အခန်း (၃၈၁-၃၈၅)
Vol. 17 Ch. 381-385
အပိုင်း ၃၈၁
မြို့တော်သို့ ပြန်လာခြင်း
ခရက်
တုံ့ဆိုင်းမနေဘဲ ဝမ်ချောင် သူ့လက်ချောင်းကြားရှိ ဝါးကျည်တောက်ကို ချိုးလိုက်ပြီး လွှစာမှုန့်နှင့်ဆင်တူသော အမှုန့်များက အထဲမှနေ၍ ထွက်ကျလာခဲ့သည်။
"ဒါက..."
ထိုအမှုန့်ကို စိုက်ကြည့်လျက် ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်၏။ ရုတ်တရက်ပင် အတွေးတစ်ခုက သူ့စိတ်ထဲပေါ်လာခဲ့သည်။
သူ ထိုကျိုးပျက်နေသော ဝါးကျည်တောက်ကို သူ့နှာခေါင်းနား တေ့လိုက်၏။ ထို့နောက်မှသာ အလွန်မှိန်ဖျော့သာ အနံ့အသက်တစ်ခုကို သူ ရလိုက်သည်။ ၎င်းသည် တရုတ်ဆီးသီးနှင့်ဆင်တူသည့် အနည်းငယ်ခါးသက်သက်စူးရှသောအနံ့အသက်ရောစပ်ပါဝင်နေသည့် ခေါင်းကိုက်လုမတတ် ချိုမြိန်သော အနံ့အသက်တစ်ခုဖြစ်သည်။
သူ့နှားခေါင်းနှင့် အလွန်နီးကပ်နေသော အမှုန့်ပမာဏအမြောက်အမြားကြောင့် မဟုတ်ပါက သူသည် ထိုအနံ့အသက်ကို လုံးဝ သတိမူမိခဲ့မည်မဟုတ်ပေ။
'လီထောင်ချီသင်းရနံ့'
ကျောက်ရှန်းကျူ သူ့ကို ပေးခဲ့သည့်အရာက ဘာလဲဆိုသည်ကို ဝမ်ချောင် နောက်ဆုံးနားလည်သွားခဲ့သည်။ ဤအရာက ထူးခြားသော ဖော်စပ်နည်းမှတဆင့် ဖန်တီးထားသည့် အမှုန့်ဖြစ်သည်။ ၎င်းကို ဖန်တီးရာတွင် လိုအပ်သော ရှားပါးသည့် ပါဝင်ပစ္စည်းကြောင့် ၎င်းကို ရရှိရန် အလွန်တရာမှ ခက်ခဲပေသည်။
လီထောင်ချီသင်းရနံ့ကို ခြေရာခံခြင်း ရည်ရွယ်ချက်များအတွက် အသုံးပြုလေ့ရှိကြသည်။
၎င်းသည် လီတစ်ထောင်အကွာအဝေးသို့ အလွယ်တကူ ရောက်ရှိစေကာ လေတိုက်ခတ်မှုကြောင့် မပျက်စီးဘဲ ကြာရှည်ခံသည့် မွှေးရနံ့ကို ထုတ်ပေးသည်။
၎င်းကို လူသားများ၏ နှာခေါင်းက သတိမမူမိနိုင်သော်လည်း အထူးလေ့ကျင့်ထားသည့် ပျားများက ရှင်းရှင်းလင်းလင်း ရှာဖွေတွေ့ရှိနိုင်ကာ အနံ့၏ အရင်းအမြစ်ကို တိကျစွာ ခြေရာခံနိုင်ကြသည်။
ဤအရာကို ကင်းထောက်များနှင့် သူလျှိုများကို မှတ်သားရန် စစ်တပ်ထဲတွင် အသုံးပြုလေ့ရှိသည်။
ပို၍အရေးကြီးသည်မှာ ထိုရနံ့၏ ပြင်းထန်မှုကြောင့် ဝါးကျည်တောက်အတွင်းမှပင် ပျံ့နှံ့နိုင်ခြင်းဖြစ်သည်။
'ဆိုလိုတာက... ကျောက်ရှန်းကျူက ငါ့နေရာကို ခြေရာခံနိုင်တယ်။'
စိတ်ထဲတွင် ဤအတွေးဖြင့် ဝမ်ချောင်၏မျက်လုံးများ တောက်ပသွားခဲ့ကြသည်။
ကျောက်ရှန်းကျူ သူ့ကို ပေးခဲ့သည့်အရာမှာ သူ့အသက်ကို ကယ်တင်ရန်ဖြစ်သည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
တိုက်ခိုက်မှုစတင်ကတည်းက ရက်များစွာ ရှိသွားခဲ့ပြီဖြစ်ပြီး ထို့ကြောင့် ဤသတင်းသည် ပျံ့နှံ့နေလောက်ပြီဖြစ်သည်။ ယခုအချိန်တွင် ကျောက်ရှန်းကျူးက သူ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရသည်ကို သိလောက်ပြီဖြစ်သည်။
တစ်နည်းဆိုရလျှင် ကျောက်ရှန်းကျူသည် ဤအချိန်တွင် ဤနေရာသို့ လာသည့်လမ်းပေါ်တွင် ဖြစ်ဖို့များသည်။
ဤသို့ဖြင့် ဝမ်ချောင် သူ လုပ်ရမည့်အရာကို သိလိုက်၏။
သူ ချက်ချင်း လီထောင်ချီသင်းရနံ့ကို ကျင်းနားတွင် ပက်ဖြူးလိုက်၏။ ဤနည်းမှတဆင့် လေထဲရှိ သင်းရနံ့ကို ပြင်းထန်စေသောကြောင့် ပျားများအတွက် ဦးတည်းရာကို ပို၍ပင်ရှင်းလင်းစွာ ညွှန်ပြနိုင်သည်။
ဤအရာကို ပြုလုပ်ပြီးနောက် သူသည် ကျန်ရှိနေသည့် လီထောင်ချီသင်းရနံ့ ဝါးကျည်တောက်တစ်ဝက်ကို သိမ်းလိုက်ကာ ကျင်းထဲသို့ ပြန်ဝင်လိုက်ပြီး သူ့ကိုယ်သူ ဖုံးကွယ်လိုက်ကာ လိပ်အသက်ရှုခြင်းပညာရပ်ကို နောက်တစ်ကြိမ်ထုတ်ဖော်လိုက်သည်။
သို့သော် ဤအချိန်တွင် သူသည် ယခင်ကထက် များစွာပို၍ အားနည်းသည့် အခြေအနေတွင်ရှိနေပြီဖြစ်ပြီး သူ့ သိစိတ်သည် တဖြည်းဖြည်း လွင့်ပါးလာခဲ့သည်။
---
မသိရသည့် အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်သည် ရင်းနှီးနေသော အသံတစ်ခုကြောင့် နိုးလာခဲ့သည်။
"ကောင်လေး ငါ မင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီ။"
၎င်းသည် ဩရှရှနှင့် နွေးထွေးသော အသံတစ်ခုဖြစ်သည်။ သူ့အထက်ရှိ မြေဆီလွှာသည် ကြီးမားသော အင်အားကြောင့် ဖယ်ရှားခံလိုက်ရပြီး အားကောင်းသည့် လက်တစ်ဖက်က သူ့ကို ကျင်းထဲမှ ဆွဲထုတ်လိုက်သည်။
ဝမ်ချောင် သူ့မျက်လုံးကို ဖွင့်ရန် ရုန်းကန်လိုက်ကာ မျက်စိကျိန်းမတတ်နေရောင်က သူ့မျက်လုံးကို ထိုးဖောက်လာခဲ့သည်။ ဝိုးတဝါးဖြင့် တောင်တစ်လုံးကဲ့သို့ ရင်းနှီးနေသော တုတ်ခိုင်သန်မာသည့် လူတစ်ယောက်က သူ့ရှေ့တွင် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် စိတ်သက်သာရာရနေသည့် အပြုံးတစ်ခုရှိနေပုံပေါ်၏။
"နည်းပြဆရာ"
ဝမ်ချောင် အပြုံးဖျော့ဖျော့ဖြင့် အားနည်းစွာ ရေရွတ်လိုက်သည်။
ကျောက်ရှန်းကျူကို သူ မြင်လိုက်သည့်အခိုက်တွင် သူဘေးကင်းပြီဆိုသည်ကို သူ သိပေသည်။
"မင်းက သေချာပေါက် ဖိုးကံကောင်းပဲ။ ငါက မင်း သေသွားပြီလို့ ထင်နေတာ။ အဲဒါက မင်းကို ငါပေးခဲ့တဲ့ လီထောင်ချီသင်းရနံ့ရဲ့ ကြီးမားတဲ့ဖြုန်းတီးမှုကြီးဖြစ်သွားစေလိမ့်မယ်။"
ကျောက်ရှန်းကျူး ရယ်မောလိုက်၏။ သူ၏ ယခင်က တည်ငြိမ်သည့်ဟန်ပန်နှင့်မတူဘဲ သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ရီနေသည်ကို ဝမ်ချောင် ခံစားနိုင်ပေသည်။
သူသင်ပြခဲ့သည့် ကျောင်းသားအားလုံးတွင် ဝမ်ချောင်သည် မလွဲဧကန်ပင် အထူးချွန်ဆုံးဖြစ်ပြီး ထို့အတူ သူ ဂုဏ်အယူရဆုံးကျောင်းသားလည်းဖြစ်သည်။ ချောင်းမြောင်းတိုက်ခိုက်ခံရသည့်သတင်းက သူ့ဆီ ပထမဆုံးရောက်လာသောအချိန်က သူသည် တစ်ဖက်လူသေဆုံးသွားမည်ကို အမှန်ပင် စိုးရိမ်ပူပန်ခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။
သူ၏ ထက်မြက်သော ဇဝနဉာဏ်များမှတဆင့် ဝမ်ချောင်သည် ဤဘေးဒုက္ခကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့သည်။
"စိတ်မပူပါနဲ့။ ကျွန်တော် ခင်ဗျားအတွက် ဝါးကျည်တောက်တစ်ဝက် ချန်ထားပေးပါတယ်။"
ဖြူလျော်နေသည့် မျက်နှာပေါ်တွင် ခက်ခက်ခဲခဲအပြုံးတစ်ခုဖြင့် ဝမ်ချောင် သူ့လက်မောင်းအိုးကို နှိုက်လိုက်ပြီး ကျန်နေသည့် လီထောင်ချီသင်းရနံ့ တစ်ဝက်ကို ထုတ်ယူလိုက်သည်။
"ဟားဟားဟား..."
ဤအရာကို ကြည့်ကာ ကျောက်ရှန်းကျူရယ်မောလိုက်မိသည်။
"နည်းပြဆရာ ကျွန်တော်ရဲ့ ခွာဖြူအရိပ်က ဘယ်လိုလဲ။ ခင်ဗျား သူ့ကို တွေ့ခဲ့လား။"
"မပူပါနဲ့၊ ငါတို့ သူ့ကို အရှေ့ဘက် အနီးအနားက တောင်ခြေရင်းမှာ တွေ့ခဲ့ပါတယ်။ သူက ဒဏ်ရာအပြင်းအထန်ရထားခဲ့ပေမယ့် ငါတို့ရဲ့လူတွေက သူ့ကို ပြန်လည်ကုသခြင်းဆေးလုံး တိုက်ကျွေးထားတယ်။ ဒါ့အပြင် သူက သူ့ဒဏ်ရာတွေ ပျောက်ကင်းဖို့ သူထွက်ပြေးချိန်တုန်းက ဆေးပင်အချို့ကို ရှာဖွေစားသုံးခဲ့ပုံရတယ်၊ ဒါကြောင့် သူ့အခြေအနေက အရမ်းကြီးမဆိုးဘူး။"
ကျောက်ရှန်းကျူ သူ့ကို စိတ်ချစေလိုက်သည်။
ထိုစကားများကို ကြားသည်နှင့် ဝမ်ချောင်၏ စိတ်နှလုံးသည် နောက်ဆုံးတွင် ငြိမ်းအေးသွားခဲ့သည်။ ဤအတောအတွင်း သူ ရရှိခဲ့သော ပင်ပန်းနွမ်းနယ်မှုများနှင့် ခြေကုန်လက်ပမ်းကျမှုများက အားလုံး သူ့ကို တစ်ချိန်တည်းတွင် ရိုက်ခတ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်သည် ရုတ်ချည်း ပျော့ခွေသွားခဲ့သည်။
"ဝမ်ချောင်၊ ဝမ်ချောင်၊ ဝမ်ချောင်..."
စိုးရိမ်တကြီးအော်သံတစ်ခုက သူ့နားထဲတွင် ထွက်ပေါ်လာခဲ့၏။ သို့သော် ထိုအသံသည် တဖြည်းဖြည်းမသဲမကွဲဖြစ်လာခဲ့ကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့သည်။
---
ဤတစ်ကြိမ်တွင် ဝမ်ချောင် အချိန်အကြာကြီး အိပ်မောကျနေခဲ့သည်။ သူ တစ်ကြိမ်ပြီးတစ်ကြိမ် မူးနောက်နောက်ဖြင့် နိုးထလာခဲ့သော်လည်း သူ သိပ်မကြာမီ ပြန်လည်အိပ်ပျော်သွားခဲ့ရသည်။ သူ လုံးဝနိုးထလာသောအချိန်တွင် သူသည် မြို့တော်ရှိ ဝမ်မိသားစုအိမ်တော်သို့ ပြန်ရောက်နေခဲ့ပြီဖြစ်သည်။
ဤတစ်ကြိမ်တွင် သူ အချိန်အကြာကြီး အနားယူခဲ့၏။
သူ့မိခင်၊ ညီမငယ်၊ ဒုတိယအစ်မနှင့် ဦးကြီးတို့သည် သူ့ဆီ အကြိမ်တော်တော်များများ ရောက်လာခဲ့ကြသော်လည်း သူ့အနားယူခြင်းအား ထိခိုက်မည်ကို စိုးရိမ်သောကြောင့် သူတို့ အချိန်အကြာကြီး မနေရဲခဲ့ကြပေ။ စကားအနည်းငယ်ပြောပြီးနောက် သူ အနားယူနိုင်စေရန် သူတို့ ခပ်မြန်မြန်ထွက်သွားခဲ့ကြသည်။
အိမ်တော်သည် အလွန်အမင်းတိတ်ဆိတ်နေခဲ့သော်လည်း ဝမ်ချောင် အနားယူနေစဉ်တွင် အပြင်ဘက်မှ တီးတိုးသံအချို့ကို သူ ကြားနေရသည်။ သူ့မိခင်၊ ဦးကြီး၊ ညီမငယ်နှင့် ဝမ်းကွဲတို့သည် သူ့အခန်းအပြင်ဘက်တွင် ယောင်ပေပေလုပ်နေကြမည်ဖြစ်ပြီး ကိစ္စအချို့ကို ဆွေးနွေးနေကြသည်။
နောက်ပိုင်းတွင် လူများစွာ ပို၍ ရောက်လာခဲ့ကြ၏။ စုန့်ဘုရင်၊ အိမ်တော်ထိန်းလူအိုကြီး၊ လုထင်၊ ထို့အတူ တော်ဝင်ရုံးတော်၏ အရာရှိများ၊ သို့သော် သူတို့အများစုတို့သည် ဝမ်ချောင်၏ တံခါးရှေ့တွင် ရပ်တန့်သွားခဲ့ကြသည်။
အလွန်အမင်းအားနည်းနေသောကြောင့် ဝမ်ချောင် သူ့အခန်းမှ မထွက်ခွာနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် အပြင်ဘက်တွင် မုန်တိုင်းတိုက်ခတ်နေသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။
ဦးကြီး၏ လည်ပတ်မှုသည် ရက်ကြာလာသည်နှင့်အမျှ နည်းပါးလာသော်လည်း သူရောက်လာသည့်အချိန်များတွင် ဝမ်ချောင်သည် သူ၏တည်ငြိမ်သော အပြင်ဘက်တွင် ဒေါသအမျက်များ ပွက်ပွက်ဆူနေသည်ကို ခံစားရနိုင်သည်။
သို့သော် ထိုအရာများဖြစ်ပျက်သွားခဲ့သော်လည်း အိမ်တော်တွင် ဤကိစ္စအကြောင်း သူ့ကို ပြန်ပြောသည့်သူ တစ်ယောက်မှမရှိခဲ့ပေ။
သူနလန်ပြန်ထူနေချိန်တွင် ဝမ်ချောင်သည် သူ့အစ်ကိုကြီးဝမ်ဖုဆီမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ စာသည် တိုတောင်းပြီး တိုက်ရိုက်ဆန်ကာ ဝမ်ချောင်၏ အခြေအနေကို အဓိကမေးထားသည်။
ဝမ်ချောင် သူ့အကိုကြီး စစ်တပ်ထဲတွင် အခြေအနေဘယ်လိုရှိလဲ မမေးမြန်းမီ သူအဆင်ပြေကြောင်း စာတစ်စောင်ပြန်ဖြေကြားလိုက်သည်။
ဝမ်ကလန်သည် ဝမ်ချောင်နားတွင် ကြီးမားသော အမိုးခုံးကြီးကို ဆောက်လုပ်ထားသကဲ့သို့ အပြင်ဘက်ရှိအရာအားလုံးမှ သူ့ကို ကာကွယ်ရန် ကြိုးပမ်းနေကြသည်။
ဤသည်မှာ သူ လူဝင်စားပြီးသည့်နောက်ပိုင်း ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာများကို ခံစားရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုမြှားသည် သူထင်ထားသည်ထက် ပိုကြောက်စရာကောင်းပြီး ၎င်းသည် သူ့ခန္ဓာကိုယ်ကို ကြီးစွာသော ထိခိုက်မှုဖြစ်စေခဲ့သည်။
ထို့ကြောင့် ဝမ်ချောင်သည် ဘာမှမမေးဘဲ နေအိမ်တွင် တိတ်ဆိတ်စွာ အနားယူရန် ရွေးချယ်ခဲ့သည်။
---
ဤအခြေအနေက ရှစ်ရက်နေ့မတိုင်ခင်အထိ ဆက်ဖြစ်ခဲ့၏။
ထို့နောက်တွင် ဝမ်ချောင်သည် လုံးဝသက်သာလုနီးပါးဖြစ်နေပြီး ထို့ကြောင့် သူ မတ်တပ်ရပ်လိုက်ကာ အချိန်အတော်ကြာပြီးနောက် အခန်းအပြင်သို့ ပထမဆုံးအကြိမ်ထွက်လိုက်သည်။
"သခင်လေး"
"သခင်လေး..."
