အခန်း (၄၅၁-၄၅၅)
Vol. 21 Ch. 451-455
အခန်း(၄၅၁)
ကျန်းရှိုးကွေ့
လက်ရှိအချိန်တွင် လီစီယိကို ဝမ်ချောင်ဘက်ရှိ အားအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဖော်ပြ၍ရသည်။ သူသည် အနာဂတ်တွင် ကျော်လွှား၍မရသော မဟာစစ်သူကြီး ဖြစ်လာလိမ့်မည် ဖြစ်သောကြောင့် သူ့ခွန်အားကို အလွယ်တကူ စိတ်ကူးကြည့်၍ရပေသည်။
သို့သော် နဂါးနက်ကျိုးကို သတ်ဖြတ်ခဲ့သည့် အဆင့်မြင့်အဆင့် နက်နဲသိမ်မွေ့သော သိုင်းကျွမ်းကျင်သူ တစ်ယောက်သည်ပင် ထိုရုတ်တရက်ဆန်ပြီး ခမ်းနားထည်ဝါသော စွမ်းအင်ရှေ့တွင် သေးငယ်သွားခဲ့သည်။
ဤအချိန်တွင် လီစီယိ၊ အကြီးအကဲရီ၊ အကြီးအကဲကျိုး၊ ဝမ်ချောင်၊ နယ်စားငယ်ရီနှင့် ကျန်သည့်သူ အားလုံးတို့သည် ပြင်းထန်သော စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။
“သူ့ကိုမေ့ထားလိုက်။ လီစီယိ၊ အကြီးအကဲရီ အန်းယာ့လျိုရှန်းကိုသတ်”
ဝမ်ချောင် အော်ဟစ်လိုက်၏။
ဤစစ်ဆင်ရေးအတွက် သူသည် သူ့ကလန်၏ ခွန်အားအားလုံးနီးပါးကို စုစည်းခဲ့ရပြီး မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် စိတ်မရှိခဲ့ပေ။ ထို့အပြင် လွန်ခဲ့သည့် တခဏက အရာရာတိုင်း ချောမွေ့နေခဲ့ပုံရ၏။ သူသည် အန်းယာ့လျိုရှန်းကို အရက်မူးနေသော စာကလေးစားသောက်ဆိုင်မှ လွတ်မြောက်စေခဲ့သော်လည်း လုံးဝ မလွတ်မြောက်ခဲ့သေးပေ။ သူသည် ယိုကျိုးစစ်သည်များကို လျှင်မြန်စွာ ဝန်းရံထားခဲ့သောကြောင့် ယခုအခါ အန်းယာ့လျိုရှန်းသည် စားသောက်ဆိုင်ကကဲ့သို့ မလွတ်မြောက်နိုင်ပေ။
သို့သော် သူက အောင်မြင်တော့မည့် အချိန်တွင် ဝမ်ချောင်သည် ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ ထို့အပြင် ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့၏။
အန်းယာ့လျိုရှန်းနှင့် ထိုယိုကျိုးစစ်သည်များ ပထမဆုံး မတိုက်ခိုက်ခဲ့သည့် အကြောင်းပြချက်မှာ လီစီယိ၏ခွန်အားကို သူတို့ ကြောက်ရွံ့ခဲ့ခြင်းမျှ မဟုတ်ခဲ့ပေ။ ဝမ်ချောင်က သူတပ်ဖွဲ့များ ရောက်လာရန်အတွက် အချိန်ဆွဲနေသည့်အချိန်တွင် အန်းယာ့လျိုရှန်းသည်လည်း တစ်စုံတစ်ယောက် ရောက်လာရန်အတွက် အချိန်ဆွဲနေခဲ့ပေသည်။
ထို့အပြင် ယခုအခါ ထိုပုဂ္ဂိုလ်သည် ရောက်လာခဲ့၏။
ဝူး
အတူတကွလုပ်ဆောင်နေသည့် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူသုံးယောက်ဖြစ်သည့် လီစီယိ၊ အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့သည် လောကကြီးကို ပြောင်းပြန်လှန်ပြီး တောင်များကို ဖြိုဖျက်နိုင်သည့် အရှိန်အဟုန်တစ်ခုဖြင့် ထွက်ပေါ်လာခဲ့ကြသည်။ ထိုသုံးယောက်သည် အနည်းငယ် တုန့်ဆိုင်းသွားခဲ့သော်လည်း ဝမ်ချောင်၏အသံက သူတို့၏ တိုက်ခိုက်မှုကို မြန်ဆန်သွားစေခဲ့သည်။
“အတင့်ရဲလိုက်တာ”
အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ဝေးကွာလှသည့် လီဒါဇင်အတော်ဝေးဝေးမှ လာခဲ့သည်ဟု ထင်ရသော်လည်း ခြံဝင်းသို့ရောက်ရှိရန် မျက်စိတစ်မှိတ်သာ ကြာခဲ့သည်။
ဘုန်း
ထိုသည်မှာ ဘွတ်ဖိနပ်တစ်ဖက်က ချနင်းသွားသကဲ့သို့ဖြစ်ပြီး တခဏမျှ ကမ္ဘာမြေကြီး တုန်ခါသွားခဲ့ကာ မြို့တော်တစ်ခုလုံးကို ယိမ်းထိုးသွားစေပုံရသည်။
လူတိုင်း၏အကြည့်အောက်တွင် ရွှေရောင်ကြယ်တာရာစွမ်းအင် အမြောက်အများသည် အန်းယာ့လျိုရှန်း၏ ခြေဖဝါးအောက်မှ ထွက်ပေါ်လာခဲ့သည်။ ဤကြယ်တာရာစွမ်းအင်သည် ကျယ်ပြန့်ပြီး အထက်စီးဆန်လှသည့်တိုင် ၎င်းသည် အားကောင်းသော ခမ်းနားထည်ဝါမှုတစ်ခုလည်း ပါဝင်နေခဲ့သည်။ ၎င်းသည် လီစီယိ၊ အကြီးအကဲကျိုးနှင့် အကြီးအကဲရီတို့၏ တိုက်ခိုက်မှုများကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။
ထို့အပြင် ကျန်ရှိနေသည့် စွမ်းအင်က ထိုသုံးယောက်ကို လွင့်ထွက်သွားစေခဲ့၏။
"..."
ဤမြင်ကွင်းကြောင့် ဝမ်ချောင်၊ ကျောက်ကျင်းတန် သို့မဟုတ် နယ်စားငယ်ရီ မဆိုထားနှင့် လီစီယိ၊ အကြီးအကဲကျိုးနှင့် အကြီးအကဲရီတို့သည်ပင် အံ့သြထိတ်လန့်သွားခဲ့ကြသည်။
လီစီယိသည် နဂါးဓားပြများကို တစ်ကိုယ်တည်း ချေမှုန်းခဲ့ပြီး အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့သည် လူအိုမျိုးဆက်၏ ထင်ရှားလှသော စစ်သူကြီးများ ဖြစ်ခဲ့ကြသည်။ အိုမင်းပြီး သူတို့၏ခွန်အားက တော်တော်လေး ယုတ်လျော့သွားခဲ့ကြသော်လည်း သူတို့သည် တော်တော်လေး ကြောက်မက်ဖွယ်ကောင်းကြဆဲဖြစ်သည်။ သာမာန်ပုဂ္ဂိုလ်တစ်ယောက်က သူတို့ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
အလွန်အမင်း ရှားပါးလှသော တည်ရှိမှုတစ်ခုကသာ တစ်ကိုယ်တည်း သူတို့သုံးယောက်ကို လွင့်ထွက်သွားစေနိုင်သည်။
ထို့ပြင် သာမာန်ပုဂ္ဂိုလ်တစ်ယောက်က ဤအဆင့်ကို ရောက်ရှိနိုင်မည် မဟုတ်ပေ။
စက္ကန့်ပိုင်းအတွင်း မရေမတွက်နိုင်သော အတွေးများသည် ထိုသုံးယောက်၏ စိတ်ထဲတွင် ပေါ်လာခဲ့ကြသည်။ သို့သော် သူတို့သည် တွေးတောရန် အချိန်အများကြီး မရှိခဲ့ကြပေ။ ရွှေရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ကာ လေများတိုက်ခိုက်သွားခဲ့ပြီး ခြံဝင်းထဲသို့ လွှမ်းခြုံသွားခဲ့သည်။
ဤရွှေရောင်ပုံရိပ်ကို မြင်လိုက်သည်နှင့် ယိုကျိုးစစ်သည်များအားလုံး ကြွေးကြော်လိုက်ကြ၏။ တစ်ဖက်တွင်မူ ဝမ်ချောင်၏အုပ်စုသည် အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြသည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်၏ အမူအရာသည် ချက်ချင်းဆိုးရွားသွားခဲ့၏။ သူသည် ထိုပုဂ္ဂိုလ်ကို ဘယ်တုန်းကမှ မဆုံခဲ့ဖူးသော်လည်း ယိုကျိုးစစ်သည်များ၏ ကြွေးကြော်သံများကို ကြားလိုက်ရခြင်းက ထိုပုဂ္ဂိုလ်၏ အထောက်အထားကို ချက်ချင်းခန့်မှန်းရန် သူ့အတွက် လုံလောက်စေခဲ့သည်။
ထို့ပြင် ဤအခိုက်အတန့်တွင် ဝမ်ချောင်သည် သူက အမှားကြီးတစ်ခု ပြုလုပ်ခဲ့မိကြောင်း ရုတ်တရက် နားလည်သွားခဲ့သည်။
အန်းယာ့လျိုရှန်း၏ နာမည်ကို သူကြားသိလိုက်ရပြီး သူ့တည်နေရာကို ရှာတွေ့ခဲ့သည့် အချိန်မှစ၍ ဝမ်ချောင်တွင် အတွေးတစ်ခုသာ ရှိခဲ့သည်။ မည်မျှ ပေးဆပ်ရပါစေ သူသည် အလယ်ပိုင်း လွင်ပြင်ဒေသ၏ ပျက်စီးမှုနောက်ကွယ်ရှိ တရားခံခေါင်းဆောင်ဖြစ်သည့် ဤအနာဂတ် ကပ်ဆိုးကို သတ်ဖြတ်ချင်ခဲ့သည်။ သူက ကြီးပင်မကြီးပြင်းလာမီ သူသည် ဤအန္တရာယ်ကို ဖြေရှင်းပေလိမ့်မည်။
သို့သော် ထိုအခိုက်မှပင် ဝမ်ချောင်သည် တစ်စုံတစ်ယောက်ကိုလည်း မေ့လျော့နေခဲ့သည်။
ကျန်းရှိုးကွေ့
အန်းဒုန်ကာကွယ်ရေး စစ်သူကြီး တိုင်းပြည်၏ ထိပ်သီး မဟာစစ်သူကြီးများထဲမှ တစ်ယောက်ပင်။
***
အန်းယာ့လျိုရှန်းအပြင် အရက်မူးနေသော စာကလေးစားသောက်ဆိုင်ထဲရှိ တစ်ဦးတည်းသော လူများမှာ အန်းဝိန်ကျန့်နှင့် အန်းရှောင်ကျဲတို့ ဖြစ်ခဲ့ကြသောကြောင့် သူသည် အန်းယာ့လျိုရှန်းက မြို့တော်သို့ တစ်ယောက်တည်း လာခဲ့ရမည်ဟု အမြဲယုံကြည်ထားခဲ့သည်။
သူက ဤခြံဝင်းသို့ ရောက်ရှိလာခဲ့ပြီး ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့ကို မြင်လိုက်သည့်အချိန်၌ပင် ဝမ်ချောင်သည် အရေးမစိုက်ခဲ့ပေ။ အများဆုံး သူ့ရည်မှန်းချက်တွင် ယခုအခါ ဤယိုကျိုးစစ်သားများ ပါဝင်လာခဲ့ကြပေသည်။
သူ့ခွန်အားနှင့် ဝမ်ကလန်၏ အာဏာတို့ဖြင့် သူသည် မြို့တော်တွင် သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
သို့သော် အစမှအဆုံးအထိ ဤသည်က သူလိုချင်သည့် အတွေးမျှသာဖြစ်သည်။
အန်းယာ့လျိုရှန်းသည် မြို့တော်သို့ တစ်ယောက်ထဲ လုံးဝမလာခဲ့ပေ။ ယိုကျိုးစစ်တပ်၏ အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အန်းယာ့လျိုရှန်းသည် သူ့တပ်ဖွဲ့ကို စွန့်ခွာပြီး ဝေးကွာလှသည့် မြို့တော်သို့ လာသည်အထိ အလွန်အတင့်ရဲခြင်း သို့မဟုတ် စွမ်းရည်မရှိခဲ့ပေ။
သူပေါ်လာခြင်းအတွက် အကြောင်းပြချက် တစ်ခုသာ ရှိနိုင်ပေသည်။
မြို့တော်သို့ လာချင်ခဲ့သည့်လူမှာ သူမဟုတ်ခဲ့ပေ။ သို့သော် တိုင်းပြည်၏ အန်းဒုန်ကာကွယ်ရေး စစ်သူကြီး ကျန်းရှိုးကွေ့ဖြစ်၏။ အန်းယာ့လျိုရှန်းသည် သူ့နောက်သို့ လိုက်လာခဲ့ခြင်းသာဖြစ်သည်။
ကျန်းရှိုးကွေ့က ဤနေရာတွင် ပေါ်လာခဲ့သည့် အကြောင်းပြချက်အနေဖြင့်...
