နှင်းလူသား
Vol. 34 Ch. 497
နာကျင်မှုသည် သူ၏လည်ပင်းနောက်ဘက်မှ စူးတက်လာသည်။ ကောင်းမင်သည် ထန်ချင်း နောက်ထပ်ပြောသည်ကို မကြားလိုက်ရတော့ပေ။ နာကျင်မှုနှင့် မူးဝေခြင်းများ ပျောက်ကွယ်သွားပြီးနောက် ထန်ချင်းသည်လည်း ပျောက်ကွယ်သွားသည်။
“ခင်ဗျားတို့သုံးယောက် ထန်ချင်းပြောတာကို မှတ်ထားတာ ပိုကောင်းမယ် ၊ကျုပ်တို့ အတွင်းထဲ ရောက်တဲ့အခါကျရင် ခင်ဗျားတို့ကြောက်နေရင်တောင် ဘယ်မှမသွားပါနဲ့”
ကြွက်သားများရှိသောလူနှင့် မျက်မှန်တပ်အမျိုးသမီးတို့သည် အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်လိုက်ကြသည်။ သူတို့သည် အဖွဲ့၏ရှေ့ဆုံးတွင်ရပ်ပြီး သဘာဝအတိုင်း ခေါင်းဆောင်နေရာများကို ယူလိုက်ကြသည်။
“ကျုပ်တို့ ခိုင်းတာကိုပဲ လုပ်ပါ ၊ ခင်ဗျားတို့ ပိုက်ဆံပိုရချင်ရင် ကျုပ်တို့ရဲ့အမိန့်ကို လိုက်နာပေးပါ”
ပိန်ပါးသောလူက ရှေ့ရပ်လိုက်ပြီး
“ဒါပေမဲ့ ခင်ဗျားတို့ သိပ်စိတ်ပူစရာ မလိုပါဘူး ၊ ကျုပ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ ၊ ကျုပ်နာမည်က ချန်ကျင်းပါ ၊ ဒီအလှလေးရဲ့ နာမည်က ယောင်ယောင်ပါ ၊ သူ့ဘေးကလူက သူ့ရည်းစား ကျိဂဲပါ ၊ ကျုပ်တို့ဟာ အိပ်မက်ဆိုးအပေါ်ယံအလွှာ ခုနစ်ကြိမ်နဲ့ အိပ်မက်ဆိုးအလယ်အလွှာမှာ နှစ်ကြိမ် ရှင်သန်ခဲ့ပြီးပါပြီ ၊ ကျုပ်တို့က အတွေ့အကြုံအတော်လေးရှိပါတယ် ၊ ကျုပ်တို့အားလုံး ဒီကို ပိုက်ဆံရှာဖို့ ရောက်လာတာမို့လို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
စမ်းသပ်သူများမှာ ခုနစ်ယောက်ရှိသည်။ သုံးယောက်အဖွဲ့ နှစ်ဖွဲ့အပြင် အခြားသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရှိသေးသည်။ သူမသည် ဘော့ဘ်ဆံပင်ပုံစံ ထားထားသည်။ သူမသည် သူမ၏ အသက်အရွယ်အရ အရွယ်နှင့်မလိုက်အောင် အလွန်သန်မာသည်။
“နာမည်က ပိုင်ဖုန်းပါ”
ထိုနာမည်ကို ကြားသောအခါ ကောင်းမင်နှင့်ရှုတိရီတို့ တုံ့ပြန်ခြင်းမရှိသော်လည်း ကျိဂဲနှင့် ချန်ကျင်းတို့ မျက်လုံးပြူးသွားသည်။
“အစ်မ ဖုန်းလား”
“ရှင်တို့ ကျွန်မကို သိတာလား”
ထိုအမျိုးသမီးက သူတို့အား တစ်ချက်ကြည့်လိုက်သည်။ သူမသည် စကားနည်းသူဖြစ်သည်။
