← Chapters

အခန်း (၄၁၆-၄၂၀)

Vol. 19 Ch. 416-420

အခန်း (၄၁၆-၄၂၀)

Vol. 19 Ch. 416-420

အပိုင်း (၄၁၆)

ထက်မြက်သော ထုတ်ဖော်ပြောဆိုမှု

လေ့ကျင့်ရေးကွင်းတွင် ဝမ်ချောင်နှင့် တုစုန့်မန့်ဖော်ကျယ်တို့သည် ကျန်းတစ်ဆယ်ကျော် အလှမ်းဝေးပေသည်။ တုစုန့်မန့်ဖော်ကျယ်၏ သားရေဂျက်ကပ်နှင့် ဝတ်ရုံတို့သည် လေထဲတွင် လွင့်မျောနေခဲ့ကြကာ မဟာထန် လူငယ်လေးကို စိုက်ကြည့်နေခဲ့သည်။ ပထမဆုံး အကြိမ်အနေဖြင့် သူသည် အံ့သြသွားခဲ့ပုံရသည်။

သံတမန်အဖွဲ့တွင် သူလိုက်ပါလာခြင်းသည် အလွန်နည်းပါးသော လူများသာသိသော လျို့ဝှက်ချက်တစ်ခုဖြစ်သည်။ ဝူရှန်းရှိ လူများစွာသည်ပင် မသိခဲ့ကြပေ။

တုစုန့်မန့်ဖော်ကျယ်သည် သုံးလကျော် လျို့ဝှက်ထားခဲ့သော ဤလျို့ဝှက်ချက်ကို မဟာထန်၏ ဤစိတ်မချရသော လူငယ်လေးက မည်သို့ ဖော်ထုတ်နိုင်ခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။

ဤအခိုက်တွင် မုန်တိုင်းတစ်ခုက တုစုန့်မန့်ဖော်ကျယ်၏ စိတ်ထဲတွင် တိုက်ခတ်နေခဲ့ပေသည်။ ပထမဆုံး အကြိမ်အနေဖြင့် သူသည် တစ်စုံတစ်ယောက်ကို ဖောက်မမြင်နိုင်သည်ကို တွေ့လိုက်ရသည်။

သို့သော် တုစုန့်မန့်ဖော်ကျယ်သည် အံ့သြသွားခဲ့သည့် တစ်ဦးတည်းသောသူ မဟုတ်ခဲ့ပေ။

“တုစုန့်မန့်ဖော်ကျယ်”

အဝေးရှိ အဆောက်အဦးတစ်ခုတွင် ပုံရိပ်တစ်ခုသည် လသာဆောင်လက်ရမ်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကွင်းထဲရှိ မတ်တပ်ရပ်နေသော ပုဂ္ဂိုလ်ကို မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်ကာ သူ့မျက်လုံးများက ပြူးကျယ်နေခဲ့သည်။

တိုင်းပြည်နှင့် ဝူရှန်းကြား စစ်မြေပြင်များတွင် အလွန်နည်းပါးသော လူများသာ တုစုန့်မန့်ဖော်ကျယ်၏ နာမည်ကို သိကြမည်မဟုတ်ပေ။ ဝူရှန်း၏ ဤမဟာစစ်သူကြီးသည် တိုင်းပြည်၏ အမည်ပျက်စာရင်းတွင် သေချာပေါက် ပါဝင်ပေသည်။

တိုင်းပြည်၏ မြို့တော်တွင် သူ့အသက်ကို လိုချင်နေသည့် လူများမှာ တန်းစီနေပေလိမ့်မည်။

ဤပုဂ္ဂိုလ်မရှိဘဲ ဝူရှန်းသည် ကြီးစွာအားနည်းသွားပေလိမ့်မည်။

သို့သော်လည်း လူများစွာတို့သည် တုစုန့်မန့်ဖော်ကျယ်၏ နာမည်ကို ကြားခဲ့ဖူးသော်လည်း လူအနည်းငယ်ကသာ သူ့ကို အမှန်တကယ် မြင်တွေ့ခဲ့ဖူးပေသည်။ သူသည် သူတို့ရှေ့တွင် ရပ်နေခဲ့လျှင်ပင် အလွန်နည်းပါးသော လူများသာ သူ့ကိုမှတ်မိနိုင်ပေလိမ့်မည်။

မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် တိုင်းတစ်ပါး တိုင်းပြည်များမှာ သံတမန်အဖွဲ့ အားလုံးတို့အတွက် တာဝန်ရှိပြီး သူတို့သည် ဝူရှန်းမှ ဤအဖွဲ့ကို အထူးဂရုစိုက်ခဲ့သည်။

သို့သော် ဝူရှန်း၏ ဤစွမ်းအားကြီးသောပုဂ္ဂိုလ် တုစုန့်မန့်ဖော်ကျယ်သည် မဟာထန်ထဲသို့ ခိုးဝင်လာခဲ့သည်ကို သူတို့ပင်မသိခဲ့ကြပေ။

သူသည် သူတို့မျက်စိအောက်၌ ရှိနေခဲ့ပေ၏။

“လူငယ်လေး မင်းဘာပြောနေတာလဲ”

တုစုန့်မန့်ဖော်ကျယ် တိဗက်ဘာသာစကားဖြင့် ပြောလိုက်သည်။ သူ့အမူအရာသည် တည်ငြိမ်နေခဲ့ပြီး သူသည် သူ့တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်လည်ရရှိသွားခဲ့ကာ အခြားလူများက ခုနက အရာများသည် ပုံရိပ်တစ်ခု ဖြစ်ခဲ့သည်ဟု တွေးထင်နိုင်သည်အထိပင်။

“ဟား ဟား ဟား တုစုန့်မန့်ဖော်ကျယ် ငါဘာပြောနေလဲဆိုတာ မင်းတကယ် မသိဘူးလား”

တုစုန့်မန့်ဖော်ကျယ် ဝမ်ချောင်ကို တိဗက်ဘာသာစကားဖြင့် ပြောခဲ့သော်လည်း ဝမ်ချောင်သည် အလားတူ မလုပ်ဆောင်ခဲ့ပေ။ မရေမတွက်နိုင်သော လူငယ်သခင်လေးများရှေ့တွင် သူသည် အလယ်ပိုင်း လွင်ပြင်ဒေသ၏ ဘာသာစကားဖြင့် ပြောဆိုခဲ့သည်။

“ငါမှတ်မိတာ မမှားရင် ဒဏ္ဍာရီလာ တုစုန့်မန့်ဖော်ကျယ်က ဟန်ရော တိဗက်ဘာသာစကားရော နှစ်မျိုးလုံး ပြောနိုင်တယ်။ ပြီးတော့...ဟား ဟား ဟား တုစုန့်မန့်ဖော်ကျယ် ငါသာမင်းဆိုရင် ဒီအန္တရာယ်များတဲ့ နေရာကနေ ထွက်သွားပြီး မဟာထန်ရဲ့ မြို့တော်မှာ တစ်ခဏတောင်မနေဘဲ မဟာထန်ကနေ မြန်မြန်ထွက်သွားလိမ့်မယ်"

ဝမ်ချောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူသည် နောက်မဆုတ်သွားခဲ့ရုံသာမက သူ့မြင်းကို ရှေ့သို့မောင်းလိုက်ပြီး ဝူရှန်း၏ မဟာစစ်သူကြီးဆီသို့ ဖြေးညှင်းစွာ ချဉ်းကပ်သွားနေခဲ့သည်။

ဝမ်ချောင်သည် တုစုန့်မန့်ဖော်ကျယ်က ဝူရှန်းမင်းသားနှင့် လိုက်ပါလာနိုင်သည်ကို ခန့်မှန်းရုံသာ ခန့်မှန်းခဲ့သည်။ အားလုံးပြီးနောက် ကောလဟာလများသည် လူတစ်ဦးမှ တစ်ဦးသို့ ရောက်လာသောအခါ ပြောင်းလဲသွားခဲ့ကြသောကြောင့် သူတို့ကို အမှန်တရားအဖြစ် မှတ်ယူ၍ မရပေ။

သို့သော် တုစုန့်မန့်ဖော်ကျယ်၏ တုန့်ပြန်မှုက ဤပြဿနာကို ရှင်းလင်းနိုင်ခဲ့သည်။ အကယ်၍ ဝမ်ချောင်သည် အစပိုင်းတွင် ခန့်မှန်းရုံသာ ခန့်မှန်းထားခဲ့ပါက သူသည် ယခုတွင် သူ့ရှေ့ရှိ အထင်ကြီးစရာမကောင်းသော ခန္ဓာကိုယ်နှင့် အရှိန်အဝါကို ထိန်းချုပ်ထားခဲ့သော်လည်း ရဲရင့်ပြီး သန်မာပုံရသေးသည့် ဤတိဗက်သည် ကမ္ဘာတစ်ဝှမ်း ကျော်ကြားသော ဝူရှန်းမဟာ စစ်သူကြီး တုစုန့်မန့်ဖော်ကျယ် ဖြစ်သည်ကို သေချာနိုင်ခဲ့ပြီဖြစ်သည်။

ဝူရှန်းတွင် ကျော်ကြားသော စစ်သူကြီးများစွာ မရှိခဲ့သော်လည်း တုစုန့်မန့်ဖော်ကျယ်သည် သံသယရှိစရာ မလိုဘဲ အရေးကြီးဆုံး လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူဦးဆောင်ခဲ့သော စစ်တပ်များသည် ရက်စက်ကြမ်းကြုတ်ပြီး ရဲရင့်ခဲ့ကြကာ သူသည် အလွန်ဉာဏ်ရည် ထက်မြက်ပြီး သိုင်းပညာရပ်အပေါ်သာ မမှီခိုနေခဲ့ပေ။

မဟာထန်နှင့် ဝူရှန်းကြား စစ်ပွဲများတွင် မဟာထန်သည်အမြဲ အသာစီးရခဲ့သော်လည်း တုစုန့်မန့်ဖော်ကျယ် ပေါ်လာသောအခါ သူသည် ဤအားသာချက်ကို ချိုးနှိမ်လိုက်ပုံရသည်။

စစ်သူကြီးများစွာ အဆင့်မြင့်အရာရှိ များစွာနှင့် ဝါရင့်စစ်မှုထမ်းတို့သည် သူ့စစ်တပ်ထံ ကျရှုံးခဲ့ရပြီး ဤစစ်သူကြီးများနှင့် အရာရှိ အများစုတို့သည် မြို့တော်၏ မဟာကလန်များနှင့် မြင့်မြတ်သော အိမ်တော်များမှ ဆင်းသက်လာခဲ့ကြပေသည်။

တစ်ယောက်သည် ကလန်တစ်ခုက အနောက်ပိုင်း စစ်တပ်များတွင် အဖွဲ့ဝင်များ ရှိသည်နှင့် သူတို့တွင် တုစုန့်မန့်ဖော်ကျယ်အတွက် အရိုးထဲထိ မုန်းတီးမှုတစ်ခု ရှိသည်ကို ပြောနိုင်ပေသည်။

ဤမုန်းတီးမှုသည် အလွန်တရာမှ ပြင်းထန်လှ၏။ အားလုံးပြီးနောက် ဤပုဂ္ဂိုလ် တည်ရှိနေသေးသ၍ အနောက်ပိုင်း နယ်စပ်ရှိ မဟာကလန်များ၏ မျိုးဆက်များသည် မြောက်များစွာ အသတ်ခံနေရပေလိမ့်ဦးမည်။

မြို့တော်တွင် တုစုန့်မန့်ဖော်ကျယ်၏ အသက်ကို နှုတ်ယူရန် ပျော်ရွှင်လိမ့်မည်ဖြစ်သော မဟာကလန်များမှ လူများစွာ ရှိသည်ကို ဝမ်ချောင်သေချာပေသည်။ ဖြစ်နိုင်သည်မှာ နန်းတော်ရှိ ဧကရာဇ်ပင်လျှင် ပါဝင်နိုင်သည်။

မဟာစစ်သူကြီးတစ်ယောက်သည် အသေးအမွှားကိစ္စ မဟုတ်ပေ။

သူကိုယ်တိုင် မဆိုထားနှင့် ဝမ်ကလန်၏ ကျွမ်းကျင်သူများ အားလုံးသည်ပင် ဤမဟာစစ်သူကြီးကို ရင်ဆိုင်ရန် ကူကယ်ရာမဲ့နေလိမ့်မည်ကို ဝမ်ချောင် သိပေသည်။

သို့သော် ဝမ်ကလန်သည် သူ့ကိုမသတ်နိုင်ရုံနှင့် တစ်ခြားနည်းလမ်းများ မရှိဟု မဆိုလိုပေ။ တိုင်းပြည်တွင် သူ့ကိုသတ်နိုင်သည့်လူများ လုံလောက်သည်ထက် ပိုရှိပေသည်။

ဝမ်ချောင်က သူ့ဂုဏ်ဒြပ်ကို ဖော်ထုတ်လိုက်သည်နှင့် သူမှန်သည် မမှန်သည်က အရေးမပါတော့ပေ။ အခြားအရာများကို အခြားလူများက ကိုင်တွယ်ပြီး အဆုံးသတ်ပေလိမ့်မည်။

'မင်းကဒါကို လုပ်ခဲ့တဲ့လူပဲ။'

ဝမ်ချောင်စိတ်ထဲမှ သရော်လိုက်၏။

သာမာန် အခြေအနေများတွင် စစ်မြေပြင် အပြင်ဘက်၌ တုစုန့်မန့်ဖော်ကျယ်ကဲ့သို့ တိုင်းတစ်ပါး မဟာစစ်သူကြီးများကို ရင်ဆိုင်ရန် အခြေခံအားဖြင့် ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော် သူသည် မောက်မာလွန်းပြီး မည်သူမျှ သူ့ကိုမှတ်မိလိမ့်မည် မဟုတ်သည်အထိ သူ့လှုပ်ရှားမှုများသည် လုံလုံလောက်လောက် လျို့ဝှက်သည်ဟု ထင်မြင်ခဲ့ပြီး မဟာထန်၏ မြို့တော်ကို စိမ့်ဝင်လာခဲ့ပေသည်။

“လူငယ်လေး မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ”

တုစုန့်မန့်ဖော်ကျယ်သည် တိဗက်ဘာသာစကားဖြင့် ပြောဆိုနေခဲ့သေး၏။ သူ့မျက်လုံးများသည် ဖော်ပြ၍မရသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေခဲ့သည်။

သူသည် ဤလူငယ်လေး၏ ရည်ရွယ်ချက်များကို နားလည်ထားခဲ့ပြီးဖြစ်သည်။ ဤလူငယ်လေးက လူအများရှေ့တွင် သူ့ကိုရင်ဆိုင်ရန် ဤနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပါက သူဘာပဲပြောပါစေ သူဘာပဲလုပ်ပါစေ အရေးမပါတော့ပေ။

အခြားအချိန်များတွင် တုစန့်မန့်ဖော်ကျယ်သည် သူ့ကိုအာရုံစိုက်မနေဘဲ လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်နိုင်သည်။ သို့သော် ယခုတွင် သူသည် ဖြူတစ်ကောင်ကို တိုက်မိသွားသကဲ့သို့ စူးရှမှုတစ်ခုကိုသာ ခံစားလိုက်ရသည်။

“ဝမ်ချောင်..။ ခင်ဗျားအခု သဘောမပေါက်သေးပေမဲ့ အနာဂတ်မှာ ခင်ဗျားသေချာပေါက် သိလာမှာပါ”

ဝမ်ချောင် သူ့မြင်းပေါ်မှနေ၍ ပြောလိုက်၏။

“ဟမ် ငါမင်းကို အခုသတ်လိုက်မှာကို မင်းမကြောက်ဘူးလား”

တုစုန့်မန့်ဖော်ကျယ် မျက်စိမှေးလိုက်ကာ တိဗက်ဘာသာစကားဖြင့် ဆက်လက် ပြောဆိုလိုက်သည်။

တစ်ယောက်သည် တိဗက်ဘာသာစကားကို ပြောဆိုနေခဲ့ပြီး ကျန်တစ်ယောက်မှာ အလယ်ပိုင်း လွင်ပြင်ဒေသ၏ ဘာသာစကားကို ပြောဆိုနေခဲ့သည်။ ဘာသာစကားများသည် လုံးဝကွဲပြားနေခဲ့ကြသော်လည်း သူတို့သည် ပြဿနာမရှိဘဲ ပြောဆိုနေခဲ့ကြသည်။

“ကြောက်ရမယ်... ဒါပေါ့ ငါကြောက်တာပေါ့”

ဝမ်ချောင် ရယ်မောလိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ခင်ဗျားဒါကိုယုံလား။ တကယ်လို့ခင်ဗျား ကျုပ်ကိုမသတ်ရင် ခင်ဗျားမှာ မဟာထန်ကနေ အသက်ရှင်လျှက် ထွက်ခွာဖို့ အခွင့်အရေး တစ်ခုရှိသေးတယ်။ ဒါပေမဲ့ ခင်ဗျားကျုပ်ကို သတ်ခဲ့ရင် ခင်ဗျားဒီလေ့ကျင့်ရေး ကွင်းကနေတာင် ထွက်သွားလို့ ရမှာမဟုတ်ဘူး”

တုစုန့်မန့်ဖော်ကျယ် သူ့မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ဘာမှမပြောခဲ့ပေ။ သူ၏ ထက်ရှသောအကြည့်သည် ဝမ်ချောင်၏ စိတ်ဝိညာဉ်ထဲသို့ မြင်နိုင်ရန် ကြိုးစားနေခဲ့သည်။

မဟာထန်တွင် သုံးလကျော်အတွင်း ပထမဆုံး အကြိမ်အနေဖြင့် သူသည် သူလုံးဝနားမလည်နိုင်သည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရပြီး ထိုလူမှာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့မျက်လုံးထဲ ပေါ်လာခဲ့သော်လည်း သူသည် ဘာမှမလုပ်ခဲ့သေးပေ။

သူသည် ယုံကြည်မှုမရှိပေ။ သူသည် ဤလူငယ်လေး၏ နောက်ခံကို လုံးဝမမြင်နိုင်ခဲ့ပေ။

သို့သော် ထိုလူငယ်လေး၏ ဇစ်မြစ်က မည်သို့ဖြစ်ပါစေ သူမှန်သည့် အရာတစ်ခုရှိသည်။ ယခုမှစ၍ အလယ်ပိုင်း လွင်ပြင်ဒေသ၏ ဤဘုရင့်မြို့တော်သည် သူ့အတွက် မလုံခြုံတော့ပေ။

သူကြန့်ကြာလေလေ လုံခြုံမှုက နည်းပါးလာလေလေဖြစ်သည်။

“လူငယ်လေး ငါဒီတစ်ကြိမ် မင်းကိုသတ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ကလန်က ပိုပြီးကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတော့မှာမို့ပဲ”

တုစုန့်မန့်ဖော်ကျယ် ဝမ်ချောင်ကို အလွန်လေးနက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ပထမမင်းသားက မင်းသတ်ချင်တိုင်း သတ်လို့ရတဲ့လူ မဟုတ်ဘူး”

“ဟား ဟား ဟား ဟား...”

