အခန်း (၃၉၆-၄၀၀)
Vol. 18 Ch. 396-400
အပိုင်း ၃၉၆
ရွှီး၏မဟာစစ်သူကြီးဆီမှသတိပေးချက်
လျှို့ဝှက်အခန်းထဲသို့ဝင်လိုက်ပြီး တံခါးကိုပိတ်လိုက်ပြီးနောက် ဝမ်ချောင်ချက်ချင်း ကျောက်ရှန်းကျူ သူ့ကိုပေးခဲ့သော "ဆည်းဆာရောင်မြင်းလားချီစက်ကွင်း" ကို ထုတ်ယူလိုက်သည်။
နောက်ဆုံးတွင် သူသူ့ယခင်ဘဝမှ နောင်တကိုဖြည့်ဆည်းနိုင်ခဲ့ပြီး သူ့စိတ်လှုပ်ရှားမှုကို ဖော်ပြရန်ခက်ခဲပေ၏။
"နောက်ဆုံးတော့ ငါ့ဟာဖြစ်လာခဲ့ပြီ"
ဝမ်ချောင်စာအုပ်ကို ဆုပ်ကိုင်လိုက်ကာ သူ့ရင်ဘက်ကနိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။ ဝမ်ချောင် ဆည်းဆာရောင်မြင်းလားချီစက်ကွင်းအကြောင်းကို အများကြီးရှာမတွေ့ခဲ့သော်လည်း သူ့ယခင်ဘဝရှိ စီနီယာများဆီမှသူရရှိခဲ့သော အချက်အလက်အနည်းငယ်က ဘာကဘာဆိုသည်ကိုသိကြသည့် လူတိုင်းအား ကြက်သေသေသွားစေရန် လုံလောက်ပေသည်။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ အမြင့်ဆုံးအဆင့်မှာ... အကန့်အသတ်မဲ့ဖြစ်၏။
တစ်ယောက်က လုံလောက်အောင် သန်မာနေသရွေ့အဆင့်မြှင့်ရန်လိုအပ်သည့် စွမ်းအင်ပမာဏမှာ စစ်သည် တစ်ယောက်သက်ပြင်းချရုံသာ တတ်နိုင်သောဒဏ္ဍာရီတွင်သာတည်ရှိသည့် အံ့မခမ်းပမာဏ တစ်ခုဖြစ်လိမ့်မည်ဖြစ်သော်လည်း ဆည်းဆာရောင်မြင်းလားချီစက်ကွင်းကို အဆုံးမရှိမြှင့်တင်နိုင်မည်ဖြစ်သည်။
တိုင်းတစ်ပါးကျူးကျော်သူများနှင့် ရင်ဆိုင်တိုက်ပွဲတွင် လူတစ်ယောက်၏စွမ်းအားသည် မလုံလောက်ပေ။ အားကောင်းသော စစ်နတ်ဘုရားစုကျန်းချန်ပင်လျှင် ဒီရေများကိုပြောင်းလဲရန် ပြင်းထန်စွာတိုက်ခိုက်ခဲ့သော်လည်းမြို့တော်တွင် အသတ်ခံခဲ့ရသည်။
သို့သော်လည်း ဆည်းဆာရောင်မြင်းလားချီစက်ကွင်းမှာ တိုက်ပွဲ၏ရေစီးကြောင်းကို ပြောင်းလဲနိုင်အောင်လူတစ်ဦး၏ ခွန်အားကိုပြုလုပ်ပေးနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။
"ဒီအခြေအနေမှာ ငါတို့ကိုကူညီပေးနိုင်တဲ့အရာတစ်ခုရှိခဲ့မယ်ဆိုရင် အဲဒါက 'ဆည်းဆာရောင်မြင်းလားချီစက်ကွင်း' ဖြစ်လိမ့်မယ်။ အားလားလား အဲဒါကိုရရှိဖို့ငါတို့အတွက် မဖြစ်နိုင်တော့တာသနားစရာပဲ..."
ထိုအချိန်က စီနီယာတစ်ယောက်သည်ကြီးစွာဝမ်းနည်းပူဆွေးလျက် ဝမ်ချောင်အား ဤစကားများကိုပြောခဲ့သည်။
သို့သော်ယခုတွင် အရာအားလုံးခြားနားသွားပြီဖြစ်သည်။
စာအုပ်ကိုဖွင့်လိုက်သည်နှင့် ဝမ်ချောင်စာကြောင်းတစ်ကြောင်းပြီးတစ်ကြောင်းကို တွေ့လိုက်ရသည်။ ၎င်းသည် ရှေးကျသောလျှို့ဝှက်နည်းစနစ်စာအုပ်များတွင် အသုံးပြုလေ့ရှိသည့် ရှေးကျသော လက်ရေးမဟုတ်သော်လည်း ဝမ်ချောင် ပို၍ရင်းနှီးသည့် သေးငယ်သောပုံမှန်လက်ရေးဖြစ်သည်။
ဤသည်မှာ မူရင်းမဟုတ်ဘဲလက်ဖြင့်ကူးယူထားသည့် မိတ္တူတစ်ခုဖြစ်သည်မှာထင်ရှားလှသည်။
'မဟာရွှီးရဲ့နှစ်ဆယ့်ခုနစ်နှစ်မြောက်မှာ ငါဟန်ဇီထုံကကောင်းကင်သားတော်နတ်ဧကရာဇ်ဆီကနေ အမိန့်ကိုလက်ခံခဲ့ပြီး ဒီစာအုပ်ကိုကူးယူရေးသားခဲ့တယ်။'
အနည်းငယ် အဝါရောင်သန်းနေသောစာရွက်ပေါ်ရှိ ဤပထမဆုံးစာကြောင်းက အလွန်ခမ်းနားထည်ဝါလှကာ ဝမ်ချောင် ပင်လျှင်မျက်တောင်ခတ်သွားခဲ့ရပြီး ဖော်ပြ၍မရနိုင်သောခံစားချက်တစ်ခုက သူ့စိတ်ထဲပေါ်လာခဲ့သည်။
"ဒါကိုမဟာရွှီးမင်းဆက်က ကူးယူရေးသားထားခဲ့တာပဲ။"
ဝမ်ချောင်၏မျက်လုံးက တဖျပ်ဖျပ်ခတ်သွားခဲ့ကာ ထူးဆန်းသွားခဲ့၏။ ဤ 'ဆည်းဆာရောင်မြင်းလားချီစက်ကွင်း' စာအုပ်ကိုရွှီးမင်းဆက်၏ ဧကရာဇ်ဝမ်လက်ထက်မှလက်ရေးဖြင့် ရေးသားထားသောမိတ္တူတစ်ခုဖြစ်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ထို့အပြင်ဝမ်ချောင်ကိုပို၍အံ့အားသင့်သွားစေခဲ့သည့်အရာမှာ ထိုနာမည်ဟန်ဇီထုံဖြစ်သည်။
ဤသည်က မည်သူဖြစ်သည်ဆိုသည်ကို လူအနည်းငယ်သိကြမည်မှာ သေချာသော်လည်း သူ့တခြားနာမည်ကိုမသိသူမရှိပေ။ ရာစုနှစ်အတော်များများပြီးနောက်တွင်ပင် သူ့နာမည်သည်အထက်တန်းကလန်များ၏ သာစဉ်မြေးဆက်တို့၏ နားများထဲတွင် ဆက်လက်ထစ်ချုန်းနေပေလိမ့်မည်။ ဟန်ချင်းဟူ...။
သူသည်တိုင်းပြည်ကိုထောက်ကန်ပေးထားသော မဟာစစ်သူကြီးလေးယောက်ထဲမှတစ်ယောက်ဖြစ်သည်။ သူနှင့်အခြား မဟာစစ်သူကြီးသုံးယောက်ယန်စု၊ ဟယ်ရော့ပိုင်၊ရှီဝမ်ရွှီတို့ကိုတိုင်းပြည်၏ ထောက်တိုင်လေးခုအဖြစ်လည်း သိထားခဲ့ကြသည်။ သူတို့သည် ဖုမင်လင်းချာ၊ဂိုစုန့်ကျီ၊ကော်ရှု့ဟန်၊ကျန်းရှို့ကွေ့တို့နှင့် အဆင့်အတူတူဖြစ်ကြသည်။
သို့သော်မဟာရွှီးမင်းဆက်၏ တိုင်းပြည်ထောက်တိုင်လေးခုတို့၏ ဂုဏ်သတင်းသည် ဖုမင်လင်းချာတို့အုပ်စုထက် များစွာ ကြီးမားခဲ့ကြသည်။
ဤသည်မှာ အထူးသဖြင့်ဟန်ချင်းဟူအတွက်ပိုမှန်၏။ သူသည်စစ်ရေးနှင့်တိုင်းရေးပြည်ရာကိစ္စရပ်များ နှစ်ခုစလုံးတို့တွင် ထူးချွန်ပြောင်မြောက်ခဲ့ပြီး ဧကရာဇ်ဝမ်ရွှီးခတ်၏ သိုင်းနတ်ဘုရားဟုသမုတ်ခဲ့သည်။ တစ်ခါက သူသည်ပူပြင်းသည့်ဓားတစ်ချောင်းက တိုဟူတုံးကိုဖြတ်သွားသကဲ့သို့ ရန်သူ့ပိုင်နက်ကိုဖြတ်သန်းရန် စစ်သည်ငါးရာသာလိုအပ်ခဲ့ပြီး ကျန်းနန်၏ ချန်မင်းဆက်ကိုအောင်နိုင်ခဲ့သည်။
မဟာရွှီးမင်းဆက်တွင် ဤပုဂ္ဂိုလ်၏အဆင့်အတန်းသည် သူ့အဖိုးကဲ့သို့လပြည့်ညရှိလမင်းကြီးကဲ့သို့ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ့အဆင့်အတန်းသည် သူ့အဖိုးထက်ပင်ပို၍ကြီးမားနိုင်သည်။
မဟာရွှီး၏ဧကရာဇ်ဝမ်သည် တစ်ခါကသူ့ကို ဤသို့ချီးကျူးခဲ့သည်။
"သူကတိုင်းပြည်အင်အားကို လီတစ်သောင်းလောက်ကျယ်ပြောစေခဲ့တယ်။ သူ့ရဲ့ကျော်ကြားမှုကကောင်းကင်သို့တိုင် ထိုးတက်ပြီး သူ့ရဲ့ဂုဏ်ကျက်သရေကကောင်းကင်နဲ့ ကမ္ဘာမြေကြီးကိုတောက်ပစေတယ်။ ရှေးအချိန်တွေကို ပြန်ကြည့်မယ်ဆိုရင်တောင် အဲလိုလူတစ်ယောက်က တကယ့်ကိုရှားပါးတယ်။"
ဤသည်ကအဆုံးစွန်ချီးကျူးမှုဖြစ်၏။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်းအား ကူးယူရေးသားခဲ့သူမှာသူဖြစ်မည်ဟု ဝမ်ချောင်မမျှော်လင့်ထားခဲ့ပေ။
"ဘာတွေဖြစ်နေတာလဲ"
ဝမ်ချောင်တော်တော်လေးအံ့အားသင့်သွားခဲ့၏။
ဤသည်က သူထင်မှတ်ထားခဲ့သည်နှင့်အမှန်ပင်ကွာခြားနေခဲ့သည်။ ဝမ်ချောင်သည် ကျောက်ရှန်းကျူသူ့ကို ပစ်ပေးခဲ့သောစာအုပ်မှာ အခြားသိုင်းနည်းစနစ်များကဲ့သို့ ၎င်းအပေါ်တွင်စုဒြာများဖြင့် ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်မည်ဟု မူလကယုံကြည်ထားခဲ့သည်။
သို့သော် ဤသည်ကသူ့ရှေ့ရှိအခြေအနေမဟုတ်သည်မှာ ရှင်းလင်းလှသည်။
"မဟာရွှီးရဲ့နှစ်ဆယ့်ခုနစ်နှစ်မြောက်လား။ ကောင်းကင်သားတော်နတ်ဧကရာဇ်ရဲ့အမိန့်အရ ကူးယူရေးသားခဲ့တာလား။ ဘာတွေဖြစ်နေတာလဲ။ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းက အထင်ကြီးစရာကောင်းပေမယ့် မဟာရွှီးရဲ့ဧကရာဇ်ဝမ်ကတိုင်းပြည်ကို ထောက်ကန်ပေးထားတဲ့မဟာစစ်သူကြီးဟန်ချင်းဟူကို မိတ္တူကူးရေးဖို့ အထူးတလည်အမိန့်ပေးဖို့မလိုအပ်ဘူး ဟုတ်တယ်မလား။"
သူ့စိတ်ထဲတွင် ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားခဲ့ကာ ဝမ်ချောင်ပြင်းထန်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဟန်ချင်းဟူပြောခဲ့သည့် 'နတ်ဧကရာဇ်' မှာရွှီးမင်းဆက်၏ ဧကရာဇ်ဝမ်သာဖြစ်နိုင်၏။ ၎င်း၏ နောက်ဆုံးနှစ်များတွင် မဟာရွှီး၏ဧကရာဇ်သည် သူ၏နိုင်လိုမင်းထက်အုပ်ချုပ်မှုကြောင့် ကျော်ကြားခဲ့ပြီးလောကကို ပရမ်းပတာ အခြေအနေများသို့ကျရောက်စေခဲ့ကာ ရွှီးကိုမဟာထန်အား အစားထိုးနေရာယူစေခဲ့သည်။
သို့သော်လည်း အစောပိုင်းကာလတွင်မဟာရွှီးသည် တရားမျှတစွာအုပ်ချုပ်ခံခဲ့ရပြီး ၎င်း၏စီးပွားရေးကပေါကြွယ်ဝလှသည်။ ဤကာလကို သမိုင်းပညာရှင်များက 'ခိုင်ဟန်အုပ်ချုပ်သည့်ကာလ' ဟုသမုတ်ခဲ့ကြပြီးရွှီး၏ နောင်းပိုင်းကာလများ နှင့်ခြားနားလှကာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ဖြစ်သည်။
မဟာထန်သည်ရွှီးနေရာကိုအစားထိုးခဲ့သော်လည်း ရွှီးသည်ပျက်သုန်းသွားခဲ့သော်လည်း သမိုင်းပညာရှင်များက ဧကရာဇ်ဝမ်သည်ရှားပါးသည့် အမျှော်အမြင်ရှိသောအုပ်ချုပ်သူတစ်ယောက်ဖြစ်သည်ကို ဝန်ခံခဲ့ကြရသည်။
သို့သော် မရေမတွက်နိုင်သောကိစ္စရပ်များကို နေ့စဉ်ပြုလုပ်နေရသည့် တိုင်းပြည်၏ မဟာစစ်သူကြီးတစ်ယောက်ဖြစ်သော ဟန်ချင်းဟူကို ဆည်းဆာရောင်မြင်းလားချီစက်ကွင်းအား မိတ္တူကူးရေးရန် ဧကရာဇ်ဝမ်က ဘာကြောင့်အမိန့်ပေးခဲ့ရသလဲဆိုသည်ကို ဝမ်ချောင်နားမလည်ခဲ့သေးပေ။
ဤ 'မြင်းလားချီစက်ကွင်း' စာအုပ်က သူပထမတွေးခဲ့သလိုမျိုးမရိုးရှင်းသည်ကို ဝမ်ချောင် ရုတ်တရက်စတင်ခံစားလိုက်ရသည်။
ဆည်းဆာရောင်မြင်းလားချီကွင်းသည် လက်ဆင့်ကမ်းရန်ကျရှုံးခဲ့ပြီး နောက်ဆုံးတွင်ပျောက်ဆုံးသွားသည့် ပညာရပ်တစ်ခုဖြစ်လာခဲ့သည်မှာ ဂရုအစိုက်မခံခဲ့ရသောကြောင့်ဟုတ်ပုံမရပေ။ ၎င်းသည် သင့်လျော်သော ဆက်ခံသူတစ်ယောက်ရှာမတွေ့ခြင်းကဲ့သို့ရိုးရှင်းပုံမရပေ။
ဆည်းဆာရောင်မြင်းလား ချီစက်ကွင်း၏ဆုံးရှုံးမှုမှာ နောက်ကွယ်တွင် သူမတွေးခဲ့ဖူးသောပို၍ပင်နက်ရှိုင်းသည့် အကြောင်းအရင်းတစ်ခုရှိပုံရသည်။
ဝမ်ချောင်ခေါင်းငုံ့လိုက်ပြီးဆက်ဖတ်လိုက်၏။
'သာမန်လူတစ်ယောက်က အပြစ်မရှိနိုင်ပေမယ့်တန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုက သူ့ကိုဘေးအန္တရာယ်ကျရောက်စေနိုင်တယ်။ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းက အားကောင်းတယ်ဆိုပေမယ့် ရုတ်တရက်ဆန်ပြီးမမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေ ခေါ်လာတတ်တယ်။ နတ်ဧကရာဇ်ကအမိန့်ချမှတ်ခဲ့တယ်။ ပင်ကိုယ်စွမ်းရည်နဲ့ အံ့မခမ်းပါရမီချို့တဲ့နေတဲ့လူက ဒါကိုလေ့လာလို့မရဘူး။ တိုင်းပြည်ကိုထောက်ပံ့နိုင်တဲ့ဝန်ကြီးမဟုတ် သူကဒါကိုလေ့လာလို့ မရဘူး။ စွဲစွဲမြဲမြဲသစ္စာမရှိသူနဲ့မကောင်းတဲ့အတွေးတွေပြည့်နှက်နေသူက ဒါကိုလေ့လာလို့မရဘူး။ ထူးခြားတဲ့ရဲစွမ်းသတ္တိ၊အံ့ဖွယ်ကောင်းလောက်တဲ့ မဆုတ်မနစ်ကြိုးပမ်းမှုနဲ့ သေမှာမကြောက်တဲ့သတ္တိတွေပြတ်လပ်နေသူက ဒါကိုလေ့လာလို့မရဘူး။ ဒီလေးချက်ကဒီနည်းစနစ်ကိုလေ့လာတာကနေ ပိတ်ပင်ထားတာပဲ။'
'ဆည်းဆာရောင်မြင်းလားချီစက်ကွင်းက ဝေးကွာတဲ့အတိတ်ကနေဆင်းသက်လာတာဖြစ်ပြီး ဒီမင်းဆက်က နေဖန်တီးခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့မင်းဆက်တွေမှာ ဒီနည်းစနစ်ကိုလေ့လာနေတဲ့သေဆုံးသွားခဲ့တဲ့ လူအရေအတွက်နဲ့ အသတ်ခံခဲ့ရတဲ့သူတို့ရဲ့ဆွေမျိုးတွေက ရေတွက်နိုင်တာထက်ပိုတယ်။ နောင်လာနောင်သားတွေသတိကိုကျင့်သုံးရမယ်။'
'ဒီမင်းဆက်ရဲ့အလွန်ကိုရောက်နေတဲ့ ဒီနည်းစနစ်မှာကြီးမားတဲ့သက်ရောက်မှုတွေနဲ့ ကျယ်ပြန့်တဲ့ဆက်နွယ်မှုတွေရှိတယ်။ နောင်လာနောင်သားတွေသတိရှိကြရမယ်၊ ဒါကိုအလွယ်တကူလက်ဆင့်ကမ်းလို့မရဘူး။'
'လေ့လာသူက လုံးဝအမှတ်ရနေရမယ့် ဒီလူ့မှာသတိပေးစရာတစ်ခုရှိတယ်။ မင်းရဲ့နောက်ကလူတွေကိုသတိထားပါ။'
***
ဤကျောချမ်းဖွယ်သတိပေးချက်နောက်တွင်ထိုမဟာစစ်သူကြီး၏ အနီရောင်ချိပ်တံဆိပ်ဖြစ်သည်။
ထိုစာမျက်နှာကိုဖတ်ပြီးနောက် ဝမ်ချောင်တိတ်ဆိတ်သွားခဲ့ကာ တခဏမျှဘာမှမပြောနိုင်တော့ပေ။
ဟန်ချင်းဟူသည်အတုမရှိသောစစ်ရေးဆိုင်ရာအောင်မြင်မှုများနှင့် ရွှီးမင်းဆက်၏ တော်ဝင်မဟာစစ်သူကြီးတစ်ယောက်ဖြစ်သည်။ သူသည် အနည်းဆုံးကျန်းရှို့ကွေ၊ဝမ်ချောင်စီတို့ကဲ့သို့ပုဂ္ဂိုလ်များနှင့် အဆင့်တူတစ်ယောက်ဖြစ်ကာ သူတို့ထက်ပို၍သာမြင့်နိုင်ပြီးမနိမ့်နိုင်ပေ။
မည်သို့သောအရာမျိုးကဟန်ချင်းဟူကိုပင်ကြောက်ရွံ့အောင်လုပ်နိုင်သည်ကို ဝမ်ချောင်သဘောမပေါက်နိုင်ခဲ့ပေ။ ဤလက်ရေးမိတ္တူ၌ပင်သူသည် ၎င်းကိုဖော်ပြရန်တုံ့ဆိုင်းနေခဲ့သေး၏။ ၎င်းမှာသူသည်တစ်ခုခုအားပေါက်ကြားစေမိမည်ကို စိုးရိမ်နေသကဲ့သို့ဖြစ်သည်။
ရွှီး၏စွမ်းအားကြီးသော စစ်သူကြီးတစ်ယောက်ကိုပင် အလွန်စိုးရိမ်အောင်ပြုလုပ်ခဲ့သည့်အရာမှာ မည်သို့သော အရာဖြစ်နိုင်မည်နည်း။ ပို၍တိုက်ရိုက်ဆိုရပါကသူကြောက်လန့်နေခဲ့သည်။
အရာအားလုံးတိတ်ဆိတ်သွားခဲ့၏။
ဝမ်ချောင်လျှို့ဝှက်အခန်း၏အလယ်တွင်ထိုင်နေခဲ့ပြီး သူ့စိတ်ထဲတွင်လှိုင်းများထနေခဲ့ကာ သူ့တစ်ကိုယ်လုံးက အေးခဲသွားခဲ့ပုံရသည်။
သူနားမလည်ခဲ့သည့်အရေးကြီးလျှို့ဝှက်ချက်အချို့က ဆည်းဆာရောင်မြင်းလားချီစက်ကွင်း နောက်ကွယ်တွင် ဖုံးကွယ်ထားသကဲ့သို့ ဝမ်ချောင်ရုတ်တရက်ခံစားလိုက်ရသည်။
