အခန်း (၄၀၁-၄၀၅)
Vol. 18 Ch. 401-405
အပိုင်း ၄၀၁ ကြံစည်ခြင်း
ယောင်ကွမ်ရီတွေးနေသည့်အရာကို နားမလည်နိုင်ရန် မုတ်ဆိတ်နှင့် အကြီးအကဲအတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ ယောင်ကွမ်ရီနှင့်အတူတကွ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ရှီဘုရင်ဆီမှ အပြစ်တင်သည့်ရလဒ် အမှန်တကယ် ဖြစ်ပွားခဲ့ပါက သူတို့သည် အတူတကွ အပြစ်တင်ခံရပေလိမ့်မည်။
ယောသ်ကွမ်ရီ၏ မျက်လုံးများတွင် ထူးဆန်းသည့် အကြည့်တစ်ခု ဖြတ်သွားခဲ့သော်လည်း သူ လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။
"လူကြီးမင်း မှန်တယ်"
ယောင်ကွမ်ရီ ခေါင်းညိတ်လိုက်၏။ သူ အကြီးအကဲ၏ အတွေးများကို အစ်အောက်ချင်ခဲ့သော်လည်း အကြီးအကဲမှန်ပေသည်။ သူတို့သည် အမှန်ပင် ဤဝန်ထုပ်ဝန်ပိုးကို ရှီဘုရင်ကိုယ်စားယူရပေမည်။
ထို့အပြင် ဤဟိုက်ဒရာဘတ်သတ္တုရိုင်းဂျင်တစ်ထောင်ကိစ္စသည် အင်မတန်အရေးကြီးလှသည်။ အကယ်၍ ထိုယာဉ်တန်းသည် မြို့တော်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့ပါက ဝမ်ကလန်၏ အင်အားသည် ပိုမိုတိုးတက်သွားလိမ့်မည်ဖြစ်ပြီး ကံကြမ္မာဆိုးကိုလက်ခံရရှိသူမှာ ယောင်ကလန်သာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤကိစ္စကို ယောင်ကွမ်ရီထက်ပို၍ ဘယ်သူမှ စိုးရိမ်ကြမည်မဟုတ်ပေ။
"ငါတို့ ဒီကုန်ပစ္စည်းတွေကို ကြားဖြတ်ဖို့ ကျွမ်းကျင်သူတွေ အမြန်ဆုံး စေလွှတ်ရမယ်။ လက်ရှိမှာ ငါတို့ရဲ့ အကြီးမားဆုံး အားသာချက်က ဒီလျို့ဝှက်ချက်ကို ငါတို့ရှာတွေ့သွားပြီဆိုတာကို ဝမ်ကလန် မသိသေးတာပဲ။ ငါတို့ လုံလောက်အောင်မြန်မြန်လှုပ်ရှားရင် အချိန်မီနိုင်သေးတယ်။ ဒါပေမယ့် ယာဉ်တန်းမှာလည်း ကျွမ်းကျင်သူနည်းနည်းပဲရှိမှာမဟုတ်ဘူး။ သူတို့အားလုံးက စင်ဒူက မဟာဘုန်းကြီးတွေပဲ။ သူတို့ဆီကနေ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို လုယူဖို့က လွယ်ကူမှာမဟုတ်ဘူး။"
သူစကားပြောလိုက်သောအခါ ယောင်ကွမ်ရီ လူအိုကြီးကို ကြည့်လိုက်ပြီး သူ့ဆိုလိုရင်းက သိသာထင်ရှားလှသည်။
ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင်သည် သေးငယ်သည့် ပမာဏမဟုတ်ပေ။ စင်ဒူဘက်ကလည်း ဤကိစ္စကို အရေးအကြီးဆုံးအဖြစ် သဘောထားခဲ့သည်မှာ ထင်ရှားလှသည်။
သူတို့၏ သတင်းတင်ပြချက်မှနေ၍ စင်ဒူမှ အားကောင်းသော မဟာဘုန်းတော်ကြီး အပါးနှစ်ဆယ်ကျော်သည် ဟိုက်ဒရာဘတ်သတ္တုရိုင်းကို လိုက်ပါစောင့်ရှောက်လာခဲ့ကြပြီး သူတို့ကြားတွင် ကျွမ်းကျင်သူ အများကြီးဖြစ်သည်။
ကျားပါးစပ်မှနေ၍ အစာလုယူရန်မှာ လွယ်ကူမည်မဟုတ်ပေ။ လုံလောက်သည့် ထိပ်တန်းကျွမ်းကျင်သူများ မပါရှိဘဲ ၎င်းသည် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
ဤသည်မှာ ယောင်ကွမ်ရီအတွက် ပြဿနာမဟုတ်ပေ။ ကျွမ်းကျင်သူအရေအတွက်အရ ယောင်အိမ်တော်တွင် မည်မျှရှိပါစေ ရှီဘုရင်ထက် ပိုများနိုင်မည်မဟုတ်ပေ။ ရှီဘုရင်သည် ဤတစ်ချိန်လုံး ကျွမ်းကျင်သူများကို စုဆောင်းနေခဲ့ပြီး ကျွမ်းကျင်သူများ စုဆောင်းနေရသည်ကို အလေ့အကျင့်တစ်ခုရှိပေသည်။ သူ့အိမ်တော်သည် ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ စုဝေးနေခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့အပြင် ရှီဘုရင်ကိုယ်၌က ထိပ်သီးကျွမ်းကျင်သူတစ်ဦးဖြစ်၏။
ယောင်အိမ်တော်၏ ကျွမ်းကျင်သူများသည် ရှီဘုရင်အိမ်တော်အတွက် ရေပုံးထဲမှ ရေတစ်စက်မျှသာဖြစ်ပြီး ထုတ်ပြောရန်ပင် မထိုက်တန်ပေ။
ဤကိစ္စအတွက် ရှီဘုရင်ဘက်မှလူများ ရှေ့ထွက်သည်မှာ ပိုကောင်းပေသည်။
"ဟားဟားဟား စစ်သူကြီးယောင်က ဒီကိစ္စကို စိုးရိမ်နေရင် ငါ ကိုင်တွယ်ပေးပါရစေ။ ငါ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်။"
ယောင်ကွမ်ရီဆီမှ စကားတစ်ခွန်းမလိုဘဲ မုတ်ဆိတ်အကြီးအကဲ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ဤကိစ္စကို တာဝန်ယူလိုက်သည်။ သူသည် ဂုဏ်ယူနေသည့် အမူအရာဖြင့် သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်၏။
"ဒါပေမယ့် လူကြီးမင်း ဒီစင်ဒူဘုန်းကြီးတွေရဲ့ အင်အားကို လျှော့တွက်လို့မရဘူး။ သူတို့အများကြီးရှိပြီး သူတို့ရဲ့ ခွန်အားက အနည်းဆုံး အစစ်အမှန်သိုင်းပညာ အဆင့် ၇၊ ၈၊ ၉ ဖြစ်တယ်။ သူတို့နဲ့အတူ နက်နဲသိမ်မွေ့သော သိုင်းပညာ အဆင့် ၁ ကျွမ်းကျင်သူတစ်ယောက်တောင်ပါလာတယ်။ ကျွန်တော်တို့က သာမန်ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်ရင် သူတို့ကို သေဖို့ လွှတ်လိုက်သလိုဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိတယ်။"
ယောင်ကွမ်ရီ ယဉ်ကျေးစွာ သတိပေးလိုက်သည်။ အကြီးအကဲက ဤကိစ္စအား တာဝန်ယူသည်ကို သူ ဝမ်းသာသော်လည်း ဤကိစ္စသည် ယောင်ကလန်နှင့်လည်း ပတ်သက်နေခဲ့သေးသည်။
အကြီးအကဲအား ကိစ္စအနည်းငယ် သတိပေးရမည်ဟု ယောင်ကွမ်ရီ ခံစားနေရပေသည်။
"ဟားဟားဟား စိတ်ချထားပါ စစ်သူကြီးယောင်၊ ဒါက အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၇၊ ၈၊ ၉ က ဘုန်းကြီးအနည်းငယ်သာသာပဲ။ နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကတောင် စိန်ခေါ်မှုကြီးမဟုတ်ပါဘူး။ ဒီလူအိုကြီးက ရှီဘုရင် တန်ဖိုးထားခံရတာကြောင့် ကျွမ်းကျင်သူအနည်းငယ်ကို စုစည်းနိုင်တယ်။"
မုတ်ဆိတ်နှင့် အကြီးအကဲသည် သူ့ မုတ်ဆိတ်ကို ဆော့ကစားလိုက်ပြီး သူ့မျက်နှာပေါ်တွင် စိတ်ကြီးဝင်သည့် အကြည့်တစ်ခုရှိပေသည်။
ယောင်ကွမ်ရီ မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး ထိုလူအိုကြီးကို အထင်မသေးရဲခဲ့ပေ။ ရှီဘုရင်၏ ယုံကြည်မှုကို ရထားသည့် လူများသည် သဘာဝအားဖြင့် သာမန်မဟုတ်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပေသည်။
"လူကြီးမင်းက ဒီလိုပြောနေပြီဆိုမှတော့ ဒီနိမ့်ကျတဲ့ ယောင်က စိတ်ချလိုက်ပါပြီ။ ဖြစ်နိုင်မယ်ဆိုရင် လူကြီးမင်းက အိမ်တော်တွေကနေ ကျွမ်းကျင်သူတွေ ခေါ်ယူတာကို ရှောင်ကျင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အစောပိုင်းလုပ်ကြံတိုက်ခိုက်မှုက ဝမ်ကလန်နဲ့ စုန့်ဘုရင်တို့ရဲ့ သတိကို ဆွဲဆောင်သွားခဲ့ပြီး မကျေမနပ်ဖြစ်သွားစေခဲ့တယ်။ကျွန်တော်တို့က အချက်အလက်တွေ ပိုပြီး ကျိုးပေါက်စေမိရင် အရှင်မင်းမြတ်ကိုတောင် ရှင်းပြချက်ပေးနိုင်မှာမဟုတ်ဘူး။"
ယောင်ကွမ်းရီ သတိပေးလိုက်၏။
တရားဝင်လမ်းမတွင် ဝမ်ချောင် ကြုံတွေ့ခဲ့ရပြီး သူ့အသက်နှင့်အတူ သီသီကလေး လွတ်မြောက်သွားခဲ့သော လုပ်ကြံမှုမှာ အချိန်သိပ်မကြာခဲ့သေးပေ။ အကယ်၍ ရှီဘုရင်နှင့် ယောင်ကလန်တို့က သဲလွန်စများကို ပို၍ ကျန်ခဲ့စေမည့် အရာကို လုပ်ဆောက်ခဲ့ပါက ပညာရှင်ဧကရာဇ်ပင်လျှင် သူ့မပျော်ရွှင်မှုကို စတင်ပြသပေလိမ့်မည်။
ဝါရင့် ရုံးတော်အရာရှိတစ်ဦးအနေဖြင့် ယောင်ကွမ်ရီသည် ပညာရှင်ဧကရာဇ်က သေးနုပ်သည့် ကိစ္စများကို အနည်းငယ်သာ ဂရုစိုက်သည်ကို ကောင်းကောင်းနားလည်ထားသည်။
သို့သော် အချို့ကိစ္စများသည် တစ်ကြိမ်သာပြုလုပ်နိုင်ပြီး အကယ်၍ တစ်ယောက်သည် လွန်လွန်ကြူးကြူးလုပ်ဆောင်ခဲ့ပါက အရှင်မင်းမြတ်ပင်လျှင် ၎င်းတို့ကို လျစ်လျူရှု၍ ရတော့မည်မဟုတ်ပေ။
အရှင်မင်းမြတ်သည် အချို့ကိစ္စများကို လျစ်လျူရှုထားရန် ရွေးချယ်ခဲ့သော်လည်း သူသည် အမှန်တကယ်တွင် ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝမသိသည့် ဆွံ့အ၊ နားမကြားမဟုတ်ပေ။ အရှင်မင်းမြတ်က နားဝေတိမ်တောင်ဖြစ်သည်ဟု ယုံကြည်ထားသည့် မည်သူမဆို အရူးဖြစ်သည်။
"စစ်သူကြီးယောင် စိတ်အေးအေးထားပါ၊ ငါ ဝမ်ကလန်နဲ့ စုန့်ဘုရင်တို့ရဲ့ သတိကို ဆွဲဆောင်စေမှာမဟုတ်ဘူး။"
အကြီးအကဲ အမှုမထားသလို စဉ်းပင်မစဉ်းစားဘဲ ဂုဏ်ယူစွာ ပြောလိုက်သည်။ သူသည် ရှီဘုရင်အိမ်တော်တွင် ဘဏ္ဍာစိုးတစ်ယောက်ဖြစ်သောကြောင့် ဤသို့သော အရာကိုပင် မလုပ်နိုင်ခဲ့ပါက သူသည် ရှီဘုရင်၏ ယုံကြည်မှုကို ဖြုန်းတီးနေခြင်းဖြစ်သည်။
"အိုး"
ပထမဆုံးအကြိမ်အံ့အားသင့်သွားခဲ့ကာ ယောင်ကွမ်ရီ မျက်တောင်ခတ်လိုက်မိသည်။
"ခင်ဗျားက ဒီနိမ့်ကျတဲ့ယောင်ကို စကားအများကြီးပြောမိတဲ့အတွက် ခွင့်လွှတ်မယ်ဆိုရင် လူကြီးမင်းက ဘယ်နေရာက ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်မလဲဆိုတာ သိလို့ရမလား။"
ဤဟိုက်ဒရာဘတ်သတ္တုယာဉ်တန်း၏ အစောင့်အကြပ်သည် ကိုင်တွယ်ရန် အနည်းဆုံး နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူများ လိုအပ်သည်။ ဤအဆင့်ကျွမ်းကျင်သူများသည် အလွန်အရေးပါကြပြီး ယောင်ကလန်သည်ပင် တစ်ယောက်ကို အလွယ်တကူ မစုရုံးနိုင်ပေ။
"ဟားဟားဟား စစ်သူကြီးယောင် ငါ မင်းကို ဖုံးကွယ်မထားပါဘူး။ အဲဒီလမ်းတစ်လျှောက် လူအနည်းငယ်ကို ငါ တွေ့ဆုံခဲ့ဖူးတယ်၊ စစ်သူကြီး လုံရှီအနီးက သံမဏိဝတ်ရုံလီကို သတိရသေးလား။"
သူ့မုတ်ဆိတ်ကို ပွတ်သပ်လျက် အကြီးအကဲမေးလိုက်၏။
"သံမဏိဝတ်ရုံ ဓားပြတွေလား"
ယောင်ကွမ်ရီ၏ မျက်လုံးများ လင်းလက်သွားခဲ့ကြ၏။ ယောင်ကွမ်ရီတွင် ဝမ်ချောင်တို့၏ အုပ်စုကို အကုန်နီးပါး သတ်ဖြတ်ခဲ့သော ထိုသံမဏိဝတ်ရုံဓားပြများအပေါ် အလွန်နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုရှိသည်။
နောက်ဆုံးအချီတွင် သူတို့ ကျရှုံးခဲ့သည်မှာ နှမြောစရာကောင်းလှ၏။ သို့မဟုတ်ပါက သူသည် ယခုတွင် ဤဒုက္ခများကို ကြုံတွေနေရမည်မဟုတ်ပေ။
"လူကြီးမင်းက သူ့လိုလူတစ်ယောက်ကို သိတာလား။"
ယောင်ကွမ်ရီ ချက်ချင်း မှတ်မိလိုက်သည်။
"ဟားဟားဟား မျှော်လင့်ထားသလိုပဲ စစ်သူကြီးယောင် မင်းမှာ လျင်မြန်တဲ့ တုံ့ပြန်မှုရှိတာပဲ။ ရှီဘုရင်က မင်းကို အထင်တကြီးရှုမြင်ထားတာ အံ့ဩစရာမဟုတ်တော့ဘူး။ အမှန်ပဲ ငါ အဲလိုလူတစ်ယောက်ကို သိထားတယ်၊ ဒီလူက သံမဏိဝတ်ရုံဓားပြတွေရဲ့ခေါင်းဆောင်ထက် အများကြီးပိုပြီး ကြောက်ဖို့ကောင်းတယ်။ အနောက်ပိုင်းဒေသတွေကို သွားတဲ့ လမ်းတွေပေါ်မှာ ဒီပုဂ္ဂိုလ်က ဓားပြတွေရဲ့ ဘုရင်အဖြစ် သမုတ်ဖို့ အပြည့်အဝထိုက်တန်တယ်။ သူ့ကျင့်ကြံခြင်းက အချိန်အကြာကြီးကတည်းက နက်နဲသိမ်မွေ့တဲ့ သိုင်းပညာနယ်ပယ်ကို ရောက်နေခဲ့ပြီး သူ့မှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေရှိတယ်။ ဒီပုဂ္ဂိုလ်က ရှေ့ထွက်လိုက်ရင် စုန့်ဘုရင်ကော ဝမ်ကလန်ကောက သူတို့က ဘယ်လောက်ပဲ ရှိန်ဖို့ကောင်းပါစေ ငါတို့ကို သူတို့နဲ့ ဆက်စပ်မိနိုင်မှာမဟုတ်ဘူး။"
မုတ်ဆိတ်နှင့် အကြီးအကဲက သူ့မုတ်ဆိတ်ကို ဆက်ဆော့လိုက်ပြီး သူ့မျက်လုံးများတွင် လိမ္မာပါးနပ်သော အကြည့်တစ်ခုရှိနေခဲ့၏။
ယောင်ကွမ်ရီ ဤစကားများကြောင့် အံ့ဩသွားခဲ့သည်။ သူသည် ဤအားနည်းပုံရသော အကြီးအကဲကို လျှော့တွက်ထားခဲ့မိသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
အကယ်၍ သူသည် ဤသို့သော လူမျိုးကို အမှန်တကယ်သိထားခဲ့ပါက သူတို့သည် သေချာပေါက် အကောင်းဆုံး သင့်တော်သူဖြစ်ကြသည်။ အကြံအစည်သည် အားနည်းချက်ရှိလိမ့်မည်မဟုတ်ပေ။