“သိတာပေါ့ဗျာ ၊ ခင်ဗျားက စမ်းသပ်သူတွေထဲမှာ နာမည်ကြီးတဲ့ အထီးကျန်ဝံပုလွေတစ်ကောင်ပဲ ၊ ခင်ဗျားက အိပ်မက်ဆိုးအလယ်အလွှာမှာ ခုနစ်ကြိမ်ဆက်တိုက် ပါဝင်ခဲ့ဖူးတယ် ၊ ခင်ဗျားက ပိုနက်ရှိုင်းတဲ့ အိပ်မက်ဆိုးဆီကို သွားတဲ့အတားအဆီးကိုတောင် ရှာတွေ့ခဲ့ဖူးတယ် ၊ တခြားစမ်းသပ်သူတွေကို ကယ်ဖို့မဟုတ်ရင် ခင်ဗျားဟာ အဆင့် ၅ ဓာတ်ခွဲခန်းတွေထဲ ဝင်နှင့်နေလောက်ပြီ”
ချန်ကျင်းသည် ထီပေါက်သလို ပုံစံမျိုးဖြစ်နေလေသည်။
“ဒီတစ်ခါ ခင်ဗျား ကျုပ်တို့နဲ့ပါလာတဲ့အတွက် ကျုပ်တို့အသက်ရှင်နိုင်ပါပြီ”
“ရှင်တို့ ကျွန်မကို သိတယ်ဆိုရင် ကျွန်မရဲ့ စည်းကမ်းတွေကိုတော့ သိသင့်တယ်မလား”
ပိုင်ဖုန်းက သူတို့အား စိုက်ကြည့်လိုက်သည်။
“သိပါတယ် ၊ ခင်ဗျားနဲ့ခင်ဗျားကလေးတွေနဲ့ ပတ်သက်တာ ဘာမဆိုကြားရရင် ပထမဆုံးသတိပေးချက်နဲ့ ခင်ဗျားကိုအကြောင်းကြားပါ့မယ်”
ချန်ကျင်းသည် ကောင်းမင်တို့အဖွဲ့ နားမလည်သေးကြောင်း သိသဖြင့် ရှင်းပြလိုက်သည်။
“အစ်မဖုန်းက ပိုက်ဆံအတွက် ဂိမ်းတွေထဲ ဝင်နေတာမဟုတ်ဘူး၊ ဒါမှမဟုတ် ပိုက်ဆံက အဲ့ဒါရဲ့ တစိတ်တပိုင်းတစ်ခုပဲ ရှိတယ်၊ သူ့ရဲ့အဓိကရည်ရွယ်ချက်က သူ့ရဲ့သားနဲ့သမီးကို ရှာဖို့ပဲ”
“သားနဲ့သမီးလား”
ရှုတိရီသည် မှောင်မိုက်နေသော ကော်ရစ်ဒါဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
“အစ်မဖုန်းရဲ့ ကလေးတွေက အထဲမှာ ပိတ်မိနေတာလား ၊ ဒါဆိုရင်တော့ ကျွန်တော်တို့ သူတို့ကို ကူညီရမှာပေါ့”
“ကျွန်မရဲ့ ကလေးနှစ်ယောက်စလုံး မသေဆေးကုမ္ပဏီရဲ့ ဂိမ်းတွေထဲမှာ ပါဝင်ပြီးနောက် သတိမေ့သွားကြတယ် ၊ သူတို့ရဲ့ခန္ဓာကိုယ်တွေကို လက်ရှိမှာ အဆင့်ငါးဓာတ်ခွဲခန်းတွေထဲမှာ ထိန်းသိမ်းထားတယ်တဲ့ ၊ ဒါပေမဲ့ သူတို့ရဲ့ အသိစိတ်တွေက ဘယ်မှာ ပိတ်မိနေလဲဆိုတာတော့ မသိဘူး ၊ ကျွန်မ သူတို့ကို လိုက်ရှာနေတာ”
ပိုင်ဖုန်းသည် ဆုံးဖြတ်ပြတ်သားသည်။ သူမသည် စိတ်ပျက်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်း မရှိသည့်ပုံ ပေါ်နေသည်။ မည်သည့်အရာကမျှ သူမကို တားဆီးနိုင်မည် မဟုတ်ပေ။
“ခင်ဗျား ကလေးတွေအကြောင်း ပိုပြောပြလို့ရမလား”
ကောင်းမင်သည် ဤမိခင်ကို လေးစားပြီး သူမကိုကူညီချင်သည်။
