား။'
သို့သော် သူသည် တစ်ဖက်လူကို ယခင်က လုံးဝမကြားခဲ့ဖူးပေ။
"မင်း သူမကို မသိဘူးလား။ ဒါဆို မြို့တော်ရဲ့ ကျိုးကလန်က ကြက်သွေးရောင်မီးတောက်လှံကို မင်းသေချာပေါက် ကြားဖူးတယ်မလား။"
ဝမ်ချောင်၏ တွေဝေမှုကို သတိပြုမိလိုက်ကာ ဟွမ်ရုံတု အနည်းငယ်ကိုင်းလိုက်ပြီး တိတ်ဆိတ်စွာ တီးတိုးပြောလိုက်သည်။
"ကြက်သွေးရောင်မီးတောက် လှံလား"
ဝမ်ချောင် စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်၏။ ထိုဂုဏ်ပုဒ်သည် ကောင်းမွန်လှသော်လည်း သူ ယခင်က မကြားခဲ့ဖူးပေ။
"လခွမ်း မင်း တကယ်ပဲ သူမကို မသိဘူးလား။"
သူ အားလုံး ပြောပြခဲ့ပြီးပြီဖြစ်သော်လည်း ဝမ်ချောင်က အူတူတူအတတဖြစ်နေသေးသည်ကို သိရှိလိုက်ကာ ဟွမ်ရုံတု သူ့ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်မိသည်။
'သောက်ကျိုးနည်း ငါက သူမကို မသိလို့မရလောက်အောင် သူမက တကယ်ပဲ အဲလောက်အရေးကြီးတာလား။'
"ကြက်သွေးရောင်မီးတောက်လှံကို မင်း မသိရင်တောင်မှ ယောင်ကလန်က ယောင်ဝမ့်ရှုန်းကိုတော့ မင်း သေချာပေါက် ကြားဖူးလောက်မှာပါ။"
သူ့ရှေ့ရှိ ဗြုန်းစားအခြေအနေကြောင့် ဝမ်ချောင် မည်ကဲ့သို့ လုံးဝဦးနှောက်ခြောက်နေခဲ့သည်ကို ကြည့်ကာ ရှုကန်းသည်လည်း ဝင်မပါဘဲ မနေနိုင်တော့ပေ။ ဝမ်ချောင်သည် လက်တလောတွင် မြို့တော်ရှိ အလေးစားခံရဆုံးသော သခင်လေးတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိသော်လည်း သူသည် သူတို့၏လူမှုအသိုင်းအဝိုင်း၏ အဆက်အသွယ်များနှင့် နားလည်သဘောပေါက်မှုတို့ကို အများကြီး ပြတ်လပ်နေပုံရသည်။
တစ်ဖက်တွင်မူ သူ့ရှေ့ရှိ အခြေအနေကြောင့် ဝမ်ချောင်သည်လည်း အနည်းငယ်ရှက်ရွံ့သွားခဲ့၏။
သူသည် သူ့ယခင်ဘဝရှိ အစောပိုင်းနေ့ရက်များကို ဝေ့ဟို၊ မာကျောက်နှင့် သူ့ယခင်ဘဝရှိ အခြားအပေါင်းအသင်းများနှင့် အချိန်ဖြုန်းနေခဲ့ချိန်တွင် ရှုကန်းနှင့် အခြားသခင်လေးများသည် သူနှင့် အလွန်ဝေးကွာလှသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ သူသည် ဤကြီးမြတ်သောလောကထဲတွင် မရှိခဲ့သောကြောင့် သူတို့၏အသိုင်းအဝိုင်းအကြောင်းကို သူမည်သို့သိနိုင်မည်နည်း။
"အင်း ငါ သူ့ကိုတော့ ကြားဖူးတယ်။"
ဝမ်ချောင် ခေါင်းညိတ်လိုက်၏။
သခင်ကြီးယောင်တွင် ယောင်ကွမ်ရီနှင့် ယောင်ဖုန်းဟူသော သားတစ်ဦးနှင့် မြေးတစ်ဦးသာ ရှိသော်လည်း ထိုသည်က ယောင်ကလန်သည် မျိုးဆက်များပြတ်လပ်နေသည်ဟု မဆိုလိုပေ။
ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် မျိုးဆက်များနှင့် ပြည့်လျှံနေခဲ့ကြသည်။
ယောင်ကလန်၏ အခြားမိသားစုအခွဲ အများစုတို့သည် သခင်ကြီးယောင်နှင့် ဆက်သွယ်မှုများမှတစ်ဆင့် ကြီးပွားတိုးတက်လာခဲ့ကြသည်။
ယောင်ဝမ့်ရှုန်း၏ အဖိုးက သူတို့ထဲမှ တစ်ဦးဖြစ်၏။ သူသည် သခင်ကြီးယောင်၏ သွေးသားရင်းချာညီအစ်ကိုဖြစ်ပြီး ၎င်းက မိသားစုနှစ်စုကြား အလွန်ရင်းနှီးသောဆက်ဆံရေးကို ဖြစ်ပေါ်စေခဲ့သည်။
ယောင်ကလန်တွင် ယောင်ဝမ့်ရှုန်းကို ယောင်ဖုန်းထက် များစွာ ပါရမီရှိသော ရှားပါးလှသည့် ပါရမီရှင်တစ်ဦးအဖြစ် သိကြပြီး ငယ်ရွယ်စဉ်ကတည်းက အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ရောက်ရှိခဲ့သည်။
ထိုအချိန်က ဝမ်ချောင်၏ ဒုတိယအစ်ကို ဝမ်ဘိုင်နှင့် ယောင်ဖုန်းတို့ စကားများခဲ့ကြပြီး သူ၏ စိတ္တဇရူးသွပ်ရောဂါက ရုတ်တရက်ထဖောက်လာသောအခါ ယောင်ဝမ့်ရှုန်း၏ အချိန်ကိုက်ပေါ်လာပြီး ယောင်ဖုန်းနှင့်အတူ ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့်မဟုတ်ပါက ယောင်ဖုန်းသည် ခုချိန်တွင် မသန်မစွမ်း သို့မဟုတ် သေပင်သေသွားခဲ့ပြီး ဖြစ်နိုင်သည်။