တံခါးနားတွင် အစေခံများနှင့် အစောင့်များ အုပ်လိုက်ကြီးက သူ့ကို စိုးရိမ်တကြီးကြည့်လျက် ဦးညွှတ်လိုက်ကြသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က လူတိုင်းသည် သခင်လေးက ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုနှင့် ဘယ်လိုတွေ့ဆုံခဲ့ရသည့် အကြောင်းပြောဆိုနေခဲ့ကြပြီး ၎င်းက အပြင်ဘက်တွင် မုန်တိုင်းထန်စေခဲ့သည်။
သူတို့သည် ပြီးခဲ့သည့်ရက်အနည်းငယ်က သူ့အခြေအနေကို စိုးရိမ်နေခဲ့ကြသော်လည်း သူသည် အခန်းထဲတွင် ခြေချုပ်နေခဲ့ကာ လူအနည်းငယ်ကိုသာ အခန်းထဲ ဝင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဤသည်က သူပြန်လာပြီးကတည်းက သူ့ကို သူတို့ ပထမဆုံး မြင်တွေ့ရခြင်းဖြစ်၏။
"အင်း"
ဝမ်ချောင် ခေါင်းညိတ်လိုက်၏။
"မင်းတို့ ပင်ပန်းသွားခဲ့ကြပြီ။ အရိပ်လေးက ဘယ်မှာလဲဆိုတာ မင်းတို့သိကြလား။"
"သခင်လေး အရိပ်လေးက မြင်းဇောင်းမှာပါ။ အဲမှာ လူအများကြီးက သူ့ကို ပြုစုစောင့်ရှောက်နေကြပါတယ်။"
အစိမ်းရောင်ဝတ် အစေခံက ပြန်ဖြေလိုက်သည်။
ဝမ်ချောင် သူ့အခန်းမှနေ၍ လှေကားမှ ဆင်းမသွားမီ ခေါင်းညိတ်လိုက်သည်။ ဤသည်က လွန်ခဲ့သည့် လဝက် သူတို့လမ်းခွဲသွားကတည်းက သူ အရိပ်လေးကို ပထမဆုံး တွေ့ဆုံခြင်းဖြစ်ပေမည်။
ထိုအစိမ်းရောင်ဝတ်အစေခံ မှန်၏။ အရိပ်လေးသည် ကောင်းစွာ စောင့်ရှောက်ခံထားရသည်။ မြင်းဇောင်းတွင် မြင်းလုပ်သားခြောက်ဦးက သူ လိုအပ်သည်များအား ဂရုစိုက်ပေးနေသည်ကို ဝမ်ချောင် တွေ့လိုက်ရသည်။
အရိပ်လေးသည် မြင်းဇောင်း၏ အလယ်တွင် လဲလျောင်းနေခဲ့ပြီး သူ့ခြေထောက်များနှင့် ခန္ဓာကိုယ်ကို အဝတ်စဖြင့် ထူထဲစွာ စည်းနှောင်ထားသည်။ အခန်းထဲတွင် အံ့မခမ်းဆေးနံ့က လွင့်ပျံနေခဲ့၏။
သူ့ရှေ့တည့်တည့်တွင် ပဲပိစပ်နှင့် မြင်းစာများ တောင်ပုံယာပုံရှိနေခဲ့ပြီး သူ့အား မတ်တပ်ပင်မရပ်စေဘဲ အစားစားစေနိုင်သည်။
ထိုသည်က မလုံလောက်သေးသကဲ့သို့ တစ်စုံတစ်ယောက်သည် အစားအသောက်တောင်ပုံယာပုံကို ထားရန် လှည့်ပတ်နေသည့် ပန်းကန်ပြားတစ်ခု ဖန်တီးပေးစေရန် လက်သမားတစ်ဦးကို ခေါ်ယူမည့် အကြံတစ်ခု အမှန်တကယ် ရခဲ့သည်။
ထိုနည်းဖြင့် အရိပ်လေးသည် သူစားချင်သမျှကို ရအောင်ယူရန် ပန်းကန်ပြားကို သူ့ခေါင်းနှင့် အနည်းငယ်လှည့်လိုက်ရုံပင်။
အမှန်ပင် ဤသည်က မြင်းတစ်ကောင်အတွက် အထူးလွယ်ကူသည့် လုပ်ဆောင်ချက်မဟုတ်သော်လည်း ဝမ်ချောင်ရောက်လာချိန်တွင် အရိပ်လေးသည် ၎င်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်နေပြီဖြစ်သည်။
ဟီးးး
ဝမ်ချောင် စကားမပြောနိုင်မီ အရိပ်လေးသည် ဝမ်ချောင်ကို သတိပြုမိလိုက်ပြီး မျက်လုံးများ တောက်ပလာသည်။ ကျယ်လောင်သော မြင်းဟီသံနှင့်အတူ သူရုတ်တရက် ထရပ်ကာ ပြေးလွှားလာခဲ့၏။
သူ့လှုပ်ရှားမှုများသည် အတုန်ကရီနှင့် အနည်းငယ်အားစိုက်နေခဲ့ရသော်လည်း သူသည် ဒုက္ခအများကြီး မခံရဘဲ ဝမ်ချောင်ဆီ လျှောက်လာနိုင်ခဲ့သေးသည်။ သူသည် ရေကန်၌ သူတို့ လမ်းခွဲကြသည့်အချိန်ကတက် ပိုကောင်းသည့် အခြေအနေတွင် ရှိနေသည်မှာ ထင်ရှားပေ၏။
နှာတစ်ချက်ချေပြီးနောက် အရိပ်လေးသည် ဝမ်ချောင်၏ ရင်ခွင်ထဲတိုးဝင်လာခဲ့ကာ သူ့မျက်နှာနှင့် တရင်းတနှီး အဆက်မပြတ်ပွတ်သပ်နေခဲ့ပြီး သူ့ကို အများကြီးလွမ်းဆွတ်နေသည်မှာ သိသာပေ၏။
"ဟီးဟီး အရိပ်လေး၊ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း မင်း သိသိသာသာဝလာခဲ့တယ်လို့ ငါထင်တယ်။ မင်း ဒီပုံစံနဲ့ ပြေးနိုင်ဦးမယ်ဆိုတာ သေချာရဲ့လား။"
ဝမ်ချောင် အရိပ်လေး၏ နောက်ကျောကို ပွတ်သပ်လိုက်ကာ စနောက်လိုက်သည်။
လွန်ခဲ့သည့်လတွင် ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရသော်လည်း အရိပ်လေးသည် ပိန်မသွားသည်သာမက ဖက်တီးဖြစ်လာခဲ့သည်။ သူ့ဗိုက်သည် ဖောင်းကားနေပြီး သူ့ခြေထောက်များမှ အဆီများ တွဲကျနေခဲ့၏။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် အမှန်တကယ် ကောင်းမွန်စွာ ကျွေးမွေးခံခဲ့ရသည်ကို ဤအချက်မှ မြင်တွေ့နိုင်သည်။
ဟီးးး
အရိပ်လေးသည် ဝမ်ချောင်ကို သူ့ခေါင်းဖြင့် ဒေါသတကြီး အနည်းငယ် တိုးဝေ့လိုက်ကာ မကျေမနပ် မြည်ဟီးလိုက်သည်။
သာမာန်မြင်းများနှင့်မတူဘဲ အရိပ်လေးသည် သိမြင်ခံစားနိုင်ပြီး ၎င်းကို အကြိမ်ကြိမ်ပြသခဲ့သည်။
"ဟားဟားဟား"
အရိပ်လေး ဒေါသထွက်သွားသည်ကို ကြည့်ကာ ဝမ်ချောင် စိတ်သက်သာရာရသွားခဲ့ပြီး ရယ်မောလိုက်သည်။
ရေကန်တွင် ခွဲခွာပြီးကတည်းက ဝမ်ချောင်သည် အရိပ်လေးကို အလွန်စိုးရိမ်နေခဲ့သည်။ ထိုအကြပ်တည်းမှ အသက်ရှင်လွတ်မြောက်နိုင်ခဲ့သည်မှာ သူတို့စလုံးအတွက် အလွန်တရာမှ ကံကောင်းပေ၏။
"လေ့ကျင့်ခန်းမလုပ်ဘဲ ပဲပိစပ်အများကြီးကို မင်းဘယ်လိုလုပ် အများကြီးစားနိုင်ရတာလဲ။ လာ.. ငါ မင်းကို လမ်းလျှောက်ခေါ်ထွက်မယ်။ အချိန်အတော်ကြာပြီးနောက်မှာ နောက်တကြိမ်နေရောင်ခံစားတာက မင်းအတွက် ကောင်းတယ်။"
ဝမ်ချောင် အရိပ်လေး၏ တောက်ပြောင်သော လည်ပင်းကို လက်ဖြင့် ပုတ်ကာ ပြောလိုက်သည်။
အရိပ်လေး ညင်သာစွာ ဟီလိုက်ကာ ခေါင်းညိတ်လိုက်သည်။
ဝမ်ချောင် ပြုံးလိုက်ပြီး မြင်းကုန်းနှီး သို့မဟုတ် တစ်ခုခု သို့မဟုတ် ထိုကဲ့သို့သော အရာကို ပြင်ဆင်မနေတော့ဘဲ လှည့်လိုက်ပြီး လက်နောက်ပစ်လျက် ဦးဆောင်လိုက်သည်။ အရိပ်လေးသည် သူ့နောက်တွင် တိတ်ဆိတ်စွာ လိုက်ပါလာ၏။
ကျွီးး
ဝမ်မိသားစု၏ ဂိတ်တံခါး ပွင့်သွားခဲ့ပြီး နေရောင်ခြည်က တိုးဝင်လာခဲ့၏။
"...ကဲ ကိစ္စတချို့ကို ဖြေရှင်းဖို့ အချိန်ကျပြီ"
သူ့ရှေ့ရှိ တောက်ပသော နေရောင်ချည်ကို ကြည့်ကာ ဝမ်ချောင် အရိပ်လေးနှင့်အတူ အပြင်သို့မထွက်မီ သက်ပြင်းချလိုက်သည်။
-----------------------
အပိုင်း ၃၈၂
သစ္စာဖောက်
ဟွမ်ရှီစံအိမ်သည် မြို့တော်တွင် ခမ်းနားထည်ဝါသော အဆောက်အဦတစ်ခုဖြစ်ပြီး ဂုဏ်သရေရှိ ကလန်များ၏ သခင်လေးများ ဆုံတွေ့ရာ အထူးသီးသန့်ဖြစ်သည်။
အဆောက်အဦတစ်ခုလုံးကို ခရမ်းရောင်ရင့်ရင့် ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး ၎င်း၏ အပြင်ပိုင်းက ရှေးကျသော ခမ်းနားထည်ဝါမှုအငွေ့အသက်အနည်းငယ်ကို ပေးစွမ်းနေသည်။ အဆောက်အအုံဥပစာ၏ အထင်ရှားဆုံးသောပြယုပ်မှာ အဝင်ဝရှိ ကျန့်အတော်များများမြင့်မားသော ခရမ်းရောင်အမောက်ပါသည့် ခရုစုပ်ငှက်နှစ်ကောင်၏ ပန်းပုရုပ်တုများဖြစ်ကြသည်။
ဝမ်ချောင်သည် ဟွမ်ရှီစံအိမ်ကို အချိန်အတော်ကြာ ကြားခဲ့ဖူးသော်လည်း ဤသည်မှာ သူ ဤနေရာသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။
ခရမ်းရောင်အမောက်ပါသည့် ခရုစုပ်ငှက်ရုပ်တုနှစ်ကောင်ရှေ့တွင် မတ်တပ်ရပ်လျက် အတွင်းဘက်မှ ခွက်တိုက်သံများနှင့် ပျော်ရွှင်စွာစကားစမြည်းပြောဆိုသံများကို ဝမ်ချောင် ကြားနိုင်ပေသည်။ သခင်လေးအများအပြားက ယနေ့တွင် ထိုနေရာ၌ စုဝေးနေကြပုံရသည်။
"ဒီနေရာလား"
ဝမ်ချောင် သူ့ရှေ့ရှိ ဟွမ်ရှီစံအိမ်ကို ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်လျက် မေးလိုက်သည်။
"သခင်လေးကို တင်ပြပါတယ်၊ ဒီနေရာပါပဲ။ ကျွန်တော်တို့ နှစ်ကြိမ်စစ်ဆေးခဲ့ပါတယ်။"
ဩရှရှဖြင့် ရိုကျိုးသော အသံတစ်သံက သူ့နောက်မှနေ၍ ထွက်ပေါ်လာခဲ့၏။
"နားလည်ပြီ"
ဝမ်ချောင် ထိုခရမ်းရောင်အမောက်ပါ ခရုစုပ်ငှက်ရုပ်တုနှစ်ခုကြားရှိ ခရမ်းရောင်လှေကားပေါ်မတက်မီ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။ သူ့ခြေလှမ်းများသည် တစ်စုံတစ်ခုက ဆွဲနေသကဲ့သို့ လေးလံနေကြပြီး ထူးထူးခြားခြား နှေးကွေးနေကြသည်။
သူ ခြေလှမ်းလိုက်တိုင်း ပတ်ဝန်းကျင်တွင် ရှင်းလင်းသည့် ပဲ့တင်သံများ ထွက်ပေါ်လာခဲ့ကြ၏။
လှေကားအဆုံးရှိ ဟွမ်ရှီစံအိမ်၏ တံခါးနားတွင် ခါး၌ ဆေဘာဓားတစ်လက် ချိတ်ဆွဲထားသော ကောင်းစွာ ဆင်ယင်ထားသည့် အစောင့်တစ်ယောက်က ဝမ်ချောင်ကို မြင်လိုက်ကာ ကြမ်းကြုတ်စွာ အော်ငေါက်လိုက်သည်။
"ရပ်စမ်း..."
ဟွမ်ရှီစံအိမ်သည် မည်သူမဆို အလွယ်တကူဝင်ရောက်နိုင်သော နေရာတစ်ခုမဟုတ်ပေ။ ၎င်း၏ ဥပစာသို့ တက်လှမ်းရန် ရှိရင်းစွဲအဖွဲ့ဝင်တစ်ဦး၏ အကြံပြုချက်ရှိရမည်ဖြစ်သည်။ သို့သော် သူ့ရှေ့မှ လူငယ်သည် လူစိမ်းပုံပေါက်သောကြောင့် သူသည် ဟွမ်ရှီစံအိမ်၏ လာလေ့ရှိသော ဖောက်သည်မဟုတ်ကြောင်း အစောင့်က သေချာပေသည်။
"မင်းရဲ့ သောက်ပါးစပ်ကို ပိတ်လိုက်စမ်း။"
သို့သော် ထိုအစောင့် စကားမဆုံးမီမှာပင် သက်လတ်ပိုင်းအရွယ် စီမံခန့်ခွဲသူက သူ့လက်ကို လျင်မြန်စွာ ဆန့်ထုတ်လိုက်ပြီး ထိုအစောင့်၏ ပါးစပ်ကို ပိတ်လိုက်ကာ ဘေးသို့ ဆွဲလိုက်သည်။
ကြောက်ရွံ့မှုက ထိုသက်လတ်ပိုင်းအရွယ်စီမံခန့်ခွဲသူ၏ မျက်နှာပေါ်တွင် ထင်ဟပ်နေပေသည်။
"မင်း သောက်ရူး၊ မင်း ကန်းနေလား။ သူ ဘယ်သူလဲဆိုတာ မင်း မမြင်ဘူးလား။ ထွက်သွားစမ်း။"
ထိုစီမံခန့်ခွဲသူသည် လှေကားပေါ်တက်လာနေသော လူငယ်ကို တစ်ချက်ခိုးကြည့်လိုက်ကာ ပြောလိုက်သည်။
ဝမ်ကလန်၏ လူငယ်ပါရမီရှင် ခြုံခိုတိုက်ခိုက်ခံရပြီးနောက် တော်ဝင်ရုံးတော်၌ မုန်တိုင်းကြီးတစ်ခု ရိုက်ခတ်သွားခဲ့ပြီး ဂုဏ်သရေရှိ ကလန်များစွာက ထိုပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။
ရှီဘုရင်နှင့် ယောင်ကလန်တို့သည်ပင် ဤကိစ္စအလွန်၌ မျက်နှာပျက်သွားခဲ့ကြရပြီး လောလောဆယ် သိုသိုသိပ်သိပ်နေရန် ဖိအားပေးခံခဲ့ကြရသည်။
ဤအချိန်တွင် ဤကိစ္စအပေါ် ဝမ်ကလန်သည် အမှန်တကယ် ဒေါသထွက်သွားခဲ့သည်ကို မသိသည့်သူ မြို့တော်တွင် မရှိတော့ပေ။ လေးပြည်နယ်သံရုံးရှိ ပုဂ္ဂိုလ်သည်ပင် ဒေါသထွက်သွားခဲ့၏။
ဤအချိန်၌ ဝမ်ကလန်ကို ရန်စရဲသူ မည်သူမဆို ရူးနေခြင်းဖြစ်ရပေမည်။
လေးစားခံရသော မြို့စားကြီးကျူးသည် သူ၏ မြင့်မြတ်သော အကျင့်သီလကြောင့် ကျော်ကြားသော်လည်း လူများစွာတို့သည် သူက စစ်သားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးသည်ကို မေ့နေခဲ့ကြသည်။ သူသည် စစ်ပွဲများကို ဆင်နွှဲခဲ့ပြီး သူသည် မဟာထန်၏တပ်များကို အရှေ့နှင့် အနောက် တာ့ဂီကာဂနိတ်ဆီသို့ ဦးဆောင်ခဲ့သူဖြစ်သည်။
သူ့မြေးကို ခြုံခိုတိုက်ခိုက်ခြင်းသည် သူ့၏ အောက်စည်းကို ကျော်လွန်သွားခဲ့သည်။
"မင်းတို့ ဘာကို စောင့်နေကြတာလဲ။ ထွက်သွားကြစမ်း။"
အစိမ်းရောင်ဝတ် စီမံခန့်ခွဲသူသည် ဝမ်ချောင်ဆီ လျှောက်မသွားမီ ဝင်ပေါက်၌ ရပ်နေသည့် အစောင့်နှစ်ယောက်ကို ဒေါသတကြီးဖြင့် ကန်ထုတ်လိုက်သည်။ သို့သော် သူ ဝမ်ချောင်ကို နှုတ်ဆက်ခါနီးတွင် ဝမ်ချောင်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က သိမ့်ခနဲ တုန်ခါသွားခဲ့၏။ သူ ကြောက်လန့်တကြား ကမန်းကတန်းနောက်ဆုတ်လိုက်သည်။
စံအိမ်အတွင်းတွင် လူများပျားပန်းခတ်မျှ လှုပ်ရှားနေ၏။ သို့သော်လည်း ဒုတိယထပ်မှ အထူးကျယ်လောင်ပြီး ထင်ရှားပေါ်လွင်သော အသံတစ်ခုက ထွက်ပေါ်နေပြီး အတွင်းဘက်ရှိ လူအများစု၏ အာရုံကို ဖမ်းစားထားခဲ့သည်။
ခဏမျှ နားထောင်ပြီးနောက် ဝမ်ချောင်၏ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ချိတ်ဆွဲလာခဲ့သည်။ ထိုစကားသံ၏ အရင်းအမြစ်ကို လိုက်၍ သူ ဒုတိယထပ်သို့ ဖြည်းညှင်းစွာ တက်လာလိုက်သည်။ ဒုတိယထပ်၏ အလယ်ဗဟိုတွင် သူသည် အကျွမ်းတဝင်ရှိသော လူတစ်ယောက်၏ နောက်ကျောကို မြင်လိုက်ရသည်။ ထိုပုဂ္ဂိုလ်သည် သူ့အနားတွင် ဝန်းရံနေသည့် သခင်လေးများကြားတွင် စိတ်လှုပ်ရှားစွာ ပြောဆိုနေခဲ့ပြီး သူ့ဇာတ်လမ်းက သူတို့ကြားတွင် ရေပန်းစားနေပုံရသည်။
"မင်းတို့ မျက်စိနဲ့ မမြင်ရရင် မင်းတို့ ယုံကြမှာမဟုတ်ဘူး။ အဲဒီသံမဏိဝတ်ရုံ မြင်းစီးဓားပြတွေက တကယ့်ကို..."
