အခန်း (၄၁၁-၄၁၅)
Vol. 19 Ch. 411-415
အပိုင်း (၄၁၁)
ဝူရှန်း၏ ပထမမင်းသား
ဝမ်ချောင် မတက်နိုင်ဘဲ လီကျင်းကျုံးဆီသို့ အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ ဤလူသည် ဉာဏ်များပြီး ကောက်ကျစ်သော်လည်း ဤနေရာရှိ သူ့စကားလုံးများက လုံးဝ ကျိုးကြောင်း မဆီလျော်ကြပေ။
“ဒီကိစ္စအတွက် ကြင်ယာတော်ထိုက်ကျန်းနဲ့ မင်းကို ဆက်သွယ်ပေးဖို့ ငါနည်းလမ်းတစ်ချို့ ရှာပေးနိုင်တယ်။ သူမရဲ့ အကူအညီနဲ့ တစ်ခြားမင်းသားတွေက တစ်ခဏလောက် မင်းကို ထိရဲကြတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက မင်းဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့အထိ စောင့်ရလိမ့်မယ်”
ဝမ်ချောင် ပြောလိုက်သည်။
ကြင်ယာတော် ထိုက်ကျန်းဟူသော နာမည်က လီဟန်နဲ့ လီကျင်းကျုံးတို့ကို အားတက်သွားစေခဲ့ပြီး နှစ်ယောက်စလုံး စိုးရိမ်ကြတော့သည့်ပုံ မပေါ်တော့ပေ။
ဒေသဆိုင်ရာ တပ်မှူးများ ဖြစ်ရပ်တွင် ဟွမ်ချန်အာနှင့် ကြင်ယာတော် ထိုက်ကျန်းတို့သည် ရန်သူများ ဖြစ်ခဲ့ကြသည်။ သူတို့ကြား ဆက်ဆံရေးသည် တော်တော်လေး ပြန်ကောင်းလာခဲ့သည်ကို သူတို့သိကြသော်လည်း ဝမ်ချောင်တွင် ကြင်ယာတော် ထိုက်ကျန်းကို ဆင့်ခေါ်နိုင်သည့် နည်းလမ်းများ ရှိလိမ့်မည်ဟု သူတို့လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
လီကျင်းကျုံး စိတ်အားထက်သန်စွာ မေးလိုက်သည်။
“သခင်လေးချောင် မင်းက ကြင်ယာတော် ထိုက်ကျန်းကို ပေါ်လာစေနိုင်လား။... ”
ဝမ်ချောင် ခေါင်းယမ်းလိုက်ကာ လီကျင်းကျုံး၏ မေးခွန်းကို ကြားဖြတ်လိုက်သည်။ သူသည် ကြင်ယာတော် ထိုက်ကျန်းနှင့် သိကျွမ်းခဲ့သော်လည်း သူတို့သည် အသိအကျွမ်းများသာ ဖြစ်ကြသည်။ ကြင်ယာတော် ထိုက်ကျန်း၏ အဆင့်အတန်းဖြင့် သူသည် သူမဘာလုပ်မည်ကို မဆုံးဖြတ်နိုင်ပေ။
အထူးသဖြင့် ယခုတွင်ဖြစ်၏။
အချိန်သည် တိုတောင်းလှကာ တွေးတောရန်အချိန် အများကြီး မရှိတော့ပေ။ ဝမ်ချောင် လီဟန်နှင့် အချိန်အနည်းငယ်ကြာ စကားပြောဆိုခဲ့ပြီး ထို့နောက် လီဟန်နှင့် လီကျင်းကျုံးတို့ ထွက်ခွာသွားခဲ့ကြသည်။
'သူတို့အောင်မြင်နိုင်မယ်လို့ ငါမျှော်လင့်တယ်။'
လီဟန်နှင့် သူ့အစေခံတို့ ထွက်ခွာသွားကြသည်ကိုကြည့်ကာ စိုးရိမ်သည့် အရိပ်အယောင်က ဝမ်ချောင်မျက်လုံးထဲ ပေါ်လာခဲ့သည်။ သူသည် သူတက်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ခဲ့သည်။ သူ့တွင် တစ်ခြားအရာများကို ပြုလုပ်ရန် အချိန်သိပ်မရှိခဲ့ပေ။
လီဟန် အောင်မြင်နိုင်မည်လော ဆိုသည်မှာ လုံးဝမသိရပေ။
“အဲ့လူက ... တော်ဝင်ကလန်ရဲ့ မင်းသားတစ်ပါးလား။ ”
ဘေးမှနေ၍ တစ်စုံတစ်ယောက် စကားပြောလိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် ဟွမ်ချန်အာ လမ်းလျှောက်လာခဲ့သည်။
“မင်းဘယ်လိုလုပ် သိတာလဲ”
ဝမ်ချောင် မျက်တောင်ခတ်လိုက်၏။ ဟွမ်ချန်အာသည် အစစ်အမှန် သိုင်းပညာနယ်ပယ်တွင် ရှိနေသေးသည်။ သူမသည် ထိုအကွာအဝေးလောက်တွင် ဘာကိုမှ ကြားရနိုင်မည် မဟုတ်ပေ။
“ဟမ် ငါခိုးနားထောင်နေတယ်လို့ နင်ထင်နေတာလား”
ဟွမ်ချန်အာသည် ဝမ်ချောင် တွေးနေသည့်အရာကိုသိရန် သူ့မျက်လုံးများကို ကြည့်ရန်သာ လိုအပ်ခဲ့သည်။ သူမ မပျော်မရွှင်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ လှည့်ထွက်သွားခဲ့သည်။
“... အဲ့ဒါ သူလမ်းလျှောက်တဲ့ ပုံစံကြောင့်ပဲ။ နင်ငါ့ကို မပြောခဲ့ပေမဲ့ ငါအဲ့ဒါကို မမြင်နိုင်ဘူးလို့ နင်ထင်နေတာလား။ နန်းတော်မှာရှိတဲ့ မင်းသားတွေနဲ့ မင်းသမီးတွေကပဲ အဲ့လိုလမ်းလျှောက်ကြတယ်”
လေထုသည် ရုတ်တရက် အနည်းငယ် တင်းမာသွားခဲ့၏။ လေညင်းလေးတစ်ချက် တိုက်ခတ်သွားခဲ့ပြီး ဝမ်ချောင်ကို အေးစက်သွားစေခဲ့ကာ ဖော်ပြ၍မရသော ကို့ယို့ကားယား ဖြစ်မှုက လေထဲတွင် ချိတ်ဆွဲလာခဲ့သည်။ ဤမိန်းမသည် သူတွေးထားသည်ထက် အမှန်ပင်ပို၍ ဉာဏ်ကောင်းပေ၏။
ဟွမ်ချန်အာ၏ ဖြတ်ပြောခြင်းကို မခံရမှီ ဝမ်ချောင် ချောင်းတစ်ချက် နှစ်ချက် ဆိုးလိုက်သည်။
“ရှင်းပြစရာ မလိုပါဘူး။ ပြော ငါတို့နောက်ထပ် ဘယ်သွားကြမှာလဲ”
ဟွမ်ချန်အာ ခပ်တည်တည်ပြောလိုက်ကာ သူမ၏မျက်နှာက အေးစက်နေခဲ့သည်။
ဤသည်မှာ ဝမ်ချောင်ရှေ့တွင် ရန်လိုသည့်ပုံစံကို ဟွမ်ချန်အာ အသုံးပြုသည့် ပထမဦးဆုံး အကြိမ်ဖြစ်သည်။ သူမသည် ဝမ်ချောင်၏ ယခုလေးတင် မပွင့်လင်းသော ပုံစံကို မကျေမနပ် ဖြစ်နေခဲ့သည်မှာ ထင်ရှားလှသည်။
သူမှားသွားသည်ကို သိလိုက်ကာ ဝမ်ချောင် နှာခေါင်းပွတ်လိုက်၏။ သူစိတ်ထဲတွင် ခါးသက်သက် ရယ်မောလိုက်သော်လည်း သူမနှင့် ငြင်းခုံမနေခဲ့ပေ။ သို့သော် ဟွမ်ချန်အာ၏ စကားလုံးများက သူ့ကို တစ်စုံတစ်ခုအား သတိပေးသွားခဲ့သည်။
“ကုန်ဆုံးသွားတဲ့ အချိန်တွေအရ အဲ့ဒါအခု ပြီးလောက်ပြီ”
ဝမ်ချောင် ခေါင်းမော့လိုက်ကာ ကောင်းကင်အနှံ့ ကြည့်လိုက်သည်။ သူ့ရုတ်တရက် အပြုအမူက ဟွမ်ချန်အာကို ဆွဲဆောင်သွားခဲ့ပြီး သူမသည်လည်း ခေါင်းမော့လိုက်ကာ ကောင်းကင်ကို အံ့အားတကြီး ကြည့်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် လင်းယုန်ငှက်ကြီး တစ်ကောင်က အနောက်ဘက် မိုးကုတ်စက်ဝိုင်းမှနေ၍ ပျံသန်းလာခဲ့သည်။
ဝမ်ချောင် ထိုလင်းယုန်ငှက်ကို လက်ခံရန် သူ့ညာလက်ကို မြှောက်လိုက်ပြီး ထို့နောက် လင်းယုန်ငှက်၏ ခြေထောက်မှ စာကိုယူလိုက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ”
ဝမ်ချောင် ခေါင်းညိတ်လိုက်ကာ ကျေနပ်နေသည့် အမူအရာက သူ့မျက်နှာထက် ပေါ်လာခဲ့သည်။ စာကိုဖတ်ရှု့ပြီးနောက် ဝမ်ချောင် ထိုစာကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးလိုက်ပြီး ထိုအပိုင်းအစများက သူ့လက်ချောင်မှနေ၍ လွင့်စင်သွားခဲ့ကြသည်။
“မြို့တော်ကို သွားကြစို့”
မြင်းပေါ်တက်လိုက်ကာ ဝမ်ချောင် ပြောလိုက်သည်။
“ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို မဟုတ်ဘူးလား”
အံ့သြသွားခဲ့ကာ ဟွမ်ချန်အာ အနီးအနားရှိ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို အလိုလို ကြည့်လိုက်မိသည်။ ဤနေရာသည် ထိုနေရာမှ ကီလိုမီတာ အနည်းငယ်သာ ဝေးတော့သည်။
“ဟင့်အင်း ငါ့မှာ တစ်ခြားလုပ်စရာတွေ ရှိသေးတယ်”
ဝမ်ချောင် ပြောလိုက်၏။ သူစိတ်ထဲတွင် လွန်ခဲ့သည့် လအတန်ကြာက လေ့ကျင့်ရေးစခန်း မစ်ရှင်အတွင်း သူဖမ်းဆီးခဲ့သည့် ထိုအာရပ်နှင့် လီချန်ချီ ဖော်ပြခဲ့သည့် ဓားပြများကို တက်ကြွစွာနှင့် ပြောင်ပြောင်တင်းတင်း ဓားပြတိုက်ရန် တိုက်တွန်းခဲ့သည့် ထိုဆန်းကြယ်သော တိဗက်အုပ်စုကို အမှတ်ရလိုက်သည်။
ထိုမျှအချိန်ကြာပြီးနောက် သူသည် တစ်ချို့ကို နားလည်နေခဲ့သည်မှာ သာမာန်သာဖြစ်သည်။
ကျား
ဝမ်ချောင်သည် ခြေထောက်များဖြင့် မြင်းကိုပုတ်လိုက်ပြီး မြို့တော်ဆီသို့ ဦးတည်လိုက်သည်။
***
“စုံစမ်းစစ်ဆေးတာက ပြီးပြီလား”
မြို့တံခါးအနီးတွင် ဝမ်ချောင်သည် လူအုပ်ကြီး လင်းယုန်ငှက်နှင့် အစောင့် တော်တော်များများကို ငုံ့ကြည့်လိုက်သည်။
“အားလုံး ပြီးပါပြီ”
လူအိုကြီး လင်းယုန်ငှက်သည် ခေါင်းငုံ့ထားခဲ့ပြီး သူ့အမူအရာက အလွန်လေးစားနေခဲ့သည်။
“သဲလွန်စတွေ အကုန်လုံးက မြို့တော်မှာရှိတဲ့ ဝူရှန်း သံတမန်အဖွဲ့ကို ညွှန်ပြနေကြပါတယ်။ ပြီးတော့ အတည်ပြုဖို့ သူတို့ရဲ့ တည်းခိုခန်းအနီးကို ကျွန်တော် လီချန်ချီကို တိတ်တဆိတ် ခေါ်သွားခဲ့ပါတယ်။ လီချန်ချီက တိဗက်အစောင့် တော်တော်များများကို သူတို့ရဲ့ တောင်ပေါ်မှာ ပေါ်လာခဲ့တဲ့ အဲ့ဒီဆန်းကြယ်တဲ့ တိဗက်ကျွမ်းကျင်သူတွေဆိုတာ မှတ်မိနိုင်ခဲ့တယ်... ”
လီချန်ချီမှာ သံမဏိဝတ်ရုံ ဓားပြများအကြောင်း ဝမ်ချောင်ကို ပထမဆုံး တင်ပြခဲ့သည့် ဓားပြခေါင်းဆောင်ဖြစ်သည်။
“နောက်ပြီး ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီသံတမန်အဖွဲ့ရဲ့ ခေါင်းဆောင်က ဝူရှန်း ပထမမင်းသားဖြစ်တယ်။ သူကမြို့တော်မှာ အချိန်သုံးလလောက် ဖြုန်းခဲ့ပြီးပြီ”
လီချန်ချီ ထပ်ဖြည့်ပြောလိုက်သည်။
“ဝူရှန်း ပထမမင်းသားလား”
ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်ကာ အတွေးနက်နေသည့် ပုံစံက သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။ ခဏကြာပြီးနောက် သူရုတ်တရက် ပြုံးလိုက်၏။
ဤဝူရှန်း ပထမမင်းသားက ဤသူဆိုသည်ကို သူသိပေသည်။
တိဗက်တိုင်းပြည်ရှိ မင်းသားများစွာတွင် ဒီမင်းသားသည် မဟာထန်ကို ရန်အလိုဆုံး ဖြစ်သည်။ လက်တွေ့အားဖြင့် ဝူရှန်းပြုလုပ်လိုက်သော မဟာထန်နှင့် ပတ်သတ်သည့် ဆုံးဖြတ်ချက် အားလုံးတို့သည် ပထမမင်းသား ပတ်သတ်မှု၏ လက္ခဏာများကို ပြသနေခဲ့ကြသည်။
သို့သော်လည်း ရယ်စရာကောင်းသည်မှာ တိဗက်တိုင်းပြည်၏ နောင်လာမည့် ရှန်ပိုမှာ သူ့တိုင်းပြည်ကို ကာကွယ်ရေးတွင် သူ့အရာအားလုံးကို နစ်မြုပ်ထားပြီး ထီးနန်းက သူ့ဆီ လွှဲပြောင်းမှသာ မှန်ကန်မည်ဟု ခံယူထားသော စိတ်အားထက်သန်သည့် ပထမမင်းသား မဟုတ်ခဲ့ပေ။
ထို့အပြင် အကယ်၍ ဝမ်ချောင် မမှားပါက ဤစိတ်အားထက်သန်ပြီး တက်ကြွသော ကိုယ့်ကိုယ်ကို အကောင်ကြီးဟု မောက်မာစွာ တွေးထင်နေသည့် ပထမမင်းသားသည် မြို့တော်တွင် နောက်ထပ် ဆူပူမှုကို မွှေနှောက်ခဲ့ပြီး ဖြစ်နိုင်သည်။
“အဲ့ဒီပထမမင်းသားက အခုဘယ်မှာလဲ”
ဝမ်ချောင် မေးလိုက်၏။
“မြို့မြောက်ပိုင်းမှာပါ”
လူအိုကြီး လင်းယုန်ငှက် ချက်ချင်း ပြန်ဖြေလိုက်သည်။
“သွားကြမယ်”
ဝမ်ချောင် သူ့မြင်းနှင့်အတူ လှည့်ထွက်သွားခဲ့သည်။
မြို့တံခါးကို ချန်ထားခဲ့ကာ သူတို့သည် လမ်းများစွာနှင့် အတားအဆီးများစွာကို ဖြတ်သန်းပြီး နောက်ဆုံးတွင် မဟာတန်မြို့ မြောက်ပိုင်းသို့ ရောက်လာခဲ့ကြသည်။ ဘုရင့်နန်းတော်နှင့် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး တရားရုံးတို့၏ လမ်းအဆုံးတွင် ဝမ်ချောင်သည် နောက်ဆုံးတွင် ဝူရှန်း သံတမန်အဖွဲ့ကို တွေ့လိုက်ရသည်။
ဤသည်မှာ မြို့မြောက်ပိုင်း ဒေသရှိ လေ့ကျင်းရေး ကွင်းကြီးဖြစ်သည်။ ၎င်းကို ဘုရင့်စစ်တပ်၊ သခင်လေးများ၊ မဟာကလန်များ၏ သားစဉ်မြေးဆက်များနှင့် မြို့တော်၏ လူငယ်ပါရမီရှင်များအတွက် အမြင်များဖလှယ်ရန် အထူးတည်ဆောက်ထားခဲ့သည်။ ၎င်းကို ဘုရင်မင်းမြတ် ငယ်ရွယ်စဉ်အခါက တည်ဆောက်ထားခဲ့သည်။
ဤလေ့ကျင်းရေးကွင်း ပထမဆုံး တည်ဆောက်သောအခါ ၎င်းသည် လူစည်ကားခဲ့သည်။ မဟာကလန်ကြီးများ၏ သားစဉ်မြေးဆက်များနှင့် အထက်တန်းလွှာ၏ မျိုးဆက်များသည် ဤနေရာတွင် စုရုံးနေခဲ့ကြပြီး မဟာတန်အတွက် လေ့ကျင့်နေခဲ့ကြသည်။ တိုင်းပြည်၏ ပါရမီရှင် များစွာတို့သည် ဤနေရာတွင် စုစည်းနေခဲ့ကြသည်။
သို့သော် ဆယ်စုနှစ် အတော်ကြာ ငြိမ်းချမ်းနေပြီးနောက် သိုင်းပညာလမ်းစဥ်သည် ၎င်း၏ ကိုယ်ရောင်ကိုယ်ဝါကို ဆုံးရှုံးခဲ့ရသည်။ မင်းသားလေး အနည်းငယ်နှင့် မျိုးဆက် အနည်းငယ်တို့သာ ဤနေရာတွင် ယခု၌ တွေ့နိုင်ပေသည်။
ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် ဤနေရာတွင် တော်တော်လေး လူပြတ်နေခဲ့သင့်သည်။
သို့သော် ရောက်လာပြီးနောက် သူလုံးဝ မှားယွင်းသွားသည်ကို ဝမ်ချောင် နားလည်လိုက်သည်။ သူ့ရှေ့ရှိ လေ့ကျင့်ရေးကွင်းသည် လုံးဝလူပြည့်နေခဲ့ပြီး ဘုရင့်စစ်တပ်၏ စစ်သားများစွာတို့သည်ပင် တာဝန်ထမ်းဆောင်နေခဲ့ကြသည်။
ဘုရင့်စစ်တပ်၏ အမျိုးမျိုးသော တပ်ဖွဲ့များကို ကိုယ်စားပြုသည့် အလံများကို ပတ်ဝန်းကျင်တွင် စိုက်ထူထားခဲ့သည်။
လေ့ကျင့်ရေး ကွင်းအတွင်းတွင် မဟာကလန်ကြီးများမှာ မျိုးဆက်များစွာနှင့် မြင့်မြတ်သော သခင်လေးများသည် လက်သီးနှင့် လက်ဝါးများ ဖလှယ်နေခဲ့ကြကာ ကြမ်းကြုတ်သည့် အမူအရာများဖြင့် ဟိုမှသည် လှုပ်ရှားနေခဲ့ကြသည်။
အုန်း
ဝမ်ချောင် ဟွမ်ချန်အာနှင့် တစ်ခြားလူများကို ကွင်း၏ အစွန်အဖျားသို့ ခေါ်လာခဲ့သော်လည်း အထဲတွင် ဘာဖြစ်နေသည်ကို သူမမြင်နိုင်ခဲ့ပေ။ သူကြားရသမျှမှာ အထဲမှ တုန်ခါနေသည့် အသံများဖြစ်သည်။
“အား”
တောင်ကြီးနှစ်လုံး အချင်းချင်း တိုက်မိသွားကြသကဲ့သို့ အတွင်းမှ ပြင်းထန်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် အော်သံတစ်ခုက ထွက်ပေါ်လာခဲ့ပြီး လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
“သေစမ်း”
“ခွေးမသား ဒါကမတရားဘူး”
“အဲ့ဒီသောက်ကျိုးနည်း မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းတွေ သူတို့က သူတို့ဘက်က လူတွေကို ဘယ်လို ခြိမ်းခြောက်ရမလဲဆိုတာပဲ သိကြတယ်။ သူတို့အားလုံး တကယ်ပဲ သေသင့်တယ်။"
***
မကျေမနပ် အော်ဟစ်သံများက လူအုပ်ကြီးဆီမှ ထွက်လာခဲ့သည်။
“ခူနျူစီ... ချီလိနာလော့...ရှီယာ့နာယူ... ”
မြင်းခွာသံများနှင့်အတူ အလယ်ပိုင်း ဒေသမှ ဘာသာစကားမဟုတ်သည့် မောက်မာသော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ တိဗက် ဘာသာစကားကို နားမလည်ခဲ့လျှင်ပင် ထိုစကားလုံးများအထဲရှိ လှောင်ပြောင်မှု၊ အထင်သေးမှုနှင့် မိမိကိုယ်ကို ဘဝင်ခိုက်နေမှုတို့ကို ကြားသိနိုင်သေးသည်။
လူအုပ်ကြီးသည် ချက်ချင်းပို၍ပင် ဒေါသထွက်သွားခဲ့ကြသည်။
“သူ့ကိုသတ် ဒီလူရိုင်းတွေကို သတ်ကြ”
“ခွေးမသား။ မဟာထန် မြို့တော်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိကြပေမဲ့ ဒီလူရိုင်းတွေကို ကိုင်တွယ်နိုင်တဲ့ တယောက်မှမရှိဘူးဆိုတာ ဖြစ်နိုင်လား”
“ဒါက ၃၃ယောက်မြောက်ပဲ သေစမ်း။ ဒီခွေးမသားကို သတ်နိုင်တဲ့ ဘယ်သူမဆို ဒီလူအိုကြီးဆီကနေ ပြားတစ်ထောင်ရမယ်။ ရွှေပြားတွေ”
“ဒီလူအိုကြီးက ပြားနှစ်ထောင် ပေးမယ်”
“မင်းသူ့ကို သတ်နိုင်တာနဲ့ ငါပြားငါးထောင် ပေးမယ်”
****
လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဒေါသထွက်သွားခဲ့ကြသည်။ လေ့ကျင့်ရေးကွင်း ပတ်ပတ်လည်တွင် မတ်တပ်ရပ်နေခဲ့သည့် မဟာကလန်ကြီးများမှာ မျိုးဆက်များအားလုံး စတင်ကျိန်ဆဲလိုက်ကြပြီး လူအုပ်ကြီးသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြသည်။
လူအုပ်ကြီး၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ချိန်တွင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
“အတင့်ရဲလိုက်တာ”
လေ့ကျင့်ရေးကွင်း၏ အစွန်အဖျားတွင် မှီခိုသူများ၏ ဘုရင့်အမှူထမ်းဝတ်စုံကို ဝတ်ဆင်ထားသော ကျွမ်းကျင်သူတစ်ယောက်သည် အဆောက်အဦး တစ်ခုမှနေ၍ ခေါင်းပြူထွက်လိုက်ပြီး တင်းမာနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ပြိုင်ပွဲတွေမှာ ထိခိုက်ဒဏ်ရာတွေက ရှောင်လွှဲလို့ မရဘူး။ သေဆုံးခြင်းကလည်း ရှောင်လွှဲဖ်ို့ ခက်တယ်။ ပြီးတော့ ဒါက ဝူရှန်းတိုင်းပြည်ရဲ့ ပထမမင်းသားဖြစ်တယ်။ ဝူရှန်း ပထမမင်းသားက ဒဏ်ရာရခဲ့ရင် တိုင်းပြည်နှစ်ပြည်ကို စစ်ဖြစ်စေခဲ့ရင် မင်းတို့အားလုံး အကျိုးဆက်ကို ခံနိုင်ကြလား”
“လူတိုင်းပဲ ကောင်းကောင်း နားထောင်ကြ။ ဝူရှန်းရဲ့ ပထမမင်းသားကို အသက်ရှင်လျှက်ပဲ ဖမ်းလို့ရတယ်။ မထိခိုက်စေရဘူး။ ဒီလိုမှမဟုတ်ရင် စည်းမျဉ်းတွေက မင်းတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်”
သူသည် ခက်ထန်စွာဖြင့် ကြိမ်းမောင်းလိုက်သည်။
ဒေါသတကြီးဖြင့် လှုပ်လှုပ်ရွရွဖြစ်နေသည့် လူအုပ်ကြီးသည် တိတ်ဆိတ်သွားခဲ့၏။ လူတိုင်းသည် ကြောက်ရွံ့မှုများဖြင့် ထိုမှီခိုသူများ၏ ဘုရင့်အမှုထမ်း ကျွမ်းကျင်သူကို ကြည့်လိုက်ကြသည်။
“ဒီလူတွေက တော်တော်လေး လွန်တာပဲ။ ဒဏ်ရာတစ်ခုတောင် မရစေဘဲ ဖမ်းရမယ်တဲ့လား။ လူတစ်ယောက်ရဲ့ လက်နဲ့ခြေထောက်တွေကို ချုပ်နှောင်ထားခဲ့ရင် ဘယ်လို တိုက်ခိုက်မလဲ”
ဟွမ်ချန်အာသည် ယခုလေးတင် ရောက်လာခဲ့ပြီး လေ့ကျင့်ရေးကွင်းတွင် ဖြစ်နေသည့်အရာကို မရှင်းလင်းသေးသော်လည်း သူမသည် ဤစကားလုံးများကို ကြားလိုက်ရသည်နှင့် ဒေါသထွက်သွားခဲ့သေးသည်။
ဟွမ်ချန်အာသည် သူမက ပုံမှန်အားဖြင့် ဤသို့သော ကိစ္စရပ်များတွင် မပါဝင်ခဲ့သောကြောင့် ဝူရှန်း သံတမန်အဖွဲ့အကြောင်းကို ဘာမှမသိသော်လည်း သူမသည် တိုက်ခိုက်ခြင်းအကြောင်း အလွန်နက်ရှိုင်းစွာ နားလည်ထားခဲ့သည်။
လူနှစ်ယောက် တိုက်ခိုက်ကြပါက သူတို့ထဲမှ တစ်ယောက်သည် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ပြီး ကျန်တစ်ယောက်မှာ ပြိုင်ဘက်ကို ထိခိုက်ဒဏ်ရာ မရစေဘဲ ဖမ်းဆီးရန်သာ ခွင့်ပြုထားခဲ့ပါက ထိုသို့သော တိုက်ပွဲသည် ဖြစ်လာနိုင်မည် မဟုတ်ပေ။
အကယ်၍ တစ်ယောက်သည် ပြိုင်ဘက်ထက် တစ်ရာရာခိုင်နှုန်း ပို၍ အားကောင်းနေခဲ့လျှင်ပင် သူတို့၏ပြိုင်ဘက်ကို ထိခိုက်ဒဏ်ရာ ရသွားမည်ကို စိုးရိမ်သောကြောင့် သူတို့စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းကိုပင် အသုံးပြုနိုင်လိမ့််မည်မဟုတ်ပေ။
ဤသို့သော တိုက်ပွဲမျိုးတွင် တရားမျှတမှု မရှိပေ။
“ဟား ဟား ဟား မှီခိုသူတွေရဲ့ ဘုရင့်အမှူထမ်းက ဒီနေရာမှာ ပေါ်လာတာ ဘာထူးဆန်းလို့လဲ”
ဝမ်ချောင် လှောင်ရယ်လိုက်၏။
*********************
အပိုင်း (၄၁၂)
ပြည်သူများ၏ နှလုံးသားများ
တိုင်းပြည်တွင် မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ ဂုဏ်သတင်းသည် ချဉ်ဖတ်ဖြစ်နေခဲ့သည်မှာ အချိန်ကြာသွားခဲ့ပြီဖြစ်သည်။
မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် အခြားတိုင်းပြည်များမှ ဧည့်သည်များကို လက်ခံရန် တာဝန်ရှိပြီး လောကဝတ် ကိစ္စရပ်များဖြင့် သူတို့ကိုယ်သူတို့ နှစ်မြုပ်ထားခဲ့သည်။ ၎င်းသည် ကောင်းကင်သားတော်ထံသို့သာ တင်ပြရပြီး မင်းမျိုးမင်းနွယ်များ၊ မဟာကလန်ကြီးများ သို့မဟုတ် သာမာန် ပြည်သူများနှင့် အများကြီး ထိတွေ့ဆက်ဆံခဲ့ရခြင်း မရှိပေ။
ထို့ကြောင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် တိုင်းတစ်ပါး တိုင်းပြည်များကို တော်တော်လေး ဘက်လိုက်ခဲ့သည်။
မှီခိုသူများ၏ ဘုရင့်အမှုထမ်းက ဤနေရာတွင် ပေါ်လာခြင်းအတွက် ထူးဆန်းသည်ဟု ဝမ်ချောင် လုံးဝမထင်ခဲ့ပေ။
ဟွမ်ချန်အာ စကားပြောနေသော အချိန်တွင် လူအုပ်ကြီးသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ လေ့ကျင့်ရေးကွင်း၏ အစောင့်တော်တော်များများက အထဲမှနေ၍ လူတစ်ယောက်နှင့် မြင်းတစ်ကောင်တို့၏ သွေးထွက်နေသည့် အလောင်းများကို ဆွဲထုတ်လာသောအခါ ထူထပ်သော လူများသည် ရေလှိုင်းကဲ့သို့ ရုတ်တရက် ခွဲထွက်သွားခဲ့သည်။
သူတို့သည် သူတို့ဖြတ်သွားသည့် နေရာတွင် သွေးတန်းအရှည်ကြီးကို ချန်ထားခဲ့သည်။
ပြင်းထန်သော သွေးနံ့၊ ထိုလူ၏ ပွင့်နေသော မျက်လုံးများ၊ ပွင့်နေသော ပါးစပ်နှင့် သူ့ရင်ဘက်ကို ထိုးဖောက်နေသည့် အပေါက်ကြီးတို့သည် ဟွမ်ချန်အာအတွက် တော်တော်လေး သည်းမခံနိုင်စရာ မြင်ကွင်းတစ်ခုကို ဖြစ်စေပြီး သူမလျှင်မြန်စွာဖြင့် သူမအကြည့်ကို လွှဲလိုက်သည်။
“အဲ့ဒါက ဘုရင့်စစ်သည် တစ်ယောက်ပဲ”
သူမနံဘေးရှိ ဝမ်ချောင်တွင်လည်း တော်တော်လေး မည်းမှောင်သော အမူအရာ ရှိနေခဲ့သည်။
သူ့နောက်ဆုံးဘဝတွင် သူသည် မြို့တော်မြောက်ပိုင်း ဒေသရှိ ဤဖြစ်ရပ်ကို အမှန်ပင် ကြားခဲ့ဖူးသော်လည်း ကြားသိရခြင်းနှင့် ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်ရခြင်းတို့သည် လုံးဝမတူညီသော ကိစ္စများဖြစ်ကြသည်။
ဤလူငယ် ဘုရင့်စစ်သည်သည် တိဗက်တစ်ယောက်၏ လက်ထဲတွင် သေခဲ့ရသော်လည်း အမှန်မှာ မှီခိုသူများ၏ ဘုရင့်အမှုထမ်းကြောင့်ဖြစ်သည်။
“မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းက အဲ့ဒီခွေးမသားတွေ သူတို့ကို ဆွဲထုတ်ပြီး ခွေးတွေကို ကျွေးသင့်တယ်”
“သူတို့က ဒီတိုင်းတစ်ပါးသားတွေကို သူတို့ဘယ်သွားသွား ကာကွယ်ပေးတယ်။ သူတို့ကို ပိုက်ဆံပေးထားတာပဲ ဖြစ်ရမယ်”
“ဟမ် မဟာထန်မှာရှိတဲ့ သူ့လျှိုတွေ အကုန်လုံးက မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်း ဖြစ်နိုင်တယ်”
“ဒီခွေးကောင်တွေက မြို့တော်ရဲ့ ပြည်သူတွေကို ခြိမ်းခြောက်ပြီး အနိုင်ကျင့်ဖို့ သူတို့ရဲ့ အဆက်အသွယ်တွေကို ဘယ်လို အသုံးချရမလဲဆိုတာပဲ သိကြတယ်။ သူတို့က တိုင်းတစ်ပါးသားတွေကို အရမ်းချစ်နေတာကြောင့် သူတို့ကို တိုင်းတစ်ပါးကို ပို့လိုက်ဖို့ကောင်းတယ်”
***
ဤသွေးစွန်းနေသော အလောင်းကို မြင်လိုက်ရသောအခါ လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဒေါသထွက်လာခဲ့သည်။
“ဟား ဟား ဟား မင်းသား မင်းအဲ့ဒါကို ကြားလား၊ မင်းကြားရဲ့လား။ မင်းက တိုက်ပွဲတောင် မစသေးဘူး ဒီမဟာထန်ပြည်သူတွေက ပြဿနာ ဖြစ်နေကြပြီ”
လေ့ကျင့်ရေးကွင်း၏ အတွင်းပိုင်းတွင် တုတ်ခိုင်သန်မာသော တိဗက်မဟာစစ်သူကြီး တုစုန့်မန့်ဖော်ကျယ်သည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ ကျိန်ဆဲသံများကို လှောင်ပြုံးတစ်ခုဖြင့် နားထောင်နေခဲ့သည်။
ဤစိန်ခေါ်ခြင်း လှုပ်ရှားမှုသည် လုံးဝ ပထမမင်းသား၏ လုပ်ဆောင်မှုများ၏ ရလဒ်ဖြစ်သည်။ ကလေးများကြား ရန်ဖြစ်နေသကဲ့သို့ ဤသို့သော ယှဉ်ပြိုင်မှုမျိုးသည် တုစုန့်မန့်ဖော်ကျယ်၏ အောက်အဆင့်တွင်ဖြစ်သည်။
သူသည် ချီးကျူးခဲ့ခြင်း မရှိသော်လည်း ကန့်ကွက်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ယခုတွင် တုစုန့်မန့်ဖော်ကျယ်သည် ၎င်းကတော်တော်လေး ပျော်စရာကောင်းသည်ကို တွေ့လိုက်ရသည်။
သူတို့သည် မဟာထန်မှ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်မှာ ထင်ရှားခဲ့သော်လည်း ရလဒ်သည် မဟာထန်ကို နှစ်ပိုင်းကွဲသွားစေပြီး ပြဿနာ ဖြစ်သွားစေသည်။
အညိုရောင်ဖျော့ဖျော့မြင်းကို စီးနင်းနေသည့် ပထမမင်းသားက ဂုဏ်ယူစွာ ပြောလိုက်၏။
“ဟီး ဟီး ဟီး ခင်ဗျားဘယ်လိုထင်လဲ လူကြီးမင်းတုစုန့် ငါ့ရဲ့အကြံပြုချက်က မဆိုးဘူး ဟုတ်တယ်မလား။ ငါတို့ရဲ့ လှုပ်ရှားမှုက ကြောက်မက်ဖွယ် ကောင်းနေပေမဲ့ အန္တရာယ် မရှိဘူးလို့ ငါအချိန်ကြာကတည်းက ပြောခဲ့တယ်။ ငါမှားသွားတယ်။ အဲ့ဒါက လုံးဝကြောက်ဖို့မကောင်းဘူး။ လက်ရှိ မဟာထန်က အတိတ်က မဟာထန် မဟုတ်တော့ဘူး... သူတို့မှာ ငါတို့ရဲ့ရန်သူဖြစ်ဖို့ အခွင့်အရေး မရှိတော့ဘူး”