တုစုန့်မန့်ဖော်ကျယ်၏ စကားလုံးများသည် ဝမ်ချောင်ကို အော်ရယ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း ဤစကားလုံးများကို ပြောဆိုနေသူမှာ ဝူရှန်း၏ မဟာစစ်သူကြီးတစ်ယောက် ကုန်းပြင်မြင့်၏ သိမ်းငှက်တစ်ကောင် ဖြစ်နေဆဲဖြစ်သည်။

အမှန်တကယ် ဖြစ်ပျက်နေသည့် အရာကို သူသိနေခဲ့သည်မှာ အလွန်ဆိုးလှသည်။

“မဟာစစ်သူကြီး စကားပြောကောင်းတယ်။ ကျုပ်မှာလည်း စစ်သူကြီးကို ပြောချင်တဲ့ စကားတစ်ချို့ရှိတယ်”

လူအုပ်ကြီး၏ ထူးဆန်းသော အကြည့်များအောက်တွင် ဝမ်ချောင်ရုတ်တရက် ကိုင်းလိုက်ပြီး ဝူရှန်းမဟာစစ်သူကြီး၏ နားထဲသို့ စကားလုံးအနည်းငယ်ကို တီးတိုးပြောလိုက်သည်။

ဤစကားလုံးများသည် တုစုန့်မန့်ဖော်ကျယ်၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေခဲ့၏။ သူသည် ဝမ်ချောင်ကို ကမန်းကတန်း လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာက တစ္ဆေတစ်ကောင်ကို မြင်နေရသကဲ့သို့ဖြစ်သည်။ သူ့မျက်လုံးထဲရှိ ထိုမရေရာသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။

“ဟား ဟား ဟား ဟား... ”

ဝမ်ချောင် နောက်ပြန်ဆုတ်လိုက်ပြီး ရယ်မောလိုက်၏။ သူ့မြင်းနောက်ကျောကိုပုတ်ကာ သူသည် ဝူရှန်းသံတမန်အဖွဲ့ ရှိနေသည့် လေ့ကျင့်ရေးကွင်း၏ အခြားတစ်ဖက်သို့ မောင်းသွားလိုက်သည်။

ဝမ်ချောင် ဤဝူရှန်းနှင့် စစ်သည်များ၏ရှေ့တွင် ရပ်လိုက်ပြီး လုပ်ပြုံးပြုံးလိုက်သည်။

“ချီဟန်”

တိဗက်ဘာသာစကားဖြင့် ဝမ်ချောင် ပြောလိုက်သော ပထမဆုံး ဝေါဟာရသည် ဤမြင်းစစ်သည်များ၏ အမူအရာများတွင် ပြောင်းလဲမှုကြီးတစ်ခုကို ဖြစ်စေခဲ့သည်။

“မင်းရဲ့ညီငယ်တွေကို သတိထားပါ။ ပုလ္လင်က တကယ့်ကို မင်းရဲ့ဟာပဲ။ ဒါပေမဲ့ အားလားလား ဒီဘဝမှာမင်းက အဲ့ပေါ်မှာ ထိုင်နိုင်တော့မှာမဟုတ်ဘူး။ ဟား ဟား ဟား ဟား... ”

ဤစကားလုံးများကို ပြောဆိုပြီးနောက် ဝမ်ချောင်ရယ်မောလိုက်၏။ သူသည် သူတို့နှင့် ကစားနေခြင်းကို ရပ်လိုက်ပြီး ဒုန်းစိုင်းထွက်သွားလိုက်သည်။ လေ့ကျင့်ရေးကွင်းရှိ ဝူရှန်းမဟာစစ်သူကြီး တုစုန့်မန့်ဖော်ကျယ်ဖြစ်စေ သို့မဟုတ် တိဗက်မြင်း စစ်သည်များဖြစ်စေ တစ်ယောက်မှသူ့ကို ရပ်တန့်ရန် မကြိုးစားခဲ့ကြပေ။ သူတို့သည် သူမောက်မာစွာ အဝေးသို့ ထွက်သွားသည်ကို ကြည့်ရုံသာ ကြည့်နေခဲ့ကြသည်။

“သွားကြမယ်”

တုစုန့်မန့်ဖော်ကျယ်၏ မျက်လုံးများသည် တွန့်ချိုးနေခဲ့ပြီး သူကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် ဝမ်ချောင်သတ်ဖြတ်ခဲ့သော ဝူရှန်းမြင်းစစ်သည်၏ အလောင်းကို ယူလိုက်ပြီး လူအုပ်ကြီးကိုဖြတ်၍ ဖောက်ထွက်လိုက်သည်။

ဤနေရာသည် မလုံခြုံတော့ပေ။ ခုထိဘာမှ မဖြစ်သေးသော်လည်း တုစုန့်မန့်ဖော်ကျယ်သည် အလွန်ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားနေခဲ့ရပြီဖြစ်သည်။

ဤမစ်ရှင်သည် လုံးဝကျရှုံးခဲ့ပေသည်။ မဟာထန်၏ မြို့တော်တွင် ယခုသူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် အန္တရာယ်များ ဖြစ်ကြသည်။ တုစုန့်မန့်ဖော်ကျယ်သည် တိဗက်ကုန်းပြင်မြင့်သို့ အသက်ရှင်လျှက် သူရောက်နိုင်ဦးမည်လား ဆိုသည်ကိုပင် မသိတော့ပေ။

ထိုလူငယ်လေး ပြောခဲ့သကဲ့သို့ သူဤနေရာတွင် ရှိနေသည့် စက္ကန့်တိုင်းသည် အန္တရာယ်ကို အားဖြည့်နေခဲ့ကြသည်။

ဝူး

ဆယ်ယောက်ကျော်သော လက်ရွေးစက် တိဗက် မြင်းတပ်သည် စကားတစ်ခွန်းမျှ မပြောခဲ့ကြဘဲ တုစုန့်မန့်ဖော်ကျယ်နောက်သို့ အနီးကပ် လိုက်ပါသွားခဲ့ကြသည်။

“အသုံးပြုသူအား ဂုဏ်ယူပါသည်။ လေ့ကျင့်ရေးကွင်းဖြစ်ရပ် တိဗက်စိန်ခေါ်မှုကို ပြောင်းလဲခြင်းအတွက် ကံကြမ္မာမှတ် (၁၀)မှတ် ချီးမြင့်ခံရပါသည်။”

“အသုံးပြုသူအား ဂုဏ်ယူပါသည်။ ဝူရှန်းထီးနန်းအပေါ် အငြင်းပွားမှုကို ပြောင်းလဲခြင်းအတွက် ကံကြမ္မာမှတ် (၅)မှတ် ချီးမြင့်ခံရပါသည်။”

***

အသံနှစ်ခုသည် ဝမ်ချောင်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ တစ်ချိန်ထဲနီးပါးမှာပင် တိတ်ဆိတ်နေခဲ့သည့် လေ့ကျင့်ရေးကွင်းသည် သြဘာပေးသံများဖြင့် ပေါက်ကွဲသွားခဲ့၏။

“ဝမ်ချောင်”

“ဝမ်ချောင်"

“ဝမ်ချောင်”

***

သြဘာပေးသံများ တစ်လှိုင်းပြီးတစ်လှိုင်း ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။ လူအနည်းငယ်သာ ဝမ်ချောင်ပြုလုပ်ခဲ့သည့် အရာအတိအကျကို သိပေသည်။ သို့သော် ထိုသည်းမခံနိုင်လောက်အောင် မောက်မာသော တိဗက် သံတမန်များသည် မပျော်မရွင်ဖြင့် ထွက်သွားခဲ့ရသည်ကို လူတိုင်း သိကြပေသည်။ ထို့အပြင် ၎င်းကိုပြုလုပ်ခဲ့သူမှာ နောက်တစ်ကြိမ် မြို့စားကြီးကျူး၏မြေး ဝမ်ကလန်၏ ဝမ်ချောင်ဖြစ်ပေသည်။

'ငါတကယ့်ကို ဒီနေရာကနေ ကျော်ကြားမှုနဲ့ ကံကောင်းမှု နှစ်ခုလုံးကို ရရှိခဲ့တာပဲ။'

လူအုပ်ကြီး၏ သြဘာပေးသံများကို ဝမ်ချောင် နားထောင်နေခဲ့ကာ သူ့နှုတ်ခမ်းပါးများက အပြုံးတစ်ခုအဖြစ်သို့ ဖြေးညှင်းစွာ ကွေးတက်သွားခဲ့သည်။ လေ့ကျင့်ရေးကွင်း ဖြစ်ရပ်မှ ရိတ်သိမ်းမှုသည် ဝိညာဉ်သွေးကြော တောင်ပေါ်မှ ဆင်းလာရန် ထိုက်တန်ခဲ့ပေသည်။

ဝူရှန်းပထမမင်းသားကို အနိုင်ယူခြင်းသည် ကံကြမ္မာမှတ် (၁၀)မှတ် ထိုက်တန်ခဲ့ပြီး ထိုစကားလုံးများကို ပြောဆိုခြင်းသည် (၅)မှတ် ထိုက်တန်ခဲ့ပေသည်။ သူသည် ကံကြမ္မာမှတ် (၁၅)မှတ်ကို အလွယ်တကူ ရရှိခဲ့ကာ ဂိုဂူလျော လုပ်ကြံသူများကို သတ်ဖြတ်ခြင်းအတွက် သူရရှိခဲ့သည့် အမှတ်အရေအတွက်သို့ ရောက်ရှိလုနီးပါး ဖြစ်သည်။

ဝမ်ချောင်သည် သူက တိုင်းပြည်ကို သက်ရောက်စေခဲ့သည့် ဤအရေးကြီး ဖြစ်ရပ်များကို လွှမ်းမိုးနိုင်သည်နှင့် ရရှိလာမည့် ရိတ်သိမ်းမှုများသည် သူပင်ပင်ပန်းပန်းကြိုးစား လုပ်ဆောင်မှုမှ အောင်မြင်နိုင်ခဲ့သည့် အရာထက် ပို၍များပြားလိမ့်မည်ဖြစ်သည်ကို စတင်သဘောပေါက်နားလည်လာခဲ့သည်။

'ငါ့မှာအရင်က ရှိခဲ့တဲ့ ကံကြမ္မာမှတ် (၇၉)မှတ်နဲ့ အခုငါ့မှာ ကံကြမ္မာမှတ် (၉၄)မှတ်ရှိပြီ... ဝူရှန်းက အရမ်းဝေးနေတာ နှမြောစရာပဲ။ ကောင်းကင်ဘုံက မြင့်မားပြီး ဧကရာဇ်က အလှမ်းဝေးလွန်းတယ်။ ငါ့ဒီစကားလုံးတွေကိုပဲ ပြောနိုင်ခဲ့တယ်။ ဒီလိုမှမဟုတ်ရင် ငါပိုပြီး စိတ်ဆွခဲ့ရင် ကံကြမ္မာမှတ် (၅)မှတ်ထက်ပိုပြီး ရနိုင်တယ်။'

ဝမ်ချောင် သူ့ဘာသာ တွေးလိုက်ကာ အနည်းငယ် နောင်တရနေခဲ့သည်။

သို့သော် ထိုစကားလုံးများကို ပြောဆိုခြင်းကပင် ကံကြမ္မာမှတ် (၅)မှတ်ကို ရရှိစေခဲ့၏။ ထိုသည်မှာ တော်တော်လေး ကျေနပ်စရာ ကောင်းနေခဲ့ပြီဖြစ်သည်။

*****************************

အပိုင်း (၄၁၇)

အံ့အားသင့်စရာအမှန်တရား

ဝမ်ချောင် လူအုပ်ထဲသို့ လျှောက်လာခဲ့ပြီး ပတ်ပတ်လည်မှ သြဘာပေးသံများကို ခံယူလိုက်၏။ ရက်များစွာ ကြာပြီးနောက် တစ်စုံတစ်ယောက်သည် လူများ၏ နှလုံးသားများကို ပျော်ရွှင်သွားစေသည့် တစ်စုံတစ်ခုကို နောက်ဆုံးတွင် ပြုလုပ်ခဲ့သည်။

“သခင်လေး”

ပျော်ရွှင်နေသော မျက်နှာဖြင့် လူအိုကြီး လင်းယုန်ငှက်သည် ဝမ်ချောင်ကို နှုတ်ဆက်ရန် လူအုပ်ကြီးကိုဖြတ်၍ လူတစ်စုကို ဦးဆောင်လာခဲ့သည်။ ဟွမ်ချန်အာက မျက်လုံးများတွင် စိုးရိမ်နေသည့် အမူအရာဖြင့် ဘေးတွင်မတ်တပ်ရပ်နေခဲ့၏။

“ဝမ်ချောင်”

လူအုပ်ကြီးက ၎င်း၏ စိတ်လှုပ်ရှားဆုံး အခြေအနေသို့ ရောက်နေချိန်တွင် ဆောင်းဦးနှင်းထုကဲ့သို့ အေးစက်သော အသံတစ်ခုသည် လူအုပ်ကြီး၏ အလယ်မှနေ၍ ထွက်ပေါ်လာခဲ့သည်။

တော်ဝင်စစ်တပ်၏ စောင့်ရှောက်မှုအောက်တွင် ဖြူလျော်နေသော မျက်နှာတစ်ခုနှင့် ယမ်းပုံမီးကျဖြစ်နေသော မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ အရာရှိသည် ဒေါသတကြီးဖြင့် လူအုပ်ကြီးကို ဖြတ်လျှောက်လာခဲ့သည်။ သူသည် ဝေဖန်ရေးဆင်းရန် အဆင်သင့် ဖြစ်နေပုံရ၏။

ဤဖြစ်ရပ်တွင် ဝမ်ချောင်သည် လုံးဝဖိတ်ခေါ်ထားခြင်းမရှိဘဲ ရောက်လာခဲ့ပေသည်။ မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် သူ့ကိုလုံးဝ သည်းခံထားခဲ့ပြီး ဖြစ်သောကြောင့် ဤအရာရှိအတွက် ယခုအထိ သည်းခံထားနိုင်ရန်မှာ အမှန်ပင် တော်တော်လေး ကောင်းမွန်နေပြီဖြစ်သည်။

“ဝမ်ချောင် မင်းကတော်တော် သတ္တိရှိတာပဲ။ မင်းဘယ်လို ဘေးဒုက္ခကို ခေါ်ယူလာသလဲဆိုတာ မင်းသိလား။ ဝမ်ကလန်ဆီ ဘေးဒုက္ခကို မင်း ခေါ်ယူလာခဲ့ပေမဲ့ မင်းကဒီမှာရပ်ပြီး ရယ်မောနေနိုင်သေးတယ်"

ထိုအေးစက်သော အသံသည် အေးစက်သော လေပြင်းတစ်ခုကဲ့သို့ ကျန့်တစ်ဆယ် ပတ်ပတ်လည်ရှိ နေရာကို တိတ်ဆိတ်သွားစေခဲ့သည်။ လူတိုင်းသည် ထိုမကောင်းသော ရည်ရွယ်ချက်ဖြင့် အရာရှိကို ကြည့်လိုက်ကြပြီး ဝမ်ချောင်သည် သူ့မျက်နှာချင်းဆိုင်တွင် ရပ်နေခဲ့သည်။

သူတို့မျက်လုံးများသည် ကြောက်ရွံ့မှုကို ပြသနေခဲ့ကြ၏။

မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် မြို့တော်တွင် အလွန်ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်သည်။ သူတို့သည် မည်သည့် အစစ်အမှန် သြဇာအာဏာကိုမျှ မပိုင်ဆိုင်ထားခဲ့သော်လည်း သူတို့သည် အခြားအဖွဲ့အစည်းများထက် ပိုသော သြဇာအာဏာကို ကိုင်ဆွဲထားကြပေသည်။

အကြောင်းမှာ မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် တော်ဝင်ရုံးတော်ကို ဖြတ်ကျော်ပြီး ဧကရာဇ်ကို တိုက်ရိုက် တောင်းပန်နိုင်သောကြောင့်ဖြစ်သည်။ လိုအပ်ပါက သူတို့သည် သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်နိုင်ပြီး နောက်မှ သတင်းပို့နိုင်သည်။

ဤသည်မှာ မှီခိုသူများ၏ ဘုရင့်အမှုထမ်းကို စတင်တည်ထောင်ချိန်က ပေးအပ်ထားခဲ့သော သြဇာဖြစ်သည်။

သူတို့သည် ဤကြီးမားလှသော သြဇာအာဏာကို ပိုင်ဆိုင်ထားသောကြောင့် တော်ဝင်ကလန်အတွက် အရေးကြီးတာဝန်များကို ပြီးမြောက်နိုင်ခဲ့ကြသည်။ သာဓကအားဖြင့် သူတို့သည် ထိုက်တောင်ပေါ်တွင် ပြုလုပ်သော ပူဇော်ပွဲများ၊ ဘုရားကျောင်းများနှင့် နတ်ဘုရားများအတွက် နှစ်တိုင်း ပြုလုပ်သော ပူဇော်ပွဲများနှင့် တော်ဝင်ဘိုးဘေး ဘုရားကျောင်းအတွက် အခမ်းအနားများနှင့် ပူဇော်ပွဲများအတွက်လည်း တာဝန်ရှိကြပေသည်။

ဤအရာအားလုံးတို့သည် တော်ဝင်ကလန်အတွက် ကြီးစွာသော အရေးပါမှု ရှိသောကြောင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းကို ပုံမှန်မဟုတ်သော သြဇာနှင့် အာဏာကို ရရှိစေခဲ့သည်။

မြင့်မြတ်သော အိမ်တော်များ၊ မဟာကလန်ကြီးများနှင့် ချမ်းသာသော မိသားစုများသည် သာမာန် ပြည်သူများအတွက် မြင့်မားသော တည်ရှိမှုများ ဖြစ်ပုံရသော်လည်း မှီခိုသူများ၏ ဘုရင့်အမှုထမ်းရှေ့တွင် သူတို့သည် ဘာမှမဟုတ်သော အရေးမပါသည့် နှံကောင်များသာ ဖြစ်ကြသည်။

“ဟား ဟား ဟား ဟား လူကြီးမင်း ဝမ်ချောင်က သူ့ရဲ့အပြုအမူနဲ့ လုပ်ဆောင်မှုတွေကို ချင့်ချိန်ပြီး စည်းမျဉ်းနဲ့မညီတာ ဘာမှမတွေ့ရပါဘူး။ မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်း ပြောနေတဲ့ ဒီဘေးဒုက္ခက ဘာများလဲ”

ဝမ်ချောင် ယဲ့ယဲ့လေး ပြုံးလိုက်၏။ သူသည် ဤအရာရှိကို ရင်ဆိုင်ရာတွင် နောက်မဆုတ်သွားရုံသာမက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဤစွမ်းအားကြီးသော ပုဂ္ဂိုလ်ဆီသို့ လျှောက်သွားလိုက်သည်။

“ဒါကိုပြောနေတယ်ဆိုတော့ မင်းမသိဘူးလို့ ပြောနေတာလား”

အရာရှိ၏ မျက်လုံးများသည် မီးများ တောက်လောင်နေပုံရပြီး အကယ်၍ အကြည့်ဖြင့် သတ်နိုင်ပါက ဝမ်ချောင်သည် အကြိမ်တစ်ထောင်လောက် သေဆုံးခဲ့ပြီး ဖြစ်ပေလိမ့်မည်။

“ဝူရှန်းပထမမင်းသားက ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိလား။ ဒါကဝူရှန်းတိုင်းပြည်ရဲ့ ဆက်ခံသူ အစစ်အမှန် သရဖူဆောင်း မင်းသားဖြစ်တယ်။ ငါတို့မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းက သူ့ကိုကာကွယ်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို တွေးတောခဲ့ပေမဲ့ မင်းကမင်းရဲ့ဓားနဲ့ သူ့ကိုသတ်ဖြတ်ခဲ့တယ်။ ဒီကပ်ဘေးက ဘယ်လောက်ကြီးသလဲဆိုတာ မင်းသိလား။ တိုင်းပြည်နဲ့ ဝူရှန်းကြား ဆယ်စုနှစ်များစွာ ငြိမ်းချမ်းရေးကို မင်းကဖျက်ဆီးလိုက်တာပဲ"

“မင်းရဲ့ဝမ်ကလန်က ပညာရှင်ဧကရာဇ်ဆီ ကိုယ်တိုင်သွားပြီး ရှင်းပြရမယ်”

“လာကြစမ်း ဒီလူဆိုးလူမိုက်ကို ဖမ်းလိုက်ကြ”

မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ အရာရှိသည် ဝမ်ချောင်ကို ရုတ်တရက် လက်ညိုးထိုးပြလိုက်သည်။

“ဘယ်သူလုပ်ရဲသလဲ”