ထိုဖြစ်ရပ်ပြီးနောက် ယောင်ဝမ့်ရှုန်းသည် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သော်လည်း စိတ္တဇရူးသွပ်အခြေအနေတွင်ရှိနေသည့် ဝမ်ဘိုင်ကို ရင်ဆိုင်နိုင်ခဲ့သည် ဟူသောအချက်ကပင် သူ့ခွန်အားအကြောင်းကို ကျယ်လောင်စွာ ပြောပြနေခဲ့သည်။
"အဲအချိန်က ယောင်ဝမ့်ရှုန်းကတောင် ကျိုးကလန်ရဲ့ ကြက်သွေးရောင်မီးတောက်လှံကို မြင်တဲ့အခါတိုင်း လမ်းလွှဲသွားခဲ့ရတယ်။ ဒီကနေ သူမက ဘယ်လောက်အထိအားကောင်းသလဲဆိုတာ မင်း ခန့်မှန်းနိုင်လောက်မှာပါ။"
ရှုကန်း ထပ်ဖြည့်ပြောလိုက်သည်။
လက်ရှိတွင် ယောင်ဝမ့်ရှုန်းသည် ထျန်းဇူတောင်သို့ ကျင့်ကြံရန် သွားရောက်ခဲ့ပြီး ထိုနေရာရှိ အားကောင်းသော ဧကရာဇ်သက်တော်စောင့်နည်းပြဆရာများ၏ လေ့ကျင့်ပေးမှုအောက်တွင် သူမည်မျှ အစွမ်းထက်လာလိမ့်မည်ကို စိတ်ကူးကြည့်ရန် လွယ်ကူပေသည်။
သို့သော်ငြားလည်း ယောင်ဝမ်ရှုန်းက ကြက်သွေးရောင်မီးတောက်လှံ၏ ယှဉ်ပြိုင်ဘက်မဟုတ်သည်ကတော့ အမှန်တရားတစ်ခုဖြစ်သည်။ ထိုသည်မှာ သူ့ရှေ့ရှိ ထိုမိန်းမပျိုသည် အားကောင်းသောကြောင့်သာ မဟုတ်ပေ။ သို့သော် ထိုသည်မှာ ကျောက်ကလန်တွင် ကလန်ထဲရှိ အမျိုးသမီးများကိုသာ လက်ဆင့်ကမ်းခဲ့သော "လောင်မြိုက်နေသည့်မီးတောက်လှံ" ဟု အမည်ရသည့် ပြိုင်ဘက်ကင်းလှံနည်းစနစ်ရှိသောကြောင့်ဖြစ်သည်။ အဆိုပါနည်းစနစ်တွင် လေ့ကျင့်သူကို သူမထက် တော်တော်လေးမြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်ရှိသူများကို ယှဉ်ပြိုင်ဆိုင်နိုင်စေသည့် အစွမ်းထက်သော လှုပ်ရှားမှုအနည်းငယ်ပါရှိကြောင်း သိထားကြသည်။
ထိုသည်ကို သုံးသပ်ကြည့်ပါက ယောင်ဝမ့်ရှုန်းအတွက် သူမကို ထိပ်တိုက်တွေ့ရန်မှာ ရူးမိုက်ခြင်းဖြစ်ပေလိမ့်မည်။
ဝမ်ချောင်သည် ကျိုးယာ့ထုံ သို့မဟုတ် သူမ၏ အခြားနာမည်များကို ယခင်က မကြားခဲ့ဖူးသော်လည်း သူမက ယောင်ဝမ့်ရှုန်းကို နှိမ်နှင်းနိုင်သည့်အချက်မှာ သူ့အတွက် အကြီးအကျယ် အံ့အားသင့်စရာ ဖြစ်သွားခဲ့သည်။ ထိုသည်မှ ချင့်ချိန်ရလျှင် သူမသည် နယ်စားငယ်ရီ၊ ပိုင်စီလင်တို့နှင့် အဆင့်တူ ဖြစ်ဖို့များသည်။
"ရှင်တို့ ပြောလို့ပြီးပြီလား။"
ကျိုးယာ့ထုံသည် စကားဖြတ်မပြောမီ ထိုသုံးယောက် ပြောပြီးသည်အထိ စောင်နေခဲ့သည်။ သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးရိပ်တစ်ခုရှိနေခဲ့ပြီး သူမ ရှေ့သို့ အနည်းငယ် ယိုင်းလိုက်သောအခါတွင် သူမ၏ ကြက်သွေးရောင်နှုတ်ခမ်းပါးများနှင့် ဖြူဝင်းသော အသားအရေများအကြား သိသိသာသာကွာခြားမှုကို မြင်နိုင်ပြီး အလွန်မှ ဆွဲဆောင်မှုရှိလှသည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် ကိုးရိုကားရားအပြုံးများဖြင့် တောင်းပန်ခြင်းမပြုမီ တစ်ခဏမျှ ငေးမောသွားခဲ့ကြသည်။
သူတို့သည် တစ်ဖက်လူရှေ့တွင် တီးတိုးပြောနေခဲ့ကြပြီး သူမက မကြားနိုင်ခဲ့လျှင်ပင် သူတို့ပြောနေသည့်အရာကို ခန့်မှန်းရန် အရမ်းကြီးမခက်ခဲပေ။
"ဟမ်း"
ထိုသုံးယောက်၏ တုံ့ပြန်မှုကို ကြည့်ကာ ပိုင်စီလင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ယောက်ျားသားများသည် လှပသည့် မိန်းမများနှင့် မျက်နှာချင်းဆိုင်ရာတွင် သူတို့၏ မျက်လုံးများကို မဖယ်ခွာနိုင်ကြသော သတ္တဝါများဖြစ်ကြသည်။
ကံကောင်းစွာဖြင့် ဝမ်ချောင်သည် အနည်းငယ်အရေထူသောကြောင့် သူ လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
သူ မေးလိုက်၏။