ဤစကားလုံးများသည် တိဗက်ဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
“ပထမမင်းသား မင်းအရမ်း ပေါ့ပေါ့ဆဆ မနေသင့်ဘူး”
တုစုန့်မန့်ဖော်ကျယ် သတိပေးလိုက်၏။
“အလယ်ပိုင်း လွင်ပြင်ဒေသမှာ ပိန်လီနေတဲ့ သစ်ကုလားအုပ်တစ်ကောင်က မြင်းတစ်ကောင်ထက် ကြီးမားသေးပြီး ကင်းခြေများတစ်ကောင်က သေနိုင်ပေမဲ့ ဘယ်တော့မှ ခလုတ်တိုက်မှာ မဟုတ်ဘူးလို့ ဆိုရိုးစကားတစ်ခု ရှိတယ်။ မဟာထန်က တကယ်ပဲ တစ်ချိန်က မဟာထန် မဟုတ်တော့ဘူး ဆိုပေမဲ့ လျော့တွက်လို့ မရသေးဘူး”
သူသည် မဟာထန်ဆီသို့ သတိကြီးစွာ ချဉ်းကပ်လာခဲ့သော်လည်း မဟာထန်က သူနောက်ဆုံးနှစ်ကြိမ် လည်ပတ်ခဲ့ချိန်တွင် သူတွေ့ခဲ့ရသည့် မဟာထန် မဟုတ်တော့သည်ကို သူဝန်ခံရပေမည်။ ၎င်းကို ကြည့်မိသည့် လူတိုင်းအား ကြောက်ရွံ့သွားစေသည့် အားကောင်းပြီး ရဲရင့်သော စစ်တိုင်းပြည် မဟုတ်တော့ပေ။
၎င်းသည် ၎င်း၏ထက်မြတ်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။
ပထမမင်းသား ရယ်မောလိုက်ကာ ပြောလိုက်၏။
“မဟာစစ်သူကြီး စိတ်ချထားပါ။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒီနေ့ပြီးရင် ငါတို့က မဟာထန်ကို ချန်ထားပြီး တိုင်းပြည်ကို ပြန်ကြတော့မယ်။ သုံးလကြာပြီးနောက်မှာ ငါတို့က ငါတို့မစ်ရှင်ရဲ့ ရလဒ်တွေကို တင်ပြလို့ရပြီ”
တုစုန့်မန့်ဖော်ကျယ် ခေါင်းညိတ်လိုက်ပြီးနောက် သူသည် သူ့ဘေးရှိ တိဗက် မြင်းစီးသည့် စစ်သည်တစ်ယောက်ဆီသို့ လှည့်လိုက်သည်။ ထိုမြင်းစစ်သည်သည် သူ့မြင်းနောက်ကျောကို ပုတ်လိုက်ပြီးနောက် လေ့ကျင့်ရေးကွင်းတွင် တစ်ပတ်ပတ်လိုက်သည်။
“အလယ်ပိုင်း လွင်ပြင်ဒေသရဲ့ ထန်ပြည်သူတွေ ကောင်းကောင်း နားထောင်ကြ။ ပထမမင်းသားက မင်းတို့ အလယ်ပိုင်း လွင်ပြင်ဒေသရဲ့ ကျွမ်းကျင်သူတွေက ရိုက်ချက် တစ်ချက်လေးကိုတောင် မခံန်ိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ငါတို့တိဗက်တွေက မင်းတို့ကို အထင်သေးနေတယ်လို့ မပြောနဲ့။ တစ်ခြားတစ်ယောက် ရှိသေးလား။ နောက်ဆုံး တစ်ယောက်ချင်း တိုက်ပွဲကို တိုက်နိုင်တဲ့ အလယ်ပိုင်း လွင်ပြင်ဒေသရဲ့ လူငယ်မျိုးဆက်တွေထဲက တစ်ယောက်ရှိသေးလား။ ပထမမင်းသားက မင်းတို့အားလုံးကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိမ့်မယ်။ ဘယ်သူကမှ မတုန့်ပြန်ရင် ပထမမင်းသားက ထွက်သွားတော့မယ်”
ထိုတိဗက် မြင်းစစ်သည်သည် ဤတစ်ကြိမ်တွင် တိဗက်ဘာသာစကားဖြင့် မပြောခဲ့ပေ။ သို့သော် အလယ်ပိုင်း လွင်ပြင်ဒေသ၏ ဘာသာစကားဖြင့် အော်ခဲ့ခြင်းဖြစ်သည်။
သူ့အသံသည် အတော်လေး ထစ်အပြီး သူ့လေသံသည် တော်တော်လေး ထူးဆန်းသော်လည်း လူတိုင်းသည် သူ့စကားလုံးကို နားလည်နိုင်ခဲ့ပေသည်။
အကြောက်အရွံ့ မရှိသော ဤတိဗက်၏ အသံက လူအုပ်ကြီးကို နောက်တစ်ကြိမ် ဒေါသထွက်သွားစေသည်။ တစ်ခြားလူများကို ဖိနှိပ်ခဲ့သည်မှာ အမြဲတမ်း မဟာထန် ဖြစ်ခဲ့သည်။ တိဗက်များက သူတို့တံခါးဝရှေ့တွင် သူတို့ကို အနိုင်ကျင့်ခဲ့ပြီး မြို့တော်တွင် ထိုသို့ မထိမဲ့မြင် ပြုမူခဲ့ခြင်းမျိုး မရှိခဲ့ဖူးပေ။
လူအနည်းငယ်တို့သည် ဒေါသတကြီး ခြေဆောင့်နေခဲ့ကြပြီဖြစ်သည်။
“တိုက် လူတိုင်းပဲ သွားတိုက်ကြ”
“ကြောက်ဖို့ကောင်းတဲ့ ကျွမ်းကျင်သူ ရှိသေးလား မြန်မြန် သူ့ကိုလှဲသိပ်လိုက်”
***
လူအုပ်ထဲရှိ လူများသည် ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။ သာမာန်မဟုတ်သော ခွန်အားဖြင့် သခင်လေး အနည်းငယ်တို့သည် ထိန်းချုပ်ထားရန် ခက်ခဲသည်ကို ချက်ချင်း တွေ့လိုက်ရသော်လည်း သူတို့ထွက်တော့မည့် အချိန်တွင် သူတို့သည် သူတို့ကလန်များမှ လူများ၏ ဆွဲထားခြင်းကို ချက်ချင်း ခံလိုက်ရသည်။
“မင်းစိတ်လွတ်နေပြီ။ ဒါကဝူရှန်းရဲ့ ပထမမင်းသားပဲ။ မင်း သူ့ကို တကယ်ပဲ ဒဏ်ရာရစေခဲ့ရင် ဘာဖြစ်လာမလဲ။ မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းက ကိုင်တွယ်ရ လွယ်ကူတယ်ဆိုပေမဲ့ အဲ့ဒီပထမမင်းသားကို ဒဏ်ရာရစေခဲ့ပြီး ဝူရှန်းနဲ့ မဟာတန်ကြားမှာ စစ်ပွဲတစ်ခု ဖြစ်စေခဲ့ရင် အကျိုးဆက်ကို မင်းခံနိုင်လား။ ကလန်က သူတို့ကို တောင့်ခံနိုင်မှာလား။ ခွေးကောင် မင်းရဲ့ ကိုယ်ပိုင်ဆန္ဒအတွက် ကလန်ကို ချောက်ထဲဆွဲချဖို့ ကြံစည်နေတာလား”
ဤကြမ်းတမ်းသော အသံက သွေးဆူနေသည့် လူများကို ချက်ချင်း အေးခဲသွားစေခဲ့သည်။ လူအုပ်ထဲရှိ ထိုအားကောင်းသော သခင်လေးများသည် ချက်ချင်း ရပ်တန့်သွားခဲ့ကြသည်။
ဝမ်ချောင်သည် လူအုပ်ကြီး၏ အစွန်အဖျားတွင် မတ်တပ်ရပ်နေခဲ့၏။ သူ့နားများသည် နားထောင်နေခဲ့ပြီး မျက်လုံးများသည် ကြည့်နေခဲ့ကာ စိုးရိမ်သည့် အရိပ်အယောင်က သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။
ဝူရှန်း၏ ပထမမင်းသားသည် မဟာတန်၏ အခြေခံ အုတ်မြစ်ကို မလှုပ်ခါနိုင်ပေ။ ဘုရင့်စစ်တပ် ကျွမ်းကျင်သူတစ်ယောက်၏ သေဆုံးခြင်းသည် တိုင်းပြည်အတွက် ကြီးကြီးမားမား မထိခိုက်စေပေ။ ပွင့်ပွင့်လင်းလင်း ပြောရပါက မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ 'ရန်သူများကို ဖော်လန်ဖားလုပ်ခြင်း' မူဝါဒသည်လည်း စစ်ပွဲတစ်ခုတွင် မဟာထန်ကို သက်ရောက်ရန် သို့မဟုတ် တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲရန် မလုံလောက်ပေ။
ဤအရာအားလုံးသည် မြို့တော်တွင် အသေးအဖွဲ ကိစ္စများ ဖြစ်ကြပြီး တိုင်းပြည်အတွက် အရေးမပါကြပေ။
ဝမ်ချောင်သည် တစ်ခြားကိစ္စ တစ်ခုကို ပို၍စိုးရိမ်ခဲ့သည်။ ပြည်သူများ၏ နှလုံးသားများ။
လူတစ်ယောက်သည် ဆေဘာ သို့မဟုတ် ဓားတစ်ချောင်းဖြင့် အခုတ်ခံရသောအခါ သွေးထွက်လာလိမ့်မည်ဖြစ်ပြီး ဒဏ်ရာသည် လျှင်မြန်စွာ မြင်သာလာပေလိမ့်မည်။ သို့သော် ပြည်သူများ၏ နှလုံးသားများတွင် ရရှိခဲ့သော ဒဏ်ရာများကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။
သုံးလက်မထူသော ရေခဲများသည် တစ်ရက်ထဲတွင် ဖြစ်ပေါ်မလာနိုင်ပေ။ တိုင်းပြည်တစ်ပြည် ပြိုကွဲခြင်းသည် တစ်ရက်ထဲ ကိစ္စမဟုတ်ပေ။ တစ်ခုခုက ဆွေးမြေ့လာချိန်တွင် သိမ်မွေ့သော လက္ခဏာများ အမြဲရှိပေလိမ့်မည်။
ထို့ပြင် ပြည်သူများ၏ နှလုံးသားများသည် ဤလက္ခဏာ အားလုံးအတွက် သဲလွန်စများ ဖြစ်ကြသည်။
မှီခိုသူများ၏ ဘုရင့်အမှူထမ်း၏ လူများသည် သူတို့ထုတ်ပြန်လိုက်သော အမိန့်များဖြင့် တိုင်းပြည် ပြည်သူများ၏ နှလုံးသားများတွင် မည်သို့သော ဒဏ်ရာဒဏ်ချက်များကို ရစေခဲ့သည်ကို မသိခဲ့ကြပေ။ သူ့ရှေ့ရှိ ကြည့်ရှု့နေသော လူများသည် သူတို့၏ ကြောက်ရွံ့စွာ နောက်ဆုတ်ခြင်းဖြင့် တိုင်းပြည် ပြည်သူများ၏ နှလုံးသားများကို မည်သို့သော ဒဏ်ရာဒဏ်ချက်များ ရရှိစေခဲ့သည်ကို မသိခဲ့ကြပေ။
ဤဖြစ်ရပ် ဖြစ်ပျက်ပြီး နှစ်ပေါင်းများစွာ ကြာပြီးတော့မှသာ လူများက နောက်ပြန် လှည့်ကြည့်တော့မှသာ လူတိုင်းသည် ဤဖြစ်ရပ်က သူတို့၏ နှလုံးသားများအပေါ် ကြီးမားသော ဒဏ်ရာဒဏ်ချက်များ ရရှိစေခဲ့သည်ကို ရုတ်တရက် နားလည်ပေလိမ့်မည်။
မြို့တော်ကဲ့သို့ အရေးကြီးသော နေရာတစ်ခုတွင် မည်သူကမျှ လူများစွာတို့ကို ရက်စက်စွာ သတ်ဖြတ်ပြီး ဒဏ်ရာရစေခဲ့ကာ အောင်မြင်စွာ ထွက်ပြေးမလွတ်မြောက်ခဲ့ဖူးပေ။
ထို့အပြင် အလယ်ပိုင်း လွင်ပြင်ဒေသတွင် ကောင်းကင်သားတော်၏ ခြေဖဝါးအောက်တွင် မည်သူမျှ သူ့ပြည်သူများကို အနိုင်မယူခဲ့ဖူးပေ။
အမှန်ပင်။ တိုင်းတစ်ပါးသားများ သို့မဟုတ် ဟူများသည် ယခင်က မြို့တော်တွင် စိန်ခေါ်မှုများ ဘယ်တုန်းကမှ မပြုလုပ်ခဲ့ခြင်းမျိုး မဟုတ်သော်လည်း ဤသည်မှာ တိုင်းတစ်ပါးသား တစ်ယောက်က ဟူတစ်ယောက်က အလယ်ပိုင်း လွင်ပြင်ဒေသတွင် စိန်ခေါ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး လုံးလုံးလျားလျား အောင်ပွဲရရှိခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ဤသည်မှာ မဟာထန်အတွက် လုံးဝအရှက်ရမှုဖြစ်၏။
မဟာထန် ပြည်သူများသည် မာနကြီးပြီး ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ခဲ့ကြသောကြောင့် ဤဖြစ်ရပ်၏ သူတို့၏ နှလုံးသားများအပေါ် ရရှိစေခဲ့သော ရိုက်ခတ်မှုကို ပို၍ပင် ကြီးမားစေခဲ့သည်။
ဝူရှန်း၏ ပထမမင်းသားက သူ့ဂုဏ်ပုဒ်ကို အလွဲသုံးစား ပြုလုပ်ပြီး မှီခိုသူများ၏ ဘုရင့်အမှုထမ်းက ပါဝင်နေခဲ့သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သော်လည်း ဤဖြစ်ရပ်၏ သတင်းက ပျံ့နှံ့သွားသောအခါ ဤအကြောင်းကို ကြားသိလိုက်ရသည့် လူများသည် ဤအခြားအချက်များကို သိကြလိမ့်မည် မဟုတ်ပေ။
သူတို့သည် ကောင်းကင်သားတော်၏ ခြေဖဝါးအောက် နေရာတစ်ခုတွင် မဟာတန်၏ ပါရမီရှင်များနှင့် သူရဲကောင်းများ စုစည်းနေသည့် နေရာတစ်ခုတွင် မည်သူကမျှ တိဗက်တစ်ယောက်ကို မယှဉ်နိုင်ခဲ့ဟုသာ သိကြပေလိမ့်မည်။
ပြည်သူများ၏ နှလုံးသားများသည် ထိုးနှက်မှုကြီးတစ်ခု ခံစားရပေလိမ့်မည်။
တိုက်ပွဲတွင် နောက်ပိုင်း ရှုံးနိမ့်မှုများနှင့်အတူ တစ်ချိန်က မာနကြီးပြီး ယုံကြည်မှုရှိကာ ဂုဏ်သိက္ခာရှိသော မဟာတန်၏ ပြည်သူများသည် မြေကြီးပေါ်သို့ ရိုက်ချခံရပေလိမ့်မည်။ သူတို့သည် ယုံကြည်မှုများ ပျောက်ဆုံးလာပြီး နူးညံ့သိမ်မွေ့လာကာ သူတို့၏ စွမ်းရည်များကိုပင် သံသယ ဝင်လာပေလိမ့်မည်။
ပြည်သူများ၏ နှလုံးသားများကို ဆုံးရှုံးလိုက်ရသော အချိန်သည် တိုင်းပြည်တစ်ခု အမှန်တကယ် ပြိုလဲကျမည့် အချိန်ဖြစ်သည်။
ဝမ်ချောင် နှလုံးသားထဲတွင် စူးရှစွာ နာကျင်သွားခဲ့၏။
ဝမ်ချောင်တွင် ပဉ္စမမင်းသား၏ ကိစ္စရပ်များအစား တိဗက်ဖြစ်ရပ်ကို ကိုင်တွယ်ရန် သူပြေးလာခဲ့ရခြင်း၏ နောက်ကွယ်တွင် နက်ရှိုင်းသော အကြောင်းပြချက်တစ်ခု ရှိသည်။
ဝူရှန်း သံတမန်အဖွဲ့ အကြောင်းကို သူကြားသိလိုက်ရသောအခါ ဝမ်ချောင်သည် သံသယများ စတင်ဝင်ရောက်လာခဲ့ပြီး စတင် ဆက်စပ်ကြည့်ခဲ့ပြီးဖြစ်သည်။ လူအိုကြီး လင်းယုန်ငှက်၏ တင်ပြခြင်းများသည် သူမှန်းဆချက်များကို အတည်ပြုပေးလိုက်ရုံသာဖြစ်သည်။
သူ့မြင်းပေါ်တွင်ထိုင်လျှက် ဝမ်ချောင်သည် မေးလိုက်၏။
“လူအုပ်ကြီး လင်းယုန်ငှက် ငါ့ရဲ့ချပ်ဝန်တန်ဆာ အစုံက အဆင်သင့် ဖြစ်ပြီလား”
“အဆင့်သင့် ဖြစ်ပါပြီ”
လူအုပ်ကြီး လင်းယုန်ငှက် ခေါင်းညိတ်လိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“သခင်လေးရဲ့ အမိန့်အတိုင်း ကျွန်တော် ကျန်းကလန်ကို အဲ့ဒါကို ပို့လာစေပြီးပါပြီ”
ဝမ်ချောင် မသိမသာ ခေါင်းညိတ်လိုက်ကာ ကျေနပ်နေသည့် အကြည့်တစ်ခုက သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။
လအတန်ကြာပြီးနောက် သံမဏိဝတ်ရုံ ဓားပြများ၏ စခန်းတွင် သူတွေ့ရှိခဲ့သော ထိုပင်လယ်နက် ရွှမ်သတ္ထုတံခါးကြီးသည် မြို့တော်သို့ ပြန်လည် သယ်ယူလာခဲ့ပြီး ကျန်းကလန်၏ ပိုင်နက်သို့ပင် သယ်ယူလာခဲ့သည်။
