← Chapters

ဂိုဏ်းတွင်းတိုက်ပွဲ

Vol. 14 Ch. 186

ဂိုဏ်းတွင်းတိုက်ပွဲ

Vol. 14 Ch. 186

အခန်း (၁၈၆) : ဂိုဏ်းတွင်းတိုက်ပွဲ

ထိုအကြောင်းကို ခဏတာ စဉ်းစားပြီးနောက် ဟန်လီက လုပ်ဖို့ ငြင်းဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ လုပ်ဖို့ ဆန္ဒမရှိ၍ ဖြစ်သည်။ သူက ကျင့်ကြံဆင့်ကို ဝမ်ဝေ့နှင့် တူညီအောင် စည်းပိတ်ထားခြင်း မရှိခဲ့သည့်အတွက် သူ့ထက် ကျင့်ကြံဆင့်နိမ့်သူကို တိုက်ခိုက်သည့်အခါ ပိုမိုမြင့်မားသော ကျင့်စဉ်ကို အသုံးပြုနေရမည်ဆိုလျှင် မာနထိခိုက်သည်။

ထို့ကြောင့် ဟန်လီက သူ့ခန္ဓာကိုယ်၏ ပတ်လည်ရှိ အပြာရောင်မိုးကြိုးကို တိုးပွားစေပြီး အရှိန်ကို ပိုမိုမြှင့်တင်လိုက်သည်။ သူက ဝမ်ဝေ့ကို လက်သီးချက်များဖြင့် ဆက်တိုက် တိုက်ခိုက်တော့သည်။

ဝုန်း…ဝုန်း…ဝုန်း…

သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီကြောင့် နေရာပတ်လည်တစ်ခုလုံး မိုးကြိုးများဖြာထွက်သည့် အားပြင်းသော ပေါက်ကွဲမှုများကို ဖန်တီးလိုက်သည်။ သို့သော် ထိုအရာက အသုံးမဝင်ပြန်ပေ။ ဝမ်ဝေ့က မြေပြင်နှင့် တွယ်ကပ်နေဆဲဖြစ်ပြီး တိုက်ခိုက်မှုများက သူ့အပေါ်မှာ လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။

ထိုအချိန်တွင် ဝမ်ဝေ့က  တရားထိုင်ခြင်း အခြေအနေထဲတွင် နစ်မြောနေပြီး သူ၏ အသိစိတ်ကို ခန္ဓာကိုယ်အား လွှမ်းခြုံနိုင်ရန် ကြိုးစားနေသည်။ သူက ထိုအရာကို အခြေခံညွှန်ကြားချက် မရှိဘဲ ထင်ရာလုပ်ဆောင်နေခြင်းမျိုး မဟုတ်ပေ။ ဝမ်ဝေ့၏ ခန့်မှန်းချက်အရ သူ့အလိုလို ထိုးထွင်းသိမြင်စိတ်သာ သူနှင့်အတူ ဒီကမ္ဘာအထိ ပါလာ၍  သူ့ဝိညာဉ်နှင့် သက်ဆိုင်နေကြောင်း သိပေသည်။

ထို့ကြောင့် သူ လုပ်ရမည်က ဝိညာဉ်၏ အလားအလာ ရှိနိုင်စွမ်းကို နားလည်ပြီး ထိုစွမ်းရည်ကို နောက်ထပ် တစ်ခါ အသက်သွင်းဖို့ ဖြစ်သည်။ ထိုကဲ့သို့ လုပ်လိုက်သည့်အခါတွင်လည်း သူ အောင်မြင်သွားခဲ့သည်။

ဟန်လီ၏ တိုက်ခိုက်မှုများထဲမှ တစ်ခု  တိုက်ခိုက်စဉ်အတွင်း ဝမ်ဝေ့၏ ခန္ဓာကိုယ်ကြွက်သားများမှ မိုးကြိုးက ခန္ဓာကိုယ်အနှံ့ လျှောက်သွားပြီးနောက် သူ့ခန္ဓာကိုယ်က အသိစိတ်ဖြင့် ရွေ့လျားသွားပြီး ဟန်လီ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်နိုင်သည့်အတွက် ဟန်လီပင် ထိတ်လန့်အံ့အားသင့်သွားသည်။

ဟန်လီက သူ မြင်လိုက်ရသည့်အရာကို လက်ခံဖို့ ငြင်းဆန်နေပြီး ခန္ဓာကိုယ်၏ အရှိန်ကို ထပ်မံတိုးမြှင့်လိုက်သည်။ ယခုတစ်ခေါက် သူ့အရှိန်က အသံ၏ အဆ ၅၀ သို့ ရောက်ရှိသွားသည်။

