ဆောင်းရာသီ
Vol. 34 Ch. 498
ဗီလာ၏ရှေ့တံခါးကို သော့ခတ်ထား၏။အပြင်ဘက်တွင် နှင်းများ အပြင်းအထန်ကျဆင်းနေသော်လည်း အတွင်းဘက်ကိုမူ သိပ်သက်ရောက်မှုမရှိပေ။ ခြောက်သွေ့ပြီး တိတ်ဆိတ်နေလေသည်။
“ဒီအိပ်မက်ဆိုးက အရမ်းထူးဆန်းတယ် ၊ ထန်ချင်းက ကျုပ်တို့ကို ဘာအရိပ်အမြွက်မှ မပေးလိုက်ဘူး”
ချန်ကျင်း၏မျက်နှာသည် သူ့လက်ပတ်ကို စစ်ဆေးပြီးနောက် မည်းမှောင်သွားသည်။
“သူပြောတာတော့ အိပ်မက်ပိုင်ရှင်ရဲ့ အချက်အလက်တွေကို ကျုပ်တို့ဆီ ပို့ပေးမယ်လို့ ပြောခဲ့ပေမယ့် လက်ပတ်ထဲမှာ ကျုပ်ဘာမှမတွေ့ရဘူး”
“မသေဆေးကုမ္ပဏီက ကျွန်မတို့ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားမှာ မဟုတ်ဘူး ၊ သူတို့လည်း ကျွန်မတို့ကို အိပ်မက်ဆိုးကို ရှင်းလင်းစေချင်နေတာ၊ တစ်နေရာရာမှာ ပြဿနာတစ်ခုခု ရှိနေတာဖြစ်ရမယ်”
ယောင်ယောင်သည် အလွန် ယုံကြည်မှုရှိနေသည်။
“နှင်း၊ စံအိမ်ကြီး၊ အပန်းဖြေဗီလာနဲ့ ထူးဆန်းတဲ့ရောဂါရှိတဲ့ လူငယ်တစ်ယောက်”
ကောင်းမင်က ပြောလိုက်သည်။
“အိပ်မက်ဆိုးအများစုဟာ လက်တွေ့ဘဝအပေါ် အခြေခံထားတာ ၊ ဒီအဆောက်အအုံထဲက ရှေးဟောင်း စာပေတွေနဲ့ သတင်းစာတွေကနေတစ်ဆင့် အိပ်မက်ဆိုးရဲ့ နောက်ခံနေရာကို ကျဉ်းမြောင်းအောင် လုပ်နိုင်မလား မသိဘူး”
“မင်းရဲ့ အကြံပြုချက်က အိပ်မက်ဆိုးအပေါ်ယံအလွှာမှာ အလုပ်လုပ်နိုင်ပေမယ့် အလယ်အလွှာကတော့ အဓိပ္ပာယ်မရှိတာတွေနဲ့ ပြည့်နေတာ…”
“ဒီနေရာက ခင်ဗျားအတွက် အဓိပ္ပာယ်မရှိတဲ့ပုံ ပေါက်နေတာလား”
ကျိဂဲ စကားမဆုံးခင်မှာပင် ကောင်းမင်က ဖြတ်ပြောလိုက်သည်။
“ကောင်လေး ၊ လူကြီးတွေကို လေးစားတာက မင်းကို ပိုအသက်ရှည်စေလိမ့်မယ်နော်”
ပိုင်ဖုန်းသာ မရှိပါက ကျိဂဲ ပေါက်ကွဲသွားလောက်ပြီဖြစ်သည်။ သူ ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။ တယောသံတစ်ခုက တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်ပြီး ကျိဂဲ၏အာရုံကို လွဲသွားစေသည်။ သူတို့သည် တတိယထပ်ကို မော့ကြည့်လိုက်ကြသည်။
“တစ်ယောက်ယောက် တီးနေတာလား”
ကျိဂဲသည် မလှုပ်ရှားဘဲ ကောင်းမင်ဘက်သို့ လှည့်လိုက်သည်။