လူအိုကြီး လင်းယုန်ငှက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ခြေထောက်များသည် မြေကြီးပေါ် နင်းလျှောက်သွားခဲ့ကာ သူသည် ဝမ်ချောင်ရှေ့သို့ ပြေးထွက်လာခဲ့သည်။ သူ့လက်မောင်းများသည် ဆန့်ထုတ်နေခဲ့ကြပြီး သူ့မျက်လုံးများက ပြူးကျယ်နေခဲ့ကာ သူသည် သူ့ခန္ဓာကိုယ်နှင့် ဝမ်ချောင်ကို အခိုင်အမာ ကာကွယ်ထားခဲ့သည်။

“ဟမ် ဘုရင်မင်းမြတ်က အပ်နှင်းထားတဲ့ သြဇာအာဏာနဲ့ ဧကရာဇ်ကောင်းကျူနဲ့ ထိုက်ကျုံးတို့ရဲ့ အမိန့်တွေအရ မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းက သင့်လျော်သလို ဆောင်ရွက်နိုင်တယ်။ ဒီလိုကပ်ဘေးတစ်ခုကို ပြုလုပ်ပြီးနောက်မှာ ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ မင်းတွေးနေတာတော့ မဟုတ်ဘူးမလား”

အရာရှိသည် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ မရေမတွက်နိုင်သော တော်ဝင်စစ်သည်များနှင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ ကျွမ်းကျင်သူများသည် ချက်ချင်း ဝင်ရောက်လာခဲ့ကြပြီး ဝမ်ချောင်နှင့် လူအိုကြီး လင်းယုန်ငှက်တို့ကို တင်းကြပ်စွာ ပိတ်ဆို့ထားခဲ့သည်။

ဝူရှန်းပထမမင်းသားသည် လုပ်ထုံးလုပ်နည်းများကို လိုက်နာခဲ့ပြီး သံတမန်အဖွဲ့တွင် ပါဝင်ခဲ့ကာ သူ့အထောက်အထားများကို တင်ပြခဲ့သည်။ အရာအားလုံးသည် စည်းမျဉ်းစည်းကမ်းများအတိုင်း ပြုလုပ်ထားခဲ့သည်။ သို့သော် တော်ဝင်နန်းတော်နှင့် အလွန်နီးကပ်သော နေရာတစ်ခု လေ့ကျင့်ရေးကွင်းလေးတွင် သူသည် မှီခိုသူများ၏ ဘုရင့်အမှုထမ်း၏ အကြည့်များအောက်တွင် အသတ်ခံခဲ့ရသည်။

ဤသည်မှာ အသေးအမွှား ပြစ်မှုမဟုတ်ပေ။

မှီခိုသူများ၏ ဘုရင့်အမှုထမ်းပင်လျှင် ဤသို့သော ပြစ်မှုမျိုးအတွက် ပြစ်ဒဏ်များကို ခေါင်းမခံနိုင်ပေ။ သို့တိုင် ဝူရှန်းပထမမင်းသား၏ သေဆုံးမှုကြောင့် ဖြစ်လာမည့် ကပ်ဘေးများအကြောင်း စဉ်းစားလိုက်သောအခါ ဤဖြစ်ရပ်သည် ဘာမှမဟုတ်တော့ပေ။

အကယ်၍ မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် ဤဖြစ်ရပ်မှ သူတို့ကိုယ်သူတို့ အဆင်ပြေချောမွေ့စွာ ရှောင်ထွက်လိုပါက သူတို့သည် အဓိကတရားခံဖြစ်သည့် ဝမ်ချောင်ကို လွှတ်ပေး၍မရပေ။

“သခင်လေးကို တိုက်ခိုက်ရဲတဲ့ ဘယ်သူမဆို လူအိုကြီး လင်းယုန်ငှက်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

လူအိုကြီး လင်းယုန်ငှက်၏ လက်များသည် ဆန့်ထုတ်ထားခဲ့ကာ သူ့မျက်လုံးများသည် စိုးရိမ်မှုကြောင့် နီရဲနေခဲ့သည်။ ပတ်ပတ်လည်ရှိ ဝမ်ကလန်နှင့် ကျန်းကလန်မှ အစောင့်များသည် ၎င်းတို့၏လက်နက်များကို စတင်ဆွဲထုတ်လိုက်ကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒါကတတ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ...”

ဟွမ်ချန်အာ စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ ဝမ်ချောင်ရှေ့သို့ ရွှေ့သွားလိုက်ပြီး သူမညာဘက်က သူမနောက်ကျောရှိ ငွေရောင်ဓားကို ဆုပ်ကိုင်လိုက်သော်လည်း သူမသည်၎င်းကို ဆွဲမထုတ်ခဲ့ပေ။

ဤတိုက်ပွဲသည် ရှောင်လွှဲ၍ မရတော့ပေ။

တိုင်းပြည်တစ်ခုလုံးသည် ဝူရှန်းပထမမင်းသား သေဆုံးမှုမှ လှိုင်းဂလက်များကို စတင်ခံစားရပေလိမ့်မည်။ လှိုင်းဂလက်များသည် သေချာပေါက် ကမ္ဘာမြေကြီးကို ကွဲအက်စေပြီး ကောင်းကင်ကို ပိုင်းဖြတ်ကာ ဟွမ်ကလန်အပါအဝင် မဟာကလန်ကြီးများ အားလုံးတို့သည် ၎င်းထဲတွင် သုတ်သင်ခံရပေလိမ့်မည်။

အနာဂတ်တွင် မည်သို့ဖြစ်လာပါစေ အကယ်၍သူမသည် အနည်းဆုံး ယနေ့သူ့ကို ကာကွယ်ခဲ့ပါက သူမ၏တာဝန်ကို အပြည့်အဝ ထမ်းဆောင်ခဲ့သည်ဟု ယူဆ၍ ရနိုင်ပေသည်။

“ခွေးမသားတွေ မင်းတို့ပုန်ကန်ဖို့ ကြံစည်နေတာလား။ လာကြစမ်း ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဒီနေ့သူ့ကို ရအောင်ဖမ်းမယ်”

မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ အရာရှိသည် ဤတစ်ကြိမ် ပို၍ပြင်းထန်သော ဒေါသဖြင့် ဝမ်ချောင်ကို နောက်တစ်ကြိမ် လက်ညိုးထိုးလိုက်သည်။

ကလန်း ကလန်း ကလန်း

တစ်ခဏချင်းမှာပင် ဆေဘာများနှင့် ဓားများသည် ၎င်းတို့၏ဓားအိမ်ကို ချန်ထားခဲ့ပြီး ၎င်းတို့၏ အေးစက်စက် အလင်းရောင်က တောက်ပနေခဲ့ကြသည်။ အုပ်စုနှစ်ခုသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင် ရပ်နေခဲ့ကြပြီး မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။

“ဟ ဒီဆေဘာတွေနဲ့ ဓားတွေကို ချထားလိုက်ကြစမ်းပါ”

တင်းမာမှုက ၎င်း၏အဆိုးဆုံး အခြေအနေသို့ ရောက်လာချိန်တွင် ဝမ်ချောင်သည် ရုတ်တရက် ရယ်မောလိုက်ပြီး လူအိုကြီး လင်းယုန်ငှက်၏ ဆန့်ထုတ်ထားသော လက်များကို ဖြတ်ကျော်လိုက်သည်။

“သခင်လေး”

လူအိုကြီး လင်းယုန်ငှက် လျှင်မြန်စွာလှည့်ကြည့်လိုက်ပြီး ချက်ချင်း စိုးရိမ်သွားခဲ့သည်။ မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် နောက်နေခြင်း မဟုတ်ပေ။ အကယ်၍ ဝမ်ချောင်ကို သူတို့ဖမ်းခေါ်သွားခဲ့ပါက အကယ်၍သူတို့သည် သူ့ကိုမသတ်ခဲ့လျှင်ပင် သူတို့သည် အနည်းဆုံး အရေခွံတစ်လွှာ ခွာပေလိမ့်မည်။ ထို့အပြင် မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် ဝမ်ချောင်ကို သေသည်အထိ ရိုက်နှက်ချင်ပြီး သူ့အား တရားခံအဖြစ် ပြုလုပ်လိုနေသည်မှာ ထင်ရှားလှသည်။

“စိတ်အေးအေးထားပါ လူအိုကြီး လင်းယုန်ငှက် ကိစ္စတွေက အဲ့လောက်ထိ ရောက်မှာမဟုတ်ဘူး”

ဝမ်ချောင် လူအိုကြီး လင်းယုန်ငှက်ကို နှစ်သိမ့်ရန် ပြုံးဖြဲဖြဲလုပ်ပြလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ သူ့မျက်နှာက တည်ငြိမ်အေးဆေးနေခဲ့သည်။ အုပ်စုနှစ်ခု၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဝမ်ချောင်သည် သူ့ဘေးမှနေ၍ မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ ထိုအရာရှိဆီသို့ လျှောက်သွားလိုက်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ဝမ်ချောင် မေးလိုက်၏။

“ကျန်းချန်ကျိုး ဒါကဘာလဲ”

ကျန်းချန်ကျိုး အေးစက်စွာ မေးလိုက်ကာ ဝမ်ချောင်က အနာဂတ်တွင်သူ့ကို လက်တုန့်ပြန်ရန် သူ့နာမည်ကို မှတ်ထားရန် ရည်ရွယ်နေခဲ့သည်ဟု ယုံကြည်နေခဲ့သည်။ သို့သော် မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် ဝမ်ကလန်မှ ခြိမ်းခြောက်မှုတစ်ခုကို မည်သို့ကြောက်ရွံ့မည်နည်း။

“ဟား ဟား”

ဝမ်ချောင် ရုတ်တရက် ရယ်မောလိုက်၏။ မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ ကျွမ်းကျင်သူများ၏ ကြက်သေ သေနေသော အကြည့်များအောက်တွင် သူသည် သူ့လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး ကျန်းချန်ကျိုး၏ မျက်နှာကို ပုတ်လိုက်သည်။

“တကယ်လို့ဒါက မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းရဲ့ ကျွမ်းကျင်သူတွေဆိုရင် သစ်ပင်တွေကြောင့် သစ်တောကို မမြင်နိုင်တဲ့အတွက် သူတို့ကို ငါ အပြစ်တင်လို့မရဘူး”

“မင်းဘာပြောဖို့ ကြိုးစားနေတာလဲ”

ကျန်းချန်ကျိုး ဝမ်ချောင်၏လက်ဝါးကို ရှောင်တိမ်းလိုက်ပြီး သူ့ခေါင်းကိုမော့လိုက်ကာ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ဟား ဟား မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းက တိုင်းတစ်ပါးတိုင်းပြည် အားလုံးကို လက်ခံတွေ့ဆုံဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ မင်းက မင်းသားအစစ်နဲ့ မင်းသားအတုကြားက ကွဲပြားမှုတွေကိုတောင် မပြောနိုင်ဘူးလား”

ဝမ်ချောင်၏ စကားလုံးကြောင့် မှီခိုသူများ၏ ဘုရင့်အမှုထမ်းမှ အုပ်စုမဆိုထားနှင့် လူအိုကြီး လင်းယုန်ငှက်နှင့် ဟွမ်ချန်အာတို့သည်ပင် ကြက်သေ သေသွားခဲ့ကြသည်။

“မင်းဘာပြောဖို့ ကြိုးစားနေတာလဲ”

“မင်းသားအတုနဲ့ သုံးလကျော် အတူရှိနေပြီးနောက်မှာ ကွဲပြားမှုတွေကို မင်းမပြောနိုင်သေးဘူးလား။ အရူး..။ အဲ့ဒါက တကယ့် ဝူရှန်းပထမမင်းသားဆိုရင် အဲဒီသံချပ်ကာဝတ် တိဗက်မြင်းစစ်သည်တွေက အဲ့လောက် လွယ်လွယ်ကူကူနဲ့ ထွက်သွားလိမ့်မယ်လို့ မင်းထင်နေတာလား။ သူတို့ပထမမင်းသားရဲ့ သေဆုံးမှုအတွက် သူတို့ရဲ့ တုန့်ပြန်မှုတွေက အရမ်းလေးတွဲနေခဲ့တယ်လို့ မင်းမထင်ဘူးလား။ သူတို့နဲ့ သုံးလလောက် အတူရှိနေခဲ့တာက အလကား ဖြစ်သွားပုံရတယ်။ မင်းသားတုတစ်ယောက် ဖြစ်တယ်ဆိုတာကိုတောင် မင်း မမြင်နိုင်ခဲ့ဘူး။ ပြီးတော့ မင်းက သူတို့ကို ဒီလေ့ကျင့်ရေးကွင်းမှာ လူအများကြီးကို သတ်ဖြတ်စေခဲ့သေးတယ်”

***

ကျောက်တုံးတစ်တုံးသည် ထောင်ချီသော လှိုင်းများကို ဖြစ်စေနိုင်သည်။ ဟွမ်ချန်အာ သို့မဟုတ် ကျန်းချန်ကျိုးတို့ ဘာမှမပြောနိုင်မှီ ပတ်ပတ်လည်ရှိ လူအုပ်ကြီးသည် ချက်ချင်း ဆူညံသွားခဲ့ကြသည်။

“မင်းသားတုတစ်ယောက်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ငါတို့ရဲ့ လူအများကြီးကို သတ်ဖြတ်ခဲ့တာက မင်းသားတုတစ်ယောက် ဖြစ်တယ်လို့ ငါတို့အားလုံးကို မှီခိုသူတွေရဲ့ ဘုရင့်အမှုထမ်းက လှည့်စားခဲ့တယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား”

“သေစမ်း အဲ့ဒါဖြစ်နိုင်လို့လား”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ တကယ်လို့ အဲ့ဒါက အတုမဟုတ်ရင် ဘာလို့ သခင်လေးဝမ်က အဲ့ဒီပထမမင်းသားကို တစ်ချက်ထဲနဲ့ တိုက်ရိုက် သတ်ဖြတ်ရဲမှာလဲ”

“ဆိုတော့ ငါတို့အားလုံးက အလိမ်ခံခဲ့ရတာပေါ့”

“အယုတ်တမာကောင်တွေ ဒါကငါ့ကို တော်တော် ဒေါသထွက်စေတယ်”

****

လူအုပ်ကြီးသည် စကားသံများဖြင့် ဆူညံပွက်လော ရိုက်နေခဲ့ပြီး သူတို့အားလုံးတို့သည် မျက်လုံးထဲတွင် ဒေါသများကို ပြသနေခဲ့ကြသည်။ လေ့ကျင့်ရေးကွင်းရှိ ထိုပထမမင်းသားသည် အမှန်တွင်ထိုမျှ မသန်မာခဲ့ပေ။

သို့သော် အတိအကျပင် သူသည် ဝူရှန်းပထမမင်းသားဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ဒိုင်းကာတစ်ခုအဖြစ် အဆက်မပြတ် အသုံးပြုခဲ့သောကြောင့် လူများစွာတို့သည် သူ့ကိုခိုက်မိမည်ကို စိုးရိမ်ပြီး အသတ်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့ရပေသည်။

အကယ်၍ သူတို့သည် သူ့အစစ်အမှန် ဂုဏ်ဒြပ်ကို သိထားခဲ့ပါက သူသည် အသတ်ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။

တစ်ခဏချင်းမှာပင် လူတိုင်းသည် အလိမ်ခံခဲ့ရသောကြောင့် ဒေါသထွက်သွားခဲ့သည်။

လူအိုကြီး လင်းယုန်ငှက်နှင့် ဟွမ်ချန်အာတို့သည် စကားမပြောနိုင်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ရှုး

ကျန်းချန်ကျိုး သက်ပြင်းချလိုက်ကာ ဝမ်ချောင်ကို တွေဝေစွာ ကြည့်နေခဲ့သည်။ သူသည် ရုတ်တရက် စကားမပြောနိုင်သည်ကို တွေ့လိုက်ရ၏။ သူသည် သူ့အထက်အရာရှိများကို ဖြေရှင်းချက်တစ်ခု ပေးရန်အတွက် ဝမ်ချောင်ကို ဖမ်းဆီးရန် မူလက ရည်ရွယ်ထားခဲ့သည်။

သို့သော် ယခုတွင် သူ့ကိုဖမ်းဆီးခြင်းသည် အရေးမပါတော့ပေ။

အကယ်၍ ဝမ်ချောင်ပြောသည့်အရာက အမှန်ဆိုပါက မှီခိုသူများ၏ ဘုရင့်အမှုထမ်းသည် တာဝန် ဝတ္တရား ပျက်ကွက်မှုကြီးအတွက် အပြစ်ရှိပေသည်။

“မင်းဘယ်လိုလုပ် သိတာလဲ”

ကျန်းချန်ကျိုး လေးနက်စွာ ပြောလိုက်၏။ သူသည် ခေါင်းမညိတ်ခဲ့သော်လည်း သူပင်လျှင် စတင်ယုံကြည်လာခဲ့ပြီဖြစ်သည်။ ပထမမင်းသားကို သတ်ဖြတ်ခြင်းသည် တိုင်းပြည်နှစ်ပြည် ပါဝင်သောကြောင့် အသေးအမွှား ကိစ္စမဟုတ်ပေ။

ဝမ်ချောင်၏ အပြုအမူသည် အလွန်တိုက်ရိုက်ဆန်ပြီး တုန့်ဆိုင်းခြင်း မရှိခဲ့ပေ။ အကယ်၍သူသည် ဤဝူရှန်းပထမမင်းသားအကြောင်း အမှန်တရားကို ကြိုတင်သိထားခဲ့ပါက လေ့ကျင့်ရေးကွင်းရှိ တစ်ယောက်သည် အတုဖြစ်သည်ဟု ကြိုတင် သိထားခဲ့ပါက သူ့အပြုအမူများသည် လုံးဝနားလည်၍ ရပေသည်။

ထို့အပြင် အကယ်၍ သူတို့တိုင်းပြည်၏ ပထမမင်းသားသည် အသတ်ခံခဲ့ရပါက တုစုန့်မန့်ဖော်ကျယ်နှင့် သူ့စစ်သည်တို့သည် အလွန်လျှင်မြန်စွာ ထွက်သွားခဲ့ကြသည်။ သူတို့သည် သူတို့လုံခြုံရေးအတွက် စဉ်းစားရမည် ဖြစ်သော်လည်း အခြေအနေကို ထည့်သွင်းစဉ်းစားရပေမည်။

အကယ်၍ အလားတူ အရာတစ်ခုက မဟာထန်တိုင်းပြည်တွင် ဖြစ်ပျက်ခဲ့ပါက သူတို့သည် ထိုမျှလွယ်လင့်တကူ ထွက်ခွာလိမ့်မည် မဟုတ်ပေ။ အဓိကတရားခံ ဝမ်ချောင်သည်ပင် အသတ်မခံခဲ့ရပေ။

“ဒါကဘာမှ မခက်ဘူး။ မင်းတို့အားလုံးက တိဗက်တွေကို အရမ်းရိုးရိုးသားသား ဆက်ဆံခဲ့တာကြောင့်ပဲ။ ဒါကဝူရှန်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ပထမမင်းသား၊ ထီးနန်းအတွက် အနာဂတ် ဆက်ခံသူဖြစ်တယ်။ သူကစွန့်စားဖို့ သူ့ကိုယ်သူ ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် ဖော်ပြမှာလဲ။ ဆေဘာနဲ့ ဓားတွေကို ပိတ်ဆို့ဖို့ သူ့ခန္ဓာကိုယ်ကိုတောင် အသုံးပြုခဲ့တယ်။ သူကအဲ့ဒါကို သဘောတူခဲ့တယ်ဆိုရင်တောင် တုစုန့်မန့်ဖော်ကျယ်က အဲမှာ ရှိနေခဲ့တယ်။ သူကအဲ့ဒါကို ခွင့်ပြုလိမ့်မယ်လို့ မင်းထင်လား။ အဲ့ဒါက အရမ်းသိသာလွန်းတယ်။ ဒါပေမဲ့ မင်းတို့တစ်ယောက်မှ သံသယ မဝင်ခဲ့ကြဘူး”

