← Chapters

ဂိုဏ်းတွင်းတိုက်ပွဲ

Vol. 14 Ch. 187

ဂိုဏ်းတွင်းတိုက်ပွဲ

Vol. 14 Ch. 187

အခန်း (၁၈၇) : ဂိုဏ်းတွင်းတိုက်ပွဲ

ဟန်လီက စတင်ရယ်မောလိုက်ကာ အံကြိတ်ရင်း ပြောလိုက်သည်

“ မင်း ပြောတာ မှန်တယ်။ ငါ့ကို ဒီလိုအခွင့်အရေးမျိုးပေးလို့ မင်းကို ကျေးဇူးတင်ရမယ်။ မင်းသာ ကောင်းကင်အပြစ်ဒဏ်ကို မင်းဆီရောက်အောင် မဆွဲဆောင်လိုက်ရင် ဒီစွမ်းအားကို ရဖို့ ငါ့မှာ ဘယ်တော့မှ အခွင့်အရေး ရှိလာမှာ မဟုတ်ဘူး”

“ မင်းအများကြီး ကြွားနေစရာ မလိုပါဘူး။ မင်းက နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို တကယ် ထိန်းချုပ်နိုင်စရာအကြောင်း မရှိဘူး။ အလွန်ဆုံး အားနည်းတဲ့ မိုးကြိုးလောက်ပဲ ရှိမှာလေ” ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းကို သတ်ဖို့တော့ လုံလောက်ပါသေးတယ်”

ဟန်လီက ထိုစကားကို ပြောပြီးနောက် တုတ်ချောင်းကို ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်မိုးကြိုးက  ဝမ်ဝေ့ဆီ ဦးတည်သွားသည်။ ဝမ်ဝေ့ကလည်း မီးတောက်ကပ်ဘေးဖြင့် ပြန်လည်တိုက်ခိုက်လိုက်၏။ ဝမ်ဝေ့၏ အနက်ရောင်မီးတောက်နှင့် ဟန်လီ၏ အနက်ရောင်မိုးကြိုးတို့ ထိပ်တိုက် တွေ့သွားကြသည်။

သို့သော် မျှော်လင့်ထားသလိုမျိုး ပေါက်ကွဲမှု ဖြစ်ပေါ်လာခြင်း မရှိပေ။ အနက်ရောင်မိုးကြိုးက ကောင်းကင်ဖျက်ဆီးခြင်း မီးတောက်ကို ပျက်စီးသွားစေပြီး ဝမ်ဝေ့၏ ဗိုက်ဆီ သွားရောက်ထိမှန်သည်။

ထိုမိုးကြိုးအတွက် ဝမ်ဝေ့၏ ခုခံကာကွယ်မှုများက အသုံးမဝင်ပေ။ ပင်ကိုစက်ကွင်း၊ အရေပြားများ၊ ကြွက်သားများနှင့် အရိုးများလည်း လုံးဝ ဖျက်ဆီးခံရပြီး ရင်ဘတ်၏ အလယ်တွင် အပေါက်ကြီးတစ်ခု ကျန်နေခဲ့သည်။

ကံကောင်းစွာဖြင့် ကိုယ်တွင်းအင်္ဂါအားလုံးကို နေရာပြောင်းရွှေ့ခဲ့သည့်အတွက် မထိခိုက်ခဲ့ပေ။

ထိုအချိန်တွင် ဝမ်ဝေ့က ရင်ဘတ်မှအပေါက်ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်သည်။ ထို့နောက် ကြွက်သားများထဲရှိ အနက်ရောင်မိုးကြိုးကို သန့်စင်ရန်အတွက် ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းကို စတင်အသုံးပြုလိုက်သည်။

သို့သော် သူ ကျရှုံးခဲ့သည်။ ကြွက်သားများက နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို စုပ်ယူရမည့်အစား ကြွက်သားများသာ ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ဝမ်ဝေ့က တိုက်ခိုက်မှုကို ရပ်စဲကာ မြေပြင်ကို ခြေဆောင့်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ မိုးကြိုးကို ဖယ်ရှားလိုက်သည်။