ထိုလူသည် အားပါးတရ ပြောဆိုနေခဲ့ပြီး သူ့လေသံက သူ့စိတ်အားထက်သန်မှုကို ပြသနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့အနားရှိ လူအုပ်ကြီးက စိတ်အားထက်သန်စွာဖြင့် နားထောင်နေခဲ့ကြပြီး သူတို့၏မျက်လုံးများတွင် ကြည်ညိုလေးစားမှုများ ထင်ဟပ်နေခဲ့ကြသည်။
"ဟွမ်ရုံတု..."
ထိုလူ၏ နောက်ကျောကို ကြည့်လျက် ဝမ်ချောင် ရုတ်တရက် အော်ခေါ်လိုက်သည်။
ဝုန်းး
ထိုစိတ်လှုပ်ရှားနေသော အသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့ကာ ဝမ်ချောင်ကို မျက်နှာမူနေသည့် ကျောပြင်က တုန်ခါသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ဟွမ်ရှီစံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ပင်။
"သခင်လေး"
ဟွမ်ရုံတု လှည့်လာပြီး ဝမ်ချောင်ကို မြင်သည်နှင့် သူမျက်နှာသည် တခဏမျှ ဖြူလျော်သွားပုံရကာ ပျော်ရွှင်ဝမ်းမြောက်မှုက ၎င်းကို လျင်မြန်စွာ ဖုံးကွယ်သွားခဲ့၏။
"သခင်လေး ခင်ဗျား နောက်ဆုံးတော့ သက်သာသွားပြီပေါ့။"
ဟွမ်ရုံတု ဝမ်ချောင်ဆီ လျင်မြန်စွာ လျှောက်လာလျက် ပြောလိုက်သည်။
"အင်း"
ဝမ်ချောင် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်၏။
"ခင်ဗျား ပိုင်စီလင်နဲ့ ရှုကန်းတို့ကို တွေ့ပြီးပြီလား။"
"ဟင်းအင်း"
ဝမ်ချောင် "ဝမ်းသာပျော်ရွှင်နေသော" ဟွမ်ရုံတုကို စူးစူးစိုက်စိုက် ကြည့်လျက် ခေါင်းခါပြလိုက်သည်။ သူ ပြောလိုက်သည်မှာ ရိုးရှင်းသည့် စကားနှစ်လုံးသာဖြစ်သော်လည်း ၎င်းက ဟွမ်ရုံတု၏ သံသယများကို အတည်ပြုလိုက်ပုံရကာ သူမျက်နှာသည် ချက်ချင်း ထိတ်လန့်တကြား ပျက်ယွင်းသွားခဲ့သည်။
သို့သော် ဝမ်ချောင် နောက်ထပ်ပြောလိုက်သည့် အရာက ဟွမ်ရုံတုကို ကြောက်ရွံ့စွာ တုန်ခါသွားစေခဲ့၏။
"ဟွမ်ရုံတု ဆင်တစ်ကောင်နဲ့ ကျားတစ်ကောင်ကြား တိုက်ပွဲထဲ ဝင်ပါဖို့ ကြိုးစားတဲ့ ပုရွက်ဆိတ်တစ်ကောင်က ဘာဖြစ်မလဲဆိုတာ မင်း သိလား။"
ဘုန်းး
မရေမတွက်နိုင်သော အံ့အားသင့်နေသည့် အကြည့်များ အလယ်တွင် ခွန်အား အားလုံးတို့သည် ဟွမ်ရုံတု၏ ခန္ဓာကိုယ်မှ ရုတ်ချည်းထွက်ခွာသွားခဲ့ကြပြီး သူ ဝမ်ချောင်ရှေ့ ဒူးထောက်ကျသွားခဲ့သည်။ ချွေးများက သူ၏ ဖြူလျော်နေသော မျက်နှာမှ စီးကျလာခဲ့ကြသည်။
ဝုန်းး
ဤမြင်းကို မြင်လိုက်ရသည်နှင့် လူအုပ်ကြားထဲ ဆူညံ့ပွက်လောရိုက်သွားခဲ့၏။ လေထုထဲရှိ ထူးခြားမှုကို သတိပြုမိသည့် သခင်လေး အနည်းငယ်ရှိခဲ့ပြီး သူတို့ ဟွမ်ရှီစံအိမ်မှာ ကသုတ်ကရိုက်ထွက်ပြေးလိုက်ကြသည်။
အတွေ့အကြုံများမှတဆင့် ယဉ်ပါးနေသော သူတို့၏ ထက်မြက်သည့် အလိုလိုသိစိတ်များဖြင့် သူတို့သည် ၎င်းတို့နောက်ကွယ်ရှိ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ကို သိရှိလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်ကို မှတ်မိကြသည့် လူအနည်းငယ်လည်း ရှိခဲ့ကြပြီး ဘာတွေဖြစ်ပျက်နေသည်ကို သူတို့ လျင်မြန်စွာ နားလည်လိုက်ကြသည်။
ဝမ်ကလန်၏သား ဝမ်ချောင်၏ ခြုံခိုတိုက်ခိုက်ခံရခြင်းကိစ္စသည် မြို့တော်တွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ ဝမ်ကလန်သည် လက်ရှိတွင် ဒေါသအထွတ်အထိပ်ရောက်နေပြီဖြစ်ကြောင်း လူတိုင်းသိကြပေ၏။ ဟွမ်ရုံတုသည် မစ်ရှင်တွင် ဝမ်ချောင်နှင့် အတူ တိုက်ပွဲဝင်ခဲ့ပုံအကြောင်း ဖောက်သည်ချနေခဲ့သော်လည်း သူတို့ရှေ့ရှိ မြင်ကွင်းက လုံးဝ ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်အား ပြောပြနေခဲ့သည်။
ရန်ပွဲဖြစ်စေ၊ အမုန်းတရားဖြစ်စေ သို့မဟုတ် အချစ်ဇာတ်လမ်းဖြစ်စေ မြို့တော်တွင် ဇာတ်လမ်းအမျိုးမျိုး နေ့စဉ်ဖြစ်ပျက်နေကြသည်။
လူတစ်ယောက် ဝင်ရောက်စွက်ဖက်နိုင်သော ကိစ္စအချို့ရှိသော်လည်း လူတစ်ယောက် လုံးဝ ရှောင်နေရမည့် ကိစ္စများလည်း ရှိပေသည်။
"သွားကြစို့"
"ဒါက ငါတို့ ဝင်မပါသင့်တဲ့ အရာပဲ။"
---
သခင်လေးများသည် ၎င်းတို့၏သူငယ်ချင်းများကို ဟွမ်ရှီစံအိမ်မှ အလျင်အမြန်ဆွဲထုတ်လိုက်ကြပြီး ဝမ်ချောင်နှင့် ဟွမ်ရုံတုမှလွဲ၍ ခုနက ပျားပန်းခတ်မျှလှုပ်ရှားနေသော ဥပစာသည် လုံးဝ ရှင်းလင်းသွားခဲ့သည်။
ဘုန်းး
အောက်ဘက်မှ တံခါးပိတ်လိုက်သံက ထွက်ပေါ်လာခဲ့ပြီး ဟွမ်ရှီစံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ဝမ်ချောင်နှင့် ဟွမ်ရုံတု နှစ်ဦးစလုံးတို့သည် မြို့တော်ရှိ အားကောင်းသော ကလန်နှစ်ခုကို ကိုယ်စားပြုကြပြီး မြို့တော်ရှိ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားလိုက်ပါက သူတို့နှစ်ဦးကြား ရန်ပွဲတွင် ဝင်ပါခြင်းသည် ဉာဏ်ရှိရာကျလိမ့်မည်မဟုတ်ပေ။
ဝမ်ချောင်သည် လူတိုင်းထွက်သွားပြီး တံခါးပိတ်လိုက်သည်ကို လက်နောက်ပစ်လျက် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ပြီး ထို့နောက်တွင် သူ့အကြည့်ကို ဟွမ်ရုံတုဆီသို့ ပြန်ပို့လိုက်သည်။
ဤအချိန်တွင် ဟွမ်ရုံတု၏မျက်နှာသည် လုံးဝဖြူဆုပ်နေခဲ့ပြီး သူ့အဝတ်အစားများက ချွေးအေးများဖြင့် လုံးဝ စိုရွှဲနေခဲ့ကြသည်။
"မင်းကိုယ်တိုင် မရှင်းပြတော့ဘူးလား။"
ဝမ်ချောင် ခပ်တည်တည် မေးလိုက်၏။
"သခင်လေးက အားလုံးကို သိနေတဲ့ပုံပဲ။ ကျွန်တော့်မှာ ဘာမှ ပြောစရာမရှိပါဘူး။"
ဟွမ်ရုံတု ခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည်။
"ဟမ် မင်းက သေချာပေါက်ကို တဲ့တိုးဆန်တာပဲ။"
ဝမ်ချောင် ခနဲ့လိုက်၏။
"စိတ်မပူပါနဲ့ ဟွမ်ရုံတု။ ဒီနေ့ ဝမ်ကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်းကိုငါရှာဖို့လာခဲ့တာ။ အထက်တန်းလွှာတွေက ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းရှိကြတယ်။ ငါမင်းကိုမေးချင်တာက ဒါတွေအားလုံးလုပ်နေတာကို ငါတို့ဝမ်ကလန်ဆီကို ဟွမ်ကလန်ရဲ့ စစ်ကြေငြာချက်အဖြစ် ငါယူဆလို့ရမလား။ အဲဒီချောင်းမြောင်းတိုက်ခိုက်မှုမှာ ငါသေသည်ဖြစ်စေ မသေသည်ဖြစ်စေ ဝမ်ကလန်ရဲ့ ဒေါသကနေ ဟွမ်ကလန် လွတ်မြောက်မှာ မဟုတ်ဘူးဆိုတာကို မင်း သိထားသင့်တယ်။"
"သခင်လေး ဒါက ဟွမ်ကလန်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် လိုလိုလားလား လုပ်ခဲ့တဲ့အရာပါ။ မင်းရဲ့ ဒေါသတွေဖြေဖျောက်ဖို့ တစ်ယောက်ယောက်ကို အပြစ်ပေးရမယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်ပေးဖို့တောင်းဆိုပါတယ်။"
ဟွမ်ရုံတုသည် စိုးရိမ်တကြီးဖြင့် နှုတ်မှ လွှတ်ခနဲပြောထွက်သွားခဲ့ကာ သူ့မျက်နှာသည် နောက်ထပ်ပို၍ ဖြူလျော်သွားခဲ့သည်။
ဝမ်ချောင် ဟွမ်ရုံတု၏ စကားကို တုံ့ပြန်သည့်အနေနှင့် အေးစက်စွာ လှောင်ရယ်လိုက်၏။
မကြာခဏဆိုသလို သူသည် သီးခြားအနေဖြင့် အခြားသူများနှင့် ဆက်ဆံရန် ရွေးချယ်ခဲ့ပြီး သူတို့အား မည်သည့်အရာကိုမျှ အတင်းအကြပ်လုပ်ဆောင်စေရန် သူ့နောက်ခံကို အသုံးချလိုစိတ်မရှိခဲ့ပေ။ သို့သော် ဤလောက၌ အကြင်နာတရားကို အားနည်းခြင်း၏ လက္ခဏာတစ်ခုအဖြစ်သာ အခြားသူများက ယူဆသွားပေလိမ့်မည်။ မစ်ရှင်အတွက် နှိမ့်ချစွာ နေရန် ရွေးချယ်ခဲ့ခြင်းကြောင့် သူသည် သူ့အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော် ထိုလူများသည် သူက ဝမ်ချောင်မျှသာမဟုတ်ဘဲ မြို့တော်ရှိ ဂုဏ်သရေအရှိဆုံးကလန်များထဲမှ တစ်ခုဖြစ်သည့် ဝမ်ကလန်၏ သားတစ်ယောက်လည်းဖြစ်သည်ကို မေ့နေကြပုံရသည်။
သူသာ ဆန္ဒရှိပါက ဟွမ်ကလန်ကို ပျောက်ကွယ်သွားစေရန် သူ့ဦးကြီး၊ သူ့ဖခင်၊ စုန့်ဘုရင်၊ ကြင်ယာတော်ထိုက်ကျန်း၊ တော်ဝင်ရုံးတော်၏ အရာရှိများ စသူတို့၏ ဩဇာလွှမ်းမိုးမှုနှင့် ထို့အတူ အခြားကလန်များ၏ အင်အားကိုလည်း အလွယ်တကူ အသုံးချနိုင်ပေသည်။
ဝမ်ကလန်ကို သူ့အဖိုးလက်ထက်တွင် စတင်တည်ထောင်ခဲ့သည်မှာ နှစ် ခုနစ်ဆယ်ရှိပြီဖြစ်ပြီး နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ၎င်းသည် ဝန်ကြီးများနှင့် စစ်သူကြီးများ၏ ကလန်မျှသာ မဟုတ်တော့ပေ။ ၎င်းသည် မဟာထန်တစ်ခုလုံးကို ဖြန့်ကျက်ထားသော ဧရာမချိတ်ဆက်မှုများကို ကိုယ်စားပြုသည်။
အင်အားစုများစွာတို့သည် ထိုကွန်ရက်တွင် ပါဝင်ပတ်သက်နေခဲ့ကြပြီး ၎င်းတို့သည် ဝမ်ကလန် အသုံးချနိုင်သည့် အလားအလာရှိသော အင်အားကို ကိုယ်စားပြုကြသည်။
ဝမ်ကလန်သည် အခြားသူများကို နှိပ်ကွပ်ရန် ခြေလှမ်းခြင်းမျိုး ဘယ်သောအခါမှ မရှိခဲ့သော်လည်း ၎င်းသည် ဝမ်ကလန်တွင် ဒေါသမရှိဟု မဆိုလိုပေ။ ဝမ်ကလန်၏ ခေါင်းကို နင်းပြီး လွတ်နိုင်လိမ့်မည်ဟု တစ်ယောက်ယောက်က တွေးထင်ခဲ့ပါက သူတို့ လုံးဝမှားသွားပြီဖြစ်သည်။
"မင်း ငါ့ကို ငါတို့ရဲ့ တွေ့ဆုံရာနေရာမှာ ပထမဆုံးမြင်ကတည်းက မှတ်မိခဲ့တယ်မလား။"
ဝမ်ချောင် မေးလိုက်၏။
"ဟုတ်ကဲ့"
ဟွမ်ရုံတု အံကြိတ်လျက် ဝန်ခံလိုက်သည်။
"နောက်ပိုင်း လမ်းတစ်လျှောက်မှာ ပုတ်ခတ်ပြောဆိုခဲ့တာကလည်း ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ ဟုတ်တယ်မလား။"
ဝမ်ချောင် နောက်တစ်ကြိမ် ထပ်မေးလိုက်၏။
"ဟုတ်ကဲ့"
ပုတီးစေ့လောက်ရှိသော ချွေးများက ကြမ်းပြင်ပေါ်ကျဆင်းသွားခဲ့ကာ ဟွမ်ရုံတု ခေါင်းညိတ်ပြသည်။ သူ့ရှေ့ရှိ လူငယ်ကို ဖုံးကွယ်ထားခြင်းက အဓိပ္ပာယ်မရှိသည်ကို သူ သိပေသည်။
"ကျွန်တော် ရပ်တန့်ဖို့ တွေးခဲ့ပေမယ့် အရမ်းနောက်ကျနေခဲ့ပြီ။"
ဟွမ်ရုံတု ကြမ်းပြင်ပေါ် ခေါင်းအပ်လိုက်ကာ နောင်တရနေသည့် လေသံဖြင့် ပြောလိုက်သည်။
"ဟမ်"
သို့သော် သူ့အတွက် ဝမ်ချောင်တွင်ရှိသည့် တစ်ခုတည်းသောအရာမှာ အထင်သေးစွာ ခနဲခြင်းဖြစ်၏။
"မင်း မှန်တယ်၊ အရမ်းနောက်ကျနေခဲ့ပြီ။ ကွဲကြေသွားတဲ့ မှန်တစ်ချပ်က ပြန်ဆက်လို့မရတော့ဘူး။ မင်းရဲ့ ဟွမ်ကလန်ကို ပြောလိုက်ပါ ငါ ရှင်းပြချက်တစ်ခုကို စောင့်နေမယ်လို့။ သေမလား၊ ရှင်မလား ဆုံးဖြတ်ချက်က မင်းတို့အပေါ်မူတည်တယ်။"
ဤစကားများဖြင့် ဝမ်ချောင် လှည့်လိုက်ပြီး လှေကားမှ ဆင်းလိုက်သည်။ သူ ဟွမ်ရှီစံအိမ်တံခါးကို ဖွင့်သောအခါ သူ့နောက်မှနေ၍ ဝမ်းနည်းပက်လက် ရှိုက်ငိုသံကို သူ ဝိုးတဝါးကြားရပေသည်။
"သခင်လေး ကျွန်တော်တို့ နောက်ထပ် ဘယ်ကိုသွားကြမလဲ။"
ဝမ်ချောင်ကို မြင်သည်နှင့် လူအိုကြီးလင်းယုန်ငှက် ရှေ့ထွက်လာခဲ့ပြီး မေးလိုက်သည်။ ငှက်တစ်ကောင်က သူ့လက်မောင်းအပေါ် နားခိုနေ၏။
"တော်ဝင်ကျောက်စိမ်းစံအိမ်မှာ ငါ့ကိုလာတွေ့ဖို့ ပိုင်စီလင်နဲ့ ရှုကန်းတို့ကို ပြောလိုက်ပါ။"
ဝမ်ချောင် ခရမ်းရောင်သစ်သားလှေကားမှ ဆင်းလိုက်ကာ ခပ်တည်တည်ပြောလိုက်သည်။
----
"ငါတို့သုံးယောက်မှာ ဟွမ်ရုံတုက သစ္စာဖောက်ဖြစ်နေလိမ့်မယ်လို့ ငါ တကယ်ကို ထင်မထားဘူး။"
ဘန်းး
တော်ဝင်ကျောက်စိမ်းစံအိမ်၏ သုံးထပ်မြောက်တွင် ပိုင်စီလင် စားပွဲပို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
"ငါ တကယ့်ကို သူ့ကို လျှော့တွက်နေခဲ့မိတာပဲ။ သူက တစ်ချိန်လုံး မသိနားမလည်သလို ဟန်ဆောင်နေခဲ့တာကို တွေးကြည့်ရင်.."