“'သရဖူဆောင်း မင်းသားအတွက် ရိုးရှင်းတဲ့ကြောင်ဂိမ်း' က မင်းတို့ကို စက်ဝိုင်းထဲ ပြေးနေစေခဲ့တာပဲ။ တကယ်လို့ ငါမပေါ်လာခဲ့ရင် မင်းလူဘယ်လောက်များများကို သူ့ကိုသတ်ခိုင်းဖို့ ရည်ရွယ်ထားလဲ။ နှိုင်းစရာမရှိလောက်အောင် တကယ့်ကို တုံးအလွန်းတယ်။ တိဗက်တစ်ယောက်ရဲ့ အသက်က မဟာထန်က တစ်စုံတစ်ယောက်ရဲ့ အသက်ထက်ပိုပြီး တန်ဖိုးရှိတာလား”

“ဝူရှန်းပထမမင်းသားကိစ္စနဲ့ မင်း ကိုယ့်ကိုယ်ကို ဒုက္ခပေးစရာမလိုဘူး။ ငါတို့ဝမ်ကလန်က ဒါကိုဆက်လုပ်လိမ့်မယ်။ ဒီအချိန်ကို အသုံးချပြီး လူငယ်မျိုးဆက်နဲ့ လူငယ်ပါရမီရှင် သုံးဆယ်ကျော်ကို ဘာလို့အလကား သေဆုံးစေခဲ့သလဲဆိုတာ ဘုရင်မင်းမြတ်ဆီ ရှင်းပြဖို့ တွေးတောလိုက်”

ဤအရာကို ပြောဆိုပြီးနောက် ဝမ်ချောင်သည် ကျန်းချန်ကျိုးကို တွန်းတိုက်လိုက်ပြီး ထွက်သွားလိုက်သည်။

ကျန်းချန်ကျိုးသည် ထိုနေရာတွင် ရပ်နေခဲ့ပြီး ကြက်သေ သေနေခဲ့ကာ သူ့ကိုရပ်တန့်ရန်ပင် မကြိုးစားခဲ့မိပေ။ ဝမ်ချောင်၏ စကားလုံးများသည် သူ့မျှော်လင့်ချက်ထက် လုံးဝကျော်လွန်နေခဲ့ကြပေသည်။

ကျန်းချန်ကျိုး၏စိတ်သည် လုံးဝဗလာကျင်းနေခဲ့၏။ သူသည် တိဗက်များ၏ အရူးလုပ်ခံခဲ့ရခြင်းကို လက်မခံနိုင်ရုံပင်။

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ”

ကျန်းချန်ကျိုး သူ့ကိုယ်သူ ရေရွတ်လိုက်သော်လည်း ဝမ်ချောင်သည်တော့ အဝေးသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

**************************

အပိုင်း (၄၁၈)

နဂါးများ တွေ့ဆုံခြင်း

ဝမ်ချောင် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာနေချိန်တွင် နန်းတော်အတွင်း၌ ပဉ္စမမင်းသား လီဟန်သည် ခေါက်တုန့်ခေါက်ပြန် လျှောက်နေခဲ့ပြီး သူ့ခေါင်းကို ငုံ့ထားခဲ့ကာ သူ့နှလုံးသားသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ့ရှေ့တွင် တစ်လက်မပင် မမြင့်သော တံခါးခုံ တစ်ခုရှိနေခဲ့၏။ သို့တိုင် ဤတံခါးခုံသည် မြင့်မားပြီး မမြင်ရသော နံရံတစ်ခုကဲ့သို့ ခိုင်မာပြီး ထူထည်းလှသည်။ အသက်ရှုရ ခက်စေသည့် ဖိအားတစ်ခုဖြင့် ၎င်းသည်လီဟန်ရှေ့တွင် မားမားမတ်မတ် ရှိနေခဲ့သည်။

အရာအားလုံးသည် တိတ်ဆိတ်နေခဲ့သော်လည်း လီဟန်သည် သူ့မျက်ခုံးများပေါ်ရှိ ချွေးအေးများနှင့် သူ့စိတ်ထဲရှိ ဖော်ပြ၍မရသော စိုးရိမ်မှုတစ်ခုကို ခံစားနေခဲ့ရသည်။

နေ့လည်ပိုင်း အခစားဝင်ချိန် ပြီးကတည်းက နှစ်နာရီကျော် ကြာသွားခဲ့ပြီ ဖြစ်သော်လည်း လီဟန်သည် ယခုအချိန်ထိ ဆင့်ခေါ်မခံခဲ့ရသေးပေ။

သူ့ကံကြမ္မာသည် ဤသေးငယ်သော တံခါးခုံလေးပေါ် လုံးဝမူတည်နေသည်ကို လီဟန်သိပေသည်။

ရုတ်တရက်ပင် တံခါးပွင့်သွားခဲ့ပြီး ပြတ်သားသော အသံတစ်ခုသည် ခန်းမအတွင်းမှနေ၍ ထွက်ပေါ်လာခဲ့သည်။

“တင်ပြပါတယ် ပဉ္စမမင်းသား လီဟန်က သူကိုယ်တိုင် အခစားဝင်ရပါမယ်”

ဒုန်း

လေးလံလှသော တူကြီးတစ်လက်က သူ့နှလုံးသားကို ရိုက်ခတ်သွားသကဲ့သို့ လီဟန်သည် မိန်းမောနေရာမှ ချက်ချင်း နိုးထသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသော ဆင့်ခေါ်မှုသည် နောက်ဆုံးတွင် ရောက်လာခဲ့သည်။

လီဟန် သက်ပြင်းချလိုက်ပြီး သူ့စိတ်ကို တည်ငြိမ်စေလိုက်ကာ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်သည်။ ထို့နောက် သူ့ခြေထောက်များကို မြှောက်လိုက်ပြီး စိုးရိမ်တကြီးဖြင့် တံခါးခုံကို ဖြတ်ကျော်လိုက်သည်။

ဘုန်း

သူ့ခြေထောက်များ ကျဆင်းနေသော အသံများသည် လီဟန်၏ နားထဲတွင် တောင်တန်းများကဲ့သို့ လေးလံသည်ဟု ထင်ရသည်။

ခန်းမသည် အဆုံးမရှိဟု ထင်ရလောက်အောင် အလွန် ကျယ်ပြန့်သွားခဲ့သည်။ လီဟန် သူ့ခြေထောက်အောက်မှနေ၍ အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ တစ်ယောက်ချင်းစီသည် ကျန့်ငါးကျန့် မြင့်မားသော မျက်နှာသေနှင့် နန်းတော်အစောင့်များမှလွဲ၍ လျှောက်လမ်းပေါ်တွင် တစ်ခြားမည်သူမျှ ရှိမနေခဲ့ပေ။

အပ်တစ်ချောင်း ကျသွားလျှင်ပင် ကြားရနိုင်လောက်သည်အထိ အလွန်တိတ်ဆိတ်လှ၏။

အချိန်တစ်ခု ကြာပြီးနောက် တစ်ခဏနှင့် ထာဝရကဲ့သို့ ကြာရှည်သည်ဟု ထင်ရသော်လည်း လီဟန်က နောက်ထပ် မလျှောက်လှမ်းနိုင်တော့ဟု ခံစားလိုက်ရသောအခါ သူ့မျက်စိရှေ့ရှိ လောကကြီးသည် ရုတ်တရက် ပွင့်သွားခဲ့ပြီး မျက်စိကြိမ်းမတတ် အလင်းရောင်များသည် သူ့ရှေ့တွင် တောက်ပသွားခဲ့သည်။

တစ်ချိန်ထဲမှာပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကဲ့သို့ နားလည်ရခက်ပြီး ကြီးမားများပြားသော အဆုံးမရှိသည့် ကြောက်ရွံ့လေးစားထိုက်သော မြင့်မြတ်သည့် စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

ဤစွမ်းအင်သည် လီဟန်၏ ခန္ဓာပေါ်ရှိ ဖိအားကို အဆတစ်ထောင်ကျော် တိုးသွားစေခဲ့သည်။

“အရှင့်ရဲ့ကျေးကျွန် ဒီသားတော်က ဧကရာဇ် ဖခမည်းတော်ကို အရိုအသေ ပေးပါတယ်”

လီဟန်တံခါးခုံကို ဖြတ်လိုက်၏။ သူ့ခေါင်းကို မမော့ဝံ့ဘဲ သူသည် ကြောက်ရွံ့လေးစားစွာဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူသည် အသက်နှစ်ဆယ် ရှိပြီဖြစ်သော်လည်း ခန်းမ၏ အထက်ပိုင်းတွင် ထိုင်နေသည့် နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်သည် သူကလေးဘဝကကဲ့သို့ပင် သူ့အား လေးစားမှုများစွာကို ဖြစ်စေခဲ့ဆဲဖြစ်သည်။

မီးရှုးတိုင်များသည် မှိတ်တုတ်မှိတ်တုတ် လင်းနေခဲ့သော်လည်း အထက်တွင် ထိုင်နေသည့် ပုဂ္ဂိုလ်ကို မလှုပ်ရှားစေခဲ့ပေ။

ထို့အပြင် ထိုပုဂ္ဂိုလ်၏အောက်တွင် လီဟန်သည် အလွန်အမင်း အားနည်းပြီး အလွန်အမင်း အားကောင်းသော စွမ်းအင်များကို ခံစားလိုက်ရသည်။

ဤသည်မှာ နန်းတော်၏ မင်းသားများ ဖြစ်ကြသည်။ သူသည် ယနေ့ဤနေရာသို့ ဆင့်ခေါ်ခံလိုက်ရသော တစ်ဦးတည်းသောသူ မဟုတ်သည်မှာ ထင်ရှားလှသည်။

ခန်းမကြီးသည် လုံးဝတိတ်ဆိတ်နေခဲ့၏။ အေးစက်ပြီး ရက်စက်သော အကြည့်များသည် ဒူးထောက်နေသော လီဟန်ရှိနေသည့် အဓိကတံခါးပေါ်သို့ ဘက်ပေါင်းစုံမှနေ၍ ကျဆင်းလာခဲ့သည်။

တော်ဝင်ကလန်တွင် မိသားစုချစ်ကြည်ရင်းနှီးမှုကဲ့သို့သော အရာမျိုးမရှိပေ။

ဉာဏ်ပညာ အကြီးမားဆုံး ပညာရှိ ဘုရင်များ သို့မဟုတ် အညံ့ဖျင်းဆုံး မင်းဆိုးမင်းညစ်များသည်ပင် ဤသံမဏိစည်းမျဉ်းကို မပြောင်းလဲနိုင်ခဲ့ကြပေ။ ထို့ကြောင့် ၎င်းသည် မင်းဆက် တစ်ဆက်ပြီးတစ်ဆက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်တွင် ရှိခဲ့သည်။

လီဟန်သည် နန်းတော်တွင် အနည်းငယ်မျှသော နွေးထွေးမှုကို မခံစားခဲ့ရပေ။ အနက်ရှိုင်းဆုံးသော အေးစက်စိမ်းကားမှုကိုသာ ခံစားခဲ့ရသည်။

“ထ”

အချိန်တစ်ခု ကြာပြီးနောက် ခမ်းနားထည်ဝါသော အသံတစ်ခုသည် ခန်းမ၏ အထက်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။

ကြောက်ရွံ့စွာ တုန်လှုပ်နေခဲ့သေးကာ လီဟန် မတ်တပ်ရပ်လိုက်သော်လည်း သူသည် ခေါင်းမမော့ဝံ့ခဲ့သေးပေ။ ယခင်စည်းမျဉ်းများအတိုင်း သူသည် ခေါင်းငုံ့ထားလျှက် ခန်းမ၏အစွန်းသို့ လျှောက်သွားလိုက်သည်။

သူသည် လေးစားခံရသည့် ပဉ္စမမြောက် မင်းသားဖြစ်သော်လည်း လီဟန်သည် မင်းသားများကြားတွင် နောက်ခံအနည်းဆုံးဖြစ်ပြီး အားအနည်းဆုံးလည်းဖြစ်သည်။ ထို့ကြောင့် အဆင့်သတ်မှတ်ခံရသောအခါ သူသည် နောက်ဆုံးတွင် အမြဲရပ်တည်ခဲ့သည်။

ပညာရှင်ဧကရာဇ် အပါအဝင် အခြားမင်းသားများသည် ပဉ္စမမင်းသားအဖြစ် သူ့အဆင့်အတန်းကို ဘယ်တော့မှ ကရုမစိုက်ခဲ့ကြပေ။

လီဟန်ကို အံ့အားသင့်သွားစေခဲ့သည်မှာ သူနေရာယူပြီးနောက် ပညာရှင်ဧကရာဇ်သည် ချက်ချင်း မေးခွန်းမထုတ်ခဲ့ပေ။ သူသည် မေ့ပျောက်နေပုံရ၏။

တစ်ခြားမင်းသားများ အားလုံးတို့သည် အဝေးသို့ အကြည့်များ လွှဲလိုက်ကြပြီး လေထုသည် ရုတ်တရက် နောက်တစ်ကြိမ် လှုပ်ရှားသွားပုံရကာ သာမာန် အခြေအနေသို့ ရောက်ရှိလာပုံရသည်။

လီဟန်သည် လေဘောလုံး တစ်ခုကဲ့သို့ မည်သူ၏ အာရုံစိုက်မှုကိုမျှ မခံရဘဲ စီတန်းမှု၏ နောက်ဆုံးတွင် မတ်တပ်ရပ်နေခဲ့သည်။

မြင့်မားလှသော တောင်တစ်လုံးကဲ့သို့ ဧရာမကြီးမားသော စွမ်းအင်တစ်ခုသည် သူ့ဧကရာဇ် ဖခမည်းတော်နှင့် အနီးဆုံးနေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ ၎င်းသည် တောက်ပသော နေအလင်းတန်းများရှေ့ရှိ ရွှမ်းရွှမ်းစိုသော ကျောက်စိမ်းတစ်ခုကဲ့သို့ ဖြစ်သော်လည်း တစ်ခြားမင်းသားများအတွက် ၎င်းသည် မယုံနိုင်စရာကောင်းလောက်အောင် သန်မာလှသည်။

ဤသည်မှာ ပထမမင်းသား၏ စွမ်းအင်ဖြစ်သည်ကို လီဟန်သိပေသည်။

သူတို့ကို မည်သို့ပင် အဆင့်သတ်မှတ်ပါစေ အနာဂတ် ဆက်ခံသူအနေဖြင့် ပထမမင်းသားသည် သူ့ဧကရာဇ် ဖခမည်းတော်နှင့် အနီးဆုံး ခြေဖဝါးအောက်တွင် အမြဲရပ်တည်ခဲ့သည်။ မည်သူမျှ ဤအရာကို မပြောင်းလဲနိုင်ခဲ့ပေ။

အခစားဝင်ရောက်မှုတိုင်းတွင် သူ့ဧကရာဇ် ဖခမည်းတော်သည် ပထမမင်းသားကို ရုံးတော်၏ နိုင်ငံရေးများ၊ စစ်တပ်အတွက် မွန်းမံပြင်ဆင်မှုများ၊ သိုင်းလမ်းစဉ်အပေါ်ရှိ ကျင့်ကြံမှု၊ သာမာန်ပြည်သူများ၏ ဘဝနေထိုင်မှုများနှင့် ဖြစ်နိုင်သည့် ရှု့ထောင့်တိုင်းရှိ အခြားမေးခွန်းများစွာတို့ကို အမြဲမေးမြန်းပေလိမ့်မည်။

တွေ့ဆုံမှု တစ်ခုစီသည် စမ်းသပ်မှုတစ်ခုဖြစ်သည်။ ပထမမင်းသားသာမက အခြားမင်းသားတိုင်းသည် ဤစမ်းသပ်မှုကို ခံယူခဲ့ရသည်။ တစ်ယောက်ချင်းစီက ၎င်းတို့၏ ဧကရာဇ် ဖခမည်းတော်၏ စမ်းသပ်မှုကို ခံယူခဲ့သောကြောင့် သူတို့သည်လည်း သူတို့၏ ပါရမီများကို ပြသကြပေလိမ့်မည်။

တော်ဝင်ကလန်တွင် သာမာန်ပြည်သူများ၏ ဖခင်များနှင့် သားများကြားတွင် တွေ့ရသော သက်တောင့်သက်သာ ဖြစ်မှုနှင့် နွေးထွေးမှုမရှိပေ။ ဤသည်မှာ လီဟန်သည် တော်ဝင်နန်းတော်ကို ရှောင်ရှားခဲ့ရသည့် အကြောင်းအရင်းဖြစ်သည်။

ရုံးတော်၏ နိုင်ငံရေးများ၊ တိုင်းတစ်ပါး ဆက်နွယ်မှုများ၊ လယ်ယာစိုက်ပျိုးရေးများ... လီဟန်သည် အခြားမင်းသားများ၏ ပါးစပ်ဖျားမှလာသော အရာတစ်ခုကိုမျှ နားမလည်ခဲ့ပေ။

ထိုသည်မှာ သူ့အသိပညာ ဗဟုသုတသည် အလွန်နိမ့်ပါးသောကြောင့် မဟုတ်ပေ။ သို့သော် သူ့တွင် မည်သည့်အရင်းအမြစ်မျှ မရှိခဲ့သောကြောင့်ဖြစ်သည်။ သူ့တွင် သူ့ကိုသင်ပြပေးမည့် ဆရာတစ်ယောက်ပင် မရှိခဲ့ပေ။

လီဟန်သည် မုန်းတီးခြင်း သို့မဟုတ် အတွန့်တက်ခြင်း မပြုလုပ်ခဲ့ဝံ့ပေ။ သူပြုလုပ်နေကျအတိုင်း သူသည် နာခံစွာ ဘာမှမပြုလုပ်ဘဲ သူ့ခေါင်းကို ငုံ့ထားလျှက် ကြောက်ရွံ့မှုကြောင့် တုန်ခါနေကာ သူ့နေရာတွင် ရပ်နေခဲ့သည်။

ပထမမင်းသား၊ ဒုတိယမင်းသား၊ တတိယမင်းသား၊ စတုတ္ထမင်းသား ... ထို့နောက် ဆဌမမင်းသား၊ သတ္တမမင်းသား မင်းသားအားလုံးတို့သည် ပညာရှင်ဧကရာဇ်၏ စမ်းသပ်မှုကိုခံယူရန် ရှေ့တက်သွားခဲ့ကြသည်။

နောက်သူ့အလှည့်သို့ ရောက်လာသောအခါ...