"လူကြီးမင်းမှာ အဲလိုသင့်လျော်သူရှိရင် အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ ဒီသတ္တုရိုင်းကို လုယူနိုင်သရွေ့ ဝမ်ကလန်က အကြီးအကျယ်ထိုးနှက်ခံရလိမ့်မယ်။"
စကားပြောနေစဉ် ယောင်ကွမ်ရီ ခေါင်းညိတ်လိုက်ကာ သူ့စိတ်က ပို၍ အေးချမ်းသွားခဲ့သည်။
"ဟီးဟီးဟီး ဒါက သေးငယ်တဲ့ ကံကောင်းမှုမဟုတ်ဘူး။ မုန်တိုင်းက ပြီးသွားတဲ့အခါ ငါတို့တွေ သတ္တုရိုင်းတွေကို မြို့တော်ဆီ သယ်ယူလာနိုင်တယ်။ တကယ်လို့ သခင်ကြီးရှီဘုရင်က ဒီသတ္တုရိုင်းရဲ့ အကူအညီကို ရခဲ့ရင် အဲဒါက ကျားကို အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ သူက ငါတို့ကို သေချာပေါက် ပိုပြီး တန်ဖိုးထားလာလိမ့်မယ်။"
မုတ်ဆိတ်နှင့် အကြီးအကဲ စကားပြောလိုက်ကာ ခေါင်းညိတ်လိုက်၏။ ဤသည်မှာ သူ့အစစ်အမှန်ပန်းတိုင်ဖြစ်သည်။ ယောင်ကွမ်ရီ ကြက်သေသေသွားခဲ့ပြီး ခါးသက်သက်အပြုံးတစ်ခု ပြုံးပြလိုက်သည်။
"လူကြီးမင်းရဲ့ အကြံက တော်တော်လေးကောင်းပေမယ့် တော်တော်လေး လက်တွေ့မကျမှာကို ကျွန်တော် စိုးရိမ်မိတယ်။"
"အိုး စစ်သူကြီးယောင်က စိတ်မလှုပ်ရှားဘူးလား။ ဒါက ရွှေပြားသန်းတစ်ရာနော်။"
အကြီးအကဲ မျက်မှောင်ကြုတ်လိုက်၏။
"အာ လူကြီးမင်း ခင်ဗျား ကျွန်တော့်ကို အထင်လွဲနေပြီ။"
ယောင်ကွမ်ရီ တော်တော်လေး ကူကယ်ရာမဲ့သွားခဲ့ကာ ရှင်းပြလိုက်သည်။
"ဒါက ကျွန်တော် ဒီသတ္တုရိုင်းတွေကို မသုံးချင်လို့မဟုတ်ဘူး။ ဒါပေမယ့် သတ္တုရိုင်းတွေက ကျွန်တော်တို့ရဲ့ လက်ထဲရောက်ခဲ့ရင်တောင် အသုံးမဝင်ဖြစ်လိမ့်မယ်။ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ အဲကောင်လေးကပဲ ကျောက်စိမ်းရိုင်းသံမဏိစီးပွားရေးကို လည်ပတ်နိုင်မှာကို ကျွန်တော် စိုးရိမ်မိတယ်။ ပြီးတော့ ဒီစီးပွားရေးက သူ့အတွက် အထူးသီးသန့်ပဲ။"
သူတို့ ကိုယ်စွမ်းဉာဏ်စွမ်းအများကြီး သုံးစွဲခဲ့ပြီးဖြစ်သော်လည်း သူ့ရှေ့ရှိ ဤလူက ယောင်ကလန်နှင့် ရှီဘုရင်တို့ ရင်ဆိုင်နေသည့် ရန်သူကို နက်ရှိုင်းစွာ နားလည်မထားခဲ့သည်မှာ ရှင်းလင်းလှသည်။
"စစ်သူကြီးယောင် ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ဒီဟိုက်ဒရာဘတ်သတ္တုရိုင်းတွေက သူတို့ဥစ္စာပဲဖြစ်နိုင်တယ် ငါတို့ဥစ္စာမဖြစ်နိုင်ဘူး လို့ မင်း ပြောနေတာလား။ အချိန်ကျတဲ့အခါ ငါတို့က လိမ်ပြီး ဒါကို စင်ဒူကနေ ငါတို့ဝယ်ခဲ့တာလို့ ပြောလို့ရတယ်။"
အကြီးအကဲ တော်တော်လေး မကျေမနပ်ဖြစ်သွားခဲ့၏။
"အသုံးမဝင်ဘူး။ ဟိုက်ဒရာဘတ်သတ္တုရိုင်းက အဲကောင်လေးရဲ့ အထူးသီးသန့် စီးပွားရေးပဲ။"
ခါးသက်သက်အပြုံးဖြင့် ယောင်ကွမ်ရီ တရားစီရင်ရေးပြန်လည်သုံးသပ်ရေးတရားရုံးတွင် သူတို့တွေ့ခဲ့ရသည့် ဝမ်ကလန်ကို မဟာထန်တွင် ဟိုက်ဒရာဘတ်သတ္တုရိုင်းစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ခွင့်ရစေခဲ့သည့် ဝမ်ကလန်နှင့် စင်ဒူအကြား သဘောတူစာချုပ်ကို ထုတ်ဖော်ပြလိုက်သည်။
မုတ်ဆိတ်နှင့် အကြီးအကဲ အလွန်အံ့အားသင့်သွားခဲ့ကာ တခဏမျှ ဆွံ့အသွားခဲ့သည်။
ယောင်ကွမ်ရီ ရှင်းပြလိုက်၏။
"အဲကောင်လေးက ငယ်ရွယ်ပေမယ့် စီးပွားရေးလုပ်တဲ့အခါ သူက အဟလေးတစ်ခုကိုတောင် ချန်မထားဘူး။ လူကြီးမင်းက ဒီလုပ်ငန်းမှာ ဝင်မပါခဲ့တာ အတော်ကြာခဲ့ပြီ၊ ဒါကြောင့် သူ့ကို နားမလည်တာ ခင်ဗျားအတွက် ပုံမှန်ပါပဲ။ နောင်ကျရင် လူကြီးမင်း နားလည်လာမှာပါ။ တကယ်လို့ ကျွန်တော်တို့က ဝမ်ကလန်တစ်ခုလုံးကို ကြည့်မယ်ဆိုရင် ဝမ်ယန်က ထည့်ပြောဖို့တောင် မထိုက်တန်ဘူး၊ ဝမ်ကန်းက အရမ်းခေါင်းမာလွန်းတယ်။ ကျွန်တော်တို့ကို အမှန်တကယ် ခြိမ်းခြောက်နိုင်တဲ့တစ်ဦးတည်းသောသူက အဲကောင်လေးပဲ။ ဒါက ဒီလိုမဟုတ်ခဲ့ရင် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နောက်ဆုံးစွန့်စားမှုမှာ ဘယ်လိုလုပ် ကျရှုံးခဲ့ရမှာလဲ။"
အကြီးအကဲ နောက်တစ်ကြိမ် အေးခဲသွားခဲ့၏။ ရှီဘုရင်နားတွင် သူ တာဝန်ထမ်းဆောင်သည့်အချိန်မှာ တော်တော်လေးတိုတောင်းသေးပြီး ထို့ကြောင့် ယောင်ကွမ်ရီကဲ့သို့ သူ စေ့စေ့ပေါက်ပေါက် နားမလည်ထားသည့် ကိစ္စများစွာ ရှိကြသည်။
သူ မူလက သူ့ရန်သူများမှာ ဝမ်ကလန်နှင့် စုန့်ဘုရင်တို့ဖြစ်ကြသည်ဟု ယုံကြည်ထားခဲ့သော်လည်း ခုကြည့်ရသည်မှာ အမှန်တရားက သူ့မျှော်မှန်းချက်များနှင့် ကွဲလွဲနေပုံရသည်။
"ဒါပေမယ့် ငါတို့ ဒီကိစ္စကို သေချာပေါက် ပေါက်ကြားစရာမလိုပါဘူး။ ငါတို့ ကျောက်စိမ်းရိုင်းသံမဏိဓားကို တိတ်တဆိတ်ထုလုပ်လို့မရဘူးလား။"
မုတ်ဆိတ်နှင့် အဘိုးကြီး မေးလိုက်၏။
"အဲဒါက အသုံးဝင်မှာမဟုတ်ဘူး။ ကျောက်စိမ်းရိုင်းသံမဏိဓားတွေက အမှန်ပဲ ဟိုက်ဒရာဘတ်သတ္တုရိုင်းကနေ ထုလုပ်တာပါ။ ဒါပေမယ့် ဟိုက်ဒရာဘတ်သတ္တုရိုင်းတွေ ရှိနေရုံနဲ့ ကျွန်တော်တို့က ကျောက်စိမ်းရိုင်းသံမဏိဓားကို ထုလုပ်နိုင်တယ် လို့ မဆိုလိုဘူး။ ကျွန်တော် ဒါကို ခင်ဗျားဆီကနေ ဖုံးကွယ်မထားပါဘူး။ ကျွန်တော် ခင်ဗျားရဲ့ အကြံပြုချက်ကို ကြိုးစားကြည့်ခဲ့ပြီးပြီ ဒါပေမယ့် ကျွန်တော် ရလိုက်သမျှက ဒါတွေပါ။"
ယောင်ကွမ်ရီ အံဆွဲတစ်ခုကို ဖွင့်လိုက်ပြီး ကတ္တရာစေးကဲ့သို့ နက်မှောင်သော သတ္တုဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
"ဒါက.... ကျောက်စိမ်းရိုင်းသံမဏိဓားလား။"
သံမဏိမှ ပြုလုပ်ထားသော သာမန် ဓား သို့မဟုတ် ဆေဘာနှင့် ဘာမှမခြားနားပုံရသည့် ဤအနက်ရောင်ဓားကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကာ မုတ်ဆိတ်နှင့် အကြီးအကဲ ကြက်သေသေသွားခဲ့သည်။
ယောင်ကွမ်ရီ သူ့ကို မပြောခဲ့ပါက ဤဓားကို ဟိုက်ဒရာဘတ်သတ္တုရိုင်းမှ ထုလုပ်ထားခဲ့သည်ဟု သူ ယုံကြည်ရဲမည်မဟုတ်ပေ။ ဤသည်မှာ ဝမ်ကလန်မှ ရောင်းချခဲ့သော တောက်ပပြီး မယုံနိုင်စရာကောင်းအောင် ထက်ရှကာ မှော်စာလုံးများဖြင့် ဖုံးလွှမ်းနေသည့် အလွန်ထူးကဲကောင်းမွန်သော ဓားများနှင့် အလွန်ခြားနားနေခဲ့၏။
"ကျွန်တော်လည်းပဲ ဒါကို ဟိုက်ဒရာဘတ်သတ္တုရိုင်းကနေ ထုလုပ်ထားခဲ့တယ်လို့ မယုံကြည်ချင်ခဲ့ဘူး။ ထုလုပ်ပုံအဆင့်ဆင့်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ပြီးမှသာ ဒါက တကယ်ပဲ ဟိုက်ဒရာဘတ်သတ္တုရိုင်းကနေ ထုလုပ်ထားတဲ့ လက်နက်ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာ။"
သူစကားပြောလိုက်သည့်အချိန်တွင် ယောင်ကွမ်ရီ ထိုအံဆွဲထဲမှ ဒုတိယအနက်ရောင်ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ မေးခွန်းထုတ်စရာမလိုဘဲ ဤဓားသည်လည်း ဟိုက်ဒရာဘတ်သတ္တုရိုင်းမှ ထုလုပ်ထားခဲ့ပေ၏။
ဓားနှစ်လက်စလုံးသည် တစ်တောင်လောက်ရှည်ကြသော်လည်း သူတို့တွင် တူညီသည့် ပုံပန်းသွင်ပြင်ရှိကြသည်။ သာမန်ဆန်ပြီး ဆွဲဆောင်မှုမရှိပေ။
"ဒါပေမယ့် မြို့တော်ရဲ့ကျန်းကလန်ကလည်း ကျောက်စိမ်းရိုင်းသံမဏိဓားတွေ ထုတ်လုပ်တယ်မဟုတ်ဘူးလား။ သူတို့ထဲက တစ်ချို့ကို ဖမ်းဆီးပြီး ငါတို့ကို ဓားလုပ်ရာမှာ ကူညီခိုင်းရင် အဆင်ပြေလိမ့်မယ်မဟုတ်ဘူးလား။"
မုတ်ဆိတ်နှင့်အကြီးအကဲ တော်တော်လေး မလိုလားစွာ အကြံပြုလိုက်သည်။
"အာ"
ယောင်ကွမ်ရီ နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိ၏။
"ဒါက အဓိကပြဿနာပဲလေ။ ကျန်းကလန်ရဲ့ ပန်းပဲဆရာတွေက ဓားတွေရဲ့ မပြီးပြတ်သေးတဲ့ ပုံစံတွေကိုပဲ ထုလုပ်ကြတယ်။ အရေးအကြီးဆုံးနဲ့ နောက်ဆုံးအဆင့်က အဲကောင်လေးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။"
"အဲကောင်လေးကလွဲလို့ မဟာထန်မှာရှိတဲ့ ဘယ်သူကမှ ကျောက်စိမ်းရိုင်းသံမဏိဓားရဲ့ ထုလုပ်ပုံကို မသိကြဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်တို့က ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်သောင်းကို ဓားပြတိုက်ခဲ့ရင်တောင် ကျွန်တော်တို့က ကျွန်တော်တို့လိုချင်တဲ့ ကျောက်စိမ်းရိုင်းသံမဏိဓားတွေကို ထုလုပ်နိုင်မှာမဟုတ်ဘူး။"
"..."
မုတ်ဆိတ်နှင့် အကြီးအကဲ ထိုင်လျက်သား ကြက်သေသေသွားခဲ့၏။
ထိုကောင်လေး၏ အကြံအစည်များသည် ခရေစေ့တွင်းကျပြီး အားနည်းချက်မရှိဟု ယောင်ကွမ်ရီ အစောပိုင်းက ပြောခဲ့သည့်အခါ သူသည် ၎င်းကို မယုံကြည်ခဲ့ဘဲ ကန့်ကွက်ခဲ့သည်။
သို့သော် ယခုတွင် ဤကောင်လေး၏ အကြံအစည်များက မည်မျှ ခရေစေ့တွင်းကျသလဲဆိုသည်ကို သူ ရုတ်တရက် စတင်ကြုံတွေ့လိုက်ရသည်။
ယောင်ကွမ်ရီ မှန်ပေ၏။ ဝမ်ကလန်၏ ထိုကောင်လေးကလွဲလို့ တခြားမည်သူကမျှ ထိုစီးပွားရေးကို မလုပ်နိုင်ပေ။
**********************************
မူရင်းပြန်သူမှတ်ချက်- ကန်းကျိက ဝမ်ယန်ရဲ့ နာမည်ပြောင်ပါ။
ဘာသာပြန်သူမှတ်ချက်- ကန်းကျိကို ထည့်မပြန်ထားပါ။ 😎
အပိုင်း ၄၀၂
ချီရှီ
"ဒါက ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင်၊ ရွှေပြားသန်းတစ်ရာနီးပါး။ အဲဒါက တကယ်ပဲ ငါတို့ရဲ့ လက်ထဲက လွတ်ထွက်သွားတော့မှာလား။"
မုတ်ဆိတ်နှင့် အကြီးအကဲ ရေရွတ်လိုက်၏။
သူ ဤသို့သော အခြေအနေကို မမျှော်လင့်ထားခဲ့သည်ကို ဝန်ခံရပေမည်။ ဤသို့သော အခွင့်အရေးကောင်းတစ်ခု၊ ဤသို့သော အသားတုံးကြီးတစ်ခု၊ သို့သော် သူ တစ်ကိုက်ပင် ကိုက်ခွင့်မရှိပေ။ ကျောက်စိမ်းရိုင်းသံမဏိကို ထုလုပ်ရန် နည်းလမ်းမရှိဘဲ သူတို့ သူတို့လုယူထားသည့် သတ္တုရိုင်းကို ဘာမှလုပ်၍မရပေ။
"အဲဒါက မသေချာပါဘူး။"
တခဏမျှ စဉ်းစားလိုက်ပြီးနောက် ယောင်ကွမ်ရီပြောလိုက်သည်။
"အိုး"
အကြီးအကဲ မေးခွန်းထုတ်နေသည့် အကြည့်ဖြင့် ခေါင်းထောင်လိုက်၏။
"အာဘတ်စစ်စော်ဘွားနဲ့ ခဲရပ်စပါစီနူတို့ရဲ့ ပန်းပဲဆရာတွေက ဟိုက်ဒရာဘတ်သတ္တုရိုင်းနဲ့ အတွေ့အကြုံအချို့ ရှိတယ်လို့ ကျွန်တော်ကြားခဲ့တယ်။ ကျွန်တော်တို့ ဒါကို အသုံမချနိုင်ပေမယ့် သူတို့ဆီ ဒီသတ္တုရိုင်းကို ရောင်းချနိုင်တယ်။"
"ဒီလိုဆို ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ။"
မုတ်ဆိတ်နှင့် အကြီးအကဲ သက်ပြင်းချလိုက်သည်။
ဟိုက်ဒရာဘတ်သတ္တုရိုင်းကို သူ နက်ရှိုင်းစွာ နားလည်မထားခဲ့သော်လည်း ကုန်ကြမ်းပစ္စည်းများနှင့် ကုန်ချောပစ္စည်းများကြား ကြီးမားသည့် ကွာခြားမှုရှိသည်ကို သူ သိထားသည်။ ကုန်ချောပစ္စည်း ကျောက်စိမ်းရိုင်းသံမဏိလက်နက်သည် လက်ရှိတွင် ရွှေပြား သောင်းချီတန်ကြေးရှိသော်လည်း ကုန်ကြမ်းသတ္တုသည်တော့ ရာချီသာ တန်ပေသည်။ ဤသည်မှာ သူ မျှော်လင့်ထားသည်နှင့် ခြားနားလွန်းသော်လည်း ဘာမှမရသည်ထက်စာလျှင် တော်သေးသည်။
အားလုံးပြီးနောက် ၎င်းသည် သူတို့လက်ထဲတွင် အသုံးမဝင်ပေ။ ယောင်ကွမ်ရီ၏ လက်ထဲရှိ အနက်ရောင် အရာနှစ်ခုက အကောင်းဆုံးသက်သေများဖြစ်ကြ၏။
"... တစ်ဖက်ကို သတ္တုတွေကို ဖြစ်နိုင်သမျှမြန်မြန်ဓားပြတိုက်ဖို့ ငါ အကြောင်းကြားလိုက်မယ်။ ငါ သူတို့ကို သတ္တုတွေကို တစ်နေရာရာမှာ မြှုပ်ခိုင်းထားလိုက်မယ်၊ မုန်တိုင်းက ပြီးသွားရင် ငါတို့ အာရပ်တွေနဲ့ ဆက်သွယ်နိုင်ပြီ။ ငါတို့ သူတို့ကို ဒီဟိုက်ဒရာဘတ်သတ္တုရိုင်း အကျိုးအမြတ်တွေ ယူခိုင်းရလိမ့်မယ်။"
အကြီးအကဲ အင်တင်တင်နှင့် ပြောလိုက်၏။
"ဟုတ်တယ်၊ ဒါ ကျွန်တော်တို့တတ်နိုင်သမျှ အကုန်ပဲ။"
ယောင်ကွမ်ရီသည်လည်း သက်ပြင်းချလိုက်မိသည်။