ဝမ်ချောင်က စကားဝိုင်းကို လေးနက်သောကိစ္စရပ်များဆီသို့ တွန်းပို့လာသည်ကို မြင်လိုက်ရသောအခါ ပိုင်စီလင်၏ စိတ်အနှောင့်အယှက်ဖြစ်မှု အနည်းငယ် လျော့ကျသွားခဲ့သည်။ သူမသည် လုံ့ဝေလေ့ကျင့်ရေးစခန်းမှ သူမ၏အရင်းနှီးဆုံးသူငယ်ချင်းကို ထိုယောက်ျားများအတွက် မျက်စိအစာကျွေးရန် ခေါ်လာခဲ့ခြင်းမဟုတ်ပေ။
ပိုင်စီလင် အနီရောင်ဝတ်မိန်းမပျိုဆီသို့ လှည့်လိုက်ပြီး ပြောလိုက်သည်။
"ယာ့ထုံ နင်က ငါတို့ထက် စောရောက်လာခဲ့တယ်။ ဒီနေရာက ကိစ္စရပ်တွေကို ငါတို့ထက် နင်ပိုရင်းနှီးလောက်တယ် ဒါကြောင့် အခြေအနေတွေကို ရှင်းပြဖို့ နင့်ကိုပဲ အားကိုးရတော့မယ်။"
"အင်း"
ယာ့ထုံ အခြေအနေကို လျင်မြန်စွာ ရှင်းမပြမီ ခေါင်းညိတ်လိုက်သည်။
ဝမ်ချောင်တို့အုပ်စုသည် ဤမစ်ရှင်တွင်ပါဝင်ခဲ့ကြသော မဟာလေ့ကျင့်ရေးစခန်းသုံးခုမှ တစ်ဦးတည်းသော လူများမဟုတ်ခဲ့ကြပေ။ အမှန်တွင် သန်မာသော တပ်သားသစ်အချို့ကို လေ့ကျင့်ရေးစခန်းများ စတင်ပြီးနောက် မကြာမီတွင် ဤမစ်ရှင်ပေးအပ်ခဲ့သည်။
ကျိုးယာ့ထုံနှင့် သူမ၏ အုပ်စုတို့သည် အစောဆုံးအသုတ်များထဲမှ တစ်ခုဖြစ်သည်။
သူတို့၏ မစ်ရှင်ပါအကြောင်းအရာများသည် ကွဲပြားကြသော်လည်း သူတို့ယူထားသည့် မစ်ရှင်သည် အညီအမျှ အန္တရာယ်များကြသည်။ သူမ၏ အုပ်စုတွင် လူနှစ်ယောက်သည် လူများစွာ ဆုံးရှုံးပြီးနောက် လေ့ကျင့်ရေးစခန်းများသို့ ပြန်သွားခဲ့ကြသည်။
သူမ၏ အံ့မခမ်းခွန်အားကြောင့် ကျိုးယာ့ထုံသည် လူများစွာ ဆုံးရှုံးခြင်းကို ခံစားရခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ ထို့ကြောင့် တိဗက်တပ်ဖွဲ့ကို ရင်ဆိုင်သည့် စစ်ဆင်ရေးတွင် ပါဝင်ရန် စစ်မှုထမ်းဌာနက သူမကို အမိန့်ပေးခဲ့သည်။
ဤနေရာသို့ ရောက်လာပြီးနောက်မှသာ မဟာထန်ပိုင်နှက်အတွင်း လျှောက်သွားနေကြသည့် တိဗက်တပ်ဖွဲ့ကို ချေမှုန်းရန် တူညီသည့် အမိန့်များကို လက်ခံရရှိခဲ့ကြသော အခြားလူများစွာ ရှိကြသေးကြောင်း သူမ သိရှိခဲ့ရသည်။
လုံရှီသည် တိဗက်၏ ကုန်းပြင်မြင့်များနှင့် ထိစပ်နေခဲ့သည်။ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လုံရှီတွင် အဆုံးသတ်ရန် အုပ်စုမှ ကွဲထွက်လာခဲ့သည့် တိဗက်တပ်သားအချို့ရှိသည်မှာ ရှားပါးလှသည်တော့ မဟုတ်ပေ။
၎င်းတို့၏ မြေမျက်နှာသွင်ပြင်နှင့် ရင်းနှီးမှုမရှိခြင်းကြောင့် ၎င်းတို့သည် မဟာထန်၏နယ်မြေထဲသို့ မကြာခဏဆိုသလို နက်ရှိုင်းစွာ ဝင်ရောက်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ အုပ်စုတစ်စုသည် မဟာထန်၏နယ်မြေထဲသို့ အလွန်နက်ရှိုင်းစွာ အရဲစွန့်လာသည်မှာ မကြုံစဖူးပင်။
"ရန်သူရဲ့အင်အားက သုံးရာပိုပိုပဲ သိပ်မများဘူး ဒါပေမယ့် သူတို့ရဲ့အဖွဲ့ဝင်တွေက သန်မာကြတယ်။ အတားအဆီးတွေချထားပြီး ဒေသတွင်းအင်အားစုတွေက လိုက်ဖမ်းကြပေမယ့် သူတို့က ဒီနေရာကို ရောက်လာနိုင်ခဲ့ကြတုန်းပဲ။ အမှန်တော့ ငါတို့မှာ အဖွဲ့ဝင်ရှစ်ရာလောက်ရှိပြီးတော့ သူတို့အားလုံးက ငါတို့ စစ်တပ်ရဲ့ ဝါရင့်စစ်မှုထမ်းတွေဖြစ်ကြတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ လူသုံးရာပါတဲ့တပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်မှုတစ်ခုအောက်မှာ ငါတို့ဟာ လူငါးရာလောက် ဆုံးရှုံးခဲ့ရတယ်။"
"အချုပ်ပြောရရင် ဒါက ဒီစစ်ဆင်ရေးမှာ ငါ့ရဲ့လေးကြိမ်မြောက် ပါဝင်ခြင်းဖြစ်ပြီး ငါ လူနှစ်ဆယ်ကျော် ဆုံးရှုံးခဲ့ရတယ်။ ဒီလိုဆိုပေမယ့် ငါ့ရဲ့ဆုံးရှုံးမှုက တခြားလူတွေနဲ့ယှဉ်ရင် နည်းတယ်လို့ ပြောလို့ရတယ်။ သူတို့ရဲ့တပ်စုတွေ ချေမှုန်းခံလိုက်ရတဲ့ လေ့ကျင့်ရေးစခန်းက တပ်သားသစ် အတော်များများ ရှိခဲ့ပြီး သူတို့ကိုယ်တိုင်တောင်မှ တိုက်ပွဲမှာ အသတ်ခံခဲ့ကြရတယ်။"