“အရမ်းကောင်းတယ် ဒီနေ့အတွက် ကိစ္စတွေကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့”

ခန်းမ၏ အထက်ပိုင်းတွင် ထိုခမ်းနားထည်ဝါသော ပုဂ္ဂိုလ်သည် ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုသို့ပင် လီဟန်သည် ရက်စက်စွာဖြင့် မသိကျိုးကျွံ့ ပြုခံခဲ့ရသည်။ ချုပ်တည်းမရသော စိတ်ပျက်မှု အရိပ်အယောင်သည် သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။ စိတ်ပျက်သွားခဲ့သော်လည်း သူသည် တော်တော်လေး ကံကောင်သည်ဟုလည်း ခံစားခဲ့ရသည်။ သို့သော်သူသည် သူ့တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်လည်ရရှိသွားခဲ့သည်။

ဤသို့သော အရာမျိုးသည် နန်းတော်တွင် အကြိမ်များစွာ ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။

“... ဒီနေ့က ဖခင်တစ်ယောက်နဲ့ သူ့သားတွေ တွေ့ဆုံတဲ့နေ့ပဲ။ ဒါ့ကြောင့် နိုင်ငံရေးအကြောင်း အများကြီး ပြောစရာမလိုဘူး။ လာ ကချေသည်တွေကို စေလွှတ်ပြီး သီချင်းဖွင့်လိုက်။ ငါတို့ပွဲတော် တည်ကြမယ်”

ဤအမိန့်သည် ရေတံခါးများကို ပွင့်သွားစေပုံရသည်။ ခန်းမ၏ ဘေးတံခါးများသည် ပွင့်သွားခဲ့ပြီး မရေမတွက်နိုင်သော ပြုံးရွှင်နေသည့် အစေခံများနှင့် မိန်းမစိုးများသည် သစ်သီးပန်းကန်များ၊ စားပွဲများနှင့် ကုလားထိုင်များ၊ ဝိုင်ပုလင်းများနှင့် အမွှေးနံ့သာများကို သယ်ဆောင်ကာ ဝင်လာခဲ့ကြသည်။

တစ်ခဏချင်းမှာပင် စားပွဲတစ်လုံးနှင့် ရှေးဟောင်းပုံစံရှိ ကုလားထိုင်များသည် မင်းသားများရှေ့တွင် ရောက်လာခဲ့ပြီး ထိုစားပွဲပေါ်တွင် သစ်သီးများ၊ ကိတ်မုန့်များ၊ သောက်စရာများနှင့် အစားအသောက်ကောင်းများကို ပြင်ဆင်ထားခဲ့သည်။

မင်းသားများအားလုံး ထိုင်လိုက်သောအချိန်တွင်

ဘုန်း

ခေါင်းလောင်းသံများနှင့်အတူ သီချင်းစတင်လိုက်ပြီး ကောင်းကင်ထက်မှ နတ်သမီးများကဲ့သို့ ပုံပေါ်သော အဖြူရောင်ဝတ်ဆင်ထားသည့် လှပသော နန်းတော်အစေခံများ ဝင်လာခဲ့ကြသည်။

“ဖခမည်းတော်”

နန်းတော်အစေခံများ ခန်းမအလယ်သို့ ဝင်လာပြီး ကပြရန် ပြင်ဆင်နေချိန်တွင် အသံတစ်ခုသည် ရုတ်တရက် ဂီတသံကို နှောက်ယှက်လိုက်သည်။

“ဧကရာဇ် ဖခမည်းတော် ဒီနူးညံ့သိမ်မွေ့တဲ့ နန်းတော်ဂီတ သံစဉ်တွေက မဟာထန်ရဲ့ ရဲရဲတောက်ပုံစံကို နိမ့်ကျစေတယ်။ ပဉ္စမညီတော်က ဧကရာဇ် ဖခမည်းတော်ရှေ့မှာ ဓားအကအလှတစ်ခုကို တင်ဆက်ပြသဖို့ ပြင်ဆင်ထားခဲ့တယ်လို့ အရှင့်ရဲ့ ဒီနိမ့်ကျတဲ့ သားတော်က ကြားသိခဲ့ရပါတယ်။ ဧကရာဇ် ဖခမည်းတော်က အဲ့ဒါကို ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပဉ္စမမြောက်ညီတော် မင်းအဲ့လိုမထင်ဘူးလား”

တတိယမင်းသားသည် ရုတ်တရက် သူ့ထိုင်ခုံမှနေ၍ မတ်တပ်ရပ်လိုက်သည်။ ခန်းမ၏ အထက်ဘက်သို့ သူ့စကားလုံးများကို အဆုံးသတ်လိုက်ပြီးနောက် သူသည် ရုတ်တရက် လီဟန်ကို လှည့်ကြည့်လိုက်ကာ သူ့မျက်လုံးများသည် အေးစက်မှုနှင့် ရန်လိုမှု အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။

တစ်ခဏမျှ အချိန်သည် ရပ်တန့်သွားပုံပေါ်၏။ ဂီတသံစဉ်များ၊ အကအလှ၊ စကားပြောဆိုနေမှု၊ လေတိုက်ခတ်မှုနှင့် စားသောက်မှု... အားလုံးတို့ ပျောက်ကွယ်သွားခဲ့သည်။

မူလက သက်တောင့်သက်သာဖြစ်သော လေထုသည် ချက်ချင်း တင်းမာလာခဲ့ပြီး အမှောင်ထဲရှိ ဓားများနှင့် ဆေဘာများ၏ တိတ်တဆိတ် အငွေ့အသက်များနှင့် ပြည့်လျံလာခဲ့သည်။

အစေခံများနှင့် မိန်းမစိုးများ အားလုံးတို့သည် မျက်လုံးများတွင် အကြောက်တရားများဖြင့် သူတို့၏ခေါင်းများကို ချက်ချင်းနီးပါး ငုံ့လိုက်ကြသည်။ တစ်ဖက်တွင်မူ အခြားမင်းသားများသည် စားပွဲ၏ နောက်ဆုံးတွင် ထိုင်နေသည့် လီဟန်ကို လှည့်ကြည့်လိုက်ကြကာ စတင်ရယ်မောလိုက်ကြသည်။

စားပွဲ၏ ထိပ်တွင်ထိုင်နေသော ပထမမင်းသားသည်ပင် အခြားမင်းသားများကဲ့သို့ လှောင်ပြောင်ရယ်မောခဲ့ခြင်း မရှိသော်လည်း သူ့တူကိုချလိုက်ပြီး လှည့်ကြည့်လာခဲ့သေးသည်။

ခန်းမတစ်ခုလုံးသည် အပ်တစ်ချောင်း ပြုတ်ကျသွားလျှင်ပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်လာခဲ့သည်။

'လာပြီ။'

လီဟန်သည် အသက်မရှုနိုင်လောက်အောင် အလွန်အားကောင်းသော မမြင်ရသည့် ဖိအားတစ်ခုက သူ့ပတ်ပတ်လည်တွင် သူ့ကိုတင်းကြပ်စွာ တုတ်နှောင်လာသည်ကို ခံစားလိုက်ရသည်။ သူ့အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့၏။

သူသည် မူလက ဤကပ်ဘေးမှနေ၍ လွတ်မြောက်မည်ဟု ယုံကြည်ထားခဲ့သည်။ မမျှော်လင့်စွာပင် သူ့တတိယအစ်ကိုသည် သူ့ကိုလွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။ သူသည် အစပိုင်းတွင် သူ့ကို ဒုက္ခမပေးခဲ့ခြင်းမှာ သူ့ကိုစိတ်ထဲမထားသောကြောင့်မဟုတ်ပေ။ သူသည် ယခုအချိန်တွင် အသုံးချရန် အခွင့်အရေးကို ချန်ထားခဲ့ခြင်းသာဖြစ်သည်။

လှောင်ပြောင်မှုများ၊ ရယ်မောမှုများ၊ မုန်းတီးမှုကြောင့် ဖြစ်ပေါ်လာသော ကျေနပ်မှုများနှင့် ရန်လိုသော အကြည့်များသည် လီဟန်ကို ရုတ်တရက် ချွေးများထွက်လာစေခဲ့သည်။

သူသည် ဤသို့သော အရာများကို ယခင်ကလုံးဝ မကြုံတွေ့ခဲ့ဖူးပေ။

အာရုံစိုက်မှု၏ အလယ်သို့ ရောက်ရှိခြင်းမှာ သူ့ပထမဆုံးအကြိမ် ဖြစ်သော်လည်း ၎င်းမှာ သူလိုချင်သည့် အရာမဟုတ်ပေ။

'တတိယအစ်ကိုက ငါ့ကိုတကယ်ပဲ အလွတ်မပေးချင်ဘူးပဲ။'

လီဟန် သူ့ဘာသာ ပြောလိုက်၏။ သူသည် ဓားအကအလှကို မည်သို့ ကပြရမည်ဆိုသည်ကို လေ့ပင်မလေ့လာခဲ့ဖူးဘဲ မည်သို့စတင်ရမည်ကိုပင် မသိပေ။ တစ်ခြားမင်းသားများသည်လည်း ဤသို့သော အရာမျိုးကို လုံးဝမလုပ်ခဲ့ဖူးကြပေ။

တတိယမင်းသားက ဤအရာကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည်ကို လီဟန်သိပေသည်။

“မင်းသား နန်းတော်ထဲမှာ မင်းဒါကို အမှတ်ရနေရမယ်။ မင်းစကားများများ ပြောလေလေ မင်းအမှားများများ လုပ်မိလေပဲ။ မင်းစကားနည်းနည်း ပြောလေလေ အမှားနည်းလေလေပဲ။ ဒါက ဒီအစေခံအိုကြီးက သူ့ရဲ့နှစ်ပေါင်းများစွာ အတွေ့အကြုံကနေ လေ့လာထားခဲ့တဲ့ သင်ခန်းစာပဲ။ မင်းသား မင်းဒါကို မှတ်မိနေရမယ်”

ထူးဆန်းစွာဖြင့် နန်းတော်ထဲ မဝင်ရောက်မီ လီကျင်းကျုံး သူ့ကိုပြောခဲ့သော စကားလုံးများသည် သူ့နားထဲတွင် ပေါ်လာခဲ့သည်။

သူတို့သည် သူနန်းတော်ထဲသို့ ရောက်ရှိသွားသောအခါ ဘာတွေဖြစ်လိမ့်မည်ကို မသိခဲ့ကြပေ။ လီကျင်းကျုံးသည် လိုက်မဝင်နိုင်ခဲ့သောကြောင့် သူသည် လီဟန်ကို ဤနောက်ဆုံး အကြံပေးစကားလုံးများကို ပေးခဲ့ရသည်။

“ဧကရာဇ် ဖခမည်းတော် ကျွန်တော်... ”

လီဟန်သည် တတိယမင်းသား၏ အသံကို ရုတ်တရက် ကြားလိုက်ရသောအခါ ငြင်းဆန်ရန် စီစဉ်နေခဲ့သည်။

“ဟမ် ပဉ္စမမြောက်ညီတော် ဘာဖြစ်လို့လဲ။ ဧကရာဇ် ဖခမည်းတော်ရဲ့ရှေ့မှာ မင်းဘာလို့ တုန့်ဆိုင်းနေတာလဲ။ မင်းရဲ့စကားလုံးတွေကို ပြန်ရုတ်သိမ်းချင်နေတာလား။ မင်းရုတ်တရက် စိတ်မပါတော့ဘူးလား”

ထိုအသံသည် အေးစက်ပြီး လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ ၎င်းမှာသူ့ကို ဖောက်မြင်ခဲ့ပြီး ဖြစ်ပုံရသည်။

“တတိယအစ်ကိုတော် ခင်ဗျား..”

လီဟန် မတ်တပ်ရပ်လိုက်သော်လည်း သူစကားပြောတော့မည့် အချိန်တွင် ရှေးကျသော တောင်တစ်လုံးသည် သူ့အပေါ်သို့ ဖိကျလာခဲ့ပုံရသည်။ ခမ်းနားထည်ဝါပြီး ရိုသေလေးစားမှုကို ဖြစ်စေသော အကြည့်တစ်ခုက သူ့အပေါ်သို့ ကျဆင်းလာသည်ကို လီဟန်ရုတ်တရက် ခံစားလိုက်ရသည်။

ဧကရာဇ်ဖခမည်းတော်...။

လီဟန်သည် သူ့စကားလုံးများကို ချက်ချင်း ပြန်မြိုချလိုက်ကာ သူ့နှလုံးသားသည် တုန်ခါသွားခဲ့သည်။ သို့တိုင် သူသည် အခြားအရာတစ်ခုခုကို ပြောတော့မည့်အချိန်တွင် သူသည် ပညာရှင်ဧကရာဇ်၏ တည်ငြိမ်အေးဆေးပြီး ကရုမစိုက်သောအသံကို နောက်တစ်ကြိမ် ထပ်ကြားလိုက်ရသည်။

“လုံလောက်ပြီ လင်းအာ မင်းရဲ့ပဉ္စမမြောက်ညီတော်ကို အခက်မတွေ့စေနဲ့”

သွေးများသည် လီဟန်၏ခေါင်းထဲသို့ ပြေးဝင်လာခဲ့သည်။ ဤသည်မှာ လျစ်လျူရှု့ခံခဲ့ရသည့် သူပထမဆုံးအကြိမ် မဟုတ်သော်လည်း ဤအချိန် လီဟန်သည် သည်းခံရန် မဖြစ်နိုင်သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ရုတ်တရက်ပင် ခွန်းဝူလေ့ကျင့်ရေး စခန်း၌ ဝမ်ချောင်က သူ့ကိုပြောခဲ့သော စကားလုံးများက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။

“မင်းသား လူတစ်ယောက်က ကျားဂူထဲမဝင်ဘဲ ကျားပေါက်ကို ဘယ်လိုဖမ်းနိုင်မှာလဲ။ မင်းမှာ နောက်ဆုတ်စရာ နေရာမရှိတော့ဘူး။ တကယ်လို့မင်းက မင်းရဲ့လက်ရှိ အခြေအနေကို ပြောင်းလဲချင်ရင် ဘုရင်မင်းမြတ်ရဲ့ မင်းဆီကို စိတ်သဘောထားကို ပြောင်းလဲချင်ရင် မင်းကအရမ်းကို တက်ကြွပြီး ရဲရင့်ရမယ်”

“မင်း ဒီတစ်ကြိမ် နန်းတော်ထဲ ဝင်ရောက်တဲ့အခါ တတိယမင်းသားနဲ့ အခြားလူတွေက မင်းကို အခက်တွေ့စေမဲ့ နည်းလမ်းတိုင်းကို သေချာပေါက် စဉ်းစားကြလိမ့်မယ်။ သာမာန် အခြေအနေမှာမင်းက သေချာပေါက် တွန့်ဆုတ်သွားလိမ့်မယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် မင်းက လုံးဝဆန့်ကျင်ဘက်ကို ပြုလုပ်ရမယ်။ မင်းက လက်ဦးမှုရယူပြီး ဘုရင်မင်းမြတ်ရဲ့ရှေ့မှာ မင်းကိုယ်မင်း ပြသရမယ်။ ဒီအခစား တွေ့ဆုံမှုက မင်းရဲ့အကောင်းဆုံး အခွင့်အရေးပဲ။ သေစေနိုင်လောက်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ခြင်းကသာ တစ်ယောက်ကို တိုးတက်လာစေနိုင်တယ်။ ဘုရင်မင်းမြတ်ရဲ့ မျက်နှာသာနဲ့ တန်ဖိုးထားမှုကို မင်းလိုချင်တယ်ဆိုရင် ဒါကမင်းရဲ့ နောက်ဆုံးအခွင့်အရေး ဖြစ်မှာကို ငါစိုးရိမ်မိတယ်”

****

သွေးများသည် လီဟန်၏ ခေါင်းထဲသို့ ဆက်လက် စီးဆင်းနေခဲ့သည်။ သူသည် တစ်ခြားမင်းသားများ၏ လှောင်ပြောင်မှု၊ ရက်စက်မှု၊ ကရုမစိုက်မှု၊ တိုက်ခိုက်မှုများနှင့် လုပ်ကြံမှုများကို သည်းခံနိုင်သော်လည်း သူခံနိုင်ရည်မရှိသည့် တစ်ခုတည်းသောအရာမှာ သူ၏အလေးစားရဆုံးနှင့် အချစ်ခင်ရဆုံး ဧကရာဇ်ဖခမည်းတော်၏ လျစ်လျူရှု့သော အကြည့်ကိုဖြစ်သည်။

“ဧကရာဇ် ဖခမည်းတော် ကျွန်တော် အဆင်သင့်ပါပဲ။ ဒီနိမ့်ကျတဲ့ သားတော်က ဧကရာဇ် ဖခမည်းတော်ကို တင်ဆက်ပြသဖို့ ဓားအကတစ်ခုကို ပြင်ဆင်လာခဲ့ပါတယ်”

ဤစကားလုံးများသည် အလွန်တရာမှ ကျယ်လောင်လှကာ ခန်းမတစ်ခုလုံးဆီသို့ ပဲ့တင်ထပ်သွားခဲ့သည်။

လီဟန် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ သူ့ခန္ဓာကိုယ်သည် တုန်ရီနေခဲ့သော်လည်း သူ့အသံသည် မယုံနိုင်စရာ ကောင်းလောက်အောင် ခိုင်မာလှသည်။

တစ်ခဏမျှ ခန်းမသည် တိတ်ဆိတ်သွားခဲ့၏။ မင်းသားများ အားလုံးတို့သည် ကြက်သေ သေသွားခဲ့ကြပြီး အထက်တွင် ထိုင်နေသည့် ပညာရှင်ဧကရာဇ်၏ အကြည့်သည်ပင် တစ်ခဏမျှ တုန့်ဆိုင်းသွားခဲ့သည်။ သူသည် အောက်ဘက်ရှိ လီဟန်ကို ငုံ့ကြည့်လိုက်သည်။

“ဆက်လုပ်”

ထိုသည်မှာ ကရုမစိုက်စွာ ပြောလိုက်သော စကားလုံးတစ်လုံးမျှသာ ဖြစ်သော်လည်း ၎င်းသည် လီဟန်၏ နှလုံးသားထဲတွင် မရေမတွက်နိုင်သော လှိုင်းများကို ဖြစ်သွားစေခဲ့သည်။

**************************

အပိုင်း (၄၁၉)

ကစားပွဲတစ်ခု အဆုံးသတ်ပြီး နောက်ထပ် ကစားပွဲတစ်ခု စတင်ခြင်း

ဘုန်း

မဟာဂိတ်ကြီး ပွင့်သွားခဲ့ပြီး မြင်းတစ်ကောင် ပြေးထွက်လာခဲ့၏။ နန်းတော်အပြင်ဘက်တွင် လီကျင်းကျုံးသည် ပဉ္စမမင်းသား မြင်းစီးထွက်လာသည်ကို မြင်လိုက်ရသောအခါ စိုးထိတ်သွားခဲ့သည်။ သူ့လက်မောင်းစများကို ဆွဲတင်လိုက်ကာ သူသည် လျှင်မြန်စွာ လျှောက်သွားလိုက်ပြီး ပဉ္စမမင်းသားမြင်း၏ ဇာတ်ကြိုးများကို ယူလိုက်သည်။

“မင်းသား ဘယ်လိုလဲ။ မင်းသား ဘယ်လိုလဲ၊ ဘယ်လိုလဲ... ”

လီကျင်းကျုံး သူ့ခေါင်းကို မော့လိုက်ကာ သူ့ခန္ဓာကိုယ်သည် စိုးရိမ်ပူပန်မှုကြောင့် သိသိသာသာ တုန်ရီနေခဲ့သည်။ ဤကိစ္စ၏ အရေးပါမှုမှာ လျော့တွက်၍ မရပေ။ ၎င်းသည် ပဉ္စမမင်းသား၏ ကံကြမ္မာကို ဆုံးဖြတ်သည်ဟု ဆိုနိုင်သည်။

ထို့အပြင် အလားတူပင် လီကျင်းကျုံး၏ ကံကြမ္မာကိုလည်း ဆုံးဖြတ်ပေလိမ့်မည်။ 'သခင်၏ အရှက်ရမှုသည် အစေခံ၏ သေခြင်းတရား ဖြစ်သည်' ဟူသော နိယာမတစ်ခုကို နန်းတော်ထဲတွင် သိထားကြသည်။ ထို့ကြောင့် ပြီးခဲ့သည့် နာရီများအတွင်း လီကျင်းကျုံး၏ စိုးရိမ်ပူပန်မှုများကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။

“ဦးလေးကျင်း မစိုးရိမ်ပါနဲ့။ အဆင်ပြေပါတယ် အဆင်ပြေပါတယ်...”