သူ ဂရုမစိုက်သလို ပြောနေခဲ့သော်လည်း ရွှေပြားသန်းတစ်ရာက သူ့ကို ဖြတ်တိုက်သွားသည့် ခံစားချက်ကြောင့် သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။ သူ ဂရုမစိုက်သလိုပြောနေခဲ့သော်လည်း အဆုံးမရှိသည့် နောင်တများက သူ့နှလုံးသားထဲ ပြည့်နှက်နေခဲ့သေးသည်။
"တစ်ယောက်က မြက်ပင်ကို ခုတ်ဖြတ်လိုက်ပေမယ့်အမြစ်ကို ဆွဲမနှုတ်ခဲ့ရင် သူတို့ဟာ နွေဦးလေနဲ့အတူ ပြန်လည်ကြီးထွားလာလိမ့်မယ်။ ငါတို့က ဒီစီးပွားရေးလုပ်ငန်းကို ဖျက်ဆီးလိုက်ပေမယ့် အဲဒါက ရေရှည်အစီအစဉ်မဟုတ်ဘူး။"
မုတ်ဆိတ်နှင့်အကြီးအကဲ စားပွဲကိုခေါက်လိုက်ကာ ယောင်ကွမ်ရီကို စိုက်ကြည့်နေခဲ့သည်။
"စစ်သူကြီးယောင် မင်းရဲ့ ယောင်ကလန်က ကြီးမားတဲ့ ဩဇာရှိတယ်။ ဝမ်ကလန်ရဲ့ ဒီစီးပွားရေးကို လုံးဝအမြစ်ဖြတ်ဖို့ မင်း မစဉ်းစားနိုင်ဘူးလား။ ငါတို့က အမြစ်ကိုမဖြတ်နိုင်ရင် ကောင်းတဲ့အရာတွေကို ပြီးမြောက်နိုင်တော့မှာမဟုတ်ဘူးမလား။"
မုတ်ဆိတ်နှင့် လူအိုကြီး မေးလိုက်သည်။
ယောင်ကွမ်ရီ၏ မျက်လုံးများ မှိန်ဖျော့ဖျော့လင်းလက်သွားခဲ့သော်လည်း သူ့စိတ်က အတွေးများဖြင့် လှိုင်းထနေခဲ့သည်။ စင်ဒူသည် အားနည်းပြီး ဆင်းရဲကာ အလယ်ပိုင်းလွင်ပြင်ဒေသကို မယှဉ်နိုင်ပေ။ ဟိုက်ဒရာဘတ်တောင်တန်းဆီသို့ သူတို့ ကျွမ်းကျင်သူအုပ်စုစေလွှတ်ပြီး သတ္တုကြောကို လုယူခဲ့လျှင် သူတို့သည် ကိစ္စများကို ထာဝရပြီးမြောက်နိုင်ပြီး ဆိုးရွားသော အကြံအစည်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်သည်။
ပြဿနာမှာ စင်ဒူသည် အလယ်ပိုင်းလွင်ပြင်ဒေသမှ အလွန်ဝေးကွာလွန်းပြီး သူတို့သည် မြေမျက်နှာသွင်ပြင်နှင့် မကျွမ်းဝင်ခဲ့ကြပေ။ သူတို့သည် အနည်းဆုံး သုံးလလိုအပ်ပေလိမ့်မည်။ သို့သော် အကျိုးအမြတ်များသည်လည်း ထင်ရှားလှ၏။
ယောင်ကလန်နှင့် ရှီဘုရင်တို့သည် ဤအတောအတွင်း ဝမ်ကလန်နှင့် ဝမ်ချောင်ကို ထိ၍ မရသော်လည်း သူတို့သည် စင်ဒူကို ကျွမ်းကျင်သူများ စေလွှတ်ပြီး ဒုက္ခရောက်အောင် သေချာပေါက် ပြုလုပ်နိုင်သည်။
ပညာရှင်ဧကရာဇ်က သိခဲ့လျှင်ပင် သူတို့ အပြစ်တင်ခံရမည်မဟုတ်ပေ။
သူတို့ ထုတ်ဖော်မပြသရွေ့ အချို့သော ကိစ္စများကို ပြော၍မရပေ။ သူတို့ ပညာရှင်ဧကရာဇ်ဆီမှ မည်သည့်တုံ့ပြန်ချက်ကိုမျှ ကြောက်စရာမလိုပေ။
ယောင်ကွမ်ရီ၏ အကြည့်သည် ပုံမှန်အားဖြင့် တိုင်းပြည်အတွင်းတွင် စူးစိုက်ထားခဲ့ပြီး အလယ်ပိုင်း လွင်ပြင်ဒေသ၏ ကိစ္စအဝဝကို စီမံခြင်းတွင် စူးစိုက်ထားခဲ့သည်။ သို့သော်လည်း သူသည် ဤမုတ်ဆိတ်အကြီးအကဲကို လိုက်မမီခဲ့ပေ။ သူသည် ပိုဝေးအောင် မြင်နိုင်ရန် စတင်နေသော လူသစ်မျှသာ ဖြစ်သည်။
"လူကြီးမင်းရဲ့ အစီကစဉ်က အကောင်းဆုံးပဲ။ ဒါပေမယ့်လည်း ဒီကိစ္စမှာ ကျွန်တော်ရဲ့ ယောင်ကလန်က တစ်ကိုယ်တည်း ဒါကို လုပ်နိုင်မှာမဟုတ်ဘူး။ လူကြီးမင်းရဲ့ အကူအညီကို လိုအပ်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်။"
"စစ်သူကြီးယောင် စိတ်အေးအေးထားပါ။ ရှီဘုရင်ဘက်က စီစဉ်စရာတွေကို ငါ ဂရုစိုက်လိုက်ပါ့မယ်။"
အကြီးအကဲ သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်၏။ ပထမဆုံးအကြိမ်အနေဖြင့် နှစ်ယောက်သား ဤနေရာတွင် သဘောထားတိုက်ဆိုင်သွားခဲ့ပြီး အကန့်အကွက်မရှိဘဲ သဘောတူလိုက်ကြသည်။
ဝှစ်
ခဏကြာပြီးနောက် အနက်ရောင်သိမ်းငှက်တစ်ကောင် မြို့တော်မှ ပျံထွက်သွားခဲ့၏။ တစ်ချိန်တည်းနီးပါးတွင် ရှီဘုရင်နှင့် ယောင်အိမ်တော်တို့၏ ကျွမ်းကျင်သူများသည် မြို့တော်မှ စတင်ထွက်ခွာသွားခဲ့ကြသည်။ သူတို့ ဆုံတွေ့လိုက်ကြပြီးနောက် ဝေးကွာလှသည့် စင်ဒူသို့ ခရီးကို စတင်လိုက်ကြသည်။
***
တောင်တန်းများသည် အဆုံးမရှိ ကွေ့ကောက်နေခဲ့ကြသည်။ တစ်ယောက်သည် လုံရှီမှနေ၍ အနောက်မြောက်အရပ်သို့ ခရီးသွားခဲ့ပါက လီထောင်ချီ ခရီးနှင်အပြီးတွင် ကျယ်ပြောသော သဲကန္တာရကို ကြုံတွေ့ရပေမည်။ လေများသည် တောင်တန်းများမှ တဟူးဟူးတိုက်ခတ်နေခဲ့ကြပြီး လေနှင့် သဲတို့၏ တိုက်စားခြင်းလက္ခဏာများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
ဤနေရာသည် ချီရှီဖြစ်၏။
ဤသည်မှာ အနောက်တိုင်းဒေသများသို့ ခရီးနှင်ခဲ့ပါက ဖြတ်သွားရမည့် နေရာတစ်ခုဖြစ်သည်။
ချီရှီသည် တော်ဝင်မဟာစစ်သူကြီး ဖုမင်လင်းချာ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်၏။ သို့သော်လည်း ဖုမင်လင်းချာသည်ပင် ဤနေရာကို အပြည့်အဝမထိန်းချုပ်နိုင်ခဲ့ပေ။
(PS/ ချီရှီက 'အနောက်ပိုင်းကန္တာရ' လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါက လက်ရှိ မြို့ဟမိန်(Hami)နဲ့ ဒွမ်ဟွမ်(Dumhuang)ကြားက နေရာတစ်ခုပါ။)
ဤကျယ်ပြောလှသော ကန္တာရသည် သဘာဝတရား၏ အကျိုးဆက်ဖြစ်ပြီး သဘာဝတရား၏ ကြီးကျယ်သော စွမ်းအားနှင့် ရင်ဆိုင်တွေ့သည့်အခါ တိုင်းပြည်တစ်ခုသည်ပင် ၎င်း၏ ဂုဏ်ရောင်ကိုယ်ဝါအချို့ကို ဆုံးရှုံးခဲ့သည်။
သဲကန္တာရက အကောင်းဆုံးအကာအကွယ်ဖြစ်သောကြောင့် မြင်းစီး သူခိုးများ၊ တောပုန်းဓားပြများနှင့် ဓားပြတို့၏ ကြီးမားသည့် ပမာဏသည် ချီရှီသဲကန္တာရတွင် နေထိုင်ကျက်စားခဲ့ကြသည်။
အကယ်၍ ဤသဲကန္တာထဲဝင်လိုက်ပါက တိုင်းပြည်၏ အရာရှိများနှင့် စစ်သားများသည်ပင် ကူကယ်ရာမဲ့ဖြစ်သွားပေလိမ့်မည်။
ချီရှီသဲကန္တာရ၏ အနောက်မြောက်အရပ်တွင် ချုံးချီတောင်ဟု အမည်ရသော နေရာတစ်ခုရှိသည်။ အပူလှိုင်းများနှင့် အဆုံးမရှိသော သဲများကြားတွင် မရေမတွက်နိုင်သော မြင်းစီး သူခိုးများနှင့် တောပုန်းဓားပြများ စခန်းချနေခဲ့ကြသည်။
မရေမတွက်နိုင်သော ချီစက်ကွင်းများက သူတို့၏ ခြေဖဝါးများအောက်တွင် တောက်ပနေခဲ့ကြ၏။ အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၄၊ ၅၊ ၆၊ ၇၊ ၈ တို့၏ အရေအတွက်ကို ရေတွက်၍ မဖြစ်နိုင်ပေ။
အုန်းးး
နေ့လည်တွင် အပူလှိုင်းများက ၎င်း၏ အပူဆုံးအချိန်သို့ ရောက်လာသောအခါ ချုံးချီတောင်အနားရှိ မြေပြင်တစ်ခုလုံး ရုတ်တရက် စတင်တုန်ခါလာခဲ့သည်။ သဲများ တုန်ခါသွားခဲ့ပြီး မြေပြင်က ပို၍ပင် လှုပ်ခါလာခဲ့သည်။ သားရဲကြီးအချို့က မြေပြင်မှနေ၍ ထိုးထွက်လာတော့မည်ကဲ့သို့ပင်။
လီဒါဇင်အတော်များများအတွင်းရှိ စစ်မြင်းများသည် မကောင်းသည့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရကာ မြည်ဟီးလိုက်ကြသည်။ သူတို့သည် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ကြပြီး အချို့မှာ ခြေထောက်များကိုပင် မြှောက်လိုက်ကြသည်။
စစ်မြင်းများသည် ဤသို့သော အငွေ့အသက်မျိုးကို လူသားများထက် ပို၍ ခံစားနိုင်ကြပေ၏။ သို့သော် ထိုစစ်မြင်းများ၏ တုံ့ပြန်မှုနှင့်မတူဘဲ ဓားပြများနှင့် တောပုန်းဓားပြများသည် ဤအငွေ့အသက်ကို ခံစားလိုက်ရသည်နှင့် စိတ်လှုပ်ရှားစွာ စတင်အော်ဟစ်လိုက်ကြသည်။
ဓားပြများစွာတို့သည် သူတို့၏ ဝိုင်အိတ်များကိုပင် ဆုပ်ကိုင်လိုက်ကြပြီး သောက်လိုက်ကြကာ မျှော်လင့်နေသည့် မျက်လုံးများဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။
"ဟားဟားဟား အဲဒါက နည်းနည်းလေးတောင် မကွဲဘူး။ အတိအကျကို မနေ့ကနဲ့ အတူတူပဲ။"
"ခေါင်းဆောင်ရဲ့ ကျင့်ကြံတဲ့အချိန် နောက်ထပ်ရောက်လာပြီ။"
"အဆုံးစွန် တောက်လောင်မှုနဲ့ အပူရှိန်တွေ၊ အဆုံးစွန် ယန်နဲ့ အကြမ်းခံနိုင်မှုတွေ၊ ခေါင်းဆောင်အတွက် ကျင့်ကြံဖို့ ဒီသဲကန္တာရထက် ပိုကောင်းတဲ့နေရာမရှိတော့ဘူး။"
"ဟားဟား လူသစ်အုပ်စုကို တစ်ချက်ကြည့်လိုက်စမ်း။ အဲဒါက အခုထိစတောင်မစရသေးဘူး သူတို့က ဒီအခြေအနေအထိ ကြောက်နေခဲ့ကြပြီ။ ဒီလိုပုံစံနဲ့ သူတို့က ခေါင်းဆောင်အနားမှာ ဘယ်လို လိုက်ပါနိုင်မလဲ။"
"အမှန်ပဲ။ လာ.. သူတို့ကို သဲပင်လယ်ထဲ ပစ်ထည့်လိုက်ကြ။ ဒီလို သတ္တိနည်းနည်းလေးနဲ့ သူတို့က ခေါင်းဆောင်နောက် လိုက်ပါဖို့ မထိုက်တန်ဘူး။"
***
လူအုပ်ကြီး ရယ်မောလိုက်ပြီး မူးယစ်သောက်စားလိုက်ကြသည်နှင့် သူတို့၏ မျက်လုံးများရှိ မျှော်လင့်စောင့်စားမှုက ပို၍ နက်ရှိုင်းလာခဲ့သည်။
ဘုန်းး
ကြောက်မက်ဖွယ်ကောင်းသည့် အက်ကွဲသံနှင့် ချုံးချီတောင်အနားရှိ သဲပင်လယ်ကြီးသည် စတင်၍ ပွက်ထလာခဲ့ပြီး အက်ကြောင်းများက ပေါ်လာခဲ့သည်။ ခဏကြာပြီးနောက်
ဘုန်း ဘုန်း ဘုန်း
အရွယ်အစားအမျိုးမျိုးရှိသော ကျောက်တုံးများက အသက်ဝင်လာခဲ့ပုံရပြီး မမြင်ရသည့် အင်အားက သူတို့ကို မြေပြင်မှ လေထဲသို့ ဆွဲယူနေခဲ့သည်။
ဘန်း ဘန်း ဘန်း
ကျောက်တုံးကြီးများသည် ဂျင်တစ်ထောင်နီးပါး အလေးချိန်ရှိကြပြီး ကျောက်တုံးငယ်များသည် ဒါဇင်အတော်များများ အလေးချိန်ရှိကြသည်။ တစ်ခုစီ လေထဲသို့ ဝဲတက်သွားခဲ့သည်နှင့် သူတို့ ပြန်ကျမလာတော့ပေ။ ထို့အစား ပျံ့ကျဲနေသော ကြယ်များကဲ့သို့ သူတို့သည် လဟာပြင်တွင် တန့်နေခဲ့ကြပြီး အနည်းငယ်မျှပင် ရွေ့မနေတော့ပေ။
တခဏချင်း ချုံးချီတောင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
သူတို့သည် ဤမယုံနိုင်စရာမြင်ကွင်းကို အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသော်လည်း သူတို့ ၎င်းကို မြင်လိုက်သည့်အချိန်တိုင်း လူအုပ်ကြီးသည် အံ့ဩသွားခဲ့ကြဆဲပင်။ သူတို့သည် ၎င်းကို ပထမဆုံးအကြိမ် မြင်တွေ့နေခဲ့ကြသကဲ့သို့ဖြစ်သည်။
"ဒါက တော်တော့်ကို မဖြစ်နိုင်တာ"
"တကယ့်ကို နတ်ဘုရားတစ်ပါးလိုပဲ။"
"ခေါင်းဆောင်ကလွဲလို့ တခြားဘယ်သူကများ ဒါကို လုပ်နိုင်သလဲ။"
***
မြေပြင်ပေါ်တွင် အားကျမှု၊ ကြောက်ရွံ့မှုနှင့် ရိုသေလေးစားသမှုတို့ဖြင့် ပြည့်နေသည့် မရေမတွက်နိုင်သည့် မျက်လုံးများသည် သူတို့အထက်တွင် နေရာယူထားသော နတ်ဘုရားတစ်ပါး၏ လက်ချက်ဖြစ်ပုံပေါ်သည့် ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့ကြသည်။ အစစ်အမှန်သိုင်းအဆင့် ၄ ဓားပြတစ်ယောက်သည် သူ့ဝိုင်အိတ်ပင် ယိုဖိတ်နေခဲ့ပြီး သူ့အဝတ်အစားများ စိုရွှဲသွားသည်ကို သတိမပြုမိခဲ့ပေ။
ဤသည်မှာ နတ်ဘုရားတစ်ပါး၏ လက်ချက် သို့မဟုတ် ခန့်မှန်းမရသည့် သဘာဝ၏ စွမ်းအားကြောင့် မဟုတ်ခဲ့ပေ။ ဤအရာအားလုံးမှာ လူသားစွမ်းအား၏ အကျိုးဆက်ဖြစ်သည်။ သူတို့ခေါင်းဆောင်၏ ခွန်အားဖြစ်၏။
ဝူးးး
လေတိုက်သွားခဲ့ကာ ၎င်းနှင့်အတူ သဲများနှင့် ကျောက်စရစ်များကို လှည်းကျင်းသွားခဲ့သည်။
ဤဧရာမကျောက်တုံးများ မြေပြင်မှ ပျံထွက်သွားခဲ့သည့် တစ်ချိန်တည်းနည်းပါးတွင် ပတ်ဝန်းကျင်ရှိ သဘာဝမူလစွမ်းအင်များသည် ခမ်းနားထည်ဝါစွာ ချုံးချီတောင်အလယ်ဗဟိုသို့ စီးဆင်းနေခဲ့ကာ ဆွဲယူခံလိုက်ရပုံရသည်။
ကလန်း
ကျယ်လောင်သည့် ကလန်းခနဲ အသံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ လူတိုင်း သူတို့ခေါင်းကို မော့ကြည့်လိုက်သည်နှင့် အနက်ရောင် 'သံမဏိ' ဧရာမလှိုင်းကြီးတစ်ခုက တောင်ထိပ်မှနေ၍ ပြေးဆင်းလာခဲ့ပြီး လမ်းတစ်ဝက်တွင် ရပ်တန့်နေခဲ့သည်။
နောက်ထပ် ကလန်းခနဲ အသံထွက်လာခဲ့ပြီး ဒုတိယမြောက် သံမဏိလှိုင်းက ပြေးဆင်းလာခဲ့ကာ ပထမဆုံး သံမဏိ ချီစက်ကွင်းကို ဖုံးလွှမ်းသွားခဲ့ပြီး ပို၍ပင် ဆက်လက်ကျဆင်းလာခဲ့သည်...