သို့သော် ဘာမှမထူးပေ။ ဝမ်ဝေ့က မျက်စိမှိတ်ထားရင်း ဟန်လီ၏ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို အလွယ်တကူ ရှောင်ရှားနေနိုင်သည်။ သူ့ခန္ဓာကိုယ်က သူ့ဘာသာသူ ရွေ့လျားနေသည့် ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိနေသည်ကို ဝမ်ဝေ့ တွေ့လိုက်ရသည်။

ရှင်းလင်းအောင် ပြောရလျှင် လှုပ်ရှားဖို့အတွက် ဦးနှောက်ဖို့ အသုံးမပြုတော့ဘဲ နောက်ထပ် လှုပ်ရှားမှုကို ဆုံးဖြတ်ရန် ဝိညာဉ်ကို တိုက်ရိုက် အသုံးပြုနေခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ တုံ့ပြန်မှုက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။ ယခု သူက ဟန်လီ၏ လှုပ်ရှားမှုများကို မြင်နိုင်ရုံသာမက တိုက်ခိုက်မှုများကိုလည်း ရှောင်ရှားနိုင်နေပြီ ဖြစ်၏။

ထို့နောက် ဝမ်ဝေ့က တည်ငြိမ်စွာ ပြုံးရင်း ဟန်လီကို မျက်လုံးဖွင့်ကာ စိုက်ကြည့်လိုက်သည်။ သို့သော် ဟန်လီအတွက် ထိုအပြုံးက သူ့ကို လှောင်ရယ်နေသလို ဖြစ်နေသည်။

သူ တစ်ခါထပ်ပြီး ဒေါသထွက်သွားကာ သတ်ဖြတ်လိုစိတ် များပြားလာပြီး ဝမ်ဝေ့၏ နှလုံးသားကို တိုက်ရိုက် တိုက်ခိုက်ရန် အမြန်ပြေးသွားသည်။

ကံမကောင်းစွာဖြင့် သူ့မိုးကြိုးလက်က ပစ်မှတ်ဆီ မရောက်ရှိခင် ဝမ်ဝေ့က ဟန်လီကို ဘယ်ဖက်လက်ဖြင့် ဖမ်းလိုက်သည်။

ဟန်လီက ကြောက်လန့်တကြားဖြင့် ပြိုင်ဘက်၏ ခိုင်မြဲသော ဖမ်းဆုပ်ခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည့်အတွက် ခန္ဓာကိုယ်၏ ပတ်လည်ရှိ ပြင်းအားက ပိုမိုတိုးလာသော်လည်း အသုံးမဝင်တော့ပေ။ ထို့ကြောင့် ဟန်လီက ကျန်လက်တစ်ဖက်ကို အသုံးပြုကာ တိုက်ခိုက်ဖို့ ကြိုးစားသော်လည်း အသုံးမဝင်ပေ။

ထိုအချိန်တွင် ဝမ်ဝေ့က ရုန်းကန်နေသော ဟန်လီအား နက်နဲသော ခဲဖြူရောင် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ရုတ်တရက် အဆင့် ၁ အပြိုင်အမွေခံသားတော်၏ စိတ်ထဲတွင်  ကြောက်ရွံ့မှုတို့ဖြင့် လွှမ်းခြုံသွားကာ တိုက်ခိုက်မှုများအားလုံးကို ရပ်တန့်သွားစေသည်။

ထို့နောက် ဝမ်ဝေ့၏ ခန္ဓာကိုယ်ပေါ်တွင် မရေတွက်နိုင်သော အက္ခရာများကဲ့သို့ အမှတ်အသားများ ထွက်ပေါ်လာပြီး သူ့ညာဖက်လက်ကို မြှောက်ကာ ရှေ့သို့ ထိုးနှက်လိုက်သည်။

ဝုန်း…

ဝုန်းဒိုင်းကြဲနေသောအသံများ ပျံ့နှံ့သွားပြီးနောက် ဟန်လီက ကျယ်လောင်စွာ စတင်အော်ဟစ်တော့သည်။ ရှင်းလင်းအောင် ပြောရလျှင် သူက အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေသည်။