ထို့နောက် ဝမ်ဝေ့က သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း ပင်ကိုယ်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး ဘေးပတ်လည်ရှိ စိတ်စွမ်းအင်ပမာဏများစွာကို စုပ်ယူလိုက်သည်။ ထို့နောက် စက္ကန့်အနည်းငယ်အတွင်းမှာပင် ရင်ဘတ်ရှိအပေါက်ကို လုံးဝ ကုစားပြီးသွားပြီး အရာလေးပင် မကျန်ခဲ့ပေ။

ဟန်လီက ထိုအရာကို မြင်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ပြိုင်ဘက်ဆီ မိုးကြိုးများ ထပ်မံပစ်ရန် တုတ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

ဝမ်ဝေ့က မိုးကြိုးမီးတောက်ကပ်ဘေးဟု ခေါ်သည့် နည်းလမ်းအသစ်ကို ထုတ်သုံးလိုက်သည်။ ထိုအရာက ကြွက်သားနှင့် အရိုးထဲရှိ ဓာတ်စွမ်းအားများကို ပေါင်းစပ်သည့် ကျင့်စဉ်တစ်ခုဖြစ်ပြီး  ထိုအရာကို ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းမှ သင်ယူခဲ့သည်။

ထိုတိုက်ခိုက်မှုကို အသုံးပြုပြီးနောက် မရေတွက်နိုင်သော မိုးကြိုးနှင့် မီးတောက်များက နေရာတစ်ခုလုံးကို လွှမ်းခြုံပြီး အနက်ရောင်မိုးကြိုးကို တားမြစ်ဖို့ ကြိုးစားနေကြသည်။ သို့သော် အားပြင်းသော တိုက်ခိုက်မှုက ထိုအရာကို အားနည်းသွားဖို့သာ တတ်နိုင်သည်။

ထို့ကြောင့် ဝမ်ဝေ့က နောက်ထပ်တစ်ချက် ထိုးနှက်လိုက်သည်။ ယခုတစ်ခေါက် သူက မိုးကြိုးလေပြင်း ကပ်ဘေးကို အသုံးပြုလိုက်သည်။ သူတို့အပေါ် အလင်းပြန်နေသော မရေတွက်နိုင်သည့် မိုးကြိုးပါသော လေဓားသွားများက ကျန်ရှိနေသော အနက်ရောင်မိုးကြိုးကို တိုက်ခိုက်ထားသည်။

ဝုန်း…

စွမ်းအားကြီးသော ပေါက်ကွဲမှုနှင့်အတူ အနက်ရောင်မိုးကြိုးက လုံးဝ သုတ်သင်ခံလိုက်ရသည်။ ပေါက်ကွဲမှု၏ အလယ်ဗဟိုချက်မှ စတင်၍ ဘေးပတ်လည်တွင် အားပြင်းသောလှိုင်းများ ပျံ့နှံ့သွားသည်။

သူ့လှုပ်ရှားမှုတစ်ခုကို ရပ်တန့်ရန်အတွက် ပြိုင်ဘက်မှ တိုက်ကွက်နှစ်ခါသာ လိုအပ်သည်ကို  သတိထားမိသွားသည့်အခါ ဟန်လီက မျက်နှာမသာမယာ ဖြစ်သွားသည်။ သူက အသာစီးရနေသည့်ပုံ ပေါ်ခဲ့သော်လည်း ဝမ်ဝေ့၏ ကြောက်စရာကောင်းသော ခံနိုင်ရည်ဖြင့်ဆိုလျှင် ထိုစွမ်းအားကြီး တိုက်ကွက်များက ဝမ်ဝေ့အတွက် ကလေးကစားစရာသာသာ ရှိကြောင်း သူ သိသည်။

