← Chapters

သူဘယ်သူလဲ

Vol. 34 Ch. 506

သူဘယ်သူလဲ

Vol. 34 Ch. 506

မျက်နှာကျက်ပေါ်ရှိ နှင်းများ ပြုတ်ကျလာသည်။ ရေကန်မျက်နှာပြင်ပေါ်ရှိ ရေခဲများ ကွဲအက်သွားသည်။ ဒေါသနံ့နှင့် ယမ်းမှုန့်နံ့တို့မှာ အတူတကွရောနှောသွားသည်။ ထိုလူသည် နှင်းနှင့် ဖုန်မှုန့်များမှတဆင့် စူးစိုက်ကြည့်လိုက်သည်။ သူ ရှေ့သို့ ရွေ့လျားသွားစဉ်အတွင်း သေနတ်ကို ကျည်ထပ်ဖြည့်လိုက်သည်။

“ထွက်သွားစမ်း ၊ ငါ့အိမ်ကနေ ထွက်သွား”

ပေါက်ကွဲသွားသော ရိုင်ဖယ်သေနတ်သည် အခန်းထဲသို့ ကျလာသော နှင်းများကို အရည်ပျော်သွားစေသည်။ ထိုလူသည် ဟိန်းဟောက်နေသော ခြင်္သေ့ကဲ့သို့ ပြတင်းပေါက်ကို စောင့်ကြပ်လိုက်သည်။ အေးခဲနေသော မျက်နှာများသည် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားသည်။ သူတို့သည် အပြင်နံရံများဆီသို့ ပြန့်ကျဲသွားကြသည်။

“ပြတင်းပေါက်တွေနဲ့ လိုက်ကာတွေကို ပိတ်ထားဖို့ ပြောခဲ့တယ်လေ ၊ ခင်ဗျားတို့ ဘာလို့ ကျုပ်စကားကို နားမထောင်တာလဲ”

ထိုလူသည် ဒုတိယအကြိမ် ပစ်ခတ်ခြင်း မပြုခဲ့ပေ။ သူ၏ကျည်ဆံများသည် အလွန် တန်ဖိုးရှိပုံရသည်။ ကောင်းမင်သည် ဤအရာကို သတိပြုမိလိုက်သည်။ ရိုင်ဖယ်သေနတ်နှင့် ကျည်ဆံများသည် ဤအိပ်မက်ဆိုးတွင် ပိုနက်နဲသော အဓိပ္ပာယ်ကို သယ်ဆောင်ထားနိုင်ဖွယ်ရှိသည်။

“ကျွန်တော် မဟုတ်ပါဘူး ၊ နားမထောင်ချင်တာက အရူးလေးပါ”

ရှုတိရီသည် အရူးလေးကို ရှေ့သို့ တွန်းလိုက်သည်။ အရူးလေးသည် သေနတ်သံကြောင့် ထိတ်လန့်သွားပုံရသည်။ သူသည် ကောင်းမင်၏ နောက်တွင် ပုန်းလိုက်သည်။

“မင်း အကြောင်းမဲ့တော့ ပြတင်းပေါက်ကို ဖွင့်မှာ မဟုတ်ဘူး”

ကောင်းမင်က အရူးလေးကို မေးလိုက်သည်။

“မင်း တစ်ခုခု တွေ့ခဲ့တာလား”

“ငါ့ညီမက ငါ့နာမည်ကို ခေါ်နေတာ ကြားခဲ့တယ် ၊ သူ အပြင်မှာ ရှိနေတယ်”

အရူးလေးသည် ပြတင်းပေါက်ကို လက်ညှိုးထိုးပြသည်။

“ဒါပေမယ့် သေနတ်ပစ်တော့ ငါသူ့ကို မကြားရတော့ဘူး”

“စိတ်မပူပါနဲ့ ၊ အဲ့ဒါ တောင်တက်သမားတွေရဲ့ အသံတွေ ဖြစ်နိုင်မလား”

ကောင်းမင်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်သည်။

“မဟုတ်ဘူး ၊ ငါ့ညီမလေးက စံအိမ်ကြီး အပြင်ဘက်မှာ ရှိနေတာ”

အရူးလေးသည် အေးခဲနေသော အရှေ့ဘက်ရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီလူက တကယ် ဉာဏ်မကောင်းဘူးပဲ”