ဝမ်ချောင်သည် သူ့နောက်ဆုံးဘဝ၏ မှတ်ဉာဏ်များကို ကြည့်လိုက်သည့်အချိန်တွင် သူရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ကျန့်ချိုးကျင်းချုံ
ကျန်းရှိုးကွေ့သည် ကျန့်ချိုးကျင်းချုံကြောင့်သာ မြို့တော်တွင် ပေါ်လာခဲ့ပေသည်။
အန်းနန်ကာကွယ်ရေး စစ်သူကြီးအနေဖြင့် ကျန့်ချိုးကျင်းချုံသည် ပထမဆုံး အကြိမ်ဖြင့် ရုံးတော်သို့ ဝင်ရောက်ရန် စစ်ဖက်ဆိုင်ရာ အဆင့်အတန်းအပေါ် မှီခိုအားထားခဲ့ပေသည်။ သူသည် တိုက်ပွဲဝန်ကြီး ဖြစ်လာခဲ့ပြီး သူသည်ယခုအခါ ကျန်းရှိုးကွေ့ထက် ရာထူးအဆင့် မြင့်သွားခဲ့ပေ၏။
ဤ'မမျှော်လင့်ထားသော' အောင်မြင်မှုက ကျန်းရှိုးကွေ့ကို ဆွဲဆောင်သွားခဲ့သည်။
ကျန်းရှိုးကွေ့သည်လည်း တော်ဝင်ကာကွယ်ရေး စစ်သူကြီးတစ်ယောက်ဖြစ်ပြီး မဟာစစ်သူကြီး တစ်ယောက်ဖြစ်ကာ ဝါစဉ်၊ အောင်မြင်မှုများနှင့် ဂုဏ်သတင်းအရ သူသည် ကျန့်ချိုးကျင်းချုံ အထက်တွင်ဖြစ်သည်။
အကယ်၍ ကျန့်ချိုးကျင်းချုံကပင် ရုံးတော်သို့ဝင်ရောက်ရန် စစ်တပ်ရှိ သူ့အဆင့်အတန်းကို အသုံးပြုနိုင်ခဲ့ပြီး တိုက်ပွဲဝင်ကြီး ဖြစ်လာနိုင်ခဲ့ပါက သူကဘာကြောင့် မဖြစ်နိုင်မည်နည်း။
မိန်းမောနေစဉ် ဝမ်ချောင် ရုတ်တရက် နားလည်သွားခဲ့သည်။
ကျန်းရှိုးကွေ့သည် ဝန်ကြီးချုပ် ဖြစ်ချင်ခဲ့ပေ၏။
ဝမ်ချောင် ဤအရာကိုသိပြီး လောကကြီးတစ်ခုလုံး ဤအရာကိုသိထားကာ ပညာရှင် ဧကရာဇ်သည်လည်း ဤအရာကို သိရှိထားခဲ့သည်။ လွန်ခဲ့သည့် နှစ်(၂၀)က ကျန်းရှိုးကွေ့သည် ဝူရှန်းကို ကြီးမားသည့် ထိုးနှက်မှုတစ်ခု ပေးခဲ့ပြီး ဝန်ကြီးချုပ် ခန့်အပ်ခံရရန် သူ့အား မျှော်လင့်ချက်တစ်ချို့ ရရှိစေခဲ့သည်။ သနားစရာကောင်းသည်မှာ သူသည် ဝမ်ချောင်၏ အဘိုးနှင့် ကြုံဆုံခဲ့၏။
သူ့အဘိုးသည် ကျန်းရှိုးကွေ့ထက် ဝါစဉ်အများကြီး ကြီးပြီး သူသည်လည်း စစ်တပ်တွင် ကြီးမားသော ဂုဏ်သိက္ခာရှိပေသည်။ ထို့အပြင် အောင်မြင်မှုများအရ သူတို့သည် နှိုင်းယှဉ်၍ပင် မရခဲ့ကြပေ။
ထိုအချိန်က သူ့အဘိုးသည် “ကျန်းချိုးကွေ့က သိပ်ငယ်သေးတယ်။ သူကဝူရှန်းကို အနိုင်ယူခဲ့ရုံဖြစ်တယ်။ အနာဂတ်မှာ သူက ယိုကျိုးမှာရှိပြီး ဒီ့ထက်အောင်မြင်မှုတွေ ရလာခဲ့ရင် ဘုရင်မင်းမြတ်က အဲ့အချိန်သူ့ကို ဘာနဲ့ဆုချီးမြှင့်မှာလဲ”ဟု ပြောဆိုရေးသားခဲ့သည်။
ဤစကားလုံးများကို လေးပြည်နယ်သံရုံးရှိ သီးသန့် စကားဝိုင်းတစ်ခုတွင် ပြောဆိုခဲ့သော်လည်း သူတို့သည် တော်ဝင်မဟာစစ်သူကြီး ကျန်းရှိုးကွေ့နှင့် ဝန်ကြီးချုပ်ရာထူးကို စိုးရိမ်ခဲ့ကြသောကြောင့် သူတို့ကို အပြင်လူများဆီသို့ ပေါက်ကြားစေခဲ့သည်။
သို့သော် ဝမ်ချောင်သည် ဤသည်က တကယ့်အကြောင်းပြချက် မဟုတ်သည်ကို သိထားပေသည်။
သို့သော်လည်း ကျန်းရှိုးကွေ့သည် ဤကိစ္စအပေါ် ဝမ်ကလန်အား အငြိုးတစ်ခု ထားခဲ့ဆဲဖြစ်သည်။
အန်းနန်ကာကွယ်ရေး စစ်သူကြီး ကျန့်ချိုးကျင်းချုံ၏ စစ်မှုထမ်းဌာနသို့ ဝင်ရောက်ခြင်းသည် ကျန်းရှို့ကွေ့ကိုလည်း သက်ရောက်သွားခဲ့သည်။ ထို့ကြောင့် သူ့နောက်ဆုံးဘဝတွင် ကျန့်ချိုးကျင်းချုံက တိုက်ပွဲဝန်ကြီးဖြစ်လာပြီး သိပ်မကြာမီ ကျန်းရှိုးကွေ့သည် မြို့တော်သို့ ဝင်ရောက်ခဲ့သည်။
ဤသည်က သူနောက်ဆုံးဘဝတွင် ဖြစ်ပွားသွားခဲ့ပြီး ဤဘဝတွင်... ၎င်းကနောက်တစ်ကြိမ် ဖြစ်ပွားလာခဲ့သည်မှာ ထင်ရှားလှပေသည်။ ထို့အပြင် ၎င်းက သူ့မျက်စိရှေ့၌ပင် ဖြစ်ပျက်နေခဲ့၏။
ဤအကြောင်းပြချက်ကြောင့် အန်းယာ့လျိုရှန်းနှင့် အခြားယိုကျိုး စစ်သည်များသည် မြို့တော်သို့ ဝင်ရောက်လာခဲ့ကြပေသည်။
ဤအတွေးများကသူ့စိတ်ထဲ ပေါ်လာသည်နှင့် ဝမ်ချောင်သည် နောက်ဆုံးတွင် အရာရာတိုင်းကို နားလည်သွားခဲ့သည်။
သို့သော် နားလည်ခြင်းက ဝမ်ချောင်ကို စိတ်သက်သာရာ မရစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် သူ့စိတ်နှလုံးသားကို ပို၍ပို၍သာ တင်းကြပ်သွားစေခဲ့သည်။
အကြောင်းမှာ ကျန်းရှိုးကွေ့က သူ့ကိုရပ်တန့်ရန် လာခဲ့သောကြောင့် ဖြစ်၏။
“လူတိုင်းရပ်လိုက်။ လှုပ်ရှားရဲတဲ့ ဘယ်သူမဆို သေမယ်”
လက်နောက်ပစ်ထားသည့် ကျန်းရှိုးကွေ့သည် သူ့အသံဖြင့် လောကကြီးကို လှုပ်ခါသွားစေပုံရသည်။ တခဏချင်းမှာပင် ကျိုးယာ့ထုံ၊ ပိုင်စီလင်း၊ ရှုကန်း၊ ချန်ပုယွမ်၊ စွန်းကျိမင်နှင့် ဖန်ရွှမ်းလင်တို့အားလုံး ကျန်းရှိုးကွေ့၏ ဖိအားကြောင့် အသက်ရှုရပ်တန့်သွားပုံပေါ်ပြီး သူတို့တစ်ယောက်မှ မလှုပ်ရှားရဲကြတော့ပေ။
ပြင်းထန်လှသည့် တိုက်ပွဲသည် သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြင်းအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ ယိုကျိုးစစ်သည်များနှင့် ဝမ်ချောင်၏တပ်ဖွဲ့များ နှစ်ဖွဲ့စလုံး တစ်လက်မမျှ မလှုပ်ရှားရဲကြတော့ပေ။ သူတို့အားလုံး ဤအားကောင်းပြီး ကျော်ကြားလှသော အန်းဒုန်ကာကွယ်ရေး စစ်သူကြီး၏ဂုဏ်သတင်းကို ကြောက်ရွံ့ရိုသေခဲ့ကြပေသည်။
လူတစ်ယောက်၏ နာမည်သည် သစ်တစ်ပင်၏ အရိပ်ကဲ့သို့ဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်ဒေသရှိ မဟာတန်တိုင်းပြည်တွင် ကျန်းရှိုးကွေ့၏ ဂုဏ်သတင်းသည် သရဖူဆောင်းမင်းသား၏ အငယ်တန်း ကာကွယ်စောင့်ရှောက်သူ ဝမ်ကျုံးစီပြီးလျှင် ဒုတိယဖြစ်သည်။ သူသည် တိုင်းပြည်၏ အုတ်မြစ်ဖြစ်ပြီး တော်တော်လေး ကြီးမားသော သြဇာအာဏာကို ကိုင်စွဲထားသူဖြစ်သည်။
ထို့အပြင် ဝမ်ကျုံးစီ နန်းတော်ထဲသို့ ပြန်ဆုတ်သွားခဲ့ပြီး နယ်စပ်ကို တဖြည်းဖြည်း စွန့်ခွာသွားခဲ့ကာ သူ၏လုပ်ပိုင်ခွင့်အာဏာကို ကြယ်ခုနှစ်ပွင့်စစ်တပ် မဟာစစ်သူကြီး ကော်ရှု့ဟန်ဆီသို့ လွှဲပြောင်းပေးခြင်းက ကျန်းရှိုးကွေ့ကို စစ်တပ်တွင် ထိပ်သီးပုဂ္ဂိုလ်ဖြစ်လာရန် လမ်းကြောင်းပေးနေပုံရသည်။
လုပ်ပိုင်ခွင့်အာဏာနှင့် အဆင့်အတန်းအရ သူသည် ဂိုစုန့်ကျီ၊ ဖုမင်လင်းချာတို့ကဲ့သို့ ဟူမဟာစစ်သူကြီးများ အထက်၌ပင်ဖြစ်သည်။
**********************
အခန်း(၄၅၂)
သူ့လက်ခုပ်အတွင်းရောက်လုနီးပါး
အခြေအနေသည် ဤအထိ ရောက်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ကျိုးရထုံ၊ ပိုင်စီလင်းနှင့် တစ်ခြားလူများသည် ဝမ်ချောင်၏ စစ်ဆင်ရေးက တော်ဝင်ကာကွယ်ရေး စစ်သူကြီးတစ်ယောက်ကို ဆွဲထည့်လာမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ကြပေ။ ထိုသည်မှာ သြဇာအာဏာ အကြီးဆုံးနှင့် အားအကောင်းဆုံး ကာကွယ်ရေး စစ်သူကြီးများထဲမှ တစ်ယောက်ဖြစ်သည့် ကျန်းချိုးကွေ့ ဖြစ်ပေ၏။
အခြေအနေသည် သာမာန်ပုဂ္ဂိုလ်ရေး ရန်ငြိုးတစ်ခုထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ဤသည်က လူအုပ်ကြီးကို တော်တော်လေး မသက်မသာ ဖြစ်သွားစေခဲ့၏။
ဝမ်ချောင်အနေဖြင့် ကျန်းချိုးကွေ့၏ တည်ရှိမှုသည် သူ့ခေါင်းပေါ် ဖိကျလာနေသော တောင်ကြီးတစ်လုံးလိုဖြစ်ပြီး အလွန်လေးလံလှကာ သူ့ကို အသက်ရှုရ ခက်စေသည်အထိ ဖြစ်သည်။
ကျန်းချိုးကွေ့ကဲ့သို့သော တိုင်းပြည်၏ ထောက်တိုင်တစ်ခုရှေ့တွင် အန်းရလျိုရှန်းကို သတ်ဖြတ်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက် ပို၍ပင် ခက်ခဲပေသည်။ လီစီးရီကဲ့သို့ တစ်စုံတစ်ယောက်သည်ပင် ၎င်းကို မပြုလုပ်နိုင်ခဲ့သောကြောင့် သူကမည်သို့ ပြုလုပ်နိုင်မည်နည်း။
ထို့အပြင် အန်းရလျိုရှန်း နောက်ထပ် ပြုလုပ်လိုက်သည့်အရာက ဝမ်ချောင်၏ နှလုံးသားထဲရှိ နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်ကို အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
“မွေးစားဖခင် ကျွန်တော်ကိုကယ်ပါ”
မူလက ဝိုင်းရံထားခြင်းမှ ဖောက်ထွက်ရန် စီစဉ်နေသည့် အန်းရလျိုရှန်းသည် ရုတ်တရက်ရှေ့သို့ ဆက်ကနဲ ခုန်ထွက်လိုက်ပြီး တိုင်းပြည်၏ ဤထောက်တိုင်၏ ခြေဖဝါးရှေ့တွင် ကြောက်ရွံ့စွာ ဒူးထောက်လိုက်သည်။
ထို့အပြင် သူ့ပါးစပ်မှ ထွက်လာခဲ့သော ဤစကားတစ်ခွန်းသည် လူတိုင်းကို ကြောက်ရွံ့စွာ တုန်လှုပ်သွားစေခဲ့သည်။ ထိုသည်မှာ သခင် သို့မဟုတ် ကွန်မန်တာ မဟုတ်ခဲ့ပေ။ ထိုသည်မှာ မွေးစားဖခင်ဖြစ်၏။
အရက်မူးနေသော စာကလေးစားသောက်ဆိုင်မှ ဤဝေးလံခေါင်သီသည့် ခြံဝန်းအထိ ဝမ်ချောင် အားကြိုးမာန်တက် လိုက်ဖမ်းခဲ့သော ထိုအနည်းငယ် ဝဖိုင်းသည့်ဟူသည် အမှန်တကယ်တွင် အန်းတုံကာကွယ်ရေး စစ်သူကြီး၏ မွေးစားသားဖြစ်သည်။
“ခွေးကောင်”
ဝမ်ချောင် သူ့ရှေ့သို့ စိုက်ကြည့်လိုက်ကာ သူ့မျက်လုံးများက နီရဲသွားခဲ့သည်။ ဤသည်မှာ သူပြန်လည်မွေးဖွားလာကတည်းက သူ့မစ်ရှင်ကို ပြီးမြောက်ရန် အနီးစပ်ဆုံး ဖြစ်ပေသည်။ ဖြစ်နိုင်သည်မှာ အချိန်သာ လိုလိမ့်မည်ဖြစ်ပြီး ဤသို့သော အခွင့်အရေးသည် နောက်တစ်ကြိမ် ဘယ်တော့မှ ရောက်လာလိမ့်မည် မဟုတ်ပေ။
ဤအခွင့်အရေးအတွက် သူသည် ဓားသွားဖယ်ရှားခြင်း အိမ်တော်နှင့် ဝိညာဉ်သွေးကြောတောင်ပေါ် အားလုံးတို့ကို စုစည်းခဲ့ပြီး ဝမ်ကလန်၏ အစောင့်များနှင့် ဝမ်ကလန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော အင်အားစုများ အားလုံးတို့ကို ဆင့်ခေါ်ခဲ့ရသည်။ အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့သည်ပင် ပေါ်လာခဲ့ကြ၏။
ထို့အပြင် သူသည် ဝမ်ကလန်၏ ခွန်အားအကုန်လုံးကို အန်းရလျိုရှန်းနှင့် ရင်ဆိုင်ရန် ထုတ်ပြခဲ့ရသည်။
သို့သော် ယခုအခါ အရာရာတိုင်း ကျရှုံးသွားခဲ့ရပေသည်။ သူ့ရှေ့ရှိ ထိုပုဂ္ဂိုလ်သည် ဧရာမကြီးမားသော တောင်တစ်လုံးဖြစ်ပြီး ဖြစ်နိုင်ချေအားလုံးကို တားဆီးနေခဲ့ကာ သူ့ပန်းတိုင်များ အားလုံးကို ပိတ်ပင်နေခဲ့သည်။
ပို၍အရေးကြီးသည်မှာ ကျန်းချိုးကွေ့သည် သူလုပ်နေသည့်အရာကို မသိခဲ့သေးပေ။
ထို့ပြင် ဝမ်ချောင်သည် သေချာပေါက် ရှင်းပြမည် မဟုတ်ပေ။
ဤအခိုက်တွင် ဝမ်ချောင်၏ နှလုံးသားသည်ပင် သွေးများယိုစီးနေခဲ့၏။
“တကယ်ပဲ ဘာမှလုပ်လို့ မရတော့ဘူးလား... ”
ဝမ်ချောင်၏ မျက်လုံးများသည် နီရဲသွားခဲ့ကြပြီး သူ့လက်သည်းများက သူ့အသားစထဲသို့ နစ်ဝင်နေခဲ့ကြကာ သူသည် သူ့နှုတ်ခမ်းကိုပင် ကိုက်ထားခဲ့သည်။
စစ်ဒေသသုံးခု တောင်များ၏ဘုရင် အနာဂတ် ကပ်ဘေးကြယ် မရှိခဲ့ကြသေးပေ။ လက်ရှိ အန်းရလျိုရှန်းသည် အာဏာမရှိသော နာမည်မရှိသည့် စစ်သားတစ်ယောက် စစ်သည်တစ်ယောက် ဖြစ်သည်။
သူသည် ဝမ်ချောင်နှင့် ကျန့်နှစ်ဆယ်ပင် မဝေးခဲ့ပေ။ ထို့ပြင် အကြီးအကဲရီ၊ အကြီးအကဲကျိုး၊ လီစီးရီနှင့် လူအိုကြီး လင်းယုန်ငှက် သို့မဟုတ် ဝမ်ကလန် ဘိုးဘေးတို့သည်ပင် ကျန့်ဒါဇင် အတော်ဝေးဝေးမှ သူ့ကိုအလွယ်တကူ ချေမှုန်းလိုက်နိုင်သည်။
သူတို့သည်သူ့ကို သတ်ဖြတ်နိုင်သ၍ အနာဂတ်ကပ်ဘေးသည် အလွယ်တကူ ဖြေရှင်းလိုက်နိုင်ပေမည်။ သို့သော် ယခုအခါ အရာရာတိုင်း မဖြစ်နိုင်တော့ပေ။
ကျန်းချိုးကွေ့သည် အရှေ့မြောက်ဘက်ကို ကြီးကြပ်ပြီး သူ့နာမည်ကို ရှေးကတည်းက တည်ဆောက်ထားခဲ့ကာ ခွန်အားအရ သူသည် ကျန်းချိုးကျင်းချုံထက်ပင် သန်မာပေသည်။ ဤသို့သော နီးကပ်လှသည့် အကွာအဝေးတွင် ကျန်းချိုးကွေ့၏ရှေ့၌ မည်သူ့ကိုမဆို သတ်ဖြတ်ရန် လက်တွေ့၌ မဖြစ်နိုင်ပေ။
သူတို့အားလုံး အတူတကွ လုပ်ဆောင်ခဲ့လျှင်ပင် မဖြစ်နိုင်ပေ။
“ကောင်လေး မင်းရဲ့ဝမ်ကလန်က ဘာလုပ်နေတာလဲ။ မင်းတို့က ငါ့ကိုစစ်ကြေညာနေတာလား”
ကျန်းချိုးကွေ့က နတ်ဘုရားတစ်ပါးကဲ့သို့ ခြံဝန်းအလယ်တွင် ရပ်လိုက်ကာ သူ့နားထဲတွင် အသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများက မီးများတောက်လောင်နေသည်ဟု ထင်ရပြီး သူ့အဝတ်အစား အနားစများက တုန်ခါသွားခဲ့ကာ သူတို့သည် လူအုပ်ကြီးရှေ့တွင် ဝမ်ချောင်ကို ပစ်မှတ်ထားလိုက်ကြသည်။
ဤသည်က အန်းရလျိုရှန်းနှင့် အားရှီးနားရှု့ကန်းတို့၏ ပထမဆုံး အပြင်ထွက်ခြင်းဖြစ်သောကြောင့် သူတို့သည် မြို့တော်၏ မဟာကလန်များနှင့် မရင်းနှီးခဲ့ကြပေ။ သို့သော် ကျန်းချိုးကွေ့သည် အကြည့်တစ်ချက်မျှဖြင့် ဝမ်ကလန် အစောင့်များ၏ ယူနီဖောင်းများပေါ်ရှိ အမှတ်အသားများကို မှတ်မိနိုင်ခဲ့သည်။
သူသည် ဝမ်ချောင်ကိုပင် မှတ်မိခဲ့၏။
ဒေသဆိုင်ရာ တပ်မှူးများဖြစ်ရပ်တွင် ကျန်းချိုးကွေ့သည် များပြားလှသော အချက်အလက်ကို စုစည်းခဲ့သည်။ သူသည် ဝမ်ချောင်ပုံတူအများအပြားကိုပင် စုဆောင်းထားခဲ့၏။
သို့သော် ဝမ်ချောင်ကို မှတ်မိလိုက်ခြင်းက ကျန်းချိုးကွေ့ကို ပို၍ပင် ဒေါသထွက်သွားစေခဲ့ပြီး သေနေသည့် ရိုကျိုးစစ်သည်များကို မြင်တွေ့ခြင်းက သူ့ဒေါသမီးတောက်များကို ကောင်းကင်အထိ လောင်ကျွမ်းသွားစေခဲ့သည်။
သူသည် ဝန်ကြီးအချို့ကိုတွေ့ရန် နန်းတော်ထဲသို့ တခဏမျှ သွားရောက်ခဲ့ပြီး ရလဒ်သည် သူ့လက်အောက်ငယ်သားများအားလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ကျန်းချိုးကွေ့သည် ဤသို့သော အရာတစ်ခုကို မည်သို့ လက်ခံနိုင်မည်နည်း။
သူသာလျှင် သူ့ငယ်သားများ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်။ အကယ်၍ သူတို့သေခဲ့လျှင်ပင် သူတို့သည် သူ့လက်ထဲတွင် သေရပေအုံးမည်။
“နားလည်မှုလွဲတာပါ ဒါက နားလည်မှုလွဲတာပဲ ဖြစ်ရမယ်။ လူကြီးမင်းကျန်း သခင်လေးဝမ်က သင့်ကို စော်ကားဖို့ သေချာပေါက် ရည်ရွယ်ချက် မရှိခဲ့ပါဘူး”
ကျန်းကျင်းနှင့် ဟွမ်ကလန် ဘိုးဘေးတို့သည် လျှင်မြန်စွာ ရှင်းပြလိုက်ကြသည်။
ကျန်းကလန်နှင့် ဟွမ်ကလန်တို့သည် ဝမ်ကလန်နှင့် အကောင်းအဆိုး ဝေမျှထားခဲ့ကြသည်။ ထို့ကြောင့် ကျန်းချိုးကွေ့၏လှံက ဝမ်ချောင်ကို ချိန်ရွယ်ထားသည်ကို သူတို့မြင်လိုက်ရချိန်တွင် ထိုနှစ်ယောက်သည် သူ့ကိုကာကွယ်ရန် အလျှင်အမြန် ထုတ်ပြောလိုက်ကြသည်။
ထိုနှစ်ယောက်သည် ဤအမဲလိုက်ခြင်းတွင် ဝမ်ချောင်နောက် လိုက်ခြင်းဖြင့် သူတို့သည် အန်းတုံကာကွယ်ရေး စစ်သူကြီး ကျန်းချိုးကွေ့ဖြစ်သည့် မဟာနတ်ဘုရားတစ်ပါးကို ရန်စမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ယခုအခါ ဤကိစ္စသည် အန်းတုံပိုင်နက်နှင့် ရိုကျိုးစစ်တပ်တို့ ပါဝင်လာခဲ့ပြီဖြစ်သောကြောင့် အသေးအမွွှားကိစ္စ မဟုတ်တော့ပေ။
အကယ်၍ ကိစ္စများကို ဆိုးရွားစွာ ကိုင်တွယ်ခဲ့ပါက ဤဖြစ်ရပ်သည် ရုံးတော်ကို တုန်လှုပ်ချောက်ချား စေပေလိမ့်မည်။
“တိတ်စမ်း” ဒေါသတကြီး အော်သံတစ်ခုက မိုးခြိမ်းသံများကဲ့သို့ ပေါက်ကွဲသွားခဲ့၏။ ကျန်းချိုးကွေ့၏ မျက်နှာသည် အေးစက်နေခဲ့ပြီး သူ့လက်တစ်ချက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ စိတ်နှလုံးသားများကို တုန်လှုပ်ချောက်ချားစေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်မှနေ၍ ပေါက်ကွဲထွက်လာခဲ့သည်။
“မင်းတို့က ဘာကောင်တွေလဲ။ မင်းတို့မှာ ငါ့ရှေ့စကားပြောဖို့ အခွင့်အရေးတောင် ရှိလို့လား”
ထိုအသံက ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်နှင့် ကျန်းကျင်းနှင့် ဟွမ်ကလန်ဘိုးဘေးတို့ နင်သွားခဲ့ကြသည်။ သူတို့၏ ပါးစပ်များသည် ကွေးနေခဲ့ကြသော်လည်း သူတို့သည် ကျန်းချိုးကွေ့၏ ခွန်အားကို ရင်ဆိုင်ရာတွင် စကားတစ်ခွန်းမျှ ထွက်မလာနိုင်ခဲ့ပေ။
လူတစ်ယောက်၏ နာမည်သည် သစ်တစ်ပင် အရိပ်ကဲ့သို့ဖြစ်သည်။
ကျန်းကလန်နှင့် ဟွမ်ကလန်တို့သည် မြို့တော်တွင် လေးစားခံရသည့် ကလန်များ ဖြစ်ကြသော်လည်း စစ်တပ်တွင် သြဇာကြီးမားသော မရေမတွက်နိုင်သည့် တိုက်ပွဲများတွင် အစဉ်အောင်ပွဲခံခဲ့သည့် ကာကွယ်ရေးစစ်သူကြီး ကျန်းချိုးကွေ့နှင့် နှိုင်းယှဉ်ပါက ကွာခြားချက် ကြီးမားလှသည်။ ထို့အပြင် ကျန်းချိုးကွေ့ မမှားခဲ့ပေ။ ကျန်းကလန်၏ အကြီးအကဲတစ်ယောက် သို့မဟုတ် ဟွမ်ကလန်၏ ဘိုးဘေးတစ်ယောက်တို့တွင် သူ့ရှေ့၌ စကားပြောရန် အခွင့်အရေးမရှိပေ။
“ဒုတိယအစ်ကိုကြီး တတိယအစ်ကိုကျိုး ဒါကအဲ့လူရဲ့ ဆန္ဒလား”
ကျန်းချိုးကွေ့၏ အေးစက်သော အကြည့်သည် အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့ဆီ ရောက်သွားခဲ့သည်။ ဤအကြီးအကဲများသည် ဝမ်ကလန် သခင်အိုကြီး၏ ငယ်သားများ ဖြစ်ကြသည်။ သူတို့သည်လည်း တစ်ခါက စစ်တပ်တွင် အလွန်မြင့်မားသော ရာထူးများ ရှိခဲ့ကြပေသည်။
သူတို့သည် ဆယ်စုနှစ်ချီ အနားယူသွားခဲ့ပြီး လူငယ်စစ်သည်များကြား မသိတော့သော်လည်း စီနီယာအကျဆုံး မဟာစစ်သူကြီးများထဲမှ တစ်ယောက်အနေဖြင့် ကျန်းချိုးကွေ့သည် သူတို့နှင့် ယခင်က ဆက်ဆံခဲ့ဖူးသည်။
ထို့ကြောင့် သူ့ရှေ့တွင် ဤနှစ်ယောက်သည် သူတို့၏ အထောက်အထားများကို ဖုံးကွယ်ရန်ပင် မျှော်လင့်ချက် မရှိနိုင်ပေ။
“လူကြီးမင်းကျန်း ဒီကိစ္စက မြို့စားကြီးနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါကလုံးဝ သခင်လေးချောင်ရဲ့ ဆန္ဒဖြစ်ပါတယ်။ ငါတို့က သူဒါကိုဘာလို့ လုပ်ချင်ခဲ့သလဲဆိုတာ မသိပေမဲ့ သူ့ရဲ့အတိတ်က လုပ်ဆောင်မှုတွေကနေ သူ့မှာ အကြောင်းပြချက်တစ်ခု ရှိမယ်လို့ ငါတို့ ယုံကြည်မှုရှိတယ်”
...
အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့သည် ဝမ်ချောင်ဘေးသို့ နောက်ဆုတ်သွားခဲ့ကြပြီဖြစ်ပြီး သူ့ရှေ့တွင် စောင့်ကြပ်ပေးနေခဲ့ကြသည်။ သူတို့က ကျန်းချိုးကွေ့ကို ရင်ဆိုင်လိုက်ရသည်နှင့် ဤနှစ်ယောက်တွင်ပင် လေးနက်သည့် အမူအရာများ ရှိနေခဲ့ကြပြီး သူထုတ်ဖော်ထားသည့် ကြီးမားလှသော ဖိအားကို ခံစားခဲ့ရသည်။
ကျန်းချိုးကွေ့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြင့်ပင် သူသည် ပြည်သူများ၏ နှလုံးသားများထဲတွင် မြို့စားအိုကြီးထက် နိမ့်ကျဆဲဖြစ်သော်လည်း အများကြီးမဟုတ်ပေ။ ထို့အပြင်သူသည် တဖြည်းဖြည်း မှီလာနေခဲ့၏။
သူသာလျှင် တိုင်းပြည်၏ ဝန်ကြီးချုပ် ဖြစ်လာနိုင်ပေသည်။
လူအားလုံး တိတ်ဆိတ်နေခဲ့၏။ အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့၏ စကားလုံးများသည် ဝမ်ချောင်ကို အာရုံစူးစိုက်မှုအလယ်သို့ ရောက်သွားစေခဲ့သည်။ အမှန်အတိုင်း ပြောရပါက ဝမ်ချောင်က ထိုအမိန့်ကို ဘာကြောင့်ထုတ်ပြန်ခဲ့သည်ကို သိသည့်လူတစ်ယောက်မျှ မရှိခဲ့သေးပေ။
ထိုဟူနှင့် ဝမ်ချောင်တို့ကြား မည်သို့သော ရန်ငြိုးရှိသည်ကို မည်သူမျှ မသိခဲ့ကြပေ။
“ဟမ် ကောင်လေး ဆိုတော့ ဒါတွေအားလုံးက မင်းရဲ့လက်ချက်ပေါ့”
အထင်သေးနေသည့် အကြည့်ဖြင့် ကျန်းချိုးကွေ့သည် အေးစက်သည့် လှောင်ပြောင်မှုတစ်ခုဖြင့် ဝမ်ချောင်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
“ဟုတ်တယ်”
ဝမ်ချောင်၏အသံသည် တည်ငြိမ်ပြီး ချောမွေ့လှ၏။ ဤကျော်ကြားလှသော ကာကွယ်ရေး စစ်သူကြီးရှေ့တွင်ပင် ဝမ်ချောင်သည် အနည်းငယ်မျှသော ကြောက်ရွံ့သည့် အရိပ်အယောင်ကို မပြသခဲ့ပေ။
“ဟား ဟား ဟား မိုက်မဲလိုက်တဲ့ကောင်လေး ငါကမင်းကိုယုံမယ်လို့ မင်းထင်နေတာလား”
ကျန်းချိုးကွေ့ ဒေါသတကြီး ပြောလိုက်၏။
လူများစွာတို့သည် ဤနေရာတွင် ပေါ်လာခဲ့ကြပြီး ဝမ်ကလန်အစောင့် များစွာနှင့် အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့ကဲ့သို့ အနားယူပြီးသည့် စစ်သူကြီးများသည်ပင် ပေါ်လာခဲ့သည့်တိုင် ဝမ်ချောင်သည် ဤအရာအားလုံးက သူ့လက်ချက်ဖြစ်သည်ဟု ပြောနေခဲ့သည်လော။
ကျန်းချိုးကွေ့သည် ထိုသည်ကို မည်သို့ယုံနိုင်မည်နည်း။
ရုတ်တရက်ပင် သူသည် ဝမ်ကလန်၏ သခင်အိုကြီးက သူ့ရည်မှန်းချက်များကို ယခင်ကမည်သို့ ချိုးနှိမ်ခဲ့ပြီး သူ့ကို နယ်စပ်အား နှစ်(၂၀)ကျော် စောင့်ကြပ်စေကာ လေကိုစားသုံးစေပြီး စီးနှင်းကို သောက်သုံးစေခဲ့သည်ကို သူသတိရသွားခဲ့သည်။ ဒေါသမီးတောက်များသည် ကျန်းချိုးကွေ့၏ စိတ်နှလုံးသားထဲတွင် အသက်ဝင်လာခဲ့ကြသည်။
ရန်ငြိုးအသစ်နှင့် ရန်ငြိုးအဟောင်းတို့သည် သူ့နှလုံးသားထဲရှိ ဒေါသကို တိုးသွားစေခဲ့သည်။ ဤခြံဝန်းတွင် ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းသည် ကျန်းချိုးကွေ့ကို ဤသည်က ဝန်ကြီးချုပ်ရာထူးကို ရယူရန် မြို့တော်သို့ သူ၏ဝင်ရောက်လာခြင်းနှင့် ဆက်စပ်နေရမည်ဟု ကောက်ချက်ချသွားစေခဲ့သည်။
အကယ်၍ သူမရှိစဉ် သူ့စခန်းသည် ဖျက်ဆီးခံရပြီး သူ့ငယ်သားများသည် သတ်ဖြတ်ခံရပါက ဝန်ကြီးချုပ်ဖြစ်လာရန် သူ့အစီအစဉ်ကို ၎င်းကသေချာပေါက် အတားအဆီးတစ်ခု ဖြစ်ပေလိမ့်မည်။
ဝမ်ကလန်သည် လွန်ခဲ့သည့် နှစ်(၂၀)က သူ့ကိုတစ်ကြိမ် ရပ်တန့်ခဲ့ပြီးဖြစ်သည်။ နှစ်(၂၀)ကြာပြီးနောက် သူ့ကိုနောက်တစ်ကြိမ် စိန်ခေါ်ချင်ခဲ့သည်လော။
ကျန်းချိုးကွေ့ ဤအရာကို တွေးလိုက်သည့်အခိုက်တွင် သူ့နှလုံးသားသည် မီးတောက်များ ပြည့်နှက်သွားခဲ့သည်။
ဝမ်ချောင်သည် ကျန်းချိုးကွေ့၏ မျက်နှာကို လေ့လာနေခဲ့ပြီး သူတွေးနေသည့်အရာကို သိရှိလိုက်ပြီဖြစ်သည်။ ကျန်းချိုးကွေ့ ငယ်ရွယ်စဉ်အခါက သူသည် စိတ်ဓာတ်မြင့်မားပြီး အရည်အချင်း ပြည့်ဝသော တိုင်းပြည်၏ အစစ်အမှန် အမှုထမ်း ဖြစ်ခဲ့သည်။
သို့သော် ရိုကျိုးတွင် နှစ်(၂၀)ကြာ ခြေချနေခဲ့သည့် လက်ရှိကျန်းချိုးကွေ့သည် သူ့ရာထူးအဆင့်များ မြင့်မားလာသည်နှင့် ပို၍အာဏာရှင်ဆန်လာပြီး ခေါင်းမာလာခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း သူသည် အခြားသူများ၏ ထင်မြင်ယူဆချက်များကို လိုက်လျောညီထွေဖြစ်မှု နည်းပါးလာခဲ့သည်။
ယနေ့ သူဘာပြောခဲ့ပါစေ ကျန်းချိုးကွေ့သည် နားထောင်လိမ့်မည် မဟုတ်သည်ကို ဝမ်ချောင် ကောင်းကောင်း သိထားပေသည်။
“ကာကွယ်ရေးစစ်သူကြီးက ကျွန်တော်ကို နားထောင်စရာ မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်ပြောသမျှ အရာတိုင်းက အမှန်တွေပါ။ ဒီနေ့ရဲ့ဖြစ်ရပ်က ကာကွယ်ရေး စစ်သူကြီးနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါမှမဟုတ် ရိုကျိုးစစ်တပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက ဝမ်ကလန်နဲ့ အန်းရလျိုရှန်းတို့ရဲ့ကြားက ရန်ငြိုးတစ်ခု သပ်သပ်ပါပဲ”
ဝမ်ချောင် စကားပြောလိုက်သောအခါ သူ့မျက်လုံးများသည် ယခုအခါ ကျန်းချိုးကွေ့နောက်တွင် ပုန်းအောင်းနေသည့် အန်းရလျိုရှန်းအပေါ် စူးစိုက်နေခဲ့ကြသည်။
ဤဘဝတွဖြစ်စေ၊ နောက်ဆုံးဘဝတွင်ဖြစ်စေ ပြန်လည်မွေးဖွားမှု စက်ဝိုင်းမည်မျှ ကုန်ဆုံးသွားခဲ့ပါစေ အန်းရလျိုရှန်းတွင် တူညီသော ထက်မြမှုနှင့် ဉာဏ်နီဉာဏ်နက် များမှုတို့ အမြဲရှိပေလိမ့်မည်။
“မင်းဘာပြောချင်နေတာလဲ”
ကျန်းချိုးကွေ့၏ အမူအရာသည် အရေးအကြောင်းလေး တစ်ခုကို ပြသခဲ့သည်။ သူသည် ယခုလေးတင် ရောက်လာခဲ့သောကြောင့် ဖြစ်သွားသည့်အရာကို မသိခဲ့သော်လည်း ဝမ်ချောင်၏ အမူအရာမှနေ၍ သူက လိမ်ညာနေခြင်း ဟုတ်ပုံမရသည်ကို သူပြောနိုင်ပေသည်။
“ဟမ် ကာကွယ်ရေးစစ်သူကြီးက သင့်ရဲ့မွေးစားသားကို ဘာလို့အရင် မမေးတာလဲ။ ဒီမနက် အရက်မူးနေတဲ့ စာကလေးစားသောက်ဆိုင်မှာ သူဘာလုပ်ခဲ့သလဲဆိုတာ မေးလိုက်ပါ” ဝမ်ချောင် တင်းမာသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
အနာဂတ် ဖြစ်ရပ်များနှင့် သူ၏ကိုယ်ပိုင် မျှော်မြင်မှုတို့သည် လုံးဝကန့်သတ်ချက်များ ဖြစ်ကြသောကြောင့် ဝမ်ချောင်သည် လက်ရှိအချိန်အတွက် အကြောင်းပြချက် တစ်ခုအဖြစ် သူ၏ဝမ်းကွဲအစ်ကိုကြီး ဝမ်လျံကိုသာ အသုံးပြုနိုင်ပေသည်။
“မွေးစားဖခင် ကျွန်တော်က အပြစ်ကင်းပါတယ်။ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး”
သူခုန်ထွက်လာခဲ့ကာ အန်းရလျိုရှန်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ဘုံသို့ သစ္စာဆိုလိုက်ကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးက တုန်ရီနေခဲ့သည်။
“အရက်သောက်တာကလွဲရင် အဲ့ဒီစားသောက်ဆိုင်မှာ ကျွန်တော်တစ်ခြား ဘာမှမလုပ်ခဲ့ဘူးဆိုတာ ကျွန်တော် ကျိန်ပြောနိုင်ပါတယ်”
အခန်း(၄၅၃)
လယ်သမားနှင့်မြွေပွေး
အန်းယာ့လျိုရှန်း၏ မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဆိုးရွားနေခဲ့ပြီး သူသည် ငိုတော့မည့်ပုံရသည်။
ကျန်းရှိုးကွေ့၏ရှေ့တွင် မည်သူမျှ လိမ်ညာ၍မရပေ။ အန်းဒုန်ပိုင်နက်ရှိ ယိုကျိုး၏အရှေ့ဘက်အထိ ကာကွယ်ရေးစစ်သူကြီးကို လှည့်စားရဲခဲ့ကြသည့် မည်သူမဆို သေဆုံးသွားခဲ့ကြပြီးဖြစ်သည်။
တာခ့်များသည် ကြမ်းကြုတ်သော အကျင့်စရိုက်များ ရှိကြပြီး တိုက်ခိုက်မှုတွင် တော်ကြသော်လည်း မဟာထန်၏ အရှေ့မြောက်ဘက်တွင် တာ့ခ်များဖြစ်စေ၊ ရှီများဖြစ်စေ၊ ခိုက်ထန်များဖြစ်စေ၊ ဂိုဂူလျောများဖြစ်စေ လူတိုင်းသည် ကျန်းရှိုးကွေ့၏ နာမည်ကို ပြောလိုက်သည်နှင့် အမြဲဖြူလျော်သွားကြလိမ့်မည်ဖြစ်ပြီး သူတို့၏ နှလုံးသားများက ကြောက်ရွံ့မှုဖြင့် တုန်ခါနေကြပေလိမ့်မည်။
အန်းယာ့လျိုရှန်းနှင့် အာရှီနရှု့ကန်းတို့သည့် ချို့ယွင်းချက်များ မဟုတ်ခဲ့ကြပေ။
ဤသည်မှာ ကျန်းရှိုးကွေ့၏ အဆင့်အတန်းကြောင့် မဟုတ်သော်လည်း ကျန်းရှိုးကွေ့က အန်းဒုန်းပိုင်နက် စစ်တပ်ကို တစ်ကိုယ်တည်း လေ့ကျင့်ခဲ့သောကြောင့်ဖြစ်ပြီး သူ၏ကြမ်းကြုတ်လှသော နည်းလမ်းများကြောင့်ဖြစ်သည်။
ကောင်းကင်သည် မြင့်မားပြီး ဧကရာဇ်သည် အလှမ်းဝေးလှ၏။ အန်းဒုန်တွင် ကျန်းရှိုးကွေ့၏ စကားလုံးများသည် ဧကရာဇ် တစ်ပါးထက်ပင် ပို၍သက်ရောက်မှု ရှိခဲ့ကြသည်။
“ဟမ် ကောင်လေး မင်းပြောနေတဲ့အရာကို ငါမသိဘူး”
အန်းယာ့လျိုရှန်း၏ ကျိန်ဆိုမှုသည် ကျန်းရှိုးကွေ့၏ အမူအရာကို ကြီးစွာ တိုးတက်သွားစေခဲ့သည်။
“ဒါပေမဲ့လည်း ယာ့လျိုရှန်းက သူကဘာမှ မလုပ်ခဲ့ဘူးလို့ ပြောနေတာကြောင့် သူကသေချာပေါက် ဘာမှလုပ်ခဲ့မှာ မဟုတ်ဘူး။ မြို့တော်ဟာ ကောင်းကင်သားတော်ရဲ့ ခြေဖဝါးအောက်မှာ ဖြစ်ပေမဲ့ မင်းက ငါ့ရဲ့ လက်အောက်ငယ်သားတွေကို တိုက်ခိုက်ရဲခဲ့တယ်။ တကယ်လို့မင်းက ဒီကိစ္စအတွက် ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခုကို မပေးခဲ့ရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”
ဤနောက်ဆုံးစကားလုံးများကို ပြောလိုက်သောအခါ ကျန်းရှိုးကွေ့သည် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး သူ့အမူအရာက ချက်ချင်း အေးစက်သွားခဲ့သည်။ အကောင်အထည် ပေါ်လုနီးပါး သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ဝမ်ချောင်ကို ပစ်မှတ်ထားလိုက်သည်။
ဘုန်း
ဧရာမ လျှပ်စီတစ်ချက် ကောင်းကင်ထက်တွင် လင်းလက်သွားခဲ့၏။ ကျန်းရှိုးကွေ့သည် ဤလျှပ်စီးကြောင်း အောက်၌ပင် ရပ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက မြေအောက်လောကမှ နတ်ဆိုး နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး သူ့ကိုကြည့်နေသည့် လူတိုင်းအား ကြောက်ရွံ့နေစေသည်။
ပတ်ဝန်းကျင်ရှိ အပူချိန်သည် အဆက်မပြတ် ထိုးကျသွားခဲ့၏။ ဤအန်းဒုန် ကာကွယ်ရေး စစ်သူကြီးကို ရင်ဆိုင်ရာတွင် လူတိုင်းသည် တောင်တစ်လုံးကဲ့သို့ ဖိအားကို ခံစားလိုက်ရသည်။
ဝမ်ချောင်သည် ဤတော်ဝင် မဟာစစ်သူကြီးကို ဒေါသထွက်သွားစေခဲ့သည်မှာ ထင်ရှားလှ၏။ လူတိုင်းသည် ဤဖြစ်ရပ်က ချောမွေ့စွာ ဖြေရှင်းရန် ခက်ခဲလိမ့်မည်ကို ခံစားနိုင်သည်။
“ဟား ဟား ဟား”
လူတိုင်းက ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်နေချိန်တွင် ရယ်မောသံတစ်ခုသည် ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဝမ်ချောင်သည် နာမည်ခေါ်လိုက်ရုံမျှဖြင့် မရေမတွက်နိုင်သော တိုင်းတစ်ပါးသားများကို ကြောက်ရွံ့သွားစေသည့် အနီးအနားရှိ ကျန်းရှိုးကွေ့ကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် အကြောက်တရား မရှိပေ။ ခံပြင်းမှုနှင့် နာကျည်းမှုတို့သာ ရှိနေခဲ့ကြသည်။
ယခုအခါ ဘဝနှစ်ခု ရှင်သန်နေထိုင်ခဲ့ပြီးသည့် လူတစ်ယောက်အနေဖြင့် ဝမ်ချောင်သည် သေခြင်းတရားကို မမှုတော့ပေ။ သူဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ သူ့မစ်ရှင်ကို ပြီးမြောက်ရန်ဖြစ်သည်။ ကျန်းရှိုးကွေ့၏ ခြိမ်းခြောက်မှုများသည် သူ့အတွက် အဓိပ္ပာယ် မရှိခဲ့ကြပေ။
“... လူကြီးမင်းကျန်း ခင်ဗျားဒီစကားတွေကို အရင်က ကြားခဲ့ဖူးလား”
ကျန်းရှိုးကွေ့ သူ့ကိုငုံ့ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်၏။
“မင်းဘာကို ဆိုလိုတာလဲ”
“ခေါင်းမာပြီး တဇွတ်ထိုးဆန်တယ်”