“ကျွန်မရဲ့သားကို ပိုင်ရှောင်လို့ ခေါ်တယ် ၊ သူက တစ်ကိုယ်တော်နေတတ်သူတစ်ယောက်ပါ ၊ ကျွန်မသမီးကတော့ ပိုင်ချောင်းပါ ၊ သူက သူ့အစ်ကိုနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ ၊ ဒါက သူတို့ပုံပါ”
ပိုင်ဖုန်းသည် အနက်ရောင်လက်ပတ်ကို ထိတွေ့လိုက်သည်။ လက်ပတ်က မောင်နှမနှစ်ဦး၏ပုံကို ပြသလိုက်သည်။
အခြားသူများသည် ဓာတ်ပုံကို မြင်သောအခါ တုံ့ပြန်ခြင်း မရှိကြပေ။ သို့သော်လည်း ကောင်းမင်၏ မျက်လုံးများမှာ တဆတ်ဆတ် လှုပ်ရှားသွားလေသည်။ သူသည် သူ့နောက်က နံရံကိုပင် တိုက်မိသွားသည်။
“ရှင် သူတို့ကို မြင်ဖူးတာလား”
ကောင်းမင်၏ထူးဆန်းသော တုံ့ပြန်မှုက ပိုင်ဖုန်း၏စိတ်အာရုံကို ဆွဲဆောင်မိလိုက်သည်။ သူမသည် ကောင်းမင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
“ကျွန်တော် သူတို့ကို ထင်ထင်ရှားရှားမှတ်မိနေတယ် ထင်တယ်၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မမှတ်မိဘူး”
ကောင်းမင်က သူ၏ဇာတ်လမ်းကို ပြောပြလိုက်သည်။ ထို့နောက် ပိုင်ဖုန်းက ကောင်းမင်အား ကြည့်ရှုပုံသည် ပြောင်းလဲသွားသည်။ သူမ၏ကလေးများသည် ကောင်းမင်ကို ယခင်က ဖမ်းဆီးခဲ့သည့် အိပ်မက်ဆိုးထဲတွင် ပိတ်မိနေသည်ဟု သူမသံသယရှိသည်။
“ဒီစမ်းသပ်မှုပြီးသွားရင် ကျွန်မတို့ အဆက်အသွယ်အချက်အလက်တွေ ဖလှယ်ထားသင့်တယ် ၊ နောင်ကျရင် ကျွန်မတို့ အဖွဲ့ဖွဲ့ကြမယ်”
ထို့နောက် အဖွဲ့သည် ဆက်လက် ရွေ့လျားလိုက်ကြသည်။ ပိုင်ဖုန်းရှိနေသောကြောင့် လူတိုင်းမှာ ပို၍ စိတ်အေးလက်အေးဖြစ်နေကြသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် ချန်ကျင်းသည် ပိုင်ဖုန်းနှင့် အစေးကပ်နိုင်စေရန် အစွမ်းကုန် ကြိုးစားနေဆဲဖြစ်သည်။ အဖွဲ့၏နောက်ဘက်တွင် ရှိနေသော ဉာဏ်မကောင်းသည့်လူသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် နားကို နံရံတွင် ကပ်လိုက်သည်။ သူ့မျက်လုံးများက ကြောက်ရွံ့မှု၊ မျှော်လင့်မှုဖြင့် တောက်ပလာသည်။
“မင်း ဘာလုပ်နေတာလဲ”
“ကျွန်တော့် ညီမလေးက ကျွန်တော့်ကိုပြောနေတယ် …ရှေ့ဆက် မသွားနဲ့တဲ့”
ဉာဏ်မကောင်းသည့် လူက ကောင်းမင်ကို ဆွဲထားလိုက်သည်။ သူသည် ကောင်းမင်အား ရပ်တန့်စေလိုနေသည်။ သို့သော်လည်း ချန်ကျင်းသည် ထိုအချိန်တွင် ကော်ရစ်ဒါအဆုံးသို့ ရောက်သွားပြီဖြစ်သည်။ သူ တံခါးလက်ကိုင်တစ်ခုကို တွေ့လိုက်ရသည်။
