အမွေခံသားတော်
Vol. 14 Ch. 188
အခန်း (၁၈၈) : အမွေခံသားတော်
“ ချီးကျူးတဲ့အတွက် ကျေးဇူးပါ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေရင်း နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို သန့်စင်ရန် ဟန်လီ အသုံးပြုသည့်နည်းလမ်းကို တိတ်တဆိတ် ပြန်လည်သုံးသပ်နေသည်။
“ ဟား…ဟား…ဟား…ငါက မင်းရဲ့ အသိစိတ်ပင်လယ်ထဲကို မကျူးကျော်ခဲ့ရင်တောင်မှ ငါ့ဆီကနေ ဘယ်လိုမျိုး နည်းလမ်းရအောင် လုပ်ရမလဲဆိုတဲ့ တခြားအစီအစဉ်တွေတောင် ရှိနေဦးမှာပဲ။ ငါ့ရဲ့ အတွင်းစည်း အဖွဲ့ဝင်တွေဆီက တဆင့်ရယူတာလည်း ဖြစ်နိုင်တယ်။ သူတို့ထဲမှာလည်း မင်းဘက်ကလူတွေ အများကြီး ရှိနေတယ်ဆိုတာကို ငါ ခန့်မှန်းမိပါတယ်။ အဲဒီနည်းလမ်း သူတို့ကို ပြောပြအောင် ငါ့ကို လှည့်စားဖို့ မင်းအတွက် အရမ်းလွယ်ကူမှာပဲ”
သို့သော် ယခုတစ်ခေါက်တော့ ဝမ်ဝေ့က သူ မေးမြန်းသည်ကို မဖြေလိုက်ပေ။
ထိုအချိန်တွင် တခြားတပည့်များအားလုံးက ဟန်လီ၏ ထုတ်ဖော်ပြောကြားမှုကြောင့် ထိတ်လန့်သွားကြသည်။ ကျင့်စဉ်တချို့ကို ရရှိရန်အတွက် လူတစ်ယောက်အပေါ် နှစ်တစ်ရာကျော်ကြာ အကွက်ချနိုင်သည့် ဝမ်ဝေ့ကို ကြည့်ပြီး သူတို့ အံ့အားသင့်သွားကြသည်။
ဟန်လီ၏ ပြောစကားအရ သူတော်စင် နယ်ပယ်အဆင့်ရှိ မဟာအကြီးအကဲပင် ဂိုဏ်းချုပ်ငယ်လေး၏ အလွယ်တကူ ခန့်မှန်းခြင်းကို ခံလိုက်ရသည်ဟု ဆိုနိုင်သည်။
ယခု ဒေါသအထွက်ဆုံးသူက မဟာအကြီးအကဲလုံပေါ်ဖြစ်၏။ သူ ဘာမှပင် မသိလိုက်ရဘဲ ပို၍ ငယ်ရွယ်သော မျိုးဆက်မှ သူ့ကို အကွက်ကျကျ စီစဉ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ပိုပြီးဆိုးသည့်အချက်က ဤနေရာတွင် သူ တတ်နိုင်သည့်အရာ မရှိပေ။ သူ့တပည့် ပြောသော စကားလုံးများကို ကြားပြီးနောက် လုံပေါ်၏ အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သွားသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူ့အပေါ် ကျရောက်လာသည့် စွမ်းအားကြီးဖိအားကို ခံစားလိုက်ရသည်။
ထိုအရာက သူ့ကို သတိပေးလိုက်ခြင်း ဖြစ်ကြောင်း သူ သိသည်။ ထို့အပြင် ထိုသတိပေးမှုက အစစ်အမှန်အုပ်ချုပ်သူ အကြီးအကဲချုပ်များဆီမှ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ အံကြိတ်ကာ တိတ်ဆိတ်စွာ နေလိုက်သည်။
ဟန်လီက ခံစားချက်များကို ထုတ်ဖော်ပြသပြီးနောက် ရူးသွပ်စွာ ပြုံးရင်း ပြောလိုက်သည်
“ ကဲ အမွေခံသားတော် မင်း အားလုံးကို တွက်ချက်နိုင်တယ်ဆိုရင် ဒီဟာကိုရော တွက်ချက်ခဲ့လား”
