← Chapters

အလယ်အလွှာ

Vol. 34 Ch. 496

အလယ်အလွှာ

Vol. 34 Ch. 496

“နောက်ကျသွားလို့ တောင်းပန်ပါတယ်”

သူ့အိုင်ဒီကို အတည်ပြုလိုက်ပြီးနောက် ကောင်းမင်သည် မသေဆေးစမ်းသပ်ရုံထဲသို့ ဝင်ရောက်လိုက်သည်။ထိုနေရာတွင် ရှုတိရီနှင့် ကျန်းမြောင်မြောင်၏ ဉာဏ်မကောင်းသော အစ်ကိုအပါအဝင် လူခြောက်ယောက်ရှိနေလေသည်။

“အချိန်ကို အလေးမထားတတ်လိုက်တာ”

ခရမ်းရောင်မျက်မှန် တပ်ထားသော အမျိုးသမီးတစ်ဦးက ကန့်ကွက်လိုက်သည်။သူမသည် ချမ်းသာသောစီအီးအိုတစ်ယောက်၏ အတွင်းရေးမှူးကဲ့သို့ ဝတ်စားထားသည်။သူမသည် ကြီးကျယ်သောအသွင်အပြင်များ ရှိနေသော်ငြား သာမန်ပုံစံပေါက်နေလေသည်။သူမသည် မျက်မှန်ကိုသုံး၍ ရုပ်ဖျက်ထားခြင်းဖြစ်သည်။ထိုအမျိုးသမီးဘေးတွင် လူနှစ်ယောက်ရပ်လျက်ရှိနေသည်။သူတို့သည် အသင်းတစ်ခုဖြစ်ပုံရသည်။ သူတို့သည် ဂိမ်းများထဲတွင် မကြာခဏပူးပေါင်းလေ့ရှိကြသည်။အသင်းဟူသည် ဂိမ်းများထဲတွင် တွေ့ရလေ့ရှိပြီး အဆန်းမဟုတ်ပေ။

“လူသစ်သုံးယောက်လား”

အုပ်စုထဲမှ ကြွက်သားများနှင့်လူက မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးထဲရှိ ပျက်ရယ်ပြုလိုမှုမှာ ထင်ရှားနေသည်။သူက ကောင်းမင်နှင့် ဉာဏ်မကောင်းလူကို နှိမ့်ချ၍ကြည့်လိုက်သည်။

“ဒီတစ်ကြိမ်တော့ ငွေရှာရတာ ခက်မယ်နော်”

“ခင်ဗျားတို့ ဂိမ်းထဲရောက်ရင် ဘယ်မှ လျှောက်မသွားကြပါနဲ့ ၊ ကျုပ်တို့အမိန့်တွေကို နားထောင်ဖို့ပဲလိုတယ်”

အရပ်ရပ်ရှည်ရှည်နှင့်ပိန်ပါးသောလူက ပြောလိုက်သည်။သူသည် အသက်အငယ်ဆုံးဖြစ်သည်။ သူ့လေသံမှာ ခင်မင်ရင်းနှီးဖွယ်မရှိသော်လည်း သူတို့သုံးယောက်ကို ကြိုဆိုမှုအရှိဆုံးလူဖြစ်သည်။

“ကျုပ်တို့က အိပ်မက်ဆိုးအလယ်လွှာထဲ ဝင်ရမှာ ၊ အိပ်မက်ဆိုး အပေါ်ယံလွှာနဲ့ နှိုင်းယှဉ်ရင် အဲ့ဒီနေရာက ပြန်မလာနိုင်မယ့် အန္တရာယ်အများဆုံးပဲ ၊ ဒါကြောင့် ခင်ဗျားတို့ နှစ်ဆဂရုစိုက်မှ ရမယ် “

ဓာတ်လှေကားသည် မြေအောက်ထပ်မှ ဟိန်းသံပေး၍ တက်လာသည်။ထန်ချင်း ထွက်လာလေသည်။သူသည် ရက်ပေါင်းများစွာ မအိပ်ရသေးပုံ ပေါက်နေလေသည်။

“ကဲ ကျုပ်နဲ့လိုက်ခဲ့ကြပါ”

သူတို့ ဓာတ်လှေကားထဲ ဝင်လိုက်ကြသည်။ဓာတ်လှေကားနံပါတ်သည် တစ်မှ တစ်ဆယ့်ရှစ်သို့ ပြောင်းသွားပြီး တစ်ဖန် လေးသို့ပြန်ပြောင်းသွား၏။

“ဒီမှာ ဆယ့်ရှစ်ထပ်ရှိတာလား ၊ ဂိုထောင်အောက်မှာ အာကာသထိရောက်အောင် အပေါက်ဖောက်ထားတာလား “