ရှုတိရီသည် ကြောက်လန့်မှုကြောင့် သေးပါပါမိသည်။ သူသည် အရူးလေးကို ကြည့်လိုက်ရုံဖြင့် ဒေါသထွက်နေတော့သည်။

ကောင်းမင် ခေါင်းညိတ်လိုက်သည်။ သူ အသားသစ်ပင်၏ မျိုးစေ့ကို ထုတ်လိုက်သောအခါတွင်လည်း ပဲ့တင်သံတစ်ချို့ကို ခံစားခဲ့ရသည်။ ပဲ့တင်သံသည်လည်း အရှေ့ဘက် ရေကန်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အရှေ့ဘက်ရေကန်သည် အခြားအိပ်မက်ဆိုးများနှင့် ချိတ်ဆက်နေပုံရသည်။ ၎င်းသည် လမ်းကြောင်းတစ်ခုကို ဖုံးကွယ်ထားပုံရသည်။

ကောင်းမင် တောင်တက်သမားများကို ပြန်စဉ်းစားလိုက်သည်။ တောင်တက်ကိရိယာများအပြင် သူတို့သည် အေးခဲနေသော ရေမှော်ပင်များဖြင့်လည်း ဖုံးလွှမ်းနေကြခြင်းဖြစ်သည်။

“တောင်တက်သမားတွေ တောင်ပေါ်မှာ သေဆုံးခဲ့တာပဲ၊ သူတို့ဆီမှာ ဘာလို့ ရေမှော်ပင်တွေ ပါနေရတာလဲ ၊ သူတို့က အရှေ့ဘက်ရေကန်ကြောင့် ဒီကို ပြန်လာခဲ့ကြတာလား”

ကောင်းမင်သည် သူ၏လက်ချောင်းများကို အနံ့ခံလိုက်သည်။ ငါးနံ့နှင့် အပုပ်နံ့က ပြင်းထန်လွန်းနေသည်။

သူ အခန်း ၂၀၀၉ တံခါးကို ဖွင့်လိုက်သောအခါ ရွှံ့နှင့် ရေများ ဖုံးလွှမ်းနေသော တံခါးလက်ကိုင်ကို သေချာပေါက် ထိတွေ့မိခဲ့ခြင်းဖြစ်သည်။ အနံ့သည် နှင်းလူက ချန်ထားခဲ့ခြင်း ဖြစ်ပေမည်။

“အမ်… ဒါဆို နှင်းလူကလည်း အရှေ့ဘက်ရေကန်က လာတာလား”

ကောင်းမင်သည် ရေကန်အကြောင်းကို အမှန်တကယ် သိချင်နေမိသည်။

“အခန်း ၂၀၀၁ မှာ ရှိနေသင့်တဲ့ အမျိုးသမီးဧည့်သည်က ဘယ်မှာလဲ ၊ သူက ခင်ဗျားတို့နဲ့အတူ လိုက်မလာခဲ့ဘူးလား”

ထိုလူသည် ပြတင်းပေါက်ဘေးတွင် ရပ်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကောင်းမင်တို့ အဖွဲ့ထဲရှိ တောင်တက်သမားများကို မြင်နေရပုံရသည်။ သူ မည်သို့ပင် စည်းရုံးရန် ကြိုးစားပါစေ သူတို့သည် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် သေဆုံးသွားပြီးနောက် နားမလည်နိုင်စွာ ပြန်ရောက်လာကြပေလိမ့်မည်။

“အဲ့ဒီ အမျိုးသမီး ဘယ်မှာလဲ”

“သဲလွန်စ မရှိဘူး ၊ ဒါပေမယ့် သူက သူ့အခန်းပြတင်းပေါက်ကို ဖျက်ဆီးခဲ့တာ မဟုတ်ဘူး”

ကောင်းမင်သည် ထိုလူအား မနက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြောပြလိုက်သည်။

ရှုတိရီကလည်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အကြီးမားဆုံး အန္တရာယ်က တောင်တက်သမားတွေ မဟုတ်ဘူး ၊ဒါပေမယ့် နှင်းလူက စံအိမ်ကြီးထဲကို ဝင်လာခဲ့တာ”

“ပြတင်းပေါက်တွေကို ပိတ်ဖို့ သိုလှောင်ခန်းမှာ ကိရိယာတွေသွားယူကြပါ”

ထိုလူသည် ရှုတိရီကို အမိန့်ပေးလိုက်သော်လည်း ရှုတိရီသည် စံအိမ်ကြီးတစ်လျှောက် တစ်ယောက်တည်း လျှောက်သွားရဲခြင်း မရှိပေ။ သူသည် ကောင်းမင်ကို သနားစဖွယ် ကြည့်လိုက်သည်။