ဝုန်း…
ထိုနေရာတစ်ခွင် အားပြင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားပြီးနောက် ကီလိုမီထာထောင်ချီပြီး မြင့်သော နေရာတွင် မှိုပုံသဏ္ဌာန် မီးခိုးလုံးကြီး တစ်ခုကို ဖန်တီးလိုက်သည်။ မရေတွက်နိုင်သော အာကာပြင် အက်ကွဲကြောင်းများလည်း ထွက်ပေါ်လာသည်။ ကာကွယ်ထားသော အစီအရင်များက ထိုနေရာကို ကာကွယ်ပေးထားဆဲ ဖြစ်သော်လည်း ထိုနေရာက အင်မတန် ပြင်းထန်စွာ တုန်ခါနေသည်။ ပြင်းထန်သော အပူဒဏ်ကြားထဲတွင် အက်ကြောင်းများကို နေရာအနှံ့၌ မြင်တွေ့နေရသည်။
ထိုပေါက်ကွဲမှုက ဟန်လီမှ ရူးသွပ်စွာဖြင့် ဝမ်ဝေ့ကို သတ်ရန် သူ၏ ကမ္ဘာဦးဝိညာဉ်ကို သတ်သေသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲလိုက်သည့်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် သတ်သေသော တိုက်ခိုက်ခြင်းက လေဟာနယ်ပြိုကွဲခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည့်အတွက် ဤကမ္ဘာ၏ တည်ငြိမ်နေသော အာကာပြင်က လုံးဝပြိုကွဲသွားပြီဟု သက်သေပြနိုင်သွားပြီ ဖြစ်သည်။
ပေါက်ကွဲသည့်နေရာတွင် မီးနှင့် အပူများ အားလုံး ရှင်းလင်းသွားပြီးနောက် ဝမ်ဝေ့က ပေါက်ကွဲမှု၏ အလယ်တွင် မတ်တပ်ရပ်နေဆဲဖြစ်ပြီး ဘာဒဏ်ရာမှ မရှိပေ။
ထိုကဲ့သို့ ဒဏ်ရာမရဘဲ ရှိနေရခြင်းက သူ၏ စွမ်းအားကြီး ကြံ့ခိုင်ခန္ဓာကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှု မဖြစ်ခင် သူ အသက်သွင်းလိုက်သော စွမ်းအားကြီး အဆောင်ကြောင့် ဖြစ်သည်။ ဟန်လီ၏ အကြွင်းအကျန် အပိုင်းအစများကို ကြည့်နေစဉ် စွမ်းအားကြီးအလွှာတစ်ခုက သူ့ကို ပတ်လည်ဝန်းရံထားသည်။
ထို့နောက် သူ ရေရွတ်လိုက်သည်
“ အင်း ဒီလိုမျိုး ရလဒ်ကိုလည်း ငါက ကြိုပြီး တွက်ချက်နိုင်တယ်လေ”
အဆင့်နိမ့် နယ်ပယ်အဆင့်ရှိ စစ်ဆေးမှုတွင် ဝမ်ဝေ့က အဆုံးစွန်ထိ ရောက်ရှိသွားတတ်သော ရန်သူများကြောင့် သင်ခန်းစာများ ရရှိခဲ့ပြီးပြီဖြစ်သည်။ သုံ့ဟောင် သို့မဟုတ် ကျီစုန့်နှင့် တိုက်ခိုက်စဉ်ကလည်း သူတို့ဆီ သေခြင်းတရား နီးကပ်လာသည့်အခါ မျှော်လင့်ချက် ကုန်ဆုံးသွားပြီး နောက်ဆုံးလက်နက်ကို အမြဲတမ်း ထုတ်သုံးလေ့ ရှိကြသည်။
ဟန်လီက အကောင်းဆုံး စိတ်အခြေအနေမှာ ရှိမနေကြောင်း ဝမ်ဝေ့က ဝိညာဉ်လှုပ်ခတ်ခြင်းမှတဆင့် ခံစားနေရသည်ကိုတော့ ထည့်ပြောစရာ မလိုတော့ပေ။
အဲဒါကြောင့် သူက ဘယ်လိုလုပ်ပြီးတော့ ကြိုတင်ကာကွယ်မှု မလုပ်ထားဘဲ နေနိုင်မှာလဲ