တစ်၊ နှစ်၊ သုံး... လေးလံသည့် အနက်ရောင်ဆူးချွန်ချီစက်ကွင်းခုနစ်ခုသည် ချုံးချီတောင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
နောက်ဆုံးနှင့် အကြီးဆုံး လှိုင်းသည် မဟာမြေကြီး၏ လေးလံသည့် အော်ရာကို ထုတ်လွှတ်နေခဲ့သည်။
ဤချီစက်ကွင်းခုနစ်ခုတို့သည် ရှေးအကျဆုံးနှင့် အားအကောင်းဆုံး ချီစက်ကွင်း ကမ္ဘာမြေကြီးချီစက်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။
ဤချီစက်ကွင်းခုနစ်ခုတို့သည် ကမ္ဘာမြေကြီးနိယာမများ၏ လေးလံလှသော အော်ရာဖြင့် ပြည့်လျှံနေခဲ့ကြသည်။
ကမ္ဘာမြေကြီးချီစက်ကွင်း၏ မြင့်မားလေးလံလှသော နံရံရှေ့တွင် ဤအစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၇၊ ၈ နှင့် ၉ စစ်သည်တော်တို့သည် သေးငယ်သွားသည့်ပုံရသည်။ ဤသည်မှာ နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်၏ အဆင့်မြင့်အဆင့် ကျွမ်းကျင်သူတစ်ယောက် ပိုင်ဆိုင်သည့် အလွန်ကြီးမားသော စွမ်းအားဖြစ်သည်။
ဘီးးး
မရေမတွက်နိုင်သော ကျောက်တုံးများသည် ပထမတွင် ကောင်းကင်အနှံ့ပြန့်ကျဲနေခဲ့ကြသေးသော်လည်း ထို့နောက်တွင် သူတို့သည် စတင်တုန်ခါလာခဲ့ကြပြီး ပျားအော်သံကို ထုတ်လွှတ်နေကြသည်။
မမြင်ရသော စွမ်းအင်၏ လမ်းညွှန်မှုဖြင့် လေများနှင့် ကျောက်စရစ်များသည် နေရာတစ်ခုလုံးကို စတင်ဖုံးလွှမ်းလာသည်။ ၎င်းသည် ပူပြင်းသည့် နေ့ခင်းဖြစ်ပြီး နေမင်းကြီး၏ အပူဆုံးအချိန်ဖြစ်သော်လည်း ချုံးချီတောင်အနားရှိ နေရာသည် ကောင်းကင်ပင် မှေးမှိန်သွားခဲ့ခြင်းနှင့်အတူ အေးစက်ပြီး မည်းမှောင်လာခဲ့သည်။
ဓားပြအားလုံးတို့သည် ဖုန်မှုန့်များက လောကကြီးကို အရိပ်ကျစေခဲ့သောကြောင့် ဖြူလျော်သွားခဲ့ကြပြီး အားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။
အုန်းးးး
အချိန်တစ်ခုကြာပြီးနောက် ကျောက်တုံးကြီးများ ပြန်ကျလာခဲ့ကာ သဲများ ပြန့်ကျဲသွားခဲ့၏။ လွင့်မျောနေသည့် ကျောက်တုံးများ မြေကြီးပေါ် ပြန်ကျသွားခဲ့ပြီး ပက်ကြားအက်များကိုယ်၌ကလည်း စတင် ပိတ်လာခဲ့သည်။
ဘက်ပေါင်းစုံမှ သဲများသည် ထိုအပေါက်များကို ပိတ်ရန် ချင်းနင်းဝင်ရောက်သွားခဲ့ကြပေသည်။
မျက်စိတမှိတ်အတွင်း အားလုံးပျောက်ကွယ်သွားခဲ့၏။ သဲပင်လယ်ကြီးသည် ၎င်း၏ မူလအသွင်အပြင်ကို ပြန်ရသွားခဲ့ပြီး တစ်ခုခုပြောင်းလဲသွားသည့် လက္ခဏာတစ်ခုမျှ မရှိပေ။
"ခေါင်းဆောင်က ကျင့်ကြံမှု ပြီးသွားခဲ့ပြီ"
တစ်စုံတစ်ယောက်က သက်ပြင်းဖျော့ဖျော့ချလိုက်ပြီး ပြောလိုက်သည်။ ဤသက်ပြင်းချသံနှင့်အတူ ချုံးချီတောင်အနက်ပိုင်းရှိ ပုံရိပ်တစ်ခုက စတင် နိုးထလာခဲ့၏။
*******************************
အပိုင်း ၄၀၃
ချုံးချီတောင်ထိပ်မှနေ၍ ဖုန်မှုန့်များ ဖွားခနဲ လွှင့်ထွက်သွားခဲ့ကာ အုန်းခနဲ မြည်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးတံခါးတစ်ချပ် ပွင့်သွားခဲ့ကာ သေးသွယ်ပြီး အရပ်ရှည်သည့် ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာခဲ့သည်။
သူ့ခြေဖဝါးအောက်တွင် ကမ္ဘာမြေကြီးချီစက်ကွင်း၏ အသေးစားပုံစံကို ဖြန့်ခင်းထားကာ တောင်ကဲ့သို့ လေးလံသည့် အော်ရာကို ထုတ်ဖော်နေပြီး သူ့အား ပို၍ပင် အားကောင်းသည့် ပုံပေါ်အောင် ပြုလုပ်ပေးနေလေသည်။
မည်သည့်လက္ခဏာမျှမရှိဘဲ သို့မဟုတ် မည်သည့်ထူးခြားသည့် ကိုယ်ဟန်အနေအထားမျှမရှိဘဲ ဤပုဂ္ဂိုလ်သည် ကောင်းကင်ဘုံကို ထောက်ကန်ပေးနေသည့် တိုင်တစ်တိုင်ကဲ့သို့ ရပ်နေသည့်ပုံပေါ်ပြီး လောက၏ အလယ်ဗဟိုဖြစ်လာခဲ့သည်။ သူသည် လီဒါဇင်အတော် ဝေးဝေးအတွင်းရှိ ဓားပြများနှင့် တောပုန်းဓားပြများအားလုံးတို့၏ အော်ရာများကို ချက်ချင်း ဖိနှိပ်သွားခဲ့သည်။
သူ၏ ခန့်ညားသော စိတ်စွမ်းအားသည် ကောင်းကင်ဘုံကို ရောက်ရှိပြီး ပင်လယ်များကို ဝါးမြိုကာ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းနေပြီး လေထုကို လေးလံသွားစေသည့် ပုံပေါ်သည်။
"ခေါင်းဆောင်ကို အရိုအသေပေးပါတယ်"
ကျယ်လောင်ပြီး ပြတ်သားသော အသံများသည် လောကကို ဖြတ်သန်း၍ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ကြသည်။ ချုံးချီတောင်အနားရှိ ထောင်ချီသော ဓားပြများနှင့် တောပုန်းဓားပြများသည် တစ်ပြိုင်နက် မြင်းပေါ်မှ ဆင်းလိုက်ကြပြီး မြေပေါ် ဒူးထောက်လိုက်ကြသည်။
ဤကြမ်းကြုတ်ပြီး သွေးဆာသော အသက်ကို မြက်ပင်လောက် သဘောထားသည့် ဓားပြများသည်သူတို့၏ မော်ကြွားသော ခေါင်းများကို ငုံ့နေခဲ့ကြပြီး တောင်ထိပ်ရှိ လူကို လေးစားမှုနှင့် ကျိုးနွံသည့် ပုံစံများကို ပြသနေခဲ့ကြသည်။
လုံရှီမှ အနောက်ပိုင်းဒေသများအထိ ဓားပြများနှင့် တောပုန်းဓားပြများသည် သူတို့ မည်သည့်နေရာတွင် ရှိနေပါစေ ဤလူ၏ အုပ်ချုပ်မှုကို လက်ခံထားခဲ့ကြသည်။
သူသည် အနောက်ပိုင်းသို့ သွားသည့် လမ်း၏ အစစ်အမှန်ဘုရင်ဖြစ်ပြီး ဓားပြများ၏ ဘုရင်ဖြစ်ကာ သဲကန္တာရ၏ ဘုရင်ဖြစ်သည်။
ဓားပြတစ်ယောက်သည် မည်မျှဝေးကွာနေပါစေ သူတို့သည် လေးစားသမှုကို ပြသရန် နှစ်စဉ် ကြီးမားသော ဆက်ကြေးကို ပေးပို့ခဲ့ကြရပေသည်။
"ထ"
ကျယ်လောင်ပြီး ညို့ဓာတ်ပါသော အသံတစ်ခုသည် ဓားပြများ၏ နားများထဲတွင် ထွက်ပေါ်လာခဲ့၏။ တောင်ထိပ်ပေါ်တွင် ထိုလူသည် သူ့လက်ကို အနည်းငယ် ဆန့်ထုန်လိုက်ကာ သူ၏ ကြီးမားသော လက်မောင်းအိုးသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေလေသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
မရေမတွက်နိုင်သော ဓားပြများ မတ်တပ်ရပ်လိုက်ကြကာ အသံများ တပြိုင်နက် ထွက်ပေါ်လာခဲ့သည်။
အရှေ့ဘက်ရှိ လုံရှီမှစတင်၍ အနောက်ပိုင်းဒေသများရှိ အနောက်သို့ လမ်းများအားလုံးတို့တွင် နဂါးဓားပြများသည် ကျော်ကြားကြပြီး သူတို့၏ ဂုဏ်သတင်းသည် မိုးထိုးနေခဲ့ကာ နဂါးနက်ကျိုး၏ နာမည်ကို မသိသူ မရှိပေ။ သူသည် ဓားပြအားလုံးတို့၏ အစစ်အမှန်ခေါင်းဆောင်ဖြစ်၏။
နဂါးနက် ကျိုးသည် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်လောက်ကမှ ကျော်ကြားလာခဲ့ပြီး သူ့လက်အောက်တွင် ထိပ်တန်းကျွမ်းကျင်သူ အရေအတွက်အများအပြားကို စုစည်းထားခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်ကာ အစစ်အမှန်သိုင်းအဆင့် ၇ နှင့် ၈ ကျွမ်းကျင်သူများကိုပင် အုပ်ချုပ်နေခဲ့သည်။ ထို့အပြင် သူသည် ချီရှီ၏ မြေမျက်နှာသွင်ပြင်နှင့် အလွန်ရင်းနှီးနေခဲ့ပြီး အနောက်ပိုင်းလမ်းများတွင် စွမ်းအားကြီးသော အင်အားစုတစ်ခုကို ပြုလုပ်ခဲ့သည်။
ဂရီးးး
လူတိုင်းမတ်တပ်ရပ်နေသည့် အချိန်မှာပင် အော်သံတစ်ခုက တိတ်ဆိတ်ငြိမ်သက်မှုကို ချိုးဖျက်သွားခဲ့၏။ လူများက ခေါင်းများကို မော့ကြည့်လိုက်သည်နှင့် သိမ်းငှက်နက်ကြီးတစ်ကောင်က မိုးကုတ်စက်ဝိုင်းမှ ပျံသန်းလာနေသည်ကို မြင်လိုက်ကြရပြီး ထက်ရှသော မြှားတစ်စင်းကဲ့သို့ ကောင်းကင်ကို ဖြတ်သန်း၍ နဂါးနက်ကျိုးဆီသို့ တည့်တည့်ပျံလာနေသည်ကို မြင်လိုက်ကြရသည်။
တခဏမျှ အားလုံးတိတ်ဆိတ်သွားခဲ့၏။
နဂါးနက်ကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး သူချက်ချင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ထိုထက်ရှသည့် မျက်လုံးများနှင့် အနက်ရောင်သိမ်းငှက်ကို သူ့လက်ပေါ် ဆင်းသက်စေလိုက်သည်။
သူ့ကျန်လက်တစ်ဖက် ဝေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ့ဘေးရှိ ကြောက်မက်ဖွယ်ကောင်းသော ဓားပြတစ်ယောက်သည် ရှေ့ထွက်လာခဲ့ပြီး လတ်လတ်ဆတ်ဆတ်ခုတ်ဖြတ်ထားသည့် မြင်းအသားကို ထိုသိမ်းငှက်ပါးစပ်ဆီ ပစ်ပေးလိုက်သည်။
နဂါးနက်ကျိုး ခေါင်းညိတ်လိုက်ပြီး ထိုသိမ်းငှက်၏ ခြေထောက်မှ စာကို ဖြည်လိုက်သည်။
"ဟီးဟီးဟီး နောက်ဆုံးတော့ ရောက်လာပြီ"
စာပါအကြောင်းအရာများကို ဖတ်ပြီးနောက် နဂါးနက်ကျိုးသည် ၎င်းကို ဘောလုံးအဖြစ်လုံးလိုက်ကာ သူ့မျက်လုံးများက ဤအရာများအားလုံးကို မျှော်လင့်ထားခဲ့သည်ဟု ပြောနေပုံရသည်။ အချိန်အကြာကြီး စောင့်ဆိုင်းနေပြီးနောက် သူသည် သူ စောင့်နေသည့် သတင်းအချက်အလက်ကို လက်ခံရရှိခဲ့သည်။
"ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြ၊ ငါတို့ ချက်ချင်း ထွက်ခွာကြမယ်။"
နဂါးနက်ကျိုး သူ့လက်ထဲရှိ စက္ကူဘောလုံးကို တစ်စစီချေမွှလွှင့်ပစ်လိုက်ကာ တိုက်ခိုက်ရန် အမိန့်ကို ထုတ်ပြန်လိုက်သည်။
ဘုန်းး
မျက်စိတမှိတ်အတွင်း တိတ်ဆိတ်နေသည့် ဓားပြအုပ်ကြီးသည် မြေပြိုသွားစေနိုင်သည်အထိ ဩဘာပေးလိုက်ကြသည်။ ချုံးချီတောင်တစ်ခုလုံး ပျော်ရွှင်နေခဲ့၏။
အချိန်အရမ်းကြာပြီးနောက် သူတို့၏ခေါင်းဆောင်သည် နောက်ဆုံးတွင် လှုပ်ရှားတော့မည်ဖြစ်သည်။
သူတို့၏ခေါင်းဆောင်က စိတ်ကူးပေါက်တိုင်း ဘယ်တော့မှ မလှုပ်ရှားခဲ့ဖူးသည်ကို လူတိုင်း သိကြပေသည်။ သူကိုယ်တိုင်ပါဝင်ခြင်းနှင့် ထိုက်တန်သည့် အရာသည် ကြီးမားသည့်ကိစ္စဖြစ်ရပေမည်။
"ဟားဟားဟား..."
စိတ်လှုပ်ရှားသွားသည့် ဓားပြများကို ကြည့်ကာ နဂါးနက်ကျိုးသည်လည်း ပြုံးလိုက်မိ၏။ အနောက်ပိုင်းလမ်း၏ နန်းတင်မထားသော ဘုရင်တစ်ပါးအနေဖြင့် နဂါးနက်ကျိုးသည် ကြွယ်ဝချမ်းသာမှုကို ဂရုမစိုက်တော့သည်မှာ အချိန်ကြာသွားခဲ့ပြီဖြစ်သည်။
သူ့ခွန်အားအဆင့်တွင် သူ တစ်ခုတည်းသော အရာကိုသာ ဂရုစိုက်တော့ပေသည်။ ဩဇာအာဏာ...။ သို့သော် သူသည် သေချာပေါက် ဓားပြအနည်းငယ်၏ ဘုရင် မဖြစ်ချင်ခဲ့ပေ။
သူ အစစ်အမှန်ဩဇာအာဏာကို လိုချင်ပေ၏။
ထို့အပြင် ယခု ဤစာက ထိုသို့သော အခွင့်အရေးတစ်ခုကို ကမ်းလှမ်းလာနေပေသည်။
စာထဲတွင် ဖော်ပြထားသည့် ကိစ္စကို သူ ပြီးမြောက်နိုင်ခဲ့သရွေ့ သူ ရှီဘုရင် အင်အားစုကို ချောမွေ့စွာ ဝင်ရောက်နိုင်ပေမည်။ ရှီဘုရင်၏ အဆင့်အတန်း၊ ဩဇာအာဏာနှင့် ဓားပြများအပေါ် သူ၏ ထိန်းချုပ်မှုတို့ဖြင့် သူ ယခင်က လုံးဝ စိတ်မကူးဝံ့ခဲ့ဖူးသော မြင့်မားသည့် အဆင့်တစ်ခုကို သေချာပေါက် သူ တက်ရောက်နိုင်ပေမည်။
စင်ဒူမှ ထိုဒါဇင်အတော်များသော ဘုန်းကြီးများအနေဖြင့် သူ သူတို့ကို လုံးဝ မစိုးရိမ်ခဲ့ပေ။
တစ်စက္ကန့်မျှ နဂါးနက်ကျိုး၏ မျက်လုံးများသည် တက်ကြွသော ရည်မှန်းချက်မီးတောက်များဖြင့် တောက်ပသွားခဲ့သည်။
"လှုပ်ရှားကြမယ်"
တခဏမျှ နဂါးနက်ကျိုးသည် သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး နဂါးဓားပြများအားလုံးတို့သည် သဲပင်လယ်ကြီးကို ခမ်းနားထည်ဝါစွာ ဖြတ်သန်း ထွက်ခွာလိုက်ကြကာ ဟိုက်ဒရာဘတ် သတ္တုရိုင်းကို လိုက်ပါပို့ဆောင်နေသည့် အစောင့်အရှောက်များဆီသို့ ဦးတည်လိုက်ကြသည်။
****
"ဘယ်လို။ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို လိုက်ပါစောင့်ရှောက်နေတဲ့ အစောင့်အရှောက်တွေ ဓားပြတိုက်ခံလိုက်ရတယ်။"