***
ဤစကားလုံးများက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့၏။ ပိုင်စီလင်း၊ ကျိုးယာ့ထုံ၊ နယ်စားငယ်ရီ၊ ဝေအန်းဖန်နှင့် တစ်ခြားလူများသည် ချက်ချင်း ဖြူလျော်သွားခဲ့ကြသည်။ သို့သော် ချူးချန်ယုံ၊ ထျန်းချန်းစီ၊ အာရှီနရှုကန်းနှင့် အခြားယိုကျိုးတပ်သားများသည် အမှန်တွင် တူညီသည့် တုန့်ပြန်မှုတစ်ခု ရှိခဲ့ကြသည်။
အန်းဒုန်ပိုင်နက်တွင် မည်သူတစ်ဦး တစ်ယောက်ကမျှ သူတို့၏ ကွန်မန်ဒါကို ဤသို့သော စကားများ မပြောရဲခဲ့ကြပေ။ အသက်ရှင်နေသူများ မဆိုထားနှင့် သေပြီးသူများသည်ပင် ပြောရဲလိမ့်မည် မဟုတ်ပေ။
သို့တိုင် ဝမ်ချောင်သည် ကျန်းရှိုးကွေ့၏ မျက်နှာရှေ့တွင် သူက ခေါင်းမာပြီး တဇွတ်ထိုးဆန်သည်ဟု ပြောရဲခဲ့သည်။ ယိုကျိုးမှ တပ်သားများသည် ဤသို့သော အရာတစ်ခုကို တွေးပင် တွေးရဲကြလိမ့်မည် မဟုတ်ပေ။
“ဒီကောင်လေး...”
“သူက ကွန်မန်ဒါကို ဒီလိုမျိုး ပြောရဲတယ်”
ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည်ပင် မတက်နိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှား သွားခဲ့ကြ၏။
သူတို့သည် ဝမ်ချောင်နှင့် အန်းယာ့လျိုရှန်းကြားရှိ ပဋိပက္ခကို မသိခဲ့ကြသလို သိလည်းမသိချင်ခဲ့ကြပေ။ သို့သော် ဤအခိုက်တွင် သူတို့နှစ်ယောက်သည် ဝမ်ချောင်က သူတို့၏ ရန်သူဖြစ်နေသည့်တိုင် ဝမ်ချောင်ကို အနည်းငယ် ချီးကျူးလိုက်မိကြသည်။
အလယ်ပိုင်း လွင်ပြင်ဒေသ တစ်ခုလုံးအပေါ် အလုံးစုံ သြဇာအာဏာကို ကိုင်စွဲထားသည့် နန်းတော်အနက်ပိုင်းရှိ ထိုပုဂ္ဂိုလ်ကလွဲ၍ သူတို့ကွန်မန်ဒါ ရှေ့တည့်တည့်တွင် သူတို့ကွန်မန်ဒါကို သံသယဖြစ်ဝံ့ခဲ့သည့်လူမှာ ဤလူငယ်တစ်ယောက်သာ ရှိနိုင်သည်။
“ဟား ဟား ဟား ကောင်လေး ဝမ်ကျူးလျန်က မင်းကိုဒါတွေပြောဖို့ သင်ပေးခဲ့တာလား။ မင်းအဲ့ဒါကို ပြန်ပြောရဲလား”
ဒေါသတကြီး ပြောလိုက်ကာ ကျန်းရှိုးကွေ့၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
သူစစ်တပ်များကို စတင်ကွတ်ကဲခဲ့စဉ်ကတည်းက သူသည် သူ့စကားအတိုင်း အမြဲရပ်တည်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့် နှစ်(၂၀)မှစ၍ အလွန်နည်းပါးသည့် လူများသာ သူမှားနေသည်ဟု သူ့ကို ပြောရဲခဲ့ကြသည်။
သို့သော် ယခုအခါ ဤဆယ်ကျော်သက် ကောင်လေးသည် သူက ခေါင်းမာပြီး တဇွတ်ထိုးဆန်သည်ဟု ပြောဆိုခဲ့သည်။
“သခင်လေး”
“ဝမ်ချောင် ထပ်မပြောနဲ့တော့”
နယ်စားငယ်ရီ၊ ပိုင်စီလင်း၊ ကျိုးယာ့ထုံနှင့် တခြားလူများသည် စိုးရိမ်တကြီးဖြင့် ဝမ်ချောင်ဆီသို့ လျှောက်လာခဲ့ကြပြီး သူ့ကိုရပ်တန့်ရန် တိုက်တွန်းလိုက်ကြကာ သူတို့အားလုံးတွင် စိုးရိမ်သည့် အမူအရာများ ရှိနေခဲ့ကြသည်။
အန်းဒုန်ပိုင်နက်သည် မြို့တော်မှ အလွန်ဝေးကွာလှသော နယ်စပ်တွင် ရှိသော်လည်း အန်းဒုန်ကာကွယ်ရေး စစ်သူကြီး ကျန်းရှိုးကွေ့သည် မြို့တော်တွင် ဆွေးနွေးစရာ အကြောင်းအရာတစ်ခု အမြဲဖြစ်ခဲ့သည်။
ဤတော်ဝင်မဟာစစ်သူကြီးကို တွေ့ဆုံရန် အလွန်ခက်ခဲသော်လည်း သူတို့အားလုံး သူနှင့်ပတ်သတ်သည့် ဒဏ္ဍာရီများစွာကို ကြားခဲ့ဖူးကြသည်။
ကျန်းရှိုးကွေ့သည် စိတ်သဘောထား ကောင်းသည့်လူ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘဲ သူ့နည်းလမ်းများသည် ကြမ်းကြုတ်ပြီး ရက်စက်ကြသည်။ သူသည် ဖော်ရွေသော စစ်သူကြီးတစ်ဦးအဖြစ် မကျော်ကြားခဲ့ပေ။
တိုင်းပြည်တွင် ကျန်းရှိုးကွေ့သည် သူ့နည်းလမ်းများတွင် ကြမ်းကြုတ်ရက်စက်မှု၌ ပြိုင်ဘက်ကင်းဖြစ်သည်။
သူ့ရန်သူများအတွက် ကျန်းရှိုးကွေ့သည် ၎င်းတို့၏ အိမ်မက်များကို ခြောက်လန့်ပြီး ၎င်းတို့ကို ကောင်းမွန်စွာ အိပ်စက်ခွင့်ရစေလိမ့်မည် မဟုတ်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ဝမ်ချောင်အတွက် သူ့ကိုရန်စရန်မှာ သေချာပေါက် အမျှော်အမြင်ရှိရာ မကျပေ။ သို့တိုင် ဝမ်ချောင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ဤလူများကို ရပ်တန့်ရန် ပြောဆိုနေခဲ့၏။ ရှင်းပြ၍မရသော အော်ရာတစ်ခုက ဝမ်ချောင်ဆီမှ စတင်ထွက်ပေါ်လာခဲ့ပြီး သူတို့၏ တိုက်တွန်းချက်များကို နင်သွားစေခဲ့သည်။
ဤအခိုက်တွင် ဝမ်ချောင်သည် လုံးဝခြားနားသော ထင်မြင်ချက်တစ်ခုကို ပေးစွမ်းနေခဲ့၏။
ဝမ်ချောင်သည် ယခင်က တော်တော်လေး ဆိုးဝါးသော စိတ်သဘောထား ရှိခဲ့သော်လည်း သူသည် လူအနည်းငယ်ရှေ့တွင် အလွန်အမင်း ရိုသေလေးစားလေ့ ရှိခဲ့ပြီး သူ့အကြီးအကဲများကို မနာခံသည်မှာ ရှားပါးလှသည်။ ထို့ပြင် ဤနေရာရှိ လူတိုင်းသည် ဝမ်ချောင်ထက် အသက်အရွယ် ကြီးကြ၏။
လက်ရှိဝမ်ချောင်သည် တူညီပုံရသော်လည်း သူ့လှုပ်ရှားမှုတိုင်းသည် မမြင်ရသော စွမ်းအားတစ်ခုနှင့် လေးစားသမှုကို ဖြစ်စေသည့် အော်ရာတစ်ခုတို့ဖြင့် ပေါင်းစပ်ပါဝင်နေခဲ့ကြသည်။
သူသည် မဟာကလန်တစ်ခု၏ ဆယ်ကျော်သက်အရွယ် သခင်လေးတစ်ယောက်နှင့် မတူတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့အရှိန်အဝါသည် ကျန်းရှိုးကွေ့နှင့် တော်တော်လေး ဆင်တူလှသည်။
အနည်းငယ်ထက်မြက်သည့် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် အကယ်၍ သူတို့သည် ဝန်ကြီးများနှင့် စစ်သူကြီးတို့၏ ကလန်တစ်ခုမှ ဆင်းသက်လာခဲ့ပြီး သာမာန်လူများထက် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှု ရှိခဲ့လျှင်ပင် ကျန်းရှိုးကွေ့ ကဲ့သို့သော တော်ဝင်မဟာ စစ်သူကြီးတစ်ယောက်ကို စကားပြောရန် အခွင့်အရေး မရှိပေ။ သူတို့သည် သေချာပေါက် သူက ခေါင်းမာပြီး တဇွတ်ထိုးဆန်သည်ဟု လက်လွတ်စပယ် ပြောဆိုခွင့်မရှိပေ။
သို့သော် အလယ်ပိုင်း လွင်ပြင်ဒေသ၏ နောက်ဆုံးနေ့ရက်များတွင် လောက၏ အသိအမှတ်ပြုမှုကို ခံထားရသည့် ဒဏ္ဍာရီလာ 'တိုက်ပွဲသူတော်စင်'အနေဖြင့် သူ့တွင် ဤအခွင့်အရေး လုံးဝရှိပေသည်။
ကျန်းရှိုးကွေ့သည် လူဆိုးတစ်ယောက် မဟုတ်ပေ။
အခြားဟန်များကဲ့သို့ပင် သူသည် အလွန်အမင်း သစ္စာရှိပြီး တိုက်ပွဲတွင် မြုပ်နှံခံရရန် ဆန္ဒရှိသည်အထိ သူ့တိုင်းပြည်ကို အလွန်ချစ်ခင်ခဲ့သည်။ ထိုသည်က နောက်ဆုံးဘဝတွင် သူရှင်သန်နေထိုင်ခဲ့သည့် ပုံစံဖြစ်၏။
တိဗက်များကို အနိုင်ယူခြင်းဖြစ်စေ၊ ယိုကျိုးကို အုပ်ချုပ်မှုဖြစ်စေ၊ ရှီနှင့် ခိုက်ထန်များကို အညံ့ခံစေခြင်းဖြစ်စေ၊ ဂိုဂူလျောတိုင်းပြည်ကို ဖိနှိပ်ခြင်းဖြစ်စေ ကျန်းရှိုးကွေ့၏ စွမ်းရည်များနှင့် ဆောင်ရွက်မှုသည် ဝေဖန်စရာ မရှိခဲ့ကြပေ။
သို့သော် လူများသည် အမြဲပြောင်းလဲတတ်ကြ၏။
ဤဆက်တိုက် အောင်မြင်မှုများသည် ကျန်းရှိုးကွေ့ကို ပြောင်းလဲခဲ့သည်။ သူသည် မယုံနိုင်စရာ ကောင်းလောက်အောင် ကိုယ့်ကိုယ်ကို အထင်ကြီးလာခဲ့ပြီး တစ်ခြား မည်သူ့ဆီကမှ မနာခံသည့် စကားလုံးများကို နားမထောင်တော့ပေ။ သူက အန်းဒုန်ကို အုပ်ချုပ်နေချိန် ဆယ်စုနှစ်များစွာ သူနှင့်အတူ တိုက်ပွဲတွင် တိုက်ခိုက်ခဲ့သည့် သူ့သူငယ်ချင်း ဟောင်းများသည်ပင် ကျန်းရှိုးကွေ့ကို မကျေမနပ်ဖြစ်စေမည့် မည်သည့်အရာကိုမျှ မပြောဆိုရဲခဲ့ကြပေ။
ကျန်းရှိုးကွေ့သည် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်များကို ချခဲ့ပြီး အလွန်အာဏာရှင် ဆန်ခြင်းက သူ့စည်းမျဉ်းဖြစ်ကာ အန်းဒုန်ပိုင်နက်တွင် အမိန့်ကြီးငယ်တိုင်းသည် သူတစ်ယောက်ထဲမှ လာခဲ့ကြသည်။
သူ့ကိုယ်ပိုင် အရည်အချင်းများနှင့် ပတ်သတ်၍ ကျန်းရှိုးကွေ့သည် သူတို့ကို လုံးဝအကြွင်းမဲ့ ယုံကြည်မှုရှိပြီး အလွန်ယုံကြည်မှု ရှိလှကာ သူသည် မည်သည့် အကြံပြုချက်ကိုမျှ မရယူခဲ့ပေ။
'မောက်မာသော စစ်သားတစ်ယောက်သည် ရှုံးနိမ့်ရန် သေချာသည်' ဟူသော စကားစုသည် ကျန်းရှိုးကွေ့ကို ပြီးပြည့်စုံစွာ ဖော်ပြထားသည့် စကားစုဖြစ်သည်။
လူတစ်ချို့တို့သည် သူတို့ရှုံးနိမ့်သည့်အခါ အများဆုံး တိုက်ပွဲတစ်ခုတွင် ရှုံးနိမ့်ပေလိမ့်မည်။ တစ်ခြားလူများသည် သူတို့ရှုံးနိမ့်သည့်အခါ အကျိုးဆက်များကို ခံစားရန် လောကတစ်ခုလုံး လိုအပ်ပေလိမ့်မည်။
ကျန်းရှိုးကွေ့သည် သူ၏ကိုယ်ပိုင် အရည်အချင်းများကို အလွန်ယုံကြည်မှု ရှိခဲ့သောကြောင့် သူသည် သူကလူတစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပါး မဟုတ်သည်ကို လုံးဝမေ့လျော့သွားခဲ့သည်။
ထို့ပြင် လူတစ်ယောက်သည် အမှားများ လုပ်မိပေလိမ့်မည်။
ကျန်းရှိုးကွေ့က ပို၍ထက်မြက်လေလေ တပ်သားများကို ဦးဆောင်သည့် သူ့နည်းလမ်းက ပို၍မှန်ကန်လေလေ တိုက်ပွဲတွင်သူက ပို၍စွမ်းဆောင်နိုင်လေလေ သူဖန်တီးလိမ့်မည်ဖြစ်သည့် အကျိုးဆက်များက ပိုပြီးပြင်းထန်လိမ့်မည်ဖြစ်ပြီး တိုင်းပြည်အတွက် နောက်တွင် သူချန်ထားလိမ့်မည်ဖြစ်သည့် ဘေးဒုက္ခက ကြီးမားလေလေဖြစ်သည်။
သူ့နောက်ဆုံးဘဝတွင် မရေမတွက်နိုင်သော လူများသည် လောကတစ်ခုလုံးကို သက်ရောက်သွားခဲ့သည့် မဟာထန်ရှိ ထိုပုန်ကန်မှုကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ ထိုစစ်တပ်ရှိ မဟာကွပ်ကဲသူများသည် အခြေခံအားဖြင့်အားလုံး ကျန်းရှိုးကွေ့၏ စစ်တပ်မှ ဆင်းသက်လာခဲ့ကြသည်။
ထျန်းချန်းစီသည် ထိုစစ်တပ်ကို တင်းကြပ်စွာ စီမံခဲ့ပြီး ဤကဏ္ဍရှိ သူ့စွမ်းရည်သည် ပြိုင်ဘက်ကင်းဖြစ်သည်။ သူ့စစ်သည်များသည် သူ့အမိန့်များကို ချော့မွေ့စွာ ထမ်းဆောင်ခဲ့ကြပြီး ကျွမ်းကျင်ကာ တည်ငြိမ်မှု ရှိခဲ့ကြသည်။ သူတို့သည် သူ့အမိန့်အားလုံးကို ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တစ်ခုအထိ ထမ်းဆောင်နိုင်ခဲ့ကြသည်။
စစ်ရေးအောင်မြင်မှုများအရ ထျန်းချန်းစီ၏ သူပုန်စစ်တပ်ကို ဦးဆောင်မှုသည် မဟာထန်ပုံမှန်စစ်တပ်ကိုပင် ကျော်လွန်သွားခဲ့သည်။
သို့သော်လည်း ထျန်းကလန်သည် မျိုးဆက်များစွာအတွက် လုလုံတွင် ကွင်းဆင်းအရာရှိများ ရှိခဲ့ကောင်း ရှိခဲ့ကြနိုင်သော်လည်း သူတို့တွင် ဤသို့သောစွမ်းရည် မရှိခဲ့ကြပေ။
ထျန်းချန်းစီသည် တပ်သားများကို မည်သို့ ဦးဆောင်ရမည်ဆိုသည်ကို ကျန်းရှိုးကွေ့ဆီမှ သင်ယူထားခဲ့၏။
ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည် သိုင်းပညာရှင်များသာ မကခဲ့ကြပေ။ သူတို့သည် ထက်မြက်သည့် ကွန်မန်ဒါများလည်း ဖြစ်ခဲ့ကြပြီး ရဲရင့်ကာ အမျှော်အမြင် ရှိကြသည်။ သူတို့နှစ်ယောက် ကွဲကွာနေချိန်တွင် သူတို့သည် တစ်ဖက်ကို တစ်ယောက်ထဲ ထိန်းထားနိုင်သော်လည်း သူတို့အတူတကွ လက်တွဲလိုက်ချိန်တွင် သူတို့သည် ကြယ်ခုနှစ်ပွင့်စစ်တပ် မဟာစစ်သူကြီး ကော်ရှု့ဟန်ကိုပင် ဆိုးရွားစွာ ရှုံးနိမ့်သွားစေနိုင်သည်။
အကယ်၍ အန်းရှီပိုင်နက်၏ ဂိုစုန့်ကျီနှင့် ဖုမင်လင်းချာတို့ကို တိုင်းပြည်၏ တံတိုင်းနှစ်ခုအဖြစ် သဘောထားလိုက်ပါက ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည် အနည်းငယ်မျှ မနိမ့်ကျသည့် သူပုန်စစ်တပ်၏ အမွှာကြယ်နှစ်စင်း ဖြစ်သည်။
သို့သော်လည်း ထိုနှစ်ယောက်သည် လောကကြီးကို သစ္စာဖောက်ခဲ့သောကြောင့် သူတို့သည် အမြင့်မားဆုံး ပါရမီများ ရှိခဲ့ကြလျှင်ပင် သူတို့သည် ဘယ်တော့မှ သမိုင်းစာအုပ်များထဲ ပါဝင်လာမည် မဟုတ်ပေ။
ထို့ပြင် မိုးကြိုးမြင်းစီးသမား ခိုက်ရှယ်လည်း ရှိခဲ့၏။ မြင်းတပ်ကို ဦးဆောင်သည့် သူ့စွမ်းရည်သည် (၈)ရက်အတွင်း၌ ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ရောက်နိုင်သည်ဟု ဆိုကြသည်။