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည့်အခါမှသာ ဘာဖြစ်သွားလဲဆိုတာကို အားလုံးက ရုတ်တရက် သတိထားမိသွားကြသည်။ အဆင့်တစ် အပြိုင်အမွေခံသားတော်က ကိုယ့်ဘာသာသတ်သေ၍ ဂိုဏ်းချုပ်ငယ်လေးကိုပါ သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
လူအများစုက ဟန်လီ၏ အပြုအမူကြောင့် နားမလည်နိုင် ဖြစ်နေစဉ် လူအနည်းစုက အကြောင်းပြချက်ကို ခန့်မှန်းနိုင်နေသည်။
သူတို့၏ ပြိုင်ဘက်ဟု ယူဆထားသောသူမှ သူတို့ကို ကြိုက်သည့်အချိန် ရွှေ့နိုင် ပစ်ပယ်နိုင်သည့် နယ်ရုပ်လိုမျိုး သဘောထားနေသည်ကို ဘယ်သူမှ လွယ်လွယ်ဖြင့် လက်မခံနိုင်ပေ။
ဟန်လီ၏ သတ်သေဖို့ ဖောက်ခွဲလိုက်ခြင်းက ရန်သူအား အရာအားလုံးကို တွက်ချက်ထားလို့ မရကြောင်း၊ သူ့မှာ ကိုယ်ပိုင်ဆန္ဒရှိပြီး၊ ငါးမျှားချိတ်တွင် ချိတ်နေသော ငါး သို့မဟုတ် ပစ်ပယ်ခံရသော နယ်ရုပ်ကဲ့သို့ ဆက်ဆံ၍ မရကြောင်း ပြသရန် နောက်ဆုံးအနေဖြင့် ပုန်ကန်လိုက်ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် အဆုံးသတ်တွင် သူ ကျရှုံးနေဆဲ ဖြစ်သည်။
ထိုအကြောင်းကို စဉ်းစားပြီး လူအများက သက်ပြင်းချလိုက်မိသည်။ လူတချို့က ဟန်လီ မသေခင် နောက်ဆုံးပြတ်သားသည့် ဆန္ဒကို လေးစားနေကြသည်။ တချို့က အလွယ်လမ်း လိုက်သည်ဟု ထင်ကြပြီး ရွံရှာနေကြသည်။ သူ့ကိုယ်တိုင် လက်စားချေနိုင်လောက်သည်အထိ သန်မာအောင် စောင့်သင့်သည်။ လူတွေ သူ့အပေါ် ဘယ်လောက်ပဲ မတူညီသော အမြင်မျိုး ရှိနေပါစေ သူ၏ အပြုအမူများက ရှည်ကြာသော လွှမ်းမိုးမှုတစ်ခု ရှိနိုင်သလို မရှိတာမျိုးလည်း ဖြစ်နိုင်သည်။
တိုက်ပွဲပြီးဆုံးသွားသည့်အခါ မဟာအကြီးအကဲလုံပေါ်က ကိုယ်ပိုင်တောင်ဆီသို့ မပြန်သွားခင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့အတွက် ကံဆိုးသည်မှာ ယခင်က သူ၏ နောက်လိုက်ဖြစ်သူများထဲမှ ဘယ်သူမှ သူနှင့်အတူတူ ထွက်မသွားခဲ့ကြပေ။
ထိုလူများက လက်တွေ့ဆန်သည်။ ဟန်လီ၏ သေဆုံးခြင်းကြောင့် လုံပေါ်ဦးဆောင်သော အမှုထမ်းဂိုဏ်းဝင်များက တခြားဂိုဏ်းများနှင့် တိုက်ခိုက်ရန် ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်တော့ကြောင်း သူတို့ သိသည်။ သိပ်မကြာခင်တွင် သူတို့ ပြင်းထန်စွာ ဖိနှိပ်ခံရလိမ့်မည်။ ထို့ကြောင့် အခွင့်အရေး ရှိနေသေးသည့်ဘက်သို့ အလျင်အမြန် ဘက်ပြောင်းချင်နေကြသည်။
ထိုအချိန်တွင် ဂိုဏ်းချုပ်ဝမ်ထျန်းက ပျံသန်းသွားသော လုံပေါ်ကို ကြည့်ကာ တွေးလိုက်သည်
