← Chapters

အခန်း (၃၈၆-၃၉၀)

Vol. 17 Ch. 386-390

အခန်း (၃၈၆-၃၉၀)

Vol. 17 Ch. 386-390

အပိုင်း ၃၈၆

နူးညံ့သောလက်များ၏ နတ်သမီး

ဝမ်ချောင်ဘက်မှ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ပိုင်စီလင်နှင့် ရှုကန်းတို့ တိတ်ဆိတ်သွားခဲ့ကြသည်။

ဝမ်ချောင်သည် ဤရှုပ်ထွေးမှုများကို သူတို့အား လုံးဝ မရှင်းပြခဲ့ပါက ၎င်းတို့ကို သူတို့ ပုံဖော်နိုင်ကြမည်မဟုတ်ပေ။ ဝမ်ချောင်သည် ဟွမ်ရုံတုက သူ့ကို သေစေချင်သော်လည်း အဘယ်ကြောင့် ချမ်းသာပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ကို သူတို့ သိရှိသွားခဲ့ကြသည်။

"ဘယ်လိုလှည့်ကွက်လဲ။ သူ့ရဲ့တုံ့ဆိုင်းမှုက သူ့ကို ကယ်တင်သွားခဲ့တယ်။"

ရှုကန်း လေးလေးနက်နက်ပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတွေက နင့်အတွက်လည်း အဆင်ပြေသွားပုံရတယ်။"

ဤအချိန်မှာပင် ပိုင်စီလင် ရုတ်တရက် ရွတ်နောက်နောက်ဖြင့် ဝမ်ချောင်ကို ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

"ဟွမ်ရုံတုကို ချမ်းသာပေးပြီး ဟွမ်ကလန်ဆီကနေ လှပတဲ့မိန်းမလှလေးတစ်ယောက်ကို ရရှိခဲ့တယ်။"

"ဟားဟားဟား"

ပိုင်စီလင်က ထိုအကြောင်းအား ထုတ်ပြောလာသည်ကို ကြားသည်နှင့် ရှုကန်း အော်ရယ်လိုက်မိသည်။

မကြာသေးမီရက်များက မြို့တော်တွင် ဟွမ်ကလန်က သူတို့၏ တုန်နေအောင်အချစ်ခံရသော သမီးတစ်ယောက်အား ဝမ်ချောင်ကို အလုပ်အကျွေးပြုရန် ဝမ်ကလန်ဆီ ပို့လိုက်သည် ဟူသော သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့နေခဲ့သည်။

မြို့တော်ရှိ အင်အားစုအများစုက ဝမ်ကလန်နှင့် ဟွမ်ကလန်ကြားရှိ ထိုပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေကြသောကြောင့် ထိုကိစ္စကို ဖုံးကွယ်ထားရန်မှာ အစကတည်းက မဖြစ်နိုင်ပေ။

ရိုးရိုးသားသားဆိုရပါက သူတို့ထဲမှ အများစုတို့သည် ဤကိစ္စကို ထိမ်းမြားလက်ထပ်ခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ နောက်ဆုံးတွင် ဟွမ်ကလန်၏လုပ်ရပ်သည် ဝမ်ချောင်အသက် ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့ရသည်ကို စဉ်းစားလိုက်ပါက သူတို့သည် ထိုကလန်နှစ်ခုကြားတွင် ရန်လိုမှုများ ပိုမိုနက်ရှိုင်းလာမည်ဟု မျှော်လင့်ထားခဲ့ကြသည်။

ဝမ်ကလန်သည် ဟွမ်ရုံတုကို အသက်ရှင်လျက် လွှတ်ပေးရန် ရွေးချယ်ခဲ့သည်မှာ ထူးဆန်းသော်လည်း နှစ်ဖက်စလုံးက ဤကိစ္စကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းရန် ရည်ရွယ်ချက်များကို ပြသခဲ့ကြပြီး ဟွမ်ကလန်သည်လည်း အလွန်နိမ့်ချစွာ နေခဲ့သောကြောင့် ရလဒ်နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ မေးခွန်းမထုတ်ခဲ့ကြပေ။

တစ်နည်းအားဖြင့် ဤသည်မှာလည်း အကောင်းဆုံးဖြစ်၏။

ဝမ်ကလန်သည် လျော်ကြေးအများအပြားကို ရရှိနိုင်ခဲ့ပြီး ဟွမ်ကလန်သည် လုံးဝဖျက်ဆီးခံရခြင်းမှ ချမ်းသာရာရခဲ့သည်။ ဤအရာကို အရှုံးမရှိသော အပေးအယူတစ်ခုအဖြစ် ယူဆ၍ရနိုင်၏။

"မင်းတို့ငနဲတွေ ဘာအကြောင်းပြောနေကြတာလဲ။ သူမက သက်တော်စောင့်တစ်ယောက်ပါပဲ။"

ဝမ်ချောင် ကိုးရိုးကားရားပြန်ဖြေလိုက်သည်။

"ဟားဟားဟား..."

ဝမ်ချောင်၏ ကိုးရိုးကားရားအမူအရာကိုကြည့်ကာထိုနှစ်ယောက်သည် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ဝမ်ချောင်သည် သူတို့ရှေ့တွင် ဉာဏ်အမြော်အမြင်နှင့် လိမ္မာပါးနပ်သော ပုံရိပ်ကို အမြဲထိန်းသိမ်းထားခဲ့သည်။ ဤသည်မှာ သူ့ကို မလူးသာမလွန့်သာအခြေတွင် တွေ့ရသည့် ရှားပါးအခွင့်အရေးတစ်ခုဖြစ်၏။

ရှုကန်းပင်လျှင် မနေနိုင်ဘဲ သူ့ကို ကျီစယ်လိုက်သည်။

"ဟမ် နင် ရောင့်ရဲတတ်ဖို့ သင်ယူသင့်တယ်။ သူမရဲ့ သာလွန်တဲ့ ရုပ်ရည်နဲ့ သိုင်းပညာရပ်ကြောင့် ကျော်ကြားတဲ့ မဟာထန်ရဲ့ "နူးညံတဲ့လက်တို့ရဲ့ နတ်သမီး" က နင့်အစေခံအဖြစ် တာဝန်ထမ်းဆောင်နေပြီ၊ နင် တခြားဘာလိုသေးလို့လဲ။"

ပိုင်စီလင် ဝမ်ချောင်ကို ကြည့်လျက် ပြောလိုက်သည်။

"နူးညံ့တဲ့လက်တို့ရဲ့ နတ်သမီးလား"

ဝမ်ချောင် အံ့အားသင့်စွာ မေးလိုက်မိ၏။

"မြို့တော်က ကျော်ကြားတဲ့ နူးညံ့တဲ့လက်တို့ရဲ့ နတ်သမီးက တကယ်တော့ ဟွမ်ချန်အာပဲ။ သူမက ဟွမ်ကလန်ရဲ့ ပါရမီအရှိဆုံး မျိုးဆက်ဖြစ်တယ်။ မင်း အဲဒါကို မသိဘူးလား။"

ဝမ်ချောင် မျက်နှာပေါ်ရှိ အူကြောင်ကြောင်အမူအရာကို ကြည့်ကာ ရှုကန်း စိတ်ဝင်တစား ထပ်ဖြည့်ပြောလိုက်သည်။

ဟွမ်ကလန်သည် ဝမ်ကလန်နှင့် တူညီသော အဆင့်အတန်းမှ မဟုတ်သော်လည်း မြို့တော်တွင် အားကောင်းသည့် ကလန်တစ်ခုဖြစ်နေဆဲပင်။ မြို့တော်ရှိ အထက်တန်းလွှာများ၏ သခင်လေးများကြားတွင် ဟွမ်ကလန်၏ နူးညံ့သောလက်များ၏ နတ်သမီးကို မသိသူ မရှိပေ။

ကျိုးကလန်၏ "ကြက်သွေးရောင်မီးတောက်လှံ" ကျိုးယာ့ထုံ၊ ဟွမ်ကလန်၏ "နူးညံ့သော လက်များ၏ နတ်သမီး" ဟွမ်ချန်အာ... ဤလူများသည် မြို့တော်အတွင်း အံ့မခမ်းဂုဏ်သတင်းကို ပိုင်ဆိုင်ထားကြသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။ မယုံနိုင်စရာကောင်းသော အလှတရားနှင့် ခွန်အား နှစ်ခုစလုံးကို ပိုင်ဆိုင်ထားခြင်းက သူတို့ကို မရေမတွက်နိုင်သည့် လူငယ်မျိုးဆက်များ၏ အားကျလေးစားခြင်းကို ခံခဲ့ရစေသည်။

ဂုဏ်သတင်းကျော်စောမှုတွင် "နူးညံ့သောလက်များ၏ နတ်သမီး" ဟွမ်ချန်အာသည် "ကြက်သွေးရောင်မီးတောက်လှံ" ကျိုးယာ့ထုံထက် များစွာသာလွန်သော လူငယ်မျိုးဆက်များကြား ထိပ်ဆုံးသုံးယောက်အတွင်း သတ်မှတ်နိုင်သည်။

ဤသည်မှာ ဟွမ်ချန်အာ၏ ငယ်ရွယ်သော အသက်အရွယ်နှင့် သူမ၏ ကျက်သရေရှိသော ပုံပန်းကြောင့်သာမက ပို၍အရေးကြီးသည်မှာ သူမ၏ ကျိုးယာ့ထုံထက်သာလွန်သော ကျင့်ကြံခြင်းကြောင့်ဖြစ်သည်။

"အဲဒီနူးညံ့သိမ်မွေ့တဲ့လက်တွေကြားမှာ ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ ခွန်အားတွေ ကွယ်ဝှက်ထားတယ်" ဤသည်မှာ သူမကို ဖော်ပြရန် သုံးနှုန်းကြသည့် စကားလုံးများဖြစ်ကြသည်။

ပြီးခဲ့သည့် နှစ်ခုနစ်ဆယ်အတွင်း ဟွမ်ချန်အာသည် သူမတို့၏ "နူးညံ့သောလက်များ၏ မိုးခြိမ်းသံ" ကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည့် ဟွမ်ကလန်၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သည်။

'အဲဒါ သူမလား'

ဝမ်ချောင်၏ နှလုံးသား အံ့အားတကြီး တုန်ခါသွားခဲ့ရ၏။

သူ့ကို အလုပ်အကျွေးပြုရန် သူ့ဘေးသို့ ဟွမ်ကလန်စေလွှတ်လိုက်သည့် ထိုမိန်းမငယ်လေးမှာ ကျော်ကြားသော နူးညံ့သည့် လက်များ၏ နတ်သမီး အဖြစ် ပြောင်းလဲသွားမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူ့ယခင်ဘဝတွင် ဝမ်ချောင်သည် ရှုကန်း၊ ပိုင်စီလင်တို့ကဲ့သို့သော အထက်တန်းလွှာ လူငယ်မျိုးဆက်များ၏ အသိုင်းအဝိုင်းများထဲ လုံးဝမဝင်ရောက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့ကြားတွင် သူ နားမလည် မသိရှိရသေးသည့် သတင်းများနှင့် အချက်အလက်များ များစွာ ရှိခဲ့ပေသည်။

ထို့အပြင် ဟွမ်ချန်အာ သူ့အခန်းထဲ ဝင်လာချိန်က သူမ၏နောက်ကျောတွင် ငွေရောင်ဓားကြီး သယ်ဆောင်ထားခဲ့သည်။ ရလဒ်အနေဖြင့် ဝမ်ချောင်သည် သူမက ဓားသိုင်းတွင် အထူးပြုလိမ့်မည်ဟု တွေးထင်ထားခဲ့သောကြောင့် သူ ထိုသို့လုံးဝမထင်ထားခဲ့မိပေ။

အားလုံးပြီးနောက် နာမည်ကို စဉ်းစားကြည့်ပါက နူးညံ့သောလက်များ၏ မိုးခြိမ်းသံသည် လူတစ်ဦး၏လက်များ ပါဝင်နေသည့် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သည်မှာ မလွဲဧကန်ပင်။

သို့သော်လည်း ဤသည်မှာ ဝမ်ချောင်ကို အံ့အားသင့်သွားစေသည့် တစ်ခုတည်းသောအရာမဟုတ်ပေ။ ဟွမ်ချန်အာ၏ ဂုဏ်ပုဒ်ကို နားလည်လိုက်ခြင်းနှင့်အတူ သူ ထိုအရာနှင့် နီးကပ်စွာ ဆက်စပ်နေသော အခြားကိစ္စကိုလည်း သတိရသွားခဲ့၏။

နူးညံ့သော လက်များ၏ နတ်သမီး...

အမှန်တွင် ဝမ်ချောင်သည် သူ့ယခင်ဘဝက ဤနာမည်နှင့် အလှမ်းဝေးခဲ့သော်လည်း ကြားခဲ့ဖူးပေသည်။

ဟွမ်ကလန်၏ ထိုကျော်ကြားသော မျိုးဆက်သည် ယခင်ဘဝက သူ့မကိုယ်သူမ ကြီးမားသော ဂုဏ်သတင်းကို ဖန်တီးခဲ့ပြီး ယခုလက်ရှိ ကမ္ဘာတွင် ကျော်ကြားနေကြသော သူများထက် များစွာ အထင်ကြီးစရာကောင်းခဲ့သည်။

သိုင်းပညာတွင် သူမ၏ အံ့မခန်းအောင်မြင်မှုသည် သူမ၏ သက်တူရွယ်တူ အများအပြားကို ဖုန်မှုန့်ထဲတွင် ချန်ထားခဲ့ပြီး အနာဂတ်တွင် ကြီးကျယ်သော အရာများကို ရရှိအောင်မြင်နိုင်မည်ဟု လူအများက ယူဆခဲ့ကြသည်။

သို့သော်လည်း ၎င်းက ဘယ်တော့မှ ဖြစ်မလာခဲ့ပေ။

ဟွမ်ကလန်၏ နူးညံ့သောလက်များ၏ မိုးခြိမ်းသံသည် အစွမ်းထက်သည်မှာ သံသယရှိစရာမလိုသော်လည်း ၎င်းတွင် အားနည်းချက်ကြီးတစ်ခုရှိနေခဲ့၏။ ပြီးခဲ့သည့် နှစ်ပေါင်းခုနစ်ဆယ်အတွင်း ထိုပညာရပ်ကို ကျွမ်းကျင်နိုင်ခဲ့သည့်သူ တစ်ယောက်မှ မရှိခဲ့သည်မှာ အကြောင်းပြချက်မရှိ၍ မဟုတ်ပေ။ ဟွမ်ချန်အာ၏ ထိုနည်းစနစ်ကို ခေါင်းမာစွာ ကျင့်ကြံခြင်းက သူမ၏ ကိုယ်ပေါ်တွင် ကြီးမားသည့် ဒဏ်ရာတစ်ခုကို ကျန်ရစ်စေခဲ့၏။

သူမ အသက်ငယ်ရွယ်သေးပြီး သူမ၏ ကျင့်ကြံခြင်း အလွန်မမြင့်ခင်အချိန်က ထိုဒဏ်ရာသည် မသိသာခဲ့ပေ။ ထို့အပြင် ၎င်းက သူမကို အများကြီး အနှောက်အယှက်မဖြစ်စေခဲ့ပေ။

သို့သော်လည်း သူမပို၍ ခရီးရောက်လာသည်နှင့် ထိုဒဏ်ရာက ကြီးမားလာခဲ့၏။ နောက်ဆုံးတွင် သူမ အသက်နှစ်ဆယ့်ခုနစ်နှစ် မရောက်ခင်အချိန်မှာပင် ကျော်ကြားသည့် နူးညံ့သောလက်များ၏ နတ်သမီးသည် သူမ၏ နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့ရသည်။

သူမ လျင်မြန်စွာ မြင့်တက်လာခဲ့သကဲ့သို့ပင် သူမ၏ နန်းကျခြင်းသည် အလားတူ ရုတ်ချည်းဆန်ပြီး လျင်မြန်ခဲ့သည်။

ဝမ်ချောင် သူ့ယခင်ဘဝတွင် ထိုနူးညံ့သောလက်များ၏ နတ်သမီးကို တစ်ခါမျှ မတွေ့ခဲ့ဖူးသော်လည်း သူမ၏ ကြေကွဲဖွယ်ရလဒ်များအကြောင်းကို သူကြားသိခဲ့ရပြီး သူမကိုလည်း အလွန်သနားမိခဲ့သည်။

ထိုနူးညံ့သောလက်များ၏ နတ်သမီးသည် ဟွမ်ချန်အာအဖြစ် ပြောင်းလဲသွားပြီး ဟွမ်ကလန်က သူမကို သူ့ဆီအမှန်တကယ် စေလွှတ်ခဲ့လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤသည်မှာ သေချာပေါက် စိတ်ဝင်စားစရာကောင်းသော ကံကြမ္မာအလှည့်အပြောင်းဖြစ်၏။

"ဟမ် ဟွမ်ကလန်ကနေ များပြားတဲ့ လျော်ကြေးတွေရရှိခဲ့ရုံသာမက နင်က နင်ကိုယ်တိုင်အတွက် မိန်းမလှတစ်ယောက်ကိုတောင် ရရှိခဲ့တယ်။ နင် အခု အရမ်းအူမြူးနေတာပဲဖြစ်ရမယ်။"

ပိုင်စီလင် ဝမ်ချောင်ကို စိုက်ကြည့်နေခဲ့ပြီး သူက မှိန်းမောနေသည်ကို မြင်ရသောအခါ သူမ မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"ငါက ဘာလို့ အူမြူးရမှာလဲ"

ပိုင်စီလင်၏ အေးစက်စက်အကြည့်နှင့် တွေ့ဆုံလိုက်ရပြီး ဝမ်ချောင် ပြောစရာစကား ပျောက်ဆုံးသွားခဲ့ရသည်။ ကိစ္စက ဤနေရာသို့ မည်သို့ ရောက်လာခဲ့သနည်း။ သူတွေးနေသည့်အရာမှာ ပိုင်စီလင်ပြောနေသည့်အရာနှင့် လုံးဝခြားနားပေ၏။

တစ်ဖက်တွင်မူ ရှုကန်းသည် အပြင်ပိုင်းတွင် တည်ငြိမ်နေခဲ့သော်လည်း သူသည် စိတ်ထဲတွင် အူလှိုက်သည်းလှိုက် ရယ်မောနေခဲ့ပြီဖြစ်သည်။ အရူးတစ်ယောက်ပင်လျှင် ပိုင်စီလင်က မနာလိုနေသည်ကို အလွယ်တကူမြင်နိုင်ပေ၏။

"စီလင်၊ ဝမ်ချောင် ငါ လုပ်စရာရှိသေးလို့ အခု ပြန်တော့မယ်။ မင်းတို့နှစ်ယောက် လုပ်စရာရှိတာ ဆက်လုပ်လို့ရပါတယ်။"

ရှုကန်း မတ်တပ်ရပ်လိုက်ပြီး မျက်နှာတွင် အပြုံးရိပ်ဖြင့် နှုတ်ဆက်လိုက်သည်။

ဤအခိုက်တွင် ထိုနှစ်‌ယောက်ကြားဝင်ပါရလောက်အောင် သူ မရူးပေ။

"နင် အဲစကားနဲ့ ဘာကို ဆိုလိုတာလဲ။ ငါ့မှာ သူနဲ့ ဘာမှဆက်လုပ်စရာမရှိဘူး။ ငါ အခုသွားတော့မယ်။"

အကြောင်းပြချက်တစ်ချို့ကြောင့် ရှုကန်း၏စကားကို ပိုင်စီလင် ဒေါသထွက်သွားခဲ့သည်။ သူမ ရုတ်ချည်း မတ်တပ်ရပ်လိုက်ပြီး ချက်ချင်း ထွက်သွားခဲ့၏။

ထိုမြင်ကွင်းကိုကြည့်ကာ ဝမ်ချောင် လုံးဝငုတ်တုတ်ဖြစ်နေခဲ့သည်။

"မိန်းမတစ်‌ယောက်နဲ့ စိတ်နှလုံးက သေချာပေါက်ကို ဖတ်လို့မရတာပဲ။"

ဘေးမှ မြင်ကွင်းတစ်ခုလုံးကို ကြည့်နေခဲ့သည့် ရှုကန်းသာ ဘာတွေဖြစ်ပျက်သွားသည်ကို နားလည်နိုင်ခဲ့ပုံရပြီး သူ ကူကယ်ရာမဲ့နေသည့် အပြုံးတစ်ခုဖြင့် ခေါင်းယမ်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဦးနှစ်ဘက်ကြားရှိ ကိစ္စရပ်များကို အချင်းချင်း ပြေလည်အောင် ဖြေရှင်းသင့်သည်။ သူ့လို ပြင်ပလူများက ဝင်မစွက်ဖက်သင့်ပေ။

---

နောက်ဆုံးတွင် ဝမ်ကလန်နှင့် ဟွမ်ကလန်အကြား တင်းမာမှုသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး နောက်ဆုံးတွင် ဝမ်ချောင်လုပ်ကြံခံရမှုသည် ပြည်ဖုံးကားချပ်ချသွားခဲ့သည်။

ယောင်ကလန်နှင့် ရှီဘုရင်တို့အတွက်မူ...

