သက်တံလွတ်မြောက်ရေး နည်းစနစ်
Vol. 14 Ch. 184
အခန်း (၁၈၄) : သက်တံလွတ်မြောက်ရေး နည်းစနစ်
“ သက်တံလွတ်မြောက်ရေး နည်းစနစ်” ဆိုသည်မှာ ဓားဧကရီပြီးလျှင် ယန်းမိသားစု၏ ဒုတိယမဟာဧကရာဇ်ဖြစ်သော သက်တံဧကရီမှ ဖန်တီးထားသည့် ဧကရာဇ်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။
သက်တံဧကရီက အလျင်တာအိုကို ကျင့်ကြံသူ ဖြစ်ပြီး အသင်္ချေအင်ပါယာကမ္ဘာတွင် တည်ရှိခဲ့သည့် ဧကရာဇ်များထဲတွင် အလျင်မြန်ဆုံး ဧကရီဟု ဆိုနိုင်သည်။
သူမ၏ အဆင့်က လေဟာနယ်ဧကရာဇ်၊ အလင်းဧကရာဇ်၊ စိတ်အလျင် ဧကရာဇ်နှင့် အချိန်ကျော် ဧကရာဇ်နှင့် တူညီသည်။
ထိုဧကရာဇ်များ ယှဉ်ပြိုင်လျှင် ဘယ်သူအနိုင်ရမလဲဆိုတာကို ဝမ်ဝေ့ သိချင်မိသည်။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော အရာမျိုး ဖြစ်ပျက်ခဲ့သည်ကို သူ မသိခဲ့ပေ။
မတူညီသော ခေတ်များမှ မဟာဧကရာဇ်များ တွေ့ဆုံကာ ကောင်းကင်ဆန့်ကျင်ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် စိတ်အလျင်ဧကရာဇ်က အနိုင်ရသူဖြစ်သွားပြီး သက်တံဧကရီက ဒုတိယသာ ရခဲ့သည်။
သူမ အင်မတန် လျင်မြန်နေရသည့် အကြောင်းအရင်းက သူမ၏ “ သက်တံလွတ်မြောက်ခြင်း နည်းစနစ်”မှ လုံလောက်အောင် မြန်ဆန်ပါက အချိန်၊ အာကာပြင်၊ သေခြင်းနှင့် ရှင်ခြင်းမှ လွတ်မြောက်နိုင်သည်ဆိုသောကြောင့် ဖြစ်သည်။ ဤကျင့်စဉ်ကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံထားလျှင် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ခိုင်မြဲပြီး အဆုံးမရှိသော ရွေ့လျားမှုအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ ထို့နောက် ကိုယ့်ရှေ့တွင် ရှိနေသောသူက အစစ်ဖြစ်သော်လည်း ရွေ့လျားမှုကြောင့် ကျန်ရှိခဲ့သော ပုံရိပ်များလည်း ဖြစ်နေနိုင်သည်။ အစီအစဉ်တကျပြန်ပြောရလျှင် ထိုလူက ထိတွေ့လို့ မရနိုင်သောသူတစ်ယောက် ဖြစ်လာသည်။
ဝမ်ဝေ့က လိုအပ်သောအလျင်နှင့် လာမည့်တစ်နှစ်အတွင်း ဟန်လီနှင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားရန် ထိုကျင့်စဉ်ကို ကျင့်ကြံချင်နေသည်။
ဝမ်ဝေ့ ကျင့်ကြံနေစဉ်အတွင်း အဆင့်တစ် အပြိုင်အမွေခံသားတော် ဟန်လီက ဝမ်ဝေ့နှင့် တစ်ဦးချင်း ယှဉ်ပြိုင်ရန် ဖိတ်ခေါ်စာကို ရရှိခဲ့သည်။ အစက သူ အံ့ဩမှင်သက်သွားခဲ့သော်လည်း နောက်တော့ စိတ်လှုပ်ရှားသွားခဲ့သည်။