“မင်း သဲလွန်စလိုချင်တယ် မဟုတ်လား ၊ အခု သဲလွန်စ ရောက်လာပြီလေ ၊ ဘာလို့ သွားမကြည့်တာလဲ”
ကောင်းမင် အချိန်မဖြုန်းတော့ပေ။ သူသည် အရူးလေးနှင့် ရှုတိရီတို့ကို ဦးဆောင်၍ သစ်သားလှေကားအတိုင်း တတိယထပ်သို့ တက်သွားလိုက်သည်။ တယောသံသည် ဝမ်းနည်းဖွယ် ကောင်းလှပြီး ဆောင်းရာသီနောက်ခံနှင့် လိုက်ဖက်ညီနေသည်။
“အသံက အခန်း ၃၀၀၃ ကနေ လာပုံရတယ်”
ရှုတိရီက ကောင်းမင်နောက်တွင် ပုန်းလိုက်သည်။
ကောင်းမင် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ စံအိမ်ကြီးတစ်ခုလုံးကို လေးထပ်ခွဲထားသော်လည်း တတိယထပ်သည် အပေါ်ဆုံးထပ် ဖြစ်နေပြီဖြစ်သည်။ စတုတ္ထထပ်ကမူ ထပ်ခိုးဖြစ်ပုံရသည်။ ၎င်းအား ဧည့်သည်များအတွက် ဖွင့်မပေးထားပေ။ လှေကားပေါ်တွင် ဝင်ခွင့်မပြုဟူသော ဆိုင်းဘုတ်တစ်ခု ရှိနေသည်။ တတိယထပ်နှင့် စတုတ္ထထပ်ကြားတွင် တုတ်ခိုင်သောသံမဏိဘားတန်းများ ရှိနေသည်။ ၎င်းတို့သည် ကြမ်းကြုတ်သော တိရစ္ဆာန်များကို တားဆီးထားသည့်အတိုင်း ဖြစ်နေလေသည်။ ကောင်းမင်သည် သူ၏လက်ချောင်းများကို နှာခေါင်းအောက်တွင် ထားလိုက်သည်။ သစ်သားရနံ့ကို ရှူရှိုက်လိုက်သည်။ စံအိမ်ကြီးသည် သစ်သားဖြင့် အများစုဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော်လည်း မည်သည့်သစ်သားအမျိုးအစား ဖြစ်သည်ကိုတော့ ကောင်းမင် မပြောနိုင်ပေ။ သစ်သားသည် ခြောက်သွေ့နေသော်လည်း နို့နံ့ကို ထုတ်လွှတ်ပေးနေသည်။
တယောသံသည် နူးညံ့ပြီး အေးခဲနေသော ရေကန်ပေါ်သို့ ကျရောက်နေသော ဆောင်းတွင်းနေရောင်ခြည်ကဲ့သို့ မြင့်တက်လာနေသည်။
“တတိယထပ်က ဘယ်အခန်းမှာမှ အခန်းတံခါးတွေ မတပ်ဆင်ထားဘူး”
ကောင်းမင်သည် ပွင့်နေသော တံခါးဘောင်များကို ကြည့်လိုက်သည်။
“ထန်ချင်း ငါတို့ကို ဘာပြောခဲ့လဲ မှတ်မိလား ၊ ပိုင်ရှင်မှာ တံခါးတွေနဲ့ မှောင်မိုက်နေတဲ့ ကော်ရစ်ဒါတွေကို မကြည့်နိုင်တဲ့ ရောဂါရှိတယ်တဲ့”
“တယောတီးနေတဲ့သူက အိပ်မက်ပိုင်ရှင်လို့ ခင်ဗျားပြောချင်တာလား”
“သွားကြည့်ရအောင်”