ပိုင်စီလင် ဘေးတွင် ထိုင်လျက် ရှုကန်း သက်ပြင်းချလိုက်မိသည်။
ဤသည်မှာ လွန်ခဲ့သည့် တစ်လခွဲခန့်က လမ်းခွဲပြီးနောက် သူတို့သုံးဦးတွေ့ဆုံသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုချောင်းမြောင်းတိုက်ခိုက်ခံရကတည်းက သူတို့ကြားတွင် သစ္စာဖောက်တစ်ယောက်ရှိနေပြီဆိုသည်ကို ပိုင်စီလင်နှင့် ရှုကန်းတို့ သိခဲ့ကြပေသည်။
အားလုံးပြီးနောက် လုံရှီမှ မြို့တော်သို့ ဦးတည်နေသော လမ်းများစွာရှိပြီး အကယ်၍ အတွင်းလူတစ်ယောက်က အရေးကြီးသတင်းအချက်အလက်များကို မဖော်ပြပါက ထိုလုပ်ကြံသူများအတွက် အချိန်နှင့် တည်နေရာကို သိနေရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ချောင် ပြန်လည်နာလန်ထူနေချိန်တွင် ပိုင်စီလင်နှင့် ရှုကန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရန် မကြိုးစားခဲ့ကြပေ။
ဝမ်ကလန်သည် ဤကိစ္စကို သေချာပေါက် သေသေချာချာ စောင့်ကြည့်ပြီး တရားခံကို ဖော်ထုတ်လိမ့်မည်ဆိုသည်ကို သူတို့ သိကြပေသည်။
ထို့ကြောင့် ဝမ်ချောင်သည် သူ ပြန်လည်သက်သာလာပြီးနောက် ပထမဆုံးတွေ့ဆုံရန် ရွေးချယ်ခဲ့သူမှာ သစ္စာဖောက်ဖြစ်ဖွယ်ရှိသည်။ ဦးနှောက်မရှိပုံပေါ်ပြီး တဇွတ်ထိုးဆန်သော ဟွမ်ရုံတုက သစ္စာဖောက်ဖြစ်သွားလိမ့်မည်ဟု သူတို့နှစ်ယောက်စလုံး မမျှော်လင့်ထားခဲ့ကြရုံပင်။
အမှန်ပင် စာအုပ်တစ်အုပ်ကို အဖုံးကြည့်၍ ဆုံးဖြတ်လို့မရပေ။
အမှန်တရားသည် နောက်ဆုံးတွင် ပေါ်ပေါက်ခဲ့ပြီဖြစ်သော်လည်း သူတို့နှစ်ယောက်သည် ထိုအဖြေအပေါ် မပြီးနိုင်သော သက်ပြင်းများသာ ချလိုက်မိကြသည်။
-----------------
အပိုင်း ၃၈၃
ကလန်များကြားဆက်ဆံရေး
အားလုံးပြီးနောက် သူတို့သည် အတူတကွတိုက်ခိုက်ခဲ့ကြပြီး သေခြင်း၊ရှင်ခြင်းအခြေအနေများကို အတူတကွဖြတ်ကျော်ခဲ့ကြလေသည်။ ထို့ကြောင့်ရှုကန်းနှင့်ပိုင်စီလင်တို့သည် ဟွမ်ရုံတုအပေါ် အတော်လေးယုံကြည်ထားခဲ့ကြပေသည်။
သူတို့သည် သူတို့၏လေးယောက်အဖွဲ့ကို သူတို့၏အသက်များပေးအပ်နိုင်ကြသော တစ်သားတည်းဖြစ်နေသည့်အဖွဲ့အဖြစ် ယူဆထားခဲ့ကြသောကြောင့် ထိုခြုံခိုတိုက်ခိုက်မှုဖြစ်ပေါ်လာသောအခါ သူတို့ခံစားခဲ့ရသည့် သစ္စာဖောက်ခံရမှုကို စိတ်ကူးကြည့်နိုင်ပေသည်။
"ဒါကတကယ့်ကိုစိတ်ပျက်စရာပဲ။ အဲတုန်းကငါတို့ဟာသံမဏိဝတ်ရုံမြင်းစီးဓားပြတွေဆီကနေသူ့ကို ကယ်တင်ဖို့အကောင်းဆုံးတောင်ကြိုးစားပေးခဲ့ကြတယ်၊ ဒါကသူငါတို့ကိုပြန်ပေးလိုက်တဲ့အရာပေါ့။"
ပိုင်စီလင်ဒေါသတကြီးပြောလိုက်၏။
"မတတ်နိုင်ဘူး၊ငါတို့ရဲ့လမ်းကြောင်းက သူနဲ့ကွဲပြားတယ်။ ဟိုးအစကတည်းက ဟွမ်ကလန်ဟာချီဘုရင်ရဲ့အုပ်စုထဲ ဝင်ရောက်ဖို့အားခဲထားခဲ့တယ်။"
ရှုကန်းသက်ပြင်းချလိုက်သည်။
ပိုင်စီလင်နှင့်ယှဉ်ပါက သူသည်ထိုအဖြစ်အပျက်ကြောင့်သက်ရောက်မှုနည်းပါး၏။ သူသည်မြို့တော်တွင်အကျိုးအမြတ်များအတွက် တိုက်ခိုက်မှုများနှင့်သစ္စာဖောက်မှုများစွာတို့ကို မြင်တွေ့ခဲ့ဖူးပြီး ထိုကမ္ဘာထဲသို့သူဝင်ရောက်ရမည့်နေ့လည်း ရောက်လာလိမ့်မည်ကိုသူသိထားခဲ့သည်။
အမှန်တွင် မှားယွင်းသည့်ပုဂ္ဂိုလ်ကိုလောင်းကြေးထပ်ရန် ရွေးချယ်ခဲ့သည်ကလွဲလို့ ဟွမ်ရုံတု၏လုပ်ဆောင်မှုတွင်ဘာမှမမှားခဲ့ပေ။ ဤသည်ကသူတို့နှစ်ယောက်ခြားနားသည့်နေရာလည်းဖြစ်သည်။ ဟွမ်ရုံတုက ရှီဘုရင်ကိုရွေးချယ်ခဲ့ချိန်တွင် ရှုကန်းကဝမ်ချောင်ကိုရွေးချယ်ခဲ့၏။
ဝမ်ချောင်က ထိုလုပ်ကြံတိုက်ခိုက်မှုမှလွတ်မြောက်နိုင်ခဲ့သည့်အချက်က သူ့ဆုံးဖြတ်ချက်ကို မှန်ကန်ကြောင်းသက်သေပြခဲ့ကာ ဝမ်ကလန်သည် အမှန်ပင် သူ့ထောက်ခံမှုနှင့်ထိုက်တန်ပေသည်။
"ငါနားမလည်နိုင်တဲ့အရာတစ်ခုရှိရုံပါ။ သစ္စာဖောက်က ငါတို့မဟုတ်ဘဲ ဟွမ်ရုံတုဆိုတာနင်ဘယ်လိုသိတာလဲ။"
ပိုင်စီလင်စိတ်ဝင်တစားမေးလိုက်၏။
သူမသည်ထိုခြုံခိုတိုက်ခိုက်မှုမှပြန်ရောက်လာကတည်းက ဤပြဿနာကိုစဉ်းစားနေခဲ့ပေသည်။ သူတို့လေးယောက်တွင်ထိုလုပ်ကြံသူများကို အချက်အလက်များဖော်ပြခဲ့သူမှာ မည်သူနည်း။
သို့သော်သူမထိုအကြောင်းကို မည်မျှတွေးနေခဲ့ပါစေ သူမသည်သစ္စာဖောက်က သူတို့ထဲမှတစ်ယောက်မှမဖြစ်နိုင်ဟုခံစားခဲ့ရသည်။ သို့မဟုတ်သူမကသူမနှင့်အတူ လက်တွဲတိုက်ခိုက်ခဲ့သည့်ရဲဘော်ရဲဘက်များကို သံသယမဝင်လိုခြင်းဖြစ်နိုင်၏။
ပိုင်စီလင်သည် သူမ၏ထင်မြင်ယူဆချက်တွင်အမှားအယွင်းတစ်ခုရှိနိုင်ပြီး ဤကိစ္စရပ်တစ်ခုလုံးက ကြီးမားသောတိုက်ဆိုင်မှုတစ်ခုမျှသာဖြစ်နိုင်သည် သို့မဟုတ်သူမလျစ်လျူရှုထားခဲ့သော အခြားအရာတစ်ခုလည်းရှိနိုင်သည်ဟုပင် တွေးတောထားခဲ့သည်။
သို့သော် ဝမ်ချောင်က ဟွမ်ရှီစံအိမ်တွင်ပေါ်လာခဲ့သည်ဟူသောသတင်းကို သူမရရှိချိန်တွင် သူမ၏နောက်ဆုံးမျှော်လင့်ချက်အပိုင်းအစများက ပျောက်ကွယ်သွားခဲ့ရသည်။
ဤအချိန်တွင် သူမသိချင်နေသောတစ်ခုတည်းသောအရာမှာ ဟွမ်ရုံတုကသစ္စာဖောက်တစ်ယောက်ဖြစ်သည် ဆိုသည်ကို ဝမ်ချောင်က မည်ကဲ့သို့အလွန်သေချာနေရာသလဲဆိုသည်ကိုပင်။
"တကယ်တော့ အဲဒါကနားလည်ဖို့အရမ်းကြီးမခက်ခဲပါဘူး။"
လက်ထဲရှိမွှေးကြိုင်သောလက်ဖက်ရည်ကို သောက်ကာ ဝမ်ချောင်၏ မျက်လုံးများတောက်ပလာခဲ့ကြသည်။
"လေ့ကျင့်ရေးစခန်းရဲ့မစ်ရှင်ထဲမှာ ငါဝင်ပါလိမ့်မယ်ဆိုတဲ့သတင်းကို တခြားသူတွေဖော်ထုတ်ဖို့ခက်ခဲတယ်၊ အထူးသဖြင့်စစ်မှုထမ်းဌာနရဲ့လျှို့ဝှက်မှု အတိုင်းအတာတွေကိုထည့်သွင်းစဉ်းစားပြီးနောက်မှာပေါ့။ ဒါပေမယ့် သူတို့ကရှီဘုရင်နဲ့ယောင်ကလန်တို့ကို အဲဒါကိုရှာဖွေဖော်ထုတ်တာက နေတားဆီးနိုင်ကြမှာမဟုတ်ဘူး၊ ပြီးတော့သူတို့က အဲလိုလုပ်လိမ့်မယ်ဆိုတာကိုငါသံသယမရှိဘူး။"
"မစ်ရှင်မှာ ငါကဘေးကင်းလုံခြုံတဲ့လေ့ကျင့်ရေးစခန်းနဲ့ မြို့တော်ကနေထွက်ခွာသွားရလိမ့်မယ်။ တစ်နည်းပြောရရင် ဒါကသူတို့အတွက်လှုပ်ရှားဖို့ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုဖြစ်လိမ့်မယ်၊ သူတို့အတွက်ဒီအခွင့်အရကိုလွှတ်ပေးလိုက်စရာအကြောင်းမရှိဘူး။ ဒါပေမယ့်လည်း ငါတို့ကမြို့တော်ကနေသိပ်မဝေးခင်မှာ ငါတို့ဟာဝါရင့်မြင်းစစ်သည်တွေအပ်နှင်းခံခဲ့ကြရတယ်၊ အဲဒါကလုပ်ကြံသူတွေအတွက် တိုက်ခိုက်ဖို့အခက်အခဲဖြစ်စေလိမ့်မယ်။"
"ဒါကြောင့် သူတို့တိုက်ခိုက်ဖို့ကျန်တဲ့တစ်ခုတည်းသော အခွင့်အရေးက ငါလုံရှီကနေပြန်လာတဲ့အချိန်ပဲ၊ ဒါပေမယ့်အဲလိုလုပ်ဖို့က သူတို့ဟာအတွင်းကနေသူတို့ကို သတင်းပေးဖို့တစ်ယောက်ယောက်ကိုလိုအပ်တယ်၊ အထူးသဖြင့်ငါတို့လေးယောက်ထဲက တစ်ယောက်ပေါ့။"
ဤအချိန်မှာပင် ဝမ်ချောင်သက်ပြင်းချလိုက်၏။
"ရိုးရိုးသားသားပြောရရင် ငါအတွေးလွန်နေရုံဖြစ်ချင်ခဲ့တာ၊ ရှီဘုရင်ကငါ့ကိုလုံးဝထိလိမ့်မယ်မဟုတ်ဘူးလို့ပေါ့။ ဒါပေမယ့်ရလဒ်က ငါမှားကြောင်းသက်သေပြခဲ့တယ်။"
"တိုက်ပွဲပြီးနောက်ကြယ်ခုနစ်ပွင့်တပ်ဖွဲ့ကွပ်ကဲသူနဲ့တွေ့ဆုံပြီး နောက်မှာငါမင်းတို့ကိုဘာပြောခဲ့သလဲဆိုတာ မင်းတို့မှတ်မိကြသေးလား။"
ဝမ်ချောင်မေးလိုက်သည်။
"မှတ်မိတယ်၊မင်းက မင်းထွက်သွားရတော့မှာလို့ပြောခဲ့တာ။"
ရှုကန်းပြန်ဖြေလိုက်၏။
"အင်း"
ဝမ်ချောင်ခေါင်းညိတ်လိုက်ကာ သူ့အကြည့်ကရုတ်ချည်းအေးစက်သွားခဲ့သည်။
"ငါအဲဒီစကားပြောခဲ့တာက မင်းတို့အားလုံးကိုစမ်းသပ်ဖို့ပဲ။ အဲတုန်းကစစ်မှုထမ်းဌာနကအမိန့်ရောက်မလာသေးဘူး၊ တရားဝင်အမိန့်မရှိဘဲ ထွက်သွားတာကိုအမိန့်နာခံမှုမရှိဘူးလို့ အလွယ်တကူယူဆလိုက်လို့ရတယ်။ တခြားစကားနဲ့ပြောရရင် အဲအချိန်တုန်းကငါနဲ့အတူထွက်ခွာဖို့တစ်ယောက်ယောက်က ကမ်းလှမ်းလာခဲ့ရင်သူက သစ္စာဖောက်ပဲဖြစ်ရမယ်။ ဒီကောက်ချက်နောက်မှာ အကြောင်းပြချက်နှစ်ခုရှိတယ်။ ပထမအချက် တကယ်လို့ငါကတစ်ယောက်တည်းထွက်ခွာသွားခဲ့ရင် သူကတိုက်ခိုက်ဖို့အခွင့်အရေးဆုံးရှုံးသွားရလိမ့်မယ်၊ အဲဒါကသူ့မစ်ရှင်ဟာကျရှုံးတယ်လို့ဆိုလိုလိမ့်မယ်။ ဒုတိယအချက် ရှီဘုရင်ကသူ့ကိုနောက်ခံပြုပေးနေတာမို့ သူကဘာမှစိုးရိမ်စရာမရှိဘူး။"
ဝမ်ချောင်၏ စကားကိုကြားသည်နှင့်ပိုင်စီလင်နှင့်ရှုကန်းတို့ အံ့အားသင့်စွာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်မိကြသည်။ ဝမ်ချောင်စကား၏ နောက်ကွယ်တွင်ထိုကဲ့သို့ရည်ရွယ်ချက်ရှိနေခဲ့မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
"ဒါပေမယ့် အဲအချိန်မှာငါတို့ကနင်နဲ့အတူထွက်ခွာဖို့ ကမ်းလှမ်းခဲ့ရင်ရော။ အားလုံးပြီးနောက်မှာ ငါတို့ကအဖွဲ့တစ်ခုအနေနဲ့သွားခဲ့ကြပြီး မရေမတွက်နိုင်တဲ့သေခြင်း၊ရှင်ခြင်းအခြေအနေတွေကို အတူတကွကြုံတွေ့ခဲ့ကြတာ၊ ဒါကြောင့်အဲလိုအခွင့်အရေးတစ်ခုရှိသေးတယ်ဟုတ်တယ်မလား။ နင်အဲတုန်းက နည်းနည်းစောပြီးကောက်ချက်ချခဲ့တာတော့ မဟုတ်ဘူးမလား။"
"မင်းမှန်တယ်၊ အဲလိုသာဖြစ်ခဲ့ရင်ငါသူ့ကိုသံသယပဲဝင်ခဲ့လိမ့်မယ်။ ဒါပေမယ့်အဲအချိန်မှာ ရောက်လာခဲ့တဲ့စာပို့ခိုကို မင်းတို့မှတ်မိကြလား။"
ဝမ်ချောင် အေးစက်စွာပြောလိုက်၏။
ဟွမ်ရုံတုသည် သူ့ကိုအန္တရာယ်ထဲတွန်းပို့ချင်ခဲ့သော်လည်း သူသည်သူ့ကို တော်တော်လေးလျှောက်တွက်ထားခဲ့သည်။
"အဲခိုနဲ့တစ်ခုခုမှားနေခဲ့တာလား။"
ရှုကန်းမျက်မှောင်ကြုတ်လိုက်၏။ ထိုခိုကဤကိစ္စထဲမည်သို့ပါဝင်ပတ်သက်နေသည်ကို သူနားမလည်နိုင်ပေ။
"နင်ပြောချင်တာက အဲခိုရောက်လာချိန်ဟာ အရမ်းအချိန်ကိုက်နေပြီး အဲဒါကသံသယဖြစ်ဖို့ကောင်းတယ်လို့လား။"
တခဏမျှစဉ်းစားပြီးနောက် ပိုင်စီလင်ပြန်ပြောလိုက်သည်။ ပြန်တွေးကြည့်လိုက်ကာ သူမသည်လည်း၎င်းကထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း သူမထိုအကြောင်းကိုနက်နက်ရှိုင်းရှိုင်းမတွေးရန် ရွေးချယ်လိုက်သည်။
"အဲဒါကသပ်သပ်ပါ၊ ဒါပေမယ့်အဲဒါအပြင်စာပါအကြောင်းအရာကလည်း စစ်ဆေးကြည့်ဖို့ထိုက်တန်တဲ့အရာပဲ။ အဲထဲမှာဘာရေးထားသလဲဆိုတာ မင်းတို့မှတ်မိကြသေးလား။"
ဝမ်ချောင်မေးလိုက်၏။
မျက်မှောင်ကြုတ်လျက် ပိုင်စီလင်ပြောလိုက်သည်။
"အဲတုန်းကကျန်းလင်ပြောခဲ့တာက..."