လုံလောက်သည့် သက်သေအထောက်အထားမရှိဘဲ ဝမ်ချောင် မည်မျှသေချာနေပါစေ သူ တတ်နိုင်သည့်အရာ ဘာမှမရှိပေ။ ၎င်းသည်လည်း အထက်တန်းလွှာများကြား နောက်ထပ်လုပ်ရိုးလုပ်စဉ်ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ယောင်ကလန်နှင့် ရှီဘုရင်တို့သည် ဤကိစ္စမှ လုံးဝမထိခိုက်ဘဲ ထွက်မသွားခဲ့ရပေ။ သူတို့နှစ်ဦးစလုံးကို ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်သော်လည်း ၎င်းတို့၏ မဟာမိတ်များသည် ထိတွေ့ကိုင်တွယ်ရန် မဖြစ်နိုင်ကြသည်တော့ မဟုတ်ပေ။ ဝမ်ချောင်သည် ပြင်းထန်သော ဒဏ်ရာများမှ ပြန်လည်နလန်ထူ‌နေချိန်တွင် သူတို့သည် ပြင်းထန်စွာ ဖိနိပ်ခံခဲ့ကြရသည်။

ဤဖြစ်ရပ်မှ အရှိန်အဟုန်ကို အသုံးချကာ စစ်မှုထမ်းဌာနရှိ ရှီဘုရင်နှင့် ယောင်ကလန်တို့၏ သြဇာလွှမ်းမိုးမှုကို ဖြတ်တောက်ခဲ့သည်။

ဤသို့ဆိုလျှင်ပင် ဝမ်ကလန်ကို နှစ်သိမ့်ရန်အလို့ငှာ သူတို့ ထိုကိစ္စအပေါ် တိတ်တိတ်နေရန် ရွေးချယ်ခဲ့ကြသည်။

အားလုံးပြီးနောက် ဝမ်ကလန်၏ လူအိုကြီးသည်ပင် ဤဖြစ်ရပ်ကြောင့် ဒေါသထွက်သွားခဲ့သည်လေ။

---

'လေ့ကျင့်ရေးစခန်းကို ပြန်ဖို့အချိန်ကျပြီ'

ဝမ်ချောင် သူ့အထက်ရှိ လွင့်မျောနေသော တိမ်များကို ဝမ်မိသားစုအိမ်တော်၏ အပေါ်ဝမှ ငေးကြည့်လျက် တွေးလိုက်သည်။ သူ မစ်ရှင်ပြီးကတည်းက နှစ်ဆယ့်တစ်ရက်ရှိသွားခဲ့ပြီဖြစ်သော်လည်း ဝမ်ချောင်သည် သူ့မစ်ရှင်၏ ရလဒ်ကို တင်ပြရန် လေ့ကျင့်ရေးစခန်းသို့ ခုချိန်ထိ မပြန်ခဲ့ရသေးပေ။

ဤသို့ဖြင့် ဆည်းဆာရောင်မြင်းလားချီစက်ကွင်းမှာ အခုချိန်ထိ သူ့လက်ထဲမရောက်သေးပေ။

သူ သူ့ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး လိုအပ်သည့်အရာမှန်သမျှကို ကိုင်တွယ်ပြီးပြီဖြစ်သောကြောင့် ပြန်ရန် အချိန်ကျပြီဖြစ်၏။

အရိပ်လေးသည် ပြန်လည်ကုစားနေသေးသောကြောင့် ဝမ်ချောင်သည် အခြားမြင်းတစ်ကောင်ကိုစီးရန် ရွေးချယ်ခဲ့ပြီး အရိပ်လေး၊ အစောင့်အနည်းငယ်၊ ဟွမ်ချန်အာတို့နှင့်အတူ ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ထွက်ခွာလာခဲ့ကြသည်။

"ခုကတည်းက ငါ နင့်ကို ရှင်းရှင်းပြောထားမယ်။ ငါက နင့်ရဲ့လုံခြုံရေးအတွက်ပဲတာဝန်ရှိတယ်။ တစ်ခုခုလုပ်ခိုင်းဖို့ အိပ်မက်တောင်မမက်နဲ့။ ငါလုံးဝသဘောတူမှာမဟုတ်ဘူး။ အများဆုံး ငါတို့ အတူတူသေလိုက်ကြရုံပဲ။"

တူညီသည့် ငွေရောင်ဓားကြီးကို ကျောနောက်တွင် သယ်ထားလျက် ဟွမ်ချန်အာ သူမ၏ မြင်းပေါ်မှနေ၍ ဝမ်ချောင်ကို အေးစက်စွာ ကြည့်လိုက်သည်။

"ဟိုဖက်က အမျိုးသမီး... မင်းကို အတူလိုက်ဖို့ ခေါ်ခဲ့တယ်လို့ ငါ မမှတ်မိပါလား။"

ဝမ်ချောင် မျက်လုံးလေး ကလည်ကလည်လုပ်လိုက်၏။

သူ ဟွမ်ချန်အာကို သူနှင့်အတူ လိုက်ပါရန် မခေါ်ခဲ့သော်လည်း အကြောင်းပြချက်အချို့ကြောင့် သူက လေ့ကျင့်ရေးစခန်းသို့ ပြန်တော့မည်ဟု ကြားပြီးနောက် သူမ ချက်ချင်း ဟွမ်ကလန်မှာ မြင်းတစ်ကောင် ချက်ချင်းတောင်းယူကာ အတူလိုက်ပါလာခဲ့သည်။

"နင်ကများ ပြောရဲသေးတယ်။ ဒီအချိန်မှာ နင်က ငါ့ကို အတူခေါ်တာ မခေါ်တာက အရေးပါတော့လို့လား။"

ဟွမ်ချန်အာ ဒေါသထွက်သွားခဲ့ပြီး ရှေ့သို့ ဒုန်းဆိုင်းလိုက်သည်။

"..."

ဝမ်ချောင် တိတ်ဆိတ်သွားခဲ့၏။

ထိုသည်မှာ အမှန်ပင် ဖြစ်သည်။ ဟွမ်ကလန်သည် ဟွမ်ချန်အာကို ဝမ်ချောင်ဆီ သူ့အား ပြုစုစောင့်ရှောက်ရန် အပ်နှံခဲ့ပြီး ထိုအရာ၏ အရေးအကြီးဆုံး ရှုထောင့်မှာ ဝမ်ချောင်၏ လုံခြုံရေးကို သေချာစေရန်ဖြစ်သည်။

တစ်နည်းအားဖြင့် ၎င်းသည် ယခင်လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ပြီးနောက် ပေးဆပ်ရန် ဟွမ်ကလန်၏ ကြိုးပမ်းမှုဖြစ်သည်။ ဤကိစ္စတွင် ထိုအကြောင်းနှင့်ပတ်သက်၍ ဝမ်ချောင် လုပ်နိုင်သည့်အရာမှာ အလွန်နည်းပေ၏။ ဟွမ်ချန်အာကို သူ့လက်အောက်ခံအဖြစ် သတ်မှတ်နိုင်သော်လည်း ဟွမ်ကလန်၏အမိန့်များသည် သူ့ထက်သာလွန်နေဆဲဖြစ်သည်။

သို့သော်လည်း ဟွမ်ချန်အာ၏ အေးစက်သော သဘောထားကို ဖယ်ထားလိုက်ပါက သူမသည် ရက်ရက်စက်စက်လှသည်ကို သူ ဝန်ခံရပေမည်။

သူမ၏ အသားအရေသည် အလွန်ချောမွတ်ပြီး ဖြူစင်သော ကျောက်စိမ်းနှင့်ဆင်တူကာ ၎င်းတွင် အနည်းငယ် ကြည်လင်သော လက္ခဏာရှိသည်။

ထိုအချိန်က ဝမ်ချောင်သည် သူမလက်မှ ဟွမ်ကလန်၏ စာကိုယူလိုက်ပြီး သူမ၏အရေပြားကို မတော်တဆ ထိမိလိုက်သောအချိန်က သူ့လက်ချောင်းထိပ်ရှိ ချောမွေ့သော ခံစားမှုသည် သူ့နှလုံးသားထဲတွင် လှိုင်းဂယက်တစ်ခု ထသွားစေလုနီးပါးဖြစ်သွားစေခဲ့သည်။

ဤသည်မှာ သူမနှင့်အတူမွေးဖွားလာခဲ့သည့် မွေးရာပါအရည်အချင်းတစ်ခုမျှ ဟုတ်ပုံမရဘဲ သူမလေ့ကျင့်သည့် သိုင်းပညာနှင့်လည်း ဆက်စပ်နေပုံရသည်။

တစ်ချိန်တည်းမှာပင် သူမသည် အကွေ့အကောက်များနှင့် လှပကြော့ရှင်းသော်လည်း ညို့ယူနိုင်သော သွယ်လျသည့် အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်ထားသည်။

'နူးညံ့တဲ့လက်တို့ရဲ့နတ်သမီး'

ဝမ်ချောင် သူ့ရှေ့ရှိ လှပကြော့ရှင်းသော ကျောပြင်ကို ကြည့်ကာ တွေးလိုက်သည်။ သူမ၏ အနက်ရောင် ပိုးသားဆံကေသာက သူမ၏ အဖြူရောင် ၀တ်ရုံနှင့် ဖြူစင်သော အသားအရည်တို့နှင့် အလွန်ကွဲပြားစွာ ယှဉ်တွဲနေခဲ့၏။ သူမသည် သေမျိုးလောက၏ အညစ်အကြေးများမှ မစွန်းထင်းနိုင်သော ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးနှင့်ဆင်တူသည်။

သူပင်လျှင် မတတ်နိုင်ဘဲ တခဏမျှ စိတ်လှုပ်ရှားသွားခဲ့ရ၏။ သို့သော်လည်း ထိုအတွေးများနှင့် စိတ်ခံစားချက်များသည် သူ့စိတ်ထံမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြသည်။

ကျားး

သူ့မြင်းဇက်ကြိုးကို ဆွဲလိုက်ကာ လေ့ကျင့်ရေးစခန်းသို့ ဒုန်းဆိုင်းလိုက်သည်။

----------------------

အပိုင်း ၃၈၇

ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီး လီစီယိ

စိမ်းလန်းသော တောင်တန်းကို ဖြတ်၍ လီသုံးဆယ်ခရီးနှင်ပြီးနောက် မကြာမီ သူတို့ ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ရောက်ရှိလာကြသည်။

ဟွမ်ချန်အာသည် စခန်း၏ ကျောင်းသား မဟုတ်သောကြောင့် အထဲဝင်ခွင့်မရှိပေ။ ထို့ကြောင့် ဝမ်ချောင် သူမကို ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ခေါ်ဆောင်သွားရန် ရည်ရွယ်ထားသည်။

လေ့ကျင့်ရေးစခန်း၏ အရှေ့ဘက်တွင် ခမ်းနားထည်ဝါသည့် အိမ်တော်တစ်ခုက အနီးအနားတောင်ထိပ်ပေါ်တွင် ထောင်မတ်နေခဲ့သည်။ အဝေးတစ်နေရာမှပင် ထိုမြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းနေသေး၏။

ထိုသည်မှာ ဝမ်ချောင်၏ ဓားသွားဖယ်ရှားခြင်းအိမ်တော်ဖြစ်သည်။

သို့သော် အကြောင်းပြချက်အချို့ကြောင့် ဤတစ်ကြိမ်တွင် တစ်စုံတစ်ခုကွဲလွဲနေပေသည်။

"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အရမ်းဆူညံနေရတာလဲ။"

ဟွမ်ချန်အာ မျက်မှောင်ကြုတ်လိုက်၏။ သူမ တောင်ထိပ်ကို ကြည့်လိုက်ပြီးနောက် ဘာတွေဖြစ်နေသည်ကို သဘောမပေါက်နိုင်ဖြစ်နေကာ ဝမ်ချောင်ကို မေးခွန်းထုတ်နေသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ဝမ်ချောင်သည် ဤနယ်မြေက သူ့နယ်မြေဖြစ်ကြောင်း သူမကို ပြောခဲ့သော်လည်း အရှေ့တွင် ဗရုတ်ဗရက်ဖြစ်နေပုံရသည်။

တစ်ဖက်တွင်မူ ဝမ်ချောင် တောင်ထိပ်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ သူသည် ဟွမ်ချန်အာထက်ပင် ပို၍ ဇဝေဇဝါဖြစ်နေပေ၏။

ဓားသွားဖယ်ရှားခြင်းအိမ်တော်သည်သာ သူ့ဥစ္စာမက တောင်တစ်ခုလုံးကလည်း သူ့ဥစ္စာဖြစ်၏။ သူ့ခွင့်ပြုချက်မရှိဘဲ ဤနေရာကို အလွယ်တကူဝင်ရောက်နိုင်သူ မရှိသင့်ပေ။

ဤသည်မှာ ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် လုံဝေ၊ ရှန်းဝေနှင့် ခွန်းဝူလေ့ကျင့်ရေးစခန်းတို့တွင် သိသာထင်ရှားသော ဂုဏ်ဒြပ်ကို ရရှိပြီးနောက် ထိုသို့ ပိုလို့ပင် ဖြစ်၏။

ထို့အပြင် သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝေ့အန်းဖန်နှင့် အခြားလူအနည်းငယ်တို့၏ လက်ထဲ ထားခဲ့သည်။ တစ်လျှောက်လုံး ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့ပြီး သူ့အတွက် စိုးရိမ်ရသည်မှာ ရှားပါးခဲ့သောကြောင့် ထိုနေရာတွင် အဘယ်ကြောင့် ဤမျှ မငြိမ်မသက် ဖြစ်နေရသနည်း။

'ဘာတွေဖြစ်နေတာလဲ'

ဝမ်ချောင် သူ့မြင်းနှင့်အတူ တောင်ထိပ်ပေါ် ချီတက်လိုက်ကာ တွေးလိုက်မိသည်။

တောင်ထိပ်နှင့် နီးကပ်လာလေ ဆူညံသံက ပိုကျယ်လာလေဖြစ်သည်။ ဗလောင်းဗလဲဆူညံသံများကြားတွင် အထူးသဖြင့် ကျယ်လောင်လှသော မိုးခြိမ်းသံနှင့်ဆင်တူသည့် ကြမ်းတမ်းသော အသံတစ်သံထွက်ပေါ်နေသည်။

ထိုငြင်းခုံမှု၏ အခြားတစ်ဖက်တွင် အေးစက်ပြီး ထက်စီးဆန်သော အသံတစ်သံထွက်ပေါ်နေသည်။ ၎င်း၏လေသံသည် သူမရှေ့ရှိလူတိုင်းက ပုရွက်ဆိတ်မျှသာ ဖြစ်ကြသကဲ့သို့ ထောင်လွှားပြီး လွှမ်းမိုးကြီးစိုးသည့် အရှိန်အဝါကို ထုတ်ဖော်ထားသည်။

သို့သော်လည်း ထိုအသံက မိုးခြိမ်းသံကဲ့သို့ ကြမ်းတမ်းသောအသံရှေ့တွင် လုံး၀ ထိရောက်မှု မရှိပုံရသည်။

"မင်းသမီးနီဟွမ်လား။"

ဒုတိယအသံက သူ၏ ပြေးမလွတ်သော အကုသိုလ်ဝိပါက်ဖြစ်သည်ကို မှတ်မိလိုက်ကာ ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်၏။

ထိုကြမ်းတမ်းသော အသံအနေဖြင့် ဝမ်ချောင် ၎င်းကို မမှတ်မိပေ။ ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ထိုသို့သောအသံဖြင့် လူတစ်ယောက်မရှိသည်ကို သူသေချာပေ၏။

"ဘာတွေဖြစ်နေတာလဲ။"

ဝမ်ချောင် ပိုတွေးလေ ခေါင်းပိုရှုပ်လာလေပင်။

ထိုကြမ်းတမ်းသော အသံပိုင်ရှင်သည် ဤနေရာတွင် ပြဿနာရှာနေသူဖြစ်သည်မှာ ထင်ရှား၏။ သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် မင်းသမီးနီဟွမ်က ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ကာကွယ်ပြောဆိုနေပုံရသည်။ ဤသည်က ဝမ်ချောင်ကို လုံးဝ အံ့ဩသွားစေ၏။

ရှေ့သို့ ဒုန်းဆိုင်းလျက် ဝမ်ချောင် နောက်ဆုံးတွင် ဓားသွားဖယ်ရှားခြင်းအိမ်တော် အဝင်ဝသို့ ရောက်လာခဲ့သည်။ လူတိုင်း၏အာရုံကို ငြင်းခုံနေကြသော ထိုနှစ်ယောက်က ဖမ်းစားထားသောကြောင့် လူတစ်ယောက်ကလွဲ၍ မည်သူမျှ အသစ်ရောက်လာကြသည့် ဝမ်ချောင်နှင့် ဟွမ်ချန်အာတို့ကို သတိမထားမိခဲ့ကြပေ။

"သခင်လေးပါလား"

နျန်ယန်၏မျက်လုံးများ ဝမ်းသာပျော်ရွှင်စွာဖြင့် လင်းလက်သွားခဲ့ကြ၏။

သူ့နေရာမှနေ၍ အိမ်တော်အောက်ဖက်ရှိ တောင်ဆင်းလမ်းကို ရှင်းလင်းစွာ မြင်နေရသည်။ သူ့မျက်စောင်းမှနေ၍ လူတစ်ယောက် ရိပ်ခနဲ ရောက်လာသည်ကို သတိပြုမိလိုက်ကာ သူ သာမန်သာတစ်ချက်ကြည့်လိုက်မိသည်။ သူ့ကို အံ့ဩသွားစေသည်မှာ ၎င်းက ဝမ်ချောင်ဖြစ်နေခြင်းဖြစ်၏။

ကယ်တင်ရှင်တစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ နျန်ယန် ချက်ချင်း ဝမ်ချောင်ဆီ ပြေးသွားခဲ့သည်။

"သခင်လေး ခင်ဗျား နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ ကျွန်တော် ကောင်းဖုန်၊ ဝေ့အန်းဖန်နဲ့ တခြားသူတွေကို ခေါ်လိုက်မယ်။"

နျန်ယန် စိတ်လှုပ်တရှားပြောလိုက်သည်။

"အလျင်လိုစရာမလိုပါဘူး။"

ဝမ်ချောင် သူ့လက်ဖြင့် နျန်ယန်ကို တားလိုက်သည်။

"ငါ့ကို ဘာတွေဖြစ်နေကြသလဲဆိုတာ အရင်ပြော။ ဓားသွားဖယ်ရှားခြင်းအိမ်တော်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတာက ဘာလဲ။"

ရိုးရိုးသားသားဆိုရပါက သူ တစ်လမျှ ပျောက်သွားချိန်တွင် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဤသို့သောအခြေအနေတွင် မြင်လိုက်ရခြင်းက သူ့ကို စိတ်ပျက်သွားစေခဲ့သည်။

"ဒါက..."