အချိန်သည်တရွေ့ရွေ့ကုန်ဆုံးသွားခဲ့၏။ နောက်ဆုံးတွင်ဝမ်ချောင်သည် သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်သည်။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်းက မည်သည့်လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားပါစေ သူသည်အများကြီးပေးဆပ်ခဲ့ရပြီး သေလုနီးပါးဖြစ်ခဲ့ပြီးဖြစ်သည်။ ဝမ်ချောင်၎င်းကိုအလွယ်တကူလက်မလျှော့နိုင်ပေ။
ဤသည်မှာ ဝမ်ချောင်တစ်ဦးတည်းနှင့်သာသက်ဆိုင်သော ပြဿနာတစ်ခုမဟုတ်ပေ။ ၎င်းသည်အနာဂတ်ကိုပြောင်းလဲရန် ဝမ်ချောင်၏အစီအစဉ်များနှင့်လည်းသက်ဆိုင်ပေ၏။ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းမရှိဘဲ တိုင်းတစ်ပါး ကျူးကျော်သူများကို ရင်ဆိုင်ရန်သူ့အတွက်ဖြစ်နိုင်မည်မဟုတ်ပေ။
ဟန်ချင်းဟူသည်ဤ 'ဆည်းဆာရောင်မြင်းလားချီစက်ကွင်း' စာအုပ်က ကြောက်မက်ဖွယ်အန္တရာယ်များကို ဖုံးကွယ်ထားပြီးကြီးမားသော ကပ်ဘေးများကိုဆိုက်ရောက်စေမည်ဟု ပြောခဲ့လျှင်ပင်သူ၎င်းကိုကျင့်ကြံရပေမည်။
"...ဟန်ချင်းဟူကို အဲလိုလေးလေးနက်နက်ပြောစေဖို့ဆိုတာ ဒီပြောဆိုချက်တွေကသေချာပေါက်လျှောက်ပြောနေတာဟုတ်မှာ မဟုတ်ဘူး။ ငါဒါကိုအနာဂတ်မှာ စောင့်ကြည့်ရုံသာတတ်နိုင်တယ်။"
ဝမ်ချောင် တိုးတိုးတိတ်တိတ်ရေရွတ်လိုက်၏။
သူဆုံးဖြတ်ထားပြီးပါက သူ့စိတ်ကိုအလွယ်တကူပြောင်းလဲမည်မဟုတ်ပေ။ ထို့အပြင်ဟန်ချင်းဟူသည် ရွှီးမင်းဆက်မှ မဟာစစ်သူကြီးတစ်ယောက်၊ သိုင်းနတ်ဘုရားဖြစ်သော်လည်း ဤသိုင်းနတ်ဘုရားက အရာခပ်သိမ်းကိုသိရှိပြီး အနန္တတန်ခိုးရှင်ဖြစ်မည်ဟုဝမ်ချောင်မထင်ပေ။
အနည်းဆုံးရွှီးကို မဟာထန်ဖြင့်အစားထိုးခံခဲ့ရလိမ့်မည်ဟု ဟန်ချင်းဟူမျှော်လင့်ထားခဲ့မည်မဟုတ်ပေ။
ထို့အပြင် ဟန်ချင်းဟူကဆည်းဆာရောင်မြင်းလား ချီစက်ကွင်းအားလေ့လာခြင်းမှ ပိတ်ပင်ထားသော လူလေးမျိုးရှိကြသည်ဟု ဖော်ပြထားခဲ့သော်လည်း ဤတားမြစ်ချက်လေးခုကကျိုးပေါက်နေခဲ့ကြပြီဖြစ်သည်။
ဤစကားလုံးများက ရာစုနှစ်များစွာအကြာကဖြစ်သောကြောင့် သူ့စိတ်၊ဆုံးဖြတ်ချက်နှင့်အစီအစဉ်များကို ပြောင်းလဲရန်ဝမ်ချောင်အတွက်မဖြစ်နိုင်ပေ။
သူ့စိတ်ကိုငြိမ်သက်စေပြီးနောက် ဝမ်ချောင်ပထမစာရွက်ကို လှန်လိုက်ပြီးဆက်ဖတ်လိုက်သည်။
သူသည် စိတ်ပျက်စရာကောင်းသောနယ်မြေတစ်ခုမှ ပန်းများနှင့်သစ်ပင်ကြီးများဖြင့်ဖုံးလွှမ်းနေသော ရွာတစ်ရွာထဲဝင်လိုက်သကဲ့သို့ ဝမ်ချောင်သူတစ်ကိုယ်လုံးက ပေါ့ပါးသွားသကဲ့သို့ခံစားလိုက်ရသည်။
ပထမစာမျက်နှာရှိ သတိပေးချက်ကလွဲ၍မြင်းလားချီစက်ကွင်းစာအုပ်၏ ကျန်စာမျက်နှာများသည် အံ့အားသင့်စရာ ကောင်းစွာဖြင့်သာမန်ဖြစ်ပြီး တည်ငြိမ်အေးဆေးလှသည်။ ၎င်းသည်နည်းစနစ်တစ်ခုအတွက် အလွန်သာမန်ဆန်သော စုဒြာတစ်ခုဖြစ်သည်။
အရေးအသားသည် ခက်ခဲနက်နဲသော်လည်းပို၍ ပင်ခက်ခဲနက်နဲသောအရေးအသားကိုမြင်တွေ့ခဲ့ဖူးသည့် ဝမ်ချောင်အတွက် ဘာမှမဟုတ်ပေ။
သူ့အတွေးများကို ခေါက်ထားလိုက်ကာဝမ်ချောင်စုဒြာထဲသို့ သူ့ကိုယ်သူလျင်မြန်စွာနစ်မြုပ်လိုက်သည်။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ ပထမစက်ဝန်းသည်အမှန်တွင်ထိုမျှမခက်ခဲပေ။ ၎င်းသည်လေ့ကျင့်ရန် နဂါးအရိုးအဆင့်ကျင့်ကြံခြင်း သာလိုအပ်သည်။
ဤသည်ကရိုးရှင်းလှသော လိုအပ်ချက်တစ်ခုကဲ့သို့ပုံပေါ်သော်လည်း အမှန်တွင်မယုံနိုင်စရာကောင်းလောက်အောင်ခက်ခဲ၏။ အကြောင်းမှာ အထက်တန်းကလန်များ၊စစ်သူကြီးများနှင့်မဟာဝန်ကြီးများအများစုတို့သည် ကျားအရိုးအဆင့် ကျင့်ကြံသူများသာဖြစ်ကြသောကြောင့်ဖြစ်သည်။
လူအနည်းအကျဉ်းသာနဂါးအရိုးအဆင့်ကို ရောက်ရှိနိုင်ခဲ့ကြပေ၏။ ၎င်းကိုတော်ဝင်အမျိုးအနွယ် သို့မဟုတ် ဧကရာဇ်က ချီးမြှင့်ထားသောအရေးပါသည့် သို့မဟုတ် မျက်နှာသာပေးခံထားရသည့်ဝန်ကြီးများတွင် ကန့်သတ်ထားခဲ့သည်။
နဂါးအရိုးပညာရပ်ကိုကျင့်ကြံခြင်းဖြင့် ဝမ်ချောင်သည်ဆည်းဆာရောင်မြင်းလားချီစက်ကွင်းအတွက် လိုအပ်ချက်များကို ပြည့်မီရုံမျှသာဖြစ်သည့် ရေနဂါးအရိုးကိုကျင့်ကြံနိုင်ခဲ့ရုံမျှကျင့်ကြံနိုင်ခဲ့သည်။
"ငါတကယ်အရမ်းကံကောင်းတာပဲ။"
ဝမ်ချောင်စိတ်ထဲပျော်ရွှင်သွားခဲ့၏။ ရေနဂါးအရိုးသည်ဤနည်းစနစ်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အနိမ့်ဆုံးတစ်ခုဖြစ်နိုင်သည်။ အကယ်၍ဤသည်က သူ၏ဒုတိယအကြိမ်ပြန်လည်မွေးဖွားလာခြင်းမဟုတ်ခဲ့ပါက ဆည်းဆာရောင်မြင်းလားချီစက်ကွင်းစာအုပ်သည် သူ့လက်ထဲရောက်လာခဲ့လျှင်ပင်သူ၎င်းကိုကျင့်ကြံနိုင်ခဲ့မည်မဟုတ်ပေ။
တခဏချင်းမှာပင် ဟန်ချင်းဟူကတိုင်းပြည်ကိုစောင့်ရှောက်မနေဘဲစွဲစွဲမြဲမြဲသစ္စာမရှိသည့် ဝန်ကြီးမဟုတ်သူများက ဤနည်းစနစ်ကို လေ့လာ၍မရနိုင်ဟုဘာကြောင့်ပြောခဲ့သလဲဆိုသည်ကို ဝမ်ချောင် တော်တော်လေးသဘောပေါက်သွားခဲ့သည်။
တော်ဝင်ကလန်အဖွဲ့ဝင်များမှလွဲ၍ တိုင်းပြည်ကိုပံ့ပိုးခဲ့ကြသည့်ဝန်ကြီးများကသာ နဂါးအရိုးအဆင့်ရှိသည့် နည်းစနစ်တစ်ခုကို ချီမြှင့်ခြင်းခံရနိုင်သည်။
"ဒီတစ်ကြိမ်နည်းပြဆရာကျောက်ကနားလည်မှုလွဲနေမှာကိုငါစိုးရိမ်မိတယ်။"
ဝမ်ချောင်တွင်အတွေးတစ်ခုလက်သွားခဲ့သည်။ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းအဆင့်ရှိသည့် နည်းစနစ်တစ်ခုသည် သူ့လက်ထဲသို့ အလွယ်တကူလုံးဝရောက်ရှိနိုင်မည်မဟုတ်ပေ။
ကျောက်ရှန်းကျူနှင့်လေ့ကျင့်ရေးစခန်း၏ ခေါင်းပိုင်းနည်းပြဆရာများက ဤသည်မှာသူ့အဖိုးရည်ရွယ်ချက်ဖြစ်မည်ဟု အထင်လွဲနေကြမည်မှာ ရှစ်ဆယ်၊ကိုးဆယ်ရာခိုင်နှုန်းလောက်အခွင့်အရေးရှိသည်။
သူ့အဖိုး၏ဂုဏ်ဒြပ်နှင့်သူကိုင်စွဲထားသော ဩဇာလွှမ်းမိုးမှုအရဝမ်ချောင်ကို ဆည်းဆာရောင်မြင်းလားချီစက်ကွင်း ကျင့်ကြံစေရန်မှာ သူ့တွင်အခွင့်အရေးအပြည့်အဝရှိပေသည်။
သို့သော်ဤသည်က လုံးဝအထင်လွဲနေခြင်းဖြစ်ကြောင်း ဝမ်ချောင်အခုသိသွားခဲ့သည်။
သို့သော်သူနားလည်သွားခဲ့လျှင်ပင် ဝမ်ချောင်မရှင်းပြနိုင်ပေ။ တစ်ခါတစ်ရံတွင် အမှားများကိုရှိစေလိုက်ပြီး လေ့ကျင့်ရေးစခန်းက အထင်လွဲနေသည်ကိုသူဂရုမစိုက်နိုင်ပေ။
သူဤနည်းစနစ်စာအုပ်ကိုအမှန်တကယ်လိုအပ်ပေသည်။
သူ့ကိုယ်သူတည်ငြိမ်စေလိုက်ကာ ဝမ်ချောင်ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ ပထမဆုံးစက်ဝန်းကို လျင်မြန်စွာစတင်ကျင့်ကြံလိုက်သည်။ လေးလံပြီးအသွားမဲ့ဓားကို အကောင်းမွန်ဆုံးသောကျွမ်းကျင်မှုများဖြင့် ကိုင်ဆောင်ထားနိုင်ပြီး ဆည်းဆာရောင်မြင်းလားချီစက်ကွင်းသည် ခံ့ညားပြီးလွှမ်းမိုးကြီးစိုးသောလမ်းကြောင်းကို လျှောက်လှမ်းရသော်လည်း ၎င်း၏နည်းစနစ်ပထမဆုံးအလွှာသည် အဓိကသွေးကြောဆုံမှတ် နှစ်ဆယ့်ခုနစ်ခုကိုဖြတ်ကျော်ရန်လိုအပ်သည်။ ဤထဲမှအချို့အမှတ်များသည် ပြင်းထန်သော ဒဏ်ရာ၊သေဆုံးသည်အထိပင်ဖြစ်စေနိုင်သော အမှတ်များဖြစ်ကြသည်။
ဤစက်ဝန်းမျိုးသည် အစစ်အမှန်သိုင်းပညာနယ်ပယ်ကို မဆိုထားနှင့်နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်မှကျွမ်းကျင်သူများကိုပင် ကြီးမားသောအန္တရာယ်ဖြစ်စေနိုင်သည်။
သို့သော်ဝမ်ချောင်မှာမူခြားနား၏။ သူ့တွင်သူတော်စင်သိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်၏ အတွေ့အကြုံနှင့်ဗဟုသုတတို့ပိုင်ဆိုင်ထားပေသည်။
"ဟမ်"
လုံးဝဗလာဖြစ်နေသောအခြေအနေတစ်ခုကို ဝင်ရောက်သွားခဲ့ကာဝမ်ချောင်၏ ကိုယ်အတွင်း၌ အလင်းရောင်များမှိတ်တုတ်မှိတ်တုတ်လင်းလက်သွားခဲ့သည်။
အပိုင်း ၃၉၇
သမုဒ္ဒရာမှသတင်းများ
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ ပထမအလွှာကို လှည့်ပတ်ခြင်းသည် အန္တရာယ်ထက် ပိုကြောက်စရာကောင်းသော်လည်း သူတော်စင်သိုင်းနယ်ပယ်၏ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ဖြင့် ဝမ်ချောင်သည် ဤအလေးချိန်ကြီးကို ငှက်မွေးကဲ့သို့ ပေါ့ပါးနေအောင်ကိုင်တွယ်ခဲ့သည်။
ခရက် ခရက်
သွေးကြောဆုံမှတ် နှစ်ဆယ့်ခုနစ်ခု စတင်ပွင့်လာခြင်းနှင့်အတူ သူ့ခန္ဓာကိုယ်မှစူးရှသော အရိုးများအက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။နှစ်နာရီကြာပြီးနောက် နောက်ဆုံးသွေးကြောဆုံမှတ်ပွင့်သွားခဲ့ပြီး ပထမစက်ဝန်းသည် နောက်ဆုံးတွင် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်း၌ပြီးဆုံးသွားခဲ့သည်။
ဝမ်ချောင်၏ ဒန်တျန်းတွင် အပြောင်းအလဲတစ်ခု ရုတ်တရက်ဖြစ်ပွားသွားခဲ့၏။ လက်မအရွယ်ခန့်ရှိသော စိမ်းနက်ရောင်အကွင်းတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။၎င်းသည်သေးငယ်သော်လည်း မယုံနိုင်လောက်အောင်လေးလံလှ၏။ ၎င်းသည် တောင်၏အလေးချိန်ကို ထုတ်ဖော်နေသော်လည်း ချွန်ထက်သော ဆကေဘာဓားသွားကဲ့သို့ တောက်ပနေခဲ့သည်။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း..။
ဤခဏတွင် ဝမ်ချောင်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသောအော်ရာသည် အဆများစွာ ပိုလေးလာခဲ့ပြီး စွမ်းအင်အသစ်စက်စက်က သူ့ခန္ဓာကိုယ်မှနေ၍ လှိုင်းထလာခဲ့သည်။
ဤသည်သာမကပေ။ ဝမ်ချောင်သည်ဆည်းဆာရောင်မြင်းလားချီစက်ကွင်းကို ဖွဲ့စည်းလိုက်သောအခါ သူ့ခန္ဓာကိုယ်သည် အခြေခံကျသော ပြောင်းလဲမှုကို ကြုံတွေ့လိုက်ရသည်။ သူသည်အစစ်အမှန် သိုင်းပညာနယ်ပယ်သို့ ပြောင်းလဲရန် နောက်ဆုံးအခြေအနေကို ဖြည့်ဆည်းခဲ့သည်။
ဘုန်းး
လောကနိယာမများကို သူအမှတ်မထင်ထိတွေ့မိလိုက်သောအခါ ဝမ်ချောင်သည် သူ့စိတ်က ရုတ်တရက်တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သူ့စိတ်ဝိညာဉ်တစ်ခုလုံး သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်သွားပုံရသည်။
တစ်ချိန်တည်းမှာပင် လောကနိယာမများပါဝင်နေသော အသစ်စက်စက်စွမ်းအင်တစ်ခုသည် အာကာသအချိန်၏ နက်ရှိုင်းသောနေရာမှထွက်ပေါ်လာခဲ့ပြီး သူ့စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ရှည်ကြာသော မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရသော နယ်မြေကဲ့သို့ပင် ဝမ်ချောင်သည် သူ့စိတ်ပိုင်းဆိုင်ရာ ခွန်အား၊မူလစွမ်းအင်နှင့်ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ ချက်ချင်းပြန်လည်ရှင်သန်လာသည်ဟု ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဝမ်ချောင်ကိုအမြဲတမ်းကန့်သတ်ထားသည့် ထိုမမြင်နိုင်သော စွမ်းအားသည်လည်း ပြိုကျသွားခဲ့၏။
မူလစွမ်းအင်နယ်ပယ်တွင် ဝမ်ချောင်သည် တစ်ဆို့ခြင်းသို့ရောက်ရှိခဲ့သော်လည်း ယခုအခါ နယ်ပယ်များကြားရှိ အတားအဆီးများ ကျိုးပဲ့သွားကာ 'လောကသစ်' တစ်ခုလုံးသည် ဝမ်ချောင်၏ရှေ့မှောက်တွင် ပွင့်ထွက်နေပြီးမည်သည့်အရာကမျှ သူ့လမ်းကြောင်းပေါ်တွင် တည်ရှိမနေတော့ပေ။
"အံ့ဩစရာပဲ"
ဝမ်ချောင်ကြမ်းပြင်မှခုန်ထလိုက်၏။ ၎င်းသည်အစစ်အမှန်သိုင်းပညာနယ်ပယ်ထဲသို့ သူ့ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းမဟုတ်သော်လည်း တဟုန်ထိုးတက်လာသော စွမ်းအင်ခံစားမှုသည် ဝမ်ချောင်အားပျော်ရွှင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေစေခဲ့သေးသည်။
မူလစွမ်းအင်နယ်ပယ်မှ အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ တက်လှမ်းခြင်းဖြင့် ဝမ်ချောင်သည် နောက်ဆုံးတွင် သူလိုချင်သည့်အရာကို ရရှိသွားခဲ့သည်။
သို့သော် သူအကြာကြီးမပျော်လိုက်ရပေ။ ခဏအကြာတွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပွားသွားခဲ့ကာ ဝမ်ချောင်အော်လိုက်ပြီးမြေပြင်ပေါ်သို့ ပြန်လဲကျသွားခဲ့၏။
ဘုန်းး
လျှို့ဝှက်ခန်းအတွင်း၌ လေပြင်းတစ်ခု စတင်ရစ်ဝဲလာခဲ့သည်။ သူသည် အစစ်အမှန် သိုင်းပညာနယ်ပယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ဝမ်ချောင်၏ခန္ဓာကိုယ်ရှိ ယခုလေးတင် ဖြစ်ပေါ်လာသော လေးလံသည့်ဆည်းဆာရောင်မြင်းလားချီစက်ကွင်းသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်းစွမ်းအားကို ရုတ်တရက်ထုတ် လွှတ်လိုက်သည်။
ဝမ်ချောင်၏ခန္ဓာကိုယ်သည် တွင်းနက်တစ်ခုထဲသို့ပြုတ်ကျသွားသကဲ့သို့ သူ့အတွင်းမှ ကြယ်တာရာစွမ်းအင်သည် စတင်ချာချာလည်လာခဲ့ပြီး လက်မအရွယ်ဆည်းဆာရောင် မြင်းလားချီစက်ကွင်း၏ စက်ကွင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဝမ်ချောင်အနားရှိ မူလစွမ်းအင်များအားလုံးသည်ပင် စတင်ဝင်ရောက်လာခဲ့ကြ၏။