"...ကျန်းလင်ပြောခဲ့တာက စစ်မှုထမ်းဌာနဟာ တတိယမစ်ရှင်ပြီးမြောက်ပြီးနောက်မှာ မြို့တော်ကိုပြန်လာပြီး သတင်းပို့ဖို့လူတိုင်းကိုပန်ကြားတဲ့ စာတစ်စောင်ပို့လိုက်ပါတယ်လို့ ပြောခဲ့တာ။"
ဤစကားကိုအဆုံးသတ်လိုက်သူမှာရှုကန်းဖြစ်၏။ သူသည်ထိုအချိန်ကကျန်းလင်ပြောခဲ့သည့်အရာကို ရှင်းရှင်းလင်းလင်းမှတ်မိပေသည်။
"အဲဒါအမှန်ပဲ"
ဝမ်ချောင်ခေါင်းညိတ်လိုက်၏။
"စစ်မှုထမ်းဌာနက တတိယမစ်ရှင်ပြီးနောက်မှာ ငါတို့ကိုပြန်လာစေချင်ခဲ့တယ်။ တခြားစကားနဲ့ပြောရရင်စစ်မှုထမ်းဌာနက ငါတို့ဟာတတိယမစ်ရှင်ကိုပြီးပြီလားမပြီးသေးဘူးလားဆိုတာကို တောင်မသိဘူး။"
"စစ်မှုထမ်းဌာနဟာ ငါတို့ကအရင်မစ်ရှင်ကိုပြီးမြောက်ပြီးပြီလားဆိုတာကို အတည်မပြုရသေးဘဲညွှန်ကြားချက်အသစ်တွေကို ဘယ်တော့မှညွှန်ကြားမှာမဟုတ်ဘူး။ ဒါကစစ်ဖက်ဆိုင်ရာသတင်းတွေပေါက်ကြားနိုင်ခြေကို လျှော့ချဖို့သူတို့ရဲ့ စံသတ်မှတ်ချက် အလေ့အကျင့်ဖြစ်နိုင်တယ်။ ရှုကန်းစစ်မှုထမ်းဌာနကနေ ပထမဆုံးအမိန့်ကို ငါတို့ ဘယ်အချိန်ကလက်ခံရရှိခဲ့သလဲဆိုတာ မင်းမှတ်မိလား။"
ဝမ်ချောင် ရှုကန်းဆီ လှည့်လိုက်ပြီးမေးလိုက်သည်။
"ငါတို့အဲဒါကို ငါတို့မြင်းစစ်သည်အယောက်နှစ်ဆယ်စီ အပ်နှင်းခံခဲ့ရပြီးနောက် ပထမဆုံးစုဝေးရာနေရာမှာ လက်ခံရရှိခဲ့ကြတယ်။"
ရှုကန်းချက်ချင်းပြန်ဖြေလိုက်၏။
"အဲဒါအမှန်ပဲ။ စစ်မှုထမ်းဌာနကစာပို့ခိုကို မစေလွှတ်မီငါတို့ပထမဆုံးစုဝေးရာနေရာကို ရောက်ရှိခဲ့ပြီဆိုတာကိုအတည်ပြုခဲ့တယ်။ ငါတို့အဲဒီကိုမရောက်ခဲ့သေးရင် အဲခိုကိုလုံးဝစေလွှတ်ခဲ့မှာမဟုတ်ဘူး။ သူတို့ကအဲဒါကိုဘယ်လိုလုပ်ခဲ့သလဲဆိုတာ ငါအရမ်းမသေချာပေမယ့် အဲဒါကိုအတည်ပြုဖို့သူတို့မှာ နည်းလမ်းတစ်ခုရှိရမယ်ဆိုတာကတော့ သံသယရှိစရာမလိုဘူး၊ပြီးတော့အားလုံးထဲမှာ အလွယ်ကူဆုံးနည်းလမ်းကတော့ အချိန်ခန့်မှန်းတာဖြစ်လိမ့်မယ်။"
"အဲဒီအချိန်ကငါတို့ဟာပထမဆုံးစုဝေးရာနေရာကိုရောက်ရှိလောက်ပြီလို့သူတို့ခန့်မှန်းထားတာကြောင့်သူတို့ကအဲဒီစာပို့ခိုကိုစေလွှတ်ခဲ့တာပဲ။"
ဝမ်ချောင်ပြောလိုက်သည်။
"စီလင် ဒုတိယစာလွှာကို ငါတို့လက်ခံရရှိခဲ့တဲ့အချိန်ကို မင်းမှတ်မိသေးလား။"
"ငါတို့အဲဒါကို သံမဏိဝတ်ရုံမြင်းစီးဓားပြတွေနဲ့ရင်ဆိုင်တွေ့နေပြီးနောက်မှာ လက်ခံရရှိခဲ့ကြတယ်။ နင်ပြောတဲ့အရာကအမှန်ဆိုရင် တော်ဝင်ရုံးတော်က ငါတို့ပစ်မှတ်ကိုကြုံဆုံနေပြီးနောက်မှာသာ ဒုတိယစာအတွက်ညွှန်ကြားချက်တွေကို ငါတို့ဆီပို့လိုက်တာကမထူးဆန်းဘူးလား။"
ပိုင်စီလင်ပြန်ဖြေလိုက်၏။
"အဲဒါကတကယ်ပဲတော်ဝင်ရုံးတော်ဖက်ကခန့်မှန်းမှုအမှားတစ်ခုပဲ၊ဒါပေမယ့်မင်းတို့အဲအကြောင်းကိုတွေးကြည့်ရင်အဲအချိန်မှာငါတို့ကပထမဆုံးမစ်ရှင်ကိုပြီးမြောက်ခဲ့ပြီဟုတ်တယ်မလား။ငါတို့ကမပြီးခဲ့ရင်တောင်အဲအချိန်မှာငါတို့ကျရှုံးသွားလောက်ပြီ။အားလုံးပြီးနောက်မှာငါတို့ပိုပြီးရှေ့ဆက်လာလေဓားပြတွေနဲ့မြင်းစီးဓားပြတွေကပိုပြီးတော့သာသန်မာလာလိမ့်မှာမို့အောင်မြင်မှုအခွင့်အလမ်းတွေပိုမိုနည်းပါးလာမှာဖြစ်တယ်။"
ဝမ်ချောင်ပြောလိုက်သည်။
ပိုင်စီလင်နှင့်ရှုကန်းတို့သဘောတူခေါင်းညိတ်လိုက်ကြသည်။ ထိုအချိန်ကသူတို့မစ်ရှင်ကိုပြီးမြောက်ခဲ့ကြသည်မှာအမှန်ပင်ဖြစ်၏။ သူတို့မပြီးခဲ့ကြလျှင် ထိုအချိန်မှစ၍သူတို့သည် ထိုသို့လုပ်ဆောင်နိုင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။
"ဒါ့အပြင်သံမဏိဝတ်ရုံမြင်းစီးဓားပြတွေရဲ့စခန်းကဘယ်မှာလဲဆိုတာမင်းတို့မှတ်မိကြလား။"
ဝမ်ချောင်မေးလိုက်၏။
"အဲဒါကငါတို့တိုက်ခိုက်ခဲ့တဲ့နေရာကနေ လီတစ်ရာအကွာအဝေး..."
ဤအချိန်မှာပင်နားလည်သဘောပေါက်မှုကပိုင်စီလင်ကိုရိုက်ခတ်သွားခဲ့ကာသူမရုတ်ချည်းရပ်တန့်သွားခဲ့သည်။
"အဲဒါအမှန်ပဲ"
သူ့လက်ဖက်ရည်ခွက်ကိုအောက်ချလိုက်ကာဝမ်ချောင်ပိုင်စီလင်၏စကားကိုအတည်ပြုလိုက်သည်။
"ငါတို့ကိုအံ့အားသင့်သွားစေဖို့သံမဏိဝတ်ရုံမြင်းစီးဓားပြတွေကသူတို့ရဲ့စခန်းကနေထွက်လာခဲ့ကြပြီးငါတို့ကိုတိုက်ခိုက်ဖို့လီတစ်ရာအကွာအဝေးအထိခရီးနှင်လာခဲ့ကြတယ်။တစ်နည်းဆိုရရင်တော်ဝင်ရုံးတော်ကခန့်မှန်းချက်အမှားအယွင်းလုပ်ခဲ့မိတဲ့အကြောင်းအရင်းကသံမဏိဝတ်ရုံမြင်းစီးဓားပြတွေရဲ့လှုပ်ရှားမှုတွေကိုသူတို့ကအတိအကျမသိနိုင်တာကြောင့်ပဲ။"
"ဆက်သွားရရင်တတိယမစ်ရှင်နဲ့ပတ်သက်တဲ့သတင်းကိုငါတို့ဘယ်အချိန်မှာလက်ခံရရှိခဲ့ကြတာလဲ။"
"ငါတို့အဲဒါကိုသံမဏိဝတ်ရုံမြင်းစီးဓားပြတွေရဲ့ရတနာသိုက်မှာရရှိခဲ့ကြတာပဲ။"
ပိုင်စီလင်ဤတစ်ခုကိုလျင်မြန်စွာပြန်ဖြေလိုက်နိုင်သည်။
"အမှန်ပဲ၊ဒီဥပမာသုံးခုကနေအရင်မစ်ရှင်ပြီးဆုံးကြောင်းအတည်ပြုပြီးမှသာတော်ဝင်ရုံးတော်ကညွှန်ကြားချက်တွေထုတ်ပြန်တယ်ဆိုတာမထင်ရှားဘူးလား။တိဗက်စစ်သားတွေကိုတိုက်ခိုက်ပြီးတဲ့နောက်အဲဒီအချိန်မှာငါတို့မစ်ရှင်ကိုပြီးမြောက်သွားပြီဆိုတာတော်ဝင်ရုံးတော်ကသေချာသိရှိဖို့ဖြစ်နိုင်မှာမဟုတ်လို့သူတို့ငါတို့ကိုအဲဒီသတင်းပေးပို့ဖို့ဖြစ်နိုင်မှာမဟုတ်ဘူး။"
"အဲနောက်မှအဲစာကစစ်မှုထမ်းဌာနကနေလာခဲ့တာမဟုတ်ဘူးဆိုတာငါသေချာသွားခဲ့တာ။"
ဝမ်ချောင်ပြောလိုက်၏။
"ဘယ်လို"
ထိုစကားလုံးများကိုကြားသည်နှင့်ရှုကန်းနှင့်ပိုင်စီလင်တို့သည်သူတို့၏စိတ်တည်ငြိမ်မှုများကိုမထိန်းနိုင်ကြတော့ပေ။သူတို့ထိတ်လန့်တကြားမတ်တပ်ရပ်လိုက်မိကြသည်။
"ဝမ်ချောင်နင်ဆိုလိုတာကစစ်မှုထမ်းဌာနကနေငါတို့နောက်ဆုံးလက်ခံရရှိခဲ့တဲ့ညွှန်ကြားချက်ကအတုလုပ်ထားတယ်လို့လား။"
ပိုင်စီလင်မယုံကြည်နိုင်စွာမေးလိုက်၏။
စစ်မှုထမ်းဌာနမှစာအတုလုပ်ခြင်းသည်ကြီးလေးသောပြစ်မှုဖြစ်သည်။
"ငါအဲလိုမပြောဘူး။ဒါ့အပြင်စာတစ်စောင်ကစစ်မှုထမ်းဌာနကနေအမှန်တကယ်လာခဲ့သလား၊မလာခဲ့ဘူးလားဆိုတာကိုကျန်းလင်မမှတ်မိနိုင်ဖို့ဆိုတာတော်တော်လေးမဖြစ်နိုင်ဘူး။ဒါပေမယ့်လည်းတစ်ခုသေချာရရင်ငါတို့လက်ခံရရှိခဲ့တဲ့နောက်ဆုံးစာလွှာကအရင်စာတွေလိုတူညီတဲ့ရင်းမြစ်ကနေလာခဲ့တာမဟုတ်ဘူး။"
"ငါ့မှန်းဆချက်ကရှီဘုရင်ဟာအဲစာလွှာကိုကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။ငါတို့ရဲ့တတိယမစ်ရှင်ကဘာဖြစ်မယ်ဆိုတာသူတို့ခန့်မှန်းဖို့မဖြစ်နိုင်တာကြောင့်စာကိုတတ်နိုင်သမျှမရေမရာသာသူတို့ရေးနိုင်ခဲ့ကြတယ်။"
"အဲစာနဲ့ဟွမ်ရုံတုကတခြားသူတွေကိုသံသယမဝင်စေဘဲအချိန်ကျလာတဲ့အခါငါနဲ့အတူပြန်နိုင်မှာဖြစ်တယ်။အရာအားလုံးကအသေးစိတ်ပြင်ဆင်ထားခဲ့တာပဲ။"
ထိုအချိန်တွင်ပိုင်စီလင်နှင့်ရှုကန်းတို့သည်ပြောမပြတတ်လောက်အောင်ထိတ်လန့်သွားကြသည်။သူတို့သည်ခရီးတစ်လျှောက်လုံးဝမ်ချောင်အနားတွင်ရှိနေခဲ့ကြသော်လည်းဝမ်ချောင်သည်ဤအရာအားလုံးကိုသူတို့အားထောက်ပြခဲ့ခြင်းမရှိပါကသူတို့ဤကဲ့သို့အချက်အလက်များကိုဘယ်တော့မှသတိပြုမိခဲ့ကြလိမ့်မည်မဟုတ်ပေ။
".......”
ဒါပေမယ့်နင်ကဟွမ်ရုံတုကိုသံသယရှိခဲ့ပြီးပြီဆိုရင်နင်သူ့ကိုဘာလို့မဖော်ထုတ်ခဲ့တာလဲ။နင်ဘာလို့သူ့ကိုတောင်ခေါ်လာခဲ့သေးတာလဲ။"
ပိုင်စီလင်မေးလိုက်၏။
"ငါလုပ်မို့ပဲ၊ဒါပေမယ့်သူကဘယ်တုန်းကမှအဖွဲ့ကနေခွဲထွက်ဖို့မကြိုးစားခဲ့ဘူးလေ။"
ဝမ်ချောင်သက်ပြင်းချလိုက်မိသည်။
ပိုင်စီလင်ဘာတွေဖြစ်ပျက်နေသည်ကိုနားမလည်မီတခဏမျှအေးခဲသွားခဲ့သည်။
ဆိုရပါကဟွမ်ရုံတုသည်တည်နေရာကိုအတည်ပြုပြီးနောက်တွင်ရှီဘုရင်ငှားရမ်းထားသောလုပ်ကြံသူများကသူ့ကိုမှတ်မိနိုင်ဖွယ်မရှိသောကြောင့်အဖွဲ့မှခွဲထွက်သွားခဲ့သင့်ပေသည်။ထိုသည်ကဝမ်ချောင်၏သံသယများကိုအတည်ပြုပေးသွားပေလိမ့်မည်။
သို့သော်ထိုလုပ်ကြံသူများရောက်လာသည့်အချိန်အထိပင်ထိုသူရဲဘောကြောင်သောဟွမ်ရုံတုသည်အဖွဲ့ကိုလုံးဝစွန့်ခွာရန်မကြိုးစားခဲ့ပေ။
"နင်နောက်ထပ်ဘာလုပ်ဖို့ရည်ရွယ်ထားလဲ။သူ့နဲ့စာရင်းရှင်းမှာလား။"
ပိုင်စီလင်မေးလိုက်၏။
"အဲဒါကဟွမ်ကလန်ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ်မူတည်လိမ့်မယ်။"
ဝမ်ချောင်ပြန်ဖြေလိုက်သည်။
---
ဟွမ်ကလန်၏တုံ့ပြန်မှုမှာဝမ်ချောင်မျှော်လင့်ထားသည်ထက်မြန်နေခဲ့၏။ဟွမ်ရှီစံအိမ်တွင်ဟွမ်ရုံတုကိုစာရင်းရှင်းပြီးနောက်ထိုည၌ပင်ဟွမ်ကလန်၏ခေါင်းဆောင်ကဝမ်မိသားစုအိမ်တော်တွင်ပေါ်လာခဲ့သည်။
"သခင်လေးကျွန်တော်တို့ရဲ့ဟွမ်ကလန်ကဒီကိစ္စမှာမှားသွားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဝမ်ကလန်ကိုကျေနပ်လောက်တဲ့ရှင်းပြချက်တစ်ခုပေးမှာပါ။ဒါပေမယ့်ဟွမ်ကလန်ကဒီကိစ္စကိုသတိမထားမိဘူးလို့ပြောတဲ့အခါကျွန်တော့်ကိုယုံကြည်ပေးဖို့အလေးအနက်မေတ္တာရပ်ခံချင်ပါတယ်။ဒါတွေအားလုံးကအဲဒီခွေးကောင်သူ့သဘောနဲ့သူလုပ်ခဲ့တာတွေပါ။"
ဟွမ်ကလန်၏ခေါင်းဆောင်သည်ဝမ်ချောင်ရှေ့၌ပေါ်လာသည်နှင့်ချက်ချင်းပင်ဒူးထောက်လိုက်ပြီးကြမ်းပြင်နှင့်မျက်နှာအပ်လိုက်သည်။
ဟွမ်ကလန်၏ခေါင်းဆောင်သည်အသက်ငါးဆယ်ကျော်ရှိနေပြီဖြစ်ပြီးအလွန်ရည်မှန်းချက်ကြီးကာမာနကြီးသူတစ်ဦးဖြစ်ပုံရသည်။သူ၏ကျင့်ကြံခြင်းသည်လည်းနက်နဲသိမ်မွေ့သောသိုင်းနယ်ပယ်ကိုကျော်လွန်နေခဲ့၏။
သို့သော်ယခုအချိန်၌ဤမောက်မာသောလူကသူ့ထက်များစွာအားနည်းပြီးငယ်ရွယ်သည့်ဂျူနီယာတစ်ယောက်ရှေ့တွင်ဒူးထောက်နေပေသည်။
ဤသည်မှာအသက်အရွယ်သို့မဟုတ်ကျင့်ကြံမှုနယ်ပယ်ကိစ္စမဟုတ်တော့ပေ။ဤသည်မှာမြို့တော်ရှိကလန်များ၏ပဋိပက္ခများကိုဖြေရှင်းပုံဖြစ်သည်။ ဤနေရာတွင် ဝမ်ချောင်သည် မဟာထန်တိုင်းပြည်ရှိဂုဏ်သိက္ခာအကြီးမားဆုံး ကလန်များထဲမှတစ်ခုဖြစ်သည့်ဝမ်ကလန်ကိုကိုယ်စားပြုပေသည်။
ဟွန်ကလန်၏ခေါင်းဆောင်သည်ပင်ဝမ်ချောင်နောက်ကွယ်မှကြီးမားသောစွမ်းအားများရှေ့တွင်ခေါင်းငုံ့ရန်မှတပါးရွေးချယ်စရာမရှိခဲ့ပေ။ထို့အပြင်လက်ထဲတွင်ရှိသောပြဿနာသည်အသေးအဖွဲကိစ္စမဟုတ်ပေ။
မှားယွင်းစွာကိုင်တွယ်ခဲ့ပါကဟွမ်ကလန်ကိုလုံးလုံးလျားလျားပျက်စီးသွားစေနိုင်သည်။
"ကျွန်တော်တို့ရဲ့ဟွမ်ကလန်ကဝမ်ကလန်နဲ့ရန်သူလုပ်ဖို့ရည်ရွယ်ချက်မရှိကြောင်းနဲ့ဝမ်ကလန်နဲ့ယောင်ကလန်ကြားကအငြင်းပွားမှုမှာပါဝင်ပတ်သက်ဖို့လည်းရည်ရွယ်ချက်မရှိကြောင်းကျွန်တော်အာမခံနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကိစ္စမှာကျွန်တော်တို့ကိုယုံကြည်ပေးဖို့ သခင်လေးကို မေတ္တာရပ်ခံပါတယ်။"
-------
အပိုင်း ၃၈၄
ဟွမ်ကလန်၏လျော်ကြေး
ဝမ်ချောင်ရှေ့တွင် ဒူးထောက်လျက် ဟွမ်ကလန်၏ ခေါင်းဆောင်သည် သူ့ခေါင်းကိုပို၍ငုံ့လိုက်သည်။