နျန်ယန် သောကရောက်သွားခဲ့ကာ ခေါင်းကုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒါက.. အမှန်တော့ ကျွန်တော်တို့ကလည်း ဘာတွေဖြစ်နေသလဲဆိုတာကို အရမ်းမသေချာဘူး။ လွန်ခဲ့တဲ့နှစ်ရက်က မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဓားသွားဖယ်ရှားခြင်းအိမ်တော်မှာ ပေါ်လာခဲ့တယ်။ သူ ရောက်ပြီးတာနဲ့ သခင်လေးကို တွေ့ဖို့ တောင်းဆိုခဲ့ပြီး သူ့ပါးစပ်ကလည်း သခင်လေးကို တရစပ်ဆဲရေးနေခဲ့တယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုအချို့က အဲဒါကို သည်းမခံနိုင်တာကြောင့် သူတို့ လှုပ်ရှားခဲ့ကြတယ်။ ဒါပေမယ့် သူတို့တစ်ယောက်မှ သူ့ကို မယှဉ်နိုင်ခဲ့ကြဘူး။ နောက်တော့ ကျွန်တော်တို့ သူ့ကို အတူတကွ စိန်ခေါ်ခဲ့ကြချိန်မှာတောင် ကျွန်တော်တို့ သူ့ကို အနိုင်မယူနိုင်ခဲ့ကြသေးဘူး။"

"ကျွန်တော်တို့ သူ့ကို သခင်လေးက မစ်ရှင်တစ်ခုမှာ ပါသွားခဲ့ပြီး နောက်မှ ပြန်လာဖို့ ပြောခဲ့ကြတယ်။ ဒါပေမယ့်လည်း သူက ထွက်သွားဖို့ ငြင်းဆန်ခဲ့ပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဖျက်ဆီးဖို့တောင် ခြိမ်းခြောက်ခဲ့တယ်။ သူက တစ်ရက်ပြီးတစ်ရက် ဆိုးဆိုးလာခဲ့တယ်၊ စစ်တုရင်ခန်းမကိုတောင် စာမေးပွဲတွေ ရွေ့ဆိုင်းထားခဲ့ရတယ်။ ဒီနေ့ သူက ဝင်ထွက်သွားလာတာကိုတားဆီးဖို့ ကျွန်တော်တို့ရဲ့ အဓိက ဝင်ပေါက်ကို ပိတ်ဆို့ထားတဲ့အထိဖြစ်တောင် ရောက်လာခဲ့တယ်။"

"ကျွန်တော် ဒီကိစ္စကို ညီအစ်ကိုကျောက်ဆီ တင်ပြခဲ့ပြီး တစ်ချက်ကြည့်ပြီးနောက်မှာ သူက ဒီလူဟာ အရမ်းသန်မာပြီး ကျွန်တော်တို့ တစ်ယောက်မှ သူ့ရဲ့ပြိုင်ဘက်မဟုတ်ကြောင်းနဲ့ ဒီအတောအတွင်းမှာ သူ့ကို ကျွန်တော်တို့ ရန်စတာကနေ ရှောင်ရှားသင့်ကြောင်း ပြောထားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားပြန်လာတဲ့အထိစောင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဆိုတော့ ဘယ်လိုလဲ၊ သခင်လေး သူ့ကို မှတ်မိလား။"

နျန်ယန် ဝမ်ချောင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

သူသည် ဤကိစ္စက ဝမ်ချောင် ပြန်လာခြင်းနှင့်အတူ ပြီးဆုံးသွားလိမ့်မည်ဟု တွေးထင်ထားခဲ့သော်လည်း 'ဘာလို့ ဝမ်သခင်လေးကလည်း သူ့ကို မသိတဲ့ပုံပေါက်နေရတာလဲ'

နျန်ယန် တွေးလိုက်၏။

ဤအချိန်၌ လူတိုင်း၏ မျက်လုံးများသည် ဝမ်ချောင်အပေါ် ရောက်နေခဲ့ကြပြီး သူ ဘာလုပ်လိမ့်မည်ကို စိတ်ဝင်စားနေကြသည်။ ဤသည်မှာ ဟွမ်ချန်အာအတွက်လည်း အတူတူပင်ဖြစ်၏။

ဝမ်ချောင်၏ အရေးကိစ္စများသည် သူမနှင့် ဘာမှမဆိုင်သော်လည်း သူမ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်မိသည်။

'ရန်သူတစ်ယောက်က သူတို့ရဲ့ တံခါးဝ‌ကိုတောင် ရောက်လာခဲ့ပြီ၊ သူတို့က သူ့နောက်ခံကိုတောင် မသိကြဘူးတဲ့လား။'

ဤအခိုက်၌ ဝမ်ချောင်သည် အတွေးများထဲ ကျရောက်သွားခဲ့၏။ သူ့ပထမဆုံးတုံ့ပြန်မှုမှာ ဤကိစ္စက ယောင်ကလန်နှင့် ရှီဘုရင်တို့၏ လက်ချက် ဟုတ်မဟုတ် ဆိုသည်ကို သုံးသပ်ရန်ဖြစ်သော်လည်း မကြာမီ သူ ထိုအချက်ကို ပယ်ချလိုက်သည်။

လုပ်ကြံမှုဖြစ်ခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် ယောင်ကလန်နှင့် ရှီဘုရင်တို့သည် ဤအတောအတွင်း သူတို့ကိုယ်သူတို့ ထိန်းထားကြမည်မှာ ဖြစ်နိုင်ဖွယ်များ၏။ အကယ်၍ သူတို့ ဉာဏ်ကောင်းပါက သူတို့သည် ဤအတောအတွင်း ဝမ်ကလန်အား ရန်စခြင်းကို ရှောင်ရှားကြပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ဤကဲ့သို့ အသေအချာမွမ်းမံထားခြင်းမရှိသော အကြံအစည်ကို အားကိုးကြမည်မဟုတ်ပေ။

သို့သော် ထိုတရားခံသည် ယောင်ကလန်နှင့် ရှီဘုရင်တို့ မဟုတ်ကြပါက တခြားမည်သူဖြစ်မည်နည်း။

"သွားကြည့်ကြစို့"

တခဏကြာပြီးနောက် ဝမ်ချောင် စကားပြောလိုက်သည်။

သူ့မြင်းနှင့်အတူ ရှေ့သို့ တိုးသွားလျက် သူ ထိုပဋိပက္ခ၏ အလယ်ဗဟိုသို့ ဦးတည်သွားလိုက်သည်။

"နင် မျိုးမစစ်ကောင်၊ ငါ နင့်ကို လမ်းဖယ်ပေးဖို့ပြောနေတယ်။ ငါက မဟာထန်ရဲ့ မင်းသမီးတစ်ပါးပဲ၊ နင်ဒီမှာလုပ်နေတဲ့အရာက ကြီးလေးတဲ့ရာဇ၀တ်မှုဖြစ်တယ်။"

"အဟက် မင်းက ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ မင်းက မင်းသမီတစ်ပါးဆိုတော့ရော ဘာအရေးလဲ။ ငါ့ကိုပြောစမ်းပါ တံခါးကိုပိတ်ဆို့တာက ကြီးလေးတဲ့ရာဇ၀တ်မှုဖြစ်တယ် လို့ မဟာထန်ရဲ့ ဘယ်ဥပဒေမှာ ပြဌာန်းထားတာလဲ။ အဲဒါကို ထောက်ပြပြီး ဘာလို့ ငါတို့ကို အလင်းမပြရတာလဲ။"

"အတင့်ရဲလိုက်တာ၊ နင်က ဘယ်လိုလုပ် တော်ဝင်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ကို မရိုမသေဆက်ဆံရဲရတာလဲ။ စောင့်ကြည့်လိုက်စမ်းပါ၊ ငါ နင့်ကို နယ်စပ်တွေဆီ ပို့ခိုင်းလိုက်မယ်။"

"ဒါဆိုလည်း အဲလိုဆက်လုပ်လိုက်လေ၊ ငါက အဲလိုဖြစ်ချင်တာ။ ငါ ဒီကို တလိုတလား လာခဲ့တာလို့ မင်းထင်နေတာလား။"

---

သူ့မြင်းနောက်ကျောပေါ်မှနေ၍ ဝမ်ချောင်သည် လူအုပ်ကြီးကို ဖြတ်သန်း၍ မြင်နိုင်ပေသည်။ ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ အဝင်ဝတွင် ဝင်ပေါက်ကို ပိတ်ဆို့နေသည် ဝက်ဝံကဲ့သို့ အားကောင်းမောင်းသန်ခန္ဓာကိုယ်နှင့် လူတစ်ယောက်ကို သူတွေ့လိုက်ရသည်။

သူ့လက်များသည် 大 ပုံသဏ္ဍာန်ဖြင့် ဆန့်ထုတ်ထားကြကာ တံခါးပေါက်၏ တစ်ဝက်ကို ပိတ်ဆို့ထားသည်။

'အကြီးကြီးပဲ'

ဝမ်ချောင် စိတ်ထဲမှရေရွတ်လိုက်မိ၏။

ဤမျှကြီးမားသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ဤကဲ့သို့သောလူကို သူ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သံမဏိနှင့်တူသော ကြွက်သားများသည် သူ့ခန္ဓာကိုယ်မှနေ၍ ဖောင်းကားနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ဖန်တီးနေသည်။

သူရှေ့တွင် လူတိုင်းသည် ကလေးတစ်ယောက်က လူကြီးတစ်ယောက်ရှေ့တွင် ရပ်နေသည်နှင့် မခြားပုံရ၏။

သူသည် ကြီးမားသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ပုဂ္ဂိုလ်များကို ယခင်က မမြင်ဖူးခဲ့ခြင်းမျိုး မဟုတ်ပေ။ သံမဏိဝတ်ရုံလီကို သူတို့ထဲမှ တစ်ယောက်အဖြစ် ယူဆနိုင်သော်လည်း သူပင်လျှင် ဤလူထက် ခေါင်းတစ်လုံးစာ ပိုပုနေသေး၏။

'၂.၁ ... မဟုတ်ဘူး၊ သူက အနည်းဆုံး ၂.၂ မီတာပဲ။'

ဝမ်ချောင် အလွန်အံဩနေခဲ့သည်။

မဟာထန်အနှံ့ရှာကြည့်ခဲ့လျှင်ပင် အရပ် ၂ မီတာရှိသည့် လူတစ်ယောက်ကို ရှာတွေ့ရန် ခဲယဉ်းပေလိမ့်မည်။ အရပ် ၂.၂ မီတာဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

သူ၏ ဧရာမ ကိုယ်လုံးကိုယ်ပေါက်သည် အားကောင်းသော အရှိန်အဝါဖြင့် ဖြည့်စွမ်းထားခဲ့ကာ အခြားသူများကို ကျော်လွှား၍မရနိုင်သည့် ထင်မြင်ချက်ကို ပေးစွမ်းနေသည်။

သူနှင့် ငြင်းခုံနေသူအနေဖြင့်...

ဝမ်ချောင် မင်းသမီးနီဟွမ်နှင့် သူမဘေးရှိ လောလောလတ်လတ်ဒဏ်ရာရထားပုံပေါ်သော အိမ်တော်ထိန်းအိုကြီးကို ကြည့်လိုက်မိသည်။ ကြည့်ရသည်မှာ သူမသည် သူ့ကို တမင်သက်သက်ကူညီနေပုံမရပေ။

"လီရီချို၏ ရှုံးနိမ့်မှု" နှင့် စပ်လျဉ်းသော ဖြစ်ရပ်ပြီးနောက် မင်းသမီးနီဟွမ်သည် ဝမ်ချောင်၏ မတည်ရှိသော "လျှို့ဝှက်ထောက်လှမ်းရေးကွန်ရက်" ကို ဖော်ထုတ်ရယူရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ ထိုသို့လုပ်ရန်မှာ သူမသည် သူ့ကို နှောက်ယှက်ရန် သူနှင့်အတူ တွယ်ကပ်နေရန် ဆုံးဖြတ်ထားခဲ့၏။

သို့သော်လည်း လွန်ခဲ့သည့်လတွင် ဝမ်ချောင်သည် မစ်ရှင်တစ်ခုတွင် တာဝန်ပေးအပ်ခံခဲ့ရပြီး တော်ဝင်မိသားစု၏ မြင့်မြတ်သော မင်းသမီးတစ်ယောက်အနေဖြင့် သူမသည် သူ့နောက်လိုက်ရန် ဆန္ဒရှိပြီး ညစ်ပတ်သည့် တောထဲတွင် မည်သို့ နေနိုင်မည်နည်း။

ထို့ကြောင့် သူမသည် ဝမ်ချောင်အား ဖိအားပေးပြီး သူ့ကို အတင်းအကြပ်အညံ့ခံစေမည့် မျှော်လင့်ချက်ဖြင့် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို မကြာခဏ ဆက်၍ ဟိုနားဒီနားတွင် ပြဿနာ အနည်းငယ် ဖြစ်ပေါ်စေရန် ဆုံးဖြတ်ထားခဲ့သည်။ နယ်စားငယ်ရီနှင့် သူမ၏ ဆက်ဆံရေးသည် သူမအား အလွန်အကျွံမလုပ်မိစေရန် တားဆီးထားသောကြောင့် ကံကောင်းပေ၏။

သူမသည် ဤမနက်တွင် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ သူမ၏ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ရောက်လာခဲ့သော်လည်း သူမသွားရာလမ်းကို ပိတ်ဆို့နေသည့် ဧရာမဘီလူကြီးတစ်ကောင်ကိုသာ တွေ့လိုက်ရသည်။ ဤအချက်အရ သူမ ဒေါသထွက်သွားမည်မှာ အံ့သြစရာမရှိပေ။

"သခင်လေး"

အခြေအနေကို ပြေလည်အောင် ကြိုးစားနေသည့် ဝေ့အန်းဖန်က မြင်းပေါ်တွင် ထိုင်နေသောကြောင့် အခြားသူများထက် ခေါင်းတစ်လုံးစာ သိသိသာသာပိုမြင့်နေသည့် ဝမ်ချောင်ကို ရုတ်တရက် သတိပြုမိသွားခဲ့ပြီး သူ့မျက်လုံးများက စိတ်လှုပ်တရှား ချက်ချင်း လင်းလက်သွားခဲ့သည်။

ဝုန်းး

ဝေ့အန်းဖန်၏ "သခင်လေး" ဟူသော အသံက လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့ပြီး ကျောက်တုံးတစ်တုံးက ငြိမ်သက်သည့် ရေကန်ထဲကို ပြုတ်ကျသွားသကဲ့သို့ မရေမတွက်နိုင်သော စိတ်လှုပ်ရှားနေသည့် အကြည့်များသည် ဝေ့အန်းဖန်ကြည့်နေသည့် အရပ်ကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

"သခင်လေး"

"သခင်လေး"

"သခင်လေး"

"ဒါ ကောင်းတယ်။ လူတိုင်းပဲ ကြည့်ကြ။ သခင်လေး နောက်ဆုံးတော့ ပြန်ရောက်လာပြီ။"

---

ခုနက ရက်စက်ကြမ်းကြုတ်သည့် မျက်နှာများသည် ဝမ်ချောင်ကို မြင်သည်နှင့် ဝမ်းသာပျော်ရွှင်စွာ တောက်ပသွားခဲ့ကြသည်။

ပဋိပက္ခထဲက မင်းသမီးနီဟွမ်နှင့် ထိုဧရာမလူကြီးတို့ပင်လျှင် လှည့်ကြည့်လိုက်ကြသည်။

တခဏချင်းပင် ဝမ်ချောင်သည် အာရုံအားလုံး၏ ဗဟိုချက်ဖြစ်လာခဲ့၏။

သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ အသက်သွေးကြောခေါင်းဆောင်ဖြစ်ပြီး ကြီးကြီးမားမားအကျပ်အတည်းတစ်ခုဖြစ်ပွားသည့်အခါတိုင်း လူတိုင်းအားထားရသူဖြစ်သည်။ ဤနွားကဲ့သို့ဧရာမလူကြီး၏ လုပ်ရပ်များကြောင့် ရက်အတန်ကြာ စိတ်ပျက်နေရပြီးနောက် သူတို့သည် သူ့ကို နောက်တစ်ကြိမ်ပြန်တွေ့ရသည်နှင့် ဝမ်းသာသွားခဲ့ကြသည်။

"ကောင်စုတ်လေး နင် နောက်ဆုံးတော့ ရောက်လာပြီပေါ့။"

မင်းသမီးနီဟွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ဘေးသို့ လျှောက်သွားခဲ့၏။

ဝမ်ချောင် ရောက်လာပြီဖြစ်သောကြောင့် ထိုလူကြီးကို သူကိုယ်တိုင် ဖြေရှင်းစေပေမည်။ အားလုံးပြီးနောက် သူမသည် သူ့ဒိုင်းကာအဖြစ် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ချက်မရှိပေ။

"ကျွန်တော် ခင်ဗျားကို စောင့်စေမိပါပြီ။"

ဝမ်ချောင် ခါးသက်သက်အပြုံးဖြင့် ပြောလိုက်၏။

ဤကိစ္စကို နှောင့်နှေးစေရန် အချိန်မရှိသည်ကို သူသိသောကြောင့် သူ မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှေ့ထွက်လိုက်သည်။

"ဟားဟားဟား ကောင်လေး မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့။"

မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်ရှေ့တွင် ရပ်နေသော ကြီးမားသည့် ပုဂ္ဂိုလ်သည် ဝင်ပေါက်မှ ထွက်ခွာသွားကာ ဝမ်ချောင်ဆီသို့ ဦးတည်သွားခဲ့သည်။

ဟွားး

ထိုထွားကြိုင်းသည့် လူကြီး လမ်းလျှောက်လာသည်နှင့် လူအုပ်ကြီးသည် ရောဂါတစ်ခုကို ရှောင်ရှားနေကြသကဲ့သို့ ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း ဤနေရာရှိ လူအုပ်ကြီးသည် ၎င်းတို့ရှေ့မှ ကြီးမားသောလူ၏ စွမ်းရည်များကို နက်နဲစွာ နားလည်လာခဲ့ကြပေသည်။

သူတို့ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြလျှင်ပင် သူ့ကို မယှဉ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် သူ့လမ်းတွင် မည်သို့ ရပ်နေဝံ့ကြမည်နည်း။

တခဏချင်းမှာပင် ဝမ်ချောင်ဆီ ဦးတည်နေသော လမ်းတစ်ခု ပေါ်ထွက်လာခဲ့၏။

"မင်းက ဝမ်ချောင် ဟုတ်တယ်မလား။ ငါ မင်း ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး ဒါပေမယ့် မင်း ငါ့ကို အနောက်မြောက်ပိုင်းဆီ ပြန်ပို့တာ ပိုကောင်းမယ် ဒီလိုမှမဟုတ်ရင် မင်း နားပူတာ ခံရလိမ့်မယ်။ ငါ လီစီယိ မင်းလို သခင်တွေအတွက် အစေခံလုပ်မှာ မဟုတ်ဘူး။"