"ဒီစစ်ဆင်ရေးက ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ ဒါပြီးရင် လေ့ကျင့်ရေးစခန်းကို ပြန်ဖို့ ငါ ရည်ရွယ်ထားတယ်။"
ကျိုးယာ့ထုံ သုန်မှုန်စွာ ပြောလိုက်သည်။ ကြက်သွေးရောင်မီးတောက်လှံကို လက်လျှော့စေရန်မှာ သူမ၏ ရန်သူသည် တော်တော်လေးကြောက်မက်ဖွယ်ကောင်းရပေမည်။
ထိုစကားများကို နားထောင်ကာ ရှုကန်းနှင့် ဟွမ်ရုံတုတို့ အချင်းချင်း ကြည့်လိုက်မိကြသည်။
ဤမစ်ရှင်က လွယ်ကူမည်မဟုတ်ကြောင်း သူတို့ သိထားကြသည်။ သို့သော် ကျိုးယာ့ထုံထံမှ ယခုလေးတင်ရရှိထားသော သတင်းများက သူတို့မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ မဟာထန်ဝါရင့်စစ်မှုထမ်းရှစ်ရာအတွက် တိဗက်စစ်သည်သုံးရာကို ရှုံးနိမ့်ခဲ့ရန်မှာ ရန်သူများသည် အလွန်အားကောင်းနေခဲ့သည်မဟုတ်လော။
အဖွဲ့ကို ကြည့်လိုက်ကာ ပိုင်စီလင် လေးနက်စွာ ပြောလိုက်သည်။
"ဒီနေရာမှာ လေထုက ဘာလို့ အရမ်းအုံ့မှိုင်းနေရသလဲဆိုတာ နင်တို့သိပြီမဟုတ်လား။ တော်ဝင်ရုံးတော်က ဒီတိဗက်တပ်ဖွဲ့ကို ရင်ဆိုင်ဖို့ တန်ဖိုးကြီးကြီးတစ်ခု ပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ နယ်စပ်မှာ လူအင်အား ကျပ်တည်းနေပေမယ့် သူတို့က ဒီတိဗက်စစ်သားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရဲမက်တွေကို စေလွှတ်ဖို့ ပြင်ဆင်နေတယ်။ ဒါကြောင့် ဒါက ငါတို့ရနိုင်တဲ့ နောက်ဆုံးအခွင့်အရေးဖြစ်ဖို့များတယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် စစ်ကူတွေက တခြားသူတွေကို ကာကွယ်ဖို့ ပြင်ဆင်မှုတွေလုပ်နေရတာကြောင့် သူတို့ရောက်လာဖို့က ဆယ်ရက်လောက် အချိန်ယူရမယ်။ အဲနောက်မှာ တိုက်ပွဲက ပြီးသွားတာကြာပြီဖြစ်လိမ့်မယ်။"
---------------------
အပိုင်း၃၆၅
အခြေအနေများကိုခွဲခြမ်းစိတ်ဖြာခြင်း
ဤအနားယူရာနေရာတွင် နေနေခဲ့ကြသည့် လူအများစုမှာ ပြီးခဲ့သည့်စစ်ဆင်ရေးများတွင် ရှုံးနိမ့်ခဲ့ကြသော စစ်သားများဖြစ်ကြသည်။
တတိယမြောက်မစ်ရှင်သည် သူတို့တွေးထားသလောက်ရိုးရှင်းမနေခဲ့ပေ။ ရန်သူသည် သူတို့ စိတ်ကူးထားသည် ထက်များစွာသန်မာနေခဲ့၏။
"ပြီးတော့ အဲဒီတိဗက်တွေ ကလေးသခင်တွေရဲ့မြှားတွေကို တောင်တောင့်ခံနိုင်တဲ့ လေးလံတဲ့ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားကြတယ်။ သူတို့နဲ့တိုက်ခိုက်တဲ့အခါ ဒါကိုနင်တို့မှတ်ထားရမယ်။"
ကျိုးယာ့ထုံ ထပ်ဖြည့်ပြောလိုက်သည်။
အမှန်တကယ်တွင် သူမသည် ဤစစ်ဆင်ရေးကို အရမ်းကြီးအကောင်းမြင်စိတ်မရှိပေ။ အမှန်တွင် သူမသည် ဤမစ်ရှင်မှ ထွက်ခွာရန်စဉ်းစားထားခဲ့ပြီး အကယ်၍ သူမပိုင်စီလင်ကိုမတွေ့ခဲ့ပါက သူမထိုသို့လုပ်ပြီးဖြစ်ပေလိမ့်မည်။
ပိုင်စီလင်အတွက် သူမ၏စိုးရိမ်ပူပန်မှုကြောင့်သာ သူမသည် နောက်ဆုံးတိုက်ခိုက်မှုတွင် ပါဝင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
"လေးလံတဲ့ချပ်ဝတ်တန်ဆာလား။ အဲဒါကရင်ဆိုင်ရာမှာ တကယ့်ကိုပြဿနာဖြစ်လိမ့်မယ်"။
ရှုကန်း ပူပန်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ ရန်သူများက မည်မျှရင်ဆိုင်ရခက်သည်ဆိုသည်ကို သူနားလည်စပြုလာပြီဖြစ်သည်။
"အဲဒီ တိဗက်စစ်သားတွေရဲ့နောက်ခံကဘာလဲ။ သူတို့က ကောင်းကောင်းလေးဆင်ယင်ခံထားကြရပြီး နည်းနည်းလေးအားကောင်းလွန်းမနေကြဘူးလား"။
ဟွမ်ရုံတု အလွန်အံ့အားသင့်စွာမေးလိုက်၏။
မဟာထန်စစ်သားများကို ကောင်းစွာ ဆင်ယင်ခံထားရပြီးကောင်းစွာလေ့ကျင့်ခံထားရသူများ အဖြစ်သိကြသည်။ ထို့ကြောင့် လူရှစ်ရာပါရှိသော စစ်တပ်တစ်ခုကို လူသုံးရာပါရှိသော တိဗက်များက အနိုင်ယူနိုင်ခဲ့သည်မှာ ယုံကြည်ရန်အလွန်ခက်ခဲပေသည်။