လုံပေါ် … ငါ မင်းကို သိလာတာ နှစ်တွေ တော်တော် ကြာနေပြီ။ ကိစ္စတော်တော်များများမှာ ငါတို့ သဘောထားမကိုက်ညီပေမဲ့လည်း မင်းကို ဂိုဏ်းအဖွဲ့ဝင် တစ်ယောက်အဖြစ် သတ်မှတ်ထားပါသေးတယ်။ အဲဒါကြောင့် ငါ မလုပ်ချင်တဲ့အရာကို လုပ်ဖို့ ဖိအားမပေးပါနဲ့
ထို့နောက် ဝမ်ထျန်းက ထိုနေရာရှိ တပည့်များကို ကြည့်ကာ ကြေညာလိုက်သည်
“ အခု အမွေခံသားတော် ဖြစ်လာဖို့အတွက် အပြိုင်အမွေခံသားတော်တွေအနေနဲ့ ဝမ်ဝေ့ကို စိန်ခေါ်ရမဲ့အချိန်ပဲ။ စိန်မခေါ်ဘူးဆိုရင် အဲဒီရာထူးက သူ့ဆီ ရောက်သွားလိမ့်မယ်”
ထိုကြေညာမှု ပြီးသည့်အခါ ထိုနေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ တပည့်များအားလုံးက တခြားအပြိုင်အမွေခံ သားတော်များအားလုံး ထိုင်နေသည့် နေရာသို့ စိုက်ကြည့်လိုက်ကြသည်။ သို့သော် သူတို့ထဲက ဘယ်သူမှ မလှုပ်ရှားသလို ဘာမှလည်း မပြောကြပေ။
သူတို့အားလုံးက ထိပ်သီး အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်မှာသာ ရှိနေသေးသည့်အတွက် ဟန်လီအတွက်ပင် ပြိုင်ဘက် မဖြစ်နိုင်ပေ။
အဲဒါကြောင့် သူတို့က ဘယ်လိုလုပ်ပြီးတော့ သေရမှာကို မကြောက်ဘဲ ဟန်လီကို တစ်စစီဖြစ်အောင် လုပ်ခဲ့တဲ့ နတ်ဆိုးပါရမီရှင်ကို စိန်ခေါ်ရဲရမှာလဲ
ထိုလူများ၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ဝမ်ထျန်းက ကြေညာလိုက်သည်
“ ဒါဆိုရင်လည်း အမွေခံသားတော် အခမ်းအနားကို ခုနစ်ရက်အတွင်း ကျင်းပမယ်”
ထို့နောက် အားလုံး ထွက်ခွာသွားကာ ကိုယ်ပိုင်နေအိမ်သို့ ပြန်သွားကြသည်။ ဝမ်ဝေ့က တိုက်ပွဲတွင် ရရှိခဲ့သော အကျိုးရလဒ်များအကြောင်း စဉ်းစားရန် ဝမ်မျိုးနွယ်တောင်သို့ ပြန်သွားသည်။ ဝမ်ထျန်းက တခြားအကြီးအကဲများအားလုံးနှင့်အတူ ဂိုဏ်းချုပ်တောင်ထိပ်ဆီ ပြန်သွားသည်။
ဤအရာက ဂိုဏ်း၏ ဂိုဏ်းခွဲများအားလုံးကို ပိုမိုကောင်းမွန်သော အနာဂတ်တိုးတက်မှုအတွက် ဆောင်ပုဒ်တစ်ခုတည်းအောက်တွင် ပေါင်းစည်းရန် ပြီးပြည့်စုံသော အခွင့်အရေး ဖြစ်သည်။ ထို့အပြင် လုံပေါ်ကို အနီးကပ် စောင့်ကြည့်ပြီး ရူးနှမ်းသည့်အရာ ဘာမှမလုပ်တာ သေချာအောင် လုပ်ရဦးမည်။
ဝမ်ဝေ့က ကျင့်ကြံရေးအခန်းသို့ ပြန်ရောက်သွားပြီးနောက် ခန္ဓာ၏ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်ခဲ့သည့် ပြဿနာကို သိခဲ့ရသည့်အတွက် သူ့ ခွန်အားအကြောင်းကို စတင်စဉ်းစားနေသည်။