လီဟန် သူ့မြင်းနောက်ကျောပေါ်တွင် ထိုင်နေခဲ့ကာ သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေခဲ့ပြီး သူ့လည်တိုင်သည်ပင် နီရဲနေခဲ့သည်။ သူသည် လီကျင်းကျုံးထက်ပင် ပို၍ စိတ်လှုပ်ရှားနေခဲ့ပုံရ၏။

နန်းတော်ထဲတွင် ယခုလေးတွင် ဖြစ်ပျက်သွားခဲ့သမျှ အတွေးများသည် သူ့စိတ်ထဲတွင် ပြေးလွှားနေဆဲဖြစ်ကာ လီဟန် သူ့စိတ်လှုပ်ရှားမှုကို မဖိနှိပ်နိုင်ခဲ့ပေ။ မထင်ရှားသော၊ အမြှီးကုပ်တတ်သော၊ သည်းခံတတ်သော၊ ကြောက်ရွံ့တတ်သော သူ့ဘဝသည် ထိုခန်းမအတွင်း မီးခိုးငွေ့တစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

တတိယမင်းသားက သူ့ကိုထောင်ချောက်ဆင်ရန် ကြိုးစားနေသည်ကို လီဟန်သိထားခဲ့ပြီး သူ့သိုင်းပညာရပ်ကို ဖော်ပြလိုက်ပါက သူသည် ပညာရှင်ဧကရာဇ်ကို ဒေါသထွက်စေနိုင်ပြီး သူ့ညီအစ်ကိုများ၏ ပစ်မှတ်ထားခြင်းကို ခံရကာ တိုင်းပြည်ဦးသျှောင်ကို လှည့်စားခြင်းပြစ်မှုဖြင့် အရေးယူခံရနိုင်သည်ကိုလည်း သူသိထားခဲ့သည်။

သို့သော် လီဟန်သည် ထိုမျှလောက်ကို ဂရုမစိုက်နိုင်ခဲ့ပေ။

အနှစ်(၂၀)ကြာ အနိုင်ကျင့်မှု, လှည့်စားမှု၊ ဂရုမစိုက်မှု၊ လှောင်ပြောင်မှုတို့ဖြင့် အနှစ်သာရမဲ့ဘဝတွင် နေထိုင်ပြီးနောက် လီဟန်သည် နောက်ဆုံးတွင် သူ့နှလုံးသားထဲရှိ အပြင်းထန်ဆုံးသော အာသိသ ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။

သူသည် မနက်ဖြန် ကွပ်မျက်ခံရလျှင်ပင် သူ့ဧကရာဇ် ဖခမည်းတော်က သူ့အား ကောင်းမွန်သည့် အကြည့်တစ်ခုဖြင့် ကြည့်စေချင်ခဲ့ပေသည်။

လီဟန်သည် ဓားအကတစ်ခုကို မည်သို့ ကပြရမည်ကို မသိခဲ့သော်လည်း သူသည် ရှေ့ထွက်ပြီး ကပြခဲ့သေးသည်။ အစီအစဉ်ကျမှု သို့မဟုတ် နည်းစနစ်မရှိခဲ့သကဲ့သို့ ဤကမ္ဘာပေါ်ရှိ အခြားဓားအကများကဲ့သို့လည်း မဟုတ်ခဲ့ပေ။

လီဟန်၏ ဓားအကသည် နှလုံးသားမှ လာခဲ့ခြင်းဖြစ်ကာ ရဲရင့်ပြီး ချုပ်တည်းထားခြင်းမရှိသော ဆယ်စုနှစ်နှစ်ခုကြာ ခံစားချက်များ ဖောက်ထုတ်သည့် အကတစ်ခုဖြစ်သည်။

ထိုဓားအက ရပ်တန့်သွားသောအခါ တစ်ယောက်သည် အပ်ကျသံကိုပင် ကြားရနိုင်သည်။

လီဟန်သည် အဆိုးဆုံးဝေဖန်မှုကို လက်ခံရန် စောင့်ဆိုင်းခဲ့သော်လည်း သူကြားလိုက်ရသည့် အရာမှာ ဤလောကရှိ အကောင်းဆုံးအသံ ဖြစ်ခဲ့သည်။

ဆယ်နှစ်ကျော် ကြာပြီးနောက် သူသည် သူ့ကလေးဘဝမှ သူ့ဖခင်၏ သူ့ဆီသို့ လုံးဝသေချာမှုဖြင့် ပြည့်နှက်နေသည့် အသံကို ကြားလိုက်ရသည်။

လီဟန်သည် ထိုစကားလုံးများကို ကြားလိုက်ရသောအခါ သူ့ညီအစ်ကိုများ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အကြည့်များကို မှတ်မိနေဆဲဖြစ်သည်။

“ဦးလေးကျင်း ဝမ်ချောင်မှန်တယ်။ သူ့တကယ်ကိုမှန်တယ်။ လာ ဝမ်ချောင်ကို မြန်မြန်သွားရှာကြရအောင်...”

လီဟန်၏စိတ်သည် စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်နေခဲ့သည်။

ဝမ်ချောင်၏ တိုက်တွန်းချက်နှင့် ဝေဖန်ပိုင်းခြားမှုကြောင့် မဟုတ်ပါက သူသည် တင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့လျှင်ပင် ထိုမျှသတ္တိရှိစွာဖြင့် ပြုလုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ထိုအချက်များက အရာအားလုံးသည် ဝမ်ချောင်၏ မျှော်လင့်ချက်များအတွင်း ဖြစ်သည်ကို သက်သေပြနေခဲ့သည်။

အကယ်၍ ယနေ့ အခစားဝင်ရောက်မှုတွင် သူသည် အနည်းငယ်မျှ တုန့်ဆိုင်းခဲ့ပါက သို့မဟုတ် တင်ဆက်မှုကို ငြင်းပယ်ခဲ့ပါက သူသည် ကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။

ဝမ်ချောင်မှန်ပေ၏။ သူသည် အလွန်အမင်း တက်ကြွပြီး အကောင်းဆုံး လုပ်ဆောင်ခဲ့သရွေ့ သူ့တွင် ရှင်သန်ရန် မျှော်လင့်ချက်အချို့ ရှိသေးသည်။ ဘုရင်မင်းမြတ်သည် စိတ်အားထက်သန်ပြီး သူ့ဘဝကို အန္တရာယ်အမျိုးမျိုးကိုဖြတ်ကျော် တည်ဆောက်ထားခဲ့သည်။

တစ်ယောက်သည် ၎င်းတို့၏ စွမ်းရည်များကို ပြသရာတွင် အလွန်အမင်း တက်ကြွသရွေ့ သူတို့သည် ဧကရာဇ်ဖခမည်းတော်၏ အစစ်အမှန် မျက်နှာသာပေးမှုကို ရရှိနိုင်ပေလိမ့်မည်။

ဧကရာဇ် ဖခမည်းတော် သူ့နှုတ်ခမ်းကို ဖွင့်လိုက်သောအခါ လီဟန်သည် ခေါင်းမော့လိုက်ပြီး ထိုမျက်လုံးများထဲတွင် ဘာရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် သူသည် သူ့ဧကရာဇ် ဖခမည်းတော် ခံစားနေရသည့်အရာကို ခံစားခဲ့ရသည်။

လီဟန်သည် လှောင်အိမ်ထဲရှိ ငှက်တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သော်လည်း ဓားအက စတင်သောအခါ သူသည် သူ့နှလုံးသားထဲရှိ နှောင်ကြိုးများကို ဖြတ်တောက်လိုက်ပြီး သူ့စိတ်နှင့်ခန္ဓာကို ဆွဲထားသည့် စိုးရိမ်ပူပန်မှုများ အားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

လီကျင်းကျုံး ဘာမှမပြောခဲ့ပေ။ သူသည် အူမြူးနေသော ပဉ္စမမင်းသားကို တွေဝေစွာကြည့်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သေ သေသွားခဲ့သည်။

သူသည် ဤသို့သော ပျော်ရွှင်ပြီး ယုံကြည်မှုရှိကာ စိတ်အားထက်သန်ပြီး စိတ်ဓာတ်တက်ကြွသည့် လီဟန်မျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။

သူတာဝန်ထမ်းဆောင်ခဲ့သည့် နှစ်များစွာ အတွင်း၌ပင် သူသည် လီဟန်ကို ဤကဲ့သို့ လုံးဝမမြင်ခဲ့ဖူးပေ။

သူ့ရှေ့တွင်ရပ်နေသည့် ပဉ္စမမင်းသားက သူခစားခဲ့သည့်တစ်ယောက် မဟုတ်တော့သည်ကို လီကျင်းကျုံး ဝိုးတဝါး ခံစားလိုက်ရသည်။

သို့သော် ထိုကွဲပြားမှုသည် မည်သည့်နေရာတွင် ရှိနေသနည်း။ သူသည်ပင် မပြောနိုင်ခဲ့ပေ။

“သွားကြစို့”

လီကျင်းကျုံး သတိပြန်လည်လာပြီး လီဟန်၏မြင်းကို စတင်ဦးဆောင်လိုက်သည်။

***

“ဟမ် ခွေးကောင်”

သူနန်းတော်ခန်းမသို့ ပြန်ရောက်လာသောအခါ တတိယမင်းသားသည် ဒေါသတကြီးဖြင့် သူ့လက်ဝါးကို ရိုက်ချလိုက်ပြီး သုံးလက်မထူသော သစ်သားစားပွဲကို အပိုင်းအစများအဖြစ် ကွဲကြေသွားစေခဲ့သည်။

သူသည် နန်းတော်ထဲတွင် ဖြစ်ပျက်သွားခဲ့သည့် အရာကို တွေးတောလိုက်သောအခါ တတိယမင်းသား၏ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူရော်သွားခဲ့သည်။ သူသည် သူ့အစီအစဉ်ကို ပြုလုပ်သောအခါ အရာအားလုံးကို ထည့်သွင်းတွက်ချက်ခဲ့ပြီး ဒုက္ခများစွာ ခံခဲ့ရသည်။

ပဉ္စမမင်းသားသည် ရုတ်တရက် သူ့စိတ်သဘောထား ပြောင်းလဲပြီး ထိုအကကို ဖျော်ဖြေရန် လက်ဦးမှု ရယူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် သူ့ကိုလုံးဝ အံ့အားသင့်သွားစေခဲ့သည့် အရာမှာ သူ့ဧကရာဇ် ဖခမည်းတော်သည် အပြစ်မရှာခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် နန်းတော်အတွင်း ဝတ်ဆင်သည့် တော်ဝင်ကလန်၏ ကလေးများအတွက် ရည်ရွယ်သည့် ပန်းထိုးထားသော အထူးဝတ်ရုံတစ်ခုကို လီဟန်အား ချီးမြင့်ခဲ့သည်။

ဧကရာဇ်တစ်ပါးမှ လက်ဆောင်ပေးသော ပန်းထိုးထားသည့် ဝတ်ရုံတစ်ခုသည် အသေးအမွှား ကိစ္စတစ်ရပ်မဟုတ်ပေ။ သူတို့ထဲမှ အတုံးအဆုံးလူသည်ပင် ၎င်းတို့၏ ဧကရာဇ် ဖခမည်းတော် ဆိုလိုသည့်အရာကို သဘောပေါက်ပေသည်။

ယခုမှစ၍ မည်သူမျှ လီဟန်ကို အကောက်ကြံရန် ခွင့်မပြုတော့ပေ။ ထိုပန်းထိုးထားသော ဝတ်ရုံသည် အကာအကွယ်အဆောင် ဖြစ်ပေသည်။

လီဟန်ကို ဆန့်ကျင်၍ လှုပ်ရှားရဲသည့် မည်သူမဆို ၎င်းတို့၏ သေခြင်းတရားကို ရှာဖွေနေခြင်းဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ထိုသည်က ပညာရှင်ဧကရာဇ်ကို စိန်ခေါ်ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။

“ပဉ္စမညီတော်နဲ့ ဘာတွေဖြစ်နေသလဲဆိုတာ ငါ့အတွက် စုံစမ်းပေး။ ဧကရာဇ် ဖခမည်းတော်တောင် သူ့ဝေဒနာကို မကုသနိုင်ခဲ့ဘူး။ သူကဘယ်လိုလုပ် ရုတ်တရက် ကျင့်ကြံလာနိုင်ပြီး မူလစွမ်းအင် အဆင့်ကိုးကိုတောင် ရောက်နိုင်ခဲ့တာလဲ”

တတိယမင်းသား လှည့်လိုက်ကာ သူ့စိတ်သည် ဒေါသဖြင့် လောင်ကျွမ်းနေခဲ့သည်။

“မင်းသား ဒါက အသုံးမဝင်ပါဘူး”

ခန်းမထဲတွင် ဝိညာဉ်သွေးကြော တောင်ပေါ်အနီး ပေါ်လာခဲ့သော ထက်ရှသည့် မျက်လုံးများဖြင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲ တစ္ဆေလက်သည် လေးနက်စွာ ပြောလိုက်သည်။

“ပထမမင်းသားက စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့ပြီးပေမဲ့ သဲလွန်စတစ်ခုကိုတောင် မဖော်ထုတ်နိုင်ခဲ့ဘူး။ ပဉ္စမင်းသားက လေ့ကျင့်ရေးစခန်းမှာ အရမ်းကို သိုသိပ်လွန်းတယ်။ ဒါ့အပြင် ပဉ္စမင်းသားရဲ့ ဝေဒနာက... ဘုရင်မင်းမြတ်ကတောင် ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး။ သာမာန်လူတစ်ယောက်က ဒါကိုပြုလုပ်နိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စမှာ ငါတို့မသိသေးတဲ့ တစ်ခုခုရှိတယ်”

တတိယမင်းသား သူ့ဘာသာ ရေရွတ်လိုက်ကာ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုက သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။ ဤသည်မှာ လီဟန်ကိုသတ်ဖြတ်ရန် နောက်ထပ် လုပ်ကြံသူများ သူ မစေလွတ်ခဲ့ရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

အကယ်၍ လီဟန်တွင် သူ့ကိုကာကွယ်ပေးနေသည့် အားကောင်းသော ကျွမ်းကျင်သူ ရှိခဲ့ပြီး ဤပုဂ္ဂိုလ်က လီဟန်ကို သူ့ကံကြမ္မာကို ပြောင်းလဲရန်နှင့် သူ့ခန္ဓာကိုယ်ကို လုံးဝပြောင်းလဲရန် ကူညီနိုင်ခဲ့ပါက ဤသည်မှာ တတိယမင်းသား စေလွှတ်လိုက်သော လူများ ကိုင်တွယ်နိုင်သည့် ကျွမ်းကျင်သူမဟုတ်ပေ။ အကယ်၍ လုပ်ငန်းသည် မအောင်မမြင် ဖြစ်သွားခဲ့ပါက သူ့ကိုဒုက္ခပေးလာနိုင်သည့် သဲလွန်စများကို နောက်တွင် ကျန်ရစ်စေခဲ့နိုင်သည်။

ဤသည်မှာလည်း သူသည် ကြီးစွာဒုက္ခခံပြီး လီဟန်ကို အကောက်ကြံရန် သူ့ဧကရာဇ် ဖခမည်းတော်ကို အသုံးပြုခဲ့ရခြင်း၏ အကြောင်းအရင်းဖြစ်သည်။

နောက်ဆုံးတွင် ထိုသို့လုပ်ခဲ့သော်လည်း သူသည် ကျရှုံးခဲ့ရဆဲဖြစ်သည်။

“သေစမ်းကွာ”

တတိယမင်းသား အံ့ကြိတ်လိုက်ပြီး သူလက်သီးဆုပ်လိုက်သောအခါ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။

“သူတို့က ဘယ်သူတွေပဲဖြစ်ဖြစ် ငါတို့သူတို့ကို ရှာရမယ်။ သူ့ကိုကူညီချင်နေတဲ့ ပုဂ္ဂိုလ်က ဘယ်လိုလူလဲဆိုတာ ငါတော်တော်လေး စိတ်ဝင်စားနေပြီ။ တစ္ဆေလက် မင်းနဲ့အတူ လူအချို့ကိုခေါ်သွား။ ပဉ္စမမင်းသားက ဧကရာဇ် ဖခမည်းတော်ရဲ့ ဆုချီးမြင့်ခြင်းကို အခုလေးတင် ခံထားရပြီး စိတ်ကြီးအဝင်ဆုံး အခြေအနေမှာ ဖြစ်နိုင်တယ်။ သူတော်ဝင်နန်းတော်ကနေ ထွက်ခွာတဲ့အခါ သူကသေချာပေါက် အဲ့ဒီပုဂ္ဂိုလ်ကို သွားရှာလိမ့်မယ်။ မင်းနဲ့အတူ လူတစ်ချို့ကို ခေါ်သွားပြီး သူ့ကိုအနီးကပ် စောင့်ကြည့်နေပါ”

“အဆိုးဝါးဆုံးကိစ္စပဲ။ သူတို့က ကောင်းကင်ဘုံက အင်မော်တယ်ဆိုရင်တောင် တကယ်လို့ သူတို့က မင်းသားတွေကြား တိုက်ပွဲမှာ ဝင်ပါရဲရင် ငါသူတို့ကို မြေကြီးပေါ် ရိုက်ချလိုက်မယ်”

“ဟုတ်ကဲ့ပါ။ ဒီအစေခံ သွားလိုက်ပါ့မယ်”

တစ္ဆေလက် ခေါင်းငုံ့လိုက်ကာ သူ့အကူအညီများကို ခေါ်လိုက်ပြီး လျှင်မြန်စွာ ထွက်ခွာသွားလိုက်သည်။

***

ဤအချိန်မှာပင် တစ္ဆေလက်က သူ့အုပ်စုကို ဦးဆောင်နေချိန်တွင် အခြားမင်းသား အားလုံးတို့၏ နန်းတော်ခန်းမများတွင် ဒုတိယမင်းသား၊ စတုတ္ထမင်းသား၊ ဆဌမမင်းသားနှင့် သတ္တမမင်းသားတို့သည်လည်း ဤကိစ္စအပေါ် ဆက်လက် စောင့်ကြည့်နေခဲ့ကြသည်။

သူတို့၏ အမြဲအမြှီးကုပ်နေပြီး ကြောက်တတ်ပုံရသော ပဉ္စမညီအစ်ကိုသည် ရုတ်တရက်အလွန် တက်ကြွပြီး ပါရမီများကို ထုတ်ပြကာ သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ထို့အပြင် ပို၍ပင် ထိတ်လန့်စေသည့် အရာမှာ ပညာရှင်ဧကရာဇ်၏ ရပ်တည်ချက်ဖြစ်သည်။ ဤနိမ့်ကျသော နည်းလမ်းဖြင့် ပဉ္စမညီအစ်ကို၏ ပြန်လည်ကောင်းမွန်လာခြင်းကို ဖော်ထုတ်ခဲ့သည်။

သို့သော် ပညာရှင်ဧကရာဇ်သည် ပြစ်မှုတစ်ခုဖြင့်သူ့ကို အရေးမယူခဲ့သည်သာမက သူသည်သူ့အား ပန်းထိုးထားသော ဝတ်ရုံတစ်ခုကိုပင် လက်ဆောင်ပေးခဲ့သည်။ သူသည် ဤသည်က မည်သို့ ဖြစ်နိုင်ခဲ့သည် ဆိုသည်ကိုပင် မမေးမြန်းခဲ့ပေ။

“ပဉ္စမညီတော်ကို ငါတကယ်ကို လျော့တွက်ထားခဲ့မိတာပဲ။ သူကသူ့ပါရမီကို ဖုံးကွယ်ထားတာမှာ အရမ်းတော်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

“ငါကမူလက သူအရမ်း မလွန်လာခဲ့ရင် သူ့ကိုလွှတ်ပေးဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ သူကဒီလို ရည်မှန်းချက်ကြီးတဲ့လူ ဖြစ်နေတာမို့ ငါသူ့ကို သည်းမခံနိုင်တော့ဘူး”

“ပုလ္လင်က တစ်ခုပဲရှိတာ။ သူကအဲ့အပေါ်မှာ ထိုင်ချင်နေတာမို့ ညီအစ်ကို ချစ်ခြင်းမေတ္တာကို ထည့်ပြောစရာ မလိုတော့ဘူး”

“သူကခွန်အား ပြတ်လပ်နေခဲ့သေးပေမဲ့ သူ့ကို ဖြစ်နိုင်သမျှမြန်မြန် သုတ်သင်ရမယ်။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့နေရာက တည်ငြိမ်သွားတဲ့အခါ ငါတို့သူ့ကို ဘယ်လိုလုပ် ကိုင်တွယ်နိုင်တော့မှာလဲ”

“နန်းတော်မှာ တိုက်ခိုက်နေတဲ့ ညီအစ်ကိုတွေ အများကြီး ရှိနေခဲ့ပြီ။ ငါတို့နောက်ထပ်တစ်ယောက် ထပ်မလိုတော့ဘူး”

***

လီဟန်သည် သူ့ဓားအကတစ်ခုက တစ်ခြားမင်းသားများ အားလုံး၏ ရန်လိုမှုကို တစ်ချိန်ထဲ နိုးဆွခဲ့မိသည်ကို မသိနိုင်ခဲ့ပေ။