“ကောင်းပြီ ၊ ပြင်ဆင်ထားကြတော့ ၊ကျုပ်တို့ ဝင်တော့မယ်”
တံခါးပွင့်လာသည့် အခိုက်အတန့်တွင် ကော်ရစ်ဒါထဲသို့ ခြောက်ခြားဖွယ်အေးစက်မှုက ရိုက်ခတ်လာသည်။ နှင်းပွင့်များနှင့် ရေခဲမှုန်များက သူတို့၏မျက်နှာများကို ကုတ်ခြစ်လိုက်သည်။ တစ်ချိန်တည်းတွင် မှန်များ အက်ကွဲသံလည်း ထွက်ပေါ်လာသည်။ ၎င်းသည် အဖွဲ့အား အိပ်မက်တစ်ခုမှ လွတ်မြောက်စေလိုက်သည်။ကော်ရစ်ဒါက ပျောက်ကွယ်သွားပြီး ၎င်းကို ရွှံ့များနှင့် သစ်သားအပိုင်းအစများဖြင့် အစားဝင်လာသည်။ စမ်းသပ်သူများသည် အအေးဒဏ်ကြောင့် တုန်ယင်သွားသည်။ သူတို့ မယုံကြည်နိုင်စွာဖြင့် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်၏။ သူတို့သည် တောင်များဝိုင်းရံထားသော အိမ်ကြီးတစ်လုံး၏အတွင်းတွင် ရပ်နေကြခြင်းဖြစ်သည်။ ထိုနေရာသည် အားလပ်ရက် အပန်းဖြေစံအိမ်တစ်လုံးပုံစံ ပေါ်နေသည်။ သို့သော်လည်း ဆောင်းတွင်းမှာ နက်ရှိုင်းလှသောကြောင့် လုပ်ငန်းများကို ပိတ်ထားသည်။
“သေစမ်း ၊ ဒီတစ်ခါတော့ အရမ်းကြီးတာပဲလား”
တစ်စုံတစ်ခုက အခန်း ၂၀၀၁၏ မှန်ပြတင်းပေါက်ကို ရိုက်ခွဲထားသည်။ လေနှင့် နှင်းများသည် ထိုအပေါက်မှတစ်ဆင့် အတွင်းသို့ ဝင်ရောက်နေလေသည်။ ပိုင်ဖုန်းသည် ဧည့်ခန်းထဲသို့ ဝင်သွားသည်။ သူမသည် ကွဲနေသောမှန်များနှင့် ရေအိုင်များကို တွေ့လိုက်ရသည်။
“အခန်းထဲမှာ အများစုရှိနေတာက မှန်ကွဲစတွေပဲ ၊ ဆိုလိုတာက ပြတင်းပေါက်ကို အပြင်ကနေ ရိုက်ခွဲထားတာ”
ကောင်းမင်သည် ရေအိုင်များကို ရှောင်ကွင်းပြီး ပြတင်းပေါက်သို့ ရောက်လာသည်။
“ကျုပ်တို့က ဒုတိယထပ်မှာ ရှိနေတာ ၊ တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲကို တစ်ခုခုပစ်ထည့်ထားတာ ဖြစ်နိုင်မလား”
“ကျောက်တုံးလား၊ အုတ်ခဲလား”
ရှုတိရီက ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရပေ။
“ဒါက ရေခဲတုံး ဖြစ်မယ်”
ချန်ကျင်းသည် ရေအိုင်ကို ထိတွေ့လိုက်သည်။ ထင်းရှူးဆူးများနှင့် သစ်ရွက်များက ရေထဲတွင် ပေါလောပေါ်နေသည်။
“ဘယ်သူ လုပ်တာလဲ ၊ သူတို့ ဘာဖြစ်လို့ အခန်းပြတင်းပေါက်ကို ဖျက်ဆီးရတာလဲ ၊ အခန်းထဲက လူတွေကို အပြင်ထွက်လာအောင် ဖျားယောင်းဖို့လား”