ထိုလူကောင်ကြီး၏ ကြမ်းရှရှအသံသည် ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ ဝမ်ချောင်ရှေ့ ရပ်နေကာ ဝမ်ချောင်၏ ပေါင်သလုံးထက်ပင် ကြီးမားသော သူ့လက်မောင်းသည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး ဝမ်ချောင်၏ ခေါင်းဆီ ရောက်လာခဲ့သည်။

-----------------------

အပိုင်း ၃၈၈

ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးလီစီယိ (၂)

ဤဖမ်းဆုပ်မှုသည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ပြီးပြိုင်ဘက်ကင်းသည့် ခွန်အားများဖြင့်ပြည့်နှက်နေခဲ့သည်။

"ရပ်စမ်း"

ထိုတခဏလေးတွင် အဖြူရောင်ပုံရိပ်တစ်ခုက ဝမ်ချောင်နှင့်ထိုလူကြီးအကြားဝင်ရောက်လာခဲ့ပြီး ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ သေးသွယ်သည့်လက်တစ်ဖက်က ထိုလူကောင်ကြီး၏ လက်ကိုရပ်တန့်လိုက်သည်။

ဘုန်းး

အားကောင်းသော လှိုင်းဂယက်က ပတ်ပတ်လည်အတွင်းပျံ့နှံ့သွားခဲ့ကာ ပြင်းထန်သည့်လေပြင်းတစ်ခုကို ဖြစ်ပေါ်စေလေသည်။ ထိုဧရာမဖိအားအောက်တွင် မျက်လုံးများကိုဖွင့်ထားရန်ပင်ခက်ခဲ၏။ လူတိုင်းသည် ခြေလှမ်းအတော်များများ နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ကြရသည်။

ဟွမ်ချန်အာ၏ မျက်နှာဖြူလျော်သွားခဲ့ပြီး သူမသည်လည်း ထိုထိပ်တိုက်တွေ့ဆုံမှုမှခွန်အားကိုကာကွယ်ရန် ကမန်းကတန်းခြေလှမ်း အတော်များများနောက်ဆုတ်လိုက်ရသည်။ သူမ၏အသက်ရှူသံကပြင်းထန်လာခဲ့၏။

တစ်ဖက်တွင်မူ ထိုလူထွားကြီးသည်တောင်တစ်လုံးကဲ့သို့ လုံးဝမရွေ့ဘဲရှိနေခဲ့သည်။

"အိုးကြည့်ရတာ ငါမင်းကိုလျှော့တွက်ထားခဲ့မိပုံပဲမိန်းမငယ်လေး။ မင်းကစွမ်းရည်တစ်ချို့ကို ပိုင်ဆိုင်ထားတာပဲ။ လာစမ်းပါ ငါရဲ့နောက်ထပ်လက်ဝါးချက်ကို ခံယူလိုက်။"

ထိုလူထွားကြီးအံ့အားတကြီးပြောလိုက်ပြီး သူမျက်နှာတည်ကြည်သွားခဲ့၏။

ဘုန်းး

ရုတ်ချည်းရှေ့သို့ချီတက်လိုက်ပြီး သူ့ဧရာမလက်များသည် ဟွမ်ချန်အာကို နောက်တစ်ကြိမ်ဖမ်းဆုပ်ရန် လှမ်းလိုက်သည်။

ဤဖမ်းဆုပ်မှုက ခုနကနှင့်ခြားနား၏။ ၎င်းသည်ကောင်းကင်ဘုံကို မှောက်လှန်ပစ်နိုင်ပုံရသည့်ကြီးမားသောခွန်အားကို ပိုင်ဆိုင်ထားကာ ဘယ်အရာကမှရပ်တန့်၍မရပေ။

ဤခွန်အားသည် မည်သည့်အစစ်အမှန် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူများထက်မဆို များစွာသာလွန်နေခဲ့၏။ မဟာလေ့ကျင့်ရေးစခန်းသုံးခုအတွင်းမှာပင် လက်တစ်ဆုပ်စာလူများကသာ ဤတိုက်ခိုက်မှုကို တောင့်ခံနိုင်ပေလိမ့်မည်။

"ရပ်"

သူ့ရှေ့ရှိမျက်နှာဖြူလျော်နေသော်လည်း နှုတ်ခမ်းများတင်းကြပ်စွာစေ့ထားသည့်ဘေးသို့ ရှောင်လိုပုံမရသော ဟွမ်ချန်အာကိုကြည့်ကာ ဝမ်ချောင်နောက်ဆုံးတွင်ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ဝုန်းး

ထိုတိုက်ခိုက်မှု နောက်ကွယ်ရှိမယုံနိုင်စရာကောင်းသော အရှိန်အဟုန်က ရုတ်ချည်းရပ်တန့်လာခဲ့ပြီး ထိုဧရာမလက်ကြီးသည် ဟွမ်ချန်အာ၏ခေါင်းမှနေ၍ တစ်ချီမျှအကွာအဝေးတွင်ရပ်တန့်သွားခဲ့သည်။

ဟူးးး

စိတ်သက်သာရာရသွားသည့် သက်ပြင်းချသံများကိုပတ်ပတ်လည်တွင်ကြားနိုင်ပေသည်။ ထိုထွားကြိုင်းသော လူကြီးထုတ်ဖော်ထားသည့် ထိုကြီးမားလှသောခွန်အားသည် အခြားသူများအပေါ်ဖိကျလာသော ကျောက်တုံးကြီးကဲ့သို့ခံစားရစေပြီး သူတို့ကိုအသက်ရှူနိုင်စွမ်းဆုံးရှုံးသွားစေသည်။

"ကောင်စုတ်လေးမင်းဘာလုပ်ဖို့ကြံစည်နေတာလဲ။"

ထိုထွားကြိုင်းသောလူသည် သူ့လက်ကိုပြန်ရုတ်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထက်ရှသည့်မျက်လုံးတစ်စုံဖြင့် သူဝမ်ချောင်ကို ရန်လိုစွာစိုက်ကြည့်လိုက်၏။

ဤအချိန်တွင် သူဒေါသပေါက်ကွဲနေပေသည်။ မြို့တော်ရှိ သခင်လေးတစ်ဦး၏ ဘာမဟုတ်သော ပေါက်ပေါက်ရှာရှာစိတ်ကူးလေးတစ်ခုမျှကြောင့် သူရှာဖွေခဲ့သောဘဝသည် ၎င်း၏လမ်းကြောင်းများတွင် ရပ်တန့်သွားခဲ့ရသည်။ သူရှေ့တန်းမှနေ၍ ထိုသတင်းကိုရရှိသောအခါတွင် သူသည် ဒေါသပေါက်ကွဲလုနီးပါးဖြစ်ခဲ့ရသည်။

ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ဤသုံးရက်တာကာလသည် သူ့ဒေါသကိုမငြိမ်းသတ်နိုင်ခဲ့ပေ။ တစ်ခုခုဆိုပါက ၎င်းသည်ပိုလို့ပင် လောင်ကျွမ်းလာခဲ့ပေ၏။

ဤကောင်စုတ်လေးသည် သူ့ကိုမြို့တော်တွင်ပြန်လည်နေရာချထားရန်ကြိုးအချို့ကို ဆွဲသည့်အတိုင်းအတာအထိသွားခဲ့သောကြောင့် သူအားထားနေသည့်အရာကို သူမြင်ချင်ပေသည်။

တစ်ဖက်တွင်မူဝမ်ချောင်သည် သူရှေ့ရှိလူထွားကြီးကို တည်တည်ငြိမ်ငြိမ်ကြည့်နေခဲ့သော်လည်း သူ့စိတ်က ကသောင်းကနင်းဖြစ်နေခဲ့၏။

"လီစီယိ"

ထိုလူထွားကြီး အော်လိုက်သော ထိုစကားလုံးနှစ်လုံးသည်(မြန်မာလိုတော့သုံးလုံး) ဝမ်ချောင်၏ စိတ်ထဲတွင် အဆုံးမရှိပဲ့တင်ထပ်နေခဲ့ကြသည်။

သူ့ရှေ့ရှိလူမှာ ကျော်လွှား၍မရနိုင်သည့် မဟာစစ်သူကြီးလီစီယိဖြစ်၏။

သူ့ဓားသွားဖယ်ရှားခြင်း အိမ်တော်ရှေ့တွင်ပြဿနာရှာနေသည့် ရက်စက်ကြမ်းကြုတ်သောလူမှာ မျှော်လင့်နေခဲ့သည့် လီစီယိအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ဝမ်ချောင်လုံးဝမတွေးထားမိခဲ့ပေ။

တိုင်းပြည်၏သမိုင်းကြောင်းထဲတွင် အလွန်နည်းပါးသော လူများသာမဟာစစ်သူကြီးရာထူးကို ရယူနိုင်ခဲ့ကြပြီး ထိုလူများအားလုံးတို့သည် တိုက်ပွဲဆင်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်ကြသည်။

ကြီးမားသောခွန်အားနှင့် ရဲစွမ်းသတ္တိရှိရုံမျှဖြင့် ထိုလေးစားအပ်သောရာထူးကို မည်သူမဆိုရရှိရန်မဖြစ်နိုင်သော်လည်း လီစီယိသည်ဤအစဉ်အလာကိုချိုးဖျက်ခဲ့သည်။

မဟာထန်၏ရှည်လျားလှသော သမိုင်းကြောင်းထဲတွင် သူသည်သူ၏သာလွန်လှသော သိုင်းပညာရပ်အပေါ်အခြေခံ၍ မဟာစစ်သူကြီးတစ်ယောက်ဖြစ်လာနိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ကာ သူ့အားဖုမင်လင်းချာ၊ဂိုစုန့်ကျီ၊ ကော်ရှု့ဟန်၊ကျန်းရှို့ကွေ့၊ကျန်းချိုးကျင်းချုံးတို့နှင့် တူညီသောအဆင့်အတန်းကိုရရှိစေခဲ့သည်။

သူသည် အခြားသူများထက်ဩဇာလွှမ်းမိုးမှုနှင့် ဂုဏ်သိက္ခာအရ အောက်ကျနေသေးသော်လည်း မဟာထန်၏လေးစားအပ်သော မဟာစစ်သူကြီးများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရားဖြစ်နေသေးသည်။

ဤအရာ၏တစ်စိတ်တစ်ပိုင်းသည် သူ၏ဩဇာတိက္ကမကြောင့်ဟုမှတ်ယူနိုင်သည်။ တိုက်ပွဲဆင်ခြင်းကို နားမလည်သော်လည်း သူ၏မယုံနိုင်စရာစွမ်းအားနှင့်ရဲစွမ်းသတ္တိတို့သည် စစ်တပ်တစ်ခုလုံး၏စိတ်ဓာတ်ကို တစ်ကိုယ်တည်းမြှင့်တင်နိုင်စေခဲ့ကာ ဆိုးရွားလှသောအခြေအနေကိုပြောင်းပြန်လှန် ရန်သူတို့အားအရှိန်အဟုန်ကိုရရှိစေခဲ့သည်။

"လီစီယိတည်ရှိတဲ့အခါ တိုင်းပြည်တည်ရှိမယ်။"

"လီစီယိမရှုံးနိမ့်သရွေ့တိုင်းပြည်ကအားနည်းချက်မရှိနိုင်။"

---

သူ၏ တိုက်ပွဲတစ်လျှောက်ပေါ်ထွက်လာသော ရက်စက်ကြမ်းကြုတ်သည့်အော်သံများက သူ့မဟာမိတ်များကို သတ္တိများယူဆောင်လာပေးပြီး သူ့ရန်သူများကို အကြောက်တရားများယူဆောင်လာပေးခဲ့သည်။

သူ့တည်ရှိမှုက ထိုစစ်တပ်၏အုတ်မြစ်ဖြစ်၏။ မည်မျှပင်အားကောင်းသောရန်သူကို ရင်ဆိုင်ရပါစေမည်မျှပင်ဆိုးရွားသော အခြေအနေတွင်ရှိနေပါစေ လီစီယိ၏စစ်တပ်သည် အမြဲတမ်းမယိမ်းယိုင်ရပ်တည်ခဲ့ကြသည်။

သူကွပ်ကဲသောတပ်သည် သူကဲ့သို့ရက်စက်ကြမ်းကြုတ်ကြပြီး သူတို့သည်ရန်သူ၏ဆောင်ရွက်မှုကို ဟန့်တားနေသောအားနည်းချက်မရှိသည့် ခံတပ်အဖြစ်အမြဲရပ်တည်ခဲ့ကာ သူတို့ကာကွယ်ထားသူများကို မျှော်လင့်ချက်ယူဆောင်လာပေးသည်။

ရဲစွမ်းသတ္တိအပေါ်အခြေခံရုံမျှဖြင့် တပ်ဖွဲ့တစ်ခုလုံး၏စိတ်ဓာတ်ကို လွှမ်းမိုကာသူ့နောက်လိုက်သည့် စစ်သည်များကိုစစ်မြေပြင်၏ ရပ်တန့်၍မရသောကြမ်းကြုတ်ရက်စက်သူများအဖြစ် ပြောင်းလဲနိုင်သူမှာသမိုင်းထဲတွင် သူတစ်ယောက်တည်းသာရှိသည်။

ဤနည်းဖြင့်သူသည် တိုက်ပွဲ၏ရေစီးကြောင်းကိုပြောင်းပြန်လှန်ကာ မဖြစ်နိုင်ဟုထင်ရသောအောင်ပွဲများကို မဟာထန်အားတစ်ကြိမ်ပြီးတစ်ကြိမ်ယူဆောင်လာပေးခဲ့သည်။ ထို့ကြောင့်နောက်ဆုံးတွင် သူ့အားသူ့ဂုဏ်ပုဒ်ဖြစ်သည့် "ကျော်လွှား၍မရနိုင်သောမဟာစစ်သူကြီး" ဟူသောဘွဲ့ကို အပ်နှင်းခဲ့သည်။

လီစီယိသည်တိုက်ပွဲဆင်ခြင်းကို နားမလည်သော်လည်း သူ၏အံ့မခမ်းခွန်အားများက သူ့ကိုမည်သည့် တိုက်ပွဲဆင်ခြင်းကိုမဆို လျစ်လျူရှုစေပြီးရန်သူများကို တိုက်ရိုက်ထိပ်တိုက်တွေ့ကာ ချေမှုန်းနိုင်ခဲ့စေခဲ့သည်။

သူ့ယခင်ဘဝရှိဝမ်ချောင်၏ မှတ်ဉာဏ်များအရကြောက်စရာအကောင်းဆုံးနှင့် သတ္တိအရှိဆုံးရန်သူများပင်လျှင် ကျော်လွှား၍မရနိုင်သည့် မဟာစစ်သူကြီးကိုရင်ဆိုင်ရာတွင် တုံ့ဆိုင်းခြင်းဖြင့်ရပ်တန့်သွားခဲ့ကြရသည်။

တိုင်းပြည်၏စစ်တပ်ကိုပြန်လည်ပုံသွင်းရာတွင် လီစီယိသည်တန်ဖိုးကမည်သို့ရှိပါစေ သူ့ဖက်သို့ ဆွဲခေါ်ရမည့် အရေးကြီးသော မဟာမိတ်တစ်ယောက်ဖြစ်သည်။ ဝမ်ချောင်သည်ထိုလူ့ကို စစ်မှုထမ်းဌာနက သူ့လက်အောက်သို့ပို့ဆောင်ရန်အလို့ငှာ စုန့်ဘုရင်နှင့်ချိတ်ဆက်ရန်အတိုင်းအတာ တစ်ခုအထိပင် သွားခဲ့ရသည်။

ထိုအရာမှတဆင့် သူလီစီယိအား မည်မျှမြင့်မားစွာရှုမြင်ထားသည်ကို မြင်နိုင်ပေသည်။

အနာဂတ်ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးက သူ့ရှေ့တွင်ဤသို့သောပုံစံဖြင့်ပေါ်လာမည်ဟု ဝမ်ချောင် မမျှော်လင့်ထားမိရုံပင်။

ယခင်ဘဝတွင် တစ်ဖက်လူသည်ထင်ရှားကျော်ကြားသော်လည်း ဝမ်ချောင်သည် သူ့ကိုတွေ့ဆုံရန် အခွင့်အရေးလုံးဝမရခဲ့ပေ။ ထို့ကြောင့်ဤသည်မှာ သူတို့၏ပထမဆုံးတွေ့ဆုံခြင်းဖြစ်၏။

'စုန့်ဘုရင်က သူ့ကိုငါ့ဆီတစ်ကယ်ပို့လာပေးခဲ့တယ်။'

ဝမ်ချောင် စိတ်လှုပ်တရှားတွေးလိုက်မိသည်။

စုန့်ဘုရင်က ဤကိစ္စကိုသူ့ဆီကြိုတင်အကြောင်းမကြားခဲ့သောကြောင့် ဤသည်မှာသူ့အတွက်ကြီးမားသည့် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့်ထိုအနာဂတ်ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးကို ဝမ်ချောင်ကြည့်နေခဲ့ကာ အတွေးများစွာကသူ့စိတ်ထဲပြေးလွှားသွားခဲ့ကြပြီး ဘာတွေဖြစ်နေသည်ကို သူလျင်မြန်စွာနားလည်သွားခဲ့၏။

စစ်သည်တစ်ယောက်အဖြစ် မွေးဖွားလာသောကြောင့် လီစီယိစိတ်ထဲရှိသည့်တစ်ခုတည်းသောအရာမှာ တိုက်ပွဲဖြစ်သည်။

သူသည်တိုက်ပွဲအတွက် သူ့ဘဝတစ်ဝက်လောက်ကို လုံ့လစိုက်ထုတ်လေ့ကျင့်လျက် တိတ်တဆိတ်သန်မာလာခဲ့သည်။ သူ့စွမ်းရည်များတိုးတက်လာသည့်အချိန်၌ပင် သူ့တွင်ရှိသည့်တစ်ခုတည်းသောဆန္ဒမှာ တိုင်းပြည်၏နယ်နိမိတ်များကို စောင့်ကြပ်ပြီးသူလုပ်နေသည့်အရာကို အကောင်းဆုံးလုပ်ရန်ဖြစ်သည်။

အရှေ့ဟန်၏ပန်ချောင်သည်တစ်ချိန်က

"လူတစ်ယောက်ဟာ အထင်သေးစရာကောင်းတဲ့အကျိုးအမြတ်တွေကြောင့် မျက်စိကန်းပြီး သူ့ကိုယ်သူဖြတ်တောက်နေတဲ့ ဖောင်တိုင်တွေကြားပိတ်မိစေနိုင်ရတာလဲ"

ဟူသောဤကြီးကျယ်ခမ်းနားသည့် စကားများကိုပြောခဲ့ဖူးပြီး နယ်နိမိတ်ကိုကာကွယ်ရန်သူ့ခန္ဓာကိုယ်ကို ရဲရင့်စွာမြှုပ်နှံသွားခဲ့သည်။ သူ့ကြိုးပမ်းမှုများသည် သူ့တိုင်းပြည်၏အနောက်တိုင်းဒေသများသို့ လမ်းခင်းရာတွင်ကူညီခဲ့ကာ သူ့အားအမြဲတည်တံ့သောဂုဏ်ဒြပ်ကိုရရှိစေခဲ့သည်။

ဤသည်မှာလည်း "ဖောင်တိန်ကိုစွန့်ပစ်ပြီးသံချပ်ကာကိုဝတ်ဆင်ခြင်း"