ဝမ်ချောင်သည် ဤမျှကြောက်စရာကောင်းသော စုပ်ယူခြင်းစွမ်းအားကို တစ်ခါမျှမကြုံဖူးခဲ့ပေ။ သူ့အသွေးအသားအားလုံး စုပ်ယူခံလိုက်ရပြီး ဘောလုံးတစ်လုံးအဖြစ်သို့ ဆုပ်နယ်ခံလိုက်ရ သကဲ့သို့ သူခံစားလိုက်ရသည်။
တခဏချင်းမှာ ပင်ဝမ်ချောင်၏ နဖူးတစ်ခုလုံးချွေးများဖြင့်ပြည့်နှက်သွားခဲ့၏။
ဘန်းးး
လျှို့ဝှက်အခန်းတံခါးချိုးဖျက်ခံလိုက်ရ၏။ ဝမ်ချောင်လဲကျလုနီးပါးအချိန်အတွင်းမှာပင် ဟွမ်ချန်အာသည် အထဲဘက်တွင်တစ်ခုခုဖြစ်သွားသည်ကိုကြားလိုက်ရပြီး အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။
"ဘာဖြစ်တာလဲ။"
ဟွမ်ချန်အာသည် ရှေ့သို့ခြေလှမ်းအကျယ်ကြီးလှမ်းလိုက်ပြီး ဝမ်ချောင်၏လက်မောင်းကို လျင်မြန်စွာဆွဲယူလိုက်သည်။ သူသည်ဖြူဖျော့ပြီး ချွေးများတလိမ့်လိမ့်စီးကျနေကာ မယုံကြည်နိုင်လောက်အောင် အားနည်းနေပုံပေါ်သည်။
သူကျင့်ကြံနေစဉ်တွင် သူ့ကိုကာကွယ်ပေးရန် သူမအားပြောကြားခဲ့ပြီး သူဤကဲ့သို့ကျင့်ကြံလိမ့်မည်ဟု ဟွမ်ချန်အာလုံးဝမထင်ထားခဲ့ပေ။
"သေစမ်း၊ ဒါကကျင့်ကြံမှုဖောက်ပြန်တာမဟုတ်ရင် ပိုကောင်းမယ်။"
ဟွမ်ချန်အာတွင် အလွန်ဆိုးရွားသောအမူအရာတစ်ခုရှိနေခဲ့၏။
ဟွမ်ကလန်သည် ဝမ်ချောင်ကိုကာကွယ်ပေးရန် သူမကိုစေလွှတ်ခဲ့သည်။ ၎င်းသည် သူမနှင့်ဝမ်ချောင် အကြားဆက်ဆံရေးသာမက ဟွမ်ကလန်တစ်ခုလုံး၏ ဘေးကင်းရေးလည်း ပါဝင်ပေသည်။သို့သော်ဝမ်ချောင်သည် ကျင့်ကြံမှုဖောက်ပြန်ခြင်းတစ်ခုကိုကြုံတွေ့ခဲ့ရပါက သူမ၏ ကလန်နှင့်ဝမ်ကလန်တို့အား မည်သို့ရှင်းပြရမည်ဆိုသည်ကိုသူမ မသိပေ။
သူမမည်မျှပင် အစွမ်းထက်နေပါစေ ကျင့်ကြံမှုဖောက်ပြန်ခြင်းအား သူမ မကာကွယ်နိုင်ပေ။
"မင်းဘာတွေသောက်ကျိုးနည်းတွေးထင်နေတာလဲ။"
ဝမ်ချောင်သည် ဟွမ်ချန်အာမျက်နှာပေါ်ရှိအမူအရာ ပြောင်းလဲသွားသည်ကိုကြည့်ပြီး ရယ်ရမလား ငိုရမလားမသိတော့ပေ။ ဟွမ်ချန်အာတွေးလိုက်သည့်အရာကို သူချက်ချင်းပြောနိုင်ပေသည်။
"စိတ်ချပါ၊ ငါကမင်းထင်သလောက် ဆိုးရွားတဲ့အခြေအနေမှာမဟုတ်ဘူး။ မင်းကလည်း အစစ်အမှန်သိုင်းပညာနယ်ပယ် စစ်သည်တစ်ယောက်ဖြစ်တယ်။ ငါ့ရဲ့မရီတန်းတွေကို ကိုစစ်ဆေးပြီး ပြဿနာက ဘာလဲဆိုတာမင်းမသိနိုင်ဘူးလား။"
ဝမ်ချောင်၏သတိပေးချက်သည် ဟွမ်ချန်အာကိုသူမ၏ ထိတ်လန့်စိုးရိမ်မှုမှ ကင်းလွတ်သွားစေသည်။ ဝမ်ချောင်၏ လက်ကောက်ဝတ်ကိုကိုင်ထားလျက် သူမ သူ့သွေးခုန်နှုန်းကို ခံစားလိုက်ရပြီး ချက်ချင်းပင်ရှက်ရွံ့သွားခဲ့သည်။
ဝမ်ချောင်၏အော်ရာက အားနည်းနေပြီး သူ့မျက်နှာကဖြူဖျော့နေသော်လည်း သူ့သွေးခုန်နှုန်းက ပုံမှန်ဖြစ်ပြီး တည်ငြိမ်နေကာ ကျင့်ကြံမှုဖောက်ပြန်ခြင်းတစ်ခုခုကို ကြုံတွေ့ခဲ့ရသည့် အရိပ်အယောင်ပင် မတွေ့ရပေ။
"ဟမ် နင်အဆင်ပြေနေရင် ဘာလို့ကြမ်းပြင်ပေါ်မှာထိုင်နေရတာလဲ။"
ဝမ်ချောင်၏လက်မောင်းကိုကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ရင်း ဟွမ်ချန်အာ၏ မျက်နှာနီမြန်းသွားခဲ့သည်။ သူမနောက်တစ်ကြိမ် မတ်တပ်ထရပ်လိုက်သောအခါတွင် သူမ၏မျက်နှာသည် နောက်ထပ်အေးစက်သွားခဲ့သည်။
"နေပါဦး ငါကအဆင်ပြေနေတဲ့ လူတစ်ယောက်ပုံပေါ်နေလို့လား။"
ဝမ်ချောင်အမှန်ပင်စိတ်လေသွားခဲ့၏။ ကျင့်ကြံမှုဖောက်ပြန်ခြင်းမဟုတ်ကြောင်းသာ သူပြောခဲ့သည်။ သူအဆင်ပြေပါသည်ဟု သူဘယ်အချိန်က ပြောခဲ့ရပါသနည်း။
"ဒါက နင့်ရဲ့သောက်ပြဿနာပဲ၊ နင်မသေသေးတာမို့ ငါသွားတော့မယ်။"
ဟွမ်ချန်အာ နှာမှုတ်လိုက်ပြီးအေးစက်သောမျက်နှာဖြင့် ထွက်သွားခဲ့ကာ ကြီးမားသော ငွေရောင်ဓားကို သူမ၏နောက်ကျောတွင် သယ်ပိုးထားဆဲဖြစ်သည်။
ဝမ်ချောင်သည် ဟွမ်ချန်အာအေးစက်စွာထွက်သွားသည်ကို ခါးသီးသောအပြုံးဖြင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
'ဒီမိန်းမ... သူမကတကယ့်ပဲသူမရဲ့တာဝန်ကိုစောင့်သိတယ်'
သို့သော်ဝမ်ချောင်သည် ဟွမ်ချန်အာနှင့်ဤအရာများကို အမှန်ပင်ငြင်းခုံရန် စိတ်အနှောက် အယှက်အဖြစ် မခံနိုင်ခဲ့ပေ။
"ငါအခုဒုက္ခရောက်နေပြီ"
ဝမ်ချောင်သည် သူ့ခန္ဓာကိုယ်ရှိ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းကိုကြည့်ကာ ခါးသီးစွာရယ်မောလိုက်မိသည်။ ကျောက်ရှန်းကျူသည် ဤနည်းစနစ်ကိုကျင့်ကြံခြင်းက ခန္ဓာကိုယ်အတွက်ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး မူလစွမ်းအင်နှင့်ကြယ်တာရာ စွမ်းအင်များစွာကို သုံးစွဲစေကာ သူ့သိုင်းနယ်ပယ်ကိုပင် နောက်ပြန်ဆုတ်သွားစေသည်ဟု ရှေးရှေးကတည်းကပြောခဲ့ဖူးသည်။
သို့သော်ဝမ်ချောင်သည် ဤမျှကြီးမားသော အကျိုးဆက်များကို မျှော်လင့်မထားခဲ့ပေ။
သူသည် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျင့်ကြံသူမျှမဟုတ်တော့ပေ။ သူသည် အစစ်အမှန်သိုင်းပညာနယ်ပယ်အဆင့်၁မှ မူလစွမ်းအင်အဆင့် ၉ သို့ ကျဆင်းပြီးနောက် အဆင့်၈သို့ကျသွားကာ နောက်ဆုံးတွင် မူလစွမ်းအင်အဆင့် ၇ တွင် ရပ်တန့်သွားခဲ့သည်။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ ပထမအလွှာကပင် သူ့ကို အဆင့်သုံးဆင့် ကျသွားစေခဲ့၏။
"ဒါကတော်တော်ဗရုတ်ကျတာပဲ။ ဒါကပထမအလွှာသာဖြစ်ပြီး ငါအဆင့်သုံးဆင့်ကျသွားခဲ့ပြီ။ ငါဒီ့ထက်ပိုသွားရင် ဒါကဒီထက်ပိုပြီးတော့ သာဆိုးလာမှာ မဟုတ်ဘူးလား။"
ဝမ်ချောင်ကြမ်းပြင်ပေါ်ထိုင်လိုက်ပြီး ခါးသီးစွာရေရွတ်လိုက်၏။
အကယ်၍ဤအရာသည် ပထမအလွှာ၏ရလဒ်ဖြစ်ခဲ့ပါက နောက်ပိုင်းရလဒ်များကို သူခံနိုင်ရည်ရှိပါဦးမည်လော။ ဝမ်ချောင်သည် သူ့နောက်ဆုံးဘဝတွင် လူအနည်းငယ်မျှသာ ဤအစွမ်းထက်သော နည်းစနစ်အားဘာကြောင့် ကျင့်ကြံနိုင်ခဲ့သည်ကို နောက်ဆုံးနားလည်သွားခဲ့သည်။
"ကြည့်ရတာငါဝိညာဉ်သွေးကြောဆီခရီးထွက်ရတော့မယ်ထင်တယ်"
ဝမ်ချောင်သူ့ဘာသာတီးတိုးရေရွတ်လိုက်၏။
အစစ်အမှန်သိုင်းနယ်ပယ် အဆင့် ၁ မှ မူလစွမ်းအင် အဆင့် ၇ သို့ ကျဆင်းသွားစေရန်မှာ သူ့ခွန်အားအတွက် အမှန်တကယ်ပင်ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည်ယခင်က ထိုအဆင့်များသို့ ရောက်ရှိခဲ့ပြီးဖြစ်သောကြောင့် သူ့တွင်လုံလောက်သော မူလစွမ်းအင် ရှိသရွေ့အဆင့် ၇ မှအဆင့် ၈ ၊ အဆင့် ၉ နှင့်နောက်ဆုံးတွင် အစစ်အမှန်သိုင်းပညာနယ်ပယ်၏ အဆင့် ၁ သို့ပြန်သွားနိုင်သေးသည်။
သူအချိန်ပိုယူရန်သာလိုအပ်ပေ၏။
လုံးဝခြားနားသည့်ခက်ခဲမှုအဆင့်တွင် ၎င်းသည်ယခု၌ပိုလွယ်ပေလိမ့်မည်။
လျှို့ဝှက်ခန်းထဲတွင်တခဏမျှအနားယူပြီးနောက် ဝမ်ချောင်ထွက်လာခဲ့၏။
****
လန်းဆန်းသောဆောင်းဦးရာသီတွင် ဝိညာဉ်သွေးကြောတည်ရှိနေသည့် တောင်တန်းအထက်တွင် အခိုးအငွေ့များလှိုင်းထနေခဲ့သည်။ ထူထပ်သော မူလစွမ်းအင်သည် မြင်နိုင်သောအဖြူရောင် အခိုးအငွေ့အဖြစ်သို့ပျစ်ခဲသွားခဲ့၏။ ဝမ်ချောင်သည် ထိုအခိုးအငွေ့အလယ်တွင် ထိုင်နေခဲ့ကာမျက်လုံးများကို မှိတ်ထားခဲ့ပြီးသူ့ခန္ဓာကိုယ်ကို ယောင်ဝါးဝါးမြင်နေရသည်။ သူသည် အလွန်အေးချမ်းပြီးတိတ်ဆိတ်နေပုံရ၏။
သို့သော် သူ့အနီးတစ်ဝိုက်တွင် လှိုင်းထနေသော မူလစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ မယုံနိုင်စရာကောင်းသည့် အရှိန်အဟုန်ဖြင့် စိမ့်ဝင်လာနေခဲ့သည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ကိစ္စရပ်များကိုဖြေရှင်းပြီးနောက် ဝမ်ချောင်သည် ကျင့်ကြံရန်အတွက် တစ်နေ့တည်းနီးပါးတွင် ဝိညာဉ်သွေးကြောဆီသို့ထွက်ခွာလာခဲ့သည်။ မူလစွမ်းအင်သည် ဤနေရာတွင်အလွန်ထူပြောလှပြီး ရှန်းဝေ၊လုံ့ဝေနှင့်ခွန်းဝူ လေ့ကျင့်ရေးစခန်းသုံးခုတွင် တွေ့နိုင်သော ပမာဏထက်များစွာသာလွန်လှသည်။
ဝမ်ချောင်ကျင့်ကြံခဲ့သော နဂါးအရိုးပညာရပ်နှင့် လူရိုင်းနတ်ဘုရားပညာရပ်တို့က သူ့ကိုသာမန်လူထက် အဆများစွာပိုမြန်အောင် ကျင့်ကြံနိုင်စေခဲ့သည်။
တိုတောင်းလှသောငါးရက်မှ ခြောက်ရက်အတွင်းဝမ်ချောင်သည် မူလစွမ်းအင်အဆင့် ၇မှ အဆင့် ၈ သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ကိစ္စသည်မထင်မှတ်လောက်အောင်လွယ်ကူခဲ့၏။ ယင်းမှာ ယခင်ကျင့်ကြံမှုအဆင့်သို့ ပြန်သွားခြင်းနှင့် ပထမဆုံးအကြိမ်ရောက်ရှိခြင်း ကြားကွာခြားချက်ဖြစ်သည်။
"အရမ်းသက်သောင့်သက်သာရှိတာပဲ"
အချိန်အတော်ကြာပြီးနောက် ဝမ်ချောင်၏မျက်လုံးများပွင့်လာပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ သူ့စိတ်ငြိမ်သက်အေးချမ်းသွားခဲ့သည်။ ဤသည်မှာ ရတနာတစ်ခု ပိုင်ဆိုင်ခြင်း၏ အားသာချက်ဖြစ်၏။ သူ့လက်ရှိအရှိန်အဟုန်ကို အခြေခံ၍ အစစ်အမှန် သိုင်းပညာနယ်ပယ် အဆင့် ၁ သို့ပြန်သွားရန် အချိန်အနည်းငယ်သာ လိုအပ်ပေလိမ့်မည်။
ထို့အပြင် ၎င်းသည်ထိုနေရာတွင် ရပ်တန့်နေမည်မဟုတ်ပေ။ ဝမ်ချောင်အတွက် အစစ်အမှန်သိုင်း ပညာနယ်ပယ်အဆင့် ၁ ၏အတားအဆီးကို ဖွင့်လှစ်ခြင်းသည် အစစ်အမှန်သိုင်းပညာနယ်ပယ်၏ အဆင့် ၁၊၂၊၃၊၄...၉ ကိုဖွင့်လှစ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
အနည်းဆုံး အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၉ အထွတ်အထိပ်ရောက်သည်အထိ သူဘာအတားအဆီးမှ တွေ့ကြုံလိမ့်မည်မဟုတ်ပေ။
ထို့အပြင်သူသည် အစစ်အမှန်သိုင်းပညာနယ်ပယ် နည်းစနစ်အတော်များများကို စတင်ကျင့်ကြံနိုင်ခဲ့သည်။
အရာအားလုံးသည် မယုံနိုင်စရာကောင်းလုနီးပါး ချောမွေ့မှုဖြင့်ဆက်သွားနေခဲ့ကြ၏။
"...ဝမ်းကွဲဘယ်လိုနေလဲသိချင်လိုက်တာ"
အကြောင်းတစ်ခုခုကြောင့် ဝမ်ချောင်သည်သူ့ဝမ်းကွဲအကိုဖြစ်သူ ဝမ်လျန်ကိုရုတ်တရက် သတိရလိုက်မိသည်။
ထိုကျွန်းများပေါ်တွင် ဆင်းသက်လာသော ကောင်းကင်ယံဥက္ကာခဲများကို ရှာဖွေရန်အတွက် ဝမ်ချောင်သည်ဝမ်လျန်အတွက် ရွှေပြားတစ်သန်းနီးပါးကိုလမ်းခင်းပေးခဲ့ရသည်။ အမျိုးအစားစုံသော သင်္ဘောများအများအပြားကို ဝယ်ယူခဲ့ သို့မဟုတ် ဆောက်လုပ်ခဲ့ပြီး၊ စစ်သည်များစွာကိုငှားရမ်းခဲ့ရသည်။ သူသည်ကလန်များမှ ကျွမ်းကျင်သူများကို လည်းစေလွှတ်ခဲ့သည်။
ထိုပမာဏသည် အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး အချိန်နှင့်စွမ်းအင် နှစ်ခုစလုံးအတွက် ကုန်ကျစရိတ်သည်လည်းကြီးမားလှသည်။ ဤသည်မှာ ဤစွန့်စားမှုကို ဝမ်ချောင် မည်မျှမြင့်မားစွာ ရှုမြင်ထားသလဲဆိုတာရဲ့ သက်သေပင်။
ဝမ်လျန်သည် သူ့ဝမ်းကွဲဖြစ်ပြီး ဝမ်ချောင်အမှန်တကယ် ယုံကြည်နိုင်သူတစ်ဦးလည်းဖြစ်၏။ထိုကျွန်းများ တစ်လျှောက်ပြန့်ကျဲနေသောဥက္ကာခဲများသည် ဝမ်ချောင်၏ကြီးကျယ်ခမ်းနားသော အစီအစဉ်တွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြပေသည်။
ထိုဥက္ကာခဲများသာမရှိလျှင် ဝမ်ချောင်၏အစီအစဉ်သည် မပြည့်မစုံဖြစ်သွားလိမ့်မည်ဖြစ်ကာ ကြီးမားစွာပင်ထိခိုက် သွားပေလိမ့်မည်။ သုံးလကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ ယေဘုယျကျကျပြောရပါက ရေကြောင်းခရီးသည်ချောမွေ့ပြီး သမုဒ္ဒရာလေကြောင်းများက မျက်နှာသာပေးခဲ့ပါက သူတို့သည်ထိုကျွန်းများသို့ ရောက်သွားခဲ့ပြီ ဖြစ်သင့်သည်။
"ဒီလောကကငါသိခဲ့တဲ့လောကနဲ့အရမ်းကွာခြားပေမယ့် တူညီတဲ့ရှုထောင့်တွေ အများကြီးရှိတယ်။ ဥပမာ စင်ဒူကထုတ်လုပ်တဲ့ကျောက်စိမ်းရိုင်း သံမဏိနဲ့ပင်လယ်ရပ်ခြားက ယင်းကျိုးရဲ့တည်ရှိမှုလို။ ကျောက်စိမ်းရိုင်းသံမဏိကို စင်ဒူမှာရှာဖွေတွေ့ရှိနိုင်ခဲ့ရင် အဲဒီကျွန်း တောင်တန်းတွေပေါ်မှာ ဥက္ကာခဲတွေကိုတွေ့ရှိနိုင်ခြေမြင့်မားတယ်... သူတို့အခုဘယ်လိုနေလဲ ငါသိချင်မိတယ်။"
ဝမ်ချောင်ကြမ်းပြင်ပေါ်တင်ပျဉ်ခွေထိုင်လျက် စိတ်ထဲမှပြောလိုက်၏။
ပင်လယ်ပြင်၏ရာသီဥတုသည် ရှုပ်ထွေးပြီးလှိုင်းလုံးကြီးများ၊ မုန်တိုင်းများ၊မိုးကြိုးများ၊ မိုးကြိုးတိမ်တိုက်များ... စသည့် အချက်များအများကြီး ပါဝင်နေကြသည်။ ထို့အပြင်အဆုံးမရှိသော သမုဒ္ဒရာတွင်စကားပြောရန် မှတ်တိုင်နေရာများမရှိကြပေ။
စာပို့ခိုပင်လျှင် ဤသို့သောနေရာမျိုးတွင် လမ်းပျောက်သွားရပေလိမ့်မည်။
သတင်းများပေးပို့ခြင်းသည်အလွန်ခက်ခဲ၏။ သူသည်ဝမ်လျန်ပြန်ရောက်လာသည်ကို စောင့်ရုံသာတတ်နိုင်သည်။
'အားလုံးအဆင်ပြေချောမွေ့မယ်လို့ငါမျှော်လင့်တယ်'
ဤအတွေးနှင့်အတူ ဝမ်ချောင်သည် မျက်လုံးများကိုမှိတ်လိုက်သည်။