"သူတို့က ဝူရှန်းရဲ့ဝူဟိုင် စစ်တပ်က လက်ရွေးစင်တွေပဲ။ အပေါ်က မြင်းစစ်သည်ကို ဖြစ်စေအောက်က မြင့်မားလှတဲ့မြင်းတွေကိုဖြစ်စေ သူတို့က လေးလံတဲ့ချပ်ဝတ်တန်ဆာတွေနဲ့လုံးဝကာကွယ်နိုင်ကြတယ်။ တိုက်ခိုက်မှုစွမ်းပကားမှာ ဖြစ်နိုင်တာက ကြယ်ခုနစ်ပွင့်စစ်တပ်ကပဲ သူတို့ကိုယှဉ်နိုင်လောက်တယ်။ သာမန်စစ်သည်တွေ အတွက် သူတို့ကိုရင်ဆိုင်ဖို့ခက်ခဲလိမ့်မယ်"။
ဤအချိန်မှာပင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ဝမ်ချောင်က ရုတ်တရက်စကားထပြောလိုက်ပြီး လူတိုင်း၏အာရုံကိုဆွဲယူလိုက်သည်။
ကျိုးယာ့ထုံ တွေဝေသွားခဲ့၏။ သူမသည် ထိုတိဗက်တပ်ဖွဲ့နှင့် အချိန်အကြာကြီးတိုက်ပွဲဝင်နေခဲ့ရသည်။ သို့သော် သူမသည် သူတို့၏ နောက်ခံနှင့်ပတ်သက်၍ မည်သည့်အရာမျှမစုဆောင်းနိုင်ခဲ့သေးပေ။ သို့တိုင်ဝမ်ချောင်ရောက်ပြီးသည်နှင့် ရန်သူကိုပင် မမြင်ရသေးသော်လည်း သူတို့၏နောက်ခံသမိုင်းကြောင်းကို သူခန့်မှန်းနိုင်နေပြီဖြစ်သည်။
"ငါ မင်းကို မေးပါရစေ သူတို့ချပ်ဝတ်တန်ဆာရဲ့ ဘယ်ဘက်ပခုံးပေါ်မှာ အနီရောင်ပိတ်ကြမ်းအထည်စရှိလား"။
ဝမ်ချောင် ကျိုးယာ့ထုံ တွေးနေသည့်အရာကိုအလွယ်တကူခန့်မှန်းနိုင်ပေသည်။
"နင်ဘယ်လိုသိတာလဲ"။
ကျိုးယာ့ထုံ အံ့အားတကြီးပင့်သက်ရှိုက်လိုက်မိသည်။
ဝမ်ချောင်မှန်ပေ၏။ ထိုတိဗက်စစ်သားများ ဝတ်ဆင်ထားသောချပ်ဝတ်တန်ဆာ၏ ဘယ်ဘက်ပုခုံးပေါ်တွင် အနီရောင်ပိတ်စတစ်ခုအမှန်တကယ်ရှိပေသည်။ သို့သော်လည်း ထိုပိတ်စက သူတို့၏ချပ်ဝတ်တန်ဆာထဲတွင် နက်ရှိုင်းစွာနစ်ဝင်နေသောကြောင့် ၎င်းသည် အတော်အတန်သေးငယ်ကာ ဂရုတစိုက် အာရုံမစိုက်မိပါက အလွယ်တကူလျစ်လျူရှုလိုက်နိုင်သည်။
ဖြစ်နိုင်သည်မှာ မိန်းကလေးတစ်ယောက်အနေနှင့် သူမ၏အနုစိပ်ကျသော သဘာဝကြောင့် ကျိုးယာ့ထုံ ဤအရေးမပါသည့်အချက်အလက်ကို သတိထားမိခဲ့ခြင်းဖြစ်သည်။
ယခုလေးတင်ရောက်လာရုံမျှဖြင့် ဤအရာများစွာကို မှန်းဆနိုင်ရန်မှာ သူမရှေ့ရှိလူငယ်လေးသည် မယုံနိုင်စရာကောင်းလှသည်။
အစပိုင်းတွင် ဤကောင်လေးအတွက် ပိုင်စီလင်က ချီးကျူးစကားများဆိုခဲ့သောအခါ ကျိုးယာ့ထုံသံသယရှိခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် သူမသည် ပိုင်စီလင်၏ စကားများထဲမှ အမှန်တရားအနည်းငယ်ကို နားလည်စပြုလာပြီဖြစ်သည်။
"အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ငါသိတာပဲ"။
အလယ်ပိုင်း လွင်ပြင်ဒေသများ၏ ယခင် မဟာစစ်သေနာပတိချုပ်အနေဖြင့် အမျိုးမျိုးသောတပ်များအကြောင်းအပြင် ၎င်းတို့၏ ထူးခြားသောစရိုက်လက္ခဏာများနှင့် လုပ်ဆောင်ချက်များကို သူမသိခဲ့လျှင် သူ့ဘက်မှကြီးမားသော အသုံးမကျမှုဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူဤအရာများကို သူတို့အားထုတ်မပြောနိုင်ပေ။
"ကောင်လေး……နင်က အရမ်းကိုစိတ်ကြီးဝင်နေတာပဲ"။
ကျိုးယာ့ထုံ ဝမ်ချောင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်သည်။ ဤသည်မှာ တစ်ယောက်ယောက်က သူမကို ဤကဲ့သို့မောက်မောက်မာမာပြောဆိုရဲသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော်လည်း သူမရှေ့ရှိ လူငယ်လေးက သူမတွေးထင်ထားသလောက ်မရိုးရှင်းသည်ကို ကျိုးယာ့ထုံ ဝန်ခံရပေမည်။