မြို့တော်ရှိ ကျန်းကလန်သည် ဂျင် ခုနစ်ထောင်မှ ရှစ်ထောင်ရှိသော ဤရွှမ်သတ္ထုတံခါးကို အရေးတကြီးဖြင့် ဆက်ဆံခဲ့သည်။ တံခါးကို သယ်ယူသော အချိန်တွင် သူတို့သည် ယဉ်တန်းကို စောင့်ရှောက်ရန် ကလန်အကြီးအကဲများကိုပင် စေလွှတ်ခဲ့သည်။
ထိုတံခါး သူတို့ကလန် ပိုင်နက်သို့ ရောက်ရှိလာသော အချိန်တွင် သူတို့သည် ထိုတံခါးအပေါ် လုပ်ငန်းစရန် ကလန်အကြီးအကဲများကြားရှိ လက်ရွေးစင် ပန်းပဲဆရာများ အားလုံးကို စုစည်းခဲ့သည်။
ကျန်းကလန်၏ ဘိုးဘေးသည်ပင် ပါဝင်ခဲ့၏။
ပင်လယ်နက် ရွှမ်သတ္ထုကဲ့သို့သော ဗျူဟာကျသည့် အရင်းအမြစ်သည် အသေးအမွှား ကိစ္စမဟုတ်ပေ။ ဝမ်ချောင်သည် ဤဂျင် ခုနစ်ထောင်မှ ရှစ်ထောင်ရှိသော တံခါးကြီးသည် ပင်လယ်နက် ရွှမ်သတ္ထု ချပ်ဝတ်တန်ဆာအစုံ ခုနစ်ဆယ်မှ ရှစ်ဆယ်ကို ထုလုပ်ရန် လုံလောက်သည့် သတ္ထုများ ပေးစွမ်းနိုင်ကြောင်းကိုပင် နားလည်ခဲ့သည်။
ထိုသို့သော ပစ္စည်းများသည် မည်သည့် တိုင်းပြည်တွင်မဆို အရေးကြီးသည့် အခန်းကဏ္ဍများတွင် ပါဝင်ကြမည်ဖြစ်ပြီး ပေါ့ပေါ့တန်တန် ဆက်ဆံခံရလိမ့်မည် မဟုတ်ပေ။ ဝမ်ချောင်ကြောင့် မဟုတ်ပါက ကျန်းကလန်သည် ဤသို့သော ပစ္စည်းတစ်ခုကို ထိရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်တစ်ယောက်သည် ကျန်းကလန်က ဤကိစ္စပေါ်ထားသည့် အရေးကြီးပုံကို စိတ်ကူးကြည့်နိုင်ပေသည်။
ကျန်းကလန်၏ ဘိုးဘေးသည် ဝမ်ချောင်၏ ချပ်ဝတ်တန်ဆာကို ထုလုပ်ခြင်း အဆင့်တိုင်းတွင် ကိုယ်တိုင်က်ိုယ်ကျ ကြီးကြပ်ခဲ့သည်။ ဝမ်ချောင်သည် သာမာန် ချပ်ဝန်တန်ဆာ အစုံတစ်ခုက လုံလောက်လိမ့်မည်ဟု ခံစားခဲ့ရသည်။
သို့သော် ကျန်းကလန်၏ ဘိုးဘေးသည် သူကအကောင်းဆုံး ပန်းပဲဆရာများကို အသုံးပြုလ်ိမ့်မည်ဖြစ်ပြီး ထိုချပ်ဝတ်တန်ဆာထဲတွင် ခိုင်ခံ့စေသည့် အကောင်းဆုံး မှော်စာလုံးများကို ထည့်သွင်းရန် အကောင်းဆုံး မှော်စာလုံးပညာရှင်များကို ရှာဖွေလိမ့်မည်ဖြစ်ကြောင်း စာတစ်စောင် ပို့လာခဲ့သည်။ သူတို့သည် ဝမ်ချောင်အပေါ် ကျန်းကလန် ထားရှိသည့် လေးစားသမှုကို ဖော်ပြရန် ဝမ်ချောင်အတွက် အခိုင်ခံ့ဆုံး ချပ်ဝတ်တန်ဆာ အစုံကို ထုလုပ်ပေလိမ့်မည်။
ဝမ်ချောင်သည် မူလက ငြင်းပယ်ရန် တွေးတောခဲ့သော်လည်း ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် လက်ခံရန် သူဆုံးဖြတ်ခဲ့သည်။ အမှန်တိုင်း ဆိုရပါက ဝမ်ချောင်သည် ဤချပ်ဝတ်တန်ဆာ အစုံကို ကြည့်ရန် စိတ်အားထက်သန်နေခဲ့ပေသည်။
************************
အပိုင်း ၄၁၃
ဝမ်ချောင် ရှေ့ထွက်လာခြင်း
“နင်ဘာလုပ်ဖ်ို့ ကြံနေတာလဲ”
မေးခွန်းထုတ်နေသည့် အသံတစ်ခုက ဘေးမှနေ၍ ထွက်ပေါ်လာခဲ့သည်။ ထိုသည်မှာ ဟွမ်ချန်အာဖြစ်ကာ သူမ၏မျက်လုံးများက ဝမ်ချောင်ကို သတိကြီးစွာ ကြည့်နေခဲ့သည်။ သူမသည် ဤတစ်ချိန်လုံး ဝမ်ချောင်၏ နံဘေးတွင် ရှိနေခဲ့သောကြောင့် လူအိုကြီး လင်းယုန်ငှက်နှင့် သူ့စကားဝိုင်းကို သူမရှင်းရှင်းလင်းလင်း ကြားခဲ့ရပေသည်။
“ဟားဟားဟား ငါလုပ်ရမဲ့အရာပေါ့”
ဝမ်ချောင် သူ့မြင်းပေါ်မှနေ၍ ဂရုမစိုက်စွာ ပြောလိုက်သည်။ ကျန်းကလန်၏ အဖွဲ့ဝင် အနည်းငယ်က လမ်းလျှောက်လာသည်ကို သူမြင်လိုက်ရသောအခါ သူသည် သူတို့အား လက်ဝှေ့ယမ်းပြလိုက်သည်။
“နင်ကသူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ နင်လည်း အဲ့ဒီဘုရင့်စစ်သည်ကို မြင်ခဲ့ရတာပဲ။ သူကနင့်ထက် ကျင့်ကြံမှုအဆင့် အများကြီးမြင့်မားတယ်။ ဒါပေမဲ့သူက ဝူရှန်းမင်းသားရဲ့ လက်ထဲမှာ သေခဲ့ရသေးတယ်”
ဟွမ်ချန်အာသည် ဝမ်ချောင်၏ ရည်ရွယ်ချက်များကို အလွန်အမင်း စိုးရိမ်နေခဲ့သည်။ သူမ၏မစ်ရှင်သည် ဝမ်ချောင်၏ လုံခြုံရေးကို သေချာစေရန်ဖြစ်ပြီး သူ့အား သေခြင်းတရားသို့ ပို့ဆောင်ရန် မဟုတ်ပေ။
“နင်က အဲ့လူကို မယှဉ်နိုင်ဘူး”
“မင်းကငါ့ကို တော်တော်လေး လျော့တွက်နေတာပဲ”
ဝမ်ချောင် စပ်ဖြီးဖြီး လုပ်လိုက်၏။ သူအေးအေးလူလူ သူ့ဝတ်ရုံကို ချွတ်လိုက်သောအခါ သူသည် သေတ္တာများကို ဖွင့်ရန်နှင့် ပင်လယ်နက်သတ္ထု ချပ်ဝတ်တန်ဆာ၏ အပေါ်ပိုင်းကို ကမ်းပေးရန် ထိုကျန်းကလန်အဖွဲ့ဝင်များကို အမိန့်ပေးလိုက်သည်။
ကျန်းကလန်သည် ဤသံချပ်ကာထဲ အမှန်ပင် တော်တော်လေး အားစိုက်ထည့်ထားခဲ့သည်။ ဝမ်ချောင် အကဲခတ်ရန် ထိုချပ်ဝတ်တန်ဆာကို ယူလိုက်ပြီး ချက်ချင်း သူ့လက်က နိမ့်ကျသွားသည်ကို ခံစားလိုက်ရသည်။ ဤချပ်ဝတ်တန်ဆာသည် ဂျင်တစ်ရာမျှ အလေးချိန် မဟုတ်ခဲ့ပေ။
၎င်း၏ပုံသဏ္ဍန်နှင့် ခိုင်ခံ့မှု နှစ်ခုလုံးတွင် ဤချပ်ဝတ်တန်ဆာသည် မယုံနိုင်စရာကောင်းလောက်အောင် သန်မာသည့်ပုံရပြီး အသေးစား ခံတပ်တစ်ခု၏ အရှိန်အဝါကို ပေးစွမ်းနေသည်။
ဝမ်ချောင် လက်နှစ်ဖက်ဖြင့် ချပ်ဝတ်တန်ဆာကို သူ့ခေါင်းပေါ် မြှောက်လိုက်ကာ လျှင်မြန်စွာ ဝတ်ဆင်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ရေထဲက ငါးတစ်ကောင်ကဲ့သို့ သစ်တောထဲက ငှက်တစ်ကောင်ကဲ့သို့ ထူးထူးကဲကဲ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ချပ်ဝတ်တန်ဆာသည် အလွန်အမင်း အံဝင်ခွင်ကျ ဖြစ်လှ၏။
“... ငါကပြိုင်ကွင်းထဲကိုဝင်ဖို့ စီစဉ်နေတာကြောင့် ငါ့မှာဘယ်လို အနိုင်ယူရမလဲဆိုတာ အကြံတစ်ခုရှိတယ်။ ဒီလိုမှမဟုတ်ရင် ငါဒါကို လုပ်နေမှာမဟုတ်ဘူး။ ပြီးတော့... ငါမဝင်ရင် နင်ငါ့အစား ဝင်မှာလား”
ဝမ်ချောင် ဟွမ်ချန်အာကို လှည့်ကြည့်လိုက်ကာ အပြုံးရိပ်လေးတစ်ခုက သူ့မျက်နှာထက်တွင် ရှိနေခဲ့သည်။
ဟွမ်ချန်အာ၏ နှုတ်ခမ်းသည် ပွင့်သွားခဲ့သော်လည်း သူမတုန့်ဆိုင်းသွားခဲ့သည်။ ဤနေရာတွင် လူများစွာ ရှိနေခဲ့ကြပြီး ကျွမ်းကျင်သူများစွာ ရှိနေခဲ့ကြသော်လည်း သူတို့တစ်ယောက်မှ ရှေ့မထွက်ခဲ့ကြပေ။ ဤအရာအတွက် အကြောင်းပြချက် မရှိခြင်းမျိုး မဟုတ်ခဲ့ပေ။
ဝူရှန်းပထမမင်းသားကို အနိုင်ယူရန်မှာ မခက်ခဲသော်လည်း အကယ်၍ တစ်ယောက်ယောက်က သူ့ကိုဒဏ်ရာ ရစေခဲ့လျှင် သို့မဟုတ် သူ့ကိုသတ်ဖြတ်ခဲ့လျှင် ဤနေရာရှိ မည်သူမျှ သေချာနေသော စစ်ပွဲအတွက် တာဝန်ကို တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ဟွမ်ချန်အာသည် ဟွမ်ကလန်၏ လုံခြုရေးကို အာမခံရန် ဝမ်ချောင်၏ နံဘေးတွင် ရှိနေခဲ့ကာ ပထမမင်းသားကို သတ်ဖြတ်ပြီး ဟွမ်ကလန်ဆီသို့ နောက်ထပ် ကပ်ဘေးတစ်ခုကို ယူဆောင်လာရန် မဟုတ်ပေ။
“ဟား ဟား ဟား ဒါကလုံလောက်ပါတယ်”
သူ၏ ဂရုမစိုက်သော အပြုံးနှင့်အတူ ဝမ်ချောင်သည် ကျန်းကလန်အဖွဲ့ဝင် တစ်ယောက်ဆီမှ ခေါင်းဆောင်းကို ယူလိုက်ပြီး သူ့ခေါင်းပေါ် ဆောင်းလိုက်သည်။
ဘုန်း
ဤအချိန်၌ပင် တောင်များကိုတုန်ခါသွားစေသည့် ပေါက်ကွဲသံတစ်ခုက လူအုပ်ကြီး အလယ်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ မူလက တိတ်ဆိတ်နေသော လေ့ကျင့်ရေးကွင်းသည် နောက်တစ်ကြိမ် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။
“သွားကြည့်ကြစို့”
ဝမ်ချောင်သည် လေ့ကျင့်ရေးကွင်းထဲသို့ သူ့မြင်းကို ချက်ချင်း မောင်းနှင်လိုက်ကာ သူ့အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူ့တွင်ရှိသော တံဆိပ်ကို ပြသခြင်းဖြင့် သူသည် ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ထို့နောက် ဝှီးခနဲ အသံနှင့်အတူ ဝမ်ချောင်သည် လေထဲသို့ ခုန်တက်လိုက်ကာ အနီးအနားရှိ အဆောက်အဦး၏ ခေါင်းမိုးထက်သို့ ခုန်တက်လိုက်သည်။
ဤနေရာတွင် ဝမ်ချောင်သည် ငုံ့ကြည့်နိုင်ပြီး လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုတွင် ဘာတွေဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ဝမ်ချောင်၏ ပင်ကိုယ်သိစိတ်သည် မမှားယွင်းခဲ့ပေ။ တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် ၎င်း၏ဒေါသကို ချုပ်တည်းနိုင်ခြင်း မရှိတော့ဘဲ ၎င်း၏မြင်းကို လေ့ကျင့်ရေးကွင်းထဲသို့ မောင်းဝင်လာခဲ့သည်။
“... လာစမ်းပါ တိုင်းတစ်ပါး လူရိုင်းတွေ။ ငါ မင်းကို အလယ်ပိုင်း လွင်ပြင်ဒေသရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ခိုင်းမယ်”
ဒေါသတကြီး အော်သံတစ်ခုက ဧရာမ လေ့ကျင့်ရေးကွင်အနှံ့ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏ အကြည့်သည် ထိုကျယ်လောင်သော ခွာသံများနောက် လိုက်ပါသွားခဲ့ပြီး လှံကြီးတစ်စင်းကို သယ်ဆောင်ကာ မဟာကလန်တစ်ခုမှ ဖြစ်ပုံရသော ချပ်ဝတ်တန်ဆာ အပြည့်ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် သူ့မြင်းနှင့် တစ်သားထဲဖြစ်နေခဲ့ပြီး ဝူရှန်း ပထမမင်းသားဆီသို့ ချီတက်သွားသောအခါ သူ့နောက်တွင် ဖုန်မှုန့်လှိုင်းလုံးကြီးတစ်ခုကို ချန်ထားခဲ့သည်။
ဤအရှိန်အဟုန်သည် လုံးဝပြိုင်ဘက်ကင်းပုံရပြီး သူလမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပုံရသည်။
သို့သော် နောက်တခဏတွင် စိတ်တိုစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပျက်လာခဲ့ကာ လူအုပ်ကြီးသည် ဒေါသထွက်သွားခဲ့သည်။ လူတိုင်း ကြည့်လိုက်သောအခါ လူတစ်ယောက်သည် ရှေ့သို့ ပြေးထွက်လာခဲ့သည်။
ဝူရှန်းပထမမင်းသားသည် ရှောင်ရှားရန် သို့မဟုတ် ကိုယ့်ကိုယ်ကို ခုခံရန် မကြိုးစားခဲ့ဘဲ ထိုလူငယ်၏ လှံဆီသို့ တည့်တည့် တိုးဝင်သွားခဲ့သည်။
“ခွေးကောင်”
ထိုလူငယ်လေးသည် ကြက်သေ သေသွားခဲ့၏။ သူ့ရည်ရွယ်ချက်သည် ဤမင်းသားကို ထိန်းသိမ်းရန်ဖြစ်ပြီး သူ့ကိုသတ်ဖြတ်ရန် မဟုတ်ပေ။
စဉ်းစားရန် အချိန်မရှိတော့ပေ။ သူသည် သူ့မြင်း၏ ချီတက်မှုကို ရပ်တန့်ရန် မြင်းဇာတ်ကြိုးများကို ဆွဲလိုက်သည်။ စစ်မြင်းသည် မြည်ဟီးလိုက်ပြီး ၎င်း၏ခြေလေးချောင်းက တစ်ချိန်ထဲနီးပါး တောင့်တင်းသွားခဲ့ကြကာ ဖြတ်ကျော်သွားခဲ့သည်။
ရွှက်
သွေးရောင် အလင်းတန်းတစ်ခု လက်သွားခဲ့ပြီး ထိုလူငယ် သခင်လေး ဘာမှမလုပ်နိုင်ခင်မှာပင် ခုတ်ချက်တစ်ခုက သူ့ရင်ဘက်ကို ခုတ်ချသွားခဲ့ပြီး သွေးများက အထဲမှ ပန်းထွက်လာခဲ့သည်။
“အရှက်မရှိတဲ့ကောင် သူထပ်လုပ်နေပြန်ပြီ”
“အဲ့လို ရွံဖို့ကောင်းတဲ့ အကွက်ကို အသုံးပြုရာမှာ ကျွမ်းကျင်မှု လိုသေးလား”
“ဒီတိဗက် လူရိုင်းတွေက စည်းမျဉ်းတွေအကြောင်း ဘာမှမသိကြဘူးလား”
“ငါတို့ကသူ့ကို ဒဏ်ရာရအောင် မလုပ်ရဲဘူးဆိုတာ သူသိတယ် အဲ့ခွေးမသား”
“ဝူရှန်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ပထမမင်းသားက ဒီလိုသတ္တဝါကောင်စား ဖြစ်မယ်လို့ ငါမထင်ထားခဲ့ဘူး”
***
လေ့ကျင့်ရေး ကွင်းပတ်ပတ်လည်တွင် ရပ်နေသည့် လူအုပ်ကြီးသည် ဒေါသကြောင့် ပေါက်ကွဲထွက်မတတ်ပင်။
“ဟီး ဟီး ဟီး တိုင်းပြည်နှစ်ခု တိုက်ခိုက်ကြတဲ့အခါမှာ အားနည်းတဲ့လူက အားကောင်းတဲ့လူအတွက် အစာဖြစ်လာတာပဲ။ ဒါကတိုင်းပြည်တွေကြား ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာပဲ။ ဒါကြောင့် ဒီသိုင်းပြိုင်ပွဲကလည်း အဲ့လိုပဲ ဖြစ်သင့်တယ်။ ဘာယဉ်ကျေးမှုလဲ၊ ဘာလောကဝတ်လဲ။ အလယ်ပိုင်း လွင်ပြင်ဒေသရဲ့ ဒီစည်းမျဉ်းတွေက ရယ်စရာသာသာပဲ”