သူ့ကို အသာစီးရအောင် လုပ်ပေးမည့် အခွင့်အရေး ရလာရန် အချိန်အတော်လေး စောင့်ဖို့ လိုအပ်သည်ဟု ထင်ခဲ့သော်လည်း ယခု အခွင့်အရေးကိုယ်တိုင် သူ့ဆီသို့ ရောက်ရှိလာပြီဖြစ်သည်။ သို့သော် သူ၏ စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် လုပ်ပြီးနောက် ထိုစိန်ခေါ်မှုက သူ့ကို စော်ကားခြင်း ဖြစ်ကြောင်း ဟန်လီ သတိပြုမိလိုက်သည်။
သူ့ပြိုင်ဘက်က သူ့ထက် အဆင့်ကြီး နှစ်ခုထက်ပိုပြီး နိမ့်နေသော်လည်း သူ့ကို စိန်ခေါ်ရဲသည်။
သူ့ကို တခြားဂိုဏ်းက ကောင်းကင်ရွေးချယ်ခံလိုမျိုး သူ့ကို အဆင့်မြှင့်ပေးမဲ့ လှေကားလို့ ထင်နေတာလား
အဆင့်၁၂ ကောင်းကင်မိုးကြိုးခန္ဓာရှိသောသူ တစ်ယောက်အနေဖြင့် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ကောင်းကင်ရွေးချယ်ခံအဖြစ် ပါဝင်နိုင်သော်လည်း သူ့ကို တက်နင်းသွားလို့ရသည့် လှေကားဟု တစ်စုံတစ်ယောက်က သဘောထားနေသည်။
ထို့ကြောင့် ဟန်လီက တိုက်ခိုက်ဖို့ ငြင်းဆိုချင်သော်လည်း သူ့ဆရာ ပြောခဲ့သည့် ဂိုဏ်းက သူ့အပေါ် လုပ်ခဲ့သော အရာများကို သူ မှတ်မိနေသည်။ သူ နာကျင်ခံစားခဲ့ရသည့် နာကျင်မှုများအားလုံးကို တွေးတောမိပြီးနောက် အံကြိတ်ကာ စိန်ခေါ်မှုကို လက်ခံခဲ့သည်။
ထို့အပြင် သူသာ ငြင်းဆိုလိုက်ပါက ထိုသတင်းက ဂိုဏ်းတစ်ခွင်လုံးဆီ သိပ်မကြာခင်မှာ ပျံ့နှံ့သွားမည်ကို ဟန်လီ သိသည်။
ဟန်လီ ထင်တာလည်း မှန်ကန်ခဲ့သည်။ အမွေခံသားတော်၏ တိုက်ပွဲအကြောင်းက အချိန်ခဏအတွင်း တပည့်များနှင့် ဂိုဏ်း၏ အကြီးအကဲများဆီသို့ ရောက်ရှိသွားသည်။ လူအများက တစ်နှစ်မြန်မြန် ပြည့်သွားဖို့ မစောင့်နိုင်ကြတော့ပေ။
ထျန်းဝေ့တောင်ထိပ်ရှိ ဂိုဏ်းချုပ်ဝမ်ထျန်းလည်း သူတို့နှစ်ယောက်ကြားက တိုက်ပွဲအကြောင်းကို ကြားသိလိုက်ရပြီးနောက် ရေရွတ်လိုက်သည်
“ အဲဒီခြေလှမ်း လှမ်းရမဲ့အချိန် ရောက်လာပြီပေါ့လေ”
ဝမ်ထျန်းက သူ့သားအကြောင်းကို နည်းနည်းလေးမှ စိတ်မပူပေ။ ဝမ်ဝေ့က သေချာမှု မရှိသည့် အလုပ်ကို မလုပ်သလို၊ စွန့်စားခြင်းကလည်း သူ့သား၏ သဘာဝ မဟုတ်သည်ကို သူ သိသည်။
ထိုအရာကို ဟန်လီနှင့် မတိုက်ခိုက်ခင် တစ်နှစ်အချိန်ယူခဲ့သည်ဆိုသော အချက်က သက်သေပြနေသည်။ သူ့သားအပေါ် ဝမ်ထျန်း၏ နားလည်မှုအရ သူသာ အရိုးများကို ကြံ့ခိုင်အောင် လုပ်ပြီးသွားပါက ဟန်လီအနေဖြင့် သူ့ကို ယှဉ်နိုင်မည့် နည်းလမ်း မရှိတော့ပေ။