ရှုတိရီသည် ဂိမ်းတွင်မပါချင်သော်လည်း သူငွေလိုနေပေသည်။ဂိုဏ်းစတားတစ်ယောက်ဖြစ်ရခြင်းသည် မလွယ်ကူလှပေ။ရဲများသည် နေရာအနှံ့စောင့်ကြည့်နေကြသောကြောင့် တစ်စုံတစ်ယောက်ကို လုယက်ရသည်မှာ ခက်ခဲပေသည်။

“ဒီနံပါတ်တွေက ကျုပ်တို့ကို လှည့်စားဖို့ပဲ “

အုပ်စုထဲမှ လူငယ်က ခပ်တိုးတိုးပြောသည်။

“မသေဆေးက ကျုပ်တို့ကို ဘယ်အထပ်သွားတယ်ဆိုတာ သိစေချင်ပုံမရဘူး”

ထန်ချင်းက ပြုံးရုံသာပြုံးလိုက်သည်။တံခါးများ ပွင့်လာသောအခါ သူတို့ကို ကြိုဆိုနေသည့် နေရာသည် မှောင်မိုက်နေလေသည်။ ၎င်းသည် ကောင်းမင် ယခင်က သွားခဲ့ဖူးသည့် ဓာတ်ခွဲခန်းနှင့် မတူပေ။

“ဒီတစ်ခါတော့ ခင်ဗျားတို့ဟာ အလှူရှင်တစ်ဦးရဲ့ ဦးနှောက်ထဲကို ဝင်ရမှာပါ ၊ သူ အသက်ရှင်စဉ်က သူ့မှာ ထူးဆန်းတဲ့ဦးနှောက်ရောဂါတစ်ခု ရှိခဲ့တယ် ၊ သူက အလင်းရောင်မရှိဘဲ တံခါးတွေနဲ့ ကျဉ်းမြောင်းတဲ့ လမ်းတွေကို မမြင်နိုင်ဘူး”

ထန်ချင်းက ရှေ့မှ ဦးဆောင်သွားလိုက်သည်။

“သူ တံခါးတွေကို မမြင်နိုင်ဘူး ဟုတ်လား”

ရှုတိရီသည် ကောင်းမင်၏နောက်တွင် ကပ်လိုက်လာခြင်းဖြစ်သည်။

“ဟုတ်တယ် ၊ တံခါးတွေနဲ့ လမ်းတွေက သူ့ကိုလှုံ့ဆော်ပေးလိမ့်မယ် ၊ သူ့ဆရာဝန်တွေက ဘာကြောင့်မှန်း မသိခဲ့ကြဘူး ၊ ဒါပေမယ့်လည်း သေချာတာတစ်ခုတော့ ရှိတယ် ၊ ဒီကလေးဖန်တီးထားတဲ့ အိပ်မက်ဆိုးက အပေါ်ယံအလွှာကနေ သေချာပေါက် ဖြစ်ပေါ်လာတာပဲ ၊ သူက တံခါးတွေအမျိုးမျိုးကို စိတ်ကူးယာဉ်ခဲ့တယ် ၊ တချို့တံခါးတွေဟာ ပိုနက်ရှိုင်းတဲ့ အိပ်မက်ဆိုးဆီ ဦးတည်နိုင်တယ်လို့ ကျုပ်တို့ သံသယရှိတယ်”

ထန်ချင်း၏စကားများသည် ကောင်းမင်ကို စိတ်ဝင်တစားဖြစ်စေသည်။ သူတို့အဖွဲ့ထဲတွင် ထန်ချင်းမှလွဲ၍ ပိုနက်ရှိုင်းသော အိပ်မက်ဆိုးထဲသို့ ဝင်ချင်သူမှာ ကောင်းမင် တစ်ဦးတည်းသာ ဖြစ်နိုင်သည်။ ထိုနေရာသည် မည်မျှကြောက်စရာကောင်းသည်ကို သူသိချင်သည်။

မီးပွင့်လာသည်။ ထန်ချင်းသည် သူတို့အား ဇုန် B11 သို့ ခေါ်လာခဲ့သည်။ ထိုနေရာသည် စိုစွတ်ပြီး မှောင်မိုက်နေလေသည်။ အလင်းရောင်အား ထူထဲသော လိုက်ကာများဖြင့် ပိတ်ဆို့ထား၏။ ထိုနေရာသို့ မည်သူမျှ သွားလိုခြင်းမရှိသောကြောင့် မီးများမလိုအပ်ပေ။

“တိတ်တိတ်နေကြပါ ၊ ဒီကလေးရဲ့အုပ်ထိန်းသူက စိတ်ဆတ်တယ်”