မြင်းတပ်ကို ကွပ်ကွဲမှုအရ စွန်းကျိမင်သည် ရုတ်တရက် တိုက်ခိုက်မှု စစ်သူကြီးအဖြစ် ချီးကျူးခံခဲ့ရသော်လည်း သူ့ကို သူပုန်မဟာစစ်သူကြီး ခိုက်ရှယ်နှင့် နှိုင်းယှဉ်ပါက တောက်ပသည့် လမင်းကြီးကို မီးပွားစလေးတစ်ခုဖြင့် နှိုင်းယှဉ်နေသကဲ့သို့ဖြစ်သည်။ သူတို့၏ စွမ်းရည်များသည် တူညီသည့် အဆင့်တွင်ပင် မရှိခဲ့ကြပေ။
ထို့ပြင် ချူးချန်ယုံဖြစ်စေ၊ ထျန်ချန်ကျန့်ဖြစ်စေ၊ ခိုက်ရှယ်ဖြစ်စေ သူတို့အားလုံးကို ကျန်းရှိုးကွေ့ ရွေးချယ်ထားခဲ့သည်။ သူတို့သိထားသမျှ တပ်သားများကို ကွပ်ကဲခြင်း၊ နည်းဗျူဟာ၊ ပရိယာယ် အားလုံးတို့ကို အန်းဒုန်ကာကွယ်ရေး စစ်သူကြီး ကျန်းရှိုးကွေ့ဆီမှ လေ့လာသင့်ယူထားခဲ့ကြပေသည်။
ထို့ပြင် သူတို့တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ အထူးပြုမှုများကို အမြင့်ဆုံးအထိ အသုံးချနိုင်ခဲ့ကြသည်။
ထိုသည်မှာ ခေါင်းသုံးလုံး လက်ခြောက်ဘက် ကျန်းရှိုးကွေ့ကဲ့သို့ပင်။ မည်သူကမျှ ဤကျန်းရှိုးကွေ့ကို လျော့တွက်၍မရပေ။
ကျန်းရှိုးကွေ့သည် မည်သူက မည်သည့်နေရာတွင် ကောင်းမွန်သည်ကို သိထားခဲ့ပြီး သူသည် စွမ်းရည်ကိုသာ ဂရုစိုက်ခဲ့ကာ နောက်ခံကို ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့်သူသည် တစ်ယောက်က ဟူဖြစ်သည်ဖြစ်စေ၊ ဟန်ဖြစ်သည်ဖြစ်စေ ဂရုမစိုက်ခဲ့ပေ။ တစ်ယောက်သည် စွမ်းရည်ရှိနေသရွေ သူသည် သူတို့ကို အသုံးပြုပေလိမ့်မည်။
ရလဒ်အနေဖြင့် အန်းယာ့လျိုရှန်းနှင့် အာရှီနရှုကန်းတို့က ယိုကျိုးတွင် ပစ်မှုတစ်ခု ကျူးလွန်ခဲ့ချိန်တွင် သူတို့သည် ကွပ်မျက်ရန်အတွက် လျာထားခံခဲ့ရသော်လည်း ကျန်းရှိုးကွေ့က သူတို့၏ ပါရမီများကို မြင်တွေ့သွားခဲ့ပြီး သူတို့ကို အန်းဒုန်ပိုင်နက်ထဲသို့ ခေါ်ယူခဲ့သည်။
ထို့ပြင် အန်းယာ့လျိုရှန်းသည် လွှမ်းမိုးခံခဲ့ရပြီး ကျန်းရှိုးကွေ့၏ ပုံစံနှင့် လုပ်ဆောင်မှုကို လုံးဝကူးယူနေခဲ့သည်။ သူပုန်စစ်တပ်တွင် ဟူစစ်သူကြီးများလည်း ရှိသလို ဟန်စစ်သူကြီးများလည်း ရှိခဲ့ကြသည်။
ဤအကြောင်းပြချက်များကြောင့် သူပုန်စစ်တပ်သည် အလွန်အမင်းအန္တရာယ် များခဲ့၏။
တစ်ယောက်သည် လောကကို ဒုက္ခပေးလိမ့်မည်ဖြစ်သည့် သူပုန်စစ်တပ်၏ ကွပ်ကွဲသူများက ကျန်းရှိုးကွေ့၏ ကျောင်းသားကောင်းများ ဖြစ်ကြသည်ဟု ပြောနိုင်ပြီး သူ့ထက်ပင် သာလွန်ခဲ့ကြသည်။ ထို့ကြောင့် ယိုကျိုးသူပုန်စစ်တပ်ကို ကျန်းရှိုးကွေ့က တစ်ကိုယ်တည်း မြင့်တင်ခဲ့သည်ဟုလည်း ပြော၍ရသည်။
လောကအနှံ့ ပြန့်နှံ့သွားလ်ိမ့်မည်ဖြစ်ပြီး မဟာထန်ကို ၎င်း၏အုတ်မြစ်အထိ တုန်ခါသွားစေလိမ့်မည်ဖြစ်ကာ အလယ်ပိုင်း လွင်ပြင်ဒေသကို ပြာကျသွားစေလိမ့်မည်ဖြစ်သည့် ထိုပုန်ကန်မှုကို အန်းယာ့လျိုရှန်းနှင့် အာရှီနရှုကန်းတို့က စတင်ပေလိမ့်မည်။
သို့သော် အကယ်၍ တစ်ယောက်သည် နောက်ပြန်ကြည့်လိုက်ပါက ထိုအရာအားလုံး၏ အရင်းအမြစ်မှာ ကျန်းရှိုးကွေ့ ဖြစ်ပြီး သူ့ရှေ့တွင် ရပ်နေသည့် လူဖြစ်ပေသည်။
သူသည် မဟာထန် ပျက်စီးမှု၏ တစ်ဦးတည်းသော လက်သည်တရားခံ ဖြစ်သည်။
ကျန်းရှိုးကွေ့သည် ထက်မြက်ပေ၏။
သို့သော် သူ၏ထက်မြက်မှုသည် လောကကြီးကို ကောင်းချီးမပေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် တိုင်းပြည်ကို ပျက်စီးသွားစေခဲ့သည်။
ဝမ်ချောင်သည် အကယ်၍ ကျန်းရှိုးကွေ့ကို သတိပေးနိုင်ပြီး သူ့အမှားများကို ပြင်ဆင်ပေးနိုင်ကာ သူက လူတစ်ယောက်ဖြစ်ပြီး နတ်ဘုရား တစ်ပါးမဟုတ်ကြောင်း ပြောနိုင်သည့် တစ်စုံတစ်ယောက် ရှိခဲ့ပါက သူသည် ဤအမှားများကို ပြုလုပ်နိုင်မည်မဟုတ်ဟု ထိုအချိန်က တွေးတောခဲ့သည်။ ထိုသို့ဆိုပါက အရာရာတိုင်းသည် လုံးဝခြားနားသွားပေလိမ့်မည်။
သနားစရာကောင်းသည်မှာ အတိတ်ကသူသည် အခွင့်အရေး သို့မဟုတ် စွမ်းအား သို့မဟုတ် အန်းဒုန်ကာကွယ်ရေး စစ်သူကြီးရှေ့တွင် ရပ်ရန် အခွင့်အရေးတစ်ခုပင် မရှိခဲ့ပေ။
ယခုအခါ အရာရာတိုင်းသည် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး သူသည် ဤအခွင့်အရေး ရရှိလာခဲ့ပြီဖြစ်သည်။ ကျန်းရှိုးကွေ့သည် သူ့ကို နားမထောင်ခဲ့လျှင်ပင် သူသည်၎င်းကို ပြောရပေလိမ့်မည်။
“လူကြီးမင်းကျန်းက လယ်သမားနဲ့ မြွေပွေးဇာတ်လမ်းကို ကြားခဲ့ဖူးလား”
ဝမ်ချောင် လေးနက်စွာ ပြောလိုက်၏။
“ဟမ် ငါကမြွေပွေးလို့ မင်းပြောချင်နေတာလား”
ကျန်းရှိုးကွေ့ လှောင်ပြောင်လိုက်၏။ အကယ်၍ ဝမ်ချောင်သည် ဝမ်ကျူးလျန်၏ မြေး မဟုတ်ခဲ့ပါက ကျန်းရှိုးကွေ့သည် သူနှင့်ဤမျှ အချိန်အကြာကြီးပင် ပြောဆိုခဲ့လိမ့်မည် မဟုတ်ပေ။
“ကျွန်တော် လူကြီးမင်းကို လယ်သမားကလည်း အမှားတွေ ပြုလုပ်နိုင်တယ်လို့ပဲ ပြောချင်တယ်”
ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။
**************************
အခန်း(၄၅၄)
ကျန်းရှိုးကွေ့၏ အကြွင်းမဲ့စွမ်းအား
“ကောင်လေး မင်းက အတင့်ရဲလွန်းနေတာပဲ”
ကျန်းရှိုးကွေ့၏ မူလက တည်ငြိမ်သော မျက်လုံးများသည် အေးစက်သည့် အလင်းရောင်ဖြင့် ရုတ်တရက် ပေါက်ကွဲသွားခဲ့ကြသည်။
သူ့အနားရှိ ယိုကျိုးစစ်သည်များသည် အားလုံးမှင်သက်သွားခဲ့ကြပြီး ဝမ်ချောင်၏ လုပ်ရပ်များကြောင့် ကြက်သေ သေသွားခဲ့ကြသည်။ အရှေ့မြောက်ဘက်တွင် သူတို့၏ ကွန်မန်ဒါကို ဤသို့ပြောဆိုရဲသည့်လူ မည်သူမျှ မရှိခဲ့ပေ။
ဝမ်ချောင်သည် လယ်သမားအကြောင်း ပြောဆိုနေခဲ့သော်လည်း သူသည် အမှန်တကယ်တွင် သူတို့၏ ကွန်မန်ဒါအကြောင်း ပြောဆိုနေခဲ့ပေသည်။
သူသည် ကွန်မန်ဒါကို ခေါင်းမာပြီး တဇွတ်ထိုးဆန်သူအဖြစ် ဝေဖန်ခြင်းဖြင့် စတင်ခဲ့ပြီး ယခုအခါသူသည် ကွန်မန်ဒါကလည်း အမှားများ ပြုလုပ်နိုင်သည်ဟု ပြောဆိုနေခဲ့သည်။ ကမ္ဘာပေါ်တွင် ဤကောင်လေးကလွဲ၍ သူတို့၏ကွန်မန်ဒါကို ဤသို့သောအရာများ ပြောဆိုရဲသည့်သူ မည်သူမျှ မရှိနိုင်တော့ပေ။
သူတို့သည် အကယ်၍ သူက သူတို့၏ကွန်မန်ဒါ မည်သူဖြစ်သည်ဆိုသည်ကို မသိခဲ့ပါက ဤလုပ်ရပ်ကို နားလည်ပေး၍ရသည်။ သို့သော် သူသည် သူစကားပြောနေသည့်လူက မည်သူဖြစ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိထားသောကြောင့် သူသည် အတင့်ရဲလွန်းနေခြင်း ဖြစ်ပေသည်။
“ဒီကောင်လေး... သူတကယ်ပဲ ပြောလိုက်တယ်”
ဤအခိုက်တွင် ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည်ပင် သူတို့က ဤကောင်လေးကို ပထမဆုံးအကြိမ် မြင်တွေ့နေရသကဲ့သို့ ပြူးကျယ်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
“... အစပိုင်းမှာ ငါက မင်းရဲ့အဖေနဲ့ အဘိုးတို့ကြောင့် မင်းကိုဘာမှမလုပ်ဖို့ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမဲ့ ငါမင်းကို သင်ခန်းစာလေးတစ်ခု မပေးခဲ့ရင် မင်းက ကောင်းကင်ဘယ်လောက် မြင့်လဲဆိုတာ တကယ်ပဲ သိတော့မှာမဟုတ်ဘူး”
ကျန်းရှိုးကွေ့၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေခဲ့သည်။ ဝမ်ချောင်၏ လုပ်ရပ်များသည် သူ၏သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွားခဲ့ကြပြီဖြစ်၏။
သူ၏ လက်မောင်းစများ စတင်လှုပ်ရှားသွားခဲ့ကာ ကျန်းရှိုးကွေ့သည် အားကောင်းသော လက်ဖဝါးတစ်ခုကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ညိုးများသည် ပေါ့ပါးစွာ အတူတကွ စုစည်းလာခဲ့ကြပြီး သူက အဝေးရှိဝမ်ချောင်ကို ဖမ်းဆုပ်နေသကဲ့သို့ဖြစ်သည်။
ဝုန်း
ရွှေရောင်အလင်း ရှေ့သို့ပြေးထွက်သွားခဲ့ပြီး လေပြင်းများကို ဖြစ်ပေါ်သွားစေခဲ့၏။ ကြီးမားလှသည့် ဆွဲငင်သော အင်အားတစ်ခုက ဝမ်ချောင်ကို လွှမ်းခြုံသွားပုံပေါ်ပြီး ကျန်းရှိုးကွေ့၏ လက်ထဲသို့ သူ့အား မြေကြီးမှနေ၍ စတင်မြောက်တက်သွားစေခဲ့သည်။
“မကောင်းတော့ဘူး”
ဝမ်ချောင် အံ့အားသင့်သွားခဲ့၏။ သူသည် သူ့အခြေခံအုတ်မြစ်က နက်ရှိုင်းပြီး သာမာန်လူများထက် သာလွန်သည်ကို သိရှိထားခဲ့ပြီး သူ၏ကျင့်ကြံခြင်းကလည်း ခိုင်ခံ့လှသည်။ သို့တိုင် ထိုအရာအားလုံးတို့သည် ကျန်းရှိုးကွေ့ရှေ့တွင် ဘာမှမဟုတ်ခဲ့ကြပေ။ သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခွန်အားမဲ့နေခဲ့၏။
ထိုလက်ငါးချောင်း ဆွဲလိုက်သောအခါ ဝမ်ချောင်သည် သူ့အနားရှိလေထုက လှိုင်းလုံးကြီးတစ်ခု ဖြစ်လာခဲ့ပြီး သူက ရေထဲရှိ ဘဲစာပင်ဖြစ်သွားသကဲ့သို့ သူ့အား ရှေ့သို့တွန်းနေသည်ကို ခံစားလိုက်ရသည်။
“မြန်မြန် သခင်လေးကိုကယ်ကြ”
“မကောင်းတော့ဘူး”
***
အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့ နှစ်ယောက်စလုံး ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ကြ၏။ ကျန်းရှိုးကွေ့၏ မျက်နှာမှနေ၍ သူတို့သည် သူက ဒေါသထွက်သွားခဲ့ကြောင်း ပြောနိုင်ကြပေသည်။ ထို့အပြင် သူတို့နှစ်ယောက်သည် ဤတော်ဝင်အန်းဒုန် ကာကွယ်ရေးစစ်သူကြီး ကိစ္စများကို မည်သို့ ကိုင်တွယ်ခဲ့သည့်အကြောင်း ကောလဟာလများ ကြားခဲ့ဖူးကြပေသည်။
အကယ်၍ သခင်လေးသည် သူ့လက်ထဲ ရောက်သွားခဲ့ပါက သူသည်သေချာပေါက် အဆုံးသတ်ကောင်း လိမ့်မည်မဟုတ်ပေ။
လေပြင်းများကြားတွင် အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့သည် တစ်ယောက်ကဘယ်၊ တစ်ယောက်က ညာဘက်မှနေ၍ သူတို့၏ ဖြန့်ထားသော လက်ဝါးများကို ဆန့်ထုတ်လိုက်ကြသည်။ သူတို့၏ ဝမ်ချောင်နှင့် နီးကပ်လာသော အကွာအဝေးကြောင့် သူတို့သည် ရှေ့သို့မြောက်တက်နေသည့် သူ၏ခြေကျင်းဝတ်များကို ဖမ်းမိနိုင်ရုံ ဖမ်းမိသွားခဲ့ကြပြီး သူ့အား လေထဲတွင် ရပ်တန့်နေစေရန် ဆွဲထားလိုက်ကြသည်။
“သူ့ကိုလွှတ်လိုက်စမ်း”
တစ်ချိန်ထဲနီးပါးတွင်ပင် ကောင်းကင်ကြီးသည် နဂါးသံများဖြင့် ပြည့်နက်သွားခဲ့သည်။ လီစီယိ သူ့ကျောပေါ်ရှိ ဧရာမ ကျောက်စိမ်းရိုင်းသံမဏိ ဆေဘာဓားကို ဆုပ်ကိုင်လိုက်ပြီး ခမ်းနားထည်ဝါလှသော အဖြူရောင်ဆေဘာဓားစွမ်းအင်တစ်ခုကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။
ဤဆေဘာသည် လဟာပြင်ကို ဖြတ်ခုတ်သွားခဲ့ပြီး အနက်ရောင်တိမ်တိုက်ကို ဖြတ်ခုတ်သွားခဲ့ကာ အဆုံးမဲ့သော ကြယ်စုံသည့်ကောင်းကင်ကို ခုတ်ဖြတ်သွားခဲ့သည်။
ဝုန်း
လီစီယိ၏ တိုက်ခိုက်မှုသည် ကျန့်ဒါဇင်အတော်များများ မြင့်တက်သွားခဲ့ပြီးနောက် ကောင်းကင်ကို အရောင်ပြောင်းသွားစေခဲ့သည့် ပြင်းထန်သော စွမ်းအင်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ၎င်းက ကျန်းရှိုးကွေ့ကို ခုတ်ချသွားခဲ့သည်။
“သိပ်ကောင်းတဲ့ ဆေဘာဓားအကွက် တစ်ခုပဲ”
ထက်ရှသည့် အလင်းရောင်တစ်ခုက ကျန်းရှိုးကွေ့၏ မျက်လုံးထဲ တောက်ပသွားခဲ့၏။ သူသည်ပင် မထိန်းနိုင်ဘဲ လီစီယိ၏ ဆေဘာဓားနည်းစနစ်၏ လှပမှုကို အံ့သြသွားခဲ့ရသည်။
“... မင်းရဲ့ကျင့်ကြံမှုက အရမ်းနိမ့်တယ်။ အဲ့ဒါက မလုံလောက်သေးဘူး”
ကျန်းရှိုးကွေ့သည် သူ့နေရာတွင် ဆက်ရပ်နေခဲ့ကာ သူသည် သူ့ညာလက်ဖြင့် ရှေ့သို့တွန်းလိုက်သည်။ ကျန်းရှိုးကွေ့မှနေ၍ ကျန့်တစ်ဆယ် အကွာအဝေးတွင် တောင်ကဲ့သို့ ကြီးမားလှသော ရွှေရောင်လက်ဖဝါးတစ်ခုသည် လေထုကို ဖုံးလွှမ်းသွားခဲ့ပြီး လေဟာပြင်ကို လွှမ်းခြုံသွားခဲ့သည်။
ဘုန်း