ထို့ကြောင့် ဟန်လီက တုတ်ချောင်းမှ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို ထပ်မံစုစည်းလိုက်ပြီးနောက် နဂါးပုံစံမိုးကြိုး ထွက်ပေါ်လာကာ ဝမ်ဝေ့ဆီ ဦးတည်သွားသည်။

ထိုတိုက်ခိုက်မှုက စွမ်းအားကြီးသော်လည်း ထိုစွမ်းအားကို အသုံးပြုခြင်းအတွက် ဟန်လီက တန်ရာတန်ကြေး ပြန်ပေးရသည်။ သူ့လက်ကို အနီးကပ် ကြည့်လိုက်ပါက သူ့မိုးကြိုးနှင့်သူ ပြန်လည် လောင်ကျွမ်းထားသည်ကို တွေ့ရလိမ့်မည်။

ဝမ်ဝေ့က ဟန်လီ၏ ခွန်အားတိုးလာခြင်းကို ဂရုမစိုက်ပေ။ သူ့အတွက် ထိုတိုက်ပွဲက အမွေခံသားတော် ရာထူးကို အလျင်အမြန်ရနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ပြီး တိုက်ပွဲအတွင်း ခွန်အားအသစ်ကို စမ်းသပ်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ကပ်ဘေးလက်သီး လေးချက်အထက် အသုံးပြုပြီးသွားသည့်အခါ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးနဂါးလည်း ပျက်စီးသွားသည်။

ထိုအချိန်တွင် ဟန်လီက ဤတိုက်ပွဲကို အနိုင်မရတော့မှန်း သိလိုက်သည့်အတွက် အဆုံးစွန်အထိ သွားလိုက်သည်။ သူ လျှာဖျားကို ကိုက်ကာ သွေးအရင်းအမြစ် အနည်းငယ်ကို သက်သေပြတာအိုပစ္စည်းအပေါ် ထွေးထုတ်လိုက်သည်။

ထို့နောက် သူ အသုံးပြုနိုင်သည့် အနက်ရောင်မိုးကြိုးက ရုတ်တရက် မြင့်တက်သွားသည်။ တုတ်ချောင်းကို ဝှေ့ယမ်းလိုက်သည့်အခါ မိုးကြိုးနဂါး နောက်ထပ်သုံးကောင် ထွက်ပေါ်လာပြီး သူတို့လမ်းပေါ်တွင် ပိတ်နေသောသူအားလုံးကို အပြစ်ပေးချင်သည့် အထွတ်အထိပ်ဆန္ဒကို ထုတ်လွှတ်နေသည်။

ထိုတိုက်ခိုက်မှုကို ဝမ်ဝေ့ မြင်လိုက်ရသည့်အခါ အရာအားလုံးကို လေးလေးနက်နက် ဆောင်ရွက်ရန် လိုအပ်ကြောင်း သိလာသည်။ ထို့ကြောင့် သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ စွမ်းအားအကြီးဆုံး တိုက်ကွက်များထဲမှ တစ်ခုကို ပြင်ဆင်ထားလိုက်သည်။

သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး စတင်တုန်ခါလာသည်။ ပင်ကိုစက်ကွင်း၊ အရေပြား၊ ကြွက်သားများ၊ အရိုးများ၊ မူလအဆီအနှစ်နှင့် ဝိညာဉ်တို့ ပါဝင်သည်။

"ကမ္ဘာဖြိုခွဲခြင်း လက်သီး" ဝမ်ဝေ့က အော်ဟစ်ရင်း လက်သီးဖြင့် ရှေ့ကို ထိုးလိုက်သည်။

ဝုန်း…

တာအိုအခွင့်အလမ်းဂိုဏ်း တစ်ခုလုံး အနည်းငယ် တုန်ရီသွားကာ ကောင်းကင်ရှိ တိမ်တိုက်များ ပျက်ပြယ်သွားပြီး ဝမ်ဝေ့၏ လက်သီးပတ်လည်တွင် သေးငယ်သော အာကာပြင်အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသည်။