အပူချိန်က တဖြည်းဖြည်း မြင့်တက်လာသည်။ တယောသံအပြင် အခန်း ၃၀၀၃ မှ မီးလောင်ကျွမ်းသံကိုလည်း ကြားနေရသည်။ နွေးထွေးမှုက အအေးဒဏ်ကို မောင်းထုတ်လိုက်သည်။ ကောင်းမင်တို့သည် အခန်း ၃၀၀၃ သို့ ရောက်လာကြသည်။ အခန်းအတွင်းရှိ ကြမ်းပြင်ကို ကော်ဇောထူတစ်ထပ် ဖုံးအုပ်ထားသည်။ အပြင်ဘက်သည် နေ့ခင်းဖြစ်နေသေးသော်လည်း အခန်းကို ဆီမီးအိမ်များစွာနှင့် မီးလောင်နေသောမီးဖိုတစ်ခုဖြင့် လင်းနေစေသည်။
အလင်းရောင်များက အရပ်ရှည်ပြီး ပိန်ပါးသော လူငယ်တစ်ဦးအပေါ် ထိုးကျနေလေသည်။ သူသည် ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ထားသည်။ သူ၏ခြေထောက်ဘေးတွင် မုဆိုးသေနတ်တစ်လက်နှင့် ဝိုင်ပုလင်းတို့ ရှိနေသည်။ သူ၏လက်များက တယောတံဖြင့် တယောကြိုးများကို ဆွဲနေခဲ့သည်။ သူသည် ပုံပြင်ထဲက မင်းသားတစ်ပါးနှင့် တူနေလေသည်။
သီချင်း ပြီးဆုံးသွားသောအခါ ပြတင်းပေါက်ဘေးတွင် ရပ်နေသော ထိုလူက နောက်လှည့်လာသည်။
“နှင်းတွေက တောင်ကို ပိတ်ဆို့ထားတာ ၊ ခင်ဗျားတို့ ဘယ်လို ရောက်လာကြတာလဲ”
ထိုလူသည် သူတို့ကို အချိန်အတော်ကြာကတည်းက သတိထားမိခဲ့သော်လည်း တယောတီးခြင်းကို ရပ်တန့်ချင်ဟန်မရှိသောကြောင့် ဘာမှ မပြောခဲ့ပေ။
“ကျွန်တော်တို့က ဧည့်သည်တွေပါ ၊ ထွက်သွားမယ့် လမ်းကပိတ်ဆို့နေလို့ပါ ၊ကျွန်တော်တို့ ဒီမှာ ခဏနေလို့ရမလား မသိဘူး။”
ချန်ကျင်းက ယဉ်ကျေးစွာ မေးလိုက်သည်။
“ကျွန်တော်တို့ ငွေပေးပါ့မယ်”
ထိုလူ၏ မျက်လုံးများက သေနတ်နှင့် ဝိုင်ခွက်ကြားတွင် လှည့်ပတ်သွားသည်။ နောက်ဆုံးတွင် သူက ကြင်နာစွာ ပြုံးလိုက်ပြီး ပြောသည်။
“နှင်းတွေ ရပ်တဲ့အထိ ဒီမှာ လွတ်လွတ်လပ်လပ် နေလို့ရပါတယ်”
“ကျေးဇူးတင်ပါတယ်ဗျာ”
ချန်ကျင်းက ပြန်ဖြေသည်။ ကောင်းမင်ကမူ အခြားအရာတစ်ခုကို စဉ်းစားနေသည်။ ထိုလူက နှင်းများ ရပ်တန့်သည်အထိ သူတို့ နေနိုင်သည်ဟု ပြောသည်။ နှင်းတွေ မရပ်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ ထာဝရ အဲဒီမှာ ပိတ်မိနေမှာလား။