"ဒီကိစ္စက မြင်ရသလောက်မရိုးရှင်းဘူး။ ဝူဟိုင်စစ်တပ်က ဝူရှန်းရဲ့ မဟာစစ်သူကြီးဝိဿရခုံးလိုရဲ့ အမိန့်ပေးမှုအောက်မှာပဲ။ ဝူရှန်းမှာ ဝိဿရခုံးလိုကို ကော်ရှုဟန်၊ဂိုစုန့်ကျီ၊ကျန့်ရှို့ကွေ့တို့နဲ့တူညီတဲ့တည်ရှိမှု တစ်ခုလို့သတ်မှတ်နိုင်တယ်။ သူ့အမိန့်ပေးမှုအောက်မှာရှိတဲ့စစ်သားတွေက စည်းကမ်းကောင်းကြတယ်လို့ ကျော်ကြားကြပြီး သူတို့ဟာ ဝူရှန်းရဲ့ချင်းဟိုင်ရေကန်ကို စောင့်ကြပ်နေတဲ့ အဓိကတပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ကြတယ်။ သူတို့က ဝူရှန်းကုန်းပြင်မြင့်တွေကို လွယ်လွယ်ကူကူနဲ့ စွန့်ခွာကြမှာမဟုတ်ဘူး။ အလယ်ပိုင်းလွင်ပြင်ဒေသထဲကို ဒီလိုနက်နက်ရှိုင်းရှိုင်း အရဲစွန့်ဝင်လာဖို့ဆိုတာ ပြောစရာတောင်မလိုဘူး။ သူတို့ဒီကို ရောက်လာတာက စိတ်မချမ်းသာစရာပဲ"။
ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်ကာ စဉ်းစဉ်းစားစားပြောလိုက်သည်။
တစ်ဖက်တွင်မူ ပိုင်စီလင်၊ကျိုးယာ့ထုံ၊ရှုကန်းနှင့်ဟွမ်ရုံတုတို့သည် ဝမ်ချောင်ပြောထုတ်လိုက်သော နာမည်များကြောင့် ငုတ်တုတ်ဖြစ်သွားခဲ့ကြသည်။
သူတို့ကို ဤခေတ်တွင် ရှင်သန်နေထိုင်နေကြသူများအတွက် အလွန်ဗဟုသုတရှိသူများဟု သတ်မှတ်နိုင်ကြသော်လည်း ဝမ်ချောင်ပြောနေသည့်အရာများသည် သူတို့ထက်များစွာကျော်လွန်နေခဲ့သည်။ သူတို့၏ပြူးကျယ်နေသော မျက်လုံးများက ဝမ်ချောင်၏စကားလုံးများကို ကြားပြီးနောက်ရှုပ်ထွေးမှုများဖြင့် ကြောင်တောင်တောင်ဖြစ်နေခဲ့ကြသည်။
"ဟားဟားဟား"
သူတို့၏ အမူအရာများကိုမြင်သည်နှင့် ဝမ်ချောင်ခေါင်းယမ်းလိုက်ပြီးရယ်မောလိုက်ကာ သူ့ရှင်းပြချက်ကိုဖြတ်ချလိုက်သည်။ ဝူရှန်းကုန်းမြင့်သည် အလယ်ပိုင်းလွင်ပြင်ဒေသနှင့်အိမ်နီးချင်းဖြစ်သော်လည်း တိုင်းပြည်နှစ်ခုကြားထိတွေ့မှုနည်းပါး၏။ ထို့ကြောင့်မဟာထန်တစ်ခုလုံး၌ပင် ဝူရှန်းအကြောင်း ဂဂနနသိသူ အလွန်နည်းပါးသည်။
"အကျဉ်းချုပ်ရရင် အဲဒီတိဗက်စစ်တပ် ဒီကိုရောက်လာတာက ပုံမှန်မဟုတ်ဘူး"။
ရယ်မောလျက ်ဝမ်ချောင် သူ့စကား၏လိုရင်းကို အကျဉ်းချုပ်လိုက်သည်။
ဟူးးး
သူတို့အုပ်စု စိတ်သက်သာရာရစွာ သက်ပြင်းတစ်ခု အလိုလိုချလိုက်မိကြ၏။ ဝမ်ချောင်က ဝူရှန်းအကြောင်း သာမန်ကာလျှံကာပြောနေချိန်တွင် ထိုအကြောင်းအရာအပေါ် သူတို့၏မသိ နားမလည်မှုက သူတို့သည် ဘာမှမသိနားမလည်သော နလပိန်းတုံးများဖြစ်ကြသကဲ့သို့ခံစားရစေသည်။ ထိုသည်က သူတို့အတွက် အလွန်အမင်းဖိအားဖြစ်စေ၏။
"နောက်တစ်ခါ အရမ်းရှုပ်ထွေးအောင်မလုပ်နဲ့"။
ပိုင်စီလင်း မျက်လုံးများ ကလည်ကလည်လုပ်လိုက်၏။ သူမပင်လျှင် ဝမ်ချောင်၏ ရှည်လျားလှသောရှင်းပြချက်ကြောင့် နှိပ်ကွပ်ခံနေရသည်ဟုခံစားခဲ့ရသည်။
သာမန်သာ ပုခုံးတွန့်ပြလိုက်ကာ ဝမ်ချောင်ပြန်ဖြေလိုက်၏။
"ကောင်းပြီလေ"
တစ်ဖက်တွင်မူ အခြားသူများနှင့်မတူဘဲ ကျိုးယာ့ထုံသည် မျက်လုံးများတွင် ထူးဆန်းသည့်အလင်းရောင်များ တလက်လက်တောက်ပလျက် ဝမ်ချောင်ကို စိတ်ဝင်တစားဖြင့်အကဲခတ်နေခဲ့သည်။ ဝမ်ကလန်၏ ဤပါရမီရှိသော သားအကြောင်းကို မသိသောသူမြို့တော်တွင် မည်သူမျှမရှိနိုင်လောက်ပေ။
ဝမ်ချောင်နှင့်မဆုံခင်က ကျိုးယာ့ထုံ သူ့အကြောင်းများစွာကြားခဲ့ဖူးသည်။ သို့သော် မကြာခဏဆိုသလို ကောလဟာလများသည် ဇာတ်လမ်းများက လူတစ်ဦးမှနောက်တစ်ဦးသို့ ရောက်သွားခဲ့ပြီး ပုံကြီးချဲ့လာကြသောအခါ အလွန်အကျွံဖြစ်သွားခဲ့ကြသည်။
ထို့ကြောင့် ကျိုးယာ့ထုံသည် အစက ထိုကောလဟာလများကို အာရုံအနည်းငယ်သာစိုက်ခဲ့သည်။
သို့သော်လည်း သူ့ကို လူကိုယ်တိုင်တွေ့ရပြီးနောက် ဝမ်ချောင်က သူမတွေးထင်ထားသည်ထက် ပို၍စိတ်ဝင်စားစရာကောင်းကြောင်း သူမနားလည်သွားခဲ့သည်။ ဝူဟိုင်စစ်တပ်နှင့် ဝိဿရခုံးလိုတို့က ဘာတွေနည်း။ အခြားတစ်ယောက်ယောက်ဆိုပါက ထိုလူသည် အဓိပ္ပာယ်မရှိသည့်အရာများပြောဆိုနေသည်ဟု သူမတွေးထင်ပေလိမ့်မည်။
သို့သော် ဝမ်ချောင်ဆီမှလာသောအခါ...