လီစီိယိ၏ ဆေဘာဓားစွမ်းအင်သည် ကောင်းကင်ထက်မှနေ၍ ဆင်းသက်လာခဲ့ပြီး ထိုဧရာမ လက်ဖဝါးထဲသို့ တိုးဝင်သွားခဲ့သည်။ ၎င်းသည်တောင်တစ်လုံးကို ဝင်တိုက်မိသွားသကဲ့သို့ဖြစ်၏။ သူ၏တိုက်ခိုက်မှုသည် လုံးဝရပ်တန့်ခံလိုက်ရသည်။
ထိုသည်သာမက ထိုရွှေရောင်လက်ဖဝါး၏ တန်ပြန်တိုက်ခိုက်မှုက လီစီယိ၏ မမြင်နိုင်သော ဆေဘာစွမ်းအင် မုန်တိုင်းကို အပိုင်းအစများအဖြစ်သို့ ခါယမ်းသွားစေခဲ့သည်။
“ဒါက”
လီစီယိ ဆွံ့အသွားခဲ့ကာ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ဤဆေဘာဓား တိုက်ခိုက်မှုသည် သူ့ခွန်အား အားလုံးပါဝင်နေပေသည်။ ၎င်းသည် သူ၏ အားအကောင်းဆုံး တိုက်ခိုက်မှုဖြစ်၏။ အနောက်မြောက်ဘက်သို့ သူ၏တစ်ကိုယ်တည်း ခရီးတွင် ဤတိုက်ခိုက်မှုသည် နဂါးနက်ကျိုးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော် ကျန်းရှိုးကွေ့သည် သာမာန် တွန်းချက်တစ်ခုသာ ပြုလုပ်လိုက်ပြီး ၎င်းကို အပိုင်းအစများအဖြစ်သို့ ပျက်စီးသွားစေခဲ့၏။
လီစီယိ နောက်ထပ်များစွာ ထပ်မတွေးနိုင်မီ ထိုရွှေရောင်လက်ဖဝါးသည် လီစီယိကို တိုက်ခိုက်လိုက်သည့် ကြယ်တာရာ စွမ်းအင်မုန်တိုင်းတစ်ခုအဖြစ်သို့ ရုတ်တရက် ကူးပြောင်းသွားခဲ့သည်။
“အား”
အော်သံတစ်ခုဖြင့် လီစီယိ လွင့်ထွက်သွားခဲ့၏။
လီစီယိသည် သူ၏အထွတ်အထိပ်အဆင့်မှ အလှမ်းဝေးလှသည်။ အနာဂတ် ကျော်လွှား၍မရသော မဟာစစ်သူကြီးက လက်ရှိတိုင်းပြည်၏ သြဇာညောင်းသော ပုဂ္ဂိုလ်ကို မယှဉ်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
“အခုမင်းတို့ရဲ့ အလှည့်ပဲ”
ရက်စက်သည့်အသံက လူအုပ်ထဲ ထွက်ပေါ်လာခဲ့၏။ မည်သူမျှ ထိုတော်ဝင် ကာကွယ်ရေး စစ်သူကြီး ပျောက်ကွယ်သွားခဲ့သည့် အချိန်ကို မသိခဲ့ကြပေ။ လူအုပ်ကြီးသည် သူနောက်တစ်ကြိမ် ပေါ်လာသောအခါ သူက အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့မှ ကျန့်အနည်းငယ်သာ ဝေးကွာသည်ကို သိရှိလိုက်ရသည်။
ဘုန်း
အသိမ်မွေ့ဆုံးနှင့် အနွေးထွေးဆုံး လေထုစီးကြောင်းသည် ရုတ်တရက် အပြင်းထန်ဆုံး မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်ယောက်သည် တော်ဝင်သိုင်းနယ်ပယ်သို့ ခြေလှမ်းတစ်ဝက်နှင့် ကျန်တစ်ယောက်သည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် အထွတ်အထိပ်တွင် ရှိနေကြသည့် အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့ နှစ်ယောက်စလုံးသည် မြောက်ပိုင်းသို့ ခရီးတွင် ဝမ်ချောင်အဘိုး၏ စစ်သူကြီးများ ဖြစ်ခဲ့ကြသော်လည်း ၎င်း၏အထွတ်အထိပ်တွင် ရောက်နေသည့် ကျန်းရှိုးကွေ့ကို ရင်ဆိုင်လိုက်ရသောအခါ သူတို့သည် ချက်ချင်း သနားစဖွယ် အော်ဟစ်လိုက်ကြရသည်။ ကျန်းရှိုးကွေ့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သော အားကောင်းသည့် စွမ်းအင်စီးကြောင်းများသည် သူတို့ကို ဝမ်ချောင်နှင့်အတူ လွင့်ထွက်သွားစေခဲ့သည်။
ဤတစ်လျှောက်လုံး ကျန်းရှိုးကွေ့သည် လက်နောက်ပစ်ထားခဲ့ပြီး သိသာသည့် အကွက်များကို အသုံးမပြုခဲ့ပေ။
မျိုးဆက်တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်အသားများ ရှိကြပေလိမ့်မည်။
ဝမ်ချောင်၏အဘိုး မျိုးဆက်တွင် ကျန်းရှိုးကွေ့သည် မထင်ရှားသော စစ်သည်တစ်ယောက်သာ ဖြစ်ခဲ့သော်လည်း မြို့စားကြီးကျူးသည် ယခုအခါ အနားယူသွားခဲ့ပြီဖြစ်၏။ ဤသည်မှာ ဝမ်ကျုံးစီနှင့် ကျန်းရှိုးကွေ့တို့၏ မျိုးဆက်ဖြစ်ပေသည်။
ထို့ပြင် ဝမ်ကျုံးစီက ရိုးရိုးကုပ်ကုပ်နှင့် လောကီရေးရာ ကိစ္စများမှနေ၍ ထွက်ခွာသွားချိန်တွင် အဆင့်အတန်းအရ သူ့အောက်နိမ့်သည့် ကျန်းရှိုးကွေ့သည် မဟာထန်တိုင်းပြည်ရှိ သြဇာအကြီးဆုံး ဟန်စစ်သူကြီး ဖြစ်လာခဲ့ပြီး တော်ဝင်မဟာစစ်သူကြီး အားလုံးတို့၏ အားအကောင်းဆုံးလည်း ဖြစ်လာခဲ့သည်။
တိုင်းပြည်တွင် ကျန်းရှိုးကွေ့ ကိုင်စွဲထားသည့် လုပ်ပိုင်ခွင့်အာဏာသည် ပြိုင်ဘက်ကင်းဖြစ်သည်။
သူလိုအပ်နေသည့် အရာအားလုံးမှာ ဧကရာဇ်တစ်ပါးကို နန်းတင်သည့် အကျိုးဆောင်မှုနှင့် အဆင့်အတန်းများ၏ ဝါအရင့်ဆုံးတို့ ဖြစ်နိုင်သည်။
ဤသည်မှာလည်း သူက တော်ဝင်ရုံးတော်တွင် ဝမ်ချောင်၏အဘိုးနှင့် ယောင်ကလန်သခင်အိုကြီးတို့ကို အမြဲခေါင်းငုံ့ထားခဲ့ရသည့် အကြောင်းအရင်း ဖြစ်ပေသည်။
ကျန်းရှိုးကွေ့၏ မျက်နှာသည် အေးစက်ပြီး ခံစားချက်ကင်းမဲ့လှ၏။ သူသည် အကြီးအကဲရီနှင့် အကြီးအကဲကျိုးတို့ကို အလွယ်တကူ လွင့်ထွက်သွားစေခဲ့ပြီး ယခုအခါ လေထဲမှနေ၍ ဝမ်ချောင်ကိုဖမ်းရန် လက်ဝါးတစ်ဖက်ကို မြောက်လိုက်သည်။
“ကောင်လေး မင်းအလှည့်ပဲ”
အေးစက်သည့် အမူအရာတစ်ခုဖြင့် ကျန်းရှိုးကွေ့သည် ဝမ်ချောင်ကိုဖမ်းဆီးရန် သူ့လက်ငါးချောင်းကို နောက်တစ်ကြိမ် ဆုပ်လိုက်သည်။
ကြယ်တာရာစွမ်းအင် လမ်းစဉ်များနှင့် ယင်ယန်လမ်းစဉ်များ၊ မာနိုင် ပျော့နိုင်သော ခန္ဓာကိုယ်တစ်ခု ကျန်းရှိုးကွေ့ ကဲ့သို့သော တော်ဝင်မဟာစစ်သူကြီးသည် သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံထားခဲ့ပြီးဖြစ်သည်။
လီစီယိနှင့် အကြီးအကဲရီ၊ အကြီးအကဲကျိုးတို့ကို လွင့်ထွက်သွားစေခဲ့ခြင်းက သူ့အတွက် သွေးပူလေ့ကျင့်ခန်းတစ်ခုမျှသာ ဖြစ်သည်။ သူသည် မည်သည့်အစစ်အမှန် စွမ်းရည်ကိုမျှပင် အသုံးမပြုခဲ့ပေ။
ဘန်း
သူ့ကို အံ့အားသင့်သွားစေခဲ့သည်မှာ ကျန်းရှိုးကွေ့၏ လက်ငါးချောင်းတို့သည် ဘာကိုမှ မဖမ်းမိခဲ့ကြပေ။ သူ့ရှေ့ရှိပုံရိပ်သည် ဝေဝါးသွားခဲ့ကြပြီး ဝမ်ချောင်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
“ဒါက... လှိုင်းရေစီးမျောနေတဲ့ ငါးကြင်း”
ကျန်းရှိုးကွေ့က သူ၏ဆွဲငင်သောစွမ်းအင် ကန့်သတ်ချက်များမှ ထိုပုံရိပ် လွတ်မြောက်သွားသည်ကို ကြည့်လိုက်ကာ သူ့အမူအရာ ပြောင်းလဲသွားခဲ့၏။ ပထမဆုံး အကြိမ်အနေဖြင့် သူ့မျက်လုံးများသည် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခုကို ပြသလိုက်သည်။
လှိုင်းရေစီးမျောနေသည့် ငါးကြင်းသည် သိုင်းပညာရပ်တစ်ခု မဟုတ်ပေ။ သို့သော် စွမ်းရည်တစ်ခုဖြစ်၏။
ကျင့်ကြံမှုအဆင့်နိမ့်သည့် စစ်သည်တစ်ယောက်သည် ကျင့်ကြံမှုအဆင့်မြင့်သည့် စစ်သည်တော်တစ်ယောက်ကို ကြုံဆုံချိန်တွင် သူတို့သည် လွတ်မြောက်ရန် အလွန်ခက်ခဲကြပေလိမ့်မည်။ သို့သော် လှိုင်းရေစီးမျောနေသော ငါးကြင်းက ကိစ္စများကို ပြောင်းလဲသွားစေခဲ့သည်။ ငါးကြင်းတစ်ကောင်သည် လှိုင်းများနှင့်အတူ အထက်အောက် ကူးခတ်နေပေသည်။ ၎င်းသည် ရေစီးကြောင်းနှင့် လိုက်ပါခဲ့သောကြောင့် လှိုင်းများကမည်မျှ ကြီးမားပါစေ လွတ်လပ်စွာ ကူးခတ်နိုင်ပေသည်။
ပို၍အရေးကြီးသည်မှာ ငါးကြင်းများသည် ၎င်းတို့နှင့်အတူ စီးမျောသွားသောကြောင့် လှိုင်းများ မသက်ရောက်ခဲ့ကြပေ။ ၎င်းသည်လုံးဝ ထိန်းချုပ်ထားခဲ့ပြီး တားဆီးမရဖြစ်၏။ ၎င်းသည် ရေမျက်နှာပြင်နှင့် လှိုင်းများပေါ်သို့ ခုန်ပေါက်မှုတစ်ခုကိုပင် ပြုလုပ်နိုင်ပြီး ပြင်းထန်သည့် ရေစီးကြောင်းမှနေ၍ လုံးဝလွတ်မြောက်နိုင်ပေသည်။
လှိုင်းရေစီးမျောနေသော ငါးကြင်းသည် ဤသို့သော စွမ်းရည်ဖြစ်၏။
အကယ်၍ တစ်ယောက်သည် ပြိုင်ဘက်၏ ဆွဲငင်တတ်သော ဆွဲအားကို မခုခံနိုင်ခဲ့ပါက တစ်ယောက်သည် ကြယ်တာရာစွမ်းအင် စီးကြောင်းနှင့် စီးမျောသင့်ပြီး နောက်ဆုံးတွင် ခုန်ထွက်သင့်ပေသည်။ ထို့အပြင် မြင့်မားလှသော အဆင့်တွင် ဤစွမ်းရည်သည် လွတ်မြောက်ရန်အတွက်သာ မဟုတ်ပေ။
အဆင့်မြင့်အဆင့် ကျွမ်းကျင်သူများ တိုက်ခိုက်ကြသည့်အခါ လူတစ်ယောက်သည် ဤစွမ်းရည်ကို ပြိုင်ဘက်၏ ကြယ်တာရာစွမ်းအင် စီးကြောင်းနောက် လိုက်ပါရန် အသုံးပြုနိုင်ပြီး ၎င်းတို့အတွင်းရှိ ဥပဒေသများကို ရှာဖွေကာ ပြိုင်ဘက်ကို ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုပေးရန် ၎င်းတို့ကို အသုံးချနိုင်သည်။
သိုင်းပညာရပ်များလောကတွင် သန်မာသည့် ပြိုင်ဘက်ကို ခုခံရန် ဤစွမ်းရည်ကို အသုံးပြုနေသည့် အားနည်းသော ပြိုင်ဘက်တစ်ယောက်သည် သီအိုရီအရသာ တည်ရှိပေသည်။ ၎င်းကို အမှန်တကယ်တွင် တူညီသည့်အဆင့်တွင် ရှိကြသည့် စစ်သည်များအကြား အသုံးပြုသည်ကို ပို၍တွေ့ရပေသည်။
သို့သော် ရှေ့နှင့်နောက် နှစ်ခုစလုံးတို့အတွက် ဤစွမ်းရည်သည် အလွန်အမင်း မြင့်မားသော လိုအပ်ချက်များ ရှိကြပေသည်။ လူတစ်ယောက်သည် ပြိုင်ဘက်၏ ကြယ်တာရာစွမ်းအင်ထဲရှိ စွမ်းအင်စီးကြောင်း၊ သဘောတရားများနှင့် ပြောင်းလဲမှုများကို ဆုပ်ကိုင်နားလည်ရန် လိုအပ်သည်သာမက သူတို့သည် ပြိုင်ဘက်၏ ကြယ်တာရာစွမ်းအင်ထဲရှိ ဟာကွက်များကိုလည်း ရှာဖွေရန်လိုအပ်ပြီး အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်တစ်ခု ရှိရန်လည်း လိုအပ်ပေသည်။
အကယ်၍ ပြိုင်ဘက်သည် အဆင့်တူဖြစ်ခဲ့ပါက သေးငယ်သော ဖြစ်နိုင်ချေတစ်ခု ရှိသော်လည်း ဝမ်ချောင်သည် အရေးမပါလှသော အစစ်အမှန် သိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်မျှသာ ဖြစ်သည်။ သူသည် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ်သို့ပင် မရောက်ခဲ့သေးပေ။
ထိုသည်မှာ အခြေခံအားဖြင့် လှိုင်းရေစီးမျောနေသော ငါးကြင်းကို အသုံးပြုရန် သူ့အတွက် မဖြစ်နိုင်ပေ။ ထို့အပြင် ပြိုင်ဘက်များကြားရှိ ကွာဟမှုက မိုးနှင့်မြေကဲ့သို့ ကြီးမားနေချိန်တွင် ၎င်းကိုအသုံးပြုရန်မှာ မယုံနိုင်စရာပင်။
“ကောင်စုတ်လေး ဒီကိုဆင်းခဲ့စမ်း”
ကျန်းရှိုးကွေ့၏ အမူအရာသည် အေးစက်သွားခဲ့ပြီး သူ့ဒေါသက ဆူပွက်သွားခဲ့သည်။
သို့သော် သူမလှုပ်ရှားနိုင်မီ အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
“လူတိုင်း ငါ့ကိုလျစ်လျူရှု့လိုက်ကြ။ အန်းယာ့လျိုရှန်းကိုသတ်”
ကျန်းရှိုးကွေ့သည် ခေါင်းမာလှပြီး အကြောင်းပြချက်ကို နားထောင်လိမ့်မည် မဟုတ်ပေ။ ယခုအခါ ဝမ်ချောင်ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ အန်းယာ့လျိုရှန်းပင်။
ကျန်းရှိုးကွေ့သည် သူ့ကိုဖမ်းဆီးခြင်းက ဤစစ်ဆင်ရေးကို အဆုံးသတ်လိမ့်မည်ဟု သူတွေးထင်ထားခဲ့သော်လည်း သူမှားသွားခဲ့ပေသည်။ သူသည် အန်းယာ့လျိုရှန်းကို သတ်နိုင်သရွေ့ ဝမ်ချောင်သည် ပေးဆပ်မှုက သူကိုယ်တိုင် ဖြစ်နေခဲ့လျှင်ပင် ဂရုမစိုက်ပေ။
ဝမ်ချောင်သည် မည်သူပေါ်လာခဲ့ပါစေ ဤအခွင့်အရေးကို လွယ်လွယ်ကူကူ လက်လွှတ်ခံမည်မဟုတ်ပေ။
“အကြီးအကဲကျန်း၊ ဦးလေးဟွမ် ကျွန်တော့်ကို စိတ်မပူနဲ့။ သူ့ကိုသတ်”
ဝမ်ချောင်၏အသံသည် ကောင်းကင်ထက် ပဲ့တင်ထပ်သွားခဲ့၏။
သူ၏ထက်ရှသော အသံသည် သူ့အနားရှိလူများကို လှုပ်ရှားသွားစေသည့် သတင်းစကားတစ်ခုကဲ့သို့ ဖြစ်သည်။ သူတို့တစ်ယောက်မှ ကာကွယ်ရေးစစ်သူကြီးကို ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။
သို့သော် သူတို့တစ်ယောက်ကမှလည်း ဝမ်ချောင်ဤနေရာတွင် သေဆုံးသည်ကို မြင်တွေ့ရန် သို့မဟုတ် ကျန်းရှိုးကွေ့ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ရန် မျှော်လင့်မထားခဲ့ကြသည်မှာ သံသယရှိစရာ မလိုပေ။
အန်းဒုန်ကာကွယ်ရေး စစ်သူကြီးသည် သေချာပေါက် ကောင်းမွန်သည့် ဂုဏ်သတင်းတစ်ခု မရှိခဲ့ပေ။
*************************
အခန်း ၄၅၅
အာရှီနရှုကန်း၏ သေဆုံးမှု
ဘုန်း..