“ခင်ဗျား တစ်ယောက်တည်း သွားပါ ၊ ကျန်တဲ့သူတွေက အခန်း ၂၀၀၉ ရဲ့ တံခါးကို ပိတ်ဆို့ထားကြ”

ထိုလူသည် အဝတ်ဗီရိုကို ပြတင်းပေါက်ဆီသို့ တွန်းလိုက်သည်။ ကောင်းမင်နှင့် အရူးလေးသည် အခန်း ၂၀၀၉ ဆီသို့ အပြေးသွားလိုက်ကြသည်။

သူတို့သည် ဆူဆူညံညံအသံများ ပြုလုပ်ခဲ့သော်လည်း အခန်း ၂၀၀၄ မှ သုံးယောက်လုံး ပေါ်မလာခဲ့ပေ။ သူတို့ အိပ်ပျော်နေကြသည် သို့မဟုတ် သူတို့ အခန်းထဲတွင် မရှိကြပေ။

အရူးလေးနှင့် ကောင်းမင်သည် အခန်း ၂၀၀၉ သို့ ရောက်ရှိလာသည်။ ကောင်းမင်သည် အရူးလေးကို နောက်သို့ ပြန်ဆုတ်စေပြီး တံခါးကို ကန်ချလိုက်သည်။ ပုပ်သိုးနံ့၏ အနံ့အသက်က ရှေ့သို့ လွင့်မျောလာသည်။ ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ အခန်းက အေးနေသည်။ အပြင်ဘက်ထက် ပိုအေးသည်။ ကြမ်းပြင်က စိုစွတ်နေသည်။ အိပ်ရာနှင့် မွေ့ရာပင် စိုစွတ်နေသည်။ မျက်နှာကျက်က ယိုစိမ့်နေပုံရသည်။

“နှင်းလူက ဘယ်လို ပျောက်ကွယ်သွားတာလဲ”

ကောင်းမင်သည် ဆီမီးအိမ်ကို တံခါးဝတွင် ထားပြီး တစ်ခုတည်းသော ထွက်ပေါက်ကို ပိတ်ဆို့လိုက်သည်။ မီးတောက်သည် ကောင်းမင်နှင့် အရူးလေးတို့၏ အရိပ်များကို တွန့်လိမ်နေစေသည်။

“ငါ ဒီည ပိုင်ရှင်ကို သွားမရှာဘဲ အခန်း ၂၀၀၉ မှာ နေခဲ့မယ်ဆိုရင် ငါဘာတွေ့ရမလဲ ၊ နှင်းလူက အခန်းတိုင်းမှာ ရပ်ခဲ့တာ၊ ဒါဆို သူက ဘာလို့ နောက်ဆုံးမှာ အခန်း ၂၀၀၉ ကို ရွေးချယ်ခဲ့တာလဲ ၊ ဒီအခန်းမှာ ထူးခြားတဲ့ အရာတစ်ခုခု ရှိလို့လား”

ကောင်းမင်သည် စိတ်ရှုပ်ထွေးနေသည်။

“နှင်းလူက မြေအောက်ခန်းနေရာနဲ့ စံအိမ်ကြီးရဲ့ အတွင်းပိုင်းကို သိတယ် ၊ ဒါက နှင်းလူက ပျောက်ဆုံးသွားတဲ့ ညီလေးရဲ့ မှတ်ဉာဏ်ကို ခိုးယူခဲ့လို့လား၊ ဒါမှမဟုတ် သူက ညီလေးကိုယ်တိုင်လား”

ထိုလူ၏ ဇာတ်လမ်းများသည် တဖြည်းဖြည်း အမှန်တရား ဖြစ်လာလေသည်။ လေထုမှာ ပိုပြီး ထူးဆန်းလာသည်။ ကောင်းမင်နှင့် အရူးလေးတို့သည် တံခါးသို့ မဝင်ခဲ့ကြပေ။ သူတို့ ကောင်းကင်ကြီး တဖြည်းဖြည်း လင်းလာသည်အထိ တံခါးဝတွင် စောင့်ကြပ်နေခဲ့ကြသည်။ အရူးလေးသည် သူ၏ လက်များကို လှုပ်ရှားပြီး သူ့ခေါင်းကို ပုတ်လိုက်သည်။ ကောင်းမင်သည် ဆီမီးအိမ်ကို အစောကတည်းက မှုတ်ငြှိမ်းထားခဲ့သည်။ သူ၏အခြေအနေများမှာလည်း သိပ်ကောင်းမနေပေ။