ရက်အတန်ကြာပြီးနောက် ဝိဉာဉ်သွေးကြောတောင်ပေါ်တွင် ဝမ်ချောင် အာမေဍိတ်ပြုလိုက်ပြီး သူ့မျက်နှာက ထိတ်လန့်အံ့အားသင့်နေခဲ့သည်။
သူ သူ့နားကို မယုံကြည်နိုင်လုနီးပါးပင်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူ့ဆီ ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင် ပို့ဆောင်လာနေသည့် စင်ဒူမွန်မြတ်သော ဘုန်းကြီး၏ ကိစ္စသည် အလွန်အမင်းလျှို့ဝှက်ထားခဲ့သည်။ မြို့တော်တစ်ခုလုံးတွင် ထိုအကြောင်းကို သိသည့် သူ့နားရှိ လူအရေအတွက်သည် အလွန်နည်းပါးလှသည်။
ရက်အနည်းငယ်ခန့်ကမှ ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင်ကို မြို့တော်သို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်လာမည်ကို သူ စောင့်ဆိုင်းနေခဲ့သည်။ ဤယာဉ်တန်းကို ရက်အနည်းငယ်ကြာပြီးနောက် အခိုးခံလိမ့်ရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤရုတ်တရက်ဆန်သော သတင်းသည် ဝမ်ချောင်၏ စိတ်ကို ပရမ်းပတာဖြစ်သွားစေခဲ့သည်။
ဤသတ္တုရိုင်းယာဉ်တန်းသည် သူ့အတွက် အလွန်အင်မတန်အရေးကြီးပြီး သူ အမှားအယွင်းတစ်ခုပင် ဖြစ်ခွင့်မပေးနိုင်ပေ။
၎င်းသည် ကြွယ်ဝချမ်းသာမှုတစ်ခုမျှ ရိုးရှင်းသည့်အရာမဟုတ်ပေ။
"သခင်လေး ဒီကိစ္စကို ကျွန်တော် အတည်ပြုပြီးပါပြီ။ သံသယရှိစရာမလိုဘူး။"
လူအိုကြီးလင်းယုန်ငှက်တွင် သုန်မှုန်သည့် အမူအရာတစ်ခုရှိနေခဲ့၏။ သူ့တွင် လက်ရှိ၌ အလွန်အရေးကြီးသည့် မစ်ရှင်တစ်ခုရှိသည်။ ဝမ်ချောင် ဝိဉာဉ်သွေးကြော၌ ကျင့်ကြံနေစဉ်တွင် သူသည် လူအိုကြီးလင်းယုန်ငှက်ကို ဝမ်ကလန်နှင့် ပက်သက်သည့် ကိစ္စဖြစ်စေ၊ လေ့ကျင့်ရေးစခန်းကိစ္စဖြစ်စေ၊ ဟိုက်ဒရာဘတ်သတ္တုရိုင်း ကိစ္စဖြစ်စေ သူ့ကိစ္စအဝဝကို ပေးအပ်ထားခဲ့သည်။
ဝမ်ကလန်၏ လမ်းကြောင်းများအားလုံးသည် သူ့အတွက် အသုံးချနိုင်ကြပေ၏။
ရက်အတန်ကြာက အားလိုနိုတန်နှင့် အားလော်ကျားတို့၏ စာ ရောက်လာသောအခါ လူအိုကြီးလင်းယုန်ငှက်သည် ချက်ချင်း ဆောင်ရွက်ခဲ့သည်။ သူ ၎င်းကို လက်ခံရန် လူများ စေလွှတ်လိုက်သည်သာမက သူ့အမြန်ဆုံးသိမ်းငှက်ကိုလည်း အနီးကပ်စောင့်ကြည့်ရန် အနောက်ပိုင်းဒေသများသို့ စေလွှတ်ခဲ့သည်။
"ဒါ ဘယ်သူ့လက်ချက်လဲ"
ဝမ်ချောင်၏ ညာလက်သီး ဆုပ်သွားခဲ့ပြီး သက်ပြင်းရှိုက်လိုက်သည်။ ဓားပြတိုက်မှုသည် ဖြစ်သွားခဲ့ပြီဖြစ်သောကြောင့် လက်ရှိဦးစားပေးမှာ သတ္တုရိုင်းကို ပြန်ယူရန်ဖြစ်သည်။
"ချီရှီရဲ့ နဂါးဓားပြတွေရဲ့ လက်ချက်ပါ"
လူအိုကြီးလင်းယုန်ငှက် ကြေညာလိုက်ပြီး မမျှော်လင့်စွာ သူ့အဖြေက တိုက်ရိုက်ဆန်လှသည်။ ဝမ်ချောင်ပင်လျှင် အံ့ဩသွားခဲ့၏။ သူသည် မူလက ဤကိစ္စသည် စုံစမ်းရန် အလွန်ခက်ခဲလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။
"ဒီလူတွေက သူတို့ရဲ့ သဲလွန်စတွေကို ဖုံးကွယ်ထားဖို့အကြောင်း လုံးဝစဉ်းတောင် မစဉ်းစားဘူး၊ သူတို့ ဓားပြတိုက်တိုင်း ထောင်ထောင်ထောင်နေကြတယ်။ သူတို့က သူတို့ ဓားပြတိုက်ပြီးတဲ့အခါ သူတို့ဓားပြအုပ်စုရဲ့ သင်္ကေတကိုတောင် ချန်ထားခဲ့ကြတယ်။"
"ဒီနဂါးဓားပြတွေရဲ့ ဇစ်မြစ်က ဘာလဲ"
ဝမ်ချောင် မေးလိုက်၏။
သူ့နောက်ဆုံးဘဝတွင် သူသည် ဤသို့သော အရာများကို အာရုံမစိုက်ခဲ့ပေ။ ထို့ကြောင့် ချီရှီ၏ နဂါးဓားပြများအကြောင်း သူ မကြားခဲ့ဖူးပေ။
လူအိုကြီးလင်းယုန်ငှက် တုံ့ဆိုင်းမနေဘဲ ပြောလိုက်ကာ ဝမ်ချောင်ကို သူ သိသမျှ ချက်ချင်း တင်ပြလိုက်သည်။ ပြစ်ဒဏ်ဌာန၏ ယခင်အရာရှိတစ်ယောက်အနေဖြင့် ဤနယ်ပယ်တွင် ဝမ်ချောင်ထက်ပို၍ သူ သိပေသည်။
ဝမ်ချောင် ချက်ချင်း တိတ်ဆိတ်သွားခဲ့၏။
လုံရှီမှ ချီရှီနှင့် အနောက်ပိုင်းဒေသများအထိ အုပ်စိုးသော ဓားပြများ၏ ဘုရင်တစ်ယောက်... ဤသည်မှာ အမှန်ပင် ဝမ်ချောင်၏ မျှော်လင့်ချက်များထက် ကျော်လွန်နေခဲ့သည်။
"...ဒါပေမယ့်လည်း အခုထိတောင် နဂါးဓားပြတွေက ဒါကို ဘာလို့လုပ်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ အဖြေရှာမရသေးပါဘူး။ နဂါးဓားပြတွေက သတ္တုတွေကို အရင်က ဓားပြမတိုက်ခဲ့ဖူးဘူး။ ပုံမှန်ဆို ရွှေနဲ့ ရတနာတွေကပဲ သူတို့ရဲ့ အာရုံကို ဆွဲဆောင်နိုင်တယ်။ အမှန်ပဲ ကျွန်တော်တို့က သူတို့ဟာ ကျောက်စိမ်းရိုင်းသံမဏိရဲ့တန်ဖိုးကို သိနေနိုင်ပြီး ဒါကြောင့် ဒီဟိုက်ဒရာဘတ်သတ္တုယာဉ်တန်းကို ကျွန်တော်တို့ကို ခြိမ်းခြောက်ငွေညစ်ဖို့ ဓားပြတိုက်ခဲ့နိုင်တာကို ပယ်ထားလို့မရဘူး။"
လူအိုကြီးလင်းယုန်ငှက် မှန်းဆလိုက်၏။
"မဟုတ်ဘူး၊ သူတို့က ငါတို့ကို ခြိမ်းခြောက်ငွေညစ်ဖို့အကြောင်း သေချာပေါက် တွေးမှာမဟုတ်ဘူး။"
မျက်နှာပေါ်တွင် အတွေးနက်နေသော အကြည့်တစ်ခုဖြင့် ဝမ်ချောင် လက်တစ်ချက်ဝေ့ယမ်းလိုက်ကာ ထိုအချက်ကို ချက်ချင်း ပယ်ချလိုက်သည်။
"အိုး သခင်လေးက ဘယ်လိုလုပ် အရမ်းသေချာနေရတာလဲ။"
လူအိုကြီးလင်းယုန်ငှက် တော်တော်လေး အံ့အားသင့်သွားခဲ့သည်။
"ကျားတစ်ကောင်က လမ်းဘေးခွေးတွေကနေ အစာကို ခိုးမှာမဟုတ်ဘူး၊ ခြင်္သေ့တစ်ကောင်က တောရိုင်းခွေးတွေနဲ့ ပူးပေါင်းမှာမဟုတ်ဘူး။ တခြားတောပုန်းဓားပြတွေက ခြိမ်းခြောက်ငွေညစ်တာတွေ လုပ်နိုင်ပေမယ့် နဂါးနက်ကျိုးလို ဓားပြတစ်ယောက်က ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒီလုပ်ဆောင်ချက်အတွက် သူ့မှာ ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တစ်ခုရှိရမယ်။"
သူ့စိတ်ထဲတွင် မကောင်းသည့် နိမိတ်ဆိုးတစ်ခုထွက်ပေါ်လာခဲ့ကာ ဤစကားလုံးများက လူအိုကြီးလင်းယုန်ငှက်၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။
"သခင်လေး မင်းပြောနေတာက..."
"အမှန်ပဲ၊ ဒီကိစ္စမှာ ယောင်ကလန်နဲ့ ရှီဘုရင် သေချာပေါက် ပါဝင်နေတယ်။"
ဝမ်ချောင် ခိုင်မာစွာ ပြောလိုက်၏။
"ဒါပေမယ့် အချိန်က အရမ်းတိုတောင်းတယ်။ သူတို့ရဲ့ တုံ့ပြန်မှုက ဒီလိုမမြန်နိုင်ဘူးမဟုတ်လား။"
လူအိုကြီးလင်းယုန်ငှက် ၎င်းကို မယုံကြည်နိုင်ခဲ့ပေ။
သူသည်လည်း ယောင်ကလန်နှင့် ရှီဘုရင်တို့ကို သံသယရှိခဲ့သော်လည်း သူတို့၏ ဝမ်ကလန်နှင့် ဆက်ဆံရေးသည် ရန်လိုသော်လည်း လူအိုကြီးလင်းယုန်ငှက်သည် သူတို့၏ တုံ့ပြန်မှုက အလွန်မြန်လိမ့်မည်ဟု မထင်ခဲ့သေးပေ။
"ပုံမှန်မဟုတ်တာတွေရဲ့နောက်ကွယ်မှာ ကောက်ကျစ်တဲ့သူ အမြဲရှိတယ်။ မင်းပြောခဲ့သလိုပဲ နဂါးဓားပြတွေက ဓားပြတိုက်တာကို သူတို့ရဲ့ ဒုတိယသဘာဝလို သဘောထားကြတယ်ဆိုပေမယ့် သူတို့ရဲ့ ခေါင်းဆောင် နဂါးနက်ကျိုးက သူကိုယ်တိုင် ဝင်ပါတာ ရှားပါးတယ်။ ဒါ့အပြင် သူ့ကို ဓားပြများစွာက နှစ်တိုင်း ဆက်ကြေးပေးကြတယ်။ သူက ဘာလို့ ငါတို့ရဲ့ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ဓားပြတိုက်ချင်ရမှာလဲ။ ဓားပြတွေက ဓားတွေကို ဘယ်တုန်းက စတင်ထုလုပ်ခဲ့တာလဲ။ သူ့ကို ဘယ်သူကမှ ညွှန်ကြားမနေရင် သူ ဒီလိုအရာကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။"
ဝမ်ချောင် တင်းမာသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ဒါက ယောင်ကလန်နဲ့ ရှီဘုရင်တို့ရဲ့ လက်ချက်လားဆိုတာကို ငါတို့ သိချင်ရင် ငါ့မှာ အရမ်းရိုးရှင်းတဲ့ နည်းလမ်းတစ်ခုရှိတယ်။ လူအိုကြီးလင်းယုန်ငှက် ယောင်ကလန်နဲ့ ရှီဘုရင်အိမ်တော်တို့က ဒီရက်အနည်းငယ်အတွင်း ဘာတွေ လုပ်နေခဲ့ကြသလဲဆိုတာကို ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။ တကယ်လို့ ယောင်ကလန်နဲ့ ရှီဘုရင် အိမ်တော်တို့က ပုံမှန်အတိုင်းအလုပ်ရှုပ်နေခဲ့ရင် အဲဒါက သူတို့မဟုတ်နိုင်ဘူး။ တကယ်လို့ သူတို့က မူမမှန်ဘဲ တိတ်ဆိတ်နေရင် မေးစရာမလိုတော့ဘူး။ အဲဒါက သေချာပေါက် သူတို့ပဲ။"
လူအိုကြီးလင်းယုန်ငှက် အမြန်လှုပ်ရှားလိုက်၏။ အနက်ရောင်သိမ်းငှက်တစ်ကောင် ပျံထွက်သွားခဲ့သည်။
တစ်နာရီကြာပြီးနောက် မြို့တော်ရှိ တစ်စုံတစ်ယောက် ဝမ်ချောင်၏ တာဝန်ကို ပြီးမြောက်သွားခဲ့သည်။
ဘန်းးး
ဝမ်ချောင် သူ့လက်သီးကို ထိုးချလိုက်ပြီး ကျောက်တုံးတစ်တုံးကို ကြေမွသွားစေသည်။
"တကယ့်ကို သူတို့ပဲ"
ဝမ်ချောင်၏ အမူအရာ ဖြူလျော်နေခဲ့၏။
လူအိုကြီးလင်းယုန်ငှက်၏ အမူအရာသည်လည်း အရမ်းမကောင်းပေ။
ဝမ်ချောင်၏ မှန်းဆချက် မှန်ကန်ခဲ့သည်။ အမြဲအလုပ်ရှုပ်နေခဲ့သည့် ယောင်အိမ်တော်နှင့် ရှီဘုရင်အိမ်တော်တို့သည် ဤရက်ပိုင်းအတွင်း ပုံမှန်မဟုတ်စွာ ငြိမ်သက်နေခဲ့ကြသည်။ ထူးဆန်းသည့် တစ်စုံတစ်ရာ ဖြစ်နေသည်မှာ ထင်ရှား၏။
"သခင်လေး ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ကြမလဲ။"
လူအိုကြီးလင်းယုန်ငှက် မေးလိုက်၏။
ယောင်ကလန်နှင့် ရှီဘုရင်တို့က ဤအရာကို ပြုလုပ်ခဲ့ခြင်း ဟုတ်မဟုတ်ဆိုသည်မှာ အခု အရေးမကြီးတော့ပေ။ အရေးကြီးသည့်အရာမှာ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ပြန်ယူခြင်းဖြစ်သည်။
ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင်မှာ သေးငယ်သည့် ပမာဏမဟုတ်ပေ။ လူအိုကြီးလင်းယုန်ငှက်သည် ကျောက်စိမ်းရိုင်းသံမဏိအကြောင်း အများကြီး နားမလည်ခဲ့သော်လည်း ဤသတ္တုရိုင်း၏ တန်ဖိုးက မယုံနိုင်စရာကောင်းသည့် ပမာဏဖြစ်သည်ကို သူ သိသေးသည်။
မြို့တော်၏ ကလန်ကြီးများသည်ပင် ဤအရေအတွက်ကို နားမလည်နိုင်ပေ။
အမိန့်တစ်ခုဖြင့် ယောင်ကလန်နှင့် ရှီဘုရင်တို့သည် ဝမ်ချောင်ကို ထိုးနှက်ချက်ကြီးတစ်ခု ပေးခဲ့သည်။ ဤတစ်ကြိမ် သူတို့သည် ဝမ်ချောင်၏ အားနည်းသည့်နေရာကို ထိုးနှက်လိုက်ကြသည်။
ဝမ်ချောင် ဘာမှမပြောခဲ့သော်လည်း သူ့အမူအရာက မဲမှောင်နေခဲ့သေး၏။
သူ ဤသို့သော အခြေအနေထဲ တစ်ခါမှ မကျရောက်ခဲ့ဖူးပေ။
လူအိုကြီးလင်းယုန်ငှက်၏ သိမ်းငှက်များမှ တင်ပြချက်များအရ နဂါးဓားပြများသည် အရေအတွက်များပြားပြီး တစ်ထောင်ထက်ပိုသော ကျွမ်းကျင်သူများ ရှိသည်။
ထို့အပြင် သူတို့၏ခေါင်းဆောင် နဂါးနက်ကျိုးသည် အဆင့်မြင့်အဆင့် နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
ဝမ်ချောင် အဆုံးအထိ တိုက်ခိုက်ခဲ့လျှင်ပင် သူ ဤသို့သော လူတစ်ယောက်ကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ချီရှီသည် သူ၏ မပြေနိုင်သော ရန်သူ ကာကွယ်ရေးစစ်သူကြီး ဖုမင်လင်းချာ၏ ပိုင်နက်ဖြစ်သည်။ ဒေသဆိုင်ရာတပ်မှူးများဖြစ်ရပ်တွင် ဖုမင်လင်းချာသည် ဝမ်ချောင်၏ သေဆုံးခြင်းကို အလိုချင်ဆုံးသော လူများထဲမှ တစ်ဦးဖြစ်ခဲ့သည်။
ဝမ်ချောင် သူ့ဟိုက်ဒရာဘတ်သတ္တုရိုင်းဂျင်တစ်ထောင်က သူ့နယ်မြေထဲ ဆုံးရှုံးခဲ့သည်ကို သူ့အား သိစေ၍မဖြစ်ပေ။ သို့မဟုတ်ပါက သူသည် ပို၍ ဒုက္ခရောက်သွားပေမည်။
ယောင်ကလန်နှင့် ရှီဘုရင်တို့အနေဖြင့်....