လောလောဆယ်တွင်သူတတ်နိုင်သည့်အရာမှာ အလွန်အကန့်အသတ်ဖြစ်သည်။ သူတို့အားလုံးအဆင်ပြေကြစေဖို့ ဆုတောင်းရင်းတိတ်တဆိတ်စောင့်နေရုံသာ သူတတ်နိုင်သည်။
ဝေါ
လေပြင်းတိုက်ခတ်သွားခဲ့ပြီး ဝိညာဉ်သွေးကြောသည် လျင်မြန်စွာတိတ်ဆိတ်သွားခဲ့သည်။
****
"ကျောက်တန်း၊ကျောက်တန်း၊ အဲဒီရေအောက်သန္တာကျောက်တန်းကိုသတိထား။"
"ပဲ့ထိန်းဘယ်ဘက်ကိုမြန်မြန်"
"ရွက်တိုင်ပေါ်ကကြိုးတွေကိုတင်းတင်းချည်ပြီးရွက်ကိုတစ်ဝက်လောက်လျှော့ချလိုက်မြန်မြန်။"
"လူတိုင်းကြိုးတစ်ချောင်းကိုမြဲမြဲကိုင်ထားကြ။"
"မြန်မြန်လုပ်လှိုင်းလုံးကြီးလာနေပြီ၊ဂရုစိုက်။"
****
ဘုန်းးး
နားအူမတတ်ကျယ်လောင်သောအသံနှင့်အတူ ကျန့်ဒါဇင်များစွာမြင့်သောလှိုင်းလုံးကြီးသည် သူတို့၏ခေါင်းပေါ်သို့ပြိုကျသွားခဲ့သည်။ အက်ကွဲသံနှင့်အတူ ရွက်တိုင်တစ်ခုကျိုးပဲ့သွားခဲ့ကာ သင်္ဘောသားခုနစ်ဦး သို့မဟုတ် ရှစ်ဦးနှင့်အတူ ထိုလှေကိုဆွဲမြိုသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ဤသင်္ဘောသားများလှိုင်းလုံးများထဲ ပျောက်သွားခဲ့ကာ သူတို့အသံများ ပျောက်ကွယ်မသွားမီ ဟစ်အော်ရန်အချိန်သာရှိခဲ့သည်။
ကျုံးးး
ကောင်းကင်တွင်မိုးကြိုးတိမ်တိုက်များ ထူထပ်နေခဲ့ကာလျှပ်စီးလင်းလက်နေ၏။ မိုးသည်းထန်စွာရွာ သွန်းနေခဲ့ကာ ကောင်းကင်နှင့်မြေကြီးကြား ကွက်လပ်ကိုမိုးရေစီးကြောင်းများဖြင့် ဆက်သွယ်နေစေသည်။ လှေတစ်စင်း၏ ပင်မရွက်တိုင်ပေါ်တွင် ဝမ်လျန်းသည်စိတ်ထဲတွင် ဝမ်းမြောက်သွားခဲ့ကာ ပင့်သက်ရှိုက်လိုက်မိသည်။
"... နောက်ထပ်ဘေးဆိုးတစ်ခုကိုရှောင်ရှားလိုက်ပြီ"
ဝမ်လျန်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး သူ့ညီဝမ်းကွဲဝမ်ချောင်၏ တိုက်တွန်းချက်များနှင့် အကြံဉာဏ်များကို နားထောင်မိခဲ့သည့်အတွက် ရုတ်တရက် ဝမ်းသာသွားခဲ့သည်။ ဤအမျိုးမျိုးသောသင်္ဘောများကို ကုန်ကျစရိတ်များစွာတိုးလာစေသော်လည်း အခိုင်ခံ့ဆုံးသစ်သားဖြင့် တည်ဆောက်ထားခဲ့သည်။
သို့သော်တစ်ကြိမ်ပြီးတစ်ကြိမ် ဤလှေများသည်ဧရာမလှိုင်းများကိုခုခံနိုင်ခဲ့သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် သူတို့သည် သူတို့၏ အသက်များကိုကယ်တင်ခဲ့ကြသည်။
သူတွေ့ကြုံခဲ့ရသမျှသည် ဤရင်းနှီးမြှုပ်နှံမှုက လုံးဝမှန်ကန်ကြောင်း သက်သေပြနေခဲ့ပေ၏။
***************************
အပိုင်း ၃၉၈
ဝမ်လျန် ပျော်ရွှင်စွာ ငိုကြွေးခြင်း
ဂျိန်းး
နက်မှောင်သောတိမ်တိုက်များမှ နောက်ထပ် မိုးကြိုးတစ်စင်းသည် ထိုးဆင်းလာခဲ့ပြီး ဝမ်လျန်အား လန့်နိုးသွားစေခဲ့သည်။ ဘေးဆိုးကို ယခုလေးတင်ရှောင်ရှားလိုက်သော်လည်း ဝမ်လျန်ပျော်ရွှင်ရန် အချိန်မရှိခဲ့ပေ။ သူ အလျင်အမြန်အမိန့်များကို ထုတ်ပြန်လိုက်၏။
"လမ်းကြောင်းပြောင်း"
"သင်္ဘောရွက်တစ်ခုကလွဲရင် အားလုံးကို လိပ်လိုက်။"
"ပဲ့ထိန်း ရှေ့က အခြေအနေကို စောင့်ကြည့်။"
"သင်္ဘောသားအားလုံး မင်းတို့ရဲ့နေရာတွေကို တာဝန်ယူကြ။ မင်းတို့ရှင်သန်နိုင်မလားဆိုတာ မင်းတို့ရဲ့ကံပေါ်မှာပဲမူတည်လိမ့်မယ်။"
***
ကြိုးကွင်းတစ်ခုပြီးတစ်ခုသည် ဝမ်လျန်အား ပင်မရွက်တိုင်တွင် ခိုင်မြဲစွာ ချည်နှောင်ထားကြသည်။ အတိအကျပြောရလျှင် ဤရွှဲရွှဲစိုနေသည့် ကြိုးများကြောင့် ဝမ်လျန်သည် မုန်တိုင်းတွင် သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့ပြီး အမိန့်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်က ငယ်ရွယ်နုပျိုခဲ့သော လူငယ်လေးသည် ယခုအခါတွင် နေလောင်ဒဏ်ခံထားရသည့် ကပ္ပတိန်ဖြစ်လာခဲ့၏။ လွန်ခဲ့သည့် လေးလမှ ငါးလအတွင်း သူတွေ့ကြုံခဲ့ရသည့်အရာများကို ဝမ်လျန်ကိုယ်တိုင်သာ သိပေသည်။
သူတို့၏ မူလလူအရေအတွက်တွင် သုံးပုံတစ်ပုံအောက်သာ ရှင်ကျန်ရစ်ခဲ့သည်။ ဝမ်ကလန်၏ အစောင့်များနှင့် သူ့အဖေ စေလွှတ်လိုက်သော အစောင့်အကြပ် အနည်းငယ်ပင် သေဆုံးသွားခဲ့ကြသည်။
မုန်တိုင်းများ၊ ရန်ပွဲများ၊ လျှို့ဝှက်အကြံအစည်များ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ မေးခွန်းများ၊ သဘောထားကွဲလွဲမှုများ၊ ဆာလောင်မှုများနှင့် သူ့ကိုရာထူးကဆင်းပေးရန် ကြိုးပမ်းမှုများ... သူတို့ အကြိမ်မည်မျှ ဖြစ်ပွားသွားခဲ့သည်ကို ဝမ်လျန် မရေမတွက်နိုင်တော့ပေ။
ဝမ်လျန်သည် ဤမကြုံစဖူးသော အန္တရာယ်ခရီးတွင် တစ်ကြိမ်ပြီးတစ်ကြိမ် အသက်ရှင်လျက် သီသီကလေး လွတ်မြောက်လာခဲ့သည်။
ယခုအချိန်တွင် ဆိပ်ကမ်းမှ ပထမဆုံးထွက်ခွာလာချိန်၌ သူ့တွင် ရှိခဲ့သော ထိုယုံကြည်မှုနှင့် မိမိကိုယ်ကို ကျေနပ်ရောင့်ရဲမှုတို့ကို ငြိမ်သက်မှုနှင့် မထူးခြားခြင်းအဖြစ်သို့ လှိုင်းလုံးများက တိုက်စားသွားခဲ့ကြသည်။
သူတို့ထွက်ခွာလာသောအခါ သူသည် ရွက်လွှင့်ခြင်းနှင့်ပတ်သက်၍ အခြေခံအားဖြင့် နလပိန်းတုံးဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူသည် သင်္ဘောတစ်ခုလုံးတွင် အတွေ့အကြုံအရှိဆုံး ကပ္ပတိန်ဖြစ်လာခဲ့သည်။
သာမာန်လူတစ်ယောက်အတွက် လေးငါးလမျှသာ ပြီးမြောက်အောင်မြင်လာခြင်းသည် သူတို့၏ ဘဝတစ်လျှောက်လုံး ဂုဏ်ယူဝင့်ကြွားထိုက်သော အရာတစ်ခုဖြစ်သည်။
သို့သော် ဝမ်လျန်သည်တော့ ထိုသို့ မထင်ခဲ့ပေ။
ဘဝသည် ဤလူကို သွေးခဲ့ပြီး ဤလူကို ဖြစ်စေခဲ့သည်။ သူ၏ တစ်ခုတည်းသော အားသာချက်မှာ အိပ်ချိန်နှင့် စားချိန်ကိုပင် ဘေးဖယ်ထားပြီး စဉ်ဆက်မပြတ် လေ့လာခြင်း ဖြစ်သည်။
ပဲ့ထိန်းမှ သင်္ဘောသားအထိ သင်္ဘောသားအားလုံးတို့သည် လေ့လာသင်ယူရာတွင် သူ့ပြိုင်ဘက်များဖြစ်ကြသည်။
"သတိထား ဒုတိယလှိုင်း လာနေပြီ"
"သတိထား"
***
သူသည် ဘေးဆိုးကြီးတစ်ခုမှ ရှောင်လွှဲနိုင်ခဲ့သော်ငြားလည်း ဘေးဆိုးကြီးက မပြီးသေးပေ။ မိခင်သဘာဝတရား၏ စွမ်းအားရှေ့တွင် လူသားများ၏ စွမ်းရည်များသည် အသေးအဖွဲ့မျှဖြစ်ကြသည်။ လူတစ်ယောက်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူဖြစ်စေ၊ နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူဖြစ်စေ သို့မဟုတ် သာမန်သင်္ဘောသားဖြစ်ပါစေ အားလုံးတို့သည် လောက၏ အကန့်အသတ်မရှိသော စွမ်းအားများရှေ့တွင် အတူတူပင်ဖြစ်ကြသည်။
မိခင်သဘာဝတရားကြီး၏ စွမ်းအားများရှေ့တွင် လူသားများအားလုံးတို့သည် ပုရွက်ဆိတ်လေးများသာ ဖြစ်ကြပေသည်။
တစ်ယောက်သည် သင်္ဘောပေါ်မှ ပြုတ်ကျပြီး အဆုံးမရှိသော သမုဒ္ဒရာထဲသို့ ပြုတ်ကျသွားသည်နှင့် နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးသည်ပင် သေဆုံးသွားနိုင်သည်။
ရှင်သန်ရန်အတွက် လူတိုင်းသည် တစ်စိတ်တစ်ဝမ်းတည်းနှင့် တူညီသော ရည်ရွယ်ချက် တစ်ခုတည်းအတွက် တူညီသော လှေတစ်စင်းပေါ်တွင် သမုဒ္ဒရာကို ဖြတ်ကျော်ရန် လိုအပ်ပေသည်။ သို့သော်...
ဝမ်လျန်သည် သူ့ရှေ့ရှိ အဆုံးမရှိသော သဘာဝ၏ စွမ်းအားကို မစိုးရိမ်ဘဲ လူသားများ၏ နားမလည်နိုင်သော၊ ခန့်မှန်းရခက်သော စိတ်များကို စိုးရိမ်ပေသည်။
ဤလေးငါးလအတွင်းတွင် သူတို့သည် သမုဒ္ဒရာကိုဖြတ်ကျော်ကာ ကျွန်းတစ်ကျွန်းပြီး တကျွန်းပေါ်သို့ တက်ရောက်ခဲ့ကြပြီး အကြိမ်တိုင်းတွင် စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်လာခဲ့ကြရသည်။ ဤကျွန်းများတွင် ဝမ်လျန်သည် ဝမ်ချောင်ပြောခဲ့သော ထိုဥက္ကာခဲများကို မတွေ့ခဲ့ရပေ။
ရတနာအတွက် ကနဦးယုံကြည်မှုနှင့် မျှော်လင့်ခြင်းမှ စိတ်ပျက်ခြင်း၊ သံသယများနှင့် ရာထူးမှဆင်းရန် တောင်းဆိုမှုများအထိ... ရေယာဉ်စုရှိ အဆင့်မြင့်အရာရှိအချို့အတွက် ဥက္ကာခဲများ၏လျှို့ဝှက်ချက်သည် လျှို့ဝှက်ချက်မဟုတ်တော့ပေ။
သို့သော် လူတိုင်းတွင် သံသယများရှိခဲ့ကြပေ၏။
ဝမ်ကလန်အစောင့်များ၏ စိတ်နှလုံးသားများသည်ပင် ယိမ်းယိုင်လာခဲ့ကြပြီး သူ့ပြိုင်ဘက်များဘက်သို့ ဆွဲဆောင်ခံလိုက်ရသည်။
ပင်လယ်ကို ဖြတ်ကျော်ကာ ပြည်ပကို လုံးဝမရောက်ခဲ့ဖူးသည့် လူတစ်ယောက်က ဤနေရာများတွင် ဥက္ကာခဲများ ရှိနေသည်ကို မည်သို့ သိနိုင်မည်နည်း။
အကယ်၍ ဤဥက္ကာခဲများ တည်ရှိနေပါက ပင်လယ်ပြင်ရှိ အခြားသော တံငါသည်များသည် အဘယ်ကြောင့် ၎င်းတို့အား ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ရပါသနည်း။
အချုပ်အားဖြင့်ဆိုရသော် ဤအရာသည် အဓိပ္ပါယ်မဲ့သော ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာဖြစ်သည်။
ဝမ်ချောင်အပေါ် သံသယ၊ ဝမ်လျန်အပေါ် သံသယ၊ ဤခရီး၏ ပန်းတိုင်အပေါ် သံသယတို့သည် လုံးဝ မရပ်တန့်ခဲ့ပေ။ ထို့အပြင် သင်္ဘောသားများ များစွာ သေဆုံးလာသည်နှင့်အမျှ သံသယများ တိုးပွားလာခဲ့၏။
ဝမ်လျန်၏ ကပ္ပတိန်ရာထူးသည် မယုံနိုင်လောက်အောင်ပင် မသေချာတော့ပေ။
အခြားသော ကျရှုံးမှု သို့မဟုတ် ရလဒ်များ အနှုတ်လက္ခဏာပြခြင်းက သူ့အား အခြားသူများနည်းတူ ကံကြမ္မာကို ပေးစွမ်းလိမ့်မည်ကို ဝမ်လျန် သိထားပြီးဖြစ်သည်။ သမုဒ္ဒရာထဲရှိ ငါးများအတွက် အစာဖြစ်လာခြင်း။
ဘုန်းးး
ထိုလှိုင်းလုံးကြီး ပြိုကျလာခဲ့ကာ ဝမ်လျန်၏ အတွေးရထားကို ချိုးဖျက်လိုက်ပြီး သင်္ဘောအုပ်စု၏ ငြိမ်သက်မှုကို ချိုးဖျက်လိုက်သည်။ နောက်ထပ် အော်ဟစ်သံများစွာ ထွက်ပေါ်လာခဲ့ကြပြီးနောက် နောက်ထပ် လူများစွာကို ကုန်းပတ်ပေါ်မှ ပင်လယ်ထဲသို့ မျောပါသွားစေခဲ့သည်။
ဘုန်းးး
အမိန့်အသစ်ထုတ်ပြန်ပြီး ရေယာဉ်စုကို ချိန်ညှိရန် သူ့ကိုယ်သူ ပြင်ဆင်နေချိန်တွင် ဝမ်လျန်၏ ပါးစပ်ဟသွားခဲ့သည်။ သို့သော် ထိုအချိန်တွင် မမြင်နိုင်သော ဧရာမလက်ကြီးသည် သင်္ဘောအောက်ခြေကို ပုတ်လိုက်သကဲ့သို့ မယုံနိုင်လောက်အောင် ဘုန်းခနဲမြည်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝမ်လျန်သည် သူ့အသားတစ်ဝိုက်တွင် ကြိုးများ တင်းကျပ်လာနေသကဲ့သို့ ရင်ဘတ်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုကြီးမားလှသော ခွန်အားကြောင့် သူ့ကိုယ်တွင်းအင်္ဂါများ အားလုံး တုန်ခါသွားသကဲ့သို့ သူ ခံစားလိုက်ရ၏။
"မကောင်းတော့ဘူး၊ သင်္ဘောက သန္တာကျောက်တန်းတစ်ခုကို တိုက်မိသွားတယ်။"
လျှပ်စီးများနှင့် မိုးခြိမ်းသံများကြားတွင် ထိတ်လန့်တုန်လှုပ်နေသည့်အသံကို ကြားရနိုင်သည်။ ဤသည်မှာ ဝမ်လျန်၏ အမြင်အာရုံများ မှောင်မိုက်သွားချိန်တွင် နောက်ဆုံးကြားလိုက်ရသော အရာဖြစ်သည်။
***
ဖလက်ရှ်
လှိုင်းလုံးကြီးများ၏ ရိုက်ခတ်နေသံက သူ့အသိစိတ်ထဲသို့ တဖြည်းဖြည်း တိုးဝင်လာ၏။ မျက်စိတမှိတ် သို့မဟုတ် အနှစ်တစ်သောင်းလောက်ကြာသွားပုံရပြီးနောက်မှ ဝမ်လျန် နိုးထလာခဲ့သည်။
သမုဒ္ဒရာရေက သူ့ခန္ဓာကိုယ်ပေါ် ဖြည်းညှင်းစွာ ရိုက်ခတ်နေကာ တဟုန်ထိုးလှိုင်းတက်လာနေပြီး ဆုတ်ခွာသွားနေကြသည်။ သေးငယ်သော သတ္တဝါတစ်ကောင်က သူ့ခန္ဓာကိုယ်ပေါ်တွင် တွားသွားနေပုံရ၏။
ဝမ်လျန်သည် နာနာကျင်ကျင် ချောင်းအနည်းငယ်ဆိုးလိုက်ပြီးနောက် စိုစွတ်နေသော သဲနှင့် ရေတစ်လုတ်ကို အန်ထုတ်လိုက်သည်။ သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ အပြာရောင်ပင်လယ်ပြင်နှင့် ကမ်းခြေတစ်ခုက သူ့ကို နှုတ်ဆက်နေခဲ့ကြသည်။
လက်သည်းခွံအရွယ်လောက်ရှိသည့် ကဏန်းသေးသေးလေးများက သူ့လက်နှင့် ခန္ဓာကိုယ်ပေါ်ကို တွယ်တက်နေကြသည်။
"...ငါ ဒီကို ဘယ်လိုရောက်လာတာလဲ"
သူ့ရင်ဘတ်သည် ပြင်းထန်စွာ နာကျင်နေပြီး ဦးခေါင်းက ရောင်ရမ်းနေ၏။ ဝမ်လျန်သည် ဤနေရာသို့ သူ မည်သို့ရောက်လာခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။
သူ့နောက်ဆုံးမှတ်ဥာဏ်မှာ သင်္ဘောသည် သန္တာကျောက်တန်းတစ်ခုကို တိုက်မိသွားပုံရပြီး သူ့ကို လွှင့်ထွက်သွားစေခဲ့ခြင်းပင်။
"ငါ သင်္ဘောပေါ်ကနေ လွှင့်ထွက်လာခဲ့တာလား။"
ဝမ်လျန်သည် ရုတ်တရက် ထိတ်လန့်သွားပြီး သူ့နှလုံးသားထဲသို့ အကြောက်တရားက တိုးဝင်လာ၏။ ကျယ်ပြောလှသော ဤသမုဒ္ဒရာတွင် သင်္ဘောမရှိခြင်းက သေခြင်းတရားကိုသာ စောင့်ဆိုင်းနေရမည်ဟု ဆိုလိုပေသည်။
သူသည် မြေပြင်ပေါ်မှ ထရန် ကြိုးစားလိုက်ကာ ချက်ချင်းပင် ထုံကျင်သွားခဲ့သည်။
ကျန့်ရာအတော်ဝေးဝေးတွင် ဧရာမသင်္ဘောကြီးတစ်စင်းသည် ဖြောင့်မတ်သော ကျောက်ထရံတစ်ခုကို တိုက်မိနေခဲ့သည်။ ထိုကျောက်ထရံကို မှီနေခဲ့ကာ သင်္ဘောသည် တစ်ဝက်ခန့်နစ်မြုပ်နေပြီး အနည်းငယ်မျှရွေ့လျားခြင်းမရှိပေ။
"ဒါက..."