အကြောင်းပြချက် အချို့ကြောင့်သူမသူ့ကိုယုံကြည်လိုခဲ့သည်။
ကျိုးယာ့ထုံ၏ အတွေးများကို သတိမပြုမိဘဲ ဝမ်ချောင်သည် ထိုတိဗက်စစ်တပ်၏ အချက်အလက်များ အကြောင်းဆက်မေးနေခဲ့ကာ ကျိုးယာ့ထို သူတို့ကိုစိတ်ရှည်စွာဖြေဆိုခဲ့သည်။
"ဟုတ်သားပဲ အဲဒီတိဗက်စစ်သည်တွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ငါသတိထားမိတဲ့ထူးဆန်းတဲ့အရာရှိတယ်။ အမှန်တော့ ငါတို့ရဲ့ပိတ်ဆို့မှုကနေ ဖောက်ထွက်ဖို့ သူတို့အတွက် အခွင့်အရေးအများကြီးရှိခဲ့တယ် ဒါပေမယ့် သူတို့က သူတို့ရဲ့ဆောင်ရွက်ချက်တွေကို တောင်တစ်လုံးနားမှာပဲ ကန့်သတ်ထားဖို့ရွေးချယ်ခဲ့ကြတယ်။ ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် သူတို့က အဲတောင်ကိုစောင့်ကြပ်နေကြသလိုမျိုး သူတို့ရဲ့လုပ်ဆောင်မှုတွေက အဲတောင်နားမှာပဲ အမြဲကန့်သတ်ထားခဲ့တယ်"။
"အဲဒါကြောင့်မဟုတ်ရင် ငါတို့က အချိန်တစ်ခုအတွင်း လူအများကြီးစေလွှတ်ပြီး သူတို့ကို ရင်ဆိုင်ဖို့စစ်ဆင်ရေးတွေကို တစ်ကြိမ်ပြီးတစ်ကြိမ်လုပ်ဆောင်နိုင်ခဲ့မှာမဟုတ်ဘူး။ ပြီးတော့ ငါတို့ရဲ့အင်အားစုတွေက ရှုံးနိမ့်ပြီးနောက်မှာ ငါတို့ကို အပြတ်ချေမှုန်းဖို့ သူတို့အတွက်အခွင့်အရေးအတော်များများရှိခဲ့တယ်။ ငါတို့ရှုံးပြီးနောက်မှာ သူတို့က ငါတို့နောက်လိုက်ဖမ်းခဲ့ရင် ဒီအနားယူရာနေရာမှာ တပ်စွဲထားတဲ့ အစောင့်တွေကတောင် ငါတို့ကိုကယ်တင်ခဲ့ရလိမ့်မယ်လို့ ငါသံသဖြစ်မိတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရမ်းမေးခွန်းထုတ်စရာကောင်းတဲ့ တစ်စုံတစ်ခုရှိနေမယ်လို့ ငါခံစားနေရတယ်"။
"ထွက်လည်းမပြေးဘူး တိုက်လည်းမတိုက်ဘူး သူတို့က ဘာလုပ်ဖို့ကြံစည်နေကြသလဲဆိုတာ ငါတကယ်ပဲမပြောနိုင်ဘူး"။
ကျိုးယာ့ထုံ မျက်မှောင်ကြီးကြုတ်လျက်ပြောလိုက်၏။
သူမ ထိုတိဗက်များနှင့် ပိုပြီးတိုက်ခိုက်ခဲ့ရလေ သူမသူတို့နှင့်ပတ်သက်ပြီးပိုပြီးသံသယရှိလာလေပင်။ နက်ရှိုင်းသော စစ်ရေးဗျူဟာများနှင့် လျှို့ဝှက်ချက်များနှင့် ထိတွေ့မှုမရှိခဲ့ဖူးသော ကျောင်းသားတစ်ဦးအနေဖြင့်ပင် ထိုအခြေအနေနှင့်ပတ်သက်၍ အလွန်ထူးခြားသော အရာတစ်ခုရှိကြောင်း သူမကပြောနိုင်ပေသည်။
စစ်တပ်တိုင်းတွင်သူတို့၏လုပ်ဆောင်မှုများ၌ရည်ရွယ်ချက်တစ်ခုရှိရပေမည်။သို့သော်ဤလူများသည်သူတို့စိတ်ကူးပေါက်သလိုသာပြုမူနေပုံရသည်။
"မင်းကရှည်ရှည်ဝေးဝေးတွေးနေတာပဲ။ သူတို့က ပြန်မဆုပ်ချင်လို့ ဒါမှမဟုတ် မတိုက်ချင်လို့မဟုတ်ဘူး ဒါပေမယ့် သူတို့က အဲလိုလုပ်ဖို့မတတ်နိုင်ကြတာပဲ။ မင်းကသူတို့ကို အရမ်းကြီးအထင်ကြီးနေမိပြီ"။
ဝမ်ချောင်ရယ်မောလိုက်သည်။
ကျိုးယာ့ထုံသည် ထိုတိဗက်စစ်တပ်ကို မရှုံးနိမ့်နိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမ ှုတစ်ခုအဖြစ်ထင်မြင်မိခဲ့ရပေမည်။ သို့သော် ၎င်းတို့သည် သူတို့နှင့်ပတ်သက်သော သူမ၏ အသိပညာနည်းပါးမှုကြောင့် ဖြစ်ပေါ်လာသော ထင်ယောင်ထင်မှားဖြစ်မှုကြောင့်ဖြစ်နိုင်သည်။
ရန်သူ့ပိုင်နက်ထဲသို့ နက်ရှိုင်းစွာ အရဲစွန့်တိုးဝင်လာခဲ့သော စစ်တပ်တစ်ခုသည် သေချာပေါက်သတ်ဖြတ်ခံရပေမည်။ သူတို့တတ်နိုင်သည်မှာ သူတို့အသက်မသေအောင် ရုန်းကန်ဖို့ပင်။ သို့သော် သူတို့အသက်ရှင်ဖို့အခွင့်အရေးမှာ မရှိသလောက်နီးနီးဖြစ်သည်။
ကျိုးယာ့ထုံသည် သူတို့အား နားလည်မှုနည်းပါးသကဲ့သို့ တိဗက်စစ်သားများသည်လည်း သူတို့ကြုံတွေ့နေရသည့်အရာများကို နားလည်မှုနည်းပါးပေသည်။ ထို့ကြောင့် အထူးသဖြင့် ၎င်းက ထောင်ချောက်မဟုတ်ကြောင်း သေချာစေသည့် အရေးကြီးသောသတင်းအချက်အလက်များ သူတို့တွင် ကင်းမဲ့နေသောအခါ သူတို့၏ရန်သူများကို လိုက်ဖမ်းရန် အားသာချက်ရှိသော မြေပြင်မှထွက်ခွာရန် သူတို့တွန့်ဆုတ်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ဝမ်ချောင်သည် ထိုတိဗက်စစ်တပ်ကို လျှော့တွက်နေခြင်းမဟုတ်သော်လည်း ဤအရာသည် အမှန်တရားများဖြစ်ကြသည်။
"အာ"