သူသည် သူတို့ကြောင့် လေ့ကျင့်ရေးစခန်းမစ်ရှင်မှ ပြန်လာနေချိန်တွင် ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရပြီး သေမတတ်ဖြစ်ခဲ့ရသည်။ အကယ်၍ ဝမ်ကလန်မှ တစ်ယောက်ယောက်က မြို့တော်မှ ထွက်ခွာရဲခဲ့ပါက သူတို့သည် ခရီးလမ်းတစ်ဝက်တွင် လုပ်ကြံခံခဲ့ရပေလိမ့်မည်။
ထို့အပြင် သူတို့ သူ့ကို ကိုင်တွယ်ခဲ့သောအခါတွင် ယောင်ကလန်နှင့် ရှီဘုရင်တို့သည် အလွန်သတိရှိခဲ့ကြသော်လည်း အကယ်၍ သူသည် ဝမ်ကလန်၏ ကျွမ်းကျင်သူများကိုသာ စေလွှတ်ခဲ့ပါက ဤအင်အားစုနှစ်ခုတို့သည် အကြောက်အရွံ့မရှိတော့ဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်ကြပေလိမ့်မည်။
ဤအခိုက်တွင် မြေခွေးတစ်ကောင်က ဝမ်ချောင်၏ ရှေ့တွင် စောင့်ဆိုင်းနေခဲ့ပြီး ကျားတစ်ကောင်က သူ့နောက်တွင် ပုန်းခိုနေခဲ့သည်။
ယောင်ကလန်နှင့် ရှီဘုရင်တို့သည် သူ့ကို တိုက်ခိုက်ရန် သေချာပေါက် စောင့်နေခဲ့ကြပြီး ချီရှီတွင် ချောက်နက်ကြီးတစ်ခုက သူ့ကို စောင့်ဆိုင်းနေခဲ့သည်။
**************************************
အပိုင်း ၄၀၄ ဝမ်ချောင်၏ တန်ပြန်တိုက်ကွက်
ဝိဉာဉ်သွေးကြောသည် တဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့၏။ လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်ကို ကြည့်နေခဲ့ပြီး မျက်မှောင်ကြုတ်နေခဲ့သည်။
သူသည် သိမ်းငှက်များနှင့် တခြားငှက်များကို ယဉ်ပါးအောင်ပြုလုပ်ရာတွင်သာ ကျွမ်းကျင်ခဲ့သော်လည်း ၎င်းက သိုင်းပညာရပ်လမ်းကြောင်းပေါ်ရှိ သူ့ကျင့်ကြံခြင်းကို နှောက်ယှက်ခဲ့သည်။ သူ့အစစ်အမှန်သိုင်းပညာနယ်ပယ် အဆင့် ၉ ကျင့်ကြံမှုဖြင့် သူသည် နက်နဲသိမ်မွေ့သော သိုင်းပညာရပ်နယ်ပယ်မှ ခြေလှမ်းဝက်မျှသာ ဖြစ်လျှင်ပင် သူသည် နဂါးနက်ကျိုးအတွက် ယှဉ်ပြိုင်ဘက် မဟုတ်သေးပေ။
ထို့အပြင် နဂါးနက်ကျိုးတွင် ဓားပြများနှင့် တောပုန်းဓားပြများစွာ ရှိသေး၏။ ဤပြဿနာက လူအိုကြီးလင်းယုန်ငှက်ကို အတွေးဖြင့် မျက်မှောင်ကြုတ်သွားစေခဲ့သည်။
"ညီအစ်ကိုမာနဲ့ တခြားသူတွေ ဒီမှာရှိရင် ဒါက အဆင်ပြေလိမ့်မယ်။"
လူအိုကြီးလင်းယုန်ငှက် မာယင်လုံအကြောင်း စတင်တွေးတောလိုက်သည်။ ရှိုရှုဘုရင်ကို သတ်ဖြတ်ပြီးနောက် မာယင်လုံ ထွက်သွားခဲ့၏။ တစ်ကိုယ်တော်ဝံပုလွေသည် ဝမ်ချောင်မှနေ၍ ကျင်းနန်သို့ စေလွှတ်ခံခဲ့ရပြီး သံမဏိလက်သည် လျှို့ဝှက်မစ်ရှင်တစ်ခုကို စေလွှတ်ခံခဲ့ရသည်။ သူတို့တစ်ယောက်မှ အချိန်တိုအတွင်း ပြန်လာနိုင်မည်မဟုတ်ပေ။
အကယ်၍ သူတို့သုံးယောက်က ဤနေရာတွင် ရှိခဲ့ကြလျှင် သူတို့သည် နက်နဲသိမ်မွေ့သော သိုင်းပညာအဆင့် ၇ ကျွမ်းကျင်သူ နဂါးနက်ကျိုးကို မယှဉ်နိုင်ကြသေးသော်လည်း အနည်းဆုံး တုံ့ပြန်ရန် နည်းလမ်းအချို့ရှိလိမ့်မည်ဖြစ်ပြီး ဤသို့ ကူကယ်ရာမဲ့နေမည်မဟုတ်ပေ။
"... ကြည့်ရတာ ငါ သူ့ကိုပဲ ခေါ်ရတော့မယ်ထင်တယ်။"
ဝမ်ချောင် သက်ပြင်းရှည်ကြီး ချလိုက်သည်။
"သခင်လေး ဘယ်သူ့ကို ပြောနေတာလဲ။"
လူအိုကြီးလင်းယုန်ငှက် ရုတ်တရက် ကြောချမ်းသွားခဲ့သည်။ ဤအခိုက်တွင် သူသည် လက်ရှိအခြေအနေကို ဖြေရှင်းနိုင်သည့် မည်သူ့ကိုမျှ မစဉ်းစားနိုင်ခဲ့ပေ။
ဝမ်ချောင် ရယ်မော၍သာ တုံ့ပြန်လိုက်၏။
***
ရှစ်နာရီကြာပြီးနောက် ဓားသွားဖယ်ရှားခြင်းအိမ်တော်မှ ခရီးထွက်လာသည့် လီစီယိ ဝမ်ချောင်ရှေ့ ပေါ်လာခဲ့သည်။
ဝက်ဝံတစ်ကောင်ထက်ပင် ထွားကြိုင်းပြီး ပေါက်ကွဲစေတတ်သည့် ခွန်အားနှင့် ဖိနှိပ်တတ်သည့် အော်ရာကို ထုတ်လွှတ်နေသည့် နှစ်မီတာကျော်ရှည်သော လူ့ဘီလူးကြီးလီစီယိကို သူ ကြည့်လိုက်သောအခါ ဝမ်ချောင် စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။ သူ အမှန်ပင် တော်တော်လေးဝန်လေးနေခဲ့၏။
ဝမ်ချောင်သည် နောက်နှစ်အစပိုင်းအထိ လီစီယိကို ထိန်းထားရန် နည်းလမ်းတစ်ခုကို ရှာဖွေရန် မူလက ရည်ရွယ်ထားခဲ့သည်။ တောင်ပိုင်းတွင် ပေါ်ပေါက်လာသည့် တိုက်ပွဲအထိပင် ဖြစ်နိုင်၏။
သို့သော် လက်ရှိအခြေအနေတွင် ပြဿနာမီးတောက်က သူ့တံခါးဝတွင် ဖြစ်သောကြောင့် သူ ထိုအစီအစဉ်များကို ဂရုမစိုက်နိုင်တော့ပေ။
ဤဟိုက်ဒရာဘတ်သတ္တုရိုင်းဂျင်တစ်ထောင်သည် ဝမ်ချောင်အစီအစဉ်၏ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ကျောက်စိမ်းရိုင်းသံမဏိဓားများ ထုလုပ်ရန် ဤသတ္တုရိုင်းမရှိဘဲ အချိန်ကျလာသည့်အခါ သူ သူစွမ်းရည်များကို အပြည့်အဝအသုံးချနိုင်မည်မဟုတ်ပေ။
သူ ကြိုတင်၍ စိုက်ထုတ်ထားခဲ့ရသည့် စိတ်ကူးအတွေးများနှင့် အချိန်အားလုံး အလကားဖြစ်သွားပေလိမ့်မည်။
ထို့အပြင် တိုက်ပွဲ၏ရေစီးကြောင်းများကို တစ်ကိုယ်တည်း ပြောင်းလဲနိုင်သည့် ရဲစွမ်းသတ္တိရှိသော တည်ရှိမှုတစ်ခုဖြစ်သည့် ကျော်လွှား၍မရနိုင်သော အနာဂတ်မဟာစစ်သူကြီးအနေဖြင့် လီစီယိသည် ဝမ်ချောင်၏ တစ်ဦးတည်းသော သင့်တော်သူဖြစ်သည်။
"မင်း ဒါကို သေချာစဉ်းစားပြီးပြီလား။ မင်း အခွင့်အရေးတစ်ခုပဲ ရမှာနော။"
လီစီယိ သူ့ကို ငုံ့ကြည့်နေခဲ့ပြီး သူ့မျက်နှာပေါ်တွင် အပြုံးရိပ်လေးတစ်ခုရှိနေခဲ့၏။ သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းနေခဲ့သည်။
သူ အချိန်အကြာကြီး စောင့်ခဲ့ရပြီးနောက် ဝမ်ချောင် နောက်ဆုံးတွင် သူ့ကို အကူအညီတောင်းလာခဲ့ပြီဖြစ်သည်။ သူ ဤမစ်ရှင်ကို ပြီးမြောက်သရွေ့ သူသည် အနောက်ပိုင်းဒေသများသို့ ပြန်နိုင်ပေမည်။
"ဒါပေါ့"
ဝမ်ချောင် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
သူ့အနားရှိ လူများကို ခြုံငုံလေ့လာပြီးနောက် လီစီယိကသာ ဤမစ်ရှင်ကို ပြီးမြောက်နိုင်စွမ်းရှိနိုင်သည်ကို ဝမ်ချောင် ဝန်ခံရပေမည်။
"ကောင်းတယ်။ ဒါက အတိအကျကို ငါစောင့်နေခဲ့ရတဲ့အရာပဲ။"
လီစီယိ ကောင်းကင်ထက် မော့ကြည့်လိုက်ပြီး အော်ဟစ်ရယ်မောလိုက်သည်။ အပိုစကားဆိုမနေတော့ဘဲ သူ ထွက်သွားရန် လှည့်လိုက်၏။
'ဘာနဂါးနက်ကျိုးလဲ၊ ဘာနဂါးဓားပြတွေလဲ'
သူ့ပန်းတိုင်သည် အနောက်ပိုင်းဒေသများကို သိမ်းပိုက်ရန်နှင့် တိုင်းပြည်အားလုံးကို စစ်မက်ငြိမ်းအေးစေရန်ဖြစ်သည်။ ဘာမဟုတ်သည့် ဓားပြတစ်ယောက်က သူ့လမ်းကြောင်းကို မည်သို့ ပိတ်ဆို့နိုင်မည်နည်း။
"ခဏနေဦး"
ဝမ်ချောင် ရုတ်တရက် အော်လိုက်၏။
"ဘာလဲ။ လူလေး မင်းက မင်းရဲ့စကားကို ပြန်ရုပ်သိမ်းတော့မို့လား။"
လီစီယိ လှုပ်ရှားနေသည့် တောင်တစ်လုံးကဲ့သို့ လှည့်လိုက်ကာ ဝမ်ချောင်ကို စိုက်ကြည့်လိုက်သည်။
"မင်း အတွေးမှားသွားပြီ။ ငါ့ကို သုံးရက်အချိန်ပေး။ မင်းမှာ သင့်လျော်တဲ့ လက်နက်တစ်ခုမရှိသေးဘူးလို့ ငါ ခံစားရတယ်။"
ဝမ်ချောင် အလေးအနက် ပြောလိုက်သည်။
"အိုး"
လီစီယိ တခဏမျှ တုံ့ဆိုင်းသွားခဲ့၏။ သူ မူလက ငြင်းပယ်ရန် တွေးထားခဲ့သော်လည်း တခဏမျှထပ်တွေးလိုက်ပြီးနောက် သူသည် ဓားပြအုပ်စုကို ကိုင်တွယ်ရန် မည်သည့်အထူးပရိယာယ်မျှ မလိုအပ်ခဲ့သော်လည်း ခေါင်းညိတ်လိုက်သေးသည်။
သို့သော်လည်း သူ့ကိုယ်လုံးနှင့် သင့်လျော်သည့် လက်နက်တစ်ခု ပြတ်လပ်နေသည်မှာ အမှန်ပင် သူ့အားနည်းချက်ဖြစ်သည်။ သူ အရာရှိတစ်ဦးဖြစ်လာခဲ့ကတည်းက သူသည် သင့်လျော်သည့် လက်နက်တစ်ခုကို မတွေ့ဖူးခဲ့ပေ။
"ကောင်းပြီ"
လီစီယိ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။
တောင်တန်းမှ ထွက်ခွာကာ ဝမ်ချောင် အိမ်ပြန်လိုက်သည်။ ဝမ်ချောင် ကြိုးစားပမ်းစားနှင့် ကိုယ်တိုင် လက်နက်တစ်ခုထုလုပ်ခဲ့ကတည်းက အချိန်အကြာကြီး ရှိသွားခဲ့ပြီဖြစ်သည်။
ဝမ်ချောင် ပေတံတစ်ချောင်းယူလိုက်ပြီး လီစီယိ၏ အရပ်၊ လက်ဝါးအကျယ်၊ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်း၊ သူ့ပုခုံးထုထည်တို့ကို ကိုယ်တိုင်ကိုယ်ကျ တိုင်းတာလိုက်သည်။ သူ ထို့နောက် အသေးစိပ်ရေးဆွဲခြင်းကို နောက်တစ်ရက် အသုံးပြုလိုက်ပြီး သူ့ဂူထဲ ဝင်သွားခဲ့သည်။
အခြားအကြိမ်များနှင့်မတူဘဲ ဝမ်ချောင် ဤတစ်ကြိမ်တွင် ဟိုက်ဒရာဘတ်သတ္တုရိုင်းလေးတုံးကို ဂူထဲ ယူဝင်လိုက်သည်။ ဤပမာဏသည် သူ့အရင်ထုလုပ်ခြင်းများထက် သာလွန်ခဲ့၏။ ယခင်က အရေးမစိုက်ခဲ့သော လီစီယိ၏ စိတ်ဝင်စားမှုသည်ပင် အောင့်သွားခဲ့သည်။
သူ့ပထမဆုံး လက်နက်ကို အရေးမစိုက်ဘဲ သူ မည်သို့နေနိုင်မည်နည်း။
ဒင်းတန် ဒင်းတန်
ဂူသည် အဆက်မပြတ်သတ္တုထုလုပ်သံနှင့် ပဲ့တင်ထပ်နေခဲ့၏။ မီးပွားစများက ဖွာခနဲ လွှင့်ထွက်နေခဲ့ပြီး မီးခိုးများက အထဲမှနေ၍ ထွက်လာနေခဲ့သည်။
ညမှနေ့၊ နေ့မှည ဝမ်ချောင်သည် မနားမနေအလုပ်လုပ်နေခဲ့ပြီး သူ့အင်အားအကုန်လုံးကို အလုပ်ထဲ ထည့်သွင်းထားခဲ့သည်။ ဤမစ်ရှင်တွင် သူ့အစီအစဉ်များအားလုံးပါဝင်နေခဲ့ပြီး ကျရှုံးခွင့်မပြုနိုင်ပေ။
ထို့ကြောင့် ဝမ်ချောင် ၎င်းကို အရေးတကြီးရှူမြင်ထားခဲ့သည်။
"ရွှေပြားတစ်သန်းကို ယူသွားပြီး မြို့တော်မှာရှိတဲ့ အကောင်းဆုံးနဲ့ အတော်ဆုံး မှော်စာလုံးပညာရှင်တွေကို သွားရှာလာခဲ့။ တစ်ရက်ထဲမှာ ဒီဓားကို ထက်ရှမှု၊ ခိုင်ခံ့မှုနဲ့ သွက်လက်မှု မှော်စာလုံးတွေနဲ့ နောက်ထပ် ထပ်ဖြည့်လို့မရတဲ့အထိ အပြည့်ရေးထိုးထားတာကို ငါ လိုချင်တယ်။"
နှစ်ရက်ကြာပြီးနောက် ဝမ်ချောင် ဂူထဲမှ ထွက်လာခဲ့ပြီး သူ့မျက်နှာက နွမ်းလျနေခဲ့ကာ မီးခိုးဖြင့် မဲနက်နေခဲ့သည်။
"ရွှေပြားတစ်သန်းလား"
လူအိုကြီးလင်းယုန်ငှက်၏မျက်နှာ အံ့ဩသွားခဲ့ပြီး လီစီယိပင်လျှင် မျက်တောင်ခတ်လိုက်မိသည်။
"အချိန်မရှိဘူး။ ဒီကိစ္စကို မြန်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမယ်။ အခြေအနေတွေက အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်။ ငါတို့ အချိန်ဆွဲလေလေ အခြေအနေက ပိုဆိုးလာလေလေပဲ။"
ဝမ်ချောင် ပင်ပန်းကြီးစွာ ပြောလိုက်သည်။
ရွှေပြားတစ်သန်းသည် ဧရာမပမာဏဖြစ်သော်လည်း ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျင်တစ်ထောင်က ပို၍ တန်ဖိုးကြီးပေသည်။ ပုံမှန်မဟုတ်သည့် အခြေအနေများက ပုံမှန်မဟုတ်သည့် အတိုင်းအဆများကို ဆင့်ခေါ်ပြီး ထိုသို့မဟုတ်ပါက အလွန်နောက်ကျသွားပေလိမ့်မည်။
ထို့အပြင် ရွှေပြားတစ်သန်းသုံးစွဲခြင်းက ရွှေပြားတစ်သန်းတန်သည့် အရာကို ရစေပေလိမ့်မည်။
ဟိုက်ဒရာဘတ်သတ္တုရိုင်းလေးတုံးမှ ထုလုပ်ထားသော ဤဓားသည် 'သေခြင်းတရားချောက်နက်' ကို ထုလုပ်ရန် သူ အသုံးပြုခဲ့ရသော ပမာဏထက် ပို၍ပင် များပြားပေသည်။
အလေးချိန်တစ်ခုတည်းတွင် ဤဓားသည် ဂျင် ၁၃၀ ထက်ပိုလေးပြီး ဂျင် ၁၄၀ သို့ ရောက်လုနေခဲ့ပြီဖြစ်သည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ဤဓားကို အသုံးပြုရန် ခက်ခဲပေလိမ့်မည်။ ၎င်းကို ချီမနိုင်ခြင်းက ၎င်းကို လွတ်လွတ်လပ်လပ်အသုံးပြုနိုင်သည်ဟု မဆိုလိုပေ။
ဝမ်ချောင် ထုလုပ်ထားသော ဤဓားသည် လီစီယိအတွက် အထူးသီးသန့်ဖြစ်သည်။ တိုတိုပြောရလျှင် ၎င်းသည် ပြိုင်ဘက်ကင်းဖြစ်၏။ ၎င်းအပေါ်ရွှေပြားတစ်သန်းသုံးစွဲခြင်းက ၎င်း၏ တန်ဖိုးကိုသာ တိုးစေပေလိမ့်မည်။
ဤဓား၏ စွမ်းအားသည် ယခင်သူထုလုပ်ခဲ့သော မည်သည့်ဓားထက်မဆို သာလွန်လိမ့်မည်ကို ဝမ်ချောင် အာမခံနိုင်ပေသည်။
"နားလည်ပါပြီ"
ဝမ်ချောင်၏ အသံတွင် စိတ်ပိုင်းဖြတ်မှုကို ကြားသည်နှင့် လူအိုကြီးလင်းယုန်ငှက်ဝင်သွားလိုက်သည်။ ဂူထဲတွင် အနက်ရောင်အဝတ်စဖြင့် စည်းနှောင်ထားသည့် မယုံစရာကောင်းလောက်အောင် လေးလံသည့် အထုပ်အပိုးဖြစ်သည်။
လူအိုကြီးလင်းယုန်ငှက် ထိုအထုပ်ကို ယူလိုက်ပြီး ထွက်ခွာလိုက်၏။
တစ်ရက်ကြာပြီးနောက် လူအိုကြီးလင်းယုန်ငှက် ထိုအထုပ်နှင့်အတူ ပြန်ရောက်လာခဲ့သည်။
"သခင်လေး ပြီးပါပြီ။ မှော်စာလုံးပညာရှင်စုစုပေါင်း သုံးယောက်က မတူညီတဲ့ အရွယ်အစားနဲ့ အမျိုးအစားစုံ မှော်စာလုံး စုစုပေါင်း ခုနစ်ဆယ့်နှစ်ခုကို ရေးထိုးပေးခဲ့ပါတယ်။ နောက်ထပ် ထပ်ဖြည့်လို့မရတော့ပါဘူး။"
လူအိုကြီးလင်းယုန်ငှက် လေးနက်စွာ ပြောလိုက်၏။
ရွှေပြားတစ်သန်းသည် အလကားမဖြစ်ခဲ့ပေ။ ဤလက်နက်ပေါ်ရှိ မှော်စာလုံးအရေအတွက်သည် အခြားလက်နက်များအားလုံးကို ဖုန်မှုန့်ထဲ ချန်ထားခဲ့သည်။
ဝမ်ချောင် ဘာမှမပြောခဲ့ဘဲ ဂူထဲရှိ ပေကိုသာ ခေါက်လိုက်သည်။
"ဟုတ်ကဲ့"
လူအိုကြီးလင်းယုန်ငှက် ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာ ပြန်ဆုတ်သွားလိုက်၏။ သူ သိမ်းငှက်များ၊ လင်းယုန်များနှင့် တေးသီငှက်တို့ ဆယ်ကောင်ကျော်ကိုပင် လွှတ်လိုက်သည်။