“ဒါက ကျုပ်အဘိုးရဲ့ စံအိမ်ကြီးပါ ၊ သူ ဆုံးသွားပြီးတော့ ကျုပ်မိဘတွေက အိမ်ကြီးကို အားလပ်ရက် အပန်းဖြေစံအိမ်အဖြစ် ပြောင်းလဲခဲ့တယ် ၊ ဒါပေမဲ့ ကျုပ်တို့က နွေရာသီမှာပဲ စီးပွားရေးလုပ်ငန်းလုပ်နိုင်တယ် ၊ ဆောင်းရာသီမှာ အရမ်းအေးတယ်လေ ၊ အရှေ့ဘက်က ရေကန်နဲ့ မြစ်တွေအားလုံး အေးခဲနေတာဆိုတော့ ရေပေါ်အားကစားတွေ ဘာတစ်ခုမှလုပ်လို့မရဘူး”
ထိုလူက ဝိုင်တစ်ကျိုက် သောက်လိုက်သည်။
“နွေးထွေးတဲ့ နွေရာသီနဲ့ နှိုင်းယှဉ်ရရင် ဆောင်းရာသီက အရမ်းအထီးကျန်ပြီး ရှည်လျားလှတယ် ၊ ဆောင်းရာသီမှာ အားလပ်ရက်အပန်းဖြေဖို့ ဒီကိုလာမယ့်သူ ရှိမယ်လို့ ကျုပ်မထင်ထားမိဘူး”
ထိုလူသည် အခကြေးငွေအကြောင်း မပြောပေ။ သူသည် လူဦးရေကို ရေတွက်လိုက်ပြီး ခါးမှ သော့တွဲ တစ်ကွင်းကို ဆွဲယူလိုက်သည်။
“ပထမထပ်နဲ့ ဒုတိယထပ်က ဘယ်အခန်းမဆို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရပါတယ် ၊ ဆန္ဒရှိရင် တတိယထပ်မှာလည်း နေလို့ရပါတယ် ၊ ဒါပေမဲ့ စတုတ္ထထပ်နဲ့တော့ ဝေးဝေးနေပေးပါ ၊ အဲဒီမှာ အရမ်း အန္တရာယ် များတယ်”
ထိုလူသည် သော့သုံးချောင်း ထုတ်ယူလိုက်ပြီး နောက်ထပ်ယူတော့မည့်အချိန် ချန်ကျင်းက သူ့ကို တားလိုက်သည်။
“အခန်းသုံးခန်းဆို လုံလောက်ပါပြီဗျ”
“လူခုနစ်ယောက်အတွက် အခန်းသုံးခန်းထဲလား”
ထိုလူသည် သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။
“ပိုက်ဆံအတွက် စိတ်ပူစရာ မလိုပါဘူး ၊ အပန်းဖြေစံအိမ်က အလွတ်ကြီးပဲလေ ၊ ခင်ဗျားတို့ လိုသလောက် အခန်းကို သုံးနိုင်ပါတယ်”
လူတိုင်းကို အခန်းသော့တစ်ချောင်းစီ ပေးလိုက်သည်။ ရှုတိရီနှင့် ယောင်ယောင်မှလွဲ၍ အခြားသူများသည် ဒုတိယထပ်တွင် နေကြသည်။
“မီးဖိုချောင်က ပထမထပ်မှာ ရှိတယ် ၊ ရေခဲသေတ္တာနဲ့ မြေအောက်ခန်းထဲမှာ ပါဝင်ပစ္စည်းတွေကို ရှာလို့ရတယ် ၊ အလေအလွင့်မရှိသရွေ့ လွတ်လွတ်လပ်လပ် သုံးလို့ပါတယ် ၊ မီးဖိုဖို့ ထင်းတွေကတော့ အဓိကအဆောက်အအုံရဲ့ ဘယ်ဘက်မှာရှိတဲ့ အုတ်ခန်းထဲမှာ ရှိတယ် ၊ ကျုပ်မှာ ဧည့်သည်တစ်ယောက်စာပဲ လုံလောက်တယ် ၊ နှင်းတွေ ရပ်မသွားဘူးဆိုရင် ခင်ဗျားတို့ အနီးအနားက သစ်ပင်တွေကို ပုဆိန်နဲ့ခုတ်ရလိမ့်မယ်”
ထိုလူသည် ဝိုင်ခွက်ကို အကုန်သောက်လိုက်သည်။