“ငါမင်းကို လုပ်ခဲ့တာ မဟုတ်ဘူး။ မင်းကိုယ်တိုင် ဒါကိုလုပ်ခဲ့တာ။ ဒါက မင်းကိုယ်ပိုင်လုပ်ဆောင်မှု ဖြစ်တယ်ဆိုရင် မင်းတစ်ခြားလူတွေကို အပြစ်တင်လို့ မရဘူး”
လေ့ကျင့်ရေးကွင်း၏ အခြားတစ်ဖက်တွင်မူ ဝူရှန်းပထမမင်းသားသည် သူ့မြင်းကို လှည့်လိုက်သည်။ လူအုပ်ကြီးက သူ့အား ကျိန်ဆဲနေကြသော်လည်း သူသည် လှောင်ရယ်လိုက်ပြီး သူတို့၏ ရန်စမှုများကို ကရုစိုက်မနေခဲ့ပေ။
သူသည် မဟာထန်၏ လူတစ်ယောက် ဘယ်တုန်းကမှ မဖြစ်ခဲ့သောကြောင့် သူတို့၏ ကျိန်ဆဲသံများကို သူဘာကြောင့် ဂရုစိုက်ရမည်နည်း။ ထိုကျိန်ဆဲသံများက သူတို့ကသူ့ကို အန္တရာယ်ပြုခြင်းနှင့် မတူပေ။
“လာစမ်းပါ မင်းက သေချင်နေတာကြောင့် ငါမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
သူ့အကြည့်သည် အဝေးရှိ ထိုလူငယ်အပေါ် စူးစိုက်နေခဲ့ကာ ဝူရှန်းပထမမင်းသား ယုတ်မာသည့် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူ့မြင်းကိုရှေ့သို့ မောင်းနှင်လိုက်သည်။ အခု သူတိုက်ခိုက်ရန် အလှည့်ဖြစ်သည်။
သို့သော် ယခင်ကကဲ့သို့ပင် ပထမမင်းသားသည် ခုခံရန် မတွေးခဲ့ဘဲ သူ့ခွန်အား အားလုံးကို သူတိုက်ခိုက်မှုထဲတွင် ထည့်ထားခဲ့သည်။
တစ်ခဏချင်းမှာပင် လူငယ်သခင်လေး၏ အမူအရာသည် ကြောက်မက်ဖွယ် ကောင်းသွားခဲ့သည်။
“ငါသူ့ကို မသတ်နိုင်သေးဘူးလို့ မင်းထင်နေသေးလား”
စွဲမက်ဖွယ်ကောင်းသော သင်းရနံ့နှင့်အတူ ဝတ်ရုံတစ်ခု၏ တလူလူလွင့်နေသော အသံက ဝမ်ချောင်ဘေးမှနေ၍ ဝမ်ချောင်၏ နားထဲတွင် ထွက်ပေါ်နေခဲ့သည်။ ဝမ်ချောင် လေ့ကျင့်ရေးကွင်းကို ဆက်လက်ငုံ့ကြည့်နေခဲ့ပြီး သူမေးခွန်းကို မေးလိုက်သောအခါ လှည့်ပင်မကြည့်ခဲ့ပေ။
“နင်ဒီလူကို ထိလို့မရဘူး။ အဲ့မှာရပ်နေတဲ့ လူတွေကို နင်မမြင်ဘူးလား။ အဲ့ဒါက နင်ငါ့ကို မယှဉ်နိုင်သလို မဟုတ်ဘူး။ ဒါပေမဲ့ နင်ကသူ့ကို ထိတောင်ထိလို့ မရဘူး။ နင့်ရဲ့ဝမ်ကလန်က စစ်သူကြီးနဲ့ ဝန်ကြီးတို့ရဲ့ ကလန်တစ်ခုဆိုပေမဲ့ နင့်အဘိုးရဲ့ ဂုဏ်သတင်းက ကမ္ဘာတစ်ဝှမ်း ကျော်ကြားတယ်ဆိုပေမဲ့ အကျိုးဆက်တွေက နင့်ရဲ့ဝမ်ကလန် တောင့်ခံနိုင်တဲ့ အရာမဟုတ်ဘူး”
ဟွမ်ချန်အာ အေးစက်နေသည့် မျက်နှာထားဖြင့် တင်းမာစွာ သူ့အား အပြစ်တင်လိုက်သည်။
ဝမ်ချောင် အဆောက်အဦးပေါ် ခုန်တက်ပြီး သိပ်မကြာမှီ သူမသည်လည်း သူ့နောက်လိုက်တတ်လာခဲ့ပေသည်။
“ဟ အဲ့ဒါကမင်းငါ့ကို အများကြီး နားမလည်သေးတာကြောင့်ပဲ။ မင်းမသိဘူးလား လူတစ်ယောက်က သတ်လို့မရလေလေ ငါသူတို့ကို ပိုသတ်ချင်လေလေပဲ”
ဝမ်ချောင် လေ့ကျင့်ရေးစခန်းရှိ အညိုရောင်ဖျော့ဖျော့မြင်းကို ကြည့်လိုက်ကာ လှောင်ပြုံးတစ်ခုက သူ့နှုတ်ခမ်းထက် ပေါ်လာခဲ့သည်။ ထိုသည်မှာသူသည် သေတော့မည့် လူတစ်ယောက်ကို ကြည့်နေသကဲ့သို့ဖြစ်သည်။
'ဘယ်လောက်တောင် အမျှော်အမြင်ရှိလိုက်တဲ့ အစီအစဉ်တစ်ခုလဲ။'
ဝူရှန်းပထမမင်းသားသည် သူ့ခန္ဓာကိုယ်ကို ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုပြီး ဟိုမှသည် ဒုန်းဆိုင်းနေကာ သူ့အသက်ကို ကရုမစိုက်ဘဲ ရှိနေသည်ကို ဝမ်ချောင် ကြည့်နေခဲ့ကာ သူအေးစက်စွာ လှောင်ရယ်လိုက်သည်။
ဤသေခြင်း ရှင်ခြင်း ယှဉ်ပြိုင်ပွဲများတွင် စည်းမျဉ်းအနည်းငယ်သာ ရှိကြသည်။ ဤရှု့ထောင့်တွင်သူသည် ဝူရှန်းပထမမင်းသားကို အမှန်ပင် ချီးကျူးပေသည်။
သို့သော် သူ့ရန်သူများအား ရင်ဆိုင်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုနေသည့် သူ့နည်းဗျူဟာသည် တစ်ခြားသူများကို ရင်ဆိုင်ရာတွင် အလုပ်ဖြစ်နိုင်သော်လည်း ဝမ်ချောင်ကို ရင်ဆိုင်ရာတွင် အသုံးမဝင်ပေ။
ဟူး
သူ့လက်ကို လှုပ်လိုက်ကာ ဝမ်ချောင်သည် ထိုအဆောက်အဦးမှနေ၍ လျှင်မြန်စွာ ခုန်ဆင်းလိုက်ပြီး သူ့မြင်းဆီသို့ ပြန်လာလိုက်သည်။ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ လေ့ကျင့်ရေးကွင်းတွင် ထိုလူငယ် သခင်လေးသည် အကြပ်အတည်း အခြေအနေတွင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် ဆေဘာဓားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အံ့သြစရာ ကောင်းသည့်အရာများ မဖြစ်ပျက်ခဲ့ပါက သူသည် သေချာပေါက် သေဆုံးပေလိမ့်မည်။
“ရှေ့ထွက်ဖို့ အချိန်ကျပြီ”
ဝမ်ချောင် သူ့မြင်းကို ရှေ့သို့မောင်းနှင်လိုက်သည်။
“ခဏစောင့်အုံး...”
ဟွမ်ချန်အာ အဆောက်အဦးမှ ခုန်ဆင်းလိုက်သော်လည်း သူမဝမ်ချောင်ကို မရပ်တန့်နိုင်မှီ လူအိုကြီး လင်းယုန်ငှက်က သူမ၏နောက်ကျောကို ဆွဲထားလိုက်သည်။
“သခင်မလေး စိတ်ချထားပါ။ သခင်လေးက တစ်ခုခု လုပ်တဲ့အခါ သူကရည်ရွယ်ချက်နဲ့ လုပ်တယ်။ နောက်ပြီးသူက နားလည်ထားခြင်း မရှိဘဲ တစ်ခုခုကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ သူကလှုပ်ရှားနေပြီမို့ သူ့မှာသူ့ အကြောင်းပြချက်တွေ ရှိရမယ်။ သခင်မလေးက သခင်လေးကို ယုံကြည်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”
လူအိုကြီး လင်းယုန်ငှက် လေးနက်စွာ ပြောလိုက်၏။
ဂိုဂူလျော လုပ်ကြံသူများကို ပိတ်ဆို့ခြင်းနှင့် အမြစ်ပြတ် သတ်ဖြတ်ခြင်းက ဝမ်ချောင်ကို လူအိုကြီး လင်းယုန်ငှက်၏ အကြွင်းမဲ့ယုံကြည်မှုကို ရရှိစေခဲ့သည်။ ထို့အပြင် လူအိုကြီး လင်းယုန်ငှက်၏ ယုံကြည်မှုသည် မျက်ကန်းယုံကြည်မှု မဟုတ်ပေ။
ဝမ်ချောင် ဝတ်ဆင်ထားသော ပင်လယ်နက် ရွှမ်သတ္ထု ချပ်ဝတ်တန်ဆာသည် လေးသခင်များကို ရင်ဆိုင်ရန် ရည်ရွယ်ထားခဲ့ပြီး ခိုင်ခံ့စေသည့် မှော်စာလုံးများစွာကို ရေးထိုးထားခဲ့သည်။ လေးသခင် တစ်ယောက်က ခွန်အားအပြည့်ဖြင့် လေးတစ်စင်း ပစ်လွှတ်လိုက်လျှင်ပင် ထိုးဖောက်နိုင်လိမ့်မည် မဟုတ်သောကြောင့် တိဗက်တစ်ယောက်၏ ဓားနှင့်ဆေဘာဓားက ဘာကြောင့် ထိုးဖောက်နိုင်လိမ့်မည်နည်း။
ထို့ပြင် လူအိုကြီး လင်းယုန်ငှက်သည် သတ္တိသာရှိပြီး အစီအစဉ် မရှိသော လူမဟုတ်ပေ။ သူသည် အနီးအနားတွင် စောင့်ကြပ်ရန် လေးသခင်တစ်ယောက်ကို စီစဉ်ထားခဲ့သည်။
အကယ်၍ တစ်ခုခု ဖြစ်ပျက်လာခဲ့ပါက ဝမ်ချောင်၏ ပင်လယ်နက် ရွှမ်သတ္ထု ချပ်ဝတ်တန်ဆာနှင့် ထိုလေးသခင်၏ လေးနှင့်မျှားတို့သည် လုံလောက်သည့် အချိန်ကို ရရှိစေပေလိမ့်မည်။
***
လေ့ကျင့်ရေးကွင်းတွင် စစ်မြင်းများသည် ဒုန်းဆိုင်းနေခဲ့သည်။ အနည်းငယ် ဖလှယ်ရုံမျှဖြင့် သူ့အားအလွန် ပင်ပန်းစေလိမ့်မည်ဟု လီဟန်လုံးဝ မထင်ထားခဲ့ပေ။
ပဲစေ့အရွယ်ခန့် ချွေးများသည် သူ့အရေပြားမှနေ၍ အဆက်မပြတ် စီးကျနေခဲ့ပြီး သူ့မျက်ခုံးနှင့် သူ့နှာတံများမှနေ၍ သူ့မေးစေ့မှ စီးကျမသွားခင်အထိ အဆက်မပြတ် စီးကျနေခဲ့ကြသည်။ ငံကျိကျိ ချွေးများသည် သူ့မျက်လုံးထဲသို့ စီးဝင်သွားခဲ့ပြီး သူ့အမြင်ကိုပင် မှုန်ဝါးသွားစေခဲ့သည်။
သူ့လက်ထဲရှိ လှံငယ်လေးသည် ဘယ်တုန်းကမျှ မလေးလံခဲ့ဖူးပေ။ ပြင်းထန်သော သွေးနံ့က သူ့နှာခေါင်းဝတွင် ရစ်ဝဲနေခဲ့ပြီး ဤသွေးများအားလုံးက သူ့သွေးများ ဖြစ်သည်ကို လီချန်သိပေသည်။
“ခွေးကောင်”
လီချန် အံ့ကြိတ်လိုက်ပြီး ကျိန်ဆဲလိုက်၏။ သူအနည်းငယ် နောင်တရသလို ခံစားနေရသည်။ သို့သော် ထိုနောင်တသည် သူ၏မောက်မာမှုကိုမဟုတ်ဘဲ သူ့ရန်သူ၏ အရှက်ကင်းမဲ့မှုကို လျော့တွက်ထားမိခြင်းကိုဖြစ်သည်။
ဤနောက်ဆုံး ရက်အနည်းငယ် စိန်ခေါ်မှုများတွင် သူ့ရန်သူသည် လူ့ပရိတ်သတ်၏ စိတ်များကို ဖမ်းဆုပ်နားလည်ထားခဲ့ပြီး သူသည် မှီခိုသူများ၏ ဘုရင့်အမှုထမ်းကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြင့် အရေးသာမှုကိုလည်း ရယူထားခဲ့သည်။ သူသည် ပိတ်ဆို့ရန်၊ တိုက်ခိုက်ရန်၊ ဖိနှိပ်ရန်၊ ချဉ်းကပ်ရန်၊ လုယူရန် သူ့ခန္ဓာကိုယ်ကို ဆက်လက် အသုံးချခဲ့သည်။... အချုပ်ဆိုရသော် သူသည် သူ့ရန်သူများကို ခြိန်းခြောက်ရန် ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်းတိုင်းကို အသုံးပြုခဲ့သည်။
မင်းသားကိုယ်တိုင်ကမူ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ပြီး သူလုပ်ချင်သည့် ဘာမဆို ပြုလုပ်နေခဲ့သည်။
ဤသည်မှာ တရားမျှတမှုမရှိသော တိုက်ပွဲတစ်ခုဖြစ်၏။
သူအချိန်အကြာကြီး မတောင့်ခံနိုင်တော့သည်ကို လီချန်သိပေသည်။ သူ့ခန္ဓာကိုယ်သည် သွေးထွက်နေရုံသာမက ခွန်အားနှင့် ကြယ်တာရာ စွမ်းရည်တို့သည်လည်း စီးထွက်နေခဲ့သည်။
လီချန်တိုက်ပွဲကို အဆုံးသတ်ရန် စိတ်ရှိသော်လည်း လူများစွာ ကြည့်ရှု့နေသောကြောင့် နောက်ဆုတ်ရန် မဖြစ်နိုင်သည်ကို သူတွေ့လိုက်ရသည်။ ထို့အပြင် အလွန်ကြီးမားသော ဂုဏ်သိက္ခာက သူ့အား ဤသို့ပြုလုပ်ရန် ခွင့်မပြုခဲ့ပေ။
“လုံလောက်ပြီ ဖယ်တော့”
သူသည် အဆုံးမရှိသော ငရဲကို တောင့်ခံနေရသည်ဟု လီချန်ခံစားနေရချိန်တွင် အသံတစ်ခုက မြင်းခွာသံများနှင့်အတူ လူအုပ်ကြီးဆီမှ ထွက်လာခဲ့ကာ သံချပ်ကာအပြည့် ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက မြင်းတစ်ကောင်နှင့်အတူ လူအုပ်ကြီးမှ ရုတ်တရက် ထွက်လာခဲ့သည်။
ခွာဖြူအရိပ်ကို စီးနင်းနေပြီး ပင်လယ်နက် ရွှမ်သတ္ထုကို အပြည့်ဝတ်ဆင်ထားကာ ကျောက်စိမ်းရိုင်းသံမဏိမှ ထုလုပ်ထားသော လှံထိပ်နှင့်အတူ ငွေရောင်လှံတစ်ချောင်းကို ကိုင်စွဲလျှက် ဝမ်ချောင်သည် လေ့ကျင့်ရေး ကွင်းထဲသို့ သူ့မြင်းကို ဖြေးညင်းစွာ မောင်းဝင်လာခဲ့သည်။
ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့၏။ ဝမ်ချောင် ပေါ်လာချိန်တွင် လူတိုင်းသည် တစ်ချိန်ထဲ အလိုလို သက်ပြင်းချလိုက်မိကြသည်။
ဤတိုက်ပွဲသည် မျှော်လင့်ချက် မဲ့နေခဲ့ပြီဖြစ်ကာ မည်သူမျှ ယခင်က အဖြစ်ဆိုးကို မမြင်ချင်ခဲ့ကြပေ။
*************************
အပိုင်း ၄၁၄
တိုက်ပွဲ
“ဟ”
လေ့ကျင့်ရေးကွင်း၏ အခြားတစ်ဖက်တွင် ဝူရှန်း၏ ပထမမင်းသားသည် အေးစက်စွာ ရယ်မောလိုက်သည်။ ဤတိုက်ပွဲသည် အဆုံးသတ်သို့ ရောက်လာလေခဲ့ပြီဖြစ်ပြီး သူသည် အောင်ပွဲခံတော့မည်ဖြစ်သည်။ လူတစ်ယောက်၏ စကားလုံးများက သူ့ကို မည်သို့ အနှောက်အယှက် ဖြစ်စေနိုင်မည်နည်း။
ဝူရှန်းပထမမင်းသားသည် သူ့စစ်မြင်းနှင့် တစ်သားထဲ ဖြစ်လာခဲ့ကာ လီချန်ဆီသို့ ပြေးလွှားနေသည့် လှိုင်းတက်လာနေသော ဖုန်မှုန့်လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဟမ်”
ဤမြင်ကွင်းမျိုးကို မျှော်လင့်ထားသကဲ့သို့ ဝမ်ချောင် နှာခေါင်းရှုံ့လိုက်သည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီးနောက်
ဘန်း
လျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်ကို လောင်ကျွမ်းသွားစေခဲ့ပုံရပြီး ထူထည်းသော သတ္ထုမြှားတစ်စင်းက လေ့ကျင့်ရေးကွင်း တစ်ဝက်လောက်ကို ဖြတ်သန်းသွားခဲ့ကာ မင်းသား၏မြင်းကို ပွတ်တိုက်ဖြတ်သန်း သွားခဲ့ပြီး မြေကြီးထဲသို့ စိုက်ဝင်သွားခဲ့သည်။
ဟီး
အညိုရောင်ဖျော့ဖျော့မြင်းသည် မြည်ဟီးလိုက်ပြီး မြောက်ကြွသွားခဲ့ကာ အပေါ်ရှိ ဝူရှန်းပထမမင်းသားကို ဒေါသထွက်သွားစေခဲ့သည်။