ဇာတ်လမ်းသည် မည်ကဲ့သို့ပေါ်ပေါက်လာရသလဲဆိုခြင်းပင်။

"လူတစ်ယောက်ဟာ ပြေးလွှားနေတဲ့မြင်းတွေနဲ့ရန်သူတွေရဲ့အလောင်းတွေကြားမှာ မြှုပ်နှံသင့်တယ်၊ ငါကဘယ်လိုလုပ်ဒီအိပ်ယာပေါ်မှာ တဖြည်းဖြည်းပျောက်ကွယ်သွားရမှာလဲ။"

ဤစကားလုံးများဖြင့် ရှန်မင်းဆက်၏မာယွမ်သည် နယ်နိမိတ်နားတွင် တိုက်ခိုက်ရန်သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံထားခဲ့ပြီးနောက်ဆုံးတွင် သူသည်စစ်မြေပြင်တွင် သေဆုံးသွားခဲ့သော်လည်း သူ့စိတ်ဝိညာဉ်သည် နောင်လာနောက်သားများစွာ၏ စိတ်ဝိညာဉ်များကိုမီးညှိပေးခဲ့သည်။

လီစီယိသည် ထိုမျိုးချစ်ဟောင်းများကဲ့သို့ တူညီသောရည်မှန်းချက်များနှင့် ပန်းတိုင်များကိုပိုင်ဆိုင်ထားခဲ့သည်။ သူသည်သူ့ဘဝကိုနယ်နိမိတ်များတွင် နှစ်မြှုပ်ထားပြီး သူ့ကျွမ်းကျင်မှုများအားတိုင်းပြည်ကိုမြှင့်တင်ရာတွင် မြှုပ်နှံထားချင်ခဲ့သည်။

---

"ငါ့ရဲ့အမိမြေကပျက်စီးရမယ်ဆိုရင်ငါနဲ့အရင်စပါစေ။"

မဟာထန်ပြိုကျပျက်စီးသောအချိန်တွင်ထိုကျော်လွှား၍မရနိုင်သောမဟာစစ်သူကြီး၏နောက်ဆုံးစကားများကိုဝမ်ချောင်မှတ်မိနေသေးသည်။

လီစီယိသည်ပျက်စီးသွားသောအလယ်ပိုင်းလွင်ပြင်ဒေသကိုကယ်တင်ရန်သူ့အလုံးစုံကိုမြှုပ်နှံထားခဲ့ပြီးည၏အမှောင်ထုထဲသို့ဝင်ရောက်လာသောအခါတွင်သူသည်ဤလောကတွင်ကျန်ရှိနေသည့်တစ်ခုတည်းသောအလင်းရောင်ဖြစ်ခဲ့သည်။

သူ့ကျဆုံးခြင်းသည်သူ့ဟောပြောချက်ကဲ့သို့ပင်တစ်ချိန်ကအားကောင်းသောတိုင်းပြည်ကိုသမိုင်းမှတ်တမ်းများထဲသို့မလွဲဧကန်ကျဆင်းသွားစေခဲ့သည့်လက္ခဏာဖြစ်ခဲ့သည်။

ဝမ်ချောင်သည်ထိုပျက်စီးယိုယွင်းနေသောအချိန်များတွင်ဤကျော်လွှား၍မရနိုင်သောမဟာစစ်သူကြီးကိုတွေ့ဆုံရန်အခွင့်မသာခဲ့သော်လည်းသူ့ထံမှတုန်လှုပ်ခြောက်ခြားဖွယ်ရိုးသားသောစကားလုံးများကသူ့စိတ်နှလုံးသားထဲတွင်နက်ရှိုင်းစွာရိုက်နှိပ်ထားခဲ့သည်။

ထိုသည်မှာအစစ်အမှန်စစ်သည်တစ်ယောက်ဖြစ်၏။

လက်တွေ့ကျသောဆောင်ရွက်ချက်များဖြင့်သူသည်သူ့ခံယူချက်များကဘာလဲဆိုသည်ကိုကမ္ဘာကြီးအားသူသေဆုံးသည့်အချိန်အထိပင်သက်သေပြသွားခဲ့သည်။

ဝမ်ချောင်လေးစားအားကျရသည့်သူမရှိသလောက်ရှားသော်လည်းဤကျော်လွှား၍မရနိုင်သောမဟာစစ်သူကြီးသည်သူ၏အရိုးသားဆုံးသောလေးစားမှုကိုသိမ်းပိုက်သွားခဲ့သည်။

ဤသည်မှာစစ်မှုထမ်းဌာနမှတဆင့်တစ်ဖက်လူကိုသူ့ဆီပို့ဆောင်ရန်စုန့်ဘုရင်နှင့်သူ့အဆက်အသွယ်များကိုဝမ်ချောင်အသုံးပြုခဲ့ရခြင်း၏အကြောင်းအရင်းလည်းဖြစ်သည်။

သူ့ရှေ့ရှိထွားကြိုင်းသောလူကိုကြည့်ကာသူ့မြင်ကွင်းတွင်အနိုင်မခံအရှုံးမပေးသောလူတစ်တစ်ယောက်ပေါ်လာခဲ့ပြီးမှိန်းမောသွားသည့်အခိုက်အတန့်တွင်၎င်းသည်လီစီယိနှင့်ထပ်တူကျသွားပုံရကာဝမ်ချောင်ကိုစိတ်ခံစားချက်များရှုပ်ထွေးသွားစေလေသည်။

"သူကဘာမှမဟုတ်သေးတာဖြစ်နိုင်တယ်"

ဝမ်ချောင်သက်ပြင်းချလိုက်မိ၏။

လီစီယိ၏လက်ရှိပန်းတိုင်မှာအနောက်ပိုင်းဒေသများသို့ဝင်ရောက်ရန်ဖြစ်ပြီးစစ်မြေပြင်ကိုကြီးစိုးလွှမ်းမိုးရန်ဖြစ်သည်။သို့တိုင်လျှိုဝှက်နည်းလမ်းများမှတဆင့်ဝမ်ချောင်သည်သူ့ကိုအကျင့်စာရိတ္တပျက်ပြားနေသည့်နယ်မြေဖြစ်သည့်မြို့တော်သို့ဆွဲခေါ်လာခဲ့သည်။

ဤသည်မှာလီစီယိအမြဲလိုချင်နေသည့်အရာနှင့်ဆန့်ကျင်နေခဲ့၏။ထို့ကြောင့်သူ့လုပ်ဆောင်ချက်ကိုလီစီယိအလွန်ဒေါသထွက်နေခဲ့သည်မှာအံ့ဩစရာမဟုတ်ပေ။

အစကတည်းက ဆိုးရွားသည့်ခြေလှမ်းဖြင့်စတင်ရန်မှာသူ့အတွက် ဤကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးကို သူ့ဘက်သို့စည်းရုံးရန် လွယ်ကူသည့်တာဝန်တစ်ခုဖြစ်တော့မည့်ပုံမရပေ။

"ခင်ဗျားနားလည်မှုလွဲနေပြီ"

ဝမ်ချောင်ရုတ်တရက်ပြောလိုက်၏။ သူ့အသံသည် တည်ငြိမ်နေပြီးအခြေအနေကို လုံးဝမစိုးရိမ်သည့်ပုံရသည်။

"ငါမင်းကို ဒီကိုဆင့်ခေါ်လိုက်တာက အစေခံတစ်ယောက် ဒါမှမဟုတ် ဖိုက်တာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်စေဖို့မဟုတ်ဘူး။ စိတ်ချပါငါမင်းကိုအမိန့်ပေးမှာ မဟုတ်သလိုမင်းမလိုလားတဲ့ ဘယ်အရာကိုမဆိုဖိအားပေးမှာမဟုတ်ဘူး။"

"စစ်မြေပြင်မှာ သူတို့ရဲ့အသက်တွေကိုမြှုပ်နှံထားကြတဲ့ မင်းလိုရဲရင့်တဲ့စစ်သည်တွေကို ငါအလေးစားဆုံးပါပဲ။ ဒါပေမယ့်လည်း အသုံးဝင်တဲ့အဆင်တန်ဆာတွေမပါဘဲ တစ်ယောက်ကစစ်မြေပြင်မှာ ဘယ်လိုရဲရင့်နိုင်မှာလဲ။ ဒါကြောင့်မင်းရဲ့လုပ်ရပ်တွေကို အားကျလေးစားလို့ ငါမင်းကိုလက်ဆောင်တစ်ခုပေးချင်တာပါ။"

"ကောင်စုတ်လေး မင်းငါ့ရှေ့မှာဘယ်လို ပေါက်တက်ကရတွေလာပြောနေတာလဲ။ မင်းငါ့ကို အသက်သုံးနှစ်ကလေးတစ်ယောက်လို့ ယူဆထားတာလား။ ငါ့ကိုပေးကမ်းဖို့ မင်းလိုကလေးတစ်ယောက်ရဲ့အကူအညီ လိုရလောက်အောင်ဘယ်လို လက်နက်မျိုးကစစ်တပ်မှာပြတ်လပ်နေတာလဲ။"

မြင့်မားသည့်လီစီယိသည် ဝမ်ချောင်ကို ရန်လိုစွာစိုက်ကြည့်လိုက်သည်။

သူ့အမြင်မှနေ၍ ဝမ်ချောင်၏စကားများသည် ဈေးပေါသည့်အကြောင်းပြချက်တစ်ခုထက်မပိုပေ။ သူသည်ထိုသို့သော ဗြောင်လိမ်ဗြောင်စားအလိမ်အညာကို မည်သို့ယုံကြည်လိမ့်မည်နည်း။

"ဟီးဟီး"

တစ်ဖက်တွင်မူ ဝမ်ချောင်ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကာ လီစီယိ၏ဒေါသကိုဂရုစိုက်မနေပေ။

"ကျောက်စိမ်းရိုင်းသံမဏိကိုမင်းကြားဖူးလား။"

"ဘာ ကျောက်စိမ်းရိုင်းသံမဏိတွေ ကျောက်စိမ်းတုံးသံမဏိတွေလဲ၊ မင်းငါ့ကိုဒီလို အလိမ်အညာလေးနဲ့အရူးလုပ်ဖို့ကြိုးတောင်မကြိုးစားနဲ့။"

လီစီယိ စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ကာ သူ့လက်မောင်းအိုးကိုဝေ့ယမ်းလိုက်သည်။ သူသူ့ရှေ့ရှိ အလိုလိုက်ခံထားရသော ကောင်စုတ်လေးကို နည်းနည်းလေးမှအကောင်းမမြင်ပေ။

"ဟားဟားဟား"

သို့သော်လည်းလီစီယိ၏ စကားလုံးများကိုကြားလိုက်သည်နှင့် ထူးဆန်းသောအမူအရာက ဤနေရာရှိလူအုပ်ကြီး၏ မျက်နှာများပေါ်တွင် စတင်ချိတ်ဆွဲလာခဲ့သည်။ သူတို့ထဲမှအချို့မှာသူတို့၏ဗိုက်များကိုပင် စတင်ဆုပ်ကိုင်လိုက်ကြပြီး မထိန်းနိုင်စွာအော်ရယ်လိုက်ကြကာ သူတို့သည်သူတို့ဘဝတွင် အရယ်ရဆုံးသောဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်။

မြို့တော်တွင် ကျောက်စိမ်းရိုင်းသံမဏိဓားများ၏စွမ်းအား သို့မဟုတ် ၎င်းတို့အားပြုလုပ်သူကို မကြားဖူးသောသူမရှိတော့ပေ။ သို့တိုင် လီစီယိသည်ဝမ်ချောင်က သူ့အားလိမ်ညာရန်ကြိုးစားနေသည်ဟု တွေးထင်နေခဲ့၏။

ဤနေရာရှိ လူအများစုတို့သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လီစီယိ၏ဖိနှိပ်မှုအောက်တွင် အကြီးအကျယ်ခံစားခဲ့ကြရသည်။ ထို့ကြောင့်သူ့ကို လှောင်ပြောင်ရန်ဤအခွင့်အရေးကို သူတို့မည်သို့လက်လွတ်ခံနိုင်ကြမည်နည်း။

အခြားသူများထက် အနည်းငယ်သာ၍ သန်မာနေရုံမျှဖြင့် ထိုခွေးကောင်သည် သူတို့ကိုဘာမဟုတ်သည့် မျောက်များကဲ့သို့ကစားခဲ့သည်။ သူသည်ယနေ့တွင် ဓားသွားဖယ်ရှားခြင်း အိမ်တော်၏ဝင်ပေါက်ကို ပိတ်ဆို့သည့်အတိုင်းအတာအထိ ရောက်လာခဲ့ကာ သူတို့၏လမ်းကိုဟန့်တားထားခဲ့သည်။

သို့တိုင်ထိုသို့သော 'ကြောက်စရာကောင်းသည့်လူတစ်ယောက်' သည်ဘာမှမသိသည့် လူအတစ်ယောက်အဖြစ်ပြောင်းလဲသွားလိမ့်မည်ဟု တွေးကြည့်လိုက်ပါက...။

-------------------

မှတ်ချက်-

ဒီမှာပါတဲ့ ဖောင်တိုင်ဆိုတာ အဲခေတ်မှာ သစ်သားစာလွှာပေါ်ဓားနဲ့ထွင်းထုပြီး ရေးရတာကိုရည်ညွှန်းပါတယ်။ ဆိုလိုချင်တာက စစ်လည်းတိုက်သလို နိုင်ငံရေးမှာလည်း အချင်းချင်းတိုက်ခိုက်ဖို့ တစ်ကိုယ်ရေးအကျိုးအမြတ်အတွက် ဝင်စွက်ဖက်တာကိုဆိုလိုတာပါ။ ဥပမာကတော့ ထင်ထင်ရှားရှားကြီးနေရှိပါတယ်။ ဒါပေမယ့်မပြတော့ပါဘူး။

ကြိုးအချို့ကိုဆွဲတာက နောက်ကွယ်ကနေကြံစည်တာကိုဆိုလိုတာပါ။

_____

အပိုင်း ၃၈၉

ဖြေရှင်းပေးခြင်း

ဝမ်ချောင် စကားအများကြီးမပြောရန် ရွေးချယ်လိုက်၏။

လီစီယိသည် သူ့အချိန်အများစုကို မြောက်ပိုင်းနယ်စပ်တွင် ကုန်ဆုံးခဲ့သောကြောင့် ကျောက်စိမ်းရိုင်းသံမဏိကို မကြားခဲ့ဖူးသည်မှာသာမန်သာဖြစ်သည်။ လူအုပ်ကြီးသည် ရက်အတော်ကြာဖိနှိပ်ခံရမှုများကြောင့် သူတို့၏စိတ်ပျက်အားငယ်မှုများကို ဖောက်ထုတ်နေခြင်းသာဖြစ်ကြသည်။

ကလင်း

စကားတစ်ခွန်းပင်ပြောမနေတော့ဘဲ ဝမ်ချောင်သူ့ခါးရှိဓားကိုဆွဲထုတ်လိုက်ကာ သာမန်မျှ လှုပ်ရှားလိုက်ခြင်းနှင့်အတူ မြေကြီးပေါ်ရှိကျောက်တုံးတစ်တုံးကို တိတိရိရိနှစ်ပိုင်းပိုင်းပြလိုက်သည်။

၎င်းဖြတ်ပိုင်းလိုက်သည့် မျက်နှာပြင်နှစ်ဘက်တွင် မျက်နှာပြင်သည် မှန်တစ်ချပ်ကဲ့သို့ချောမွေ့နေခဲ့ကြ၏။

ဤအရာကိုပြုလုပ်ပြီးနောက် ဝမ်ချောင်သူ့ကျောက်စိမ်းရိုင်းသံမဏိဓားကို သာမန်သာလှုပ်ရှားလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ဓားအိမ်ထဲပြန်ထည့်လိုက်သည်။

"ဒါကကျောက်စိမ်းရိုင်းသံမဏိဓားဖြစ်တယ်။"

ဝမ်ချောင်တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

လက်တွေ့အမှန်တရားထက် ပိုအားကောင်းသောစကားလုံးမရှိတော့ပေ။ ဝမ်ချောင်သည် ကျောက်စိမ်းရိုင်းသံမဏိဓားကို မည်မျှကောင်းမွန်စွာဖွဲ့ဆိုပြနေပါစေ သူ့ဓားခုတ်ချက်တစ်ချက်ထက်ပို၍ ယုံကြည်လက်ခံနိုင်စရာမရှိတော့ပေ။

ဝမ်ချောင်၏ မျက်နှာချင်းဆိုင်တွင်ရပ်လျက် လီစီယိလုံးဝအံ့ဩနေခဲ့၏။

ဝမ်ချောင်၏ဓားသည် အလွန်တရာမှပေါ့ပါးလှသည်။ တစ်ဖက်လူသည် သူ့ဓားချက်နောက်ကွယ်တွင် မည်သည့်ခွန်အားကိုမျှ မသုံးထားသည်ကို လီစီယိပြောနိုင်ပေသည်။ သူသည်ထိုခုတ်ချက်တွင် သူ့ဓားချီ သို့မဟုတ် သူ့ကြယ်တာရာစွမ်းအင်တို့ကိုလည်း အသုံးမချထားခဲ့ပေ။

သို့တိုင်ထိုဓားသည် ကျောက်တုံးကို အလွယ်တကူဖြတ်သန်းသွားခဲ့သေးပြီး တိုဟူးတုံးကို လှီးဖြတ်သွားသကဲ့သို့ပင်။

လီစီယိသည် ကျွမ်းကျင်သောဓားသမားမဟုတ်သော်လည်း ၎င်းကသူသည်မသိနားမလည်ဟုမဆိုလိုပေ။ ဝမ်ချောင်လက်အတွင်းရှိ လက်နက်သည် သာမန်မဟုတ်သည်မှာ သံသယရှိစရာမလိုပေ။

ကျောက်တုံး၏ ချောမွေ့သောမျက်နှာပြင်ကိုကြည့်ကာ လီစီယိသူ့ဘာသာရေရွတ်လိုက်မိသည်။

"ဘယ်လိုတောင်ထက်ရှလိုက်တဲ့ဓားလဲ။"

စစ်သည်တစ်ယောက်အနေဖြင့် သူသည်ကွပ်ကဲသူများနှင့်စစ်သူကြီးများ ကိုင်ဆောင်ထားကြသော မယုံနိုင်စရာကောင်းလောက်အောင်ထက်ရှမှုဖြင့် ဓားများစွာကိုမြင်တွေ့ခဲ့ဖူးသော်လည်း ဝမ်ချောင်လက် အတွင်းရှိဓားမှပြသခဲ့သော စွမ်းပကာနှင့်နီးကပ်လာနိုင်သည့် အရာတစ်ခုမျှမရှိခဲ့ကြပေ။

ထိုခဏတွင် လီစီယိပင်လျှင် ရွေးချယ်စရာမရှိဘဲ စိတ်လှုပ်ရှားသွားရကြောင်းဝန်ခံရပေမည်။

စစ်မြေပြင်တွင် လူတစ်ယောက်သည် ချပ်ဝတ်တန်ဆာဝတ်ဆင်မထားသော ရန်သူများကိုကြုံရမည်မဟုတ်ပေ။ ရွှမ်သတ္တုမှထုလုပ်ထားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြသည့ ်လူများပင်ရှိကြပြီး သာမန်လက်နက်များက ၎င်းတို့တွင်ပြတ်ရှရာတစ်ခုကို ချန်ထားခဲ့ရန်ခက်ခဲပေလိမ့်မည်။

ထိုသို့သောပြိုင်ဘက်များနှင့် တိုက်ခိုက်ရသည်မှာ အလွန်တရာမှပင်ပန်းလှပြီးအန္တရာယ်များလှကာ အထူးသဖြင့် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော မြင်းတပ်ကိုရင်ဆိုင်ရသည့်အခါတွင်ဖြစ်သည်။

သွေးစွန်းသောစစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ဖူးသည့် လူများသာလက်နက်ကောင်းတစ်ခု၏ အစစ်အမှန်အရေးပါပုံကို နားလည်ပေလိမ့်မည်။

စစ်သည်တစ်ယောက်အနေဖြင့် လီစီယိသည်လည်း သူကိုယ်တိုင်အတွက်လက်နက်ကောင်းတစ်ခုကို ရှာဖွေရန်ကြိုးစားခဲ့ဖူးသော်လည်း သူ၏နှိမ့်ကျသောနောက်ခံက သူ့ကိုအဆက်အသွယ်မရှိ၊ ငွေကြေးတတ်စွမ်းမှုမရှိဖြစ်စေခဲ့သည်။

ထို့အပြင်သူသည် အခြားသူများထက်ပို၍ကြီးမားသော တည်ဆောက်ပုံကိုပိုင်ဆိုင်ထားခဲ့၏။ ဈေးကွက်အတွင်းရှိ သာမန်လက်နက်များကသူ့အတွက်မသင့်တော်ကြပေ။ ထို့ကြောင့် အချိန်တစ်ခုကြာပြီးနောက် လီစီယိသည် နောက်ဆုံးတွင်ရွေးချယ်စရာမရှိဘဲ လက်လျှော့လိုက်ရသည်။

သို့သော်ဝမ်ချောင်လက် အတွင်းရှိလက်နက်မှာမူ...