ဝမ်လျန် လုံးဝ အေးခဲသွားခဲ့၏။ သင်္ဘော သောင်တင်နေခဲ့ခြင်းက သူတို့သည် မနေ့ညက ပုန်းကွယ်နေသည့် သန္တာကျောက်တန်းအချို့ကို မတိုက်မိဘဲ ကျောက်ကမ်းပါးတစ်ခုကို တိုက်မိသွားသည်ဟု ဆိုလိုနေသည်လော။
ဝမ်လျန် စကားပင် မပြောနိုင်တော့ပေ။
သင်္ဘောသည် ပျောက်ကွယ်မသွားခဲ့သလို သူသည်လည်း ပစ်ထားခံခဲ့ရခြင်းမဟုတ်တော့ပေ။ ဤသည်မှာ ပျော်ရွှင်ရန် ထိုက်တန်သော်လည်း သင်္ဘောသည်တော့ သောင်တင်နေခဲ့တုန်းပင်။
ကံကောင်းထောက်မစွာဖြင့် သင်္ဘောသည် နစ်မြုပ်မသွားခဲ့ပေ။ သင်္ဘောကိုယ်ထည်ရှိ ယိုစိမ့်မှုများကို ပြုပြင်ပြီးသည်နှင့် သင်္ဘောသည် ၎င်း၏ ခရီးကို ဆက်သွားနိုင်ပေသည်။
လောလောဆယ် သူ့အတွေးများကို ဖယ်ထားလိုက်ကာ ဝမ်လျန် ကျွန်းပေါ်သို့ ခက်ခက်ခဲခဲ လျှောက်လာခဲ့၏။ သူ့လက်ရှိဦးစားပေးအရာမှာ အခြားအဖွဲ့သားများကို ရှာဖွေရန်ဖြစ်သည်။
သင်္ဘောသည် ဤနေရာတွင် သောင်တင်နေခဲ့သောကြောင့် အခြားသင်္ဘောသားများသည် အနီးအနားတွင် ဖြစ်ရပေမည်။
ကျွန်းပေါ်သို့ လမ်းလျှောက်လာရင်း ဝမ်လျန်သည် သူလွှင့်စင်လာခဲ့သည့် ဤနေရာကို စတင်အကဲခတ်လိုက်သည်။ ဤကျွန်းသည် တစ်ခုတည်းသောကျွန်းဖြစ်ပြီး လူသူ ကင်းမဲ့သောကျွန်းဖြစ်သည်။ လူနှစ်ရပ် သုံးရပ်ခန့်မြင့်မားသော ထူးဆန်းသည့် ကျောက်တုံးများက ကျွန်းတစ်ခွင်တွင် ထောင်မတ်နေခဲ့ကြကာ ထူးဆန်းသော ကျောက်တုံး သစ်တောတစ်ခုဖြစ်နေစေသည်။
၎င်းသည် ထင်ယောင်ထင်မှားဖြစ်နိုင်သော်လည်း သူ့အပေါ် နေရောင်ခြည် ကျရောက်လာသောအခါ ဝမ်လျန်သည် ထိုကျောက်တုံးများ၏ ထိပ်ဖျားများတွင် သတ္တုရောင်တောက်ပနေသကဲ့သို့ ခံစားလိုက်ရသည်။
မဟုတ်ပေ၊ ၎င်းက ထင်ယောင်ထင်မှားတစ်ခု မဟုတ်ပေ။
သူ့အကြည့်က အနီးနားရှိ ကျောက်တုံးအချို့ကို ဖြတ်သန်းသွားချိန်တွင် ဝမ်လျန်သည် သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုဖြင့် တသိမ့်သိမ့်တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤထူးဆန်းသောကျောက်တုံးများ၏ ကွက်ကြားမျက်နှာပြင်အောက်တွင် သူမျှော်လင့်ထားသည့် အညိုရောင်ကျောက်များမဟုတ်ခဲ့ဘဲ သတ္တု၏တောက်ပြောင်မှုဖြစ်သည်။
ဤသည်မှာ သတ္တုနှင့်ဆိုင်သော သတ္တုရိုင်းများရှိ တောက်ပမှုဖြစ်သည်။
ဝမ်လျန်သည် ဤစွန့်စားမှုအတွက် ဤအရာများကို အထူးတလည် သုတေသနပြုထားသောကြောင့် သူသည် သတ္တုရိုင်းများ၏ အရောင်အသွေးနှင့် အသွင်အပြင်ကို မယုံနိုင်လောက်အောင် ရင်းနှီးနေခဲ့ပြီဖြစ်သည်။
"ဖြစ်နိုင်တာက..."
သူ့စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီး ဝမ်လျန်သည် စိတ်လှုပ်ရှားမှုများ လှိုက်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ဝမ်လျန်သည် ပေါ့ပေါ့တန်တန် မပြုမူခဲ့ပေ။ အားထုတ်မှုများစွာပြီးနောက် မျှော်လင့်ခြင်းမှ စိတ်ပျက်ခြင်း ထို့နောက် မျှော်လင့်ခြင်း ထို့နောက် စိတ်ပျက်ခြင်း...
ဝမ်လျန် ၎င်းကို ကျင့်သားရနေခဲ့ပြီဖြစ်၏။
၎င်းတို့သည် ဝမ်ချောင်ပြောခဲ့သည့် ဥက္ကာခဲသတ္တု မဟုတ်ဘဲ သတ္တုရိုင်းများသာ ဖြစ်ခဲ့ကြသည်။ ဤခရီးတွင် သူသည် သတ္တုရိုင်းများနှင့် တွေ့ကြုံခဲ့ရသော်လည်း ၎င်းတို့သည် အရည်အသွေး အမျိုးမျိုးရှိသော သံမဏိရိုင်းများ သို့မဟုတ် ကြေးနီသတ္တုရိုင်းများဖြစ်ခဲ့ကြသည်။
ဤအမျိုးမျိုးသောအရာသည် ဝမ်လျန်၏ မိုးကုတ်စက်ဝိုင်းကို ကျယ်ပြန့်စေခဲ့သည်။ သို့သော် ဤနေရာသည် ပြည်မကြီးနှင့် ဝေးကွာလွန်းသဖြင့် ဤသတ္တုရိုင်းများကို အကြီးစား ထုတ်ယူခြင်းမှာ အလွန်အကျိုးအမြတ်မရှိသော ခရီးရှည်ကြီးကို လိုအပ်ပေသည်။
သူ့ရှေ့ရှိ သတ္တုရိုင်းက ထိုသို့သော အမျိုးအစားဖြစ်ခဲ့ပါက ၎င်းသည် တန်ဖိုးမရှိတော့ပေ။
"ငါမျှော်လင့်တယ်၊ ငါရှာနေတဲ့ သတ္တုရိုင်းအမျိုးအစားဖြစ်မယ်လို့ မျှော်လင့်တယ်..."
ဝမ်လျန် သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး သူ့စိတ်နှလုံးက ပူပန်နေခဲ့၏။
သူ ဆက်မသွားနိုင်တော့သည်ကို သူသိပေသည်။ သူ ဆန္ဒမရှိခြင်းမဟုတ်သော်လည်း ဤအခြေအနေများအောက်တွင် ရေယာဉ်စုသည် ဆက်မသွားနိုင်တော့ပေ။
ရလဒ်များ သို့မဟုတ် ရိတ်သိမ်းမှုများ မရှိခဲ့ပေ။ သူတို့၏ စိတ်ဓာတ်များ ကျနေခဲ့ကြပြီ သူတို့၏ ရိက္ခာများနှင့် ရေများသည်လည်း ကုန်သွားခဲ့ပြီဖြစ်သည်။ သူတို့၏ ခိုင်ခံ့သော သင်္ဘောများပင်လျှင် ကြီးမားသော ပျက်စီးမှုများ ရရှိခဲ့ကြသည်။
အခွင့်အရေးများ အများကြီးမကျန်တော့မည်ကို သူ စိုးရိမ်မိပေသည်။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ငြိမ်သက်သွားခဲ့၏။ နောက်ဆုံးတွင် ဝမ်လျန်သည် ကျောက်စိမ်းရိုင်းသံမဏိဓားကို သူ့နောက်ကျောမှ ဆွဲထုတ်လိုက်သည်။
ဝမ်ချောင်သည် ခရီးမထွက်မီ ၎င်းကို သူ့အား လက်ဆောင်ပေးခဲ့သည်။
ဥက္ကာခဲသတ္ထုသည် ၎င်း၏တောက်ပမှုကြောင့် အခြားသတ္တုများနှင့် ခွဲခြားနိုင်မည်မဟုတ်ဘဲ ဝမ်လျန်သည် သေချာပေါက် သတ္တုများကို တစ်ချက်ကြည့်ရုံမျှဖြင့် ခွဲခြားနိုင်သော ပန်းပဲဆရာမဟုတ်ပေ။
သို့သော် ဝမ်ချောင်က သူ့ကို အရိုးရှင်းဆုံး နည်းလမ်းများကို သင်ပေးခဲ့၏။
အကယ်၍ ကျောက်စိမ်းရိုင်းသံမဏိဓားသည် တိတိရိရိ သို့မဟုတ် ပေပေါင်းများစွာ နက်ရှိုင်းစွာ ဖြတ်တောက်နိုင်ခဲ့ပါက ၎င်းသည် သာမန်နှင့် တန်ဖိုးမရှိသော သတ္တုရိုင်းများသာဖြစ်ကြသည်။
သို့သော် အကယ်၍ ၎င်းက ကျောက်စိမ်းရိုင်းသံမဏိဓား၏ ခုတ်ချက်များကို ပိတ်ဆို့နိုင်ခဲ့လျှင် သို့မဟုတ် ကျောက်စိမ်းရိုင်းသံမဏိဓားသည် ၎င်းကို တိမ်ပါးစွာ ခုတ်နိုင်ခဲ့လျှင် ဤသတ္တုသည် မေးနေစရာမလိုဘဲ ဥက္ကာခဲသတ္ထုဖြစ်ပေလိမ့်မည်။
ဤသည်မှာ သတ္တုသည် ဥက္ကာခဲသတ္ထုဟုတ်မဟုတ်ဆိုသည်ကို အရိုးရှင်းဆုံး အကဲဖြတ်သည့် နည်းလမ်းဖြစ်သည်။
အကယ်၍ ဤသတ္တုသည် ကျောက်စိမ်းရိုင်းသံမဏိဓား၏ ခုတ်ချက်များကို ပိတ်ဆို့နိုင်ခဲ့ပါက ၎င်းသည် ဥက္ကာခဲသတ္တုမဟုတ်ခဲ့လျှင်ပင် ဤသတ္တု၏အရည်အသွေးသည် ဥက္ကာခဲသတ္တုနှင့် အလွန်နီးစပ်နေသေးသည်။
နေရောင်အောက်တွင် အေးစက်သော အလင်းရောင်တစ်ခု ပေါ်လာခဲ့၏။ ဝမ်လျန်၏ စိုးရိမ်ပူပန်နေသော အတွေးများကို သယ်ဆောင်ထားလျက် ဓားသည် ထူးဆန်းပြီး ကြမ်းတမ်းသော ကျောက်တုံးကြီး၏ အစိတ်အပိုင်းတစ်ခုကို ခုတ်ထစ်ပစ်လိုက်သည်။
ခဏတာမျှသာဖြစ်သော်လည်း ဤအခိုက်အတန့်သည် ဝမ်လျန်၏မျက်လုံးများတွင် ထာဝရရှည်ကြာနေပုံရသည်။
ကလင်
သူ့လက်ထဲရှိ ကျောက်စိမ်းရိုင်းသံမဏိဓားက နောက်ထပ်မဖြတ်နိုင်တော့ဘဲ ထိုကျောက်တုံးထဲသို့ လက်မဝက်သာ နစ်မြုပ်သွားသည်ကို သူမြင်လိုက်ရသောအခါ ဝမ်လျန် ကြက်သေသေသွားခဲ့၏။
ကမ္ဘာပေါ်ရှိ အသံအားလုံး ပျောက်ကွယ်သွားပုံရသည်။ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး အချိန်က တခဏမျှ ရပ်တန့်သွားသကဲ့သို့ပင်။
လက်မဝက်၊ လက်မဝက်...
ဝမ်လျန် အသက်ရှူရပ်သွားပုံရ၏။
ကလင် ကလင် ကလင် ကလင်
ဝမ်လျန်သည် ရူးသွပ်သွားပုံရပြီး သူ့ကျောက်စိမ်းရိုင်းသံမဏိဓားကို ထိုကျောက်တုံးပေါ် အရူးအမူး ခုတ်ချလိုက်ကာ သူ့မျက်လုံးများ နီရဲလာခဲ့သည်။
လက်မဝက်၊ လက်မဝက်၊ လက်မဝက်၊ လက်မဝက်...
အပေါ်မှအောက်ခြေအထိ ဝမ်လျန်၏ ကျောက်စိမ်းရိုင်းသံမဏိဓားသည် ထိုကျောက်တုံး၏ အစိတ်အပိုင်းတိုင်းကို တစ်ချက်ပြီးတစ်ချက် ခုတ်ဖြတ်သွားခဲ့သည်။ သို့သော် ခြွင်းချက်မရှိဘဲ ဤခုတ်ချက်များသည် လက်မဝက်မျှသာ နက်ပြီး တစ်ခါတစ်ရံတွင်နည်းပင် နည်းပါးသေး၏။
ရွှံ့ကဲ့သို့ သံမဏိကိုဖြတ်တောက်နိုင်သည့် မယုံနိုင်လောက်အောင် ခိုင်ခံ့သော ကျောက်စိမ်းရိုင်း သံမဏိဓားသည် ဤထူးဆန်းသော ကျောက်မျက်နှာပြင်အတွင်းသို့ လက်မဝက်ခန့်သာ ဖြတ်တောက်နိုင်ခဲ့သည်။
ဂျစ်ဂျစ်
လှုံ့ဆော်ခံလိုက်ရသကဲ့သို့ မျက်လုံးနီရဲနေသော ဝမ်လျန်သည် ရုတ်တရက် ကျောက်တုံးမျက်နှာပြင်ကို ခြစ်ထုတ်ပစ်လိုက်သည်။ တောက်ပြောင်သော အနက်ရောင်၊ တောက်ပြောင်သော အနက်ရောင်၊ ၎င်းတို့အားလုံးသည် တောက်ပြောင်သော အနက်ရောင်ဖြစ်ကြသည်။
ဤထူးဆန်းသောကျောက်တုံးကြီး၏ အညိုရောင်ကျောက်မျက်နှာပြင်ကို ခြစ်ထုတ်လိုက်ရာ အောက်ခြေတွင် တောက်ပြောင်သော အနက်ရောင်သတ္တုများဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
ကလင်
ဝမ်လျန် သူ့ဓားကို လွှင့်ပစ်လိုက်ကာ သူ့မျက်လုံးများက လုံးဝ နီရဲနေခဲ့၏။ သူ့လက်ကို ကောင်းကင်ထက်သို့ မြှောက်လိုက်ပြီး ရယ်မောလိုက်သည်။
"ဟားဟား၊ အောင်မြင်ပြီ၊ ငါအောင်မြင်သွားပြီ။"
"နောက်ဆုံးတော့ ဥက္ကာခဲတွေကို ငါရှာတွေ့ပြီ။"
"ဟားဟား..."