“ပထမထပ် သိုလှောင်ခန်းထဲမှာ တခြားကိရိယာတွေ ရှိတယ် ၊ ခင်ဗျားတို့ အခန်းတွေကနေ ထွက်သွားရင် တံခါးတွေကို ပိတ်ဖို့ပဲ သတိရပါ”
ထိုလူသည် ပုံမှန်အတိုင်း ဖြစ်ပုံရသည်။
“ဒါနဲ့ အိပ်ရာမဝင်ခင် တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ပိတ်ဖို့ သတိရပါ”
ထိုလူသည် ဝိုင်ခွက်ကိုချပြီး သူ၏သေနတ်ကို သုတ်လိုက်သည်။
“အပြင်မှာ အေးနေတော့ သားရဲတွေ အစာရှာဖို့ ခက်ခဲလိမ့်မယ် ၊ အစာရှာဖို့ ဝင်လာတဲ့ သတ္တဝါတွေကို သတိထားကြပါ”
“ဟုတ်ကဲ့ ၊ ကျွန်တော်တို့ သတိထားပါ့မယ်”
“ဒါပါပဲ ၊ နေမဝင်သေးခင် ခင်ဗျားတို့ အပန်းဖြေစံအိမ် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်သင့်တယ် ၊ စံအိမ်နဲ့ သိပ်ဝေးတဲ့နေရာကိုတော့ မသွားပါနဲ့”
ထို့နောက် ထိုလူက သူတို့ကို လျစ်လျူရှုလိုက်သည်။ သူသည် စားပွဲပေါ်က ဓာတ်ပုံစာအုပ်ကို ကောက်ယူပြီး ကြည့်ရှုနေလိုက်သည်။
စမ်းသပ်သူများသည် သူတို့၏သော့များဖြင့် အခန်း ၃၀၀၃ မှ ထွက်လာကြသည်။ သူတို့ ဘာမှ မပြောကြပေ။ သူတို့သည် အခန်း ၃၀၀၃ မှ ဘေးကင်းလုံခြုံသော အကွာအဝေးသို့ ရောက်လာမှသာ အချင်းချင်း ကြည့်လိုက်ကြသည်။
“နေ့ဘက်မှာ လုံခြုံပေမယ့် ညဘက်မှာ အန္တရာယ်ရှိတာလား ၊ ဆိုလိုတာက ကျွန်မတို့ ဒီအိပ်မက်ဆိုးထဲမှာ ရက်ပေါင်းများစွာ နေရမှာလား”
ယောင်ယောင်သည် သူမ၏မျက်မှန်ကို ချွတ်လိုက်ပြီး ရေငွေ့များကို သုတ်လိုက်သည်။
“တခြား အိပ်မက်ဆိုးတွေကိုဆို နာရီပိုင်းအတွင်း ဖြေရှင်းနိုင်တယ် ၊ ဒီအိပ်မက်ဆိုးက အရမ်း ထူးဆန်းတယ်”
“အပြင်က ကုတင်ပေါ်က လူငယ်ရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ အစောပိုင်းကလူနဲ့ ကျုပ် နှိုင်းယှဉ်ကြည့်ခဲ့တယ် ၊ သူတို့က တစ်ယောက်တည်း ဖြစ်ပုံမရဘူး”
ချန်ကျင်းတွင် ကောင်းမွန်သော လေ့လာစူးစမ်းနိုင်စွမ်းနှင့် မှတ်ဉာဏ် ရှိလေသည်။
“ကျုပ်ထင်တာကတော့ ဒီလူဟာ အိပ်မက်ပိုင်ရှင် မဟုတ်လောက်ဘူး ၊ ဒီမှာ တခြားလူတွေ ရှိနေတယ်”
ချန်ကျင်း ပြောလိုက်ပြီးနောက် လူတိုင်းသည် စတုတ္ထထပ်ဆီသို့ ဦးတည်နေသော လှေကားကို လှည့်ကြည့်လိုက်ကြသည်။ ၎င်းကို ဘားတန်းများဖြင့် ပိတ်ဆို့ထားသည်။