အနက်ရောင်မိုးကြိုးနဂါး သုံးကောင်လုံး ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး ဟန်လီလည်း ပွဲကြည့်သူများကို ကာကွယ်ပေးထားသည့် အစီအရင်များနှင့် သွား တိုက်မိသည်။

ဝမ်ဝေ့က ပြိုင်ဘက် ပြန်ထတာကို မစောင့်တော့ဘဲ သူ ရှိသည့်နေရာသို့ အရှိန်ကုန်သုံးကာ အမြန်သွားလိုက်သည်။ သို့သော် ဟန်လီက လုံးဝ မစွမ်းဆောင်နိုင်တော့တာမျိုး မဟုတ်ပေ။ အနက်ရောင်မိုးကြိုးက သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ဝမ်ဝေ့ဆီ တည့်တည့် ဦးတည်သွားသည်။

ကံမကောင်းစွာဖြင့် ထိုမိုးကြိုးများက ချဉ်းကပ်လာသည့် ဝမ်ဝေ့ကို ဖျက်ဆီးတော့မည့်ဆဲဆဲတွင် သူက မရေတွက်နိုင်သော သက်တံအလင်းများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွားသည်။ ထိုအရာက “ သက်တံလွတ်မြောက်ရေး နည်းစနစ်”မှ ကျင့်စဉ်တစ်ခု ဖြစ်သည်။

ထိုအရာကို မြင်ပြီး ဟန်လီ၏ မျက်နှာက မသာမယာ ဖြစ်သွားသော်လည်း သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ဝေ့က သူ့အနောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူက ဟန်လီ၏ တုတ်ချောင်း ကိုင်ထားသော လက်အပါအဝင် လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်ထားပြီး ဖြဲပစ်လိုက်သည်။

ဟန်လီက မြေပြင်ပေါ်တွင် ပြင်းထန်စွာ အော်ဟစ်နေပြီး သွေးများက သူ၏ ဗလာကျင်းနေသော အပေါက်များပေါ်ဆီ ပျံ့နှံ့သွားသည်။ ဝမ်ဝေ့က ပြိုင်ဘက်၏ လက်ထဲမှ တုတ်ချောင်းကိုသာ အာရုံစိုက်နေပြီး အော်သံကို လုံးဝလျစ်လျူရှုထားသည်။

ဟန်လီအနေဖြင့် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို ထိန်းချုပ်နိုင်ရသည့် အကြောင်းအရင်းက ဤလက်နက်ကြောင့် ဖြစ်ကြောင်း သူ ပြောနိုင်သည်။ ထို့ကြောင့် ထိုလူ၏ လက်နက်ကို လက်မှ ဖယ်ထုတ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ဝမ်ဝေ့က လက်နက်ကို စည်းပိတ်ပြီး ပိုင်ရှင်မှ ပြန်ခေါ်၍ မရစေရန် မူလအဆီအနှစ်နှင့် နတ်ဘုရားအသိစိတ်ကို အသုံးပြုလိုက်သည်။

ဟန်လီက စက္ကန့်အနည်းငယ်ကြာ နာကျင်စွာ အော်ဟစ်ပြီးနောက် ရပ်တန့်လိုက်ကာ အကြည့်ထဲတွင် ညှာတာမှုကင်းမဲ့မှုတို့ ဖြတ်ပြေးသွားသည်။ ထို့နောက် ဟန်လီ၏ ခန္ဓာကိုယ်ထဲမှ သူနှင့် တူသော ဖျော့တော့တော့ လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုအရာက သူ့ကမ္ဘာဦးဝိညာဉ် ဖြစ်သည်။

ထို့နောက် ကမ္ဘာဦးဝိညာဉ်က ဝမ်ဝေ့၏ ခန္ဓာကိုယ်ထဲသို့ အမြန်ပြေးဝင်သွားကာ အသိစိတ်ပင်လယ်ဆီ ဦးတည်သွားတော့သည်။