“ခွေးမသား”
ဝူရှန်းပထမမင်းသား မည်သည့် ကန့်ကွက်ချက်မျှ မပြောနိုင်မီ ဒေါသထွက်နေသော အော်သံတစ်ခုသည် လေ့ကျင့်ရေးကွင်း၏ အစွန်အဖျားရှိ ရွှေရောင်ခေါင်မိုးနှင့် အဆောက်အဦးမှနေ၍ ပေါက်ကွဲထွက်လာခဲ့သည်။
ဝမ်ချောင် အမိန့်ပေးလိုက်သော ထိုမြှားသည် ဝူရှန်းပထမမင်းသားကို မထိခိုက်စေခဲ့သော်လည်း ၎င်းက အဆောက်အဦးထဲရှိ မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ အရာရှိကို ဒေါသထွက်သွားစေခဲ့သည်။
“ဒီခွေးမသားက ဘယ်ကနေ ရောက်လာတာလဲ။ မင်းငါပြောခဲ့တာကို နားမလည်ဘူလား။ မင်းဝူရှန်း ပထမမင်းသားကို ထိခိုက်စေလို့မရဘူး။ မင်းနားထိုင်းနေလား။ သံတမန်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို ထိခိုက်စေတာက တိုင်းပြည်နှစ်ပြည်ကြား အငြင်းပွားမှုကို ဖြစ်စေလိမ့်မယ်။ ဘယ်ကလန်ကများ မင်းလို မျိုးမစစ်သားတစ်ယောက် ရှိတာလဲ။ မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းရဲ့ စကားတွေက မင်းရဲ့နားမှာ ဖြတ်သွားတဲ့ လေတွေသာသာပဲလား”
မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ ထိုအရာရှိသည် မကျေနပ်နိုင်စွာ ဒေါသထွက်နေခဲ့သည်။
သူတို့သည် သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားခဲ့ပြီး ဘုရင့်စစ်တပ်ကို ဤနေရာတွင် စောင့်ကြပ်နေစေခဲ့သော်လည်း နားမထောင်သည့်လူများ ရှိနေကြသေးသည်။ ဤသည်က အမှန်ပင် လှောင်ရယ်စရာဖြစ်၏။
“တစ်ယောက်ယောက် သူ့ကိုမြန်မြန် ဆွဲထုတ်သွားကြ”
လသာဆောင်တွင် ရပ်နေခဲ့ကာ ထိုအရာရှိသည် အဝေးရှိ ဝမ်ချောင်ကို လက်ညိုးထိုးလိုက်ပြီး သူ့အမူအရာက ဖြူလျော်နေကာ သူ့အသံက ပြင်းထန်နေခဲ့သည်။
ဘုရင့်စစ်သည် အတော်များများ ဝမ်ချောင်ဆီသို့ ပြေးသွားသောအခါ လေ့ကျင့်ရေး ကွင်းပတ်ပတ်လည်ရှိ လူအုပ်ကြီးသည် ကဏာမငြိမ် ဖြစ်လာခဲ့သည်။
ထို့အပြင် အခြားတစ်ဖက်ရှိ ဝူရှန်းပထမမင်းသားသည် ထိုအရာရှိထက် ပိုကောင်းနေသည်ပုံ မရပေ။ ခုနက ထိုမြှားသည် သက်ညှာမှုမရှိခဲ့ပေ။ အကယ်၍သူသည် လျှင်မြန်စွာ မတုန့်ပြန်ခဲ့ပါက သူသည် အပစ်ခံရပေလိမ့်မည်။
“လေးသခင်တစ်ယောက်”
ဝူရှန်းပထမမင်းသား သူ့ခေါင်းကိုလှည့်လိုက်ပြီး ဝမ်ချောင်ကို ကြည့်လိုက်ကာ အမုန်းတရားက ချက်ချင်း ဝမ်ချောင်ကို သူ့ပစ်မှတ် ဖြစ်စေခဲ့သည်။
တစ်ချိန်ထဲမှာပင် လေ့ကျင့်ရေးကွင်းရှိ လူတိုင်းသည်လည်း ဝမ်ချောင်ကို ကြည့်လိုက်ကြသည်။
“ဒီတိုက်ပွဲက ပြီးသွားပြီလို့ ငါပြောခဲ့တယ်။ မင်းက မသိသလို ဟန်ဆောင်နေတာကြောင့် ငါထပ်ပြောမယ်။ ဝူရှန်းက အလယ်ပိုင်း လွင်ပြင်ဒေသရဲ့ လူငယ်လက်ရွေးစင်တွေနဲ့ သိကျွမ်းချင်တာ မဟုတ်ဘူးလား။ မင်းက မင်းကို အနိုင်ယူနိုင်တဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေချင်တာ မဟုတ်ဘူးလား။ ဒါဆို မင်းရဲ့ဆန္ဒ ပြည့်ပြီ။ တိဗက်တွေက ခွန်အားကို အမြဲတစေ လေးစားခဲ့တာကြောင့် သူတို့က ဒီလို ကျွမ်းကျင်မှုလေးနဲ့ အားနည်းသူတွေကို ဘယ်လိုအနိုင် ကျင့်ရမလဲဆိုတာကိုပဲ သိကြမှာမဟုတ်ဘူး ဟုတ်တယ်မလား”
ဝမ်ချောင် သူ့မြင်းပေါ်တွင် အေးအေးလူလူ ထိုင်နေခဲ့သည်။ သူ့စကားလုံး၏ ပထမပိုင်းသည် အလယ်ပိုင်း လွင်ပြင်ဒေသ၏ လေသံဖြင့် ပြောလိုက်သော်လည်း သူသည် အပြစ်အနာအဆာ မရှိသော တိဗက်ဘာသာစကားကို ပြောဆိုခြင်းဖြင့် အဆုံးသတ်လိုက်သည်။
ဝမ်ချောင်က ဤချောမွေ့သော တိဗက်စကားလုံး တစီတတန်းကို ပြောလိုက်သောအခါ မူလက ဒေါသထွက်နေသော ဝူရှန်းပထမမင်းသားနှင့် ဝူရှန်း မဟာစစ်သူကြီး တုစုန့်မန့်ဖော်ကျယ်နှင့် သူ့နောက်ရှိ အခြားတိဗက် စစ်သည်တို့သည်ပင် မြင်နိုင်လောက်အောင် သက်ရောက်သွားခဲ့ကြသည်။
အလယ်ပိုင်း လွင်ပြင်ဒေသ၏ မဟာထန်သည် တိဗက်များကို သူတို့၏ အထင်သေးမှုဖြင့်ပင် မထိုက်တန်ကြသော လူရိုင်းများအဖြစ် သဘောထားခဲ့သောကြောင့် မည်သူကမျှ တိဗက်ဘာသာစကားကို မလေ့လာထားခဲ့ကြပေ။ မှီခိုသူများ၏ ဘုရင့်အမှုထမ်းရှိ လူအနည်းငယ်ကလွဲ၍ ဤသည်မှာ တိဗက်ဘာသာစကားကို ပြောဆိုနိုင်သည့် အလယ်ပိုင်း လွင်ပြင်ဒေသရှိ တစ်စုံတစ်ယောက်ကို သူတို့ပထမဆုံး ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။
ဤသည်မှာ အမှန်တကယ်တွင် အလွန်ကောင်းမွန်သော ခံစားချက် မဟုတ်ပေ။
ထို့အပြင် ဤအရာက မဟာထန်၏ ဤပြည်သူများရှေ့တွင် သူတို့သည် တိဗက်ဘာသာစကားဖြင့် အချင်းချင်း ပြောဆိုနိုင်တော့မည် မဟုတ်ဟုလည်း ဆိုလိုပေသည်။
“မင်းကဘယ်သူလဲ။ မင်းက ဘယ်လိုလုပ် ငါတို့တိဗက် ဘာသာစကားကို ပြောဆိုနိုင်နေရတာလဲ”
ဝူရှန်းပထမမင်းသား၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး သူသည် ဝမ်ချောင်ကို မျက်နှာချင်းဆိုင်ရန် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ သူသည် မဟာထန်၏ ဤချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသော မြင်းစစ်သည်ကို ရုတ်တရက် အလွန်စိတ်ဝင်စားသွားခဲ့သည်။ သူသည် သူရိုက်နှက်ခဲ့သော ထိုမဟာထန် သခင်လေးများထက်ပင် သူ့ကိုပို၍ စိတ်ဝင်စားခဲ့သည်။
“ဒါ့အပြင် မင်းက ရှေ့ထွက်ချင်တာကြောင့် ဒါကလည်း အဆင်ပြေပါတယ်။ ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို မင်းသိသင့်တယ်။ အသက်(၂၆)နှစ်အောက် လူတွေကိုပဲ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အခွင့်အရေးရှိတယ်။ အလယ်ပိုင်း လွင်ပြင်ဒေသရဲ့ မဟာထန်က သူ့ရဲ့ သူရဲကောင်းဆန်မှုကြောင့် ကျော်ကြားပြီး လူငယ် လက်ရွေးစင်တွေ စုစည်းနေတာကြောင့် ထင်ရှားကျော်ကြားတယ်။ သူတို့က ဒီလိုပြိုင်ပွဲမျိုးအတွက် လှည့်စားစရာ မလိုလောက်ဘူး ဟုတ်တယ်မလား”
ဝူရှန်းပထမမင်းသားတွင် ဝင့်ကြွားသော အမူအရာ ရှိသော်လည်း သူ့မျက်လုံးများက စဉ်းလဲမှုဖြင့် တောက်ပနေခဲ့သည်။
“... မင်းတို့ ဘာကြည့်နေတာလဲ။ မင်းတို့ဘာလို့ သူ့ကို မဖမ်းကြသေးတာလဲ”
ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထို့နောက် ဝမ်ချောင်သည် သူ့နောက်မှနေ၍ ပြေးလွှားလာနေသည့် ခြေသံများကို ကြားလိုက်ရကာ တစ်ယောက်ထက်ပိုသော အားကောင်းသည့် စွမ်းအင်များက အဆက်မပြတ် ချဉ်းကပ်လာနေခဲ့သည်။ သူရယ်မောလိုက်ပြီး လှည့်ပင်ကြည့်မနေဘဲ သူ့နောက်သို့ မျက်စိကျိန်းမတက် တံဆိပ်တစ်ခု ပစ်လွှတ်လိုက်ကာ ၎င်းက ဘုရင့်စစ်သည် နှစ်ယောက်၏ရှေ့တွင် ကျဆင်းသွားခဲ့သည်။
တံဆိပ်ပေါ်ရှိ ထိုအသက်ဝင်လှသော နဂါးကိုမြင်သည်နှင့် ဘုရင့်စစ်သည် နှစ်ယောက်တို့သည် တုန်ခါသွားခဲ့ပြီး ရပ်တန့်လိုက်ကြသည်။
“ဟား ဟား ဟား ဟား ငါဘယ်သူလဲဆိုတာ မင်းသိချင်နေတယ်မလား။ မင်းဆန္ဒရှိတဲ့အတိုင်းပဲ ငါမင်းကို ပြောပြမယ်”
ဝမ်ချောင် လေ့ကျင့်ရေး ကွင်းကိုဖြတ်၍ ဝူရှန်းပထမမင်းသားကို ကြည့်လိုက်သည်။ သူသည် မယုံနိုင်စရာကောင်းသော ထက်မြက်သည့် အတွင်းသိစိတ်ကို ပိုင်ဆိုင်ထားသောကြောင့် ဤမင်းသား လိုချင်နေသည့်အရာကို သူသိခဲ့ပြီးဖြစ်သည်။
သူ့ညာလက်သည် သူ့ဦးထုတ်နံဘေးကို ဆုပ်ကိုင်လိုက်ပြီး ဆွဲချွတ်လိုက်သည်။ ရှည်လျားသော နက်မှောင်သည့် ဆံကေသာက ခေါင်းတစ်လုံးမှနေ၍ ပြေကျလာခဲ့၏။ အံ့ဝင်ခွင်ကျဖြစ်သော ချပ်ဝတ်တန်ဆာအောက်တွင် ဖြူဖွေးသော မျက်နှာတစ်ခု ပေါ်လာခဲ့ပြီး ကြည့်ကောင်းသော လူငယ်တစ်ဦး၏မျက်နှာ ပေါ်လာခဲ့သည်။
“အာ”
ဤလူငယ်နှင့် တမူထူးခြားသော မျက်နှာကို မြင်လိုက်သည်နှင့် လူအုပ်ကြီးဆီမှ အော်သံများ ထွက်ပေါ်လာခဲ့သည်။
လေ့ကျင့်ရေးကွင်း၏ အစွန်အဖျားရှိ အဆောက်အဦးတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ရာထူးအဆင့်မြင့်သည့် လူဖြစ်သည်မှာ ထင်ရှားသည့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ အရာရှိတစ်ယောက်သည် ရုတ်တရက် ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် မိုးကြိုးဖြင့် အပစ်ခံလိုက်ရပုံရပြီး သူ့အမူအရာက အဆက်မပြတ် ပြောင်းလဲသွားခဲ့သည်။
“အဲ့ဒါသူပဲ”
ဤအခိုက်အတန့်တွင် သူသည် လေ့ကျင့်ရေးကွင်းတွင် ရုတ်တရက် ပေါ်လာခဲ့သော ဤလူငယ်က မည်သူဖြစ်သည်ဆိုသည်ကို မှတ်မိသွားခဲ့သည်။ မှီခိုသူများ၏ ဘုရင့်အမှုထမ်းတွင် မကြိုဆိုဆုံးနှင့် အမုန်းတီးဆုံး လူတစ်ယောက်မှာ မေးခွန်းထုတ်စရာမလိုဘဲ သူ့မျက်စိရှေ့ရှိ ဤလူငယ်လေးဖြစ်သည်။
ဒေသဆိုင်ရာ တပ်မှူးများ ဖြစ်ရပ်ဖြစ်စေ သို့မဟုတ် ဂိုဂူလျော လုပ်ကြံသူများ ဖြစ်ရပ်ဖြစ်စေ ဝမ်ချောင် ပြုလုပ်လိုက်သည့် အရာရာတိုင်းသည် မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ ကြီးစွာသော အားထုတ်မှုများကို အလွယ်တကူ ပြောင်းလဲစေခဲ့သည်။
ဝမ်ကလန်သည် သူတို့လိုချင်သည့် ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို ရရှိသွားခဲ့သော်လည်း မြို့တော်တွင် သူတို့ ဖန်တီးခဲ့သည့် မပြေလည်မှုများကို ငြိမ်းအေးစေရန်အတွက် မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် တိုင်းတစ်ပါးသံတမန်များကို ကျေနပ်စေရန် ငွေကြေးအမြောက်အများနှင့် စွမ်းအား အမြောက်အများကို သုံးစွဲခဲ့ရသည်။ သူတို့သည် မြို့တော်ရှိဟူနှင့် အခြားတိုင်းတစ်ပါးသားများကိုလည်း ဤအရာအားလုံးက မတော်တဆမှု တစ်ခုဖြစ်ကြောင်း တိုင်းတစ်ပါး တိုင်းပြည်များအပေါ် တိုင်းပြည်၏ မူဝါဒသည် ပြောင်းလဲမည်မဟုတ်ကြောင်း စည်းရုံးခဲ့ရသည်။
မေးခွန်းထုတ်စရာ မလိုဘဲ မှီခိုသူများ၏ ဘုရင့်အမှုထမ်း တစ်ခုလုံးသည် ဝမ်ကလန်၏ ဤအငယ်ဆုံး မျိုးဆက်ကို မုန်းတီးရာတွင် တစ်စိတ်တစ်ဝမ်းထဲ ဖြစ်ကြသည်။
“ခွေးမသားတွေ ငါသူတို့ကို မပြောခဲ့ဘူးလား။ သူတို့က ဝမ်ကလန်ရဲ့ ဒီမျိုးဆက်ကို နီးကပ်လာစေလို့ မရဘူး။ သူကဘယ်လိုလုပ်ပြီး လူအုပ်ထဲမှာ ရောနေခဲ့တာလဲ”
မှီခိုသူများ၏ ဘုရင့်အမှုထမ်း ငှာနမှ ထိုအရာရှိ၏ နဖူးပေါ်ရှိ သွေးကြောများသည် ထောင်ထနေခဲ့ကြသည်။ သူသည် ဤလေ့ကျင့်ရေးကွင်း ကိစ္စက လက်ထဲမှ လွတ်ထွက်သွားနိုင်သည်ဟူသော အလွန်ဆိုးရွားသည့် နမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဝမ်ကလန်၏ ဤမျိုးဆက်ပေါ်လာသည့် နေရာတိုင်း ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။
အရာရှိသည် သူ့နဖူးကို နှိပ်လိုက်ပြီး ပြောလိုက်၏။
“သူ့ကိုရပ်လိုက်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဝူရှန်းပထမမင်းသားကို ထိခိုက်စေလို့ မရဘူး”
“သခင် အဲ့ဒါက အရမ်းနောက်ကျသွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ်...”
မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ ဝမ်ချောင်ဆီ ချဉ်းကပ်နေသော ထိုလူနှစ်ယောက်ကို သူကြည့်လိုက်သောအခါ သူစိုးရိမ်တကြီး ပြောလိုက်၏။
“အဲ့ဒီတိဗက်ကရော အဲ့ဒီသခင်လေးကရော ကျွန်တော်တို့ကို သဘောတူမှာ မဟုတ်ဘူး။ ဒါ့အပြင် ဝမ်ချောင်မှာ သူနဲ့အတူ စုန့်ဘုရင်တံဆိပ်လည်း ရှိသေးတယ်...”