အကယ်၍စစ်မြေပြင်တွင် ထိုသို့သောလက်နက်တစ်ခုသူ့တွင်ရှိခဲ့ပါက သူလမ်း၌ပိတ်ဆို့နိုင်သည့် ရန်သူရှိလိမ့်မည်မဟုတ်ဟု သူယုံကြည်မှုရှိပေသည်။ သူသည် သူ့စွမ်းရည်အပြည့်အဝကို ဆွဲထုတ်နိုင်လိမ့်မည်ဖြစ်ပြီး သူ့တိုင်းပြည်ကိုပိုမိုပံ့ပိုးနိုင်ပေလိမ့်မည်။

"မင်းရဲ့လက်နက်က အရမ်းတိုနေတာနှမြောစရာပဲ။"

လီစီယိ လေသံတိုးတိုးဖြင့် အလိုလိုရေရွတ်လိုက်မိ၏။

သို့သော်ဝမ်ချောင်လက်ထဲရှိ လက်နက်ကမည်မျှထက်ရှနေပါစေ ၎င်းသည်သုံးချီသာရှည်လျားပြီး အလွန်တိုနေခဲ့ကာ သူ့ကဲ့သို့ကိုယ်လုံးကိုယ်ပေါက်နှင့် လူတစ်ယောက်အတွက်မသင့်တော်ပေ။ သူနှင့်မသင့်တော်သော ဓားတစ်ချောင်းကို ကိုင်ဆောင်ခြင်းက သူလှုပ်ရှားမှုများကိုသာ ကန့်သတ်နေပေလိမ့်မည်။

"ဟားဟားဟားရှည်တာ၊ တိုတာကပြဿနာတစ်ခုလုံးဝမဟုတ်ပါဘူး။ ငါအဲဒါကို မင်းလိုသလိုအထူးဖန်တီးပေးလို့ရပါတယ်။"

ဝမ်ချောင်၏အစွမ်းထက်လှသော နားများကလီစီယိ၏ရေရွတ်နေသံကိုကြားသွားခဲ့ပြီး သူကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဟိုးအစကတည်းက ဝမ်ချောင်ဤအချက်ကို စဉ်းစားထားခဲ့ပြီဖြစ်သည်။

အကြမ်းကြုတ်ဆုံးကျားတစ်ကောင်သည် အထက်ရှဆုံးလက်သည်းများဖြင့် ဒွန့်တွဲသင့်ပေ၏။

ဝမ်ချောင်လီစီယိကိုခေါ်လိုက်သည်မှာ သူ့အားထိန်းချုပ်ရန်သို့မဟုတ် လက်အောက်ခံခိုင်းရန်မဟုတ်ခဲ့ပေ။ သို့သော်သူ့ယခင်ဘဝတွင် သူလုံးဝမအောင်မြင်ခဲ့သည့် အမြင့်များသို့ရောက်ရှိ အောင်မြင်ရာတွင် သူ့ကိုကူညီပေးရန်ဖြစ်သည်။

ဝမ်ချောင်သည် သူ့ကိုသူ့ဆင်ယင်မှုအတွက် ကျောက်စိမ်းရိုင်းသံမဏိဓားတစ်ချောင်းဖြင့် ပြီးပြည့်စုံစွာဆင်ယင်ပေးမည် သာမကပင်လယ်ရပ်ခြားတိုင်းတပါးမှ ဝမ်းကွဲဝမ်လျန်သံမဏိဥက္ကာခဲများ ပြန်ယူလာခဲ့ချိန်တွင် သူ့အတွက်ထုလုပ်ထားသော အကြံ့ခိုင်ဆုံးချပ်ဝတ်တန်ဆာနှင့်ထို့အတူ အကောင်းဆုံးမြင်းများကိုလည်း လက်ဆောင်ပေးပေလိမ့်ဦးမည်။

ယခင်ဘဝရှိ ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးသည် ရဲစွမ်းသတ္တိရှိခဲ့သော်လည်း ခံစစ်စွမ်းရည်ပြတ်လပ်နေခဲ့သည်။ ၎င်းသည် အဆင့်နိမ့်စစ်သားတစ်ယောက်အဖြစ် သူစတင်ခဲ့ချိန်ကတည်းက ပြဿနာတစ်ခုဖြစ်ခဲ့၏။

တိုက်စစ်သဘောရှိသော စစ်သည်တစ်ယောက်အနေဖြင့် သူသည်ဒဏ်ရာကို ဒဏ်ရာနှင့်အလဲအလှယ်လုပ်ရလေ့ရှိကာ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များတိုးပွားလာစေလေသည်။ သူသည်ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးအဖြစ် အပ်နှင်းခံရချိန်တွင်သူ့ခန္ဓာကိုယ်သည် ဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်နှက်နေခဲ့ပြီး သူ့အသားအရေပေါ်တွင် ဒဏ်ရာမရထားသည့်အကွက် နည်းနည်းမျှမရှိတော့ပေ။

သူ့အဆုံးသတ်ကိုလည်း နှစ်ပေါင်းများစွာသူရရှိထားခဲ့သော ဒဏ်ရာများနှင့်အတွင်းဒဏ်ရာတို့နှင့် မဆက်စပ်နေခဲ့ပါဟု မပြောနိုင်ခဲ့ပေ။

ထို့ကြောင့်သူ၏ ဤအားနည်းချက်များကို ပြင်ဆင်ရန်ဝမ်ချောင် ရည်ရွယ်ထား၏။ သူ့အတွက် ထိပ်တန်းကျောက်စိမ်းရိုင်းသံမဏိဓားကို ထုလုပ်ပေးကာစစ်တပ်တစ်ခုကို စုဆောင်းပေးခြင်းအပြင် သူ့အတွက်ဖန်တီးထားသည့် မည်သည့်ရန်သူ၏ တိုက်ခိုက်မှုကိုမဆိုခံနိုင်ရည်ရှိစေမည့် အခိုင်ခံ့ဆုံးသောချပ်ဝတ်တန်ဆာကိုလည်း ပေးအပ်မည်ဖြစ်သည်။

လီစီယိ၏မျက်လုံးများသည် လိုချင်တပ်မက်မှုဖြင့် တခဏမျှတောက်ပသွားခဲ့ကြသော်လည်း နောက်တခဏတွင် သူသူ့အိပ်မက်မှနိုးထလာခဲ့သည်။

"ဟမ်ကောင်စုတ်လေးမင်းက ဒီလောက်သဘောကောင်းတယ်လို့ ငါယုံကြည်ဖို့မျှော်လင့်နေတာလား။"

လီစီယိဝမ်ချောင်ကို အေးစက်စက်ကြည့်လိုက်၏။

အလကားစားရသည့် နေ့လည်စာဟူ၍ဤလောကတွင်မရှိပေ။ ဝမ်ချောင်သည် သူ့ကိုမြောက်ပိုင်းတန်းလျားများမှ ဤနေရာသို့ခေါ်ယူခဲ့သည်မှာ ဘာအတွက်မှမဟုတ်ဘဲ သူ့ကိုထိပ်တန်းဓားတစ်လက် လက်ဆောင်ပေးရုံမျှအတွက်သာ မည်သို့ဖြစ်နိုင်မည်နည်း။

အကြောင်းပြချက်မရှိသော စာနာမှုတစ်ခုသည်၎င်းနောက်ကွယ်တွင် မကောင်းသောရည်ရွယ်ချက်များကို သာဖုံးကွယ်ထားနိုင်သည်။

"ဟားဟားဟားမင်းမှန်တယ်။ အဟုတ်ပဲငါမင်းကိုတောင်းဆိုဖို့တစ်ခုခုရှိတယ်။ ငါ့အတွက်မင်းတာဝန်အတော်များများကို ပြီးမြောက်အောင်မြင်နိုင်သရွေ့ ငါမင်းကိုကျောက်စိမ်းရိုင်းသံမဏိဓားပေးမှာ သာမကမင်းအတွက်ထုလုပ်ထားတဲ့ အခိုင်ခံ့ဆုံးချပ်ဝတ်တန်ဆာကိုတောင်ပေးမယ်။ အဲဒါအပြင်ဒီကိစ္စအဆုံးမှာ ငါမင်းကိုမင်းသဘောကျနေတဲ့တန်းလျားဆီနေရာချထားပေးမယ်။"

ဝမ်ချောင်ရယ်မောလိုက်၏။

သူသည်လီစီယိ၏ သူ့ဆီမကျေနပ်ချက်ကိုသတိပြုမိပေသည်။ လီစီယိကိုအတင်းအကြပ် ဤနေရာသို့ခေါ်ဆောင်လိုက်သည့် သူ့အပြုအမူမှာ တစ်ဖက်၏အမြင်မှနေ၍ အမှန်ပင်အနည်းငယ်အထင်သေး စက်ဆုပ်စရာကောင်းလှသည်။ ထို့ကြောင့်အစပိုင်းတွင် တစ်ဖက်လူက၎င်း၏ယုံကြည်မှုကို သူ့တွင်အပ်နှင်းထားမည်ဟု သူမမျှော်လင့်ထားပေ။

လက်ရှိအချိန်တွင်သူသည် လီစီယိကိုသူ့ဘေးတွင်ရှိစေပြီး သူ့မစ်ရှင်တွင်သူ့ကိုကူညီပေးရန် တစ်ဖက်လူကိုစည်းရုံးရန် နည်းလမ်းကိုဖြည်းဖြည်းချင်းရှာဖွေရပေမည်။

"ဟမ် ငါမျှော်လင့်ထားတဲ့အတိုင်းပဲ။"

ဤအရာကိုခန့်မှန်းထားခဲ့ကာ လီစီယိအေးစက်စွာ သရော်လိုက်သည်။

"ငါ့ရဲ့သတင်းတွေက တိကျမယ်ဆိုရင် မင်းကလက်ရှိပိုင်ထင်မှာ ဆယ်ယောက်တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ ဟုတ်တယ်မလား။ မင်းအမြင့်ကိုတက်လှမ်းချင်ရင် မင်းရဲ့ထက်မြက်မှုကို အရင်ဦးဆုံးသွေးရမယ်။ စဉ်းစားကြည့်ပါ ငါ့နောက်သုံးလလိုက်တာက အချိန်အများကြီးအလဟဿဖြစ်မှာမဟုတ်ဘူး။ ပြီးတော့မင်းအနောက်ပိုင်းကာကွယ်ရေးအိမ်တော်ကို နေရာချထားခံချင်တာမဟုတ်ဘူးလား။ ဒီသုံးလအပြီးမှာ မင်းအဲဒါကိုလိုချင်သေးရင် အဲဒါကိုဖြစ်လာအောင်လုပ်ဖို့ ငါငါ့ရဲ့အဆက်အသွယ်တွေကိုအသုံးချပေးမယ်။"

ဝမ်ချောင်အပြုံးတစ်ခုဖြင့်ကမ်းလှမ်းလိုက်၏။

"မင်းအဲဒါကိုဘယ်လိုသိနေတာလဲ။"

ဝမ်ချောင်၏စကားကိုကြားပြီး နောက်လီစီယိ၏မျက်နှာထိတ်လန့်တကြား ပျက်ယွင်းသွားခဲ့သည်။

သူသည် ပိုင်ထင်ကာကွယ်ရေးအိမ်တော်မှ စစ်သည်တစ်ဦးဖြစ်သော်လည်း သူ့အိပ်မက်မှာ ဟိုးတုန်းကဖုကျဲဇီနှင့်ပန်ချောင်တို့ကို အတုယူရန်ဖြစ်ပြီး အနောက်ပိုင်းဒေသများ၏ စစ်မြေပြင်များကိုလွှမ်းမိုးရန်ဖြစ်သည်။

သို့ရာတွင်အနောက်တိုင်းဒေသများသည် ဟူးများဖြင့်ပြည့်နှက်နေသောကြောင့် အနောက်ပိုင်းကာကွယ်ရေးအိမ်တော်သည် ဒေသမှတိုက်ရိုက်ခေါ်ယူခြင်းမပြုခဲ့ပေ။ ထိုနေရာရှိစစ်သားအများစုကို တော်ဝင်ရုံးတော်က အနောက်ပိုင်းဒေသတွင်း ကာကွယ်ရေးအိမ်တော်နှင့်ပိုင်ထင်ကာကွယ်ရေးအိမ်တော်တို့မှ အဓိကနေရာချထားခဲ့သည်။

လီစီယိသည် အနောက်ပိုင်းဒေသတွင်း ကာကွယ်ရေးအိမ်တော်တွင် အစီရင်ခံထားခဲ့ကာ ထိုနေရာက အနောက်ပိုင်းကာကွယ်ရေးအိမ်တော်နှင့် နီးကပ်သောကြောင့် အနောက်ပိုင်းကာကွယ်ရေးအိမ်တော်သို့ ပိုဆောင်ခံရရန်အခွင့်အရေးများသည်ဟု တွေးနေခဲ့သည်။ သို့သော်လည်းသူသည် ပိုင်ထင်သို့ပို့ဆောင်ခံရခြင်းဖြင့် အဆုံးသတ်ရမည်ဟု မည်သူသိမည်နည်း။

ပိုင်ထင်တွင် တိုက်ခိုက်ရန်စစ်ပွဲများရှိသော်လည်း ထိုဒေသသည်များသောအားဖြင့်ငြိမ်းချမ်း၏။ အရှေ့နှင့်အနောက် တာ့ဂီကာဂနိတ်တို့သည် အခုထိမဟာထန်ကိုစစ်ကြေညာရန် အဆင်သင့်မဖြစ်ကြသေးပေ။ ထို့ကြောင့်သူတို့သည် လက်ရှိအချိန်၌ မဟာထန်နှင့်သံတမန်ရေးပရိယာယ်တွင် အဓိကတိုက်ပွဲဆင်နွဲနေကြသေးသည်။ ရလဒ်အနေဖြင့် ထိုဒေသတွင် တိုက်ပွဲငယ်များသာရှိကြသည်။

ထို့ကြောင့်လီစီယိသည် ပိုင်ထင်တွင်သူကြိုစားလေ့ကျင့်ထားခဲ့သော ကြောက်မက်ဖွယ်စွမ်းပကာကို အသုံးချရန်မည်သည့် ထွင်ပေါက်ကိုမှရှာမတွေ့နိုင်ခဲ့ပေ။ ၎င်းကသူ့ကို အလွန်အဆင်မပြေဖြစ်စေ၏။

သူ့လက်ရှိအကြီးမားဆုံးဆန္ဒမှာ အနောက်ပိုင်းကာကွယ်ရေးအိမ်တော်သို့ ဝင်ရောက်ရန်ဖြစ်ပြီး စစ်ဘေးသင့်အနောက်ပိုင်းဒေသများတွင် သူ့အိပ်မက်များကိုဖြည့်ဆည်းရန်ဖြစ်သည်။

ဝမ်ချောင်၏ကျောက်စိမ်းရိုင်းသံမဏိဓားသည် သူ့လိုချင်တပ်မက်မှုကိုလောင်ကျွမ်းစေခဲ့နိုင်သော်လည်း သူ့ကိုသိမ်းသွင်းနိုင်ခဲ့သည့်အရာမှာ နောက်ဆုံးတွင်ပြုလုပ်ခဲ့သည့် ကမ်းလှမ်းမှုဖြစ်သည်။

"...ကောင်စုတ်လေး မင်းငါ့ကိုလာနောက်နေတာမဟုတ်ဘူးမလား။ မင်းအဲလိုလုပ်ဖို့စွမ်းအားကို တကယ်ပဲပိုင်ဆိုင်ထားတာလား။"

လီစီယိဝမ်ချောင်ကိုစိုက်ကြည့်လိုက်၏။

"ငါမင်းကို ပိုင်ထင်ကနေဒီကိုခေါ်လိုက်နိုင်တာမို့ မင်းကိုအနောက်ပိုင်းဒေသတွေကို ပို့ဆောင်ဖို့ငါ့အတွက်ခက်ခဲလိမ့်မယ်လို့ မင်းထင်နေတာလား။"

ဝမ်ချောင်သိမ်မွေ့စွာရယ်မောလိုက်၏။

ထိုစကားကိုကြားသည်နှင့်လီစီယိ၏မျက်လုံးများ လင်းလက်သွားခဲ့ကြသည်။ ဟုတ်၏။ သူ့ရှေ့ရှိလူငယ်သည် ပိုင်ထင်မှနေ၍သူ့ကို ဤနေရာသို့ဆွဲခေါ်လာနိုင်သောကြောင့် သေချာပေါက်ပင်သူ့ကို အနောက်ပိုင်းဒေသများသို့ပို့ဆောင်ရန်မှာ ပြဿနာတစ်ခုဟုတ်လိမ့်မည် မဟုတ်ပေ။

သူအနောက်ပိုင်းကာကွယ်ရေးအိမ်တော်သို့ အောင်အောင်မြင်မြင်ဝင်ရောက်နိုင်သရွေ့ နောက်သုံးလတွင် သူရင်ဆိုင်ရမည့်အရာကို သည်းခံခြင်းမှာ ဘာမှမဟုတ်တော့ပေ။

နောက်တခဏတွင် လီစီယိ၏အကြည့်သည် ဝမ်ချောင်၏ခါးတွင်ချိတ်ဆွဲနေသည့် ဓားအပေါ်ကျရောက်သွားခဲ့၏။

သူသည် မတတ်နိုင်ဘဲဆွဲဆောင်ခံလိုက်ရသည်။

သူရဲကောင်းများအားလုံးတို့သည် လက်နက်ကောင်းကိုကြိုက်နှစ်သက်ကြပြီး လီစီယိသည်လည်းအတူတူပင်။ သို့သော်လည်းသူ့လက်ရှိအခြေအနေဖြင့် ဝမ်ချောင်ပြသခဲ့သော အရည်အသွေးကောင်းသည့်လက်နက်ကို ရယူရန်သူ့တွင်နည်းလမ်းမရှိပေ။

သူ့ထက်မြမှုသက်သက်ဖြင့်ကျောက်တုံးကိုနှစ်ပိုင်းဖြတ်လိုက်နိုင်သည့်ဓားတစ်လက်၊လီစီယိသည်ထိုကမ်းလှမ်းမှုကြောင့်စိတ်မလှုပ်ရှားဘဲဘယ်နေလိမ့်မည်နည်။