ကံမကောင်းစွာဖြင့် သူ ဝင်သွားသွားချင်း ခဲရောင်ဖြင့် ဝန်းရံထားသည့် ခရမ်းရောင် တိမ်တိုက်ကြီးက သူ့အပေါ်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် အထွတ်အထိပ်ဖိအားက ကမ္ဘာဦးဝိညာဉ်ကို ဖိထားပြီး လှုပ်မရအောင် လုပ်ထားသည်။

တစ်နည်းနည်းဖြင့် ခရမ်းရောင်တိမ်တိုက်က သူ့ကို ပြုံးပြနေသည်ဟုပင် ဟန်လီ ခံစားမိလာသည်။ မကြာခင်မှာပင် သူ အကြောင်းပြချက်ကို သိသွားသည်။ စွမ်းအားကြီး နတ်ဘုရားအသိစိတ်က ကမ္ဘာဦးဝိညာဉ်၏ မှတ်ဉာဏ်ကို စတင်ရှာဖွေနေသည်။

သူ ခုခံဖို့ ကြိုးစားသော်လည်း အသုံးမဝင်ပေ။ နတ်ဘုရားအသိစိတ်က သူ၏ မှတ်ဉာဏ်ထဲရှိ သီးခြားဖြစ်သော တစ်စုံတစ်ခုကို ရှာဖွေနေပုံပေါ်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ရှာဖွေနေသည့်အရာကို တွေ့သွားပြီး ယူဆောင်သွားသည်။

ထို့နောက် ဟန်လီ၏ ကမ္ဘာဦးဝိညာဉ်က ဝမ်ဝေ့၏ အသိစိတ်ပင်လယ်ထဲမှ တွန်းထုတ်ခံလိုက်ရပြီး ပိုင်ရှင်၏ ခန္ဓာဆီ ပြန်ရောက်ရှိသွားသည်။

ဟန်လီက အသတ်မခံရသည်ကို မပျော်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ဒေါသထွက်သွားသည်။ သူက မြေပြင်ပေါ်တွင် စိတ်ခြောက်ခြားသည့်ပုံစံဖြင့် ထပြီး ရယ်နေတော့သည်။ သူ၏ ရယ်သံတွင် ရူးသွပ်မှု၊ လေးနက်ပြီး နက်နဲသော ဝမ်းနည်းမှုတို့ ပါဝင်နေသည်။

“ အော် အဲလိုပေါ့လေ” ဟန်လီက လက်နှစ်ဖက်လုံး ဆုံးရှုံးထားသော်လည်း မတ်တပ်ပြန်ရပ်နိုင်အောင် ကြိုးစားလိုက်သည်။ သို့သော် သူ့မျက်နှာပေါ်ရှိ စိတ်ကစဉ့်ကလျားဖြစ်မှုက ပျောက်ကွယ်သွားခြင်း မရှိပေ။

“ အခုတော့ အားလုံးက အဓိပ္ပာယ်ရှိသွားပြီ။ နောက်ဆုံးတော့ နားလည်သွားပြီ။ မင်းက ငါနဲ့ ငါ့ဆရာကို နှစ်တစ်ရာကျော် ကြာတဲ့အထိ အကွက်ချနေခဲ့တာပဲ” ဟန်လီက ဝမ်ဝေ့ကို အမုန်းတရားဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။

“ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်လောက်တုန်းက မင်း နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးနဲ့ ရင်ဆိုင်နေရတုန်း ဂိုဏ်းချုပ်က အကြီးအကဲအားလုံးကို လာရောက်ကူညီဖို့ ခေါ်ခဲ့တယ်။ တခြားအင်အားစုတွေနဲ့ အမြင်မကြည်တဲ့ ငါ့ဆရာက ကူညီဖို့ ဘယ်တော့မှ သွားမှာ မဟုတ်ဘူး”