လူတိုင်း စတင်လှုပ်ရှားရန်အတွက် အချိန်အနည်းငယ်သာ ကြာခဲ့သည်။ မည်သူမျှ ဝမ်ချောင် အမှန်တကယ် တွေးတောနေသည့်အရာကို မသိခဲ့သလို သေချာပေါက် မည်သူမျှ ဝမ်ချောင် အမှန်တကယ် သေဆုံးချင်နေသလား မသိခဲ့ပေ။
သို့သော် လူတိုင်းသည် ဝမ်ချောင်၏အမိန့်က 'ကျောက်ကို ကယ်တင်ရန် ဝေ့ကို တိုက်ခိုက်ခြင်း' အဖြစ် အထင်လွဲသွားခဲ့ကြသည်မှာ ထင်ရှားလှသည်။
ဒွမ်..
လေးညှို့သံသည် ကောင်းကင်ကြီးကို ဖြိုခွင်းသွားပုံရသည်။ ပထမဆုံး စတင်လှုပ်ရှားလိုက်သူမှ ကျန်းကလန်၏ အကြီးအကဲများထဲမှ တစ်ယောက် သို့မဟုတ် ဟွမ်ကလန်၏ ခေါင်းဆောင် မဟုတ်ခဲ့ပေ။ သို့သော် အဝေးရှိ လေးသခင် လျိုတုံးဖြစ်၏။
သူသည် အန်းဒုန်ကာကွယ်ရေးစစ်သူကြီး ကျန်းရှိုးကွေ့ကို တိုက်ခိုက်ရလောက်သည်အထိ သတ္တိမရှိခဲ့ပေ။ သို့သော် အန်းယာ့လျိုရှန်း ကဲ့သို့သော ဘာမဟုတ်သည့် တာ့ခ်တစ်ယောက်ကို ရင်ဆိုင်ရန် သူ့အတွက် လုံးဝ ပြဿနာမဟုတ်ပေ။
ဒွမ် ဒွမ် ဒွမ်..
လျှပ်တပြတ်အတွင်း မရေမတွက်နိုင်သော မြှားများသည် မိုးရေကို ဖြတ်သန်းသွားခဲ့ကြပြီး ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားခဲ့ကြကာ အန်းယာ့လျိုရှန်းဆီသို့ ပျံသန်းသွားခဲ့ကြသည်။
တစ်ချိန်တည်း နီးပါးမှာပင် လျိုတုံး၏ ကွပ်ကဲမှုအောက်ရှိ လေးပစ်သမားများသည်လည်း စတင်ပစ်ခတ်လိုက်ကြသည်။ သိပ်သည်းလှသော မြှားမိုးသည် လေထဲတွင် တရွှီရွှီ မြည်နေခဲ့ကြသည်။
ဤမြှားမိုးရှေ့တွင် အန်းယာ့လျိုရှန်း ချက်ချင်း ဖြူလျော်သွားခဲ့၏။ သူသည် ဝမ်ချောင်က ထိုမျှ အတင့်ရဲမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကာကွယ်ရေးစစ်သူကြီးသည် ဤနေရာတွင် ရှိနေခဲ့ပြီဖြစ်သော်လည်း သူသည် သူ့ရှေ့တွင် တိုက်ခိုက်ရဲခဲ့သေးသည်။
ထို့အပြင် ဤသည်က အန်းယာ့လျိုရှန်း ရင်ဆိုင်ရမည့်အရာ အကုန် မဟုတ်ခဲ့ပေ။
“တိုက်..”
အော်သံတစ်ခုဖြင့် ကျန်းကလန်၏ အကြီးအကဲများ တိုက်ခိုက်လိုက်ကြသည်။ ဟွမ်ကလန် ခေါင်းဆောင်သည် အနည်းငယ် နှေးကွေးနေခဲ့သော်လည်း သူသည် သူ စုဆောင်းနိုင်သမျှ ခွန်အားအကုန်ဖြင့် လိုက်ပါလာခဲ့သည်။
ဤလူများတွင် တခြားလူများထက် များစွာ မြင့်မားသော ကျင့်ကြံမှုအဆင့်များ ရှိကြပေသည်။ စွမ်းအင်သည် သူတို့အနားတွင် မုန်တိုင်းတစ်ခုကဲ့သို့ တဝီဝီ မြည်နေခဲ့ကြသည်။ သူတို့၏ကြယ်တာရာစွမ်းအင်များသည် ပေါက်ကွဲသွားခဲ့ကြပြီး သူတို့၏ ချီစက်ကွင်းများက မြည်ဟီးသွားခဲ့ကြ၏။ ကြယ်တာရာစွမ်းအင်စီးကြောင်း တစ်ခုပြီးတစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့ပြီး လေထဲတွင် သတ္ထုမြည်သံများ ပြည့်နှက်သွားခဲ့သည်။ တောင်တစ်လုံးကို ဖြိုဖျက်ချင်နေသကဲ့သို့ သူတို့သည် အန်းယာ့လျိုရှန်းဆီသို့ ပြေးဝင်သွားခဲ့ကြသည်။
သူ့အနားရှိ သိပ်သည်းလှသော စစ်သည်အုပ်ကြီးက အန်းယာ့လျိုရှန်းကို အနည်းငယ်မျှသော လုံခြုံမှုကိုပင် မပေးစွမ်းခဲ့ပေ။
“သခင်လေးကို လိုက်နာကြ..”
“အန်းယာ့လျိုရှန်းကို သတ်..”
***
တစ်ချိန်တည်းမှာပင် ကျောက်ကျင်းတန်၊ ချန်ပုယွမ်၊ စွန်းကျိမင်၊ နယ်စားငယ်ရီ၊ ဟွမ်ချန်းအာ၊ ကျိုးယာ့ထုံ၊ ပိုင်စီလင်းနှင့် တခြားလူများသည် သူတို့ကို ကြန့်ကြာစေရန်အတွက် ယိုကျိုးတပ်သားများကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။
ပြီးဆုံးသွားခဲ့ပြီးဖြစ်သည့် တိုက်ပွဲသည် နောက်တစ်ကြိမ် ပြန်လည်စတင်သွားခဲ့၏။
ယိုကျိုးစစ်သည်များသည် ဤအရာကို မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားလှပြီး ချက်ချင်း ဗရမ်းဗတာ ဖြစ်သွားခဲ့သည်။
“သူတို့ကို တား..”
“ယာ့လျိုရှန်းကို ကာကွယ်ကြ..”
***
ပထမလူများအတွက် တုံ့ပြန်ရန် တစ်စက္ကန့်မျှပင် မကြာခဲ့ချေ။ ချူးချန်ယုံနှင့် ထျန်ချန်ကျန့်တို့သည် ငြိမ်သက်နေခဲ့ကြသေး၏။ သို့သော် ထိုနှစ်ယောက် သူတို့၏အကူအညီများ သွားမပေးနိုင်မီ အားကောင်းလှသော ဆေဘာဓားစွမ်းအင်သည် လေထုထဲတွင် မြည်ဟီးသွားခဲ့ပြီး သူတို့ကို ရပ်တန့်သွားစေသည်။
သူသည် အနည်းငယ်နှေးကွေးသွားခဲ့သော်လည်း လီစီးယိသည် ပြင်းထန်သော ဒဏ်ရာများကို မရရှိခဲ့ပေ။ ဥက္ကာခဲသတ္ထုမှ ဝမ်ချောင် ထုလုပ်ထားခဲ့သော လေးလံသည့် ချပ်ဝတ်တန်ဆာသည် ၎င်း၏ အစွမ်းအစကို ပြသခဲ့သည်။
“အတင့်ရဲလိုက်တာ..”
ဤအရာကို မြင်လိုက်သည်နှင့် ကျန်းရှိုးကွေ့ ဒေါသထွက်သွားခဲ့၏။ သူသည် အန်းဒုန် ကာကွယ်ရေးစစ်သူကြီးဖြစ်သည်။ သူ့ခြေဆောင့်ချက် တစ်ခုကပင် စစ်တပ်တစ်ခုလုံးကို တုန်လှုပ်သွားစေပေလိမ့်မည်။ သူသည် မြို့တော်ရှိ ဩဇာလွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက်အဖြစ် သူ၏ဂုဏ်သတင်းနှင့် ကောင်းကောင်းထိုက်တန်ခဲ့ပေသည်။
ဖုမင်လင်းချာ ကဲ့သို့သော တခြားတော်ဝင် မဟာစစ်သူကြီးများသည် သူ့ရှေ့တွင် မလေးမစား ပြုမူရဲကြလိမ့်မည် မဟုတ်ပေ။ သို့တိုင် ဤလူများသည် သူက ဤနေရာတွင် ရောက်နေသည်ကို သိထားခဲ့ကြသော်လည်း အန်းယာ့လျိုရှန်းကို တိုက်ခိုက်ရဲခဲ့ကြသေးသည်။ သူတို့သည် သူ့ကို မရှိနေသကဲ့သို့ သဘောထားခဲ့ကြ၏။
ဤသည်မှာ အန်းယာ့လျိုရှန်းကို သတ်ဖြတ်သည့် ပြဿနာတစ်ခု မဟုတ်တော့ပေ။
သူတို့သည် တော်ဝင်ကာကွယ်ရေးစစ်သူကြီးတစ်ယောက်ကို စော်ကားနေကြခြင်းဖြစ်ပေသည်။
ဘန်း..
ကျန်းရှိုးကွေ့ မြေကြီးပေါ်သို့ ဖိနင်းချလိုက်ပြီး ရွှေရောင်အလင်းတစ်ခုကို မြေကြီးပေါ်မှာ ထွက်ပေါ်လာစေခဲ့ကာ အန်းယာ့လျိုရှန်းကို လွှမ်းခြုံနေသည့် ရွှေရောင်စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ဘုန်း ဘုန်း ဘုန်း..
မြှားများ၊ တိုက်ခိုက်မှုများနှင့် ထိတွေ့မှုများအားလုံး ဤရွှေရောင်စက်လုံးဖြင့် ပိတ်ဆို့ခံလိုက်ရသည်။ ထို့အပြင် ထိုသည်က အကုန်မဟုတ်ခဲ့ပေ။ ခဏကြာပြီးနောက် ကြောက်မက်ဖွယ်ရာစွမ်းအင်သည် မြေကြီးမှနေ၍ ပေါက်ကွဲသွားခဲ့သည်။
ကမ္ဘာမြေကြီး တုန်ခါသွားခဲ့ပြီး ကွဲထွက်သွားခဲ့၏။ ဤစွမ်းအင်၏ စွမ်းအားကို မည်သူမျှ မဖော်ပြနိုင်ပေ။ လူတိုင်းသည် ကမ္ဘာမြေကြီးက အသက်ဝင်လာသည့်နှယ် တုန်ခါနေပြီး သူတို့အားလုံးကို အဝေးသို့ တွန်းထုတ်ချင်သည့် အားကောင်းသော တွန်းကန်စွမ်းအားတစ်ခု ပေါက်ကွဲနေသကဲ့သို့ ခံစားလိုက်ရသည်။
မဟုတ်ပေ။ ဤသည်မှာ သူတို့၏ အထင်သက်သက် မဟုတ်ခဲ့ပေ။ ၎င်းသည် အမှန်ပင် သူတို့အားလုံးကို အဝေးသို့ တွန်းထုတ်လိုက်သည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်၊ ဝိညာဉ်သွေးကြောတောင်ပေါ်၊ ဝမ်ကလန်နှင့် အမျိုးမျိုးသော ကလန်များမှ လူတိုင်း ထိုအားကောင်းသော စွမ်းအားဖြင့် မိုးရေစက်များကဲ့သို့ တွန်းထုတ်ခံလိုက်ရသည်။
ထို့အပြင် အန်းယာ့လျိုရှန်းနှင့် အနီးဆုံးတွင် ရှိနေခဲ့ကြသည့် ကျန်းကလန်၏ အကြီးအကဲများ၊ ဟွမ်ကလန်ခေါင်းဆောင်၊ ကျောက်ကျင်းတန်၊ ဟွမ်ချန်းအာ၊ ကျိုးယာ့ထုံနှင့် ပိုင်စီးလင်တို့အားလုံး ပြင်းထန်သည့် ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။
“အား..”
သူတို့၏ရင်ဘတ်များ ချိုင့်ဝင်သွားခဲ့ကြကာ လေထဲတွင် အော်သံများ ပြည့်နှက်သွားခဲ့၏။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဂျုံပင်များကဲ့သို့ ခုတ်ဖြတ်ခံလိုက်ရပြီး လွှင့်ထွက်သွားခဲ့ကြသည်။
သူတို့၏နှုတ်ခမ်းများမှ သွေးများ ယိုစီးကျလာခဲ့ကြ၏။
ကျန်းရှိုးကွေ့ ဒေါသထွက်သွားခဲ့သောကြောင့် သူသည် ဤလူများကို အပြင်းထန်ဆုံး ထိုးနှက်မှုများ ပေးခဲ့ပေသည်။ ၎င်းတို့၏ နောက်ခံများကို စိုးရိမ်ပူပန်မှုနှင့် သူ့ကိုယ်သူ ဘဝင်မြင့်ခြင်းတို့ကြောင့် သူသည် သူတို့အားလုံးကို မသတ်ဖြတ်ခဲ့ပေ။
အလွန်အားကောင်းလှ၏။
ရှိနေသည့် လူရာကျော်၏ တိုက်ခိုက်မှုများသည် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့ကြသည်။ ဤအခိုက်တွင် လူတိုင်းသည် ကျန်းရှိုးကွေ့၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို ကြုံတွေ့လိုက်ကြရသည်။
ကျန်းရှိုးကွေ့ကဲ့သို့ တိုင်းပြည်၏ဩဇာညောင်းသော ပုဂ္ဂိုလ်တစ်ယောက်ရှေ့တွင် တခြားလူတိုင်းတို့သည် အသေးအမွှားဖြစ်သွားခဲ့ကြပြီး သူတို့ကြား ခွန်အားကွာခြားချက်သည် တိုင်းတာ၍ မရပေ။
လူတိုင်းသည် ဤကွာခြားချက်ကို သိထားပြီးဖြစ်သော်လည်း ၎င်းကို အမှန်တကယ် တွေ့ကြုံခြင်းဖြင့်သာ ဤကွာဟချက်က မည်မျှ ကျယ်ပြန့်သည်ကို သိရှိသွားကြပေသည်။
ကျန်းရှိုးကွေ့ကို ခုခံရန် ကြိုးစားခဲ့ကြသည့် မည်သူမဆို စိတ်ပျက်အားငယ်ခြင်း၏ အနက်အဓိပ္ပာယ်စစ်စစ်ကို သိရှိသွားပေလိမ့်မည်။
အလင်းအတားအဆီးတစ်ခုမျှက အန်းယာ့လျိုရှန်းကို ထိုက်တောင်ကဲ့သို့ ခိုင်ခံသွားစေခဲ့သည်။ သူတို့တွင် လူမည်မျှ ရှိခဲ့ကြပါစေ သူတို့က မည်သည့်အဆင့်တွင်ရှိခဲ့ကြပါစေ သူတို့အားလုံး အန်းယာ့လျိုရှန်းကို ထိခိုက်အောင်လုပ်နိုင်စွမ်းမရှိခဲ့ကြပေ။
ထို့အပြင် သူ၏ ခြေဆောင့်ချက်တစ်ခုက ၎င်းတို့၏ အားထုတ်မှုများကို အလကားဖြစ်သွားစေရုံသာမက သူတို့အားလုံးကိုလည်း ဒဏ်ရာများ ရရှိသွားစေခဲ့ပေသည်။
သို့တိုင် ဤသည်က ကျန်းရှိုးကွေ့၏ အစစ်အမှန်ခွန်အားပင် မဟုတ်သေးချေ။ သူသည် သူ့ခွန်အား၏ တစ်ဆယ်ရာခိုင်နှုန်းကိုပင် အသုံးမပြုခဲ့သေးသည်မှာ ဖြစ်နိုင်သည်။
ဤသည်က 'ခွန်အား' ဟူသော စကားလုံးဖြင့် ဖော်ပြ၍ရသည့် အရာမဟုတ်တော့ပေ။
“နောက်ထပ် လှုပ်ရှားရဲတဲ့ ဘယ်သူမဆို သူတို့ကလန်မှာရှိတဲ့လူတိုင်း စစ်တပ်ထဲကို ဆွဲသွင်းခံရပြီး ဂိုဂူလျောနယ်စပ်ကို ပို့ဆောင်ခံရမယ်..”