ဟွမ်ကလန်၏မျိုးဆက်တစ်ယောက်သည် ဝမ်ချောင်ကို သူ့တည်နေရာအား သူ့ရန်သူများကိုတင်ပြခြင်းဖြင့် လျှို့ဝှက်ကြံစည်ခဲ့သောအချက်ကြောင့် ထိုချောင်းမြောင်းလုပ်ကြံတိုက်ခိုက်မှုကို ဝမ်ကလန်ဆီသို့ ဟွမ်ကလန်၏ စိတ်သဘောထားအားကိုယ်စားပြုခြင်းအဖြစ်ယူဆနိုင်သည်။
ကိုယ်ကျင့်တရားမြင့်မားမှုသည် အထက်တန်းလူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခတိုင်းအတွက် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သောကြောင့် ဟွမ်ကလန်၏လုပ်ဆောင်မှုများမှာ ဂုဏ်သရေရှိကလန်များကြား၌ပင် ကဲ့ရဲ့ပြစ်တင်ထိုက်ပေသည်။ သူတို့အတွက် ရှေ့ထွက်ပြီးရပ်တည်ပြောပေးမည့်သူ မည်သူမျှရှိလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ဟွမ်ကလန်သည် သူတို့ကိုယ်သူတို့သာအားကိုးရပေမည်။
ဟွမ်ကလန်၏ခေါင်းဆောင်သည် အကယ်၍သူတို့ကဝမ်ကလန်၏ ခွင့်လွှတ်မှုကိုလိုချင်ပါက သူတို့ဝမ်ချောင်ကိုပထမဆုံး သိမ်းသွင်းစည်းရုံးရမည်ဖြစ်ကြောင်းသိပေသည်။ ဤသို့မဟုတ်ပါက သူတို့နှင့်ရင်ဆိုင်ဖြေရှင်းရန် ဝမ်ကန်းရှေ့ထွက်လာသောအချိန်တွင် တိုက်ပွဲက သူတို့ရင်ဆိုင်ရမည့်အရာ ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ဟွမ်ကလန်က ဝမ်ကလန်နှင့်ရင်ဆိုင်တိုက်ပွဲကို အောင်နိုင်မည်မဟုတ်ပေ။
ဟွမ်ကလန်ခေါင်းဆောင်ကို တိတ်တဆိတ်ငုံ့ကြည့်ကာ ဝမ်ချောင်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
သူ့လက်ထဲတွင် ဟွမ်ကလန်တစ်ခုလုံး၏ ကံကြမ္မာကိုကိုင်စွဲထားကြောင်းသူသိပေသည်။ မကြာခဏဆိုသလိုပင် ကလန်များကြားသဘောထားကွဲလွဲမှုများသည် မည်သည့်သွေးထွက်သံယိုဖြစ်စေမှုကိုမျှ တိုက်ရိုက်မဖြစ်စေသော်လည်း ၎င်း၏ပျက်စီးဆုံးရှုံးမှုများသည် သက်ဖြတ်ခြင်းမျှထက်များစွာ ကျော်လွန်သွားနိုင်ပေသည်။
ဤရှုထောင့်တွင် အားကောင်းသောသိုင်းပညာရပ်များကို ပိုင်ဆိုင်ခြင်းကပင် မကယ်နိုင်တော့ပေ။
ဤသည်မှာ ဝမ်ချောင်သည် သူ့ကလန်တစ်ခုလုံး၏စွမ်းအားကို အသုံးပြုသည့်ပထမဆုံးအကြိမ်ဖြစ်ပြီး ထို့အတူအခြားကလန်တစ်ခု၏ကံကြမ္မာကို ထိန်းချုပ်သည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။
ခေါင်းညိတ်သည်ဖြစ်စေ၊ ခေါင်းခါသည်ဖြစ်စေ စုန့်ဘုရင်နှင့်ဦးကြီးတို့က သူ့ဆုံးဖြတ်ချက်အား ယူဆောင်လာပေးမည်ကိုသူသိပေသည်။
ယန်ကျိုးပင်လျှင် သူ့အားထောက်ခံမှုကိုဖော်ပြသည့် စာတစ်စောင်ကိုပို့လာခဲ့၏။ သူ့ဆန္ဒကထိုသို့ဖြစ်ပါက ကြင်ယာတော်ထိုက်ကျန်း၏ အင်အားစုသည် ဝမ်ကလန်ကဟွမ်ကလန် ကိုချေမှုန်းရန်ကူညီရာတွင် သူမ၏သြဇာကိုထည့်ဝင်ပေလိမ့်မည်။
ကိစ္စအမျိုးမျိုးဖြစ်ပျက်ပြီးနောက် ကြင်ယာတော်ထိုက်ကျန်း၊ဝမ်ကလန်နှင့်စုန့်ဘုရင်တို့သည် တူညီသောအကျိုးစီးပွားများမှ ဖန်တီးထားသော ကွန်ရက်တစ်ခုဖြင့်အတူတကွ ချိတ်ဆက်နေကြပြီဖြစ်သည်။
ထို့အပြင်ဤကွန်ရက်၏ အလယ်အူတိုင်အကျဆုံးတွင် ရပ်တည်နေသူမှာ ဝမ်ချောင်ဖြစ်၏။
ဝမ်ချောင်သည် အဖွဲ့သုံးဖွဲ့ကြားမဟာမိတ်ဖွဲ့ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ဟွမ်ကလန်၏လုပ်ရပ်များသည် စုန့်ဘုရင်နှင့်ကြင်ယာတော် ထိုက်ကျန်းတို့ကိုလည်းခြိမ်းခြောက်နေခဲ့ပေသည်။
ဤကိစ္စ၏ရှုပ်ထွေးမှုကို နားလည်ကြသောကြောင့် ယောင်ကလန်နှင့်ရှီဘုရင်တို့သည်ပင် သူတို့ကဤကိစ္စတစ်ခုလုံးကို အစပြုခဲ့ကြသူများဖြစ်ကြသော်လည်း လက်ရှောင်ရန်ရွေးချယ်ခဲ့ကြပေသည်။
ဝမ်ချောင်၏တိတ်ဆိတ်မှုသည် ဟွမ်ကလန်ခေါင်းဆောင်ကို အထူးပင်စိုးရိမ်ပူပန်စေခဲ့၏။ သူစိုးရိမ်စိတ်ဖြင့်အံကြိတ်ရင်း သူ့နဖူးမှချွေးအေးများစီးကျလာခဲ့ကြသည်။
"သခင်လေးကဆန္ဒရှိရင် ကျွန်တော်အဲဒီမျိုးမစစ်သားကို သခင်လေးကိုင်တွယ်ဖြေရှင်းဖို့လွှဲပေးချင်..."
"အဲလိုလုပ်ဖို့မလိုဘူး။"
ဝမ်ချောင်ဖြတ်ပြောလိုက်၏။
ဟွမ်ကလန်ခေါင်းဆောင်သည် အံ့အားတကြီးမော့ကြည့်လိုက်မိသည်။ ဟွမ်ရုံတုတော့သွားပြီဟု သူတွေးထင်ထားခဲ့သော်လည်း မည်သူကထိုသည်ကိုတွေးထားမိမည်နည်း...
"...ငါသူ့ကိုချမ်းသာပေးလိုက်မယ်။"
ဝမ်ချောင်အဝေးကိုခန့်မှန်းမရသည့်အကြည့်ဖြင့်ကြည့်လျက် ခပ်တည်တည်ပြောလိုက်သည်။
"ကျန်တာတွေကိုတော့ ခင်ဗျားစိတ်ကြိုက်လုပ်ပါ။"
ထိုစကားများကိုပြောပြီးနောက် မျက်နှာပေါ်တွင်ခံစားချက်တစ်ခုမျှမရှိဘဲ ဝမ်ချောင်သည် လက်နောက်ပစ်လျက်ဧည့်ခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။
ချမ်းသာပေးခြင်းက ခွင့်လွှတ်သည်ဟု မဆိုလိုပေ။
ဝမ်ချောင်သည် ဟွမ်ရုံတုကိုချမ်းသာပေးရန်ရွေးချယ်ခဲ့သော်လည်း ဤသည်က ဟွမ်ကလန်သည် အန္တရာယ်ထဲက လွတ်မြောက်ပြီဟုမဆိုလိုပေ။
ဂုဏ်သရေရှိ ကလန်များကြား ပဋိပက္ခများနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများရှိကြပေသည်။
ဤကိစ္စ၏အဆုံးတွင် မြို့တော်၌ဟွမ်ကလန်ကျန်ရှိနေဦးမည်လားဆိုသည်မှာ ယခုမှစပြီး ဟွမ်ကလန်၏လုပ်ဆောင်မှုအပေါ်မူတည်ပေလိမ့်မည်။ ဟွမ်ကလန်ခေါင်းဆောင်ဉာဏ်ကောင်းပါက သူဘာလုပ်ရမလဲသိပေလိမ့်မည်။
မှိုင်တွေနေသောအကြည့်ဖြင့် ဟွမ်ကလန်ခေါင်းဆောင်သည် ဝမ်ကလန်၏ဂိတ်တံခါးများကိုချန်ထားခဲ့သည်။ ဝမ်ချောင်သည် ဆယ့်ခြောက်နှစ်သာရှိသေးသော်လည်း သူ့ရှေ့မှောက်တွင် သူသည်နေမထိထိုင်မသာဖြစ်နေတုန်းပင်။
ဤညမှာဟွမ်ကလန်အတွက် အိပ်မရသည့် ညတစ်ညဖြစ်ခဲ့ပေ၏။
---
"သခင်လေးအပြင်မှာ ဂါရဝပြုဖို့ရောက်လာတဲ့ လူတစ်ယောက်ရှိပါတယ်။"
ဒုတိယနေ့၌ ပထမဆုံးနေရောင်ခြည်က မိုးကုတ်စက်ဝိုင်းမှထွက်ပြူစပြုလာချိန်တွင် အစောင့်တစ်ယောက်က ဝမ်ချောင်အခန်းတံခါးအပြင်ဘက်မှနေ၍တင်ပြလာခဲ့သည်။ ထိုအချိန်တွင် သူအိပ်ယာပေါ်လဲလျောင်းနေသေး၏။
"အိုး"
မျက်မှောင်ကြုတ်လျက် ဝမ်ချောင်ချက်ချင်းထထိုင်လိုက်သည်။
"ငါ့အမေကဒီကိစ္စကိုဘာပြောလိုက်သလဲ။"
များသောအားဖြင့် အိမ်တော်ရှိကိစ္စရပ်များကို ဝမ်သခင်မကကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။ အချို့သောအထူးအခြေအနေများအောက်တွင်သာ ၎င်းတို့သည် ဝမ်ချောင်ပေါ်သို့ကျရောက်လာပေလိမ့်မည်။
"သခင်မကသခင်လေးကို ဒီကိစ္စကိုင်တွယ်စေဖို့ပြောလိုက်ပါတယ်။"
ထိုအစောင့်ပြန်ဖြေလိုက်၏။
"နားလည်ပြီ"
ဘာတွေဖြစ်ပျက်နေသည်ကို အကြမ်းဖျင်းနားလည်လိုက်ကာ ဝမ်ချောင်၏ မျက်လုံးများတစ်ချက်လက်သွားခဲ့သည်။
"သူ့ကိုအထဲလွှတ်လိုက်။"
ဝမ်ချောင်သည်မူလက "သူ" ဖြစ်လိမ့်မည်ဟုတွေးထင်ထားခဲ့သော်လည်း၎င်းက "သူမ" အဖြစ်သို့ပြောင်းသွားခဲ့သည်။ အဝေးမှအဆင်တန်ဆာများ၏ တချွင်ချွင်မြည်သံကိုသူဝိုးတဝါးကြားနေရသည်။
လေညင်းအနည်းငယ် တိုက်ခတ်သွားခဲ့ပြီး လေထဲတွင်မွှေးပျံ့သောမွှေးရနံ့တစ်ခုထွက်ပေါ်လာ၏။
"ဘာတွေဖြစ်နေတာလဲ"
ဝမ်ချောင်မှင်သက်သွားခဲ့၏။
သူအခြေအနေကိုနားမလည်နိုင်မီမှာပင် တံခါးသည်ရုတ်ချည်းပွင့်သွားခဲ့ပြီး နောက်ကျောတွင်ကြီးမားသော ငွေရောင်ဓားကြီးတစ်လက်ဖြင့် အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်ဝင်လာခဲ့သည်။
ထိုမိန်းမငယ်လေးသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏လက်ကောက်ဝတ်တွင်ရွှေလက်ကောက်တစ်ခုရှိသည်။ သူမ၏ဖြူစင်ချောမွေ့သောအသားအရေသည် သူမ၏လှပသောအသွင်အပြင်များနှင့် ကောင်းစွာလိုက်လျောညီထွေရှိနေခဲ့ကာ သူမသည်ပန်းချီကားထဲမှ တခဏထွက်လာခဲ့ပုံရသည်။
သူ့ဘဝတွင် မိန်းမလှပေါင်းများစွာကိုမြင်တွေ့ခဲ့ဖူးသော ဝမ်ချောင်ပင်လျှင် တခဏမျှမှိန်းမောသွားခဲ့ရသည်။
သို့သော်လှပသောအသွင်အပြင်ရှိသော်လည်း သူမတွင်အေးစက်စက်အမူအရာရှိ၏။
"ဟွမ်ကလန်ရဲ့ဟွမ်ချန်အာကသခင်လေးကိုအရိုအသေပေးပါတယ်။"
ထိုမိန်းမပျိုအခန်းထဲရောက်လာသည်နှင့် သူမချက်ချင်းကြမ်းပြင်ပေါ်ဒူးထောက်လိုက်ပြီး သူမ၏ခေါင်းကိုကြမ်းပြင်ပေါ်အပ်လိုက်ကာ ရုပ်တုတစ်ခုကဲ့သို့မရွေ့လျားတော့ပေ။
သူမ၏လက်များသည်မြှင့်တက်လာခဲ့ကြပြီး သူမ၏သွယ်လျသောလက်ချောင်းများက စာတစ်စောင်ကိုကိုင်ဆောင်ထားခဲ့ကြသည်။
"ဝမ်သခင်လေးဆီသို့"
ဤစာလုံးများကအားကောင်းသည့် စုတ်ချက်များဖြင့် ထိုစာ၏အဖုံးပေါ်တွင်ရေးထိုးထားခဲ့ကြသည်။ လက်ရေးမှတဆင့်တစ်စုံတစ်ယောက်သည် အခြားသူ၏စိတ်ဝိညာဉ်ကိုဖောက်ကြည့်နိုင်သည်။ ထိုစကားလုံးများသည်ကြီးမားသောအာဏာကိုကိုင်စွဲထားသည့် လူတစ်ယောက်ထံမှဆင်းသက်လာပုံရပြီး ထောင့်နားရှိဟွမ်ကလန်ခေါင်းဆောင်တံဆိပ်သည် ယင်းကိုပိုမိုခိုင်လုံစေခဲ့သည်။
"ဟွမ်ကလန်ကဒီဟာနဲ့ဘာကိုဆိုလိုတာလဲ။"
ဟွမ်ကလန်၏ရည်ရွယ်ချက်များကို သဘောမပေါက်နိုင်ဖြစ်နေခဲ့ကာ ဝမ်ချောင်မျက်မှောင်ကြုတ်လိုက်သည်။
သူ့ခုတင်တိုင်မှမတ်တပ်ရပ်လျက်ဘေးနားရှိဝတ်ရုံကို သာမန်ကောက်ယူလိုက်ပြီးဝတ်ဆင်လိုက်ကာ ထိုအဖြူရောင်ဝတ်မိန်းမပျိုဆီမှ စာကိုလက်ခံရန်သူဖြည်းညင်းစွာလျှောက်သွားလိုက်သည်။
သူထိုစာကိုယူနေချိန်တွင် တစ်ဖက်လူ၏လက်များကို မတော်တဆထိမိသွားခဲ့ပြီး သူ့လက်ချောင်းထိပ်မှ အေးစက်ပြီးချော့မွေ့သည့်ခံစားချက်ကို ခံစားလိုက်ရသည်။
တစ်ဖက်တွင်မူထိုမိန်းမငယ်လေးသည် ထိုအထိအတွေ့တွင်တုန်ရီသွားခဲ့၏။
၎င်းကိုဂရုစိုက်မနေဘဲ ဝမ်ချောင်စာအိတ်ကိုဖွင့်လိုက်ပြီး စတင်ဖတ်ရှုလိုက်သည်။
သူမှန်ပေ၏။ ဤစာမှာအမှန်ပင် ဟွမ်ကလန်ခေါင်းဆောင်ကိုယ်တိုင်ရေးထားသည့် စာတစ်စောင်ဖြစ်သည်။ သို့သော်လည်းဟွမ်ကလန်က တစ်ညတည်းနှင့်ဤကိစ္စကို ဆုံးဖြတ်ချက်ချခဲ့မည်ဟုသူမမျှော်လင့်ထားခဲ့ပေ။
ဝမ်ကလန်နှင့်ယောင်ကလန်တို့ကြားပဋိပက္ခတွင် ဟွမ်ရုံတု၏တမင်တကာဝင်ရောက်စွက်ဖက်မှုနှင့်ဝမ်ချောင်ကိုတိုက်ခိုက်မည့် အကြံအစည်တွင်တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သောကြောင့် အဓိကမိသားစု၏အဖွဲ့ဝင်တစ်ဦးအဖြစ် သူ့ဂုဏ်ဒြပ်ကိုဖယ်ရှားပြီး သူတို့ကလန်၏ကလန်စည်းမျဉ်းများနှင့်အညီသူအပြစ်ပေးခံရမည်ဖြစ်သည်။ ထို့နောက်တွင်သူသည် လင်းနန်သို့ပြည်နှင်ဒဏ်ပေးခံရကာ မြို့တော်သို့ဘယ်တော့မှ ထပ်မံဝင်ရောက်ခွင့်မရှိတော့ပေ။
(လင်းနန်ကမြောက်ပိုင်းဗီယက်နန်အနီး၊မဟာထန်ရဲ့တောင်ပိုင်းနယ်စပ်မှာပါ။)
ထို့အပြင်ဟွမ်ကလန်သည် သူတို့၏အမှားအတွက်လျော်ကြေးအဖြစ် သူတို့၏လုပ်ငန်းသုံးမျိုး၊မိုင်းတွင်းလေးခု၊ဆေးပင်များ၊ဆေးလုံးများ၊ လေ့ကျင့်သင်ကြားထားသောမြင်းများနှင့် ရွှေပြားသုံးသန်းတို့ကိုပေးလျော်မည်ဖြစ်သည်။
ထို့အပြင်လာမည့် သုံးနှစ်အတွင်းဟွမ်ကလန်၏ဝင်ငွေအားလုံးကို ဝမ်ကလန်သို့လွှဲပြောင်းပေးမည်ဖြစ်သည်။
နောက်ဆုံးဖြစ်သော်လည်းအရေးပါသော...