မည်သူ့ကိုမျှ ဝမ်ချောင်၏ နောက်ဆုံးထုလုပ်ခြင်းလုပ်ငန်းစဉ်ကို ကြည့်ရှူလေ့လာရန် ခွင့်ပြုမထားခဲ့ဘဲ ဤသည်မှာ သဘာဝအားဖြင့် လူအိုကြီးလင်းယုန်ငှက်သည်လည်း ပါဝင်ပေ၏။
ဤသည်မှာ ဝမ်ချောင်တစ်ဦးတည်းသာ သိခွင့်ရှိသော လျှို့ဝှက်ချက်ဖြစ်ပြီး ဝမ်ကလန်တစ်ခုလုံးတွင် အကြီးမားဆုံးနှင့် တန်ဖိုးအကြီးဆုံး လျှို့ဝှက်ချက်ဖြစ်သည်။
ဂူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့၏။ မနက်ရောက်မှသာ ထုလုပ်နေသည့်အသံက ဂူထဲမှ စတင်ထွက်ပေါ်လာခဲ့ပြီး ထုချက်တစ်ချက်ချင်းစီက မိုးချုန်းသံကဲ့သို့ဖြစ်သည်။
"လုံလောက်ပြီ"
နေက အလံတိုင်သုံးတိုင်စာမျှ မြင့်လာသောအခါ ဝမ်ချောင် ဂူထဲမှ ထွက်လာခဲ့သည်။ သူသည် သူနှင့်အတူ ငါးမန်းသားရေဖြင့် ဖုံးအုပ်ထားသော နှစ်မီတာရှည်သည့် ကြီးမားရှည်လျားသော ဓားကို သယ်ဆောင်ထားခဲ့သည်။
အနက်ရောင်ဓားအိမ်သည် ရတနာများဖြင့် စီချယ်မထားခဲ့ပေ။ ၎င်းသည် ရိုးရှင်းသည့် ရွှေချည်မျှင်လှိုင်းများဖြင့် အနက်ရောင်ဖြစ်သည်။
၎င်းသည် အသုံးအဖြုန်းကြီးစွာ အလှဆင်မထားခဲ့သော်လည်း အလွန်အမင်းခမ်းနားထည်ဝါမှုတစ်ခုကို ထုတ်ဖော်နေပုံရသည်။
"ဒီဓားကို လက်လွတ်စပယ် မထုတ်နဲ့။ မင်း တကယ်လိုအပ်လာတဲ့အခါမှသာ ထုတ်သုံးပါ။"
ဝမ်ချောင် ထိုဓားကို လီစီယိ၏လက်ထဲ ထည့်လိုက်ကာ အကြံပြုလိုက်သည်။
လီစီယိ ဂူပေါက်ဝတွင် စောင့်ကြပ်နေခဲ့ပေ၏။ သူ ထိုဓားကို ချက်ချင်းမယူဘဲ ဝမ်ချောင်ကို တော်တော်လေး ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကောင်းပြီ"
ဝမ်ချောင်ဆီမှ ဓားကို တည်ကြည်လေးနက်စွာ ယူလိုက်ကာ လီစီယိ ၎င်းကို သူလက်ထဲ ချိန်ကြည့်လိုက်သည်။ ကျေနပ်သည့် အရိပ်အယောင်က သူ့မျက်စိထဲ ပေါ်လာခဲ့၏။ သူ ထို့နောက် လှည့်လိုက်ပြီး အချိန်ဆွဲမနေတော့ဘဲ ထွက်သွားလိုက်သည်။
သူ၏ ရဲရင့်သော ပုံရိပ်က အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
"လူအိုကြီးလင်းယုန်ငှက် ငါ့ကိုကူညီပြီး ဦးကြီးနဲ့ စုန့်ဘုရင်တို့ကို တပ်သားတွေ ဖြစ်နိုင်သမျှ များများ စုစည်းထားဖို့ ဦးကြီးဆီ စာပို့ပေးပါ။ နှိမ်နင်းဖို့နာမည်နဲ့ ပိုင်ထင်၊ ချီရှီနဲ့ လုံရှီတို့ဆီက တပ်သားတွေကို ပြောင်းရွှေ့ပြီး ပူးပေါင်းစစ်ဆင်ရေးတစ်ခုအနေနဲ့ နဂါးဓားပြတွေတည်ရှိနေတဲ့နေရာကို သူတို့ကို သွားခိုင်းလိုက်ပါ။ နောက်ပြီး... ဖုမင်လင်းချာကို အတတ်နိုင်ဆုံး သတိမပြုမိစေနဲ့။"
ဝမ်ချောင် အမိန့်ပေးလိုက်သည်။
နဂါးဓားပြတွင် နဂါးနက်ကျိုးတစ်ယောက်သာ ရှိခြင်းမဟုတ်ပေ။ သူ့တွင် သူ့ဘက်၌ အားကောင်းသည့် ဓားပြများ ထောင်ချီလည်း ရှိပေ၏။ ဝမ်ချောင် သူ့မျှော်လင့်ချက်ကို လီစီယိတွင်သာ ပုံအောထားမည်မဟုတ်ပေ။
လူတစ်ဦး၏ စွမ်းအားသည် ဓားပြများနှင့် မြင်းများ ထောင်ချီကို ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် ကိစ္စများသည် တော်ဝင်ရုံးတော်၏ စစ်တပ်နှင့်အတူ ပြောင်းလဲသွားခဲ့ကြပေသည်။
တစ်ခုတည်းသော ပြဿနာမှာ ချီရှီသည် ဖုမင်လင်းချာ၏ ပိုင်နက်ဖြစ်နေခြင်းဖြစ်သည်။ အကယ်၍ ကိစ္စများသည် ချောချောမွေ့မွေ့မဖြစ်ခဲ့ပါက သူ့ကို သတိပြုမိသွားစေပေလိမ့်မည်။
"ပြီးတော့ စုန့်ဘုရင်အိမ်တော်ကိုသွားပြီး ဘဏ္ဍာထိန်းအိုကြီးကို ရှာပါ။ အထွတ်အထိပ် နက်နဲသိမ်မွေ့တဲ့ သိုင်းပညာကျွမ်းကျင်သူတွေကို ငှားရမ်းဖို့ အရမ်းခက်ခဲလောက်ပေမယ့် အဆင့် ၁၊ ၂၊ ၃ ကျွမ်းကျင်သူတွေကို ငှားရမ်းတာက ပြဿနာမဟုတ်လောက်ဘူး။ သူတို့ကို လီစီယိကို သွားကူခိုင်းလိုက်ပါ။"
"ထပ်ပြီး မင်းလည်း လိုက်သွားသင့်တယ်။ ဘာတွေဖြစ်နေသလဲဆိုတာ ငါ တစ်ချိန်လုံးသိနေဖို့ လိုအပ်တယ်။ အဆက်အသွယ်မပြတ်စေဖို့ စာပို့ခိုနဲ့ သိမ်းငှက်တွေကို သုံးပါ။"
ဝမ်ချောင် မိန့်လိုက်၏။
"ဟုတ်ကဲ့ပါ သခင်လေး"
လူအိုကြီးလင်းယုန်ငှက် ချက်ချင်း ဖြေလိုက်၏။ သူ့ခွန်အားက အစစ်အမှန်သိုင်းပညာနယ်ပယ် အထွတ်အထိပ်တွင် တန့်နေခဲ့သေးသောကြောင့် သူသည် အရမ်းမသန်မာသော်လည်း လင်းယုန်ငှက်များနှင့် အခြားငှက်များကို ယဉ်ပါးအောင်ပြုလုပ်ရာတွင် သူ့ကျွမ်းကျင်မှုက သူ့အား သတင်းများကို လျင်မြန်စွာ ပေးပို့နိုင်စေခဲ့သည်။
"ပြီးတော့ သခင်လေး... ကျွန်တော်တို့ သံမဏိလက်ကို ခေါ်ဖို့ လိုလား။"
"မလိုဘူး။"
ဝမ်ချောင် ထိုအကြံဖြင့် ဆွဲဆောင်ခံလိုက်ရသော်လည်း သူ ခေါင်းယမ်းရန် ရွေးချယ်လိုက်သည်။ သံမဏိလက်တွင် သူ့ကိုယ်ပိုင်မစ်ရှင်ရှိပြီး သူ ဤနေရာတွင် ရှိခဲ့လျှင်ပင် နဂါးနက်ကျိုးကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။
ဤအနောက်ပိုင်းလမ်းမများ၏ ဘုရင်ကို လီစီယိသာ ကိုင်တွယ်နိုင်လောက်ပေသည်။
"ဟုတ်ကဲ့ သခင်လေး"
လူအိုကြီးလင်းယုန်ငှက် လေးစားစွာ ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
"... အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်ပြီး သူတို့က အောင်မြင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။"
သူ သူတတ်နိုင်သမျှ လုပ်ခဲ့ပြီးပြီဖြစ်သည်။ လူအိုကြီးလင်းယုန်ငှက်ကို ကြည့်လိုက်သောအခါ စိုးရိမ်သည့် အရိပ်အယောင်က ဝမ်ချောင်၏ မျက်လုံးထဲ ဖြတ်သန်းသွားခဲ့၏။
လီစီယိသည် သူ့အတိတ်ဘဝရှိ ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးအဖြစ်မှ ဝေးကွာလွန်းသေးသည်။ သူ အောင်မြင်နိုင်မလား ဆိုသည်ကို ဝမ်ချောင် မသေချာပေ။
ထို့အပြင် ယောင်ကလန်နှင့် ရှီဘုရင်တို့က ပါဝင်ခဲ့ကြသောကြောင့် သူ အောင်မြင်ခဲ့လျှင်ပင် ဟိုက်ဒရာဘတ်သတ္တုရိုင်း၏ တည်နေရာကို အလွယ်တကူ ရှာဖွေနိုင်မည်မဟုတ်ပေ။
"မဖြစ်ဘူး၊ ငါ ယန်ကျိုးကို သွားတွေ့ရဦးမယ်။ သူ ရှေ့ထွက်လာရင် ရှီဘုရင်ကတောင် ကန့်ကွက်ရဲမှာမဟုတ်ဘူး။ ဒါ့အပြင် သူ့သံသယကို ဒီဖက်ကို ဆွဲဆောင်ခံရမှာမဟုတ်ဘူး။"
ဤအတွေးဖြင့် ဝမ်ချောင် နန်းတော်ဆီသို့ လျင်မြန်စွာ စတင်လျှောက်သွားလိုက်သည်။
***************************************
အပိုင်း ၄၀၅ လီစီယိ၏ ပထမဆုံးတိုက်ပွဲ
ဝမ်ချောင် ယန်ကျိုးကို နေ့လည်က သွားတွေ့ခဲ့သော်လည်း ညနက်သည်အထိ မပြန်ခဲ့ပေ။
"အောင်မြင်မှာလား မအောင်မြင်ဘူးလားဆိုတာ ကံအပေါ်မှာပဲ မူတည်လိမ့်မယ်။"
ကိုယ့်ဘာကိုယ်ရေရွတ်လိုက်ကာ ဝမ်ချောင် ဝိဉာဉ်သွေးကြောတောင်ပေါ်သို့ တက်လိုက်သည်။ ပြင်ဆင်စရာများအားလုံး ပြုလုပ်ထားခဲ့ပြီး ချီရှီရှိ နဂါးဓားပြများကို နှိမ်နင်းရာတွင် ကူညီရန် စစ်မှုထမ်းဌာနရှိ စစ်တပ်တစ်တပ်ကို စေလွှတ်ရန် ကူညီပေးမည်ဟု ယန်ကျိုး ကတိပေးခဲ့သည်။
လီစီယိ၏ စွမ်းရည်နှင့် တော်ဝင်ရုံးတော်၏ နှိမ်နှင်းသည့် အင်အားစုတို့သည် နဂါးဓားပြများနှင့် နဂါးနက်ကျိုးတို့ကို ခြိမ်းခြောက်ရန် လုံလောက်သင့်ပေသည်။ ယခုတွင် ဝမ်ချောင်အတွက် ဝိဉာဉ်သွေးကြောသို့ ဝင်ရောက်ကာ သူ့စိတ်ကို တည်ငြိမ်စေပြီး သိုင်းကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် တတ်နိုင်သမျှ အမြန်ဆုံးတိုးတက်အောင်ပြုလုပ်ရမည့် အချိန်ဖြစ်သည်။
ထို့အပြင် ဤသည်မှာ လက်ရှိ၌ သူ တတ်နိုင်သမျှ ဖြစ်၏။
အစစ်အမှန်သိုင်းနယ်ပယ်သို့ရောက်ရှိပြီးနောက် ဝမ်ချောင်တွင် သူ ကျင့်ကြံနိုင်သည့် အရာများစွာ ရှိပေသည်။ ဤအရာများထဲမှ တစ်ခုမှာ ဝမ်ချောင် သူ့နောက်ဆုံးဘဝတွင် လေ့လာထားခဲ့သော ထိပ်သီးအစစ်အမှန်သိုင်းပညာနယ်ပယ်နည်းစနစ်ဖြစ်သည်။
"ပျံလွှားနေသော နဂါးလှံ။"
***
အချိန်သည် စီးဆင်းသွားခဲ့ပြီး ဆယ်ရက်ကျော်သည် မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဝမ်ချောင်သည် ဝိဉာဉ်သွေးကြောတွင် တိတ်တဆိတ်ကျင့်ကြံနေခဲ့ပြီး သတင်းကို စိတ်ရှည်စွာ စောင့်ဆိုင်းနေစဉ်တွင် မြို့တော်သည် ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။
မမြင်ရသည့် ပိုက်ကွန်တစ်ခုက မြို့တော်မှနေ၍ ပစ်လွှတ်သွားခဲ့ပြီး အနောက်ဘက်တွင်ရှိသည့် ချီရှီသဲကန္တာရဆီသို့ ဦးတည်သွားခဲ့သည်။
ဝမ်ချောင် ထုလုပ်ထားပေးသည့် ဓားကြီးကို သယ်ဆောင်ကာ လီစီယိသည် မြင်းများကို ဆက်တိုက် ပြောင်းလဲနေခဲ့သည်။ ဤသို့ဖြင့် အနောက်ပိုင်းဒေသများသို့ ရောက်ရှိရန် သူ နေ့နေ့ညညခရီးနှင်နိုင်ပေသည်။ မြို့တော်မှ ချီရှီသို့ ခရီးသည် အလွန်ရှည်လျားပြီး တစ်လပင်လျှင် လုံလောက်မည်မဟုတ်ပေ။ လီစီယိ၏ နည်းလမ်းမှာ ဤအချိန်ကို တိုတောင်းစေရန်နှင့် ချီရှီသဲကန္တာရသို့ ခရီးကို မြန်ဆန်စေရန် ဖြစ်သည်။
ထို့အပြင် လီစီယိ ချီရှီသို့ နေ့နေ့ညညခရီးနှင်နေချိန် လူအိုကြီးလင်းယုန်ငှက်နှင့် စုန့်ဘုရင်၏ကျွမ်းကျင်သူတို့သည် အနီးကပ် လိုက်ပါလာခဲ့ကြသည်။
စစ်မှုထမ်းဌာနမှ စုရုံးထားခဲ့သော စစ်သားများနှင့် မြင်းများသည်လည်း ချီရှီပိုင်နက်၊ ပိုင်ထင်ပိုင်နက်၊ ခုနစ်စင်ကြယ်စစ်တပ်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့ကြသည်။ နှိမ်နှင်းခြင်းအင်အားစုအဖြစ် ဤတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးမျိုးသည် မရှားပေ။ ဤသို့သော အားကောင်းသည့် ဓားပြများကို ကြုံဆုံလာချိန်တွင် တော်ဝင်ရုံးတော်သည် ဤသို့သော လုပ်ဆောင်မှုမျိုးကို ယခင်က ဆောင်ရွက်ခဲ့ဖူးသည်။
အတိုချုပ်အားဖြင့် ဝမ်ချောင်၏ စည်းရုံးလှုပ်ရှားမှုအောက်တွင် အင်အားစုများစွာမှနေ၍ ဖြစ်ပေါ်လာသော ပိုက်ကွန်ကြီးသည် ချီရှီသဲကန္တာရနားတွင် လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။
****
ဝှီးဝှီး..ဝှီး
လေပြင်းများသည် သဲပင်လယ်ထဲရှိ ကျောက်စရစ်များနှင့် ဖုန်မှုန့်များကို ထိုးမွှေ့သွားခဲ့ကာ ကောင်းကင်ကို ပိတ်သွားစေသည်။ ချုံးချီတောင်အနားရှိ နေရာသည် ဖုံမှုန့်များ ဖုံးလွှမ်းသွားခဲ့သည်။
သို့သော် နဂါးဓားပြများသည် ချုံးချီတောင်အနားရှိ နေရာကို နိုးနိုးကြားကြား ဆက်ကြည့်နေခဲ့ကြသေး၏။
ဤသို့သော သဲမုန်တိုင်းမျိုးသည် သာမန်လူတစ်ယောက်အတွက် အလွန်အမင်းအန္တရာယ်များပြီး တောင့်ခံရန်ခဲယဉ်းသော်လည်း ဤနေရာတွင် ရှင်သန်နေထိုင်ကြသည့် ဓားပြများသည် ၎င်းကို နှစ်များစွာကတည်းက အသားကျခဲ့ကြပြီဖြစ်သည်။
ဓားပြအားလုံးတို့သည် သူတို့၏ နှာခေါင်းများနှင့် ပါးစပ်များ၊ ထို့အတူ သူတို့၏ မြင်းများကို ကာကွယ်ရန် အဝတ်စများကို အသုံးပြုထားခဲ့ကြသည်။ ဤသဲမုန်တိုင်းများကြားတွင် လှည့်လည်သွားလာခြင်းက လက်တွေ့အားဖြင့် သူတို့အတွက် ဗီဇတစ်ခုဖြစ်ပေသည်။
ချုံးချီတောင်အနားရှိ အစောင့်များသည် သက်သောင့်သက်သာရှိပုံရသော်လည်း ၎င်းမှာ အပေါ်ယံသာဖြစ်သည်။ အမျိုးမျိုးသော အရေးပါသည့်နေရာများတွင် အစောင့်များသည် တိုးလာခဲ့ကြပြီး သူတို့အားလုံးက အလွန်နိုးကြားနေပုံရ၏။
သူတို့၏ ယခင်စီးနင်းမှုတွင် သူတို့သတ်ခဲ့သည်မှာ စင်ဒူဘုန်းကြီး၏ နည်းပါးသော ပမာဏမဟုတ်ပေ။ ဤဘုန်းကြီးများသည် အားမနည်းခဲ့ကြဘဲ တစ်ယောက်မှာ သူတို့၏ခေါင်းဆောင်ကိုယ်တိုင် သတ်ခဲ့ရသည့် နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပင် ဖြစ်ခဲ့သည်။
နှစ်များစွာကြာပြီးနောက် သူတို့၏ခေါင်းဆောင်သည် ရှားရှားပါးပါးဝင်ပါခဲ့၏။ ထို့နောက် သူတို့ဓားပြတိုက်ခဲ့သည့် ယာဉ်တန်းမှာ မြို့တော်ရှိ အရေးကြီးပုဂ္ဂိုလ်တစ်ဦးပိုင်ဆိုင်ထားသည့် သတင်း ရောက်လာခဲ့သည်။
နဂါးဓားပြများအားလုံး အလွန်အမင်းရင်ထိတ်သွားခဲ့ကြပေ၏။
ထို့သို့သော အရေးကြီးပုဂ္ဂိုလ်တစ်ယောက်သည် ကိစ္စများကို ပစ်ထားမည်မဟုတ်ကြောင်း လူတိုင်းသိကြပေသည်။ သို့သော် နဂါးဓားပြများသည် ထွက်ပြေးကြသည်အထိ ကြောက်မနေခဲ့ကြပေ။
ချီရှီတွင် ရှိနေစဉ် သူတို့သည် အစိုးရမှ နှိမ်နှင်းသည့် အင်အားစုများစွာကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ချီရှီ နယ်မြေ၏ ဖုမင်လင်းချာသည်ပင် သူတို့ကို မကိုင်တွယ်နိုင်ခဲ့ပေ။ တခြားသူများဆိုလျှင် ပြောစရာပင်မလိုချေ။ မြို့တော်ရှိ ထိုအရေးကြီးပုဂ္ဂိုလ်မှ စေလွှတ်လိုက်သော တပ်ကြီးကို သူတို့ အမှန်တကယ် မတိုက်နိုင်ခဲ့ပါက သူတို့သည် သဲကန္တာရထဲတွင် ပုန်းအောင်းနေရုံပင်။
ရွှီးးဝှီးး
လေပြင်းများသည် မြေပြင်အနှံ့ရှိ သဲများကို လှည်းကျင်းသွားခဲ့သည်။ ချုံးချီတောင်အနားရှိ မြေပြင် လှုပ်ခါသွားခဲ့ပြီး ထူးဆန်းသည့် ခံစားချက်တစ်ခုက ထိုလေနှင့်အတူ ရောက်လာခဲ့၏။