"ကောင်စုတ်လေး ငါ့ကိုပြောမင်းငါ့ကိုဘာလုပ်ခိုင်းစေချင်တာလဲ။ ငါမင်းကိုတဲ့တိုးပဲပြောလိုက်မယ်၊ ငါ့ကိုမင်းအတွက် စက်ဆုပ်အထင်သေးဖို့ကောင်းတဲ့ လုပ်ရပ်တွေကျူးလွန်ခိုင်းဖို့ အိပ်မက်တောင်မမက်နဲ့။ ငါလီစီယိမင်းအတွက်ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေဘယ်တော့မှကျူးလွန်မှာမဟုတ်ဘူး။"

လီစီယိပြတ်သားသည့်စိတ်ပိုင်းဖြတ်ထားခြင်းဖြင့် ပြောလိုက်သည်။

ဖြောင့်မတ်သူအများစုပင်လျှင် စည်းစိမ်ဥစ္စာနှင့်အာဏာကိုမျက်နှာလွှဲကြလိမ့်မည် မဟုတ်သော်လည်း ၎င်းတို့ကိုရရှိရန် မိမိတို့ကိုယ်ကိုနှိမ့်ချကြမည်မဟုတ်ပေ။ စစ်မှန်သော လူသည်ဖြောင့်မတ်စွာနေထိုင်သင့်ပြီး သူ၏အသိစိတ်ဓာတ်ကိုဘယ်တော့မှ ကျောမခိုင်းသင့်ပေ။

လီစီယိသည် သူကိုယ်တိုင်အတွက် နာမည်တစ်ခုတည်ဆောက်ရန် အနောက်ပိုင်းဒေသများသို့ မည်မျှသွားချင်နေပါစေ၊ ကျောက်စိမ်းရိုင်းသံမဏိဓားကို မည်မျှလိုချင်နေပါစေ၊ ထိုအရာများအတွက် သူသည် သူ့ကိုယ်ကျင့်တရားကို ဘယ်တော့မှဆန့်ကျင်လိမ့်မည်မဟုတ်ပေ။

"စိတ်ချပါ။ ငါမင်းကိုအဲလိုအရာတွေလုံးဝမလုပ်ခိုင်းပါဘူး။"

ဝမ်ချောင်ယုံကြည်မှုရှိစွာ သူ့ကိုစိတ်ချစေလိုက်သည်။

ဆိုရိုးစကားအတိုင်းပင် "ခါးကိုင်းပြီးတောင်းပန်ခြင်းထက် မတ်မတ်ရပ်ပြီးတိုက်ခိုက်ခြင်းကပိုကောင်း၏။"

သူ့အနိမ့်ကျဆုံးအခိုက်အတန့်များ၌ပင် သူသည် သူ့အခြေခံမူများကိုပြတ်ပြတ်သားသား လိုက်နာရန် ရွေးချယ်ခဲ့သေးသည်။

ဤသည်မှာ စစ်မှန်သောသူရဲကောင်းတစ်ယောက်က ဘာလဲဆိုသည်ပင်။

လီစီယိသည် ယခင်ဘဝတွင်ဖြစ်ခဲ့သည့်ကျော်လွှား၍ မရနိုင်သော မဟာစစ်သူကြီးမဖြစ်သေးသော်လည်း သူ့စကားလုံးများက ဝမ်ချောင်၏ လေးစားသဘောကျမှုကို သိမ်းပိုက်သွားခဲ့ပြီဖြစ်သည်။

လီစီယိသည် သူ့ယခင်ဘဝကသူရောက်ရှိခဲ့သည့် အထွတ်အထိပ်ကိုဘယ်တော့မှ မအောင်မြင်ခဲ့လျှင်ပင် သူ့စရိုက်ကလေးစားထိုက်သည်ထက်ပိုပေ၏။

"ဟမ်"

ဝမ်ချောင်၏အတွေးများကို သတိမပြုမိဘဲ လီစီယိအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

သူသည် မဟာထန်၏မှူးမတ်များအပေါ်အကောင်းမြင်စိတ်နည်းပါးသည်။ သူသည်သူတို့အားအားနည်းသူများကို နှိပ်စက်ညှဉ်းပန်းပြီး အကျင့်ပျက်သောဘဝနေထိုင်မှုပုံစံတွင် ပါဝင်နေကြသောစက်ဆုပ်ရွံရှာဖွယ် လူများအဖြစ်သိထားခဲ့သည်။

"ပြောမင်းငါ့ကိုဘာလုပ်စေချင်တာလဲ။"

"မင်းအချိန်ကျတဲ့အခါ သိပါလိမ့်မယ်။"

ဝမ်ချောင် ညက်ညောစွာရယ်မောလိုက်၏။

ဤအချိန်တွင် လီစီယိကိုသူ့အတွက် လုပ်ခိုင်းစေချင်သည့်အရာကို သူမည်သို့သိနိုင်မည်နည်း။ ဤသုံးလသည် ထိုအချိန်အတောအတွင်းတစ်ဖက်လူကို သူ့ဘေးတွင်ထိန်းထားရန် သူ့အတွက် နည်းလမ်းတစ်ခုမျှဖြစ်သည်။

သူသည် နောက်မှတစ်ခုခုကို စဉ်းစားရပေမည်။

ဝမ်ချောင်သည် သူ့ကိုနှစ်နှစ်သို့မဟုတ် သုံးနှစ်သို့မဟုတ် တစ်ခုခုကဲ့သို့အချိန်ပိုကြာအောင် ခေါ်ထားရန်စဉ်းစားထားခဲ့သည်။ သို့သော်လည်း လီစီယိသည် ယခုအချိန်တွင် သူ့အပေါ်ထားသည့် မကျေမချမ်းဖြစ်မှုကို တွေးတောကာ ထိုသည်ကမဖြစ်နိုင်တော့ပေ။

'ငါနောက်မှ တစ်ခုခုစဉ်းစားရမယ်...'

ဝမ်ချောင်သည် လီစီယိ၏လက်မောင်းအောက်မှ လျှောက်သွားလိုက်ပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဝင်လိုက်ကာ တွေးလိုက်သည်။

'...ဒီလူကအရပ်အရမ်းရှည်တာပဲ'

မှတ်ချက်-ဖုကျဲဇီက အနောက်ပိုင်းဟန်ခေတ်က ပုဂ္ဂိုလ်တစ်ယောက်ပါ။

အပိုင်း ၃၉၀

ဟွမ်ချန်အာ၏ ခံစားချက်များ

တခဏမျှ စဉ်းစားလိုက်ပြီးနောက် လီစီယိသည် လက်ရှိတွင် ကိစ္စများနှင့်အတူ လိုက်ပါရန်သာ ဆုံးဖြတ်လိုက်ပြီး ထို့ကြောင့် သူသည်လည်း လှည့်လိုက်ကာ ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲသို့ ဝမ်ချောင်နောက် လိုက်ဝင်သွားလိုက်သည်။ ဝမ်ချောင်သည် သူ့ကို ဤနေရာသို့ နေရာချထားခဲ့ပြီဖြစ်သောကြောင့် သူသည် မည်သို့ဖြစ်ပါစေ လက်ရှိအချိန်တွင် စစ်တပ်သို့ ပြန်သွား၍ မရတော့ပေ။

ထိုကြောင့် ဝမ်ချောင်က သူ့ကတိကို တည်ပြီး သူ့အား အနောက်ပိုင်းကာကွယ်ရေးအိမ်တော်သို့ ပို့ဆောင်သည့် အချိန်အထိ သူသည် ဤအတောအတွင်း ဤနေရာတွင် နေရပေလိမ့်မည်။

ထို့အပြင် အကယ်၍ ဤကောင်က သူ့ကို လိမ်ညာရဲခဲ့လျှင် သူ့ဒေါသက မည်မျှကြောက်ဖို့ကောင်းသည်ကို ဤကလေကချေလေးအား သူ သင်ခန်းစာ သေချာပေါက် ပေးပေလိမ့်မည်။ ဝမ်ချောင်က သခင်လေးတစ်ယောက်ဖြစ်တော့ရော ဘာအရေးနည်း။ ထိုအရာအားလုံးတို့သည် သူ့အတွက် ဘာမှအရေးမပါကြပေ။

"အဲလူကောင်ကြီးကို သခင်လေးက ဒီလောက်လွယ်လွယ်ကူကူ စည်းရုံးလိုက်နိုင်မယ်လို့ တွေးကြည့်ရင်...။ ငါက တိုက်ပွဲကြီးတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။"

"ဟက် အဲလူရဲ့ အရွယ်အစားကို ကြည့်လိုက်ဦး။ သူ့ကိုယ်လုံးကိုယ်ပေါက်အတွက် ထုလုပ်ထားတဲ့ ကျောက်စိမ်းရိုင်းသံမဏိဓားက သာမန်ဓားတစ်လက်အရွယ်အစားထက် အနည်းဆုံး နှစ်ဆဖြစ်ရမယ်။ အဲဒီ့မှာ ထောင်သောင်းချီတဲ့ ရွှေပြားတွေရှိတယ်၊ မင်းသာ သူဆိုရင် ကမ်းလှမ်းတာကို ငြင်းပယ်မှာလား။"

"အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ရပ်လိုက်ကြတော့။ သခင်လေးမဖြေရှင်းနိုင်တဲ့အရာကို မင်းတို့ ဘယ်တုန်းက ကြုံခဲ့ဖူးလို့လဲ။"

"အမှန်ပဲ။ အားပုတန်က မဟာစစ်သူကြီး အားပုစီရဲ့သားဖြစ်တယ် ဒါပေမယ့် သူက နိမ့်နင်းခံခဲ့ရသေးပြီး အလံတိုင်ပေါ် ချိတ်ဆွဲခံခဲ့ရသေးတယ်၊ အဲဒါပြီးနောက်မှာတောင် သူက လက်တုံ့မပြန်ရဲခဲ့ဘူး။"

...

လူအုပ်ကြီးဆီမှ ဆွေးနွေးသံများကို ကြားနိုင်ပေ၏။ လူအများစုတို့သည် ထိုကိစ္စကို အလွန်လွယ်ကူစွာ ဖြေရှင်းလိုက်သည်ကို မြင်လိုက်ရပြီးနောက် စိတ်ပျက်မှုကို ဖော်ပြခဲ့ကြသော်လည်း သူတို့၏ စိတ်ထဲတွင် မေးခွန်းတစ်ခုက ဒုက္ခပေးနေခဲ့သည်။ သခင်လေးတွင် ထိုကြီးမားသောလူ‌အပေါ် ဤမျှမြင့်မားသော ဆန်းစစ်အကဲဖြတ်ချက် ဘာကြောင့်ရှိနေရသနည်း။

လီစီယိလော။ သူတို့ ဤလူကို ယခင်က တစ်ခါမျှ မကြားခဲ့ဖူးကြပေ။

အကယ်၍ တစ်ဖက်လူသည် အမှန်တကယ် စွမ်းရည်ရှိသောလူဆိုပါက သေချာပေါက် သူ့နာမည်ကို မြို့တော်တွင် သတိမပြုမိဘဲ ရှိကြလိမ့်မည်မဟုတ်ပေ။ သို့တိုင် သခင်လေးသည် သူနှင့် သင့်မြတ်ရန် ကျောက်စိမ်းရိုင်းသံမဏိဓားကို အသုံးပြုနေခဲ့သည်။

ဆွေးနွေးနေကြချိန်အတွင်း သာမန်မဟုတ်သော လှပသည့် အသားအရေနှင့် သေးသွယ်သည့် ခြေလက်အင်္ဂါများကို ပိုင်ဆိုင်ထား‌သော လှပသည့် လူငယ်လေးတစ်ယောက်က ဖြစ်ရပ်တစ်ခုလုံးအား ထောင့်နားတွင် ကြည့်ရှုနေခဲ့သည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။

"ကြည့်ရတာ အဲကောင်က... စွမ်းရည်တချို့ကို ပိုင်ဆိုင်ထားတဲ့ပုံပဲ။ သူက ဒီအကြပ်အတည်းကိုလည်း ကျော်လွှားလိုက်နိုင်တာကို စဉ်းစားကြည့်လိုက်ရင်.."

ရှုချောင် သို့မဟုတ် ပို၍ အတိအကျဆိုရပါက ဟန်ဆောင်ထားသော ရှုချီချင်းသည် သူမ၏ မျက်လုံးများတွင် ထူးဆန်းသည့် အလင်းရောင်တစ်ခုနှင့်အတူ ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ ဝင်ပေါက်ကို ကြည့်နေခဲ့သည်။

သူမသည် ထိုရှည်လျားသော လူကြီး ပြဿနာရှာနေချိန် လွန်ခဲ့သည့် ရက်အနည်းငယ်အတည်းက ဤနေရာတွင် ရှိနေခဲ့၏။ သို့သော်လည်း သူမသည် အဝေးမှ ရပ်ကြည့်‌နေရန် ရွေးချယ်ခဲ့ကာ ထိုကိစ္စထဲ ဝင်မပါခဲ့ပေ။

သူမ မကူညီရန် ရွေးချယ်ခဲ့ခြင်းမှာ ဝမ်ချောင်ကို စက်ဆုပ်ရွံရှာသောကြောင့်မဟုတ်ပေ။ သို့သော် ရှုချီချင်းသည် ထိုလူပိုင်ဆိုင်ထားသော တမူထူးခြားသည့် အားကောင်းသော စစ်ရေးအရှိန်အဝါကို သတိပြုမိခဲ့သောကြောင့် ဖြစ်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ထိုကိစ္စအပေါ် မကျေနပ်ချက် များစွာရှိခဲ့ကြသည်။ လူတိုင်းပြောနေခဲ့ကြသည်မှာ ဝမ်ချောင် ပြန်ရောက်လာသောအခါတွင် သူတို့သည် ထိုခွေးကောင်ကို သင်ခန်းစာတစ်ခုပေးရန် သူတို့၏ ကိုယ်ပိုင်ကလန်များမှ ကျွမ်းကျင်သူများကို အသုံးချနိုင်လိမ့်မည်ဟူ၍။ ဤသို့ဖြင့် သူတို့၏ ခံပြင်းမှုများကို ဖောက်ထုတ်နိုင်ကြပေလိမ့်မည်။

သို့သော် ရှုချီချင်းသည် ထိုမှတ်ချက်များကို ပြုလုပ်ခဲ့ကြ‌သော လူများကို အထင်သေးရွံရှာစွာ အမြဲရှုမြင်ထားခဲ့ကာ သူတို့သည် အလွန်တရာမှ ပျော့ညံ့ကြသည်ဟု တွေးထင်ထားခဲ့သည်။

သူတို့သည် လူအရေအတွက် အသာစီးမျှဖြင့် နိုင်နိုင်မည်ဟု တွေးထင်ကာ တစ်ဖက်လူကို စိန်မခေါ်မီ သူ့စွမ်းရည် အတိမ်အနက်ကိုပင် မခန့်မှန်းခဲ့ကြပေ။

အကယ်၍ သူတို့သည် ထိုသို့ အမှန်တကယ် ပြုလုပ်ခဲ့ကြပါက သူတို့သည် အိပ်ယာပေါ်တွင် ရက်ဒါဇင်များစွာ လဲလျောင်းနေကြရမည်ကို ရှုချီချင်း သေချာပေ၏။

မင်းသမီးနီဟွမ်း၏ နံဘေးရှိ အဘွားအိုကြီးသည်ပင် ထိုလူ့ကို မနိမ်နင်းနိုင်ခဲ့ပေ။ လူငယ်တစ်သိုက်က သူ့အတွက် မည်သို့ ယှဉ်ပြိုင်ဖက် ဖြစ်နိုင်မည်နည်း။

"သခင်မလေး ရှိုးပွဲက ပြီးသွားတဲ့ပုံပဲ။"

ရှုချီချင်း နံဘေးတွင် ရပ်နေသည့် အမျိုးသမီးအစေခံက မှတ်ချက်ပြုလိုက်၏။

"ဟမ် ဘာတွေလောနေတာလဲ။ ငါ သူ့ကို အနိုင်မယူနိုင်ဘူးလို့ ငါ မယုံဘူး။"

ရှုချီချင်း ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်။ ဝမ်ချောင် သူ့မစ်ရှင်အား လုပ်ဆောင်နေချိန်တွင် သူမသည်လည်း ပျင်းရိမနေခဲ့ပေ။

ပြီးခဲ့သည့် လအတွင်း သူမသည် သူမ၏ကျားကစားခြင်းကျွမ်းကျင်မှုအား ပြုပြင်မွမ်းမံရာတွင် သူမ၏အချိန်ကို မြှုပ်နှံထားခဲ့သည်။ သူမ၏ ကြိုးစားမှုအောက်တွင် သူမ၏ ကျားကစားရာတွင် ကျွမ်းကျင်မှုသည် အဆင့်အတော်များများ မြင့်တက်လာခဲ့သည်။

မည်သို့ဖြစ်ပါစေ ဤတစ်ကြိမ်တွင် ဝမ်ချောင်ကို ချေမှုန်းပြီး ယခင်က အရှက်ခွဲခံရခြင်းကို တုံ့ပြန်ရန် သူမ ဆုံးဖြတ်ထားခဲ့သည်။

"...ပြီးတော့ ကောင်မလေး ငါ့ကို သခင်မလေးလို့ မခေါ်ဖို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ။"

ရှုချီချင်း ဆူပူလိုက်ကာ သူမ၏ခေါင်းကို ရိုက်ပုတ်လိုက်သည်။

"ဟုတ်ကဲ့ပါ သခင်မလေး၊ ကျွန်မ ကျွန်မ ဆိုလိုတာက သခင်လေး။"

ထိုရိုက်ချက်အောက်တွင် ထိုအစေခံမလေးသည် ကျိုးနွံစွာ ချက်ချင်း ဖြေလိုက်သည်။ မည်သို့ဆိုစေကာမူ အပြုံးရိပ်လေးတစ်ခုက သူမ၏ မျက်နှာခေါ် ကျန်ရှိနေသေး၏။

သခင်နှင့် အစေခံတို့သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ လူအုပ်ကြီးနောက်မှနေ၍ လိုက်ပါလာခဲ့ကြကာ လမ်းအချို့ကို ကွေ့ဝိုက်ပြီးနောက် သူတို့သည် ခမ်းနားထည်ဝါသော စစ်တုရင်ခန်းမသို့ ရောက်လာခဲ့ကြပြီး ဒုတိယထပ်သို့ တိုက်ရိုက်ဦးတည်လိုက်ကြသည်။

---

ဓားသွားဖယ်ရှားခြင်းအိမ်တော်ရှိ ညစ်ပတ်ရှုပ်ပွမှုကို ရှင်းလင်းရန် အချိန်အကြာကြီးမယူလိုက်ရပေ။ အချိန်တိုအတွင်းမှာပင် အရင်းအမြစ်ပမာဏများစွာကို အိမ်တော်ထဲသို့ သယ်ပို့လာခဲ့ကြသည်။

ထိုကျိုးပျက်နေသော စားပွဲများနှင့် ကုလားထိုင်များကို ပြန်လည်အစားထိုးလိုက်ကြပြီး အရောင်အမျိုးမျိုးရှိသော ရာသီသစ်သီးများကို အိမ်တော်တစ်ဝန်းလုံး ချခင်းထားလိုက်ကြကာ ဖြတ်သွားသူ မည်သူ့ကိုမဆို အဆင်သင့်စားသုံးနိုင်စေ‌သည်။