ထန်ချင်းသည် လိုက်ကာတစ်ခုကို ဆွဲလှန်လိုက်သည်။ အမှောင်ထု၏အလယ်တွင် ကုတင်တစ်လုံးကို ချထားသည်။ ပိန်ပိန်ပါးပါး လူငယ်တစ်ဦးသည် ထိုကုတင်ပေါ်တွင် လဲလျောင်းနေသည်။ ထိုလူ၏ ဦးခေါင်းသည် နံရံရှိ အပေါက်တစ်ခုထဲသို့ ရောက်နေသော်လည်း သူ့ခန္ဓာကိုယ်ကိုမူ အပြင်တွင် ချန်ထားခဲ့သည်။ ၎င်းသည် အလွန် ထူးဆန်းနေသည်။

စမ်းသပ်သူများသည် လူငယ်၏ခန္ဓာကိုယ်ကိုသာ မြင်နိုင်သောကြောင့် မသေဆေးကုမ္ပဏီက သူ့ဦးခေါင်းကို ဘာလုပ်ထားသည်ကို မသိနိုင်ပေ။ သူတို့အား မထိတ်လန့်စေရန် ထိုလူ၏ ဦးခေါင်းကို နံရံနောက်သို့ ရည်ရွယ်ချက်ရှိရှိ ရွှေ့ထားသည်ဟု ခံစားရသည်။

ထန်ချင်းသည် ကုတင်ဘေးတွင် ရပ်နေရင်း ဘာမှ မပြောပေ။ စက်ပစ္စည်းများပေါ်ရှိ မီးလုံးများ အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ မီးလုံးအားလုံး အစိမ်းရောင် ပြောင်းသွားသောအခါ နံရံများသည် ဘယ်ဘက်သို့ ရွေ့လျားသွားသည်။ အလုပ်သမားအိုင်ဒီကတ် ပါသော အဘိုးအိုတစ်ဦး ထွက်လာလေသည်။ သူ၏မျက်လုံးများမှာ ချိုင့်ဝင်နေသည်။ သူ၏စိုက်ကြည့်ခံနေရခြင်းသည် မသက်မသာဖြစ်စေသည်။

“ဦးလေးချန်း၊ ကျွန်တော် စမ်းသပ်သူတွေ ခေါ်လာခဲ့ပါပြီ ၊ ကျွန်တော်တို့ B11 ရဲ့ ဦးနှောက်ဂိမ်းထဲ ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီသွားပါပြီ”

ထန်ချင်းသည် အလွန်ယဉ်ကျေးနေသည်။

ဦးလေးချန်းက သူတို့၏ကိုယ်ရေးအချက်အလက်များကို အတည်ပြုပြီးနောက် ထန်ချင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် မိတ်ဆက်ပေးလိုက်သည်။

“သူက ဇုန်ဘီရဲ့ မန်နေဂျာ ချန်းယိချိုးပါ ၊ သူဟာ အိပ်မက်ဆိုးအလယ်အလွှာတွေကို သုတေသနပြုတဲ့နေရာမှာ အတွေ့အကြုံအများကြီး ရှိပါတယ်”

ဦးလေးချန်းက လူတိုင်းနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် ထန်ချင်းသည် သူတို့အား နံရံနောက်ရှိ လမ်းကြောင်းဆီသို့ ဦးဆောင် ခေါ်သွားသည်။

မှောင်မိုက်နေသည့် လမ်းကြောင်းသည် အဆုံးမဲ့ ဖြစ်နေပုံရသည်။ ရှုတိရီ ထိတ်လန့်သွားသော်လည်း သုံးယောက်အဖွဲ့ကတော့ များစွာ တုံ့ပြန်ခြင်း မရှိပေ။

“ခင်ဗျားတို့အားလုံး အရင်က အလယ်အလွှာထဲကိုဝင်ဖူးကြပေမယ့် ကျွန်တော်ပြောစရာ စကားအနည်းငယ်တော့ ရှိပါသေးတယ် ၊ အပေါ်ယံအလွှာနဲ့ အလယ်အလွှာကြားက ကွာခြားချက်ကတော့ နိုးထဖို့ ခက်ခဲခြင်းပါပဲ ၊ အိပ်မက်ဆိုးထဲမှာ ခင်ဗျားတို့ဟာ အိပ်မက်ဆိုးရဲ့ ပိုင်ရှင်ကို ဖော်ထုတ်ပြီး အိပ်မက်ဆိုးက ဘာကြောင့်ဖြစ်ပေါ်လာရတာလဲဆိုတာကို ရှာဖွေရပါမယ်၊ ပိုင်ရှင်ရဲ့ဘဝကို စူးစမ်းဖော်ထုတ်ပါ”