ကော်ရစ်ဒါ၏ အခြားတစ်ဖက်တွင် ရှုတိရီ အိပ်ပျော်နေလေသည်။ ထိုလူက အခန်း ၂၀၀၁ ၏ ပြတင်းပေါက်ကို ပြုပြင်ပြီး ဖြစ်သည်။ သူသည် သူ၏ ရိုင်ဖယ်သေနတ်ကို ဖက်ထားပြီး အိပ်ရာပေါ်တွင် အိပ်ပျော်လျက်ရှိသည်။

ခပ်လေးလေးတံခါးခေါက်သံများ အောက်ထပ်မှ ထွက်ပေါ်လာသည်။ သူတို့သည် တိုက်ခိုက်ခံနေရသကဲ့သို့ ချက်ချင်း တင်းမာသွားကြသည်။

“ဘယ်သူလဲ”

ထိုလူသည် ကော်ရစ်ဒါဆီသို့ ပြေးသွားသည်။ သူက ရိုင်ဖယ်သေနတ်ကို တံခါးဆီသို့ ချိန်ရွယ်ပြီး အော်ဟစ်လိုက်သည်။

“ကျွန်မ ပိုင်ဖုန်းပါ”

အမျိုးသမီးအသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ကောင်းမင်နှင့် အရူးလေးတို့သည် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ဆံပင်တွင် ရေခဲပွင့်များကပ်နေသော ပိုင်ဖုန်းသည် နှင်းဘီလူးတစ်ကောင်ကဲ့သို့ အပြင်ဘက်တွင် ရပ်နေလေသည်။

“သူ့ကို တံခါးဖွင့်မပေးနဲ့”

ထိုလူက အလွန် သတိထားနေသည်။

“သူက ခင်ဗျားမိတ်ဆွေ မဟုတ်တော့တာ ဖြစ်နိုင်တယ် ၊ နေက အပြည့်အဝ မထွက်သေးဘူး ၊သူက ဟန်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေနိုင်တယ်”

“ရှင် သူ့ကို ယုံကြည်တာလား၊ ဒါမှမဟုတ် ကျွန်မကိုလား”

ပိုင်ဖုန်း၏ အရေပြားသည် အအေးဒဏ်ကြောင့် နာမကျန်းသည့်ခရမ်းရောင် ဖြစ်နေလေသည်။ သူမသည် ဆွေးမြေ့နေသော ရုပ်အလောင်းကဲ့သို့ ဖြစ်နေသည်။ သူမ တစ်ခုခုကို ဆုပ်ကိုင်ထားသကဲ့သို့ သူမ၏လက်များကို အိတ်ကပ်ထဲသို့ ထိုးထည့်ထားသည်။

“ခင်ဗျား တစ်ညလုံး အပြင်မှာ နေခဲ့တာလား”

“ကျွန်မ အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့တယ်”

ပိုင်ဖုန်းသည် ခေါင်းမော့လိုက်ပြီး စံအိမ်ပိုင်ရှင်ကို အဟကြားမှတဆင့် ကြည့်လိုက်သည်။

“ဒါပေမယ့် ကျွန်မအခု ရှင့်ကို ပြောပြလို့မရသေးဘူး”

“ဒါက စံအိမ်ပိုင်ရှင်နဲ့ ဆက်စပ်နေလို့လား”

ကောင်းမင်က တီးတိုးပြောလိုက်သည်။

“ရှင်က သူ့ကို တကယ်ပဲ ပိုင်ရှင်လို့ ထင်သလား”

ပိုင်ဖုန်းသည် နှင်းများနှင့် ရေခဲများကို ခါချလိုက်သည်။

“ဒီက သက်ရှိတွေအားလုံး သူကလွဲရင် ပျောက်ဆုံးနေကြတယ် ၊ ရှင် တခြားသူတွေကို မြင်ဖူးလား ၊ သူက ကျွန်မတို့ကို အရာအားလုံး ပြောပြခဲ့တဲ့ တစ်ယောက်တည်းသော လူပဲ ၊ ဒါပေမယ့် ရှင် ဒီမေးခွန်းကို တွေးဖူးလား … သူက ဘယ်သူလဲ”

All Chapters