လေးပစ်လေ့ကျင့်ရေးကွင်း၊ မြင်းတပ်လေ့ကျင့်ရေးကွင်း၊ လေ့ကျင့်ရေး ကွင်းများ... ဤအရာများကိုလည်း ရှင်းလင်းလိုက်ကြသည်။

ဤသည်မှာ ဟွမ်ချန်အာ ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ရောက်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သူမ မြင်တွေ့သမျှ အရာရာတိုင်းက သူမအတွက် အသစ်အဆန်းဖြစ်နေခဲ့သည်။

မဟာလေ့ကျင့်ရေးစခန်းသုံးခုအတွင်းတွင် လက်ရှိအချိန်၌ အကျော်ကြားဆုံးနေရာမှာ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကလွဲ၍ တခြားမဟုတ်ပေ။ ၎င်းသည် ခွန်းဝူမျှမက ရှန်းဝေနှင့် လုံဝေတို့မှလည်း ကျောင်းသားအရေအတွက် အများအပြားကို ဆွဲဆောင်ခဲ့သည်။

၎င်း၏ ဂုဏ်သတင်းက ဩဇာတိက္ကမနှင့် တွဲဖက်နေခြင်းမှာ ဝမ်ချောင်၏ အရှိန်အဝါကြောင့်သာမဟုတ်ဘဲ ၎င်းနောက်ကွယ်ရှိ ဝိဉာဉ်သွေးကြော၏ တည်ရှိမှုကြောင့်လည်း ဖြစ်၏။

ပို၍အရေးကြီးသည်မှာ မြို့တော်၏ အထက်တန်းလွှာ အဆင့်ဆင့်မှာ ဂုဏ်သရေရှိ ဆွေကြီးမျိုးကြီးများသည် ဤနေရာတွင် စုဝေးနေခဲ့ကြပြီး လေးစားအပ်သည့် မင်းသမီးတစ်ပါးပင်လျှင် ဤနေရာတွင် မကြာခဏလာရောက်တည်းခိုနေခြင်းဖြစ်သည်။

သို့သော်လည်း ဓားသွားဖယ်ရှားခြင်းအိမ်တော်နှင့် ပတ်သက်၍ ထူးခြားသည့်အရာမှာ နိမ့်ကျသည့် ဇစ်မြစ်များမှ ဆင်းသက်လာကြသည့် လူငယ်များကိုပင်လျှင် လက်ခံထားခြင်းဖြစ်၏။ ကောလဟာလများက ဤသည်မှာ မြို့စားကြီးကျူး၏ ရည်ရွယ်ချက်ဖြစ်မည် ဟု ဆိုကြသည်။

မြို့စားကြီးကျူးက စွမ်းရည်ရှိသော လူငယ်များကို မြှင့်တင်ပေးပြီး ပျိုးထောင်ပေးချင်သည်ဟု သိထားကြသောကြောင့် လူများစွာက ဝမ်ချောင် ထိုသို့ပြုလုပ်သည်မှာ မြို့စားကြီးကျူး၏ ရည်ရွယ်ချက်ဖြစ်သည်ဟု တွေးထင်ထားကြသည်။

ထိုပါရမီရှိသည့် လူများသည် သူတို့က မြို့စားကြီးကျူးနှင့် တွေ့ဆုံခွင့်ရနိုင်ပြီး သူ့မျက်နှာသာကို ရနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် အလွန်ကြိုးစားခဲ့ကြသည်။ အကယ်၍ သူတို့သည် မြို့စားကြီးကျူးကို သဘောကျစေနိုင်ခဲ့ပြီး သူ့ထောက်ခံမှုကို ရရှိနိုင်ခဲ့ပါက သူတို့သည် ကြည်ညိုလေးစားထိုက်သော ပညာရှင်ဧကရာဇ်ကိုပင် တွေ့ဆုံဂါဝရပြုနိုင်မည်ဖြစ်ပြီး မဟာထန်တွင် သူတို့၏ လမ်းကြောင်းကို တဟုန်ထိုးတိုးတက်နိုင်စေမည်ဖြစ်သည်။

ထိုသို့သော လူတစ်ယောက်သည် မဟာထန်၏ ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာရန် မမြင့်တက်မီ အချိန်တစ်ခုသာ လိုပေလိမ့်မည်။ ထိုသည်ကို ရှုမြင်ပါက နောက်ခံနှင့် ထိုသို့သော အရာသည် နှိုင်းယှဉ်ပါက မှေးမှိန်သွားပုံရသည်။

ထိုအရာ၏ ရလဒ်အနေဖြင့် ဓားသွားဖယ်ရှားခြင်းအိမ်တော်၌သာ တစ်ယောက်သည် ဂုဏ်သရေအရှိဆုံးကလန်များ၏ မျိုးဆက်များနှင့် နိမ့်ကျသည့်နောက်ခံများမှ ဆင်းသက်လာကြသော ကျောင်းသားများ အတူတကွစုဝေးနေသည့် မြင်ကွင်းကို မြင်နိုင်ပေသည်။

ဟွမ်ချန်အာသည် ထိုသို့သော ကောလဟာလများကို အချိန်အကြာကြီး ကြားခဲ့ဖူးသော်လည်း ဤသည်မှာ ဤအရာကို သူမကိုယ်တိုင် မြင်တွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

"ဝမ်ကလန်ရဲ့ ကြွယ်ဝမှုက ဒီလောက်အတိုင်းအတာအထိ ရောက်နေခဲ့ပြီလား။"

ဟွမ်ချန်အာ ပင့်သက်ရှိုက်လိုက်မိကာ သူမ၏အကြည့်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ တောက်ပခံ့ညားသော အဆောက်အဦများ၊ လက်ရာမြောက် ဗိသုကာပုံစံနှင့် ဈေးကြီးသော ပြင်ဆင်မွမ်းမံမှုတို့ကို ဖြတ်သန်းသွားခဲ့သည်။

တိုင်များသည် ရွှေအစစ်အလွှာတစ်ခုဖြင့် လိမ်းသုတ်ထားခဲ့ပြီး အမိုးများသည် အဖိုးတန်သော ညအလင်းရောင်ပုလဲများဖြင့် မြှုပ်နှံထားခဲ့ကာ လှေကားများကို ထင်သာမြင်သာရှိနေစေရန် သင်္ဘောမဟူရာနှင့် အနီရောင်သန္တာကျောက်တို့နှင့်အတူ အဖြူရောင်စကျင်ကျောက်တို့ဖြင့် ဖန်တီးထားခဲ့သည်။

ထိုထဲမှ မည်သည့်အရာကိုမဆို အပြင်ဘက်တွင် ရောင်းချခဲ့ပါက အဆမတန်ဈေးနှုန်းတစ်ခုကို အလွယ်တကူ ရရှိစေနိုင်သော်လည်း ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် အရိုးရှင်းဆုံးသော အဆင်တန်ဆာများသာ ဖြစ်ကြသည်။

နောက် ကာလာစုံသော သစ်သီးဝလံများသည်လည်း အလားတူပင်။ သူတို့သည် မြို့တော်တွင် တကယ့်ကို ရွှေများထိုက်တန်ကြ၏။ သူတို့တစ်ခုစီအတွက် ဈေးနှုန်းသည် ရွှေပြားများ ထိုက်တန်ကြပေသည်။ သို့တိုင် မည်သူမဆို ဂုန်းဆင်းရန် ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲသို့ ၎င်းတို့၏ ရထားလုံးများ တစ်စီးပြီးတစ်စီး သယ်ပို့လာခဲ့ကြသည်။

အနောက်တိုင်းဒေသများမှ တလဲသီးများ၊ စပျစ်သီးများနှင့် သစ်ကြားသီးများ၊ အာဘတ်စစ်စော်ဘွားဒေသနှင့် ခဲရပ်စပါစီနူတို့မှ စွန်ပလွံပင်များနှင့် သဖန်းသီးများ၊ ထို့အတူ ပို၍ပင်ဝေးလံသော နေရာများမှ ဘလူးဘယ်ရီသီးများ၊ ပန်းသီးများနှင့် ရှောက်သီးများ... သူတို့အားလုံးတို့သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ဂုန်းဆင်းရန် အသင့်ဖြစ်နေခဲ့ကြသည်။

ဟွမ်ချန်အာသည် ဝမ်ကလန်အနားရှိ အခြေအနေများကို နှံ့နှံ့စပ်စပ် နားလည်ထားခြင်း မရှိသော်လည်း ဝမ်ကလန်သည် ၎င်း၏ အဂတိမလိုက်စားမှုကြောင့် ကျော်ကြားသည်ကို သူမ သိထားသည်။ သို့ပါသော်လည်း ဤအရာများအားလုံးတို့သည် အလွန်ကြီးမားသော ငွေပမာဏတစ်ခု ထိုက်တန်ကြပြီး ၎င်းသည် ဝမ်ကလန် ခံနိုင်ရည်ရှိသော တန်ဖိုးတစ်ခု မဟုတ်လောက်ပေ။

ထို့အပြင် အမှန်တွင် ထိုတန်ဖိုးသည် တကယ်ပင် ဝမ်ကလန်မှ ဆင်းသက်လာခဲ့ခြင်းမဟုတ်ပေ။ ၎င်းကို သူမဘေးရှိ လမ်းလျှောက်နေသော လူငယ်က တစ်ကိုယ်တော် ရှာခဲ့ခြင်းဖြစ်သည်။

အခြားအဂတိမလိုက်စားသော ကလန်တစ်ခုကို ဤသို့သော ကြီးမားများပြားသည့် ကြွယ်ဝမှုဖြင့် ရုတ်တရက် တွေ့လိုက်ရပါက သူတို့ကို တော်ဝင်ရုံးတော်ရှိ စစ်ဆေးသူများက သေချာပေါက် ပြင်းထန်စွာ စွဲချက်တင်ပေလိမ့်မည်။ သို့သော်လည်း ထိုသို့သော အရာတစ်ခုသည် ဝမ်ကလန်တွင် မဖြစ်ပွားခဲ့ပေ။

အကြောင်းမှာ ဤလူငယ်က အရာအားလုံးကို တရားဝင်နည်းလမ်းများမှတဆင့် ရရှိထားခဲ့ကြောင်း လူတိုင်း သိနေကြသောကြောင့်ဖြစ်သည်။

ကျောက်စိမ်းရိုင်းသံမဏိဓားတစ်လက်ကို ရွှေပြားခုနစ်သောင်းမှ အတော်များများအထိ ရောင်းချနိုင်သည်။ ၎င်းက မြို့တော်ရှိ အတော်အတန်ကြီးမားသော ကုန်သည်ကလန်တစ်ခု၏ စုစုပေါင်းချမ်းသာမှုနှင့် ယှဉ်နိုင်သော ပမာဏတစ်ခုဖြစ်သည်။

တစ်နည်းဆိုရပါက ဝမ်ချောင် တစ်ကိုယ်တည်းပိုင်ဆိုင်ထားသော ကြွယ်ဝမှုသည် မြို့တော်ရှိ ဂုဏ်သရေရှိကလန်များစွာတို့၏ စုစုပေါင် ကြွယ်ဝမှုထက် သာလွန်နေခဲ့ပြီဖြစ်သည်။

"မင်း ဘာအကြောင်းတွေးနေတာလဲ။"

ဟွမ်ချန်အာ၏ နံဘေးမှ အသံတစ်ခုရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ဟွမ်ချန်အာ ဘေးသို့ လှည့်လိုက်ပြီး ဝမ်ချောင်က သူမအား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝင်လာကတည်းက တစ်ဖက်လူသည် စကားတစ်လုံးမှ မပြောခဲ့သည်ကို ဝမ်ချောင် သတိထားမိခဲ့ပြီး သူမ၏စိတ်က အဝေးတစ်နေရာသို့ ပျံ့လွင့်နေပုံရသည်။

"ဘာမှမဟုတ်ပါဘူး။"

ဟွမ်ချန်ကာ ခေါင်းခါလိုက်ကာ သူမ၏ မျက်မျက်နှာက နဂိုအတိုင်း ပြန်လည်အေးစက်သွားခဲ့ပြီး ဝမ်ချောင်အား စကားတစ်ခွန်းမှ ထပ်မပြောချင်တော့ပုံရသည်။

"အဟက်"

ဝမ်ချောင် ရယ်လိုက်ကာ ဟွမ်ချန်အာ၏ အေးစက်စိမ်းကားမှုကို ဂရုစိုက်မနေတော့ပေ။

ဝေ့အန်းဖန်၏ ညှိနှိုင်းဆောင်ရွက်မှုအောက်တွင် လုပ်သားများစွာ အတူတကွအလုပ်လုပ်နေကြသောကြောင့် စနစ်တကျရှိမှုသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ လက်ရှိဓားသွားဖယ်ရှားခြင်းအိမ်တော်သည် မစ်ရှင်အတွက် မထွက်ခွာမီ ဝမ်ချောင် မှတ်မိသည့် တစ်ခုနှင့် အနည်းငယ်ကွဲပြားနေခဲ့သည်။

ဟိုနားဒီနားတွင် ပုလဲများ၊ မဟူရာများနှင့် ကျောက်စိမ်းများကဲ့သို့သော အရာများ များစွာ ပြင်ဆင်မွမ်းမံမှုတွင် ပေါင်းထည့်လာကြသည်ကို သူ သတိထားမိခဲ့သည်။ ဝမ်ချောင်သည် ဤအရာကို အစပြုခဲ့သော်လည်း သိပ်မကြာမီ လှိမ့်ဆင်းနေသော နှင်းဘောလုံး၏ အရှိန်အဟုန်ဖြင့် ပိုပိုသော ပစ္စည်းများသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲသို့ ပေါင်းထည့်လာခဲ့ကြသည်။

သံသယရှိစရာမလိုဘဲ ဤအရာများကို ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ လက်အောက်တွင် ဝင်ရောက်လာကြသော သခင်လေးများက ယူဆောင်လာခဲ့ကြပေသည်။

ဝမ်ချောင်သည် ထိုအရာနှင့်ပတ်သက်၍ စိတ်ထင့်မနေခဲ့ပေ။ ထို့အစား သူသည် နွေးထွေးစွာကြိုဆိုပေသေး၏။ သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို တည်ထောင်ခဲ့သော်လည်း ၎င်းကို နွေးထွေးသော ပတ်ဝန်းကျင်ဖြင့် တည်ဆောက်ရန် ရည်ရွယ်ထားခဲ့သည်။ ဤသို့ဖြင့် အဖွဲ့ဝင်များအကြား ၎င်းကို ပိုင်ဆိုင်သည်ဟူသော ခံစားချက်ဖြင့် ကျင့်ကြံနိုင်စေကာ ၎င်းကို သူတို့၏ ဒုတိယအိမ်အဖြစ် ရှုမြင်စေပေလိမ့်မည်။

ဤအစဉ်အလာ ဆက်လက်တည်မြဲရန်အတွက် အားထုတ်မှုသည် သူ့ဖက်မှသာ မလာသင့်ပေ။ အကယ်၍ သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို သူ့နားတွင် ဗဟိုပြုရန် ရွေးချယ်ခဲ့ပါက ၎င်းသည် သေချာပေါက် သူ ကွယ်လွန်ခြင်းနှင့်အတူ ပြိုလဲသွားပေလိမ့်မည်။

ဝမ်ချောင် တည်ဆောက်ချင်ခဲ့သည့်အရာမှာ သူမရှိလျှင်ပင် လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့နေသည့် သူ့ပုံစံနှင့် အမြင်အရ တိုက်ပွဲဆင်ခြင်းပညာရပ်တွင် ကျွမ်းကျင်ကြသော မြင့်တက်လာနေသည့် စစ်သူကြီးများကို အဆက်မပြတ်မွေးထုတ်ပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"ဟုတ်သားပဲ ငါ မင်းကို မေးဖို့မေ့နေတာ။ မင်းရဲ့စွမ်းရည်နဲ့ မဟာလေ့ကျင့်ရေးစခန်းသုံးခုထဲကို နာမည်စာရင်းသွင်းခဲ့ရမယ် ဟုတ်တယ်မလား။ မင်း ဘယ်တစ်ခုကို ဝင်ခဲ့တာလဲ။"

ဝမ်ချောင် မေးလိုက်၏။

၎င်းသည် သာမန်မေးခွန်းတစ်ခုမျှသာ ဖြစ်သော်လည်း ဟွမ်ချန်အာ၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။ ထိုခဏတွင် ဝမ်ချောင်သည် သူစကားမှားပြောမိသွားသည်ကို နားလည်လိုက်၏။

"ရှန်းဝေ၊ ဒါပေမယ့် ငါက အဲဒီမှာ ကျောင်းသားမဟုတ်တော့ဘူး။"

ဟွမ်ချန်အာသည် ဝမ်ချောင်ကို သတ်ဖြတ်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ အေးစက်စွာ ကတောက်ကဆတ်ပြောလိုက်သည်။

"ငါ့ကလန်က အဲကနေ ထွက်လာဖို့ ငါ့ကို ဖိအားပေးခဲ့ကြတယ်။"

ဝမ်ချောင် ချက်ချင်း ကိုးရို့ကားယားအခြေအနေသို့ ကျဆင်းသွားခဲ့သည်။ သူ့ကိစ္စကြောင့် ဟွမ်ကလန်က သူမအား ရှန်းဝေလေ့ကျင့်ရေးစခန်းမှ ထွက်လာရန် ဖိအားပေးခဲ့သည်မှာ သံသယရှိစရာမလိုပေ။

"မင်းဆန္ဒရှိရင် မင်း ပြန်ဝင်ဖို့ ငါ ကူညီပေးနိုင်..."

"အဲအတွက် မလိုဘူး။ ဟွမ်ကလန်ရဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ကတိတွေကို လိုက်နာကြတယ်။ ငါ ဒီလမ်းကို ရွေးချယ်ခဲ့ပြီးပြီမို့ နောက်ပြန်လှည့်ကြည့်တော့မှာမဟုတ်ဘူး။"

ဟွမ်ချန်အာ တုံ့ဆိုင်းမနေဘဲ ဖြတ်ပြောလိုက်သော်လည်း သူမ၏မျက်လုံးများက ခါးသီးသော ခံစားချက်ဖြင့် ပြည့်နှက်နေခဲ့သေးသည်။ အမှန်တွင် သူမသည် သူမ၏ အနာဂတ်ကို ပြီးပြည့်စုံစွာ အစီအစဉ်ချထားခဲ့ပြီဖြစ်သော်လည်း ဤပဋိပက္ခက သူမဘဝ၏ လမ်းကြောင်းကို ရုတ်ချည်း ပြောင်းလဲသွားစေခဲ့သည်။

လေးစားခံရသည့် နူးညံ့သော လက်များ၏ နတ်သမီးအနေဖြင့် ဝမ်ချောင်၏ သက်တော်စောင့်နှင့် အစေခံအဖြစ် တာဝန်ထမ်းဆောင်ရန် ရှန်းဝေလေ့ကျင့်ရေးစခန်းမှ ထွက်လာရန် ဖိအားပေးခံခဲ့ရသည်မှာ ဟွမ်ချန်အာသည် သူ့ကို မကျေနပ်ဘဲ ဘယ်နေလိမ့်မည်နည်း။

သို့သော် သူမသည် အလွန်အမင်း မာနကြီးသော ပုဂ္ဂိုလ်ဖြစ်၏။ သူမ မခံမရပ်နိုင်ဖြစ်ကောင်းဖြစ်နေနိုင်သော်လည်း သူမ၏ ကလန်ကို သူမ ကတိပေးထားခဲ့ပြီဖြစ်သောကြောင့် သူမ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူမ ၎င်းကို သေချာပေါက် ထမ်းရွက်ပေလိမ့်မည်။

--------------------------

All Chapters