“ ဒါပေမဲ့ ရုတ်တရက် သူ့ရဲ့ အကြံပေးတွေထဲက တစ်ယောက်က ငါ သန့်စင်ဖို့အတွက် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို ဖမ်းပြီး ခွန်အားတိုးတက်အောင် လုပ်ဖို့ အကြံပေးလိုက်တယ်။ အဲဒါကြောင့် သူက စိတ်လှုပ်ရှားပြီး အကြံပေးမှုကို လိုက်နာခဲ့တယ်”

ဟန်လီက အတိတ်က အဖြစ်အပျက်များအကြောင်း ပြန်လည်ပြောဆိုရင်း အကြည့်ထဲမှ ရူးသွပ်မှုက ပိုမိုတိုးမြင့်လာသည်။ မျက်လုံးများ လုံးဝ အနီရောင်သို့ ပြောင်းလဲသွားခြင်း သူ ပျက်စီးခြင်းသို့ ရောက်ရှိနေပြီဟု သက်သေပြနေခြင်းဖြစ်သည်။

“ အဲဒါတွေက မင်းရဲ့ တွက်ချက်မှုဆိုတာကို သူ မသိခဲ့ဘူး။ မင်းက မင်းရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင်လုပ်ဖို့အတွက် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို အသုံးပြုချင်တယ်။ ဒါပေမဲ့ အဲလိုမျိုး မိုးကြိုးက အတော်လေး ဖျက်ဆီးနိုင်စွမ်း မြင့်တယ်လေ။ မှန်ကန်တဲ့ နည်းလမ်းမရှိရင် အသုံးပြုလို့ရမှာ မဟုတ်ဘူး”

“ အဲဒါကြောင့် မင်းက အနက်ရောင်မိုးကြိုးကို သန့်စင်ဖို့ လိုအပ်တဲ့ နည်းလမ်းကို ဖန်တီးဖို့ ကောင်းကင်မိုးကြိုးခန္ဓာရှိတဲ့ ငါ့ကို အသုံးချခဲ့တာပဲ။ ငါ့လိုမျိုး ရုပ်ခန္ဓာရှိတဲ့သူကသာ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို သန့်စင်ဖို့ နည်းလမ်းကို ဖန်တီးနိုင်တဲ့ စွမ်းရည် ရှိမှာမလို့ပဲ”

“ ဆရာက ငါ့ကို စိတ်အားထက်သန်အောင် လုပ်ဖို့ ငါ ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ ဒုက္ခတွေကို ထုတ်ပြောထားမယ်ဆိုတာကို မင်း ခန့်မှန်းမိမှာပါ။ ပြီးတော့ တစ်စုံတစ်ယောက်ကို စိတ်အားထက်သန်အောင် လုပ်ဖို့ ပိုပြီးတော့ ကောင်းတဲ့အရာက သန့်စင်တဲ့ အမုန်းတရားနဲ့ လက်စားချေဖို့ဆန္ဒက ပိုကောင်းတယ်လေ။ ဟား…ဟား…ဟား… ငါက မင်းရဲ့ ငါးမျှားချိတ်မှာ ချိတ်ခံထားရတဲ့ ငါးလေးတစ်ကောင်လောက်ပဲ အဆင့်ရှိတာပဲ”

“ ရှင်းရှင်းပြောရရင် လူတိုင်းက မင်းရဲ့ ငါးမျှားချိတ်က ငါး ဖြစ်နိုင်တယ်။ အိမ်ရှေ့စံမင်းသား ကျီစုန့်ဖြစ်ဖြစ်၊ ငါ ဖြစ်ဖြစ် ငါ့ဆရာ ဖြစ်ဖြစ်ပေါ့။ ဟား…ဟား…ဟား… သခင်လေး ဝမ်ဝေ့ မဟုတ်သေးဘူး အမွေခံသားတော် ဝမ်ဝေ့ မင်းက မရေတွက်နိုင်တဲ့ မျိုးဆက်တွေအတွင်း ဂိုဏ်းရဲ့ အရည်အချင်းအရှိဆုံးသူ တစ်ယောက်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါပေတယ်”

All Chapters