ဤနောက်ဆုံး စကားလုံးများက ဤအရာရှိ၏ အရှိုက်ကို ရိုက်ခတ်သွားခဲ့သည်။ လေလျော့သွားသော ပူဖောင်းတစ်ခုကဲ့သို့ သူသည် သူ့ထိုင်ခုံပေါ်သို့ ပြိုကျသွားခဲ့သည်။
စုန့်ဘုရင်တံဆိပ်
ခိုင်ခံ့သည့် နံရံတစ်ခုကဲ့သို့ ၎င်းက သူ့အတွေးအားလုံးကို ပိတ်ဆို့သွားခဲ့သည်။
***
“စိုးရိမ်စရာ မလိုပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ မဟာထန်မှာ မင်းကို ကိုင်တွယ်ဖို့ အားကောင်းတဲ့ တစ်စုံတစ်ယောက် စေလွှတ်စရာ မလိုပါဘူး။ ငါ့ကိုစေလွှတ်တာကပဲ လုံလောက်တယ်”
အဆောက်အဦးမှ သူ့ကိုကြည့်နေခဲ့သည့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ အရာရှိတစ်ဦးကို ဝမ်ချောင် မသိခဲ့ပေ။ စကားပြောနေစဉ် ဝမ်ချောင်သည် သူ့ဦးထုတ်ကို ပြန်ဆောင်းလိုက်၏။ သူ့မျက်လုံးများကိုသာ ဖော်ပြထားခြင်းနှင့်အတူ သူသည် သူ့မြင်းကို ရှေ့သို့မောင်းနှင်လိုက်သည်။
“ဘယ်လိုတောင် မောက်မာလိုက်သလဲ။ မင်းက သေချင်နေတာကြောင့် ငါမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ရက်စက်သည့် အကြည့်တစ်ခုက ဝူရှန်းပထမမင်းသား၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ နောက်ထပ် စကားတစ်ခွန်း ဆိုမနေဘဲ သူသည် လေ့ကျင့်ရေးကွင်း၏ တစ်ခြားတစ်ဖက်သို့ သူ့မြင်းကို မောင်းသွားလိုက်သည်။
ဝမ်ချောင် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ရှုံးနိမ့်သွားသည့် သခင်လေးကို အဝေးသို့ သယ်ဆောင်သွားခဲ့သည်ကို မြင်လိုက်ရသည်။ သူအေးစက်စက် ရယ်မောလိုက်ကာ မင်းသားနှင့် မျက်နှာချင်းဆိုင် လေ့ကျင့်ရေးကွင်း၏ အခြားတစ်ဖက်သို့ သူ့မြင်းကို မောင်းသွားလိုက်သည်။
ဝမ်ချောင် သူ့ခန္ဓာကိုယ်မှနေ၍ စွမ်းအင်တစ်စကိုပင် မထုတ်လွှတ်ခဲ့ပေ။ ဤသည်က သူမည်သည့်အကွက်ကို အသုံးပြုလိမ့်မည်နှင့် သူမည်မျှ သန်မာသည်ကို သိမြင်နိုင်ရန် ဝူရှန်းပထမမင်းသားကို ပိတ်ဆို့ထားခဲ့သည်။
အရှေ့ဘက်တွင် တစ်ယောက်နှင့် အနောက်ဘက်တွင် တစ်ယောက် ဤလူနှစ်ယောက်တို့သည် ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းကိုဖြတ်၍ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။ လေထုသည် ချက်ချင်း တင်းမာလာခဲ့၏။
လူအိုကြီး လင်းယုန်ငှက်၊ ဟွမ်ချန်အာ၊ မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ ထိုအရာရှိ၊ တုစုန့်မန့်ဖော်ကျယ်နှင့် လေ့ကျင့်ရေးကွင်း ပတ်ပတ်လည်ရှိ လူအားလုံးတို့သည် ဤနှစ်ဦးအပေါ် လုံးဝ အာရုံစိုက်ထားခဲ့ကြသည်။
၎င်းမှာအလွန်တိတ်ဆိတ်လှပြီး သစ်ရွက်တစ်ရွက် ကြွေကျသွားလျှင်ပင် ကြားရနိုင်သည်အထိ ဖြစ်သည်။
ဝူး
ဝမ်ချောင်၏လက်သည် ငွေရောင်လံတစ်စင်းကို သူ့ရှေ့တွင် ဆန့်ထုတ်လိုက်ပြီး ထိုလံ၏ ကျောက်စိမ်းရိုင်းသံမဏိထိပ်က အဝေးရှိ မင်းသားကို ချိန်ရွယ်ထားခဲ့သည်။
“ဟမ်”
ဝမ်ချောင် နှာခေါင်းရှုံ့လိုက်ပြီး သူ့ခန္ဓာကိုယ်ရှိ ကြယ်တာရာ စွမ်းအင်အားလုံးတို့သည် ရုတ်တရက် အသက်ဝင်လာခဲ့ကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးက အုံ့မှိုင်းသည့် အရှိန်အဝါတစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
သူသည် အနောက်ပိုင်းလမ်းမများ၌ ဖြစ်ပျက်ခဲ့သော အရာများအတွက် ကလဲ့စားချေရန် ဤနေရာသို့ လာခဲ့ခြင်းမဟုတ်ပေ။
မြို့တော်အလယ်တွင် ဤသို့သော စိန်ခေါ်မှုတစ်ခုကို ကြေညာရန်မှာ ဤတိဗက်တို့သည် အလွန်မောက်မာစွာ ပြုမူနေကြခြင်းဖြစ်သည်။ မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ လူများသည်ပင် သူတို့ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ဘုန်း
ကမ္ဘာမြေကြီး တုန်ခါသွားခဲ့ကာ နောက်တစ်ခဏတွင် ခွာဖြူအရိပ်သည် ရှေ့သို့ပြေးထွက်သွားခဲ့ပြီး ဝူရှန်းပထမမင်းသားဆီသို့ လျှပ်စီးကြောင်း တစ်ခုကဲ့သို့ ဝမ်ချောင်ကို သယ်ဆောင်သွားခဲ့သည်။
“လာစမ်းပါ”
မင်းသားသည် ရက်စက်သည့် အပြုံးတစ်ခုကို ပြုံးလိုက်ကာ သူ့အညိုရောင်မြင်းသည် မြည်ဟီးလိုက်ပြီး အလားတူ ခမ်းနားထည်ဝါသော အရှိန်အဟုန်တစ်ခုဖြင့် ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
ခဏအတွင်းမှာပင် ဤစစ်မြင်းနှစ်ကောင်တို့သည် အမြင့်ဆုံး အရှိန်အဟုန်သို့ ရောက်ရှိသွားခဲ့ကြသည်။
ကျန့်လေးဆယ် ကျန့်သုံးဆယ်
ဘုန်း
သတ္တုထစ်ချုန်းသံတစ်ခု ပေါ်လာခဲ့၏။ တုန့်ဆိုင်းမနေဘဲ ဝမ်ချောင်သည် ဆည်းဆာရောင် မြင်းလားချီစက်ကွင်းကို ထုတ်လွှတ်လိုက်သည်။
ဧရာမချီစက်ကွင်းတစ်ခုသည် ဝမ်ချောင်၏ ခန္ဓာက်ိုယ်မှနေ၍ ခွာဖြူအရိပ်၏ ခြေဖဝါးများသို့ ကျယ်ပြန့်သွားခဲ့ပြီးနောက် စတင်ကျယ်ပြောလာခဲ့သည်။ ဤဧရာမ ချီစက်ကွင်းသည် ဂျင်တစ်ထောင်ထက် ပိုလေးပြီး မြေကြီးကို အနည်းငယ် နိမ့်ဆင်းသွားစေခဲ့သည်။
ဝုန်း
ပထမချီစက်ကွင်းတစ်ခု ပေါ်လာပြီးနောက် နောက်ထပ် ချီစက်ကွင်းတစ်ခု ပေါ်လာခဲ့ကာ နောက်ထပ် အလင်းရောင်တစ်ခု လက်သွားခဲ့သည်။
“ဟား ဟား ဟား ဟား”
ဝမ်ချောင် မြင်းအောက်ရှိ ဤချီစက်ကွင်းများ ပေါ်လာခြင်းက လေ့ကျင့်ရေးကွင်း အနှံ့တွင် ကျယ်လောင်သော ရယ်မောသံတစ်ခုကို ပဲ့တင်ထပ်သွားစေခဲ့သည်။
“ကောင်လေး ဆိုတော့ ဒါကမင်းမှာရှိတဲ့ ကျွမ်းကျင်မှုတွေ အကုန်လုံးပေါ့။ ပြီးတော့ငါက ဒီမှာ မင်းကသန်မာတယ်လို့ တွေးထားခဲ့တာ၊ မင်းတော့ သေချာပေါက် သေပြီ”
ပြေးလွှားနေသော မြင်းပတ်ပတ်လည်တွင် အလင်းရောင်တစ်ချက် လက်သွားခဲ့ကာ ဝူရှန်းပထမမင်းသား၏ နောက်ရှိ လဟာပြင်သည် မည်းမှောင်သွားခဲ့သည်။ ဤအမှောင်ထုထဲတွင် ဧရာမ အနက်ရောင် နွားရိုင်းတစ်ကောင်၏ ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ ၎င်းသည် တစ်စက္ကန့်မျှ ရပ်တန့်နေခဲ့ပြီး မင်းသား၏ မြင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဝူရှန်းပထမမင်းသား၏ အမြန်နှုန်းသည် ချက်ချင်း မြန်ဆန်သွားခဲ့သည်။
ဤခဏတွင် သတ္တုထစ်ချုန်းသံများ ထွက်ပေါ်လာခဲ့သည်။ တစ် နှစ် သုံး... ချီစက်ကွင်း ငါးခုတို့သည် မင်းသားမြင်း၏ ခွာများအောက်တွင် ကျယ်ပြောလာခဲ့သည်။
ဘုန်း
မြင်းစီးသမား နှစ်ယောက်နှင့် မြင်းနှစ်ကောင်တို့သည် အမြင့်ဆုံးအချိန်သို့ ရောက်သွားခဲ့ကြကာ လေဟာပြင်သည် တုန်ခါသွားခဲ့သည်။ ပစ်လွှတ်လိုက်သော ကြယ်နှစ်စင်းကဲ့သို့ သူတို့သည် တစ်ဦးဆီသို့တစ်ဦး ဂရုမစိုက်စွာ ပြေးလွှားသွားခဲ့ကြသည်။
တုန့်ဆိုင်းနေခြင်း သို့မဟုတ် တွေဝေနေခြင်း မရှိခဲ့ပေ။
အမြန်နှုန်းသည် အလွန်တရာမှ မြန်ဆန်လှသောကြောင့် သူတို့နှစ်ယောက်သည် လေ့ကျင့်ရေး ကွင်းတွင် ဧရာမလေပြင်းတစ်ခုကို ဖြစ်စေခဲ့ပြီး လေထဲတွင် လေချွန်သံများကို ဖြစ်ပေါ်လာစေခဲ့သည်။
**********************************
အပိုင်း ၄၁၅
ဝူရှန်းပထမမင်းသားကို သတ်ဖြတ်ခြင်း
“မကောင်းတော့ဘူး"
လူအုပ်ထဲတွင် ဟွမ်ချန်အာ၏ မျက်နှာသည် ဤမြင်ကွင်းကြောင့် ချက်ချင်း တင်းမာသွားခဲ့ပြီး သူမ၏နှလုံးသားက စတင်၍ ပြင်းထန်စွာ ခုန်လာခဲ့သည်။ ဝူရှန်းပထမမင်းသား၏ ခွန်အားသည် ဝမ်ချောင်ယှဉ်နိုင်သည့် အရာမဟုတ်ပေ။
လူအိုကြီး လင်းယုန်ငှက်သည်လည်း စိုးရိမ်မှုအချို့ကို ပြသနေခဲ့သည်။
သူသည် တည်ငြိမ်စွာ ပြောခဲ့သော်လည်း သူ့စိုးရိမ်မှုသည် ဟွမ်ချန်အာထက် မလျော့နည်းခဲ့ပေ။
ထို့အပြင် လူအုပ်ကြီးသည်လည်း မှင်သက်စွာ သက်ပြင်းချနေခဲ့ကြသည်။
“ဟီး ဟီး ဟီး ဒီကောင်တော့ သေချာပေါက် သေပြီပဲ”
တိဗက် သံတမန်အဖွဲ့၏ မြင်းစစ်သည်များသည် အတူတကွ စုစည်းနေခဲ့ကြပြီး ဝမ်ချောင်ကို အလောင်းတစ်ကောင်ကဲ့သို့ ကြည့်လိုက်ကြကာ လှောင်ပြောင်နေခဲ့ကြသည်။
မင်းသားရှုံးနိမ့်သွားသည်ကို မြင်ရန် အားထားနေခဲ့ကြသည့် လူများသည်ပင် ဝမ်ချောင်၏ အခွင့်အလမ်းကောင်းကို မမြင်ခဲ့ကြပေ။ ဤအဆင့်တွင် ဝမ်ချောင်သည် ဝူရှန်းပထမမင်းသားအတွက် ပြိုင်ဘက်မဟုတ်ပေ။
“ဟမ် ဒါကိုမင်းကိုယ်တိုင် လုပ်ခဲ့တာပဲ။ ငါ့ကိုအပြစ်မတင်နဲ့”
လေ့ကျင့်ရေးကွင်း၏ အစွန်အဖျားရှိ အဆောက်အဦးတွင် မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ ပုဂ္ဂိုလ်တစ်ယောက်သည် လသာဆောင်တွင် မတ်တပ်ရပ်နေခဲ့ပြီး သူ့လက်များက လက်ရန်းပေါ်တွင် တင်ထားခဲ့ကာ သူရယ်မောလိုက်သည်။
မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် ဝမ်ချောင်ကို မကိုင်တွယ်နိုင်သော်လည်း အကယ်၍ ဝမ်ချောင်သည် သေခြင်းတရားကို ရှာဖွေနေခဲ့ပါက သူတို့ကို အပြစ်တင်၍မရပေ။ ပညာရှင် ဧကရာဇ်က ဤနေရာတွင် ရှိနေခဲ့လျှင်ပင် သူသည် ဤပြစ်မှုကို သူတို့ခေါင်းပေါ် ပုံချနိုင်မည် မဟုတ်ပေ။
ဤအခိုက်တွင် ဝမ်ချောင်အပေါ် ယုံကြည်မှု ရှိနေသေးသည့် တစ်ဦးထဲသောသူမှာ သူကိုယ်တိုင် ဖြစ်နိုင်သည်။
ကျန့်နှစ်ဆယ်
ကျန့်တစ်ဆယ်
ရှစ်ကျန့်
***
အချိန်သည် တစ်ခဏမျှ ရပ်တန့်သွားခဲ့ပုံရ၏။ ဝမ်ချောင်သည် ဝူရှန်းပထမမင်းသားမှ ခြောက်ကျန့် အကွာအဝေးသို့ ရောက်လာသောအခါ သူ၏ကြည်လင်သော မျက်လုံးများသည် အေးစက်သည့် အလင်းရောင်တစ်ခုအဖြစ် တောက်ပသွားခဲ့ပြီး ပြောင်းလဲမှုများက ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
ဝူး
ဝမ်ချောင်၏ လက်ဝါးသည် တုန်ခါသွားခဲ့ပြီး အေးစက်သည့် အလင်းရောင်တစ်ခုက လေထဲမှနေ၍ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ သို့သော်လည်း ဤအေးစက်သည့် အလင်းက မင်းသားကို မရည်ရွယ်ခဲ့ပေ။ သို့သော် သူ့အောက်ရှိ အညိုရောင်ဖျော့ဖျော့မြင်းကို ရည်ရွယ်ခဲ့သည်။
ဝူး
မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်ချောင်၏ မက်မွန်သီးအရွယ် ကြယ်တာရာစွမ်းအင် သံမဏိဝတ်ရုံသည် မြင်း၏ပွင့်နေသော ပါးစပ်ထဲသို့ ဝင်သွားခဲ့ပြီး ၎င်း၏ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဤသို့သော တိုတောင်းသည့် အကွာအဝေးတွင် ဝူရှန်းပထမမင်းသားသည်ပင် တုန့်ပြန်ရန် အချိန်မရှိခဲ့ပေ။
ရှုး
သူတို့နှစ်ဦးသည် တိုက်မိတော့မည့် အချိန်တွင် ခွာဖြူအရိပ်သည် အမြန်ဆုံးအရှိန်သို့ ရောက်နေခဲ့ပြီး ၎င်း၏လမ်းကြောင်းက ပြောင်းလဲရန် မဖြစ်နိုင်လုနီးပါး ဖြစ်နေချိန်တွင် မြင်းသည် ရုတ်တရက် လှည့်လိုက်ပြီး မင်းသားမှ ကျန်အနည်းငယ် အကွာအဝေး လေထဲတွင် ဝှေ့ဝိုက်သွားခဲ့ကာ ပွတ်တိုက်ဖြတ်သန်းသွားခဲ့သည်။
ဤအကွက်သည် လူအုပ်ကြီးကို အံ့အားသင့်သွားစေခဲ့သည်သာမက ဝူရှန်းပထမမင်းသားကိုပင် ကြက်သေ သေသွားစေခဲ့သည်။ တစ်ယောက်သည် မြန်ဆန်စွာ လှုပ်ရှားလေလေ လမ်းကြောင်းကို ပြောင်းလဲရန် ခက်ခဲလေလေဖြစ်ကြောင်း လူတိုင်းသိထားကြသည်။
ကြီးမားသော အရှိန်အဟုန်က ထိုမျှလွယ်ကူစွာ ဖျောက်ဖျက်ရန် မဖြစ်နိုင်ပေ။ ရူးမိုက်စွာ ဦးတည်ချက်များကို ပြောင်းလဲခြင်းက စစ်မြင်းကို အရှိန်အဟုန် အင်အားအောက်တွင် ၎င်း၏အရိုးများကိုသာ ကျိုးပျက်စေလိမ့်မည်ဖြစ်ပြီး မြေကြီးပေါ်သို့ လဲကျသွားစေပေလိမ့်မည်။
သာမာန်မြင်းများသည် ထိုသို့သော စွမ်းဆောင်ချက်တစ်ခုကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဝုန်း
နောက်ထပ်တွေးတောရန် အချိန်မရှိမီမှာပင် စစ်မြင်းများသည် အချင်းချင်း ဖြတ်သန်းသွားခဲ့ကြသည်။ မင်းသား၏ အညိုရောင်ဖျော့ဖျော့မြင်းသည် မြည်ဟီးလိုက်ပြီး လျင်မြန်စွာ လိမ့်နေသည့် ကျောက်တုံးတစ်တုံးကဲ့သို့ ဝူရှန်းပထမမင်းသားနှင့် အတူတကွ လဲကျသွားခဲ့သည်။
ဝူး
ထို့နောက် တစ်ချိန်ထဲနီးပါးမှာပင် ကျန့်တစ်ဆယ်ကျော် အကွာအဝေးသို့ ရောက်နေပြီဖြစ်သည့် ဝမ်ချောင်သည် S ပုံသဏ္ဍန် လှုပ်ရှားမှုတစ်ခုဖြင့် လှည့်လိုက်ပြီး သူ့လမ်းကြောင်းကို ချက်ချင်းနီးပါး နောက်ပြန်လှည့်လိုက်သည်။ သူ့အမြန်နှုန်းသည် လျော့ကျမသွားသည်သာမက သူသည် ယခုတွင် ပို၍ပင် မြန်ဆန်စွာ လှုပ်ရှားနေခဲ့သည်။ သူသည် သူ့လှံနှင့် တစ်သားထဲ ဖြစ်နေခဲ့ပြီး လှံထိပ်က မြင်းအလောင်းမှနေ၍ ယခုလေးတင် ထွက်လာနေသည့် မင်းသားဆီသို့ လျှင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။
“မကောင်းတော့ဘူး။ မြွေလိမ် မြွေကောက်ပတ်လမ်း။ ဒီလူငယ်က ဘယ်လိုလုပ်ပြီး အဲ့လိုအဆင့်မြင့် မြင်းလှုပ်ရှားမှု နည်းစနစ်တစ်ခုကို သိနေရတာလဲ”
အဝေးရှိ ကြည့်ရှု့နေသော ဝူရှန်း မဟာစစ်သူကြီး တုစုန့်မန့်ဖော်ကျယ်၏ နားထင်များ တင်းကြပ်သွားခဲ့သည်။ သူသည် ဝမ်ချောင် အသုံးပြုလိုက်သည့် ပြောင်မြောက်လှသော မြင်းလှုပ်ရှားမှု နည်းစနစ်ကို ချက်ချင်း မှတ်မိသွားခဲ့ပြီး သူ့တစ်ကိုယ်လုံးက ပြောင်းလဲသွားခဲ့သည်။