သို့သော် သူက တခြားအားနည်းချက်ကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရန် ပြုပြင်နေဆဲ ဖြစ်သည်။
ခဏတာ တွေဝေစဉ်းစားပြီးနောက် ဝမ်ထျန်းက ဗလာကျင်းနေသော ခန်းမကို ပြောလိုက်သည်
“ အရိပ် … လုံပေါ်တစ်ယောက် ထူးဆန်းတဲ့ အပြုအမူတွေ မလုပ်တာ သေချာအောင် အနီးကပ်သွားပြီး စောင့်ကြည့်ထားလိုက်”
ဝမ်ထျန်း ကျယ်လောင်စွာ စကားပြောပြီးနောက် ဘာအသံမှ မကြားရသော်လည်း အရိပ်က သူ ပြောတာကို ကြားပြီး အမိန့်ကို ဆောင်ရွက်ရန် သွားပြီဖြစ်ကြောင်း သူ သိသည်။ ထိုအချိန်တွင် သူက သူ့ကိုယ်သူ စဉ်းစားလိုက်သည်။
ဒီတိုက်ပွဲပြီးသွားရင် ကျောင်းတော် ဖွင့်တဲ့အချိန် ရောက်သင့်ပြီ
သည်လိုနှင့် တစ်နှစ်ကုန်ဆုံးသွားသည်။
ဝမ်ဝေ့က ခဲဖြူရောင် မျက်လုံးများကို ဖွင့်ကာ ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။ သို့သော် သူ ထုတ်လွှတ်လိုက်သော လေက သေးငယ်သော မြှားတစ်ချောင်းကဲ့သို့ ဖြစ်သွားကာ သစ်သားကြမ်းပြင်ကို ထိုးဖောက်သွားသည်။
တစ်နှစ်အတွင်းမှာပင် ဝမ်ဝေ့က “ သက်တံလွတ်မြောက်ခြင်း နည်းစနစ်”ကို တိုက်ပွဲထဲတွင် အသုံးပြုနိုင်လောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည့်အတွက် သူ ကျေနပ်တာထက် ပိုနေသည်။
သူ သက်ပြင်းချရသည့် အကြောင်းအရင်းက တစ်နှစ်အတွင်းမှာပင် မူလပုံစံတစ်ခုသာ ထပ်ပြီး ကျင့်ကြံနိုင်ခဲ့ပြီး မူလပုံစံ ၅၀ ပုံ ၂ ပုံထိသာ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
မူလပုံစံတစ်ခုကို တစ်နှစ်အတွင်း ရရှိခြင်းက အင်မတန်မြန်ဆန်သည်ကို ဝမ်ဝေ့ သိသော်လည်း အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်နှင့် သဘာဝလွန် နယ်ပယ်အဆင့်ကို ကျင့်ကြံခြင်း ကြားထဲရှိ ကျယ်ပြန့်သော ကွာဟမှုကို အပြစ်မတင်ဘဲ မနေနိုင်ပေ။
သို့သော် ထိုကဲ့သို့သော အရာမျိုးက ကျင့်ကြံရေးကမ္ဘာတွင် ဖြစ်နေကျအရာမျိုး ဖြစ်သည်။ ကျင့်ကြံဆင့် မြင့်လေလေ ကျင့်ကြံဖို့အချိန် ပိုမို ကြာမြင့်လေလေ ဖြစ်သည်။ ထို့ကြောင့်လည်း ပိုမိုရှည်လျားသော သက်တမ်းများကို ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။
သဘာဝလွန် နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများက အနည်းဆုံး သက်တမ်း နှစ်ပေါင်းတစ်သောင်းရှိပြီး အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်၏ ဆယ်ဆ ဖြစ်သည်။