အကယ်၍ တစ်ယောက်သည် လီဟန်ဆီသို့ ၎င်းတို့၏ရန်လိုမှုက ယခင်က ၎င်းတို့အတွေးများတွင် ရှိခဲ့သည်ဟုဆိုပါက ယခုတွင် ထိုစားသောက်ပွဲပြီးနောက် ဤအတွေးများသည် အကောင်အထည် ပေါ်လာတော့မည်ဖြစ်သည်။

တော်ဝင်ကလန်တွင် မိသားစု ချစ်ခြင်းမေတ္တာမရှိပေ။ ၎င်းသည် ဖခင်နှင့် သားအကြားတွင်ပင် မရှိခဲ့ပေ။ ထို့ကြောင့် ညီအစ်ကိုများကြားတွင် ဘာကြောင့် ရှိရမည်နည်း။

ပညာရှိတစ်ယောက်သည်ပင် ဤပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ ထို့ကြောင့် ပန်းထိုးထားသော ဝတ်ရုံတစ်ခုက ဘယ်လိုလုပ် ဖြေရှင်းနိုင်မည်နည်း။ ထိုအရာအားလုံးတို့က သူတို့သည် ပို၍လျို့ဝှက်စွာ လုပ်ဆောင်ရမည်ဟု ဆိုလိုပေသည်။

***

ဝှီး

မှောင်စပြုလာသောအခါ အနက်ရောင် ကျီးကန်းတစ်ကောင်သည် ကောင်းကင်ကို ဖြတ်ပျံလာခဲ့ပြီး နောက်ဆုံးတွင် မြို့အနောက်မြောက်ဘက်ရှိ တစ်နေရာသို့ ဆင်းသက်လာခဲ့သည်။

“ရောက်လာပြီ”

လူအိုကြီးလင်းယုန်ငှက် သူ့လက်ဝါးကို မြှောက်လိုက်ပြီး ထိုကျီးကန်းကို လက်ခံလိုက်သည်။

“ကြည့်ရတာ ပဉ္စမမင်းသားက အဆင်ပြေတဲ့ပုံပဲ”

လက်နောက်ပစ်ထားလျှက် ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက် လက်ထဲရှိ ထိုကျီးကန်းကို ကြည့်လိုက်ပြီး သက်ပြင်းဖွဖွ ချလိုက်သည်။ ယခုအချိန်တွင် သူအစိုးရိမ်ဆုံးသောလူမှာ ပဉ္စမမင်းသား ဖြစ်ပေသည်။ သူသည် သူ့ဆီမှသတင်းကို ဤတစ်ချိန်လုံး ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ပေသည်။

“သခင်လေး မှန်ပါတယ်။ လီကျင်းကျုံး ပြောတာက ပဉ္စမမင်းသားရဲ့ စမ်းသပ်မှုက အန္တရာယ်များတာထက် ပိုပြီးကြောက်ဖို့ကောင်းခဲ့တယ်တဲ့။ သူ့ကို ပညာရှင်ဧကရာဇ်က ပန်းထိုးထားတဲ့ ဝတ်ရုံတစ်ခုကိုတောင် ချီးမြင့်ခဲ့တယ်။ ပဉ္စမမင်းသားက သူမင်းကို တွေ့ချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ လီကျင်းကျုံးကသူ့ကို ရပ်တန့်ခဲ့တယ်လို့ ဒီစာထဲမှာ ပြောထားတယ်”

လူအိုကြီးလင်းယုန်ငှက် စာကိုဖတ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ဒီလူ... တကယ့်ကို နည်းနည်း အသုံးဝင်သေးတာပဲ”

ဝမ်ချောင် ခေါင်းညိတ်လိုက်ကာ လူအိုကြီးလင်းယုန်ငှက် စာဖတ်ပြသည်ကို နားထောင်လိုက်ပြီး သူ့မျက်လုံးထဲတွင် ထူးဆန်းသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။

ဤအနာဂတ် တိုင်းပြည်သစ္စာဖောက်ဝန်ကြီး လီကျင်းကျုံးသည် အမှန်ပင် ဤကဲ့သို့သော ကိစ္စများအပေါ် လျှင်မြန်သောတုန့်ပြန်မှု ရှိပေသည်။ ဤသည်မှာသူတို့အတွက် တွေ့ဆုံရန် အချိန်မဟုတ်သည်ကို သူသိထားခဲ့သောကြောင့် သူသည် ပဉ္စမမင်းသားကို သူ့သဘောနှင့်သူ ရပ်တန့်ခဲ့သည်။

ဝမ်ချောင်သည် သူ့ကိုအလကား အသက်ရှင်စေခဲ့ခြင်း မဟုတ်ခဲ့ပေ။

“သူကဒီပုံစံအတိုင်း ဆက်သွားနိုင်မယ်လို့ ငါမျှော်လင့်တယ်... ”

ဝမ်ချောင် တိတ်ဆိတ်စွာဖြင့် သူ့ကိုယ်သူပြောလိုက်၏။

လီကျင်းကျုံးသည် တဖြည်းဖြည်း သူ့အစစ်အမှန် သဘာဝကို စတင်ပြသလာနေပြီဖြစ်သည်။ တော်ဝင်ရုံးတော်ကို လုံးဝဆုပ်ကိုင်လုနီးပါး ဖြစ်ခဲ့ပြီး အာဏာကို လက်ဝါးကြီးအုပ်ခဲ့သည့် အနာဂတ် တိုင်းပြည်သစ္စာဖောက် ဝန်ကြီးတစ်ယောက်အနေဖြင့် လီကျင်းကျုံးတွင် သံသယရှိစရာမလိုဘဲ အန္တရာယ်ကို သိမြင်နိုင်သည့် စွမ်းရည်နှင့် နိုင်ငံရေးအတွက် အလွန်ကောင်းမွန်သော ခံစားချက်တစ်ခု ရှိပေသည်။

ပဉ္စမမင်းသား၏ နံဘေးတွင် သူရှိနေသောကြောင့် ပဉ္စမမင်းသားသည် ပို၍ဘေးကင်းလိမ့်မည်ဖြစ်ပြီး ပို၍လည်း အကူအညီ ရပေလိမ့်မည်။ အနည်းဆုံး ဤသည်မှာ ယခုကိစ္စတွင်ဖြစ်၏။

“သွားကြစို့ ငါတို့အတွက်လည်း ထွက်ခွာဖို့ အချိန်ကျပြီ။ အခုငါတို့မှာ အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခုရှိတယ်။ ဒါကအစပဲ ရှိသေးတယ်...”

ဝမ်ချောင် ခေါင်းမော့လိုက်ကာ တော်ဝင်နန်းတော် ရှိရာအရပ်သို့ ကြည့်လိုက်ပြီး သူ့အကြည့်သည် အဆောက်အဦးများစွာကို ထိုးဖောက်သွားပုံရသည်။

လီဟန်၏ ဤစိန်ခေါ်မှုကို အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခြင်းသည် အဆုံးသတ်မဟုတ်ဘဲ ပို၍ပင် အန္တရာယ်များသော ကျားကစားပွဲဲ၏ အစသာဖြစ်သည်ကို သူသာနားလည်ပေသည်။

တစ်ယောက်သည် ဤကျားကစားပွဲသို့ ဝင်ရောက်လိုက်သည်နှင့် နောက်ပြန် မဆုတ်နိုင်တော့ဘဲ အဆုံးသတ်သို့ ရောက်လာသည့် အချိန်မှသာ ဖြေရှင်းနိုင်ပေလိမ့်မည်။ ဦးကြီး၊ သူကိုယ်တိုင်၊ ဝမ်ကလန်တစ်ခုလုံး၊ စုန့်ဘုရင်၊ ချီဘုရင်၊ ပထမမင်းသား၊ ဒုတိယမင်းသား ... မင်းသားများနှင့် မင်းသမီးများအားလုံး သူတို့မည်သူ ဖြစ်ကြပါစေ အဆုံးသတ်သို့ ရောက်သည်အထိ နောက်ဆုတ်နိုင်လိမ့်မည် မဟုတ်ပေ။

အောင်နိုင်သူသည် အမြဲတမ်းနောက်ဆုံး ရပ်တည်နေသူဖြစ်ပြီး သူတို့ဘေးတွင် ရှိနေသူများ ဖြစ်ကြသည်။

*******************

အပိုင်း (၄၂၀)

ယုကျန်းနန်းတော်တွင် ထိုက်ကျန်းကို တွေ့ဆုံခြင်း

နန်းတော်အတွင်းတွင် ဝမ်ချောင်သည် မဟာထန်၏ နံပါတ်တစ် မိန်းမလှကို ပထမဆုံးအကြိမ် တွေ့ဆုံလိုက်သည်။ သို့သော် ကြင်ယာတော်ထိုက်ကျန်းကို သူတွေ့ဆုံလိုက်သည့် အခိုက်တွင် ဝမ်ချောင်၏နှလုံးသား တင်းကြပ်သွားခဲ့သည်။ သူ့တွင် မူလက မည်သည့် အစီအစဉ် ရှိခဲ့ပါစေ ယခုမှစ၍ သူသည် ၎င်းတို့ကို ပြန်စဉ်းစားရတော့မည်ကို သူချက်ချင်း သိလိုက်သည်။

အကြောင်းမှာ မဟာထန်၏ ဤထိပ်သီးမိန်းမလှသည် သူနားလည်ထားခဲ့သော မိန်းမလှနှင့် လုံးဝခြားနားသော အခြေအနေတွင် ရှိနေခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။

အနက်ရောင် နန်းတော် ခန်းဆီးလိုက်ကာများသည် နူးညံ့ပြီး နတ်သမီးကဲ့သို့ ခြေထောက်များ ဆန့်ထုတ်လာပြီး အဖြူရောင် ကျောက်စိမ်း လှေကားထစ်များအပေါ် ဖွဖွလေး နင်းလျှောက်လိုက်သောအခါ လှုပ်ခါသွားခဲ့ကြသည်။ ထိုသေးသွယ်ပြီး လှပသော ခြေချောင်းများသည် ၎င်းတို့အောက်ရှိ အဖြူရောင် ကျောက်စိမ်းများထက်ပင် ပို၍ကြည်လင်ပြီး သန့်စင်ပုံရသည်။

ဤသေးသွယ်ပြီး ကျောက်စိမ်းကဲ့သို့ ခြေထောက်နောက်တွင် ပြိုင်ဘက်ကင်းပါရမီ၊ သူမ၏ရုပ်သွင်သည် ရေခဲနှင့် ကျောက်စိမ်းမှ ထုလုပ်ထားပုံရပြီး သူမ၏ ခေါင်းကိုမော့ထားသည့် မျိုးဆက်တစ်ဆက်တွင် တစ်ယောက်သာရှိသည့် မိန်းမလှဖြစ်သည်။

“ဝမ်ချောင် နင်နောက်ဆုံးတော့ ငါ့ကိုတွေ့ချင်ပြီပေါ့”

အသံတစ်ခု ခန်းမထဲ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ပြီး ဤအသံနှင့်အတူ လှောင်ပြောင်လိုသော အရိပ်အယောင်များ တောက်ပနေသည့် ထက်ရှသော မျက်လုံးတစ်စုံသည် အထက်မှနေ၍ ဝမ်ချောင်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

ဤအကြည့်နှင့်အတူ မမြင်ရသော ဖိအားတစ်ခုသည် သူ့ခန္ဓာကိုယ်အပေါ် ကျဆင်းလာခဲ့ပြီး သူ့ပုခုံးက နိမ့်ဆင်းသွားသည်ဟု ဝမ်ချောင် ခံစားလိုက်ရသည်။

ဝမ်ချောင်သည် ကြင်ယာတော်ထိုက်ကျန်းကို ယခင်က တစ်ခါမှ မတွေ့ဆုံခဲ့ဖူးသော်လည်း အတုံးအဆုံးနှင့် နလပိန်းတုံးများသည်ပင် သူမအကြောင်းကို ကြားဖူးပေသည်။ ကြင်ယာတော်ထိုက်ကျန်းသည် တော်ဝင်ရုံးတော်မှတစ်ဆင့် ကြောက်မက်ဖွယ် လှိုင်းလုံးများကို ဖြစ်စေခဲ့သော်လည်း သူမကိုယ်တိုင်ကမူ သာမာန် နောက်ခံမှ သာမာန် အမျိုးသမီး တစ်ယောက်ဖြစ်သည်။

ယန်ကလန်သည် ဒေသဆိုင်ရာ အဆင့်မြင့် အရာရှိများ၏ မိသားစုတစ်ခု ဖြစ်သော်လည်း ၎င်းသည် ဝမ်ကလန်ကဲ့သို့ ဝန်ကြီးများနှင့် စစ်သူကြီးများ၏ သြဇာရှိသော ကလန်တစ်ခုမှ ဝေးကွာနေဆဲဖြစ်သည်။ ကြင်ယာတော် ထိုက်ကျန်းအနေဖြင့် သူမသည် သိုင်းပညာအကြောင်း ဘာတစ်ခုမျှမသိသည့် သာမာန် အမျိုးသမီးတစ်ယောက်မျှသာ ဖြစ်သည်။

သို့သော် လက်ရှိ ကြင်ယာတော်ထိုက်ကျန်းသည် နန်းတော်ရှိ ဧကရီနှင့် ကိုယ်လုပ်တော်များသာ ပိုင်ဆိုင်လိမ့်မည်ဖြစ်သော ထက်မြက်ပြီး သီးသန့်ဆန်သည့် သြဇာအရှိန်အဝါကို ထုတ်ဖော်နေသည်သာမက သူမသည် သူ့ထက်ပင် သာလွန်သော အားကောင်းသည့် စွမ်းအင်တစ်ခုကိုလည်း ထုတ်ဖော်ထားသည်။

'အစစ်အမှန် သိုင်းအဆင့်ကိုး... မဟုတ်ဘူး နက်နဲသိမ်မွေ့တဲ့ သိုင်းပညာနယ်ပယ် အဆင့်တစ် ဒါမှမဟုတ် အဆင့်နှစ် ဖြစ်ရမယ်။ လအနည်းငယ်အတွင်းမှာ သူမရဲ့ခွန်အားက တကယ့်ကို ဒီလောက်အထိ တိုးတက်လာခဲ့တယ်။'

ဝမ်ချောင် သူ့နှလုံးသား အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

ဝမ်ချောင်သည် ကြင်ယာတော်ထိုက်ကျန်း၏ အခြေအနေကို အကြမ်းဖျင်း နားလည်ရန် စုန့်ဘုရင်ဆီမှနေ၍ ကြင်ယာတော်ထိုက်ကျန်း ဖြစ်ရပ်ကို လုံလုံလောက်လောက် နားလည်ထားခဲ့သည်။

ကြင်ယာတော်ထိုက်ကျန်းသည် သိုင်းပညာကို မသိခဲ့ပေ။

ဝမ်ချောင်သည် ဤအရာအတွက် လုံးဝသေချာပေသည်။

သို့တိုင် နှစ်ဝက်ကျော် အတွင်းမှာပင် ကြင်ယာတော်ထိုက်ကျန်းသည် ပြောင်းလဲသွားခဲ့သည်သာမက ယန်ကျိုးသည်လည်း ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ကြင်ယာတော်ထိုက်ကျန်းနှင့် အပြောင်းအလဲများသည် ပို၍ကြီးမားကြသည်။

“ဟား ဟား ဟား ညီမ ဒါကငါ့ရဲ့ ညီအစ်ကိုကောင်းပဲ။ ဒါကြောင့်သူက မင်းရဲ့မောင်ငယ်လည်း ဖြစ်တယ်။ သူ့ကို အခက်တွေ့အောင် မလုပ်နဲ့”

ကြည်လင်ရွှင်ပြပြီး ရှင်းလင်းသော အသံတစ်ခု ဘေးမှနေ၍ ထွက်ပေါ်လာခဲ့သည်။

ဤနေရာတွင် အပြင်လူများ မရှိကြပေ။ ယန်ကျိုး ကမန်းကတန်း မတ်တပ်ရပ်လိုက်ပြီး သူ့သွေးသောက် ညီအစ်ကို၏ကိုယ်စား ပြောလိုက်သည်။

'သုံးရက်ကြာ ခွဲခွာခြင်းသည် လူတစ်ယောက်ကို လုံးဝအမြင်သစ်ဖြင့် ကြည့်ရန် လိုအပ်ပေသည်။' လက်ရှိယန်ကျိုးသည် ဝမ်ချောင် ပထမဆုံး တွေ့ဆုံခဲ့သော တစ်ယောက်နှင့် လုံးဝကွဲပြားပေသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဦးထုတ်ကို ဆောင်းထားကာ သူ့ညာလက်သည် သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်နေခဲ့သည်။ သူသည် တစ်ခြားလူများကို ချီးကျူးလေးစား သွားစေလိမ့်မည်ဖြစ်သော ပညာရှိ အရာရှိတစ်ဦး၏ တက်ကြွသော အော်ရာကို သဘာဝအတိုင်း ထုတ်ဖော်ထားခဲ့သည်။

ထို့အပြင် သူ့အတွင်းတွင် ကြယ်တာရာစွမ်းအင် စီးဆင်နေခဲ့ပြီး သူသည် အစစ်အမှန် သိုင်းပညာနယ်ပယ် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်တို့သာ ပိုင်ဆိုင်နိုင်သည့် ကျယ်ပြောသော စွမ်းအင်ကို ပိုင်ဆိုင်ထားခဲ့သည်။

သူသည် တစ်ချိန်က မြို့တော်၏ လမ်းများပေါ်တွင် ဆင်းရဲမွဲတေစွာ လှည့်လည်သွားလာနေခဲ့ပြီး ကြက်တစ်ကောင်ကို ဖမ်းရန်ပင် ခွန်အားမရှိသည့် လူမိုက်တစ်ယောက် ဖြစ်ခဲ့သည်။ သို့တိုင် နန်းတော်နှင့် အရာရှိလောကကို ဝင်ရောက်ပြီးနောက် လအနည်းငယ်အကြာတွင် သူသည် လုံးဝ လူသစ်ဖြစ်သွားပုံပေါ်သည့် ဤသို့သော တုန်လှုပ်ဖွယ် ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။

ဝမ်ချောင်သည် တစ်နှစ်နီးပါး လုံ့လဝိရိယရှိစွာ ကျင့်ကြံနေခဲ့သော်လည်း ယန်ကျိုးနှင့် ကြင်ယာတော်ထိုက်ကျန်းတို့ ကျင့်ကြံနေခဲ့သည့် လအအနည်းငယ်နှင့် နှိုင်းယှဉ်ပါက သူသည် နောက်တွင် ကျန်ရစ်နေခဲ့ဆဲဖြစ်သည်။

'တားမြစ်ဖြည့်သွင်းခြင်း ပညာရပ်'

ဤတားမြစ်ပညာရပ် အမျိုးအစားကို အမှတ်တမဲ့နီးပါး တွေးလိုက်မိကာ ဝမ်ချောင်၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဝမ်ချောင်သည် ဤပညာရပ်နှင့် မစိမ်းကားခဲ့ပေ။ တစ်ခါက သူ့ဆရာ နတ်ဆိုးဧကရာဇ် လူအိုကြီးသည် ဖြည့်သွင်းခြင်း ပညာရပ်တစ်ခုကို အသုံးပြု၍ ဝမ်ချောင်အား သူ့ကျင့်ကြံဆင့်အားလုံး ပေးအပ်ရန် စီစဉ်ခဲ့ဖူးသည်။

ဤနည်းလမ်းသည် အချိန်တိုအတွင်း ကျွမ်းကျင်သူတစ်ယောက်ကို ဖန်တီးနိုင်သော်လည်း နတ်ဆိုးဧကရာဇ်၏ သေဆုံးခြင်းသည် သေချာသွားပေလိမ့်မည်။ ဤတန်ဖိုးသည် အလွန်ကြီးမားသောကြောင့် ဝမ်ချောင် နေရာတွင်ပင် ငြင်းပယ်ခဲ့သည်။

၎င်းမှာ မည်သို့သော ဖြည့်သွင်းခြင်း ပညာရပ် ဖြစ်ပါစေ အကယ်၍ တစ်ယောက်သည် အချိန်တိုအတွင်း ကျွမ်းကျင်သူတစ်ယောက်ကို ပြုလုပ်လိုပါက တန်ဖိုးသည် သေးငယ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤနည်းလမ်းများကို ဘယ်တော့မှ အလွယ်တကူ မပြန့်နှံ့စေခဲ့ပေ။