“မြွေလိမ် မြွေကောက် ပတ်လမ်း”
ဤသည်မှာ ကမ္ဘာပေါ်ရှိ ထိပ်သီး မြင်းလှုပ်ရှားမှုနည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။ ကျဉ်းမြောင်းသော နေရာများတွင် လက်ရွေးစင် မြင်းစစ်သည်များသည် ရပ်တန့်သွားခြင်း မရှိဘဲ ၎င်းတို့၏ အမြန်နှုန်းကိုပင် တိုးတက်စေသည့် ၁၈၀ဒီဂရီ ချိုးကွေ့မှုတစ်ခုကို ပြုလုပ်နိုင်စေသည်။
မြင်းတပ်သည် အားကောင်းပြီး အရေးပါဆုံး နေရာဖြစ်သည့် စစ်မြေပြင်တွင် တစ်ယောက်သည် ဤသို့သော နည်းစနစ်တစ်ခုက မည်မျှအသုံးဝင်သည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။
သို့သော် မဟာထန်နှင့် ဝူရှန်း နှစ်ခုလုံးတွင် ဤမြင်းလှုပ်ရှားမှု နည်းစနစ်သည် သာမာန်လူတစ်ယောက် ဖမ်းဆုပ်နားလည်နိုင်သည့် အရာမဟုတ်ပေ။ တစ်ယောက်သည် မြင်းတစ်ကောင်၏ လှုပ်ရှားမှုများကို သိမ်မွေ့စွာ ထိန်းချုပ်နိုင်ရန် အနည်းဆုံး စစ်သူကြီးတစ်ဦး ဖြစ်ရပေမည်။
ဤသည်မှာ မဟာကလန်တစ်ခုမှ သာမာန်လူငယ်လေးတစ်ယောက် သို့မဟုတ် မြို့တော်ရှိ မျိုးဆက်တစ်ယောက် ဆုပ်ကိုင်နိုင်သည့် အရာမဟုတ်ပေ။ သို့သော် ဝမ်ချောင်သည် ဤလှုပ်ရှားမှုတွင် အမှန်ပင် အလွန်ကောင်းမွန်စွာ လေ့ကျင့်ထားခဲ့သည်။
တုစုန့်မန့်ဖော်ကျယ်သည် သူ့စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရကာ သူ့နှလုံးသားက တင်းကြပ်သွားခဲ့သည်။ ဝှီးကနဲ မြည်သံနှင့်အတူ သူသည် လူအုပ်ကြီးဆီမှ ပြေးထွက်သွားခဲ့သည်။
တုစုန့်မန့်ဖော်ကျယ်၏ တုန့်ပြန်မှုသည် မြန်ဆန်သော်လည်း ဝမ်ချောင်က ပိုမြန်ခဲ့၏။
ဝုန်း
ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းတွင် ဝမ်ချောင်သည် ဖုန်မှုန့်စွပ်ကြောင်းကို ဖြစ်စေခဲ့ပြီး ကမ္ဘာမြေကြီးကို ကွဲအက်သွားစေခဲ့သည်။ ဆည်းဆာရောင် မြင်းလားချီစက်ကွင်းနှင့် ဝမ်ချောင်၏ ကိုယ်ပိုင်ခွန်အားတို့နှင့်အတူ ခွာဖြူအရိပ်၏ အမြန်နှုန်းသည် ဝမ်ချောင်ကို အစစ်အမှန် သိုင်းအဆင့်(၅) ကျွမ်းကျင်သူတစ်ယောက်ကို ယှဉ်နိုင်သည့်စွမ်းအားကို ရရှိစေခဲ့သည်။
“လာစမ်းပါ”
ဝမ်ချောင် ပြင်းထန်စွာ အော်ဟစ်လိုက်ကာ သူ့လက်ထဲရှိ ငွေရောင်လှံက ကြောက်မက်ဖွယ်ကောင်းသည့် အလင်းရောင်တစ်ခုဖြင့် ပေါက်ကွဲနေခဲ့သည်။ လက်ရှိဝမ်ချောင်သည် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။
ဤအခိုက်တွင် သူ့မြင်းသေသွားခဲ့ပြီဖြစ်သည့် ဝူရှန်းပထမမင်းသားသည် ယုတ်မာသည့် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး မည်သူမျှ မမျှော်လင့်ထားသည့် အရာတစ်ခုကို ပြုလုပ်လိုက်သည်။
သူသည် ဝမ်ချောင်၏ ခွန်အားပြည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် နောက်ဆုတ်ခဲ့ခြင်း မရှိပေ။ ထိုအစားသူသည် သူ့ဆေဘာကို ဆွဲထုတ်လိုက်ပြီး ဝမ်ချောင်ကို ခေါ်လိုက်ကာ သူ့ခန္ဓာကိုယ်ကို လုံးဝလှပ်ပြထားခဲ့ပြီး ကိုယ့်ကိုယ်ကိုကာကွယ်ရန် မကြိုးစားခဲ့ပေ။
“ခွေးမသား”
“စက်ဆုပ်ဖို့ ကောင်းတဲ့ကောင်”
“အရှက်မရှိတဲ့ကောင်”
“ဒီအကွက်ပဲလား”
***
လေ့ကျင့်ရေး ကွင်းပတ်ပတ်လည်ရှိ လူအုပ်ကြီးသည် ဤမြင်ကွင်းကြောင့် ဒေါသထွက်သွားခဲ့ကြပြီး စတင်ကျိန်ဆဲလိုက်ကြသည်။ ကြည့်ရှု့သူများသည် ဤမြင်ကွင်းကို အလွန်ရင်းနှီးကြပေသည်။ ဝူရှန်းပထမမင်းသားသည် သူ့နည်းလမ်းဟောင်းကို မှီခိုနေသည်မှာ ရှင်းလင်းနေပြီး သူ့ခန္ဓာကိုယ်ကို ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်နေပေသည်။ သူသည် ဝမ်ချောင်ကို ရင်ဆိုင်ရန် အခြားသခင်လေးများကို ရင်ဆိုင်ရန် သူအသုံးပြုခဲ့သည့် နည်းလမ်းကို သူအသုံးပြုရန် စီစဉ်နေခဲ့ပေသည်။
“ဟမ် မင်းကသေချင်နေတာပဲ ငါ့ကိုအပြစ်မတင်နဲ့”
တစ်ခြားလူများနှင့် မတူဘဲ ဝမ်ချောင်သည် ဤမြင်ကွင်းကို လှောင်ရယ်လိုက်ပြီး မင်းသားကို သေလူတစ်ယောက်ကဲ့သို့ ရှု့မြင်လိုက်သည်။ ဝူရှန်းပထမမင်းသားသည် အကယ်၍သူက သူ့ကို ရင်ဆိုင်ရာတွင် ဤအကွက်က အလုပ်ဖြစ်မည်ဟု တွေးထင်နေခဲ့ပါက သူသည် အမှန်ပင် လူမှားသွားခဲ့ပြီဖြစ်သည်။
တစ်ခြားလူများသည် သူ့ကိုသတ်မိမည်ကို စိုးရိမ်သောကြောင့် နောက်ဆုတ်သွားနိုင်သော်လည်း သူ ဝမ်ချောင်သည်တော့ တစ်ခြားလူများနှင့် မတူပေ။
ဘန်း
ကမ္ဘာမြေကြီး တုန်ခါသွားစေသည့် ပေါက်ကွဲသံနှင့်အတူ ဝမ်ချောင်နှင့် သူ့မြင်းတို့သည် နောက်ဆုံးတွင် မင်းသားနှင့် လေထဲတွင် တွေ့ဆုံသွားခဲ့ကြသည်။
ထိုသည်မှာ ကြယ်တံခွန်တစ်ခုက လေဟာပြင်တွင် တိုက်မိသွားကြသကဲ့သို့ဖြစ်သည်။ အားကောင်းသော စွမ်းအင်လှိုင်းလုံးများက ပြင်းထန်သော လေပြင်းများကဲ့သို့ လေ့ကျင့်ရေးကွင်းကို ရိုက်ခတ်သွားခဲ့သည်။
ဘုန်း
သူတို့အချင်းချင်း တိုက်မိသွားသော အချိန်တွင် ဝမ်ချောင်သည် သူ့မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။
ကလန်း
လူအုပ်ကြီးက မတုန့်ပြန်နိုင်မီ အေးစက်သည့် အလင်းရောင်တစ်ခုက ဝမ်ချောင်၏ ခေါင်းမှနေ၍ ခြေဖျားအထိ တောက်ပသွားခဲ့သည်။ ဝူရှန်းပထမမင်းသား၏ လုံးဝမပြင်ဆင်ထားသော အခြေအနေကို အမိအရဖမ်းဆုပ်ကာ ဝမ်ချောင်သည် သူ့ကျောက်စိမ်းရိုင်း သံမဏိဓားကို မင်းသား၏နဖူးသို့ တိကျစွာ ထိုးဖောက်လိုက်သည်။
ဤသည်မှာ တိုက်ခိုက်ရန် အချိန်ဖြစ်ခဲ့ပေ၏။
ကြက်သွေးရောင် သွေးများသည် ဝူရှန်းပထမမင်းသား၏ ခေါင်းမှနေ၍ ဖြာထွက်လာခဲ့ပြီး သူ့မျက်လုံးများ၊ မျက်ခုံးများ၊ နှာခေါင်းနှင့် နှုတ်ခမ်းကို ဖုံးလွှမ်းသွားခဲ့သည်။
မင်းသား၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့ပြီး သူ့နှုတ်ခမ်းပါးများက တုန်ရီနေခဲ့သော်လည်း သူသည် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ချေ။
ခလွပ်
သူ့ခန္ဓာကိုယ်သည် သစ်သားရုပ် တစ်ခုကဲ့သို့ ရှေ့သို့ပြိုကျသွားခဲ့သည်။ နောက်ဆုံးအချိန်အထိပင် မင်းသား၏ မျက်လုံးများသည် ပြုးကျယ်နေခဲ့ပြီး ဝမ်ချောင်ကသူ့ကို သတ်ရဲလိမ့်မည်ဟု မယုံကြည်နိုင်သကဲ့သို့ဖြစ်သည်။
နှစ်နိုင်ငံကြား စစ်ပွဲ
ဝူရှန်းတိုင်းပြည်နှင့် မဟာထန်ကြား တိုက်ပွဲတွင် သာမာန်ပြည်သူ သန်းပေါင်းများစွာတို့သည် ဗရမ်းဗတာ အခြေအနေများတွင် သုတ်သင်ခံခဲ့ရပြီး စစ်မြေပြင်တွင် အလောင်းများက မရေမတွက်နိုင်ပေ။ သူသည် မကြောက်ရွံ့ခဲ့ခြင်းလော။
သူသည် အကျိုးဆက်ကို မသိခဲ့ခြင်းလော။
သူ... အမှန်ပင်သူ့ကို သတ်ဖြတ်ရဲခဲ့ပေသည်။
ဘုန်း
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် လေ့ကျင့်ရေးကွင်းသည် သြဘာသံများဖြင့် ပေါက်ကွဲသွားခဲ့သည်။ ဤအခိုက်တွင် သူတို့ဝမ်ချောင်ကို သိသည်ဖြစ်စေ သူတို့ မည်သည့် မဟာကလန်မှဖြစ်စေ သူတို့အားလုံးတို့သည် သူတို့၏လက်များကို မြှောက်လိုက်ကြပြီး စိတ်လှုပ်ရှားစွာ သြဘာပေးလိုက်ကြသည်။
ဝမ်ချောင်သည် ၎င်းကိုပြုလုပ်ခဲ့၏။
ဝမ်ချောင်သည် တကယ့်ကို ထိုမောက်မာလှသည့် ဝူရှန်းပထမမင်းသားကို သတ်ဖြတ်ခဲ့သည်။
ခလွပ်
အနီးအနားရှိ အဆောက်အဦးတွင် မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှာ ထိုအရာရှိသည် သစ်သားလက်ရန်းကို ချိုးဖျက်လိုက်သည်။
“ခွေးမသား ဝမ်ကလန်က... ဝမ်ကလန်က ပုန်ကန်ချင်နေတာလား”
အရာရှိ၏ အမူအရာသည် စိမ်းပြာနေခဲ့ပြီး လက်ရန်းထဲတွင် နစ်မြုပ်နေခဲ့သေးသည့် လက်ဝါးမှ အပြာရောင် သွေးကြောများက ဖောင်းကားနေခဲ့သည်။ သူ၏အလွန်အကျွံ ထိတ်လန့်တုန်လှုပ်မှုနှင့် ဒေါသတို့သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဒေါသကြောင့် တုန်ခါနေစေခဲ့သည်။
ဝူရှန်း၏ ပထမမင်းသား ...
ဝူရှန်းပထမမင်းသား... ဝမ်ကလန်မှာ ထိုမကောင်းဆိုးဝါး သတ္တဝါသည် တကယ့်ကို သူ့အား သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ လုံးဝကံကြမ္မာဆိုး တစ်ခုဖြစ်၏။
'သူဘာလုပ်ခဲ့သလဲဆိုတာရော သူသိရဲ့လား။'
ဤအခိုက်တွင် သူသည် တုန်ရီနေခဲ့ကာ ကောင်းကင်ကြီးကိုယ်၌ကာ တဆတ်ဆတ် တုန်ရီတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။
ထို့အပြင် ဤအဆောက်အဦးရှိ နိုင်ငံရေးအကြောင်းကို အနည်းအကျဉ်း နားလည်ထားကြသော မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှာ အဖွဲ့ဝင်တိုင်းတွင် ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်နေသော အမူအရာများ ရှိနေခဲ့ကြသည်။
သူတို့သည် ရောက်လာတော့မည့် ကပ်ဘေးကို ခံစားနိုင်ခဲ့ကြပြီဖြစ်သည်။
အလားတူ ဖြူလျော်သော အမူအရာသည် နောက်ထပ် အုပ်စုတစ်ခု၏ မျက်နှာများပေါ်တွင် ပေါ်လာခဲ့သည်။
“ဝူရှန်းပထမမင်းသား... သူကတကယ်ပဲ သူ့ကိုသတ်ဖြတ်ခဲ့တယ်”
ဟွမ်ချန်အာ သူမ၏ အင်္ကျီလက်စများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ လှပသော မျက်နှာက ဖြူလျော်နေခဲ့သည်။ အားနည်းသော ဝမ်ချောင်က သန်မာသော ပြိုင်ဘက်ကို အနိုင်ယူလိုက်ခြင်းသည် ပျော်ရွှင်စရာကောင်းသော ကိစ္စဖြစ်သင့်သည်။
သို့သော် ယခုတွင် ဟွမ်ချန်အာ၏ အကြောက်တရားကို အခြားကိစ္စတစ်ခုမှ ဖြစ်စေခဲ့ပေသည်။
ဝူရှန်း၏ပထမမင်းသားသည် အသတ်ခံခဲ့ရပြီး ဝမ်ချောင်၏ လက်ထဲတွင်ဖြစ်သည်။ သူမသည် ရောက်လာတော့မည့် မုန်တိုင်း၏ ပြင်းထန်မှုကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။
ထို့အပြင် ဝမ်ကလန်သည် ဤမုန်တိုင်း၏ ဗဟိုချက် ဖြစ်ပေလိမ့်မည်။
ဟွမ်ကလန်သည် မကြာသေးမီကမှ ဝမ်ကလန်ကို အရှုံးပေးထားခဲ့သည်။ အကယ်၍ ဝမ်ကလန်သည် ပါဝင်ခဲ့ပါက ဟွမ်ကလန်သည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်ချောင်သည် စိတ်လိုက်မာန်ပါ လုပ်လွန်းခဲ့သည်။
“ကောင်လေး မင်းအသက်နဲ့ ပြန်ပေးဆပ်”
ရုတ်တရက်ပင် ဒေါသတကြီး အော်သံတစ်ခုက သြဘာသံများကို တိတ်ဆိတ်သွားစေခဲ့၏။ ဧရာမ လေ့ကျင့်ရေးကွင်း၏ အထက်မှနေ၍ ရွှေရောင်ကြယ်တာရာ စွမ်းအင် အလုံးအရင်းက နှင်းထုတစ်ခု ပြိုကျလာသကဲ့သို့ ဝမ်ချောင်ဆီသို့ တိုးဝင်သွားခဲ့သည်။
ဤဖျက်ဆီးတတ်သော စွမ်းအင်နှင့် နှိုင်းယှဉ်ပါက ဝမ်ချောင်နှင့် ပထမမင်းသားကြား တိုက်ပွဲသည် ကလေးကစားစရာများသာ ဖြစ်ကြပေသည်။
ဤပြင်းထန်သော ရိုက်ချက်ကို မျက်နှာချင်းဆိုင်ရာတွင် သံမဏိသည်ပင် အမှုန့်ဖြစ်သွားလိမ့်မည် ဖြစ်သည်။ အသွေးအသားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်တစ်ခုဆိုပါက ပြောစရာပင် မလိုချေ။
“မကောင်းတော့ဘူး”
လူအိုကြီး လင်းယုန်ငှက် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ကို ချက်ချင်းမြှောက်လိုက်ကာ အချက်ပြလိုက်သည်။
ဘုန်း
ထူထည်းသော သတ္ထုမြှားတစ်စင်းသည် အဖြူရောင် စွမ်းအင်အမြှီးတန်းဖြင့် လျှပ်စီးကဲ့သို့ လေ့ကျင့်ရေး ကွင်းဆီသို့ ပြေးထွက်သွားခဲ့သည်။
သို့တိုင် လေးသခင်တစ်ယောက်၏ ထိုထူထည်းသော သတ္ထုမြှားသည် ရွှေရောင်ကြယ်တာရာ စွမ်းအင်ကို ရိုက်ခတ်မိသွားသောအခါ ၎င်းသည် သံမဏိကို ရိုက်ခတ်သွားသကဲ့သို့ ပြန်ကန်ထွက်မလာမီ ဘုန်းကနဲ မြည်သံတစ်ခုကို ထုတ်လွှတ်လိုက်ကာ အပိုင်းပိုင်းအစစ ကျိုးပျက်သွားခဲ့သည်။
ဤအရာအားလုံးတို့သည် အလွန်ရုတ်တရက် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ မည်သူကများ တိဗက်တို့သည် ၎င်းတို့ကြားတွင် ထိုသို့သော ကျွမ်းကျင်သူတစ်ယောက်ကို ဖုံးကွယ်ထားမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ လူအိုကြီး လင်းယုန်ငှက်သည်ပင် အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ပေ။
“သခင်လေး...”
လူအိုကြီး လင်းယုန်ငှက် ရှေ့သို့ပြေးထွက်သွားခဲ့ကာ သူ့နှလုံးသားက တင်းကြပ်သွားခဲ့သည်။ သို့သော်သူသည် အလွန်နောက်ကျသွားခဲ့ပြီဖြစ်၏။ ဝမ်ချောင်သည် ထိုရွှေရောင်ကြယ်တာရာစွမ်းအင် လှိုင်းလုံးအောက်တွင် သေတော့မည့်ပုံရသည်။ ရုတ်တရက်ပင် လူတိုင်း အသံတစ်ခုကို ကြားလိုက်ရ၏။
“တုစုန့်မန့်ဖော်ကျယ် ခင်ဗျားက ခင်ဗျားရဲ့ တည်ငြိမ်မှုကို ဒီလိုမြန်မြန်ဆန်ဆန် ဆုံးရှုံးလိုက်ရတယ်လား”
အသံသည် မကျယ်လောင်ခဲ့သော်လည်း ဤရိုးရှင်းသော စကားလုံးများက ထိုလှိုင်းတက်လာနေသည့် ဖျက်ဆီးတတ်သော ကြယ်တာရာ စွမ်းအင်အတွက် သဘာဝရန်သူဖြစ်ပုံရသည်။ ၎င်းသည် ၎င်းရှိနေသည့် နေရာတွင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အချိန်နှင့်နေရာက ရပ်တန့်သွားသကဲ့သို့ ဖြစ်သည်။
**************************