****
ဤအချိန်တွင် ဝမ်လျန်၏ အသံကို ကျွန်းတစ်ခွင်လုံး ကြားနိုင်ပေ၏။ သူ စတင်ငိုကြွေးလိုက်ကာ ခက်ခက်ခဲခဲရယ်မောလိုက်သည်။
မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများနှင့် စိန်ခေါ်မှုများအားလုံးပြီးနောက် ပွတ်ကာသီကာ လွတ်မြောက်မှုအားလုံးပြီးနောက် ဝမ်ချောင်ပြောခဲ့သည့် ဥက္ကာခဲများကို နောက်ဆုံးတွင် သူ ရှာတွေ့သွားခဲ့သည်။
သူသည် နောက်ဆုံးတွင် သူ့ကိုယ်သူ သာလွန်သွားခဲ့ပြီး အမှန်တကယ် စိတ်ကူးမယဉ်နိုင်သောအရာကို ပြီးမြောက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ကျခဲ့ရသော သွေးများနှင့်မျက်ရည်များအားလုံးတို့သည် နောက်ဆုံးတွင် ထိုက်တန်သွားကြပြီဖြစ်သည်။
****************************
အပိုင်း ၃၉၉ ကျင့်ကြံမှုပြန်လည်ကောင်းမွန်လာခြင်း
ဝမ်လျန်၏ ရယ်သံသည် ကျွန်းတစ်ခုလုံးကို အံ့အားသင့်သွားစေသည်။ တဖြည်းဖြည်းချင်း ပုံရိပ်တစ်ခုပြီးတစ်ခု ကျောက်တုံးသစ်တောထဲတွင် စတင်ပေါ်ထွက်လာခဲ့ကြသည်။ ဤကျွန်းပေါ်ရှိ ကမ်းပေါ်သို့ မျောပါလာခဲ့သော သင်္ဘောသားများအားလုံးတို့သည် ဝမ်လျန်၏ရယ်သံကြောင့် အံ့ဩသွားခဲ့ကြသည်။ သူတို့ စတင်လျှောက်လာခဲ့ကြကာ ရှုပ်ယှက်ခတ်သော အကြည့်များဖြင့် သူတို့၏ ကပ္ပတိန်ကို ကြည့်လိုက်ကြသည်။
ဘာဖြစ်သွားမှန်း သို့မဟုတ် ဝမ်လျန်က ဘာကြောင့် ရူးသွပ်စွာ ရယ်မောနေမှန်း မည်သူမျှ မသိကြပေ။
"ဟားဟား ရွက်လွှင့်ကြမယ်။ ငါတို့ ရည်မှန်းချက်ကို ရှာတွေ့ခဲ့ပြီး နောက်ဆုံးမှာ ပြည်မကြီးနဲ့ မဟာထန်ကို ပြန်သွားနိုင်ပြီ။"
ဝမ်လျန် သူ့လက်ကို မြှောက်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
အားလုံးတို့၏ မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့ကြသည်။
လပေါင်းများစွာ ကံဆိုးမိုးမှောင်ကျမှု၏အဆုံးသတ်ကို သူတို့တွေ့ရှိလိုက်ပုံရသည်။ သတင်းကောင်းနောက် သတင်းကောင်းလိုက်ပါလာခဲ့ပြီး ကျွန်းပေါ်ရှိ အုန်းသီးများ အပြွတ်လိုက် တွဲလောင်းကျနေသည့် အုန်းပင်သစ်တောကို တစ်စုံတစ်ယောက်မှ ရှာဖွေတွေ့ရှိခဲ့သည်။
ဤသည်မှာ ရေချိုအတွက် အကောင်းဆုံးအရင်းအမြစ်ဖြစ်၏။
ထို့အပြင် တစ်စုံတစ်ယောက်သည် ကမ်းစပ်တွင် ကြီးမားသော ပင်လယ်လိပ်များနှင့် ပင်လယ်လိပ်ဥများကို တွေ့ရှိခဲ့သည်။ ရေထဲတွင် ကူးခတ်ပြီး ငါးဖမ်းသည့် အိမ်မြှောင်ငယ်များစွာလည်း ရှိသေး၏။
ယင်းတို့သည် အသားအတွက် အကောင်းဆုံး အရင်းအမြစ်များဖြစ်ကြသည်။
တခဏချင်းမှာပင် ဤအတောအတွင်း လူတိုင်းကို ဒုက္ခပေးခဲ့သည့် အစားအစာနှင့် ရေပြဿနာ ပြေလည်သွားခဲ့သည်။
ထို့အပြင် ပို၍ပင်ကောင်းမွန်သော သတင်းကောင်းရှိခဲ့၏။ နေဝင်ရီတရောအချိန်၌ ကျွန်းအနီးတွင် သင်္ဘောကြီး အတော်များများ ရုတ်တရက်ပေါ်လာခဲ့သည်။
မိုးရွာပြီးနောက် ကြည်လင်သော ရာသီဥတုတွင် သူတို့သည် မနေ့ညက လမ်းအတိုင်းလိုက်လာခဲ့ကြပြီး ဤကျွန်းကို တွေ့ရှိခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက် လူတိုင်း၏ကံသည် နောက်ဆုံးတွင် ပိုကောင်းအောင်ပြောင်းလဲသွားခဲ့သည်။
ဆယ်ရက်ကျော်ကြာပြီးနောက် လုံလောက်သောပြင်ဆင်မှုများကို ပြုလုပ်ပြီးနောက် ကျွန်းများရှိ ဥက္ကာခဲများကို သိမ်းကျုံးယူလိုက်ပြီး ရေချိုနှင့် အစားအစာအမြောက်အမြားကို စုဆောင်းလိုက်ပြီးနောက် ဆယ်စင်းကျော်သော သင်္ဘောအုပ်စုသည် ခံ့ညားထည်ဝါစွာ ထွက်ခွာသွားခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် အိမ်သို့ ခရီးရှည်ကြီးကို စတင်လိုက်ကြသည်။
***
ဝိညာဉ်သွေးကြောတည်ရှိရာ တောင်ပေါ်၌ အခိုးအငွေ့သည် လေထဲတွင် ပြည့်နှက်နေခဲ့သည်။ ဝမ်ချောင်သည် တစ်လက်မမျှ မလှုပ်ဘဲ တရားထိုင်နေသည့် ဘုန်းကြီးတစ်ပါးကဲ့သို့ ဝိဉာဉ်စွမ်းအင်၏ အလယ်တွင် ထိုင်နေခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ အရှိန်အဝါက တဟုန်ထိုးတက်လာနေသော ဒီရေကဲ့သို့ဖြစ်၏။
ဝိညာဉ်သွေးကြောသို့ သူရောက်ရှိခဲ့သည်မှာ ရက်ပေါင်းနှစ်ဆယ်ခန့်ရှိနေပြီဖြစ်သည်။ ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါသည် လွန်စွာ တိုးမြင့်လာခဲ့ကာ အားကောင်းလာခဲ့ပြီး ပို၍ ပြင်းထန်လာခဲ့သည်။
ယနေ့တွင် သူသည် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
"ဟမ်"
အချိန်အတန်ကြာပြီးနောက် ဝမ်ချောင်သည် ခက်ထန်စွာ မျက်လုံးဖွင့်လိုက်သည်။ ခုန်ထလိုက်ကာ သူ ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်လိုက်သည်။
"ဝူးးး"
တုံ့ပြန်သည့်အနေဖြင့် တောင်တန်းများက အဆက်မပြတ် တုန်ခါသွားခဲ့ကြ၏။
"...နောက်ဆုံးတော့ ငါအောင်မြင်သွားခဲ့ပြီ"
ဝမ်ချောင်သည် ကျွန်းထိုးလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ သူ့နှလုံးသားသည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေလေသည်။
ရက်ပေါင်းနှစ်ဆယ်ကျော်ကြာ ကျင့်ကြံပြီးနောက် ဝမ်ချောင်သည် ဝိညာဉ်သွေးကြောအတွင်းရှိ သိပ်သည်းလှသော မူလစွမ်းအင်နှင့် လက်ခြောက်ချောင်းကျန်းထံမှ သူဝယ်ယူခဲ့သော ဆေးလုံးတို့၏ အကူအညီဖြင့် နောက်ဆုံးတွင် မူလစွမ်းအင်အဆင့် ၇ မှ အဆင့် ၈၊ အဆင့် ၉ သို့ တက်သွားခဲ့ပြီး နောက်ဆုံးတွင် အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၁ ကို ပြန်ရောက်သွားခဲ့သည်။
ခွန်အား၊ သွက်လက်မှုနှင့် အမြန်နှုန်းတို့တွင် လက်ရှိ ဝမ်ချောင်သည် လုံးဝလူသစ်တစ်ယောက်ဖြစ်သည်။
ကြီးကျယ်ခမ်းနားသော ခွန်အားအရှိန်အဝါသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ ဤခွန်အားသည် လျင်မြန်ကာ ကျယ်ပြန့်ပြီး ဖိနှိပ်သောဖိအားများဖြင့် ပြည့်လျှံနေခဲ့သည်။ ၎င်းသည် မူလစွမ်းအင်နှင့် လုံးဝခြားနားသောအဆင့်တွင် ရှိပေ၏။
ဤသည်မှာ ကြယ်တာရာစွမ်းအင်ဖြစ်သည်။
လက်ရှိ ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်၏ တောက်ပကာ ကြည်လင်ပြီး သန့်စင်သော ကြယ်တာရာစွမ်းအင်များဖြင့် လုံး၀ ပြည့်နှက်နေခဲ့သည်။
နောက်တခဏတွင် ဝမ်ချောင်သည် ကျန့်နှစ်ဆယ်ကျော်အကွာအဝေးရှိ မြေပြင်မှ ထိုးထွက်နေသော အညိုရောင်ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။ သူ့အကြည့်က လင်းလက်သွားခဲ့ပြီး ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီးကို သူ ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ၎င်းသည် သန့်စင်သော မူလစွမ်းအင်မဟုတ်တော့ဘဲ ကောင်းကင်ထက်မှ ကြယ်တံခွန်နှင့် ဆင်တူသည့် တောက်ပသော ကြယ်တာရာစွမ်းအင်ဖြစ်သည်။ ပေါက်ကွဲသံသည် ကမ္ဘာမြေကြီးကို လှုပ်ခါသွားစေခဲ့ပြီး ကျောက်တုံးအစအနများကို လွှင့်ပျံသွားစေခဲ့သည်။
ထိုအညိုရောင်ကျောက်တုံးကြီး၏အစွန်းသည် ရုတ်တရက် အမှုန့်အဖြစ် ပေါက်ကွဲသွားခဲ့ပေ၏။ ထိုပေါက်ကွဲမှုကြောင့် ကျန့်တစ်ဆယ်ကျော်အတွင်းရှိ မြက်ပင်များ၊ ချုံပုတ်များနှင့် သစ်ရွက်များကို တုန်ခါသွားစေသည့် အားကောင်းသော လေပြင်းတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။ အဖြူရောင်ဝိညာဉ်စွမ်းအင်များပင်လျှင် အတူဆွဲယူခံလိုက်ရပြီး ကြီးမားသော စုပ်ဝဲတစ်ခုကို ဖြစ်ပေါ်လာစေနေ၏။
"ကောင်းတယ်"
ဝမ်ချောင်၏ မျက်လုံးများသည် ဤမြင်ကွင်းကြောင့် တောက်ပသွားခဲ့သည်။ သူသည် ရုတ်တရက် သူ့ခြေထောက်များကို ခွဲထုတ်လိုက်ပြီး ထူထဲသော ကြယ်တာရာစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲမှ စတင်စိမ့်ထွက်လာခဲ့သည်။ ဤတောင်ပေါ်တွင် ဝမ်ချောင်သည် လက်သီးထိုးနည်းစနစ်တစ်ခု၏ ကိုယ်ဟန်အနေအထားများကို စတင်ထုတ်ဖော်လိုက်သည်။
ပခုံးနှင့် ဒူး၊ လက်နှင့် ခြေထောက်၊ မျက်စိနှင့် နှလုံးသားတို့သည် စည်းဝါးကိုက်လှသည်။ ဝမ်ချောင် အသုံးပြုလိုက်သည့်နည်းစနစ်တိုင်းသည် အထူးနက်နဲသိမ်မွေ့မှုမရှိသော်လည်း ဝမ်ချောင်၏လက်ထဲတွင် သူတို့သည် အားကောင်းသော ခွန်အားများဖြင့် ပေါင်းစပ်ပါဝင်နေခဲ့ကြသည်။
ထိုကျယ်ပြန့်လှသော ကြယ်တာရာစွမ်းအင်သည် ဝမ်ချောင်ပတ်ပတ်လည် ကျန့်ဒါဇင်အတော်များများ အချင်းဝက်အတွင်းရှိ စွမ်းအင်စီးဆင်းမှုကို စတင်အကျိုးသက်ရောက်လာခဲ့သည်။ ထိုစွမ်းအင်များသည် သူ့လက်သီးများဖြင့် လှိုင်းလုံးများကဲ့သို့ ရွေ့လျားသွားပြီး သူ့အနားရှိ လဟာပြင်တွင် ပဲ့တင်ထပ်နေခဲ့ကြသည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်သည် လောက၏ မူလစွမ်းအင်ကို သက်ရောက်စေလောက်အောင် ကြီးမားသော လုံလောက်သည့် စွမ်းအားကို မပေးစွမ်းသော်လည်း ဝမ်ချောင်၏ ခန္ဓာကိုယ်ရှိ ကြယ်တာရာစွမ်းအင်သည် ပတ်၀န်းကျင်ရှိ စွမ်းအင်စီးဆင်းမှုကို သွယ်ဝိုက်စွာ သက်ရောက်နေပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ့ခြေဖဝါးအောက်ရှိ ကျောက်တုံးသည် ကွဲအက်သွားခဲ့သည်။ သူ့ကို ဖုံးအုပ်ထားသည့် ဖုန်မှုန့်များက သူ့ကို လူပုံသဏ္ဍာန်ရှိသည့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပုံပေါ်စေသည်။
"အခု ငါ မြင်းလားချီစက်ကွင်းကို စမ်းကြည့်နိုင်ပြီ"
ဝမ်ချောင်၏ မျက်လုံးများ လင်းလက်သွားခဲ့ပြီး ရုတ်တရက် ရှည်လျားလှသော လေချွန်သံကြီးကို ပြုလိုက်သည်။ ထိုလေချွန်သံသည် တောင်တန်းများကိုဖြတ်၍ ပဲ့တင်ထပ်သွားခဲ့ကာ အချိန်အတန်ကြာပြီးနောက် အောက်ဘက်မှ မြင်းဟီသံတစ်ခုသည် လျင်မြန်စွာခွာသံများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
ဟီးးး
ထူထဲသော ရေခိုးရေငွေ့များထဲမှ တောင့်တင်းသော အနက်ရောင်ပုံရိပ်တစ်ခုပေါ်လာခဲ့ကာ ၎င်း၏ လည်ဆံမွှေးများသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေကြသည်။ ထိုပုံရိပ်သည် ၎င်း၏ခေါင်းကို ဝမ်ချောင်၏ ရင်ဘတ်ထဲသို့ ပစ်ထည့်လိုက်ပြီး ၎င်း၏ခေါင်းက သူ့အား ပွတ်သပ်လိုက်ကာ ၎င်း၏လျှာက ဝမ်ချောင်၏ လက်နှင့် ပါးတို့ကို ချစ်ခင်သည့်ပုံစံဖြင့် လျက်လိုက်သည်။
"ဟားဟားဟား အရိပ်လေး၊ လုံလောက်ပြီ လုံလောက်ပြီ..."
ဝမ်ချောင်၏ လက်ဖဝါးသည် အရိပ်လေး၏ လျှာဖြင့် လျက်မှုကြောင့် ယားယံသွားခဲ့ကာ ထို့ကြောင့် သူ မတတ်နိုင်ဘဲ ပြုံးလျက် အရိပ်လေး၏ ပြောင်လက်နေသော လည်ဆံမွှေးကို ပွတ်သပ်လိုက်သည်။
သူတို့ ဒဏ်ရာရခဲ့ပြီးကတည်းက နှစ်လနီးပါးရှိသွားခဲ့ပြီဖြစ်သည်။
အရိပ်လေးသည် ၎င်း၏ဒဏ်ရာမှ လုံးဝပြန်လည်ကောင်းမွန်လာရုံသာမက အရပ်လည်းပိုရှည်လာပြီး ပို၍ကြီးထွားသန်မာလာခဲ့သည်။ တစ်ယောက်၏ အရိုးများကို ချိုးလိုက်ခြင်းကသာ တစ်ယောက်ကို ပို၍ သန်မာလာစေနိုင်ပေသည်။
ဤစကားစုသည် ယခုတွင် အရိပ်လေးအတွက် ပြီးပြည့်စုံစွာ လိုက်ဖက်လှ၏။
မကြာမီ အရိပ်လေးသည် အရွယ်ရောက်လာပေလိမ့်မည်။
အရိပ်လေး၏ နောက်ကျောကို ပွတ်သပ်လျက် ဝမ်ချောင်သည် ကုန်းနှီးပေါ်သို့ တက်လိုက်ပြီး ထို့နောက် လူနှင့်မြင်းတို့သည် မိုးကြိုးကဲ့သို့ ရှေ့သို့ ပြေးထွက်သွားခဲ့ကြသည်။
ဖုန်းး
ထို့နောက် ချက်ချင်းပင် စိမ်းညို့ရောင်ချီစက်ကွင်းသည် ဝမ်ချောင်၏ခန္ဓာကိုယ်မှ လျင်မြန်စွာ စတင်ကျယ်ပြန့်ကျဆင်းလာခဲ့ပြီး ခွာဖြူအရိပ်၏ ခွာများအောက်သို့ ကျယ်ပြန့်လာခဲ့သည်။
အုန်းး
ထိုချီစက်ကွင်းသည် ကြီးမားပြီး မျက်စိကျိန်းမတတ်တောက်ပနေသော ရှေးကျသည့် အနက်ရောင်ဆူးချွန်များဖြင့် စက်ဝိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဝမ်ချောင်နှင့် ခွာဖြူအရိပ်တို့၏ အော်ရာသည် တောင်ကုန်းတစ်ခုကဲ့သို့ လေးလံလာခဲ့၏။ ထိုသည်သာမက ခွာဖြူအရိပ်သည် အမှန်ပင် ပို၍ မြန်ဆန်လာခဲ့ပြီး ၎င်း၏ အမြန်နှုန်းသည် ရုတ်တရက် တိုးလာခဲ့သည်။
ခက်ထန်သော မြင်းဟီသံ၊ ပြင်းထန်သော သတ္တုသံနှင့် စိမ်းညို့ရောင် ချီစက်ကွင်း၏ ပဲ့တင်သံတို့နှင့်အတူ ဝမ်ချောင်သည် မိုးကြိုးကဲ့သို့ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
ထိုချီစက်ကွင်းဖြတ်သွားရာ နေရာတိုင်းတွင် စိမ်းနက်ရောင် ဆူးချွန်များကြောင့် ကျောက်တုံးများနှင့် သစ်ပင်များအားလုံး ကြေမွသွားခဲ့ကြကာ ကမ္ဘာမြေကြီး တုန်ခါသွားခဲ့သည်။
ခွာဖြူအရိပ်၏ ခွာများအောက်ရှိ ချီစက်ကွင်းသည် အထက်ရှဆုံး ဓားများကဲ့သို့ဖြစ်၏။ ၎င်းဖြတ်သွားသော ကျောက်တုံးများ၊ သစ်ပင်များ၊ မြက်ပင်များနှင့် ချုံနွယ်များ အားလုံး မြေပြင်ပေါ်သို့ ပျက်စီးသွားခဲ့ကြသည်။
ထိခိုက်သံနှင့် ချီစက်ကွင်း၏ ပဲ့တင်သံတို့က ကောင်းကင်ပေါ်သို့ ထိုးဖောက်သွားပုံရကာ ၎င်းကို ကြားလိုက်ရသူတိုင်းအား ကြောက်လန့်စေလေသည်။
တစ်ကျော့၊ နှစ်ကျော့၊ သုံးကျော့...
"ဟားဟားဟား..."