သို့သော် တော်ဝင်မိသားစုသည် သိသိသာသာ ကွဲပြားပေသည်။

'အဲ့တုန်းက လျို့ဝှက်အထူး အစေခံအဖွဲ့တစ်ဖွဲ့ ရှိတယ်ဆိုတဲ့ ကောလဟာလကို ငါကြားခဲ့ဖူးတယ်။ ဒီလူတွေက ငယ်စဉ်ကတည်းက စတင်ကျင့်ကြံခဲ့ကြပြီး သူတို့တည်ရှိမှုရဲ့ အဓိပ္ပာယ်က မင်းသားတွေနဲ့ မင်းသမီးတွေကို ဖြည့်သွင်းပေးဖို့ စွမ်းအင်ကို စုဆောင်းပေးဖို့ဖြစ်တယ်။ အဲ့တုန်းက ငါအဲ့အကြောင်းကို အများကြီး ကရုမစိုက်ခဲ့ပေမဲ့ အခုကြည့်ရတာတော့ ကောလဟာလတွေက အမှန်ဖြစ်ပုံပဲ။'

ဝမ်ချောင်၏စိတ်သည် တစ်ခဏမျှ ကသောင်းကနင်း ဖြစ်သွားခဲ့သော်လည်း သူသည် သူ့စိတ်တည်ငြိမ်မှုကို အလွန်လျှင်မြန်စွာ ပြန်လည်ရရှိသွားခဲ့သည်။

ဝမ်ချောင် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး လေးစားစွာ ပြောလိုက်သည်။

“သခင်မ မှန်ပါတယ်။ ဝမ်ချောင်က အချိန်အကြာကြီးကတည်းက လာခဲ့သင့်တာပါ။ ဒါပေမဲ့ ဒီနိမ့်ကျတဲ့လူက လေ့ကျင့်ရေးစခန်းကို ဝင်ရောက်ခဲ့ပြီး ထွက်ခွာလို့ မရခဲ့ပါဘူး။ ခွင့်လွှတ်ပေးဖို့အတွက် သခင်မကို ကျွန်တော် တိုလျိုးတောင်းပန်ပါတယ်”

“ဟမ် နင်ကတော်တော်လေး ပွင့်လင်းတာပဲ”

ကြင်ယာတော်ထိုက်ကျန်း အေးစက်စွာ ရယ်မောလိုက်သော်လည်း သူမ၏ အမူအရာမှာ တော်တော်လေး ပြေလျော့သွားခဲ့သေးသည်။ သူမသည် ဤလူငယ်လေးကြောင့် ဖြစ်ပေါ်လာခဲ့သော အတောမသတ်နိုင်သည့် အနှောက်အယှက်များကို တော်တော်လေး ဒေါသထွက်ခဲ့ရသော်လည်း သူမသည်သူနှင့် သူ့ဝမ်းကွဲကြား ဆက်ဆံရေးကို လျစ်လျူမရှု့နိုင်ခဲ့ပေ။

ထို့ပြင် ဝမ်ချောင် လေ့ကျင့်ရေးစခန်းကို ဝင်ရောက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော်လည်း ၎င်းမှာ သူမ၏ဒေါသကို ဖြေလျော့ရန် ထိုမျှမလွယ်ကူခဲ့ပေ။

“ပြော နင်ဒီကိုဘာအတွက် ရောက်လာတာလဲ။ စစ်မှုထမ်းဌာနကနေ တပ်သားတွေကို စုစည်းပေးဖို့ နင်တောင်းဆိုထားခဲ့တာ သိပ်မကြာသေးဘူး။ တကယ်လို့ အထူးကိစ္စမရှိရင် နင်ဒီကို ရောက်လာမှာမဟုတ်ဘူး။ ပြော ဘာတွေဖြစ်နေလို့လဲ”

သူမစကားပြောလိုက်သောအခါ သူမ သူမ၏လက်မောင်းများကို ခွဲထုတ်လိုက်သည်။ ၎င်းတို့၏စွမ်းအင်သည် မင်းသမီးနီဟွမ်ဘေးရှိ အဘွားအိုထက်ပင် ပို၍ကြီးမားသော လျို့ဝှက်ဆန်းကြယ်ပြီး လှပသည့် သက်လတ်ပိုင်းအရွယ် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ယောက်သည် လိုက်ကာမှနေ၍ ထွက်ပေါ်လာခဲ့ကြသည်။

ဤမိန်းမလှနှစ်ယောက်သည် ၎င်းတို့၏ဆံပင်တွင် ဆံထိုးများ ထိုးထားခဲ့ပြီး ၎င်းတို့၏မျက်နှာပေါ်တွင် လေးနက်သည့် ပုံစံများရှိကာ အလွန်ကောင်းမွန်သည့် ရုပ်သွင်များ ရှိကြသည်။ တစ်ယောက်သည်ညာဘက် တစ်ယောက်သည်ဘယ်ဘက် သူတို့သည် ကြင်ယာတော်ထိုက်ကျန်း၏ လက်မောင်းများကို ကိုင်လိုက်ကြပြီး ယုကျန်းနန်းတော်၏ ပုလ္လင်ပေါ်တွင် သူမကို ဖြေးညှင်းစွာ ထိုင်စေလိုက်သည်။

၎င်းတို့၏နဖူးအလယ်တွင် မျက်ရည်ပုံသဏ္ဍန်ရှိသော ထင်ရှားသည့် မီးရုပ်ရှိသည်။

အံ့အားသင့်နေသော အကြည့်များက ဝမ်ချောင်၏ မျက်လုံးများတွင် ပေါ်လာသော်လည်း သူဘာမှ မပြောခဲ့ပေ။

“ဒါကပဉ္စမမြောက်မင်းသားနဲ့ ပတ်သတ်နေတဲ့ ကိစ္စတစ်ခုပါ”

ဝမ်ချောင် ပြောလိုက်၏။

ထိုစကားလုံးများ သူ့နှုတ်ခမ်းမှ ထွက်ခွာသွားသည့်အခိုက်တွင်

ဘုန်း

ယုကျန်းနန်းတော်ရှိ လေထုသည် ကြင်ယာတော်ထိုက်ကျန်း၏ မျက်နှာပေါ်ရှိ အကြည့်နှင့်အတူ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ယန်ကျိုး၏ မျက်နှာပေါ်ရှိ အမူအရာသည်ပင် တင်းကြပ်သွားခဲ့၏။

သူသည် ဝမ်ချောင်ကို မိတ်ဆက်ပေးခဲ့သည့်သူ ဖြစ်သော်လည်း သူသည်ပင် ဝမ်ချောင် ဘာပြောမည်ဆိုသည်ကို မသိခဲ့ပေ။

“ဝမ်ချောင် နင်ဘာပြောနေသလဲဆိုတာ နင်သိရဲ့လား။ နင်ရူးနေပြီပဲ။ တစ်ယောက်ယောက် ငါတို့ရဲ့ဧည့်သည်ကို ပြန်လိုက်ပို့လိုက်ကြစမ်း”

ကြင်ယာတော်ထိုက်ကျန်း၏ မျက်နှာသည် ရေခဲလွှာတစ်ခုကဲ့သို့ အေးစက်သွားခဲ့သည်။ ယန်ကျိုးကို အကြည့်တစ်ချက် ပစ်လွှတ်လိုက်ကာ သူမချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူမ၏ဧည့်သည်ကို ခေါ်သွားရန် အမိန့်ပေးလိုက်သည်။

သူမသည် နန်းတော်တွင် ရှိနေခဲ့သည်မှာ မကြာသေးသော်လည်း သူမသည် ကန်းမနေခဲ့ပေ။ ပဉ္စမမင်းသား ဖြစ်ရပ်သည် နေ့လည်တွင် ဖြစ်ပျက်သွားခဲ့သော်လည်း နန်းတော်တွင် ထိုအကြောင်းကို ယခုအချိန် မသိသည့်သူ မရှိတော့ပေ။

သူမသည် ပညာရှင်ဧကရာဇ်၏ အလိုလိုက်ခြင်းကို ခံရပြီး မျက်နှာသာပေးခြင်းကို ခံထားရကာ ကိုယ်လုပ်တော်အဆင့်သို့ ဝင်ရောက်ခဲ့သည်။ အခြေခံအားဖြင့် နန်းတော်တွင် သူမကို တမင်တကာ ရန်စဝံ့သည့်သူ မရှိပေ။

သို့သော် ကြင်ယာတော်ထိုက်ကျန်းသည်ပင် ဤနေရာတွင် သူမ သွားစ၍မရသော အရာအချို့ ရှိကြသည်ကို သိပေသည်။

မင်းသားများကြား တိုက်ပွဲသည် ဤတားမြစ်ချက်များထဲမှ တစ်ခုဖြစ်သည်။

“ဝမ်ချောင် မင်းဒီတစ်ကြိမ် တကယ့်ကို လွန်သွားခဲ့ပြီ။ မင်းသားတွေရဲ့ တိုက်ပွဲက ငါတို့ထိနိုင်တဲ့ အရာမဟုတ်ဘူး။ သခင်မကို မင်း တောင်းဆိုနေတဲ့အရာက ဘာလဲဆိုတာ မင်းသိရဲ့လား။ ပဉ္စမမင်းသားက လက်ရှိမှာ လူတိုင်းရဲ့ ပစ်မှတ်ဖြစ်ပြီး သူ့ကိုသတ်ချင်နေတဲ့လူ ဘယ်လောက်ရှိမလဲဆိုတာ ဘယ်သူက သိမှာလဲ။ ကူညီရဲတဲ့ ဘယ်သူမဆို မင်းသားနဲ့ မင်းသမီးတွေ အားလုံးနဲ့ ကိုယ်လုပ်တော်တွေရဲ့ရန်သူ ဖြစ်လာလိမ့်မယ်။ သေစမ်းကွာ.. မင်းဒီအတွက် ဒီကိုလာခဲ့တယ်ဆိုတာ ငါသိခဲ့ရင် ငါမင်းကို ဘယ်တော့မှ ဝင်လာခွင့် ပြုမှာမဟုတ်ဘူး”

ယန်ကျိုးတွင် အလွန်ဆိုးရွားသော အမူအရာတစ်ခုရှိသည်။ ကြင်ယာတော်ထိုက်ကျန်းဆီမှ မည်သည့် အကြည့်တစ်ချက်မျှ မလိုအပ်ခဲ့ပေ။ အကယ်၍ သူသည် ဤအကြောင်းကို သိရှိထားခဲ့ပါက သူသည်ဝမ်ချောင်ကို ချက်ချင်း ပိတ်ဆို့ထားခဲ့ပေလိမ့်မည်။

တစ်ယောက်သည် မင်းသားများကြား ပဋိပက္ခများအတွင်း ပေါ့ပေါ့တန်တန် ဝင်ရောက်၍မရပေ။ ဤသည်မှာ သာမာန် အသိဖြစ်၏။ မဟာကလန်ကြီးများ၏ စုဆောင်းထားခဲ့သော အသိပညာများနှင့် ၎င်းတို့၏ သင်ခန်းစာများနှင့် အတွေ့အကြုံများ မလိုအပ်ခဲ့ပေ။ သာမာန်လူတစ်ယောက်သည်ပင် ဤနိယာမကို နားလည်ထားပေသည်။

မင်းသားများကြား တိုက်ပွဲသည် အလွန်အန္တရာယ်များလှသည်။ နန်းတော်ရှိ ၎င်းတို့၏ နေရာသည် မတည်ငြိမ်သေးပေ။ သူတို့သည် မျက်နှာသာ ပေးခံထားရလျှင်ပင် ဤသည်မှာ သူတို့ပေါ့ပေါ့တန်တန် ဝင်ပါနိုင်သည့် တားမြစ်ချက်တစ်ခု မဟုတ်ပေ။

ဝမ်ချောင်၏ တောင်းဆိုချက်ကို လက်ခံရန် သူတို့အတွက် မဖြစ်နိုင်ပေ။

ဤသည်မှာ သာမာန် တောင်းဆိုချက်တစ်ခုထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

“သခင်မ”

အပူချိန်သည် အဆက်မပြတ် ထိုးကျသွားခဲ့ပြီး လေထုသည် ဆွေးနွေးရန်အတွက် မသင့်တော်တော့သော်လည်း ဝမ်ချောင် မထွက်ခွာခဲ့ပေ။ ဤသည်မှာ လွယ်ကူသည့် လုပ်ငန်းတာဝန် ဖြစ်လိမ့်မည် မဟုတ်သည်ကို သူကြိုတင် သိရှိထားခဲ့သော်လည်း မည်သို့ဖြစ်ပါစေ သူသည် ကြိုးစားရပေအုံးမည်။

“သခင်မ တကယ်လို့ ဆင်တစ်ကောင်က တောအုပ်တစ်ခုထဲ ဝင်ရောက်ခဲ့ရင် ဘာဖြစ်လာမှာလဲ”

“နင်ဘာပြောဖို့ ကြိုးစားနေတာလဲ”

ကြင်ယာတော်ထိုက်ကျန်း အေးစက်စွာ ရယ်မောလိုက်၏။ ဝမ်ချောင် ရူးသွားသည်လော။ တောအုပ်တစ်ခု၊ ဆင်တစ်ကောင်လော။ သူမသည် ဤမေးခွန်းတွင် အဓိပ္ပာယ်ရှိရမည်ဟု မခံစားခဲ့ရပေ။

မည်သို့ဖြစ်ပါစေ သူမသည် ပဉ္စမမင်းသားကို ကူညီပြီး သူမကိုယ်သူမ အန္တရာယ်ထဲ တွန်းချလိမ့်မည် မဟုတ်ပေ။

သို့တိုင် ဝမ်ချောင်သည် တည်ငြိမ်နေခဲ့ပြီး သူမျက်နှာပေါ်တွင် ပြောင်းလဲမှုကို မတွေ့ရပေ။

“... ဒါပေမဲ့ တကယ်လို့ တောအုပ်က ဒီအခန်းလို ဖြစ်လာခဲ့ပေမဲ့ တောထဲမှာရှိတဲ့ သတ္တဝါတွေက မပြောင်းလဲဘဲ ဆင်ကလည်း မပြောင်းလဲဘူးဆိုရင်ရော။ သခင်မ အနာဂတ်မှာ ဘာဖြစ်လာမှာလဲ”

ဝမ်ချောင် ဆက်ပြောလိုက်၏။

“ဝမ်ချောင် နင်ဘာပြောဖို့ ကြိုးစားနေတာလဲ”

ကြင်ယာတော်ထိုက်ကျန်း၏ မျက်ခုံးများ နောက်ဆုံးတွင် မြင့်တက်သွားခဲ့၏။ သူမဝမ်ချောင်ကို စိုက်ကြည့်လိုက်ကာ ဝိုးတဝါးအတွေးတစ်ခုက သူမစ်ိတ်ထဲ ပေါ်လာခဲ့သည်။

“သခင်မ တောအုပ်တစ်ခုက အခန်းတစ်ခု ဖြစ်လာပေမဲ့ တိရိစ္ဆာန်တွေနဲ့ဆင်က မပြောင်းလဲဘူး။ အဲ့ဒီတိရိစ္ဆာန်တွေက သေတဲ့အထိ ဆင်နင်းတာခံရဖို့ အတူတကွ စုစည်းနေကြလိမ့်မယ် ဒါမှမဟုတ် အဲ့ဒါကိုတိုက်ခိုက်ဖို့ အတူတကွ လုပ်ဆောင်ကြလိမ့်မယ်လို့ သခင်မ ထင်လား”

“အတင့်ရဲလိုက်တာ၊ ငါကဆင်တစ်ကောင်လို့ နင်ပြောနေတာလား”

ဤတစ်ကြိမ်တွင် စကားမဆုံးမှီ ဝမ်ချောင် ဖြတ်ပြောခံလိုက်ရသည်။ ဤနှိုင်းယှဉ်မှုသည် အလွန်ရိုင်းစိုင်းလှသည်။

“သခင်မ ကျွန်တော်ကို ခွင့်လွှတ်ပါ။ ဝမ်ချောင်မှာ ဒီရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ သင့်ရဲ့အခြေအနေနဲ့ ပဉ္စမမင်းသားရဲ့ အခြေအနေက အရမ်းဆင်တူနေတယ်လို့ သခင်မ မခံစားရဘူးလား”

ဝမ်ချောင် ခေါင်းမော့လိုက်ကာ သူ့မျက်လုံးများသည် ပုလ္လင်ပေါ်ရှိ ကြင်ယာတော်ထိုက်ကျန်းကို စိုက်ကြည့်လိုက်သည်။

“ဝမ်ချောင် မင်းရဲ့စကားကို ဆင်ခြင်ပါ။ သခင်မရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်က ပညာရှင်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရရှိထားတယ်။ သူမက ဘယ်လိုလုပ် ပဉ္စမမင်းသားလို ဖြစ်နိုင်မှာလဲ။ စကားကို မဆင်မခြင် မပြောနဲ့”

ဝမ်ချောင်၏ အတွေးလမ်းကြောင်းက ရယ်စရာကောင်းလာသည်ကို တွေ့လိုက်ရသောအခါ ယန်ကျိုးချက်ချင်းသူ့ကို ရပ်တန့်လိုက်သည်။

“ဟမ် ဝမ်းကွဲ၊ ထိုင်လိုက်ပါ။ သူ့ကိုပြောပါစေ။ သူဘာပြောနိုင်မလဲဆိုတာ ငါတော်တော်လေး စိတ်ဝင်စားတယ်။ ငါကဘယ်လိုလုပ် ပဉ္စမမင်းသားနဲ့ ဆင်တူတာလဲ”

ကြင်ယာတော်ထိုက်ကျန်း သရော်လိုက်၏။

ဝမ်ချောင်၏ အတွေးများသည် သူမအတွက် အဆန်းတကြယ် မဟုတ်ခဲ့ကြသော်လည်း အကယ်၍သူသည် စကားလုံးအနည်းငယ်က သူမစိတ်ကို ပြောင်းလဲနိုင်ပြီး မင်းသားများကြား တိုက်ပွဲကို သူမအား ဝင်ရောက်စေနိုင်မည်ဟု တွေးထင်ထားခဲ့ပါက သူသည်အလွန် ရိုးအလွန်းခြင်း ဖြစ်ပေသည်။

ယနေ့ ဤနေရာသို့ လာခဲ့သူမှာ ဝမ်ကလန်၏ သခင်ကြီး ဖြစ်ခဲ့လျှင်ပင် သူမသည် သူမ၏စိတ်ကို ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

“သခင်မ ဆင်ကအရမ်းကြီးတယ်။ အဲ့ဒါက ဘာမှမလုပ်ဘူးဆိုရင်တောင် အခန်းထဲမှာရှိတဲ့ တစ်ခြားတိရိစ္ဆာန်တွေက ခြိမ်းခြောက်မှုကို ခံစားနေရတုန်းပဲ။ သခင်မ ဒါကသင့်ရဲ့ အခြေအနေနဲ့ ဆင်တူတယ်လို့ မခံစားရဘူးလား။ သင်ကဘာမှ မလုပ်ဘူးဆိုရင်တောင် သင်က တစ်ခြားကိုယ်လုပ်တော်တွေ၊ ကြင်ယာတော်တွေ၊ မင်းသားတွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတုန်းပဲ။ တကယ်လို့ သခင်မက မင်းသားတွေကြား တိုက်ပွဲထဲ မဝင်ရောက်ရင် သခင်မက အန္တရာယ်ကနေ တကယ်ပဲ လွတ်မြောက်နိုင်မှာလား”

သူပြောလိုက်သည်နှင့် ကြင်ယာတော်ထိုက်ကျန်း၏ နှုတ်ခမ်းပါးများပေါ်ရှိ အေးစက်စက် အပြုံးသည် မှေးမှိန်သွားခဲ့ကာ သူမ၏ အမူအရာသည် နောက်ဆုံးတွင် စတင်ပြောင်းလဲလာတော့သည်။

******************************

All Chapters