သို့သော် ဝမ်ဝေ့က သူ့ကို အေးစက်စက် လျစ်လျူရှုသော အကြည့်ဖြင့်သာ စိုက်ကြည့်နေသည်။ ထို့နောက် သူက ထပ်ခါထပ်ခါ ဆက်လက် ထိုးနှက်လိုက်သည်။

လက်သီးချက်များစွာဖြင့် ဟန်လီကို ထိုးနှက်နေသည့်အတွက် အစာအိမ်ကို ထိမိသည့်အခါ တံတွေးနှင့်အတူ သွေးများအန်ထွက်ကုန်သည်။ မျက်နှာကို ထိုးမိသည့်အခါ ဦးခေါင်းခွံထဲရှိ အရိုးများစွာ ကျိုးကုန်သည်။

ထိုအဖြစ်အပျက် ဖြစ်နေစဉ် တစ်လျှောက်လုံးတွင် သူ အော်ဟစ်ခြင်းကို မရပ်တန့်ခဲ့ပေ။ ဟန်လီ၏ အော်သံကြောင့် တပည့်များက ထိုတိုက်ခိုက်မှုများက ဘယ်လောက်ထိ နာကျင်နိုင်ကြောင်းကို တွေးမိပြီး မျက်နှာများ ရှုံ့မဲ့သွားကြသည်။

ထိုအချိန်တွင် အကြီးအကဲများ ရှိသည့်နေရာ၌ လူအများက တိုက်ပွဲအကြောင်း မှတ်ချက်ပေးနေကြသည်။

“ အဲဒါက သခင်လေးရဲ့ ပင်ကိုစွမ်းရည်ထဲက တစ်ခုလား” မဟာအကြီးအကဲ လီကျန်းက ပြောလိုက်သည်။

“ အဲလိုဖြစ်မယ် ထင်တယ်။ အဲဒါမှာ နာကျင်မှုကို အဆရာချီပြီးတော့ တိုးအောင် လုပ်နိုင်တဲ့ပုံပေါ်တယ်”

“ အဲဒါက အလားအလာကောင်းတဲ့ စွမ်းရည်တစ်ခုပဲ။ ပြင်းထန်ပြီး ထိန်းချုပ်လို့မရနိုင်တဲ့ နာကျင်မှုနဲ့ ထိန်းချုပ်ခံထားရတဲ့အချိန် ပြိုင်ဘက်နဲ့ တိုက်ခိုက်ရမယ်လို့ တွေးကြည့်လိုက်လေ”

“ ဒီစွမ်းရည်မှာ တခြားလုပ်ဆောင်နိုင်တာတွေလည်း ရှိဦးမယ်ဆိုတာ လောင်းရဲတယ်”

ထိုစကားကို ကြားပြီးနောက် အကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။

ဂိုဏ်း၏ အကြီးအကဲများက အပန်းဖြေရင်း တိုက်ပွဲအကြောင်း ဆွေးနွေးနေစဉ် ဟန်လီက ငရဲကျနေသလို ခံစားရပြီး ဒုက္ခများ မပြီးဆုံးနိုင်တော့ကြောင်း ခံစားနေရသည်။

ဝမ်ဝေ့မှ သူ့ကို ထိုးနှက်လိုက်သည့်အချိန်တိုင်း ခန္ဓာကိုယ်ထဲရှိ အကြောများအားလုံးက လွန်ကဲစွာ အထိမခံ ဖြစ်လာကြသည်ကို သူ ခံစားမိသည်။ ထို့ကြောင့် တစ်ခါ တိုက်ခိုက်ပြီးတိုင်း သူ ခံစားရသော နာကျင်မှုက အဆရာပေါင်းများစွာ တိုးလာသည်။

ထို့အပြင် ယခင်တိုက်ခိုက်မှုမှ ရရှိသော နာကျင်မှုများကလည်း တိုးလာပြီး ထိုတိုက်ခိုက်မှုများ၏ နာကျင်မှုက တစ်ခုနှင့်တစ်ခု ဆက်နွယ်နေသလို ခံစားရသည်။ ပိုဆိုးသည်က နာကျင်မှုသည် သူ၏ စိတ်ဝိညာဉ်အပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိနေသည့်အတွက် ပုံမှန်အတိုင်း မတွေးခေါ်နိုင်တော့ပေ။

နောက်ဆုံး အားကိုးရာအနေဖြင့် တုတ်တစ်ချောင်းကို ထုတ်ကာ ဝမ်ဝေ့ကို ရိုက်နှက်လိုက်သည်။ ပြင်းထန်သော အင်အားကြောင့် မီတာအနည်းငယ် လွင့်ထွက်သွားပြီး သူတို့နှစ်ယောက်ကို ကွဲကွာသွားစေသည်။