ဝမ်ဝေ့က သူ၏ တမူထူးရုပ်ခန္ဓာကြောင့် သက်တမ်းသုံးသောင်းကျော် ရှိနေသည်။ ထိုသက်တမ်းပမာဏက အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများနှင့် တူညီသည်။
ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ဝမ်ဝေ့က လတ်တလော အဖြစ်အပျက်များအကြောင်း ဆွေးနွေးရန် ဝမ်ကျူကိုသာ ခေါ်လိုက်သည်။ သူမကို မြင်လိုက်သည့်အခါ သူမ၏ အရှိန်အဝါက ယခင်ထက် အဆမတန် ပိုမိုပြင်းထန်နေသည့်အတွက် အတော်လေး အံ့ဩမိသည်။
“ ခင်ဗျား တာအိုဆေးကြောခြင်းဆေးလုံးကို စားပြီးပြီလား” သူက မေးလိုက်သည်။
“ ဟုတ် သခင်လေး။ အဲဒီဆေးလုံးအတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်။ အဲဒီဆေးလုံးကြောင့် ကျွန်မရဲ့ခွန်အား တိုးလာရုံတင်မကဘူး စွမ်းရည်လည်း တိုးတက်လာတယ်။ အဲဒါကြောင့် ရှေ့လျှောက် သခင်လေးရဲ့ ခြေလှမ်းကို အမှီလိုက်ဖို့ ပြဿနာ မရှိလောက်တော့ဘူး”
“ ကျုပ်ကို စောင့်ရှောက်ပေးခဲ့တဲ့ နှစ်တွေအတွက် ခင်ဗျားနဲ့ ထိုက်တန်တဲ့အရာမလို့ ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်က မနှစ်ကဖြစ်ခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။ ကံမကောင်းစွာဖြင့် ကောင်းကင်ရွေးချယ်ခံ အနည်းငယ်၏ လှုပ်ရှားမှုအပြင် သတင်းများများစားစား မရှိခဲ့ပေ။
ထို့နောက် ဝမ်ဝေ့က တိုက်ပွဲကို ရက်အနည်းငယ်ကြာလျှင် စတင်မည် ဖြစ်ကြောင်း ပြောကြားရန် ဝမ်ကျူကို ဟန်လီဆီ စေလွှတ်လိုက်သည်။ ထို့ကြောင့် ထိုသတင်းက ဂိုဏ်းတစ်ခွင်သို့ အလျင်အမြန် ပျံ့နှံ့သွားပြန်သည်။
ရက်အနည်းငယ်အကြာတွင် ဟန်လီက ဝမ်ဝေ့ကို နေရာတွင် ရပ်စောင့်နေသည်။ ထိုနေရာက ဂိုဏ်း၏ ပြိုင်ပွဲအတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်များ၏ ဖျက်ဆီးနိုင်စွမ်းများ ပရိသတ်များအပေါ်သို့ မကျရောက်စေရန် ကာကွယ်သည့်အနေဖြင့် စွမ်းအားကြီးသော အစီအရင်များစွာကို ထွင်းထားသည်။
ထို့အပြင် ထိုနေရာက ထိပ်သီး လေဟာနယ်ပြိုကွဲခြင်း နယ်ပယ်အဆင့်၏ ခွန်အားကိုပင် ခံနိုင်ရည်ရှိသည်။ ဆိုလိုချင်သည်က ထိုနေရာက စည်းမျဉ်း၏ စွမ်းအားကိုပင် ခံနိုင်ရည်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဟန်လီ စောင့်နေစဉ်အတွင်း တပည့်များအားလုံးက အချင်းချင်း စကားပြောကြရင်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။ ဘယ်သူက ဤတိုက်ပွဲ၏ အနိုင်ရသူ ဖြစ်မလဲဆိုတာကို ယှဉ်ကာ ပြောဆိုနေကြသည်။