"သူတို့ ရောက်လာပြီ"
တစ်ချိန်တည်းနီးပါးတွင် ချုံးချီတောင်ထိပ်၌ အရပ်ရှည်ပြီး ထောင်မတ်နေသော ပုံရိပ်တစ်ခုက ၎င်း၏မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သဲမုန်တိုင်းကြား၌ပင် ဤမျက်လုံးများသည် မည်သူမျှ မကြည့်ဝံ့လောက်အောင် တောက်ပနေခဲ့၏။
နဂါးနက်ကျိုးသည် တောင်ထိပ်ပေါ်ရှိ ကျောက်တုံးထိုင်ခုံပေါ်တွင် ခမ်းနားထည်ဝါစွာ ထိုင်နေခဲ့သည်။ သူ့ဘက်ဘယ်နှင့် ညာဘက်တို့တွင် ချုံးချီ၏ လက်ရွေးစင်များရှိနေခဲ့ကြပြီး အရပ်မျက်နှာတစ်ခုတည်းသို့ လေးနက်စွာ ကြည့်နေခဲ့ကြသည်။
တစ်နာရီအကြာက သူသည် ထူးဆန်းသည့် အော်ရာတစ်ခုကို ခံစားမိခဲ့သည်။ ထို့အပြင် ၎င်းက သူ့ချုံးချီတောင်သို့ တုံ့ဆိုင်းမနေဘဲ ဦးတည်နေခဲ့၏။
ချုံးချီတောင်တစ်ဝိုက်ရှိ လီတစ်ရာအကွာအဝေးအတွင်း သူနှင့် သူ့နဂါးဓားပြကလွဲ၍ မည်သည့်သက်ရှိမျှ မရှိပေ။ ဤလူသည် သံသယရှိစရာမလိုဘဲ သူတို့ဆီ ချီတက်လာနေခဲ့ပေ၏။
"ဟမ် အဲဒါက တော်တော်လေးမြန်တာပဲ။ နှစ်ဆယ့်တစ်ရက်ကျော်ကျော်ပဲ ရှိသေးပေမယ့် သူတို့က ဒီနေရာကို ရောက်လာနိုင်ခဲ့ပြီ။"
နဂါးနက်ကျိုး၏ မျက်လုံးထောင့်နားတွင် အထင်သေးသည့် အကြည့်တစ်ခုရှိနေခဲ့ပြီး သူသည် အကောင်အထည်မမြင်ရသော စိတ်ဓာတ်ပြင်းထန်ပြီး အကြင်အနာကင်းမဲ့သည့် အရှိန်အဝါကို ထုတ်ဖော်ထားခဲ့သည်။
မြို့တော်မှ ချုံးချီတောင်အထိ အနည်းဆုံး တစ်လကျော်ကြာပေသည်။ ဤလူအတွက် ဤနေရာသို့ ရောက်ရန်မှာ သူတို့သည် နေ့နေ့ညညခရီးနှင်ခဲ့ရပေမည်။ ဤသည်မှာ ထိုယာဉ်တန်းက မည်မျှ အရေးကြီးသလဲဆိုခြင်းပင်။ သို့သော် ၎င်းမှာ လူတစ်ယောက်တည်းဖြစ်၏။
ဤသည်မှာ သူ့ကို အလွန်လျှော့တွက်နေခြင်းမဟုတ်လော။
အကယ်၍ ချီရှီကာကွယ်စောင့်ရှောက်သူက တစ်ယောက်တည်းလာခဲ့လျှင် သူသည် ထွက်ပြေးရဦးမည်ဖြစ်ပြီး သူ့ကို ရှုပ်ရန် မိနစ်ဝက်ပင် နေလိမ့်မည်မဟုတ်ပေ။ ဖုမင်လင်းချာကို စောင့်ကြည့်ရန်အတွက် သူသည် ချီရှီပိုင်နက်တွင် သူလျှိုများစွာကိုပင် ချထားခဲ့သည်။
ဖုမင်လင်းချာက သူ့နေရာမှ ထွက်ခွာသည်နှင့် ဖုမင်လင်းချာက သူရှိနေသည့်အရပ်ကို ကြည့်လိုက်သည်နှင့် စာပို့ခိုတစ်ကောင်သည် ချုံးချီတောင်သို့ ချက်ချင်းရောက်လာပေလိမ့်မည်။
သို့သော် တခြားလူလော။
လူတိုင်းသည် တိုင်းပြည်၏ မဟာစစ်သူကြီးဖြစ်ကြလိမ့်မည်မဟုတ်ပေ။ ထို့အပြင် မဟာထန်တစ်ခုလုံးတွင် လူအနည်းငယ်ကိုသာ သူ ကြောက်ပေ၏။ သူလုယူထားသော သတ္တုရိုင်းကို ယူဆောင်ရန် လူတစ်ယောက်တည်းကို စေလွှတ်ခြင်းမှာ အမှန်ပင် ရူးမိုက်ခြင်းဖြစ်သည်။
"ခေါင်းဆောင် သူတို့ရောက်လာပြီ"
သူ့ဘေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ တခဏချင်းပင် တောင်ထပ်ပေါ်ရှိ နဂါးဓားပြတစ်ဝက်နီးပါး အရပ်မျက်နှာတစ်ခုတည်းသို့ ကြည့်လိုက်ကြသည်။ အနက်ရောင်ပုံရိပ်တစ်ခုက ပြင်းထန်သော သဲမုန်တိုင်းကြား ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး ချုံးချီတောင်ဆီသို့ တဖြည်းဖြည်းဦးတည်လာခဲ့သည်။
သူသည် အလွန်နှေးကွေးစွာ လျှောက်လာခဲ့သော်လည်း သာမန်မဟုတ်သော ပြတ်သားမှုနှင့် အရှိန်အဝါတို့ဖြင့် ဖြစ်သည်။ ကြည့်ရသည်မှာ မီးပင်လယ်ဖြစ်စေ၊ ဓားတောင်ဖြစ်စေ၊ သို့မဟုတ် အဆုံးမရှိသော ချောက်နက်ကြီးပင်ဖြစ်စေ သူ့ကို ရပ်တန့်နိုင်မည့်ပုံမရပေ။ သဲမုန်တိုင်းအနည်းငယ်ဆိုလျှင် ဆိုဖွယ်ရာမရှိပေ။
ဤလူသည် ကြောက်မက်ဖွယ်ကောင်းပြီး အလွန်အားကောင်းကာ လုံးဝအနိုင်မခံအရှုံးမပေးသော စိတ်ဆန္ဒနှင့် ဖြစ်သည်။
"သူရဲကောင်းတစ်ယောက်ပဲ။"
နဂါးနက်ကျိုး ထိုသဲမုန်တိုင်းကို ကြည့်နေခဲ့ပြီး သူ့မျက်လုံးရှိ အထင်သေးခြင်းက လေးစားမှုအရိပ်အယောင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ လူအနည်းငယ်က သူတို့၏ ပုံသဏ္ဍာန်မျှဖြင့် သူ့စိတ်ကို ပြောင်းလဲစေနိုင်သော်လည်း ဤလူမှာ မေးခွန်းထုတ်စရာမလိုဘဲ သူ့စိတ်ကို ပြောင်းလဲစေခဲ့ပေသည်။
ဘုန်းးး
သဲမုန်တိုင်း၌ လီစီယိသည် ချုံးချီတောင်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူ လုံလုံလောက်လောက်နီးလာသောအခါ ဝမ်ချောင်ထုလုပ်ပေးခဲ့သည့် ကျောက်စိမ်းရိုင်းသံမဏိဓားကို ကြမ်းကြုတ်စွာ ထုတ်ယူလိုက်ပြီး မြေကြီးထဲသို့ ထိုးလိုက်သည်။
ပတ်ဝန်းကျင်ရှိ ကမ္ဘာမြေကြီးတုန်ခါသွားခဲ့၏။ လီစီယိ၏ ထိုးချက်တွင် ချုံးချီတောင် တစ်ဝက်နီးပါး တုန်ခါသွားခဲ့သည်။
"ငါနောက်ဆုံးတော့ ရောက်လာပြီ"
လီစီယိ ဧရာမကျောက်စိမ်းရိုင်းသံမဏိဓား၏ လက်ကိုင်ကို ကိုင်လိုက်ပြီး ပြင်းထန်စွာ အသက်ရှုလိုက်သည်။ နေ့နေ့ညည ရက်နှစ်ဆယ်ကျော်ခရီးနှင်ခဲ့ပြီး ကောင်းမွန်သည့် စစ်မြင်းသုံးကောင်ကို သေဆုံးသွားစေပြီးနောက် သူသည် နောက်ဆုံးတွင် ဝေးကွာလှသည့် ချီရှီ၏ ချုံးချီတောင်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
ဤတောင်ကြီး၏ တောင်ခြေတွင် ရပ်နေလျက် တောင်ထိပ်မှနေ၍ သူ့ကိုကြည့်နေသည့် လူများကို သူ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုနေရာတွင် နဂါးနက်ကျိုး၏ သူရဲကောင်းဆန်သော ပုံသဏ္ဍာန်ရှိနေခဲ့ပြီး သူ့အနက်ရောင်ဝတ်ရုံက လေထဲလွင့်နေ၏။ ထိုနေရာတွင် နဂါးဓားပြများ၏ လက်ရွေးစင် အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူ အဆင့် ၇၊ ၈၊ ၉ တို့သည်လည်း ရှိကြပေသည်။
"နဂါးနက်ကျိုးလား"
လီစီယိ၏ အသံသည် ခွန်အားဖြင့် ပြည့်နှက်နေခဲ့ပြီး လေထဲတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။ သူ့အသံထွက်လာချိန်တွင် သူ့အသံသည် သဲမုန်တိုင်း၏ ဆူညံသံကို ဖိနှိပ်သွားခဲ့သည်။ စစ်မြင်းများစွာတို့သည် နိုးကြားသွားခဲ့ကြပြီး ရှေ့ခြေထောက်ကို မြှောက်လိုက်ကြကာ မြင်းဟီသံပြုလိုက်ကြသည်။
လီစီယိသည် သူ့ရက်နှစ်ဆယ်ကျော်ခရီးတွင် ရံဖန်ရံခါသာ အနားယူခဲ့သော်လည်း သူ့မျက်စိထဲတွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်မတွေ့ရပေ။ ရောက်လာတော့မည့် တိုက်ပွဲအတွက် အာသီသနှင့် စိတ်လှုပ်ရှားမှုကိုသာ မြင်ရပေသည်။
"သူက တစ်ကယ့်ကို ယောက်ျားစစ်စစ်ပဲ။"
နဂါးနက်ကျိုး တောင်ထပ်မှနေ၍ ငုံ့ကြည့်လိုက်ပြီး ရှားရှားပါးပါး ချီးကျူးလိုက်သည်။ ဤမျှနီးကပ်သော အကွာအဝေးတွင် လီစီယိ သူ့ကို ရှင်းလင်းစွာ မြင်နိုင်သောကြောင့် နဂါးနက်ကျိုးသည်လည်း လီစီယိကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
လီစီယိ၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်သည် ဤမျိုးဆက်၏ အသန်မာဆုံးလူများထက်ပင် ကြီးမားပေသည်။ တောင်ခြေတွင် ရပ်နေရုံမျှဖြင့် သူသည် ဗုဒ္ဓစစ်သည်တော်တစ်ယောက်ကဲ့သို့ ပုံပေါ်ပြီး အလွန်အမင်းဖိနှိပ်တတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူသည် အခုထိပင် မလှုပ်ရှားရသေးသောကြောင့် သူ့အစစ်အမှန်ခွန်အားက မည်မျှအားကောင်းသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
"ငါက နဂါးနက်ကျိုးပဲ"
နဂါးနက်ကျိုး၏ အသံ ထွက်ပေါ်လာခဲ့ပြီး ခမ်းနားထည်ဝါမှုဖြင့် ပြည့်နေ၏။
"ငါ မင်းကို ဘယ်လိုခေါ်ရမလဲ။"
"လီစီယိ"
လီစီယိ အပြုံးရိပ်တစ်ခုဖြင့် တောင်ခြေတွင် တင်စီးစွာ ရပ်နေခဲ့သည်။ သူသည် သူ့ပစ်မှတ်ကို ရှာတွေ့ပြီဖြစ်သောကြောင့် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။
"လီစီယိလား"
နဂါးနက်ကျိုး မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်လုံးထဲ သံသယက ပေါ်လာခဲ့သည်။ သူ့တွင် ကမ္ဘာအနှံ့ မျက်စိနှင့် နားများ ရှိပြီး ဓားပြများနှင့် တောပုန်းဓားပြများကို တွေ့နိုင်သည့် နေရာတိုင်း သူရောက်နိုင်သည့် အတိုင်းအတာဖြစ်သည်။
အရှေပိုင်းရှိ စီလာနှင့် ဂိုဂူးလျောမှနေ၍ အနောက်ပိုင်းဒေသများရှိ တိုင်းပြည်များအထိ သူသည် ကမ္ဘာပေါ်ရှိ အစစ်အမှန်ကျွမ်းကျင်သူအားလုံးကို သိပေသည်။ သို့သော် လီစီယိမှာ....
နဂါးနက်ကျိုး ခေါင်းယမ်းလိုက်၏။ ဤနာမည်ကို သူ လုံးဝမကြားခဲ့ဖူးပေ။ ကြည့်ရသည်မှာ ဤလူသည် သူထင်ထားခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ် ဟုတ်ပုံမရပေ။
"... မင်းက မြို့တော်ကလား"
နက်ဂါးနက်ကျိုး စကားပြောလိုက်သောအခါ သူ့အမူအရာသည် များစွာသက်သောင့်သက်သာဖြစ်သွားခဲ့သည်။
"ဟုတ်တယ်"
လီစီယိ သွားဖြဲပြလိုက်၏။ သူ နဂါးနက်ကျိုးတွေးနေသည့်အရာကို သိရန် အများကြီး စဉ်းစားစရာမလိုခဲ့ပေ။ သို့သော် သူသည်လည်း ဂရုမစိုက်ခဲ့ပေ။
သူ့ဂုဏ်သတင်းသည် ယခုမတည်ရှိနိုင်သော်လည်း အနာဂတ်တွင် သူ့နာမည်သည် ကမ္ဘာတစ်ဝှက် ကျော်ကြားပေလိမ့်မည်။
"မင်းက နဂါးနက်ကျိုးဖြစ်တာမို့ အားလုံး အဆင်ပြေသွားပြီ။ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ထုတ်ယူလာလိုက်။"
လီစီယိ၏ အသံသည် ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
"ဟားဟားဟား"
လီစီယိ စကားပြောလိုက်သော အခိုက်တွင် နဂါးနက်ကျိုးစကားမပြောမီ ချုံးချီတောင်ပတ်ပတ်လည်ရှိ ထောင်ချီသော နဂါးဓားပြတို့သည် မတတ်နိုင်ဘဲ အော်ရီလိုက်ကြသည်။ တောင်ထိပ်ပေါ်ရှိ နဂါးနက်ကျိုးပင်လျှင် ယောင်ယောင်လေး ပြုံးလိုက်မိ၏။
"စစ်သည် ငါ မင်းကို ရဲရင့်တဲ့လူတစ်ယောက်အနေနဲ့ လေးစားပါတယ်။ အဲဒါက ဒီလိုမဖြစ်သင့်ဘူး။ ငါရဲ့နဂါးဓားပြထဲ ဝင်လိုက်ပါ။ ငါ့ဘက်မှာ မင်းအတွက် နေရာတစ်နေရာရှိတယ်။"
တိုက်ခတ်နေသည့် လေများကြားတွင် နက်ဂါးနက်ကျိုး သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဘေးရှိ နေရာအလွတ်ကို ညွှန်ပြလိုက်သည်။
"ဟားဟားဟား၊ အရာရှိက အရာရှိပဲ။ ငါတို့ရဲ့လမ်းတွေက မတူဘူး။ ငါ မင်းကို ထပ်မေးမယ်၊ ခေါင်းဆောင်ကျောက်၊ မင်းလုယူခဲ့တဲ့ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို လွှဲပေးဖို့ ဆန္ဒရှိလား။"
လီစီယိ၏ လက်များသည် ကျောက်စိမ်းရိုင်းသံမဏိဓားအပေါ် တင်ထားခဲ့သည်။
"လွှဲပေးရမယ်လား။ ဟားဟားဟား၊ ဘာလို့လဲ။ မင်းကြောင့်လား။"
နဂါးနက်ကျိုး၏ မျက်နှာသည် အထင်သေးမှုများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ ဤလူသည် အညံ့ခံရန် ဆန္ဒမရှိသောကြောင့် သူ့အတွက် ယဉ်ကျေးနေစရာမလိုတော့ပေ။
"ဟုတ်တယ်"
လီစီယိ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကာ ဓားပြဘုရင်၏ အသံရှိ လှောင်ပြောင်မှုကို သတိမပြုမိပုံရ၏။
"တကယ်ကြီးလား"
"ဒါပေါ့"
လီစီယိ နောက်တစ်ကြိမ် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။
"ဟမ် ဒီလိုဆိုတော့လည်း လာယူလှည့်လေ"
နဂါးနက်ကျိုး၏ အမူအရာ အေးစက်သွားခဲ့သည်။ သူစကားပြောလိုက်သောအခါ သူ့ဆံပင်ရှည်ကြီးက လေထဲလွှင့်နေခဲ့ပြီး သူ့လက်ကို ဖြည်းလေးစွာ ဖြန့်ခွဲလိုက်သည်။
ဝုန်းးး
သူ့လက် ခွဲလိုက်သည်နှင့် ထောင်ချီသော နဂါးဓားပြများသည် တောင်နောက်မှနေ၍ ပြေးထွက်လာခဲ့ကြပြီး လီစီယိကို ဝိုင်းရံလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် များပြားသော အစစ်အမှန်သိုင်းအဆင့် ၇၊ ၈၊ ၉ ကျွမ်းကျင်သူများသည်လည်း နဂါးနက်ကျိုးနောက်မှနေ၍ ထွက်လာခဲ့ကြသည်။
ဤသည်မှာ နဂါးနှင့် ကျားများ ပုန်းအောင်းရာနေရာဖြစ်၏။
ဤသည်မှာ နဂါးနက်ကျိုး၏ ပိုင်နက်ဖြစ်သည်။
"ဟားဟားဟား မင်း ဒီလိုဖြစ်လိမ့်မယ်ဆိုတာ ငါ သိတယ်။"
တောင်ခြေတွင် လီစီယိ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ ဓားကို ဆုပ်ကိုင်လိုက်သည်။ ဓားပြပင်လယ်ကြီး ချဉ်းကပ်လာခဲ့သော်လည်း လီစီယိ၏ မျက်လုံးများသည် ကြောက်ရွံ့မှုအနည်းငယ်ကိုမျှ မပြသခဲ့ဘဲ ဖြစ်လာတော့မည့် တိုက်ပွဲအတွက် အလွန်အမင်း စိတ်လှုပ်ရှားနေမှုကိုသာ ပြသခဲ့သည်။
သူသည် တိုက်ပွဲအတွက် မွေးဖွားလာခဲ့ခြင်းဖြစ်၏။
"...မင်းက သတ္တုရိုင်းကို လွှဲပေးဖို့ ဆန္ဒမရှိတာကြောင့် ငါကိုယ်တိုင်ယူရတော့မှာပေါ့။"
သူ့အသံသည် ပတ်ဝန်းကျင်တစ်ခွင် ထွက်ပေါ်လာခဲ့သည်။ လီစီယိ ဝမ်ချောင် သူ့အတွက် အထူးထုလုပ်ထားပေးခဲ့သည့် ကျောက်စိမရိုင်းသံမဏိဓားကို ဆုပ်ကိုင်လိုက်ပြီး ကြမ်းကြုတ်စွာ ဆွဲထုတ်လိုက်သည်။
ဘုန်းးး
အလင်းရောင်တစ်ချက်လက်သွားခဲ့ပြီး မျက်စိကျိန်းမတတ် အဖြူရောင် နဂါးပုံသဏ္ဍာန်အလင်းရောင်တစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။
*******************************