ထိုကဲ့သို့ ဝေးကွာသွားပြီးနောက် ဝမ်ဝေ့က ခန္ဓာကိုယ်သာမက မျက်နှာပေါ်မှာပါ ရှိနေသည့် အမှတ်အသားများကို ပထမဆုံး စိုက်ကြည့်လိုက်သည်။ ထိုအရာက သဘာဝလွန် နယ်ပယ်အဆင့်၏ ဘေးထွက်ဆိုးကျိုး ဖြစ်ကြောင်းကို သူ သိသည်။ ခန္ဓာကိုယ်ထဲရှိ မူလအဆီအနှစ်ကို အသုံးပြုပါက ခန္ဓာကိုယ်ထဲရှိ မူလအမှတ်အသားများက ထိုအမှတ်အသားများတဆင့် လက်တွေ့ဘဝတွင် ထင်ဟပ်နေသည်။

ဝမ်ဝေ့က အလှပရေးရာ ရှုထောင့်မှ ကြည့်လျှင် ထိုအမှတ်အသားများကို မကြိုက်သော်လည်း သူ လုပ်နိုင်တာ ဘာမှမရှိပေ။ ထို့အပြင် သူ အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်သို့ ရောက်သွားသည့်အခါ ထိုအမှတ်အသားများ ပျောက်ကွယ်သွားလိမ့်မည်။

ထို့နောက် ဝမ်ဝေ့က ဟန်လီ၏ လက်ထဲရှိ တုတ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်

“သက်သေပြ တာအိုပစ္စည်း”

ကျင့်ကြံသူတစ်ယောက်အနေဖြင့် အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးလျှင် တာအိုကို သက်သေပြနိုင်သည့်အချိန်အထိ ကူညီပေးမည့် မူလလက်နက် သို့မဟုတ် အသုံးအဆောင်ပစ္စည်း တစ်ခုဖြစ်သည့် သက်သေပြ တာအိုပစ္စည်းကို သွန်းလုပ်လေ့ ရှိကြသည်။

ထို့နောက် သက်သေပြတာအိုပစ္စည်းက ကောင်းကင်အလိုဆန္ဒ၏ ကောင်းချီးပေးခြင်း ခံပြီးလျှင် ဧကရာဇ်အသုံးအဆောင် ပစ္စည်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

ထိုသီးသန့်အသုံးအဆောင်ပစ္စည်းက ကျင့်ကြံသူ၏ တာအို သို့မဟုတ် လမ်းကြောင်းနှင့် တိုက်ရိုက် ဆက်နွယ်နေသည့်အတွက် အင်မတန် အရေးကြီးလှသည်။ ကျင့်ကြံသူ၏ သက်သေပြ တာအိုပစ္စည်းသာ တစ်ခုခုဖြစ်သွားပါက သူတို့ ဆိုးကျိုးခံစားရပြီး အပြင်းအထန် ဒဏ်ရာရရှိနိုင်သည်။

တခြားမူလ အသုံးအဆောင်များနှင့် မတူဘဲ သက်သေပြ တာအိုပစ္စည်းက ဖန်တီးပြီးလျှင် ပြောင်းလဲလို့ မရတော့ပေ။ ထို့ကြောင့် ဟန်လီဆီမှာ ထိုကဲ့သို့သော လက်နက်ရှိနေသည်ကို သူ မအံ့ဩမိပေ။

ဝမ်ဝေ့က အနာဂတ်တွင် ဘယ်လိုမျိုး သက်သေပြ တာအိုပစ္စည်းကို ပြုလုပ်ပြီး ဘယ်လိုစွမ်းရည်မျိုး ရှိသင့်လဲဆိုသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသည်။ သို့သော် သူ ဘာဆုံးဖြတ်ချက်မှ မချရသေးပေ။

ဝမ်ဝေ့က လက်နက်များကို မနှစ်သက်ပေ။ သူ့အတွက် ထိုလက်နက်များက ပြင်ပအကူအညီသက်သက်သာ ဖြစ်သည့်အတွက် သူ့ခန္ဓာကိုယ်ကို အဆုံးသတ် လက်နက်အဖြစ် ပြောင်းလဲရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူက မူလအသုံးအဆောင် ပစ္စည်းများအပေါ် အများကြီး မမှီခိုချင်ပေ။