လူအများစုက ဝမ်ဝေ့ နိုင်လိမ့်မည်ဟု သံသယမရှိ ယုံကြည်ကြသည်။ ထိုအရာကို ဘယ်လိုမှ မတတ်နိုင်ပေ။ သူ၏ ဉာဏစက်ဝန်းက အင်မတန် အားကောင်းသည်။ ထို့အပြင် လွန်ခဲ့သောတစ်နှစ်က ကောင်းကင်စမ်းသပ်ချက်တွင် အသက်ရှင်နိုင်ခဲ့သည့်အတွက် လူအများက သူ့ကို အားပေးနေကြသည်။
တခြားတပည့်များက ဟန်လီက အနိုင်ရသူဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။ ထိုကဲ့သို့ ယုံကြည်နေရခြင်းက သူက ဝမ်ဝေ့က ပိုကောင်းနေသောကြောင့် မဟုတ်ဘဲ ပိုမြင့်သော ကျင့်ကြံဆင့် ရှိနေသောကြောင့် ဖြစ်သည်။
တိုက်ပွဲ၏ ရလဒ်အကြောင်း အကြိတ်အနယ် ဆွေးနွေးနေသူများက တပည့်များသာ မကဘဲ ဂိုဏ်း၏ အကြီးအကဲများနှင့် မဟာအကြီးအကဲများလည်း ပါဝင်သည်။
ဟန်လီအပေါ်တွင် ယုံကြည်ပေးသူက သိပ်မများပေ။ သူတို့အများစုက ကျီစုန့်နှင့် သူတို့သခင်လေး၏ တိုက်ပွဲကို ကြည့်ဖူးထားပြီးကြပြီ ဖြစ်သည်။ တိုက်ပွဲအတွင်း နောက်ဆုံးတိုက်ခိုက်လိုက်သည့် တိုက်ကွက်က အင်မတန် အံ့ဩစရာကောင်းလှသည်။
ထိုအချိန်တုန်းက သူက အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သာ ရှိသေးပြီး အရိုးများကိုလည်း ကြံ့ခိုင်အောင် မလုပ်ရသေးပေ။
သို့သော် အထူးသဖြင့် မဟာအကြီးအကဲ လုံပေါ်နှင့် တစ်ဖက်တည်းတွင် ရပ်တည်ကြသော အကြီးအကဲများက ဝမ်ဝေ့အပေါ် ယုံကြည်မှု မရှိကြပေ။ ယခုလက်ရှိ ဟန်လီက ယခင်ကနှင့် မတူတော့ကြောင်း သူတို့ သိနေသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ရှိနေသောသူများအတွက် ကံကောင်းစွာဖြင့် သူတို့ အချိန်အကြာကြီး စောင့်စရာမလိုတော့ဘဲ ဝမ်မျိုးနွယ်တောင်မှ သက်တံတစ်စင်း လျင်မြန်စွာ လာနေသည်ကို တွေ့လိုက်ရသည်။ တိုက်ပွဲကွင်းပြင်တွင် ဆင်းသက်လိုက်သည့်အခါ တောက်ပသော ခဲဖြူရောင်ဆံပင်နှင့် အားလုံး၏ ကံကြမ္မာကို ထိုးဖောက်မြင်နိုင်သော မျက်လုံးများရှိသည့် ဝမ်ဝေ့ကို မြင်လိုက်ရသည်။
ဝမ်ဝေ့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆူညံနေသော ပရိသတ်များက ငြိမ်သက်သွားပြီး သူက အာရုံစိုက်ရာ၏ ဗဟိုချက် ဖြစ်လာသည်။