ကျန်းရှိုးကွေ့၏အမူအရာသည် ဖြူလျော်ပြီး အေးစက်နေခဲ့၏။
မြို့တော်တွင် တော်ဝင်စိစစ်သူများ ရှိသောကြောင့် ကျန်းရှိုးကွေ့သည်ပင် ပေါ့ပေါ့တန်တန် မပြုမူရဲခဲ့ပေ။ ဧကရာဇ်ထိုက်ကျုံးခေတ်တွင် စုကျန်းချန်သည် ပုန်ကန်မှုကြံစည်နေခြင်းအဖြစ် တော်ဝင်စီစစ်သူတစ်ဦး၏ စွပ်စွဲခြင်းကို ခံခဲ့ရသည်။ ထို့အပြင် ကောင်းကျုံး၏ခေတ်တွင် ဝန်ကြီးချုပ်သည် စကားမှားပြောမိခဲ့ပြီး ၎င်းကြောင့် တော်ဝင်စီစစ်သူများက သူ့အား ရာထူးမှ နှုတ်ထွက်စေခဲ့သည်။ ထို့အပြင် လက်ရှိခေတ်တွင် ဧကရာဇ်ကို ထီးနန်းရရန် ကူညီပေးခဲ့ပြီး ထိုသို့သော ကောင်းမွန်သည့် မှတ်တမ်းရှိသည့် ဝမ်ချောင်၏ အဘိုးကဲ့သို့ လေးစားခံရသည့် မျိုးဆက်၏ စစ်နတ်ဘုရားအသစ်အဖြစ် ဂုဏ်ပြုခံခဲ့ရသည့် ဝမ်ကျုံးစီသည်ပင် တော်ဝင်စိစစ်သူတစ်ဦး၏ စွပ်စွဲမှုကို ခံခဲ့ရသေးသည်။ သူသည် သူ၏စစ်အာဏာကို လက်လွှဲပေးရန်နှင့် နန်းတော်သို့ ပြန်လာရန် ဖိအားပေးခံခဲ့ရပြီး ယခုအခါ သရဖူဆောင်းမင်းသားအတွက် အငယ်တန်းကာကွယ်စောင့်ရှောက်သူ ဘဝတွင် အေးအေးလူလူ နေထိုင်နေခဲ့သည်။
ကျန်းရှိုးကွေ့သည် သူ့ကိုယ်သူ အလွန်အထင်ကြီးစွာ ရှုမြင်ထားခဲ့ပြီး တော်ဝင်စိစစ်သူများကို အများကြီး ဂရုမစိုက်ခဲ့သော်လည်း သူသည် မြို့တော်တွင် သူတို့အား လေးစားမှုအချို့ ပြသရမည် ဖြစ်ပြီး ပမာမခန့် မပြုမူခဲ့ပေ။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်သည် သူက ဤသခင်လေးများကို ဘာမှမလုပ်နိုင်ဟု တွေးတောခဲ့ပါက သူတို့သည် အမှားကြီး မှားသွားပေလိမ့်မည်။
သူသည် သူတို့ကို မသတ်ဖြတ်နိုင်ရုံမျှဖြင့် သူက စွမ်းအားမဲ့သည်ဟု မဆိုလိုပေ။
ကာကွယ်ရေးစစ်သူကြီးတစ်ဦး အနေဖြင့် သူသည် ဤသခင်လေးများကို စစ်တပ်သို့ ပို့ဆောင်ပြီး အရှေ့မြောက်ပိုင်းရှိ ယိုကျိုးသို့ လွှဲပြောင်းရန် အမိန့်တစ်ခုသာ လိုအပ်ခဲ့သည်။
ထို့အပြင် ထိုနေရာတွင် သေခြင်း၊ ရှင်ခြင်းတို့သည် သူ့အမိန့်အောက်တွင်သာ ဖြစ်ကြသည်။
မျှော်လင့်ထားသည့်အတိုင်း ကျန်းရှိုးကွေ့၏အသံက ခြံဝန်းကို တိတ်ဆိတ်သွားစေခဲ့၏။ လူတိုင်း၏ နှလုံးသားများသည် အေးစက်သွားခဲ့ကြပြီး အကြောက်တရားက သူတို့၏မျက်လုံးများထဲ ပေါ်လာခဲ့သည်။
လူတိုင်းသည် အရှေ့မြောက်ဘက်က အပြင်းထန်ဆုံးသော တိုက်ပွဲများ ရှိနေသည့်နေရာ၊ ကြောက်မက်ဖွယ်အကောင်းဆုံး ခုခံမှုများ ရှိနေသည့်နေရာ တိုင်းပြည်၏ ဒေသတစ်ခု ဖြစ်သည်ကို သိထားကြသည်။ ခြိမ်းခြောက်မှုသည် ရှီ၊ ခိုက်ထန်များ၊ တာဂီကာဂနှိပ်များ၊ အနောက်မြောက်ဘက်တို့မှ လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းသည် အရှေ့ဘက် ဂိုဂူလျော၏ ယွန်းဂယ်ဆွန်းမှ လာခဲ့ခြင်း ဖြစ်သည်။
ဂိုဂူလျောသည် ယွန်းဂယ်ဆွန်း မပေါ်လာခင်အထိ မဟာထန်အတွက် ခြိမ်းခြောက်မှုကြီးမဟုတ်ခဲ့ပေ။ သူ့အုပ်ချုပ်မှုအောက်တွင် ဂိုဂူလျော စည်ပင်ဝပြောခဲ့ပြီး ၎င်း၏ အာဏာက မိုးထိုးသွားခဲ့သည်။
၎င်းတို့၏ နယ်မြေသည် သေးငယ်သော်လည်း ဂိုဂူလျောတို့သည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ခွန်အား၊ နည်းဗျူဟာများ၊ ပရိယာယ်များနှင့် သိုင်းပညာရပ်များကို ရရှိနိုင်ခဲ့ပြီး ဝူရှန်းနှင့် အရှေ့မြောက်ဘက်၏ တာဂီကာဂနိုပ်တို့နှင့် အဆင့်တူ တည်ရှိမှုတစ်ခု ဖြစ်လာစေရန် ၎င်းကို သူတို့၏ကိုယ်ပိုင် အထူးလက္ခဏာများဖြင့် ပေါင်းစပ်နိုင်ခဲ့သည်။ သူတို့တွင် တပ်သားများစွာ မရှိခဲ့သော်လည်း သူတို့၏တိုက်ခိုက်မှုစွမ်းအားသည် မုန့်ရှီကျောက်အထက်တွင် ဖြစ်သည်။
ယွန်းဂယ်ဆွန်းသည် မြေလှန်မီးရှို့စနစ်များကို ကျင့်သုံးခဲ့ပြီး ခံစစ်ခံတပ်များစွာကိုလည်း တည်ဆောက်ခဲ့သည်။ ကျန်းရှိုးကွေ့ကဲ့သို့ အရည်အချင်းရှိသော တစ်စုံတစ်ယောက်သည်ပင် ဂိုဂူလျောတိုင်းပြည်ကို ဖိနှိပ်ရုံသာ ဖိနှိပ်နိုင်ခဲ့ပြီး ၎င်းတို့၏ နယ်စပ်များမှ ထွက်ခွာရန် ၎င်းတို့အတွက် မလွယ်ကူအောင် ပြုလုပ်ရုံသာ တတ်နိုင်ခဲ့သည်။
ဂိုဂူလျောတိုင်းပြည်ကို တိုက်ခိုက်ခြင်းက ကြီးမားလှသည့် တန်ဖိုးတစ်ခု လိုအပ်ပြီး အာဏာရှင်ဆန်ကာ ဆုံးဖြတ်ချက် ပြတ်သားသည့် ကျန်းရှိုးကွေ့ကိုပင် ၎င်းကို ကျူးကျော်မည့် အတွေးများကို စွန့်လွှတ်စေခဲ့သည်။ တစ်ယောက်သည် ဂိုဂူလျောတိုင်းပြည် ပေးစွမ်းနိုင်သည့် ပြင်းထန်သော ခုခံမှုက မည်မျှ ကြီးမားကြောင်း အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။
ထို့အပြင် တစ်ယောက်သည် အသေအပျောက် အရေအတွက်ကိုလည်း စိတ်ကူးကြည့်နိုင်ပေသည်။
အကယ်၍ လူတစ်ယောက်သည် ထိုနေရာသို့ အပို့ခံခဲ့ရပါက သေဆုံးခြင်းက သေချာပေါက်ပင်။
သို့သော်လည်း လူအုပ်ကြီးက နောက်ထပ် ဘာမှမတွေးတောနိုင်မီ အော်သံတစ်ခု သူတို့နားထဲ ပေါ်ထွက်လာသည်။
“အား..”
လူတိုင်း၏ အကြည့်အောက်တွင် ကျောက်စိမ်းရိုင်းသံမဏိဓားတစ်ချောင်းသည် အာရှီနရှုကန်း၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏နောက်ကျောမှ ထွက်လာခဲ့သည်။ အာရှီနရှုကန်းသည် သွေးများကို အန်ထုတ်လိုက်ပြီး သူ့နှုတ်ခမ်းပါးများက တုန်ရီနေခဲ့သော်လည်း စကားတစ်ခွန်းမှ ထွက်မလာနိုင်ခဲ့ပေ။ သူ့မျက်လုံးသည် လူအိုကြီးလင်းယုန်ငှက်ကို စိုက်ကြည့်နေခဲ့ပြီး ပြူးကျယ်နေခဲ့သည်။ သူသေဆုံးသည်အထိပင် သူသည် လူအိုကြီးလင်းယုန်ငှက်က အန်းယာ့လျိုရှန်းကို မသတ်ဘဲ သူ သိပင်မသိသည့် သူ့ကို ဘာကြောင့်သတ်ခဲ့သည်ကို ရှုပ်ထွေးနေသေးပုံရသည်။
“မဖြစ်နိုင်ဘူး.. ဒါက မဖြစ်နိုင်ဘူး..”
အာရှီနရှုကန်း၏ စိတ်သည် ဗလာကျင်းနေခဲ့၏။ သူသည် အန်းယာ့လျိုရှန်းကို ကယ်တင်ရန် ရောက်လာခဲ့ပေသည်။ ဤလူများသည် အန်းယာ့လျိုရှန်းကို သတ်ဖြတ်ရန် လာခဲ့ကြခြင်း ဖြစ်ပြီး သူ့ကိုမဟုတ်ပေ။
ဤအတွေးများသည် အန်းယာ့လျိုရှန်း၏စိတ်ထဲတွင် အစတည်းက ရှိနေခဲ့သောကြောင့် ဤတိုက်ပွဲတစ်လျှောက်လုံး သူ့ကိုယ်သူ တပ်သားများ၏ အနီးအနားတွင် ရှိနေစေခဲ့သည်။
သူတို့၏ကွပ်ကဲသူ ပေါ်လာသောအခါ သူသည် တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီဟု တွေးထားခဲ့သည်။ သူသည် သူ့လုံခြုံရေးအတွက် တစ်ကြိမ်မျှ မတွေးထားခဲ့ချေ။
အာရှီနရှုကန်းသည် အန်းယာ့လျိုရှန်း မသေဆုံးသွားခဲ့သော်လည်း ထိုလူက သူ့အတွက် လာခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“အောင်မြင်တယ်..”
လူအိုကြီးလင်းယုန်ငှက် ဝမ်ချောင်က ဘာကြောင့် ဤဟူလူငယ်ကို သတ်ဖြတ်ချင်ခဲ့သလဲ မသိခဲ့သော်လည်း သူသည် ဝမ်ချောင်နှင့် ပြောစရာမလိုဘဲ သိသည့် နားလည်မှုတစ်ခုကို တည်ဆောက်ထားခဲ့ပြီး သူလိုချင်သည့်အရာကို လုံးဝ နားလည်ထားခဲ့သည်။
ဝမ်ချောင်ပြသခဲ့သည့် အမူအရာက အတိအကျပင် ဤဟူလူငယ်ကို ညွှန်ပြခဲ့ပြီး သူသည် လူအိုကြီးလင်းယုန်ငှက်အား ကျောက်စိမ်းရိုင်းသံမဏိဓားကိုပင် ပေးခဲ့သည်။
ဝမ်ချောင်က သူ့ကို သေစေချင်သောကြောင့် ဤဟူလူငယ်တွင် သေဆုံးရမည့် အကြောင်းပြချက်များ ရှိရပေမည်။
ရွှတ်..
ဓားဆွဲထုတ်လိုက်သည်နှင့် သွေးများ လေထဲ ပန်းထွက်သွားခဲ့၏။ သူ အောင်မြင်သွားသည်ကို မြင်လိုက်ရသည့် လူအိုကြီးလင်းယုန်ငှက်သည် ချက်ချင်း မြန်မြန် နောက်ဆုတ်လိုက်သည့်တိုင် သူ့တုံ့ပြန်မှုသည် အနည်းငယ် နှေးကွေးသွားခဲ့သေးသည်။
“မင်းက သေချင်နေတာပဲ”
ရွှေရောင်ကြယ်တာရာစွမ်းအင်သည် ရှေ့သို့ ပျံသန်းလာခဲ့၏။ လူအိုကြီးလင်းယုန်ငှက် ရှောင်ပင် မရှောင်လိုက်နိုင်မီ ၎င်းသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲသွားခဲ့ပြီး သူ့အား လွှင့်ထွက်သွားစေခဲ့သည်။
ကျန်းရှိုးကွေ့၏အမူအရာသည် ရှုံ့မဲ့နေခဲ့၏။
သို့သော် ဤအရာများသည် အာရှီနရှုကန်း၏ ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ပေ။ သူသည် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း လူတစ်ယောက် ဖြစ်နေဆဲ ဖြစ်ပြီး နတ်ဘုရားတစ်ပါး မဟုတ်ပေ။ သူသည် လူအိုကြီးလင်းယုန်ငှက်က ယနေ့ဖြစ်ရပ်များနှင့် ဘာမှမဆိုင်ပုံရသည့် မထင်ရှားသော အာရှီနရှုကန်းကို တိုက်ခိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ရာချီသော တိုက်ခိုက်မှုများမှနေ၌ အန်းယာ့လျိုရှန်းကို ကာကွယ်နိုင်ခဲ့သော်လည်း လူအိုကြီးလင်းယုန်ငှက်၏ အာရှီနရှုကန်းဆီသို့ သေစေနိုင်သော တိုက်ခိုက်မှုကို မရပ်တန့်နိုင်ခဲ့ပေ။
ထင်မှတ်မထားသော နေရာသည် ကာကွယ်ရန် အခက်ခဲဆုံးနေရာဖြစ်၏။
“မဟုတ်ဘူး..”
အာရှီနရှုကန်း၏အလောင်း မြေပေါ်သို့ လဲကျသွားသည့် အချိန်တွင် ရွှေရောင်စက်လုံး ကာကွယ်မှုအောက်ရှိ အန်းယာ့လျိုရှန်းသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ဒေါသတကြီး အလွန်ပူဆွေးဝမ်းနည်းနေသော အသံတစ်ခုကို အော်ဟစ်လိုက်သည်။
သူ့မျက်လုံးများက ဒဏ်ရာရနေသည့် သားရဲတစ်ကောင်ကဲ့သို့ နီရဲနေခဲ့ကြသည်။
ဤသည်းကြီးမည်းကြီး လိုက်လံဖမ်းဆီးမှုနှင့် တိုက်ပွဲတို့၌ပင် အန်းယာ့လျိုရှန်း၏ မျက်လုံးများက တစ်ကြိမ်မျှ မနီရဲသွားခဲ့ဖူးပေ။ သို့သော် အာရှီနရှုကန်း လဲကျသွားသောအချိန် အန်းယာ့လျိုရှန်းသည် သူက အပြင်းအထန် ဒဏ်ရာရသွားသကဲ့သို့ ထင်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အထိန်းအကွပ်မဲ့စွာ လဲကျသွားခဲ့သည်။
“အသုံးပြုသူအား ဂုဏ်ယူပါသည်။ အာရှီနရှုကန်းကို သတ်ဖြတ်ခြင်းနှင့် သမိုင်းကို ကြီးစွာ ပြောင်းလဲခြင်းအတွက် သင်သည် ကံကြမ္မာမှတ် ၂၀၀ ချီးမြှင့်ခံရပါသည်”
အာရှီနရှုကန်း လဲကျသွားသည့် အခိုက်တွင် ဝမ်ချောင်သည် သူ့စိတ်ထဲ၌ ကံကြမ္မာကျောက်စာ၏အသံကို ကြားလိုက်ရသည်။
အာရှီနရှုကန်း သေဆုံးသွားခဲ့ပြီဖြစ်၏။ အနာဂတ်ရှီစီးမင်သည် မရှိတော့ပေ။
ယိုကျိုးသူပုန်စစ်တပ်၏ အားကောင်းသော ပုဂ္ဂိုလ်နှစ်ဦးသည် အန်းယာ့လျိုရှန်းတစ်ယောက်တည်း အဖြစ်သို့ ခုတ်ဖြတ်ခံလိုက်ရသည်။
ဤအခိုက်တွင် ဝမ်ချောင်သည် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုက သူ့စိတ်ထဲတွင် လွှတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
***************************