မူလလက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများက ကျင့်စဉ်တစ်ခုကဲ့သို့ ကျင့်ကြံသူတစ်ယောက်၏ ခွန်အား တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အတွက် ထိုအကြံက တစ်မျိုးတစ်ဖုံ ဆန်းသစ်ကြောင်း သူ သိသည်။

သို့သော် ထိုအရာက ဤကိစ္စပေါ်၌ သူ၏ ယူဆချက်ကို ပြောင်းလဲလို့ မရနိုင်ပေ။ ထို့ကြောင့် ဝမ်ဝေ့က တိုက်ခိုက်သည့်အခါတွင် လက်နက်များ သုံးခြင်း ရှားပါးသည်။

ထိုအချိန်တွင် ဟန်လီ အသက်ပြင်းပြင်းရှူရင်း အံကြိတ်ထားကာ သက်သေပြ တာအိုပစ္စည်းဖြစ်သည့် ထိပ်သီးအဆင့် မြေကမ္ဘာအဆင့်ရှိသော တုတ်ချောင်းကို ကိုင်ဆောင်ထားသည်။

ပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းများနှင့် ပြုလုပ်သူ၏ အောင်မြင်မှုအပေါ် အခြေခံပြီး ပြုလုပ်ပြီးသည်နှင့် အင်မတန်မြင့်သော အဆင့်သို့ ရောက်ရှိသွားသည့် တခြားမူလလက်နက်များနှင့်မတူဘဲ သက်သေပြတာအိုပစ္စည်းများက ကွဲပြားသည်။

သူတို့က အနိမ့်ဆုံးအဆင့်ဖြစ်သည့် အဆင့်နိမ့် နက်နဲအဆင့်မှ စတင်ကြပြီး သူတို့ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူ၏ အားဖြည့်မှုအပေါ် မူတည်ပြီး ဖြည်းဖြည်းချင်း အဆင့်မြှင့်လာကြသည်။

ထို့ကြောင့် ဟန်လီက သိပ်မကြာခင်ကမှ ကမ္ဘာဦးဝိညာဉ် နယ်ပယ်အဆင့် ရောက်ရှိထားသော်လည်း သက်သေပြ တာအိုပစ္စည်းက အဆင့်မြင့် မြေကမ္ဘာအဆင့်သို့ ရောက်နှင့်နေသည်ကို ကြည့်ခြင်းအားဖြင့် ဟန်လီက ထိုအရာကို ဂရုစိုက်ဖို့ အချိန်များစွာ ကုန်ခဲ့သည်ကို သိနိုင်သည်။

ဟန်လီက ခံနိုင်ရည် ပြန်လည်ရရှိရန် အချိန်အနည်းငယ်ယူပြီးနောက် သူ့အကြည့်ထဲတွင် အေးစက်ပြီး ညှာတာမှုကင်းမဲ့သည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏ တုတ်ချောင်းပေါ်တွင် အနက်ရောင် အရှိန်အဝါ ထွက်ပေါ်လာပြီး အနက်ရောင်မိုးကြိုးက နောက်မှ လိုက်ပါလာသည်။

အနက်ရောင်မိုးကြိုး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စွမ်းအားကြီးပြီး ဖိနှိပ်သော အရှိန်အဝါက ရုတ်တရက် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ခဏအကြာတွင် တပည့်အားလုံးက သုတ်သင်ခံရတော့မည်ဟု ရုတ်တရက် ခံစားလာရသည်။

အနက်ရောင်မိုးကြိုးနှင့် ပတ်သက်သော မှတ်ဉာဏ်များက သူတို့၏ စိတ်နှင့် ဝိညာဉ်တွင် နက်နဲစွာ ထွင်းထားသည့်အတွက် လူအများက အံ့ဩမှင်သက်နေကြသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးကို ထိန်းချုပ်နိုင်သည့်သူအား မြင်လိုက်ရသည့်အတွက် ထိတ်လန့်သွားမိသည်။

ဂိုဏ်း၏ အကြီးအကဲအများစုက မကောင်းသောစိတ်ဖြင့် အားရပီတိဖြစ်နေသော လုံပေါ်ကို အံ့အားသင့်သော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူ့တပည့်ကို ဒီလိုလျှို့ဝှက်ကတ်မျိုးဖြင့် ထောက်ပံ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ဝမ်ဝေ့က အနက်ရောင်မိုးကြိုးကို မြင်ပြီးနောက် အကြည့်တို့ တောက်ပသွားကာ ပြောလိုက်သည်

“ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး”

All Chapters