ဝမ်ဝေ့က ဆင်းသက်ပြီးနောက် ပြိုင်ဘက်ကို လေ့လာလိုက်သည်။ ဟန်လီက အဝါရောင် ရှေးဟောင်းဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မှာ ကောင်းမွန်သော အသားအရည်ရှိပြီး ချောမောသည်ဟု သတ်မှတ်နိုင်သည်။ သူ့မျက်စိထဲတွင် ထင်ဟပ်နေသည့် မိုးကြိုးကို မြင်နေရပြီး ကြောက်စရာကောင်းသည့် အမုန်းတရားလည်း ပါဝင်နေသည်။
ဝမ်ဝေ့က ပြိုင်ဘက်ကို လေ့လာပြီးနောက် တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်
“ ဒီဟာသပြဇာတ် ပြီးသွားဖို့က အနှေးနဲ့အမြန်ပဲ။ မင်းကို အနိုင်ယူပြီးသွားတာနဲ့ ငါ ထိပ်ဆုံးရောက်လာတာကို မေးခွန်းထုတ်တဲ့ စိတ်ညစ်စရာကောင်းတဲ့ အဲဒီယင်ကောင်တွေကို ဖိနှိပ်နိုင်တော့မယ်”
ထိုစကားကို ကြားပြီး မျက်နှာပျက်သွားသောသူက သူတင် မကသေးဘဲ လုံပေါ်ကို ထောက်ခံသည့် အမှုထမ်းများကပါ မျက်နှာပျက်သွားကြသည်။
ဟန်လီက ထိုစကားကို ကြားပြီးနောက် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်
“ မင်း ငါ့ကို လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ခံနိုင်စရာ ကောင်းတယ်များ ထင်နေလား။ ဂိုဏ်းတူအဖွဲ့ဝင်လေ”
ထိုစကားကို ကြားပြီး ဝမ်ဝေ့က စိတ်အေးအေးထားကာ ပြောလိုက်သည်
“ ဒါက မင်းရဲ့ နည်းဗျူဟာဆိုရင်တော့ မင်းက ငါ ထင်ထားတာထက် ပိုပြီးတော့ စိတ်ပျက်စရာ ကောင်းတာပဲ။ ကျီစုန့်ကို ကြည့်လိုက်လေ။ မင်းနဲ့ တူညီတဲ့ ကံကြမ္မာကို ခံစားခဲ့ရတာပဲ။ ဒါပေမဲ့ သူက နည်းနည်းလေးတောင် အပြစ်မတင်ခဲ့ဘူး။ အဲဒီအစားက သူက လက်စားချေပြီးတော့ သက်သေပြဖို့ စိန်ခေါ်ခဲ့တယ်။ ဧကရာဇ်လမ်းစဉ်ဆိုသော တခြားသူတွေရဲ့ အရိုးတွေ သွေးတွေနဲ့ တည်ဆောက်ထားပြီး ပျက်စီးသွားတဲ့ အိပ်မက်တွေ၊ ပြိုကွဲသွားတဲ့ မျှော်လင့်ချက်တွေ ကျန်နေခဲ့တဲ့ လမ်းကြောင်းဆိုတာ သိတဲ့သူမလို့ သူ့ကို လေးစားတယ်”
“ ဒါဆိုရင် မေးရဦးမယ်။ ကိုယ့်ကိုယ်ကို အသာစီးရအောင် လုပ်ဖို့ လူထုအမြင်ကို သုံးမဲ့ တီကောင်လေးလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို စစ်သူရဲကောင်းတစ်ယောက်လိုမျိုး လက်သီး သုံးမှာလား”
ဟန်လီက ထိုစကားကြားပြီးနောက် မျက်နှာက ပိုပြီး မသာမယာဖြစ်လာသည်။ သူ့ အကြံအစည် ကျရှုံးသွားသည်ကို သိလိုက်သည့်အတွက် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်
“ ဒါဆိုရင်လည်း စပြီး တိုက်ခိုက်လိုက်ရအောင်”