နောက်ဆုံးစာကြောင်းကိုမြင်သည်နှင့် ဝမ်ချောင်၏အကြည့်သည်ကြမ်းပြင်ပေါ်ရှိ လှုပ်ရှားခြင်းမရှိသောမိန်းမပျိုဆီသို့ ကျရောက်သွားခဲ့ကာသူ့မျက်ခုံးများ အပြင်းအထန်တွန့်ချိုးသွားခဲ့ကြသည်။
ယခင်သတ်မှတ်ချက်အနည်းငယ်မျှဖြင့် ဟွမ်ကလန်သည်သူတို့၏လျော်ကြေးအတွက် အလွန်ရက်ရောသည်ဟုဆိုနိုင်သည်။ ဤသည်ကသူတို့၏ ဘဏ္ဍာရေးကိုအကြီးအကျယ်အကျပ်ရိုက်စေလိမ့်မည်ဖြစ်ပြီး သူတို့ကိုကာလကြာရှည်စွာသိသိသာသာ အားနည်းသွားစေလိမ့်မည်ဖြစ်သည်။
သို့သော်လည်းဤသည်မှာ ကလန်များပဋိပက္ခများကိုကိုင်တွယ်ဖြေရှင်းပုံပင်ဖြစ်၏။ ခြေတစ်လှမ်းနောက်ဆုတ်ကာ ဝမ်ချောင်သည်ဤရန်ငြိုးကိုကြေအေးပြီး ဟွမ်ကလန်နှင့်ငြိမ်းချမ်းရေးပြုလုပ်လိုလျှင်ပင် ဝမ်ကလန်၏ကျန်သည့်လူများက သူ့အားထိုသို့ပြုလုပ်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။
ဤကိစ္စသည် ဝမ်ချောင်နှင့်စတင်ကောင်းစတင်နိုင်ခဲ့သော်လည်း သူသည်ဤနေရာတွင်တစ်ဦးတည်းသော သက်ဆိုင်သူမဟုတ်ခဲ့ပေ။ တိုင်းပြည်ရှိမရေမတွက်နိုင်သောလူများသည် ဤကိစ္စရပ်ကိုစောင့်ကြည့်နေခဲ့ကြပြီး ဝမ်ကလန်၏မာနနှင့်ဂုဏ်သိက္ခာတို့သည် ဤနေရာတွင်ပါဝင်နေခဲ့ကြသည်။
ကလန်တစ်ခုလုံး၏ အကျိုးအမြတ်ရှေ့တွင် ဝမ်ချောင်၏တစ်ကိုယ်ရေးအမြင်များသည်နှိုင်းယှဉ်ရာတွင် မှေးမှိန်သွားခဲ့ရသည်။
ထို့အပြင်ဝမ်ချောင်သည် လျော်ကြေးတစ်စုံတစ်ရာမပါဘ ဲဤပြဿနာကိုဖြေရှင်းရန်ဆန္ဒရှိနေလျှင်ပင် ဟွမ်ကလန်က၎င်းအားဘယ်တော့မှသဘောတူလိမ့်မည်မဟုတ်ပေ။ ဝမ်ချောင်ကိုကျေးဇူးမတင်သည့်သာမကသူတို့သည်ပို၍ပင် စိုးရိမ်သွားကြပေလိမ့်မည်။ သူတို့သည်၎င်းကိုဝမ်ကလန်ကသူတို့အပေါ်လှုပ်ရှားတော့မည့်လက္ခဏာအဖြစ် ယူဆသွားနိုင်ပြီး ဤသည်ကသူတို့ဘက်မှတန်ပြန်မှုကိုဖြစ်ပေါ်စေနိုင်သည်။
မြို့တော်တွင်ကြီးပြင်းလာရခြင်းကြောင့် ဝမ်ချောင်သည်ထိုသို့သောကိစ္စရပ်ကို ကိုယ်တိုင်ကိုယ်ကျမကြုံခဲ့ဖူးသော်လည်း အနည်းဆုံးတော့ထိုအကြောင်းကို သူတစ်ခုသို့မဟုတ်နှစ်ခုကြားခဲ့ဖူးပေသည်။
မြို့တော်ရှိသခင်လေးများ၏ အသိုင်းအဝိုင်းအတွင်းတွင်ထိုသို့သောကောလဟာလများအများအပြားပင်။
ဤလုပ်ရိုးလုပ်စဉ်များသည် မိုးပေါ်မှရုတ်တရက်ပေါ်လာခဲ့ခြင်းမဟုတ်ပေ။ ၎င်းတို့သည်တိုင်းပြည်များနှင့်ကလန်များတည်ထောင်ခြင်းနှင့်အတူ ပေါ်ထွန်းလာကြကာမျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြပေသည်။
ဟွမ်ကလန်သည်အမှားလုပ်ခဲ့မိသောကြောင့် သူတို့တန်ဖိုးပြန်ပေးဆပ်ရပေလိမ့်မည်။ အခြားနည်းလမ်းမရှိပေ။
သို့သော်လည်း ဝမ်ချောင်တွင်ရှိနေသောပြဿနာမှာ နောက်ဆုံးအချက်ပင်ဖြစ်သည်။
ဟွမ်ကလန်သည် ထိုအဖြစ်အပျက်အတွက်အလွန်နောင်တရကြောင်းနှင့် သူတို့လုပ်ဆောင်ခဲ့သည့်အရာအတွက်ရှင်းပြချက် သို့မဟုတ်ချမ်းသာကြွယ်ဝမှုပမာဏ မည်မျှကမျှပေးလျော်၍မရနိုင်သည်ကို နားလည်ကြောင်းဖော်ပြထားခဲ့သည်။
ထို့ကြောင့်ဝမ်ချောင်၏ဒေါသကို ဖြေလျှော့ရန်နှင့်ဝမ်ကလန်နှင့်ဟွမ်ကလန်တို့၏ ဆက်ဆံရေးကိုဖာထေးရန် ဟွမ်ကလန်သည်ဝမ်ချောင်ကို လိုလေသေးမရှိပြုစုစောင့်ရှောက်ရန် သူတို့၏အထူးချွန်ဆုံးမိန်းကလေးမျိုးဆက်တစ်ယောက်ကို စေလွှတ်ရန်ဆုံးဖြတ်ခဲ့သည်။
ထို့အပြင်ဝမ်ချောင်က သူမအားတောင်းဆိုသည့်မည်သည့်အရာကိုမဆို ထိုအမျိုးသမီးမျိုးဆက်က လုပ်ဆောင်လိမ့်မည်ဟုစာထဲတွင် အရိပ်အမြွက်ဖော်ပြထားသည်။
တစ်နည်းဆိုရသော် ယနေ့မှစ၍သူမသည်ဝမ်ကလန်၏အဖွဲ့ဝင်ဖြစ်ပေမည်။ သူမသေဆုံးသည့်တိုင် သူမသည် ဟွမ်ကလန်သို့ပြန်ခွင့်ရမည်မဟုတ်ပေ။
ဤသည်မှာ ဟွမ်ကလန်ကသူ့အားပေးဆောင်လာသည့် အကြီးမားဆုံးသောစိတ်စေတနာပင်ဖြစ်သည်။
---
အပေါ်ယံတွင် ဟွမ်ကလန်သည်ဝမ်ချောင်ကို လိုလေသေးမရှိပြုစုစောင့်ရှောက်ရန် ဝမ်ကလန်၏အစေခံအဖြစ်တာဝန်ထမ်းဆောင်ရန် သူတို့၏သမီးကို စေလွှတ်လိုက်ပုံရသည်။
သို့သော်လည်း ဝမ်ချောင်သည် ဤလှုပ်ရှားမှုနှင့်အလွန်ရင်းနှီးနေပေ၏။
အထက်တန်းလွှာများကြားတွင် ဤအရာအတွက်အခြားအဓိပ္ပာယ်ရှိပေသည်။ လက်ထပ်ထိမ်းမြားခြင်းပင်..။
အင်အားနည်းသောကလန်သည် အင်အားကြီးသောကလန်ကို စော်ကားသောအခါရှင်သန်မှုနှင့် ခွင့်လွှတ်မှုကိုရှာဖွေရာတွင် ၎င်းတို့သည်ဤသို့သောနည်းလမ်းကို ခိုကိုးကြပေလိမ့်မည်။
အပေါ်ယံတွင် သူတို့သည်သူတို့၏ သမီးများကို "အစေခံ" အဖြစ်ပို့ဆောင်လိုက်ပုံရသော်လည်း အမှန်တွင်ဤသည်မှာ လက်ထပ်ထိမ်းမြားခြင်းနှင့်ဘာမှသိပ်မကွာခြားပေ။
ထိမ်းမြားလက်ထပ်ခြင်းတွင် တည်ဆောက်ထားသောချိတ်ဆက်မှုများမှတဆင့် ၎င်းတို့သည်၎င်းတို့၏အတိတ်ကကွဲလွဲမှုများကို ဖြေရှင်းနိုင်ပြီးကလန်နှစ်ခုကြားရှိဆက်ဆံရေးကိုခိုင်မာစေနိုင်သည်။ အားနည်းသောကလန်သည်ပိုမိုအားကောင်းသော ကလန်၏အကာအကွယ်ကိုရယူနိုင်ခဲ့ပါက ၎င်းသည်၎င်းတို့၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။
၎င်းသည် ဖန်တရာထေးထပ်နေသော်လည်း ထိမ်းမြားလက်ထပ်ခြင်းဖြင့် မဖြေရှင်းနိုင်သောအမုန်းတရားများမရှိပေ။
ဤသည်မှာ ကလန်များကြားပဋိပက္ခများကိုဖြေရှင်းရန် အထိရောက်ဆုံးနှင့်စေ့စပ်သေချာသည့်နည်းလမ်းဖြစ်သည်။
သို့သော်သို့ဆိုလျှင်ပင်ဤသို့သော အခြေအနေက တစ်နေ့သူ့ဆီကျရောက်လာလိမ့်မည်ဟု ဝမ်ချောင်ဘယ်တုန်းကမှမတွေးထားခဲ့ပေ။
----------------------
အပိုင်း ၃၈၅
အောင်နိုင်သူကို ကြိုဆိုဂုဏ်ပြုပြီး ရှုံးနိမ့်သူကို ဒဏ်ပေးခြင်း၊ ဤသည်မှာ လောကလမ်းစဉ်ဖြစ်၏။
ထိုခဏတွင် အခန်းသည် အပ်တစ်ချောင်းကျဆင်းသွားပါက ကြားရနိုင်သည်အထိ အလွန်တိတ်ဆိတ်သွားခဲ့သည်။
"မင်း အခု သွားလို့ရပြီ။"
ဝမ်ချောင် လက်ဝှေ့ယမ်းပြလိုက်ပြီး ထိုအဖြူရောင်ဝတ် မိန်းမပျိုကို ဟွမ်ကလန်သို့ ပြန်သွားရန် အမူအရာပြလိုက်သည်။
ဟွမ်ကလန်က ထိုအဖြူရောင်ဝတ်မိန်းမပျိုကို ဘာကြောင့် ပို့လွှတ်လိုက်သည်ကို သူ နားလည်သော်လည်း သူ ထိုအရာအတွက် မပြင်ဆင်ရသေးပေ။ ထို့အပြင် သူ ထိုအရာကိုလည်း လက်မခံချင်ပေ။
"ဝမ်ကလန်က နောက်ထပ်ဘာလိုချင်တာလဲ။"
ထိုစကားကို ကြားသည်နှင့် ထိုမိန်းမငယ်သည် ရုတ်ချည်း သူမ၏ မျက်နှာကို မော့လိုက်ပြီး ဝမ်ချောင်ကို ကြည့်လိုက်သည်။
"ကျွန်မတို့ရဲ့ ဟွမ်ကလန်က ဒီအဆင့်အထိ ကိုယ့်ကိုယ်ကို နိမ့်ချထားခဲ့ပြီးပြီ၊ ရှင် ကျွန်မတို့ကို အလွတ်မပေးချင်သေးဘူးလား။"
အားကောင်းသော ကိုယ့်ကိုကိုယ်ယုံကြည်မှုနှင့် ပြင်းထန်သော ခံပြင်းနာကြည်းမှုတို့သည် ထိုမိန်းမပျို၏ လှပသော မျက်နှာပေါ်တွင် ရောထွေးနေကြကာ ဆန့်ကျင်ဘက်ဖြစ်နေသော ထိုအရည်အချင်းနှစ်ခု၏ ကိုးရို့ကားယားနိုင်လှသော ထိပ်တိုက်တွေ့နေမှုက ဝမ်ချောင်ကို တခဏမျှ အံ့အားသင့်သွားစေသည်။
ဂုဏ်သိက္ခာရှိသော ကလန်တွင် မွေးဖွားခြင်းကို ကောင်းချီးမင်္ဂလာတစ်ပါး ဟု လူအများက ယူဆကြသော်လည်း ဤမွန်မြတ်သော မွေးဖွားခြင်းမှာလည်း တာဝန်အစုံဖြင့် ဆင်းသက်လာပေသည်။
ဟွမ်ချန်အာသည် သူမ၏အနာဂတ်ကို အစီအစဉ်ဆွဲထားပြီးဖြစ်သော်လည်း ကလန်မှ ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်တစ်ခုက အရာရာတိုင်းကို မှောက်ခုံဖြစ်သွားစေခဲ့သည်။
လူတစ်ယောက်၏ အကျိုးအမြတ်သည် ကလန်၏ အကျိုးအမြတ်ရှေ့တွင် အမြဲဒုတိယဦးစားပေးဖြစ်ပေ၏။ သူမသည် မည်မျှ မောက်မာပြီး မလိုချင်ပါစေ ကလန်၏ အစီအစဉ်များကို အလျှော့ပေးရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။
"ငါ့ကို အလုပ်အကျွေးပြုဖို့ ဘယ်သူ့ကိုမှမလိုအပ်ဘူး။"
ဝမ်ချောင် မျက်မှောင်ကြုတ်လျက် အေးစက်စွာ ရေရွတ်လိုက်သည်။
တစ်ဖက်လူသည် ထိုအရာက သူ ဆိုလိုသည့်အရာမဟုတ်သည်ကို သိသင့်ပေသည်။ ဤပြဿနာနှင့် ပတ်သက်သည့် ရှုပ်ထွေးမှုများကို သူနားလည်သော်လည်း ထိုဆုံးဖြတ်ချက်ကို လက်ခံရန် သူ ဆန္ဒမရှိပေ။
"အရမ်းမလွန်လာနဲ့။ နင့်ကို ကျေနပ်စေဖို့ ငါ့ရဲ့ပေးဆပ်မှုက မလုံလောက်ဘူးလား။ နောက်ထပ် ဘယ်နှစ်ယောက် လိုချင်တာလဲ။ နှစ်ယောက်လား၊ သုံးယောက်လား၊ လေးယောက်လား၊ ကျွန်မတို့ရဲ့ ဟွမ်ကလန်က ရှင့်ကို အမှားလုပ်မိသွားနိုင်ခဲ့ပေမယ့် ဒီလိုတော့ အရှက်ခွဲခံမှာမဟုတ်ဘူး။"
ဟွမ်ချန်အာ ခေါင်းမော့လိုက်ပြီး ဝမ်ချောင်ကို စိုက်ကြည့်လိုက်သည်။
သူမ၏ မျက်နှာသည် ဖြူလျော်နေပြီး သူမ၏ ခန္ဓာကိုယ်က ဒေါသကြောင့် တုန်ရီနေခဲ့သည်။ သူမ ဝတ်ဆင်ထားသော လက်ဝတ်လက်စားများပင်လျှင် သူမ၏ ပြင်းထန်သော လှုပ်ရှားမှုများကြောင့် တချွင်ချွင်မြည်နေခဲ့ကြသည်။
"မင်း..."