ရှုတိရီက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ ထိုနေရာသည် နှင်းများ ဖုံးလွှမ်းနေလေသည်။ နှင်းများသည် ဆက်လက် ကျဆင်းနေဆဲဖြစ်သည်။ တောင်များသည် ဖြူဖွေးနေသည်။ အိမ်ကြီးဆီသို့ ဦးတည်သည့် လမ်းကြောင်း နှစ်ခုသာရှိပြီး ခြေရာများ ကင်းမဲ့နေသည်။
“ဒီပတ်ဝန်းကျင်မှာ အသက်ရှင်နေတဲ့အရာ ဘာမှမရှိဘူး”
ချန်ကျင်း ခေါင်းခါလိုက်သည်။
“ရေခဲတွေ အားလုံး အရည်ပျော်ကုန်ပြီ ၊ ဒါကို လုပ်တဲ့သူက ထွက်သွားလောက်ပြီ ၊ ကျုပ်တို့ တခြား အခန်းတွေကို စစ်ဆေးပြီး အိပ်မက်ပိုင်ရှင်ကို အမြန်ဆုံးရှာသင့်တယ် ၊ သူတို့ ဘာဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့ သိအောင် လုပ်ရမယ်”
သုံးယောက်အဖွဲ့သည် သူတို့၏လက်များကို ပွတ်သပ်ရင်း ထွက်သွားကြသည်။ ပိုင်ဖုန်းနှင့် ရှုတိရီတို့သည် သူတို့နောက်လိုက်သွားသည်။ ဉာဏ်မကောင်းသည့်လူတစ်ဦးတည်းသာ ပြတင်းပေါက်ဘေးတွင် ရပ်ကျန်နေခဲ့သည်။
“မင်း ဘာကြည့်နေတာလဲ”
ကောင်းမင်သည် သူ ကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်သည်။ ခြံထောင့်တွင် တစ်မီတာခန့် အမြင့်ရှိသော နှင်းလူတစ်ဦး ထိုင်နေသည်။
“နှင်းလူလား”
မျက်လုံးတစ်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေသည်။ ညစ်ပတ်နေသော ပုဝါတစ်ခုအား ၎င်း၏ လည်ပင်းတွင် ပတ်ထားသည်။ နှင်းလူတွင် လက်များ မရှိပေ။ ၎င်း၏ နှာခေါင်းသည် တစ်ဝက်စားထားသော မုန်လာဥနီတစ်ဥဖြစ်သည်။ ထူးဆန်းသောအချက်မှာ တစ်စုံတစ်ယောက်က နှုတ်ခမ်းနီကို အသုံးပြု၍ ၎င်း၏မျက်နှာပေါ်တွင် အနီရောင်နှုတ်ခမ်းဆိုးပေးထားခြင်းဖြစ်သည်။
“သွားကြရအောင် ၊ အဖွဲ့နဲ့ သိပ် မဝေးစေနဲ့”
ချန်ကျင်းသည် ကောင်းမင်နှင့် ဉာဏ်မကောင်းသည့်လူအရူးကို အခန်း ၂၀၀၁ မှ ဆွဲထုတ်ရန် ပြန်လာသည်။
တံခါး ပိတ်သွားပြီး လေကို ပိတ်ဆို့လိုက်သည်။ သို့သော်လည်း သူတို့သည် အေးနေဆဲဖြစ်သည်။
“ဒီအိပ်မက်ဆိုးက အရမ်းကို လက်တွေ့ဆန်တာပဲ”
ရှုတိရီသည် ခိုက်ခိုက်တုန်နေသည်။
“ကျွန်တော်တို့ အရင်ဆုံး ပိုများတဲ့အလွှာတွေကို ရှာဖို့ မကြိုးစားသင့်ဘူးလား”
“မင်း အိပ်မက်ဆိုးထဲမှာ ကြုံရာအဝတ်အစားတွေကို မကောက်သင့်ဘူး ၊ မင်း သေသွားနိုင်တယ်”