ဝမ်ချောင်သည် သူ့မြင်းနှင့် တစ်သားတည်းဖြစ်ပြီး နှစ်ဘက်စလုံးမှ လျှပ်စီးကြောင်းကဲ့သို့ လွင့်ပျံနေသော ရှုခင်းများကို ခံစားလိုက်ရသဖြင့် စိတ်အခြေအနေကို လုံးဝဂရုမစိုက်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်သည် မူလစွမ်းအင်နယ်ပယ်နှင့် လုံးဝခြားနားပြီး ဤ 'ဆည်းဆာရောင်မြင်းလားချီစက်ကွင်း' နည်းစနစ်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်တွင် အသုံးပြုသည့် သာမန်တိုက်ပွဲချီစက်ကွင်းများထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ခွန်အား..။
အမြန်နှုန်း...။
သွက်လက်မှု...။
ဤအရာများသည် စစ်သည်တော်အတွက် အရေးကြီးဆုံးသော အင်္ဂါရပ်သုံးခုဖြစ်ပြီး ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏အကျိုးသက်ရောက်မှုအောက်တွင် ၎င်းတို့အားလုံးသည် အလွန်တိုးတက်ကောင်းမွန်သွားခဲ့ကြသည်။ သူ့လက်ရှိအခြေအနေတွင် ဝမ်ချောင်သည် သူက ရွေ့လျားနေသော ခံတပ်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မယုံနိုင်လောက်အောင် လေးလံရုံသာမက ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် လှုပ်ရှားနေခဲ့သည်။
ဤအလေးချိန်ကို ဤအမြန်နှုန်းဖြင့် ပေါင်းစပ်လိုက်သောအခါ သူတို့ဖန်တီးလိုက်သော အဆုံးစွန်တိုက်ခိုက်မှုသည် အလွန်ကြောက်စရာကောင်းလှသည်။ ဝမ်ချောင်သည် သံမဏိဝတ်ရုံလီနှင့် ၎င်း၏ သံမဏိဝတ်ရုံနည်းစနစ်ကို ရင်ဆိုင်ခဲ့ရပါက သံမဏိဝတ်ရုံလီသည် ထိုထိပ်တိုက်တွေ့ဆုံမှုမှ ပြင်းထန်စွာ ဒဏ်ရာရရှိသွားလိမ့်မည်ဟု ယုံကြည်မှုရှိပေသည်။
ဝမ်ချောင် အရိပ်လေး၏ နောက်ကျောကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။
"လာ ငါတို့ရဲ့ အင်အားက ဘယ်လောက်အထိ သွားနိုင်လဲ ကြည့်ကြရအောင်"
ဟီးးး
ဝမ်ချောင်၏ ရည်ရွယ်ချက်ကို သိရှိလိုက်သကဲ့သို့ ခွာဖြူအရိပ်သည် ဝမ်ချောင်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ၎င်း၏ခွန်အားကို အဆုံးစွန်သို့ တွန်းပို့လိုက်ကာ ပို၍ပင် လျင်မြန်စွာ စတင် ပြေးလွှားလိုက်သည်။
ဝုန်းး
ခွာဖြူအရိပ်သည် လျှပ်တစ်ပြက်အတွင်း ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး ၎င်းနောက်တွင် အဖြူရောင် စွမ်းအင်လှိုင်းအရှည်ကြီးကို တရွတ်တိုက်ဆွဲနေခဲ့ကာ ကျန့်တစ်ရာအကွာအဝေးရှိ ကျောက်တုံးကြီးဆီသို့ တိုးဝင်သွားခဲ့သည်။
ဟီးးး
ကျယ်လောင်စွာဒုန်းဆိုင်းပြေးနေသော အသံများကြားတွင် ကမ္ဘာမြေကြီးတုန်ခါသွားစေသည့် ပေါက်ကွဲသံတစ်ခုဖြစ်သည်။ ဖုန်မှုန့်များ လေထဲသို့ ကျဆင်းသွားသည်နှင့်အမျှ ဤခိုင်ခံ့သော လူကြီးတစ်ရပ်စာမြင့်သော ကျောက်တုံးကြီးသည် အစိတ်စိတ်အမွှာမွှာအဖြစ်သို့ ပေါက်ကွဲသွားခဲ့သည်။
အမြင့်ဆုံး အပိုင်းအစများသည် လေထဲသို့ ကျန့်ဒါဇင်အတော်များများ ပျံတက်သွားခဲ့ကြသည်။
ဝမ်ချောင်ပင်လျှင် ဤမြင်ကွင်းကြောင့် အံ့သြသွားခဲ့မိပေ၏။
"ဟားဟားဟား အရမ်းကောင်းတယ်"
ကျယ်လောင်သော ရယ်မောသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေခဲ့သည်။ ခွာဖြူအရိပ်ပေါ်တွင်ထိုင်နေသော ဝမ်ချောင်သည် အံ့အားသင့်နေသော မျက်လုံးများဖြင့် လွင့်ပျံနေသော ဖုန်မှုန့်များကို ကြည့်နေခဲ့သည်။
ကျောက်တုံးတစ်ဝက်ကို ကွဲကြေစေသည့် စစ်မြင်းတစ်ကောင်၏ တိုက်ခိုက်မှုသည် လုံလောက်လိမ့်မည်ဟု သူ မူလက တွေးထင်ထားခဲ့သည်။ ကျောက်တုံးကြီးတစ်ခုလုံး အမှုန့်ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အစစ်အမှန်သိုင်းပညာ အဆင့် ၃... မဟုတ်ဘူး၊ အနည်းဆုံး အစစ်အမှန်သိုင်းပညာ အဆင့် ၄ ရဲ့ စွမ်းအားပဲ။ ဒါ့အပြင် အစစ်အမှန်သိုင်းပညာအဆင့် ၅ အဆင့်ကို ရောက်လုနေပြီ။"
သူ့ရှေ့ရှိ ရလဒ်များသည် ဝမ်ချောင်၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ဤကျောက်တုံးကြီးသည် အလွန်ခိုင်ခံ့လှသော်လည်း အစိတ်အပိုင်းတစ်ခုကို ကွဲကြေစေရန် သို့မဟုတ် ကျိုးပျက်သွားစေရန်မှာ ထိုမျှမခက်ခဲပေ။ အစစ်အမှန်သိုင်းပညာနယ်ပယ်၏ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင် တစ်စုံတစ်ယောက်သည် ၎င်းကို ပြုနိုင်ပေသည်။
သို့သော် ၎င်းကို အမှုန့်ဖြစ်အောင်ပြုလုပ်ရာတွင် အစစ်အမှန်သိုင်းပညာ အဆင့် ၄ အနည်းဆုံးလိုအပ်ပြီး အဆင့် ၅ ပင်ဖြစ်နိုင်သည်။
စစ်မြေပြင်တွင် မြင်းတပ်တိုက်ခိုက်မှုသည် သာမန်ထက်သာလွန်သော အင်အားကိုပြသရန် စစ်သူရဲများ၏ ခွန်အားနှင့် ပြင်းထန်သောအမြန်နှုန်းများကို မှီခိုအားထားခဲ့ကာ တစ်ကြိမ်တည်းဖြင့် ထက်မြက်သော တိုက်ခိုက်မှုကို ပြုလုပ်နိုင်စေလေသည်။
ထို့အပြင် ဝမ်ချောင်ကို ပိုမိုကြီးမားသောမျှော်လင့်ချက်ဖြင့် ပြည့်နှက်နေစေသည့်အရာမှာ ၎င်းသည် ဆည်းဆာရောင်မြင်းလားချီစက်ကွင်းစွမ်းအား၏ အစိတ်အပိုင်းအနည်းငယ်မျှသာဖြစ်ပြီး ပထမအလွှာ၏စွမ်းအားသာဖြစ်သောကြောင့်ဖြစ်သည်။
သူ့ခွန်အား တိုးလာသည်နှင့်အမျှ သူနှင့် အရိပ်လေးတို့၏ ဤပေါင်းစည်းမှု၏ အထွတ်အထိပ် စွမ်းအားသည် အစစ်အမှန်သိုင်းပညာအဆင့် ၄ ၏ အထွတ်အထိပ်သို့ တိုးလာမည်မှာ သေချာပေသည်။ အဆင့် ၅ ပင် ဖြစ်နိုင်၏။
ပြင်းထန်သောစစ်မြေပြင်တွင် ဤလှုပ်ရှားမှုသည် အလွန်အမင်းခြိမ်းခြောက်မှုဖြစ်သည်။
"ဒါက ဆည်းဆာရောင်မြင်းလားချီစက်ကွင်းလား။"
ဘေးနားမှ အသံတစ်သံထွက်လာခဲ့၏။ ဝမ်ချောင် ခေါင်းကို လှည့်လိုက်ပြီး ထူထဲသော အဖြူရောင် အခိုးအငွေ့များထဲတွင် သူမြင်လိုက်ရသည်မှာ သူမ၏ ကျောပေါ်တွင် ဓားရှည်ကြီးကို သယ်ဆောင်ကာ သူ့ဆီလျှောက်လာနေသည့် အဖြူရောင် ၀တ်ဆင်ထားသော အေးခဲနေသည့် အလှတရားတစ်ခုဖြစ်သည်။
ဟွမ်ချန်အာ၏ မျက်နှာသည် အမူအရာကင်းမဲ့နေခဲ့ကာ သူမ၏ အကြည့်သည် ခန့်မှန်းရခက်လှသည်။ သို့သော် ထိုတောက်ပသော မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အယောင်ကို မြင်နိုင်ပေ၏။
တစ်ယောက်သည် ဝမ်ချောင်၏အနားတွင် အချိန်အတော်ကြာနေပြီးနောက် ဆည်းဆာရောင်မြင်းလားချီစက်ကွင်းအပါအဝင် အရာများစွာတို့သည် လျှို့ဝှက်ချက်များမဟုတ်တော့ပေ။
မြို့တော်တွင် ထင်ရှားကျော်ကြားသော 'နူးညံ့သည့် လက်များ၏ နတ်သမီး' အနေဖြင့် ဟွမ်ချန်အာသည် ဝမ်ချောင်၏ ခွန်အားကို ဖော်ပြထိုက်သည်ဟု ဘယ်သောအခါမှ မယုံကြည်ထားခဲ့ဘဲ အထင်သေးစွာသာ ရှုမြင်ထားခဲ့သည်။
သို့သော် ဤလူနှင့်မြင်းတို့၏ ပေါင်းစပ်တိုက်ခိုက်မှုသည် ဟွမ်ချန်းအာကိုပင် ၎င်းက အလွန်အစွမ်းထက်ပြီး သူမအား ခြိမ်းခြောက်နိုင်ကြောင်း ဝန်ခံခဲ့စေသည်။
အကယ်၍ ဝမ်ချောင်သာ ဤအရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်နေပါက သူမ၏ကိုယ်ရံတော်အလုပ်မှာ နာမည်သာရှိတော့မည်ဖြစ်ပြီး သူမတွင် လုပ်စရာရှိတော့မည်မဟုတ်ပေ။
သူမသည် ဝမ်ချောင်အပေါ် အလွန်ကောင်းမွန်သော အမြင်မရှိသော်လည်း ဤ 'သက်တော်စောင့်' အလုပ်ကို အလွန်ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ဤရှင်းမပြနိုင်သောဖယ်ထုတ်ခံရခြင်း၏ ခြိမ်းခြောက်မှုမှာ ဟွမ်ချန်အာကို အနည်းငယ် စိတ်မသက်မသာဖြစ်စေခဲ့သေးသည်။
*****************************************
အပိုင်း ၄၀၀ ဟိုက်ဒရာဘတ်သတ္တုရိုင်းသတင်း
"ဟီးဟီး ဒါက ဆည်းဆာရောင်မြင်းလားချီစက်ကွင်းရဲ့ ကနဦးအဆင့်ပဲလေ။ အဲလောက်ထိ မပြင်းထန်သေးပါဘူး။ ငါ အစစ်အမှန်သိုင်းပညာအဆင့် ၅ ကိုရောက်တာနဲ့ ဆည်းဆာရောင်မြင်းလားချီစက်ကွင်းရဲ့ ဒုတိယအဆင့်ကို ကျင့်ကြံနိုင်သင့်တယ်။"
ဝမ်ချောင်သည် ဖျော့တော့စွာ ပြုံးလိုက်ပြီး မြင်းပေါ်မှ ပြောလိုက်ကာ ဟွမ်ချန်အာ၏ စိတ်ထဲတွင် ပြေးလွှားနေသော ရှုပ်ထွေးပွေလီသည့် အတွေးများကို မသိခဲ့ပေ။
ဆည်းဆာရောင်မြင်းလားချီစက်ကွင်း၏ပထမအလွှာသည် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ရောက်ရှိရန်သာလိုအပ်သော်လည်း ဝမ်ချောင်၏လက်ရှိကျင့်ကြံမှုအဆင့်သည် ဒုတိယအလွှာသို့တက်လှမ်းရန်အတွက်လိုအပ်ချက်များကိုမပြည့်မီနိုင်ခဲ့ပေ။
နည်းပြဆရာကျောက်က ဤအထွတ်အထိပ်နည်းစနစ်သည် ကျင့်ကြံရန် အလွန်ခက်ခဲသည်ဟု ပြောခဲ့သည်မှာ မှန်ပေသည်။
ဝီးး
သူစကားပြောနေစဉ်တွင် သူ့ခေါင်းပေါ်မှ လေတိုးသံများ ထွက်ပေါ်လာခဲ့၏။ ဤရုတ်တရက် အသံသည် ဝမ်ချောင်နှင့် ဟွမ်ချန်အာနှစ်ဦးစလုံးတို့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
နှစ်ယောက်သား ခေါင်းထောင်ကြည့်လိုက်သည်နှင့် ကောင်းကင်ထက်မှ ဆင်းသက်လာသော ခိုဖြူတစ်ကောင်သည် ဝမ်ချောင်ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။
"ဒါက..."
ဝမ်ချောင်သည် အလိုလို လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ စာပို့ခိုကို သူ့လက်ပေါ်၌ ဆင်းသက်စေလိုက်ပြီး သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ စာပို့ခို၏ခြေထောက်တွင် ရစ်ပတ်ထားသည့် စာလေးကို ဖြည်လိုက်ကာ ဝမ်ချောင်သည် စစ်ကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။
"သတင်းကောင်းက တကယ့်ကို အသုတ်လိုက်ရောက်လာတယ်။"
ဝမ်ချောင်၏ နှုတ်ခမ်းပါးများသည် ပျော်ရွှင်သောအပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားခဲ့သည်။
ဤစာကို အားလိုနိုတန်နှင့် အားလော်ကျားတို့မှရေးသားထားသော်လည်း သတင်းမှာ စင်ဒူရှိ ဝေးကွာလှသော ဟိုက်ဒရာဘတ်တောင်တန်းများအကြောင်းဖြစ်သည်။ ရွှေပို့လိုက်သဖြင့် ၎င်းတို့၏ ရောင်းဝယ်မှု ပြီးမြောက်သွားခဲ့၏။
လအတန်ကြာပြီး ထုတ်လုပ်မှုတိုးလာပြီးနောက် စင်ဒူရှိ မွန်မြတ်သော ဘုန်းကြီးသည် ဝမ်ချောင်လိုအပ်သော ဟိုက်ဒရာဘတ်သတ္တုရိုင်းတစ်ထောင်ကို ပြင်ဆင်ခဲ့ပြီး သူတို့ကို မဟာထန်၏မြို့တော်သို့ ခရီးတွင်ပင် တတ်နိုင်သမျှ အမြန်ပို့လွှတ်ခဲ့သည်။
စင်ဒူရှိ ဟိုက်ဒရာဘတ်နှင့် မဟာထန်၏မြို့တော်ကြားတွင် အချိန်ကွာခြားမှုရှိသည်။
စာပေါ်ရှိ ရက်စွဲမှနေ၍ ဤစာကို လွန်ခဲ့သော တစ်လကျော်က ရေးသားခဲ့ပေ၏။ တစ်နည်းဆိုရသော် ဟိုက်ဒရာဘတ်သတ္တုရိုင်းများ သယ်ဆောင်လာသည့် ယာဉ်တန်းသည် လွန်ခဲ့သော ရက်ပေါင်း နှစ်ဆယ်ခန့်က ထွက်ခွာလာခဲ့သည်။
၎င်းသည် ကြီးမားများပြားသော ပမာဏဟုတ်ပုံမရသော်လည်း စင်ဒူထံမှ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို လက်ခံရရှိရန် သူ တစ်လခန့်သာ စောင့်ရန် လိုအပ်ပုံရသည်။
သို့သော် ဤသည်က ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဟိုက်ဒရာဘတ်သတ္တုရိုင်းအတွက် အကြီးမားဆုံးသော အရောင်းအဝယ်ဖြစ်နိုင်သည်ကို ဝမ်ချောင် သိပေသည်။
ထိုအရင်းအမြစ်နှင့်ပိုမိုနီးသော အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူတို့ပင်လျှင် သူ့တွင်ရှိသလောက်မရခဲ့ကြပေ။
ဤသတ္တုရိုင်းထုတ်လုပ်မှုက အလွန်နည်းပါး၏။
"...အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်။ အဲဒီဟိုက်ဒရာဘတ်သတ္တုရိုင်းတွေ ရောက်လာတာနဲ့ အနည်းဆုံး ကျောက်စိမ်းရိုင်းသံမဏိဓားတစ်ထောင်ကို ငါဖန်တီးနိုင်မယ်။ ဒီဓားအမြောက်အမြားက စစ်တပ်တစ်တပ်ကို ဆင်ယင်ပေးဖို့နဲ့ တကယ့်တိုက်ပွဲမှာ အသုံးချဖို့ လုံလောက်တယ်။"
ဤအချိန်တွင် ဝမ်ချောင်သည် သူ့မြင်းနောက်ကျောတွင်ထိုင်နေခဲ့ပြီး သူ့စိတ်ထဲတွင် ကျေနပ်မှုအပြည့်ရှိနေခဲ့ကာ သူ့လက်သည် စာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။
ဟိုက်ဒရာဘတ်သတ္တုရိုင်းများပေါ်ထွက်လာခဲ့သည်မှာ အချိန်တိုလေးသာ ရှိသေး၏။
ထိုအချိန်တိုလေးအတွင်းမှာပင် သူသည် တိုင်းပြည်တစ်ဝှမ်းလုံးတွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျောက်စိမ်းရိုင်းသံမဏိဓားများ အရေအတွက်အများဆုံးကို ဖန်တီးနိုင်ပေလိမ့်မည်။
သူ့ယခင်ဘဝမှ ထိုအားကောင်းသော မာမီးလုခ့်တပ်မပေါ်ခင်မှာပင် သူသည် လက်ဦးမှုရယူထားခဲ့ပြီဖြစ်သည်။ သူသည် စစ်သားတစ်ထောင်ပါရှိသော အသေးစား ကျောက်စိမ်းရိုင်းသံမဏိစစ်တပ်ကို ဖန်တီးနိုင်စွမ်းရှိနေပြီဖြစ်သည်။
ဤတပ်သားတစ်ထောင်ကို သောင်းချီ၊ သိန်းချီ သို့မဟုတ် သန်းချီပါရှိသော စစ်တပ်တွင် ထည့်သွင်းခဲ့ပါက သူတို့သည် ခြိမ်းခြောက်မှုအများကြီးရှိလိမ့်မည်မဟုတ်ပေ။