ဝမ်ချောင်၏ မျက်ခုံးများ မြင့်တက်သွားခဲ့ကြ၏။
ဟွမ်ချန်အာသည် သူ့ရည်ရွယ်ချက်များကို အထင်လွဲနေပုံရသည်။ သူသည် လက်ထပ်ခြင်းကို ရိုးရိုးရှင်းရှင်းပင် စိတ်မဝင်စားဘဲ ဤသဘောတူညီချက်အတွက် ဟွမ်ချန်အာ၏ ပျော်ရွှင်မှုကိုလည်း မစတေးစေလိုပေ။
သို့သော်လည်း တစ်ဖက်က ထိုသည်ကို နားလည်ပုံမရပေ။ သူ့ကို အလုပ်အကျွေးပြုရန် ဟွမ်ကလန်ဆီမှ မိန်းကလေးမျိုးဆက်များကို ပိုမိုခေါ်ယူရန် သူက ကြိုးစားနေခြင်းဖြစ်မည်ဟု သူမ တွေးထင်နေခဲ့သည်။
"မင်း တစ်ခုခုကို နားလည်မှုလွဲနေပြီ။ ငါဆိုလိုတဲ့အရာက ငါ့ကို အလုပ်အကျွေးပြုဖို့ မင်းကို ဒါမှမဟုတ် ဟွမ်ကလန်ရဲ့ တခြားမိန်းကလေးတွေကို ငါမလိုအပ်ဘူး လို့ ဆိုလိုတာ။"
ဝမ်ချောင် မထုံတတ်သေးပြောလိုက်၏။
ပုံမှန်အားဖြင့်ပြောရလျှင် သူ့စိတ်နှင့် ဟွမ်ချန်အာ၏ မောက်မာသော စရိုက်ကို ဆင်ခြင်ကြည့်ပါက သူသည် ဤမျှ ချစ်ကြည်ရင်းနှီးစွာ ပြောဆိုမည်မဟုတ်ပေ။ အထူးသဖြင့် သူသည် ဤနေရာတွင် သားကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်၏။
သို့သော်လည်း ဟွမ်ချန်အာ၏ မျက်လုံးများထဲမှ ခံပြင်းနာကြည်းမှုကို သူ ပြန်အမှတ်ရလိုက်သောအခါ အတွေးများစွာက သူ့စိတ်ထဲဖြတ်ပြေးသွားခဲ့ကြသည်။ မကြာခဏဆိုသလို အထက်တန်းလွှာ၏ အပေးအယူများတွင် အမျိုးသမီးများသည် သူမတို့ကလန်များ၏ အကျိုးစီးပွားအတွက် စတေးခံရလေ့ရှိကြသည်။ သူမတို့သည် အတွန့်တက်ရန် အခွင့်မရှိဘဲ သူမတို့၏ ကလန်များမှ ဆုံးဖြတ်ထားသည့် မည်သူနှင့်မဆို လက်ထပ်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ကြရသည်။
ဟွမ်ကလန်သည် ကဲ့ရဲ့ဖွယ်ကောင်းသော်လည်း ဟွမ်ချန်အာ၏အခြေအနေမှာ သနားစရာဖြစ်သည်။ ဝမ်ချောင်သည် မသိလိုက်ဘဲ သူ့စိတ်အတွင်းမှ ဒေါသများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်တွင်မူ ထိုစကားများကို ကြားသည်နှင့် ဟွမ်ချန်အာ တခဏမျှ ကြက်သေသေသွားခဲ့၏။ သူမ ဝမ်ချောင်ကို စူးစိုက်ကြည့်လိုက်ပြီး သူ့စကားများ၏ ရိုးသားမှုကို ဆုံးဖြတ်ရန် သူ့စိတ်ဝိညာဉ်၏ အနက်ပိုင်းသို့ ထိုးဖောက်ကြည့်ရန် ကြိုးစားနေပုံရသည်။
ဝမ်ချောင်သည်လည်း ဟွမ်ချောင်အာ၏ အကြည့်ကို ပေါ်တင်ကြီး မျက်နှာချင်းဆိုင်ရန် ရွေးချယ်ခဲ့၏။
တခဏမျှ အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။
တဖြည်းဖြည်းနှင့် ဟွမ်ချန်အာ၏ ခံပြင်းနာကြည်းမှုနှင့် ဒေါသများက တည်ငြိမ်သွားခဲ့ကြသည်။
"ကိစ္စတွေက ဒီအထိရောက်လာပြီ။ နင့်ရဲ့စကားတွေက အရေးမပါတော့ဘူး။"
ဟွမ်ချန်အာ ပြောလိုက်သည်။
ဟွမ်ချန်အာ မှန်ပေ၏။
ဤအချိန်၌ တစ်ဦးချင်း၏ အမြင်များက အရေးမပါတော့ပေ။ သူ၏ "တစ်ဖက်သတ်စကားများ" သည် ဟွမ်ချန်အာကို စည်းရုံးနိုင်သော်လည်း ဟွမ်ကလန်၏စိုးရွံ့မှုကို လျှော့ချရန် လုံလောက်မည်မဟုတ်ပေ။
ဟွမ်ကလန်လိုအပ်နေသည့်အရာမှာ ကတိတစ်ခုမဟုတ်ပေ။ သူတို့သည် အာမခံချက်တစ်ခုလိုချင်ပေသည်။
ထို့အပြင် ကလန်နှစ်ခုကြား လက်ထပ်ထိမ်းမြားခြင်းထက် ဘယ်အရာကမှ သူတို့၏ စိုးရွံ့မှုကို ငြိမ်းအေးစေနိုင်မည်မဟုတ်ပေ။
ဝမ်ချောင်သည် ထိုကိစ္စတစ်ခုလုံးကို ရပ်တန့်လိုလျှင်ပင် ဟွမ်ကလန်က သဘောတူလိမ့်မည်မဟုတ်ပေ။
ထို့အပြင် အခြားအင်အားစုများက ဤကိစ္စကို စောင့်ကြည့်နေကြသောကြောင့် သူ့ဦးကြီးနှင့် ဝမ်ကလန်၏ ကျန်လူများကလည်း ဟွမ်ကလန်၏ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့များပေသည်။
"မင်းမှန်တယ်၊ ဒီအချိန်မှာ ငါ့စကားက အရေးမပါတော့ဘူး။"
ဝမ်ချောင် သက်ပြင်းချလိုက်၏။
"ဟမ် နင်ပျော်မသွားနဲ့။ ငါနင့်ကိုဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး"
ဟွမ်ချန်အာ ဝမ်ချောင်ကို အေးစက်စက်ကြည့်လိုက်သည်။
"ကြည့်ရတာ မင်းက ဒီရလဒ်ကို မကျေမနပ်ဖြစ်နေပုံပဲ။"
ဝမ်ချောင်သည် ဟွမ်ချန်အာကို ရန်စနေသည့်အပြုံးဖြင့် ကြည့်လိုက်သည်။
ဤအချိန်တွင် အရာရာကို ပြောင်းလဲရန် မဖြစ်နိုင်တော့သောကြောင့် သူသည် ဟွမ်ချန်အာကို ပြန်ပို့ခဲ့လျှင်ပင် ဟွမ်ကလန်က သူမကို ပြန်လည်ကြိုဆိုလိမ့်မည်မဟုတ်သောကြောင့် သူ ထိုသည်ကို လက်ခံရန်သာ ဆုံးဖြတ်လိုက်သည်။
အားလုံးပြီးနောက် သူငြင်းနေသမျှကာလပတ်လုံး သူနှင့် ဟွမ်ချန်အာတို့ကြားတွင် ထိမ်းမြားလက်ထပ်ခြင်းမျိုး ရှိလာမည်မဟုတ်သလို သူမသည် သူ့အစေခံအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် သူမအား သူ့ဘက်ရှိ နောက်ထပ် အစေခံတစ်ဦးအဖြစ်သာ မှတ်ယူနိုင်သည်။
အစပိုင်းတွင် အသားမကျသေးသော်လည်း နောက်ပိုင်းတွင် အသားကျသည့်တစ်နေ့ ရောက်လာပေလိမ့်မည်။
"စစ်သူကြီးနဲ့ ဝန်ကြီးတွေရဲ့ ကလန်တစ်ခုအနေနဲ့ ဝမ်ကလန်က သူ့ရဲ့ အခွင့်အာဏာနဲ့ အဆင့်အတန်းကို အသုံးချပြီး ဟွမ်ကလန်ကို ဖိနှိပ်တာက နိမ့်ကျတယ်လို့ မထင်ဘူးလား"
ဟွမ်ချန်အာ အေးစက်စွာ လှောင်ပြောင်လိုက်၏။
"ဝမ်ကလန်ရဲ့ သာလွန်တဲ့ အခွင့်အာဏာနဲ့ အဆင့်အတန်းနဲ့တောင် ဟွမ်ကလန်ရဲ့ အကောက်ကြံခြင်းကို ခံခဲ့ရတယ်။ မင်း အဲဒါကို ဘယ်လိုထင်သလဲ ဆိုတာ ငါ သိချင်မိတယ်။"
ဝမ်ချောင် ပြန်၍ သရော်လိုက်သည်။
"ရှင်..."
ဟွမ်ချန်အာ ဝမ်ချောင်၏ စကားကြောင့် ပြောစရာစကားပျောက်ရှသွားခဲ့ရ၏။
"ဟမ်.. တကယ်လို့ ငါက အဲဒီလုပ်ကြံမှုက အသက်မရှင်နိုင်ခဲ့ရင် မင်းတို့ရဲ့ ဟွမ်ကလန်က ရှီဘုရင်၊ ယောင်ကလန်တို့နဲ့ ဆက်သွယ်ခဲ့ပြီးဖြစ်လိမ့်မယ်။ မင်းရဲ့ ဟွမ်ကလန်က ဒီပြစ်ဒဏ်နဲ့ မထိုက်တန်ဘူးဆိုရင် အဲဒါက ငါ့ရဲ့ဝမ်ကလန်က သေဖို့ ထိုက်တန်တယ် လို့ ဆိုလိုမနေဘူးလား။"
ဝမ်ချောင် အေးစက်စွာ ဆက်ပြောလိုက်သည်။
ဟွမ်ချန်အာ ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သော်လည်း သူမ ထိုစကားကို ပြန်လည်ချေပရန် မတတ်နိုင်ခဲ့ပေ။
"ရှင်က ကျိုးကြောင်းမဆီလျော်တာပဲ။ ဒါတွေအားလုံးက ဟွမ်ရုံတုရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဘာလို့ ကျွန်မရဲ့ ဟွမ်ကလန်တစ်ခုလုံးက သူ့အပြစ်ကို ခါးစည်းခံရမှာလဲ။"
ဟွမ်ချန်အာ စိတ်ဆိုးမာန်ဆိုး ပြန်ခံပြောလိုက်သည်။
"ဒါတွေကို မင်းရဲ့ကလန်ခေါင်းဆောင်ဆီက တစ်ဖက်သတ်စကားလုံးတွေလို့ ဘေးဖယ်ထားလိုက်မယ်၊ တကယ်လို့ ဒီလုပ်ကြံသတ်ဖြတ်မှုက အောင်မြင်သွားတယ်ဆိုရင် ဟွမ်ကလန်တစ်ခုလုံးက ယောင်ကလန်နဲ့ ရှီဘုရင်တို့နဲ့ ဆက်သွယ်မှုတစ်ခုထူထောင်ဖို့ အခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်လိမ့်မယ်မဟုတ်လား။"
ဝမ်ချောင်သည် ဟွမ်ချန်အာ၏ စကားများကို လက်ပိုက်လျက်ဖြင့် လှောင်ပြောင်လိုက်သည်။
ဟွမ်ချန်အာ တိတ်ဆိတ်သွားခဲ့၏။
သူမ ထိုသည်ကို ငြင်းဆန်ချင်သော်လည်း ထိုအချက်ကို လက်ခံဖို့ကလွဲလို့ သူမတွင် ရွေးချယ်စရာမရှိပေ။ ဝမ်ချောင်သည် လုပ်ကြံခံခဲ့ရပါက ဟွမ်ကလန်သည် သေချာပေါက် တုံ့ဆိုင်းမနေဘဲ ယောင်ကလန်၊ ရှီဘုရင်တို့နှင့် ဆက်သွယ်ပေလိမ့်မည်။
အခြေခံအားဖြင့် ကလန်၏အကျိုးစီးပွားသည် ၎င်းရောက်ရှိမည့်လမ်းကြောင်းကို လုံးလုံးလျားလျား အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထိုကိစ္စတွင် ဟွမ်ကလန်၏ မူလရည်ရွယ်ချက်သည် မည်သို့ဖြစ်ပါစေ ယောင်ကလန်၊ ရှီဘုရင်တို့၏အဖွဲ့သို့ဝင်ရောက်ရန်အခွင့်အရေးသည် လက်လွတ်ခံရန်အလွန်ကြီးမားသောအခွင့်အရေးဖြစ်သည်။
"ရှုံးနိမ့်သူကို ဒဏ်ပေးချိန်မှာ အောင်နိုင်သူကို ကြိုဆိုဂုဏ်ပြုကြတယ်၊ ဒါက လောကလမ်းစဉ်ပဲ။ ဒါကြောင့် ဒီကိစ္စမှာ မင်းရဲ့ဟွမ်ကလန်က သားကောင်ဖြစ်သလို ပြောနေတာရပ်လိုက်တော့။"
ဝမ်ချောင် ဟွမ်ချန်အာကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။
အခန်းသည် တိတ်ဆိတ်သွားခဲ့၏။ ဟွမ်ချန်အာသည် မခံမရပ်နိုင်ဖြစ်နေသော်လည်း ဝမ်ချောင်၏စကားကို ချေပရန် စကားလုံးရှာမတွေ့ခဲ့ပေ။
တောတွင်းဥပဒေမှာ ကလန်များကြား ဆက်ဆံရေးကို လွှမ်းမိုးနေသည့် လက်တွေ့အကျဆုံးနှင့် အစွမ်းထက်ဆုံး စည်းမျဉ်းဖြစ်သည်။
ဟွမ်ရုံတုသည် သူ့သဘောနှင့်သူ ဆောင်ရွက်ခဲ့လျှင်ပင် သူ့ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းမှာ သူ့ကလန်အတွက် ဖြစ်နေဆဲဖြစ်သည်။ ထိုလုပ်ကြံသတ်ဖြတ်မှု အောင်မြင်စွာပြီးဆုံးခဲ့ပါက ဟွမ်ကလန်သည် လုံးဝအောင်နိုင်သူများ ဖြစ်လာမည်ဖြစ်သည်။
---
"နင် ဟွမ်ရုံတုကို ဒီလိုပဲ လွှတ်ပေးတော့မို့လား။"
ရက်အနည်းငယ်ကြာပြီးနောက် တော်ဝင်ကျောက်စိမ်းစံအိမ်တွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဟွမ်ကလန်၏ဆုံးဖြတ်ချက်ကို သိရှိပြီးနောက် ပိုင်စီလင်သည် ဝမ်ချောင်ကိုယ်စား ဒေါသတကြီး ဒေါသထွက်သွားခဲ့သည်။
"ဟွမ်ကလန်ကတစ်ဆင့် မင်း ဟွမ်ရုံတုကို သတ်လိမ့်မယ်လို့ ငါထင်ထားခဲ့တာ။"
ရှုကန်း လက်ဖက်ရည်သောက်လျက် မှတ်ချက်ပြုလိုက်၏။ သူ့အမူအရာသည် တည်ငြိမ်ပြီး သူက အရေးမပါသည့် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။
အဖွဲ့လိုက်လုပ်ဆောင်ခဲ့သည့် မစ်ရှင်တွင် သူသည် ဟွမ်ရုံတုနှင့် အနီးစပ်ဆုံးဆက်ဆံရေးရှိခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ထိုအချိန်က ဝမ်ချောင်ကို ကိုင်တွယ်ရန် တညီတညွှတ်တည်း လက်တွဲလုပ်ဆောင်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ရှုကန်းသည် ဟွမ်ရုံတုကိုယ်စား ပြောဆိုရန် လုံးဝရည်ရွယ်ချက်မရှိပေ။
ဟွမ်ရုံတု ပြုလုပ်ခဲ့သည့်အရာမှာ အရှက်ခွဲခြင်း၊ ဆဲရေးခြင်း၊ ရန်စခြင်းမျှ မဟုတ်ခဲ့ပေ။ ၎င်းသည် ဝမ်ကလန်ကို စစ်ကြေညာခြင်းနှင့် မခြားပေ။ သူကိုယ်တိုင် ဤအရာကို နားလည်သင့်ပေသည်။ သူ့အားလိုက်ဖမ်းသူများကို ခါထုတ်နိုင်ခဲ့သည့် ဝမ်ချောင်၏ ဉာဏ်အမြော်အမြင်ကြောင့်မဟုတ်ခဲ့ပါက သူသည် ဤအချိန်တွင် အေးစက်စက်အလောင်းကောင်ဖြစ်နေပေလိမ့်မည်။
ထိုသို့သော ကိစ္စတစ်ခုက ရှုကန်းတွင်ဖြစ်ခဲ့ပါကလည်း ရှုကလန်သည် ဟွမ်ရုံတုကို လုံးဝ အသက်ရှင်လျက် လွတ်ပေးလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လက်တုံ့ပြန်မှုကိစ္စတစ်ခုမျှသာမက မာန်မာနနှင့် ဂုဏ်သိက္ခာတစ်ခုလည်းဖြစ်သည်။ ကလန်များကြား ဆက်ဆံရေးတွင် ဂုဏ်သိက္ခာနှင့် မာနသည် အချည်းနှီးသော စကားလုံးများသာ မဟုတ်ကြပေ။
ဂုဏ်သိက္ခာနှင့် မာန်မာနမရှိသော ကလန်သည် အားနည်းသူအဖြစ်သာ ဖြစ်လာပေလိမ့်မည်။
သူတို့သည် သူတို့အားထိခိုက်နစ်နာစေရန် ရည်ရွယ်သောသူများကိုပင် မဖြေရှင်းနိုင်ပါက ၎င်းတို့၏ အခွင့်အာဏာကို မည်သို့ အခိုင်အမာ ရပ်တည်ပြီး ၎င်းတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းမှ သူများကို မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုများနှင့် လျှို့ဝှက်အကြံအစည်များကို အားပေးနေမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ချောင်က ဟွမ်ရုံတုအား ချမ်းသာပေးခဲ့သည်ကို ကြားသိလိုက်ရသောအခါ နှစ်ယောက်စလုံး အံ့သြသွားကြသည်။
"ငါ သူ့ကို သတ်နိုင်တာအမှန်ပဲ။"
ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်၏။
"ငါလည်း အဲကိစ္စကို စဉ်းစားခဲ့ပေမယ့် ဒီအယူအဆကို နောက်ဆုံးမှာ စွန့်လွှတ်ခဲ့တယ်။"
"ဘာလို့လဲ"
ပိုင်စီလင်နှင့် ရှုကန်းတို့ နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဝမ်ချောင် ထိုကိစ္စကို စဉ်းစားခဲ့ပါက ဘာကြောင့် ဆက်မလုပ်ခဲ့သနည်း။
သက်ပြင်ရှည်ကြီးချလျက် ဝမ်ချောင် ရှုပ်ထွေးနေသည့် ခံစားချက်များဖြင့် ပြောလိုက်သည်။
"သူ ငါ့ကို သတ်ဖို့ အခွင့်အရေးတွေအများကြီးရခဲ့တယ်၊ ဒါပေမယ့် သူ အဲလိုမလုပ်ခဲ့ဘူး.."
ဟွမ်ရုံတုသည် သူ့ကိုသတ်ရန်အတွက် လုပ်ကြံသူများကို သတင်းပေးရုံသာဖြစ်မည်ဟု ယုံကြည်ရလောက်အောင် ဝမ်ချောင် အရမ်းမနုံအပေ။ အခွင့်အရေးတစ်ခုပေါ်ပေါက်လာပါက ဟွမ်ရုံတုသည် ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ရန် ရည်ရွယ်ထားမည်မှာ သေချာသလောက်ပင်။
အနည်းဆုံး ဝမ်ချောင် သံမဏိဝတ်ရုံမြင်းစီးဓားပြများနှင့် ရင်ဆိုင်နေချိန်တွင် သူ့လည်တိုင်ပေါ်၌ ဓားတစ်လက်နှင့် ဆင်တူသော ထက်ရှသည့် ခံစားချက်တစ်ခုကို သူ ခံစားခဲ့ရသည်။
သူတို့ တိဗက်တပ်သားသုံးရာနှင့် တိုက်ခိုက်နေကြသောအချိန် စစ်မြေပြင်တစ်ခုလုံး ပရမ်းပတာဖြစ်နေချိန်၌လည်း ဝမ်ချောင်သည် အလားတူ ထက်ရှသောခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။ ဟွမ်ရုံတုသည် ထိုအချိန်ကလည်း လှုပ်ရှားရန် စဉ်းစားခဲ့သည်မှာ သေချာသလောက်ပင်။
နောက်ဆုံးအခိုက်အတန့်၌ပင် လုပ်ကြံသူများက တောထဲမှ ခုန်ထွက်လာသောအခါတွင်ပင် ဟွမ်ရုံတုသည် သူ့အနီးတွင် ရှိနေခဲ့သည်။ အကယ်၍ ဟွမ်ရုံတုသည် တခဏမျှ သူ့ကို ရပ်တန့်ရန် ကြိုးစားခဲ့ပါက သူသည် ထိုလုပ်ကြံသူများဆီ သူ့အသက် ဆုံးရှုံးခဲ့ရနိုင်သည်။
ဝမ်ချောင်သည် သူ့ကို သတိထားနေခဲ့သော်လည်း ယင်းတို့သည် အကောင်းဆုံးအခွင့်အရေးသုံးခုဖြစ်ခဲ့ကြသည်။ သို့သော် ဟွမ်ရုံတု လက်လျှော့ခဲ့ပေ၏။
ဝမ်ချောင် မတတ်နိုင်ဘဲ ဟွမ်ရှီစံအိမ်တွင် ဟွမ်ရုံတုပြောခဲ့သည့် စကားများကို ပြန်အမှတ်ရလိုက်မိသည်။
"ငါ ရပ်တန့်ဖို့ စိတ်ကူးခဲ့ပေမယ့် အရမ်းနောက်ကျနေခဲ့ပြီ။"
ဤစကားများသည် ဝမ်ချောင်က ဟွမ်ရုံတုကို ချမ်းသာပေးရန် ရွေးချယ်ခဲ့သည့် အဓိကအကြောင်းအရင်းဖြစ်သည်။ သူ ထိုစကားများက ဆင်ခြေဆင်လက်မဟုတ်ဘဲ တစ်ဖက်လူ၏ စိတ်ရင်းအမှန်များဖြစ်ကြသည်ကို ပြောနိုင်ပေသည်။
ဤအရာကသာ ဟွမ်ရုံတုက သူ့မူလရည်ရွယ်ရှိနေသော်လည်း ထိုအခွင့်အရေးများမှ ဘာကြောင့် ရှောင်လွဲခဲ့သလဲ ဆိုသည်ကို ရှင်းပြနိုင်ပေမည်။
ခြေလှမ်းတစ်ချက်မှားသွားခြင်းက နောက်ပြန်လှည့်၍မရသည့် ချောက်နက်ထဲ ကျဆင်းသွားနိုင်၏။ ဘဝတွင် တချို့သော အရာများအတွက် နောက်ပြန်ဆုတ်၍ မရပေ။
++++++