ကျိုးယာ့ထုံ ဝမ်ချောင်ကို အလွန်အံ့အားသင့်စွာ စိုက်ကြည့်လိုက်မိသည်။ သူမသည် ထိုတိဗက်များနှင့်ပတ်သက်သော သံသယများကို ထုတ်ဖော်ပြောဆိုရန်သာ ထိုမေးခွန်းများကို ပြောပြခဲ့ခြင်းပြီး ၎င်းတို့အတွက် ဝမ်ချောင်တွင် အဖြေတစ်ခုရှိနေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
"ဝမ်ချောင် ဒီကိစ္စနဲ့ပတ်သက်ပြီး နင်သိတာတစ်ခုခုရှိလား"။
ပိုင်စီလင်၊ရှုကန်းနှင့်ဟွမ်ရုံတုတို့သည်လည်း ထိုစကားလုံးများကြောင့်အံ့ဩသွားခဲ့ကြသည်။
ကျိုးယာ့ထုံ၏ ဖော်ပြချက်မှ သုံးသပ်ကြည့်လျှင် ဤသည်က အံ့မခမ်းအားကောင်းသော တိဗက်စစ်တပ်တစ်ခုဟုထင်ရသော်လည်း ဝမ်ချောင်၏တုံ့ပြန်မှုသည် မတူညီသောဇာတ်လမ်းတစ်ခုကို ပြောပြနေပုံရသည်။
"မင်းတို့အားလုံးက အရမ်းမိုက်မဲခဲ့ကြတာပဲ။ မင်းတို့ဘက်မှာ မဟာထန်ဝါရင့်စစ်မှုထမ်း၈၀၀ရှိပေမယ့် တိဗက်စစ်သား၃၀၀ကိုရှုံးနိမ့်ခဲ့တာက ဘာကြောင့်လဲဆိုတာမင်းသိလား။ အဲဒါက သူတို့က အရမ်းသန်မာပြီး ငါတို့က အရမ်းအားနည်းနေတာကြောင့်မဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့က သူတို့နဲ့တောင်တွေရဲ့အနီးမှာ တိုက်ခိုက်ခဲ့တာကြောင့်ပဲ။"
"အာ"
"ဝူရှန်းနဲ့မဟာထန်တို့ရဲ့ မြေမျက်နှာသွင်ပြင်အနေအထားမှာ ကြီးမားတဲ့ကွာဟချက်ရှိတယ်။ ကုန်းပြင်မြင့်တွေရဲ့အစပ်နားမှာ မဟာထန်တပ်ဖွဲ့တွေနဲ့ အမြဲတိုက်ခိုက်ခဲ့ကြရပြီး သူတို့ရဲ့မြင်းတပ်သားတွေက အဲဒီနယ်မြေအတွင်း လှုပ်ရှားသွားလာတာမှာ ကျွမ်းကျင်သွားခဲ့ကြတယ်။ ရလဒ်အနေနဲ့သူတို့က သူတို့ကိုမတ်စောက်တဲ့ တောင်တန်းမြေမျက်နှာသွင်ပြင်တွေရဲ့ အားသာချက်တွေကို အသုံးချစေနိုင်တဲ့ဖွဲ့စည်းပုံတစ်ခုကို တီထွင်နိုင်ခဲ့ကြစေတယ်။ ဒါကြောင့် သူတို့ကမတ်စောက်တဲ့တောင်တန်းတွေမှာ ရှိနေသရွေ့ သူတို့ရဲ့တိုက်ခိုက်ခြင်းစွမ်းရည်ဟာ ၂၄၀% အထိ ဖြစ်သွားလိမ့်မယ်"။
"ကော်ရှုဟန်ရဲ့ ကျော်ကြားလှတဲ့ မဟာကြယ်ခုနစ်ပွင့်စစ်တပ်ကတောင်မှ တိဗက်လူမျိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါ တောင်တန်းတွေက နေတိဗက်လူမျိုးတွေနဲ့ထိပ်တိုက်တွေ့ဆုံခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားကြရလိမ့်မယ်။ သူတို့က သူတို့ကို လုံ့ရှီအထိမြှားခေါ်တာ ဒါမှမဟုတ် ဝူရှန်းရဲ့ကုန်းပြင်မြင့်တွေအထိ နက်နက်ရှိုင်းရှိုင်းချီတက်ပြီး သူတို့နဲ့အဲမှာပဲ တိုက်ခိုက်ရလိမ့်မယ်"။
"အဲတိဗက်တွေကို သူတို့ အရေးသာတဲ့ မြေပြင်အနေအထားကို ပိုင်ဆိုင်ထားချိန်မှာ ရင်ဆိုင်တိုက်ခိုက်ဖို့ကြိုးစားတာက ငါတို့ရဲ့အသက်တွေကို သူတို့ကို ပေးထားတာနဲ့မခြားဘူး။ အဲဒါက ကိုယ့်ကိုယ်ကိုသတ်သေတာပဲ"။
ဝမ်ချောင် သူတို့အဖွဲ့၏ ရှုံးနိမ့်ရခြင်းအကြောင်းအရင်းကို ထောက်ပြလိုက်သည်။
သူတို့သည် အရေးမသာသည့် မြေပြင်အနေအထားကို ပိုင်ဆိုင်ထားချိန်တွင် မြင်းစစ်သည်အုပ်စုတစ်စုကို အနိုင်ယူနိုင်မည်ဟုတွေးထင်နေကြပါက သူတို့ရူးမိုက်နေခြင်းဖြစ်သည်။ ထိုတိဗက်များဆီသို့ သူတို့မြင်းစစ်သည် ငါးရာဆုံးရှုံးသွားသည်မှာ အံ့ဩစရာမရှိပေ။
မဟာထန်၏ သမိုင်းကြောင်းရှိမျိုးဆက်များတွင် ပေါ်ထွန်းခဲ့ကြသော မယုံနိုင်စရာကောင်းသည့် စစ်သူကြီးများသည်ပင် မတ်စောက်သောမြေပြင်တွင် တိဗက်လူမျိုးများနှင့် ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်ခဲ့ကြပေ။
ထိုကဲ့သို့မြေပြင်တွင် သူတို့သည် တိဗက်များကို အနိုင်ယူနိုင်ခဲ့လျှင်ပင် သူတို့သည် သူတို့၏ အောင်ပွဲအတွက် ကြီးမားသည့် တန်ဖိုးကိုပေးဆပ်ရပေလိမ့်မည်။
ဝမ်ချောင်အမြင်တွင် ဤစစ်ဆင်ရေး နောက်ကွယ်ရှိ ကြီးကြပ်ကွပ်ကဲနေသည့်အရာရှိမှာ လုံးဝအရူးတစ်ယောက်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် တိဗက်စစ်သည်များ၏ ကျွမ်းကျင်မှုများကို ရှင်းရှင်းလင်းလင်းနားမလည်နိုင်သည်ကို နားလည်ပေး၍ ရနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ တပ်သားများကို အရေးမသာသည့် အနေအထားတွင် ထားရှိခြင်းက အရည်အချင်းပြည့်မီသော ကွပ်ကဲသူတစ်ဦး၏ လက္ခာဏာများမဟုတ်သည်မှာ သေချာပေသည်။
______