သို့သော် သူက ဤကျောက်စိမ်းရိုင်းသံမဏိလက်နက်တစ်ထောင်ကို လက်ရွေးစင်မြင်းတပ်တစ်တပ်အား ပေးခဲ့မည်ဆိုပါက သူတို့သည် ကျောက်စိမ်းရိုင်းသံမဏိလက်နက်များ၏ စွမ်းအားကို အပြည့်အဝအသုံးချနိုင်ပြီး တိုက်ပွဲ၏ လမ်းကြောင်းကိုပင် ပြောင်းလဲနိုင်သည်ကို ဝမ်ချောင် သိပေသည်။
အားလိုနိုတန်၊ အားလော်ကျားတို့နှင့် တွေ့ဆုံပြီးကတည်းက သူကြိုးစားခဲ့သော အားထုတ်မှုများအားလုံးသည် နောက်ဆုံးတွင် အသီးအပွင့်များ ထွက်ပေါ်လာတော့မည်ဖြစ်သည်။
"ဘာမှားလို့လဲ"
ဟွမ်ချန်အာ ဝမ်ချောင်ကို မေးလိုက်၏။
"ဘာမှမဟုတ်ပါဘူး။"
ဝမ်ချောင် သူ့လက်ထဲရှိ စာကို ဆုပ်ဖြဲလိုက်ကာ တောက်ပသည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။ အမှန်ပင် ဝမ်ကလန်နှင့် ဟွမ်ကလန်တို့၏ ဆက်ဆံရေးသည် အရင်ကနှင့်မတူတော့ပေ။ သူတို့သည် ရန်လိုမှုမရှိတော့ဘဲ ဟွမ်ကလန်သည် ၎င်း၏ နာခံမှုကိုပင် ဖော်ပြခဲ့သည်။
သို့သော် ဝမ်ချောင် ဟွမ်ချန်အာကို မပြောချင်သည့် ကိစ္စအချို့ ရှိပေသေး၏။ သူမသည် သူ့ယုံကြည်မှုကို အမှန်တကယ်ရရှိသည်အထိ သို့မဟုတ် သူမသူ့ကို ယုံကြည်လာသည့်အချိန်အထိ ဝမ်ချောင်သည် သူမထံမှလျှို့ဝှက်ချက်အချို့ကို ထိန်းသိမ်းထားပေလိမ့်ဦးမည်။
ဟွမ်ချန်အာ၏ အမူအရာ အေးစက်သွားခဲ့၏။ သူမသည် နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ်ဖြင့် လက်ဝေ့ယမ်းလိုက်ကာ လှည့်လိုက်ပြီး ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်နေလိုက်သည်။
ဝမ်ချောင်သည် သူမအတွက် ကျင့်ကြံရန် ဝိညာဉ်သွေးကြောအတွင်း အထူးနေရာတစ်ခု ဖယ်ထားပေးခဲ့သည်။ ဝမ်ချောင်နောက်လိုက်ခြင်းဖြင့် ဟွမ်ချန်အာသည်လည်း မမြင်ရသော အလွန်ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိခဲ့သည်။
ဝမ်ချောင် ဟွမ်ချန်အာက တိမ်ခိုးတိမ်ငွေ့များထဲသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် လှည့်၍ နောက်ထပ်ကျင့်ကြံခြင်းနေရာတစ်ခုသို့ သွားလိုက်၏။
ဝမ်ချောင်အတွက် အစစ်အမှန်သိုင်းပညာနယ်ပယ်အဆင့် ၁ သို့ ကျင့်ကြံခြင်းသည် အစသာဖြစ်သည်။ ယခုတွင် ဝိဉာဉ်သွေးကြော၏ ပြင်းထန်သော ဝိညာဉ်စွမ်းအင်ကို ငှားရမ်းခြင်းဖြင့် အစစ်အမှန်သိုင်းပညာနယ်ပယ်အတွက် သူ့အခြားအစီအစဉ်ကို စတင်နိုင်ပြီဖြစ်သည်။
ဝမ်ချောင်၏ ပုံရိပ်သည် ဝိဉာဉ်သွေးကြော၏ လှိုက်တက်နေသော မြူခိုးများထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
****
ဖလက် ဖလက်
ဝမ်ချောင်သည် ဝိဥာဉ်သွေးကြောတွင် သူ့ကျင့်ကြံခြင်းသို့ ပြန်သွားနေချိန်တွင် မြို့တော်တွင် သိမ်းငှက်နက်တစ်ကောင်သည် ယောင်အိမ်တော်သို့ မြှားတစ်စင်းကဲ့သို့ အတောင်ပံခတ်လျက် ပျံသန်းသွားခဲ့သည်။
ခဏအကြာတွင် အနက်ရောင် ၀တ်စုံနှင့် စာတစ်စောင် ကိုင်ဆောင်ထားသော အတွေ့အကြုံရှိ ဘဏ္ဍာစိုးတစ်ဦးသည် ယောင်အိမ်တော်အတွင်းပိုင်းသို့ အမြန်ဝင်ရောက်သွားခဲ့သည်။
ထိုနေရာတွင် ယောင်ကလန်ခေါင်းဆောင် ယောင်ကွမ်ရီသည် ခါးမတ်လျက် ထိုင်နေခဲ့၏။ သူ့ဘေးတွင် မုတ်ဆိတ်ဖြင့် ခန္ဓာကိုယ်ပိန်ပါးသော မောက်မာသည့် အဘိုးကြီးတစ်ယောက် ထိုင်နေသည်။ သူသည် မဟာဗျူဟာပညာရှင် တစ်ဦးဖြစ်ပုံရ၏။
ဘဏ္ဍာစိုး ဝင်လာသောအခါ ယောင်ကွမ်ရီသည် ဤအဘိုးကြီးနှင့်အတူ လက်ဖက်ရည်သောက်နေခဲ့သည်။
ဘဏ္ဍာစိုးသည် ခဏမျှ အေးခဲသွားခဲ့ပြီး ခေါင်းကို အလျင်အမြန် ငုံ့လိုက်ကာ ယောင်ကွမ်ရီဆီသို့ လျှောက်သွားလိုက်သည်။ သူ သူ့နားထဲတွင် စကားအနည်းငယ် တိုးတိုးပြောလိုက်ကာ စာကို ပေးလိုက်သည်။
ယောင်ကွမ်ရီက ထိုစာကိုယူလိုက်၏။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူ့အမူအရာကို ချက်ချင်းပြောင်းလဲသွားစေခဲ့သည်။
"ဘာမှားလို့လဲ"
ထိုအကြီးအကဲသည် ခေါင်းကို မြှောက်လိုက်ပြီး သူ့မျက်နှာသည် အေးဆေးတည်ငြိမ်နေခဲ့သည်။
"လူကြီးမင်း အနောက်အရပ်က သတင်းရှိပါတယ်။ ကြည့်ရတာ ဝမ်ကလန်က အဲကောင်လေးက တစ်ခုခု သယ်ယူလာခဲ့ပုံပဲ။"
ယောင်ကွမ်ရီသည် သူ့ကိုယ်သူ လျင်မြန်စွာ ငြိမ်သက်စေလိုက်ပြီး ချက်ချင်းပင် စာကို ကမ်းပေးလိုက်သည်။ သူစကားပြောသောအခါတွင် သူ့ဟန်ပန်သည် အလွန်လေးစားရိုသေနေခဲ့ပြီး ဤမုတ်ဆိတ်အဘိုးကြီးကို သူ အလွန်ကြည်ညိုလေးစားမှုဖြင့် ရှုမြင်ထားခဲ့သည်။
လူအိုကြီးယောင်၏ ကျောထောက်နောက်ခံဖြင့် ယောင်ကလန်၏ ခေါင်းဆောင်အနေဖြင့် ယောင်ကွမ်ရီ၏ အဆင့်အတန်းသည် အလွန်တည်ငြိမ်သည်ဟု ဖော်ပြနိုင်သည်။ မြို့တော်တွင် သူ ထိုသို့သော လေးစားသမှုဖြင့် ဆက်ဆံခံရသူ အရေအတွက်မှာ အလွန်နည်းပါးပေသည်။
ရှီဘုရင်ဘက်မှ လူများကသာ သူ့အား ထိုသို့သော လေးစားသမှုကို ပြသစေနိုင်ပေသည်။
ဤသည်မှာ ဤနေရာတွင် အတိအကျ ဖြစ်ပေ၏။
သေးသေးသွယ်သွယ်နှင့် သာမန်ပုံပေါ်သော ဤအကြီးအကဲသည် ရှီဘုရင်မှ စေလွှတ်လိုက်သော ပုဂ္ဂိုလ် အတိအကျဖြစ်သည်။
ဤကာလတွင် စစ်မှုထမ်းဌာနတွင် ဖြစ်စေ၊ ပြစ်ဒဏ်ဌာနတွင်ဖြစ်စေ သို့မဟုတ် တော်ဝင်တရားရုံးတွင်ဖြစ်စေ ရှီဘုရင် ဘက်သည် စုန့်ဘုရင်နှင့် ဝမ်ကလန်တို့၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ သူ့ဘက်ရှိ လူများသည် တရားရုံး သို့မဟုတ် ပြည်သူများမှ နှင်ထုတ်ခံခဲ့ရပြီး သူသည် နေရာတိုင်းတွင် ရှုံးနိမ့်နေခဲ့သည်။
ရှီဘုရင်သည်လည်း တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ရာတွင် အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို စုဆောင်းကာ စစ်သားများကို သက်သက်မဲ့ စုဆောင်းခြင်းကို စတင်ခဲ့သည်။ ထို့အပြင် ဤမုတ်ဆိတ်အဘိုးကြီးသည် ရှီဘုရင်ဘက်ရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အရေးအကြီးဆုံးလူများထဲမှ တစ်ဦးလည်း ဖြစ်သည်။
ယောင်ကလန်တွင် အထင်ကြီးစရာကောင်းသော ပါရမီရှင်ရှိသော်လည်း ရှီဘုရင်၏ ရည်မှန်းချက်များက အကန့်အသတ်မရှိသည်ကို ယောင်ကွမ်ရီသိပေသည်။ သူ့ရည်မှန်းချက်ကို ယောင်ကလန်တစ်ခုတည်းဖြင့် ဘယ်တော့မှ ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။
ထို့အပြင် ရှီဘုရင်၏ ပင်ကိုယ်စရိုက်က သူ့အား ယောင်ကလန်ကို ဘယ်တော့မှ မတူကွဲပြားစွာ ဆက်ဆံရန် ခွင့်ပြုမည်မဟုတ်ပေ။
သူ့အဖိုးသည် တစ်ခါက ရှီဘုရင်နှင့် ဆက်ဆံသောအခါ တစ်ယောက်သည် အနည်းငယ်မျှပင် မမောက်မာရ ဟု ပြောခဲ့ဖူးသည်။ ရှီဘုရင်က ဘာပဲဆုံးဖြတ်ခဲ့ပါစေ ဘယ်သူ့ကိုပဲ စေလွှတ်ခဲ့ပါစေ သို့မဟုတ် သူက ဘာပဲ အကြံပြုထားခဲ့ပါစေ ယောင်ကလန်သည် လိုက်နာရန်သာ လိုအပ်သည်။
သို့မဟုတ်ပါက သူတို့သည် ဘေးဒုက္ခဆီသို့ ဦးတည်သွားပေလိမ့်မည်။
ယောင်ကွမ်ရီသည် ထိုစကားလုံးများကို သူ့စိတ်ထဲတွင် ရေးထွင်းထားခဲ့ပေ၏။
"ဟိုက်ဒရာဘတ်သတ္တုရိုင်းလား"
အကြီးအကဲသည် သူ၏ အေးစက်စက်နှင့် ရက်စက်ယုတ်မာသော မျက်လုံးများတွင် တုန်လှုပ်ချောက်ချားသည့် အရိပ်အယောင် ထွက်ပေါ်လာခြင်းမပြုမီ သူ၏ ငြိမ်သက်နေသော အမူအရာသည် မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်မသွားမီ ဤစာကို တစ်ချက်သာ ကြည့်လိုက်သည်။
မြို့တော်တွင် စုန့်ဘုရင်နှင့် ရှီဘုရင်တို့သည် ရန်သူများဖြစ်ကြပြီး ဝမ်ကလန်သည် ဤရန်ပွဲတွင် သဘာဝအားဖြင့် ပါဝင်ခဲ့သည်။
ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိဓားများသည် အစပိုင်းတွင် လျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပြီး သူတို့ကို မည်သည့်အရာမှ ဖန်တီးထားခဲ့သည်ကို မည်သူမျှ မသိခဲ့ကြပေ။
သို့သော် ထိုအချိန်မှစပြီး နှစ်ဝက်ကျော်ကြာသွားခဲ့ပြီး ရှီဘုရင်နှင့် ယောင်ကလန်တို့သည် စွမ်းအင်နှင့် ငွေကြေးများစွာကို သုံးစွဲခဲ့ကြသည်။ ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိလက်နက်များသည် လျှို့ဝှက်ချက်မဟုတ်တော့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကျောက်စိမ်းရိုင်းသံမဏိလက်နက်တစ်လက်ကို ရွှေပြား ခုနစ်သောင်းမှ ရှစ်သောင်းအထိ ရောင်းချနိုင်ပြီး တစ်သိန်း သို့မဟုတ် နှစ်သိန်းအထိပင် ရောင်းချနိုင်သည်။ ဤကြီးမားလှသော စည်းစိမ်ဥစ္စာမျိုးသည် ငွေကြေးကို သိပ်ဂရုမစိုက်ခဲ့ဖူးသော ရှီဘုရင်ကဲ့သို့သော တော်ဝင်မင်းသားကြီးအတွက်ပင် ကြောက်မက်ဖွယ်ကောင်းသော သွေးဆောင်မှုတစ်ခုဖြစ်သည်။
ဝမ်ကလန်၏ရုတ်တရက်ပြန်လည်နိုးထလာမှုသည် ရှီဘုရင်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့ပြီး ကျောက်စိမ်းရိုင်းသံမဏိလက်နက်များမှ အကျိုးဆောင်မှုများနှင့် သူတို့ယူဆောင်လာသောကြီးမားသောစည်းစိမ်ဥစ္စာများကို သတိမပြုမိဘဲ မရှိနိုင်ပေ။
ယခုအချိန်တွင် စင်စစ်အားဖြင့် ဧကရာဇ်စစ်တပ်ရှိ အထက်မှ အောက်အထိ လူတိုင်းသည် ဝမ်ကလန်အပေါ် ကောင်းသောအမြင်ရှိကြသည်။ ရန်လိုသောအုပ်စုများပင်လျှင် ဝမ်ကလန်ကို မစော်ကားဝံ့ခဲ့ကြပေ။
အကြောင်းပြချက်မှာ ဤကျောက်စိမ်းရိုင်းသံမဏိလက်နက်များဖြစ်ကြ၏။
"အဲလောက်မရိုးရှင်းဘူး။ ခုတစ်ကြိမ် ဟိုက်ဒရာဘတ်သတ္တုရိုင်းပေါင်း ဂျင်တစ်ထောင်ကျော်ကို ပို့ဆောင်လာခဲ့တယ်။"
ယောင်ကွမ်းရီ တင်းမာစွာပြောလိုက်သည်။
စာကို တစ်ချက်သာကြည့်လိုက်သော်လည်း ယောင်ကွမ်ရီသည် စာထဲတွင် အရေးကြီးသောအချက်အလက်များကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ မဟာဗျူဟာကျွမ်းကျင်သူများနှင့် သြဇာကြီးသော စစ်သူကြီးများအားလုံး ပိုင်ဆိုင်ထားသည့် ဗီဇတစ်ခုဖြစ်သည်။
မုတ်ဆိတ်အဘိုးကြီးသည် ဘာမှ မပြောခဲ့သော်လည်း သူ့နှလုံးသားမှာ ပြင်းထန်စွာ ခုန်နေခဲ့သည်။ အတန်ကြာပြီးနောက် သူ သက်ပြင်းရှည်ကြီး ချလိုက်၏။
"ဘယ်လိုတောင် ကံကောင်းမှုကြီးလဲ"
"ဟုတ်တယ်၊ ကံကောင်းမှုကြီးပဲ"
ယောင်ကွမ်ရီ သဘောတူလိုက်သည်။
အခန်းထဲရှိ လူနှစ်ယောက် ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ သတ္တုရိုင်း ဂျင်တစ်ထောင်ကျော်... အကယ်၍ တစ်ယောက်သည် တစ်ဂျင်ကို ရွှေပြားတစ်သိန်းကျော်နှင့် လဲလှယ်နိုင်သည်ဟု ယူဆလိုက်ပါက ဤသည်မှာ လုံးဝကို ကြီးမားသည့် ပမာဏပင်။
အကြီးအကဲမဆိုထားနှင့် ယောင်ကွမ်ရီပင်လျှင် ထိုသတင်းကို မြင်လိုက်ရသောအခါတွင် မတွေးနိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။
ဤသည်မှာ ရွှေပြားပေါင်း သန်းတစ်ရာဖြစ်၏။ ဝမ်ကလန်မှ ထိုကောင်လေး၏ ဤလုပ်ငန်းသည် သူ့ကဲ့သို့ တော်ဝင်ရုံးတော်၏ အတွေ့အကြုံရင့် အရာရှိတစ်ဦးကိုပင် အံ့သြတုန်လှုပ်သွားစေခဲ့သည်။
ယောင်ကလန်သည် ဆင်းရဲပြီး နှိမ့်ကျသော မိသားစုမဟုတ်သော်လည်း သူတို့သည် ဤကောင်လေးထက် အမှန်တကယ် နိမ့်ကျပေသည်။
အချိန်အတော်ကြာပြီးနောက် အကြီးအကဲသည် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
"ငါတို့ ဒီလောက်ကြီးမာတဲ့ ကံကောင်းမှုကို လက်လွှတ်လို့မရဘူး။"
ဤကံကောင်းမှုကို သူတို့ လက်လွှတ်လိုက်လျှင် ကောင်းကင်ဘုံ၏ နိယာမတရားများကို လွန်ဆန်နေပေလိမ့်မည်။
ထို့အပြင် ဝမ်ကလန်သည် ရှီဘုရင်၏ မပြေလည်နိုင်သောရန်သူဖြစ်သည်။
"ဟုတ်ကဲ့"
ယောင်ကွမ်ရီသည် ရှားရှားပါးပါး ထောက်ခံလိုက်၏။ လက်ရှိ ဝမ်ကလန်သည် ကိုင်တွယ်ရန် ခက်ခဲနေခဲ့ပြီဖြစ်သော်လည်း သူတို့သည် ဤကံကောင်းမှုကြီးကို ရရှိခဲ့ပါက ယောင်ကလန်ပင် အန်တုရန် ခက်ခဲသွားပေလိမ့်မည်။
မည်သို့ဖြစ်ပါစေ သူတို့သည် ဝမ်ကလန်၏ ဤလုပ်ငန်းကို ဖျက်ဆီးပစ်ရပေမည်။ ထိုသတ္တုရိုင်းများကို သူတို့ဆီရောက်ရှိရန် ခွင့်မပြုနိုင်ပေ။
"ကျွန်တော်တို့ မင်းသားကြီးရှီကို အမြန်အကြောင်းကြားသင့်တယ်..."
ယောင်ကွမ်ရီ အစ်အောက်လိုက်ကာ အကြီးအကဲကို ဘေးစောင်းတစ်ချက်ကြည့်လိုက်၏။
တွေးပင်တွေးမနေခဲ့ဘဲ မုတ်ဆိတ်အကြီးအကဲပြောလိုက်သည်။
"မလိုဘူး။ မင်းသားကြီးက နေ့စဉ် ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေအများကြီးရှိပြီး လက်ရှိမှာ စိတ်အရမ်းပင်ပန်းနေတယ်။ ငါတို့က သူ့ကို ဒီကိစ္စမှာ မနှောင့်ယှက်သင့်ဘူး။ မဟုတ်ရင် လက်အောက်ငယ်သားတွေရဲ့ အရည်အချင်းကို သူ သံသယဖြစ်နိုင်တယ်။ မင်း ဘာပြောမလဲ လူကြီးမင်းယောင်။"
အခြားသူတစ်ဦးထံမှ ငွေလက်ခံရယူသည့်အခါတွင် တစ်ယောက်သည် သူတို့အား ဘေးအန္တရာယ်များကို ဂရုစိုက်ရန် ကူညီပေးရမည်ဖြစ်သည်။ လက်အောက်ငယ်သားများအနေဖြင့် သူတို့သည် လက်ရှိတွင် မည်သည့် ကောင်းကျိုးတစ်စုံတရာမှ မအောင်မြင်ခဲ့သေးပေ။ သူတို့သည် ဤအခွင့်ကောင်းကို မဆုပ်ကိုင်ထားခဲ့ပါက ၎င်းကို လွတ်သွားသည့်အခါ နောင်တရရန် အလွန်နောက်ကျသွားပေလိမ့်မည်။
*************