ကံကြမ္မာရုပ်သေးရုပ်ခန္ဓာက အသစ်ဖြစ်သည့်အတွက် သူနှင့် အကောင်းဆုံး ကိုက်ညီသည့် ကျင့်စဉ်ဆိုတာမျိုး မရှိပေ။ မူလလမ်းစဉ်ကျမ်းက မည်သည့်ခန္ဓာကိုယ်ကိုမဆို ကျင့်ကြံနိုင်အောင် လုပ်ပေးသော်လည်း ဝမ်ဝေ့၏ ခန္ဓာကို အပြည့်အဝ လုပ်ဆောင်နိုင်အောင် မဖြည့်ဆည်းနိုင်ပေ။
ဥပမာတစ်ခု ပြောရမည်ဆိုလျှင် ဝမ်ဝေ့က သဘာဝလွန် နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးနောက် နတ်ဘုရားအသိစိတ်ကြောင့် လူများ၏ ခေါင်းထိပ်တွင် ကြိုးများစွာကို မြင်နိုင်သည်။ အလိုလိုသိစိတ်အရ ထိုကြိုးများက ကံကြမ္မာကြိုးများဖြစ်ပြီး လူတစ်ယောက် ဘယ်အချိန်မှာ မွေးခဲ့ကြောင်း၊ ဘဝတွင် အောင်မြင်ပြီးသော အရာများနှင့် အနာဂတ်တွင် ဖြစ်ပျက်မည့် အရာများ ပါဝင်နေသော လူတစ်ယောက်၏ ကံကြမ္မာဖြစ်ကြောင်း သူ သိသည်။
ကံကြမ္မာကြိုး၏ စွမ်းရည်ကို သိသော်လည်း ဝမ်ဝေ့တွင် လူတစ်ယောက်၏ ကံကြမ္မာကို လေ့လာနိုင်သည့် စွမ်းရည် မရှိပေ။ သူ လုပ်နိုင်သည်က ကံကြမ္မာကြိုးများကို မြင်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကံကြမ္မာကိုပါ မြင်နိုင်စေရန်အတွက် ထူးခြားသော ကျင့်စဉ်တစ်ခု လိုအပ်ကြောင်း သူ သိသည်။
သို့သော် ကျင့်စဉ်တစ်ခုကို ဖန်တီးရန် ပြီးပြည့်စုံသော အခွင့်အရေးကို လိုအပ်သည့်အတွက် ထိုမျှအထိ မလွယ်ကူနိုင်ပေ။ ပြီးပြည့်စုံသော အခွင့်အရေး မဟုတ်ပါက သူ ဖန်တီးလိုက်သည့် ကျင့်စဉ်က တတိယအဆင့်ဖြင့် အဆုံးသတ်သွားနိုင်သည်။
သို့သော် ထိုအခွင့်အရေးတစ်ခုက အလျင်အမြန် ချဉ်းကပ်လာနေပြီဖြစ်ကြောင်း ဝမ်ဝေ့ သိသည်။ ထိုအရာက ဧကရာဇ်အလင်းပွင့် ကျောင်းတောင် ဖွင့်လှစ်ခြင်း ဖြစ်သည်။
ကျောင်းတော်ထဲတွင် တာအိုကျောက်ပြား ၃ထောင်ဟု လူသိများသော ခေတ်အဆက်ဆက်ရှိ မဟာဧကရာဇ်များ၏ ဉာဏ်အလင်းပွင့်မှု ပါဝင်သော စွမ်းအားကြီး အသုံးအဆောင်ပစ္စည်းတစ်ခု ရှိနေသည်။
ထို့ကြောင့် ကျောင်းတော်က လူထုသို့ တရားဝင် ဖွင့်ချလိုက်သည့်အခါ တစ်ကမ္ဘာလုံးရှိ ကောင်းကင်ရွေးချယ်ခံများက ထိုကျောက်ပြားများကို ရရှိရန် ရည်ရွယ်ချက်ဖြင့် ဦးတည်သွားကြလိမ့်မည်။ ဝမ်ဝေ့ကလည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်သည်။
သူသာ တာအိုကျောက်ပြား ၃ထောင်၏ ဉာဏ်အလင်းပွင့်မှုကို ရရှိပါက သူ၏ ခန္ဓာအတွက် အသင့်တော်ဆုံးဖြစ်သည့် စွမ်းအားကြီး ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သလို ခွန်အားကိုလည်း တိုးမြှင့်နိုင်လိမ့်မည်။