ထန်ချင်းသည် ကောင်းမင်အား တိုးတိုးလေး ပြောလိုက်သည်။

“လူသစ်တွေအနေနဲ့ အတူတူကပ်နေပြီး လျှောက်မသွားတာ အကောင်းဆုံးပဲနော်”

“ဒီစမ်းသပ်မှုကနေ ကျွန်တော်တို့ ဘယ်လောက်ရနိုင်မလဲ”

ရှုတိရီက လက်တွေ့ကျသော မေးခွန်းတစ်ခုကို မေးသည်။

“ဒါက ဘယ်သူမှ မဝင်ဖူးသေးတဲ့ ဦးနှောက်နယ်ပယ်တစ်ခု ဖြစ်တဲ့အတွက် မင်းထွက်ပေါက်ကို ရှာပြီး ထွက်လာနိုင်မယ်ဆိုရင် အခြေခံဆုကြေး ၅၀၀၀ ရမယ် ၊ မင်းယူလာတဲ့ အချက်အလက်တွေက ပိုတန်ဖိုးရှိလေ အပိုဆုကြေးတွေက ပိုများလေပဲ”

ထန်ချင်းသည် ရှုတိရီ၏စိတ်နေသဘောထားကို အလေးထားသည်။ လောဘကြီးသူများသည် ထိန်းချုပ်ရ အလွယ်ဆုံး ဖြစ်သည်။

“ဒါတော့ မဟုတ်သေးမှန်ဘူး ၊ ဒီမတိုင်ခင်က မသေဆေးကုမ္ပဏီက ပိုင်ရှင်တွေအကြောင်းကို အသေးစိတ် အချက်အလက်တွေကို အမြဲပေးခဲ့တယ်လေ ဒီတစ်ခါ ဘာလို့ မရတာလဲ”

ထိုအမျိုးသမီးသည် သတိအနေအထားဖြစ်သွားသည်။

“ဒီ အလှူရှင်ရဲ့ ဦးနှောက်က အရမ်းကိုထူးခြားတယ် ၊ကျုပ်တို့ အဲ့နားပတ်လည်မှာ ဂိမ်းတစ်ခုဖန်တီးဖို့ အချိန်အကြာကြီးယူခဲ့ရတယ်၊ မကြာသေးခင်ကမှပဲ အောင်မြင်ခဲ့တာ ၊ ခင်ဗျားတို့က ပထမဆုံး အသုတ်အနေနဲ့ ဝင်ရောက်ရတာမို့ အချက်အလက်တော့ သိပ်မရှိသေးဘူး ၊ လူနာရဲ့ မှတ်တမ်းတွေကိုတော့ ခင်ဗျားတို့ရဲ့ လက်ပတ်တွေဆီ ပို့ထားပြီးပါပြီ”

ထန်ချင်းသည် ရပ်တန့်လိုက်ပြီး နံရံကို ထိတွေ့လိုက်သည်။ ထို့နောက် ယခင်ကကဲ့သို့ ဂိမ်းဦးထုပ်များ ထွက်ပေါ်လာသည်။

“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ လုံခြုံရေး ကိရိယာတွေကို ဒီမှာတပ်ဆင်ပေးပါ ၊ ပြီးရင် ရှေ့ဆက်သွားကြပါ”

ထန်ချင်းသည် အဖွဲ့၏နောက်ဘက်သို့ ရွှေ့သွားသည်။ သူသည် ကြင်နာစွာဖြင့် ကောင်းမင်ကို ဦးထုပ်တပ်ဆင်ရာတွင်ပင် ကူညီပေးလိုက်သည်။

“ကျန်းချန်အစ်ကိုရဲ့ အခြေအနေက မင်းနဲ့ အတော်လေး ဆင်တူတယ်။ သူလည်း မကြာသေးခင်ကမှ အကြာကြီးကိုမာဝင်ကနေရာကနေ နိုးလာတာလေ ၊ မင်း အိပ်မက်ဆိုးထဲမှာ ရှိနေချိန်ကျရင် သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးပါဦး ၊ ဒါဆို ငါတို့ ပိုပေးပါမယ်”

“ဆုကြေးမပါလည်း ကျွန်တော်လုပ်ပေးမှာပါ”

ကောင်းမင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

“ဒါနဲ့ ဒီမှာ ထန်လင်းဆိုတဲ့ သုတေသီ တစ်ယောက် ရှိလား”

“ထန်လင်းက ငါ့အစ်မလေ”

ထန်ချင်း အံ့အားသင့်သွားသည်။

“သူက အဆင့် ၅ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်နေတာ ၊ ငါတို့ မတွေ့ရတာ လပေါင်းများစွာကြာပြီ”

All Chapters